← Chapters

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အခန်း (၁၂၇-၁၂၈)

Vol. 13 Ch. 127-128

အပိုင်း (၁၂၇) ရွေးချယ်ခြင်းနှင့်မျိုးရိုး

စန်းလော့သည်ဂူကို ပထမဆုံးရွေးချယ်သည့်သူ ဖြစ်လာရန် မမျှော်လင့်ထားသော်လည်း မိသားစုများနှင့် သူမ၏ရင်းနှီးမှုကို အသိအမှတ်ပြုကာ ရှန်းလီနှင့်ချန်းသရှန်တို့ ရှာတွေ့ထားသည့်နေရာကို မငြင်းဆိုပေ။

သူမသည် ပိုမြင့်သည့်ဂူနှစ်ဂူမှလွဲ၍ အခြားဂူများကို မြင်ဖူးလေသည်။ ချောက်သည် L ပုံသဏ္ဍာန်ရှိပြီး ဘေးတစ်ဖက်တစ်ချက်တွင် ဂူများရှိ၏။ ထိုအရာကြားရှိကွာခြားချက်များမှာ အရွယ်အစားမှလွဲ၍ အနည်းအကျဉ်း မျှသာရှိလေသည်။ နေသာစေရန် အရာအားလုံးကို သိသာထင်ရှား‌သော ပြုပြင်မှုများ လုပ်ရန်လိုအပ်ပေသည်။

ထို့ကြောင့် မှန်ကန်သည့်ရွေးချယ်မှုသည် အရွယ်အစားကို ကျုံ့သွားစေသည်။

မိသားစုခြောက်စုထဲတွင် မိသားစုဝင်လေးယောက်သာရှိသော သူမတို့၏မိသားစုသည် အသေးငယ်ဆုံးဖြစ်သည်။ မကြာသေးမီကမှ ပါဝင်လာသည့် ရွှီမိသားစုတွင်ပင် ငါးယောက်ရှိ၏။ လူတိုင်းက သူမကို အရင်ရွေးချယ်ရန် တိုက်တွန်းနေသောကြောင့် စန်းလော့သည် အကြီးဆုံးဂူကို မရွေးချယ်နိုင်သော်လည်း စတုရန်းမီတာ ၃၀ရှိသည့် အသေးငယ်ဆုံးကို သာရွေးလိုက်ပြီး လက်တွေ့မကျပုံပေါ်လေသည်။ စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကြောင်းအတွက် လိုအပ်သောပစ္စည်းများကို ထည့်သွင်းလာပြီးသည်နှင့် အိပ်ယာနှစ်ခု ထည့်သွင်းခြင်းက အခက်အခဲတော့ ဖြစ်လာလိမ့်မည်။

တုံ့ဆိုင်းခြင်းနှင့် ချီတုံချတုံဖြစ်ခြင်းတို့မှာ မလွဲမသွေပင်။

စန်းလော့သည် ဘေးတစ်ဖက်တစ်ချက်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ၄မီတာ သို့မဟုတ် ၅မီတာမြင့်သည့် ချောက်၏လမ်းခုလတ်ရှိဂူကို ငေးကြည့်လိုက်၏။

ထိုအရာသည် အမှန်ပင်မြင့်မား၏။ သူမသည် ဝင်ရောက်နိုင်ရန် လှေကားဆောက်လုပ်ခြင်း၏ ဖြစ်နိုင်ခြေကို ချင့်ချိန်နေသည်။ သို့သော် တစ်ယောက်ယောက်သာ တောင်ထိပ်ကိုတက်မည်ဆိုပါက လှေကားတစ်ခုသည် အာရုံကိုဆွဲဆောင်နေမည်လား။

သူမစိတ်ထဲသို့ ဤအတွေးဝင်လာသောကြောင့် စန်းလော့သည် လှေခါးကို သဘာဝပေါက်ပင်များဖြင့် ဖုံးထားရန် စဉ်းစားလေသည်။ ထိုအရာသည် မကျော်လွှားနိုင်သည့်ပြဿနာ မဟုတ်ပေ။ သူမကိုယ်တိုင် ချောက်အလယ်ရှိ မြင့်မားသောဂူကို ရွေးချယ်ရန် ယိမ်းယိုင်နေမိ၏။ ထိုအရာ၏မြင့်မားသောအနေအထားသည် နေရောင်ခြည်ထိတွေ့မှု ပိုရရန်အလားအလာရှိပြီး ဂူအတွင်းရှိ ရှိရင်းစွဲစိုစွတ်မှုနှင့် အကန့်အသတ်ရှိသော အလင်းရောင်ကို စဉ်းစားကြည့်ပါက သိသာသော အားသာချက်တစ်ခုဖြစ်နိုင်သည်။

စန်းလော့နှင့်အခြားသူများသည် ပိုမြင့်သောဂူနှစ်ခုကို မရောက်ဖူးပေ။ သူတို့သည် ရှန်းလီနှင့်ချန်းသရှန်တို့က အမြင့်ဆုံးထွက်ပေါက်ဟု ပြောသည်ကိုသာ ကြားဖူးကြပြီး ထူးထူးခြားခြား ကြီးမားလှပေသည်။ အလတ်အလတ်မြင့်သည့် ဂူအကြောင်းကို သိချင်သောကြောင့် သူမသည် ရှန်းလီကို ထိုအရာ၏အရွယ်အစားနှင့်ပတ်သက်ပြီး မေးမြန်းလိုက်၏။

သို့သော် သူ့တုံ့ပြန်မှုသည် စန်းလော့ကို စိတ်ပျက်စေလေသည်။ ရှန်းလီ၏ ဖော်ပြချက်အပေါ်အခြေခံ၍ သူမသည် ထိုအရာကို ၂၀စတုရန်းမီတာထက် ကျော်မည်ဟု ခန့်မှန်းထားသော်လည်း ၃၀စတုရန်းမီတာထက်ပင် သေးငယ်သေး၏။

ဤအရာက သူမ၏ဆုံးဖြတ်ချက်ကို ပိုမိုလွယ်ကူစေသည်။

ကြိတ်မှိတ်လက်ခံထားသောအပြုံးဖြင့် စန်းလော့သည် လေးမီတာ သို့မဟုတ် ငါးမီတာမြင့်သော မြေပြင်နှင့်နီးသည့်ဂူတစ်ခုကို ညွှန်ပြလိုက်၏။

"ကျွန်မတို့မိသားစုက မိသားစုဝင်နည်းတယ်။ ကျွန်မတို့က အသေးဆုံးတစ်ခုကို ယူလိုက်မယ်"

၃၀စတုရန်းမီတာသည် အမှန်ပင်သေးငယ်သော်လည်း မိသားစုဝင်ပိုများသည့် မိသားစုများကို ထိုကဲ့သို့ ကျဉ်းကျုပ်သောနေရာထဲသို့ ပြွတ်သိပ်နေခိုင်းခြင်းမှာ တရားမမျှတပေ။ ကျိုးနှင့်လုအိမ်ထောင်စုများကဲ့သို့ မိသားစုကြီးများမှလွဲ၍ ရှီမိသားစုတွင် မိသားစုဝင်၈ယောက်ရှိပြီး ချန်းမိသားစုတွင် ၇ယောက်ရှိလေသည်။ ၃၀စတုရန်းမီတာရှိသည့်ဂူထဲသို့ ပြွတ်သိပ်ထည့်ခြင်းသည် အလွန်ကျပ်ညပ်နေလိမ့်မည်။

ရွှီမိသားစုတွင် လူငါးယောက်သာရှိသော်လည်း မျိုးနွယ်ခေါင်းဆောင်အဘွားနှင့်အတူ သူစိမ်းယောက်ျား တစ်ယောက်ဖြစ်သော ဝေ့ချင်းဟယ်၊ ကလေးသုံးယောက်၊ အထူးသဖြင့် မောင်နှမအရင်းမဟုတ်ဘဲ ဝမ်းကွဲများဖြစ်သည့် ဝမ်ယွင်ကျန့်နှင့် ရွှီဝမ်ယင်း တို့ကို ထည့်စဉ်းစားကြည့်ပါက ကျင့်ဝတ်တစ်ချို့ကို ထိန်းသိမ်းထားရန် လိုအပ်ပေသည်။ ရှေးခေတ်သတ်မှတ်ချက်များတွင် အထူးသဖြင့် မြင့်မြတ်သောမိသားစုများ၌ ယောက်ျားလေးနှင့် မိန်းကလေး မောင်နှမဝမ်းကွဲများကို အသက်အရွယ်တစ်ခုမှ ခွဲခြားသတ်မှတ်လေ့ရှိ၏။

ရွှီမိသားစု၏အခြေအနေသည် အခြားသူများနှင့် အတူတူသာဖြစ်ပါက စန်းလော့သည် အခြားသူများအတွက် အများကြီး ခက်ခက်ခဲခဲတွေးစရာမလိုဘဲ သူမမိသားစုအတွက် ပိုကြီးသောနေရာတစ်ခုကို ရွေးချယ်မည်ဖြစ်သည်။ ၃၀စတုရန်းမီတာ ကျယ်ဝန်းသောနေရာတွင် လူငါးဦးသည် ဒုက္ခသည်များအတွက် အဆင်ပြေနိုင်သည်။

စန်းလော့သည် ရွှီမိသားစု၏ ထူးခြားသည့်အခြေအနေများကို နားလည်ပြီး ဆိုင်ရှင်ရွှီ၏အကူအညီမပါဘဲ သူတို့၏အစောပိုင်း အခွန်ပေးဆောင်မှုမပြောနှင့် ထွက်ပြေးရန်အတွက် စပါးသိုလှောင်ရန်ပင် စီစဉ်နိုင်မည်မဟုတ်ပေ။

အခုအချိန်တွင် ဆိုင်ရှင်ရွှီက သူ့အမေနှင့်ကလေးများကို သူမနှင့်ရှန်းလီ၏ စောင့်ရှောက်မှုတွင် အပ်နှင်းထားပြီး စန်းလော့၏ဆုံးဖြတ်ချက်တွင် သူတို့၏ကောင်းကျိုးသုခကိုပါ မဖြစ်မနေ ထည့်စဉ်းစားရလေသည်။

သူမ ရွေးချယ်ထားသောဂူသည် သေးငယ်သော်လည်း သူ၏တည်နေရာသည် အကျိုးကျေးဇူးရှိပြီး အမြင့်ဆုံးတောင် နီးပါးအထိမြင့်ကာ ချောက်၏အလယ်တွင် တည်ရှိသောကြောင့် နေ့စဉ် နေရောင်ခြည် ထိတွေ့မှု အကြာဆုံး ရရှိရန်သေချာလေသည်။ စန်းလော့ အသိအမှတ်ပြုသော အချက်တစ်ချက်ဖြစ်၏။

အခြားမိသားစုများသည် အရင်ဆုံးရွေးချယ်ရန် အခွင့်အရေးရသည့် စန်းလော့သည် အသေးဆုံးဂူကို ရွေးချယ်ထားသည်ကိုမြင်တော့ စိုးရိမ်သွားကြလေသည်။

ကျိုးနှင့်လုမိသားစုကဲ့သို့သော မိသားစုကြီးများသည် နေရာလွတ်ကို လက်လျှော့ရန်မဖြစ်နိုင်ပေ။ ရှီနှင့်ချန်းမိသားစုတွင်လဲ အလွန်ကြီးသော မိသားစုအရွယ်အစားများ ရှိကြ၏။

သခင်မကြီးရွှီက ဝင်ပြောလိုက်လေသည်။

"စန်းရှီ၊ နင့်အတွက် နဲနဲပိုကြီးတဲ့နေရာတစ်ခုကို ရွေးတာ ပိုကောင်းလောက်မယ်။ အသေးဆုံးနေရာက ငါတို့အတွက် လုံလောက်ပါတယ်။ ငါတို့ကလေးသုံးယောက်က ကျဉ်းတဲ့နေရာမှာ နေနိုင်ပါတယ်"

အမျိုးသမီးရွှီသည် စန်းလော့၏သင့်တော်သည့်ရွေးချယ်မှုသည် ရွှီမိသားစုကို ထည့်စဉ်းစားပေးခြင်းဖြစ်သည်ကို သတိထားမိသောကြောင့် သူမ၏နားလည်မှုကို ဖော်ပြလိုက်လေသည်။

စန်းလော့သည် ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် တုံ့ပြန်လိုက်၏။

"မိသားစုတိုင်းမှာ မိသားစုဝင် အများကြီးရှိတယ်။ အဘွားရွှီရဲ့ အသက်အပြင် ကိုးနှစ်ပဲရှိသေးတဲ့ ဝမ်ယင်းရောဆိုရင် သူ့ဝမ်းကွဲနဲ့ဦးလေးနဲ့ နေရာတစ်ခုကို မျှနေဖို့က သူ့အတွက် မသင့်တော်ဘူး။ အဘွားတို့်မိသားစုက သီးခြားနေရာတွေ ဖန်တီးဖို့ပိုကြီးတဲ့ဂူတစ်ခု ရှိသင့်တယ်။ ကျွန်မတို့က အသေးဆုံးဂူနဲ့လဲ စီစဉ်နိုင်ပါတယ်။ လိုအပ်ရင် အသုံးမပြုတဲ့ ပိုကြီးတဲ့ဂူတစ်ခုမှာ ယာယီစပါးအပိုတွေကို သိုလှောင်ဖို့အသုံးပြုလို့ရတာပဲ"

အခြားတစ်နေရာတွင် စပါးများကို သိုလှောင်ခြင်းဖြင့် မိသားစုတိုင်းသည် သေးငယ်သည့်ဝါးစင်များကို ဆောက်လုပ်ကာ သူတို့၏ စပါးရိက္ခာများကို သိမ်းထားနိုင်သဖြင့် သိသိသာသာ ပိုကျယ်သည့် နေရာထိုင်ခင်းတစ်ခုကို လွတ်လာနိုင်သည်။

အသက်ဆယ်နှစ်ရှိပြီဖြစ်သည့် ရှန်းနဉ်အတွက်တော့ စန်းလော့နှင့် အိပ်ရာမျှဝေခြင်းကို သူမသည် အခြားသူများကို ပြောပြခြင်းမရှိပေ။

စန်းလော့၏ ညှာတာသောစကားများသည် အဘွားရွှီကို လေးလေးနက်နက် သဘောထားပြောင်းစေသည်။ သူမ၏ မြေးမလေးသည် အမှန်ပင် ဖွံ့ထွားလာပြီး သူမအစ်ကိုနှင့် မျှဝေခြင်းမှာ အဆင်ပြေသော်လည်း အထူးသဖြင့် အရွယ်ရောက်လာသည်နှင့်အမျှ သူမ၏ဝမ်းကွဲဦးလေးနှင့် အနီးကပ်နေထိုင်ခြင်းသည် မသင့်လျော်ပေ။

အစောပိုင်းတွင် အဘွားရွှီသည် သူတို့၏ရောက်ရှိချိန် နောက်ကျသောကြောင့် ပြွတ်သိပ်နေထိုင်ရမည့် အခြေအနေများကို ရွေးချယ်ရန်ဆုံးဖြတ်ခဲ့၏။ သို့သော် စန်းလော့၏ထောက်ထားမှုသည် အမှန်ပင် ရင်ထဲထိစေလေသည်။

ရင်ထဲ ခံစားမိသည်နှင့်အညီ ရှန်းလီနှင့်စန်းလော့၊ ရှန်းအန်းနှင့်ရှန်းနဉ်တို့ မောင်နှမနှစ်ယောက်တို့ကြားကို လှမ်းကြည့်လိုက်မိ၏။

လူငယ်လေးနှစ်ယောက်လုံးသည် ဆယ်နှစ်အရွယ်ဖြစ်သည်။

သီးသန့်စကားပြောဆိုရန် စန်းလော့ကို ဘေးသို့ဆွဲခေါ်လိုက်ပြီး အဘွားရွှီသည် အသံတိုးတိုးဖြင့် အကြံပေးလိုက်၏။

"ဂူအကြီးထဲမှာ စပါးသိုလှောင်လို့ရတယ်ဆိုမှတော့ ငါတို့က ပိုသေးတဲ့ဂူကို ယူတာပိုကောင်းပါတယ်။ အရွယ်အစားကတော့ အကန့်ခွဲရင်း စီစဉ်လို့ရတယ်။ နင်နဲ့ရှန်းလီက မင်္ဂလာဆောင်ပြီးစဆိုတော့ ‌မတ်နဲ့ယောင်းမတွေနဲ့ စုပြီးနေတာပုံစံမကျဘူး။ အနည်းဆုံး အခန်း၂ခန်းခွဲလို့ရတဲ့ နဲနဲကြီးတဲ့ဂူတစ်ခုကို နင်တို့အတွက်ရွေးပါ"

စန်းလော့သည် ဤမမျှော်လင့်ထားသော စကားဝိုင်းဘက် လှည့်သွားတော့ အံ့ဩသွားလေသည်။

ဤကိစ္စရပ်များတွင် အတွေ့အကြုံမရှိသော်လည်း သတင်းများ ပြည့်နှက်နေသောခေတ်ရှိ သူမ၏ယခင် ဗဟုသုတရှိနေသည်ဖြစ်ရာ စန်းလော့သည် ချစ်ရေးချစ်ရာကိစ္စရပ်များနှင့် မစိမ်းသက်ဘဲ ဇာတ်လမ်းတွဲများတွင် ပိတီပြုံးဖြင့် ကြည်နူးနေလေ့ရှိ၏။

သို့သော် သူမနှင့်ရှန်းလီတို့၏ အကြောင်းအရာဖြစ်နေသောအခါ။ သူတို့၏ကိုယ်ပိုင်ဘဝသည် ကိုယ်ရေးကိုယ်တာသက်သက်ဖြစ်နေသည်။ သူတို့၏ဆက်ဆံရေးတွင် ထူးခြားသော ချစ်ရေးချစ်ရာမရှိပေ။

အဘွားရွှီသည် ထိုကဲ့သို့အကြံပေးချက်ကို တီးတိုးပြောဆိုရန် သူမကို ဘေးသို့ဆွဲခေါ်သွားသော်လည်း စန်းလော့မှာ ထိုစကားများနှင့်အတူ စိတ်ထဲတွင် ‌လျှောက်မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

ထို့နောက် သူမစိတ်ထဲတွင် ပုံရိပ်များကို အောက်မေ့နေမိ၏။

အပူရှိန်သည် သူမလည်ပင်းမှနားရွက်များအထိ ထိတ်လန့်ဖွယ်ရာအရှိန်ဖြင့် တစ်ဟုန်ထိုးတက်လာလေသည်။

တုံ့ပြန်ရန်အခက်တွေ့ပြီး ရှက်စိတ်မွှန်ထူသွားသဖြင့် စန်းလော့သည် အဘွားရွှီကို အလျင်အမြန် ပြန်မပြောခင်တွင် အကြိမ်များစွာ ချောင်းဆိုးပြီးနောက် တီးတိုးပြောဆိုလိုက်၏။

"အဘွား စိုးရိမ်ပေးတာကို လက်ခံပါတယ်။ ဒါပေမယ့် အဲ့တာက တစ်ကယ်ကို မလိုအပ်ပါဘူး"

အဘွားရွှီသည် ပဟေဠိဖြစ်သွားပြီး ထိုအရာကို အဘယ်ကြောင့်မလိုအပ်သည်ကို သိချင်နေမိသည်။

သူတို့ လူအုပ်စုဆီသို့ ပြန်ရောက်သောအခါ လူတိုင်းသည် သူတို့ကို စူးစမ်းချင်စိတ်ဖြင့် မေးမြန်းကြ၏။

"ဘာတွေ ဆွေးနွေးနေကြတာလဲ"

စန်းလော့သည် အပြုံးဖြင့် ထိုအကြောင်းကို ကျော်သွားလိုက်သည်။

"အဘွားရွှီက ဂူကိုပြောင်းဖို့အကြံပေးပေမယ့် ရပါတယ်။ ကျွန်မတို့က အစပိုင်းဆုံးဖြတ်ချက်ကို မစွန့်လွှတ်ဘူး။ အဘွားချန်းရဲ့မိသားစုက ထပ်ရွေးလို့ရပါပြီ"

အဘွားရွှီသည် သိချင်နေသေးသော်လည်း ခေါင်းစဉ်ပြောင်းသွားသောကြောင့် နောက်ထပ် ထပ်မေးရန် မသင့်တော်သလို ခံစားရလေသည်။

စန်းလော့သည် အသေးဆုံးဂူကို ရွေးလိုက်သည်ကိုမြင်တော့ အဘွားချန်းသည် တစ်နည်းအားဖြင့် အတင်းအကျပ် မတိုက်တွန်းတော့ဘဲ ပြောလိုက်၏။

"ငြင်းစရာတော့ မရှိပါဘူး။ သမီး ရွေးထားတဲ့ဂူရဲ့ဘေးကတစ်ခုကို ယူလိုက်မယ်"

စန်းလော့သည် ၄၂ သို့မဟုတ် ၄၃ စတုရန်းမီတာ ကျယ်သည့်ဂူကို မှတ်မိလေသည်။ ၄၀စတုရန်းမီတာထက်ကျယ်သည့် ဂူတစ်ခုထဲတွင် ချန်းမိသားစု ၇ယောက်လုံးနေထိုင်ခြင်းသည် ၃၀စတုရန်းမီတာကျယ်သည့် ဂူတစ်ခုထဲတွင် သူမတို့မိသားစု၄ယောက်နေထိုင်ခြင်းနှင့် နှိုင်းယှဉ်ကြည့်ပါက အလွန်ပြည့်ကျပ်နေပုံမပေါ်ပေ။

"အခု ချန်းမိသားစုက သူတို့ရဲ့ဂူကိုရွေးပြီးသွားပြီ၊ နောက်တစ်ဦးက ဘယ်သူရွေးမှာလဲ"

အားလုံးသည် နောက်တစ်ကြိမ်တွင် ရွှီမိသားစုကို ရွေးချယ်ရန် အကြံပြုကြပြီး တာဝန်ခံရွှီထံမှ ရရှိထားသော အကူအညီကို အသိအမှတ် ပြုကြလေသည်။

လူတိုင်း၏ညှာတာမှုကို ကျေးဇူးတင်ရှိပြီး မဆိုင်းမတွပင် အဘွားရွှီသည် သူ့သား၏ ညွှန်ကြားမှုများကို သတိထားကာ အဘွားချန်းနှင့်ဆင်တူဖြစ်သည့် ရှန်းလီနှင့်စန်းလော့တို့၏ဂူနှင့် ဘေးချင်းကပ်ဂူကို ရွေးချယ်လိုက်၏။

ထိုဂူသည် ၄၀စတုရန်းမီတာဝန်းကျင် ကျယ်ဝန်းသည်ဟု လူတိုင်း သိကြသော်လည်း ထိုအရာ၏ပုံစံမှာ အနည်းငယ်ကို့ရို့ကားယားနိုင်ပြီး အတွင်းဘက်သို့ ကွေ့နေလေသည်။

စန်းလော့ရွေးချယ်ထားသည့် ဂူအသေးမှလွဲ၍ အဘွားရွှီ ရွေးထာသောဂူသည် အနည်းဆုံးတော့ နှစ်လိုဖွယ်ကောင်းနိုင်၏။

သူမသည် ရှန်းမိသားစုနှင့် အိမ်နီးချင်းဖြစ်ရန် ဆုံးဖြတ်ထားပုံပေါ်သည်။

နောက်ထပ်ရွေးမည့်သူများမှာ လု၊ ရှီနှင့်ကျိုးမိသားစုများဖြစ်၏။ ကျိုးရွာသူကြီးက သူတို့မိသားစုသည် နောက်ဆုံးမှ ရွေးချယ်မည်ဟု ကြေညာလိုက်လေသည်။ လုနှင့်ရှီမိသားစုများသည် သူတို့၏စဉ်းစားချင့်ချိန်တတ်သော အိမ်ထောင်စုခေါင်းဆောင်ကို သဘောတူကြ၏။ မိသားစုသုံးစုသာ ကျန်ရှိသောကြောင့် သူတို့မိသားစုနှင့် သင့်လျော်မည့်ဂူများကို ရွေးချယ်လိုက်ကြလေသည်။

ဖုံးကွယ်ထားသောအကြံအစည်များ သို့မဟုတ် အငြင်းပွားမှုများမရှိပေ။ လူတိုင်းသည် တစ်ခြားသူများ၏ လိုအပ်ချက်များကို ဦးစွာစဉ်းစားပေးကြလေသည်။

အဘွားရွှီသည် သူတို့၏စည်းလုံးမှုကို တွေ့ရှိသွားပြီး လေးလေးနက်နက်ဖြင့် အထင်ကြီးမိတော့၏။ သူ့သားသည် ဤကဲ့သို့ ချီးကျူးထိုက်သော မိသားစုများနှင့်မိတ်ဆွေ ဖြစ်လာလေသည်။ သူတို့နှင့်အတူ ဘေးအန္တရာယ်မှ ထွက်ပြေးလာခြင်းသည် လိမ်ညာမှု သို့မဟုတ် နောက်ကျောဓားဖြင့်ထိုးခြင်းတို့ကို ကြောက်စရာမလိုသောကြောင့် စိတ်ချရလေ၏။

အဘွားအိုသည် အမှန်ပင်ကံကောင်းသည်ဟု ခံစားရလေသည်။

ဝေ့ချင်းဟယ်သည်လဲ ကျေးဇူးတင်မိလေသည်။ သူ့မိသားစုသည် ဝမ်မိသားစုထံတွင် အမှုထမ်းခဲ့၏။ သူ့မိဘများသည် ကျွမ်းကျင်သည့် ဘဏ္ဍာထိန်းများဖြစ်ကြပြီး သူသည် ဝမ်မိသားစုတွင် ကြီးပြင်းခဲ့ရလေသည်။

သူ၏အစ်မအကြီးဆုံးသည် တာဝန်ခံရွှီနှင့်လက်ထပ်ခဲ့ပြီး ကျွန်အဖြစ်မှ လွတ်မြောက်ကာ ငြိမ်းချမ်းစွာနေထိုင်နေ၏။ တစ်ချိန်က အဘွားအို၏ မျက်နှာသာပေးခံရသော အိမ်အကူဖြစ်သည့် သူ၏ဒုတိယညီမသည် ဝမ်မိသားစု တတိယသား၏ ကိုယ်လုပ်တော် ဖြစ်လာလေသည်။ ကလေးတစ်ယောက်ဖြစ်သည့် ဝေ့ချင်းဟယ်သည် ဝမ်မိသားစု၏ တတိယသားနှင့်ဆော့ကစားပြီး သူ၏ပညာရေးကြောင့် စာဖက်ဖော်ဖြစ်လာ၏။ အဘွားအို၏ ကောင်းမွန်စွာဆက်ဆံခံရသည့် ဝေ့ချင်းဟယ်၏ ကြီးပြင်းလာမှုသည် ပညာတတ်တစ်ယောက်နှင့်တူညီပြီး အခြားသူများနှင့်အတူ စာရေးစာဖတ်ကိုသင်ယူကာ ဝမ်မိသားစုမှ ထောက်ပံ့ပေးထားသော စာရေးကိရိယာများကိုပင် မျှဝေသုံးစွဲရလေသည်။

ထိုသို့သောပတ်ဝန်းကျင်တွင် ကြီးပြင်းလာကြသည့် မောင်နှမများသည် အထူးသဖြင့် ဒုတိယအစ်မက ကိုယ်လုပ်တော်ဖြစ်လာပြီးနောက် အိမ်ထောင်စုကြီးများ၏ ကြိတ်ကြံခြင်းများကို မထူးဆန်းတော့ပေ။ သူမ၏သေဆုံးမှုသည် လျှို့ဝှက်ဆန်းကြယ်ပြီး တတိယအိမ်ထောင်စု‌သို့ ပြောင်းရွှေ့ခြင်းမှာ သူမ၏ရွေးချယ်မှု မဟုတ်ပေ။ နောက်ပိုင်းတွင် ယွင်ကျန့်သည် သေခြင်းတရားမှ သီသီလေးလွတ်လာလေသည်။ ဒုတိယအစ်မ၏သေဆုံးမှု အခြေအနေများကို မရှင်းမလင်းပြော‌သည့် အဘွားအိုကို သူတို့၏မိဘများက အသနားခံခဲ့ရ၏။ ဝမ်မိသားစုနှင့် သွေးသားအရင်း တော်စပ်သည့်ယွင်ကျန့်ကို မွေးကင်းစအရွယ်ကပင် ပြင်ပခြံဝင်းတစ်ခုသို့ ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ပြီး ယွင်ကျန့်ကို စောင့်ရှောက် ပေးဖို့ရန်အတွက် ၁၁နှစ်အရွယ် ဝေ့ချင်းဟယ်ကို ပြောင်းလဲ တာဝန်ပေးလိုက်ကြသည်။

ဤစောင့်ရှောက်မှုသည် ပေါ့ဆမှုမရှိဘဲ အသက် ၁၁နှစ်မှ ၂၁နှစ်အထိ ဆယ်နှစ်ကြာခဲ့၏။

ယခုအချိန်၌ ရှန်းလီ၏အုပ်စုကြားတွင် ခင်မင်ယုံကြည်ခြင်းကို ကြုံတွေ့ရသောအခါ ဖော်မပြနိုင်သည့် သောကကင်းဝေးခြင်းနှင့် ငြိမ်းချမ်းမှုကို ခံစားရလေသည်။

သူ့ယောက်ဖဖြစ်သူသည် ယွင်ကျန့်ကို ရှဲ့ကျိုးမှခေါ်ဆောင်သွားခွင့်ပေးရန် သူ့အလုပ်ရှင်ကို ဖျောင်းဖြခဲ့ကြောင်းသိရ၏။ သူ့ယောက်ဖကို ကျေးဇူးတင်မိပြီး သူသည် ရှန်းလီနှင့်အုပ်စုနှင့် ပါဝင်ခဲ့လေသည်။ ထိုသို့မဟုတ်ပါက ဝမ်မိသားစုနှင့်နေသည်ဖြစ်စေ၊ အခြားနေရာတွင်နေသည်ဖြစ်စေ တတိယဇနီး၏ ကြိုးကိုင်ခြယ်လှယ်မှုများကို မခုခံနိုင်သည့် နာမည်စာရင်းတွင် ထည့်သွင်းခံရမည့် နာမည်တစ်ခုသာဖြစ်နိုင်လေ၏။

...

အပိုင်း(၁၂၈) ရှောင်ကျင့်ကလေး ငိုနေမလား

သူတို့၏ဂူများကို ရွေးချယ်ခဲ့ပြီးနောက်တွင် မိသား စုတစ်ခုချင်းစီက သူတို့၏ ကိုယ်ပိုင်နေရာများဆီသို့ ဦးတည်သွားလိုက်ကြသည်။ ဒါသည် မှောင်မည်းပြီး ဖုန်ထူနေသည့် ဂူလေးတစ်ခုဖြစ်သည့်တိုင် ခေတ်သစ်တွင် လူများ အိမ်တစ်လုံးဝယ်ယူခြင်းနှင့် ဆင်တူသည်ဟု စန်းလော့သည် ခံစားမိလေသည်။ ဒါသည် အနာဂတ်ကို ကြိုတင်သိမြင်နိုင်မည့် အိမ်တစ်လုံးပင်။

ရှန်းအန်း ရှန်းနဥ်နှင့်ချန်းရှောင်အာတို့သည် အထူးတလည် စိတ်လှုပ်ရှားနေကြကာ တုတ်ချောင်းလေးများနှင့် မြက်များကို ဝေ့ယမ်းပြီး ရှေ့မှဦးတည်သွားလေသည်။ ရွှီမိသားစုမောင်နှမများကတော့ စိုးရိမ်ကြောင့်ကြမှုကို ခံစားနေရသည်။ သူတို့ အခုလေးတင်မြင်ခဲ့ရသည့် ဂူလေးအတွင်းတွင် မည်သို့နေထိုင်ရမည်ကို သေချာမသိနေကြပေ။ ဝမ်ယွင်ကျန့်သည် ၉ရက်တာလုံးလုံး သူကိုင်ထားသည့် အထုပ်ငယ်လေးကို တင်းနေအောင် ဆုပ်ထားပြီး သခင်မကြီးရွှီနှင့် ဝေ့ချင်းဟယ်တို့နောက်မှ လိုက်လာကာ မျှော်လင့်ချက် တစွန်းတစဖြင့် ရွှီမိသားစု ရွေးချယ်ထားသည့် ဂူလေးကို လှမ်းကြည့်လိုက်သည်။

ဂူကို ပထမဦးဆုံး လှည့်ပတ်ကြည့်ရှုသည်က အ ကြမ်းဖျင်း ကြည့်ရှုခဲ့သော်ငြားလည်း ဒုတိယအကြိမ်တွင်တော့ အားလုံးက အနီးကပ် အာရုံစိုက်ထားလိုက်ကြသည်။ ဒါသည် သူတို့အခြေချမည့် နေရာပင်။ကလေးနှစ်ယောက်နှင့်အတူ ရှန်းလီနှင့်စန်းလော့တို့ကလဲ ထိုနည်းတူ လုပ်လိုက်ကြသည်။

စန်းလော့က သူမရွေးချယ်ထားသည့် ဂူလေးကို သဘောကျမိသည်။ သေးငယ်သော်ငြားလည်း တခြားအခြေအနေဘက်တွင် လိုအပ်ချက်မရှိပေ။ ကျယ်ဝန်းသည့် ဝင်ပေါက်တစ်ခု လုံလောက်သည့် အလင်းရောင်တစ်ခု ရရှိပြီး ပိုနက်ပြီး ပိုကျဥ်းမြောင်းသည့် ဂူများထဲတွင် ဖြစ်တတ်သည့် ပိတ်လှောင်ခံရသည့် ခံစားချက်ကို ရှောင်ရှားနိုင်သည်။

အစောပိုင်း ရွေးချယ်စဥ်ကတည်းက စန်းလော့သည် သူမ၏ရွေးချယ်မှုကို တော်တော်လေး ကျေနပ်မိသည်။ ဂူထဲတွင် နေထိုင်ရသည့်တိုင် သေသေချာချာ စီစဥ်ဖို့လိုအပ်မှန်း သူမ နားလည်လိုက်သည်။ အထူးသဖြင့် ပိုပြီးသေးငယ်သည့် ဂူတစ်ခုဖြစ်နေခြင်းကြောင်းပင်။

ရှန်းလီက ဂူနံရံနားတွင် ထွက်နေသည့် ကျောက်များကို မှတ်သားထားလိုက်သည်။ ထိုးထွက်နေသည့် ကျောက်များက မချွန်ထက်သော်ငြားလည်း တိုက်မိလျှင်တော့ နာကျင်နိုင်သည်။ သူက စန်းလော့ကို အကြံပေးလိုက်သည်။

"ဒီရက်ပိုင်းမှာတော့ ဘယ်လို သန့်ရှင်းရေးလုပ်မလဲဆိုတာကိုလဲ စဥ်းစားထားလိုက်၊ ဒီကျောက်တုံးတွေကိုတော့ သတိထားနော်၊ ကျွန်တော်တို့တွေ စပါးအားလုံး သယ်ယူပို့ဆောင်ပြီးသွားရင်တော့ ဒီကျောက်တုံးတွေကို ချောနေအောင်လုပ်ပြီး ပရိဘောဂတွေကိုလဲ လုပ်ပေးမယ်"

စန်းလော့က နောက်ထပ် ဂူတစ်ခုအကြောင်းကို မေးမြန်းနေသည့် အကြောင်းအရင်းကို သိနေလေရာ သူက ဂူ၏အရွယ်အစားကို အနည်းငယ်စိုးရိမ်မိသည်။ သူတို့သည် ဇနီးမယားအစစ်အမှန် မဟုတ်သေးသဖြင့် သူမက သီးခြားနေရာတစ်ခုကို ပိုပြီးသဘောကျလိမ့်မည်။ သူက ကမ်းလှမ်းလိုက်၏။

"ကျွန်တော်တို့တွေ အထဲဘက်ကို နည်းနည်းလေး ထပ်ချဲ့ကြမလား၊ ဒါက ပင်ပန်းနိုင်ပေမဲ့ အဆင်ပြေလောက်တယ်။ ကျွန်တော် ဆိုင်တာဝန်ခံရွှီ ဆီကနေ ပစ္စည်းတချို့တွေ ရလာခဲ့တယ်"

ကလေးများနှင့် လူကြီးများအဖွဲ့ကို ဦးဆောင်လာရခြင်းက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည့်တိုင် ရှန်းလီသည် အထူးသဖြင့် ချန်းသာ့ရှန်နှင့်ဆိုလျှင် သစ်တောများကို ဖြတ်သန်းလာသည်က သူ့အတွက် ခက်ခဲသည့်အလုပ်တစ်ခု မဟုတ်မှန်း သိလေသည်။

စန်းလော့၏မျက်လုံးများသည် ဂူကို နည်းနည်းလေး ပိုချဲ့မည့်အလားအလာကို မြင်လိုက်ရသည်တွင် မျက်လုံးများက လင်းလက်သွား၏။ သို့သော်ငြားလည်း ထို့နောက်တွင်တော့ တွန့်ဆုတ်သွားကာ နေထိုင်လို့ရသည့် ဂူအရွယ်အစား၉ခု၏ ခံနိုင်ရည်ကို စဥ်းစားမိလေသည်။ သူမက ခေါင်းခါပြလိုက်သည်။

"နံရံကို အသေးစားပြုပြင်တာပဲ လုပ်ပြီးတော့ အတွင်းပိုင်းကိုတော့ မသိမသာလေးဘဲ ချဲ့လိုက်တာက အဆင်ပြေမယ်။ အများကြီး တူးထုတ်လိုက်ရင် တောင်ကို အခေါင်းပေါက် ဖြစ်သွားမှာစိုးရိမ်တယ်"

သူမက တောင်၏ခံနိုင်ရည်ကို စဥ်းစားမိလိုက်ပြီး ပြိုကျလာလျှင် သူတို့ကို မြှုပ်သွားမည်ကို စိုးရိမ်မိသည်။ သို့သော် ဒါသည်လဲ အတွေးလွန်ခြင်းတစ်ခု ဖြစ်နိုင်သည်။ ရှန်းလီက ပြုံးပြီး သဘောတူလိုက်သည်။

."ကောင်းပြီလေ"

သူ့သဘောအတိုင်းဆိုရင်တော့ သူသည် အရင်ကလို စန်းလော့နှင့် ပိုပြီး နီးနီးကပ်ကပ်နေရသည်ကို အမှန်ပင် ပိုသဘောကျသည်။

ဂူကို သေချာစစ်ဆေးပြီးနောက်တွင် စန်းလော့က အပြင်အဆင်နှင့် အထားအသိုကို ဆုံးဖြတ်လိုက်သည်။ ရှန်းလီက စပါးသယ်ယူပြီး ပြန်လာလျှင်တော့ အကောင်အထည်ဖော်ရမည်။ ထို့နောက်တွင် အဖွဲ့က ပိုပြီးကြီးမားသည့် ဂူကြီးသို့ ပြန်ရောက်လာသည်။ ရှန်းလီနှင့်သူ့အဖွဲ့က အနားယူရန် အချိန်မရှိပေ။ နေ့လည်စာစားပြီးလျှင် ပထမစပါးသိုလှောင်သည့် နေရာသို့ ပြန်သွားရအုံးမည်။ အပြင်ဘက်တွင် ဖရိုဖရဲ စတင်ဖြစ်ပေါ်လာသည်နှင့် တောင်အတွင်းပိုင်းသို့ စပါးများကို သယ်ယူပို့ဆောင်ရန်က စိန်ခေါ်မှုတစ်ခု ဖြစ်လာလိမ့်မည်။

ဂူကြီးထဲတွင် ချင်ဖန်းညန်နှင့်ကန်းရှီတို့က နေ့လည်စာပြင်ဆင်ဖို့အတွက် ပြန်ရောက်လာကြသည်။ ထမင်းစားဖို့ စောနေသေးသော်ငြားလည်း သူတို့က ရှန်းလီနှင့်တခြားသူများက သူတို့၏အပြန်ခရီးအတွက် ယူသွားရန် ရိက္ခခြောက်များကို စီစဥ်ပေးနေကြသည်။

စန်းလော့က ကူညီပေးဖို့ဝင်လာသည်။ သို့သော်ငြားလည်း မိသားစုများက ပြန်ရောက်လာပြီဖြစ်သဖြင့် အဘွားကြီးများနှင့်အဒေါ်တို့က တာဝန်ယူထားလိုက်ရာ ဂူဝင်ပေါက်တွင် စည်ကားလို့နေသည်။ ဝင်ပေါက်က လူတိုင်းအတွက် နေရာမပေးနိုင်ချေ။ ထို့ကြောင့် သူတို့က စန်းလော့ကို နေ့လည်စာအတွက် အသီးအရွက်ခူးဖို့ လွှတ်လိုက်သည်။

ရွှီမိသားစုက နောက်ဆုံးမှ ရောက်လာကြသည်။ ရွာက မိသားစုများနှင့်မတူဘဲ သူတို့ထဲက ဘယ်သူကမှ ဒီလိုအခက်အခဲကို ကျင့်သားမရကြသေးပေ။ သခင်မကြီးရွှီနှင့် ဝေ့ချင်းဟယ်တို့က အဆင်ပြေသည်။ ဝမ်ယွင်ကျန့်ကလဲ သူ့အသက်အရွယ်နှင့် ရင့်ကျက်လေသည်။ ပိုငယ်ကြသည့် ရွှီမောင်နှမများကတော့ ညှိုးငယ်နေကြပြီး ဂူထဲတွင် ရေရှည်နေရမည့်အရေးကို စဥ်းစားရင်း ရုန်းကန်နေရသည်။

သူတို့က ဂူကြီးထဲတွင်တွေ့ခဲ့သည့် အရာအတိုင်း လိုက်လုပ်လိုက်ကြသည်။ မြက်ခြောက်များကိုဖြန့်ပြီး ဖျာများကိုခင်းလိုက် ကြသည်။ တိမ်လွှာလျှိုမြောင်ထဲတွင် တွေ့ခဲ့ကြသည့် အစောပိုင်း ပျော်ရွှင်မှုများက ပျောက်ကွယ်သွားတော့သည်။

သူတို့သည် လက်တွေ့ကို နားလည်ကြသည့်တိုင် စိတ်အားတော့ ငယ်နေကြဆဲပင်။

သခင်မကြီးရွှီက ဂူထဲတွင် ကလေးများကို နှစ်သိမ့်ထားပြီးဖြစ်သည်။ သူမက အခုတော့ နည်းနည်းလေးပိုပြီး ပြောရသည်။ ကလေးများကို သူငယ်ချင်းများနှင့် ဆော့ကစားဖို့ အားပေးရသည်။ သူမကတော့ အဘွားချန်းနှင့် တခြားသူများနှင့်အတူ အလုပ်လုပ်ဖို့ရန် အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။ အမျိုးသားများသည် မကြာမီ ပြန်ထွက်ခွာရမည်ဖြစ်ရာ ဂူထဲတွင် အနားယူသင့်ကြသော်လည်း ထူထဲလှသည့်မြက်ထဲတွင် ပုန်းခိုနေနိုင်သည့် မြွေကင်းပါးများကို စိုးရိမ်သဖြင့် သူတို့အားလုံးက သူတို့၏ ပေါက်ပြားများကိုသယ်ကာ မိသားစုတစ်ခုချင်းဆီသို့ ဦးတည်မည့်လမ်းတလျှောက်ရှိ မြက်ရိုင်းများကို ရှင်းလင်းပေးလိုက်ကြသည်။

စိတ်အအေးရဆုံး ဖြစ်နေသူများကတော့ ကလေးများပင်။ အတူတကွ ပူးကပ်နေကြပြီး သူတို့၏ ကိုယ်ပိုင်ဂူကလေး၏ အပြင်အဆင်အကြောင်း ဆွေးနွေးနေကြသည်။

ကလေးကြီးများက သူတို့အရွယ်နှင့်သူတို့၊ ကလေး အငယ်များက သူတို့အရွယ်နှင့်သူတို့၊ အုပ်စုဖွဲ့နေကြပြီး ယောက်ကျားလေးတစ်စု မိန်းကလေးတစ်စု ဖွဲ့ထားကြသည်။

ဆိုင်တာဝန်ခံရွှီ၏ မှာကြားချက်ကြောင့် ရွှီမိသားစုသည် ရှန်းမိသားစုနှင့် အထူးတလည် ရင်းနှီးလာကြပြီး သူတို့ခရီးအတွင်းတွင် ရှန်းလီထံမှ အထူးတလည် ဂရုစိုက်မှုကို လက်ခံရခဲ့သည့် ရွှီဝမ်ယင်းက အခုတော့ ရှန်းနဥ်၊ ချန်းရှောင်ယာနှင့် ချောင်အာတို့အဖွဲ့တွင် ဝင်ရောက်လာသည်။

ရှန်းနဥ်နှင့်ချန်းရှောင်ယာတို့က သူတို့၏ဂူကို မြင်သာအောင် ဖော်ပြနေသည်ကို နားထောင်လိုက်ရင်းက ရွှီဝမ်ယင်းတယောက်မှာ သူမ၏ ကိုယ်ပိုင်ဂူလေးနှင့်ပတ်သတ်ပြီး ပြောစရာ ပျောက်ဆုံးနေတော့သည်။

တခြားသူများ၏ သတိထားခံလိုက်ရသည့် ရွှီဝမ်ယင်းက ချီတုံချတုံဖြင့် ပြောလိုက်သည်။

"ငါတို့ရဲ့ဂူက အရမ်းမှောင်နေတာပဲ၊ ငါတို့တွေက အဲဒီ့မှာပဲ တသက်လုံး နေသွားရမှာလား။ မြေပြင်ပေါ်မှာ မြက်ခင်းပြီးတော့ ဒီအတိုင်း အိပ်ရမှာလား"

ရှန်းနဥ်က တခစ်ခစ် ရယ်မောလိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲ၊ ငါတို့တွေက အိပ်ယာတွေလုပ်မှာ၊ ဘီဒိုတွေရော စားပွဲတွေကိုတောင် လုပ်အုံးမှာ၊ ငါ့အစ်ကိုက ဘယ်လိုလုပ်ရမလဲဆိုတာကို သိတယ်လေ"

ချန်းရှောင်ယာက ရယ်မောပြီး ဝင်ပြောလေသည်။

"ငါ့အဖေကလဲ အဲဒါတွေကို လုပ်တတ်တယ်"

ရွှီဝမ်ယင်းက စိတ်ရှုပ်သွားပြီး နည်းနည်းလောက် စဥ်းစားလိုက်ပြီးမှ ထပ်ပြောလိုက်သည်။

"ငါ့ဦးလေးကတော့ လုပ်တတ်မယ်လို့ မထင်ပါဘူး"

ချန်းရှောင်ယာက သူမကို အာမခံပေးလိုက်သည်။

"နင့်ဦးလေးက ငါ့အဖေဆီကဖြစ်ဖြစ် အစ်ကိုအားလီဆီကဖြစ်ဖြစ် သင်လို့ရတယ်လေ၊ အစ်ကိုအားလီကလဲ ငါ့အဖေဆီကနေ သင်ထားတာပဲ"

ရွှီဝမ်ယင်းက မေးလိုက်သည်။ "သင်ရတာ ခက်သလား"

ရှန်းနဥ်က ခေါင်းခါပြသည်။ "ငါကတော့ ခက်မယ်လို့ မထင်ဘူး။ ငါ့အစ်ကိုက အဲဒါကို လွယ်လွယ်လေး တတ်သွားတာပဲ"

ရွှီဝမ်ယင်းမှာ.စိတ်အေးသွားပြီး တခြားသူများကို တိုးတိုးလေး ပြောလိုက်လေသည်။

"ငါတို့တွေက မြေကြီးပေါ်မှာပဲ တသက်လုံး အိပ်ရတော့မယ်လို့ ငါက စိုးရိမ်နေတာ၊ ခုနတုန်းကတောင် ဂူရဲ့ကြမ်းပြင်ပေါ်မှာ ပိုးကောင်တွေကို တွေ့လိုက်သေးတယ်”

သူတို့အားလုံးက ရယ်မောလိုက်ကြပြီး ချန်းရှောင်ယာက အကြံပေးလိုက်သည်။

"ငါတို့တွေက ဂူကို ပိုပွားတွေသေသွားအောင် မှိုင်းတိုက်ဖို့ ငါ့အဘွားဆီကနေပြီးတော့ ဆေးမြစ်အခြောက်တွေကို ယူလို့ရတယ်လေ"

ရှန်းနဥ်က ထပ်ပြောလိုက်သည်။

"နောက်ပြီးတော့ ပိုးမွှားတွေက အဲလောက်လဲ မဆိုးကြပါဘူး။ ငါတို့တွေက ပိုးမွှားတွေကို ဖမ်းပြီးတော့ ကြက်တွေကို အစာကျွေးလို့ရတယ်လေ"

အသက်၆နှစ်အရွယ် ချောင်အာကတောင် ခေါင်းညိမ့်ပြသည်။

"ငါ့အစ်ကိုက ငါ့တို့ရဲ့ကြက်တွေအတွက် ပိုးမွှားတွေကို ဖမ်းပေးတာလေ၊ အမေကပြောတယ် ကြက်တွေက ပိုးမွှားတွေအများကြီးစားရင် ဥတွေပိုဥတယ်တဲ့”

ရွှီဝမ်ယင်းက သူတို့ကို လေးစားအားကျသလို ကြည့်လိုက်တော့သည်။

"နင်တို့အားလုံးက အရမ်းသတ္တိရှိကြတာပဲ"

စီရင်စုနှင့် တုန်းဖူစားသောက်ဆိုင်ကို ရောက်ခဲ့ဖူးသည့် ရှန်းနဥ်က ပြန်ဖြေလိုက်သည်။ "ဒါက သတ္တိရှိတာ မဟုတ်ပါဘူး။ ငါတို့တွေက ငယ်ငယ်လေးကတည်း က ဒါတွေကို အများကြီး တွေ့ဖူးခဲ့ကြတာလေ၊ နင်ကကျတော့ စီရင်စုမှာ အိမ်ကောင်းမှာပဲ အမြဲတမ်းနေလာခဲ့တာ ဖြစ်လိမ့်မယ်။ ဒါကြောင့်မလို့ နင်က ဒီလိုမျိုး မတွေ့ဖူးတာပေါ့"

အမှန်ပင် ရွှီဝမ်ယင်းကလဲ ပြန်ပြောပြလေသည်။

"ငါက အရင်တုန်းကတော့ စီရင်စုမှာ နေခဲ့တာ၊ သိပ်မကြာခင်ကတော့ ရှဲ့ရှမ်းမှာနေခဲ့တာ၊ အခုက တောင်ထဲမှာ ငါပထမဦးဆုံး ရောက်လာတာပဲ၊ အရင်တုန်းကဆိုရင် ပိုးကောင်တွေအများကြီးနဲ့ တောရိုင်းတိရိစ္ဆာန်တွေ အများကြီးကို တခါမှ မတွေ့ခဲ့ဖူးဘူး"

စီရင်စုနှင့်ရှဲ့ရှမ်းအကြောင်းကို ကြားလိုက်သည်တွင် ချန်းရှောင်ယာက စီရင်စုနှင့်ရှဲ့ကျိုးက မည်သို့အရာများဖြစ်ကြောင်း သိလိုစိတ်ဖြင့် မေးမြန်းလေသည်။ ရွှီဝမ်ယင်းက အိမ်များ၊ ဆိုင်များ၊ လမ်းများ၊ ယာဥ်များ၊ စားသောက်ဆိုင်များနှင့် မုန့်ဆိုင်များအကြောင်း ကွက်ကွက်ကွင်းကွင်း ပြောပြလေရာ အငယ်ဆုံးဖြစ်သည့် ချောင်အာမှာ အားကျစိတ်ဖြင့် သရေများကျလာတော့သည်။

ရွှီဝမ်ယင်းက ပြုံးလိုက်၏။

"ငါ့အဖေကပြောတယ် အပြင်က အခြေအနေတွေ တည်ငြိမ်လာခဲ့ရင် သူက ငါတို့ကို အပြင်ခေါ်ထွက် ပေးမယ်တဲ့၊ အဲဒီ့အချိန်ကျရင် ငါက နင်တို့ကို ငါ့အိမ်ကို ခေါ်လည်မယ်လေ၊ ငါတို့တွေက ငါတို့အမေနဲ့ အဲဒီ့ဆိုင်တွေအားလုံးကို သွားလည်ပတ်ကြမယ်"

မိန်းကလေးများသည် ထိုအတွေးနှင့်ပင် ဝမ်းသာအားရ ဖြစ်နေကြသည်။ သို့သော်ငြားလည်း သူမ၏ အမေအကြောင်းကို ထုတ်ပြောလိုက်သည်တွင် ရွှီဝမ်ယင်း၏စိတ်မှာ ညှိုးငယ်သွားတော့သည်။

"ငါ့အမေနဲ့အဖေရယ် ငါရဲ့အစ်ကိုကြီးနဲ့ဒုတိယအစ်ကိုကို လွမ်းလိုက်တာ၊ သူတို့တွေရော အပြင်ဘက်မှာ ဖရိုဖရဲတွေ ဖြစ်နေကြပြီလို့ ထင်လား။ ငါ့မိဘတွေနဲ့အဘွားက ပြောကြတယ်၊ မြို့ထဲကို သူပုန်တွေက အတင်းတိုးဝင်လာပြီးရင် လူတွေကိုသတ်ကြတာတဲ့၊ ဒါကြောင့်မလို့ ငါ့အဖေက ငါတို့အားလုံးကို ရှဲ့ရှမ်းမှာ မနေစေချင်တာတဲ့"

ကလေးအများစုသည် ကပ်ဘေးဒုက္ခသည်များ၏ ပုန်ကန်ခြင်းနဲ့ မတည်ငြိမ်သည့် ဖရိုဖရဲကိစ္စအကြောင်းကို နားမလည်နိုင်တာ ဖြစ်နိုင်သော်ငြာလည်း ဒီမိသားစုက ကလေးများကတော့ ချွင်းချက်ပင်။ သူတို့၏ လူကြီးများနှင့် ရှန်းလီက သူတို့ကို ကောင်းကောင်း အသိပေးထားလေသည်။

အကြောင်းအရာကို အများဆုံးကြားထားသည့် ရှန်းနဥ်က ပြောလိုက်သည်။

"ငါ့အစ်ကို ပြောထားတာတော့ ကြားဖူးတယ်၊ မြောက်ပိုင်းမှာ အခုလောလောဆယ် ပုန်ကန်မှုတွေ ဖြစ်နေတယ်တဲ့၊ လူအများကြီးလဲ သေကြတယ်တဲ့၊ အခုက မြို့တွေနဲ့မြို့ငယ်လေးတင် မဟုတ်တော့ဘူး။ တောင်ပေါ်တွေကလဲ သူပုန်တွေကြောင့် မလုံခြုံတော့ဘူးတဲ့လေ၊ ဒါကြောင့်မလို့ ငါတို့တွေက ဒီလို အရမ်းဝေးတဲ့ တောင်အတွင်းပိုင်းမှာ လာပုန်းနေရတာပေါ့"

ရွှီဝမ်ယင်းက သူမ၏မိဘများကို လွမ်းဆွတ်သည်ဟု ကြားလိုက်ရသည်တွင် ရှန်းနဥ်ကလဲ ရှန်းကျင့်နှင့်တခြားသူများကို စဥ်းစားမိသွားတော့သည်။

"အခု ငါတို့မှာက အိမ်အသစ်ရှိလာပြီ၊ ရှန်းကျင့်၊ ရှန်းယင်၊ ရှန်းထျယ်နဲ့ ထန်းယျာတို့က ရွာမှာ ဘယ်လိုနေကြလဲ မသိဘူး"

အခုလေးတင် စိတ်အားတက်ကြွနေသည့် သူမ၏စိတ်မှာ စတင်ပြီး အားနည်းလာတော့သည်။

"ရှောင်ယာ ရှန်းကျင့်နဲ့တခြားသူတွေ အဆင်ပြေမယ်လို့ နင်ထင်လား။ ငါတို့တွေ ထွက်သွားလိုက်တာကို သူတို့သိသွားပြီလား မသိဘူး။ ရှန်းကျင့်ကတော့ ငိုနေမှာလား မသိဘူး"

သူမသည် ထိုမေးခွန်းများကို တယောက်တည်း အချိန်အကြာကြီး ဆက်တိုက် မေးမြန်းလာခဲ့ပြီး ထိုမေးခွန်းများကို ထုတ်ပြောဖို့ရန် အလွန်မှစိုးရိမ်နေမိသည်။ သို့သော်ငြားလည်း အခုတော့ သူတို့၏နေထိုင်ရာ မြေနေရာသို့ အန္တရာယ်ကင်းကင်း ရောက်ရှိလာပြီး သူတို့၏အနာဂတ် ရှင်သန်ရေးအခြေအနေကလဲ အခြေချပြီးဖြစ်လေရာ သူမမှာ အရင်နှီးဆုံး ကစားဖော်များကို မထုတ်မေးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။

ချန်းရှောင်ယာကလည်း စိတ်ဓာတ်ကျသွားသည်။ သူမသည် ရှန်းကျင့်နှင့် ရန်ဖြစ်တတ်သော်ငြားလည်း သူ့အပေါ် သီးခံစိတ်က တိုးပွားလာလေသည်။ ရှန်းနဉ်က သူ့အကြောင်း ပြောလိုက်သည်တွင် သူမ၏ ရင်ထဲတွင် လေးလံသလို ခံစားသွားရတော့သည်။

“သူငိုနေမှာ သေချာတယ်၊ တကယ်လို့ ငါသာ ချန်ထားခဲ့ခံရလျှင် ငါလဲ ငိုမှာပဲ၊ ပတ်ဝန်းကျင်မှာ သူပုန်တွေ ရှိနေတယ်ဆိုရင် သူတို့များ အန္တရာယ်များဖြစ်ကြမလား မသိဘူး”

ဒီအတွေးက သူမ၏ နှလုံးသားလေးကို စည်းချက်လွဲသွားစေတော့သည်။ သတ်ဖြတ်ရခြင်းဆိုသည့် စိတ်ကူးက အစောပိုင်းတွင် ကြက်များနှင့်ဘဲများကို သတ်ရခြင်းသာ ပတ်သတ်လေသည်။ သူမ၏အစ်ကိုပြန်လာပြီး နောက်တွင် လူများက အချင်းချင်း အသိတရားမဲ့စွာ သတ်ဖြတ်နိုင်ကြကြောင်း ပြောပြသည်တွင် အမှန်တကယ် ကြောက်စရာကောင်းသည့် လက်တွေ့တစ်ခု ဖြစ်လာတော့သည်။

သူတို့၏ ကစားဖော်များကို စဥ်းစားလိုက်မိသည်တွင် ကလေးများမှာ စိုးရိမ်ပူပန် လာကြတော့သည်။

ရွှီဝမ်ယင်းကတော့ သိလိုစိတ်ဖြင့် မေးလိုက်သည်။ "ရှန်းကျင့်က ဘယ်သူလဲ"

ချောင်အာက ရှင်းပြသည်။ “သူက ရှန်းနဥ်နဲ့ရှန်းအန်းတို့ရဲ့ဝမ်းကွဲလေ၊ ရှန်းနဥ်မှာ ဝမ်းကွဲမောင်လေး ၃ ယောက်နဲ့ ညီမလေး၁ယောက် ရှိတယ်။ အကြီးဆုံးဝမ်းကွဲက ရှန်းကျင့်လေ”

ရွှီဝမ်ယင်းက ဇဝေဇဝါဖြင့် မျက်တောင်လေးခပ်လိုက်သည်။ "သူတို့တွေက ဘာဖြစ်လို့ ငါတို့နဲ့ မလိုက်လာတာလဲ"

တခြားမိသားစုများသည် သူတို့၏ ဝမ်းကွဲများအားလုံး အတူတူ လိုက်ပါလာသည်ကို ရွှီဝမ်ယင်းက သတိထားမိသည်။

ချန်းရှောင်ယာက ချိုးနှိမ်ထားသည့် လေသံတစ်ခုဖြင့် ပြောလိုက်သည်။ "ရှန်းနဥ်ရဲ့ အဒေါ်နဲ့ဦးလေးတွေက တော်တော်လေးကို ဆက်ဆံရခက်ခဲတာကြောင့်လေ၊ ဘယ်သူကမှ သူတို့ကို အတူတူ ခေါ်မလာချင်ကြဘူး”

ကြင်နာတတ်သည့် ဦးလေးတစ်ယောက် ပိုင်ဆိုင်ထားသည့် ရွှီဝမ်ယင်းက ဆက်ဆံရခက်ခဲလှသည့် ဆွေမျိုးအကြောင်းကို နားမလည်နိုင်ရာ ထပ်မေးလိုက်လေသည်။

"သူတို့တွေက ရှန်းကျင့်တယောက်ထဲကိုရော ခေါ်လာလို့ မရဘူးလား"

လက်ထဲက မြက်ပင်လေးနှင့် ဆော့ကစားနေသည့် ရှန်းနဥ်က ပြန်ပြောလိုက်သည်။ "သူတို့တွေက သူတို့ရဲ့မိဘတွေဆီကနေ ခွဲလာချင်မှာ မဟုတ်လောက်ဘူးလေ"

ကလေးများသည် သူတို့၏ မိဘများနှင့် ပုံမှန်ဆိုလျှင် တူတူနေတတ်ကြသည့်အကြောင်း ရွှီဝမ်ယင်းက သဘောပေါက်သွားသည်။ သူမ၏အဘွားက သူမနှင့် သူမ၏အစ်ကိုကို ခေါ်လာသလိုမျိုးပင်။

...

ရှီလီရွာတွင် အခွန်ကောက်ခံသည့် အရာရှိများက စပါးများကို တိုင်းတာလိုက်ကြပြီး ရှန်းအိမ်က လုံလုံလောက်လောက် ရရှိသွားသည်ကို တွေ့လိုက်ရာ အရိုက်ခံထားရသဖြင့် မြေကြီးပေါ်တွင် လဲလျောင်းနေသည့် လီရှီကို ဒီအတိုင်း ချန်ထားခဲ့လိုက်ကြသည်။

ရှန်းကျင့်နှင့် ရှန်းယင်တို့က သူမကို ကြိုးစားပြီး တွဲထူကြသော်ငြားလည်း အလွန်မှ ငယ်နေကြသေးသဖြင့် သူတို့မှာ သူမကိုတွဲထူဖို့ရာ ခွန်အားကင်းမဲ့နေသည်။ သူတို့မှာ မထိန်းနိုင်အောင် ငိုယိုမိကြတော့သည်။ ထောင့်တစ်ခုတွင် မလှုပ်မယှက်ရပ်နေသည့် အဖေဖြစ်သူ ရှန်းစန်းကို သတိထားလိုက်မိသည်တွင် ရှန်းကျင့်က အော်ပြောလိုက်သည်။

"အဖေ အဖေ ဘာကို စောင့်နေတာလဲ အမေ့ကို တွဲထူပေးပါအုံး"

ရှန်းစန်းသည် အမှန်ပင် အထိတ်တလန့် ဖြစ်သွားလေသည်။ လီရှီက အရာရှိတယောက်နှင့် တိုက်ခိုက်ဖို့ရန် အလွန်မှ အတင့်ရဲလိမ့်မည်ဟု မျှော်လင့်မထားမိချေ။

သူမက ရူးသွပ်သွားပြီဟု ထင်လိုက်လေသည်။

သို့သော်ငြားလည်း သားဖြစ်သူ၏အော်သံက သူ့ကို ငေးကြောင်ကြောင် ဖြစ်နေရာမှ သတိဝင်လာသည်။ အခွန်ကောက်ခံသူများ ထွက်သွားနှင့်ပြီကို သိလိုက်သည်တွင် နောက်ဆုံးတော့ သူက မတ်မတ်ရပ်လိုက်ပြီး သူမကို ဆူဆဲရင်းဖြင့် လီရှီကို အလောတကြီး လာတွဲထူပေးလိုက်သည်။

"နင်ရူးသွားပြီလား၊ အလုပ်ကြမ်း၂လလောက်လုပ်ရတာ မလုံလောက်သေးလို့လား။ နင်က အရာရှိတယောက်ကိုများ တိုက်ခိုက်ရဲရတယ်လို့ နှစ်ဝက်လောက် ဒါမှမဟုတ် အဲဒီ့ ထက်ပိုပြီး အလုပ်ကြမ်းသွားလုပ်ဖို့ ခေါ်သွားခံရမှာ မကြောက်ဘူးလား"

လီရှီက သူမ၏မျက်လုံးများကို ဆက်တိုက်မှိတ်ထားလိုက်သည်။ သူမ၏ သိသာထင်ရှားနေသည့် အသက်ရှုသံနှင့် သူမ၏ ခန္ဓာကိုယ် အဝတ်အစားပေါ်က သွေးများကြောင့်သာမဟုတ်လျှင် သူမ၏ ကလေး လေးယောက်ကို အလန့်တကြား ဖြစ်သွားစေနိုင်သည်။

ကံအားလျော်စွာ ဆောင်းတွင်း ဖြစ်နေခြင်းပင်။ ရွာသားများသည် ထူတဲသည့်အနွေးထည်ဖြစ်စေ၊ ပါးလျားသည့်အနွေးထည်ဖြစ်စေ မတတ်နိုင်ရာ အားလုံးက သူတို့၏ ဆောင်းတွင်းအဝတ်အထည်များကိုသာ ဝတ်ဆင်နေရသေးသည်။

အခွန်ကောက်ခံသူ၏ ကြာပွတ်က တော်တော်လေး ရက်စက်လှသည်။ သို့သော်ငြားလည်း အနွေးထည်က အတိုင်းအတာတစ်ခုအထိ အခါအကွယ်ဖြစ်လေရာ စုတ်ပြဲနေသည့်အနွေးထည်မှ ထွက်လာသည့် ဝါဂွမ်းများပေါ်တွင် သွေးများစွန်းနေလေသည်။

ကြာပွတ်စာကို ခံလိုက်ရသည့်အပြင် လီရှီသည် အခွန်ကောက်ခံသူထံမှ ကန်ကျောက်ခြင်းကိုလဲ သီးခံလိုက်ရပြီး စကားပြောဖို့ရန် အလွန်မှ နာကျင်နေသဖြင့် မျက်လုံးများကိုသာ မှိတ်ထားလိုက်ပြီး ရှန်းစန်းက ဆူပူရင်း ချဥ်းကပ်လာသည့်အခါမှ သူမ၏ မျက်လုံးများကို ချက်ခြင်းဖွင့်လိုက်ပြီး ပြန်မပြောနိုင်သဖြင့် သူ့ကို စိုက်ကြည့်လိုက်တော့သည်။

ရှန်းစန်းသည် လီရှီ၏ပြင်းထန်သည့် အကြည့်အောက်တွင် ခြောက်ခြားသွားရာ သူမသည် သူ့ကို အပိုင်းပိုင်းအစစ ဖြစ်အောင် ဆွဲဖြဲတော့မည့် ခွန်းအားရှိနေသယောင် ခံစားလိုက်ရသည်။ သူက စိုးရိမ်ကြောင့်ကြစွာ ပြောလိုက်သည်။

"နင်က ဘာဖြစ်လို့ ငါ့ကို ဒီလိုကြည့်နေတာလဲ၊ ငါက နင်ကောင်းဖို့အတွက် ပြောရတာပါ၊ အခုလို ရိုက်ခံလိုက်ရတာကလဲ အကြောင်းမဲ့ မဟုတ်ဘူးလေ ဟုတ်တယ်မလား"

လီရှီ၏ အေးစက်လှသည့် စူးစိုက်အကြည့်က ရှန်းစန်းကို သတိဖြစ်သွားစေသလို နေရထိုင်ရ ခက်သွားစေတော့သည်။ သူက သတ္တိရှိချင်ဟန်ဆောင်လိုက်ပြီး သူမကို အခန်းထဲသို့ တွဲပို့လိုက်သော်ငြားလည်း သူ၏ဖရိုဖရဲဖြစ်နေသည့် စိတ်အစဥ်ကြောင့် သူမကိုအိပ်ယာပေါ်သို့ ခပ်ကြမ်းကြမ်းလေး လွတ်ချမိသွားတော့သည်။ လယ်ကွင်းထဲတွင် အရေးတကြီးလုပ်စရာရှိသည်ဟု ကြေငြာကာ သူသည် ပေါက်ပြားတစ်လက်ကိုဖမ်းဆွဲပြီး အိမ်ထဲမှ အလောတကြီး ထွက်သွားတော့သည်။

လီရှီသည် ကြမ်းတမ်းစွာ ပစ်ချခံလိုက်ရသဖြင့် ဆောင့်မိသွားပြီး အိပ်ယာနှင့်ရိုက်မိသွားသည့်အတွက် သူမ၏ဒဏ်ရာမှ နာကျင်မှုကြောင့် မျက်နှာကိုရှုံ့မဲ့သွားမိကာ လေကိုအလောတကြီး ရှူနေရတော့သည်။ အချိန်တော်တော်ကြာသွားမှ စိတ်တည်ငြိမ်သွားပြီး နောက်ဆုံးတော့ ရှန်းကျင့်နှင့်ရှန်းယင်တို့၏ အကူအညီဖြင့် အိပ်ယာပေါ်တွင် ဘေးတစောင်း လှဲလျောင်းနိုင်သွားတော့သည်။

မောင်နှမများက အသည်းအသန် ငိုကြွေးနေကြသည်။ ရှန်းကျင့်ခမျာ ထိုမျှလောက် တခါမှ မကြောက်လန့်ခဲ့ဘူးချေ။ အမေဖြစ်သူ၏ သွေးများရဲနေသည့် ဒဏ်ရာကိုမြင်လိုက်ရပြီး ထိုဒဏ်ရာများကို မထိမကိုင်ရဲဖြစ်နေကာ သူ့အဖေ၏ ခပ်ကြမ်းကြမ်းကိုင်တွယ်မှုကြောင့် တုန်လှုပ်ခြောက်ခြားသွားတော့သည်။

စိုးရိမ်မှုကို မြိုသိပ်ထားနိုင်သွားပြီး ရှန်းကျင့်က သူ၏မျက်ရည်များကို သုတ်လိုက်ကာ ပြောလိုက်သည်။

"အမေ ကျွန်တော် စန်းလီရွာကိုသွားပြီး သမားတော် သွားပင့်လိုက်ရမလား"

လီရှီက ရုန်းကန်ရင်း ခေါင်းခါပြသည်။

အိမ်တွင် သမားတော်ပင့်ဖို့ရန် ဘာငွေမှ မကျန်တော့ချေ။ သူတို့တွင် ရှိသည့်ရွှေလက်ကောက်နှင့် စုဆောင်းငွေ မစို့မပို့လေးကိုပင် ရှန်းစန်းက သူ၏ စစ်မှုထမ်းခြင်းကင်းလွတ်ဖို့ရန် အားလုံးကို သုံးလိုက်သည်။

နောက်ဆုံးတော့ လီရှီသည် မျှော်လင့်ချက်များ ပျောက်ဆုံးသွားတော့သည်။ ရှန်းစန်းသည် လုံ့လ ဝီရိယမရှိ။ သူတို့တွင် စိုက်ပျိုးစရာမြေကလဲ နည်းနည်းလေးသာ ရှိသည်။ အခုတော့ သူတို့တွင် စပါးအိတ်လေးတစ်ခုနှင့် ပဲအိတ်၂အိတ်သာ ကျန်တော့သည်။ ၄လလောက် လုံလုံလောက်လောက် စားဖို့ရန်က ခက်ခဲလှသည်။ အခုမှ ၂လပိုင်းသာရှိသေးသည်။ ဆောင်းဦးရိတ်သိမ်းဖို့ကလဲ အဝေးကြီးလိုသေးသည်။ သူမတို့သည် လာမည့်လများအတွင်းတွင် မည်သို့များ အသက်ရှင်နိုင်ပါမည်နည်း။

ဒါကြောင့်ပင် သူမက စပါးများလာစုဆောင်းသည့် အရာရှိများကို ကြံရာမရ တိုက်ခိုက်ခဲ့ခြင်းပင်။

အသက်ရှင်သန်ဖို့အရေးက မဖြစ်နိုင်တော့ဟန်တူသည်။

သို့သော်ငြားလည်း သူမ၏ကလေးများက အသည်း အသန် ငိုကြွေးနေကြသည်ကို မြင်လိုက်သည်တွင် လီရှီက သူမ၏ကြောက်ရွံ့စိတ်ကို ထုတ်မပြောရဲတော့ချေ။ သူမက ချည့်နဲ့သည့် အပြုံးတစ်ခုကို အားတင်းကာပြုံးလိုက်၏။

"သီးခံလိုက်ပါ့မယ်၊ သွေးတွေရပ်သွားပြီးတော့ ငါ အနားယူလိုက်ပြီးတာနဲ့ သက်သာသွားမှာပါ”

ရှန်းကျင့်က သူရဲ့မျက်ရည်များကို သုတ်လိုက်ပြီး တောင်းပန်တိုးလျှိုးလေသည်။

"အမေ ထွက်ပြေးရအောင်ပါ၊ အရာရှိတွေက စပါးတွေကို သိမ်းသွားပြီ၊ ကျွန်တော်တို့မှာလဲ ကျန်တာဆိုလို့ ဘာမှမရှိတော့ဘူး"

စပါးတွေကိုသိမ်းသွားတာ အခုဖြစ်နေတာပဲ မဟုတ်လား။ အရာရှိတွေက သူပုန်တွေထက်တောင်မှ ပိုပြီးတော့ ဆိုးသေးတယ်။ ပေါ်ပေါ်တင်တင်နဲ့ အကြင်နာတရားကင်းမဲ့ပြီး ယူသွားတယ်။

လီရှီသည် ဒီအကြောင်းကို သိသော်ငြားလည်း ခေါင်းခါမိလေသည်။

"ငါတို့တွေမှာ စပါးကလဲ နည်းနည်းဘဲကျန်တာ သူတို့တွေကို ပေးယူသွားလိုက်ပါ၊ ငါတို့တွေလဲ ပေးစရာရှိတာ ပေးလိုက်ပြီးပြီပဲ၊ အခုအချိန်မှ ထွက်ပြေးမယ်ဆိုရင်လဲ ငါတို့ရဲ့လက်ကျန် ရွှေငွေနဲ့စပါးတွေက အလကားဖြစ်သွားလိမ့်မယ်။ ဒီမှာပဲဆက်နေမယ်၊ အနည်းဆုံးတော့ ငါတို့တွေက တခုခု စိုက်စားစရာ မြေရှိသေးတယ်လေ"

အပြင်းအထန် မောဟိုက်လာသဖြင့် သူမက ခဏလောက် ရပ်လိုက်ပြီးမှ ဆက်ပြောသည်။

“နောက်ပြီးတော့ ငါတို့တွေက ဘယ်ကိုထွက်ပြေးမှာလဲ တောင်တွေထဲမှာလဲ တောရိုင်းတိရိစ္ဆာန်တွေနဲ့ နေစရာမရှိတဲ့ ကပ်ဘေးဒုက္ခသည်တွေ အပြည့်ပဲ၊ ထွက်ပြေးရတဲ့ဒုက္ခကို နင်မမြင်ဖူးလို့ပါ၊ ငါတို့မိသားစုကလဲ အငတ်ဘေးက ထွက်ပြေးလာရတာပဲ၊ နင့်ရဲ့အဖေရယ်၊ နင့်ရဲ့ဝမ်းကွဲအစ်ကို အကြီးဆုံးရယ်နဲ့ ငါရယ်ပဲ အသက်ရှင်ခဲ့တာ၊ ရှန်းအန်းနဲ့ ရှန်းနဥ်တို့ကတောင် လမ်းမှာမွေးလို့ပေါ့။ ကပ်ဘေးဒုက္ခသည်လို ထွက်ပြေးရတာက လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ တောင်တွေထဲကို ထွက်ပြေးမယ်ဆိုရင် တခြားသူတွေသတ်ဖြတ်တာ ခံရချင်ခံရ ဒါမှမဟုတ်ဘူးဆိုရင် တောရိုင်းတိရိစ္ဆာန်တွေရဲ့ အမဲကောင် ဖြစ်သွားလိမ့်မယ်”

ရှန်းကျင့်က ခေါင်းငုံထားပြီး ရေရွတ်လေသည်။ "အစ်ကိုကြီးနဲ့ တခြားသူတွေက အရမ်းကို အရည်အချင်း ရှိကြတာပဲ"

လီရှီ၏ အကြည့်မှာ ဗလာအတိ ဖြစ်သွားသယောင်။

အမှန်ပင် ရှန်းလီသည် အရည်အချင်းများစွာ ရှိလေသည်။ တောရိုင်းတိရိစ္ဆာန်များ၏ သားကောင်မဖြစ်လာပဲ တောများနှင့်တောင်များကို အောင်အောင်မြင်မြင် ဖြတ်ကျော်လာသည်။ သို့သော်ငြားလည်း သူကတော့ သူနှင့်အတူ လီရှီတို့၏မိသားစုကို ဘယ်တော့မှ ခေါ်သွားလိမ့်မည် မဟုတ်ပေ။

သူမ၏ နာကျင်မှုကို သီးခံထားပြီး လီရှီက ရှန်းကျင့်ကို မေးလိုက်သည်။

"နင့်အစ်ကိုက နင့်ကို အမဲလိုက်နည်း သင်ပေးထားတယ် မဟုတ်လား။ နင် ဘယ်လောက်အထိ ကောင်း ကောင်းတတ်သွားပြီလဲ"

ရှန်းကျင့်က ခေါင်းငြိမ့်ပြသည်။

"သူ ကျွန်တော့ကို တကယ်ပဲ သင်ပေးခဲ့ပါတယ်။ ရစ်ငှက်တွေကို ထောင်ဖမ်းတဲ့နည်းလမ်းနဲ့ အဲလိုပုံစံမျိုးတွေပေါ့။ ကိုယ့်ဟာကိုယ်တော့ တခါမှ မဖမ်းကြည့်ဖူးသေးဘူး။ ဒါပေမဲ့ သူက လေ့ကျင့်ဖို့ပြောတယ်၊ ကျွန်တော်က နောက်ပိုင်း တတ်လာလိမ့်မယ်တဲ့"

သူသည် ထိုနေ့က ရှန်းအန်းပြောခဲ့သည့်စကားကို ပြန်စဥ်းစားမိလိုက်သည်။ လေးခွနှင့်ပုန်းခိုရမည့်နေရာကိုတော့ ထုတ်မပြောလိုက်ပေ။

လီရှီက အပြုံးတစ်ခု ဖြစ်လာသည်။ သို့သော်ငြား လည်း နာကျင်မှုက သူမ၏မျက်နှာကို ရှုံ့မဲ့သွားစေပြီး မျက်လုံးများထဲတွင် မျက်ရည်များ ဝေ့တက် လာတော့သည်။

အမေဖြစ်သူ၏ နာကျင်နေပုံကို မြင်လိုက်ရသည်တွင် ရှန်းကျင့်၏ မျက်ရည်များက ပိုလို့ပင်ဆိုးဆိုးရွားရွား စီးကျလာတော့သည်။ သွေးများတိတ်သွားလျှင်ဟူသည့် ပြောလိုက်သည့်စကားကို ပြန်စဥ်းစားမိသည်တွင် သူက ရုတ်တရက် ပြောလိုက်၏။ "အမေ မလှုပ်နဲ့၊ အစ်ကိုက ကျွန်တော့ကို သွေးတိတ်စေမဲ့ ဆေးပင်တချို့ သင်ပေးခဲ့တယ်၊ ကျွန်တော် အခုပဲ သွားရှာလိုက်မယ်"

ဒါကိုမြင်လိုက်သည်တွင် ရှန်းယင်ကလဲ နောက်မှအလောတကြီး လိုက်သွားလေသည်။ "အစ်ကို ကျွန်တော်လဲ လိုက်မယ်"

ညီအစ်ကိုနှစ်ယောက်က တဟုန်ထိုးပြေးထွက်သွားကြသည်။ လီရှီမှာ အခုလေးတင် လစ်ဟာသွားသည့် တံခါးဘက်ကို လှမ်းကြည့်နေလိုက်ပြီးမှ သူမ၏ မျက်ရည်အပြည့်နှင့် မျက်လုံးများက အိပ်ယာဘေးတွင် ငိုယိုနေသည့် ရှန်းထျယ်နှင့် ကုတင်အစွန်းဘက်ကို မရောက်နိုင်သည့် ထန်းယာကို လှည့်ကြည့်လိုက်ကာ သူမ၏မျက်ရည်များက ထိန်းမနိုင်အောင် စီးကျသွားတော့သည်။

အမေဖြစ်သူက ငိုယိုနေသည်ကို တွေ့လိုက်ရသည်တွင် မျက်ရည်နှင့်နှပ်ရည်များဖြင့် ပေပွနေသည့် ရှန်းထျယ်က အနားသို့ကပ်လာကာ သူမ၏မျက်ရည်များကို သုတ်ပေးရင်း မေးလိုက်လေသည်။ "အမေ အများကြီး နာနေသလား"

သို့တိုင် ရှန်းထျယ်က မျက်ရည်များကို သုတ်ပေးလေလေ လီရှီ၏ မျက်ရည်များက ပိုပြီး ကျလာလေလေ ဖြစ်လေတော့သည်။

...

All Chapters