အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အပိုင်း(၁၃၅) ကိုးယိုးကားယားနိုင်ခြင်း
ရှန်းစန်းက သူတို့ကို သေချာမကြည့်ရသေးခင်မှာပင် ညီအစ်ကိုများသည် မီးဖိုခန်းထဲသို့ သုတ်သုတ်ပြာပြာ ပြေးဝင်သွားကြပြီး အချင်းချင်း၏ အဝတ်အစားပေါ်က ဖုန်မှုန့်များကို ခါချပေးလိုက်ကြပြီးနောက် လက်နှင့်မျက်နှာကို မြန်မြန်ဆန်ဆန် ဆေးကြောလိုက်ကြ၏။
နည်းနည်းလေး ဟိုပုတ်သည်ပုတ် ဆေးကြောသည်က လုံးဝ ပြောင်စင်သွားမည်မဟုတ်မှန်း သိကြသော်လည်း အဆော့မက်သည့် ကလေးများအဖြစ် ကြီးပြင်းလာကြသဖြင့် သူတို့သည် အလွန်အကျွံ ညစ်ပေမနေသရွေ့ ဒါက ပုံမှန်ပင်။
သန့်ရှင်းရေး လုပ်ပြီးသွားသည့်နောက်တော့ ရှန်းကျင့်က သူတို့ စပါးသိမ်းထားသည့် အခန်းထဲက ဗီဒိုတစ်ခု၏ ထောင့်နားတွင် ဝှက်ထားသည့် သော့ကို ကျွမ်းကျွမ်းကျင်ကျင် ရှာတွေ့သွားပြီး အလွန်သေးငယ်သည့် ဆန်လက်တစ်ဆုပ်ကာကို ပုံးထဲက ခပ်ထုတ်လိုက်သည်။
ဟုတ်ပါသည်။ အစေ့ပေါင်း သုံးဆယ်ပင်မပြည့်သည့် မဖြစ်စလောက် ဆန်လေးနည်းနည်းပါးပါးကို သူ့လက်ချောင်းကြားထဲက ခပ်ထုတ်လိုက်၏။
တံခါးကို ပြန်ပိတ်လိုက်ပြီး ပြန်ဝင်လာကာ လီရှိသည် ခြံဝင်းထဲက ကြက်နဲ့ဘဲမွှေးများကို တံမြက်လှည်းနေလိုက်သည်။
လီရှီသည် နောက်ပိုင်း နေမကောင်းဖြစ်ကတည်းက ရှန်းကျင့်က ချက်ပြုတ်ပေးခဲ့ရသည်။ အပြင်ဘက်က သူ့အမေကို မြင်လိုက်သဖြင့် သူက မေးလိုက်၏။ “အမေ ဒီနေ့ည တောပဲရွက်နဲ့ ပဲဆန်ပြုတ်လုပ်ရင် ကောင်းလား”
ရှန်းစန်းသည် အနားယူရန် ဝါးထိုင်ခုံတစ်ခုနှင့် လှမ်းအထွက်တွင် တောပဲရွက်နှင့် ပဲဆန်ပြုတ်ဟု ကြားလိုက်သည်တွင် သိသိသာသာ ဖြူဆုတ်သွားပြီး သူ့မျက်နှာက ရျန်းကျင့်၏ ပန်းကန်လုံးထဲ မစို့မပို့ စပါးများကို မြင်လိုက်သည်တွင် ပိုလို့ပင် ရုပ်ဆိုးသွားပြီး စိတ်အတွင်းထဲကပင် ဖုံးကွယ်ထားရန် ခက်ခဲသွားတော့သည်။ ထိုအမည်ခံပဲဆန်ပြုတ်တွင် လက်တစ်ဆုပ်စာပဲများကို ရေထဲတွင် ပျော့လာသည်အထိ စိမ်ထားရပြီး ထို့နောက်တွင် ပဲများကို ကျောက်ငရုတ်ဆုံဖြင့် ကြိတ်ခြေရသည်။ ကြေသွားသည့်ပဲများကို ပဲစိမ်ထားသည့်ရေဖြင့် ဝါးလို့ရသည်အထိ ချက်ပြုတ်လိုက်ပြီးနောက်မှ ဆန်နည်းနည်းပါးပါး ထည့်လိုက်ပြီး နောက်ဆုံးမှ လှီးဖြတ်ထားသည့် တောဟင်းရွက်များတစ်အုပ်ကို မစားခင် ထည့်မွှေရခြင်းပင်။
အသုံးပြုထားသည့် တောဟင်းရွက်အမျိုးအစားကလည်း ထိုနေ့ ကလေးများ ခူးဆွတ်လာသည့် အရာများပေါ် မူတည်သည်။ သူတို့သည် အမျိုးမျိုး ခူးဆွတ်လာကြလျှင် အားလုံးကို ထည့်လျှင်ထည့် မဟုတ်လျှင်လည်း ထည့်ချင်သည့်အရာများကို မေးမြန်းပြီးမှ ထိုနေ့ သူတို့ခူးလာသည့် အထဲက ပြန်ရွေးထည့်ကြသည်။
ရှန်းစန်းအတွက်တော့ သည်လိုမေးနေလည်း အပိုပင်။ သူ့အမြင်တွင် ဘာပဲဖြစ်နေနေ အားလုံးက တောဟင်းရွက် အရသာပင်။
သူတို့သည် မစို့မပို့ပဲများကို သုံးထားရသဖြင့် ပဲအရသာကိုပင် ခွဲခြားဖို့ရန် ခက်ခဲလေသည်။ ဆားဈေးများက ထိုးတက်နေသဖြင့် ထည့်ရမည့် ဆားကိုပင် မမြင်နိုင်တော့ချေ။ ရှန်းစန်းသည် ထိုအရာကို ဝယ်ယူဖို့တော့ မနှမြောချေ။ နောက်ဆုံး သူတို့သည် အိမ်တွင် ဆားမလုပ်တတ်ကြသဖြင့် ဆားကို ချွေချွေတာတာ သုံးနေရဆဲ။
ဆားမပါ၊ ဆီတစ်စက်မှမပါ၊ အရိပ်အယောင်ပင် မမြင်ရချေ။ အထူးသဖြင့် စန်းလီရွာက အသားဆိုင်ရှင်းက အသားရောင်းချခြင်းကို ရပ်လိုက်ချိန်တွင်တော့ ဘယ်သူကမှ ဆီအတွက် မတတ်နိုင်ကြတော့ချေ။
ထို့ကြောင့် သည်ပဲဆန်ပြုတ်သည် အမည်ခံသက်သက်သာဖြစ်ပြီး ပဲအနှစ်က တစ်လုတ်နှစ်လုတ်စာ။ ဆန်ကလည်း ထည့်လိုက်သည်နှင့် ပျောက်သွားလုမတတ်။ တောဟင်းရွက်ထဲတွင် ထည့်ချက်ထားသည့် ဆန်လေးနည်းနည်းကို ရှာတွေ့ဖို့က ကံအကြောင်းတရား သက်သက်ပင်။
ရှန်းစန်း၏မျက်နှာက ရှုံံ့မဲ့သွား၏။ သို့သော် လီရှိကတော့ ဘာခံစားချက်မှ ထုတ်မပြဘဲ အားနည်းချိနဲ့သွာ သဘောတူလေသည်။ “အဆင်ပြေသားပဲ၊ နင် အဆင်ပြေသလို ချက်လေ”
သူမ၏ ဒဏ်ရာရနေသည့် နေ့ရက်အတွင်းတွင် မိသားစုက အငယ်များကို ဦးဆောင်ကာ အိမ်အတွင်းရေး အပြင်ရေးကိစ္စများ အားလုံးကို တာဝန်ယူနေရသည့် ရှန်းကျင့်အား မှီခိုနေရသည်။
လီရှိ၏ ဂရုမစိုက်သလို အမူအရာကြောင့် ရှန်းစန်းက ဒေါသထွက်ထွက်နှင့် ကုလားထိုင်ကို ဆောင့်ချလိုက်ပြီး ထိုင်ချလိုက်ကာ စိတ်ရှုပ်ရှုပ်ဖြင့် သူ့မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။
သူ့အင်အားက ဒေါသအများကြီး ထုတ်ပြဖို့ရန်ပင် မလုံလောက်တော့ချေ။ ထို့ကြောင့် ကုလားထိုင်က ထွက်လာသည့်အသံကလည်း မကျယ်ပေ။ သို့သော်လည်း သူ့မျက်နှာက ဒေါသနှင့် စိတ်ရှုပ်နေသည့်ခံစားချက် အပြည့်ဖြစ်နေရာ မျက်လုံးများကို မှိတ်ထားသည့်တိုင် အမောမပြေသည့် ထင်ရှားနေသည်။
လီရှီက သူ့တုန့်ပြန်ပုံကို အကဲခတ်လိုက်ပြီး သူမ၏စူးရှသည့်အကြည့်က သူ၏ရှုံ့မဲ့နေသည့် မျက်နှာပေါ်တွင် ရစ်ဝဲနေပြီးမှ နောက်တစ်ခွန်း ပြောမနေတော့ဘဲ ခြံထဲတွင် တံမြက်စီးဆက်လှဲနေလိုက်သည်။
၁၀နှစ်တာ လက်ထပ်ခဲ့ပြီးနောက်တွင် လီရှိသည် ရှန်းစန်းကို အလွန်မှ ကောင်းကောင်းနားလည်သော်လည်း လုံးဝနားမလည်လေသလားဟု ဒွိဟဖြစ်မိနေ၏။
လက်ရှိ မြင်နေရသည့်ပုံတွင်တော့ သူမသည် သူ့ကို နားလည်နေသည်။ သူသည် သူတို့၏စုဆောင်းထားသမျှအားလုံးကို ဖြုန်းတီးခဲ့ပြီး မိသားစုကို တောဟင်းရွက်များနှင့် အသက်ဆက်ရအောင် လုပ်ခဲ့သည်အထိ နိမ့်ပါးသွားလေသည်။ ပထမဆုံး သုံးရက်ကတော့ သူသည် သူ့မိသားစုကို ကြည့်ဖို့ပင် အလွန်မှ အရှက်နေသေးသည်။ နောက်လေးရက်အတွင်းတွင်တော့ သူ့လုပ်ရပ်များက မှန်ကန်ကြောင်း သူသည် ကိုယ့်ဟာကို ဖြေသိမ့်လေသည်။ နောက်ဆုံး သုံးရက်တွင်တော့ သည်နေ့လိုအချိန်တွင် သူသည် စိတ်ပျက်သည့်အမူအရာကိုပင် ပြသရဲလာသည်။ လီရှီက သူ့ကို မျက်နှာရှစ်ခေါက်ချိုးဖြင့် ကြည့်လျှင် သူ သည်လိုပြောပြီး ပြန်ချေပတတ်သည်။
“နင်ပဲ စစ်ထဲဝင်ပြီး အမှုထမ်းလိုက်ပါတော့လား၊ ဒုက္ခက နင့်ဆီ ရောက်လာတာမဟုတ်သလို နင့်အသက်ကိုလဲ တောင်းဆိုနေတာမဟုတ်တော့ နင့်အတွက် အပြောတော့ လွယ်တာပေါ့”
သူသည် ရှန်းလီကို စစ်မှုထမ်းဖို့ရန် တွန်းပို့ခဲ့ပြီး နောက်ပြီး ရှန်းလီ၏ သေဆုံးကြောင်း ကောလဟာလကို ကြားရစဉ်က သူ့အမူအရာနှင့် တစ်ပုံထဲပင်။
သို့သော်လည်း သူမသည် သူ့ကို နားမလည်ခဲ့ချေ။ အကြောင်းမှာ ရှန်းစန်းက သူ့တူလေးအပေါ်သာ သည်လို ဆက်ဆံပြီး သူမနှင့် သူ့ကလေးများကိုတော့ သည်လိုဆက်ဆံလိမ့်မည်မဟုတ်ဟု အမြဲတမ်း ထင်ထားခဲ့ခြင်းကြောင့်ပင်။
သို့တိုင် သူမ၏ထင်ထားသည့်အရာက သူမ၏ယူဆချက်သက်သက်သာ ဖြစ်ဟန်တူသည်။
တံမြက်စည်းက ရွှံ့ဖြစ်နေသည့် ခြံဝင်းကို ပွတ်တိုက်နေရင်း လီရှီ၏မျက်လုံးများက ရီဝေဝေ ဖြစ်သွားပြီး သူမ၏တစ်ခုတည်းသော ဆန္ဒမှာ လလယ်လောက်က စိုက်ထားသည့် နွေဦးပဲပိစပ်များကို ရိတ်သိမ်းနိုင်သည်အထိ အသက်ရှင်ဖို့ရန်ပင် ဖြစ်တော့သည်။
...
မီးဖိုချောင်ထဲတွင် ရှန်းယင်က ရှန်းကျင့်ကို တိုးတိုးလေး ပြောလိုက်၏။ “အစ်ကို အမေက နင့်ကို စကားမပြောခိုင်းတာလား”
ရှန်းကျင့်က မီးထဲ ထင်းနေသည့် သူ့အလုပ်ကို ခဏလောက် ရပ်ထားလိုက်ပြီးမှ ခေါင်းညိတ် အတည်ပြုပေးလိုက်သည်။
“ရှန်ယင်က မေးလိုက်၏။ “ဘာဖြစ်လို့လဲ”
ရှန်းကျင့်ကိုယ်တိုင်လည်း အသေအချာတော့ မသိချေ။ သို့သော် ထိုအခိုက်တွင် သူသည် ပြီးခဲ့သည့်နှစ် စစ်မှုထမ်းခေါ်ယူစဥ်က သူ့အဖေ သူ့ကို ကြည့်ခဲ့သည့် အကြည့်ကို ရှင်းမပြတတ်အောင် ပြန်သတိရသွားတော့သည်။
ခုနတုန်းကလည်း သူတို့၏အမေက သူ့ကို ထုတ်ပြောစေချင်သည်မှာ သိသာသော်လည်း သူတို့အဖေ ဝင်လာသည်နှင့် သူ့ကို ရုတ်တရက် တားလိုက်သည်။
သူအမေက သူ့စိတ်ကူးများကို နားလည်နေသလား မပြောတတ်သော်လည်း ရှန်ကျင့်သည် သူ့နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်ပြီး သူမ၏မေးခွန်းကို ရှောင်ရှားလိုက်လေသည်။ သူသည် ပြတင်းပေါက်ဘက်သို့ လှမ်းကြည့်လိုက်ပြီးနောက် ရှန်းယင်ကို တိတ်တိတ်လေး မှာကြားလိုက်၏။ “ဒီအကြောင်း မမေးနဲ့တော့၊ အမေ့စကားကိုပဲ နားထောင်လိုက်၊ ငါတို့တွေ ဒီအကြောင်းကို အိမ်မပြောသင့်ဘူး၊ နောက်ပြီး ဒီအကြောင်းကို ရှောင်ထျယ်နဲ့ ထျန်းယာကိုလည်း မပြောနဲ့”
“အမေ့ကိုရော”
“ငါ သူ့ကို မနက်ဖြန်မှ ပြောပြလိုက်မယ်”
ရှန်းယင်က မျက်တောင်လေးခတ်လိုက်ပြီး ပြောပြလို့မရနိုင်သူက မည်သူများပါလိမ့်ဟု စဉ်းစားနေလေသည်။
သူသည် နားလည်သယောင်ယောင် ရှိလာ၏။
ညီအစ်ကိုနှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဘာမှမပြောတော့ဘဲ မီးဖိုထဲသို့ ထင်းများကို ထည့်လိုက်ကြသည်။
...
ရှီလီရွာတွင် ရှန်းမိသားစုက တောဟင်းရွက် ပဲဆန်ပြုတ် တစ်နပ်ကို ဖြေရှင်းနေကြစဉ် စန်းလော့နှင့် သူမ၏အဖွဲ့ကတော့ တောင်အတွင်းပိုင်းတွင် သူတို့၏ညနေစာကို စားသောက်ပြီးစီးသွားကြပြီ။သူတို့တွင်လည်း ရွေးချယ်စရာက အကန့်သတ်နှင့်ပင်။ ရေထဲတွင် စိမ်ထားသည့် တောဟင်းရွက်များနှင့် ပဲဝါများကို အားကိုးနေရသည်။
လတ်ဆတ်သည့် အစားအသောက်ကို ရှာဖွေရခြင်းက တောင်ကမ်းပါးယံအထိ စွန့်စားမသွားလျှင် ခက်ခဲလှသည်။ တောဟင်းရွက်များက မြေကြီးပေါ်တွင်က ပေါ်သည်က ရှားပါးနေခြင်းပင်။
ရှန်းမိသားစု၏ တတိယအိမ်ကဲ့သို့ပင် တောဟင်းရွက်နှင့် ပဲဝါများကို စားရသော်လည်း စန်းလော့ရှိနေသဖြင့် အရသာကတော့ လုံးဝ ကွဲပြားလှသည်။ နူးအိပြီး အသားနှင့်ချက်ထားသည့် ပဲများက အရသာထွက်လာကာ နူးညံ့ပြီး အရသာရှိလှသည်။ ပဲနှစ်က ပဲဝါမှ လုပ်ရသည်မဟုတ်ပါလား။
အသားနှင့် အလိုက်ဖက်ဆုံးဟု ပြောရလျှင် ပဲဝါသည် သေချာပေါက် ထိပ်ဆုံးစာရင်းတွင် ပါလေသည်။ ပဲ၏လတ်ဆတ်မှုနှင့် အသားနံ့က ပဲတစ်စေ့ချင်းကို အရသာ ပြည့်ဝသွားစေပြီး အရသာမရှိဘဲ မနေနိုင်အောင် ဖြစ်ရသည်။
ရှန်းလီနှင့် ချန်းသရှန်တို့သည် စန်းလော့နှင့် ကလေးနှစယောက် ဗိုက်ပြည့်သွားသည်ကို မြင်လိုက်ပြီးမှ သူတို့က ဟင်းအနှစ်နောက်ဆုံး တစ်လုတ်ကို နှစ်ယောက်သား ခွဲဝေလိုက်ကြပြီး ထမင်းနှင့်နှယ်လိုက်ကြ၏။ __ ကျေနပ်ဖွယ်ထမင်းတစ်နပ်ပင်။
ချန်းသရှန်သည် နောက်တစ်နေ့ ကုန်ဆုံးသွားချိန်တွင် ရှန်းလီ၏ အစားအသောက် ချမ်းသာမှုအပေါ် အားကျနေမိပြီး စဉ်းစားလိုက်မိ၏။ ‘သူ့မိန်းမကို အဲလောက် အလိုလိုက်နေတာလဲ မဆန်းတော့ပါဘူး။ ငါသာ အဲလောက်ကောင်းတဲ့ မိန်းမရထားရင်လဲ သူ့လိုပဲ အလိုလိုက်ထားမိမှာပဲ’
ချန်းသရှန်က အားကျစိတ်များ ဖြစ်နေ၏။
လောကကြီး အေးချမ်းသွားပြီး သူတို့တွေ တောင်ထဲက ထွက်လာတာနဲ့ သူကတော့ ထူးထူးခြားခြား ချက်ပြုတ်တတ်တဲ့ မိန်းမတစ်ယောက်ကို ရှာဖို့ ဆုံးဖြတ်လိုက်ပြီ။
ကောင်းမွန်သည့် တနပ်စာက ထိရောက်သည့် လုပ်အားကို အားဖြည့်ပေးလေသည်။ ညစာမတိုင်ခင်မှာပင် သူတို့သည် သူတို့တာဝန်များကို တော်တော်များများ ပြီးစီးနေကြပြီ။ စားသောက်ပြီးနောက်တွင် မှောင်နေသော်လည်း သူတို့သည် ဂူဝင်ပေါက်က မီးအလင်းရောင်ဖြင့် ဆက်ပြီး အလုပ်လုပ်ကြသည်။ ရှန်းလီက လွှဖြင့် သစ်များကို ဖြတ်နေစဉ် ချန်းသရှန်က ကုတင်တန်းများကို ချောမွတ်အောင် ရွေပေါ်ထိုးပေးသည်။ ရှန်းလီက ဆက်ဖို့ရန် အဆက်များကို ထွင်းနေလျှင် ချန်းသရှန်က အောက်ခံတန်းကို ဖြတ်ပေးနေသည်။
သူတို့၏အဖွဲ့လိုက်အလုပ်က လုပ်ငန်းစဉ်ကို သိသိသာသာ မြန်ဆန်စေသည်။ လရောင်ကို အသုံးချပြီး သူတို့သည် ညပိုင်း ၂ချက်ထိုးသည်အထိ အလုပ်လုပ်လိုက်ကြကာ ကုတင်တန်းလေးခု၊ အောက်ခံတန်း ၇ခုနှင့် လိုအပ်သည့် ကုတင်ပျဉ်ပြားများကို ပြုလုပ်ပြီးစီးသွားခဲ့သည်။
ရှန်းလီ၏မိသားစုအပြင် လျိုမြောင်ထဲက မိသားစုအားလုံးသည် အလုပ်လုပ်ရန် မီးအလင်းရောင်ကို အဆင်ပြေသလို သုံးကြရသည်။ လျိုမြောင်တစ်ဖက်တွင် မိသားစု၃ခုက ကိုယ်စီတာဝန်များ ယူထားကြသည်။ ချန်းနှင့် ရွှီမိသားစုအတွက် နေ့ခင်းက လွှဖြတ်ထားသည့်များက ကုတင်အခင်းများ ဖြစ်လာသည်။ ထိုအရာများကို ကုတင်တိုင်နှင့် တန်းများ မရှိသော်လည်း မြေကြီးပေါ်တွင် ပျဉ်အခင်းများကို ခင်းပြီး အပေါ်က ကောက်ရိုးနှင့်အိပ်ရာခင်းလိုက်လျှင် မြေကြီးပေါ် ခင်းရသည်ထက် အများကြီး ပိုကောင်းလေသည်။
ထိုမိသားစုများကတော့ သူတို့ကို ညပိုင်းအချိန်ကို ကျောက်နံရံများကို ဆောက်ဖြင့် ထွင်းထုကာ အချောသတ်ရင်း ကုန်ဆုံးကြသည်။
သူတို့၏ ကျောက်နံရံအတွက် သစ်သားနံရံနှင့် တံခါးများကိုသာ လိုအပ်တော့သည့် ရှန်းလီ၏ မိသားစုနှင့်မတူဘဲ ချန်းနှင့်ရွှီမိသားစုတို့သည် ကျောက်များကို ဆောက်များဖြင့် ဖြည်းဖြည်းချင်း ထွင်းထုတ်ရသည်။ သူတို့သည် နောက်တစ်နေ့တွင် မြေကြီးများကို သယ်ဖို့ လိုအပ်သဖြင့် နေ့ခင်းဘက်တွင် အချိန်မရှိချေ။ သူတို့သည် တာဝန်ပြီးမြောက်ရန် ညတိုင်း အားပိုစိုက်ကာ လုပ်ခဲ့ရပြီး ညပေါင်းများစွာ ကြာမြင့်ခဲ့သည်။
ဟုတ်ပါသည်။ ဒါသည် တစ်ခုတည်းသော နည်းလမ်းသာဖြစ်နိုင်မှန်း အားလုံးက သိကြသည်။ အကြောင်းမှာ သူတို့သည် တောင်အတွင်းပိုင်းတွင် သိခြားနေနေရခြင်းကြောင့်ပင်။ နောက်ပိုင်း ညပိုင်းတွင် ဆီမီးအိမ်များကိုသုံးခြင်းကလည်း လုံခြုံလိမ့်မည်။ မြင့်မားသည့်သစ်ပင်များနှင့် မတ်စောက်သည့်တောင်များက မြင်ကွင်းကို ကွယ်ထားပေးသည်။ သို့သော်လည်း မီးမွှေးလျှင်တော့ သူတို့သည် ဂူတံခါးကိုများကို ပိတ်ထားလျှင်ဖြစ်ဖြစ် အနည်းဆုံးတော့ အပြင်ဘက်မှ မသိနိုင်အောင် ကာကွယ်ထားရလိမ့်မည်။
ရှန်းလီက ကုတင်ကို တပ်ဆင်ပြီး ချန်းသရှန်က ကူညီပေးလိုက်ပြီး သူတို့သည် အလုပ်ကို မြန်မြန် လက်စသတ်လိုက်ကြ၏။ ပုံပေါ်လာသည့် ကုတင်ကို ကြည့်ရင်း စန်းလော့သည် ကျေးဇူးတင်စိတ်ကို မဖော်ပြဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
ချန်းသရှန်က ကျေးဇူးတင်စကားကို ငြင်းပယ်လိုက်၏။ “ခယ်မလေးရယ် ကျေးဇူးတင်စကား ပြောဖို့မလိုပါဘူး၊ ငါက ဒီညနေခင်းစာကို ကောင်းကောင်းကြီး တဝတပြဲ စားထားတာပဲလေ”
သူနှင့် ရှန်းလီကြား ခင်မင်မှုသည် အကူအညီပေး အပြန်အလှန်အားဖြင့် ထမင်းတစ်နပ် မလိုအပ်သည့် အဓိပ္ပါယ်ပင်။ သို့သော်လည်း သူသည် စန်းလော့၏ အချက်အပြုတ်လက်ရာ၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ချေ။ အထူးသဖြင့် ပဲနှပ်နှင့်အသား၏ အရသာရှိသည့် ရနံ့က သူတို့ဂူဖက်သို့ ဝေ့တက်လာချိန်တွင်ပင်။
စန်းလော့သည် ရှန်းလီနှင့် ချန်းသရှန်တို့ကြားက ရင်းနှီးသည့်သံယောဇဉ်ကို သတိထားမိလိုက်ပြီး ပြုံးပြလိုက်ကာ “ဟုတ်ပါပြီ၊ အားနာနေစရာမလိုပါဘူး၊ နောက်ပိုင်း ရှန်းလီအရဲ့အကူအညီလိုတယ်ဆိုရင် ကျွန်မတို့ကို ပြောသာပြောပါ”
သည်စကားကို ကြားလိုက်သည်တွင် ရှန်းလီက အပြုံးဖြင့် စန်းလော့ဘက်သို့ လှည့်လိုက်ပြီးနောက် ချန်းသရှန်ကို ခေါင်းညိတ်ပြလိုက်၏။ “မင်း ကြားတယ်နော်၊ မင်း အကူအညီလိုရင် တစ်ချက်သာ အော်ခေါ်လိုက်”
သူ၏လင်းဖြာနေသည့်မျက်နှာက ချန်းသရှန်ကို ငေးမော တွေဝေသွားစေကာ သူ့မှာ အနည်းငယ် ဆွံ့အသွားတော့သည်။
“အင်းပါ၊ ငါ အကူအညီလိုရင် မြိုသိပ်ထားမှာ မဟုတ်ပါဘူး” ချန်းသရှန်သည် ပြောလိုက်ပြီး စန်းလော့ဖက်လှည့်ကာ ပိုပြီး ယဉ်ကျေးသည့်လေသံတစ်ခုဖြင့် ထပ်ပြောလိုက်လေသည်။ “ဒါဆိုရင် ငါ ပြန်လိုက်အုံးမယ်နော် ခယ်မလေး၊ မင်းတို့တွေ သန့်ရှင်းရေးလုပ်တာကို မနှောင့်ယှက်တော့ဘူး”
သူတို့သည် ကုတင်ကို နေရာချတော့မည်ကို သိနေပြီး စန်းလော့သည် ပစ္စည်းအားလုံးကို မရွှေ့လာရသေးချေ။ သူတို့၏အိပ်ရာခင်းက ဂူကြီးထဲတွင် ရှိနေသေးသည်။ ချန်းသရှန်ကို လိုက်ပို့ပေးလိုက်ပြီး သူမက ဆီမီးအိမ်တစ်ခုကို မီးထွန်းလိုက်ကာ အိမ်နီးချင်း ဂူသို့ရောက်နေသည့် ရှန်းအန်းနှင့် ရှန်းနဉ်တို့ကို အိပ်ရာခင်းများ သယ်ကူဖို့ လှမ်းခေါ်လိုက်လေသည်။
သူတို့သည် အိပ်ရာခင်းကို သွားယူဖို့ ထွက်သွားနှင့် ရှန်းလီသည် ရုတ်တရက် တစ်ခုခုကို သတိရသွား၏။
သန့်စင်ခန်းက အဆင်သင့်ဖြစ်နေပြီး အပေါ့သွားအိုးကိုတော့ သူ မေ့သွားခဲ့သည်။
သူသည် ကိုယ်ကိုလှည့်ပြီး ထောင့်တွင်ရှိနေသည့် ဆောက်တစ်ချောင်းကို ရှာကာ တစ်လုံးလောက် မြန်မြန်လုပ်မည်ဟု စဉ်းစားလိုက်ချိန်တွင် မီးဖိုနားက မှိန်ပျပျထောင့်တစ်နေရာတွင် သစ်ငုတ်တိုနှင့်တူသည့် အရာတစ်ခုကို သတိထားမိလိုက်၏။
အနီးကပ် စစ်ဆေးကြည့်လိုက်တော့ အပေါ့သွားအိုးကလွဲလျှင် တခြား ဘာဖြစ်နိုင်ပါအုံးမည်နည်း။
ပုံစံကနည်းနည်းထူးဆန်းသော်လည်း ဖြတ်ထားသည့်မျက်နှာပြင်ကို အချောသတ်ထားသည်ကလွဲလျှင် အခေါက်ခွာထားသည့် သစ်ငုတ်တိုတစ်ခုနှင့် တူသော်လည်း ဒါသည် အိုးတစ်လုံးဖြစ်သည်ကို မမှားနိုင်ပေ။
ရှန်းလီသည် ထိုနေ့မနက်ခင်းက စန်းလော့ သူ့ကို သန့်စင်ခန်း ဆောက်ပေးဖို့ ပြောစဉ်က သူမတွင် ပြောစရာတစ်ခုခု ရှိနေသည့်ပုံ ဖြစ်နေသော်လည်း မပြောခဲ့သည့်အကြောင်းကို ရုတ်တရက် ပြန်စဉ်းစားလိုက်မိ၏။
အခုမှ နားလည်တော့တယ်။ သူက အပေါ့သွားအိုးတစ်ခု လုပ်ခိုင်းချင်လို့ ပြောဖို့ ကြိုးစားခဲ့တာလား။
၃လပိုင်း မရောက်သေးသော်လည်း ရှန်းလီသည် သူ့လည်ကုတ်နှင့် မျက်နှာက ပူတက်လာပြီး သူ့လက်ဖဝါးများက နွေးလာသည်ကို ခံစားလိုက်ရ၏။ အပူဓာတ်က သူ့ခန္ဓာကိုယ်တစ်လျှောက်လုံးသို့ မြင့်တက်လာသလို ခံစားလိုက်ရတော့သည်။
သူက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အားနေသည့်လက်ကို အေးသွားအောင် လှုပ်ခါလိုက်လေသည်။
အိုးကို မီးအလင်းရောင်နားသို့ ယူလာလိုက်ပြီး သူသည် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
သူ့အားထုတ်မှုကိုတော့ လေးစားမိပါရဲ့။ တကယ်ကို တော်တော်ကောင်းကောင်းလေး လုပ်ထားတာပဲ။
ဆိုင်တာဝန်ခံရွှီ သူ့ကို ပေးထားသည့် လက်သမားပစ္စည်းထဲက အဝိုင်းပုံဆောက်တစ်ချောင်းနှင့် အစောပိုင်း သုံးခဲ့သည့် ကျောက်တုံးအဝိုင်းနှင့် နှိုက်ယူလိုက်ပြီး ထိုအိုးကို အချောသပ်ပေးရန် ဘောင်ပေါ်တွင် ထိုင်ချလိုက်သည်။ ထိုနေ့မနက်ခင်းက သူမ၏တွေဝေနေပုံကို စဉ်းစားမိလိုက်ပြီး သူသည် အိုးနှင့် ပစ္စည်းကိရိယာများကို ယူကာ တခြားနေရာတွင် သွားလုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
စန်းလော့သည် ရှန်းအန်းနှင့် ရှန်းနဉ်တို့နှင့်အတူ သူတို့၏ အိပ်ရာခင်းများနှင့် ရှန်းလီ အမဲလိုက်ထားသည့် တိရစ္ဆာန်သားရေများကို ပြောင်းရွှေ့လာခဲ့ကြသည်။ သူတို့သည် ရှန်းလီကို မမြင်ဘဲ အခေါက်တော်တော်များ သွားလာလိုက်ကြပြီး ရှန်းလီက တခြားမိသားစု၏ ဂူထဲတွင် ကူညီပေးနေသည်ဟု မှတ်ထားလိုက်လေသည်။
အိပ်ရာပြင်ပြီးမှ ရှန်းလီ ပြန်ရောက်လာသည်ကို မြင်လိုက်ရသည်။ အများကြီး စဉ်းစားမနေဘဲ သူမက သူ့ကို ဂူကြီးထဲက သူတို့၏ မြေအိုး ၉လုံးကို ကူသယ်ပေးဖို့ ပြောလိုက်သည်။
သည်အိုးများက စန်းလော့၏ အဖိုးတန် ဝယ်ယူထားသည့် ပစ္စည်းများဖြစ်ကာ စွံပလွန်သီနှင့် အသီးယိုထည့်ရန်အတွက် မနှစ်က ဝယ်ယူထားခဲ့ခြင်းပင်။ သူမသည် စုစုပေါင်း ၁၀လုံး ဝယ်ယူခဲ့ပြီး တစ်လုံးကိုတော့ ကလေးများအတွက် သူတို့ တူးပေးခဲ့သည့် ကပ်ဘေးရှောင်မည့် ဂူထဲတွင် သိမ်းထားရန် ရှန်းကျင့်နှင့် ရှန်းယင်တို့ကို ပေးလိုက်သည်။
ကျန်သည့် မြေအိုး၉လုံးတွင် ၅လုံးကို သူတို့ ကပ်ဘေးရှောင်မည့် အစီအစဉ် စကတည်းက ဆားများကို လှောင်ထားခဲ့သည်။ ဆားသည် အချိန်အကြာကြီး သိုလှောင်ထားနိုင်ပြီး တာရှည်ခံ အသားအပါအဝါင် နှစ်ပေါင်းများစွာ အထားခံသည်။ သူတို့သည် နေရာပြောင်းရွှေ့ရသဖြင့် သည်မရှိမဖြစ် အရေးကြီးသည့် ပစ္စည်းများကိုလည်း သယ်လာရမည်က သဘာဝပင်။
ကျန်သည့် အိုး၄လုံးကိုတော့ စန်းလော့ဝယ်ထားသည့် ဆေးများကို ထည့်သိမ်းထားသည်။ သည်အိုးများ၏ အောက်ခြေတွင် ထုံးကျောက်နှင့် စီချွမ်းငရုပ်ကောင်းများ ခင်းထားပြီး အပေါ်က ထူထဲသည့် စာရွက်များဖြင့် ဖုံးအုပ်ထားပြီးမှာ ထိုအပေါ်မှာမှ ဆေးဝါးများကို ပြည့်ကြပ်နေအောင် ထည့်သိမ်းထားသည်။ အဖုံးများဖြင့် သေချာဖုံးအုပ်ထားပြီး အစိုပြန်ခြင်းနှင့် ပိုးမွှားများဘေးမှ သေချာ ကာကွယ်ထားသည်။
သည်အရေးကြီးသည့် အိုး၉လုံးက သူတို့နှင့်အတူ သယ်ဆောင်ခဲ့သည့် ပထမဆုံးပစ္စည်းများထဲ ပါလေသည်။ တခြားပိုင်ဆိုင်သည့် ပစ္စည်းများကို သိုလှောင်စင်များ ဆောက်ပြီးမှ ပြောင်းရွှေ့နိုင်သော်လည်း သည်ပစ္စည်းများကိုတော့ ချက်ချင်း လုံလုံ သိမ်းထားရန် လိုအပ်သည်။
သူတို့၏ အရေးကြီးပစ္စည်းများကို နေပြန်ချရင်း အလုပ်များပြီးနောက်တွင်တော့ ညဉ့်နက်လာလေသည်။ စန်းလော့သည် နောက်ဆုံးတော့ အနားယူရန် အချိန်ခဏ ရလာပြီး ဆေးကြောဖို့ရန် ရေအိုးထဲက ရေသွားခပ်လိုက်သည်။
ကိုယ်လက်သန့်စင်ရင်းတန်းလန်းက ဂူထဲတွင်ရှိနေသေးသည့် သူမလုပ်ထားသည့် အပေါ့သွားအိုးကို သတိရသွားတော့သည်။
မြန်မြန်သွားတိုက်ပြီး ဆေးကြောပြီးနောက်တွင် သူမသည် ရှန်းနဉ်ကို သူမမျက်နှာသစ်ရန် ရေလောင်းခိုင်းလိုက်သည်။ ကလေးများကို ကိုယ်လက်ဆေးကြောရန် ထားခဲ့လိုက်ပြီး သူမက အိုးကိုယူဖို့ ဂူထဲသို့ ပြန်လာလိုက်သည်။
အပေါ့သွားအိုးအသစ်ကို ထားခဲ့သည့်နေရာသို့ အရောက်တွင် ထိုအိုးက မရှိတော့ပေ။
စန်းလော့ : ???
တောင့်တောင့်တင်းတင်းဖြင့် ရှန်းလီဘက်သို့ လှည့်အကြည့်တွင် ကောက်ရိုးများခင်းသည့် ကြမ်းပြင်တွင် ဝံပုလွေ သားရေများကို ခင်းနေသည့် သူ့ကို တွေ့လိုက်ရ၏။ သူမ၏ခေါင်းက အိုးရှိရာ ထောင့်သို့ လှည့်ကြည့်နေသည်ကို မြင်လိုက်တော့ သူ့မှာ တောင့်တင်းသွားပြီး သူမက သူ့ဘက်သို့ မျက်နှာမူလိုက်လာချိန်တွင်တော့ လုံးဝ အေးခဲသွားတော့သည်။
“ရှန်းလီ ရှင် ဒီထောင့်နားက အိုးကို တွေ့လိုက်လား”
ရှန်းလီ: “....”
စန်းလော့က သူ အိုးများသွား သယ်နေတုန်း သန့်စင်ခန်းကို တစ်ချက်လေး ကြည့်လိုက်ရုံဖြင့် ဒါကို သိသွားလိမ့်မည်ဟု ထင်ထားခဲ့လေသည်။
သို့သော် မျှော်လင့်မထားဘဲ သူမက အခုမှ သတိရသွားပြီး ထိုပစ္စည်း ရှိခဲ့သည့် ထောင့်ဆီသို့ ချက်ချင်းသွားလိုက်သည်။
သူ့အမူအရာက တောင့်တင်းသွားပြီး ဂူအပြင်ဘက်ကို လက်ညိုးထိုးပြလိုက်ပြီးမှ သူက ပြောလိုက်၏။ “ကျွန်တော်... အဲဒါကို သန့်စင်ခန်းထဲမှာ သွားထားလိုက်ပြီ”
တဒင်္ဂတိတ်ဆိတ်မှုက ဂူထဲတွင် စိုးမိုးသွားပြီး စန်းလော့ထံမှာ “ဪ” ဟု ခပ်တိုတို တစ်လုံးတည်း ထွက်လာကာ သူမသည် ဆီမီးအိမ်နှင့် ထွက်သွားတော့သည်။
သန့်စင်ခန်းထဲတွင် သူမ လုပ်ထားသည့် အိုးနှင့်မတူသည့် အပေါ့သွားအိုးကို တွေ့လိုက်ရ၏။ အပြင်ပန်းက သစ်ငုတ်တိုနှင့် လုံးဝမတူတော့ချေ။ အခုတော့ အိုးတစ်လုံးပုံပေါ်လာပြီး အတွင်းပိုင်းကလည်း သူမလက်ဖြင့် ထွင်းထားသည့် အကြမ်းထည်ပုံစံ မဟုတ်တော့ချေ။
စန်းလော့သည် သူမ၏လက်သီးဖြင့် နဖူးကို အကြိမ်ကြိမ် ထုမိတော့သည်။
ဒီလိုမှန်းသိရင် အစကတည်းက ရှန်းလီကို လုပ်ပေးဖို့ တိုက်ရိုက်ပဲ မေးလိုက်ပါတယ်။ ဘာလို့များ မေးဖို့ အဲလောက်အထိ ရှက်နေခဲ့မိပါလိမ့်။ စိတ်လိုက်မာန်ပါလုပ်လိုက်ပြီးမှ ကိုယ့်ဟာကိုယ် ဒုက္ခပေးရာပဲ ကျတော့တယ်။ နောက်ဆုံးတော့လည်း ရှန်းလီကပဲ ပြင်ပေးရတာပဲ။
ဒါနဲ့များ ငါက ဘာလို့ ရေးကြီးခွင်ကျယ် လုပ်ခဲ့မိပါလိမ့်။ အစကတည်းက အဆင်ပြေပြေလေး ဖြစ်ရမဲ့ကိစ္စက အခုတော့ ကသိကအောက် ဖြစ်သွားရပြီ။
အခုမှပဲ တကယ် ရှက်ဖို့ကောင်းတော့တာပဲ။
...
အပိုင်း (၁၃၆) ရှန်းလီ
သူမသည် ဂူထဲသို့ ပြန်ဝင်လာချိန်တွင် စန်းလော့က သူမ၏ပါးလေးကို အကြိမ်အနည်းငယ် ဖျစ်ညှစ်လိုက်ပြီးနောက် အထဲသို့ လှမ်းဝင်လိုက်သည်။
သူမက ဒီလို ရူးကြောင်ကြောင်နိုင်လွန်းသည့် ကိစ္စမျိုးကို ဘယ်တော့မှ ထပ်မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်သည်။
ဒီအကြောင်းကို စဥ်းစားကြည့်လေ။ သူတို့ရဲ့ လက်ရှိအခြေအနေမှာဆိုရင် သူတို့မိသားစုလေးယောက်စလုံးရဲ့ နေရာထိုင်ခင်းက ဒီဂူငယ်လေးပဲ ရှိတာ။ ဘာဖြစ်လို့များ ကိစ္စတွေကို အတွေးလွန်နေမှာလဲ။
ဥပမာ အဝတ်လှန်းတဲ့ကိစ္စကိုပဲကြည့်။ အရင်တုန်းကဆိုရင်တော့ ခြံအနောက်ဖက်မှာ သူမရဲ့အတွင်းအင်္ကျီတွေကို ချိတ်လှန်းပြီး သီးသန့်ဖြစ်ဖို့အတွက် တံခါးကိုပိတ်ထားလို့ ရသေးတယ်။ ရှန်းလီကတော့ အပြင်ဘက်မှာ သူလျှော်ထားတဲ့အဝတ်တွေကို ချိတ်လှန်းရုံပဲ။ ဒါပေမဲ့ အခုကြတော့ သူမက ဒီလိုလုပ်နိုင်လို့လား။
လုံးဝ မလုပ်နိုင်ဘူးလေ။ ခြံအနောက်ဖက်လဲ မရှိတော့သလို အရှေ့ဖက်ခြံလဲ မရှိတော့ဘူး ။ဒီ အကန့်အသတ်နဲ့နေရာလေးပဲ ရှိတာ။
သို့နှင့် သူမသည် စိတ်ပူနေခြင်းကို လျော့ချဖို့ဆုံးဖြတ်လိုက်ပြီး ပိုပြီး စိတ်အေးသွားတော့သည်။
...
သူတို့ထွက်ပြေးလာသည့် ၁၉ရက်မြောက်ညတွင်တော့ စန်းလော့သည် နောက်ဆုံးတော့ အချိန်အကြာကြီး လွမ်းနေရသည့်ကုတင်ပေါ်တွင် အိပ်စက်နိုင်လေသည်။ ညပိုင်းတွင်လဲ သန့်စင်ခန်းသွားချိန်တွင် မြွေကင်းများကို ရင်ဆိုင်တွေ့ရမည့်အရေးမှ မရှိတော့လေရာ စိတ်အေးရပြန်သည်။
စန်းလော့သည် နောက်ဆုံးတော့ စိတ်ချသလို ခံစားလိုက်ရသည်။ နေ့ခင်းဖက် လုပ်ငန်းများကြောင့် ပင်ပန်းသွားပြီး သူမက မျက်လုံးကို မှိတ်လိုက်သည်နှင့် ချက်ခြင်းဆိုသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ နောက်တနေ့တွင် အရှေ့ရက်များက ရှက်ရွံ့သည့်ခံစားချက်ကို လုံးဝမေ့လျော့သွားပြီး နေ့တနေ့၏ များပြားသည့်လုပ်ငန်းတာဝန်က နေရာယူလာတော့သည်။
သယ်ယူပို့ဆောင်ရန် ကျန်နေသေးသည့် စပါးများရှိသေးသည်။ ရှန်းလီနှင့်တခြားခွန်အားရှိသည့်လူများက လျှိုမြောင်ထဲတွင် ၅ရက်သာနေခဲ့ရသည်။ သူတို့သည် တစ်ရက်ကို သစ်ပင်များခုတ်လဲခြင်းနှင့် သူတို့၏ဂူအတွက် ပရိဘောဂများ ပြုလုပ်ခြင်းအတွက် အသုံးချလိုက်ရပြီး အခုတော့ သူတို့သည် မြေကြီးများကို လျှိုမြောင်အတွင်းသို့ သယ်ပို့ရန်လိုအပ်လာသည်။ ထိုမြေများကို စိုက်ပျိုးမြေများအဖြစ် ပြောင်းလဲကာ တောင်ကမ်းပါးရံနှင့် မျက်နှာချင်းဆိုင်တွင် ဒေါင်လိုက် အသီးအရွက်စိုက်ခင်းကို ထားရှိမည်ဖြစ်သည့်အပြင် ကောက်ပဲသီးနှံစိုက်ပျိုးရန်အတွက် သင့်လျော်သည့်သစ်ပင်များကိုလဲ ပြန်ပြောင်းရွှေ့ပြီး စိုက်ရသည်။
အခွင့်အရေးကို ဖမ်းဆုပ်လိုက်ပြီး စန်းလော့က ရှန်းလီနှင့် တခြားသူများနှင့်အတူ လိုက်ပါကာ လျှိုမြောင်အပြင်ဘက် ခရီးတစ်ခေါက်လိုက်ထွက်လေသည်။ သူမတစ်ယောက်ထဲတော့ မဟုတ်ချေ။ ချင်ဖန်းညန်၊ ရှီအာ့လန်၏မိန်းမ၊ ဖန်းလျိုညန်၊ ကျိုးမိသားစုက အကြီးဆုံးချွေးမတို့ကလဲ အတူတူလိုက်ပါလာကြသည်။ သူတို့သည် အသီးအရွက်ခြောက်များနှင့် ပဲခြောက်များလို ချက်ခြင်းစားသောက်လို့ရသည့် အာဟာရဖြစ်သည့်အရာများကို ရှာဖွေကြသည့်အပြင် တောင်ထွက်ပစ္စည်းအမျိုးမျိုးကိုလဲ ရှာဖွေကြသည်။ လျှိုမြောင်က မြေနေရာ ပြင်ဆင်နေခြင်းကြောင့် တောဟင်းရွက်များ ယာယီရှားပါးနေသည်။
တောင်များက အစားအသောက်အရင်းအမြစ် ပေါများကြွယ်ဝလှသည်။ ခွန်အားရှိသည့် ယောက်ျားများ ပါနေသဖြင့် လုံခြုံရေးကို အာမခံလေရာ သူတို့သည် ပစ္စည်းအမျိုးမျိုးကို စုဆောင်းကြပြီး တ ချို့ပစ္စည်းများကို ရွှေ့ပြောင်းစိုက်ပျိုးကြသည်။
အဘွားချန်းကလဲ လိုက်ခဲ့မည်ဟု ပြောလေသည်။ တောဟင်းရွက်များကို ရှာဖွေဖို့ရန်မဟုတ်ဘဲ မြွေနှင့်ပိုးမွှားတိရိစ္ဆာန်များကို နှိမ်နင်းနိုင်မည့်ဆေးပင်ကို ရှာဖွေဖို့ရန် ဖြစ်သည်။ အထူးသဖြင့် ၂လပိုင်းနှင့် ၃လပိုင်းတွင် တောအတွင်းပိုင်း၌ မြွေကင်းနှင့်ပိုးမွှားများက စုပြုံကျလာတတ်သည့်အတွက်ကြောင့်ပင်။
တခြားသူများက သည်ဆေးပင်ကို မသိကြသည့်အတွက် သူမကိုယ်တိုင် သွားဖို့လိုအပ်သည်။ သူမကလဲ ထိုအပင်များကို ကောင်းကောင်း မဖော်ပြတတ်ပေ။ ထိုအပင်များကို ရှာတွေ့သည်နှင့် ချက်ခြင်း သူမက အပြင်ဘက်သို့ သွားနေကြဖြစ်သည့် ရှန်းလီနှင့်တခြားသူများကို ထိုအပင်များအား သေချာပေါက် ပြသရသည်။ သို့မှသာ သူတို့သည် နောက်ပိုင်းတွင် ထိုဆေးပင်များကို ခွဲခြားနိုင်ပြီး စုဆောင်းနိုင်လိမ့်မည်။ မြေကြီးများကို လျှိုမြောင်၏ဝင်ပေါက်အထိ သယ်ယူလာကြပြီး ခြင်းလေးများဖြင့် အထဲသို့ ပြန်ပြောင်းရွှေ့ကြသည်။ သူတို့ သည် လယ်ကွင်းထဲက မြေကြီးများကို ထူထဲလာအောင်လုပ်နိုင်သည့်အပြင် ရက်ပေါင်းများစွာ တောနင်းရှာဖွေပြီးနောက်တွင် ရာသီပေါ်တောဟင်းရွက်များ အမြောက်အမြားကို ရှာတွေ့ခဲ့ကြသည့်အပြင် ပူစီနံရွက်ကဲ့သို့သော အပင်များကိုလဲ ရှာတွေ့ကာ ထိုအပင်များကို တောင်ကမ်းပါးရံ၏ မျက်နှာခြင်းဆိုင် ဖြည့်ထားသည့် မြေပေါ်တွင် ပြောင်းရွှေ့စိုက်ပျိုးကြသည်။ ပိုနေသည့်အရာများကိုတော့ အပြင်ဘက်သို့မထွက်နိုင်သည့် သခင်မကြီးရွှီတို့လို မိသားစုကို မျှဝေပေးလိုက်သည်။
အဘွားရွှီကလဲ ဆိုင်တာဝန်ခံရွှီ စပါးရိက္ခာနှင့်အတူ ထည့်လာပေးသည့် အမျိုးမျိုးသောမျိုးစေ့များထဲက တစ်ခုဖြစ်သည့် ချင်း (ဂျင်း)တက်တချို့ကို စန်းလော့၏အားထုတ်မှု အတုံ့အလှည့်အနေဖြင့် ပြန် ပေးလိုက်သည်။
စန်းလော့၏မျက်လုံးများမှာ ချင်း (ဂျင်း)ကို မြင်လိုက်သည်တွင် လင်းလက်သွားတော့သည်။ ဒါသည် သူမအစောကတည်းက လိုချင်နေသည့်ပစ္စည်းပင်။ အပြင်ဘက်တွင်ရောင်းသည်က ရှားပါးသဖြင့် သူမမှာ ဆေးဆိုင်ကသာ ချင်း (ဂျင်း)အခြောက်များနှင့် ဖြေရှင်းခဲ့ရသည်။
သူမက ရှန်းလီကို သူမအတွက် သဲမြေတစ်ချို့ကို ယူသယ်လာခိုင်းပြီး ထိုအရာကို တန်ဖိုးထားသည်ဖြစ်ရာ သူမက ချင်း (ဂျင်း)ကို ဂရုတစိုက် စိုက်ပျိုးထားလိုက်သည်။
ချန်းအဘွားကလဲ ရှာရင်းဖွေရင်းဖြင့် မြွေနှင်ဆေးအပင် ၅မျိုး၆မျိုးကို အောင်အောင်မြင်မြင် ရှာတွေ့ခဲ့သည်။ အများအပြား မဟုတ်သဖြင့် သူတို့က မိသားစုအကြားတွင် ခွဲဝေပေးလိုက်ပြီး ဂူတစ်ခုစီ၏ဝင်ပေါက်နားတွင် တစ်ပင်နှစ်ပင်လောက်ကို စိုက်ထားလိုက်ကြသည်။
စန်းလော့သည် ထိုအပင်များကို မခွဲခြားတတ်သော်လည်း ချန်းအဘွား၏ မြွေနှင်ဆေးမှုန့်နှင့်ပတ်သတ်သည့် အသိပညာနှင့် သူမမိသားစုမျိုးဆက်က မုဆိုးများဖြစ်နေသည့်အတွက် ယုံကြည်လေသည်။ သူမက တစ်ပင်စီကို ဂူအဝတစ်ဖက်စီတွင် စိုက်ပျိုးထားလိုက်သည်။
နောက်ပိုင်းတွင် ရှန်းလီက ထိုအပင်များကို ထပ်ပြီးယူလာသည်။ စန်းလော့က ထိုအပင်အားလုံးကို သူတို့၏ ဂူဝင်ပေါက်ပတ်ပတ်လည်တွင် စိုက်ပျိုးထားလိုက်ပြီး သူတို့အိမ်ဘက်သို့ ဦးတည်နေသည့် ဖြစ်လာနိုင်သည့် မြွေလမ်းကြောင်းများကို ကာကွယ်ထားလိုက်သည်။ ထိုနေရာများတွင် သူတို့၏သန့်စင်ခန်းအတွင်းနှင့် ထိုသန့်စင်ခန်းသို့ သွားသည့်လမ်း ပတ်ဝန်းကျင်လဲ ပါဝင်သည်။
တခြားမိသားစုများကလဲ ထိုနည်းတူ လုပ်လိုက်ကြသည်။ လျှိုမြောင်ထဲတွင် နေရခြင်းက အကြီးဆုံးစိုးရိမ်စရာကိစ္စမှာ မြွေအန္တရာယ်ဖြစ်ပြီး ဒီအပင်များက အတိုင်းအတာတစ်ခုအထိ စိတ်ကို အေးချမ်းစေနိုင်သည်။
၄ရက်ဆက်တိုက် ရှာပြီးနောက်တွင် သူတို့သည် အပြင်ဘက်မှနေ၍ မြေဆွေးများကို လျှိုမြောင်ထဲသို့သယ်ပို့ကာ စိုက်ပျိုးမြေများ ပြင်ဆင်ခဲ့ကြသည်။ ညနေပိုင်းနှင့် ညခင်းများတွင် သူတို့သည် ဂူနံရံပေါ်တွင် ထိုးထွက်ပြီး ကြမ်းတမ်းနေသည့်အပိုင်းများကို ချောမွတ်အောင် အာရုံစိုက်ပြီးလုပ်လိုက်ကြသည်။ သူတို့က ရွှီမိသားစုကိုလဲ ကူညီပေးကြသည်။ သို့သော်ငြားလည်း ဝေ့ချင်းဟယ်က တဖြည်းဖြည်းလေ့လာပြီး ကောင်းကောင်းလေး လုပ်တတ်လာသည့်တိုင် နည်းနည်းတော့ နှေးကွေးနေသည်။
စပါးကို ထပ်သွားသယ်ရမည့် အချိန်ရောက်လာသည်တွင် စန်းလော့သည် တခြားမိသားစု၏ အခြေအနေကို မသိသော်ငြားလည်း သူမ၏မိသားစုကတော့ သူတို့၏ကြက်နှင့်ဘဲခြံများကို အောင်အောင်မြင်မြင် ရွှေ့ပြောင်းပြီးလေသည်။ ထိုအရာများကို ကောင်းကောင်းလေး ပြင်ဆင်မွမ်းမံလိုက်ပြီး အစားအသောက်နှင့် ရေတလျှောက်တို့ကိုပါ အသေးစိတ် ပြင်ဆင်လိုက်သည်။ ရှန်းလီက အစောပိုင်းတွင် ပြန့်ကျဲပြီးထားရသည့် အိုးခွက်များအတွက် စင်များကိုလဲ ဆောက်ပေးလိုက်သည်။ စန်းလော့က အစားအသောက်များကို သက်တောင့်သက်သာ ပြင်ဆင်နိုင်ရန် သစ်သားဗီဒိုလေးတစ်ခုကိုလဲ လုပ်ပေးလိုက်ကာ သိုလှောင်သည့် စင်ကလေးများကိုလဲ ထပ်လုပ်ပေးလိုက်ပြီး ထိုအထဲတွင် မီးဖိုချောင်သုံး ပစ္စည်းများနှင့် ပန်းကန်များကို ထည့်သိမ်းနိုင်လေသည်။
ရှန်းလီက မတော်တဆကိစ္စရပ်များကို ကာကွယ်နိင်ရန် ဂူထဲတွင် သီးခြားထိုးထွက်နေသည့် အပိုင်းများကို ချောမွေ့အောင် လုပ်ပေးလိုက်သည်။ စန်းလော့နှင့်တိုင်ပင်ပြီးနောက်တွင် သူက ဂူနံရံ၏အလယ်နားလောက်တွင် မီးအိမ်ထားဖို့ နေရာလေးတစ်ခုကိုပါ ထွင်းပေးလိုက်သည်။
ကျောက်နံရံထဲက မီးအိမ်ထွန်းသည့် နေရာလေးသည် အလင်းပေးဖို့ရန်အတွက် ရေနံဆီမီးအိမ်ကို လုံလုံခြုံခြုံထားနိုင်သည့် နေရာငယ်လေးတစ်ခုဖြစ်ကာ ဘေးတွင် မီးစာတစ်ခုကိုလဲ ထည့်သွင်းထားသည်။
သန့်စင်ခန်းတွင်လည်း ချောမွေ့သည့် နံရံတစ်ခုတွင် မီးအိမ်အတွက် နေရာတစ်ခုကို ထိုနည်းတူစွာ ပြုလုပ်ပေးလိုက်သည်။
"ချက်ပြုတ်တဲ့အခါ တံခါးကိုမပိတ်ထားလဲ လုံခြုံတယ်။ ဒါပေမဲ့ နောက်ပိုင်းကြရင် အိပ်တဲ့အခါတော့ တံခါးကိုပိတ်ထားသင့်တယ်။ မီးဖိုထဲမှာ ဘာမီးအစမှ ချန်ထားလို့မရဘူး၊ ဂူက လုံးဝကို အလုံပိတ်သွားမှာဆိုတော့ မီးမငြိမ်းဘဲချန်ထားတာက အန္တရာယ်မကင်းဘူး။ နောက်တခါ ကျွန်တော်ပြန်လာရင် မီးဖိုတစ်ခု သေသေချာချာလေး ဆောက်လို့ရတဲ့ရွှံ့မြေတစ်ခုကို ရှာလာပြီးရင် လေဝင်လေထွက်ပေါက်အတွက် မီးခိုးခေါင်းတိုင်တစ်ခုကို လုပ်ပေးမယ်"
စန်းလော့သည် အစောပိုင်းက မြွေများက ထိုမီးခိုးခေါင်းတိုင်မှတဆင့် လျှောဆင်းလာမှာကို စိုးရိမ်ခဲ့သည်။ သို့သော်ငြားလည်း ဂူပတ်ဝန်းကျင်တွင် မြွေနှင်သည့်အပင်များကို သတိရမိကာ စိတ်အေးသွားလေသည်။ သို့တိုင် သူမက မေးလိုက်လေသည်။
"ကျွန်မတို့တွေက အဲဒါကို မသုံးတဲ့အခါ ပိတ်လို့ရနိုင်တဲ့ဟာမျိုးကို လုပ်လို့ရလား"
ရှန်းလီက ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူမ၏စိုးရိမ်စိတ်ကို နားလည်သွားကာ သူက နွေးနွေးထွေးထွေး ပြုံးပြလိုက်ပြီး သဘောတူလိုက်သည်။
“ကောင်းပါပြီ”
အိမ်မှုကိစ္စများကို တိုင်ပင်ပြီးနောက်တွင် သူတို့သည်စိုက်ပျိုးမည့် တာဝန်အတွက် စဥ်းစားလိုက်ကြသည်။ ယောက်ျားသားများက ပင်ပန်းသည့် တာဝန်များကို ပြီးစီးအောင်လုပ်ခဲ့ကြပြီး ရေသွယ်မည့်မြောင်းကိုတော့ အကြီးအကဲလူကြီးများဖြစ်သည့် ချန်းအဘိုး၊ လုအဘိုး၊ ကျိုးချွမ်ကျန့်နှင့် ချန်းယိုထျန်းတို့ တူးဖို့အတွက် ချန်ထားပေးလိုက်သည်။ စန်းလော့နှင့် တခြားသူများကလဲ တတ်နိုင်သည့် အချိန်ကြလျှင် ကူညီပေးလိမ့်မည်။
လယ်ကွင်းများကို ထယ်ထိုးခြင်းက အကြီးမားဆုံးစိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။
“ချန်းအဘိုးက ဒီနှစ်စပါးအတွက် စပါးမျိုးစေ့တွေကို ရေစိမ်ပေးထားတယ်”
ရှန်းလီက ပြောလိုက်သည်။
"သူက မျိုးစေ့တွေကိုတောင် ရွေးထားပြီးပြီ၊ မြေက အများကြီးမရှိဘူးဆိုတော့ သူက ကျွန်တော်တို့အတွက်နဲ့ ရွှီမိသားစုအတွက်ကို ယူလာပေးလိမ့်မယ်။ ကျွန်တော်တို့တွေက နောက်ပိုင်းကျမှ ညီမျှတဲ့စပါးပမာဏကို ပြန်ပေးဖို့ပဲလိုတယ်၊ ဒါပေမဲ့ ကျွန်တော်က နွေဦးထယ်ထိုးတဲ့အချိန်လောက် ပြန်ရောက်လောက်မှာ မဟုတ်ဘူး။ ဒါက ခက်ခဲပြီးတော့ ညစ်ပတ်တဲ့အလုပ်ဖြစ်နိုင်တယ်။ ဒါပေမဲ့ မိသားစုတစ်ခုစီက မြေနည်းနည်းလေးပဲရှိတာဆိုတော့ အဆင်ပြေမှာပါ၊ ကျွန်တော်က ဦးလေးယိုထျန်းကိုပြောပြီး သစ်သားနဲ့လုပ်တဲ့ထယ်တစ်ခုကို လုပ်ခိုင်းထားတယ်။ နောက်ပြီးတော့ ရှောင်အန်းကိုလဲ လယ်ကွင်းထဲကို ခေါ်သွားဖို့ ပြောထားတယ်။ ဒါက သူ့ကို စိုက်ပျိုးရေးနဲ့ပတ်သတ်ပြီး သင်ပေးရမဲ့အချိန်ကောင်းတစ်ခု ဖြစ်လိမ့်မယ်”
အသက်၁၀နှစ်အရွယ်တွင် ကျေးလက်ကကလေးများအတွက် ဒီလိုတာဝန်ကို စတင်သင်ယူသည်က ပုံမှန်ပင်။
ရှန်းလီက စန်းလော့သည် ဖိနပ်နှင့်ခြေအိတ်များကိုချွတ်ပြီး ဘောင်းဘီကိုလိပ်တင်ကာ လယ်ကွင်းထဲသို့ဆင်းမည့်ပုံစံကိုတော့ တော်တော်လေး ပုံဖော်လို့မရနိုင်ပေ။
သူတို့မိသားစုထဲသို့ ဝင်မလာခင် သူမ၏ ထွက်ပြေးပုန်းရှောင်လာသည့် အချိန်ကလွဲလျှင် သူမသည် ဒီလိုခက်ခဲပင်ပန်းသည့်အလုပ်ကို ဘယ်တော့မှ လုပ်ဖူးမည်မဟုတ်ပေ။
ရှန်းလီသည် သူမ၏အစောပိုင်း ငတ်မွတ်ကာသေလုနီးပါး ဖြစ်သည့်အကြောင်းကို သိထားလေသည်။ သူမသည် စမ်းချောင်းထဲတွင် ငါဖမ်းနည်းကို သိသော်ငြားလည်း သူမ၏ အရွယ်ရောက်လာသည့် အခြေအနေကြောင့် ထိုအရာများကိုလုပ်ဖို့ ထိန်းချုပ်ထားသည်ကိုလဲ သိသည်။
ဒီလိုအမျိုးသမီးလေးတစ်ယောက်က သူတို့၏ ဆင်းရဲနွမ်းပါးလှသည့် အိမ်လေးဆီသို့ ရောက်လာခြင်းသည် ငှက်သိုက်တစ်ခုထဲတွင် အဆုံးသတ်သွားသည်ထက် ပိုလို့ပင်ဆိုးရွားသေးသည်။ လူရှေ့တွင် ဖိနပ်နှင့်ခြေအိတ်များကိုချွတ်ပြီး ရွှံ့တောထဲသို့ ခြေဗလာဖြင့် ဆင်းရသည့်အတွေးကပင် သူမအတွက် စဥ်းစားလို့ရနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် စန်းလော့က လယ်ထွန်နေမည့်စိတ်ကူးကတော့ ရှန်းလီ၏စိတ်ထဲတွင် ဘယ်တော့မှ ပေါ်မလာချေ။ သူက ထိုကိစ္စအတွက် ကြိုတင်ပြီး ကောင်းကောင်း စီစဥ်ထားလိုက်သည်။
တခါက သူမသည် ရှန်းအန်း၏သံသယများကို ပြေပျောက်သွားဖို့ရန်အတွက် ထုတ်ပြောခဲ့သည့်အကြောင်းကို ရှန်းလီက ဂရုတစိုက် သတိတရ ထည့်စဥ်းစားပေးလိမ့်မည်ဟု စန်းလော့က မျှော်လင့်မထားပေ ။ဟုတ်ပါသည်။ ထယ်ထိုးခြင်းကတော့ သူမ အားသန်သည့်ကိစ္စ မဟုတ်ပေ။
သူမ၏ အရင်ဘဝက တောင်ပေါ်တွင်နေရသည့်အချိန်တွင်လဲ သူမသည် ဥယျာဥ်စိုက်ပျိုးခြင်းနှင့် ကြက်မွေးမြူခြင်းသာ လုပ်ခဲ့သည်။ သူမသည် မျှော့ကို ကြောက်တတ်သည့်အတွက်ကြောင့် တပိုင်း၊ လယ်ကွင်းထဲတွင် ဘယ်တော့မှအလုပ်မလုပ်ဖူး သည်က တပိုင်းကြောင့် ကလေးဘဝက မသိစိတ်၏ စွဲနေသည့်အကြောက်တရားတစ်ခုနှင့် မျှော့ကခြေထောက်ကို တွယ်ကပ်နေသည့် စိတ်ညစ်စရာမြင်ကွင်းကြောင့် လဲပါသည်။
ထိုအတွေ့အကြုံများကို ကြုံတွေ့ခဲ့ရပြီးနောက်တွင် သူမသည် လယ်ကွင်းထဲ၌ အလုပ်လုပ်ရန် လုံးဝ ဆန္ဒမရှိတော့ပေ။
သူမ၏ ကျန်းမာရေးကလဲ လုံးဝမကောင်းသဖြင့် ဥယျာဥ်စိုက်ပျိုးခြင်းနှင့် ကြက်မွေးမြူခြင်းကိုသာ တစိုက်မတ်မတ်လုပ်ရသည်ကို ပိုကြိုက်သည်။ ထို့ကြောင့် သူမက ဒေသခံရွာသားများဆီမှ ဆန်များကို ဝယ်ယူခဲ့ရသည်။ ဒါသည် တတ်နိုင်သည့်ပမာဏဖြစ်ပြီး နေ့စဥ်ကုန်ကျစရိတ်လဲ မများပေ။
သူမက လယ်ကွင်းထဲသို့ သွားစရာလိုလိမ့်မည်မဟုတ်ဘဲ ရှန်းအန်းက သူမကိုယ်စား သွားပေးလိမ့်မည်ဟု ရှန်းလီ ပြောလိုက်သည့်စကားကို ကြားလိုက်သည်တွင် စန်းလော့က စိတ်အေးသွားသလို ခံစားလိုက်ရသည်။ သူမက သူတို့ရထားသည့် လယ်ကွင်းသေးသေးလေးကို စဥ်းစားလိုက်ပြီး ရှန်းအန်းကို လှမ်းကြည့်လိုက်သည်။
သူ့မရီးက သူ့ဘက်သို့ လှမ်းကြည့်လာသည်ကို မြင်လိုက်သည်တွင် ရှန်းအန်းက ချက်ခြင်း ခေါင်းငြိမ့်ပြသည်။
"ဟုတ်တယ်မရီး၊ မရီးက လယ်ကွင်းထဲ သွားစရာမလိုပါဘူး။ ကျွန်တော် ကိုင်တွယ်နိုင်ပါတယ် အထူးသဖြင့် ဦးလေးယိုထျန်းက သင်ပြပေးမှာလေ၊ အစ်ကိုကလဲ ကျွန်တော်နဲ့ ဒီကိစ္စတိုင်ပင်ပြီးသွားပြီ၊ ဟူကျီနဲ့တခြားသူတွေကလဲ လယ်စိုက်ဖို့အလုပ်ကို စပြီးသင်ယူနေကြပြီလေ"
စန်းလော့က ပြုံးလိုက်သည်။ "ကောင်းလိုက်တာ၊ ငါကလေ လယ်ယာအလုပ်တွေကို တကယ်ပဲ စိတ်မပါလှဘူး”
အားလုံးက ရယ်မောလိုက်ကြသည်။ စန်းလော့၏ လုပ်နိုင်စွမ်းကို သိသော်ငြားလည်း သူမ၏ ခွန်အားက ဗဟုသုတ၊ အသိပညာ၊ ဉာဏ်ရည်ဉာဏ်စွမ်းနှင့် အချက်အပြုတ်တွင်သာ ပိုပြီးအားသာပြီး လုပ်အားသုံးရသည့် လယ်လုပ်ငန်းတွင်တော့ မဟုတ်ပေ။ သူမက မစင်မြေသြဇာနံ့များကို မကြိုက်နှစ်သက်ပေ။ အထူးသဖြင့် ပိုးမွှားများနှင့် မြွေကင်းများကိုလဲ ကြောက်ရွံ့သည်။ သည်အချက်ကို မိသားစုဝင်ထဲတွင် ကောင်းကောင်းသိကြသည်။
ရှန်းလီကလဲ တဟင်းဟင်း ရယ်မောလိုက်၏။ သို့သော်ငြားလည်း အပြင်ဘက်က အာရုံဦးအလင်းကို တစ်ချက်ကြည့်လိုက်သည်တွင် သူက ပြောလိုက်သည်။
"ကျွန်တော်အခု သွားဖို့လိုလာပြီ၊ ဒါက အသွားအပြန်ခရီးဖြစ်မှာ၊ ဆိုင်တာဝန်ခံရွှီက စာလေးဘာလေးများ ထားခဲ့သလားဆိုတာကိုလဲ စစ်ရလိမ့်မယ်။ ကျွန်တော် ပြန်မရောက်လာခင်အထိ ၁၀ရက်လောက်တော့ ကြာလိမ့်မယ်"
ထိုသို့ပြောနေရင်းက သူသည် လွမ်းဆွတ်တမ်းတသည့် ခံစားချက်တစ်ခုကိုပင် ခံစားနေရပြီဖြစ်သည်။
စန်းလော့ကတော့ ပိုပြီးအိန္ဒြေရပြီး သူ့အတွက် ရိက္ခာခြောက်များကို ကြိုတင်ပြင်ဆင်ထားပေးလိုက်သည်။ သူမက ခါတိုင်းလိုပင် မှာစရာရှိသည်ကို မှာကြားလိုက်ပြီး အဓိကကတော့ လုံခြုံရေးကို အာရုံစိုက်ဖို့ပင်။
စန်းလော့၏မျက်လုံးထဲတွင် တူညီသည့်လွမ်းဆွတ်သည့် ခံစားချက် ကင်းမဲ့နေသည်ကို သတိထားမိလိုက်သည်တွင် ရှန်းလီသည် ရုတ်တရက် စူးရှသွားသည့် စိတ်ပျက်ဖွယ် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သူက အပြုံးတစ်ခုဖြင့် မြန်မြန်လေး ဖုံးကွယ်ထားလိုက်သည်။ သူ၏ တဒင်္ဂ ခံစားချက် အပြောင်းအလဲကို သတိမထားမိသည့် စန်းလော့ကတော့ ရှန်းအန်းနှင့် ရှန်းနဥ်တို့နှင့်အတူ ရှန်းလီကို တံခါးနားအထိ လိုက်ပို့ပေးလိုက်သည်။
တခြားမိသားစုများကလဲ သူတို့၏မိသားစုဝင်များကို လိုက်ပို့ပေးကြသည်။ နောက်ဆုံးစကားကတော့ လုံခြုံရေးကို ဦးစားပေးဖို့ရန်ဖြစ်ပြီး လျှိုမြောင်၏ ဝင်ပေါက်အထိပင် ရောက်ရှိလာကြသည်။ ရှန်းလီက လမ်းကြောင်းကို ဂရုတစိုက် ပြန်ပိတ်ဆို့ထားလိုက်ပြီးနောက် ထွက်သွားတော့သည်။
လျှိုမြောင်ထဲက လူနည်းစုသာ ကျန်ခဲ့သဖြင့် တိတ်ဆိတ် ငြိမ်သက်သွားသည်။ သို့သော်ငြားလည်း ရေမြောင်းသွယ်ခြင်း၊ စပါးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း စသည့်အလုပ်များကိုတော့ ဆက်လုပ်နေရပြီး ရေအထောက်အပံ့ကိုလဲ ပြုလုပ်ပြီးသွားသည်။
သေးငယ်သည့် ရေတံခွန်လေးက သောက်သုံးရေကို ထောက်ပံ့ပေးပြီး ရေအိုင်လေးထဲကရေကိုတော့ စပါးခင်းအတွက်နှင့် တခြားလိုအပ်ချက်အတွက် သိုလှောင်ထားလိုက်သည်။ လျှော်ဖွတ်ခြင်း အလုပ်ကို ရေကန်နားတွင် လုပ်ကြသော်လည်း အညစ်အကြေးရေများကတော့ သီးသန့်စွန့်ပစ်နေရာတစ်ခု လိုအပ်သည်။
ချန်းအဘိုးနှင့် တခြားသူများက လျှိုမြောင်ကို ပတ်ကြည့်လိုက်ကြပြီး မြေသြဇာတွင်းများအနီးတွင် ရေဆိုးများကိုထုတ်ဖို့ရန် ကန်ငယ်လေးတစ်ခု တူးဖို့ရွေးချယ်လိုက်ကြပြီး တောင်ကျစမ်းချောင်း အများကြီးထဲက တစ်ခုကို ရွေးချယ်လိုက်ကြသည်။
လျှိုမြောင်၏အရွယ်အစားက သေးငယ်သဖြင့် အားလုံးက သူတို့၏ပတ်ဝန်းကျင်ကို ဂရုစိုက်ရသည်။ ထို့ကြောင့် သေးငယ်သည့် အလုပ်တာဝန်ကပင် အရေးကြီးလေသည်။
ချန်းယိုထျန်းက မိသားစုတစ်ခုစီအတွက် သစ်သားထယ်ကို ပြုလုပ်ဖို့ရန် တာဝန်ယူထားပြီး ချန်းအဘိုး၊ လုအဘိုးနှင့် ကျိုးရွာသူကြီးက တာဝန်အများစုကို ယူထားကြသည်။ မိသားစုအားလုံးထဲက ဆယ်ကျော်သက်လေးများကို ကျိုးရွာသူကြီးက အကူအညီပေးဖို့ ခေါ်ထားသည်။
ရှန်းနဥ်၊ ချန်းရှောင်ယာ၊ ရှီချောင်အာနှင့် ရွှီဝမ်ယင်းတို့လို မိန်းမငယ်လေးများကတော့ လွတ်လွတ်လပ်လပ် ကစားနိုင်ကြသည်။
မိန်းကလေးများက ရွှီမိသားစု၏ဂူတွင် စုဝေးကြစဥ် စန်းလော့ကတော့ သူမ၏ဂူလေးထဲသို့ ပြန်ရောက်လာသည်။
ရှန်းလီအိပ်သည့်ဖျာကလေးက မြေကြီးပေါ်တွင် ကျန်ရစ်နေပြီး သေသေသပ်သပ် သိမ်းခေါက်ထားသည်။ ထိုအရာက စန်းလော့ကို နောက်ကျမှရောက်လာသည့် တမ်းတသည့် ခံစားချက်လှိုင်းတစ်ခု ထွက်လာစေပြီး ရှုပ်ထွေးသည့်ခံစားချက်များ ဖြစ်သွားတော့သည်။
ဒါသည် ဒီအတိုင်း တမ်းတစိတ်တော့ မဟုတ်ပေ။ သူမသည် ရောထွေးနေသည့် ခံစားချက်များ၏ လွှမ်းမိုးခံလိုက်ရသည်။
၅ရက်တာအတွင်းမှာ ရှန်းလီက မနားတမ်းအလုပ် များနေပြီး တာဝန်တွေ အများကြီးကိုလဲ ယူခဲ့ရတယ်။ ၂ပတ်အကြာမှာ သူမအတွက်တောင် အိပ်စရာ ပြင်ဆင်ပေးလိုက်သေးတယ်။ ဒါပေမဲ့ သူကိုယ်တိုင်အတွက်တော့ သူ့ရဲ့အိပ်ယာလေးတစ်ခုကိုတောင် အချိန်မှီ မလုပ်နိုင်ခဲ့ဘူး။
စန်းလော့သည် သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသည့် အိပ်ယာခင်းများကို ကြည့်လိုက်ပြီး ရုတ်တရက် ညင်ညင်သာသာလေး ပြုံးမိသွားကာ သူမ၏ အမူအယာက နူးညံ့သွားတော့သည်။
"ရှန်းလီ"
သူ့နာမည်ကို စိတ်ထဲက ရေရွတ်မိလိုက်ပြီး စန်းလော့က ပြုံးမိကာ ရှန်းလီ၏အိပ်ယာခင်းကို သူမ၏အိပ်ယာဆီသို့ ပြောင်းရွှေ့လိုက်ပြီး ဖျာနှင့်ဝံပုလွေသားရေများကို နေထုတ်လှန်းပေးလိုက်သည်။
သူပြန်လာလျှင်တော့ သူမက သူ့၏အိပ်ယာခင်းများကို ပြင်ဆင်ပေးပြီး အားလုံးကို လျှော်ဖွတ်ပေးမည်ဟု စဥ်းစားထားလိုက်လေသည်။
...