အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အပိုင်း (၁၃၁) အပြန်အလှန်ယုံကြည်မှု
ညစာစားပြီးသောအခါ လူတိုင်း အလှည့်ကျ ကိုယ်လက်ဆေးကြောနိုင်ရန် ရေကို အပူပေးထား၏။ ဂူ၏အပြင်ဘက်တွင် အလင်းရောင်ရစေရန် အတွင်းထဲ၌ မီးမွှေးထားလေသည်။ လက်ဆေးရန်လိုအပ်သူတိုင်းသည် ဂူတံခါးကို အလွယ်ပိတ်ပြီးနောက် ကျန်ရှိနေသူများသည် သူတို့ကိုနေရာပေးရန် ထွက်သွားမည်ဖြစ်၏။
ကိုးရက်ကြာခရီးသွားထားရပြီး နွေဦးရာသီ၏ အအေးဓာတ်ကြောင့်သာ မဟုတ်ပါက ယခုအချိန်တွင် သူတို့အားလုံး အနံ့ထွက်နေလောက်သည်။
လူတိုင်းက ဆေးကြောသန့်စင်ပြီး သန့်ရှင်းသည့်အဝတ်အစားများ လဲဝတ်ပြီးချိန်တွင် ၁၁ချက် ရောက်ခါနီးပြီဖြစ်၏။ (ည ၁၁နာရီဝန်းကျင်)။ အပြင်ဘက်ရှိမီးကို ငြှိမ်းလိုက်ပြီး ဂူဝင်ပေါက်တွင် ဆေးမှုန့်ကိုဖြန်းကာ ရိုးရှင်းသည့် သစ်သားဂူတံခါးကိုပိတ်လိုက်ပြီး ဘေးကင်းလုံခြုံအောင် သေချာလုပ်ထားလိုက်သည်။
နေ့လည်က တွေ့ခဲ့သောမြွေကိုစဉ်းစားရင်း လူတိုင်းသည် အနည်းငယ် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြရ၏။ မီးအလင်းရောင်ကို အသုံးပြုပြီး အဘွားချန်း၊ အဘွားလုနှင့် အမျိုးသမီးကျိုးတို့သည် အိမ်မှသယ်လာခဲ့သော ဆီမီးအိမ်များကို ထွန်းကာ စပါးသိုလှောင်ထားရာ စင်များအပါအဝင် ဂူ၏အတွင်းဘက်၊အပြင်ဘက်ကိုပါ ဂရုတစိုက် စစ်ဆေးကြည့်လေသည်။ ဂူထဲသို့မြွေများ အမှတ်တမဲ့ ဝင်မလာကြောင်းသေချာမှသာ မီးအိမ်များကို ငြှိမ်းလိုက်ပြီး ငြိမ်းခါနီးမီးစက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား၏။ ထို့နောက် မိသားစုတိုင်းသည် သူတို့၏သတ်မှတ်ထားသည့်နေရာတွင် အိပ်ရန် သက်တောင့်သက်သာ လှဲလိုက်လေသည်။
မည်သူကမှ ချက်ခြင်းအိပ်မပျော်ကြပေ။ အဆုံးသတ်မှာတော့ ဒီနေရာတွင် သူတို့အားလုံး၏ ပထမဆုံးညဖြစ်လာ၏။ သဘာဝအလျောက် လူတိုင်းသည် သူတို့စိုးရိမ်ပေးရမည့်လူများဖြစ်သော ခမည်းခမက်များ၊ မိဘများ၊ မောင်နှမများရှိကြလေသည်။ ဤစိုးရိမ်မှုများကို မိသားစုတစ်စုစီအတွင်း၌ တိတ်တဆိတ်မျှဝေကြ၏။
ရှန်းအန်းနှင့်ရှန်းနဉ်တို့ထံတွင်လည်း သူတို့၏စိုးရိမ်မှုများရှိလေသည်။ စန်းလော့နှင့် စကားတိုးတိုးပြောရင်း သူမသည် သူတို့ကိုနှစ်သိမ့်ပေးကာ ခေါင်းများကို ပွတ်သပ်ပေးလိုက်၏။
"စိတ်မပူပါနဲ့၊ အစတုန်းက သားတို့မိသားစုက ဟွိုင်နန်လမ်းပေါ်ကို ထွက်ပြေးကြပြီး ရှီလီရွာမှာ အခြေချနေထိုင်ခဲ့တယ်လေ။ ကြည့်ပါလား၊ သားတို့ အဘိုးအဘွားတွေ၊ မိဘတွေ နဲ့ ဒုတိယဦးလေးက မရှိတော့ပေမယ့် တတိယဦးလေးနဲ့ အဒေါ်ကရော ဆက်ပြီးအသက်ရှင်မနေဘူးလား"
ကံကြမ္မာသည် တစ်ခုထဲသောအရာ ဖြစ်သော်လည်း လူတစ်ချို့သည် အန္တရာယ်ကိုရှောင်ရှားခြင်း သို့မဟုတ် ကောက်ကျစ်ပြီးမနာလိုစိတ်ဖြင့် ရှင်သန်နေထိုင်ရန် စီမံကြ၏။ စိတ်ကူးကြည့်လို့မရနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် အခြားအကြောင်းအရင်းများ ရှိနေနိုင်သေးသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏ရှင်သန်မှုသည် သူတို့၏ကိုယ်ပိုင် အခွင့်အရေးပင်။
အဓိပ္ပာယ် အနည်းငယ်ရှိသော်လည်း ရှန်းအန်းက ပြန်ပြောလိုက်၏။
"အဲ့ဒီ့အချိန်တုန်းက သားတို့ကာကွယ်ဖို့ သားတို့ရဲ့မိဘတွေနဲ့ အဘိုးအဘွားတွေရှိတယ်။ သူတို့နောက်မှာ ပုန်းကွယ်နေလို့ရတယ်။ ဒါပေမယ့် အခုက သူတို့မှာ ဘယ်သူရှိလဲ။ သေချာပေါက် သူတို့က ရှောင်ကျင့်ကို အားကိုးလို့ မရနိုင်ဘူးလေ၊ ဟုတ်တယ်မလား"
စန်းလော့က ဤပါးနပ်သည့်မှတ်ချက်ကို ပြုံးကာ ပြောလိုက်၏။
"လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ဆိုင်ရှင်ရွှီက ငါတို့နဲ့ ခဏလောက် ခရီးအတူတူ လိုက်လာတာ မှတ်မိလား။ သားအစ်ကိုက သူ့ကို တော်တော်အလှမ်းဝေးအောင် လိုက်ပို့ပေးတယ် မဟုတ်လား"
ရှန်းအန်းနှင့်ရှန်စနဉ်တို့သည် အသေအချာ မှတ်မိကြ၏။ သူတို့မရီးပြောသည်ကို ကြားတော့ ရှန်းအန်းသည် ပြန်တွေးပြီး ထိုအချိန်က ဆိုင်ရှင်ရွှီအား ဦးညွှတ်နှုတ်ဆက်နေပုံပေါ်သည့်သူ့အစ်ကိုကို အမှတ်ရလေသည်။
ထိုအချိန်က အဲ့ဒီအရာနှင့်ပတ်သက်ပြီး အများကြီးမတွေးမိသော်လည်း ယခု သူ့မရီးပြောသည်နှင့် သူ စဉ်းစားမိလိုက်သည်။ ရှန်းအန်း၏မျက်လုံးများမှာ အရောင်လက်သွားတော့သည်။
"မရီးက အကြုံပေးလိုက်တာ..."
သူသည် ထိုအရာကိုမယုံကြည်ရဲဘဲ အသံထွက်ပြောရန် တုံ့ဆိုင်းနေလေ၏။
စန်းလော့က ပြုံးလိုက်လေသည်။
"နင် တွေးနေတဲ့ဟာ အတိအကျပဲ။ ငါတို့ရဲ့လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာထဲကနေပဲ စောင့်ကြည့်နေရမယ်။ ဒါဆို ကျန်တာက အေးဆေးပဲ။ ရှောင်ကျင့်က နင်နဲ့မတူဘူး။ သူက နင်ရဲ့ တတိယဦးလေးနဲ့ အဒေါ်ရဲ့သားလေ။ "ကျားတစ်ကောင်ကတောင် သူ့သားပေါက်တွေကို မစားဘူး" ဆိုတဲ့ ဆိုရိုးရှိတယ်မလား။ အတိအကျမဟုတ်ပေမယ့် လူအများစုကတော့ သူတို့ရဲ့သွေးသားအရင်းအချာကို ချစ်ခင်ပါသေးတယ်။ သူတို့က ရှီလီရွာမှာ နေနေပြီး ဓားပြတွေ ကျူးကျော်တာကို မခံရဘူးဆိုရင် လူကြီးတွေက စားစရာ၊သောက်စရာ ထောက်ပံ့ဖို့ နည်းလမ်းရှာလိမ့်မယ်။ ပြီးတော့ ဓားပြတွေက နှောင့်ယှက်ရင်လည်း ရှောင်ကျင့်အတွက် နင့်အစ်ကို ပြင်ဆင်ပေးထားတဲ့ ထွက်ပြေးမယ့်လမ်းကြောင်းကို စဉ်းစားကြည့်ဦး။ အချိန်ခဏလောက်အထိတော့ ပုန်းခိုနေလို့ရပါတယ်"
ဤအရာက ရှန်းအန်းကို အတော်လေးစိတ်ချသွားစေ၏။ သူ့မျက်လုံးထဲတွင် ဆိုင်ရှင်ရွှီသည် အလွန်အမင်း စွမ်းဆောင်နိုင်လေသည်။
ရှန်းနဉ်သည် အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး သူ၏ခန့်မှန်းချက်ကို တီးတိုးပြောပြခဲ့သည့် ရှန်းအန်းကို မေးလိုက်၏။ ထို့နောက် သူမ၏ရင်ဘတ်ကို ခပ်ဖွဖွပုတ်ကာ ဘေးချင်းကပ် အိပ်ယာတွဲရှိနေသည့် ရွှီဝမ်ယင်းကို ဖက်ထားလိုက်လေသည်။
ရှန်းနဉ်သည် လင်းလက်နေသည့်မျက်လုံးများဖြင့်ပြုံးပြသောကြောင့် ရွှီဝမ်ယင်းတစ်ယောက် ပဟေဠိဖြစ်နေပုံပေါ်၏။
"ငါ နင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်လို့ ကတိပေးတယ်။ အထူးသဖြင့် အနာဂတ်မှာပေါ့"
အဘွားရွှီသည် ထိုအရာတစ်ချို့ကို သိထားလေသည်။ သူ့သား ထွက်သွားသည့်နေ့က သူမသားနှင့်အတူ ရှိနေသည်။ သူမသားအပေါ်တွင် ရှန်းလီတစ်ယောက် အပ်နှင်းထားသောတာ တာဝန်များကို ကောင်းစွာ မှတ်မိလေသည်။ ဝါးစာလိပ်များတွင် ဝှက်ထားမည့် စပါးစုဆောင်းရာနေရာ အတိအကျကို ရှန်းလီနှင့်အတူ စီစဉ်ဖန်တီးခဲ့သူမှာ သူမသားဖြစ်၏။ ဤအစီအစဉ်ကြောင့် ရှန်းလီသည် သူ၏လုံခြုံရေးကို ထိခိုက်မှုမရှိဘဲ ရှီလီရွာရှိဝမ်းကွဲများကို မသိမသာ စောင့်ကြည့်ထားရန် သူ့အားတောင်းဆိုခဲ့လေသည်။
သူမက ပြုံးကာ မြေးမလေး၏ခေါင်းကို ခပ်ဖွဖွပုတ်လိုက်၏။
"ကောင်းပြီ၊ တနေ့လုံး ပင်ပန်းသွားပြီ၊ မနက်ဖြန်ကျရင် အလုပ်လုပ်ဖို့ မနက်စောစော ထရမယ်။ အားလုံး အိပ်သင့်ပြီ"
ထို့နောက် ရှန်းနဉ်ကို ပြုံးပြလိုက်လေသည်။
"အားနဉ်၊ သမီးလဲ ဝမ်ယင်းရဲ့ဘေးမှာ အိပ်သင့်ပြီနော်"
ရှန်းနဉ်က ပျော်ရွှင်စွာ သဘောတူလိုက်၏။ မိသားစုနှစ်စု၏ အိပ်ယာခင်းဖျာများကို အဓိကအားဖြင့် ပိုးမွှားများကိုရှောင်ရှားရန် နေရာလွတ်မချန်ထားဘဲ အတူတူပူးကပ်ထားကြသည်။
ရွှီဝမ်ယင်းသည် ယခင်က ဂူထဲတွင်အိပ်ဖူးပြီး ပိုးမွှားများကို ကြောက်သော်လည်း စိုးရိမ်ရန်ပင်ပန်းလွန်းနေ၏။ ကလေးမလေးနှစ်ယောက်သည် အတူလဲလျောင်းရင်း စောင်ကိုခြုံထားကာ စကားအနည်းငယ် တီးတိုးပြောဆိုပြီးနောက် အိပ်ပျော်သွားကြလေသည်။
ဝမ်ယွင်ကျန့်နှင့် ရွှီဝမ်ပေါ်တို့သည် တစ်ခြားတစ်ဖက်တွင် အိပ်နေကြ၏။ အစက မီးအလင်းရောင်ဖြင့် စာအုပ်ဖတ်ရန်စီစဉ်ထားသည့် ဝမ်ယွင်ကျန့်တစ်ယောက် သူ့စာအုပ်အထုပ် ဖြည်ရုံသာရှိသေးသည်ကို အဘွားအိုက မြင်သွားလေသည်။
"ယွင်ကျန့်၊ သွားအိပ်တော့။ ဒီအလင်းရောင်နဲ့ဖတ်တာက နင့် မျက်လုံးတွေအတွက် မကောင်းဘူး။ လုံ့လဝီရိယက ဒီအချိန်မှာ အားကိုးလို့မရဘူး။ မနက်ဖြန်မှ စောစောဖတ်တာလဲ အတူတူလောက်ပဲ"
သူ့ဘွားလေးဖြစ်သည့် အဘွားရွှီအပေါ် အလွန်မှ ရိုသေလေးစားလေရာ ဝမ်ယွင်ကျန့်က အလျင်အမြန် သဘောတူလိုက်ပြီး မထိုင်ခင်တွင် သူ့အထုပ်ကို တင်းတင်းကျပ်ကျပ်စည်းကာ မျက်လုံးများကိုမှိတ်ပြီး နှုတ်ခမ်းလှုပ်ရုံမျှ တိတ်တဆိတ် ရေရွတ်နေမိသည်။
ရှန်းအန်းသည် အစပိုင်းတွင် ဝမ်ယွင်ကျန့်၏ စာအုပ်အကြောင်းကို သိချင်နေပြီး ထိုညနေတွင် မဝေမျှဖြစ်တော့မည်ကို နားလည်ရင်း တိတ်ဆိတ်စွာဖြင့် အက္ခရာတစ်ထောင်ကျမ်းကို စတင်ရေရွတ်လေ၏။
ညတာသည် အေးချမ်းနေပြီး ရံဖန်ရံခါ ထင်းမီးမှ တစ်ဖောက်ဖောက်မြည်သံ၊ ပိုးမျွားများတို့၏ တစီစီအော်သံများနှင့်သာ ပြည့်နှက်နေပြီး ပြင်းထန်သော၊ ဖျော့သော၊ တိုးညှင်းသော၊ ကျယ်လောင်သောဟောက်သံများဖြင့် ရောနှောနေလေသည်။
နောက်ဆုံးတွင် မီး လုံးဝငြိမ်းသွားပြီး ဂူသည် မှောင်အတိ မည်းသွားတော့သည်။ မသေချာသည့် အချိန်တစ်ခုပြီးနောက် စည်းချက်ညီညီ အသက်ရှူသံများကြားတွင် အရုဏ်ဦးက သူတို့ကို နှုတ်ဆက်လေတော့သည်။
……
နှစ်လပိုင်း၁၅ရက်နေ့၌ ရှီလီရွာမှ မိုင်ဒါဇင်ပေါင်းများစွာဝေးပြီး တောနက်ထဲက ယွင်တောင်ကြား၏ အလယ်တွင် ရှန်းလီ၏အဖွဲ့သည် နောက်ဆုံး၌ သတ်မှတ်ထားသောဂူတွင် ဆိုင်ရှင်ရွှီနှင့် သူ၏လူများနှင့် တွေ့ဆုံလေ၏။
ရွှီမိသားစုသည် အခြားမိသားစုငါးစုထက် သိသိသာသာပင် ပိုများသောစပါးများကို ပြင်ဆင်ထားပြီး စုစုပေါင်း တင်း၄၀ရှိလေသည်။
ထိုအရာထဲမှတစ်ချို့မှာ စန်းလော့၏စပါးဝယ်ယူခြင်းများကို ကူညီပေးရင်း စုဆောင်းခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည်များကို နောက်မှ တဖြည်းဖြည်း စုဆောင်းလာခြင်းဖြစ်၏။ ဆိုင်ရှင်ရွှီသည် သူ့ဝေစုကို သိမ်းထားသော်လည်း အများစုကို သူ၏အစေခံများနှင့် စားသောက်ဆိုင်မှ ယုံကြည်စိတ်ချရသော ဝန်ထမ်းများနှင့်အတူ ဤနေရာသို့ အဆင့်ဆင့် သယ်ယူခဲ့လေသည်။
ရှဲရှန်အတွက်တော့ သူတို့သခင်၏ညွှန်ကြားမှုအောက်တွင် စပါးဈေးများ ထိုးမတက်ခင်ထဲက နှစ်အတော်ကြာသည်အထိ စပါးပမာဏတစ်ချို့ကို သိမ်းထားပြီးဖြစ်၏။
"ကျေးဇူးပြုပြီး တင်း၃၀ကို ကျွန်တော့်အမေအတွက် ယူသွားပေးပါ"
ဆိုင်ရှင်ရွှီက မေတ္တာရပ်ခံလိုက်လေသည်။
"ပြီးတော့ ကျန်နေတဲ့ ၁၀တင်းက မင်းတို့မိသားစုတွေအတွက် လက်ဆောင်ပါ။ မိသားစုတစ်စုကို နှစ်တင်းစီယူပါ။ ကျွန်တော့်မိသားစုက တောင်တွေကိုမှီတည်နေရတော့ ကျွန်တော်တို့က မင်းရဲ့ဂရုစိုက်မှုတွေအောက်မှာ ရှိနေမယ်လို့ ယုံကြည်ပါတယ်"
ရုတ်တရက် စပါးနှစ်ပြည်ပေးခြင်းက မိသားစုငါးစုလုံးကို မှင်တက်သွားစေပြီး အလိုအလျောက်ပင် နောက်သို့ဆုတ်သွားကာ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်ကြ၏။ ထိုကဲ့သို့လက်ဆောင် အများအပြားကို မည်သူမျှလက်မခံဝံ့ပေ။
စပါးများသည် တန်ဖိုးရှိပြီး အထူးသဖြင့် ဒုက္ခရောက်နေသည့် ဤအချိန်များတွင်ဖြစ်သည်။ သို့သော် ထိုအရာ၏တန်ဖိုးကလဲ လေးနက်သော အမူအရာကို ဖြစ်စေ၏။
အရည်အချင်းမရှိဘဲ ဆုလာဘ်တစ်ခုကို လက်မခံသင့်ပေ။ ဆိုင်ရှင်ရွှီသည် သူ့တို့ကို ကောင်းစွာကူညီထားပြီးဖြစ်၏။ သူ့မိသားစုကို တာဝန်ယူခြင်းသည် သူတို့၏တာဝန်မျှသာဖြစ်ပြီး သူတို့သည် ဤကဲ့သို့ ထူးခြားသောလက်ဆောင်ကို လက်မခံဝံ့ကြပေ။
မိသားစုတစ်စုစီ၏ စပါးရိက္ခာကို စဉ်းစားကြည့်လျှင် ချွေတာစားပါက သိသာသည့်အချိန်တစ်ခုအထိ တာရှည်ခံနိုင်ပြီး နေရာကျဉ်းမြောင်းသော်လည်း တောင်ကြားထဲတွင် စိုက်ပျိုးနိုင်မည့် အလားအလာရှိသဖြင့် သည်လောက် စပါးဈေးမြင့်တက်နေချိန်တွင် ဘယ်သူကမှ လက်ခံပေးဖို့ ဆန္ဒမရှိကြချေ။
ရှန်းလီသည်လည်း ငြင်းပယ်လိုက်၏။
"ဆိုင်ရှင်ရွှီရဲ့အကူအညီတွေက လုံလောက်တာထက်ကို ပိုပါတယ်။ ကျွန်တော်တို့ ဒါကို တကယ်ပဲ မလိုအပ်ပါဘူး။ ကျွန်တော်တို့တွေက ဆိုင်တာဝန်ခံရဲ့အမေဆီကို စပါးတွေကို ပို့ဆောင်ပေးမှာပါ"
ဆိုင်ရှင်ရွှီက ကြားဖြတ်ပြောရန်ကြိုးစားသဖြင့် ကျိုးရွာသူကြီးသည် အလျင်အမြန် ဖြတ်လိုက်၏။
"ဆိုင်ရှင်ရွှီ၊ ကျွန်တော်တို့ ဒါကို တကယ်ပဲ လက်မခံနိုင်ဘူး။ ကျွန်တော်တို့စပါးက အလျှံအပယ် မဟုတ်ပေမယ့်လည်း ခွဲတမ်းနဲ့ဆိုရင် နှစ်အနည်းငယ်လောက်အထိတော့ လုံလောက်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ထပ်ပြီး စိုက်ပျိုးလို့ရပါသေးတယ်။ တကယ်ကို အရေးကြီးတဲ့အခါမှ အကူအညီတောင်းပါ့မယ်။ အဲ့တော့မှ ဆိုင်တာဝန်ခံရဲ့အမေမှာ ပိုလျှံနေသေးရင် ဆန်တစ်ချို့ကို ချေးဖို့အတွက် ကျွန်တော်တို့က မရှက်တန်း တောင်းဆိုလိုက်ပါ့မယ်"
ပတ်ပတ်လည်ရှိလူအားလုံးသည် ခေါင်းညိတ်သဘောတူလိုက်ကြ၏။
ဆိုင်ရှင်ရွှီသည် အခြေအနေကို သုံးသပ်လိုက်ပြီး ထိုကဲ့သို့ ဆိုးရွားလှသည့်အခြေအနေကို ရောက်ရှိမည့်ကိစ္စများကြောင့် လောကကြီးသည် နှစ်ပေါင်းများစွာ ဝရုန်းသုန်းကားဖြစ်နိုင်သည်ကို နားလည်လေသည်။ လက်ရှိသတင်းများအရ အလားအလာမရှိပုံပေါ်၏။ သူသည် လူတိုင်းကို ကြည့်လိုက်ကာ နွမ်းနယ်နေသည့်အပြုံးဖြင့် ခေါင်းခါလိုက်လေသည်။
"ကျွန်တော်က အကူအညီ ပေးချင်ရုံသက်သက်ပါ"
အဘိုးချန်းက နှိမ့်ချစွာဖြင့် လက်ကာပြလိုက်၏။
"ဒီလို တွေးတာတော့ မဟုတ်သေးပါဘူး၊ ဆိုင်တာဝန်ခံက ကျုပ်တို့ကို သူစိမ်းလို မြင်နေဦးမယ်ဆိုရင် ကျုပ်တို့လဲ စိတ် သက်တောင့်သက်သာရှိမှာ မဟုတ်ဘူး"
ကျေးလက်နေမိသားစုများသည် ရိုးသားကြ၏။ ရွှီမိသားစုကို ထည့်ဖို့ဆုံးဖြတ်ပြီးသည်နှင့် သူတို့ကို မိသားစုအရင်းအချာအဖြစ် ဆက်ဆံကြလေသည်။ စပါးတစ်ချို့ သို့မဟုတ် စိုက်ပျိုးသည့်နည်းလမ်းများဖြင့် ကူညီခြင်းသည် ကိစ္စကြီးတစ်ခု မဟုတ်သော်လည်း ထိုကဲ့သို့အကူအညီကို လက်ခံခြင်းက မမှန်ကန်သလို ခံစားကြရ၏။
အဘိုးချန်း၏ပြောကြားချက်အနောက်မှ အဘိုးလုသည် ထပ်ပြောလိုက်လေသည်။
"ဟုတ်တယ်၊ ထပ်ပြီး တိုက်တွန်းနေဦးမယ်ဆိုရင် စပါးကိုတောင် ကူသယ်ပေးရဲမှာ မဟုတ်တော့ဘူး"
ဆိုင်ရှင်ရွှီသည် အခြေအနေမှာ ရယ်ချင်ဖွယ်ကောင်းသည်ဟု ထင်မိသည့်တိုင် လေးစားသဖြင့် အဘိုးအိုနှစ်ယောက်ကို အရိုအသေပေးလိုက်လေသည်။
"ဟုတ်ကဲ့၊ ဦးလေး တို့ရဲ့အကြံဉာဏ်ကို အလေးထားပါ့မယ်။ ကျွန်တော်တို့ ဒါကို အရင်သယ်ပို့လိုက်ကြပြီး နောက်မှ လိုအပ်တယ်ဆိုရင် တုံ့ဆိုင်းမနေဘဲနဲ့ ကျွန်တော့်အမေကိုသာ ပြောလိုက်ပါ"
ရွှီမိသားစု၏ အသင့်အတင့်စားသုံးခြင်းနှင့် ကလေးများ၏ အစာစားချင်စိတ် ကြီးထွားလာသည်နှင့်အမျှ နှစ်အနည်းငယ်အတွင်း လူကြီးများအဖြစ် ယူဆထားလျှင်ပင် စပါးတင်း၄၀ကို ငါးနှစ်လောက်အထိ ချွေတာမနေဘဲ ထိန်းထားနိုင်လေသည်။ စပါးတစ်ချို့ကို ချေးငှားခြင်းသည် ပြဿနာ မဟုတ်ပေ။
စပါးကိစ္စပြေလည်သွားသဖြင့် ဆိုင်ရှင်ရွှီသည် သူတို့ကို ဂူအထဲသို့ခေါ်သွားကာ တိုက်တွန်းလိုက်၏။
"စပါးတွေကို ငြင်းဆန်နိုင်ပေမယ့် နောက်ထပ်ပစ္စည်းတွေကိုတော့ ကျေးဇူးပြုပြီး မငြင်းပယ်လိုက်ပါနဲ့"
ဘာကိုမှမမြင်ရသေးခင်ကပင် ကျည်ကျည်ကျာကျာနှင့် ဂတ်ဂတ်အော်သံများကို ကြားလိုက်ရလေသည်။
လယ်သမားများဖြစ်ကြသည့် သူတို့က မည်သည့်အရာဖြစ်သည်ကို သိရအောင် ကြည့်စရာမလိုပေ။ ကြိုတင်မျှော်လင့်ချက်ကြောင့် သူတို့၏မျက်လုံးများမှာ လင်းလက်သွားလေသည်။
ဆိုင်ရှင်ရွှီသည် သူတို့၏တုံ့ပြန်လာသည့် အမူအရာကိုမြင်တော့ ပြုံးလိုက်၏။
"ဦးလေးတို့က ကြက်မတွေပဲယူသွားပြီး ကြက်ဖတွေမပါတာကို သတိထားမိတယ်။ ကြက်မွေးမြူနိုင်မယ်လို့ တွေးမိလို့ မကြာသေးခင်ကမှ ပေါက်ထားတဲ့ ကြက်နဲ့ဘဲပေါက်လေးတွေရှင်အောင် ဂရုတစိုက် စောင့်ရှောက်ထားတယ်။ ကျေးဇူးပြုပြီး ကိုယ့်ဘာသာခွဲယူလိုက်ကြပါ။ ဒါတွေထဲက အများစုက ကြက်မတွေဖြစ်ပြီး မတော်တဆ ကြက်ဖတွေ ပါလာရင်တော့ သူတို့မတွန်ခင်မှာပဲ ပြုတ်လိုက်လို့ရတယ်။ နောက်ပိုင်းကြက်ဥတွေကို စားလို့ရအောင် ကျွမ်းကျင်သူတွေကို ရွေးခိုင်းထားတာ"
သည်ပြင်ဆင်ထားပုံကို သေချာဂရုစိုက်ထားပုံက သည်ထက်ပင် ပိုပြီး မစေ့နိုင်တော့ချေ။
အမှန်ပင် လူတိုင်းသည် ကျေးဇူးတင်စိတ်ဖြင့် ကြက်ပေါက်များနှင့် ဘဲပေါက်များကို လက်ခံလိုက်ပြီး နှစ်ခုလုံးက ဘဝအရည်အသွေးကို ခံနိုင်ရည်စွမ်းရှိပြီး တကယ့်အင်အားဖြစ်စေလေသည်။ သူတို့သည် အလျင်စလိုထွက်ခွာလာရသဖြင့် ကြက်၊ဘဲအရှင်များကို ပြင်ဆင်ရန် အခွင့်အရေးမရှိပေ။ သူတို့၏ကျေးဇူးကို ဖော်ပြရန် အခွင့်အရေးရလေသည်။
အစပိုင်း၌ ဆိုင်ရှင်ရွှီရည်ညွှန်းသည့်ပစ္စည်းများမှာ ကြက်ဘဲများဟုသာ တွေးလိုက်ကြပြီး သူသယ်လာသည့်ခြင်းတောင်းနှစ်ခုကို ဖွင့်လိုက်ချိန်တွင် သေချာစွာ ထုပ်ပိုးထားသောဆေးဝါးများ ပေါ်လာသောကြောင့် လူတိုင်းသည် အံ့အားသင့်သွားကြ၏။
"ကျေးဇူးပြုပြီး အမေ့အတွက် တောင်းတစ်ခုနဲ့ နောက်တစ်ခုက မင်းတို့ အားလုံးအတွက်ပါ။ မှန်းခြေအားဖြင့်တော့ ဒါတွေကို သုံးစရာမလိုပေမယ့် တောထဲမှာ ဆေးဆရာမရှိလို့ ပြင်ဆင်ထားတာက ပိုကောင်းတယ်"
ဤအမူအရာက လူတိုင်း၏နှလုံးသားကို အမှန်ပင် ထိမိသွားစေ၏။
မိသားစုတိုင်းတွင် အခြေခံဆေးဝါးအချို့ရှိသော်လည်း သူတို့၏ကန့်သတ်ချက်သည် သူတို့တတ်နိုင်သည့်ပမာဏကို ကန့်သတ်ထားခြင်းကို ဆိုလိုလေသည်။
အဘိုးလုသည် ကျေးဇူးတင်သည့်အပြုံးဖြင့် လက်ခံလိုက်၏။
"ဒါက ကျုပ်တို့မှာ မရှိတဲ့အရာအစစ်ပါပဲ၊ ကျေးဇူးတင်စွာနဲ့ပဲ လက်ခံလိုက်ပါ့မယ် ဆိုင်ရှင်ရွှီရယ်"
ဆိုင်ရှင်ရွှီသည် ရိုသေသမှုဖြင့် ခြေဟန်လက်ဟန်ပြန်ပြလိုက်၏။
"လက်ခံပေးလို့ ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ကြိုးစားမှုတွေက အလကား မဖြစ်တော့ဘူးပေါ့"
သူသည် ချက်ပြုတ်သည့်အိုးများ၊ အိပ်ယာနှင့် သူ့မိသားစုအတွက် ပြင်ဆင်ထားသည့် အခြားအိမ်သုံးပစ္စည်းများကိုပါ သယ်လာလေသည်။ အခြားသူများ၏ မြေအိုးများနှင့်မတူဘဲ ရွှီမိသားစုတွင် အတော်လေးဆန်းပြားသည့် သံအိုးများရှိပြီး ငွေရှိသည့်သူများသာ တတ်နိုင်သည့်အရာဖြစ်၏။
တစ်ခုခုကို အမှတ်ရသွားသည့် ဆိုင်ရှင်ရွှီက ခြင်းတောင်းတစ်ခုမှ ကျောက်ထွင်းသည့် ဆောက် လို ပစ္စည်းအစုံကို ဆွဲထုတ်ကာ ရှန်းလီထံသို့ လှမ်းပေးလိုက်လေသည်။
"အရင်တစ်ခေါက်က ဂူတွေထဲမှာနေတဲ့အကြောင်းကို ပြောပြထားလို့ ဒါတွေကို ပြင်ဆင်လာတာ။ ယူထားလိုက်ပါ၊ အချောသတ်တာ ဒါမှမဟုတ် ပြင်ဆင်မှုတွေအတွက် အသုံးဝင်လာနိုင်တယ်။ ဒါတွေကို ချင်းဟယ်က အသုံးပြုနိုင်မယ်မထင်လို့ သူ့ကို မပေးတော့ဘူး"
ရှန်းလီက ပြုံးလိုက်၏။
"ကျွန်တော်တောင် ခင်ဗျားဆီက အစုံလိုက်တောင်းဖို့ စီစဉ်နေတာ။ ဒါတွေက အသုံးဝင်လာမှာ။ စိတ်မပူပါနဲ့၊ ကျွန်တော်တို့အတွက် လုပ်ပေးထားသမျှအရာ အားလုံးကို ထည့်တွက်ရင်း ခင်များအမေရဲ့နေရာကို ကောင်းကောင်း ဂရုစိုက်ပေးပါ့မယ်"
ဝေ့ချင်းဟယ်သည် သူ့နှာခေါင်းကိုထိရင်း ထိုကိစ္စရပ်များ၏ သူ၏မကျွမ်းကျင်မှုကို အသိအမှတ်ပြုလေသည်။
ဆိုင်ရှင်ရွှီက ပြုံးလိုက်၏။
"ဒါဆိုလဲ ကြိုပြီးကျေးဇူးတင်ထားပါ့မယ်"
အဘိုးချန်းနှင့်အခြားသူတို့သည်လည်း ကျောက်ထွင်းသည့် ဆောက်လိုပစ္စည်းများကိုမြင်တော့ ကျေးဇူးတင်ကြောင်းကို ဖော်ပြကြလေသည်။ ယွင်တောင်ကြား၏ လှိုဏ်ဂူများကို မြင်လိုက်ရသဖြင့် သူတို့သည် အလျင်စလိုမချဲ့ထွင်ရန် နားလည်ကြသော်လည်း သက်တောင့်သက်သာနှင့် ဘေးကင်းရန် လိုအပ်ကြောင်းကို နားလည်ကြ၏။ ဆိုင်ရှင်ရွှီ၏ စေ့စပ်သေချာမှုအတွက် လူတိုင်းက ချီးကျူးကြလေသည်။
အုပ်စုသည် သူတို့၏ပစ္စည်းများကို စနစ်တကျစီစဉ်ရင်း အလုပ်များနေကြ၏။ စပါးများကို တစ်တင်းအိတ်များဖြင့် ထုပ်ပိုးထားပြီး အမျိုးမျိုးသောပစ္စည်းများနှင့်အတူ လက်ဆွဲခြင်းများထဲတွင် သေသေသပ်သပ်စီထား၏။ အားလုံးက အလုပ်များနေသည်နှင့် ဆိုင်ရှင်ရွှီသည် သီးသန့်စကားပြောရန် ရှန်းလီကို ဘေးသို့ဆွဲခေါ်သွားလေသည်။
"ပြီးခဲ့တဲ့ အခေါက်တုန်းက မင်း ကျွန်တော့်ကို အပ်ထားတဲ့ ကိစ္စလေ မင်းကို ပြောပြသင့်တယ်လို့ ထင်တဲ့ ကိစ္စရှိတယ်"
ဆိုင်ရှင်ရွှီ၏စကားများကိုကြားတော့ ရှန်းလီသည် တောင့်တင်းသွားပြီး နောက်ထပ်သတင်းအတွက် အလျင်အမြန် ကြည့်လိုက်မိလေသည်။
ဆိုင်ရှင်ရွှီသည် ခြေဟန်လက်ဖြင့် ငြင်းပယ်ရင်း ပြံးပြလိုက်၏။
"ဟိုကလေးတွေအကြောင်း မဟုတ်ပါဘူး။ ဒါက စစ်မှုထမ်းတာနဲ့ စပါးတွေကို စည်းကြပ်တဲ့ကိစ္စနဲ့ ပတ်သက်တာပါ"
ရွာထဲတွင် ဈေးသည်များ အဖြစ်အယောင်ဆောင်ထားသည့် သူ့အစေခံများ စုဆောင်းထားသောသတင်းများကို ပြန်မျှဝေလိုက်၏။
"အခုတော့ မင်းတတိယဦးလေးက စစ်မှုထမ်းတာကိုရှောင်ဖို့အတွက် သူတို့စုဆောင်းထားသမျှကို သုံးလိုက်ရတယ်။ သူတို့မှာ စပါးသိပ် မကျန်တော့ဘူး။ လီရှီရဲ့ဒဏ်ရာတွေကိုလဲ ဆေးဆရာနဲ့ မကုရဘူး။ ကလေးတွေက ဆေးဖက်ဝင်အပင်တစ်ချို့ကို သုံးနေတာ ကျွန်တော့်အစေခံက မြင်ခဲ့တာ။ အဲ့တာက လက်ရှိအခြေအနေပဲ"
ချန်းသရှန်သည် ဘေးမှနားထောင်နေပြီး ခပ်တည်တည် အမူအရာကို ပြလေ၏။
"မင်း တတိယဦးလေးနဲ့အဒေါ်က ဘယ်လိုလုပ်ရမလဲဆိုတာကို တကယ်သိတာပဲ။ စစ်မှုထမ်းဖို့အတွက် ပေးစရာငွေတွေရှိပေမယ့် မင်းကိုကျတော့ မညှာမတာနဲ့ တွန်းထုတ်ခဲ့တယ်"
စစ်မှုထမ်းရန် လိုအပ်သည့်ပမာဏသည် လယ်စိုက်ခြင်းမှ တစ်နှစ် သို့မဟုတ် နှစ်နှစ်မျှစုဆောင်းနိုင်သည့်အရာ မဟုတ်ပေ။ လယ်မြေမှရသည့် မစို့မပို့ဝင်ငွေဖြင့် အခွန်များနှင့် ကုန်ကျစရိတ်များကို ပေးပြီးသည့်နောက်တွင် ပမာဏအနည်းငယ် စုဆောင်းမိခြင်းကပင် အောင်မြင်မှုတစ်ခုဖြစ်လေသည်။ ထို့ကြောင့် သူတို့သည် ဤငွေကို လွန်ခဲ့သောနှစ်များထဲက ရှိရမည်ဖြစ်ပြီး လိုအပ်လျှင်လည်း နည်းနည်းပါးပါးပင်။ ရှန်းစန်းသာ ဆန္ဒရှိပါက သူတို့ ချေးငှားခြင်း သို့မဟုတ် အမဲလိုက်ခြင်းဖြင့် လိုအပ်ငွေကို ချေးယူနိုင်လေသည်။
အဓိကအကြောင်းအရာမှာ တူဖြစ်သူအတွက် ဤမျှများပြားသည့် ပမာဏကို သုံးစွဲရန် တွန့်ဆုတ်နေခြင်းဖြစ်သည်။
ဆိုင်ရှင်ရွှီသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ မကြာသေးမီက သူ၏အစေခံများသည် ရွာကိုစောင့်ကြည့်ပြီးနောက် ရှန်းမိသားစု၏ အခြေအနေကို ပိုနားလည်လာလေသည်။ သူသည် ဝမ်းကွဲများအပေါ် ဂရုစိုက်နေဆဲဖြစ်သည့် အကြီးဆုံးရှန်းမိသားစုကို လေးစားမိ၏။ သူသည် ရှန်းလီနှင့်စန်းလော့တို့နှင့် ပိုမိုပေါင်းသင်းလိုပြီး အသိအကျွမ်းကောင်းများအဖြစ် မှတ်ယူထားလေသည်။
ရလဒ်အနေဖြင့် သူသည် ရှန်းလီ၏တောင်းဆိုမှုကို ပို၍ အလေးအနက်ထားခဲ့သည်။
ရှန်းစန်းသည် စပါးဝယ်မည့်အစား စစ်မှုထမ်းခြင်းအတွက် ပိုက်ဆံ သုံးလိုက်သည်ကိုကြားတော့ ရှန်းလီ၏မျက်လုံးများမှာ နီရဲလာ၏။ သူက ရှန်းစန်းတစ်ယောက်သည် ဝမ်းကွဲများဖြစ်သည့် သူတို့အပေါ်တွင် ဂရုမစိုက်ရုံသာမက သူ သက်တောင့်သက်သာရှိရန်အတွက် သားသမီးအရင်းအချာများ၏ ကောင်းကျိုးကိုပါ လျစ်လျူရှုထားလေသည်။
သူ၏တုံ့ပြန်မှုကိုစောင့်နေသည့် ဆိုင်ရှင်ရွှီကိုမြင်တော့ ရှန်းလီက ပြောလိုက်၏။
"ဘာကိစ္စတွေပဲ ဖြစ်လာဖြစ်လာ ရှန်းစန်းနဲ့လီရှီတို့ရဲ့ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်စရာ မလိုဘူး။ ကျွန်တော်တို့က သူတို့ဆီမှာ ဘာကျေးဇူးမှ မရှိဘူး။ ကလေးတွေကိုသာ ကူပြီးစောင့်ကြည့်ထားပေးပါ။ ရှန်းမိသားစုရဲ့စပါးတွေ နည်းလာတဲ့အခါ ကျေးဇူးပြုပြီး အထူးအာရုံစိုက်ပေးပါ။ ကျွန်တော်တို့ဆီကို စစ်ပွဲတွေ မရောက်လာခင်ထဲက စပါးအတွက် ကလေးတွေ ရောင်းစားခံလိုက်ရမှာကို စိုးတာပဲ"
ဆိုင်ရှင်ရွှီသည် စပါးအတွက် ကလေးများ ရောင်းချခြင်းကို ရင်းနှီးနေပြီး အခြေအနေကို နားလည်လေသည်။ သူက ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပါပြီ၊ အဲ့ကလေးတွေက ဉာဏ်ကောင်းပါတယ်။ ဆေးဖက်ဝင် အပင်ရိုင်းတွေကို ကောင်းကောင်းစီမံနိုင်တယ်။ အခုတော့ သူတို့က လုံခြုံနေပေမယ့် သတိထားပြီး လိုအပ်လာရင် အကြောင်းကြားပါ့မယ်"
ရှန်းလီသည် ကျေးဇူးတင်လိုက်သော်လည်း ဆိုင်ရှင်ရွှီသည် မတင်ရန် ခြေဟန်လက်ဟန်ပြလိုက်၏။
"ကျွန်တော်တို့မိသားစုတွေကြားမှာ ဒီလိုလုပ်ထုံးတွေက မလိုအပ်ပါဘူး"
နှစ်ဦးသား ခက်ခဲသည့်အချိန်များတွင် တစ်ယောက်ကိုတစ်ယောက် ကူညီပေးရင်း အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုကို မျှဝေကြလေသည်။
ရှန်းလီသည်အများကြီးထပ်မပြောတော့ဘဲ ဆိုင်ရှင်ရွှီအား သူ့အဘွားနှင့်ကလေးများ၏ နေကောင်း အဆင်ပြေကြောင်းကို ဝေ့ချင်းဟယ်နှင့်ပြောရန် ခွင့်ပြုလိုက်၏။
သူသည် ဆီ၊ အစေ့နှင့်ဆားကဲ့သို့ သူ ယူဆောင်လာသည့်အရာတို့ကိုလည်း ပြောပြခဲ့လေသည်။ ဆားသည် ကြာရှည်ခံပြီး အများအပြား သယ်လာသော်လည်း ဆီကို အမဲလိုက်ခြင်းအပေါ်တွင် မှီခိုနိုင်၏။ သူသည် ဝေ့ချင်းဟယ်ကို ဆီများအတွက် ရှန်းလီနှင့် စပါးဖြင့်လဲလှယ်ရန် အခြားသူများထံမှ ဟင်းရွက်စိုက်ပျိုးခြင်းကိုသင်ယူရန် ညွှန်ကြားထားလေသည်။
ဆီကန့်သတ်မှုကြောင့် ဝေ့ချင်းဟယ်ကို သူယူလာသည့် ပုလင်းအသေးလေးကို ချွေတာသုံးရန်ပြောခဲ့ပြီး နောက်ပိုင်းတွင် ဆီများအတွက် ရှန်းလီထံမှ စပါးများနှင့်လဲလှယ်ပြီး အခြားသူများထံမှ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းကိုလည်း သင်ယူခိုင်းထားလေသည်။
မထွက်ခွာမီတွင် ရှန်းလီသည် သူ့အိတ်ကပ်ထဲမှ ဆေးဘူးအသေးတစ်ခုကို ထုတ်လိုက်ပြီး ဆိုင်ရှင်ရွှီထံသို့ကမ်းပေးကာ ချန်းလောင်ဟန်နှင့် ချန်းသရှန်တို့ကို ညွှန်ပြရင်း ပြောလိုက်လေသည်။
"ဒီဆေးက ထိလိုက်တဲ့အခါ သွေးတိတ်သွားစေတယ်။ ချန်းမိသားစုရဲ့ နည်းလမ်းလေ။ ဒါက တောထဲက ကျွန်တော်တို့ လုံခြုံမှုအတွက် အဓိကပဲ။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဒါကိုသိမ်းထားလိုက်ပါ။ စပါးအားလုံးကို သယ်ဖို့ ခရီးနှစ်ခေါက်သွားဖို့လိုတယ်။ ဒါကြောင့် တစ်ရက် သို့မဟုတ် နှစ်ရက်လောက်စောင့်ကြည့်ဖို့ ခင်များနဲ့ခင်များလူတွေကို ဒုက္ခပေးရဦးမယ်"
ဆေးဝါးမှာ ထိလိုက်သည်နှင့် သွေးတိတ်သည်ကိုကြားတော့ ဆိုင်ရှင်ရွှီက ထိုအရာသည် ဤဖရိုဖရဲအချိန်များတွင် အသက်ရှင်နေထိုင်ရန်အတွက် တန်ဖိုးရှိသည့်ပစ္စည်းတစ်ခု ဖြစ်ကြောင်းကို နားလည်လေသည်။ သူသည် ရှန်းလီနှင့်ချန်းမိသားစုကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ပုလင်းကို ဂရုတစိုက် သိမ်းထားလိုက်ပြီးနောက်တွင် အဖွဲ့ကို လိုက်ပို့ပေးလိုက်တော့သည်။
...
အပိုင်း (၁၃၂) ပုန်းကွယ်ထားခြင်း
ရှန်းလီနှင့်သူ့အဖွဲ့သည် စပါးများနှင့် တိမ်လွှာလျှို မြောင်ဆီသို့ ပြန်ရောက်လာသည့်အချိန်တွင် ၂လပိုင်း၂၀ရက်နေ့ ရှိနေပြီဖြစ်သည်။
ထိုအချိန်တွင် အဖွဲ့က လျှိုမြောင်ဝင်ပေါက်အနီးနားက လယ်ကန်သင်းရိုးအပြင်ဘက်တွင် အလုပ်လုပ်နေကြပြီး ရှေ့ကမြက်ပင်များကို ရှင်းလင်းနေကြသည့် စန်းလော့နှင့်လူတစ်ချို့က ဆူညံသံအနည်း ငယ်ကြားလိုက်သည်ဟု ထင်လိုက်သည်။ သူတို့အား လုံးက လုပ်လက်စ အလုပ်ကိုရပ်ထားလိုက်ပြီး အားစိုက်နားထောင်လိုက်ကာ ရှန်းလီတို့ ပြန်ရောက်လာတာဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။ အားလုံးက အသက်အောင့်ထားလိုက်ကြပြီး စကားပင် မပြောရဲကြပေ။
ဝင်ပေါက်က ကျောက်တုံးများသည် နေရာပြောင်းသွားသည်။ စန်းလော့၏ရင်မှာ လှုပ်ရှားသွားပြီး သူမနောက်က တခြားသူများကို လက်ဟန်ပြလိုက်သည်။ သူမ၏ လက်ထဲကပေါက်ပြားကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး လျှိုမြောင်အနီးက ဝင်ပေါက်ဆီသို့ တတ်နိုင်သမျှ တိတ်တိတ်လေးဖြစ်အောင် ခြေဖျားထောက်ကာ သွားလိုက်သည်။
သူမက နံရံအနီးသို့ရောက်ခါနီးတွင် အတွင်းဘက်ဝင်ပေါက်ကို ပိတ်ဆို့ထားသည့် ကျောက်တုံးကြီးများထဲကတစ်ခုသည် အတွင်းဘက်မှ တွန်းထုတ်ခံလိုက်ရပြီး လှိမ့်ဆင်းသွားသည်။ ထို့နောက်တွင် လက်တစ်စုံက ဒုတိယကျောက်တုံးကို ပင့်မလိုက်သည်။ လူတဝက်အမြင့်စာရှိသည့် ကျောက်တုံးက ဘေးကိုရွှေ့ခံလိုက်ရသည်။
ထိုလက်များကို ရင်းနှီးနေပြီး အင်္ကျီလက်နှင့် အဝတ်အစားပုံစံကိုလဲ ရင်နှီးနေသည်။ စန်းလော့သည် စိတ်အေးသွားပြီး သူမလက်နှင့် ခြေထောက်များမှာ အားနည်းသလိုခံစားလိုက်ရကာ အော်ခေါ်လိုက်သည်။
"ရှန်းလီ"
ကျောက်တုံးများကို ရွှေ့ပြောင်းရင်း အခုလေးတင်မှ ဝင်လာသည့် ရှန်းလီက သူမအသံကို ကြားလိုက်သည်။ ခေါင်းကိုလှည့်အကြည့်တွင် လက်ထဲတွင် ပေါက်ပြားတစ်လက်ကို ကိုင်ထားပြီး စိုးရိမ်တကြီးဖြင့် ဝင်ပေါက်နားက ကျောက်နံရံကိုမှီထားသည့် စန်းလော့ကို တွေ့လိုက်ရသည်။ သူမ၏ နောက်တွင်တော့ ရပ်နေကြသူများမှာ ချန်းမိသားစုမှအဘွား၊ လုမိသားစုကအဘွား၊ ရှီမိသားစုကအဒေါ်၊ ကျိုးမိသားစုကအဒေါ် လျှိုမြောင်ထဲတွင် နေခဲ့ကြသည့် လူကြီးများအားလုံးက လက်ထဲတွင် စိုက်ပျိုးရေးပစ္စည်းများကို ကိုင်ဆောင်ထားကြသည်။
အနောက်ကိုထပ်ပြီး လှမ်းကြည့်လိုက်သည်တွင် ကလေးတစ်အုပ်ကို တွေ့လိုက်ရပြီး လုပ်လက်စဖြစ်နေသည့် လယ်ကွင်းကို မြင်လိုက်ရသည်။ သူစိမ်းတစ်ယောက်သာဝင်လာခဲ့လျှင် စန်းလော့က သူမ၏ ပေါက်ပြားဖြင့် တိုက်ခိုက်တော့မည်မှာ ရှန်းလီအတွက် သံသယဖြစ်စရာ မဟုတ်ပေ။
"ကျွန်တော်တို့တွေ မင်းကို ခြောက်လှန့်မိသွားသလား"
စန်းလော့က ခေါင်းငြိမ့်ပြလိုက်ပြီး တုန်ရင်နေဆဲပင်။
"အချိန်ကိုကြည့်လိုက်ရင် ရှင်ပြန်လာမှာလို့ ခန့်မှန်းထားပေမဲ့လဲ ရုတ်တရက်ကြီး တယောက်ယောက်က ဝင်ပေါက်ရဲ့ကျောက်တုံးတွေကို ရွှေ့နေတဲ့အသံကြားလိုက်ရတော့ တကယ်ပဲ ရင်တုန်သွားခဲ့တာ"
ရှန်းလီသည် အားလုံးက လျှိုမြောင်ဝင်ပေါက်နားတွင် ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူတို့နေရာသို့ ဝင်ခံစားကြည့်မိသည်တွင် ဒါသည် အမှန်ပင် အထိတ်တလန့်ဖြစ်စရာဟု နားလည်လေသည်။ သူက အကြံပေးလိုက်၏။
"နောက်တခါ ကျွန်တော်တို့ပြန်လာရင် လျှိုဝှက်အချက်ပြလေးတစ်ခု လုပ်ထားကြမလား။ ကျွန်တော်က ကျောက်တုံးကို သုံးခါမြန်မြန်ခေါက်ပြီး နှစ်ခါကို ဖြေးဖြေးလေးခေါက်မယ်"
စန်းလော့က မြန်မြန် ထောက်ခံလိုက်သည်။
"စိတ်ကူးကောင်းပဲ၊ ဒါက ကျွန်မတို့ ကိုယ့်လူတွေထဲက တစ်ယောက်ကို မတော်တဆ ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်"
ရှန်းလီက သူမ၏ အဖြေကို ရယ်မောလိုက်သည်။ ဟုတ်နေပါပြီ။ သူမကတော့ သူမရဲ့လက်ထဲက ပေါက်ပြားနဲ့ ဝှေ့ရမ်းဖို့ အသင့်ဖြစ်ခဲ့တဲ့ပုံပဲ။
အနည်းငယ်စိတ်အေးသွားသည့် ချန်းဘွားဘွားက အချက်ပြမည့်အကြောင်း ပြောနေသည်ကို နား ထောင်လိုက်သည်။ ကျောက်တုံးကြီးကို မထားဆဲ ဖြစ်ကာ ရယ်မောနေသည့်ရှန်းလီကို မြင်လိုက်ရသည်တွင် သူမမှာ ဇဝေဇဝါ ဖြစ်သွားတော့သည်။
သူမက သူ့လက်ထဲက လေးလံသည့်ကျောက်တုံးကို လှမ်းကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ သူ့ကို သတိ ပေးလိုက်ရသည်။
"အားလီ အဲဒီ့ကျောက်တုံးကြီးက မလေးဘူးလား။ အဲဒီ့ကျောက်တုံးကြီးကို အရင်ချထားလိုက်ပါလား"
ရှန်းလီသည် ရုတ်တရက် သတိရသွားပြီး ရှက်ရွံမိသွားတော့သည်။ သူသည် စန်းလော့နှင့်စကားပြောနေရင်း ကျောက်တုံးကိစ္စကို မေ့လျော့သွားခဲ့သည်။ ကျောက်တုံးကို ဝင်ပေါက်ဘေးတွင်လှည့်ကာ အမြန်ချထားမိလိုက်တော့သည်။
ရှန်းလီနောက်မှဝင်လာသည့် ချန်းသရှန်မှာ အသံထွက်ပြီး အော်ရယ်လုမတတ် ဖြစ်သွားတော့သည်။
သူ့မိန်းမကို မြင်လိုက်တာနဲ့ သူ့ကိုယ်သူတောင် မေ့သွားတယ်။ ရှန်းလီ ဒီကောင်လေးကတော့ စန်းလော့နားမှာပဲ ဒီလိုပုံစံ တကယ်ဖြစ်နိုင်တာ။
အဲဒီလိုပြောလို့ ငါလေ သူ့ရဲ့အဲဒီ့ခွန်အားကို တကယ်အားကျတာပဲ။ ဘယ်လိုဖြစ်ပြီး သူက အဲလောက်တောင် သန်မာနိုင်ရတာလဲ။ သူ့မိသားစုထဲမှာ ဘယ်သူကမှ ရုပ်ပိုင်းဆိုင်ရာခွန်အား ကြီးကြီးမားမားရှိတယ်လို့ တခါမှ မကြားမိပါဘူး။
သူ့မိသားစုသည် ကပ်ဘေးမှရှောင်ပုန်းလာစဥ်အခါက ချန်းသရှန်သည် ရှန်းလီ၏အဘိုး၊ မိဘနှင့် ဒုတိယဦးလေး၊ အဒေါ်တို့ကို မြင်ခဲ့ဖူးသည်။ သူ့အဖေက တော်တော်လေး သတ္တိရှိသည်။ သို့သော်ငြားလည်း ထူးထူးခြားခြား သန်မာနေသည်တော့ မဟုတ်ပေ။ သို့မဟုတ်လျှင် သူသည် သူတို့၏ထွက်ပြေးလာစဥ်က သေဆုံးခဲ့ရလိမ့်မည် မဟုတ်ပေ။
ရှန်းအန်းကို ကြည့်လေ သူကတော်တော်လေးကို သာမန်ပါပဲ။ ရှန်းလီတယောက်ပဲ တကယ့်ကို အစွမ်းထက်ခွန်အား ဆေးလုံးတစ်မျိုးနဲ့ ကြီးလာသလားလို့ ထင်ရတယ်။
ငါကိုယ်တိုင်တောင် ဘဝင်ခိုက်ပြီး မျောသွားတယ်ဆိုရင် ရူးကြောင်ကြောင်နဲ့ အဲလောက်ကြီးမားတဲ့ ကျောက်တုံးကြီးကို သယ်ထားနိုင်ပါ့မလား။ ငါ့ခွန်အားကတော့ ဒီအတိုင်းကိုမတတ်နိုင်တာ။
တခြားသူတွေက ကျောက်တုံးနှစ်တုံးကို ခက်ခက်ခဲခဲ သယ်ယူနေရတဲ့အချိန်မှာ ရှန်းလီကတော့ ကျောက်တုံးသုံးတုံးကို အားစိုက်ထုတ်စရာမလိုဘဲနဲ့ သယ်နေတယ်။ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်ပါ့မလဲ။
ဒီကိစ္စကြောင့် ရှက်ရွံသွားသည့် ရှန်းလီမှာ စန်းလော့နှင့်ဆက်ပြီး စကားမပြောနိုင်တော့ပေ။ စပါးပထမအသုတ်ကို သယ်ယူလာပြီးနောက်တွင် သူက နောက်ထပ်စပါးများကို သယ်ကူဖို့ရန် မြန်မြန်ထွက်သွားလိုက်တော့သည်။
စိတ်လှုပ်ရှားမှုကြောင့် စိတ်အားထက်သန်နေသည့် ကလေးများက သူတို့၏တာဝန်များကို ချန်ထားခဲ့လိုက်ကြပြီး ပစ္စည်းများကို ကူညီသယ်ပို့ပေးဖို့ရန် အပြင်သို့ ပြေးထွက်သွားကြသည်။ သူတို့သည် စပါးများကို မ,နိုင်မည်မဟုတ်သော်ငြားလည်း တခြားသေးငယ်သည့် ပစ္စည်းများကိုတော့ သေချာပေါက် မပေးနိုင်လေသည်။
အမျိုးသမီးများက ဂူကြီးထဲတွင် စင်များကိုနေရာလုပ်ပေးရင်း အလုပ်များနေစဥ်တွင် စန်းလော့ကတော့ ဝင်ပေါက်တွင် တစ်ယောက်ထဲရှိနေလေသည်။
စန်းလော့က ကိုယ့်ဟာကိုယ်တယောက်ထဲ ရယ်မောလိုက်သည်။ ရှန်းလီက ကျောက်တုံးကြီး သယ်ထားရင်းတန်းလန်းနဲ့ သူမကို စကားပြောနေတာကို သူမတောင် သတိမထားခဲ့မိဘူး။
တယောက်ထဲရှိနေသည်ကို အခွင့်ကောင်းယူလိုက်ပြီး သူမက ကျောက်တုံးကြီးကို ကိုယ်တိုင်မကြည့်ဖို့ ကြိုးစားလိုက်သော်ငြားလည်း နည်းနည်းလေးမှ မရွေ့ချေ။ သူမက နောက်ပြန်ဆုတ်လိုက်ပြီး ကျောက်တုံး၏ အရွယ်အစားနှင့်အလေးချိန်ကို အကဲဖြတ်မိလိုက်သည်။ ထို့နောက်တွင်တော့ ရှန်းလီသည် အမှန်တကယ် မည်မျှလောက် သန်မာလှပါသနည်းဟု စဥ်းစားနေမိတော့သည်။
သူ့ခွန်အားနှင့်ဆိုလျှင် တောထဲက ဝံပုလွေတစ်ကောင်ကို လက်သီးတစ်ချက်စာလောက်နဲ့ပဲ ပစ်လဲသွားအောင် လုပ်နိုင်လောက်သလား။ လက်နက်တောင် သုံးစရာမလိုဘဲနဲ့လေ။ သူတို့တွေက သူတို့မြင်ကွင်းထဲကိုဝင်လာတဲ့ သီးခြားတစ်ကောင်တည်းဖြစ်နေတဲ့ တောရိုင်းတိရိစ္ဆာန်တွေနဲ့ တွေ့ဆုံခဲ့ရမှာပဲ။
တောရိုင်းတိရိစ္ဆာန်တစ်အုပ်နဲ့ ရင်ဆိုင်ရချိန်တွင်တော့ ရှန်းလီနှင့်လူငယ်ယောက်ကျားလေးများက အဆိပ်များနှင့်ဓားများကို မလွဲသာဘဲ ချက်ခြင်းသုံးခဲ့ရသည်။ စန်းလော့သည် ရှန်းလီက လက်ဗလာဖြင့်တိုက်ခိုက်သည်ကိုတော့ တခါမှ မမြင်ဖူးခဲ့ချေ။
သူမ၏အတွေးများမှာ ရှန်းလီ ပြန်ဝင်လာသည်အထိ ရောက်တတ်ရာရာ ဖြစ်နေလေသည်။ သူမက သူ့ကို လှမ်းကြည့်လိုက်၏။
အရပ်မြင့်တာကတော့ အမှန်ပဲ ဒါပေမဲ့ ခွန်အားကြီးမားတဲ့ပုံစံ ရင်ဘတ်ကျယ်ကျယ် ထွားထွားကြိုင်းကြိုင်း ပုံစံမျိုးလဲမဟုတ်ပါဘူး။ ဒါနဲ့များ သူ့ခွန်အားတွေက ဘယ်ကနေ ရောက်လာပါလိမ့်။
ကျိုးညီအစ်ကိုများကလဲ ပစ္စည်းများကိုသယ်ပြီး ဝင်လာသဖြင့် စန်းလော့က တွေးတောနေသည်ကို ရပ်ထားလိုက်တော့သည်။ နောက်တစ်ဖွဲ့က လမ်းကျဥ်းကလေးမှ ထွက်သွားသည့်အချိန်ကြမှ သူမက ပစ္စည်းများကို သယ်ကူပေးဖို့ရန် နောက်မှ မြန်မြန်လိုက်သွားလိုက်သည်။
စပါးများအပြင် ရွှီမိသားစု၏ အိပ်ယာခင်း၊ ခေါင်းအုံး၊ အိုးခွက်ပန်းကန်၊ စိုက်ပျိုးရေးပျိုးပင်၊ မျိုးစေ့နှင့် တခြားပစ္စည်းများကို လျှိုမြောင်အတွင်းသို့ အရင်ဆုံးသယ်လာခဲ့ပြီး ဆေးဝါးများနှင့် ကြက်နှင့်ဘဲပေါက်လေးများ လှောင်အိမ်ကြီးတစ်ခုကိုလဲ အတူ တူ သယ်လာခဲ့ကြသည်။
ဒီပစ္စည်းများကို မြင်လိုက်သည်တွင် အမျိုးသမီးများနှင့်ကလေးများက နှစ်သစ်ကူးရောက်သွားသလို စိတ်လှုပ်ရှားသွားပြီး သခင်မကြီးရွှီကို မဆုံးနိုင်အောင် ကျေးဇူးတင်စကား ပြောကြတော့သည်။ ဒီလက်ဆောင်များက ဒီအတိုင်း ပြီးပြည့်စုံလှပြီ။
လျှိုမြောင်ထဲတွင် သူတို့သည် သူတို့၏ကိုယ်ပိုင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်ကြသော်လည်း အသားအတွက်တော့ အမဲလိုက်ခြင်းကိုသာ အားကိုးရသည်။ အခုတော့ လူအနည်းငယ်သာ ရှိသေးလေရာ စီမံနိုင်လေသည်။ သို့သော်ငြားလည်း အပြင်လူများရောက်လာလျှင်တော့ ပိုပြီး သတိထားမိရမည်။ သူတို့ပုန်းခိုနေရသည့်နေရာကို မပေါ်ပေါက်သွားအောင် အစားကိုလျှော့စားသည်က ပိုပြီးတော့ အဆင်ပြေနိုင်သည်။
အခုတော့ ကြက်များနှင့်ဘဲများရှိလာပြီဖြစ်ရာ သူတို့သည် ထိုအရာများကို မစားသောက်လျှင်တောင် ကြက်ဥနှင့်ဘဲဥများကိုတော့ ရနိုင်လိမ့်မည်။ သူတို့သည် ကြက်ဖများကို မမွေးထားနိုင်ကြသော်လည်း ဘဲများကို ဥပိုဥအောင်တော့ လုပ်ပေးနိုင်သည်။ ဒီလက်ဆောင်က အားလုံး၏ရင်ထဲကို အမှန်ပင် နွေးထွေးစေသည်။
ရွှီသခင်မကြီးကလဲ စိတ်ကျေနပ်ရသည်။ ရှန်းလီနှင့်ချန်းသရှန်တို့လိုလူများက အမဲလိုက်ခြင်းစွမ်းရည်ကို အသုံးချနိုင်သည်။တခြားမိသားစုများကလဲ လိုအပ်လျှင် အမဲလိုက်နိုင်ကြသည်။သို့သော်ငြား လည်း သူမ၏မိသားစုကတော့ သူမနှင့်ချင်းဟယ်နှစ်ယောက်တွင် ထိုအရည်အချင်းများ မရှိပေ။
သူမက အနာဂတ်တွင် ကလေးများက ဘာအသားမှ မစားရမှာကို စိုးရိမ်လာခဲ့မိသည်။ သို့သော်ငြားလည်း အခုတော့ အသားမရှိလျှင်ပင် သူတို့သည် ကြက်ဥနှင့်ဘဲဥများကို စားနိုင်ပေသည်။ အတော်လေး စိတ်အေးရသည်ပင်။ သူမ၏သားဖြစ်သူက သူ၏ကိုယ်ပိုင်မိသားစုအပြင် မိသားစုအားလုံးအတွက် ပြင်ဆင်ပေးခဲ့သည်ကို မြင်လိုက်ရသည်တွင် သခင်မကြီးရွှီ ၏အပြုံးများက ဘယ်တော့မှ မှေးမှိန်မသွားချေ။ သူမ၏သားဖြစ်သူက မှန်ကန်သည့်လုပ်ရပ်ကို လုပ်ခဲ့ခြင်းပင်။
ချင်းဟယ်ထံမှ စပါးများနှင့်ဆေးဝါးများကို လက် ဆောင်ပေးခဲ့သည့်အကြောင်း ကြားလိုက်ရသည်တွင် သခင်မကြီးရွှီက ခေါင်းငြိမ့်သဘောတူသည်။
"ဒါက ကောင်းမွန်တဲ့ ချဥ်းကပ်မှုတစ်ခုပဲ"
မိသားစုများက စပါးများကို လက်ခံဖို့ငြင်းပယ်သည်ကို သိလိုက်သည်တွင်လဲ သခင်မကြီးရွှီက မအံ့သြပေ။ ရက်၂၀ကျော်လောက် အတူတူကုန်ဆုံးလာပြီးနောက်တွင် သူမသည် သူတို့ကို ကောင်းကောင်းနားလည်လာသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် လူကြီးများပင်။
"ဒါဆိုရင်လဲ သူတို့အကြံပေးတဲ့အတိုင်းပဲ လုပ်လိုက်ပါ၊ ငါတို့တွေက အခုလောလောဆယ်တော့ ဒါကို သိမ်းထားလိုက်မယ်၊ နောက်ပိုင်း လိုအပ်လာတဲ့အချိန်ကြမှ ကမ်းလှမ်းကြတာပေါ့"
ဖရိုဖရဲဖြစ်သည့်ကာလက အပြင်ဘက်တွင် ပိုမိုဆိုးရွားလာပြီး တခြားမိသားစုငါးစုကလဲ ရုန်းကန်လာရသည်တွင် သူမ၏မိသားစုတစ်ခုတည်းက အထိအခိုက်မရှိ ဖြစ်နေမှာတော့ မဟုတ်ချေ။ အတူတူ ပူးပေါင်းနေထိုင်ခြင်းက အသက်ရှင်ဖို့ရန်အတွက် အရေးကြီးသည့်အချက်ပင်။
မိသားစုများက လုပ်ရည်ကိုင်ရည် ရှိကြသည်။ အနည်းဆုံးတော့ ကျိုးကြောင်းသင့်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည်။ ဒါသည် ဒီလိုခက်ခဲလှသည့် အချိန်မျိုးတွင် စုပေါင်းအင်အားဖြင့် အသက်ရှင်ဖို့ရန်အတွက် အရေးကြီးကြောင်းကိုတော့ သခင်မကြီးရွှီက ယုံကြည်လေသည်။
ကြက်များနှင့်ဘဲပေါက်များကို သယ်လာသည့်လှောင်အိမ်က အလွန်မှကြီးမားလေရာ လျှိုမြောင်အတွင်းသို့ တိုက်ရိုက်သယ်ယူလာလို့ မရနိုင်ပေ။ ထို့ကြောင့် မိသားစုတစ်ခုချင်းစီက ကြက်ပေါက်နှင့်ဘဲပေါက်လေးများကို သယ်ဖို့ရန် ခြင်းလေးများကို အသုံးပြုကြသည်။ အားလုံးကို ရွှေ့ပြောင်းပြီးသည်နှင့်တပြိုင်နက် ရှန်းလီက လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်ပြီး ပင်မဂူကြီးထဲသို့ ဝင်လာလိုက်သည်။
ကြက်ပေါက်နှင့်ဘဲပေါက်လေးများကို ယူဝင်လာပြီး ဖြစ်သော်ငြားလည်း စိန်ခေါ်မှုက မည်သို့မွေးမြူရမည်ဟူသည့် အချက်ပင်။ စင်ပေါ်တွင် ဒီအတိုင်းတင်ထားလို့ရသည့် မလှုပ်ရှားနိုင်သည့် ပစ္စည်းများနှင့်မတူလေရာ စုစုပေါင်း၇၂ကောင်ရှိသည့် ကြက်ပေါက်နှင့်ဘဲပေါက်လေးများကို ဂရုတစိုက် ကိုင်တွယ်ဖို့ရန် လိုအပ်ပေသည်။ ကံအားလျော်စွာ ခရီးတလျှောက်တွင် ချန်းအဘိုးနှင့်တခြားသူများ၏ ဂရုတစိုက်စောင့်ရှောက်ပေးမှုအောက်တွင် ကြက်ပေါက်နှင့်ဘဲပေါက်လေးအားလုံးက အဆုံးရှုံးမရှိဘဲ အားလုံးအသက်ရှင်ကြသည်။
သို့သော်ငြားလည်း ကြက်ပေါက်နှင့်ဘဲပေါက်လေးများကို အလွန်နီးကပ်စွာ မွေးမြူလို့မရနိုင်ပေ။ အကယ်၍များ တကောင်က ဖျားနာလာလျှင် အခြားအကောင်များသို့ မြန်မြန်ကူးစက်သွားနိင်သည်။ ထို့ကြောင့် ထိုအကောင်လေးများကို တတ်နိုင်သလောက်ခွဲထားဖို့ရန် အရေးကြီးသည်။
ထို့အပြင် ကျန်ရှိနေသေးသည့် စပါးများနှင့် ပစ္စည်းများကို စောင့်ကြည့်ဖို့ရန်အတွက် ပထမစပါးသိုလှောင်သည့်နေရာတွင် နေခဲ့ကြသည့် ရှီသလန်၊ လုအာ့လန်၊ လုစန်းလန်နှင့် ကျိုးသလန်တို့မှလွဲလျှင် အားလုံးက သူတို့၏စပါးများဖြင့် ပြန်ရောက်လာကြသည်။ သည်အထဲတွင် ဒဏ်ရာကိုကုသဖို့ရန်အတွက် နေခဲ့သည့် ကျိုးမိသားစု၏ချွေးမလဲ ပါလာသည်။
၂လပိုင်းကုန်ခါနီးသို့ ရောက်လာပြီဖြစ်သဖြင့် အားလုံးက စိုက်ပျိုးရေးစတင်ဖို့ရန် စိုးရိမ်နေကြသည်။ ကျိုးမိသားစု၏ချွေးမအပါအဝင် ဒီတကြိမ်ပြန်လာကြသူ အားလုံးက နေခဲ့ဖို့ရန်ဆုံးဖြတ်လိုက်ပြီး ရက်အနည်းငယ်လောက် ကူညီပေးပြီးနောက်တွင် ရှန်းလီနှင့်တခြားလူငယ်များက ကျန်သည့်စပါးများကိုသွားယူဖို့အတွက် ပြန်သွားလိမ့်မည်။ အဓိပ္ပါယ်မှာ အားလုံးနီးပါးက လျှိုမြောင်ထဲတွင် ရှိကြမည့်သဘောပင်။ အသစ်ရောက်လာသည့် စပါးများနှင့်ပစ္စည်းများကြောင့် ပင်မဂူကြီးမှာ ပြည့်သိပ်ကြပ်ညှပ်နေတော့သည်။
ယခုအချိန်တွင် လျှိုမြောင်အတွင်း၌ လူအများကြီးရှိလာပြီဖြစ်ရာ ကြက်ပေါက်နှင့်ဘဲပေါက်လေးများကို သီးသန့်မွေးမြူဖို့ရန် လိုအပ်သည့်အပြင် လူများကလဲ သူတို့၏ကိုယ်စီဂူများဆီသို့ ပြန်သွားဖို့ရန်လိုအပ်သည်။
ချန်းအဘိုး၊ လုအဘိုးနှင့် ကျိုးချွမ်ကျန့်တို့က လျှိုမြောင်ကို တစ်ပတ် လှည့်ပတ်ကြည့်ရှုလိုက်ကြပြီး အားလုံးကို သူတို့၏ဂူအတွင်းတွင် အရင်ဆုံးနေရာချထားဖို့ အကြံပေးလိုက်သည်။ ပစ္စည်းများနှင့်စပါးများကို ပင်မဂူထဲတွင် ယာယီသိုလှောင်ထားလိုက်သည်။ သို့သော်ငြားလည်း အားလုံးကတော့ ညမမှောင်ခင် သူတို့အိပ်ဖို့နေရာကို စီစဥ်ဖို့ရန်လိုအပ်သည်။ ထိုကိစ္စကို စီစဥ်ထားပြီးသည်နှင့်တပြိုင်နက် သူတို့သည် စိုက်ပျိုးမြေများကို မည်သို့စိုက်ပျိုးမည့်အကြောင်း တိုင်ပင်နိုင်လေမည်။
အားလုံးက သဘောတူလက်ခံလိုက်ကြပြီး သူတို့၏ စိုက်ပျိုးရေးပစ္စည်းများနှင့်အတူ မိသားစုများက သူတို့၏ဂူဆီသို့ ထွက်လာခဲ့ကြသည်။ ကလေးများက ဝမ်းသာအားရ ပျော်ရွှင်စွာဖြင့် လျှိုမြောင်၏အတွင်းပိုင်းသို့ ပြေးဝင်သွားကြသည်။
ရှန်းလီက အလျင်မလိုချေ။ သူသည် အစောပိုင်းခရီးကတည်းက မိသားစု၏ဂူကို လေ့လာခဲ့ပြီးဖြစ်သည်လျှိုမြောင်အတွင်းတွင် ရှင်းလင်းထားသည့်မြေများကို စဥ်းစားလိုက်မိသည်တွင် တခြားဂူများကလဲ သူတို့၏ မူလအခြေအနေအတိုင်း ရှိနေလောက်မည်ဟု သူက ခန့်မှန်းလိုက်သည်။ သို့သော် ညအိပ်ဖို့ရန်အတွက်တော့ ဦးစားပေးရမည်မှာ မြွေကင်းနှင့်ကြွက်များကို ကာကွယ်ဖို့ရန်အတွက် တံခါးများရှိဖို့ရန်ပင်။
ပင်မဂူထဲကတံခါးများကဲ့သို့ ရိုးရှင်းသည့် တံခါးတစ်ချပ်ကပင်။ သည်သတ္တဝါများကို လုံလောက်အောင် ပိတ်ဆို့ထားနိုင်ပြီး အေးအေးချမ်းချမ်း စိတ်ချလက်ချ အိပ်နိုင်သည်။
သူက ချန်းအဘိုးဆီသို့ ချဥ်းကပ်သွားပြီး မေးလိုက်၏။
"အဘိုးချန်း ကျွန်တော်တို့တွေ မိသားစုတခုစီအတွက် တံခါးတွေ အရင်စလုပ်ကြမလား။ တံခါးမရှိဘူးဆိုရင် ကျွန်တော်တို့တွေ ကောင်းကောင်းအိပ်ရမယ် မထင်ဘူး။ လျှိုမြောင်က သစ်ပင်တွေအရမ်းများတယ်၊ ဒါပေမဲ့ သစ်ပင်တွေကို စိုက်ပျိုးမြေအတွက် ရှင်းလင်းလိုက်မယ်ဆိုရင် နေရောင်ခြည်ထိတွေ့မှုကို ရရှိနိုင်မလား။ ကျွန်တော်တို့တွေ သစ်ပင်တွေကို ဒီနေရာကဟာတွေကိုပဲ ခုတ်ကြမလား၊ ဒါမှမဟုတ် အပြင်ကနေ သယ်လာကြမလား"
ဒါသည် ချန်းအဘိုး၊ လုအဘိုးနှင့် ကျိုးချွမ်ကျန့်တို့အတွက် စဥ်းစားစရာတစ်ခုပင်။
ချန်းအဘိုးက သက်ပြင်းချလိုက်သည်။
"သစ်ပင်တွေကို ခုတ်လှဲလိုက်ရင် စိုက်ပျိုးရေးအခြေအနေအတွက် တကယ်ပဲ တိုးတက်စေနိုင်ပြီး ကောက်ပဲသီးနှံတွေအတွက်လဲ နေရောင်ခြည်ပိုရနိုင်တယ်။ ဒါပေမဲ့ ခုတ်ထွင်ရှင်းလင်းလိုက်တဲ့နေရာက တောင်ပေါ်ကနေကြည့်ရင် အရမ်းသိသာနေမှာလဲ စိုးရိမ်ရတယ်။ မင်းနဲ့သရှန်တို့က တောင်ထိပ်ကို ရောက်ဖူးခဲ့တယ်ဆိုတော့ ငါတို့ကိုပြောပြပါအုံး။ အပေါ်ကနေဆိုရင် အောက်ဘက်ကို သေသေချာချာ ရှင်းလင်းနေအောင် မြင်ရလား"
ရှန်းလီက ခဏလောက်စဥ်းစားပြီး ပြောလိုက်သည်။
"တကယ်ပဲ အရမ်းမြင့်တယ်၊ အိမ်တွေရှိမယ်ဆိုရင်တော့ အမိုးတွေကိုမြင်ရလိမ့်မယ်။ ဒါက သိသာတယ်၊ သစ်ပင်တွေနဲ့ မြက်ခင်းတွေရှိနေရင်တော့ အဝေးကနေကြည့်ရင် အစိမ်းရောင်အရိပ်တွေ ထပ်နေတာဆိုတော့ သတိထားဖို့ မဖြစ်နိုင်ဘူး။ လူတွေက ပတ်ပြီးသွား လာနေတယ်ဆိုရင်လဲ သတိထားဖို့ ခက်ခဲတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက အပင်တွေစိုက်တဲ့အခါကြရင်လဲ အရမ်းကို စနစ်တကျ ညီညီညာညာလေး မဖြစ်နေဖို့တော့ လိုတယ်။ ကျွန်တော်တို့ရဲ့လယ်ကွင်းတွေက ရှီလီရွာက လယ်ကွင်းတွေလို အရမ်းကို စနစ်ကျနေမယ်ဆိုရင် အပေါ်ကနေပြီး အာရုံစိုက်စရာ ဖြစ်လာနိုင်တယ်။ ပိုပြီးသိပ်သည်းနေအောင် စိုက်ပျိုးထားတာကလဲ ဒီစိုးရိမ်စိတ်ကို လျော့ပါးစေနိုင်တယ်"
ဒီစကားကို ကြားလိုက်ပြီးသည့်နောက်တွင် ကျိုးချွမ်ကျန့်က ချန်အဘိုးနှင့်လုအဘိုးကို မေးလိုက်သည်။
"ဒါဆိုရင် ကျွန်တော်တို့တွေက လယ်ကွင်းတွေကို သိသာတဲ့ အပိုင်းတွေဖြစ်အောင် မခွဲတော့ဘူး မဟုတ်လား။ မိသားစု၆စုလုံးအတွက် မြေတွေကို တဆက်တည်းစိုက်ပျိုးပြီးရင် မိသားစုတစ်စုချင်းဆီရဲ့ မြေကွက်ကို မှတ်ထားဖို့အတွက် မြေကွက်အစွန်းမှာ ကျောက်တုံးတွေနဲ့ စီထားပြီး အမှတ်အသား လုပ်ထားလို့ရတယ်"
ဒါက အဆင်ပြေသည့်အစီအစဥ်ဟု ထင်ရသည်။ ချန်းအဘိုးနှင့် လုအဘိုးတို့က မငြင်းပယ်ကြပေ။
လုအဘိုးက အကြံပေးလိုက်သည်။ "သိပ်သည်းနေအောင် စိုက်ထားလဲ အဆင်ပြေပါတယ်၊ လျှိုမြောင်က နက်ပြီး ပုံစံကကျဥ်းမြောင်းတာကို စဥ်းစားမိရင် သစ်ပင်တွေပေါ်များတာကို ထည့်တွက်ကြည့်ရင် နေရောင်ခြည်က အကန့်အသတ်နဲ့ ဖြစ်နေတယ်။ ရှေးခေတ် စိုက်ပျိုးရေးနည်းလမ်းအရဆိုလျှင် သီးနှံတွေအပေါ် နေရောင်ခြည်ပိုပြီး အများဆုံး ထိတွေနိုင်အောင် ပိုပြီး သိပ်သိပ်သည်းသည်း စိုက်ပျိုးတာက ပိုကောင်းတယ်။ အလွန်အကျွံ သိပ်သည်းနေတာမျိုး မဟုတ်ဘူးဆိုရင် ငါတို့တွေ ရှီလီရွာမှာစိုက်ခဲ့သလို နည်းနည်းလေးပိုပြီး သိပ်သည်းအောင်စိုက်တာက အလုပ်ပိုဖြစ်နိုင်တယ်”
အတွေ့အကြုံရင့် လယ်သမားများဖြစ်ကြသဖြင့် သူတို့သည် နယ်မြေအနေအထားကို ကောင်းကောင်းသိကြသည်။ ချန်းအဘိုးနှင့် ကျိုးချွမ်ကျန်းတို့က သဘောထားခြင်း တိုက်ဆိုင်ကြသည်။
"ဒါက အဓိပ္ပါယ်ရှိပါတယ်၊ လျှိုမြောင်ထဲမှာ နေရောင်ခြည်ထိတွေ့မှုက ပိုပြီးတော့ နည်းပါးတယ်။ စပါးစိုက်ပျိုးမဲ့ကာလက ပိုပြီးတော့ ရှည်လောက်တယ်။ ကျွန်တော်တို့တွေ ချင်းမင်ပွဲတော်မတိုင်ခင် ၃လပိုင်း အစောကြီးလောက်ကတည်းက ပျိုးပင်တွေကိုစပြီး လုပ်ထားမှဖြစ်မယ်"
"သစ်ပင်တွေကိုရော ငါတို့တွေက သစ်ပင်တွေကို ခုတ်လှဲသင့်တယ်လို့ ထင်လား” ကျိုးချွမ်ကျန့်က ရှန်းလီကို မေးလိုက်သည်။
ရှန်းလီက တောင်ထိပ်သို့လဲရောက်ခဲ့ဖူးကာ ဒီနေရာနှင့် ရင်းနှီးပြီးသားဖြစ်နေသဖြင့် ထိုကိစ္စနှင့်ပတ်သတ်ပြီး နည်းနည်းပါးပါး စဥ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်ပြီး ရှန်းလီက ပြောလိုက်သည်။
"ကျွန်တော့အထင်တော့ သစ်ပင်တွေကိုရွေးပြီးခုတ်တာက အဆင်ပြေလိမ့်မယ်။ တချို့သစ်ပင်တွေကို ခုတ်လဲပြီး တချို့သစ်ပင်တွေကို ချန်ထားလိုက်မယ်။ အထူးသဖြင့် အလင်းရောင်ကို အများကြီး ပိတ်ဆို့နေတဲ့ သိပ်သည်းနေတဲ့အပင်တွေကိုပေါ့၊ နေရာအများကြီးမယူတဲ့ ကျောက်ထင်းရူးလို သစ်ပင်တွေကိုတော့ ချန်ထားလိုက်မယ်။ ဒါဆိုရင် နေရာကလည်း အရမ်းကြီး ပြောင်ရှင်းမနေတော့ဘူး၊ ပျိုးပင်တွေအတွက်လဲ အရိပ်အရမ်းမကျတော့ဘူး"
သည်အကြံပြုချက်က ချန်းအဘိုးနဲ့တခြားသူများကို စိတ်အေးရစေသည်။ အကြောင်းမှာ ဒါက ပုန်းကွယ်ထားဖို့ရန် လိုအပ်ချက်နှင့် ကိုက်ညီသောကြောင့်ပင်။
စိတ်အားတက်ကြွလာပြီး ချန်းလောင်ဟန်က ထပ်ပြောလိုက်သည်။
"အမှန်ပဲ၊ အပေါ်ကနေကြည့်ရင် သစ်ပင်တွေက မကြီးရင့်သေးတဲ့ပုံ ဖြစ်နေပြီး တခြားတောင်ကသစ်ပင်တွေနဲ့ ရောနှောသွားနိုင်တယ်။ ဒါပေမဲ့လည်း ရေအရင်းအမြစ်ကတော့ ပုံမှန်သစ်ပင်တွေအတွက် ပြသာနာဖြစ်လာနိုင်တယ်။ ငါတို့တွေက ရေများတာကိုခံနိုင်ရည်ရှိတဲ့ မျိုးစေ့တွေကိုပဲ ဦးစားပေးသင့်တယ်"
ရေတံခွန်ငယ်လေး ရှိရာဘက်ကို ကြည့်လိုက်ပြီး သူက ပြောလိုက်သည်။
"ကွက်တိပဲလေ၊ ကျောက်ထင်းရူးနဲ့ထင်းရူးပင်တို့လို ရေကြိုက်တတ်တဲ့ သစ်ပင်တွေကို အဲဒီ့ကန်လေးပတ်ဝန်းကျင်မှာ စိုက်ထားတာ သင့်တော်တယ်။ သူတို့ထဲက တချို့ကိုတော့ လယ်ကွင်းအလယ်ကို ပြောင်းစိုက်ကြမယ်။ ရက်ပိုင်းလောက်နေရင် ငါတို့တွေက မြေကြီးကို အားဖြည့်ပေးဖို့အတွက် မြေဆီလွှာတွေထပ်ပြီးတော့ ယူလာနိုင်ပြီး ရေတံခွန်ကရေတွေကို လယ်ကွင်းဆီကို လမ်းလွှဲလို့ရတယ်"
လုအဘိုးက ဒီစိတ်ကူးကို သဘောကျပြီး ထပ်ပြောလိုက်သည်။ "လိုအပ်လာရင် ငါတို့တွေက သစ်ကိုင်းတွေကို ကိုယ်တိုင်ခုတ်ထွင်နိုင်တယ်"
ထို့နောက်တွင် သူက ရှန်းလီကို မေးလိုက်သည်။
"ရှန်းလီ၊ ငါတို့တွေ လမ်းတလျှောက်မှာ အိုင်ငယ်လေးတွေကိုလဲ တွေ့ခဲ့တယ်။ ငါတို့တွေက အဲဒီ့က သစ်ပင်တွေကိုရော ပြောင်းစိုက်လို့ရမလား"
သစ်ပင်ကြီးများကို ယူဝင်လာလို့မရနိုင်သည့် အကြီးဆုံးပြသာနာမှာ လျှိုမြောင်၏ဝင်ပေါက်ပင်။
ရှန်းလီက ပြန်ဖြေလိုက်သည်။ "လူတစ်ရပ်စာ သစ်ပင်တွေကို ပြောင်းစိုက်တာကတော့ အဆင်ပြေလိမ့်မယ်၊ အပေါ်ကနေကြည့်ရင် သစ်ပင်ရဲ့အမြင့်ကို ခန့်မှန်းရခက်တယ်။ အဓိကကတော့ အမျိုးအစားပဲ၊ ကျွန်တော်က အဖွဲ့ကိုဦးဆောင်ပြီး အနီးအနားမှာရှိတဲ့ အပင်အမျိုးအစားကို တခေါက်လောက် သွားယူလာခဲ့မယ်။ အပင်အရွယ်အစားနဲ့ အမျိုးအစားတွေကို စုပေါင်းလိုက်ရင် စိုက်ပျိုးမြေနဲ့ ခွဲခြားနိုင်ဖို့ လွယ်တော့မှာမဟုတ်ဘူး”
ထုတ်ပိုးရာတွင် အနည်းငယ်နှေးကွေးနေသည့် စန်းလော့က ထွက်မသွားရသေးဘဲ ဆွေးနွေးတိုင်ပင်နေသည့် အကြောင်းအရာတစ်ခုလုံးကို နားထောင်လိုက်သည်။ သူမက ဒီဉာဏ်ပညာရှိလှသည့် လူကြီးနှင့်ဦးလေးများကို သူတို့၏မှတ်သားလောက်သည့် အသိပညာများအတွက် လက်မထောင်ပြချင်သွားတော့သည်။
ဟုတ်ပါသည်။ ရှန်းလီကလဲ မဆိုးချေ။ မကျွမ်းကျင်သည့် အလုပ်သမား၄ယောက်က ကျူးကယ်လျန့်တယောက်နှင့် ညီမျှသည့်ဟူသည် ဆိုရိုးစကားနှင့် ကွက်တိကိုက်ညီလေသည်။
ကျိုးချွမ်ကျန့်ကလဲ ရယ်မောလိုက်သည်။
"ဒါဆိုရင်တော့ ငါက ရှီအာ့လန်နဲ့ဝေ့သခင်လေးတို့ကို ငါတို့နဲ့လိုက်ခဲ့ဖို့ သွားခေါ်လိုက်မယ်။ ဒီလိုဆိုရင် ငါတို့တွေက ဘယ်စိုက်ခင်းမှာ ဘာစိုက်ဖို့ သင့်တော်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ပြီး သစ်ပင်တွေကို စခုတ်ဖို့ အားလုံးကို ခေါ်ထားလိုက်မယ်"
သင့်တော်သည့် စိုက်ပျိုးမြေများကို ဆုံးဖြတ်ဖို့ရန် အကြောင်းအရင်းက လျှိုမြောင်၏ ကျဥ်းမြောင်းလှသည့် နေရာအခက်အခဲကြောင့်ပင်။ လှုပ်ရှားသွားလာမည့်နေရာ၊ အသီးအရွက်စိုက်ပျိုးမည့်နေရာ၊ ကြက်ပေါက်နှင့်ဘဲပေါက်များကို မွေးမြူဖို့ရန်နေရာများကို ချန်ထားဖို့ရန်လဲ လိုလေသည်။
တည်နေရာသတ်မှတ်ချက်များကို ဆုံးဖြတ်ဖို့ရန်အတွက် မိသားစုအားလုံးကြားတွင် တိုင်ပင်ဆွေးနွေးဖို့က လိုအပ်သည်။
ဝေ့သခင်လေးဆိုသည်မှာ ဝေ့ကျင်းဟယ်ကိုဆိုလိုပြီး ရွှီမိသားစု၏ တစ်ဦးတည်းသော အရွယ်ရောက်ပြီးအမျိုးသားတစ်ယောက် ဖြစ်သည်။ သူသည် ဒီကိစ္စများကို အများကြီးနားမလည်သည့်တိုင် ပါဝင်သည့် အသိအမှတ်ပြုတစ်ယောက်အနေဖြင့် သူ့ကို ခေါ်ရမည်က သဘာဝပင်။
ရှန်းလီက အပြုံးတစ်ခုဖြင့် အကြံပေးလိုက်သည်။ "အဘွားတွေ၊ အဒေါ်တွေနဲ့ မရီးတို့ကိုလဲ ဖိတ်လိုက်ပါ့မယ်။ အားလုံးက ဒီနေရာမှာ အချိန်တစ်ခုအထိ နေထိုင်ကြမှာပဲ၊ ဒီတော့ ကျွန်တော်တို့တွေက သူတို့ရဲ့သဘောထားကိုလဲ ထည့်ပြီးစဥ်းစားသင့်တယ်"
ပိုပြီးကျယ်ပြန့်သည့်ကိစ္စများ ပါဝင်လာသည်ကို သိလိုက်သည့်အတွက် ကျိုးချွမ်ကျန့်က သဘောတူလိုက်ပြီး စန်းလော့က အကူအညီ ဝင်ပေးလိုက်သည်။
"ကျွန်မက ညာဘက်ခြမ်းကမိသားစုတွေကို သွားခေါ်လိုက်မယ်"
သူမက သူမ၏တူးရွင်းနှင့်ခြင်းကို ကောက်ကိုင်လိုက်ပြီး အပြုံးတစ်ခုဖြင့် ထပ်ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်လေ ကျွန်မက ဂူဘက်ကို သွားမှာဆိုတော့ အဆင်ပြေပါတယ်"
ကျိုးချွမ်ကျန့်က ပြုံးကာ ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ ငါက ဘယ်ဘက်ခြမ်းက မိသားစုတွေကို အသိပေးလိုက်မယ်"
စန်းလော့၏လက်ထဲက ပစ္စည်းများကို သတိထားမိလိုက်သည်တွင် ရှန်းလီက သူမထံမှ ထိုပစ္စည်းများကိုယူလိုက်ပြီး ပြောလိုက်သည်။ "အတူတူ သွားရအောင်"
လူကြီးများဖြစ်သည့် ချန်းအဘိုးနှင့်လုအဘိုးတို့က ရှန်းလီကသူ့မိန်းမကို ဂရုစိုက်နေသည်ကို စောင့်ကြည့်ရင်း သူတို့၏မျက်လုံးများထဲတွင် ရယ်သံဖြင့် ကွေးညွှတ်သွားတော့သည်။ ရှေ့တွင် ကြိုရောက်နေသည့် ကျိုးချွမ်ကျန့်ကဖြင့် နောက်လှည့်ကြည့်လိုက်ပြီး ရယ်မောကာ ရှေ့ဆက်သွားလိုက်တော့သည်။
ချန်းလောင်ဟန်က ရယ်မောလိုက်၏ "အထဲကို လိုက်ဝင်သွားရအောင်ပါ အားလုံးကို လိုက်ခေါ်လိုက်တာ ပိုကောင်းမယ်"
အဘိုးကြီးနှစ်ယောက်က ပြုံးရယ်ကာ လျှိုမြောင်အတွင်းဘက်သို့ ရှေ့မှဝင်သွားကြသည့်သူများနောက် လိုက်သွားလေတော့သည်။
...