← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အပိုင်း (၁၄၃) နင့်အစ်ကိုကြီးကို သွားတောင်းဆိုလိုက်

ရှန်းလီသည် ဆိုင်တာဝန်ခံရွှီထံမှ လီရှီ၏ရောဂါအကြောင်းကို အနည်းငယ် ကြားထားသော်ငြားလည်း သူသည် အတိအကျတော့ သေချာမသိပေ။ သူတို့၏ အတိတ်ကို ပြန်စဥ်းစားကြည့်လျှင် သူသည် အကြောင်းရင်း အတိအကျကို မသိချင်လေရာ ရှန်းကျင့်ကိုသာ ကြည့်ရင်း စိတ်ထဲမှကြိတ်ပြီး သက်ပြင်း ချမိလေသည်။

"မင်း ဒီနေရာ တောင်အတွင်းပိုင်းအထိ သွားတာကို တတ်နိုင်သလောက် ရှောင်သင့်တယ်။ ငါ မင်းကို အရင်ကပြောခဲ့သားပဲ၊ ဒီနေရာမှာ မြွေတွေပဲရှိတာ မဟုတ်ဘူး။ တကယ်လို့ မင်းသာ ကံဆိုးပြီးတစ်စုံ တစ်ခုနဲ့ တွေ့ကြုံခဲ့မယ်ဆိုရင် မင်းလိုကလေးတစ်ယောက်က ဒါကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"

ရှန်းကျင့်က ခေါင်းငုံ့ထားပြီး ပြန်မပြောရဲပေ။

သူသည် တောင်အတွင်းပိုင်းသို့ စွန့်စားသွားလာလိုဆဲဖြစ်ကြောင်း ထင်ရပေသည်။

ရှန်းလီကလဲ နားလည်ပေသည်။ နောက်ဆုံး ဒါသည် သူ့မိခင်အရင်း ဖြစ်ပေသည်။ အကယ်၍များ သူမကို ကယ်တင်ပေးရန် မျှော်လင့်ချက် သေးသေးလေး ရှိနေလျှင်ပင် အန္တရာယ်များရှိနေသည့်တိုင် မည်သို့များ ရပ်တန့်နိုင်ပါမည်နည်း။

ဒါသည် ရှန်းကျင့်နှင့် ရှန်းစန်းတို့၏ လုံးဝကွာခြားသည့် အချက်ပင်။

ရှန်းလီက ရှန်းကျင့်ကို တောင်အတွင်းပိုင်းသို့ မသွားစေခြင်းမှာ အကြောင်းမဲ့တော့ မဟုတ်ပေ။ ဒါသည် အကျိုးရှိချင်မှ ရှိလိမ့်မည် ဖြစ်သောကြောင့်ပင်။

ထိုအစား သူက ချဥ်းကပ်နည်းကို ပြောင်းလဲလိုက်သည်။

"နောက်ပြီးတော့ မင်းအမေရဲ့ ကုသစရိတ်ကို မင်းတစ်ယောက်ထဲ တာဝန်ယူစရာ မလိုပါဘူး"

ရှန်းကျင့်သည် ချက်ခြင်းဆိုသလို ရှန်းလီကို မော့ကြည့်လိုက်ပြီး စိတ်ပျက်သွားတော့သည်။

"ကျွန်တော့်အဖေက ကျွန်တော်တို့ငွေတွေ အားလုံးကို သုံးပစ်လိုက်ပြီ"

သူသည် သူ့အဖေပေါ်တွင် မျှော်လင့်ချက် လုံးဝမရှိတော့ပေ။

ဒီစကားကို ကြားလိုက်သည်တွင် အထင်သေးသည့် အရိပ်တခုက ရှန်းလီ၏မျက်လုံးထဲတွင် ဖျတ်ခနဲ ပေါ်လာတော့သည်။ သူ၏ ဦးလေးဖြစ်သူသည် အမှန်ပင် လူကောင်းတစ်ယောက်လုပ်ရန် ကျရှုံးခဲ့ပြီး အတွင်းထဲကပင် သွေးအေးနေသယောင်။

ရှန်းလီက ရှန်းကျင့်၏ခေါင်းကို ပုတ်ပေးလိုက်ပြီး

"အရူးလေး ပစ္စည်းတွေနဲ့ မြေတွေ ရှိသေးတယ် မဟုတ်လား။ ဆင်းရဲတဲ့ မိသားစုတစ်ခုမှာလဲ သူ့ကိုယ် ပိုင်ချမ်းသာမှုဆိုတာ ရှိပါသေးတယ်၊ တကယ်လို့ ငွေမရှိတော့ဘူးဆိုရင် ပစ္စည်းတွေကို ပေါင်ဖို့၊ ရောင်းဖို့ရှိသေးတာပဲ၊ ဆင်းရဲတဲ့မိသားစုတွေက ဝယ်ရဲမှာ မဟုတ်ဘူးဆိုရင်တောင် ချမ်းသာတဲ့အိမ်ထောင်စုတွေကတော့ ဒီလိုအချိန်ကာလအတွင်းမှာ ဈေးလျှော့ပြီးတော့ ဝယ်ပေးလိမ့်မယ်။ ဒီပစ္စည်းတွေက မင်းနဲ့ မင်းအမေရဲ့အသက်ထက် ပိုပြီးတော့ တန်ဖိုးနည်းတယ် မဟုတ်လား။ မင်းလို ကလေး သေးသေးလေး တစ်ယောက်က တောင်အတွင်းပိုင်းအထိ သွားပြီး စွန့်စားနေစရာ မလိုပါဘူး"

ရှန်းကျင့်က အတိုင်းအတာတခုအထိ မှင်သက်အံ့သြသွားသည်။

ဒါကို တကယ်ပဲ ဒီလိုနည်းလမ်းနဲ့ ဖြေရှင်းလို့ရနိုင်သတဲ့လား။

သူ့မျက်လုံးများက တောက်ပသွားတော့သည်။

"အစ်ကိုကြီး ဘယ်လိုပေါင်နှံရမှာလဲ၊ ဘယ်ကိုသွားရမှာလဲ၊ သူတို့တွေက အားလုံးကို လက်ခံမှာလား"

ရှန်းလီက ပြုံးလိုက်၏။

"မင်းအမေကိုပဲ မေးလိုက်ပေါ့၊ သူက ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိမှာပါ။ ငါပြောတာကို တစ်ခုပဲမှတ်ထား၊ အခုလောကကြီးက ကသောင်းကနင်း ဖြစ်နေတာ၊ ဒီနေရာကလဲ အနှေးနဲ့အမြန်ဆိုသလို ဖြစ်လာမှာပဲ၊ ကိုယ့်ဟာကိုယ် ကာကွယ်လို့ရပြီး တောင်အတွင်းပိုင်းမှာ အသက်ရှင်နေနိုင်မဲ့ ပစ္စည်းတွေဖြစ်တဲ့ ပေါက်ပြား၊ တူရွင်း၊ မီးဖိုချောင်သုံးဓား၊ ပုဆိန် ဒီဟာတွေကလွဲရင် ဘယ်ဟာမှ အသုံးမဝင်ဘူး၊ ဘယ်ပိုင်ဆိုင်မှုပစ္စည်းကမှ ကိုယ့်အသက်ထက် ပိုပြီးတော့ အရေးမကြီးဘူး။ ဘာကို စွန့်လွှတ်နိုင်ရမယ်ဆိုတာကို မင်း သင်ယူတတ်ရမယ်"

ရှန်းကျင့်က ခေါင်းတွင်တွင် ငြိမ့်လိုက်ပြီး အဖေဖြစ်သူက စစ်မှုထမ်းခြင်းကို ရှောင်ကျဥ်ဖို့ရန် ငွေအတွက် မိသားစု၏ ရွှေလက်ကောက်ကို ပေါင်နှံခဲ့သည့်အကြောင်း ပြန်စဥ်းစားလိုက်လေသည်။

"ဒါဆိုရင် အမေက ပစ္စည်းတွေကို ပေါင်နှံလို့ ရနိုင်တယ်ပေါ့နော်၊ ဆေးကုသစရိတ်ရဖို့အတွက်လေ"

သူ၏ မျက်နှာတစ်ခုလုံးက သဘောပေါက်သွားဟန်ဖြင့် လင်းလက်သွားလေသည်။

"အစ်ကိုကြီး ကျွန်တော်နားလည်ပြီ၊ ကျွန်တော်ပြန်ရောက်တဲ့အခါ အမေ့ကို မေးလိုက်ပါ့မယ်"

ရှန်းလီက ခေါင်းငြိမ့်ပြသည်။

"ကောင်းတယ်၊ အခုတော့ အလျင်မလိုသေးနဲ့အုံး၊ ရစ်ငှက်ကို အရင်ဆုံး ချည်ထားလိုက်အုံး၊ ငါ မင်းကို သင်ပေးစရာ တစ်ချို့ရှိတယ်"

ရှန်းလီသည် ဝမ်းသာအားရ ပြန်ပြေးသွားပြီး ရစ်ငှက်ကို ချည်နှောင်ထားလိုက်ပြီးနောက်တွင် ရှန်းလီနှင့်အတူ နောက်မှ လိုက်ထွက်သွားလေသည်။

ထိုအချိန်တွင် ရှန်းလီနှင့်ချန်းတရှန်တို့က သင့်တော်သည့် နေရာတစ်ခုကို ပတ်ဝန်းကျင်တွင် ရှာဖွေလိုက်ကြသည်။

ချန်းတရှန်က အကြံပေးလိုက်၏။

"ဒီမှာ လုပ်ရအောင် မင်း ရွာနားမှာ တစ်ခုကိုတူးထားပြီ မဟုတ်လား၊ တကယ်လို့ ဘဝက ပိုပြီးခက်ခဲလာတယ်ဆိုရင် ရွာအနီးအနားမှာ အစားအသောက် ရှာဖွေဖို့ ခက်ခဲလာလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာကတော့ အဆင်ပြေလောက်တယ်"

ထို့အပြင် သူတို့သည် အာရုံစူးစိုက်မှုကို ရှောင်းရှားဖို့လိုအပ်ပြီး သစ်ပင်များကိုလဲ လှဲချရလိမ့်မည်။ ဒီနေရာတွင်လုပ်လျှင် ဆူညံသံများကို ရွာသားများက မကြားနိုင်အောင် သေချာလုပ်ထားလို့ရသည်။

နှစ်ယောက်သားက ထိုနေရာကို သဘောတူလိုက်ကြသည်တွင် ရှန်းကျင့်က ရောက်လာလေသည်။

ရှန်းလီက ဒီတခေါက် ရောက်လာသည့်အချိန်တွင် ခိုလှုံရန်ကျင်းတစ်ခုကို တူးဖော်ရပုံကို ရှန်းကျင့်အား သင်ပေးမည်ဟု အကျဥ်းချုံး ရှင်းပြလိုက်သည်။သူတို့သည် အလုပ်လုပ်ကြရင်း တောင်အတွင်းပိုင်းနှင့် ရွာထဲကအခြေအနေကို ဆွေးနွေးလိုက်ကြကာ သင် ကြားခြင်းဖြစ်စဥ်ကို ရိုးရိုးရှင်းရှင်း ပြုလုပ်လိုက်လေသည်။ ၂ယောက်က သင်ပေးပြီး တစ်ယောက်က သင်ယူရသည်။

ရှန်းလီနှင့် ချန်းတရှန်တို့သည် ကျွန်းကျွမ်းကျင်ကျင် အလုပ်လုပ်ခဲ့ကြသည်။ သူတို့သည် တော်တော်လေးကြီးမားသည့် တွင်းတစ်ခုကို တူးခဲ့ခြင်း မဟုတ်ပေ။ အဓိက ရည်ရွယ်ချက်မှာ သေချာဆောက် လုပ်ထားသည့် ဝင်ပေါက်ပုံစံတစ်ခုကို ပြုလုပ်ပေးလိုက်ကြပြီး နောက်ပိုင်းမှ အတွင်းပိုင်းကို ရှန်းကျင့်က ဖြည်းဖြည်းချင်း ပြန်ချဲ့ရမည်ဖြစ်သည်။ အဓိကသင်ခန်းစာမှာ ခိုလှုံရာကျင်းတစ်ခု မည်သို့ဆောက်ရမည့်အကြောင်းပင်။

ရှန်းကျင့်သည် ကြီးမားသည့်အားစိုက်ထုတ်မှုဖြင့် သင်ကြားခြင်းကို မှတ်သားထားလိုက်သည်။ ရှန်းလီက အပြင်ပိုင်းရုပ်ဖျက်ခြင်းကို ပြုလုပ်ပြီးစီးသွားသည်တွင် သူ့မှာ တအံ့တသြဖြင့် ပါးစပ်အဟောင်း သားဖြစ်ရသည်အထိ အံ့သြမိလေသည်။

"ဒါကို အပြင်ကကြည့်ရင် လုံးဝသိသာမှာ မဟုတ်ဘူး"

"အစ်ကိုကြီး၊ အစ်ကိုကြီးတို့ကရော တောင်အတွင်းပိုင်းမှာ ဒီလို ခိုလှုံတဲ့ကျင်းနေရာမျိုးမှာ နေကြတာလား"

ရှန်းလီက ပြုံးလိုက်သည်။

"ငါတို့တွေက ဂူတွေထဲမှာနေကြတာ၊ ဒါပေမဲ့ အဲဒီ့ဟာတွေက တခြားသူတွေရှာတွေ့ဖို့ မလွယ်ဘူးလေ၊ တကယ်လို့ မင်းက ပုန်းခိုဖို့ ဂူတစ်ခုကို ရှာမတွေ့နိုင်ဘူးဆိုရင် ဒီလို ကျင်းတစ်ခုမှာ ပုန်းနေတာကလဲ ပိုပြီးတော့ အန္တရာယ်ကင်းနိုင်တယ်"

ရှန်းကျင့်က အကြိမ်ကြိမ် ခေါင်းငြိမ့်ပြလေသည်။ သို့သော်ငြားလည်း အသင့်ဖြစ်နေသည့် ခိုလှုံရာလေးတစ်ခုကို ကြည့်လိုက်ပြီး ရှန်းလီနှင့် ချန်းတရှန်တို့က ကျန်နေသည့်သစ်များကိုယူသွားရန် ချည်နှောင်နေသည်ကို လေ့လာလိုက်မိသည်တွင် သူ့မျက်နှာမှာ မသိမသာ ညှိုးငယ်သွားတော့သည်။

"အစ်ကိုကြီး အစ်ကိုနဲ့အစ်ကိုတရှန်တို့ အခုပြန်ကြတော့မှာလား"

ရှန်းလီက ဘေးတွင်ချထားသည့် အဝတ်အိတ်တစ်လုံးကို ကောက်ယူလိုက်ပြီး ရှန်းကျင့်ကို လှမ်းပေးလိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

" ဒီအိတ်ထဲမှာ အရသာနဲ့ ဆား နည်းနည်းလေးထည့်ပြီး ကျပ်တိုက်ထားတဲ့ အသားခြောက်တစ်ချို့ ပါတယ်၊ အများကြီး မဟုတ်ဘူးဆိုပေမဲ့ အရသာတွေ ထည့်ထားပြီးသား၊ မင်းက ပုန်းခိုတဲ့နေရာမှာ ဒါကို သိမ်းဆည်းထားလိုက်၊ မြေကြီးပေါ်မှာ တိုက်ရိုက်ချမထားနဲ့နော်၊ ငါ မင်းအတွက် လုပ်ထားပေးတဲ့ သစ်သားစင်လေးကို သုံးပြီး ခဏခဏ လေသလပ်ခံပေးဖို့ မမေ့နဲ့"

ရှန်းလီ၏လက်ထဲတွင် ပေါ့ပါးသယောင်ရှိသည့် အိတ်လေးသည် ရှန်းကျင့်က လှမ်းယူလိုက်သည်တွင် သူ့လက်မောင်းများကို ရုတ်တရက် အလေးချိန်ပိုသွားစေကာ မြေကြီးပေါ်သို့ ကျသွားတော့မတတ် ဖြစ်သွားတော့သည်။

အထဲကပစ္စည်းများကို ကြည့်ရှုဖို့ရန် စိတ်အား ထက်သန်နေသော်ငြားလည်း မ,ကိုင်ဖို့ရန် အင်အားမရှိသဖြင့် သူက အိတ်ကို မြေကြီးပေါ်တွင် ချထားဖို့ ရွေးချယ်လိုက်ကာ အိတ်ကိုဖွင့်ပြီး အထဲကို ချောင်းကြည့်လိုက်လေသည်။

သူ့ကို ပထမဦးဆုံး လာထိတွေ့သည့်အရာမှာ ကျပ်တိုက်ထားသည့် အသားနံ့လေး ဖြစ်လေသည်။ သူသည် အထဲကို ကြည့်လိုက်သည်တွင် အိတ်သည် အသားနှင့်ပြည့်နေပြီး သူ့အရပ် အရွယ်အစား၏ တဝက်ခန့်ပင်ရှိနေသည်။

ရှန်းကျင့်၏နှာခေါင်းမှာ မွှန်သွားပြီး သွားရေများကလဲ ပါးစပ်တွင် မြန်မြန်ထွက်လာတော့သည်။ သူသည် ပုံမှန်တစ်နပ် မစားရသည်မှာ အလွန်မှ ကြာမြင့်သွားပြီ ဖြစ်သည်။

အသားအကြောင်းကိုတော့ မေ့ထားလိုက်ခဲ့ရုံပင်။ ဆန်လေးနည်းနည်းနှင့် တောဟင်းရွက်တစ်အိုးကပင် ယခုအချိန်တွင် စည်းစိမ်တစ်ခုဖြ စ်နေတော့သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

သူ့အသံက အနည်းငယ် ဗလုံးဗထွေးဖြစ်နေသည်။ ခဏအကြာတွင် သူသည် ခေါင်းကိုမော့လိုက်ပြီး ရှန်းလီကိုကြည့်ကာ ပြုံးပြလိုက်၏။

ရှန်းလီသည် ရင်ထဲမချိသလို ခံစားလိုက်ရလေသည်။ သူက ရှန်းကျင့်၏ခေါင်းကို ပုတ်ပေးလိုက်ကာ မေးလိုက်၏။

"ရွာထဲမှာနေရတာ ကြောက်နေလား"

ကြောက်နေသလားတဲ့။

ရှန်းကျင့်၏လက်ချောင်းများက အိတ်၏အနားကို ဆုပ်ကိုင်ထားရင်း အတန်ငယ် တုန်ရင်သွားပြီးနောက် သူက အိတ်လေးကို တင်းကြပ်နေအောင် ကိုင်ထားလိုက်ကာ သူ့မျက်နှာက ထင်ရှားသည့် အပြုံးတစ်ခု ဖြစ်သွားလေသည်။

"မကြောက်ပါဘူး၊ အမေ နေပြန်ကောင်းလာမယ်ဆိုရင် ကျွန်တော် လုံးဝမကြောက်ပါဘူး"

သူ့မျက်နှာက ဝမ်းသာအားရဖြင့် လင်းလက်နေပြီး သူသည် လတ်တလောက ကံကောင်းခြင်း အကြောင်းအရာကို ပြန်သတိရသွားလေသည်။

"အစ်ကိုကြီး ကျွန်တော်လေ၊ ကြင်နာတတ်တဲ့ ဈေးသည်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက ကျွန်တော် ငွေလိုနေတာကို သိလို့ ကျွန်တော့်ရဲ့ရစ်ငှက်တွေကို ဝယ်ပေးဖို့ သဘောတူခဲ့တာ၊ ကျွန်တော်နဲ့ စပါးတောင်မှ ရောင်းဝယ်ပေးမယ်လို့ ပြောသေးတယ်။ အခုလောလောဆယ်တော့ ကျွန်တော်က အမေ့ကုသစရိတ်အတွက် ငွေနဲ့ပဲ လဲလှယ်ခဲ့တာ၊ ဒါပေမဲ့ ကျွန်တော် အိမ်ကပစ္စည်းတွေကို ပေါင်နှံနိုင်မယ်ဆိုရင် နောက်တခါ ရစ်ငှက်တွေ ဖမ်းမိတဲ့အခါ ကျွန်တော် ဒါတွေကို စပါးနဲ့လဲလှယ်ထားပြီး တိတ်တိတ်လေးသိမ်းထားမှာ"

ဒီအကြောင်းကို ကြားလိုက်သည်တွင် ချန်းတရှန်းက ရှန်းလီကို လှမ်းကြည့်လိုက်သည်။

ရှန်းလီ၏အမူအယာက မပြောင်းလဲပဲရှိနေပြီး ပြုံးပြလိုက်ကာ

"ဟုတ်လား၊ ဒါဆိုရင် မင်း လူကောင်းတစ်ယောက်နဲ့ တွေ့ခဲ့တာပဲ၊ နောက်ဆိုရင် မင်းမှာ အရည်အချင်းနဲ့ အခွင့်အရေးတွေရှိလာရင် မင်း သူ့ကို ကျေးဇူးပြန်ဆပ်နိုင်တာပေါ့"

ရှန်းကျင့်က အားတက်သရော ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ် ကျွန်တော် အဲလိုလုပ်မှာပါ"

ရှန်းလီက အကြံအဉာဏ် ထပ်မပေးတော့ဘဲ ရှန်းကျင့်ကို လီရှီ၏ကုသစရိတ်အတွက် အိမ်ကပစ္စည်းများကို ရောင်းနှံဖို့ရန် နားချခိုင်းလိုက်ပြီး တောစပ်နားတွေမှာပင် ရစ်ငှက်များကိုထောင် ချောက်ချဖို့ မှာကြားလိုက်သည်။ အတွင်းပိုင်းအထိ လှည့်ပတ် သွားလာဖို့ရန်ကတော့ လီရှီက နေပြန်ကောင်းလာပြီး သူနှင့်အတူ အဖော်လိုက်ပေးနိုင်သည်အထိ စောင့်ဆိုင်းဖို့ အကြံပြုလိုက်သည်။

ဒီတကြိမ်တွင်တော့ ရှန်းကျင့်က နှုတ်ဆိတ်မနေတော့ဘဲ အားလုံးကို သဘောတူလိုက်သည်။

ခွဲခွာဖို့အချိန်နီးကပ်လာသည်တွင် ရှန်းလီက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ရှန်းကျင့်၏ပုခုံးလေးကို ပုတ်ပေးလိုက်ကာ

"ကောင်းပြီ၊ မင်းပြန်သင့်ပြီ၊ တရှန်နဲ့ငါလဲ သွားဖို့လိုပြီ"

ရွေ့လျားဖို့ ရန်တွန့်ဆုတ်နေဆဲဖြစ်ပြီး ရှန်းကျင့်က နောက်ဆုံးတော့ မေးလိုက်လေသည်။

"အစ်ကိုကြီး ကျွန်တော့်ကိုနောက်ထပ် လာတွေ့အုံးမှာလား"

ရှန်းကျင့်က ခဏလောက်စဥ်းစားလိုက်ပြီး "တကယ်လို့ လာတွေ့လို့ရရင် လာတွေ့မှာပေါ့"

သည်စကားကို ကြားလိုက်သည်တွင် ရှန်းကျင့်၏ စိုးရိမ်စိတ်များမှာ ပြေလျော့သွားပြီး မခွဲခွာလိုသည့် အကြည့်တစ်ခုဖြင့် သူ့က လက်ဝေ့ရမ်းကာ နှုတ်ဆက်လိုက်လေသည်။

"ဒါဆိုရင် အစ်ကိုကြီး၊ အစ်ကိုတရှန် လမ်းမှာဂရုစိုက်ပါနော်” ထွက်မသွားသေးခင်တွင် သူက တစ်ခုခုကို စဥ်းစားမိလိုက်၏။ သူသည် ရှန်းလီ သူ့ကိုပေးထားသည့် အသားအိတ်ကို အသစ်ဆောက်လုပ်ထားသည့် ခိုလှုံရာကျင်းအတွင်းတွင် ဝှက်ထားလိုက်ပြီးနောက် သူ၏လေးခွနှင့် ရစ်ငှက်များကိုသယ်ကာ ရှန်းလီနှင့် ချန်းတရှန်တို့ကို လက်ဝေ့ရမ်းပြလိုက်ပြီး မကြာခဏ ဆိုသလို နောက်လှည့် တကြည့်ကြည့်ဖြင့် ထွက်ခွာသွားတော့သည်။

ချန်းတရှန်နှင့်ရှန်းလီတို့က သူ့နောက်မှနေ၍ အတော်ကြာသည်အထိ တိတ်တဆိတ် လိုက်ကြည့်ပေးခဲ့ကြသည်။ ချန်းတရှန်က အကြံပေးလိုက်၏။

"ငါတို့တွေလဲ သွားသင့်ပြီ၊ နည်းနည်းလောက် နောက်ကြသွားရင် ဒီတောင်တွေထဲမှာ သွားလာဖို့ ခက်ခဲသွားလိမ့်မယ်"

ရှန်းလီက ခေါင်းငြိမ့်ပြလိုက်သည်။ ထိုနေရာကို နည်းနည်းပါးပါး သန့်ရှင်းရေး လုပ်ပြီးနောက်တွင် သူတို့က ကျန်နေသည့်သစ်များကို တောင်အတွင်းပိုင်းသို့ သယ်လာခဲ့လိုက်ကြသည်။

ရှန်းကျင့်သည် ခိုလှုံမည့်ကျင်းထဲတွင်အသားကို ဝှက်ထားလိုက်ပြီး ရစ်ငှက်ကိုတော့ သူ့အစ်ကိုကြီး အိမ်အနီးအနားက တွင်းလေးထဲတွင် ဝှက်ထားလိုက်သည်။ ထိုတွင်းလေးထဲတွင် သူသည် သူ့ကိုစောင့်နေသည့် ရှန်းယင်နှင့်တွေ့လေသည်။ ရှန်းယင်က အဘယ်ကြောင့် အလွန်ကြာရပါသနည်းဟု မေးလာချိန်တွင် သူက မသဲမကွဲသာ ပြန်ဖြေလိုက်သည်။ ညီအစ်ကိုများက တွင်းထဲမှ ထွက်လာကြပြီး ဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်ကာ တောဟင်းရွက်တစ်ချို့ဖြင့် အိမ်ပြန်လာခဲ့တော့သည်။

ရွာထဲသို့ရောက်စတွင်ပင် သူတို့အိမ်နှင့် သိပ်မနီးလှသေးသည့် နေရာတွင် ရှန်းထျယ်က အလောတကြီးပြေးလာလေသည်။

"အစ်ကို မင်းတို့တွေ ဘာလို့ အဲလောက်ကြာနေတာလဲ၊ မင်းတို့ ညစာလွတ်ကုန်ပြီ၊ အမေက မင်းတို့ကို ခဏခဏ မေးနေတာ"

ဒီအချိန်တွင် ညစာက လွတ်သွားပြီဖြစ်ရာ ညခင်းအစောပိုင်းပင် ရောက်နေလေသည်။

ရှန်းကျင့်ကပြန်မဖြေဘဲ ပြန်မေးလိုက်၏။

"အဖေရော"

"သူ လယ်ထဲသွားတယ်"

လီရှီသည် လယ်လုပ်ငန်းများကို မလုပ်ကိုင်နိုင်ပေ။ ရှန်းစန်းကလဲ ထမင်းစားပြီးတိုင်း လယ်ကွင်းထဲတွင် အလုပ်လုပ်ရင်းဖြင့် နောက်ပိုင်းတွင် အလုပ်များလာခဲ့သည်။

သူ့အဖေ အိမ်တွင်မရှိသည့်အချက်ကြောင့် စိတ်အေးသွားပြီး ရှန်းကျင့်က သူတို့အိမ်ကို ပြန်လာခဲ့ရာတွင် သူသည် ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့်ချက်ခြင်း ပင်မအခန်းထဲက ချောင်းဆိုးသံကို ဆက်တိုက် ကြားလိုက်ရလေသည်။

ရှန်းကျင့်က ရှန်းယင်နှင့် ရှန်းထျယ်တို့ကို ခြံဝန်းထဲတွင် နေခဲ့ဖို့ပြောလိုက်ပြီး သူကတော့ ပင်မအိမ်ထဲသို့ ဝင်သွားလိုက်သည်။

ချောင်းဆိုနေခြင်းကို ထိန်းလိုက်ပြီးနောက်တွင် လီရှီသည် ခြေသံများကို ကြားလိုက်ရပြီး ကုတင်ကိုပြန်မှီရင်း အသက်ကို ဖြည်းဖြည်းချင်း ရှူလိုက်ပြီးမှ မေးလိုက်လေသည်။

"ဘာတွေဖြစ်နေတာလဲ၊ နင်ဘာဖြစ်လို့ အဲလောက်နောက် ကျမှ ပြန်လာတာလဲ၊ တောင်အတွင်းပိုင်းထဲ သွားပြန်ပြီလား"

ရှန်းကျင့်က အဖြေကိုတန်းမပေးလိုက်ဘဲ ထိုအကြောင်း ပြန်ပြောလိုက်သည်။

"အမေ ကျွန်တော်တို့ အိမ်မှာ ငွေအတွက် ပေါင်နှံလို့ရတာ ဒါမှမဟုတ် ရောင်းချလို့ရတာတွေကို စဥ်းစားကြည့်ကြည့်ပါအုံး၊ ကျွန်တော်တို့တွေ အမေ့ကုသစရိတ်အတွက် ကျွန်တော်တို့ ပစ္စည်းတွေကို ရောင်းချလို့ရတယ်လေ"

လီရှီမှာ တအံ့တသြ ဖြစ်သွားတော့သည်။

"နင် ဘာတွေပြောနေတာလဲ"

"ကျွန်တော် ပြောတာက အမေ့ကုသစရိတ်အတွက် လိုလို့ပါ"

သားဖြစ်သူ၏ တောင်အတွင်းပိုင်းသို့ သွားလိုက်သည့်ခရီးက ဒီအကြောင်းအရာကို ဦးတည်လာလိမ့်မည်ဟု လီရှီမှာ နားမလည်နိုင်တော့ပေ။ သူမ၏ရောဂါကို ကုသဖို့ရန် ကုန်ကျစရိတ်က မည်မျှလောက်ရှိပါမည်နည်း။

တခါတရံ ချောင်းဆိုးလျှင် သည်းမခံနိုင်အောင်ဖြစ်ရချိန်တွင် နှစ်အကြာကြီး နေရလိမ့်မည် မဟုတ်တော့ဟု လီရှီမှာ ခံစားမိသည်။ သူမ၏ရောဂါက ဤမျှလောက် အလွယ်တကူကုသလို့ ရနိုင်ပါမည်လား။ ကျိုးလိုင်ကျီ၏မိန်းမက ကုသ၍ ပျောက်ကင်းသွားသည်။ သို့သော်ငြားလည်း သူတို့၏ပိုင်ဆိုင်မှု အားလုံးမှာ ချွတ်ခြုံကျခဲ့ရသည်။ သူမသည် အိပ်ယာထဲတွင် လဲနေရပြီး ဖျားနာနေဆဲ မဟုတ်ပါလား။

"နင် ဘာအဓိပ္ပာယ် မရှိတာ ပြောနေတာလဲ၊ ငါတို့အိမ်မှာ ဘာအဖိုးတန်တဲ့ပစ္စည်း ကျန်အုံးမှာလဲ"

"ကျွန်တော်တို့တွေမှာ ဘာဖြစ်လို့ ဘာမှမကျန်ရမှာလဲ၊ ကျွန်တော်တို့တွေ အပေါ်ထပ်အနွေးထည်၊ ဂွမ်းဆောင်အထူတွေ၊ မွေ့ယာတွေကို ရောင်းလို့ရတယ်လေ၊ ရာသီဥတုကလဲ နွေးလာပြီပဲ၊ ကျွန်တော်တို့တွေ ပေါက်ပြားတစ်လက်ကို ချန်ထားပြီး တခြားပစ္စည်းတွေကို ပေါင်ရင်ပေါင် ဒါမှမဟုတ် ရောင်းလို့ရတာ"

ရှန်းကျင့်က ချီတုံချတုံဖြစ်သွားပြီး သူတို့သည် တခြား ဘာများရောင်းနိုင်မည်လဲဟု မသိဖြစ်လေရာ အလောတကြီး ထပ်ပြောလိုက်လေသည်။

"အဲဒါမှ မလောက်သေးဘူးဆိုရင် ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ လယ်နဲ့မြေတွေကို ရောင်းလိုက်လို့ရတာပဲ"

သူတို့၏ လယ်နှင့်မြေကို ရောင်းမည့်အကြောင်း ပြောလိုက်သည်တွင် လီရှီမှာ ပျာယာခပ်သွားပြီး သူမလည်ချောင်းထဲတွင် ခံစားမှုတစ်ခု ဖြစ်လာကာ နောက်ထပ်ချောင်းဆိုးလေတော့သည်။

ရှန်းကျင့်က သူမအမေ၏ကျောကိုပုတ်ဖို့ရန် အလျင်အမြန် ရောက်လာလေသည်။ လီရှီက ပြန်သက်သာလာချိန်တွင် ရုတ်တရက် တစ်ခုခုမွှေးရနံ့ကို ရလိုက်လေသည်။

အသားနံ့များလား။

ကျပ်တိုက်ထားတဲ့ အသားလား။

သူမက ရှန်းကျင့်၏လက်ကို ဖမ်းဆုပ်လိုက်ပြီး သူမ၏နှာခေါင်းနားသို့ ဆွဲကပ်လိုက်ကာ ဒါသည် ကြပ်တိုက်ထားသည့်အသားနံ့ အမှန်တကယ် ဖြစ်နေမှန်း အတည်ပြုလိုက်လေသည်။

သူ၏လက်ကောက်ဝတ်ကို တင်းနေအောင် ဖမ်းဆုပ်ထားပြီး သူမက သူ့ကို အသက်မရှူနိုင်လောက်အောင် စိုက်ကြည့်နေလိုက်သည်။

“ရှောင်ကျင့် မင်းရဲ့အမေကို ပြောစမ်း မင်း အသားတစ်ခုခု တွေ့ခဲ့တာလား”

သူမ၏ စူးစိုက်အကြည့်က ပြင်းပြလွန်းလှသည်။

"ငါ့ကို အမှန်အတိုင်း ပြောစမ်း၊ မင်းရဲ့အစ်ကိုကြီး ပြန်လာတာလား"

"မင်း နောက်ကျမှ ပြန်လာတယ်၊ ငါ့ကိုလဲ ပစ္စည်းတွေပေါင်ဖို့ မြေရောင်းဖို့ပြောတယ်၊ မင်းရဲ့အစ်ကို မင်းဆီ အလည်ပြန်မလာဘဲနဲ့တော့ မင်းက ဒီအကြောင်းတွေကို ဘယ်လိုလုပ်သိမှာလဲ ဟုတ်တယ်မလား။ သူပဲ မဟုတ်လား"

အဖြေကို သဲကြီးမဲကြီးလိုချင်နေရာ သူမသည် သူ၏လက်ကောက်ဝတ်ကို တင်းနေအောင် ဖမ်းဆုပ်ထားသဖြင့် ရှန်းကျင့်မှာ လွတ်မြောက်ဖို့ရန် ရုန်းကန်ရပြီး ပြတ်ပြတ်သားသား ငြင်းဆန်ရန်သာ တတ်နိုင်လေသည်။

"မဟုတ်ဘူး"

"ငါ့ကို မလိမ်စမ်းပါနဲ့၊ မင်းအစ်ကိုကြီး ပြန်လာခဲ့တာ မဟုတ်လား၊ သူက ငါနဲ့မင်းအဖေကို မုန်းနေတာလေ၊ ဒါပေမဲ့ သူက မင်းတို့အားလုံးကိုတော့ ချစ်ခင်သေးတယ်၊ သူပဲ မဟုတ်လား"

"မဟုတ်ဘူး၊ ကျွန်တော်က ဒီအတိုင်းဗိုက်ဆာလို့ တောင်ထဲက ရစ်ငှက်တစ်ချို့ကို သွားခိုးလာခဲ့တာ"

လီရှီ၏မျက်လုံးထဲတွင် မျက်ရည်များ ဝေ့တက်လာတော့သည်။

"နင့်ရဲ့အမေကို မညာစမ်းပါနဲ့၊ ငါက ဒီကိစ္စကို ပြသာနာ လုပ်နေတာ မဟုတ်ဘူး၊ နင်ရဲ့အစ်ကိုကြီး ပြန်လာတယ်ဆိုရင် အမေ့စကားနားထောင်၊ သူ့ကို သွားပြီးတော့ တောင်းပန်လိုက်၊ နင်နဲ့ နင့်ညီ၊ နင့်ညီမလေးကို သူတို့နဲ့အတူ ခေါ်သွားပေးဖို့ တောင်းဆိုလိုက်"

သူမ၏ ကိုယ်ပိုင်စကားလုံးထဲတွင် ဖြစ်နိုင်ချေမရှိသည်ကို နားလည်လိုက်သည်တွင် သူမက သူမ၏ တောင်းပန်တိုးလျှိုးသည့် စကားကို ပြောင်းလဲလိုက်လေသည်။

"သူက ဒီလောက်အများကြီးကို ခေါ်မသွားချင်ဘူးဆိုရင်လဲ သူ တတ်နိုင်သလောက်ပဲ ခေါ်သွားပါစေ ဟုတ်ပြီလား၊ နော်"

ရှန်းကျင့်က သူ၏လက်ကို ပြန်ရုတ်သိမ်းဖို့ရန် အတင်းကာရော ကြိုးစားနေသည်ကို မြင်လိုက်ရသည်တွင် လီရှီက ဘာမှမပြောဘဲ နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်ပြီးမှ ငိုချလိုက်တော့သည်။

"ငါက နင့်ကို သွားတောင်းပန်ဖို့ မပြောတော့ပါဘူး၊ နင့်အစ်ကိုကြီး ရှိနေတဲ့နေရာကိုပဲ ငါ့ကိုပြောလိုက်၊ ငါ သူ့ကို သွားတောင်းပန်လိုက်မယ်။ အရင်က ငါမှားသွားခဲ့တယ်၊ ငါ သူ့ကို တောင်းပန်မှာပါ၊ သူ့ကိုလဲ ဦးချပြီးတောင်းပန်မှာပါ၊ ငါရဲ့ကျန်တဲ့ တစ်ဘဝလုံးမှာ ကျွဲလိုနွားလို အလုပ်အကျွေးပြုပေးမှာပါ၊ တကယ်လို့ ငါ အသက်ရှည်ရှည် မနေရဘူးဆိုရင်တောင် နောက်ဘဝကြရင်၊ နောက်ဘဝရဲ့နောက်ဘဝကြရင်၊ လုပ်ပေးမှာပါ၊ ကျေးဇူးပြုပြီးတော့ မင်းတို့အားလုံးကို ခေါ်သွားပေးဖို့ သူ့ကို တောင်းဆိုရမယ်"

အသည်းအသန် နေမကောင်းဖြစ်နေလေရာ လီရှီသည် စိတ်လှုပ်ရှားလာပြီး အပြင်းအထန် ချောင်းထပ်ဆိုးတော့ပြန်သည်။ မျက်ရည်များ၊ နှာရည်များနှင့် သွားရေများက သူမ၏မျက်နှာပေါ်မှ ထိန်းမရအောင် စီးကျလာတော့သည်။

မျက်ရည်များက ရှန်းကျင့်၏မျက်လုံးထဲမှ စီးကျလာပြီး သူက မျက်ရည်များကို သုတ်ပစ်လိုက်ကာ လီရှီကို ထူပေးပြီး သူမ အသက်ရှူနိုင်ရန် ကျောပြင်ကို ပုတ်ပေးလိုက်လေသည်။

"အမေ စိတ်မလှုပ်ရှားပါနဲ့၊ အစ်ကိုကြီးက တကယ်ပြန်မလာပါဘူး"

သို့သော်ငြားလည်း လီရှီကတော့ ရှန်းလီပြန်လာခဲ့သည်ဟုသာ ယုံကြည်နေလေသည်။

သည်အချိန်တွင် ကလေးများ၏ကံတရားအတွက် သို့မဟုတ် အသားကို ထောက်ပံ့ပေးဖို့ရန်အတွက် ရှန်းလီကလွဲလျှင် မည်သူက ဂရုစိုက်ပေးပါမည်နည်း။ သူမက ရှန်းကျင့်၏လက်ကို အသည်းအသန် ဖမ်းဆုပ်ထားလိုက်ပြီး ချောင်းဆိုးနေရင်းက သူ့ကို မျက်လုံးက မခွာတမ်းကြည့်လိုက်ကာ သူက သူမကို တခါလောက်တော့ အရေးစိုက်ပေးဖို့ မျှော်လင့်နေလေသည်။

ရှန်းကျင့်ခမျာ နေ့လည်ခင်းကတည်းက ရှန်းလီကိုတွေ့ရသဖြင့် သူ့ခံစားချက်များကို ထိန်းထားလာခဲ့ရာ နောက်ဆုံးတော့ သူ့အမေ၏မျက်နှာပေါ်က မျက်ရည်စီးကြောင်းများကို မြင်လိုက်ရပြီး ကယ်တင်ပေးရန်အတွက် သူမ၏ တောင်းပန်တိုးလျှိုးစကားကို ကြားလိုက်သည်တွင် နောက်ဆုံးတော့ ပွင့်ထွက်လာပြီး ထိန်းမရအောင် ငိုကြွေးလေတော့သည်။

"အမေ၊ မရီးရယ် ရှန်းအန်းရယ် ရှန်းနဥ်ရယ်တို့က အရင်တုန်းကဆိုရင် ကျွန်တော်တို့ ထက်တောင် အခြေအနေ ပိုဆိုးခဲ့ပါသေးတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့မှာ ပဲတွေနဲ့မြေတွေ ရှိသေးတယ်။ ဆောင်းဦးရောက်ရင်လဲ ရိတ်သိမ်းဖို့ စပါးတွေကို မျှော်လင့်လို့ရသေးတယ်။ အရင်တုန်းကဆိုရင် သူတို့မှာ ဘာရှိခဲ့လို့လဲ"

သူသည် သူ့အစ်ကိုက ထိုမေးခွန်းကို မေးလာစဉ်က သူ၏ကြောက်ရွံမှုကို ဝန်ခံခဲ့သည်။ သို့တိုင် သူသည် ထိုကြောက်စိတ်ကို ဖော်ပြဖို့ရန် အလွန်မှ စိုးရိမ်နေမိသည်။

ဒီခံဝန်ချက်က ရှန်းကျင့်ကို ဖမ်းဆုပ်ထားသည့် လီရှီ၏လက်များကို လျော့ရဲသွားစေပြီး မျက်ရည်များ စီးကျလာရင်း သူမက ညည်းတွားတော့သည်။

"ဒီကိစ္စ ငါတို့အပေါ် ကျရောက်လာတာ ငါ့ရဲ့ အပြစ်တွေပါ"

ရှန်းကျင့်က ဒူးထောက်ချလိုက်ပြီး သူ့အမေ၏မျက်ရည်များကို သုတ်ပေးဖို့ရန် အိပ်ယာဘေးက အဝတ်တစ်ထည်ကိုသုံးလိုက်ပြီး သူမကို နှစ်သိမ့်ပေးလိုက်လေသည်။

"အမေ ကျွန်တော်တို့တွေ တခြားဘယ်သူ့ကိုမှ အားကိုးလို့ မရတော့ဘူး၊ ကျွန်တော်တို့အားလုံးက ကိုယ့်ဟာကိုယ်ပဲ အားကိုးဖို့လိုတယ်၊ မရီးကလဲ ပြီးခဲ့တဲ့ဆောင်းတွင်းတုန်းက ဝင်ငွေနည်းနည်းလေးကို ရှာနိုင်ခဲ့တာ၊ သူက ကျွန်တော်တို့ အများကြီးကို ဘယ်လောက်ထိကြာအောင် စောင့်ရှောင့်ပေးနိုင်ပါ့မလဲ"

သူ့အဖေသာ သူတို့မိသားစု၏ ငွေများနှင့်ရွှေလက်ကောက်များကို သုံးပြီး စပါးများကို ဝယ်ထားခဲ့မည်ဆိုလျှင် သူတို့သည် ယခုအချိန်တွင် ဤမျှလောက်ချို့တဲ့နေလိမ့်မည်မဟုတ်ပေ။

ရှန်းကျင့်က ထိုအကြောင်းကို ချဲ့ကားပြောမနေတော့ဘဲနဲ့ အခိုင်အမာ ပြောလိုက်လေသည်။

"နောက်ပြီးတော့ ကျွန်တော် ထွက်သွားမှာ မဟုတ်ဘူး။ ကျွန်တော်က အမေရယ် ကျွန်တော်ရယ် ရှန်းယင်ရယ် ရှန်းထျယ်ရယ် ထျန်းယာတို့နဲ့ပဲ နေမှာ၊ ကျွန်တော်တို့တွေက အမေ့ကိုပဲ အားကိုးနိုင်တယ်"

"ဒါကြောင့် အမေရယ် အမေက ဆေးကုသဖို့ လိုအပ်တယ်။ အမေ နေကောင်းမှပဲ ကျွန်တော်တို့မောင်နှမတွေ အဆင်ပြေနိုင်မှာ၊ အစ်ကိုကြီးက ကျွန်တော့်ကို အမဲလိုက်တာနဲ့ တောင်ထဲမှာ အသက်ရှင်နေနိုင်ဖို့ နည်းလမ်းကို သင်ပေးခဲ့တယ်။ အမေ နေပြန်ကောင်းလာပြီး ကျွန်တော်တို့ကို ဦးဆောင်လာနိုင်ပြီဆိုရင် ကျွန်တော်တို့တွေ အသက်ရှင်နိုင်မှာ"

နောက်တကြိမ် ချောင်းဆိုးလိုက်ပြီးနောက်တွင် လီရှီက ရှန်းကျင့်ကို မေးလိုက်တော့သည်။

"ကုသမှု ခံယူရမယ်၊ ဒါက အဲလောက်လွယ်လို့လား၊ ငါတို့တွေက မြေကို ရောင်းချလိုက်ရင် ဆောင်းဦးရောက်ရင် ဘာတွေစားကြမှာလဲ၊ နင်တို့ရဲ့မောင်နှမရော ဘာဖြစ်လာမှာလဲ၊ ဒီလိုအချိန်မျိုးမှာ ငါတို့ရဲ့မြေက ငွေဘယ်လောက် ရနိုင်မှာမလို့လဲ"

"ဘယ်လောက်ပဲရရပါ၊ ကျွန်တော်တို့ ဒါကိုရောင်းရလိမ့်မယ်၊ အမေက မရောင်းချင်ဘူးဆိုရင် အရင်ဆုံး တစ်ပိုင်းလောက်ပဲ ရောင်းကြမယ်လေ၊ ကျွန်တော်က ရစ်ငှက်ဖမ်းရာကနေ ဝမ်၇၀၀စု ဆောင်းထားတာရှိတယ်။ ဒါကို အမေ့ကုသစရိတ်အတွက် အရင်ဆုံးသုံးကြမယ်၊ တကယ်လို့ ဒါက မလောက်သေးဘူးဆိုရင်လဲ ကျွန်တော်တို့ ထပ်ပြီးရောင်းလို့ရတယ်"

ရှန်းကျင့်သည် ရစ်ငှက်များထောင်ဖမ်းရာမှ ဝမ်၇၀၀ စုဆောင်းထားသည့်အကြောင်း ဝန်ခံလိုက်သည်ကို ကြားလိုက်ရသည်တွင် သူသည် အစောပိုင်းတွင် စပါးများနှင့် လဲလှယ်သည့်ကိစ္စကို လိမ်ညာခဲ့ကာ သူမက ကုသမှုခံယူဖို့အတွက်ကိုသာ ခေါင်းမာနေခြင်းဖြစ်ကြောင်း နားလည်လိုက်လေသည်။

ဝမ်းနည်းခြင်းနှင့် ဝမ်းသာခြင်းကြားတွင် ဝေခွဲမရအောင် ခံစားလိုက်ရပြီး သူမ၏ မျက်ရည်များမှာ ဆက်တိုက် ကျဆင်းလာတော့သည်။

လီရှီက ဒီစိတ်ကူးကို စဥ်းစားမိသည်ကို မြင်လိုက်သည်တွင် ရှန်းကျင့်က နားချလိုက်လေသည်။

"အမေ အခုလောလောဆယ် အနာဂတ်အကြောင်းကို မစဥ်းစားကြရအောင်၊ ရွာထဲမှာ နောက်ထပ်အိမ် ထောင်စုနှစ်ခု ထွက်သွားပြန်ပြီ၊ အနာဂတ်က ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ၊ လက်ရှိမှာ ရှင်သန်နေထိုင်ဖို့ကပဲ အရေးအကြီးဆုံးကိစ္စ မဟုတ်လား"

သူက သူ့၏ဝှက်ဖဲကို ထုတ်ပြလိုက်သည်။

"ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျွန်တော် တောင်အတွင်းပိုင်းအထိ သွားပြီး ရစ်ငှက်တွေကို ဖမ်းခဲ့တယ်၊ တကယ်လို့ အမေက ဒီပစ္စည်းတွေကို ကုသဖို့အတွက် မရောင်းဘူးဆိုရင် ကျွန်တော်က ငွေထပ်ရှာဖို့အတွက် တောင်အတွင်းပိုင်းအထိ ထပ်သွားရလိမ့်မယ်၊ နောက်ပြီးတော့ အစ်ကိုကြီး ကျွန်တော့်ကို သင်သွားပေးခဲ့တဲ့ ပုန်းခိုရမဲ့နေရာတွေ အားလုံးက တွင်းတွေကြီးပဲ၊ ဒါတွေမှာ ကျွန်တော်တို့ ပုန်းခိုလို့ရပေမဲ့ ကျွန်တော်တို့ရဲ့အသံကတော့ လုံမှာမဟုတ်ဘူး။ အမေ ဒီလိုသာ ချောင်းဆိုးနေမယ်ဆိုရင် တခုခုဖြစ် လာရင် ကျွန်တော်တို့တွေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး"

ဒီစကားက လီရှီ၏ စိတ်အတွင်းပိုင်းကို ဆွဲလှုပ်လိုက်ပြီး သူမ၏မျှော်လင့်ချက်အားလုံးနှင့် မတုန်မလှုပ်ဖြစ်နေသည့် ခံစားချက်ကို ပြိုကွဲသွားစေတော့သည်။

"ကောင်းပြီလေ၊ ငါ ကုသမှုခံယူပါ့မယ်"

သူမသည် တခြားမည်သူကိုမှ အားကိုးလို့ မရနိုင်ပေ။ သူမ အသက်ရှင်နေမှသာ သူမ၏ကလေး၄ယောက်ကလဲ အသက်ရှင်နိုင်ပေလိမ့်မည်။

...

အပိုင်း (၁၄၄) တောင်ကြွက်

လီရှီ၏ လိုအင်ဆန္ဒများမှာ နောက်ဆုံးတော့ ပြန်လည်ရှင်သန်လာလေသည်။ သူမက ရောင်းရမည့် အဝတ်အစားနှင့် အိပ်ယာများကို ပြင်ဆင်ဖို့ရန် သူမ၏အင်အားကို စုစည်းထားလိုက်သည်။

၃လပိုင်း၏ နွေးထွေးသော်ငြားလည်း ချမ်းစိမ့်သေးသည့် နေ့တစ်နေ့တွင် လယ်လုပ်ငန်းများ ပြီးလာသည့် ရှန်းစန်းသည် သူ၏အိပ်ယာပေါ်တွင် လဲလျောင်းမည့် မျှော်လင့်ချက်ဖြင့် အိမ်သို့ပြန်အလာ သူ၏အိပ်ယာခင်းနှင့် ခေါင်းအုံးများမှာ အစားထိုးခံလိုက်ရသည်ကို တွေ့လိုက်ရလေသည်။

ထိုအချိန်တွင် တတိယမိသားစု၏အိမ်ထောင်ထဲ၌ လင်မယားနှစ်ယောက်သည် မည်သူကပို၍ ရှက်ရွံဖွယ် ကောင်းပါသနည်းဟု စကားရည် လုကြလေတော့သည်။ စစ်မှုထမ်းခြင်း ရှောင်ရှားဖို့ရန်အတွက် စုဆောင်းထားသည့် ငွေအားလုံးကို သုံးဖြုန်းလိုက်သဖြင့် မိသားစု၏ အစားအသောက် ရိက္ခာကို ဖြတ်ချလိုက်သည့် သူပေလား သို့မဟုတ် ဆေးကုသစရိတ် ရှာဖွေရန် ပိုင်ဆိုင်မှုများကို အတ္တကြီးကြီး ရောင်းချခဲ့သည့် သူမ ပေလားဟူ၍။

သိပ်သည်းလှသည့်တော နက်ကြီးထဲတွင် လေးများကိုတင်ထားပြီး တည်တန့်သည့် မျက်နှာအမူအယာများဖြင့် ရှန်းလီနှင့်သူ့အဖွဲ့သည် သူတို့နောက်တွင် ပေါ်လာခဲ့သည့် ကပ်ဘေးဒုက္ခသည်တစ်စုကို သူတို့၏ မြားများဖြင့် ချိန်ရွယ်ထားကြသည်။ မြောက်ပိုင်းကလာသည့် ကပ်ဘေးဒုက္ခသည်များနှင့်မတူဘဲ အသက်၂၀ဝန်းကျင် ဒီလူငယ်လူရွယ်လေးများသည် ဆာလောင် ပင်ပန်းနေဟန် မပေါ်ဘဲ ဝတ်ကောင်းစားလှများကို ဝတ်ဆင်ထားကာ အခြေအနေက ပိုမိုကောင်းမွန်ဟန်တူသည်။ တောင်အတွင်းပိုင်းသို့ ထွက်ပြေးလာသည့် ချီယန်စီရင်စု၏ အနီးပတ်ဝန်းကျင်က နေထိုင်သူများ ဖြစ်လောက်သည်။

ဒီအချိန်တွင် အဖွဲ့၏ခေါင်းဆောင်များသည် မြှားထိခံထားရပြီး မချိတင်ကဲ အော်ငိုနေကြလေသည်။ ဝါးဖြင့်လုပ်ထားသည့် မြှားများမှာ မြှားသမား၏ သိသာသည့်ခွန်အားကြောင့် အဝတ်အစားကို အသာကလေးထိုး ဖောက်သွားပြီး အသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။

၄ယောက်ဒဏ်ရာရသွားပြီး ၂ယောက်မှာ ပုခုံးတွင်ဖြစ်ပြီး ကျန်၂ယောက်မှာ ပေါင်တွင်ဖြစ်ကာ တစ်ဖက်တစ်ချက်တွင် အချိုးညီညီ လဲကျနေကြသည်။

အခုချိန်တွင်တော့ ရှန်းလီက သူ၏လေးကြိုးထဲတွင် စစ်တပ်သုံးမြှားများကို ပြောင်းကာတင်ထားလေသည်။

"နောက်ထပ်မြားတစ်ချောင်း၊ ဘယ်ဘက်ရင်ဘတ်ကို၊ ဘယ်သူက ကျုပ်ရဲ့မြှားပစ်တိကျမှုကို စမ်းသပ်ချင်သလဲ"

သူလက်ထဲက လေးကြိုး၏ တင်းအားသည် မသိမသာ ပြောင်းလဲသွားပြီး ချိန်ရွယ်ခံထားရသည့် ထိုလူများကို အကြောက်တလန့်ဖြင့် ဆက်တိုက်နောက် ဆုတ်သွားအောင် ပြုလုပ်နေသည်။

စပါးအိတ်၁၂အိတ်ကျော်၏အတွေးက ဆွဲဆောင်မှုရှိသော်ငြားလည်း လေးမြှားကိုင်ထားသည့် လူ၁၂ ယောက်၏ မြင်ကွင်းက အပြည့်အဝ ဆွဲဆောင်မှုရှိသွားကာ အထူးသဖြင့် ခြေနှင့်လက်များကို ချို့ယွင်းသွားအောင် စိတ်တိုင်းကျ လုပ်နိုင်သည်။ ထိုဆယ်ကျော်သက်လေး နှစ်ယောက်နှင့် လူရွယ်တစ်ယောက်က အရွယ်အစားမမျှသည့် ကပ်ဘေးဒုက္ခသည်အုပ်စုကို ကြောက်ရွံမှုထဲတွင် ခက်ခက်ခဲခဲ တံတွေးမြိုချအောင် လုပ်နေတော့သည်။

ကြောက်စရာကောင်းလှပေသည်။

ဝါးဖြင့်လုပ်ထားသည့်မြှားက ထိုမျှအနက်အထိ ထိုးဖောက်နိုင်လျှင် သံဖြင့်လုပ်ထားသည့်မြှားများမှာ ထိခိုက်မှု မည်မျှ လုပ်နိုင်ပါမည်နည်း။ ကျောချမ်းဖွယ် အတွေးတစ်ခုက သူတို့၏စိတ်ထဲသို့ ဖြတ်သန်းလာပြီး သူတို့သည် သံဖြင့်လုပ်ထားသည့် မြှားတစ်ချောင်းက သူတို့၏ရင်ဘတ်ကို ထိုးဖောက်သွားသယောင် စိတ်ကူးယဥ်မိသွားတော့သည်။

"မလုပ်ပါဘူး၊ မလုပ်ပါဘူး၊ ကျွန်တော်တို့တွေ ထွက်သွားမှာပါ၊ အခုချက်ချင်း ထွက်သွားပါ့မယ်"

စပါးများသည် သူတို့၏အသက်များကို စွန့်ရလောက်သည်အထိ တန်ဖိုးမရှိပေ။

လူတစ်ယောက်က ထုတ်ပြောလိုက်သည်နှင့် တခြားသူများမှာ လှည့်ကာ ပြေးထွက်သွားကြပြီး ဒဏ်ရာရနေသည့်သူများကို သူတို့နှင့်အတူ ဒရွတ်တိုက်ဆွဲသွားကာ မြန်မြန်ဆန်ဆန် ပြန်ထွက်သွားကြတော့သည်။

ထွက်ပြေးလာသည့် ကပ်ဘေးဒုက္ခသည်များ မရှိတော့သည့်အချိန်မှ ရှန်းလီနှင့်သူ့အဖွဲ့နောက်သို့ လိုက်လာသည့်လူငယ်များသည် သူတို့၏လက်များ အားနည်းချိနဲ့သွားသည်ကို ခံစားလိုက်ရလေသည်။ အထူးသဖြင့် ဝေ့ကျင်းဟယ်ပင်။ သူ၏လေးသည် ချန်းယိုထျန်းထံမှ ငှားလာခြင်းဖြစ်ကာ ခွန်အားရော တိကျမှုပါ လိုအပ်နေသဖြင့် အသုံးမဝင်သလောက်ပင်။

ကျိုးတလန်နှင့် သူ၏အဖော်များသည် စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး သူတို့၏ခြေထောက်များကတော့ တုန်ရင်နေဆဲ ဖြစ်နေတော့သည်။

"ကျုပ်တို့ရဲ့တောင်ဘက်မှာ ထပ်ပြီးတော့ အဲလောက် အေးချမ်းမှာ မဟုတ်တော့ဘူး"

ထွက်လာသည့်ခရီးသည် ခြင်းအလွတ်များကိုသာ သယ်ထားရပြီး ဘာအန္တရာယ်မှ ရင်မဆိုင်ခဲ့ရသဖြင့် တော်တော်လေး ချောမွေ့လှသည်။ သို့သော်ငြားလည်း အပြန်ခရီးကတော့ ကွာခြားလှသည်။ သူတို့သည် ကျန်သည့်စပါးအားလုံးကို သယ်ယူလာကြပြီး သိသာထင်ရှားသည့် ပစ်မှတ်တစ်ခု ဖြစ်လာစေတော့သည်။

ကံအားလျော်စွာ ရှန်းလီနှင့်ချန်းတရှန်တို့သည် အမှန်ပင် ကြောက်ရွံဖွယ်ကောင်းလှပြီး လုအာ့လန်က အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။ မဟုတ်ပါလျှင် စပါးများကို ဆုံးရှုံးရမည့်အပြင် သူတို့၏အပြန်လမ်းတွင် လုံခြုံရေးကလဲ မသေချာလှတော့ပေ။

မြောက်ပိုင်းမှပြန်လာသည့် ဒီလူ၄ယောက်သည် ဒီလိုအနေအထားကို အသားကျနေပြီ ဖြစ်လေသည်။ မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်အပြီးတွင် ရှီတလန်နှင့် လုအာ့လန်တို့က ရှေ့မှဦးဆောင်သွားပြီး ရှန်းလီနှင့်ချန်းတရှန်တို့က နောက်မှ လိုက်ပါစောင့်ကြည့်ပေးကာ နောက်တွင်လိုက်လာမည့်လူကို စောင့်ကြည့်ပေးလေသည်။ သူတို့သည် တောင်အတွင်းပိုင်းသို့ ပိုပြီး ဆက်သွားလိုက်တော့သည်။

ရှီလီရွာမှနေ၍ စပါးသိုလှောင်သည့်နေရာအသစ်အထိ၊ ထို့နောက် ယွင်တောင်ကြားဘက်သို့ သူတို့ သည် သတိဖြင့် လမ်းများကို ကွေ့ဝိုက်ပြီး သွားလာရသည်။ ပုံမှန်ဆိုလျှင် ၃ရက်သာ အချိန်ယူရသည့်ခရီးက ဒီတစ်ကြိမ်တွင်တော့ ၄ရက်ထက်ပိုပြီး အချိန်ပေးလိုက်ရကာ ၅ရက်မြောက်နေ့တွင် တောအတွင်းပိုင်း ပိုနက်လာသည်တွင် လူများကိုလဲ တွေ့ရနည်းလာတော့သည်။

သူတို့သည် ညပိုင်းတွင် တောဝက်တစ်အုပ်ကိုလဲ တစ်ကြိမ် တွေ့ခဲ့သေးသည်။ ခြေရာခံမိခြင်းမှရှောင်ရှားရန်၊ ပုန်းခိုဖို့ရန် ပိုပြီးလွယ်ကူစေရန် သူတို့သည် အချိန်ပိုပေးကာ တောင်ဘေးတွင် ခိုလှုံရာကျင်းတစ်ခုကို တူးထားလိုက်ပြီး အထဲတွင်လူနှင့် စပါးများပါ ဝင်ဆန့်အောင်လုပ်ထားလေသည်။

ညသန်းခေါင်တွင် ဆူညံသံကိုကြားလိုက်ရသဖြင့် အားလုံးက အသက်အောင့်ထားလိုက်ပြီး လှုပ်ပင်မလှုပ်ရဲကြပေ။ ခိုလှုံသည့်ကျင်း၏ ရုပ်ဖျက်ထားသည့် သစ်သားတံခါးကို တိတ်တိတ်လေး ဖွင့်လိုက်သူမှာ ရှန်းလီနှင့်ချန်းတရှန်တို့ဖြစ်ပြီး သစ်ပင်များကြားမှ စိမ့်ဝင်လာသည့် အလင်းရောင်ကိုအသုံးပြုကာ အသံရင်းမြစ်ကို ခွဲခြားလိုက်သည်။

အရွယ်အစားအမျိုးမျိုးရှိသည့် တောဝက်၁၅ ကောင် ၁၆ကောင်လောက် ရှိသည်။ သူတို့သည် တောဝက်အသိုက်ကို မတော်တဆ ဝင်တိုးမိလေသည်လား။

သူတို့ကိုသွားမစသည်က ပိုကောင်းမည်။ သူတို့ သည် ဂူထဲတွင်သာ တိတ်တိတ်လေး နေလိုက်ကြသည်။

၃လပိုင်း အစောပိုင်းရက်များတွင် ယွင်တောင်ကြားမှထွက်လာကြပြီး ၃လပိုင်း၂၂ရက်နေ့ ညပိုင်းလောက်မှာ သူတို့သည် ယွင်တောင်ကြား အနီးအနားကလမ်းသို့ နောက်ဆုံး ပြန်ဝင်လာနိုင်သည်။ သူတို့သည် ဂူတစ်ခုထဲတွင် အနားယူလိုက်ကြပြီး နောက်မှလိုက်လာခြင်း မခံရသည်ကို သေချာအောင် သီးခြားစောင့်ကြပ်လိုက်ကြပြီးမှ အမှောင်ထုကို အခါအကွယ်ယူကာ တောင်ကြားဆီသို့ ပြန်လာခဲ့လေသည်။

သူတို့သည် အပြန်နောက်ကျမည်ဟု အစောပိုင်းကတည်းက အကြောင်းကြားထားသဖြင့် လျှိုမြောင်ဝင်ပေါက်ထဲတွင် မည်သူကမှ စောင့်မနေကြပေ။ ရှန်းလီနှင့်သူ့အဖွဲ့သည် စပါးအားလုံးကို လျှိုမြောင်အတွင်းသို့ ယူလာနိုင်ခဲ့ကြပြီး သူတို့၏ခြင်းများကို ဝှက်ထားလိုက်ကြကာ ဝင်ပေါက်ကို ပိတ်စို့ထားလိုက်ပြီး စပါးများကို ပင်မဂူထဲသို့ သယ်ယူသည့်အချိန်မှသာ အစွန်ဆုံးမှာနေကြသည့် ရွှီမိသားစုဝင်များက ဆူညံသံတစ်ချို့ကို မသဲမကွဲကြားလိုက်ရသည်။

လျှိုမြောင်သို့ဝင်လာသည်တွင် ရှန်းလီနှင့်သူ့အဖွဲ့က မီးတုတ်များကို မီးထွန်းလိုက်ကြပြီး သူတို့သည် ဂူအတွင်းပိုင်းက အခြေအနေကို မြင်လိုက်သည်တွင် တအံ့တသြဖြင့် တုံ့ဆိုင်းသွားကြတော့သည်။

အစောပိုင်းက စင်များနှင့်စပါးအိတ်များသည် မရှိတော့ဘဲ ထိုနေရာတွင် ထင်းများကို သေသေချာချာ ထပ်ထားကြသည်။

ဇဝေဇဝါဖြင့် အဖွဲ့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး စဥ်းစားလိုက်ကြသည်။

"ဘာဖြစ်ခဲ့တာလဲ၊ စပါးတွေကို ဒီနေရာမှာသိမ်းထားရမှာ မဟုတ်ဘူးလား"

အဘွားရွှီက သူတို့ကိုနှုတ်ဆက်ဖို့ရန် ထွက်လာနှင့်ပြီးဖြစ်ကာ ရွှီဝမ်ပေါ်နှင့် ဝမ်ဝမ်ယွင်ကျန့်တို့က အဖော်လိုက်လာလေသည်။ ရွှီဝမ်ယင်းကတော့ တခြားမိသားစုများကို အကြောင်းကြားပေးဖို့ရန် ထွက်သွားလိုက်သည်။

အဘွားရွှီထံမှ အကြောင်းအရာအစုံ မေးမြန်းပြီးနောက်တွင် ရှန်းလီ၏အဖွဲ့သည် တောင်ကြွက်များ ကျရောက်မှုအန္တရာယ်က စပါးအိတ်အများအပြားကို ထိခိုက်ပျက်စီးစေသည့် စပါးပမာဏ သိသိသာသာ ဆုံးရှုံးခဲ့ရသည်ကို သိလိုက်ရသည်။ နောက်ထပ်ဆုံးရှုံးမှုမှ ကာကွယ်ရန် စပါးများကို ကြည့်ရှုစောင့်ရှောက်ဖို့ ပိုပြီးလွယ်ကူစေရန် မိသားစုတစ်ခုစီက သူတို့၏ရိက္ခာများကို သူတို့၏ဂူဆီသို့ ပြန်ပြောင်း ရွှေ့ထားလိုက်ပြီး ပင်မဂူကိုတော့ ထင်းများ သိုလှောင်ဖို့ရန် သုံးထားလိုက်သည်။

ရောက်လာသည့် စပါးအသစ်များကို ပင်မဂူထဲသို့ ရွှေ့ပြောင်းစရာမလိုမှန်း နားလည်လိုက်ကြသည်။ အားလုံးကို ရွှီမိသားစု၏ဂူထဲသို့ သယ်သွားပေးရလိမ့်မည်။ သည်နောက်ဆုံးအသုတ်မှာ သူတို့၏စပါးနှင့်တခြားရိက္ခာများ ပါဝင်သော်ကြောင့်ပင်။

စပါးသွားသယ်သူများ ပြန်ရောက်လာသည့်အကြောင်း ရွှီဝမ်ယင်းထံမှ ကြားလိုက်ရသည့် စန်းလော့သည် သူတို့ကိုကြိုဆိုရန် ရှန်းအန်းနှင့် ရှန်းနဥ်တို့နှင့်အတူ ထွက်လာပြီး ရွှီမိသားစု၏ အပြင်ဘက်တွင် စပါးအိတ်ကြီးတစ်အိတ်ကို သယ်ထားပြီး ရှန်းလီနှင့် လာတွေ့ကြလေသည်။

တွေ့ဆုံလာကြသည်တွင် ရှန်းအန်းနှင့်ရှန်းနဥ်တို့တွင် မေးခွန်းများစွာရှိနေသည်။ သူတို့၏အစ်ကိုကြီးက ရှန်းကျင့်ကို သွားတွေ့ဖို့ရန် ရွာသို့ တိတ်တဆိတ်အလည်သွားမည့် အစီအစဥ်ကို သိထားခြင်းကြောင့်ပင်။

စန်းလော့ကလဲ အပြင်ဘက်ကအခြေအနေကို သိချင်နေလေသည်။

သို့သော်ငြားလည်း ပတ်ဝန်းကျင်တွင် လူအများအပြားရှိနေပြီး ရွှေ့ပြောင်းပေးစရာ စပါးများလဲရှိနေသဖြင့် သူတို့က သူတို့သိချင်သည့်အရာများကို မြိုသိပ်ထားလိုက်ကြသည်။

ပင်မဂူထဲတွင် အစောပိုင်းကထားထားသည့် သစ်သားစင်များကို အခုတော့ မိသားစုများအကြားတွင် ခွဲဝေပေးလိုက်ပြီး ရွှီမိသားစုက ၂ခုရသည်။ ယွင်တောင်ကြားတွင်နေခဲ့သည့် ချန်းယိုထျန်းက နောက်ထပ် စင်အပို၂ခုကိုပင် လုပ်ပေးလိုက်ကာ သိုလှောင်သည့်နေရာကို သေချာလုပ်ပေးထားသဖြင့် အခုတော့ ကြပ်ညှပ်နေသည့်ဂူတစ်ခု ဖြစ်နေတော့သည်။

စပါးအားလုံးကို ရွှေ့ပြောင်းပြီးသည့်နောက်မှ အားလုံးသည် စကားပြောရန် အခွင့်အရေးရလာသည်။ သည်အချိန်တွင် ချန်းမိသားစု၊ ကျိုးချွမ်ကျန့်၊ လုမိသားစု၊ ရှီမိသားစုတို့ကလဲ ရောက်ရှိလာကြပြီး ရွှီမိသားစု၏ ဂူဝင်ပေါက်တွင် စုဝေးကာ အပြင်ဘက်က အခြေအနေနှင့်ပတ်သတ်ပြီး ရှန်းလီနှင့် ချန်းတရှန်တို့ကို အဓိက ဦးစားပေးမေးကြသည်။

ပိုမိုများပြားလာသည့်လူများက တောအတွင်းပိုင်းသို့ ထွက်ပြေးခဲ့ကြသော်လည်း လတ်တလောတွင် စီရင်စုနှင့်ရွာများက တည်ငြိမ်နေသေးသည်ကို သိရသဖြင့် စိတ်အေးရလေသည်။ အထူးသဖြင့် နောက်ထပ်အိမ်ထောင်စုနှစ်ခုက ရှီလီရွာတွင် ရောက်လာသည်ဟု ကြားရသည်။

သို့သော်ငြားလည်း တောင်အတွင်းပိုင်းက ကပ်ဘေးဒုက္ခသည် အရေအတွက်က တိုးလာပြီး ကျိုးတလန်က သူတို့စပါးသယ်ပို့ရင်း ကပ်ဘေးဒုက္ခသည် အယောက်၂၀ ကျော်၏ အလစ်တိုက်ခိုက်ခံရသည့် အတွေ့အကြုံကို ဝေငှလိုက်ရာ အားလုံး၏နှလုံးသားမှာ ညှိုးငယ်သွားရတော့သည်။

ကျိုးချွမ်ကျန့်က စိုးရိမ်တကြီး မေးလိုက်၏။

""နောက်တော့ဘာဖြစ်သွားသေးလဲ၊ မင်းတို့တွေ ဘယ်လို လွတ်လာခဲ့တာလဲ"

"အားလီ၊ တရှန်နဲ့ဦးလေးလုတို့က အရင်ဆုံး လှုပ်ရှားလိုက်ပြီး သူတို့ရဲ့ လူတော်တော်များများကို ဒဏ်ရာရအောင်လုပ်လိုက်တာ၊ ဒါကြောင့် သူတို့တွေကို တားဆီးနိုင်ခဲ့ပြီး ပြန်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တာပဲ"

လူကြီးများက စိုးရိမ်သည့်ဟန်ဖြစ်နေကြပြီး သို့သော်ငြားလည်း ရှန်းလီက သူတို့ကို စိတ်အေးရအောင် ပြောပေးလေသည်။

"ထပ်ပြီးတော့ စိုးရိမ်စရာ မလိုတော့ပါဘူး၊ တောင်အတွင်းပိုင်းကို ပိုနက်လာတာနဲ့အမျှ ဝံပုလွေတွေနဲ့ တောဝက်တွေကိုပဲ တွေ့ရတာ ပိုများလာပါတယ်။ ဒါကြောင့်မလို့ ခရီးက ရက်အနည်းငယ် ပိုကြာသွားတယ်ဆိုပေမဲ့လဲ တော်တော်လေး အန္တရာယ်ကင်းပါတယ်။ အခုလောလောဆယ်တော့ လူတွေက တောင်အတွင်းပိုင်း အရမ်းကြီးဝေးတဲ့အထိ စွန့်စားလာသေးမှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့လည်း ကျွန် တော်တို့တွေက နောက်ပိုင်းကြရင် ပိုပြီးသတိထားဖို့ လိုအပ်တယ်။ ကျွန်တော်တို့တွေ တောင်အတွင်းပိုင်းကို ယူလာလို့မရတဲ့ပစ္စည်းတွေ ဥပမာ အပြင်မှာချန်ခဲ့ရတဲ့ သယ်ယူရေး ခြင်းတောင်းတွေကို ပုံဖျက်ထားတာဖြစ်ဖြစ် ပုန်းကွယ်ထားတာဖြစ်ဖြစ် လုပ်ဖို့လိုအပ်တယ်"

သည်ယာယီငြိမ်းချမ်းခြင်းက အမှန်ပင် ယာယီသာဖြစ်ကြောင်း ရှန်းလီသည် သတိထားမိလေသည်။ အစောပိုင်းတွင် ကပ်ဘေးဒုက္ခရှောင်ချိန်က သူတို့သည် တောင်အတွင်းပိုင်းတွင် ပိုနက်သည်အထိ ၇ရက်လောက် လေ့လာမည်ဟု စဥ်းစားထားသော်ငြားလည်း ဝက်ဝံလိုက်ရခံရပြီး ဒီလိုသီးသန့်ဆန်သည့် လျှိုမြောင်ကို ၆ရက်နေ့တွင် တွေ့လိုက်ရသဖြင့် သူတို့၏ခိုလှုံရာနေရာအဖြစ် ရွေးချယ်ခဲ့လိုက်ခြင်းပင်။

အကယ်၍များ အမှန်တကယ် ဖရိုဖရဲဖြစ်လာသည်ဆိုလျှင် ဒီလို ပိုပြီးအတွင်းကျသည့် နေရာများကပင် ပိုပြီးအတင့်ရဲလာသည့် ကပ်ဘေးဒုက္ခသည်များက လုံခြုံမှုရှာဖွေဖို့ရန်အတွက် ဆွဲဆောင်ခံရနိုင်သည်။

နောက်ဆုံး စစ်ပွဲနှင့်ဓားပြများ၏အန္တရာယ်က တောင်ထဲတွင်ရှိသည့် တောရိုင်းတိရိစ္ဆာန်များထက် အများကြီး ပိုပြီး ကြောက်ဖို့ကောင်းပေသည်။

ထို့ကြောင့် အမှန်တကယ် ဖရိုဖရဲစတင်လာသည်တွင် လျှိုမြောင်ပတ်ဝန်းကျင် နေရာများတွင် ကပ်ဘေးဒုက္ခသည်များကို မြင်လာရနိုင်ပြီး ဒါသည် ရှောင်လွှဲလို့မရသည့် အခြေအနေတစ်ခုပင်။ သူတို့သည် ပေါ်ထွက်လာသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရပေလိမ့်မည်။

ရှန်းလီက အကြံပြုလိုက်၏။

"တကယ်လို့များ အားလုံးက တောင်ထဲကနေ လိုချင်တဲ့ရိက္ခာတွေရှိတာပဲဖြစ်ဖြစ် လျှိုမြောင်ထဲမှာ မတွေ့နိုင်တဲ့ပစ္စည်းတွေကို လိုချင်တာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ သိပ်မကြာခင်မှာ အပြင်ထွက်ပြီး ရှာဖွေလို့ရတယ်။ ဖရိုဖရဲ စဖြစ်လာပြီဆိုတာနဲ့ အဝင်အထွက်လုပ်ဖို့က ပိုပြီးတော့ ခက်ခဲလာလိမ့်မယ်”

သူတို့သည် တောင်အတွင်းပိုင်းတွင် မည်မျှကြာအောင် ပုန်းခိုဖို့ လိုအပ်သည်ကို သေချာမသိလေရာ မိသားစုအများစုက အစားအသောက်ကို လိုအပ်လေသည်။ အစားအသောက်များကို ပိုပြီးသိုလှောင်ထားနိုင်လျှင် ပိုပြီးကြာကြာ တောင့်ခံနိုင်လိမ့်မည်။

လက်ရှိတွင် နွေဦးအစောပိုင်းကာလသာ ရှိသေးသည်။ နွေရာသီက ရက်သတ္တပတ်အချို့ လိုအပ်သေးသည်ဖြစ်ရာ လျှိုမြောင်၏ အစားအသောက်မှာ အဓိကအားဖြင့် တောဟင်းရွက်များသာပါဝင်ပြီး စိုက်ပျိုးမြေများကို ရရှိလာချိန်တွင်တော့ ဒါကလိုအပ်ချက်တစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပေ။

အသားကို တာရှည်ခံအောင် ပြုလုပ်ထားနိုင်လျှင် အဖိုးတန်သည့် အစားအသောက်အရင်းမြစ်တစ်ခု ဖြစ်သော်ငြားလည်း အမဲလိုက်စွမ်းရည်က လိုအပ်သေးသည်။ ရှန်းလီနှင့်ချန်းတရှန်တို့က သူတို့ကို တောင်ထဲသို့ ဦးဆောင်ခေါ်သွားပေးနိုင်သည့်တိုင် အမဲလိုက်ခြင်းက အရည်းအချင်းပေါ် မူတည်သည့် အလုပ်တစ်ခု ဖြစ်လေသည်။ ထို့ကြောင့် အရည်အချင်းရှိသူများက အမဲလိုက်နိုင်ပြီး အရည်အချင်းမရှိသူများကတော့ ဒါက စွန့်စားဖို့ရန် တန်ပါရဲ့လားဟူသည့် တွက်ချက်မှုမျိုး လိုအပ်ပေသည်။

စပ်းသပ်ကြည့်ချင်သူများကတော့ သူတို့၏ အရည်အသွေးကို ဖြည်းဖြည်းချင်း ကျင့်ယူပြီး အောင်မြင်မှုတစ်ချို့နှင့် ကျွမ်းကျင်လာနိုင်သည်။

အားလုံးက နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်ပြီး အပြင်ဘက်တွင် ၁၀ရက်ကျော် အချိန်ကုန်ဆုံးပြီးခဲ့ရပြီးနောက်တွင် အဖွဲ့က သေချာပေါက် ပင်ပန်းနေမည်ကိုလဲ သိကြသည်။ သူတို့က အနားယူရန်အချိန်ကို သဘောတူလိုက်ကြပြီး သူတို့၏ အိမ်အသီးသီးဆီသို့ ပြန်လာခဲ့ကြသည်။

ရှန်းလီနှင့်ချန်းမိသားစုတို့က အနည်းငယ်ပိုပြီးကြာအောင် နေခဲ့ကြကာ ရွှီမိသားစုနှင့်အတူ ဆိုင်တာဝန်ခံရွှီနှင့် တွေ့ဆုံခြင်း အသေးစိတ်ကို မျှဝေပေးလိုက်သည်။

ရွှီအဘွားသည် သူတို့က သူမ၏သားဖြစ်သူကို ချီယန်စီရင်စုအပြင်ဘက်က တောင်ထဲတွင် ပုန်းခိုရန်နေရာတစ်ခု တူးကိုပေးခဲ့သည့်အကြောင်းကို ကြားလိုက်ချိန်တွင် ကျေးဇူးတင်စကားကို နှိမ့်နှိမ့်ချချ ငြင်းပယ်တတ်သည့် ရှန်းလီနှင့်ချန်းတရှန်တို့ နှစ်ယောက်စလုံးကို သူမက အလွန်အမင်း ကျေးဇူးတင်စကား ဆိုလေသည်။

ရွှီဝမ်ပေါ်နှင့်ရွှီဝမ်ယင်းတို့၏ စိတ်အားထက်သန်နေသည့်အကြည့်ကို သတိထားမိလိုက်ပြီး ရှန်းလီက တခုခုကို သဘောပေါက်သွားကာ ပြုံးပြလိုက်သည်။

"ငါတို့တွေက အချိန်အကြပ်အတည်းဖြစ်နေပြီး စာရေးဖို့ပစ္စည်းလဲ မရှိတဲ့အတွက်ကြောင့်မလို့ တောင်အတွင်းပိုင်းမှာပဲ ပုန်းခိုပြီး တွေ့ခဲ့ရတာ၊ မင်းတို့အဖေက မင်းတို့ကို စာမပြန်နိုင်ခဲ့ဘူး။ ဒါပေမဲ့လည်း သူက မင်းတို့ရဲ့စာကို မင်းတို့ရဲ့အမေနဲ့အစ်ကိုအတွက် ဝေ့ကျိုးကိုပို့ပေးမယ်လို့ အာမခံသွားတယ်"

ရွှီဝမ်ပေါ်သည် စာများက သူ၏အမေဆီသို့ ရောက်သွားလိမ့်မည်ဟု ကြားလိုက်ရသဖြင့် စိတ်အေးသွားကာ ပြောလိုက်လေသည်။

"ဒါဆိုရင်တော့ ဝမ်းသာစရာပဲ၊ ကျွန်တော့်အမေက စာတွေဖတ်ပြီးသွားရင်တော့ အများကြီးစိတ်အေးရမှာပါ"

သူက စာများကို သယ်ပို့ပေးသည့်အတွက် ရှန်းလီနှင့် ချန်းတရှန်တို့ကို ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လေသည်။

ကောင်ကလေးသည် ကလေးလို အပြစ်ကင်းစင်လေရာ ရှန်းလီနှင့်ချန်းတရှန်တို့က ပြုံးပြီး သူ့ကျေးဇူးတင်စကားကို လက်ခံလိုက်သည်။ ရောက်တတ်ရာရာ စကားနည်းနည်းပါးပါး ပြောပြီးနောက် တွင် သူတို့က ရွှီမိသားစုကိုနှုတ်ဆက်ပြီး အိမ်သို့ ဦးတည်လာခဲ့ကြသည်။

ရှန်းမိသားစု၏ဂူက ခြေလှမ်းအနည်းငယ်သာ ကွာဝေးလေသည်။ နီးကပ်လာသည်တွင် သူတို့သည် ဂူတံခါးကို သေသေချာချာလေး ပိတ်ထားသည်ကို သတိထားမိလိုက်သည်။

ရှန်းလီသည် ခဏလောက်တုံ့ဆိုင်းသွားပြီးမှ စန်းလော့က မြွေကင်းများကို ကြောက်ရွံ့သည့်အကြောင်း သဘောပေါက်သွားသည်။

အမှန်ပင် စန်းလော့က ရယ်မောကာ ရှင်းပြလေသည်။

"အနီးအနားမှာ ဘယ်သူမှမရှိဘူးဆိုတော့ တံခါးကို ဖွင့်လျက်အတိုင်း ထားခဲ့ရင် မြွေတို့၊ကြွက်တို့၊ ဝင်သွားမှာ စိုးရိမ်လို့လေ။ ဒါကြောင့်မလို့ ကျွန်မတို့ထွက်လာတဲ့အချိန်တုန်းက တံခါးကိုပိတ်ခဲ့တာ"

ဟုတ်ပါသည်။ ပြသာနာမှာ တောင်ကြွက်များပင် ဖြစ်လေသည်။

ရှန်းလီက ပျဥ်တံခါးကို ဖယ်ရှားလိုက်ပြီး စန်းလော့ကို မေးလိုက်၏။

" ကျွန်တော်တို့ရဲ့စပါးတွေရော ကြွက်ကြောင့် အများကြီး ဆုံးရှုံးခဲ့လား"

စန်းလော့က တွေဝေသွားပြီးမှ ပြန်ဖြေလေသည်။

"အရမ်းအဆိုးကြီးတော့ မဟုတ်ပါဘူး၊ လေးအိတ်တော့ ထိခိုက်သွားတယ်၊ ဦးလေးယိုထျန်းက စပါးကျီတစ်ခု ဆောက်ဖို့ စီစဥ်နေတယ်။ တော်သေးတာပေါ့ ကျွန်မတို့တွေက အချိန်မီ သိလိုက်လို့ပဲ ဆုံးရှုံးမှုကတော့ မသိသာပါဘူး"

အစပိုင်းတွင် ရှန်းလီသည် သူမ၏ လေသံထဲက နောက်ကွယ်က အဓိပ္ပါယ်ကို မဖမ်းမိလိုက်ပေ။ သို့သော်ငြားလည်း ရှန်းအန်းက လေသံတိုးတိုးဖြင့် မှတ်ချက်ပေးလေသည်။

"ကြွက်တွေကလဲ တော်တော်ဂျီးများတာပဲ၊ ကျွန်တော်တို့ရဲ့ သိုလှောင်အိတ်ထဲက စပါးတွေကိုပဲ စားသွားတာ"

သူ၏စကားလုံးက နာကျည်းရိပ်တစ်ခု ဆောင်ထားသည်။

ထိုအခါမှ ရှန်းလီသည် တစ်ခုခုလွဲနေသည်ကို သဘောပေါက်လိုက်ပြီး စန်းလော့ကို အလိုလို လှမ်းကြည့်မိလိုက်သည်။

"ဘာဖြစ်ခဲ့တာလဲ"

စန်းလော့က ခေါင်းငြိမ့်ကာ အချက်ပြလိုက်သည်။

"အထဲမှာ ပြောကြရအောင်"

ထို့နောက်တွင် သူမက ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို သန့်စင်ခန်းအနီးနားက မီးဖိုအတွက် ထင်းတစ်ချို့ သွားကောက်ခိုင်းလိုက်ပြီး ရှန်းလီက ရေချိုးသန့်စင်ဖို့လိုအပ်ကာ သူမကလဲ သူ့အတွက် အစားအသောက် ပြင်ဆင်ပေးရပေမည်။

ရှန်းအန်းသည် သူ၏မရီးဖြစ်သူက ဒီကိစ္စကို သူနှင့်ညီမဖြစ်သူရှေ့တွင် မတိုင်ပင်ချင်သည်ကို နားလည်လိုက်သဖြင့် သူက ရှန်းနဥ်ကို ဦးဆောင်ကာ ခေါ်ထုတ်လာခဲ့သည်။

ဂူအတွင်းပိုင်းအရောက်တွင် ရှန်းလီက လေသံကို နှိမ့်ကာ မေးလိုက်လေသည်။

"တစ်ယောက်ယောက်က ကျွန်တော်တို့စပါးတွေကို ခိုးသွားလို့လား"

စန်းလော့က အပြင်ဘက်ကို လှမ်းကြည့်လိုက်ပြီးမှ ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

"သက်သေတော့မရှိပါဘူး၊ ကြွက်တွေကိစ္စဆိုတာလဲ မှန်ပါတယ်။ အိတ်တွေမှာ ကြွက်ကိုက်ရာတွေ ရှိနေတယ်၊ စပါးနဲ့ ပဲတစ်ဝက်လောက်က စားထားပြီးသား၊ ပဲတစ်ဝက်လောက်ကလဲ မြေကြီးပေါ်မှာ ပြန့်ကြဲနေတယ်။ ဒါပေမဲ့ အိတ်တွေအားလုံးကတော့ ဒီကိုက်ရာမျိုးရှိနေတာ မဟုတ်ဘူး။ ကျွန်မတို့အိမ်က ပျက်စီးသွားတဲ့ အိတ်လေးခုမှာ နှစ်ခုက နည်းနည်းကွဲနေတယ်။ ကျွန်မ အတွေးလွန်တာလဲ ဖြစ်ချင်ဖြစ်မှာပါ"

"တခြားသူတွေကရော ဆင်တူတဲ့ကိစ္စမျိုး ရှိခဲ့သလား"

"ဒီလိုကိစ္စမျိုးက ပေါ်ပေါ်ထင်ထင် မေးဖို့ခက်တယ်လေ၊ ရွှီမိသားစုတွေက အပ်ချုပ်ပစ္စည်း လိုတယ်ဆိုလို့ ကျွန်မတို့ဆီ လာခဲ့သေးတယ်။ အဘွားရွှီရဲ့အမြင်ကလဲ သိပ်ကောင်းလှတာ မဟုတ်ဘူး။ ဒါကြောင့်မလို့ ကျွန်မက ကူညီပေးဖို့ပြောခဲ့တာ သူတို့ရဲ့စပါးအိတ်၃အိတ်မှာလဲ သပ်သပ်ရပ်ရပ် ဖြတ်ထားတဲ့ ဖြတ်ရာတွေကို သတိထားမိတယ်။ တခြားမိသားစုတွေဆီကို ကျွန်မ သွားလည်တဲ့အခါမှာတော့ ဒီလိုဟာမျိုး မတွေ့ခဲ့ရဘူးပဲ"

ဒီတော့ ငါတို့ရဲ့ရိက္ခာတွေနဲ့ ရွှီမိသားစုရဲ့ရိက္ခာတွေကိုပဲ အထူးတလည် ပစ်မှတ်ထားတာပေါ့။

ရှန်းလီက မျက်ခုံးများကို တွန့်ချိုးထားလိုက်ပြီး စန်းလော့၏ အကဲဖြတ်မှုကို ယုံကြည်လေသည်။ သူမက တော်တော်လေး သေချာသည်မဟုတ်လျှင် ထိုကိစ္စကို ထုတ်ပြောမည်မဟုတ်မှန်း သူသိနေသည်။

အပြင်ဘက်တွင် တောရိုင်းတိရိစ္ဆာန်များနှင့် ဓားပြများကို သတိထားဖို့ရန် လိုအပ်ပြီး ယခုတွင်တော့ တောင်အတွင်ပိုင်းထဲမှာ သတိထားဖို့ လိုအပ်လာသည်ကို သတိထားမိသဖြင့် သူ့မှာ စိုးရိမ်လာတော့သည်။ သူ၏ စိတ်ပျက်မှုကို ဖိနှိပ်ထားလိုက်ပြီး သူက မေးလိုက်သည်။

"မင်းမှာ သံသယဝင်ရမဲ့အချက်တွေတော့ သေချာပေါက်ရှိမှာပဲ ဟုတ်တယ်မလား"

အချိန်အကြာကြီး အတူတူလုပ်ကိုင်လာပြီးနောက်တွင် သူတို့သည် မိသားစုဝင်များ၏ အကျင့်စရိုက်အပေါ် ကောင်းကောင်းလေး နားလည်မှုရှိလာကြသည်။

ထိုကိစ္စဖြစ်သွားသည်မှာ ရက်အနည်းငယ် ရှိသွားပြီဖြစ်သည်။ စန်းလော့က ပိုပြီးအိန္ဒြေရလာသည်။ သူ့အကြည့်ကို အပြုံးတစ်ခုဖြင့် ပြန်နှုတ်ဆက်လိုက်ပြီး သူမက ပြောလိုက်သည်။

"သက်သေက မရှိဘူးလေ၊ ကျွန်မက အခြေအမြစ်မရှိတဲ့ စွပ်စွဲတာတွေကို မလုပ်ချင်ဘူး။ ကျွန်မတို့တွေက ကျွန်မတို့ရဲ့ စပါးတွေကို ကြွက်အန္တရာယ်ကနေ ကာကွယ်ဖို့ ဂူထဲကို ပြန်သယ်လာသင့်တယ်။ အပြစ်ကျူးလွန်တဲ့သူကတော့ ကျွန်မတို့ဂူထဲအထိ မလာနိုင်ပါဘူး။ အခုချိန်ကစပြီး ပိုပြီးသတိရှိရှိ နေလိုက်ရုံပဲပေါ့။ ကျွန်မတို့ရဲ့ အစီအစဥ်အတိုင်း သေချာလုပ်ပြီး အဝင်အထွက်ကို သတိထားရလိမ့်မယ်။ ကျွန်မတို့တွေ ဒီနေရာမှာရှိနေတုန်း ပြသာနာတစ်ခုခုကို ရှောင်ရှားနိုင်အောင် လုပ်ကြတာပေါ့။

ရှန်းလီနှင့်ချန်းတရှန်တို့အပြင် လုအာ့လန်နှင့် ရှီတလန်အပါအဝင် လျှိုမြောင်ထဲတွင် နေထိုင်ကြသူများသည် အပြင်သို့ တစ်ယောက်ထဲသွားလာခြင်းကို သတိထားသင့်ပေသည်။

ရှန်းလီက စန်းလော့၏မျက်လုံးများနှင့် အကြည့်ချင်းဆုံလိုက်၏။ သူသည် ဘာမှထပ်မမေးလိုက်သော်လည်း ဝိုးတဝါးစိတ်ကူးတစ်ခု ရလာသည်။ သူက မေးရိုးကို တင်းနေအောင်ကြိတ်ထားလိုက်ပြီး ဒေါသကို မြိုသိပ်ထားလိုက်ကာ ပြောလိုက်လေသည်။

"ကောင်းပါပြီ ကျွန်တော်နားလည်ပါတယ်"

အမဲလိုက်ခြင်းက အားလုံး၏ အားသာသည့် အလုပ်မဟုတ်ပေ။ တစ်ယောက်ယောက်က ဒီအတိုင်းအတာအထိ စပါးများကို ခိုးယူဖို့စိတ်အားထက်သန်နေလျှင် သူတို့ကို ဆက်ပြီး မက်မောခွင့်ပေးထားလိုက်မည်။

...

All Chapters