အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အပိုင်း (၁၄၇) သတင်းပေးခြင်း
စန်းလော့နှင့်ကလေးနှစ်ယောက်သည် အမြဲလိုလို ဝယ်ထားသည့်စပါးများကို သုံးခဲ့ရသည်။ အထူးသဖြင့် စပါးခွန် စပြီးကောက်ခံကတည်းက သူတို့သည် ဆိုင်တာဝန်ခံရွှီထံမှ ပမာဏ အမြောက်အမြားကို ဝယ်ယူခဲ့ကြပြီး အားလုံးကို စပါးအိတ်ကြီးများဖြင့် ထုပ်ပိုးထားခဲ့သဖြင့် သူတို့တွင် အိတ်ခွံအလွတ် တော်တော်များများလေး သိမ်းထားမိသည်။
စပါးအိတ်များက တန်ဖိုးရှိသည်။ တချန်မင်းဆက်တွင် အဝတ်အစားကပင် ငွေသားလောက်တန်ဖိုးရှိနိုင်သည်ဖြစ်ရာ စပါးအိတ်ခွံတစ်ခုက အနွေးဓာတ်ရရန် အပေါ်ထပ်တစ်ခုအဖြစ် ပြုပြင်မွမ်းမံနိုင်ပြီး အသင့်အတင့် အသုံးဝင်လေသည်။ ထို့အပြင် တောင်များကို မှီခိုအားထားရပြီး တောင်များအတွင်းသို့ မကြာခဏ စွန့်စားသွားခဲ့ရသည့် စန်းလော့က ထည့်စရာအမျိုးမျိုးကို လိုအပ်ပေသည်။ ထို့ကြောင့် သူမက စပါးအိတ်အခွံအလွတ်တိုင်းကို တန်ဖိုးထားပြီး တောင်အတွင်းပိုင်းသို့ ထွက်ပြေးလာချိန်တွင် ထိုအရာအားလုံးကို ယူဆောင်လာခဲ့သည်။
သူတို့၏ စပါးအိတ်များ ဖောက်ခံထားရသည်ကို သိရှိပြီးနောက်တွင် တခြားမိသားစုက သူတို့၏အိတ်များကို ပြုပြင်ကြသော်ငြားလည်း စန်းလော့ကတော့ ပိုပြီးသတိရှိစွာဖြင့် ပေါက်သွားသည့် စပါးအိတ်ကို အိတ်အခွံ အလွတ်များနှင့် လဲထည့်လိုက်သည်။ သူမက ပေါက်သွားသည့်အိတ်များကို သေသေချာချာ ခေါက်သိမ်းထားလိုက်ပြီး ပြန်မပြင်လိုက်တော့ချေ။
ယခုတွင် ပေါက်ပြဲသွားသည့်အိတ်ကို သူ့နဂိုရှိသည့်အတိုင်း ချန်းဘွားဘွားလက်ထဲသို့ ထည့်ပေးလိုက်သည်။
ကျေးလက်မိသားစုများသည် နှစ်အစမှနှစ်ဆုံးသည်အထိ ကြွက်များနှင့်ပတ်သတ်ပြီး သတိအရှိဆုံးပင်။ သူတို့အားလုံးသည် ကြွက်ကိုက်ရာများနှင့် အလွန်မှရင်းနှီးကြပြီး ပြန်ပြောပြဖို့ရန် ရည်ညွှန်းချက်တစ်ခုပင် မလိုအပ်ပေ။ တချက်ကြည့်လိုက်ရုံဖြင့် အမှန်တရားကို သိနေရန်လုံလောက်သည်။
မြင်လိုက်ရသည့်မြင်ကွင်းက ချန်းအဘွားကို စိတ်ဆိုးရစေသလို ရယ်ချင်စိတ်လဲ ဖြစ်သွားတော့သည်။
"အောက်တန်းကျလိုက်တာ"
ချန်းအဘိုး၊ ချန်းယိုထျန်း၊ ချင်ဖန်းညန်နှင့် ချန်းတရှန်တို့ကလဲ ရှန်းလီနောက်မှနေ၍ အတွင်းသို့လိုက်ဝင်လာသည်။ ချန်းဘွားဘွား၏ မှတ်ချက်ကို ကြားလိုက်ရသည်တွင် ချန်းအဘိုးက သူ့ဇနီးလက်ထဲက စပါးအိတ်ကို ကြည့်လိုက်၏။
အစပိုင်းတွင် ဇဝေဇဝါဖြစ်သွားသော်ငြားလည်း ချန်းအဘွားက အိတ်ကို အားလုံးကြည့်ဖို့ရန် ပြလိုက်သည်တွင် ချန်းအဘိုးက သဘောပေါက်သွားသည်။
"ဒီအိတ်က ကြွက်ကိုက်ထားတာ မဟုတ်ဘူးလား"
ချန်းအဘွားက နှာခေါင်းရှုံလိုက်သည်။
"တစ်ချို့လူတွေက ရိုးသားပြီး ဖြောင့်ဖြောင့်မတ်မတ် မနေချင်ကြဘူးလေ၊ ကြွက်တွေလိုပဲ ခိုးကြောင်ခိုးဝှက် လုပ်ရတာကြိုက်တယ်"
ချင်ဖန်းညန်က သူမဆီသို့ လှမ်းပေးလိုက်သည့် ပေါက်ပြဲနေသည့်အိတ်ကို စစ်ဆေးကြည့်လိုက်ပြီး ယုံရခက်အောင်ဖြစ်သွားရာ ထိုသို့စဥ်းစားမိလေသည်။ လူတစ်ယောက်က ဒီလိုကိစ္စမျိုးလုပ်ရလောက်အောင် ဘယ်လောက်တောင် တုံးအနေလို့လဲ။
ဒီလျှိုမြောင်ထဲမှာ မိသားစုက လက်ချိုးရေလို့တောင်ရတယ်။ ဒီနေရာကို အတူတူ ထွက်ပြေးလာကတည်းက အားလုံးက တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိနေကြတာပဲ မဟုတ်ဘူးလား။
ရွှီမိသားစု ချန်းမိသားစုနှင့် ကျိုးမိသားစုတို့သည် စပါးလိုအပ်ချက်အတော်လေး နည်းပါးပေသည်။
စန်းလော့က ထုတ်ပြောရန်ပင် မလိုအပ်ချေ။ သူမသည် စပါးဆုံးရှုံးခဲ့ရသည့် နစ်နာသူဖြစ်သည့်အပြင် သူမ၏ နောက်ခံအကြောင်းတရားနှင့် အကျင့်စရိုက်တို့က ဒီလိုလုပ်ရပ်မျိုးကို ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ရွှီမိသားစုကတော့ လျှိုမြောင်ထဲတွင် စပါးအများဆုံး ပိုင်ဆိုင်ထားကြသူဖြစ်ကာ စပါးကောင်းများနှင့် ပဲများအပါအဝင် သူတို့၏ အစားအသောက်မှာ ကြွယ်ဝလှသည်။ ကျိုးမိသားစုမှာ ချမ်းသာလှသည် မဟုတ်သော်ငြားလည်း ရှီလီရွာထဲတွင် ပညာတတ်ပြီး နာမည်တစ်လုံးရှိသည့် မိသားစုတစ်ခုပင်။ သူတို့မိသားစုက ချွေးမနှစ်ယောက်ကပင် ကောင်းမွန်သည့် မိသားစုနောက်ခံများမှ လာလေသည်။ သူတို့တွင် အများစုထက် စပါးများပိုပိုင်ဆိုင်ကြသည်။ အကြောင်းမှာ သူတို့၏ ကျယ်ဝန်းလှသည့်မြေနှင့် မကြာခဏ ဝယ်ယူထားခြင်းကြောင့် သူတို့သည် စပါးများမရှားပေ။
ရွှီမိသားစု၊ ချန်းမိသားစုနှင့် လုမိသားစုတို့ကတော့ မိသားစု အဆင့်အတန်း တူညီကြသည်။ ချန်းမိသားစုမှာ စန်းလော့နှင့် ပထမဦးဆုံး လုပ်ငန်းတွဲလုပ်သူများဖြစ်ပြီး နောက်ပိုင်းတွင် တုန်းဖူလိုသို့ ပစ္စည်းများကို ပို့ဆောင်ပေးရသဖြင့် စုဆောင်းငွေ အနည်းငယ် ပိုများသည်။
ရှီမိသားစုနှင့် လုမိသားစုအတွက်တော့ ရှီမိသားစုက မိသားစုဝင် ပိုမိုနည်းပါးကာ လုမိသားစုကတော့ အထူးသဖြင့် သူတို့၏ ပထမဦးဆုံးမိသားစုခွဲတွင် မိသားစုပိုများလေသည်။ သို့သော် လုအဘိုးနှင့် လုအဘွားတို့က မိသားစုစပါး ခွဲဝယ်စဥ်ကတည်းက ဒီကိစ္စကို ထည့်သွင်းစဥ်းစားပေးထားပြီး ပထမအိမ်ထောင်စုကို အလွန်အကျွံ ဖိနှိပ်ထားခြင်းမျိုး မလုပ်ပေ။ လျှိုမြောင် ထဲက တစ်ခြားမိသားစုများနှင့်ယှဥ်လျှင် အနည်းငယ်လိုအပ် ချက်ရှိသည်သာဖြစ်ပြီး လုအာ့လန်၏ အမဲလိုက် အရည်အချင်းနှင့်ဆိုလျှင် ကွာဟချက်က ကျဥ်းမြောင်းသွားပေသည်။
သို့သော်ငြားလည်း ဒါက အရေးမပါသည့် ကိစ္စလေးပင်။
ချင်ဖန်းညန်က အိတ်ကိုမြင်လိုက်ပြီး သူမယောက္ခမ၏ မှတ်ချက်ကို ထည့်စဥ်းစားလိုက်သည်တွင် သူမ စိတ်ထဲပထမဦးဆုံး ပေါ်လာသူမှာ ဝမ်ချွန်းညန်သာဖြစ်တော့သည်။
ဘာဖြစ်လို့လဲ။ သူက အဆင်းရဲဆုံး ဖြစ်နေတာကြောင့်လား။
တကယ်တော့ အဲလိုလဲ မဟုတ်ပါဘူး။
စပါးမရှိကြေးဆိုရင် ရေရှည်ကို စဥ်းစားကြမယ်ဆိုရင်တော့ လျှိုမြောင်ထဲက တစ်ယောက်ယောက်ကတော့ လိုအပ်ချက်တွေ ရှိကောင်းရှိလာမှာ ဆိုပေမဲ့ လက်ရှိမှာတော့ ဘယ်သူက စပါးတွေ လိုအပ်နေလို့လဲ။ သူတို့အားလုံးက အစောကြီးကတည်းက စပါးတွေကို သိုလှောင်ထားခဲ့ပြီး လတ်တလော အခွန်ကိုတောင်မှ ရှောင်ခဲ့ကြတာပဲ။ ဒါက သူတို့ကို အပြင်လောကက လူအများစုထက် အခြေအနေ အများကြီးပိုကောင်းအောင် လုပ်ပေးထားတာပဲ။
ဝမ်ချွန်းညန်ကို သံသယဖြစ်ရစေသည့် ပထမဦးဆုံးလှုပ်ရှားမှုမှာ သူမ၏အကျင့်စရိုက်သာ ဖြစ်သည်။
မိသားစုအခြေအနေများမှာ သုံးသပ်ချက်များ၏ ရှုထောင့်တစ်ခုသာ ဖြစ်ပေသည်။ ဒါသည် မိသားစုများအကြားက အကျင့်စရိုက်နှင့် အပြန်အလှန် နားလည်မှုဖြစ်ပြီး ထိုအရာကပင် အားလုံးကို ဝမ်ချွန်းညန်အား ပထမဦးဆုံး အလိုလို သံသယ ဖြစ်သွားစေလေသည်။
ဟုတ်တယ်လေ။ မိသားစုတစ်ခုချင်းစီတိုင်းရဲ့ စပါးကိစ္စနဲ့ပတ်သတ်ပြီး သူ့ရဲ့ အမေဘက်ကမိသားစုကို သတင်းပေါက်ကြားသွားအောင် လုပ်ခဲ့တဲ့ကျေးဇူးကလဲ ရှိသေးတယ်။
ရှင်းရှင်းပြောရရင်တော့ ဝမ်ချွန်းညန်က ဒီအဖွဲ့ထဲမှာ မယုံကြည်ရတဲ့ တဦးတည်းသောသူပဲ။ သူ့ကို ထည့်ချင်လွန်းလို့ ထည့်သွင်းထားခဲ့တာ မဟုတ်ဘဲ ဖြစ်လာနိုင်တဲ့ ဒုက္ခပေးမဲ့ကိစ္စတွေကို ကြိုတင်သတိထားဖို့ လိုတဲ့အတွက်ကြောင့်ပဲ။
ဒါကြောင့်မလို့ပဲ ကြိုတင်သတိထားတဲ့အနေနဲ့ လုမိသားစုက နှစ်သစ်ကူးကာလတုန်းက သူ့ကို သူတို့ရဲ့အိမ်ထဲမှာ ပါးစပ်ကိုဆို့ပြီး ချည်တုပ်ထားခဲ့ရတာ မဟုတ်လား။
နောက်ပြီးတော့ စပါးဆုံးရှုံးခဲ့ရသူကလဲ ဘယ်သူလဲဆိုတော့ စန်းလော့ပဲလေ။ ဦးနှောက်ရှိတဲ့သူတိုင်း သိကြတယ်။ လျှိုမြောင်ထဲက မိသားစုခြောက်ခုမှာ မိသားစုငါးခုက ရှန်းလီနဲ့ စန်းလော့တို့အပေါ် ကျေးဇူးကြွေးတွေရှိနေပြီး သူတို့တွေကို လိုလိုလားလား စပါးပေးကြလိမ့်မယ်လေ။ ရှန်းလီနဲ့ စန်းလော့တို့ရဲ့စပါးတွေကို ဘယ်သူက မျက်စိကြနိုင်မှာလဲ။
အစောပိုင်း မှတ်တမ်းရှိခဲ့တဲ့ ဝမ်ချွန်းညန်ကလွဲလျှင် ဒီလိုကိစ္စကို ဘယ်သူက လုပ်နိုင်အုံးမှာလဲ။
ထို့ကြောင့် စပါးပျောက်ဆုံးသွားသည့်ကိစ္စနှင့် ပတ်သတ်ပြီး အစောပိုင်းအကြောင်းအရာများကို သိပ်မသိကြသည့် ရွှီမိသားစုမှလွဲလျှင် လျှိုမြောင်ထဲက တခြားမိသားစုအားလုံးက ဝမ်ချွန်းညန်ကို အရင်ဆုံး စဥ်းစားမိကြသည်။
ဒီလောက်သိသာနေတဲ့ကိစ္စကို ဘယ်သူကများ ဒီလိုအတင့်ရဲပြီး လုပ်နိုင်မှာလဲ။ ချင်ဖန်းညန်ကတော့ အံ့သြလွန်းလို့ ပြောစရာတောင် မရှိတော့ဘူး။
ချန်းတရှန်က အံကြိတ်ထားလိုက်ပြီး မနက်ခင်းက ရှန်းလီက ဒီအစီအစဥ် ထုတ်ပြောရသည့်အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။ သူတို့သည် ၉လပိုင်းကတည်းက သူတို့၏အသက်များကို စွန့်စားခဲ့ရပြီး တောနက်ထဲတွင် အမျာဆုံးနေခဲ့ရကာ အားလုံး၏ရိက္ခာခြောက်များကို စီစဥ်ပေးခဲ့ရသည်။
အခုတော့ သူတို့သည် ပြန်ရောက်လာချိန်တွင်တော့ တောင်ကြွက်များ၏ ဆင်ခြေကို အသုံးချပြီး သူတို့၏စပါးများ ခိုးခံလိုက်ရသည်ကို သိလိုက်ရသည်။
ဟမ့်။
သူတို့တွေကဖြင့် သူ့မိဘတွေလဲမဟုတ် ဘိုးဘေးတွေလဲမဟုတ်ဘဲနဲ့ သူတို့တွေကို ကျွေးမွေးပေးဖို့ စိုးရိမ်ပေးရအုံးမတဲ့။
အဘိုးချန်းက စန်းလော့ကို မေးလိုက်သည်။
"ဒီအိတ်နှစ်လုံးပဲ လူလုပ်ထားတဲ့လက်ရာ ရှိတာလား"
စန်းလော့က ခေါင်းငြိမ့်ပြလိုက်ပြီး
"ကျွန်မအိမ်မှာတော့ ဒီအိတ်နှစ်လုံးပဲ၊ ရွှီမိသားစုမှာကသုံးလုံး၊ ဒါပေမဲ့ အဘွားရွှီက ကြွက်ကိုက်ရာတွေနဲ့ မရင်းနှီးဘူးလေ၊ သူခိုးကို လက်ပူးလက်ကြပ်ဖမ်းမိတာ မဟုတ်ဘူးဆိုတော့ ဒီကိစ္စကို တိုင်ပင်ဖို့က အရမ်းဒုက္ခများတယ်။ ဒါကြောင့် ကျွန်မက ရှန်းလီပြန်လာတဲ့အချိန်အထိ စောင့်ခဲ့တာ”
ချန်းအဘွားက တစ်ခုခုကို သတိရသွားသည်။
"ညည်း ငါတို့အိမ်ကစပါးကို ပထမဦးဆုံးလာကြည့်တုန်းက ငါ့အိမ်ကိုလာခဲ့တယ်လေ၊ ငါတို့စပါးအိတ်တွေကို လာစစ်ဆေးတာပေါ့၊ ညည်း တစ်ခြားမိသားစုတွေကိုလဲ သွားစစ်ဆေးခဲ့သေးလား”
စန်းလော့က ပြုံးပြလိုက်သည်။
"ကျွန်မက အဘွားဆီက ဘာမှ ဖုံးကွယ်ထားလို့မရဘူးပဲ၊ ကျွန်မတို့မိသားစုရယ်၊ ရွှီမိသားစုရယ်ပဲ တမင်သက်သက် ဖောက်ခံထားရတာ"
ချင်ဖန်းညန်က နားမလည်နိုင်အောင်ဖြစ်သွားပြီး ရေရွတ်လိုက်လေသည်။
"ဘာဖြစ်လို့များ အဲဒီ့လူက ရှင်တို့မိသားစုနှစ်ခုစီကပဲ ခိုးဖို့ ရွေးချယ်ခဲ့တာပါလဲ"
ချန်းအဘွား၏နှုတ်ခမ်းများက ညွတ်ကျသွားပြီး
"အားကျစိတ်နဲ့ အစားကြူးတဲ့စိတ်ကြောင့်ပေါ့၊ အားလော့နဲ့ ရွှီမိသားစုတို့ အိမ်ထောင်စုတွေက ဆန်ကောင်းတွေ အများဆုံးရှိတဲ့ အိမ်ထောင်လေ၊ ဒါက သူက တခြားမိသားစုတွေက မခိုးဘူးလို့ပြောချင်တာ မဟုတ်ဘူး၊ တခြားမိသားစုတွေက ပဲတွေပဲ အများဆုံးပျောက်ခဲ့တာ၊ သူက ဆန်ကောင်းကိုပဲ ပိုပြီးတော့ တမ်းတတယ် ထင်ပါတယ်"
"ပြန်စဥ်းစားကြည့်တော့ ငါတို့ တောင်ကြွက်တွေဆီကနေ ဆုံးရှုံးသွားတယ်လို့ တွေးထားတဲ့စပါးတွေကိုလဲ သူပဲ ခိုးသွားတာပဲ ဖြစ်ရမယ်"
အဘိုးချန်းက စန်းလော့နှင့် ရှန်းလီတို့ကို ကြည့်လိုက်ပြီး
"ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မယ်ဆိုတာ စဥ်းစားထားပြီးပြီလား"
ရှန်းလီက စန်းလော့ကို လှမ်းကြည့်လိုက်ပြီးမှ ပြောလိုက်လေသည်။
"အစောပိုင်းက ကျွန်တော်တို့တွေ စပါးသိုလှောင်ထားတဲ့ ကိစ္စတုန်းကလဲ ဝမ်မိသားစုကို သတင်းပေါက်ကြားစေခဲ့တယ်။ ကျွန်တော်တို့တွေက လုသလန်ရဲ့မိန်းမက ပြသာနာတစ်ခု ဖြစ်လိမ့်မယ်ဆိုတာ စိုးရိမ်တယ်။ ကျွန်တော်တို့တွေက သူ့လုပ်ရပ်တွေကို ကြိုတင်ခန့်မှန်းလို့ မရဘူးလေ ဒါပေမဲ့ လုမိသားစုဝင်တွေနဲ့ သူတို့ ပါဝင်လုပ်ဆောင်ပေးတာတွေကို စဥ်းစားလိုက်ရင် ကျွန်တော်တို့တွေက သူ့ကို ဖယ်ထားလို့မရပြန်ဘူး။ စပါးတွေအားလုံး ရွှေ့ပြောင်းပြီးရင် ကျွန်တော်တို့တွေက ဆေးတွေအားလုံးကို ကျွန်တော်တို့ဆီမှာပဲ သိမ်းထားမယ်လို့ ဆုံးဖြတ်တယ်။ ဘာမှထပ်မပြောတော့ဘဲ ကျွန်တော်တို့တွေက သူ့ကို လျှိုမြောင်ထဲကနေ အလွယ်တကူ ထွက်သွားခွင့်ပေးလို့ မရဘူး"
ချန်းအဘိုးက ခေါင်းငြိမ့်လိုက်သည်။
"အမှန်ပဲ၊ တစ်ချို့လူတွေကို ကြိုတင်ခန့်မှန်းလို့မရဘူး။ ဒီလို စပါးခိုးတဲ့ကိစ္စ လိုပေါ့၊ ပုံမှန်စိတ်ရှိတဲ့လူတစ်ယောက်က ဒီလိုလုပ်ရပ်မျိုးကို ဘယ်လိုလုပ်မှာလဲ"
ငါတို့တွေက သူ့ကိုသတ်လို့မရဘူးဆိုတော့ သူ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားလိုက်ပြီး အားလုံးကို ဒုက္ခမပေးအောင် ကြိုတင်ကာကွယ်ထားလိုက်တာက အကောင်းဆုံးနည်းလမ်းပဲ။
ရှန်းလီက ဆက်ပြောလိုက်သည်။
"ဒါက အစောပိုင်းတုန်းက အစီအစဥ်ပါ၊ ဒါပေမဲ့ အခုကြတော့ ကျွန်တော်က လုမိသားစုရဲ့ပထမအိမ်ထောင်စုက ဘယ်သူ့ကိုမှ ယွင်တောင်ကြားထဲကနေ မခေါ်သွားချင်တော့ဘူး"
သူက အဘိုးချန်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော်ကတော့ လုမိသားစုရဲ့ အကြီးဆုံးအိမ်ထောင်စုက လုအမျိုးသမီးက ဒီကိစ္စအတွက် တာဝန်ယူရမယ်လို့ ထင်တယ်။ ဟူကျီနဲ့တခြားသူတွေက ကောင်းမွန်တဲ့အကျင့်စရိုက် ရှိကြပေမဲ့လို့ပေါ့၊ ဦးလေးလုနဲ့ရွှမ်းကျူးကလဲ ကျွန်တော်တို့လိုပဲ အပြင်မှာအလုပ်များလာခဲ့ပြီး မနေ့ညကမှ ပြန်ရောက်လာခဲ့တာဆိုတော့ ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို သိမှာမဟုတ်သေးဘူး။ ဒါပေမဲ့လည်း သူ့ကို ပြင်းပြင်းထန်ထန် သင်ခန်းစာမပေးဘူးဆိုရင် ကျွန်တော် စိတ်အေးနိုင်မှာ မဟုတ်ဘူး။ သူက အစားအသောက်ကို ခိုးယူခဲ့တယ်ဆိုတော့ တစ်ခြားသူတွေ စားသောက်နေတာကို ကြည့်ခိုင်းထားလိုက်ရအောင်"
အစောပိုင်းက အပြစ်ပေးခြင်းခံရသည်ကိုပင် သင်ခန်းစာမယူခဲ့သည်ကို သိလိုက်သဖြင့် အဘိုးချန်းက သဘောတူလိုက်သည်။ အနည်းဆုံးတော့ သူတို့သည် ငတ်ပြတ်ကြလိမ့်မည်မဟုတ်ဘဲ စိုက်ပျိုးစားသောက်နိုင်လေသည်။
သူက ရှန်းလီကို မေးလိုက်၏။ "လုမိသားစုကို ဘယ်လိုလုပ်မှာလဲ။ သူတို့တွေကိုရော ဒီအကြောင်းကို အသိပေးသင့်သလား၊ လျှိုမြောင်ထဲမှာနေတဲ့ အခိုက်အတန့် သူတို့တွေက သူ့ကို စောင့်ကြပ်ထားနိုင်ရင် ပိုပြီးတော့ လွယ်ကူလိမ့်မယ်”
သူ့ကလေးများ၏လက်ထဲက အိတ်နှစ်လုံးကို လက်ညှိုးထိုးပြလိုက်ပြီး သူက ထပ်ဖြည့်ပြောလိုက်သည်။
"ငါတို့တွေက သူ့ရဲ့လုပ်ရပ်ကို လက်ပူးလက်ကြပ်မိခဲ့တာ မဟုတ်ဘူး။ နင်တို့နှစ်ယောက်ကလဲ ငယ်ရွယ်သေးတယ် နင်တို့တွေက သူနဲ့ထိပ်တိုက်တွေ့ဖို့ မလိုဘူး။ ဒီအိတ်တွေကို ငါတို့ကိုပဲပေးလိုက်၊ ငါ့မြေးမလေးကိုလွတ်ပြီး အဘိုးလုနဲ့အဘွားလုကို သွားခေါ်ခိုင်းလိုက်မယ်။ သူတို့တွေက ငါတို့ ဒီအကြောင်း ထုတ်မပြောပဲနဲ့တောင် နားလည်လောက်တယ်"
ရှန်းလီနှင့်စန်းလော့က အကြည့်ချင်းဖလှယ်လိုက်ပြီး စန်းလော့က ခေါင်းငြိမ့်သဘောတူလိုက်သည်။
ရှန်းလီက ပြောလိုက်၏။
"ကောင်းပါပြီ ကျွန်တော်တို့က ဒီကိစ္စကို အဘိုးနဲ့အဘွားတို့ကိုပဲ လွဲထားလိုက်ပါ့မယ်"
အဘွားချန်းက တဟင်းဟင်း ရယ်မောလိုက်ပြီး အချိန်ဆက်ဆွဲမနေတော့ဘဲ ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းရန် သူ့မိသားစုနှင့်ဂူထဲမှ ထွက်ခွာသွားလေသည်။
ရှန်းအန်း၊ ရှန်းနဥ်၊ ချန်းအာ့ရှန်နှင့် ချန်းရှောင်ယာတို့သည် ချန်းမိသားစု ဂူအပြင်ဘက်တွင် ရောက်နေကြသည်။ အဘွားချန်းက လှမ်းခေါ်လိုက်၏။
"ရှောင်ယာ ဝင်ခဲ့အုံး"
ချန်းရှောင်ယာက အပြေးဝင်လာသည်။
"ဟုတ်ကဲ့အဘွား ဘာဖြစ်လို့လဲ"
"အင်း"
"အဘွားချန်းက ပြန်ပြောသည်။ "အဘွားလုဆီကိုသွားပြီးတော့ ငါ့ကို ပဲအနှစ်လေးတစ်ချို့ လုပ်ကူပေးဖို့ သွားပြောပေးလို့ရမလား။ အဘိုးလုကိုလဲ လာခဲ့ဖို့ ပြောလိုက်အုံး၊ ငါက သူနဲ့လယ်ယာကိစ္စ ဆွေးနွေးစရာရှိလို့တဲ့"
ဆက်တွေးမနေတော့ဘဲ ချန်းရှောင်ယာက သဘောတူလိုက်ပြီး သတင်းသွားပို့ပေးရန် အပြေးထွက်သွားတော့သည်။
ရှန်းအန်းက လူကြီးများကို အနီးကပ် စောင့်ကြည့်နေလိုက်ပြီး သူ့မျက်လုံးများက အလေးအနက် စဥ်းစားချင့်ချိန်နေသည့် အရိပ်အယောင်ဖြစ်သွားတော့သည်။
လုမိသားစုက အဝေးကြီးသို့ မရောက်သေးချေ။ လျှိုမြောင်၏အတွင်းဘက် ထောင့်တစ်ခုကိုသာ ချိုးနေတုန်းဖြစ်သည်။
လုမိသားစု၏ အကြီးဆုံးအိမ်ထောင်စုကလဲ ဒီနေ့ထွက်လာခဲ့ပြီး လုသလန်၊ ဝမ်ချွန်းညန်၊ ရွှမ်းကျူးနှင့်ဟူကျီတို့ ပါလာကြသည်။
မိသားစုဝင်လေးယောက်က အတိုင်းအတာတစ်ခုအထိ စိတ်ဓာတ်ကျနေဟန်တူသည်။ ဝမ်ချွန်းညန်က လမ်းတစ်လျှောက်တွင် တစ်ခုခုကို ပြောချင်ခဲ့သော်လည်း လုသလန်က သူမကို အကြိမ်ကြိမ် မျက်လုံးစိမ်းများဖြင့် သတိပေးသည်။ ယောက္ခမဖြစ်သူ၏ ကွာရှင်းခံရမည်ဟု အစောပိုင်းက ခြိမ်းခြောက်ထားသည့်စကားကို သတိရသဖြင့် သူမက မလုပ်ချင်လုပ်ချင်ဖြင့် နှုတ်ဆိတ်နေရသည်။
သို့သော်ငြားလည်း ရွှမ်းကျူးကတော့ လုအဘိုးနှင့်လုအဘွားတို့အား ညှိနှိုင်းဖို့ကြိုးစားလေသည်။
"အဘိုးအဘွား ကျွန်တော်က ဦးလေးသုံးနဲ့လူချင်းလဲဖို့ မလိုပါဘူး။ ကျွန်တော် ကိုယ့်ဟာကိုယ် သွားနိုင်ပါတယ်၊ ကျွန်တော်က မြှားပစ်လေ့ကျင့်တာကို ပိုပြီးတော့လုပ်မယ်ဆိုရင် ဒါကို ဖြေရှင်းနိုင်မယ်လို့ ထင်တယ်။ ကျွန်တော်လဲ အရင်တုန်းက ဝံပုလွေတွေနဲ့တွေ့ခဲ့ပြီး သူတို့တွေကိုဒဏ်ရာရသွားအောင်တောင် လုပ်နိုင်ခဲ့တာပဲ"
အချိန်အများစုတွင် သူ့ဦးလေးနှစ်နှင့် ရှန်းလီတို့က အများဆုံး ထောက်ပံ့ပေးခဲ့သော်ငြားလည်း သူက ဝံပုလွေများကို ဒဏ်ရာရအောင်လုပ်နိုင်သည့် အ ကြိမ်ရေအနည်းငယ်လဲ ရှိခဲ့သည်။
မိသားစုက နောက်တွင် ဒီတိုင်းထိုင်နေပြီး အစားအသောက်ကို မရှာဖွေလို့ မဖြစ်ပေ။ အကယ်၍များ ဖရိုဖရဲကာလက အချိန်ကြာမြင့်နေလျှင် မည်သို့လုပ်ပါမည်နည်း။
ရွှမ်းကျူးက ပိုပြီးလေ့ကျင့်လိုက်လျှင် သူသည် ပိုပြီးကျွမ်းကျင်လာနိုင်ပြီး သူ့မိသားစုအတွက်လဲ အပြင်သို့သွားလာနိုင်မည့် လူတစ်ယောက်ရှိလာလိမ့်မည်။ ထို့ကြောင့် သူက သူ့ကိစ္စကိုငြင်းခုန်ဖို့ ကြိုးစားတော့သည်။
ဝမ်ချွန်းညန်က အာရုံစိုက်ကာ နားထောင်နေခဲ့သည်။
သူမက သားဖြစ်သူ ဒဏ်ရာအနာတရဖြစ်မှာကို စိုးရိမ်နေဆဲပင်။ သူမသည် အစောပိုင်း တောင်အတွင်းပိုင်းသို့ ဝင်လာစဥ်ကတည်းက ဝံပုလွေများနှင့် အကြိမ်ရေတော်တော်များများ ရင်ဆိုင်ခဲ့ရပြီး ချန်းယိုထျန်းနှင့်တစ်ခြားသူများ ဒဏ်ရာရခဲ့သည်ကိုလဲ မြင်ခဲ့ရသည်။ အခုတော့ ရှန်းလီ၏အဆိပ်မြှားမရှိတော့လျှင် ဝံပုလွေများကို သတ်ဖို့ရန်ပိုပြီးအများကြီး ခက်ခဲလာနိုင်ပြီး ပိုပြီး ကြောက်စရာကောင်းမည်ကို သူမက ခံစားမိလေသည်။
သို့သော်ငြားလည်း ညှိနှိုင်းဖို့အခြေအနေများ ရှိလေမလားဟု သူမ၏ယောက္ခမသဘောထားကို ကြားချင်လေသည်။ ရွှမ်းကျူးကသာ သူတို့နဲ့အပြင်ထွက်ခဲ့လျှင် ဦးလေးနှစ်နှင့်ဦလေးသုံး၊ ရှန်းလီ၊ ချန်းတရှန်နှင့်ရှီသလန်တို့က သူမ၏သားလို လူငယ်လေးတစ်ယောက်ကို အန္တရာယ်ဖြစ်မှာ လစ်လျူရှုထားမည်မဟုတ်ဟု စဥ်းစားလေသည်။
ရွှမ်းကျူးက အဖွဲ့ထဲတွင်တစ်ဦးတည်းသော ဆယ်ကျော်သက်လေး ဖြစ်နေခဲ့လျှင် အားလုံးက သူ့ကို အထူးဂရုစိုက်ကြနိုင်သည်။ အစောပိုင်းက အမျိုးသမီးများနှင့်ကလေးများကဲ့သို့ပင် သူတို့သည် အန္တရာယ်ရှိသည့် အခြေအနေတွင် သစ်ပင်ပေါ်သို့ တက်နေနိုင်ပြီး ယောက်ျားသားများက အန္တရာယ်ကို ဖြေရှင်းပြီးသည့်နောက်မှ ပြန်ဆင်းလာဖို့ စောင့်နိုင်သည်။ ဒီလိုသာဆိုလျှင် အန္တရာယ်က ပိုပြီးနည်းပါးသွားမည့် ဟန်တူသည်။
အချိန်တိုလေးအတွင်းတွင် ဝမ်ချွန်းညန်၏စိတ်တို့က တွက်ချက်မှုများဖြင့် လှုပ်ရှားနေလေသည်။
သူမက အတွေးနစ်နေစဥ်တွင် အဘိုးလုက မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏အတွေးရထားကို ဖြတ်တောက်ပစ်လိုက်သည်။
"မင်းရဲ့အရည်အချင်းကို သေသေချာချာလေး ကျွမ်းကျင်တဲ့အထိ စောင့်ပြီးမှ အပြင်ထွက်မဲ့အကြောင်းကို စဥ်းစားမယ်။ မင်းက အန္တရာယ်တွေကြုံလာခဲ့ရင် တစ်ခြားသူတွေက မင်းကိုကယ်ရမှာလား ဒါမှမဟုတ် မင်းက ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်ခံမှာလား..."
သူအကြီးဆုံးသားက အပြင်ထွက်ခဲ့မည်ဆိုလျှင် သူက ငြင်းပယ်လိမ့်မည်မဟုတ်ပေ။ သို့သော်ငြား လည်း သူ၏အရွယ်မရောက်သေးသည့် မြေးလေးကဆိုလျှင်တော့ ဒါသည် အခွင့်အရေးယူနေမှန်း ထင်ရှားပေသည်။ ထိုသို့ပြောလိုက်ပြီး သူက လုသလန်ကို လှမ်းကြည့်လိုက်၏။
ရွှမ်းကျူးက တဒင်္ဂအံသြသွားပြီး အဘိုးဖြစ်သူ၏ မပြီးဆုံးသေးသည့်စကား၏ နောက်ကွယ်က အဓိပ္ပာယ်ကို ဖြည်းဖြည်းချင်း သဘောပေါက်သွားကာ ရှက်ရွံ့စိတ်ကြောင့် သူ၏မျက်နှာမှာ နီရဲသွားတော့ သည်။
"အဘိုး ကျွန်တော်က အခွင့်အရေးယူဖို့ ရည်ရွယ်တာမဟုတ်ပါဘူး"
သူက ကိုယ့်ဟာကိုယ် မြန်မြန်လေး ပြန်ပြင်ပြောလိုက်သည်။
"ကျွန်တော်အရင်ဆုံး လေ့ကျင့်ပါ့မယ်၊ ကျွန်တော် လုံလောက်အောင် ကျွမ်းကျင်သွားပြီဆိုရင် အပြင်ထွက်ဖို့ တစ်ခြားသူတွေနဲ့ လိုက်သွားပါ့မယ်"
လုသလန်က သူ့အဖေဖြစ်သူထံမှအကြည့်ကို လုံးဝသတိမထားမိပဲ သူ့သားကို အကြံပေးလိုက်သည်။
"တကယ်တော့ စိုက်ပျိုးရေးလုပ်တာကလဲ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ၊ ကောက်ပဲသီးနှံတွေကို ကောင်းကောင်းစိုက်ပျိုးပြီး လျှိုမြောင်ထဲမှာ အေးအေးချမ်းချမ်း နေတာကလဲ တော်တော်လေး ကောင်းပါတယ်။ ငါတို့တွေက အဲဒီဘောင်လုပ်ထားတဲ့ မြေတွေထဲမှာ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးစိုက်ပျိုးနိုင်ပြီး တင်းတင်းတိမ်တိမ်နဲ့ စားသောက်လို့ရတယ်။ ငါတို့တွေ အပြင်ထွက်တာမထွက်တာကတော့ ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး"
လုံခြုံရေးအတွက် အသားကို စွန့်လွှတ်လိုက်ခြင်းက လုသလန်၏ ပိုပြီးအရေးကြီးသည့် ရွေးချယ်မှုတစ်ခု ဖြစ်နေသယောင်။
ရွှမ်းကျူးသည် အဖေဖြစ်သူကိုလှမ်းကြည့်လိုက်ပြီး အစောပိုင်းက သူ့ဦးလေးက သူ့အဖေကို ပြန်ချေပလိုက်သည့် စကားကို သတိရမိသွားကာ ရှေ့တစ်နှစ်ကလဲ သူ့အမေလုပ်ခဲ့သည့် ဆူပူမှုကိုပြန်သတိရသွားပြီး ထိုအရာက သူ့ဦးလေးဖြစ်သူကို နောက်ဆုံးတော့ စစ်မှုထမ်းရစေခဲ့သည်။ အတိုင်းအတာတစ်ခုအထိ အနေကြပ်သလို ခံစားလိုက်ရပြီး သူက ပြောလိုက်သည်။
"ကျွန်တော် စပြီးတော့ လေ့ကျင့်ပါ့မယ်"
ဟူကျီကလဲ ဘေးမှနေ၍ ဝင်ထောက်ခံသည်။
"အစ်ကို ကျွန်တော်လဲ မင်းနဲ့အတူတူ လေ့ကျင့်မယ်"
အဘွားလုက အေးစက်စက်အကြည့်တစ်ခုဖြင့် ဝမ်ချွန်းညန်ကို ကြည့်လိုက်ပြီး စကားပြောတော့မည့်ဆဲဆဲတွင် ရုတ်တရက်ဆိုသလို မိန်းမငယ်လေးတစ်ယောက်က သူမကိုနောက်မှ လှမ်းခေါ်လိုက်လေသည်။
မိသားစုက သူတို့၏ သွားနေသည့်လမ်းကြောင်းကို ရပ်ထားလိုက်ပြီး ချန်းရှောင်ယာကို စောင့်နေလိုက်သည်။
ချန်းရှောင်ယာက နီးကပ်လာသည်နှင့်အမျှ သူမကပြုံးပြီး ပြောလိုက်သည်။
"အဘွားလု.သမီးရဲ့အဘွားကပြောတယ်၊ သူက ပဲအနှစ်တွေ လုပ်ချင်လို့တဲ့၊ လာပြီးတော့ ကူညီပေးပါအုံးလို့ ပြောတယ်"
ပဲအနှစ်လုပ်မည်ဟု ကြားလိုက်သည့်အချိန်တွင် အဘွားလုက ရယ်မောလိုက်ကာ ဒီလုပ်ငန်းတွင် သူမ၏ ကျွမ်းကျင်မှုကို ဂုဏ်ယူမိလေသည်။ သူမက ပြုံးပြီး သဘောတူလိုက်၏။
"ရတာပေါ့၊ ငါလာပြီးတော့ ကူညီပေးမယ်"
ထို့နောက်တွင် သူမက အဘိုးလုဘက်သို့လှည့်ကာ ပြောလိုက်သည်။
"ငါ ဟိုဘက်ကို သွားလိုက်အုံးမယ်"
သို့သော်ငြားလည်း ချန်းရှောင်ယာက စကားမပြီးသေးဘဲ ပြုံးဖြီးကာဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
"အော် အဘိုးလုကောပဲ၊ လိုသေးတယ်၊ သမီးရဲ့အဘိုးက အဘိုးလုနဲ့ စိုက်ပျိုးရေးကိစ္စတစ်ခုအကြောင်းကို တိုင်ပင်ချင်လို့တဲ့"
အဘိုးလုက ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်လေသည်။
"သူက ခုနတုန်းက ဘာဖြစ်လို့ ဒီအကြောင်းကို မပြောခဲ့တာလဲ"
ချန်းရှောင်ယာက ပုခုံးတွန့်ပြလိုက်ပြီး ဇဝေဇဝါဖြင့် ခေါင်းလေးကိုကုပ်ကာ
"ကြည့်ရတာ၊ သူ အခုမှစဥ်းစားမိတယ် ထင်တယ်"
"ကောင်းပြီလေ အတူတူသွားကြတာပေါ့"
အဘွားလုက ဆုံးဖြတ်လိုက်သည်။
အကြီးအကဲလင်မယားက သူတို့အိမ်သို့ပြန်ဖို့ စိတ်မကူးတော့ဘဲ လုအာ့လန်နှင့် တခြားသူများကို သူတို့ ၏အလုပ်ကို ဆက်လုပ်ဖို့ ပြောလိုက်လေသည်။ ထို့နောက်တွင်တော့ သူတို့က ပြန်လှည့်ကာ ချန်းရှောင်ယာနောက်သို့ လိုက်သွားကြလေတော့သည်။
...
အပိုင်း(၁၄၈) သူခိုးကို လက်ပူးလက်ကြပ်ဖမ်းခြင်း
အဘွားလုနှင့်အဘိုးလုတို့သည် ချန်းမိသားစု ဂူနားသို့ရောက်လာချိန်တွင် အဘိုးချန်းနှင့် အဘွားချန်းတို့က သူတို့၏ဂူနားတွင် စောင့်ဆိုင်းနေကြလေသည်။
အဘွားလုကမျက်နှာတွင် အပြုံးတစ်ခုရှိနေဆဲဖြစ်ကာ မေးလိုက်သည်။
"ရုတ်တရက်ကြီး ပဲငါးပိလုပ်ဖို့ ဘယ်လိုများ ဆုံးဖြတ်မိသွားတာလဲ။ ပဲတွေကိုရော ရေစိမ်ပြီးပြီလား”
စိတ်ထဲတွင် သက်ပြင်းတစ်ချက်ချရင်း အဘွားချန်းက သူမ၏မြေးဖြစ်သူကို ရှန်းအန်း၊ ရှန်နဉ်၊ ရွှီမိသားစုက တခြားကလေးများနှင့် အတူတူ သွားကစားရန်အရင်ဆုံး လွှတ်လိုက်ပြီး လုမိသားစုက လူကြီးနှစ်ယောက်ကို စကားပြောဖို့ ဂူအတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
ချင်ဖန်းညန်၊ ချန်းယိုထျန်းနဲ့ ချန်းသရှန်တို့က သူတို့ဟာသူတို့ အကြောင်းပြချက်များပေးကာ ထွက်သွားကြသဖြင့် လက်ရှိတွင် ချန်းမိသားစုဂူထဲ၌ လူများရှင်းလင်းနေသည်။ ချန်းယိုထျန်း၏ လက်သမားအရည်အချင်းကြောင့် အပြင်သို့လိုက်မထွက်ဘဲ လျှိုမြောင်ထဲတွင်နေခဲ့သဖြင့် ချန်းမိသားစုတွင် စားပွဲနှင့်ကုလားထိုင်များ ရှိနှင့်ပြီးသားဖြစ်နေသည်။ ချန်းအဘိုးက လုအိမ်က လင်မယားနှစ်ယောက်ကို ထိုင်ဖို့ပြောလိုက်သည်။
ဒီအချိန်တွင်တော့ လုလင်မယားက တစ်ခုခုလွဲနေသည်ဟု ခံစားမိလိုက်သည်။
"ပဲငါးပိလုပ်မှာပဲ ငါတို့တွေ ဘာလို့ထိုင်နေအုံးမှာလဲ"
ချန်းအဘိုးနှင့် ချန်းအဘွားတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူမက စတင်စကားပြောလိုက်ကြသည်။
"ကျွန်မတို့တွေ ရှင်တို့ကို ဒီကိုခေါ်လိုက်တာက ပဲပိစပ်လုပ်ဖို့လဲ မဟုတ်သလို စိုက်ပျိုးရေးကိစ္စ ဆွေးနွေးဖို့လဲ မဟုတ်ဘူး။ တခြားကိစ္စကြောင့်ပါ"
"ဒီကိစ္စကို ထုတ်ပြောဖို့ကလဲ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ရှင့်တို့ကိုဒီကိစ္စအတွက် ခေါ်လိုက်တာက ကျွန်မတို့ချန်းမိသားစု ရှင်တို့ကိုစော်ကားမိသလိုတောင် ဖြစ်နေနိုင်တယ်”
"ကျွန်မတို့တွေရဲ့ နှစ်ပေါင်းများစွာ အိမ်နီးချင်းဆက်ဆံရေးနဲ့ လက်ရှိအခြေအနေကို ထည့်ပြီးစဥ်းစားတဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့တွေက ဒီအကြောင်းကို ရှင်တို့ကိုအသိပေးတာ အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်။ နောက်ပိုင်းကျရင် ဗရမ်းဗတာ ဖြစ်လာမှာကို ရှောင်ရှားချင်လို့ပေါ့။ တကယ်လို့ ကျွန်မတို့တွေက မှားယွင်း အထင်လွဲခဲ့မိမယ်ဆိုရင်လဲ ကျွန်မတို့က ကြိုပြီးတော့ တောင်းပန်ပါတယ်။ ဒါက ကျွန်မတို့မိသားစုကြားက ခင်မင်ရင်းနှီးမှုကို ထိခိုက်မှုမရှိဖို့ မျှော်လင့်တယ်”
ဒီလိုအစပျိုးလိုက်သဖြင့် လုလင်မယားက တော်တော်လေး ဇဝေဇဝါဖြစ်သွားသည်။ လုအဘွား၏နှလုံးသားကလဲ ခုန်သွားတော့သည်။
"ရှင်ကတော့ ကျွန်မကို စဥ်းစားစရာဖြစ်အောင် လုပ်နေပြန်ပါပြီ။ ဘာကိစ္စလဲ ဒီကိစ္စကို ထုတ်ပြောလိုက်လို့ ဘယ်လိုများ ကျွန်မတို့ကို စော်ကားမိသလို ဖြစ်သွားမှာမို့လို့လဲ"
သူတို့၏မိသားစုက တစ်စုံတစ်ယောက်ကများ တစ်ခုခု အမှားအယွင်း လုပ်ခဲ့မိလေသလားဟု ပြီးခဲ့သည့်ကိစ္စရပ်များကို မြန်မြန်ဆန်ဆန် အပြေးအလွှားစဥ်းစားမိသည်။
အဘိုးလုက မျက်မှောင်ကြုတ်လိုက်ပြီး ချန်းလင်မယားကို ကြည့်လိုက်သည်။
"တကယ်လို့ ခင်ဗျားတို့ပြောဖို့ ခက်နေတယ်ဆိုရင်တော့ ဒါက လေးနက်တဲ့ကိစ္စပဲ ဖြစ်ရမယ်။ ကျုပ်တို့တွေက နှစ်ပေါင်းများစွာ အိမ်နီးချင်းဖြစ်လာခဲ့တာပဲ။ စကားလေး တစ်ခွန်းနှစ်ခွန်းကတော့ ကျုပ်တို့ကိုအလွယ်တကူ ဒေါသထွက်စေမှာ မဟုတ်ပါဘူး။ ကိစ္စက တကယ်ပဲ ဘာဖြစ်နေလို့များလဲ၊ ကျုပ်တို့မိသားစုထဲက တစ်ယောက်ယောက်က မသင့်တော်တာများလုပ်ခဲ့မိလို့လား"
ချန်းအဘွားသည် လုလင်မယားအတွက် ကြိတ်ပြီးသက်ပြင်းချမိကာ ကိုယ်ကိုလှည့်လိုက်ပြီး အနောက်ဘက်က စင်ပေါ်တွင်တင်ထားသည့် စပါးအိတ်ခွံနှစ်လုံးကို လှမ်းယူလိုက်ပြီး စားပွဲပေါ်တင်ကာ လင်မယားနှစ်ယောက်ဘက်သို့ တွန်းပို့လိုက်လေသည်။
"တလောတုန်းက ဂူကြီးထဲမှာ ကြွက်တစ်ကောင်ပြဿနာ ဖြစ်သွားသေးတယ်လေ။ စပါးအိတ်တွေ အများကြီးလဲ အစားခံလိုက်ရတယ်။ ဒီအိတ်နှစ်လုံးကို အရင်ဆုံး ကြည့်လိုက်ကြအုံး"
စပါးကိစ္စနှင့် ပတ်သတ်နေသည်ဟု ကြားလိုက်ရသည်တွင် လုမိသားစု လင်မယားနှစ်ယောက်၏ မျက်နှာကပြောင်းလဲသွားပြီး သူတို့၏နှလုံးသားထဲတွင် နမိတ်ပြနေသည့် ခံစားချက်တစ်ခု ကြီးထွားလာလေသည်။ တစ်ယောက်ချင်းစီက အိတ်တစ်လုံးချင်းစီကို ကောက်ယူလိုက်ပြီး ဖြန့်ကြည့်လိုက်ကြလေသည်။
အိတ်များကို ဖြန့်ကြည့်လိုက်ရုံနှင့်တင် ပြဿနာကိုဖော်ထုတ်ပြဖို့ လုံလောက်ပေသည်။ တစ်ချက်အကြည့်တွင် လင်မယားနှစ်ယောက်စလုံးက ပြဿနာကို သိသွားကြသည်။
စုတ်ပြဲနေသည့်အရာက လူလုပ်ထားတဲ့အရာပဲ။
အဘိုးလု၏လက်များသည် စပါးအိတ်ကိုကိုင်နေရင်းက တုန်ယင်လာပြီး သူ၏ရင့်ရော်နေသည့်မျက်နှာကလဲ ရှက်စိတ်ကြောင့် ပူလောင်သွားတော့သည်။
"ဒီအိတ်တွေက ဘယ်သူ့ဟာလဲ"
"အားလော့နဲ့ရွှီမိသားစုတို့မှာ ဒီလိုအိတ်မျိုးသုံးခုရှိတယ်။ သခင်မကြီးရွှီကတော့ ဒီအပေါက်အပြဲရာကို သတိထားမိမှာ မဟုတ်လောက်ဘူး။ အားလော့က အိတ်တွေကို ပြင်ဆင်ရင်းနဲ့ ဒါကိုတွေ့ခဲ့ပြီးတော့ လူရှေ့မှာထုတ်မပြောခဲ့တာ။ ဒါက ထုတ်ပြောဖို့ရာလဲ ခက်ခဲ့တဲ့အကြောင်းအရာတစ်ခုပဲလေ"
အဘွားလုက သူမ၏ရင်ဘတ်ကို ဆုပ်ထားလိုက်သည်။ သူမသည်အခုတော့ အဘွားချန်းက သူတို့ကို ခေါ်လိုက်ရုံဖြင့် သူတို့မိသားစုကိုစော်ကားမိသလို ဖြစ်နိုင်သည်ဟု မြင်သည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။
အကြောင်းမှာ သူမကိုခေါ်လိုက်ရခြင်းက သူခိုးသည် သူတို့၏မိသားစုထဲမှ ဖြစ်နိုင်သည့် အကြံပြုချက်ကြောင့်ပင်။ သို့သော်ငြားလဲသူမက ချန်းမိသားစုကို အပြစ်မပြောနိုင်ပေ။ သူမကိုယ်တိုင်ကပင် အားလော့နှင့် ရွှီမိသားစုတို့ပိုင်ဆိုင်သည့် စပါးအိတ်များအကြောင်း ကြားလိုက်ရချိန်တွင် တခြားသူကို မစဥ်းစားမိတော့ပေ။
ထိုအသိကရင်နာရလေသည်။
အဘွားလုက စပါးအိတ်ကို တင်းနေအောင်ဆုပ်ထားပြီး ပြန်ဖို့ထလိုက်သည်။
"ကျွန်မ ဒါကို ချက်ချင်းပဲ သွားမေးမယ်”
အဘွားချန်းက သူမ၏လက်ကို ဖမ်းဆွဲလိုက်ပြီး သူမကို ဆွဲထိုင်ခိုင်းလိုက်ကာ အဘိုးချန်းကလဲ ဒေါသဖြင့်တုန်ယင်နေပြီး ထတော့မည်ပြင်နေသည့် အဘိုးလုကို လှမ်းတားလိုက်သည်။ အဘွားချန်းက အကြံပြုလိုက်၏။
"မလောပါနဲ့ တကယ်တမ်းပြောရရင် ဘယ်သူလုပ်လဲဆိုတာကို ဘယ်သူမှ မမြင်ခဲ့ဘူးလေ။ တကယ်လို့များ မဟုတ်ဘူးဆိုရင် ကျွန်မတို့ကတစ်စုံတစ်ယောက်ကို မတရားစွပ်စွဲမိရာကျမယ်။ ဆုံးရှုံးသွားတဲ့စပါးတွေကလဲ အများကြီး မဟုတ်ဘူး။ အရင်တုန်းကဆိုရင် ရှီလီရွာမှာ ကျွန်မတို့တွေက ဒီကိစ္စတွေကို လွှတ်ထားပြီး စပါးအိတ်တွေကိုပိုပြီး ဂရုတစိုက် စောင့်ကြည့်ထားလို့ရတယ်။ အလွန်ဆုံး ကျွန်မတို့တွေရဲ့ အိမ်အပြင်ဘက်မှာ ဆဲဆိုပြီးတော့ စပါးကိုပုံချလိုက်ပြီး အပြစ်လုပ်ထားတဲ့သူကို အပြစ်ခံခိုင်းလိုက်ရုံပဲ။ ဒီနေ့ရှင်တို့ကို ဒီနေရာကို ခေါ်လာတာက အမှန်အတိုင်းပြောရရင်တော့ ကျွန်မတို့အတွက်လဲ တကယ်မလွယ်ပါဘူး။ ရှင့်မိသားစုအတွက်ရော ကျွန်မတို့မိသားစုအတွက်ပါ နေရခက်လာပါတယ်”
အဘွားလု၏မျက်နှာသည် နီရဲသွားကာ သူမက ပြောလိုက်လေသည်။
"ရှင် ဒီလိုပြောစရာမလိုပါဘူး၊ ရှင်နဲ့အဘိုးချန်းတို့က ကျွန်မတို့နဲ့ ဒီကိစ္စကို ပြောပြချင်တာကိုပဲ ကျွန်မတို့က ကျေးဇူးတင်ရမယ်”
အမှန်ပင် အောင့်သက်သက် ခံစားရသော်ငြားလဲ ချန်းမိသားစုကို အပြစ်တင်ရခြင်းကတော့ လုပ်ရန်မလိုသည့်ကိစ္စပင်။
အဘွားချန်းက သူမ၏လက်ကို ပွတ်ပေးလိုက်ပြီး ပြောလိုက်သည်။
"ကျွန်မက ဒီကိစ္စကို ရှင်တို့ကို ပြောပြတယ်ဆိုတာကလဲ ရှင်တို့တွေက ဘယ်လိုလူလဲဆိုတာကို ကျွန်မတို့က သိနေတာကြောင့်ပါ။ ဟုတ်တာပေါ့၊ ရှင်တို့တွေကို အသိပေးရတယ်ဆိုတာက တရားခံကို ဖော်ထုတ်ပြီး ဒဏ်ခတ်ဖို့ပဲ မဟုတ်ဘူးလေ။ ဒီလိုအချိန်မျိုးမှာ ကျွန်မတို့မိသားစုတွေ အတူတူရင်ဆိုင်နိုင်တာကပဲ ကံကောင်းခြင်းတစ်မျိုး ဖြစ်နေပြီ။ အပြင်လောကကလဲ ရှုပ်ထွေးသထက် ရှုပ်ထွေးလာပြီး ကျွန်မတို့က စည်းလုံးနေမှဖြစ်မယ်။ တကယ်လို့ ကျွန်မတို့ရဲ့ စည်းလုံးခြင်းတွေ အားနည်းလာပြီဆိုရင် ဒါကမိသားစုတစ်ခုတည်းရဲ့ ပြဿနာ မဟုတ်တော့ဘူး။ ဒါက အားလုံးကို အန္တရာယ်ဖြစ်စေနိုင်တယ်။ ဒါကြောင့်မို့လို့လဲ ကျွန်မတို့တွေက ရှင်တို့ကို မပြောဘဲမထားနိုင်ဘူး"
"ကျွန်မတို့တွေက မှားယွင်း အထင်လွဲမိတယ်ဆိုရင်တော့ အကောင်းဆုံးပေါ့၊ တကယ်လို့ မဟုတ်ဘူးဆိုရင် အမှန်အတိုင်း ပြောရရင်တော့ ဆုံးရှုံးသွားတဲ့ စပါးပမာဏလောက်က ရေးကြီးခွင်ကျယ် လုပ်နေစရာမလိုဘူး။ ရွှမ်းကျူး၊ထျယ်ကျူးနဲ့ ဟူကျီတို့အတွက် ကျွန်မတို့တွေက ဒီကိစ္စကို အကျယ်အကျယ် မဖြစ်ချင်ဘူး။ ကျွန်မတို့က ရှင်တို့ကို သီးသန့်ခေါ်လိုက်တယ်ဆိုတာလဲ နောက်ပိုင်းမှာပိုပြီး သတိထားမိအောင်လို့ပါ”
မည်သူတစ်ဦးတစ်ယောက်ကိုမှ စော်ကားခြင်း မဖြစ်အောင် ရှောင်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ လျှိုမြောင်ထဲက မိသားစုခြောက်စုရှေ့တွင် ဒီကိစ္စကိုဆွေးနွေးခြင်းသာ ဖြစ်လိမ့်မည်။ မိသားစုအကြီးအကဲတို့ကို သီးသန့်ခေါ်ယူစရာ မလိုပေ။
လုအကြီးအကဲနှစ်ယောက်က ခေါင်းငြိမ့်လိုက်သည်။ ဒေါသဖြင့် တုန်ယင်နေသည့် အဘိုးလုကအဘိုးချန်း၏လက်ကို ဆုပ်ကိုင်ထားကာ တိုက်တွန်းလိုက်သည်။
"ခင်ဗျားက တကယ်ပဲ စဥ်းစားပေးတတ်နေပါပြီ။ ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာနဲ့ ကျုပ်တို့ရဲ့ကလေးအတွက် စဥ်းစားပေးခဲ့တယ်။ ကျုပ်တို့တွေက ဒါကို နားလည်တဲ့အတွက် အားလုံးကို မှန်ကန်တဲ့ဖြေရှင်းချက်တစ်ခု ပေးဖို့ဒီကိစ္စကို ကျုပ်တို့မိသားစုအတွင်းမှာပဲ ကိုင်တွယ်လိုက်ပါ့မယ်”.
အဘိုးလု၏ တုန်ယင်နေသည့်လက်ကို မြင်လိုက်သည်တွင် အလွန်အကျွံအပြုအမူများကို ရှောင်ရှားနိုင်ရန် အဘိုးချန်းက သူ့ကို ဆက်ပြီးထိုင်ခိုင်းထားလိုက်ပြီး သူ့ခံစားချက်ကိုတည်ငြိမ်အောင် လုပ်ပေးလိုက်သည်။ သူက ဒီကိစ္စကို မိသားစုအတွင်းမှာသာ ဖြေရှင်းပြီး ကလေးများ၏နားထဲသို့ မရောက်ပါစေနှင့်ဟု အကြံပြုလိုက်သည်။
သို့မဟုတ်လျှင် လုမိသားစု၏ကလေးများသည် အနာဂတ်တွင် ခေါင်းမော့ထားနိုင်ဖို့ တော်တော်လေး ရုန်းကန်ရလိမ့်မည်။
ပုံမှန်ဆိုလျှင် စိတ်ဓာတ်ပြင်းပြသည်ံ့အဘွားလုမှာ အရှက်တရားကြောင့် ခံစားမှုဖြစ်ကာ ပြိုလဲရတော့သည်။ သူမသည် လက်ဖဝါးထဲတွင် နီရဲနေသည့်မျက်လုံးများကို မြှပ်ထားလိုက်ပြီး သူမ၏ စိတ်ပျက်မှုများကို အဘွားချန်းထံတွင် ရင်ဖွင့်လိုက်လေသည်။
"ကလေးတွေကတော့ သူတို့အမေရဲ့လုပ်ရပ်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်တော့မှာပဲ" သူမကငြီးငြူလိုက်သည်။
အိန္ဒြေပြန်တည်ပြီးနောက်တွင် သူမက သွားဖို့ရန် အဆင်သင့်ဖြစ်ကြောင်း ကြေညာလိုက်သည်။
အဘွားလုက အိတ်နှစ်လုံးကို ယူသွားလိုက်ပြီး "အခုလောလောဆယ် ကျွန်မ ဒီဟာကို ယူသွားပြီးရင် နောက်မှပြန်လာပေးပါမယ်”
ချန်းအိမ်မှ ထွက်လာပြီးနောက်တွင် လုလင်မယားသည် စိတ်ဓာတ်ကျနေဟန်တူပြီး သူတို့ကိုယ်သူတို့ ပုံမှန်အနေအထားဖြစ်အောင် အားတင်းထားလိုက်ကာ ကျိုးမိသားစုနှင့် ရွှီမိသားစုဂူရှေ့က ဖြတ်လာခဲ့လေသည်။
ချန်းမိသားစုထံသို့သွားခဲ့သည့် သူတို့၏ခရီးတိုလေးက စမ်းသပ်စစ်ဆေးမှုတစ်ခုလို ခံစားလိုက်ရသည်။ အိမ်ပြန်အလာတွင် အားလုံးက အလုပ်များနေသည်တွင် သူတို့ကတော့ အလည်သွားခဲ့သည့် ဝန်ထုပ်ဝန်ပိုးကြီးကို သယ်ကာ ပြန်ရောက်လာတော့သည်။ ဖန်းလျိုညန်က အပြုံးတစ်ခုနှင့် ချည်းကပ်လာသည်။
"အမေ ချန်းမိသားစုက အဘွားချန်းက ပဲပိစပ်တွေ လုပ်နေတာလား။ ကျွန်မတို့တွေရော တစ်အိုးလောက် လုပ်ကြမလား"
သို့သော်ငြားလဲ အဘွားလုက အပြုံးရိပ်လေးတစ်ခုကိုပင် မစုစည်းနိုင်ပေ။ သူမ၏အကြည့်က ဖန်းလျိုညန်ကို ကျော်သွားပြီး ထောင့်တွင်ရှိနေသည့် ဝမ်ချွန်းညန် ဆီရောက်သွားတော့သည်။
ထိုအခိုက်တွင် ဝမ်ချွန်းညန်သည် တခြားအလုပ်လုပ်နေခြင်းမဟုတ်ဘဲ အိတ်ထဲမှစပါးများကို ပြန်ထုတ်နေကာ သူမ၏သမီးဖြစ်သူ သနွီကို အသစ်ပြုလုပ်ထားသည့် သစ်သားဆုံတစ်ခုနှင့် ဆန်ဖွပ်ခိုင်းဖို့ ညွှန်ကြားနေလေသည်။
စပါးများကို မြင်လိုက်သည်တွင် အဘိုးလု၏လက်များက ထိန်းမရအောင် စတင်တုန်ယင်လာပြီး ဒေါသများက သူ့နဖူးဆီသို့ ထိုးတက်သွားတော့သည်။ အဘွားလုကလဲ ပိုပြီးကောင်းသည့် အခြေအနေတစ်ခုတော့ မဟုတ်ပေ။ အဘိုးချန်းနှင့် အဘွားချန်းတို့၏ စကားကို သတိရလိုက်သည်ကိုပင် ကျေးဇူးတင်ရမည်။ သူတို့သည် ဝမ်ချွန်းညန်ဆီ အပြေးအလွှား အရောက်သွားပြီး သူမကို ရိုက်ပစ်ချက်စိတ်ကို ဖိနှိပ်ထားရလေသည်။ ထို့အစားဂူအဝင်အဝတွင် လက်သမား အလုပ်လုပ်ဖို့ရန် ပြင်ဆင်နေသည့် ဖန်းလျိုညန်နှင့် လုညီအကိုတို့ကို ပြောလိုက်သည်။
"အားလုံးဂူထဲကိုဝင်ကြ၊ မင်းအဖေနဲ့ငါ တိုင်ပင်စရာကိစ္စရှိတယ်”
အစောပိုင်းတွင် သူတို့၏အဖေကိုကူညီနေသည့် ရွှမ်းကျူးတို့ ညီအကိုတို့က ထိုစကားကိုကြားလိုက်သည်တွင် သူတို့၏အဘိုးအဘွားဖက်သို့ ခေါင်းလှည့်ကြည့်လိုက်ကြသည်။ အဘွားလုက မြေးဖြစ်သူများကို လှမ်းကြည့်လိုက်ပြီး ညွှန်ကြားလိုက်သည်။
"ထျယ်ကျူး အငယ်တွေကိုခေါ်သွားပြီး ရေတံခွန်နားက သစ်ပင်အောက်မှာ သွားကစားချေ။ ရွှမ်းကျူးနဲ့ သနွီ နေခဲ့”
သူတို့၏အကြီးဆုံးမြေးလေးသည် ၁၅နှစ်အရွယ် ရှိနေပြီဖြစ်ပြီး တချို့ကိစ္စများကို အသိပေးဖို့ရန် အချိန်တန်ပေသည်။ ပုံမှန်ဆိုလျှင် အာရုံစိုက်မခံရတတ်သည့် မြေးမဖြစ်သူအတွက်တော့ သူမက မေးခွန်းတချို့ကို ဖြေပေးရန်ရှိနေသည်။
ဖန်းလျိုညန်နှင့်တခြားသူများက တစ်ခုခုလွဲနေသည်ကို အာရုံခံမိလိုက်ကြသည်။
သူတို့မိဘများ၏ အမူအယာက တစ်မျိုးဖြစ်နေပြီး သူတို့သည် ကလေးအားလုံးကို အပြင်သို့ လွှတ်လိုက်ကြသည်။ ဘာကိစ္စများ ဆွေးနွေးရန် ရှိပါနည်း။
...
ဂူထဲတွင် လူကြီးလင်မယားက သူတို့၏ ကုတင်အစွန်းတွင်ထိုင်နေပြီး သူတို့၏သား၊ချွေးမနှင့် ပထမမိသားစုက ကလေးနှစ်ယောက်က သူတိူ့၏မျက်နှာချင်းဆိုင်တွင် ရပ်နေသည်။
"စပါးသိုလှောင်တဲ့ အဓိကဂူထဲက လတ်တလောဖြစ်သွားတဲ့ ကြွက်ပြဿနာအကြောင်းကို နင်တို့အားလုံး သိကြမှာပေါ့”
ဂူအဝင်ဝကို စောင့်ကြည်ဖို့ရန်တာဝန်ကျနေသည့် လုစန်းလန်က လည်ပင်းလေးကိုဆန့်ကာ အထဲသို့ချောင်းကြည့်ပြီး စိတ်ဝင်တစား နားထောင်နေရလေသည်။
အဘွားလုက အိတ်နှစ်လုံးကို ရှေ့သို့တွန်းထည့်လိုက်ပြီး ခိုင်းလိုက်သည်။
"သလန်၊ အာ့လန် နင်တို့တစ်ယောက်ချင်းစီ ယူပြီးတော့ သေသေချာချာ လေးကြည့်ဖို့ တခြားသူတွေကို ကမ်းပေးလိုက်"
စပါးနှင့်ကြွက်ဟူသည့် အဓိကစကားလုံးများကို ကြားလိုက်သည်တွင် ဝမ်ချွန်းညန်၏ရင်မှာ ထိတ်ခနဲ ဖြစ်သွားတော့သည်။ မည်မည်ရရ အကြောင်းအရင်းမရှိဘဲ စပါးအိတ်များကို ယူပြန်လာသည့် အဘွားကြီးကို တွေ့လိုက်ခြင်းက သူမကို စိုးရိမ်လာစေပြီး သူမ၏အပြစ်ကို ဖော်ထုတ်ခံလိုက်ရမည်ကို ကြောက်ရွံ့နေမိတော့သည်။ သူမက ခေါင်းကို မြန်မြန်လေး ငုံ့ထားလိုက်၏။
အဘိုးလုနှင့်အဘွားလုတို့သည် သူတို့ပြန်ရောက်လာကတည်းက သူမကို စောင့်ကြည့်လာခဲ့ပြီး သူမ၏အပြစ်ရှိဟန် တုံ့ပြန်မှုကသာ သူတို့၏သံသယကို အတည်ပြုပေးလိုက်တော့သည်။
စပါးအိတ်နှစ်လုံးကို လုမိသားစုဝင်များကြားတွင် လှည့်ပတ်ကြည့်ရှုခိုင်းလိုက်ပြီး တံခါးကိုစောင့်ကြပ်နေသည့် လုစန်းလန်ကပင် ရောက်လာပြီး တစ်ချက်ကြည့်လေသည်။
လုသလန်က အတိုင်းအတာတစ်ခုအထိ နားမလည်နိုင်အောင်ဖြစ်နေပြီး သူ့မိဘပြောချင်တဲ့အထိ ရည်ရွက်ချက်ကို အပြည့်အဝနားမလည်ပေ။ ဝမ်ချွန်းညန်က အစပိုင်းတွင် ဘာမှမသိသော်လဲ တစ်ခုခုကို သဘောပေါက်သွားပြီးနောက်တွင်တော့ သူမ၏မျက်နှာမှာ ဖြူဆုတ်သွားတော့သည်။
သို့သော်ငြားလဲ လုအာ့လန်နှင့် ဖန်းလျိုညန်တို့မှာ အခြေအနေကို မြန်မြန်နားလည်သွားပြီး သူတို့၏မျက်လုံးများမှာ အထိတ်တလန့် ပြူးကျယ်သွားကာ လုအကြီးအကဲကို လှမ်းကြည့်လိုက်ကြသည်။
မယုံမကြည်နှင့် လုအာ့လန်က မေးလိုက်သည်။
”အမေဒါကဘာလဲ"
"နင် စဥ်းစားနေတဲ့အတိုင်းပဲ"
လုသလန်မှာ ဇဝေဇဝါ ဖြစ်နေဆဲဖြစ်ကာ လုအာ့လန်ကို မေးလိုက်လေသည်။
"ဘာအဓိပ္ပါယ်လဲ၊ ဒီအိတ်က ဘာမှားနေလို့လဲ"
အခုလေးတင်မှ တစ်ချက်လောက်လာကြည့်သည့် လုစန်းလန်က မနှစ်မြို့ဖွယ် အမူအရာတစ်ခုနှင့် မှတ်ချက်ပေးလိုက်သည်။
"တစ်ယောက်ယောက်က စပါးတွေကို ခိုးခဲ့တာလား"
သူ့အကြည့်က မရည်ရွယ်ပါဘဲ သူ့မရီးဆီသို့ ဖျတ်ခနဲ ရောက်ရှိသွားတော့သည်။ ပုံမှန်ဆိုလျှင် ပေါ့ပေါ့ပါးပါးနေတတ်သည့် သူက အခုတော့ စကားမပြောဖို့ ရွေးချယ်လိုက်ကာ အပြင်ဖက်က မျက်လုံးများကို စောင့်ကြည့်ဖို့ရန် သူ့မိဘနှင့်ဝမ်ချွန်းညန်တို့ကိုလဲ စောင့်ကြပ်ပေးဖို့ရန် ဂူအဝင်အဝဆီသို့ တိတ်တိတ်လေး ပြန်သွားလိုက်လေသည်။
သူက ပြန်ထွက်သွားသော်ငြားလဲ စပါးသူခိုးဟုပြောလိုက်သည့် သူ့စကားက လုမိသားစု၏ မိသားစုဝင်တိုင်းတွင် လေးလံသည့်ခံစားချက်များ ဖြစ်သွားတော့သည်။ ကလေးနှစ်ယောက်က မယုံမကြည်ဖြင့် မော့ကြည်လိုက်ကြသည်။ လုသနွီက သူမ၏ဦးလေးဖြစ်သူကို လှမ်းကြည့်လိုက်ပြီး သူမအမေကို ကြည့်လိုက်ကာ တစ်ခုခုကို သဘောပေါက်သွားပြီး ရုတ်တရက် ခေါင်းကို ငုံ့ထားလိုက်လေသည်။
သူမ၏သွားများမှာ တိတ်တိတ်လေး တဂျစ်ဂျစ် မြည်နေပြီး သူမတစ်ယောက်တည်းသာ ကြားနိုင်သည့် ခပ်တိုးတိုး အသံလေးတစ်ခု ထွက်လာသည်။
လုအာ့လန်နှင့် ဖန်းလျိုညန်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏မျက်လုံးများက ဝမ်ချွန်းညန်ဖက်သို့ ပြောင်းလဲသွားကာ ထိုနောက်တွင်တော့ အားယူပြီး ပြန်ရုတ်သိမ်းထားရသည်။ သူတို့၏ အံ့သြမှုကိုတော့ ဖုံးကွယ်မထားနိုင်ပေ။ လုသလန်က ဇဝေဇဝါ ဖြစ်နေဆဲဖြစ်ပြီး မေးလိုက်လေသည်။
"ဒီစပါးအိတ်က ချန်းမိသားစုကဟာ မဟုတ်ဘူးလား။ ခုနတုန်းက အမေတို့ကိုခေါ်တာကလဲ ပဲပိစပ်လုပ်ဖို့မဟုတ်ဘူးလား။ ဒါက ကျွန်တော်တို့ကို သံသယ ဖြစ်နေတာလား။ ဒါမှမဟုတ်ရင်ဘာလဲ”
သူနှင့်အကြည့်ချင်း မဆုံလိုသည့် အဘိုးလုကဝမ်ချွန်းညန်ကို စိုက်ကြည့်ပြီး ပြောလိုက်လေသည်။
"ဘယ်သူ့ဟာဆိုတာ အရေးမကြီးဘူး၊ မိသားစုတစ်ခုထက်ပိုပြီးတော့ စပါးတွေပျောက်ခဲ့တာ၊ အခုတစ်ခြားသူတွေရဲ့စပါးတွေကို ဘယ်သူ ယူခဲ့တယ်ဆိုတာကို ငါတို့မိသားစုအတွင်းမှာပဲ တိုးတိုးတိတ်တိတ် မေးရမယ်”
"ငါ့ဟာငါ အဖြေရှာပြီး တွေ့သွားတာကို စောင့်တာထက် အခုချိန်မှာ ဝန်ခံလိုက်ကြရင် ပိုကောင်းမယ်"
ဝမ်ချွန်းညန်သည် အလွန်မှစိုးရိမ်ပူပန်သွားပြီး သူမ၏နှလုံးသားမှာ ရပ်တန့်လုနီးပါး ဖြစ်သွားတော့သည်။ သူမသည် တံတွေးကို မြိုချလိုက်ချင်ပါသော်လဲ သူမ၏စိုးရိမ်စိတ်နှင့် အပြစ်များကို ဖော်ထုတ်မိမည် စိုးသဖြင့် ထိုသို့မလုပ်ရဲခဲ့ပေ။
မျက်လုံးအစုံများက သူမအပေါ် ကျရောက်နေသည်တွင် သူမက ကိုယ့်ဟာကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး ကြောက်ရွံ့ဟန်မပေါ်အောင် သေချာလုပ်ထားလိုက်သည်။ ယောက္ခမများ၏အကြည့်နှင့် ဆုံတွေ့လိုက်သည်တွင် သူမက ပြောလိုက်၏။
"ဒါက ကြွက်တွေစားထားတာ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး တစ်ယောက်ယောက်ကို အပြစ်တင်ဖို့ ဖြစ်လာတာလဲ။ မိသားစုတိုင်းမှာ စပါးရှိတာပဲ ဘာဖြစ်လို့ တစ်ယောက်ယောက်က တခြားသူတွေရဲ့စပါးကို ခိုးရမှာလဲ”
လုအဘွားက သူမကို စိုက်ကြည့်လိုက်ပြီး သူမ၏ဒေါသများသည် ဝမ်ချွန်းညန်ကို ခုန်အုပ်ပစ်ချင်စိတ် အထိ ခံစားရအောင် တစ်ခါမှ မဖြစ်ဖူးသည့် အခြေအနေသို့ ရောက်ရှိသွားအောင် ခံစားရလေသည်။ ဝမ်ချွန်းညန်က ငြင်းပယ်ရဲနေသည်ကို မြင်လိုက်သည်တွင် သူမ၏မျက်လုံးထဲတွင် အေးစိမ့်စိမ့်ခံစားချက်တစ်ခု တိုးထွက်လာပြီး သူမကပြောလိုက်လေသည်။
"အမှန်ပဲ အိမ်ထောင်စုတိုင်းမှာ စပါးရှိတယ်။ ဒါနဲ့များ တစ်စုံတစ်ယောက်က ဘာလို့ တစ်ခြားသူတွေရဲ့ဟာကို ယူရမှာလဲ။ ငါကလဲ ဒီကိစ္စအပေါ် နင့်အတွေးကို သိချင်နေတာ”
သူမ၏စကားလုံးများက တုံ့ပြန်မှုအမျိုးမျိုးကို နှိုးဆွလိုက်လေသည်။ ဝမ်ချွန်း၏မျက်နှာက ပြေုင်းလဲသွားပြီး သူမက အသံကျယ်ကျယ်ဖြင့် ဆန့်ကျင်လိုက်သည်။
"အမေ ဘယ်လိုဖြစ်ပြီးတော့များ ကျွန်မကိုသူခိုးတစ်ယောက်လို့ စွပ်စွဲနိုင်ရက်တာလဲ”
လုသလန်ကလဲ မှင်သက်အံ့သြသွားပြီး ဝမ်ချွန်းညန်ဘက်သို့ လှည့်ကြည့်လိုက်ပြီးနောက် သူ့အမေဘက်သို့ လှည့်ကြည့်လိုက်လေသည်။
"ဘာဖြစ်နေတာလဲ ဘယ်လိုဖြစ်ပြီး ဒီကိစ္စက ချွန်းညန်နဲ့ ပတ်သတ်သွားတာလဲ"
အဘွားလုက ပြန်မဖြေလိုက်ဘဲ ဝမ်ချွန်းညန်ကိုသာ ဆက်ပြီး စောင့်ကြည့်နေလိုက်သည်။
"ငါ နင့်ကို နောက်ဆုံးတစ်ခေါက် မေးမယ်၊ နင် ဝန်ခံမလား"
ဝမ်ချွန်းညန်က ဘူးခံနေလိုက်ပြီး မမောမပန်း ငြင်းခုံပြန်သည်။
"အမေ ဆိုရိုးစကားတောင်ရှိတယ် မဟုတ်လား။ သူခိုးကို ဖမ်းဖို့ဆိုရင် ခိုးရာပါပစ္စည်းနဲ့ ဖမ်းရမယ်။ ဖောက်ပြန်တဲ့သူတွေကို ဖမ်းမယ်ဆိုရင်တော့ နှစ်ယောက်စလုံးကို ဖမ်းရမယ်တဲ့၊ သက်သေမရှိဘဲနဲ့ အမေက ကျွန်မကို ဒီလိုနာမည်ဖျက်လို့ မရဘူးလေ။ ကျွန်မ ဒါကို သည်းမခံနိုင်ဘူး"
လုအဘွားမှာ ဒေါသကြောင့် အသံထွက်ပြီး အော်ရယ်မိတော့သည်။
"နင်ပြောတဲ့ပုံစံအရဆိုရင် နင်က နင့်မျက်နှာကို တော်တော်လေး ဂရုစိုက်တာပဲ ဟုတ်တယ်မလား”
"နင်တို့ ပထမအိမ်ထောင်စုတွေ ဒီလျှိုမြောင်ကို ဘယ်လို ဝင်လာတယ်ဆိုတာ မေ့သွားပြီလား။ ဒါက အရမ်းကြာသွားပြီ မလို့လား"
"အာ့လန်ရဲ့မျက်နှာကိုထောက်ပြီး နင်တို့ကိုဒီကို ခေါ်ဝင်လာတာက ရှန်းလီနဲ့သရှန်း။ ငါတို့ရဲ့ မိသားစုနဲ့ လျိုညန်ရဲ့ ဆက်ဆံရေးကို ထောက်ထားခဲ့တာက အားလော့။ အားလော့က ဒီကိစ္စကို သဘောတူပေးခဲ့တာက ကလေးတွေကြောင့်၊ နင် ဒါကိုမေ့ သွားပြီလား”
"နင့်မျက်နှာကို အဲ့လောက်တောင်မှ ဂရုစိုက်တယ်ဆိုရင် ဘယ်လိုဖြစ်ပြီး ဒီလိုခိုးကြောင်ခိုးဝှက် အလုပ်ကို လုပ်ရဲရတာလဲ။ ကြွက်တွေက စပါးတချို့ခိုးနေတာကို နင်က အားကျသွားတာလား။ နင်က ကြွက်တွေကိုက်ထားတဲ့ တွင်းတွေကနေ စပါးတစ်ချို့ကို ကုတ်ပြီးယူခဲ့တာလား။ နင်ရဲ့ပါးစပ်ကို အရသာခံဖို့လေ။ အဲ့ဒီအတွက် ခိုးယူခဲ့တာပေါ့လေ ဟုတ်တယ်မလား။ ဒါနဲ့များ နင်က မျက်နှာရမဲ့ သိက္ခာအကြောင်းကို ပြောနေသေးတယ်”
ဝမ်ချွန်းညန်မှာ ရုတ်တရက် ဒူးထောက်ချလိုက်တော့သည်။
"အမေသက်သေက ဘယ်မှာလဲ။ ဒီလောက် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ကို ကျွန်မ လက်မခံနိုင်ဘူး”
လုအဘွားက ခေါင်းငြိမ့်လိုက်ပြိီး သူမ၏မျက်လုံးများမှာ ရယ်ချင်နေသည့်အရိပ်ကြောင့် ထုံထိုင်းသွားတော့သည်။
"ကောင်းပြီလေ နင်ကဘယ်သူမှ မမြင်ဘူးလို့ ထင်နေတာပေါ့။ သက်သေမရှိဘူးဆိုရင် ဘယ်သူမှ နင့်ကို မဖော်ထုတ်နိုင်တော့ဘူးလို့ ယုံကြည်နေတာပေါ့လေ ဟုတ်တယ်မလား”
သူမက သူမ၏အကြီးဆုံးသားကို လှမ်းကြည့်လိုက်ပြီးနောက် သူမ၏မြေးများကို ကြည့်လိုက်လေသည်။ လုသလန့်က မှင်သက်အံ့သြသွားပြီး မိုးကြိုးပြစ်လိုက်သလို ခံစားလိုက်ရကာ လုံးဝကို ငေးကြောင်ကြောင်ဖြစ်သွားပြီး သူ့မျက်နှာမှာ လူသေတစ်ယောက်လို ဖြူဆုတ်သွားတော့သည်။
ဝမ်ချွန်းညန်သည် အမှားအယွင်းလုပ်ထားခဲ့ဖူးသည့် မှတ်တမ်းတစ်ခုရှိကာ နှစ်ပေါင်းများစွာ ပေါင်းသင်းလာသည့် သူမ၏ယောကျာ်းအနေဖြင့် လုသလန်သည် လုအဘွားကသူမ၏ ချွေးမကို နားလည်သလောက် သူကလဲ သူမအကြောင်း သိလေသည်။ ဝမ်ချွန်းညန်က နည်းနည်းပါးပါး အသားယူရတာကို သဘောကျလေသည်။ အစားအသောက်ဆိုလဲ တစ်ဇွန်းလောက် ပိုလိုက်ရမှ။ အသားဆိုလဲ တစ်တုံးလောက် ပိုယူလိုက်ရမှ။ ဥဆိုလဲတစ်လုံးလောက် ခိုးထားလိုက်ရမှ။ လုသလန်သည် ဒီလို အသေးအမွှားအပြစ်များကို အမြဲတမ်းမြင်လာခဲ့ပြီး သူ၏ခယ်မဖြစ်သူက ပိုပြီးစည်းကမ်းရှိကာ သူ့မိန်းမကတော့ ကိုယ့်ဟာကိုယုံကြည်မှု လွန်ကဲတတ်သည်ဟု သိထားသည်။ ထမင်းစားပွဲတွင် ဒီလိုအသေးအဖွဲကိစ္စလေးက ထုတ်ပြောဖို့ရန် ထိုက်တန်ပါရဲ့လား။
ထို့ကြောင့် သူသည် ဘယ်တော့မှ များများစားစားကို ဝင်ရောက် စွက်ဖက်ခဲ့ခြင်းမရှိပေ။ သို့သော်ငြားလဲ ဝမ်ချွန်းညန်က အသေးအဖွဲ့ကိစ္စကအစ အသားယူရသည်ကို ကြိုက်မှန်းသိထားကာ အထူးသဖြင့် သူ့မ၏မျက်လုံးကို ဆွဲဆောင်ထားသည့် အရာမျိုးတွင်ဖြစ်သည်။ သူမသည်ထိုအရာများကို မပိုင်ဆိုင်ရလျှင် နေမထိထိုင်မသာ ခံစားရလေသည်။
လုသလန် သိထားသည့်အရာကို လုမိသားစုက ကျန်မိသားစုဝင်များဖြစ်သည့် ရွှမ်းကျူး၊ သနွီ၊ အခုအချိန်တွင် တိတ်တိတ်လေး အကဲခတ်နေသည့် လုအာ့လန်၊ လုသလန်နှင့် ဖန်းနျိုညန်တို့ကလဲ သိကြလေသည်။ ရွှမ်းကျူး၏မျက်နှာက နီရဲသွားပြီး သူ၏လည်ဂုတ်မှာ ဖျတ်ခနဲ ငိုက်စိုက်ကျသွားကာ သနွီက ခေါင်းကို တင်းနေအောင်ငုံထားပြီး သူမသည် မြေကြီးပေါ်က အက်ကွဲကြောင်းထဲသို့ ပျောက်ကွယ်ချင်စိတ် ဖြစ်သွားတော့သည်။
လုအဘွားက အလျော့မပေးဘဲ မေးလိုက်သည်။
"သလန်ကရော ဘယ်လိုထင်လဲ။ နင်က နင့်မိန်းမ ပြောတဲ့စကားကို သဘောတူလား”
လုသလန်၏ခေါင်းမှာ ပလုတ်တုတ်လေးတစ်ခုလို့ တွင်တွင်ခါယမ်းသွားပြီး သူ့၏အသက်ရှူသံမှာ မြန်ဆန်လာတော့သည်။ စကားနှစ်လုံးကို ခက်ခက်ခဲခဲ ညှစ်ထုတ်ဖို့ရန်အတွက် တော်တော်လေး အားယူလိုက်ရသည်။
"မထင်"
"မထင်ပါဘူး"
သူ၏လည်ချောင်းမှာ မြင့်လိုက်နိမ့်လိုက်ဖြစ်သွားပြီး ဒီအမှန်တရားကို လက်မခံနိုင်ပေ။ သူသည် "မထင်ပါဘူး" ဟူသည့်စကားကို နှစ်ကြိမ်ဆက်တိုက် ထုတ်ပြောလိုက်မိသွားပြီးနောက် ဒူးတစ်ဝက်ထောက်ချလိုက်ကာ ဝမ်ချွန်းညန်ကို ခက်ခက်ခဲခဲ မေးလိုက်လေသည်။
"မင်းတကယ်ပဲ တခြားသူတွေရဲ့စပါးကို ယူခဲ့တာလား။ ယူခဲ့သလား"
ဟုတ်ပါသည်။ ဝမ်ချွန်းညန်က သေချာပေါက် ငြင်းရပေမည်။
သို့သော်ငြားလဲ လုသလန်က ပြိုလဲလုဆဲဆဲဖြစ်နေကာ သူ၏လက်များနဲ့ နှုတ်ခမ်းများက တုန်ယင်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်လှုပ်နေသယောင်။
"အခုဒုတိယအကြိမ်ပဲ၊ ပထမတစ်ခေါက်တုန်းက မင်း စပါးသိုလှောင်တဲ့ အသေးစိတ်အကြောင်းကို ပေါက်ကြားသွားအောင် လုပ်ခဲ့တယ်။ အခု သိပ်တောင်မကြာသေးဘူး မင်းက စပါးတွေကို ခိုးနေပြီလား"
"ဘာဖြစ်လို့ စပါးတွေကို ခိုးရတာလဲ။ ဟမ်။ ငါတို့တွေက အိမ်မှာ စားရမဲ့သောက်ရမဲ့ ဖြစ်နေလို့လား။ အဖေနဲ့အမေကရော အိမ်ခွဲတုန်းက စပါးတွေကို မျှမျှတတ မဝေခွဲပေးလို့လား။ မင်းမှာ လိုအပ်တာတွေ ရှိနေလို့လား။ ဘာဖြစ်လို့ စပါးတွေကို ခိုးခဲ့တာလဲ”
ဝမ်ချွန်းညန်သည် သူ၏ပေါက်ကွဲဒဏ်ကြောင့် ထိတ်လန့်ကြောက်ရွံ့သွားပြီး ဆက်တိုက်ငြင်းဆန်လေသည်။
"မဟုတ်ဘူး၊ အဲ့ဒါအမှန် မဟုတ်ဘူး။ ကျွန်မ ဘာစပါးကိုမှ မခိုးခဲ့ဘူး”
"ဘယ်သူက ယုံမှာလဲ"
လုသလန်မှာ အခုအချိန်တွင်တော့ သူ့မိသားစုက ဒီလျှိုမြောင်ထဲတွင် မည်သို့ဆက်ပြီး အသက်ရှင်ရမည်ကို စဥ်းစားမတက်အောင် ဖြစ်သွားတော့သည်။ သူသည် ဝမ်ချွန်းညန်ဘေးတွင် ဒူးထောက်ချလိုက်ပြီး ဘယ်သူက ယုံမှာလဲဟု အတွင်တွင် ပြောလိုက်ကာ ထိုနောက်တွက်တော့ ဘာမှဆက်မပြောနိုင်တော့ပေ။
အေးစက်စက် စောင့်ကြည့်နေရင်း လုအဘွားက ရွှမ်းကျူးဘက်သို့ သူမ၏အကြည့်ကို ပြောင်းလဲလိုက်ကာ စပါးသယ်ပို့ခြင်းကာလအတွင်းတွင် သူ မရှိသည်ကို စဥ်းစားလိုက်လေသည်။ ထိုနောက်တွင်တော့ သူမက စပါးခိုးယူသည့်ကိစ္စကို ကြားလိုက်ရကတည်းက ခေါင်းကို မမော့ရဲလောက်သည်အထိ ကြောက်ရွံ့နေသည့် မြေးမလေးဘက်ကို လှည့်ကြည့်လိုက်သည်။
" သနွီ နင့်အမေက သက်သေ လိုချင်နေတယ်။ နင်က နင်တို့အိမ်မှာ အချက်အပြုတ်နဲ့ အလျှော်အဖွတ် လုပ်နေတာ။ ငါတို့ကို ပြောစမ်း၊ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ နင့်အမေ တစ်ခုခုမူမမှန်တာ တွေ့ခဲ့လား”
အချိန်အကြာကြီး ခေါင်းငုံထားခဲ့သည့် သနွီမှာ ဒီမေးခွန်းတွင် မျက်ရည်များ တပေါက်ပေါက် ကျဆင်းလာပြီး မျက်ရည်စက်များသည် မြေကြီးပေါ်သို့ အသံကျယ်ကျယ်ဖြင့် ကျဆင်းသွားသော်ငြားလည်း မော့မကြည့်ရဲသေးချေ။
အဘွားလုက သူ၏မြေးမဖြစ်သူ ခြေထောက်နားက စိုစွတ်နေသည့်မြေကြီးကို အကဲခတ်လိုက်ပြီးပြောလိုက်လေသည်။
"ငယ်ငယ်လေးကတည်းက နင်က နင့်အမေရဲ့ နောက်လိုက်ပြီး ဝေယျာဝစ္စ တွေလုပ်လာခဲ့တယ်၊ စကားလည်း နည်းပြီး ကြီးပြင်းလာခဲ့တယ်။ ငါက နင်တို့တွေကို ဖြောင့်ဖြောင့်မတ်မတ် နေတ်အောင် သင်ကြားပေးခဲ့တယ်။ နင့်အကိုတွေလိုပဲ ငါတို့တွေက ဒီနေရာအထိ ကပ်ဘေးရှောင်လာနိုင်တဲ့အတွက် ချန်းနဲ့ ရှန်းမိသားစုအပေါ်မှာ ကျေးဇူးရှိတယ်။ အထူးသဖြင့် နင်တို့မိသားစုတွေပေါ့။ ငါတို့တွေ ရောက်မလာခင်က အခြေအနေကို စဥ်းစားကြည့်စမ်း၊ မိသားစုတွေက ငါတို့တွေကို ခိုလှုံခွင့်ပြုပေးခဲ့တယ်။ အထူးသဖြင့် နင်တို့ကလေးငါးယောက်ကြောင့်ပေါ့။ နင်တို့တွေ အပြင်ဘက်မှာ မရှင်သန်နိုင်မှာ စိုးရိမ်လို့။ ဒီနေ့ ငါ နင့်ကို နားချမှာမဟုတ်ဘူး။ ဒါပေမဲ့ နင်ပြန်ဖြေတဲ့အခါကျရင် ငါသင်ပေးထားတဲ့နှစ်ချက်ကိုတော့ သတိရ။ ရိုးသားရမယ် အမှားနဲ့အမှန်ကို ခွဲခြားတက်ရမယ်”
ဒီလိုတည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်သည့်ဆုံးမစကားက လုသနွီ၏ မျက်ရည်များကို ပိုပြီး တရစပ်စီးကျလာစေကာ သူမသည် စတင်ရှိုက်ငိုလေတော့သည်။
ဝမ်ချွန်းညန်က ဒေါသထွက်သွားသည်။
"နင် ဒီလိုတွေ ငိုနေရလောက်အောင် ငါက ဘာတွေလုပ်ခဲ့လို့လဲ"
သူမက လုသနွီကို ဝါးစားတော့မတတ် ကြည့်လိုက်လေသည်။
အဘွားလုက အေးတိအေးစက် ပြုံးလိုက်ကာ စိတ်ရှည်ရှည်နှင့် စောင့်နေလိုက်သည်။
လုသနွီက အကြိမ်အနည်းငယ် ငိုရှိုက်လိုက်ပြီး သူမ၏မျက်ရည်များကို သုတ်လိုက်ပြီးနောက်တွင် မျက်လုံးများကို မပင့်ချင်ပင့်ချင်ဖြင့် မော့လိုက်ကာ သူမ၏အဘိုးနှင့်အဘွားကို ကြည့်လိုက်လေသည်။ သူမ၏လက်များကို တင်းနေအောင်ဆုပ်ထားရာ သူမ၏လက်ဆစ်များမှာ ဖြူသွားသည်အထိ ဖြစ်သွားသော်ငြားလည်း သူမက စကားပြောဖို့ရန်တော့ မတက်နိုင်သေးချေ။
ဒေါသကို မြိုသိပ်ထားရသည့် အဘိုးလုမှာ မာမာထန်ထန်နှင့် အမိန်ပေးလိုက်တော့သည်။
"နင့်အဘွားက နင့်ကို စကားပြောခိုင်းနေတယ်လေ၊ အခု အမှန်ကို ပြောစမ်း"
အခုလေးတင်မှရပ်သွားသည့် လုသနွီ၏မျက်ရည်များမှာ ကြောက်ရွံ့စိတ်ကြောင့် တဖန်ပြန်ကျလာလေသည်။ သူမက သူမ၏အမေကိုလှမ်းကြည့်လိုက်ပြီး စိတ်ပျက်နေသည့် သူမ၏အဖေဖြစ်သူကို လှမ်းကြည့်လိုက်ပြီးနောက်တွင် နောက်ဆုံးတော့ သူမ၏အကို၊ ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်တို့ကို ကြည့်လိုက်လေသည်။
ဂူအဝင်နားက တတိယဦးလေးကို ကြည့်ဖို့ရန်ကြောက်ရွံ့နေကာ သူမက မျက်လုံးများကို မှိတ်ထားပြီးနောက် ပြန်ဖွင့်လိုက်ပြီး စကားပြောလိုက်တော့သည်။
"အမေက တစ်နပ်စာအတွက် အိမ်ကစပါးတွေကို နည်းနည်းလေး ယူလာတယ်။ အများကြီး မဟုတ်ပါဘူး။ တစ်နေ့စာအတွက် လုံလောက်ရုံပါပဲ။ စပါးတွေကို အစတုန်းက ဂူကြီးထဲမှာသိုလှောင်ထားခဲ့တာ၊ နောက်ပြီးတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့လည်း သမီးက မထင်ထားမိဘူး"
အဘွားလုကမော့ကြည့်လိုက်ပြီး "နောက်ပြီးတော့ရော"
လုသနွီက ဆက်ပြောရန် ပြင်ဆင်လိုက်သော်ငြားလည်း သူမအမေ၏ရုတ်တရက် ကြားဖြတ်ခြင်းကို ခံလိုက်ရလေသည်။
"နင် ဘာပေါက်ကရတွေ ပြောနေတာလဲ၊ အားလုံးရဲ့စပါးတွေကို ဂူကြီးထဲမှာ သိမ်းထားတာပဲ။ ဘယ်သူကအဲ့ဒီထဲကနေ သွားမယူကြလို့လဲ နင့်ရဲ့ဒုတိယအဒေါ်ကရော ဘာစပါးမှ မယူလို့လား။ နင် ငါ့ကိုသတ်ဖို့ ကြိုးစားနေတာလား"
လုအာ့လန်သည် သူ့မရီးဖြစ်သူက အပြစ်များကို သူ့မိန်းမဆီသို့ လွှဲချဖို့ကြိုးစားနေသည့်ကို မြင်လိုက်သည်တွင် လှောင်ပြောင်သရော်ဟန် ရယ်မောလိုက်လေသည်။ သူက သူ့တူမဖြစ်သူကို မရီးဖြစ်သူဆီက ဆွဲခေါ်လိုက်ပြီး ဝင်ထောက်လိုက်သည်။
"အမှန်ပဲ ဘယ်သူတွေက အဲ့ဒီထဲကနေ စပါးမယူတဲ့သူရှိမှာလဲ။ သနွီက ဘာတွေပြောခဲ့လို့ မရီးက အဲ့လောက်ကပျာကယာနဲ့ ဖြတ်ပြောနေတာလဲ။ လုမိသားစုက ကလေးတွေကို ခင်ဗျားရဲ့ဝမ်မိသားစုရဲ့ နည်းလမ်းတွေ မသင်ပေးပါနဲ့"
လုသနွီ၏မျက်နှာမှာ သူ့စကားကြောင့် နီရဲသွားတော့သည်။
ဖန်းလျိုညန်က မျက်မှောင်ကျုံ့လိုက်ပြီး လုအာ့လန်ကို စိုက်ကြည့်လိုက်သည်။
"ဒီကိစ္စကိုပဲ ဖြေရှင်းလေ၊ ဘာလို့မဆီမဆိုင်တွေ ထုတ်ပြောနေတာလဲ"
လုအာ့လန်က ဝမ်ချွန်းညန်ထံမှ မြေကြီးပေါ်သို့ ဆွဲချလုနီးပါးဖြစ်သွားသည့် သာနွီကို ဆွဲခေါ်သွားလိုက်ကာ ပြောလိုက်လေသည်။
"အဲ့ဒီစကားက နင့်ကို ပြောချင်တာမဟုတ်ဘူး"
သူသည် ဝမ်ချွန်းညန်နှင့် မပတ်သတ်ချင်သော်ငြားလည်း သနွီကတော့ မတူပေ။ ကြောက်ရွံ့တက်ပြီး စကားနည်းကာ သူမတွင် ဝမ်မိသားစု၏ အမူအကျင့်များ တစ်ခုမှမရှိပေ။ တခါတရံ သူသည် သူမကိုပင် သနားမိသေးတယ်။ ဝမ်ချွန်းညန်က သူမ၏သမီးနှင့် သားများကို လုံးဝခွဲခြားဆက်ဆံခဲ့သည်။
လုအဘွားကလည်း လုအာ့လန်ကို စိုက်ကြည့်လိုက်ပြီးနောက် သနွီဖက်သို့လှည့်ကာ ပြောလိုက်လေသည်။
"နင့်ဦးလေးရဲ့ ပေါက်ကရစကားတွေကို စိတ်ထဲထားမနေနဲ့၊ ဆက်ပြော"
သနွီက သူမ၏အမေဖြစ်သူကို လှမ်းကြည်လိုက်သည်တွင် အမေဖြစ်သူ၏ ခြိမ်းခြောက်နေသည့်ရုပ်ကြောင့် တွန့်သွားတော့သည်။ ချိတုံချတုံ ဖြစ်သွားပြီးနောက်တွင် သူမ၏အဘွားဖြစ်သူ စကားကို ပြန်စဥ်းစားလိုက်ပြီး သူမက ဆက်ပြောလိုက်သည်။
"ပုံမှန်ဆိုရင် သမီးတို့တွေက ပဲနဲ့ဆန်ကို ပဲစားကြတယ်။ ဒါကြောင့်မို့လို့ သမီးတို့က စပါးတွေအများကြီး မသုံးရဘူး၊ ဒါပေမဲ့ အဲ့ဒီနေ့တုန်းကတော့ စပါးတွေက ပုံမှန်ထက်ပိုများပြီးတော့ အိမ်ကိုယူလာပြီး ရက်အနည်းငယ်အတွင်းမှာပဲ ပုံးနှစ်လုံးစာ ပြည့်သွားတယ်။ ဒါပေမဲ့ သမီးတို့က ဒီနေရာမှာ ပဲကို မသိမ်းထားခဲ့ဘူးလေ။ တစ်နပ်စာအတွက် ဂူကြီးဆီကနေပြီးတော့ အဲ့ဒါတွေကို သွားယူလာရတာ။ တစ်ခါတုန်းကတော့ သမီးက ထူးဆန်းနေတယ်လို့ထင်ပြီး ပဲတွေကို ပိုယူရမဲ့အစား ဘာဖြစ်လို့ စပါးတွေ အများကြီး ယူလာခဲ့လဲလို့ မေးလိုက်သေးတယ်"
ထို့သို့မေးခဲ့ပြီးနောက်တွင် သူမသည်အမေဖြစ်သူ၏ ဆူပူခြင်းခံရပြီး အချက်အပြုတ်ကိုသာ အာရုံစိုက်ထားဖို့ ပြောခံရလေသည်။
ထို့ကြောင့် သူမက ထပ်ပြီးမမေးရဲခဲ့ချေ။
သူမသည် အခုတော့ဒီအကြောင်းကို ထုတ်မပြောခဲ့ပေ။
အမှန်တွင်တော့ အခွင့်အရေးတစ်ခုမရခဲ့ခြင်းပင်။ ဝမ်ချွန်းညန်က သနွီကို လှမ်းရိုက်လိုက်ခြင်းကြောင့်ပင်။ သို့သော်ငြားလည်း လုအာ့လန်နှင့် လုရွှမ်းကျူးတို့က မြန်မြန်လေး ဝင်တားလိုက်ကြသည်။
သို့သော် သနွီက ပြောသင့်သလောက် ပြောပြီးသွားလေသည်။ လုစန်းလန်းက အခန်းကြီးသို့ဝင်သွားပြီး အသစ်ပြုလုပ်ထားသည့် ရေပုံးနှစ်လုံးကို တွေ့လိုက်ပြီးနောက်တွင် အဖုံးကို ဖွင့်ကြည့်လိုက်သည့်အခါ ဆန်အပြည့်ပါနေသည်ကို တွေ့လိုက်ရလေသည်။
ဝမ်ချွန်းညန်၏ခြေထောက်များမှာ အားနည်းချိနဲ့သွားသော်ငြားလည်း သူမကငြင်းခုံနေဆဲ။
"ဒါတွေက ကျွန်မတို့ဝေစုထဲက စပါးတွေပဲ"
လုအဘိုးကသူမကိုကြည့်လိုက်ပြိး
"ဆင်ခြေတွေ ပေးချင်နေသေးသလား၊ ငါတို့တွေက ဂူတစ်ခုထဲမှာ အတူတူနေကြတာ၊ မိသားစုတစ်ခုချင်းဆီမှာ စပါးဘယ်လောက်ရှိတယ်ဆိုတာ ငါတို့သိတယ်၊ တစ်နေ့ ဘယ်လောက်စားတယ် ဆိုတာလည်းသိတယ်။ အထူးသဖြင့် ငါတို့တွေက ပဲကိုပဲ အများဆုံးစားကြတာ၊ တွက်ချက်ဖို့ လွယ်တယ်။ နင်က ဒီအကြောင်းပြချက်နဲ့ လိမ်လည်နိုင်မယ်လို့ တကယ် ထင်နေတာလား "
အားလုံးက ငြိမ်သက်သွားကြသည်။
ဝမ်ချွန်းညန်မှာ ပြောစရာ မရှိတော့ပေ။ လုသလန်ကလည်း အနာဂတ်တွင်မည်သို့မျက်နှာပြရမည် မသိတော့ချေ။ ရွှမ်းကျူးနှင့်သနွီတို့ မောင်နှမကလည်း ငိုကြွေးနေကြလေသည်။
လုအာ့လန်၊ လုစန်းလန်နဲ့ ဖန်းလျိုညန်တို့က ပြောစရာစကားများ ပျောက်ဆုံးသွားတော့သည်။
မိသားစုအတွင်းက ဒီလိုအဓိပ္ပါယ်မရှိသည့် အခြေနေနှင့်ပတ်သတ်ပြီး ဘာဆက်ပြောရမည် မသိသော်ငြားလည်း ဝမ်ချွန်းညန် ဖြစ်နေသည်ကို စဥ်းစားမိလိုက်သည်တွင် အံ့သြစရာ မဟုတ်တော့သယောင်။
သူမက နောက်တစ်ကြိမ်တွင် ဘာများထပ်လုပ်နိုင်ပါသေးသနည်းဟု သူတို့မှာ မစဥ်းစားတတ်တော့အောင်ပင်။
မိသားစုမှာ ဖိစီးနေသည့် ပြဿနာနှစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ နောက်ဆက်တွဲကိစ္စကို မည်သို့ ဖြေရှင်းရမည်နည်း။ လျှိုမြောင်ထဲက တခြားမိသားစုများကို မည်သို့မျင်နှာပြရပေမည်နည်း။
သူတို့သည် သူမကို အမှန်ပင် သတ်ပြစ်နိုင်ပြီလား။ အသက်တစ်ချောင်းကို နှုတ်ယူခြင်းက ကြက်ငှက်များကို သတ်ဖြတ်ရသလို လွယ်ကူသည်မဟုတ်ပေ။
သို့သော်ငြားလည်း သူမကို ဆက်ပြီး ပြဿနာရှာထားသည်ကို လွှတ်ထားလျှင်လည်း ဒါက သည်းမခံနိုင်စရာ မဟုတ်ပေ။
လုသလန်က လက်တွေ့ကို ပြန်ရောက်လာသယောင် ထင်ရပြီး မြေကြီးပေါ်မှ ထရပ်လိုက်ကာ လျှော်ကြိုးတစ်ချောင်းနှင့် အဝတ်းတစ်ခုကို မြန်မြန်သွားရှာလိုက်သည်။ သူက ဝမ်ချွမ်းညန်ကို ချည်တုပ်ထားဖို့ လုပ်ဆောင်နေတော့သည်။
ဝမ်ချွမ်းညန် က ရုန်းကန်အော်ဟစ်ပြီး လုသလန်က ပြောဆိုလေသည်
"မင်း မရှက်ဘူးဆိုရင် အော်နေလိုက်"
ကြောက်လန့်သွားပြီး သူမကို စောင့်ကြိုနေမည်အရာကို မသိနိုင်လေရာ ဝမ်ချွန်းညန်က သူမ၏ဂုဏ်သိက္ခာအားလုံးကို စိုးရိမ်ပူပန်မနေတော့ဘဲ အော်ဟစ်ငိုယိုလေသည်။
"သလန် ရှင် ဘာလုပ်နေတာလဲ၊ ရှင် ကျွန်မကို သတ်နေတာလား"
အဝတ်စတစ်ခုဖြင့် သူမ၏ပါးစပ်ကို ဆို့ထားလိုက်ပြီး သူမ၏လက်များကို လက်နောက်ပြစ်ကာ မြန်မြန်ချည်တုပ် ထားလိုက်ပြီး သူမ၏ခြေထောက်များကိုလည်းထပ်ပြီး ချည်တုပ်ထားလိုက်လေသည်။
မျက်ရည်များက လုသလန်၏မျက်နှာပေါ်မှာ စီးကျလာရင်း သူက ပြောလိုက်သည်။
"အဖေ အမေ.. ကျွန်တော် စပါးပျောက်ဆုံးသွားတဲ့ လူတွေတိုင်းကို တောင်းပန်စကားပြောပြီး နှစ်ဆပြန်ပေးပါ့မယ်။ ချွန်းညန်က အခုလောလောဆယ် ဂူထဲက နေထွက်ရမှာ မဟုတ်ဘူး။ ကျွန်တော် သူနေဖို့ အနီးနားမှာ ဂူငယ်လေးတစ်လုံးကို ချဲ့ထားလိုက်မယ်။ ဒါဆိုရင် လက်ခံနိုင်လား"
လုရွှမ်းကျူး၏ မျက်လုံးအိမ်များမှာ ကျုံ့သွားပြီး လုသနွီ၏ နှုတ်ခမ်းများမှာ တုန်ယင်သွားတော့သည်။ ဒီကိစ္စသာဖြစ်လာလျှင် သူတို့၏အမေသည် နှစ်တော်တော်ကြာအောင် ချုပ်နှောင်ထားခံရနိုင်ပြီး နှစ်သစ်ကူးတုန်းကလို အချိန်တိုလေး ချုပ်နှောင်ထားခြင်း မဟုတ်ကြောင်း မောင်နှမနှစ်ယောက်လုံး သဘောပေါက်လိုက်ကြသည်။
အခြေအနေက သူတို့နားလည်နိုင်စွမ်းထက် အများကြီး ကျော်လွန်နေလေသည်။
ဝမ်ချွန်းညန်က ကြံရာမရ ရုန်းကန်ရင်း သူမ၏ကလေးများကို ကြည့်လိုက်သည်။
လုရွှမ်းကျူးက ဒူးထောက်ချလိုက်ပြီး တောင်းပန်တိုးလျိုးတော့သည်။
"အဘိုး အဘွား.. ကျွန်တော့်အမေက မှားခဲ့ပါတယ်၊ ကျွန်တော် တောင်းပန်ပါတယ်။ သူ့ကို တစ်လနှစ်လလောက်ပဲ အပြစ်ပေးပါ။ ဒါဆို သူ့ကိုသင်ခန်စာပေးဖို့ လုံလောက်ပါတယ်။ ကျေးဇူးပြုပြီးတော့ သူ့ကို အချိန်အကန့်အသတ်မရှိ ချုပ်နှောင်မထားပါနဲ့။ ကျွန်တော့်ညီလေးနဲ့ ကျွန်တော်က သူ့ဘေးက ဘယ်တော့မှ ထွက်သွားမှ မဟုတ်ပါဘူး။ သူ့ကို ကျွန်တော်တို့ဂူထဲမှာပဲနေအောင် သေချာလုပ်ထားပါမယ်။ နောက်ထပ် ဘာအမှားမှမဖြစ်အောင် သေချာပေါက် ဂရုစိုက်ပါမယ်။ ကျေးဇူးပြုပြီးတော့...."
အချိန်အကန့်အသတ်မရှိ ချုပ်နှောင်ထားခြင်းက တစ်စုံတစ်ယောက်က ရူးသွပ်သွားစေနိုင်သည်။
လုသနွီကလည်း ဒူးထောက်ချလိုက်ပြီး သူမ၏မျက်လုံးများက တောင်းပန်နေလေသည်။
သူမသည် တောင်းပန်တိုးလျိုးသည့်စကားကို ထုတ်မပြောနိုင်ဘဲ လုအဘိုး၊ လုအဘွား၊ လုအာ့လန်၊ ဖန်းလျိုညန်နှင့် လုစန်းလန်တို့ရှေ့တွင် ခေါင်းကို ဆက်တိုက်ငုံထားလိုက်လေသည်။ လုမိသားစုအကြီးအကဲ၊ ဒုတိယအိမ်ထောာင်နှ့င် တတိယအိမ်ထောင်စုမှ လူများသည် ဆွံ့သွားကြလေတော့သည်။
...