အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
အပိုင်း (၁၄၁) နင့် အမေပြောတာ နားထောင်
ရှန်းမိသားစု၏ တတိယမိသားစု။
ရှန်းကျင့်သည် ရှန်းယင်ကို အဖော်ပြုလျက် လေ၏အလျင်ဖြင့် အိမ်ပြန်လာခဲ့ပြီး သူမ၏ နှလုံးကြေကွဲဖွယ် ချောင်းဆိုးသံကြောင့် လီရှီ ရှိနေသော အခန်းကို တိုက်ရိုက်ဦးတည်သွားသည်။
လီရှီက ညဖက်တွင်လည်း အိပ်မပျော်သလို နေ့ခင်းဖက်တွင်လည်း ပင်းပန်းနွမ်းနယ်လျက် သူမ၏ အချိန်အတော်များများကို အိပ်ယာပေါ်မှာသာ ကုန်ဆုံးနေရပြီး ချောင်းမဆိုး အသက်ရှူမပြင်းချိန်များမှသာ အနားယူရသည်။
"အမေ အမေ၊ ကျွန်တော်တို့ ဒီမှာ ဘာယူလာခဲ့လဲ ကြည့်ပါဦး"
လှုပ်ရှားသံများ ကြားသောအခါ လီရှီ ခေတ္တမျှ ချောင်းပြင်းထန်စွာ ဆိုးပြီးနောက် သက်သာသွားမှ သူမ၏ သားများကို မော့ကြည့်လာသည်။
သူမက သူတို့နှစ်ယောက်လုံးကို လက်ဗလာများနှင့်ဖြစ်သည့်တိုင် တောက်ပသောမျက်ဝန်းများနှင့် တွေ့လိုက်ရသည်။
နားမလည်နိုင်ဘဲ သူမသည် ငေးကြည့်နေရာ ရှန်းကျင့်၏ မျက်လုံးများက အရောင်တောက်နေပြီး သူက သူ့အိတ်ကပ်ထဲမှ ငွေတစ်တွဲကို ထုတ်လိုက်ပြီး နောက်ထပ် ကြေးပြားများ လက်တစ်ဆုပ်စာကို ဆွဲထုတ်လိုက်ပြီးနောက် စောင်ပေါ်တွင် အားလုံး ဖြန့်ချလိုက်သည်။
"အမေကြည့်ပါဦး ငွေတွေ"
ရှန်းကျင့်၏ အသံက ထိန်းချုပ်ထားသည့်တိုင် သူ၏ လေသံထဲမှ စိတ်လှုပ်ရှားခြင်းနှင့် ပီတဖြစ်ခြင်းကို မဖုံးကွယ်နိုင်ပေ။
လီရှီက သူမ၏အိပ်ယာပေါ်မှ ရုတ်တရက်ထလာလျက် သူမ၏ယခင် လေးတွဲ့တွဲ့အနေအထားမှ လုံးဝ ပြောင်းလဲနေပေသည်။
"နင်တို့ ဒီပိုက်ဆံ ဘယ်ကရလာတာလဲ"
ရှန်းကျင့်၏ မျက်လုံးများက အပြုံးတစ်ခုကို ပုံဖော်လျက်ရှိပြီး သူတစ်စုံတစ်ရာမပြောနိုင်ခင်မှာပင် ရှန်းယင်က စိတ်လှုပ်ရှားစွာ ဖြတ်ပြောလာသည်။
"အမေ၊ အစ်ကိုက ရစ်ငှက်တစ်ကောင် ဖမ်းမိတာ၊ ကျွန်တော်တို့ စျေးသည်ဆီကို ရောင်းလိုက်ပြီး ၁၁၀ ဝမ် ရလာတယ်"
"ဘယ်လောက်"
"၁၁၀ ဝမ်"
ရှန်းကျင့်က ပြန်ဖြေသည်။
လီရှီ၏ အသက်ရှူနှုန်းက မြန်ဆန်လာပြီးနောက် သူမက အတန်ကြာ ချောင်းပြန်ဆိုးသွားပြီးနောက်မှ ဒါကို လျစ်လျူရှုထားလိုက်ကာ တံခါးကိုညွှန်ပြလိုက်သည်။
"တံခါးတွေ ပိတ်လိုက်၊ ရှောင်ထျယ်နဲ့ ထျန်းယာရော"
ကြောင်သွားသည့် ရှန်းယင်က တံခါးကို ထပိတ်နေစဥ် ရှန်းကျင့်က ခေါင်းကို ခါယမ်းလိုက်သည်။
"သူတို့ကို မတွေ့သေးဘူး၊ အနီးနားမှာ တောရိုင်း အသီးအရွက်တွေ ရှာနေတာလားမသိဘူး"
လီရှီက စိတ်သက်သာရာရသည့် ဟန်ဖြင့် သက်ပြင်းချလိုက်ရင်း
"ကောင်းတယ်၊ နားထောင်ကြ၊ နင်တို့ ငှက်တွေထောင်ပြီး ငွေရှာတဲ့အကြောင်း နင်တို့အဖေကို ပေးသိလို့မဖြစ်ဘူး၊ ရှောင်ထျယ်နဲ့ ထျန်းယာက ငယ်လွန်းသေးတော့ သူတို့ကလည်း လျှို့ဝှက်မထားနိုင်တာမျိုး ဖြစ်နိုင်တယ်၊ သူတို့ကိုလည်း မပြောနဲ့"
သူမ၏ ရှန်းစန်းအပေါ် မယုံကြည်မှူကို ဖုံးကွယ်မထားတော့ဘဲ လီရှီက ရှန်းယင်ကို သူမ၏ သားကြီး ရှေ့မှာတင် ညွှန်ကြားလိုက်သည်။
"ခြံဝင်းထဲမှာ သွားရပ်စောင့်နေပြီး တစ်ယောက်ယောက်လာရင် အသံပေးလိုက်"
ရိုကျိုးစွာပင် ရှန်းယင်က ခေါင်းငြိမ့်လျက် တံခါးကိုဖွင့်၊ အပြင်ကိုထွက်ပြီး တံခါးပြန်ပိတ်သွားကာ ခြံဝင်းထဲတွင် ရပ်စောင့်နေလေသည်။
ထိုအခါမှပင် လီရှီက ရှန်းကျင့်ကို သူ ငှက်ကို ဘယ်လို ထောင်ခဲ့ကြောင်းနှင့် စျေးသည်ထံ ဘယ်လိုရောင်းခဲ့ကြောင်းကို အသေးစိတ်မေးသည်။
အားလုံးကြားပြီးနောက်တော့ လီရှီက သက်ပြင်းချလိုက်သည်။
"အဲဒီ စျေးသည်က လူကောင်းပဲ၊ နင် သူပြောတာနားထောင်ပြီး စပါးတစ်ချို့နဲ့ လဲလှယ်ခဲ့သင့်တယ်"
သားဖြစ်သူက ဒီငှက်ကို ဖမ်းမမိခင် ဆယ်ရက်ကျော် ထောင်ချောက်များကို ဆင်ခဲ့ရသဖြင့် ထိုငှက်များကို ဖမ်းရန် မည်မျှ ခက်ခဲကြောင်း လီရှီက နားလည်လိုက်သည်။
အတွေ့အကြုံမရှိခြင်းကလည်း အကြောင်းရင်း ဖြစ်ပေမယ့် အချိန်ကြာလာသည်နှင့် တိုးတက်လာနိုင်သည်။
သို့သော်လည်း သူမနောက်ထပ် သိနေတာက သူတို့သ် တောင်အတွင်းပိုင်းသို့ စွန့်စားသွားလာခြင်းကို ရှောင်ခဲ့ပြီး ငှက်တွေက ရွာအနီးအနားမှာလည်း ရှားပါးကြောင်း ဖြစ်သည်။
ရှန်းလီ သူ့ကို ငှက်ထောင်နည်း သင်ပေးခဲ့စဥ်က သူတို့အတွက် ရွေးချယ်စရာမရှိတော့ပဲ တောင်တွေဆီသွားပြီး အရဲစွန့်ရမည့် အချိန်တွေအတွက် ပြင်ဆင်ရန် ဖြစ်နိုင်ပေသည်။
လီရှီက သူမ၏ ကိုးနှစ်အရွယ်သားလေးကို သူမအတွက်နှင့် တောင်များသို့သွားပြီး ငှက်ထောင်ဖမ်းခိုင်းရလောက်သည်အထိ ရက်စက်သူမဟုတ်တာကြောင့် ရှန်းကျင့်ကို အကြံပေးလိုက်သည်။
"နောက်တစ်ကြိမ် ငှက်ထောင်လို့မိရင် စပါးတွေနဲ့ လဲထားလိုက်၊ ဒါပေမယ့် ဆန်ကောင်းတွေတော့ မဟုတ်ဘူးပေါ့၊ ပဲလိုဟာတစ်မျိုးမျိုးကိုယူပြီး သားနဲ့ ရှန်းယင် တူးထားတဲ့ ဂူထဲမှာ ဖွက်ထားလိုက်"
ရှန်းစန်းကို မှီခိုရန် မဖြစ်နိုင်ပေ။ သူသည် ရှန်းကျင့်က ငှက်များကို ထောင်ဖမ်းနိုင်မှန်း သိခဲ့ပါလျှင် တောင်တွေထဲက ဒုက္ခတွေဘာတွေ နားမလည်ဘဲ ငွေရရန်အခွင့်အရေးကိုသာ အာရုံစိုက်ပေလိမ့်မည်။ ထို့ပြင် ငွေလက်ထဲရှိနေပါက သူက ဆန်ကောင်းတွေနဲ့ ချက်ချင်း လဲလှယ်ပစ်လိမ့်မည်။
စျေးသည်အိုကြီး၏ စကားများက စစ်မှန်ပေသည်။ ဘဝက ခန့်မှန်း၍ မရနိုင်သောကြောင့် သူတို့ ပဲတွေ သိမ်းထားခဲ့သည့်တိုင် ရိတ်သိမ်းချိန်မရောက်ခင် လပေါင်းများစွာ စောင့်ရပေမည်။
ပဲရိတ်သိမ်းချိန်ထိ ငြိမ်းချမ်းမှုက ခံပါ့လား။
ထို့ကြောင့် စပါးများကို သိုလှောင်ထားခြင်းက မှန်ကန်သည့် လုပ်ရပ်ဖြစ်သည်။ ရှန်းစန်း၏ အခက်အခဲကို ရင်မဆိုင်ချင်သည့် အမူအကျင့်အရဆိုလျှင် အိမ်မှာ စပါးများကို သိမ်းထားခြင်းက အချည်းအနှီးသာ ဖြစ်သည်။
ရှန်းကျင့်နှင့် သူတို့မောင်နှမများက တစ်နေရာရာမှာ ဖွက်ထားရန် လိုပေသည်။
ရှန်းကျင့်က သူ့အမေ၏ ရည်ရွယ်ချက်ကို နားလည်သလို ရှိပေသည်။
သူတို့အဖေ၏ တောဟင်းရွက် စားရခြင်းအပေါ်မကျေနပ်ချက်က သူ၏အိမ်တွင် စိတ်တိုင်းမကျသည့် အပြုအမူက သက်သေပင်။
သို့သော်လည်း ရှန်းကျင့်က ဆိုလိုက်သည်။
"အမေ၊ အမေက ပြန်ကောင်းဖိုပဲ အရင်အာရုံစိုက်ပါနော်၊ ဒီလို ခဏခဏ ချောင်းဆိုးနေတာက စိတ်ပူစရာဖြစ်နေတော့ သားကို နည်းနည်းတော့ လှန့်နေသလိုပဲ"
သူစိုးရိမ်သည့် အရာကို ထုတ်မပြောပေမယ့် သားရော အမေပါ နှစ်ယောက်လုံး နားလည်ကြသည်။
အကြောက်တရားကတော့ လီရှီကို ဆုံးရှုံးရမှာကိုပင်။
ရှန်းစန်းက ဒီလိုပုံစံ ဖြစ်နေရင်တော့ မောင်နှမတွေ ဘယ်သူ့ကို မှီခိုရပါ့မလဲ။
အိပ်ယာပေါ် ပြန်လည်မှီလိုက်ရင်း လီရှီက သူ့ကို အားပေးသည်။
"မပူပါနဲ့ ချောင်းလေးပဲဆိုးတာကို၊ စိတ်အနှောင့်အယှက် ဖြစ်လားဆို ဖြစ်တယ်၊ ဒါပေမယ့် ဒါက အမေ့ကို နောက်ဆယ်စုနှစ် တစ်ခုလောက်ထိ မသေနိုင်သေးပါဘူး"
သူမက ချောင်းထပ်ဆိုးလာပြီး သူမ၏ ခန္ဓာကိုယ်က အရှေ့ကို အားနှင့် ကွေးကျသွားသော်လည်း ပြန်ကောင်းလာအောင် အချိန်ခဏယူလိုက်ရပြီးမှ ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်သည်။
"အမေပြောတာနားထောင်၊ နောက်ထပ် ငှက်ဖမ်းမိရင် ဒီနေ့ အမေ ပြောသလိုလုပ်၊ ဟိုစျေးသည်ကို တိတ်တိတ်လေးရှာပြီး စပါးတွေနဲ့လဲပြီး သိမ်းထားလိုက်၊ စပါးတွေက အနာဂတ်မှာ ပိုက်ဆံထက်ပိုပြီး အသုံးဝင်လာလိမ့်မယ်၊ ဆေးကုစရာရှိလာရင်တောင် စပါးတွေရှိနေရင် သမားတော်က အမေ့ကို ကုပေးဖို့ ငြင်းမှာမဟုတ်တာ သေချာတယ်"
လီရှီသည် ရွာလူကြီးက စပါးတွေကို ဝယ်ဖို့အကြံပေးစဥ်တုန်းက မဝယ်မိခဲ့သည်ကို နောင်တရမိလေသည်။ အထူးသဖြင့် သူမနှင့် ရှန်းစန်းက ထိုအကြံကို လှောင်ပြောင်ခဲ့မိသောကြောင့်ပင်။
သူမ၏ မနှစ်မြို့ရခြင်း အကြောင်းအရင်းက ထိုအကြံကို ဦးဆောင်သူများမှာ စန်းလော့နှင့် သူမ၏ ရပ်ဆွေရပ်မျိုးများ ဖြစ်နေတာကြောင့် သူမက ဆန့်ကျင်လိုခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်း ရှန်းလီ ပြန်လာချိန်တွင် သူက ရွာသူရွာသားများကို စပါးများ ဝယ်ယူရန် သတိပေးခဲ့သည်။ သူက သူတို့မိသားစုကို ချန်လှပ်ထားခဲ့ခြင်း မရှိပေမယ့် ထိုအချိန်က သူမက လူမှုဝန်ထမ်း သွားနေရပြီး ရှန်းစန်းက အလုပ်မလုပ်ချင်သောကြောင့် နေမကောင်းဟန်ဆောင်ပြီး သွားမဝယ်ခဲ့ပေ။ နောက်ပိုင်း စပါးစျေးများ ခေါင်ခိုက်လာချိန်မှ သူမက အိမ်ပြန်ရောက်လာခဲ့ပြီး ရှန်းစန်းနှင့် ရန်ဖြစ်ရသည်။ သို့သော် ထိုအချိန်တွင်တော့ နောင်တရရန် နောက်ကျသွားပြီ ဖြစ်သည်။
ဒါဟာ သူမတို့ကို ကံကြမ္မာက အပြစ်ပေးနေတာလား ဟူ၍ပင် တစ်ခါတရံ သူမ တွေးမိလေသည်။
ရှန်းကျင့်က သူ့အမေ လည်ချောင်းသက်သာစေရန် ရေတစ်ခွက်ကို ခပ်ပေးလာပြီး ဆိုသည်။
"အမေ၊ ကျွန်တော် အမေ့အကြံကိုလိုက်နာပြီး စပါးတွေနဲ့ လဲထားပါမယ်၊ ဒါပေမယ့် ကျေးဇူးပြုပြီး သမားတော်ကို အရင်သွားပြပါနော်”
လီရှီက သူမသား၏ သားသမီးမေတ္တာကို ခံစားမိပြီး ပြုံးလိုက်သည်။
အသုံးမကျသည့် ခင်ပွန်းသည်ကို မှီခိုနေရသည့်တိုင် သူမ၏သားသမီးများကတော့ လိမ္မာရေးခြားရှိကြသည်။
သူမလည်ချောင်းထဲက အလုံးကို မြိုချလိုက်ရင်း သူမက ပြောလိုက်သည်။
"ကောင်းပါပြီး၊ ဒါပေမယ့် ယွမ် ၁၀၀ က မလုံလောက်သေးဘူးလေ၊ အစားအသောက်ဖိုးရော၊ ဆေးဝါးဖိုးရောက စျေးတွေတက်နေတာ၊ အမေက အခုအဆင်ပြေသေးတာမို့ စုထားပါဦး အရင်ဆုံး၊ အမေတို့မှာ ပိုရှိလာတော့မှ ဆေးကုဖို့ သွားကြမယ်၊ ဒါပေမယ့် မှတ်ထားရမှာက စပါးတွေ စုဆောင်းဖို့က အဓိကပဲ၊ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေချိန်မှာ အဲဒါတွေက ပိုက်ဆံထက် ပိုအသုံးဝင်တယ်"
ရှန်းကျင့်က ခေါင်းတွင်တွင် ငြိမ့်လိုက်သည်။
"ကောင်းပါပြီ၊ ကျွန်တော် ထောင်ချောက်တွေ ထပ်ဆင်ထားလိုက်မယ်"
သူက သွားဖို့ပြင်နေတုန်းမှာပဲ
လီရှီက သူ့ကို ထပ်ခေါ်လိုက်သည်။
"ထောင်ချောက်တွေကို တောင်အတွင်းပိုင်းထဲ သွားပြီးမဆင်နဲ့နော်၊ ပြီးတော့ ဒီငွေတွေ နင်နဲ့ယူသွား၊ နောက်တစ်ကြိမ် စျေးသည်နဲ့တွေ့တဲ့အခါကျရင် စပါးတွေနဲ့ လဲလိုက်၊ ကြားလား"
ရှန်းကျင့်က ငွေစတွေကို ကြည့်ပြီးနောက် ခေတ္တမျှစဥ်းစားနေပြီးမှ ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပါပြီ၊ ကျွန်တော် ဒါကို အခုဖွက်ထားလိုက်မယ်၊ မနက်ဖြန်ကျမှ စျေးသည်နဲ့တွေ့ရင် စပါးတွေနဲ့ လဲလိုက်မယ်"
သူက ဝမ်ငွေများကို သူ့အိတ်ကပ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။
.......
ထိုအချိန်တွင် ရှန်းလီနှင့် အခြားသူများက ယွင်(တိမ်လွှာ)တောင်ကြားတွင် ယာတစ်ကွက်ထပ်လုပ်ရန် ပြင်နေကြပြီဖြစ်သည်။
သူတို့က ချန်းဘွားဘွားနှင့် တခြားသူများက ရေစိမ်ထားပေးသည့် စပါးမျိုးများကို ပျိုးကျဲနေကြသည်။
ဒါသည် သူတို့ရဲ့ ယွင်တောင်ကြားကို ပြန်ရောက်လာသည့် တတိယနေ့ဖြစ်ပြီး ရှန်းလီက သူ့အိပ်ယာကို လုပ်ဖို့ရန် အချိန်မရသေးပေ။
ပထမနေ့က ရေချိုးကန်တစ်ခုကို တည်ဆောက်ရင်း အချိန်ကုန်နေခဲ့ပြီး ဒုတိယနေ့မှာတော့ သူက မြေဆွေးနှင့် နုန်းကျောက် ရှာရန်အပြင်ထွက်နေခဲ့ရသည်။ ပြန်ရောက်လာချိန်မှာတော့ သူက မီးဖိုတည်ဆောက်ဖို့ရာ အလောမကြီးသေးဘဲ ညတစ်ဝက်လောက်ကို ရေချိုးခန်းအတွက် နံရံတွေကို ချဲ့ထွင်ရင်း အချိန်ကုန်နေခဲ့သည်။
သုံးရက်မြောက်မှာတော့ လယ်ယာအလုပ်များပြီးချိန် နေ့လယ်ပိုင်းတွင် ကျန်အလုပ်များကို ဆက်လုပ်ခဲ့ရာ သူတို့ ရေချိုးခန်းကို ရေချိုးကန်နှင့် အိမ်သာတို့ဆန့်သည်အထိ ချဲ့ထွင်ပြီးသွားချိန်တွင်တော့ ညစာစားချိန်အမှီကလေးပင်။
ညနေပိုင်းတွင် စန်းလော့က မနှစ်က သိမ်းထားသည့် ဝဥခြောက်လေးကို အသုံးပြုပြီး ကျောက်ဆုံတစ်ခုဖြင့် အမှုန့်ကြိတ်ကာ သက်သက်လွတ်အူကြမ်းကို ချက်ပြုတ်လိုက်သည်။
ဝဥနည်းနည်းလေးကပင် ဟင်းအိုးကြီးတစ်အိုးစာ လုံလောက်ပေသည်။ သူမက မနှစ်တုန်းက အမြောက်အများ သိမ်းထားခဲ့ပြီး မူလ အစီအစဥ်ကတော့ တုံးဖူစားသောက်ဆိုင်ကို ပို့ပေးရန်ဖြစ်ပေမယ့် ဒုက္ခသည့် အရေးခင်းကြောင့် မပို့ဖြစ်ခဲ့ပေ။
အိုအကြီးကြီးများဖြင့် သယ်ယူရန် မဖြစ်နိုင်သောကြောင့် သူမက ဝဥခြောက်များကို အထုပ်များဖြင့် ထုပ်ယူပြီး မပုပ်မသိုးစေရန် ထုံးအိတ်လေးများကိုပါ ထည့်ထားခဲ့သည်။
နောင်ပိုင်း အချိန်ရပါက စန်းလော့က သိုလှောင်ရန်အတွက် အဖုံးပါသည့် သစ်သားစည်များကို ပြုလုပ်ဖို့ ရည်ရွယ်ထားသည်။
သူတို့ ယွင်တောင်ကြားကို ရောက်လာချိန်တွင် မူလက အားလုံးသည် ဂူကြီးတစ်ခုတွင် စုပေါင်းနေခဲ့ကြပြီး အဆင်မပြေလှချေ။ နောက်ပိုင်း သူတို့သီးခြားစီနေကြပြီး အလုပ်များနေခဲ့ရာ သူမက သက်သက်လွတ်အူကြမ်းကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူမက ပန်ကန်လုံးသေးတစ်ဝက်စာမျှ မိသားစုတစ်ခုစီထံ ခွဲဝေပေးခဲ့ရာ ပမာဏ မများသည့်တိုင် တောကြက်သွန်မြိတ်နှင့် တောဂျူးပင်ကို ရောကြော်ပြီး ထမင်းပွဲထဲတွင် ဟင်းရံလေးတစ်ခု အဖြစ်ထည့်လို့ရပေသည်။
လုအိမ်က ဝေစုတစ်ခုသာရရှိပြီး ဝမ်ချွန်းညန် ဖက်ကိုတော့ စန်းလော့က လုံးဝ လျစ်လျူရှုထားပြီး အဘွားလုကိုသာ တိုက်ရိုက်ပေးလိုက်သည်။
ပြန်လာချိန်တွင်လည်း သူမက လက်ဗလာဖြင့်မလာဘဲ ကြက်သွန်မြိတ်များ၊ ဂျူးပင်၊ မှိုခြောက်များနှင့် ဟင်းသီးဟင်းရွင်များကို အားလုံးအတွက် ယူလာခဲ့သည်။ ဝမ်ချွန်းညန်လို နားလည်မှုမရှိသူကလွဲလျှင် တောင်ကြားထဲတွင် နေကြသူအများစုက တော်တော်လေး ဖော်ရွေလှသည်။
ညစာစားအပြီးမှာတော့ ကလေးများက သစ်ပင်အောက်မှာ စုစည်းပြီး စာဖတ်ကြကာ ရှန်းလီက ရေချိုးခန်းထဲတွင် နုန်းကျောက်ခင်းခြင်းနှင့် ရေမြောင်းသွယ်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေသည်။ စန်းလော့ သွားရောက် ကူညီချိန်မှာတော့ ရှန်းလီထံမှ သူတို့ မနက်စောစော ထွက်ခွာမည်ဖြစ်ကြောင်း ကြားလိုက်ရသည်။
"ဒါက ကျွန်တော်တို့ရဲ့ စပါးပို့ဖို့ နောက်ဆုံးအခေါက်ပဲ၊ ကျွန်တော် ဆိုင်တာဝန်ခံရွှီကိုတွေ့ဖို့ နည်းလမ်းရှာဖို့လိုတယ်၊ ဒါကြောင့် အပြင်မှာ နှစ်ရက်သုံးရက်လောက် ပိုနေပြီးမှ ပြန်လာရမယ် ထင်တယ်၊ ကျွန်တော် နောက်ကျရင် စိတ်ပူမနေနဲ့နော်”
စန်းလော့က အံ့သြသွားသည်။
"ဆိုင်တာဝန်ခံရွှီကို တွေ့မှာလား၊ တို့တွေက စပါးတွေကို ပုံမှန်ပို့ပေးပြီးတော့မှ စာရောက်မရောက် ကြည့်ရမှာ မဟုတ်ဘူးလား"
"အရင်ကတော့ ဟုတ်တယ်၊ ဒါပမယ့် ကျွန်တော် မင်းကို ပြောဖူးတဲ့ စပါးတွေကို ကျွန်တော်တို့ရဲ့ပထမ သိုလှောင်တဲ့နေရာကနေ ပြောင်းဖို့ကိစ္စ မှတ်မိလား"
စန်းလော့: "မှတ်မိပါတယ်၊ အဲတာ ဘာဖြစ်လို့လဲ"
ရှန်းလီက ရှင်းပြသည်။
"အဲ့ဒီ စပါးတွေကို ဝှက်ဖို့ သရှန်နဲ့ကျွန်တော် အတော်လေး စဥ်းစားခဲ့ရတယ်၊ ကျွန်တော်တို့ စဥ်းစားမိတဲ့နည်းက ဆန်တွေဝှက်ဖို့တင်မကဘူး လူတွေအတွက်ပါ အဆင်ပြေတယ်၊ အထဲမှာပုန်းနေရင် တောနက်ထဲမှာ လူတွေရန်ရော သားရိုင်းတွေရန်ရောက အန္တရာယ်ကင်းလိမ့်မယ်"
"ရှင်က ဒီနည်းလမ်းကို ဆိုင်တာဝန်ခံရွှီကို သင်ပေးမလို့လား"
ရှန်းလီက ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော် တွေးမိတာက အပြင်လောကက ဆူပွက်လာတာနဲ့အမျှ ဒီနည်းလမ်းကို သိထားရင် သစ်တောထဲ ထွက်ပြေးနိုင်သူတွေအတွက် အသက်ရှင်ဖို့အခွင့်အရေးကို အများကြီး မြင့်လာလိမ့်မယ်”
စန်းလော့က သိချင်စိတ်ဖြင့် ရှန်းလီဖက်ကို လှည့်ပြီး မေးလာသည်။
"ရှင်က ဘယ်နည်းလမ်းကိုသုံးလို့ ဒီလောက် အလုပ်ဖြစ်ရတာလဲ"
ရှန်းလီက ခေတ္တစဥ်းစားနေပြီးမှ ပြောလိုက်သည်။
"ဒါကလည်း တွင်းတူးတဲ့နည်းပဲ၊ ဒါပေမယ့် တခြား အပို နည်းလမ်းတွေတော့ ပါတာပေါ့၊ အဝင်ဝကို ကြီးကြီးလုပ်ထားပြီး လူတစ်ယောက်စာအတွက်ဝင်ဆံ့ပြီး အစားအသောက်ထည့်ဖို့ ရတယ်ဆိုရုံလေးပဲ၊ ဒါပေမဲ့ ဒါကို လုံးဝ ဖုံးကွယ်ထားလို့ရတဘ်၊ အပြင်ဖက်က ကြည့်ရင်တော့ ကျောက်တုံးတွေ အပင်တွေနဲ့ ရောထွေးနေတာမို့ သတိထားမိဖို့ ခက်လိမ့်မယ်"
သူက ဒါကို ရှင်းပြရန် ခက်ခဲသည်ကို တွေ့လိုက်ရသဖြင့် ဆိုင်တာဝန်ခံရွှီကို ကိုယ်တိုင်တွေ့ဆုံလျက် မည်သို့ လုပ်ရကြောင်းကို ပြချင်ပေသည်။
စန်းလော့က ရှန်းလီပြောပြတာကို ပုံဖော်ကြည့်ရန် ခက်ခဲသော်လည်း သူ၏ ဆုံးဖြတ်ချက်ကို ယုံကြည်လိုက်သည်။
စိတ်ဝင်စားစွာဖြင့် သူမက ထပ်မေးသည်။
"ဒါက နှစ်ရက်သုံးရက်ပဲ ကြာတဲ့ ခရီးတိုလေးဆိုရင် ဆိုင်တာဝန်ခံ ရွှီက အဲ့အချိန် စာကိုတောင်ရဦးမှာ မဟုတ်ဘူး၊ ရှင့်မှာ သူ့ကို အမြန်ဆက်သွယ်ဖို့ တခြားနည်းလမ်းရှိသေးလား"
"အင်း၊ ရွှီမိသားစုရဲ့ အစေခံအိုကြီးတစ်ယောက်က စျေးသည်လို ဟန်ဆောင်ပြီး ရှီလီရွာကို နေ့တိုင်းသွားတယ်တဲ့၊ ပထမ အကြောင်းရင်းက ရှန်းကျင့်နဲ့ တခြားသူတွေကို စောင့်ကြည့်ပေးဖို့၊ နောက်တစ်ခုက လိုအပ်လာရင် ကျွန်တော် ဆိုင်တာဝန်ခံရွှီကို အမြန် ဆက်သွယ်ဖို့ပဲ၊ ကျွန်တော်လုပ်ရမှာက သူ့ကို တောင်လမ်းတစ်ဝက်မှာ သွားစောင့်ရုံပဲ”
"ကျွန်မသိပြီ"
စန်းလော့က ပြုံးလိုက်သည်။
"ဆိုင်တာဝန်ခံရွှီက အမြဲ စေ့စေ့စပ်စပ် စီစဥ်တတ်တာပဲ"
သူတို့ပုန်းကွယ်နေသော တောင်ကြားမှ အပြင်လောကကို ဆက်သွယ်နိုင်ရန် အထူးနည်းလမ်းရှိနေခြင်းက အကျိုးရှိလှသည်။
ဒါကသူတို့ကို အပြင်လောကမှ ကိစ္စရပ်များကို သိစေနိုင်ပြီး သူတို့တောင်တွင်းမှာ မဖြေရှင်းနိုင်သည့် ပြဿနာများအတွက်လည်း အကူအညီတောင်းလို့ ရနိုင်ပေသည်။
ဆိုင်တာဝန်ခံ ရွှီထံမှ ရှန်းကျင့်၏ အခြေအနေအကြောင်း ရှင်းပြထားသည့် လတ်တလောက စာကို သတိရသွားပြီး စန်းလော့က ရှန်းလီကို အကြံပေးလိုက်သည်။
"ရှင် ရှီလီရွာကိုသွားပြီး ဆိုင်တာဝန်ခံရွှီကို အဲဒီ့နည်းလမ်း သင်ပေးမယ်ဆိုရင် ရှန်းကျင့်ကိုလည်း သင်ပေးလိုက်ပါ၊ လမ်းမှာ သားကောင်နည်းနည်းဖမ်းပြီး အသားခြောက် လုပ်ပေးလိုက်ပါ၊ သူတို့မိသားစု အခုအခြေအနေနဲ့ဆိုရင် အစားအသောက်စုဆောင်းဖို့ ဘယ်လိုမှ လွယ်မှာမဟုတ်ဘူး"
တောင်ကြားထဲတွင်လည်း အစားအသောက်က ကန့်သတ်ချက် ရှိနေတာကြောင့် ရှန်းကျင့်ကို တစ်ခုခုပို့ပေးရန် အဆင်မပြေလှချေ။
သို့ပေမယ့် အပြင်ဖက်က တောထဲမှာတော့ ကလေးတွေအတွက် ရိက္ခာဖြည့်တင်းရန် အထောက်အကူဖြစ်သောအရာများ ကြွယ်ဝပေသည်။
ရှန်းလီက ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်လည်း အဲ့လိုလုပ်ဖို့ စီစဥ်ထားပါတယ်၊ ကျွန်တော် သူ့ကို နဂိုက သင်ပေးထားတဲ့ မြေတွင်းတူးနည်းက ဒီနည်းလောက် မလုံခြုံဘူး၊ ဒါကြောင့် ကျွန်တော် သူ့ကို တောင်ကြားထဲ တိတ်တဆိတ်ခေါ်သွားပြီး သင်ပေးလိုက်မယ်၊ သူ့အတွက် လမ်းမှာလည်း အသားနည်းနည်း ရှာပေးလိုက်ပါမယ်"
ရှန်းကျင့်က သူ၏အစားအသောက်တို့ကို သူ့မိဘများနှင့် မျှဝေခြင်း မမျှဝေခြင်းကိုတော့ ရှန်းလီက အများကြီး မတွေးတောလိုပေ။
သူက ရှန်းကျင့်နှင့် တခြားကလေးများအတွက် သူတတ်နိုင်သည့် အပိုင်းကို လုပ်ပေးခဲ့ပြီဟု ခံစားရပြီး သူတို့မိဘများနှင့် ဘယ်လိုမျှဝေရန် ရွေးချယ်သည်ဖြစ်စေ၊ ဒါကတော့ သူတို့၏ဆုံးဖြတ်ချက်သာ။
...
အပိုင်း (၁၄၂)
ဆိုင်တာဝန်ခံ ရွှီကို နောက်တစ်ကြိမ်တွေ့ခြင်းက လွန်ခဲ့တဲ့ တစ်လကထက် ပိုပြီးခက်ကြောင်း သိလိုက်ရသည်။
ယွင်တောင်ကြားမှ သုံးရက်ခွဲကြာ ထွက်လာခဲ့သည့် ခရီးတွင် ရှန်းလီနှင့် သူ၏ အုပ်စုတို့မှာ အရေအတွက် ပိုပြီး တိုးလာသည့် ဒုက္ခသည်များ တောင်ထဲတွင် ပုန်းနေကြောင်း တွေ့ကြုံခဲ့သည်။
သူတို့က သတိထာပြီး ဆက်သွားခဲ့ရာ သူတို့နောက်ဆုံး သတ်မှတ်ထားသော အစားအစာ သိုလှောင်ရာနေရာအား သုံးလပိုင်း ၁၃ရက် နေ့လည်ပိုင်းမှ ရောက်ရှိလာခဲ့သည်။
ရှန်းလီက ထူထပ်သည့်တောတွင်း နေရာကို ရွေးချယ်ခဲ့သောကြောင့် သစ်ပင်များက သူတို့အား ကာကွယ်ပေးထားပြီး သူတို့၏ လှုပ်ရှားမှုများကို အဝေးတောင်များမှနေ၍ လှမ်းမမြင်နိုင်ပေ။
တောထဲ မည်သူမှ ပုန်းကွယ်မနေကြောင်း အတည်ပြုပြီးနောက်မှာတော့ သူတို့က သူတို့၏ အစားအသောက်သိုလှောင်ရာ နေရာသစ်ကို ရှာဖွေပြီး တွင်းများထဲ ပုန်းကွယ်နေသူတို့ကို လျှို့ဝှက်သင်္ကေတများဖြင့် ဆက်သွယ်သည်။
ရှန်းလီနှင့် ချန်းတရှန်တို့က ဆိုင်တာဝန်ခံရွှီနှင့် တောင်များရှိရာအပြင်ဖက်တွင် တွေ့ဆုံရန် စီစဥ်ခဲ့သောကြောင့် ကျန်သူအားလုံးက သူတို့ပြန်လာပြီး ပြန်မထွက်ခွာခင် ဂူထဲတွင် နောက်တစ်ည ပုန်းအောင်းနေရန် ဆုံးဖြတ်လိုက်သည်။
သုံးလပိုင်း ၁၅ ရက် မနက်ပိုင်းတွင် ဆိုင်တာဝန်ခံရွှီက အစေခံအိုကြီးထံမှ ရသည့် သတင်းစကားကြောင့် စီရင်စုမြို့မှ တောင်များဆီ ထွက်ခွာခဲ့ပြီး ရှန်းလီနှင့် ချန်းတရှန်ကို ရှီလီရွာ လမ်းတစ်ဝက်၊ တောင်တွေကြားတွင် သွားရောက်တွေ့ဆုံသည်။
သူ့အမူအရာက အနည်းငယ် စိုးရိမ်နေပြီး မေးလိုက်သည်။
"မင်းတို့ ဘာလို့ ရုတ်တရက် ထွက်လာတာလဲ၊ တစ်ခုခု ဖြစ်လို့လား"
ရှန်းလီက မြန်မြန် ရှင်းလင်းလိုက်သည်။
"မပူပါနဲ့၊ ဆိုင်တာဝန်ခံရွှီ၊ သခင်မကြီးနဲ့ ကလေးတွေ ဘေးကင်းပါတယ်၊ ကျွန်တော် ခင်ဗျားကို တွေ့ချင်ရတာက ဒါက ကျွန်တော်တို့ စပါးပို့တာ နောက်ဆုံးတစ်ခေါက်မို့ပါ၊ ဝေ့ချင်းဟယ်လည်း ထွက်လာတယ်၊ ဒါပေမယ့် တောင်တွေကြားမှာ ဒုက္ခသည်တွေ အများကြီး ရှိနေတာကြောင့် လုံခြုံရေးအတွက် သူက သိုလှောင်ထားတဲ့ နေရာထဲမှာပဲ စပါးသယ်တဲ့ သူတွေနဲ့ နေခဲ့တယ်"
ပြောရင်းနှင့် သူက ဝါးပြွန်လေးတစ်ခုအား အပြုံးလေးဖြင့် လှမ်းပေးလာသည်။
"ဒါက သခင်မကြီးက ခင်ဗျားကို ပေးလိုက်တဲ့စာပါ"
ရှန်းလီက မကြာခဏ အပြင်ထွက်လာပြီး ဆိုင်တာဝန်ခံရွှီနှင့် လွန်ခဲ့သည့်လကလည်း စပါးပေးရင်း တွေ့ဆုံခဲ့သည်။ ယခင်တုန်းက ဝေ့ချင်းဟယ်က စကားသာ ပါးပေးခဲ့သော်လည်း စာရေးရန် ကုန်ကြမ်းများ ရလာသောကြောင့် သခင်မကြီးက သူတို့၏ သာကြောင်းမာကြောင်းအား မိသားစုထံ စာကြုံပါးချင်သည်။
ထိုစာအား မပိတ်ဘဲ စန်းလော့ထံ ပေးလာတာကြောင့် ရှန်းလီက ဝါးကျည်တောက်ထဲထည့်ကာ မိုးဒဏ်မှ ကာကွယ်ဖို့ဖြစ်လာသည်။
ယွင်တောင်ကြားတွင် သစ်ပင်များစွာ ရှိသည့်တိုင် ဝါးတော့ ရှားပါးသည်။
ဝါးကျည်တောက် လိုအပ်ချက်က ကြီးမားသည့် စိုးရိမ်စရာတော့ မဟုတ်ပေ။ ဆိုင်တာဝန်ခံရွှီက အရင်ကလည်း စာများပို့ဖူးပြီး ဝေ့ချင်းဟယ်က သူကိုယ်တိုင် စာများအား သယ်လာနိုင်သည်။
သခင်မကြီးက စန်းလော့ကို စာကို ဖတ်စေချင်သည့် အကြောင်းက ရှန်းလီနှင့် စန်းလော့အား စာထဲတွင် လျိုမြောင်နှင့် ပတ်သက်သည့် မသင့်တော်သော လျှို့ဝှက်အကြောင်းအရာများ မပါဝင်ကြောင်း စိတ်အေးစေရန်ဖြစ်သည်။
သခင်မကြီး၏ စာအားပို့ပြီးချိန်တွင် စန်းလော့နှင့် ရှန်းလီက အကြောင်းသိနေသည့် အပြုံးတို့ကို ဝေမျှလိုက်ကြပြီး သူတို့၏ ရွှီမိသားစုအပေါ် ယုံကြည်မှုက နက်ရှိုင်းလာသည်။
ရွှီမိသားစုနှင့် ဆက်ဆံရခြင်းက တကယ်ပင် စိတ်သက်သာရာရစေသည်။
.....
ထိုအခြင်းအရာတွေကို မသိသည့် ဆိုင်တာဝန်ခံရွှီက ပြုံးလိုက်ပြီး စာကိုဖတ်သည်။
"ဝမ်ပေါ် ရေးထားတာပဲ"
အစပိုင်း နှုတ်ဆက်ခြင်းများကို ကျော်လိုက်ပြီး သူက အဓိက အကြောင်းအရာကို အာရုံစိုက်ဖတ်လိုက်သည်။
ဝမ်ပေါ်က သူတို့အားလုံး သဘာဝပတ်ဝန်းကျင်တွင် နေထိုင်ကြပြီး လုံခြုံသည့် ပတ်ဝန်းကျင်မှာ လှိုဏ်ဂူများဖြင့် နေထိုင်ကြောင်းနှင့် မိသားစုတစ်ခုစီတွင် သက်သက်ဂူတစ်ခုစီ နေရကြောင်း၊ အားလုံး စုမနေကြောင်း ပြောထားသည်။
လှိုဏ်ဂူများအား အချောသပ်ထားသည့် ကြမ်းပြင်များနှင့် တံခါးများဖြင့် သက်တောင့်သက်သာ ရှိစေရန် ပြုလုပ်ထားသည်။ သူတို့က လှိုဏ်ဂူဝမှာ မီးဖိုကြီးတစ်ခု တည်ဆောက်ထားပြီး ချန်းတရှန်က အဘွားနှင့် ညီမလေးအတွက် ကုတင်တစ်ခု ဆောက်လုပ်ပေးထားသည်။ ဝမ်ပေါ်၊ သူ့ဝမ်းကွဲနှင့် ဦးလေးတို့က ကြမ်းပြင်ပေါ်မှာ မြက်ခြောက်များနှင့် ဖျာများခင်းထားသည့် ကွပ်ပျစ်များဖြင့် ယာယီ အိပ်စက်နေကြသည်။ သူတို့အားလုံး ဒုတိယအကြိမ် စပါးများ ပို့ဆောင်အပြီးမှာ ဒုတိယကုတင်အား ပြုလုပ်ရန် မျှော်လင့်ထကြသည်။
မူလတုန်းက တောင်တွင်းမှာ နေသားကျအောင် ပြုလုပ်ရခြင်းက ခက်ခဲခဲ့သော်လည်း အခုချိန်မှာတော့ သူတို့အားလုံး နေသားကျလာကြပြီး သဘောများပင် ကျနေကြပြီဖြစ်သည်။
နံနက်ခင်းတိုင်း ပထမဆုံးကြားရတဲ့ အသံက ငှက်များ၏ သာယာစွာ မြည်တွန်သံဖြစ်သည်။
တောင်တွင်းက ဘဝက အတော်လေး သဘောကျဖွယ် ရှိသည်။
မရီး အားလော့၏ လပါးဆန်ပြုတ်က အတော်လေး အရသာရှိသလို သူမက သက်သက်လွတ်အူကြမ်းကိုလည်း ပြုလုပ်နိုင်သည်။ အဒေါ်ချန်း၏ အချဥ်စိမ်များကလည်း သူ့အတိုင်းအတာဖြင့် အရသာရှိသည်။ ရက်အနည်းငယ်အကြာက အဘွားက တောကြက်တစ်ကောင်အား သူတို့အတွက် စွပ်ပြုတ် ချက်ပေးခဲ့ပြီး သူ၏ ညီမလေးနှင့်တကွ ရှန်းအိမ်က ညီမလေးတို့က ပဲများအား ဘယ်လို အပင် ဖောက်ရမည်ကို သင်ယူခဲ့ကြသည်။ အားလုံးက ကြက်များ၊ ဘဲများကို စတင်မွေးမြူကြပြီး ဟင်းသီးဟင်းရွက်များကို အိမ်တွင် စိုက်ပျိုးကြသည်။ တလောကပဲ သူနှင့် သူ့ဝမ်းကွဲတို့ ရွာမှကလေးများနှင့်အတူ အဘိုးချန်းနှင့် လယ်ယာစိုက်ခြင်းအား သင်ယူခဲ့ကြသည်။ လယ်မြေက မကျယ်တာကြောင့် အရမ်းမပင်ပန်းဘဲ မတူထူးခြားသည့် အတွေ့အကြုံဖြစ်သည်။ သူသည် ဒီစာရေးနေစဉ်မှာပင် သူတို့အားလုံး လယ်မြေထဲမှာ စပါးစေ့များ ကြဲပြီးဖြစ်သည်။
အလုပ်ပါးတဲ့နေ့များတွင် သူသည် သူငယ်ချင်းများနှင့်အတူ စာလေ့လာသည်။
ရှီလီရွာမှ ကလေးများအားလုံးက စာဖတ်တတ်ရန် သင်ယူနေကြပြီဖြစ်ပြီး သူလည်း ‘စာလုံးပေါင်း တစ်ထောင်ကျမ်း’ကို မှတ်မိနေပြီဖြစ်သည်။ သူ့ဝမ်းကွဲက ‘ကွန်ဖြူးရှပ်ဝါဒီ’ကို ပြန်ရွတ်နိုင်နေပြီဖြစ်ကာ သူက အနည်းငယ် နောက်ကျနေသည်ဟု ဆိုသည်။ ရှန်းအန်းက သူတို့နှင့် လိုက်မှီရန် ကြိုးကြိုးစားစားလုပ်နေပြီး သူသည်လည်းပဲ သူ့ဝမ်းကွဲ၏ နှုန်းအား လိုက်မှီရန် ကြိုးစားဖို့လိုနေသည်။
နိဂုံးချုပ်ရလျှင်ဖြင့် တောင်ကြားထဲတွင် နေရသောဘဝက ကောင်းမွန်ပြီး အတော်လေး လုံခြုံပေသည်။ အပြင်လူများသည်လည်း ဒီနေရာအား ရှာတွေ့ရန် မဖြစ်နိုင်သလောက်ပင်။ အဘွားက ဒီနေရာကို အတော်လေး သဘောကျပြီး ညီမလေးမှာလည်း ကစားဖော်များ ရှိနေပြီဖြစ်သည်။ သို့သော်လည်း သူတို့အားလုံး သူတို့ မိဘများနှင့် အစ်ကိုကြီးအား လွမ်းနေကြသည်။
နောက်ဆုံးတော့ သူက ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး မိသားစုမကြာခင် ပြန်ဆုံနိုင်ရန် မျှော်လင့်ကြောင်း တိုက်တွန်းရေးထားလေသည်။
........
စာလေးက စာမျက်နှာသုံးခုစာမျှပါပြီး အများကြီး ရေးသားနိုင်ခြင်း မရှိသည့်တိုင် စကားလုံးများက ရိုးရှင်းပြီး သူတို့၏ နေ့စဥ်ဘဝကို မျှဝေခြင်းဖြစ်သည်။
သို့သော်လည်း ထိုနေ့စဥ်ဘဝ အသေးစိတ်လေးများကပင် ဆိုင်တာဝန်ခံရွှီ၏ နှလုံးသားကို ခံစားရစေပေသည်။
ဂူထဲတွင်နေထိုင်ရခြင်းက သူ့မိခင်နှင့် ကလေးများ တစ်ကြိမ်မှ မတွေ့ကြုံခဲ့ဖူးသော ခက်ခဲမှုဖြစ်သည်။
သို့သော်လည်း သူက စိတ်ပူနေသည့်တိုင် သူ့သား ရေးသားထားသည့်စာကို ကြည့်ခြင်းအားဖြင့် စကားတစ်လုံးစီတိုင်းက သူတို့ ကောင်းမွန်စွာ နေနေကြောင်း ဖော်ပြနေသည်။
အမှန်ပင် ကောင်းမွန်ပေသည်။
ဆိုင်တာဝန်ခံရွှီက နင့်နင့်နဲနဲ ခံစားရတာကြောင့် သူ့လက်ကို မြှောက်လိုက်ရင်း ရှန်းလီနှင့် ချန်းတရှန်အား အရိုအသေပြုဖို့ရန် ပြင်သည်။ သို့သော်လည်း ရှန်းလီက သူ့ကို လှမ်းတားလိုက်၏။
"သူတို့တွေ ဒီလောက်အဆင်ပြေမယ်လို့ ကျုပ် မမျှော်လင့်ထားခဲ့ဘူး"
ငြိမ်းချမ်းပြီး တည်ငြိမ်နေကာ သူတို့ဘဝလေးက လယ်လုပ်ခြင်းနှင့် စာလေ့လာခြင်းတို့သာပါဝင်ပြီး သူမျှော်လင့်ထားသော ထိတ်လန့်ခြင်းနဲ့ ခက်ခဲမှုများ ကင်းစင်နေသည်။
အရာအားလုံးက အစီအစဥ်တကျဖြစ်လျက် အပြင်လောကတွင် အကြောက်တရားနှင့် နေထိုင်နေရသော သူတွေ၏ဘဝနှင့် ဆန့်ကျင်ဖက် ကွာခြားနေပေသည်။
ရှန်းလီက ပြုံးလိုက်သည်။
"ဘဝက အပြင်ကထက်တော့ ပိုပြီး ရိုးရှင်းနိုင်ပါတယ်၊ ဒါပေမယ့် ပိုအေးချမ်းတယ်၊ ဒီတစ်ကြိမ် နောက်ဆုံး စပါးအသုတ်တွေပို့ပြီးရင် ကျွန်တော်တို့ အပြင်ထွက်တာ ကျဲသွားပြီး နေ့စဥ်အလုပ်တွေမှာ ပိုအရာထင်လာတော့မှာပါ"
ဆိုင်တာဝန်ခံရွှီက အမြန်ပင် တုံ့ပြန်လိုက်သည်။
"အခုလည်း အရမ်းကိုကောင်းနေပါပြီ၊ ဒီစာကို ရှဲ့ရှန်းကိုပို့လိုက်တာနဲ့ ကျွန်တော့်မိန်းမတော့ စိတ်အေးသွားမှာပဲ"
မိသားစုစာကို သိမ်းဆည်းပြီးသည့်နောက်တွင် ဆိုင်တာဝန်ခံရွှီက အဓိက ကိစ္စကို ဆက်သည်။
ရှန်းလီက သူ့ကို ဒီတစ်ခါထွက်လာပြီး တောင်တွေထဲပုန်းရန် နည်းလမ်းအသစ် သင်ကြားပေးမည့်အကြောင်း ကြားရာတွင် သူ့မျက်လုံးများက အရောင်တောက်သွားသည်။
ချီယန်စီရင်စု မြို့ပတ်ဝန်းကျင်မှာ တောင်များနှင့် ဝန်းရံထားသောကြောင့် ရှန်းလီပြောသည့် နည်းလမ်းကသာ အလုပ်ဖြစ်ခဲ့ပါလျှင် သူ့အတွက် တကယ်ပင် အတော်လေးအကျိုးရှိပေမည်။
ထို့ကြောင့် ရှန်းလီနှင့် ချန်းတရှန်တို့လည်း နှောင့်နှေး မနေတော့ချေ။ ဆိုင်တာဝန်ခံရွှီက သူ့သက်တမ်း အများစုကို စီရင်စုမြို့တွင် အချိန်ကုန်ခဲ့ခြင်းနှင့် စီရင်စုမြို့၏ အတွင်းအပြင်ဖက်မှ မြေအနေအထားကို ထည့်တွက်ပြီး သူတို့က စီရင်စုမြို့အနီး၊ တောင်များအတွင်းသွားရာ လမ်းကြောင်းအား ရွေးချယ်လိုက်သည်။
သူတို့က ဆိုင်တာဝန်ခံရွှီနှင့် သူ၏အစေခံလေးကို အစမှ စတင်သင်ကြားပေးသည်။ စီရင်စုမြို့မှ ထွက်လာနည်း၊ သစ်တောထဲဝင်နည်း၊ မြေအနေအထား ရွေးချယ်နည်းနှင့် ဖုံးကွယ်ထားသော ခိုနားရာနေရာ တည်ဆောက်နည်းတို့ဖြစ်သည်။ နေ့ခင်း အစောပိုင်းတွင် သူတို့က ပြည့်စုံသည့် ယာယီပုန်းခိုရာနေရာအား စီရင်စုမြို့အပြင်၊ တောအုပ်ထဲတွင် တည်ဆောက်ပြီးဖြစ်သည်။
ဆိုင်တာဝန်ခံရွှီက အံ့သြလွန်းတာကြောင့် သူ၏စိတ်လှုပ်ရှားမှုကို မည်သို့ဖော်ပြရန်ပင် မေ့နေသည်။
သူသာ ရှန်းလီနှင့် ချန်းတရှန်၏ လုပ်ငန်းကိုကြည့်ပြီး ကိုယ်တိုင်မပါဝင်ခဲ့ပါက သူရပ်နေသည့် နေရာအောက်တွင် ပြီးပြည့်စုံစွာ ဖုံးကွယ်ထားသည့် လူအများဆန့်သော ခိုနားရာကျင်းတစ်ခု ရှိနေမှန်း ခန့်မှန်းမိမှာတောင် မဟုတ်ပေ။
အတွင်းပိုင်းက သစ်သားနှင့် ပြုလုပ်ထားပြီး ပြိုလဲမကျနိုင်စေရန် လုံခြုံစွာ ကာကွယ်ပေးထားသည်။
ချုံနွယ်များဖြင့် ဖုံးကွယ်ထားသော တံခါးကို သက်တောင့်သက်သာ ဖွင့်ပြီး အတွင်းထဲမှ အပြင်ဖက် အခြေအနေကို လေ့လာပြီး အပြင်ထွက်ရန် မထွက်ရန် ဆုံးဖြတ်နိုင်ပေသည်။ အခုချိန်မှာတော့ အဝင်ဝက မြက်များနှင့် ဖုံးနေပြီး တံခါးမှန်း ရုတ်တရက် မသိနိုင်ပေ။
လေဝင်လေထွက် ကောင်းစေရန်ပင် သေချာစွာ စီမံထားသည်။
ဆိုင်တာဝန်ခံရွှီက ပုန်းခိုကျင်းမှ အပြင်မြေပြင်ပေါ်သို့ တက်လာခဲ့ပြီးနောက် ချုံနွယ်များကြားမှ သစ်ငုတ်တိုအား လက်နှင့်စမ်းကြည့်သည်။
ဒါဟာ အခြား သစ်ငုတ်တိုများနှင့် အလားသဏ္ဌာန်တူပြီး မြေပြင်ပေါ် ကုပ်တွယ်ထားသည်။
ဒါသည် အမှန်တော့ တခြားနေရာက ရှာလာသည့် သစ်ငုတ်တို အခေါင်းပေါက်တစ်ခုဖြစ်ပြီး ဖုံးကွယ်ရန် သုံးထားခြင်းဟု မည်သူကများ ထင်ပါမည်နည်း။
အတွင်းထဲတွင်တော့ ရွှံ့ဝါဖြင့် ပြုလုပ်ထားသည့် လေဝင်ပေါက်ရှိနေပြီး သစ်ငုတ်ဘေးတွင် လက်တစ်ဆုပ်စာ သဘာဝ အပေါက်လေးများကို လေဝင်လေထွက်အဖြစ် အသုံးပြုထားသည်။
ဆိုလိုတာကတော့ စီရင်စုမြို့တွင် တစ်စုံတရာဖြစ်ခဲ့ပါက သူသည် သည်နေရာက တောင်တန်းတွေဆီ လာနိုင်သ၍ အစားအသောက်နှင့် လုံလောက်သည့်ရေပမာဏရှိပါက ဒီထဲတွင် တစ်လနှစ်လခန့်မျှ ပုန်းကွယ်နေနိုင်မည်ဖြစ်သည်။
ဆိုင်တာဝန်ခံရွှီနှင့် အစေခံအိုကြီး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေကြသည်။
"သခင်လေး၊ ဒါနဲ့ဆိုရင် ချီယန်စီရင်စုမြို့မှာ ပိုပြီး လုံခြုံသွားလိမ့်မယ်"
အစေခံအိုကြီး ပိုပြီးယုံကြည်သွားတာကတော့ အဘွားအိုနှင့် သခင်လေး၊ ပြီးတော့ သူ့မိန်းမကို တောင်နက်များထဲ ပို့ဆောင်ခြင်းက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟူ၍ပင်။
ရှန်းလီနှင့် ချန်းတရှန်တို့က အရည်အချင်းရှိပြီး ယုံကြည်နိုင်သည့် ပုဂ္ဂိုလ်များဖြစ်ပြီး ကျေးဇူးကို တုံ့ပြန်တတ်ပြီး သူတို့၏ လုံခြုံမှုအား စွန့်စားကာ သခင်လေး၏ နောက်ဆုံးအကြံအစည်အတွက် ပြင်ဆင်ပေးခဲ့သည်။
ထိုသို့ပုဂ္ဂိုလ်များက အမှန်ပင် ယုံကြည်အားကိုးထိုက်သည်။
ဆိုင်တာဝန်ခံရွှီက ပြုံးလိုက်သည်။
"ဒီနည်းလမ်းကို သင်ထားတော့ အခြားတစ်နေရာမှာ အသက်ရှင်ဖို့ အခွင့်အရေး ပိုများသွားတာပေါ့"
သူက ရှန်းလီနှင့် ချန်းတရှန်တို့အား အရိုအသေ ပြုလိုက်သည်။
"ကျွန်တော် ခင်ဗျားတို့ကို ကျေးဇူးတင်လို့ မဆုံးပါဘူး၊ ကျုပ် ရွှီယွမ်ချန်း၊ ဒီကြင်နာမှုကို အမြဲ အမှတ်ရနေပါမယ်"
ရှန်းလီနှင့် ချန်းတရှန်တို့လည်း ပြုံးလိုက်ကြပြီး ရှန်းလီက ပြောလိုက်သည်။
"ကောင်းပါပြီ၊ ကျွန်တော်တို့လည်း ကြာကြာမနေတော့ဘူး၊ ကျွန်တော့်ရွာကိုလည်း သွားချင်သေးတာမို့ မြန်မြန်ပြန်ထွက်ပြီး စပါးသယ်မဲ့သူတွေနဲ့ တွေ့ရမယ်"
သူက ရွာပြန်မည့်အကြောင်းကြားရာ ဆိုင်တာဝန်ခံရွှီက အကြံပေးလာသည်။
မင်း ရွာကိုပြန်ပြီး ဝမ်းကွဲလေးနဲ့ တွေ့မလို့ မဟုတ်လား"
ဒီကလေးအား ထိုသို့အကျိုးရှိသည့် ပုန်းကွယ်နည်းအား သင်ပေးခြင်းက ထိုကလေးများကို လျစ်လျူရှုထားခြင်းထက် ပိုအဓိပ္ပာယ်ရှိပေသည်။
ရှန်းလီက ခေါင်းငြိမ့်လက်ခံလိုက်သည်။
ဆိုင်တာဝန်ခံရွှီလည်း ထိုအခါ အကြံပေးသည်။
"အဲ့ကောင်လေးကို တောင်တွေထဲ သိပ်နက်နက်မသွားဖို့ သတိပေးသင့်တယ်"
သူက ရှန်းကျင့် ရစ်ငှက်များဖမ်းပြီး အစေခံအိုကြီးက စျေးသည်ဟန်ဆောင်ကာ ဝယ်ယူခဲ့ခြင်းအကြောင်း ပြောပြသည်။
ဖြစ်ချင်တော့ ရှန်းကျင့်က သူ၏ပထမရစ်ငှက်ကို ဖမ်းအပြီးတွင် နောက်တစ်ကောင်အား နှစ်ရက်အကြာတွင် ဖမ်းမိပြန်သည်။
ဒါက ပြဿနာမရှိခဲ့သော်ငြား တမြန်နေ့ကတင် သူက သုံးကောင်တစ်ပြိုင်နက်တည်း ဖမ်းလာခဲ့ပေသည်။
ရွှီမိသားစုမှ အစေခံအိုကြီးက ဒါကို သတိထားမိခြင်းကြောင့် ရှန်းကျင့်အား တိတ်တဆိတ် လိုက်ချောင်းခဲ့ရာ သူက တောင်တွင်း အတော်နက်နက် သွားခဲ့ကြောင်းသိသွားသည်။
သူက ဒါကိုမနေ့က ဆိုင်တာဝန်ခံရွှီထံ ပြန်လည်တင်ပြခဲ့ပြီး ညွှန်ကြားချက်တောင်းခဲ့သည်။
သို့သော်လည်း ရှန်းလီနှင့် သူ့အုပ်စုက ဒီနေ့ ပြန်လာခဲ့သည်။
ထိုအရာကို ကြားအပြီးမှာတော့ ရှန်းလီက သူ့မျက်ခုံးများကို ကျုံ့လိုက်ရင်း ရှန်းကျင့် တောထဲသွားလေ့ရှိသည့် အချိန်နှင့် လမ်းကြောင်းကို အသေးစိတ် အစေခံအိုကြီးထံ မေးမြန်းခဲ့သည်။
ထို့နောက်သူက ဆိုင်တာဝန်ခံရွှီနှင့် သူ၏ အစေခံအိုကြီးကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ချန်းတရှန်နှင့်အတူ ဂေါ်ပြားနှင့် တံစဥ်ကိုကိုင်ရင်း သူတို့နှင့်ပါလာသော အိတ်အား သယ်ကာ တောလမ်းမှ ပုန်းလျှိုးကွယ်လျှိုး ပြန်လာခဲ့သည်။
..............
ရှီလီရွာ။
ထောင်ချောက်များအား သီးသန့်စီ စစ်ဆေးရန် အကြောင်းပြချက်ဖြင့် ရှန်းကျင့်က ရှန်းယင်ထံမှ အလစ်ထွက်လာနိုင်ခဲ့ပြီး တောင်များပိုမိုနက်နဲသည့် အပိုင်းသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။
ထိုအချိန်တွင် ရှန်းလီနှင့် ချန်းတရှန်တို့က ရွှီအိမ်မှ အစေခံအိုကြီး ပေးခဲ့သောနေရာကို လိုက်လာခဲ့ပြီးနောက် ရှန့်ကျင် သားကောင်ဖမ်းမိထားသည့် ထောင်ချောက် အနီးနားရှိ သစ်ပင်နားတွင် စောင့်နေပြီဖြစ်သည်။
သူတို့နှစ်ယောက်က အချိန်အတန်ကြာ စောင့်နေခဲ့ပြီး မိထားသောအကောင်မှာလည်း အစောပိုင်းကတည်းကစ၍ ရုန်းကန်နေခဲ့ပြီး ရှန်းလီနှင့် ချန်းတရှန်တို့ ပေါ်လာချိန်တွင် အထူးသဖြင့် ပိုမို ရုန်းကန်လာခဲ့သည်။
သို့သော်ငြား သူတို့က အန္တရာယ်မပြုကြောင်း မြင်ပြီး သားကောင်ကလည်း ပင်ပန်းလာသည့် အချိန်တွင်တော့ ရုန်းကန်မှုများက ချည့်နဲ့သော ကြိုးစားမှုများအဖြစ်သို့ လျော့ကျသွားပြီး နောက်ဆုံးမှာ လက်လျှော့လိုက်လျက် ပြတ်တောင်းပြတ်တောင်းဖြင့်သာ ရုန်းကန်နေတော့သည်။
သူတို့ရှိနေသောနေရာမှ ရွာဆီဦးတည်နေသည့် လမ်းကြောင်းတွင်တော့ ရှန်းကျင့်က သူ၏လေးခွနှင့် ဝါးတုတ်တစ်ချောင်းကို ကိုင်ပြီး သတိနှင့်ချဥ်းကပ်လာကာ တောင်လမ်းတစ်လျှောက်နှင့် ဘေးဖက်မှ မြက်များကိုလည်း ရံဖန်ရံခါ ထောက်ကြည့်သေးသည်။
ရှန်းကျင့်ကို အဝေးမှမြင်ရသည့်အခါ ချန်းတရှန်က အနည်းငယ် ရယ်လိုက်သည်။
"မင်း ဝမ်းကွဲညီက တကယ် လုပ်ရည်ကိုင်ရည်ရှိတာပဲ၊ မင်း သတ္တိတွေကို အမွေရထားတယ်ထင်တယ်"
ပြီးတော့ ရှန်းလီလို ခက်ခဲတဲ့ ကံကြမ္မာကိုရောပေါ့။
ငယ်ရွယ်စဥ်ကတည်းက ရင်ဆိုင်နေရသော ခက်ခဲသည့်ဘဝကို မြင်နိုင်ပေသည်။
ရှန်းလီက တိတ်ဆိတ်နေရာမှ ရှန်းကျင့်က တောင်များအတွင်းသို့ သတိကြီးစွာ ချဥ်းကပ်လာသည်ကို သတိထားမိပြီးနောက် သူ၏ဂရုတစိုက် လုပ်ကိုင်တတ်သည့် အမူအရာကိုမြင်ပြီး အနည်းငယ် သက်တောင့်သက်သာ ဖြစ်သွားသည်။
သူ့ကို ကြည့်နေသည်ကို သတိမပြုမိသည့် ရှန်းကျင့်ကတော့ သူ့ပတ်ဝန်းကျင်ကို နိုးကြားစွာ လိုက်လံကြည့်ရှုနေပြီးနောက် သူ ထောင်ထားခဲ့သည့် ထောင်ချောက်နားကို ရောက်လာခဲ့သည်။
ထိုအခါမှသာ သူ့အာရုံက ထောင်ချောက်ထံသို့ ရောက်လာသည်။
တစ်စုံတစ်ယောက် ချဥ်းကပ်လာတာကို မြင်ပြီး ထပ်မံရုန်းကန်လာသည့် ရစ်ငှက်ကိုမြင်တော့ သူ့မျက်လုံးများက တောက်ပသွားသည်။
သူက အမြန်လာချင်သည့်တိုင် သူ့အစ်ကို သတိပေးထားသလို နွေဦးနှင့် နွေရာသီ၌ မြွေများကို သတိထားရန်ကို သတိရသွားသည်။
သူက မြက်ပင်တွေအား သူ့လက်ထဲမှ တုတ်ဖြင့် အနည်းငယ် မြန်မြန် သိမ်းကျုံး ရိုက်ကြည့်လိုက်ပြီး ထောင်ချောက်အနားမှ နေရာတစ်ဝိုက်၊ အနီးနားက သစ်ပင်များနှင့် သစ်ကိုင်းများအား သေချာစွာ စစ်ဆေးလိုက်သည်။
မြေပြင်ပေါ်နှင့် သစ်ပင်များထဲ မြွေမရှိကြောင်း သေချာလုပ်ပြီးနောက် သူက ဝါးတုတ်ကို ဘေးချထားလိုက်ရင်း ရစ်ငှက်ထံကို ထိုးပြေးလာသည်။
သူခုန်အုပ်လိုက်သည့် အားကို ကြည့်ခြင်းဖြင့် ချန်းတရှန် တွေးမိလိုက်သည်မှာ ရှန်းကျင့်သည် ငှက်ကို သေချာ မဖမ်းထားနိုင်ခဲ့လျှင်ပင် သူ့ခန္ဓာကိုယ်နှင့် ဖိထားရန် စိတ်ဆုံးဖြတ်ထားကြောင်းပင်။
တစ်ကယ်ကို အကြောက်တရားမရှိဘဲ၊ အဆိတ်ခံရမှာ၊ ကုတ်ခြစ်ခံရမှာလည်း စိုးရိမ်ပုံမရပေ။
အတော်လေးလည်း ဆင်တူသည်။
ချန်းတရှန်လည်း မတတ်နိုင်ပဲ နောက်တစ်ကြိမ် အော်ရယ်လိုက်မိ၏။
ရှန်းလီက သူ့ကို တိတ်တဆိတ် လှည့်ကြည့်လာပြီး မကြာသေးခင်ကမှ သားကောင်အား ထိန်းနိုင်သွားသည့် ရှန်းကျင့်ကလည်း အနည်းငယ် တောင့်တင်းသွားသည်။
ရစ်ငှက်က အတော်လေး ရုန်းကန်နေသည့်တိုင် ရှန်းကျင့်က ထိုရယ်သံကို မှားပြီး ကြားလိုက်တာမဟုတ်ကြောင်း သေချာနေသည်။
"ဘယ်သူလဲ"
"ငါပါ"
ရှန်းလီက ပြန်ဖြေလိုက်ရင်း သစ်ပင်နောက်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ထိုအသံကိုကြားလိုက်ရပြီး သစ်ပင်နောက်မှ ထွက်လာသူကို မြင်လိုက်ရချိန်တွင် ရှန်းကျင့်၏မျက်လုံးများက အံ့သြစွာ ပြူးကျယ်သွားကြသည်။
သူရစ်ငှက်ကို ကိုင်ထားရာမှ သတိမထားမိဘဲ အနည်းငယ် ပြေလျော့သွားရာ ငှက်ကို ရုတ်တရက် ယောက်ယပ်ခတ်ပြီး ရုန်းထွက်နိုင်ရန် လုပ်ပေးလိုက်သလို ဖြစ်သွားရသည်။
အနည်းငယ်လန့်သွားပြီး ရှန်းကျင့်က ပြန်လည် အာရုံစိုက်ရင်း ငှက်ကို နောက်တစ်ကြိမ် ခုန်အုပ်လိုက်သည်။
"အစ်ကိုကြီးလား"
ရှန်းကျင့်က အစ်ကိုကြီးလို့ ခေါ်လိုက်ချိန်တွင်တော့ သူ့နှာခေါင်းက အနည်းငယ်ရှုံ့ပွလာပြီး သူ့မျက်လုံးများက ခံစားချက်များဖြင့် နီရဲလာသည်။
သူက အလွန် စိတ်လှုပ်ရှားနေသောကြောင့် ရှန်းလီထံ ပြေးသွားချင်သော်ငြား သူ့လက်ထဲက ရစ်ငှက်ကို လက်လွှတ်ရန် တုံ့ဆိုင်းနေပေသည်။
ငှက်က ထောင်ချောက်ထဲ သေချာစွာ မိသွားကြောင်း သေချာမှပဲ သူက ဘေးကို ပစ်ထားခဲ့ပြီး ရှန်းလီထံ ပြေးလာသည်။
"အစ်ကိုကြီး၊ အစ်ကိုကြီး"
ရှန်းလီက သူ့ထံ လျှောက်လာနေပြီဖြစ်ပြီး ရှန်းကျင့် သူ့နား ရောက်လာချိန်မှာတော့ သူ့မျက်နှာတွင် မျက်ရည်များဖြင့် စိုနေသည်။
သူက လက်ကိုသုံးပြီး မျက်ရည်တွေကို သုတ်လိုက်သော်ငြား သူ့လက်များက မြေပြင်မှာ ရုန်းကန်ပြီး ရစ်ငှက်ကို ဖမ်းခဲ့ရသောကြောင့် ညစ်ပေနေကာ သူ့မျက်နှာကို ညစ်ပေရှုပ်ပွသွားလေသည်။
သတိထားမိပုံလည်းမပေါ်ဘဲ စိုစွတ်နေတဲ့ မျက်တောင်များကို ပုတ်ခတ်ရင်း သူက ရှန်းလီကို မော့ကြည့်လာသည်။
သူ့နှုတ်ခမ်းတွေက တင်းတင်းစေ့ထားလျက် သူ့လည်ချောင်းအတွင်းလည်း တစ်ဆို့နေကာ ငိုချမိမှာ စိုးသောကြောင့် သူက ဘာမှမပြောနိုင်ပေ။
ရှန်းလီကလည်း ထိုအချိန်တွင် မခံစားနိုင်တော့သောကြောင့် ရှန်းကျင့်၏မျက်ရည်များကို ကုန်း၍ သုတ်ပေးလိုက်ရင်း ညစ်ပတ်နေသည့်သားကောင်ကို ပြုံးပြီးကြည့်လိုက်သည်။
"မင်းကောင်းကောင်း သင်ယူခဲ့တာပဲ"
ထိုသို့သာပြောရုံဖြင့် မျက်ရည်များကို ကြိုးစားထိန်းချုပ်နေသော ရှန်းကျင့်က မထိန်းနိုင်တော့ဘဲ မျက်ရည်များကျဆင်းကာ ငိုကြွေးလာတော့သည်။
သူက ခေါင်းငုံ့လျက် သူ့မျက်ရည်များကို အင်္ကျီလက်ဖြင့် သုတ်လိုက်ရင်း သူ့မျက်နှာကို လက်တွေကြားတွင် ဖွက်ထားကာ မျက်ရည်နှင့် နှာရည်များအား ကြိုးစားထိန်းချုပ်နေသည်။
ခဏအကြာတွင်တော့ သူက သူ့ကိုယ်သူ ပြန်ထိန်းနိုင်သွားကာ ရှန်းလီကို နီရဲပြီး မျက်ရည်စိုနေသည့် မျက်လုံးများဖြင့် မော့ကြည့်လာပြီး ကြိုးစားပြုံးပြလိုက်သည်။
"အစ်ကိုကြီး၊ ကျွန်တော့်ကို တွေ့ရအောင် တိတ်တိတ်လေး ပြန်လာတာလား"
ထိုသို့ပြောနေရင်း သူက စိတ်မလုံစွာဖြင့် ဘေးဘီကို ကြည့်လျက် သူ့အစ်ကိုကြီးကို ရွာက တစ်ယောက်ယောက် မြင်သွားမှာ စိုးရိမ်နေသည်။
ရှန်းလီက ပြုံးပြီး ပြောလိုက်၏။
"ဟုတ်တယ်၊ ငါက မင်းဘယ်လိုနေနေလဲ ကြည့်ရအောင်နဲ့ ငါသင်ပေးတာတွေ တတ်သွားပြီလား စစ်ဆေးရအောင် ပြန်လာခဲ့တာ"
သူ့ရဲ့ စိတ်မလုံပဲ ဘေးဘီကို ကြည့်နေသော အကြည့်များကို မြင်တော့ သံသယကင်းသွားအောင် အာမခံပေးလိုက်သည်။
"မပူပါနဲ့၊ မင်းအစ်ကိုကြီး ချန်းတရှန်ရှိတယ်၊ စောင့်ကြည့်ပေးထားတယ်"
ရှန်းကျင့်က ချောင်းကြည့်လိုက်တော့ အမှန်ပင် ချန်းတရှန် အနောက်မှာ ရပ်နေတာကို မြင်ရသည်။
သူ့အပြုံးလည်း သက်တောင့်သက်သာဖြစ်သွားပြီး ချန်းတရှန်ကို နှုတ်ဆက်လိုက်ပြီးနောက် သူက နောက်ကို ပြန်လှည့်ပြီး ရှန်းလီအား သူ့အောင်မြင်မှုကို ဂုဏ်ယူစွာ ပြသည်။
"အစ်ကိုကြီး၊ ကျွန်တော်အခု ရစ်ငှက်တွေ ဖမ်းနိုင်နေပြီ"
အဝေးမှ လက်ပန်းကျနေသည့် ရစ်ငှက်ကို လက်ညှိုးထိုးပြရင်း သူက ကြွားဝါသည်။
"ကြည့်ပါဦး၊ အဲ့တာကျွန်တော် ဖမ်းမိထားတဲ့ကောင်၊ ယွမ်တစ်ရာလောက်နဲ့ ရောင်းလို့ရလောက်တယ်"
ရှန်းလီက ခေါင်းငြိမ့်သည်။
"တွေ့တယ်၊ အရမ်းကို အထင်ကြီးစရာပဲ၊ ဒါပေမယ့် ငါ မင်းကို တောင်နက်တဲ့နေရာတွေထဲ အရေးပေါ်အချိန်ကလွဲရင် မသွားဖို့ မပြောထားဘူးလား"
ရှန်းကျင့်ရဲ့ အပြုံးက ရပ်သွားပြီး သူက ခေါင်းကို ငုံ့လျက် အင်္ကျီစအား ဆွဲဆုပ်နေသည်။
"ကျွန်တော့်အမေက အတော်လေး နေမကောင်းလို့၊ ကျွန်တော် ရစ်ငှက်တွေ ဖမ်းပြီးရောင်းရင်း အမေ့အတွက်ဆေးကုဖို့ ပိုက်ဆံရှာချင်လို့ပါ"
ပြောရင်းဖြင့် သူ့အသံက တိမ်ဝင်သွားသည်။
"အစ်ကိုကြီးက ကျွန်တော်တို့ အဖေနဲ့ အမေကို သဘောမကျပေမယ့် အခု ကျွန်တော်က အမေ့ကို ကယ်ဖို့လိုလို့ အစ်ကိုကြီး သင်ပေးတဲ့အရာတွေအားလုံးကို သုံးနေမိတယ်"
ရှန်းကျင့်က အပြစ်ရှိသလို ခံစားရတာကြောင့် ရှန်းလီကို မော့ကြည့်ရန် တုံ့ဆိုင်းနေမိလေသည်။
...