အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အပိုင်း(၁၄၉) ငါက နင့်အဘွားပဲ မဟုတ်ဘူး
လုအဖွားသည် ခြေကုန်လက်ပမ်းကျသွားပြီး ဝမ်ချွန်းညန်က သူမကို တစ်သက်တာ စိတ်သောကများ ပေးနေသလို ခံစားလိုက်ရတော့သည်။
ဒုက္ခက ဖိတ်ခေါ်မထားဘဲ သူမ၏အိမ်တံခါးဝသို့ အမြဲတမ်း ရောက်လသလိုပင်။
ဒူးထောက်နေကြသည့် သူမ၏မြေးလေးများကို ငေးကြည့်ရင်း သူမသည် သူတို့ကို ပြစ်တင်ပြောဆိုရန် မတတ်နိုင်ခဲ့ချေ။ ကလေးများက သူတို့၏မိခင်အတွက် အားနည်းချက်တစ်ခု ရှိနေသည်က သဘာဝပင်။
သူမသည် သူမ၏မြေးလေးများကို ရိုးရိုးလေးသာ မေးလိုက်တော့သည်။ “နင်တို့အဖေရဲ့ လုပ်ကိုင်ပုံက အရမ်းရက်စက်တယ်လို့ ထင်လား”
ကလေးများအတွက် အဖြေပြန်ပေးရန် မလိုချေ။ ဒူးထောက်ပြီး တောင်းပန်တိုးလျိုးနေကြခြင်းက သူတို့သည် ထိုသို့ တွေးထင်ကြောင့် ရှင်းလင်းနေသည်။
သူမက ဆက်ပြောလိုက်၏။ “ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါတို့မိသားတွေက တခြားမိသားစုတွေကို ဒုက္ခပေးမိတော့မလိုအထိ ဖြစ်သွားခဲ့တယ်၊ အားလုံးက လျှော့ပေါ့ပေးခဲ့တယ်၊ နင်တို့ကို စပါးပဲ သယ်ခိုင်းခဲ့တာ၊ သူတို့တွေက ဒါကို စပါးလေး သယ်ပေးရင် ရပါပြီလို့ ပြောကြတယ်၊ ဒါပေမဲ့ တကယ်တမ်းကျတော့ နင်တို့က ပထမအိမ်ထောင်စုမှာ ရွှမ်းကျူး နင်အပါအဝင်မှာ လုပ်နိုင်တဲ့လူ သုံးယောက်ပဲ ရှိတာ၊ အဲဒါကိုတောင် ငါတို့တွေက ဒီလိုကပ်ရှောင်တဲ့ ကာလအတွင်းမှာ နင်တို့မိသားစု ၇ယောက်လုံးကို ခေါ်ဝင်လာခဲ့ပေးတယ်၊ ဒါက နင်တို့အပေါ် အကြွေးတင်နေတဲ့ တာဝန်တစ်ခုလို့ နင်တို့က ထင်နေတာလား၊ ဒီလောက် စိတ်ပျက်စရာတွေလုပ်ထားတာတောင် တခြားသူတွေက ချမ်းသာပေးရအုံးမယ်ဆိုတော့ နင်တို့မိသားစုက ဘာတွေ ကြီးကြီးမားမား အကျိုးဆောင်ထားခဲ့လို့လဲ”
“ငါတို့က အရင်က ကိစ္စကို ပြန်တူးဆွနေမှာမဟုတ်ဘူး၊ ဒါပေမဲ့ စဉ်းစားကြည့်စမ်း၊ နောက်ဆုံးတစ်ခါ ကိစ္စပြီးသွားတာ ကြာသွားပြီမလို့လား၊ နင်တို့ထဲက တစ်ယောက်ယောက်ကရော နင်တို့အမေက လျှိုမြောင်ထဲမှာ စပါးတွေခိုးလိမ့်မယ်လို့ စိတ်ကူးကြည့်ခဲ့ကြဖူးလား၊ ရှားပါးချိန် မဟုတ်တာတောင် သူက ခိုးယူနေပြီဆိုရင် အဲလို အချိန်ရောက်လာရင်ကော၊ နင်တွေက ဒါကိုတောင် နားလည်ပေးနိုင်မှာလား”
“မစဉ်းမိဘူးလေ ဟုတ်တယ်မလား၊ စပါး ရှားပါးတာ မဖြစ်ခဲ့ဘူးဆိုရင်တောင် နင်တို့တွေလည်း သူ ခိုးယူလိမ့်မယ်လို့ ထင်ထားမှာမဟုတ်ဘူး၊ ဟုတ်တယ်မလား”
လုအဘွားက သူမ၏မြေးလေးများရှေ့တွင် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး သူမ၏ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ “ဆင်ခြင်ဉာဏ်မရှိတဲ့ လူတစ်ယောက်က ဘာလုပ်နိုင်တယ်ဆိုတာကို နင်တို့တွေ ဘယ်တော့မှ ကြိုတင်ခန့်မှန်းလို့ ရမှာမဟုတ်ဘူး၊ ဒီလျှိုမြောင်က ထိုးဖောက်မခံရနိုင်ဘူးလို့ နင်တို့ ထင်နေကြတာလား၊ နင်တို့အမေက အတွေးအခေါ်မရှိဘဲ အဝင်ဝမှာ သွားအော်ဟစ်ဖို့ ဆုံးဖြတ်ပြီး အပြင်လူတွေကို သတိပေးလိုက်ရင် ဘယ်လိုလုပ်မလဲ၊ လျှိုမြောင်ထဲက လူတိုင်းက အန္တရာယ် ဖြစ်သွားလိမ့်မယ်၊ ငါက စကားကြမ်းကြမ်း ပြောရင်ပြောမယ် ဒါပေမဲ့ နင်တို့တွေက ဒီနေရာက တခြားသူတွေထက် နင်တို့အမေကို ပိုပြီးဂရုစိုက်တယ်ဆိုရင် နင်တို့မောင်နှမတွေကို စဉ်းစားကြည့်ဖူးလား၊ နင်တို့အဖေရဲ့ အကြံအဉာဏ်က အရမ်းရက်စက်တယ်လို့ ထင်နေကြသေးလား”
“သူက နင်တို့အမေဆိုတော့ နင်တို့ကို အန္တရာယ်ပေးမှာ မဟုတ်ဘူးလို့ ထင်ကြတယ်လေ၊ ဟုတ်တယ်မလား၊ အခု သူ့လုပ်ရပ်တွေက နင်နဲ့ နင်တို့မောင်နှမတွေကို ဒီလျှိုမြောင်ထဲမှာ ထပ်ပြီး ခေါင်းမဖော်နိုင်အောင် လုပ်နေတယ်ဆိုတာ ရောက စဉ်းစားမိလား”
“သူ့စိတ်က အလုပ်လုပ်တဲ့ပုံစံချင်း မတူတော့၊ သူ့လုပ်ရပ်တွေကို ကြိုတင်ခန့်မှန်းလို့ မရဘူး”
အဘွားကြီးက ကိုယ့်ဟာကို အပြစ်တင်နေသလို တဟင်းဟင်း ရယ်လိုက်ပြီး “ရွှမ်းကျူး၊ ငါ ဟိုတုန်းက ပိုပြီး မရက်စက်ခဲ့မိတာ နောင်တရတယ်၊ ငါ နင်တို့အမေကို နေရာမှာတင် ကွာရှင်းပစ်ခဲ့သင့်တာ၊ သူ့ကို အိမ်ထဲမှာ ပိတ်လှောင်ထားပြီး ငါတို့တွေ စပါးတွေ ရွှေ့ပြီးတဲ့အချိန် ညတွင်းချင်း ထွက်ခွာလာရတုန်းက သူ့ကို ထားခဲ့သင့်တာ၊ သူနဲ့မခွဲချင်ဘူးဆိုရင် နင်နဲ့ နင်တို့မောင်နှမတွေကို ချည်တုပ်ထားခဲ့ပြီး ရွာသားတွေ တွေးတဲ့အထိ ထားခဲ့လို့ရတာပဲ”
“ငါသာ နင်နဲ့ နင့်မောင်နှမတွေကို မစိုးရိမ်ခဲ့ရင် ငါတို့တွေ အခုလို ဒီဒုက္ခတွေ ရင်ဆိုင်နေရမှာလား။ ဒီလိုချွေးမမျိုးကို လက်ခံခဲ့မိတာ ငါ့အမှား၊ တခြားမိသားစုတွေက ငါတို့နဲ့ နင့်အမေ ဂုတ်သွေးစုပ်တား ခံနေရအောင် တော်တော်လေးကို ကံဆိုးကြတာပဲ”
“နင့်အဖေက ရက်စက်တယ်လို့ နင်က ထင်တာလား၊ တကယ်ရက်စက်တယ်ဆိုတာ အဲလိုမဟုတ်ဘူး၊ နင်တို့အဖေက တကယ်တော့ သူကိုယ်တိုင် အပြစ်ပေးပြီး သူ့ကို ကာကွယ်ပေးဖို့ ကြိုးစားနေတာ”
“တကယ်ရက်စက်တယ်ဆိုတာ ဘာနဲ့တူလဲဆိုတာ နင် သိလား”
“အေးချမ်းနေတဲ့အချိန်တွေနဲ့ စစ်မက်ဖြစ်နေတဲ့အချိန်က မတူဘူး၊ နင်တို့ မြင်ထားတာက တကယ့်ကို နည်းနည်းလေး၊ ဒါမှမဟုတ် ငါတို့မိသားစုက အရမ်းကို ကြင်နာတတ်ပြီး နင်တို့ဘဝတွေကို အရမ်းသက်တောင့်သက်သာ ဖြစ်အောင် လုပ်ပေးထားတာလို့ နင်တို့တွေ ဒူးထောက် တောင်းပန်ရဲတဲ့ သတ္တိရှိအောင် လုပ်ပေးမိတာလား”
“တကယ့်ရက်စက်မှုဆိုတာ တိတ်ဆိတ်တယ်၊ ငြိမ်ဆိမ်တယ်၊ ဘာသံသယမှ ဖြစ်စရာမရှိအောင်ပဲ၊ အဲဒီအချိန်မှ နင်တို့ကို တောဝက်တွေ၊ ဝံပုလွေတွေ၊ ခွေးအတွေ၊ ဘာမှမမြင်တတ်တဲ့ ဝက်ဝံတွေနဲ့ ကျားတွေရှိတဲ့နေရာကို မနက်ခင်း စောစောစီးစီး ထွက်လာခိုင်းတာမျိုး... ဘယ်ဟာနဲ့တွေ့တွေ့ အန္တရာယ်ပဲ ယူလာပေးလိမ့်မယ်၊ တခြားသူတွေက နင်တို့ကို ဒုက္ခပေး စရာတောင်မလိုဘူး၊ သူတို့တွေက သူတို့ဟာသူတို့ ဒီအတိုင်း ကယ်တင်သွားတာဖြစ်ဖြစ်၊ နင့်ကို ကယ်ပေးဖို့ နည်းနည်းလေး အချိန်နှောင့်နှေးသွားတာလဲ ဖြစ်နိုင်တယ်”
“ကြည့်လေ၊ ဒီလို မဖြစ်စလောက် အားထုတ်မှုလေးနဲ့ နင့်အမေဒုက္ခတွေကို ဖယ်ရှားပစ်နိုင်တယ်။ အခြေအနေ ပေးတယ်ဆိုရင် နင်တို့အားလုံး ပါသွားနိုင်တယ်၊ သားရိုင်းတိရစ္ဆာန်တွေရဲ့ စုတ်ဖဲ့ ဝါးမြိုခံရပြီး အကြွင်းအကျန်တွေကို မြေမြှုပ်ပေးစရာတောင် လိုမှာမဟုတ်ဘူး”
“ဒီတော့ ဒီလျှိုမြောင်ထဲက လူတိုင်းက သဘောထားကြီးတယ်၊ ကြင်နာတတ်ကြတယ်၊ သူတို့တွေ နင်တို့ကြောင့် စိတ်ရှုပ်ချင် စိတ်ရှုပ်ကြလိမ့်မယ်၊ ဒါပေမဲ့ ဒီလောက် ပြင်းပြင်းထန်ထန် လုပ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ အကြင်နာတတ်ဆုံးလူတွေမှာတောင် သည်းခံနိုင်တဲ့ အတိုင်းအတာရှိတယ်၊ သူတို့တွေက ပြတ်ပြတ်သားသား ဖြေရှင်းနိုင်တယ်၊ ပြောလို့မရဘူး နင်တို့တွေကိုတောင် အဝေးပို့ပစ်နိုင်တယ်”
“လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာစိုးလို နင်တို့ကို မောင်းမထုတ်ရဲဘူးမထင်နဲ့၊ စဉ်းစားကြည့်နော်၊ နင်တို့တွေ အခု လျှိုမြောင်ထဲက ထွက်သွားရင်တောင် ရှန်လီနဲ့ တရှန်း အကာအကွယ်မပါရင် ရက်အနည်းငယ် ခရီးအတွင်းမှာ နောက်ထပ်လူတစ်ယောက်နဲ့တောင် တွေ့နိုင်လား၊ လျှို့ဝှက်ချက်ကို ထုတ်မပြောရသေးခင်မှာ နင်တို့တွေက ဒီတောကြီးမျက်မဲထဲမှာ ဘယ်လို အသက်ရှင်မှာလဲ၊ ကံကောင်းလို့ နင်တို့ထဲက တစ်ယောက်၊ နှစ်ယောက်က အသက်ရှင်ပြီး လူတွေနဲ့တွေ့သွားတယ်ထား၊ နင်တို့တွေ ဒီအကြောင်းပြောပြပြီး အသက်ရှင်နိုင်မှာလား၊ ငတ်မွတ်ခေါင်းပါးတဲ့ကာလနဲ့ စစ်ပွဲကာလအတွင်းမှာ ကပ်ဘေးဒုက္ခသည်တွေက ဘယ်လောက်တောင် ကြမ်းတမ်း ရမ်းကားကြလဲ၊ မြောက်ပိုင်းလူတွေ တောင်ပိုင်းကို ထွက်ပြေးလာကြတယ်၊ သူတို့တွေ ဘယ်အချိန် ငါတို့ဆီရောက်လာမယ်ဆိုတာ ဘယ်သူသိလဲ၊ ကြမ်းတမ်းရမ်းကားကြတဲ့ ကပ်ဘေးဒုက္ခသည်တွေက ပြင်းထန်တဲ့ အငတ်ဘေးကြုံလာရင် ဘာတွေ လုပ်နိုင်တယ်ဆိုတာ နင်တို့ စဉ်းစားမိကြလား”
“ငါ နင်တို့ကို ပြောပြလိုက်မယ်၊ အင်မတန်မှ ဆာလောင်တဲ့အချိန်မှာ မြေမှုန့်ကို စားတဲ့သူတွေက အရိုးသားဆုံးလူတွေပဲ၊ သူတို့တွေက အသက်ရှင်ဖို့ ဖြစ်နိုင်ခြေနည်းတယ်၊ အသက်ရှင်ကျန်ကြသူတွေကလည်း အရည်းအချင်းတစ်ချို့ ရှိရင်ရှိ၊ မဟုတ်ရင်တော့ လူသားစိတ် ပျောက်သွားကြတဲ့သူတွေပဲ”
“ငတ်မွတ်ခေါင်းပါးတဲ့ဘေးနဲ့ စစ်ပွဲအတွင်းက လူတွေကို ဘာလို့ခေါ်လဲသိလား၊ ခြေနှစ်ချောင်းနဲ့သိုးတွေလို့ ခေါ်တယ်၊ နင်တို့က အပြင်ကနေ ဖမ်းခံလာရပြီး ချက်ချင်ချက်၊ အရည်ပြုတ်ရင်ပြုတ်၊ ကင်ချင်ကင်၊ ကြော်ချင်ကြော်ခံရမဲ့ ယုန်တွေ တောကြက်တွေလိုပဲ၊ အသားတုံးတစ်တုံးနဲ့ မခြားတော့ဘူး”
“ဘယ်သူ့အသားက အရသာအရှိဆုံးလဲဆိုတာ သိလား”
ရွှမ်းကျူးသည် ကြောက်လန့်တကြား နောက်ပြန်လှန်ကျသွားပြီး သူ့မျက်နှာက ဖြူဆုတ်သွားကာ နှာခေါင်းက ပွတက်လာတော့သည်။
လုအဘွားက မရပ်ဘဲ ဆက်ပြောလိုက်ပြီး သူမ၏စူးရှသည့်အကြည့်က ခံစားချက်မဲ့သည့်တိုင် မြိုသိပ်ထားသည့် သူမ၏အကြီးဆုံးမြေးကို မျက်လုံးက မခွာတမ်း ကြည့်နေသည်။ “နင်တို့မိသားစုမှ အကောင်းဆုံးအသားက ရှီထိုရဲ့ခန္ဓာကိုယ်ပဲ၊ ပြီးရင် ဟူကျီ၊ နောက်မှ သနွီ၊ ထျယ်ကျူး ပြီးရင်တော့ နင်ပဲ၊ အားလုံးက ကလေးတွေပဲ ရှိသေးတယ်၊ အသားရဲ့အနူးညံ့ဆုံးအရွယ်ပဲ”
ရွှမ်းကျူးကို ဒူးထောက်နေရာမှ နောက်လှန်သွားအောင် တွန်းလိုက်ကာ သူလက်များက ထောက်ကျသွားပြီး မြေကြီးပေါ်သို့ ပြိုလဲသွားတော့သည်။ ထို့နောက်တွင် သူမက အကြည့်က ပါးစပ်ကို ဆို့ခံထားရပြီး ချွေးပျံနေသည့် ဝမ်ချွန်းညန်ဘက် လှည့်လိုက်ပြီး
“ကလေးတွေပြီးရင် အကောင်းဆုံးအသားက နင့်လို မိန်းမပဲ ဖြစ်လိမ့်မယ်၊ နင့်အသက်အရွယ်က ကွက်တိပဲလေ၊ နင့်ယောကျ်ားရဲ့အသားထက် ပိုပြီး နူးညံ့တယ်လေ၊ အရမ်းကို ဆာလောင်မွှတ်သိပ်လွန်းမှုက လူတွေကို စဉ်းစားလို့မတောင် မရနိုင်တဲ့လုပ်ရပ်တွေ လုပ်အောင် တွန်းအားပေးတယ်ဆိုတဲ့ ရှေးခေတ်က ပုံပြင်တွေ ကြားဖူးတယ်မလား၊ သူတို့တွေက ခေါင်းကို ချန်ထားချင် ချန်ထားမယ်၊ ကျန်တာတွေကိုတော ခုတ်ဖြတ်ပစ်မှာပဲ၊ နင်က ရစ်ငှက်သားကို တောင့်တသလိုပဲ ဆာလောင်နေတဲ့ ကပ်ဘေးဒုက္ခသည်တွေကလည်း နင့်အသားကို တောင့်ကြမှာပဲ”
ဝမ်ချွန်းညန်သည် ရူးတော့မတတ်ဖြစ်သွားပြီး ပါးစပ်ကို ဆို့ခံထားရသဖြင့် နှာခေါင်းဖြင့် အသက်လုရှူနေရကာ လုအဖွား၏စကားများကို ကြောက်လန့်သွားတော့သည်။
လုအဘွား၏အကြည့်က လုသလန်ပေါ်က ကျရောက်သွားပြီး “နောက်လာမဲ့သူကတော့ နင့်လို သုံးဆယ်အရွယ် ယောက်ျားပဲ၊ အသားက ပိုမာတယ်ဆိုပေမဲ့ အရေအတွက်တော့ များသေးတယ်လေ၊- လူ၁၂ယောက်လောက်ကို ရက်တော်တော်များများ ကျွေးထားဖို့ လုံလောက်တယ်”
လုသလန်၏ခြေထောက်များမှာ ချည့်နဲ့သွားပြီး လုအာ့လန်ကို ထောက်တိုင်လို ဖမ်းဆုပ်ထားလိုက်ရသည်။
လုအာ့လန်က သူကို ကြည့်လိုက်သော်လည်း ဘာမှ မပြောဘဲ နေလိုက်ကာ သူတို့အမေစကား မဖြတ်လိုက်ပေ။
ပထမအိမ်ထောင်စုက မိသားစုများသည် သရဲလို ဖြူဆုတ်သွားကြပြီး ခြေလှမ်းအနည်းငယ် အကွာတွင် ရပ်နေကြသည့် ဒုတိယအိမ်ထောင်စုမှ ဖန်းလျိုညန်နှင့် လုစန်းလန်တို့ပင် တုန်ယင်သွားကြတော့သည်။
ပြောလို့ဝသွားတော့မှ လုအဘွားက မြေကြီးပေါ်တွင် ဘာမှမဖြစ်သလို ထိုင်ချလိုက်ပြီး သူမ၏အင်အားများက ကုန်ခမ်းသွားသယောင်။ သူမက ပထမအိမ်ထောင်စုက မိသားစုလေးယောက်ကို လှမ်းကြည့်လိုက်ပြီး လုသလန်ကို ပြောလိုက်၏။ “အဲဒီ သူ့ပါးစက်ထဲက ဆို့ထားတာကို ဖယ်ပေးလိုက်”
လုသလန်၏နှုတ်ခမ်းများက တုန်တုန်ယင်ယင် ဖြစ်နေပြီး သူ့အသံကို ခက်ခက်ခဲခဲ ပြန်ထုတ်လိုက်ရကာ
“အမေ”
“သူ အော်မှာ ကြောက်နေတာလား” လုအဘွားက အေးစက်စက် တဟင်းဟင်း ရယ်မောလိုက်ပြီး “သူ့ကို ပေးအော်လိုက်စမ်းပါ၊ နင့်မိန်းမ လုပ်ထားတဲ့ ကိစ္စတွေကြောင့် ငါတို့မိသားစုက သိက္ခာကျန်အုံးမယ်လို့ နင် ထင်လား၊ သူက သူ့ကိုယ်သူနဲ့ သူ့မိသားစုရဲ့မျက်နှာကို စွန့်ပစ်ခဲ့ပြီးပြီပဲ၊ သူ့အတွက် မျက်နှာဆယ်မဲ့ အရေးကို ဘာလို့ ဂရုစိုက်နေရအုံးမှာလဲ”
“နင်တို့အားလုံးက ကံကောင်းပါတယ်၊ သိပ်ကံကောင်းတယ်၊ ဒါကြောင့် နင်တို့တွေက နင်တို့မှာရှိတာကို တန်ဖိုးထားရကောင်းမှန်းမသိသလို၊ ကျေးဇူးတင်ရကောင်းမှန်းလဲ မသိဘူး၊ ဒါပေမဲ့ ဒီလို ကံကောင်းခြင်းက တသက်လုံး ကြာရှည်ခံမှာမဟုတ်ဘူး”
ဝမ်ချွန်းညန်ကို မေးငေါ့ပြလိုက်ပြီး သူမက ပြောလိုက်၏။ “ဆို့ထားတာကို ဖယ်ပေးလိုက်ပြီး သူ့ခြေထောက်ကိုလည်း ကြိုးဖြည်ပေးလိုက်၊ သူ့လက်ကိုပဲ ချန်ထားလိုက်၊ နင့်အဖေနဲ့ ငါက သူ့ကို အားလုံးဆီခေါ်သွားပြီး စပါးခိုးတဲ့ကိစ္စကို ရှင်းပြရမယ်”
“တခြားသူတွေက ဒီကိစ္စကို ဆက်မလိုက်ဘူးဆိုရင်တောင် ငါတို့တွေက အရှက်မဲ့နေလို့ မဖြစ်ဘူး၊ နင်တို့တွေ ဒီမှာ နေလို့မရနိုင်တော့ဘူး၊ ငါကလည်း ငါတို့ကို ကူညီပေးခဲ့တဲ့သူတွေကို အန္တရာယ်ပြုမဲ့ သူလို့လူမျိုးကို ခွင့်မပြုထားနိုင်ဘူး၊ အားလုံးကို တောင်းပန်၊ စပါးတွေကို ပြန်လျော်ပေးလိုက်၊ ပြီးရင် နင်တို့မိသားစုတွေ ဒီလျှိုမြောင်က ထွက်သွားသင့်ပြီ၊ နင်တို့တွေ အပြင်မှာ အသက်ရှင်မယ် မရှင်ဘူးကတော့ ကံပဲ”
သည်စကားက ပထမမိသားစုအိမ်ထောင်က လူအားလုံးကို အထိတ်တလန့် ဖြစ်သွားစေတော့သည်။ လုအဘိုးပင် သူ့မိန်းမကို မယုံမကြည် ကြည့်လိုက်မိ၏။
လုအဘွား၏မျက်နှာကတော့ ဘာမှ ဖော်ပြမထားချေ။
အစပိုင်းတွင် မှင်သက်အံ့ဩနေရာက လုသလန်သည် သူ့အမေက ဟာသပြောခြင်း မဟုတ်သည်ကို သိလိုက်သည်တွင် ဒူးထောက်ချသွားတော့သည်။ သူသည် အရင်ဆုံး လုအဘွားကို တောင်းပန်လိုက်ကာ သူမ၏ခြေထောက်ကို တင်းနေအောင် ဖက်ထားလိုက်ပြီးနောက် ကိုယ်ကို ပြန်လှည့်ကာ သူ့အဖေနှင့် ညီများကို ငိုယို တောင်းပန်တော့သည်။
သူက ကလေးများကို ထည့်သွင်းစဉ်းစားပေးရန် သူတို့အတွက် အသနားခံတော့သည်။ တောထဲသို့ အတင်းထွက်သွားခြင်းက သူတို့သည် မနက်ခင်းမရောက်ခင်အထိ အသက်မရှင်နိုင်တော့သယောင်။
သူက ငေးကြောင်ကြောင်ဖြစ်နေသည့် သူ့ကလေးများနှင့် ချည်တုပ်ခံထားရသည့် ဝမ်ချွန်းညန်ကို သူနှင့်အတူ ဒူးထောက်ရန် လှမ်းဆွဲလိုက်ပြီး အကြိမ်ကြိမ် ဦးချနေလေသည်။
ပုံမှန်ဆိုလျှင် တိတ်ဆိတ်ငြိမ်သက်နေသည့် ဂူက ပေါက်ကွဲတော့မယောင် ရုတ်တရက်ခံစားလိုက်ရ၏။
လုအဘွားက လုသလန်ကို အေးတိအေးစက် လှမ်းကြည့်လိုက်သည်။
လုအာ့လန်က အာရုံစိုက်ကာ လက်ပိုက်ကြည့်နေပြီး သူ့အမူအရာကလည်း ထိတ်လန့်နေသည့် လက္ခဏာများ ပြသနေသည်။ ခဏလောက်ကြမှ သူ့လိုပင် စိုးရိမ်နေသည့် မိန်းမဖြစ်သူ ဖန်းလျိုညန်က ရှေ့တိုးလာပြီး သူတို့ကိုယ်စား ပြောပေးလိုက်၏။
ဝမ်ချွန်းညန်ကို ဘယ်တုန်းကမှ သဘောမကျခဲ့သည့် လုစန်းလန်းကလည်း ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ဂူဝင်ပေါက်ကို စောင့်ကြပ်မနေတော့ချေ။ သူက လုအဘွားဆီ ချဉ်းကပ်သွားပြီး သူမကို လှမ်းကို ခေါ်လိုက်တော့သည်။
လုအဘွားက သူမ၏သားနှစ်ယောက်နှင့် ချွေးမကို ဂရုမစိုက်ဘဲ သူမ၏အကြည့်က လုသလန်နှင့် သူ့မိန်းမဆီ လုံးဝ မခွာချေ။
“လျှိုမြောင်ထဲက ထွက်မသွားချင်ဘူး ဟုတ်လား”
လုသလန်က ကမန်းကတမ်း ခေါင်းညိတ်ပြလိုက်ပြီး “အမေ ရွှမ်းကျူး၊ ထျယ်ကျူး၊ ဟူကျီနဲ့ ရှီထိုတို့အတွက်ပါ... ကျေးဇူးပြုပြီးတော့....”
ဝမ်ချွန်းညန်၏ခေါင်းက လုသလန်၏ တအိအိအသံဖြင့် သဘောတူနေသည်ထက်ပင် ပိုမြန်မြန် ခေါင်းထောင်လာ၏။
သူမသည် သေရမှာကြောက်သည်။ သူမ၏ယောကျ်ားသေမှာကြောက်သည်။ သူမ၏ကလေးများကို သူမနှင့်အတူ သေခြင်းတရားဆီသို့ ဆွဲခေါ်သွားမိမှာ ပိုပြီးကြောက်လေသည်။
သေခြင်းတရားက အမြဲတမ်း ဝေးကွာခဲ့သယောင်။ အပြင်ဘက်တွင် ဖရိုဖရဲဖြစ်နေသည်ကို သိနေသည့်တိုင် သူမထံသို့ တိုက်ရိုက် ဘယ်တုန်းကမှ မရောက်လာခဲ့ဖူးချေ။ တောထဲသို့ ဝင်ခဲ့သည်တွင်ပင် သူတို့သည် ကာကွယ်ပေးခံရပြီး လျှိုမြောင်ထဲတွင် ကပ်ဘေးရှောင်ရန် မြန်မြန်ဆန်ဆန် ရှာတွေ့ခဲ့ကြကာ အမြဲတမ်း အန္တရာယ်ကင်းသည်ဟု ခံစားခဲ့ရသည်။
သို့သော် အခုတော့ မိသားစုတစ်ခုလုံး မောင်းထုတ်ခံခဲ့ရလျှင် လျှိုမြောင်၏ သဘာဝ အတားအဆီးထဲက ထွက်ခွာသွားသည်နှင့် သူတို့သည် ဖရိုဖရဲကာလ မရောက်လာခင်မှာပင် တောရိုင်းတိရစ္ဆာန်များ၏ အန္တရာယ်ကို ချက်ချင်း ရင်ဆိုင်သွားရလောက်သည်။
ကြောက်လန့်တကြားဖြင့် ဝမ်ချွန်းညန်သည် ဆက်တိုက် တအိအိ ငိုယိုနေပြီး သူမ၏သွားရေများက ဆို့ထားသည့်အစတစ်ခုလုံး ရွှဲစိုသွား၏။
သူမ၏ ဗလုံးဗထွေး ရှိုက်ငိုသံကို ကြားလိုက်ရသည်တွင် လုသလန်က နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး ဝမ်ချွန်းညန်၏ ပါးစပ်ထဲက အဝတ်စကို ဆွဲထုတ်လိုက်ကာ သူမ ငိုကြွေးနေသည်ကို လွှတ်ထားလိုက်၏။
“အမေ ကျေးဇူးပြုပြီး ကျွန်မကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ၊ ကျွန်မ ဒီလိုဖြစ်ဖို့ တကယ်မရည်ရွယ်ပါ၊ ကျွန်မ ဒီအတိုင်း မိုက်မဲမိသွားခဲ့တာပါ၊ ကြွက်တွေက စပါးတွေကို စားတာပဲလို့ စဉ်းစားမိပြီး ကျွန်မ နည်းနည်းလေးပဲ ယူမိတာပါ၊ တကယ့်ကို နည်းနည်းလေးပါပဲ၊ ကျွန်မ ဘယ်တော့မှ ထပ်မလုပ်ရဲတော့ပါဘူး”
“ရွှမ်းကျူးနဲ့ တခြားကလေးတွေကလည်း အမေ့ရဲ့မြေးတွေပါပဲ၊ အမေ၊ ကျေးဇူးပြုပြီး၊ သက်ညှာပေးပါ၊ ကျွန်မတို့ လျှိုမြောင်ထဲက မထွက်သွားရသရွေ့ ကျွန်မ ဘာဖြစ်ဖြစ် လုပ်ပါ့မယ်”
ရုတ်တရက် အသက်သွေးကြောကို ဖမ်းဆုပ်လိုက်ပြီး သူမက အသနားခံလိုက်သည်။ “အမေ၊ ကျွန်မကို ပိတ်ထားလိုက်ပါ၊ ဒီဂူကြီးထဲက ဂူလေးထဲမှာ ချုပ်ခံထားရလဲ ကိစ္စမရှိပါဘူး၊ ကျွန်မ ပါးစပ်ကို ဆို့ထားလိုက်ပါ၊ ကျွန်မ ဘာတစ်ခု မညည်းညူပါဘူးလို့ ကတိပေးပါတယ်”
အဘွားလုက နှာခေါင်းရှုံ့လိုက်ပြီး “ငါက နင်းကို ပိတ်လှောင်ထားရုံ ရပြီလို့ ထင်နေတာပေါ့လေ၊ ငါက နင့်လျှာကိုဖြတ်၊ နင့်ခြေထောက်ကို ရိုက်ချိုးလို့ရရင်တော့ အလုပ်ဖြစ်လောက်မှာပါ”
သူမ၏ စကားလုံးများက မြေကြီးကို ကြံမိကြံရာ ဦးတိုက်နေသည့် ဝမ်ချွန်းညန်ကို ကြောက်လန့်တကြား ဖြစ်သွားစေတော့သည်။
လန်သလန်က အကြိမ်ကြိမ် အာမခံသည်။ “အမေ သူ့ကို အကျယ်ချုပ်ထားလို့ရပါတယ်၊ ကျွန်တော် သစ်သားတံခါးတစ်ခု လုပ်လိုက်ပါ့မယ်၊ သူ့ကို ကျွန်တော်တို့ ဂူကြီးထဲမှာပဲ လှုပ်ရှားသွားလာခွင့်ပေးပ့ါမယ်၊ ရွှမ်းကျူး၊ ထျယ်ကျူးနဲ့ ကျွန်တော်က သူ့ကို အဖော်လုပ်ပြီး စောင့်ကြည့်ပါ့မယ်၊ သူ ဒီဂူထဲက တစ်လှမ်းထွက်တာနဲ့ အမေ ကျွန်တော်တို့ကို မောင်းထုတ်လိုက်ပါ၊ ကျွန်တော်တို့ ထပ်ပြီး အသနားမခံတော့ပါဘူး”
...
လုမိသားစု ဇာတ်လမ်းတွင် အဘွားလုသည် လျို့ဝှက်ထားဖို့ မရွေးချယ်ခဲ့ပေ။ သူမက ဝမ်ချွန်းညန်ကို ချည်တုပ်ထားပြီး လုသလန်ကို ကျောက်ဂူတစ်ခု ထွင်းခိုင်းလိုက်ကာ ရွှမ်းကျူးနှင့် ထျယ်ကျူးတို့ကို ခေါ်ပြီး စပါးခိုးခဲ့သည့်အတွက် တစ်အိမ်တက် တစ်အိမ်ဆင်း တောင်းပန်းခိုင်း၏။ ကြွက်ကြောင့်ဖြစ်စေ၊ ဝမ်ချွန်းညန်ကြောင့်ဖြစ်သေ နှစ်ဆ ပြန်ပေးလျော်ကာ ဝမ်ချွန်းညန်က ဂူထဲက လုံးဝ ထွက်မည်မဟုတ်ကြောင်းနှင့် မိသားစုအားလုံးက စောင့်ကြည့်ထားမည်ဖြစ်ကြောင်း အာမခံလိုက်ရသည်။
စပါးကို မိသားစု၏ ပထမအိမ်ထောင်စုမှ ယူရသည်ကတော့ သဘာဝပင်။
သူတို့သည် ချန်းမိသားစုအိမ်သို့ ပို့ပေးချိန်တွင်တော့ အဘွားချန်းက သက်ပြင်းချလိုက်ပြီး အဘွားလု၏ ပုံစံအတိုင်း လုပ်ဆောင်တတ်သည့် သည်လုပ်ရပ်ကို အသိအမှတ်ပြုလိုက်၏။
သူမက ခေါင်းလေးကို ငုံ့ထားသည့် ရွှမ်းကျူးနှင့် ထျယ်ကျူးတို့ကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်တော့သည်။ “ဒီကလေးတွေအတွက် ခက်ခဲမှာပဲ၊ သူတို့ကို သေသေချချာလေး နှစ်သိမ့်ပေးရမယ်”
အဘွားလုက သူမ၏မြေးများကို ကြည့်လိုက်ပြီး “ဒီကိစ္စနဲ့ ပတ်သက်ပြီး မာထန်တာ ဘာမှမရှိပါဘူး၊ ဒါကို လျို့ဝှက်ချက်တစ်ခုလို ထားလိုက်ရင် သူတို့ကို ပိုပြီး သက်တောင့်သက်သာ ဖြစ်စေနိုင်ပေမဲ့ အမှန်ကို သိတာလဲ အကျိုးရှိပါတယ်၊ အနည်းဆုံးတော့ နောက်ပိုင်းကျရင် လုပ်သင့်တာ၊ မလုပ်သင့်တာကို ရှင်းရှင်းလင်းလင်း နားလည်လာလိမ့်မယ်”
ရှန်းမိသားစုထံသို့ လာပို့ချိန်တွင်တော့ ရှန်းလီနှင့် စန်းလော့တို့က ဘာမှသိပ်မပြောခဲ့ချေ။ လုမိသားစု၏ ကျွမ်းကျင်လိမ္မာစာ ကိုင်တွယ်ပုံက သူတို့၏မကျေနပ်မှုကို အတိုင်းအတာတစ်ခုအထိ စိတ်သက်သာစေသည်ဟု ဆိုနိုင်သည်။ သူတို့သည် စကားစမြည် နည်းနည်းပါးပါး ပြောလိုက်ပြီးနောက် သူတို့ကို ပြန်ပို့ပေးလိုက်ကြသည်။
ရွှီမိသားစုတွင်တော့ ဘွားရွှီက မျက်နှာပေါ်တွင် တအံ့တဩဖြစ်နေပြီး အလည်ရောက်လာသူများ ပြန်သွားမှ သူမသည် စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။
သူမသည် ငယ်ရွယ်စဉ်က အချုပ်အလုပ်များ အများအပြားလုပ်ခဲ့သဖြင့် သူမ၏အမြင်အာရုံက မကောင်းသော်လည်း မမြင်ရသည်အထိတော့ မဟုတ်ချေ။ သူမမိသားစု၏ စပါးကသာ ခိုးခံရသည်လား တခြားမိသားစုအားလုံးလည်း ထိုသို့ဖြစ်နေသည်လားကို သေချာမသိခဲ့ချေ။ သူမသည် သည်ကိစ္စကို ရှင်းလင်းဖို့ရန် ထုတ်မပြောခဲ့ချေ။ အခြေအနေကို စိတ်ထဲက ချိန်ဆပြီးမှ စန်းလော့ထံတွင် အပ်နှင့်အပ်ချည်သွားငှားရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
စပါးနည်းနည်းလေးကို မက်မောခြင်းက အံ့ဩစရာမဟုတ်သော်လည်း သည်လိုဖြစ်စဉ်ကြီးကို သိလိုက်ရခြင်းက သူမကို အနေကြပ်သွားစေတော့သည်။
အမှန်တွင်တော့ လျှိုမြောင်ထဲတွင် ဦးဆောင်ပေးသူများမှာ ချန်းသရှန်နှင့် ရှန်းလီတို့ပင်။ အထူးသဖြင့် ရှန်းမိသားစုပင်။ ရွှီမိသားစုက အကာအကွယ်အတွက် ရှန်းမိသားစုကို အားကိုးအားထားပြုနေရသည်ဟု ဆိုနိုင်သည်။ ထို့အပြင် စန်းလော့ကလည်း မိသားစုများကြားတွင် သူမ၏အနေအထားက အတိုင်းအတာတစ်ခုအထိ ထူးခြားသည့်နေရာတွင်ရှိသည်။ ထို့ကြောင့်ပင် သူမက သည်ကိစ္စကို စန်းလော့ထံတွင် ဖွင့်ပြောဖို့ ရွေးချယ်ခဲ့သည်။
သည်မနက်ခင်းက လျှိုမြောင်ထဲက ထွက်ဖို့ သတ်မှတ်ချက်နှင့်ပတ်သက်ပြီး အဘွားရွှီက သိထားပြီးဖြစ်ကာ၊ ရှန်လီးနှင့် သူ့မိန်းမ လင်မယားနှစ်ယောက် မည်သူ လုပ်ခဲ့သည်ကို ခန့်မှန်းမိကြပြီး တိကျသည့် တုန့်ပြန်မှုတစ်ခုကို လုပ်ခဲ့ခြင်းပင်။
အားလုံးကို လေ့လာပြီးနောက်တွင် သူမသည် လုမိသားစု၏ ပထမအိမ်ထောင်အကြောင်း အနည်းငယ် ခန့်မှန်းမိခဲ့သော်လည်း သည်လိုနောက်ဆက်တွဲ ရှိလာလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့မိချေ။
ကံအားလျော်စွာ လုမိသားစုတွင် ဝမ်ချွန်းညန်ကို ထိန်းချုပ်နိုင်သည့် သိတတ်သည့် မိသားစုဝင်များ ရှိသေးလို့ပင်။
စစ်ပွဲကာလအတွင်းတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်သည့် မိုက်မဲသူတစ်ယောက် ရှိခြင်းက ကြောက်စရာကောင်းသည့် အဖြစ်တစ်ခုပင်။
လက်ရှိအခြေအနေက အများကြီးပိုကောင်းနေ၏။
သူမ၏သားဖြစ်သူနှင့် ချွေးမတို့ထံ မပြန်ရသေးခင် သူမ၏မြေးများနှင့်အတူ သူမသည် သတိထားရမည်ဖြစ်ကာ သူတို့၏လုံခြုံရေးကို သေသေချာချာ စောင့်ကြပ်ထားပေမည်။
...
အပြန်လမ်းတွင် သီးခြားဖြစ်နေသည့် ရေတံခွန်ကို ဖြတ်အလာ လုရွှမ်းကျူးက သူ့စိတ်ထဲတွင် လေးလံနေသည့် မေးခွန်းတစ်ခုကို နောက်ဆုံးတော့ ထုတ်ပြောလိုက်၏။
“အဘွား ဒီနေ့ အဘွားပြောခဲ့တဲ့ စကားတွေအားလုံးက ...အမှန်ပဲလား”
လုအဘွားက ခဏလောက် တုန့်ဆိုင်းသွားပြီး သူမ၏မြေးဖြစ်သူကို လှည့်ကြည့်လိုက်ကာ “ဘယ်တစ်ခုလဲ၊ နင်တို့ကို မောင်းထုတ်မဲ့ အကြောင်းလား”
လုရွှမ်းကျူးက ချီတုံချတုံဖြင့် ခေါင်းညိတ်လိုက်၏။
လုအဘွားက သူမ၏နှုတ်ခမ်းကို မသိမသာ ကွေးထားလိုက်ပြီး “နင်က ငါ နင်တို့ကို စွန့်လွှတ်နိုင်တယ်ဆိုတာ မယုံဘူးလား”
“နင့်ကို ပြောလိုက်မယ်၊ နင်တို့ကို မောင်းထုတ်မယ်ဆိုတာ လျှောက်ပြောနေတာ၊ အခုလောလော နင်တို့တွေကို အပြင်ပို့လိုက်ရင် လျှိုမြောင်ထဲက အားလုံးကို အန္တရာယ် နည်းနည်းတော့ ဖြစ်စေအုံးမှာပဲ၊ ဒါကိုတော့ ငါ ခွင့်မပြုနိုင်ဘူးလေ၊ ဒါပေမဲ့ နင့်အမေကိုဖြစ်ဖြစ် နင့်ကိုဖြစ်ဖြစ်တော့ သေချာပေါက် လုပ်နိုင်တယ်”
“ငါ့ကို ရက်စက်တယ်လို့ မထင်နဲ့၊ ဖရိုဖရဲဖြစ်နေတဲ့ ကာလကိုကာ ရက်စက်နေတာ၊ ငါက နင်တို့အဖေရဲ့ အမေပဲမဟုတ်ဘူး၊ ငါက နင်တို့ မောင်နှမ ၅ယောက်ရဲ့ အဘွား၊ နင့် ဒုတိယဦးလေးနဲ့ တတိယဦးလေးတို့ရဲ့ အမေ၊ အားရွှီရဲ့ အဘွား၊ ငါတို့မိသားစုက အသက်ရှင်နေထိုင်ဖို့ ချန်းမိသားစုနဲ့ ရှန်းမိသားစုရဲ့ အကာအကွယ်အောက်မှာ နေနေရတာ၊ ငါတို့ကို အန္တရာယ် ဖြစ်စေနိုင်တဲ့ ဘယ်သူ့ကိုမဆို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးမှာမဟုတ်ဘူး”
သူမက စိတ်အားထက်သန်စွာဖြင့် ဆက်ပြောရင်း သူမ၏မြေးများကို ကြည့်လိုက်လေသည်။
“ဒီတော့ နင်တို့အမေအတွက်ဖြစ်ဖြစ်, နင်တို့ကိုယ်ပိုင် လုံခြုံမှုအတွက်ဖြစ်ဖြစ် သူ့ကို စောင့်ကြည့်ထားကြ၊ သူ ငြိမ်နေမှ ငါတို့အိမ်၊ ငါတို့မိသားစုနဲ့ လျှိုမြောင်ထဲက မိသားစု ၆ခုလုံး စိတ်အေးရမှာ၊ ‘ခြေနှစ်ချောင်းနဲ့သိုး’ ဆိုတာလည်း ငါ လိမ်နေတာမဟုတ်ဘူး၊ နားလည်လား”
အမေဖြစ်သူ စပါးခိုးသည့်အကြောင်းကိုသာ သိပြီး အသေးစိတ်မသိသည့် ထျယ်ကျူးက ရွှမ်းကျူးကို မေးလိုက်လေသည်။
အစ်ကို ‘ခြေနှစ်ချောင်းနဲ့သိုး’ဆိုတာ ဘာကိုပြောတာလဲ”
ရွှမ်းကျူးသည် နှုတ်ခမ်းများ တုန်ယင်လာပြီး ခေါင်းခါပြလိုက်လေသည်။
“ပြန်ကြမယ်၊ မမေးနဲ့”
...
အပိုင်း (၁၅၀)
လုမိသားစု၏ကိစ္စသည် လျှိုမြောင်ထဲက တခြားမိသားစုများကို ဆိုးဆိုးရွားရွား ထိခိုက်ခြင်းမရှိခဲ့ပေ။ တစ်ခုခုရှိရမည်ဆိုလျှင် အစောပိုင်းက သတိမထားမိခဲ့ကြသည့် ရှီမိသားစုနှင့် ကျိုးမိသားစုတို့က ရှန်းလီ ထိုကိစ္စများကို အစောပိုင်းက ပြောခဲ့သည့် အကြောင်းအရင်းကိုသာ သတိထားမိလိမ့်မည်။
လူအများကြီးနှင့် တစ်ယောက်စီတိုင်းကို ထိထိရောက်ရောက် မစောင့်ရှောက်ပေးနိုင်ဘဲ တောတွင်းသို့ သွားရသည့်အန္တရာယ်က သေချာပေါက် အကြောင်းပြချက်ရှိပေသည်။ သို့သော်ငြားလည်း ပိုပြီးသိသာထင်ရှားသည့် ရည်ရွယ်ချက်မှာ လုမိသားစု၏ ပထမအိမ်ထောင်စုနှင့် ဆက်ဆံဖို့ရာ ရပ်တန့်လိုပြီး ဝမ်ချွန်းညန်ကိုလဲ လျှိုမြောင်အပြင်ဘက်သို့ မထွက်နိုင်အောင် ချုပ်ထားဖို့ ရည်ရွယ်ချက်သာ ဖြစ်လိမ့်မည်။
မိသားစုနှစ်စုက ဝမ်ချွန်းညန်၏လုပ်ရပ်ကို လျှို့ဝှက်စွာ ဆုံးဖြတ်ကြပုံကို ဖွင့်မပြောဘဲ ထားလိုက်ကြသော်ငြားလည်း သူတို့သည် သူတို့၏မိသားစုများကို စည်းမျဥ်းများအား သေသေချာချာ လိုက်နာဖို့ သတိပေးကြလေသည်။
ရှန်းလီ၏ဂူထဲတွင် ဒီကိစ္စကို ဖြေရှင်းပြီးသွားသည်ကို တွေ့လိုက်ရသဖြင့် လျှိုမြောင်ဝင်ပေါက်နှစ်ခုကို ဖုံးကွယ်ထားဖို့ရန် လိုအပ်သည့်ကိစ္စကြောင့် ထိုကိစ္စကို ချန်းသရှန်နှင့် တိုင်ပင်လိုက်သည်။
သူက စန်းလော့ကိုကြည့်လိုက်ပြီး မေးလိုက်၏။
"မင်းရော ကျွန်တော်တို့နဲ့ လိုက်ခဲ့ချင်လား"
ချန်းသရှန်နှင့်အတူ အပြင်ထွက်ရန်မဆိုထားနှင့် သူတစ်ယောက်ထဲပင်လျှင် သူသည် စန်းလော့ကို ကာကွယ်ဖို့ရန် ယုံကြည်ချက်ရှိလေသည်။
စန်းလော့၏မျက်လုံးများသည် အပြင်ထွက်ရန် အကြောင်းကြောင့် လင်းလက်သွားပြီး သူမက တွေဝေမနေဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း.. ကျွန်မက တစ်ချို့တောဟင်းရွက်တွေကို ခူးပြီးတော့ ပြန်သယ်လာချင်တယ်"
နေ့တိုင်း တောဟင်းရွက်ခြောက်များနှင့် ပဲပင်ပေါက်များကို စားသောက်ရခြင်းက တော်တော်လေး သီးမခံနိုင်အောင် ဖြစ်ခဲ့ရသည်။
ချီတုံချတုံဖြင့် သူမက ရွှီမိသားစုဂူအနီးအနားက ၈မီတာ၉မီတာခန့်အမြင့်ရှိသည့် ကျောက်ဂူကြီးကို လှမ်းကြည့်လိုက်ကာ မေးလိုက်လေသည်။
"ကျွန်မတို့တွေ အဲဒီကနေ ထွက်ကြမှာလား"
သူမသည် တောင်တက်ခြင်းကို မလေ့ကျင့်ခဲ့ရသေးပေ။ ဒါက အနည်းငယ် စိန်ခေါ်မှုတစ်ရပ်ဖြစ်မှာကို စိုးရိမ်မိသည်။
ရှန်းလီ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအသွင် ကွေးညွတ်သွားပြီး သူက ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့တွေက ထွက်တဲ့အခါကြရင်တော့ လမ်းကျဥ်းလေးကို သုံးမှာ ဒါပေမဲ့ အပြန်လမ်းကြရင်တော့ ကျွန်တော်တို့တွေက အဲဒီဘက်ကနေ ဆင်းလာရမယ်။ ကျွန်တော်က ကြိုးတစ်ချို့ကို ရှာထားပြီး မင်းအတွက် လုံခြုံရေးပစ္စည်းတွေကို လုပ်ထားပေးမယ်။ မင်းက လုပ်ရဲလား"
အမှန်တွင်တော့ သူမသည် တော်တော်လေးကို စိုးရိမ်ပူပန်မိသည်။
သို့သော်ငြားလည်း သူမသည် ဒီအချိန်ကို အနှေးနှင့် အမြန် လုပ်ဆောင်ရမည်ကိုလဲ သိလေသည်။ သူမ၏သတ္တိများကို စုစည်းလိုက်ပြီး စန်းလော့က ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်မ လုပ်နိုင်ပါတယ်"
ချန်းသရှန်က သူမကို တအံ့တသြကြည့်လိုက်ပြီး သူမ၏သတ္တိကို အသိအမှတ်ပြုလိုက်သည်။
သားဖြစ်သူက အပြင်ထွက်မည့်အကြောင်းကိုကြား လိုက်ပြီး သူတို့နှင့်အတူထွက်လာသည့် ချင်ဖန်းညန်က တအံ့တသြဖြင့် စူးစမ်းမိလေသည်။
"တကယ်လား၊ အဲဒီကနေ ဆင်းလာရမှာလား"
ထိုအမြင့်ကို ကြည့်လိုက်ရုံနှင့်ပင် သူမ၏ ခြေထောက်များမှာ ယိုင်နဲ့သွားသလို ခံစားရလေသည်။
ရှန်းလီက ထပ်ပြောလိုက်၏။
"အပြင်ထွက်ချင်တယ်ဆိုရင်တော့ လေ့ကျင့်မှရမယ်။ ဒါကို အနှေးနဲ့အမြန် ကျင့်သားရသွားရင် ပိုကောင်းတယ်။ မြေညီထပ်နားက ဝင်ပေါက်အတွက်တော့ ကျွန်တော်က ပိုပြီးလေးလံတဲ့ ကျောက်တုံးတွေနဲ့ ကျောက်တုံးငယ်လေးတွေကို ထပ်ဖြည့်ထားဖို့ စဥ်းစားထားတယ်။ လမ်းတစ်ခုလုံးကို အပိုင်း ၅ပိုင်း ၆ပိုင်း လောက်ခွဲပြီး ပိတ်ဆို့ထားရလိမ့်မယ်"
ဒါသည် လျှိုမြောင်အပြင်ဘက်သို့ အသံများသွား လာနိုင်ခြင်းကို လျှော့ချပေးနိုင်မည်ဖြစ်ရာ လူများကိုလဲ ကိုယ့်ဟာကိုယ် ထွက်ခွာဖို့ရန် ပိုပြီးခက်ခဲသွားစေမည်။ ကျဥ်းမြောင်းသည့် လမ်းကလေးနှင့် အထောက်အကူဖြစ်မည့် နေရာတစ်ခုမရှိခြင်းကို ထောက်ချင့်လျှင် ချန်းသရှန်ပင်လျှင် ထိုကျောက်တုံးများကို ရွှေ့ဖို့ရန် ခက်ခဲပေလိမ့်မည်။
လေထဲက ထိုမျှလောက် မတ်စောက်သည့်အပိုင်းကို တက်ဖို့ရန်အတွက်တော့ အရည်အချင်းတစ်ချို့မရှိလျှင် ဟန်ချက်ညီအောင်လုပ်ဖို့ရန် အလွန်မှ မတ်စောက်လေသည်ဖြစ်ရာ မှောင်မည်းပြီး လေပြင်းထန်သည့် ညတစ်ခုအတွင်းတွင်တော့ အောက်ကိုပြုတ်ကျနိုင်သည့် အန္တရာယ်ကို ပြောစရာပင်မလိုပေ။ ထိုအနေအထားကဆိုလျှင် လျှိုမြောင်ထဲကမည်သူမဆို တစ်ယောက်ယောက်က အပေါ်တက်နေသည်ကို အလွယ်တကူ မြင်နိုင်ပေသည်။
ဒါသည် လုမိသားစု၏ အကြီးဆုံးအိမ်ထောင်စုကို တဇွတ်ထိုး မလုပ်မိရန် ကာကွယ်ဖို့ဖြစ်မှန်း ချင်ဖန်းညန်က ချက်ခြင်းနားလည်လိုက်သည်။ သူမသည် လုသလန်ကို ကောင်းကောင်းလေးသိသည်။ သူသည် အပြင်ထွက်ဖို့ လိုလိုလားလား ရှိလိမ့်မည်မဟုတ်သလို သူ့ကို အတင်းလုပ်ခိုင်းဖို့ရန်ပင် ခက်ခဲပေလိမ့်မည်။ လူ၇ယောက်- လူကြီးနှင့်လူငယ်တို့က ထွက်ပြေးဖို့ရန်တော့ ထည့်ပြောရန်ပင် မလိုပေ။
သို့သော်ငြားလည်း အပိုဆောင်းသတိထားခြင်းက အမြဲတမ်းဉာဏ်ရှိသည့် အလုပ်ပင်။ ထို့ကြောင့် သူမက အများကြီးမပြောတော့ဘဲ လှည့်ထွက်သွားကာ ကြိုးများကို ရှာကူလိုက်တော့သည်။
လျှော်ကြမ်းချည်များက အိမ်ထောင်စုတိုင်းတွင် ပုံမှန်ရရှိနိုင်သော်ငြားလည်း အန္တရာယ်ကင်းသည့် ကြိုးတစ်ချောင်း ဖြစ်ဖို့ရန်အတွက်တော့ ချင်ဖန်းညန်က ဒါကိုရဖို့ရန် တော်တော်လေး အခွင့်အရေးနည်းသည်ဟု စဥ်းစားလိုက်သည်။ သူမက ရှီမိသားစုနှင့် ကျိုးမိသားစုကို သူတို့၏ကြိုးများအား ငှားရမ်းပေးရန် အရင်ဆုံး မေးမြန်းလိုက်သည်။ မိသားစုသုံးခုက လျှော်ကြိုးများကို ဆက်လိုက်ပြီး ထူထဲသည့်ကြိုးတစ်ချောင်းရရန် ထိုကြိုးများကို အတူတူ တွဲကျစ်ထားလိုက်သည်။
လျှော်များကို မရိတ်သိမ်းရသေးခင်အထိ ဒီကြိုးများက တောင်အပြင်ဘက်သို့ ထွက်လျှင် လျှိုမြောင်ထဲကမိသားစုများ အသုံးပြုရမည့် လုံခြုံရေးကြိုး ဖြစ်လာလိမ့်မည်။
ချန်းမိသားစုက ချန်းယိုထျန်းကလဲ ဝင်ရောက်လာပြီး တခြားသူများနှင့်အတူ ပစ္စည်းပစ္စရာများကိုစု ဆောင်းလိုက်ကာ ဆောက်များနှင့်တူများလို ရိုးရှင်းသည့် လက်သမားပစ္စည်းတစ်ချို့ကိုလဲ ယူလာခဲ့သည်။ ချန်းယိုထျန်းနှင့် စန်းလော့တို့က ခြင်းတစ်လုံးစီနှင့် ပုဆိန်များကိုယူလာကြပြီး ထွက်လာကြလေသည်။
လုမိသားစုကလွဲလျှင် တစ်ခြားမိသားစုများက စိတ်လှုပ်ရှားဖွယ် အကြောင်းအရာကို စောင့်ကြည့်ဖို့ထွက်လာကြသည်။ သို့သော်ငြားလည်း သူတို့သည် အချိန်အကြာကြီး မနေခဲ့ကြပေ။ ရှန်းလီတို့အဖွဲ့ ထွက်သွားသည်နှင့်ချက်ခြင်း သူတို့က လမ်းကျဥ်းလေးကို စတင် ဖြည့်လိုက်ကြသည်။ အစပိုင်းတွင်တော့ တစ်ခြားသူများက ပထမဦးဆုံးနှစ်ဆင့်ကို ဖြည့်နေစဥ် ဆူညံသံများကို ကြားနေရသေးသည်။ သို့ သော်ငြားလည်း ရှန်းလီနှင့်သူ့အဖွဲ့က အပြင်ဆုံးအလွှာကိုပိတ်ဖို့ရန် လျှိုမြောင်အပြင်ဘက်က ကြီးမားသည့် ကျောက်တုံးများကို ယူလာပေးလိုက်သည့်အတွက် အသံများက တဖြည်းဖြည်း တိုးညှင်းသွားလေသည်။
လမ်းကျဥ်းလေးကို ပိတ်ဆို့ခြင်း၊ ဝင်ပေါက်ကို ဖုံးကွယ်ထားခြင်း၊ အနီးအနားက ယာယီသုံးလမ်းကို မြက်များနှင့်ခြုံပုတ်များ အစားထိုးစိုက်ပျိုးလိုက်ခြင်းက ၂နာရီနီးပေါးလောက် အချိန်ပေးလိုက်ရသည်။
စန်းလော့သည် အခုတော့စိမ်းစိုနေသည့် သစ်ပင်များဖြင့် မူလကဝင်ပေါက်ကို ကြည့်ရှုနေမိသည်။ ထိုနေရာတွင် လူလုပ်ထားသည့် ကျောက်ဆောင်ကို မြေများဖြင့်ဖြည့်ထားပြီး မြက်ရိုင်းများဖြင့် ပြန်စိုက်ထားလိုက်ရာ အနီးအနားက သဘာဝကျောက်နံရံကြီးနှင့် ဆင်တူနေလေသည်။ ထိုကျောက်ဆောင်အတုတွင် သစ်ပင်များနှင့် ချုံပုတ်များပင် ပိုပြီးတော့ထည့်စိုက်ထားရာ ပတ်ဝန်းကျင် မြေအနေအထားနှင့် ပေါင်းလိုက်လျှင် လုံးဝမသိသာတော့ပေ။ ရှန်းလီနှင့်ချန်းသရှန်တို့က အထင်ကြီးစရာ ကောင်းလောက်အောင် သေသေချာချာ ဖုံးကွယ်ထားသည်ပင်။
အခုတော့ အပေါ်ယံကြည့်လျှင် ဘာကွာခြားချက်မှ မရှိတော့ပေ။ ဝင်ပေါက်ကို ချဥ်းကပ်လာဖို့ရန် ခက်ခဲလာပြီး ဆူးခြုံများထူထပ်နေသည့် အတွင်းသို့ တစ်စုံတစ်ယောက်က တိုးဝင်လာဖို့ရန်က မဖြစ်နိုင်ပေ။
ချန်းယိုထျန်းက ခေါင်းငြိမ့် ထောက်ခံလိုက်သည်။
"ဒါဆိုရင် ကောင်းသွားပြီ၊ အခု မြေကြီးတွေက နည်းနည်းလေး လတ်ဆတ်နေသေးတယ်။ ဒါပေမဲ့ တစ်ရက်နှစ်ရက်လောက် နေရင်တော့ အဲဒါတွေကလဲ ဘာအရိပ်အယောင်မှ ကျန်ခဲ့တော့မှာ မဟုတ်တော့ဘူး"
ကျေနပ်စွာဖြင့် ရှန်းလီက တဟင်းဟင်း ရယ်မောလိုက်ကာ ပစ္စည်းများကို ထုတ်ပိုးလိုက်ပြီး ထောင်ချောက်တစ်ချို့ကိုဆင်ကာ တောဟင်းရွက်များစု ဆောင်းဖို့ အကြံပြုလိုက်သည်။ ထို့နောက်မှ တစ်ခြားဝင်ပေါက်သို့သွားရန် ပြောလိုက်လေသည်။
နေအမြင့်ကို သတိထားမိလိုက်သည်တွင် ရှန်းလီက စန်းလော့ဘက်သို့လှည့်ကာ မေးလိုက်သည်။
"မင်း ဗိုက်ဆာနေပြီလား"
အားလုံးက တစ်နေ့လျှင် နှစ်နပ်သာစားဖို့ အလိုက်သင့် ပြုမူနေရသည်။ ဒီနေ့တော့ အလုပ်ကြောင့် သူတို့သည် မနက်စာကို စောစောစီးစီး စားခဲ့ရသည်။ စန်းလော့သည် ပင်ပန်းရသည့်အလုပ်ကို မလုပ်ခဲ့ရသော်ငြားလည်း တစ်နေ့လုံး ချန်းယိုထျန်းကိုကူညီရင်း အလုပ်များနေရာ တော်တော်လေး ပင်ပန်းရသည် ထင်သည်။
စန်းလော့က ခေါင်းခါပြလိုက်ပြီး
"အဆင်ပြေပါတယ်၊ ကျွန်မက ညနေပိုင်းမှ ဒုတိယတစ်နပ်ကို စားတာကို အကျင့်ပါနေပါပြီ"
ရှန်းလီက ခေါင်းငြိမ့်ပြလိုက်သည်။
"ကောင်းပြီလေ၊ တောဟင်းရွက်တွေခူးပြီးသွားရင် ကျွန်တော်တို့တွေ တခြားဝင်ပေါက်ကို ပြုပြင်ဖို့ပြန်သွားရမယ်။ ဒါပြီးရင် သရှန်နဲ့ ကျွန်တော်က မင်းနဲ့ဦးလေးယိုထျန်းကို လျှိုမြောင်ထဲကို ပြန်ပို့ပေးမယ်"
စန်းလော့က ပြုံးလိုက်သည်။
"ကျွန်မတို့အချိန်တွေ ဘယ်လောက်ကျန်သေးလဲ ကြည့်ကြတာပေါ့၊ တကယ်လို့ စောသေးတယ်ဆိုရင် ကျွန်မက ရှင် တစ်ခြားဝင်ပေါက်တွေကို ဘယ်လိုပြုပြင်မလဲဆိုတာကို တကယ်ပဲ မြင်ချင်သေးတယ်"
သူမသည် အစောပိုင်းက ရှန်းလီပြောခဲ့ဖူးသည့် တစ်ခြာပုန်းခိုသည့် နေရာအကြောင်းကို သိချင်နေမိ သည်။
ရှန်းလီက သူမ၏စကားကို ရယ်မောလိုက်ကာ
"ကောင်းပြီလေ"
လမ်းတစ်လျှောက်တွင် တောဟင်းရွက်များစွာ ရှိသော်ငြားလည်း မည်သူကမှ မခူးဆွတ်ကြဘဲ လျှို မြောင်၏အတွင်းဆုံးအပိုင်းသို့ တယောက်ယောက် ဝင်သွားသည်ဟူသည့် ခြေရာလက်ရာကို ချန်မထားမိအောင် ရှောင်းရှားလိုက်ကြသည်။
မိနစ်၄၀လောက် လမ်းလျှောက်လိုက်ပြီးနောက်တွင် ရှန်းလီနှင့် ချန်းသရှန်တို့သည် တိရိစ္ဆာန်ငယ်လေးများ၏ အရိပ်အယောင်ကို အခြေခံပြီး ထောင်ချောက်များကိုဆင်ရန် နေရာကောင်းတစ်ခုကို ရှာတွေ့လိုက်သည်ဟု ခံစားရသည်။ ထိုအခါမှ စန်းလော့နှင့် ချန်းယိုထျန်းတို့က တောဟင်းရွက်များကို စတင်ခူးဆွတ်ကြသည်။
တောဟင်းရွက်များက သစ်တောထဲတွင် အလွန်မှပေါများလှသည်။ စန်းလော့နှင့် ချန်းယိုထျန်းတို့က ရှန်းလီနှင့်ချန်းသရှန်တို့အနားတွင် အနီးကပ်နေကြသည်။ ထောင်ချောက်ပေါင်း ၇ခု ၈ခုလောက် ဆင်ပြီးနောက်တွင် သူတို့တွေက တခြားဝင်ပေါက်အတွက် ကျောက်ထင်းရူးပင်တစ်ပင်ကို ခုတ်လှဲလိုက်ကြသည်။
ဒီအချိန်တွင် စန်းလော့နှင့်ချန်းယိုထျန်းတို့၏ ခြင်းထဲတွင် တောဟင်းရွက်များ အပြည့်ဖြစ်နေလေသည်။ တောဟင်းရွက်အမျိုးမျိုးအပြင် သူတို့သည်လတ်ဆတ်လှသည့် mugwort ရွက်များကို အများကြီးခူးဆွတ်ကာ စန်းလော့က ခြင်းငယ်လေးတစ်ခုလုံးအပြည့် ဖြည့်ထားလိုက်သည်။
ချန်းယိုထျန်းကလဲ တော်တော်လေးများပြားသည့် ပမာဏကို ခူးဆွတ်ထားလိုက်သည်။ အထူးသဖြင့် ၃လပိုင်းသည် အစိမ်းရောင် ကောက်ညှင်းလုံး ချင်းထွမ်ပြုလုပ်ရမည့် အချိန်ဖြစ်သည်။ လက်ရှိအခြေအနေနှင့် လျှိုမြောင်ထဲကထွက်ခွာဖို့ရန် ခက်ခဲသည်ကို စဥ်းစားလိုက်မိသည်တွင် အားလုံးက ဒီတစ်နှစ်ဒီပွဲကို လွတ်သွားလိမ့်မည်။ သို့သော်ငြားလည်း သူတို့သည် ဒီဓလေ့ကို ၃လပိုင်းအဆုံးပိုင်းလောက်တွင် အမှီလုပ်နိုင်လေသည်။
mugwortများကို ခူးဆွတ်ရင်း ချန်းယိုထျန်းက စန်းလော့နှင့် တိုင်ပင်လိုက်သည်။
"ဆန်တစ်ချို့နဲ့ ကောက်ညှင်းဆန်တွေကိုထောင်းဖို့ မင်းရဲ့ကျောက်ဆုံလေးကိုတော့ ငှားဖို့လိုလိမ့်မယ်"
သူတို့၏မိသားစုတွင်လဲ ကြီးမားလှသည့်ကျောက်ဆုံးကြီးတစ်ခု ရှိခဲ့ဖူးသည်။ ထိုပစ္စည်းကို တောင်အတွင်းပိုင်းသို့ သယ်လာရန်က အလွန်မှလေးလံလှသည်။ လျှိုမြောင်ထဲသို့ ဝင်လာပြီးကတည်းက သူတို့သည် နေ့စဥ်စပါးဖွတ်ဖို့ရန် သစ်သားဆုံကြီးတစ်ခုကိုသာ အသုံးပြုလာခဲ့ရသည်။ ထိုသစ်သားဆုံကြီးက စပါးအတွက် အဆင်ပြေလှသော်လည်း ဂျုံမှုန့်လုပ်ဖို့ရန်တော့ အဆင်မပြေလှပေ။ တဖက်တွင်တော့ စန်းလော့က သူမ ကျောက်သားကြိတ်စက် ဝယ်လာစဥ်က လက်ဆောင်ရသည့် သင့်တော်သည့် အရွယ်အစားရှိသည့် ကျောက်ဆုံတစ်လုံးကို သယ်လာခဲ့သည်။
စန်းလော့က အလွယ်တကူ ခေါင်းငြိမ့်လိုက်သည်။
"ရတာပေါ့ ကျွန်မမှာလဲ အိမ်မှာ ကောက်ညှင်းဆန် နည်းနည်းပါးပါး ရှိသေးတယ်။ ဦးလေးတို့က ကောက်ညှင်းဆန်ကို ဆန်စေးကိုပဲ ကြိတ်ဖို့လိုတယ်။ တကယ်လို့ ဦးလေးတို့က အလုပ်နည်းချင်တယ်ဆိုရင်တော့ ဆန်စေးတစ်ချို့ကို ကျွန်မရဲ့ကောက်ညှင်းမှုန်နဲ့ လဲလို့ရပါတယ်”
သူတို့စကားပြောနေစဥ် ရှန်းလီက သူတို့အိမ်ကမယူလာခဲ့ရသည့် ကျောက်သားကြိတ်စက်ကြီးကို သတိရသွားတော့သည်။
စန်းလော့က ပဲနို့နှင့်တို့ဖူးကို မစားခဲ့ရသည်မှာ အချိန် တော်တော်ကြာခဲ့လေပြီ။
သူမ၏ အကြိုက်ဆုံး မနက်စာစားစရာမှာ အာဟာရပြည့်သည်ဟု သူမ အမြဲတမ်းပြောတတ်သည့် ပဲနို့ပင်ဖြစ်လေသည်။
ဒီအချက်ကို သတိရသွားပြီး သူက ထိုကိစ္စကို စိတ်ထဲတွင် မှတ်ထားလိုက်သည်။ သို့သော်ငြားလည်း ဒီအခိုက်အတန်တွင် သင့်တော်သည့် ကျောက်တုံးများကို မည်သည့်နေရာတွင် ရှာဖွေနိုင်သည်ကို သေချာမသိလေရာ သူက ထုတ်မပြောလိုက်တော့ချေ။
၃ယောက်သားက ကျောက်ထင်းရှူးပင်၏ ကောင်းမွန်သည့် သစ်ကိုင်းများကို ခုတ်ဖြတ်ထားလိုက်ပြီး ထင်းစည်းကြီးများ ဖြစ်လာအောင် စုစည်းထားလိုက်သည်။ ချန်းယိုထျန်းက တစ်စည်းကို သယ်လာပြီး ကျန်သည့်အရာများကိုတော့ ရှန်းလီနှင့်ချန်းသရှန်တို့က ထောင်ချောက်များ ပြန်လာစစ်ဆေးသည့်အချိန်မှ ယူလာဖို့ရန် ချန်ထားလိုက်သည်။ ထို့နောက်တွင်တော့ သူတို့ကသစ်ပင်နှင့်အတူ ပြန်လာခဲ့ကြတော့သည်။
စန်းလော့သည် အစောပိုင်းတုန်းကပြောခဲ့သည့် ယုန်တွင်းနှင့် ဆင်သည့်ဝင်ပေါက်ကို မတွေ့ခဲ့ချေ။ အကြောင်းမှာ ရှန်းလီနှင့်ချန်းသရှန်တို့က ထိုအပေါက်ကို ပိတ်ဆို့ထားခြင်းကြောင့်ပင်။
သူတို့သည် ကောင်းမွန်သည့် မှတ်ဉာဏ်တစ်ခုရှိကြပြီး ထိုနေရာကို အတိအကျရှာဖွေနိုင်ဖို့ရန် အမှတ်အသားများ ချန်ထားခဲ့ဟန်တူသည်။ သူတို့သည် ကျောက်တုံးအနည်းငယ်ကို ဖယ်ရှားလိုက်ပြီး တူရွင်းတစ်ခုဖြင့် ပိတ်ထားသည့်ရွှံ့များကို နှစ်ချက်သုံးချက် တူးလိုက်ကြသည်။
ဝင်ပေါက်က တောင်များအတွင်းတွင် ပုံမှန်တွေ့ရတတ်သည့် ယုန်တွင်းများထက် အများကြီးမကြီးပေ။ ယောကျ်ားသားများအတွက် ဝင်ဖို့ရန် အတိုင်းအတာတစ်ခုအထိ ခက်ခဲလေသည်။ စန်းလော့ကတော့ ပိန်ပိန်သွယ်သွယ်လေးဖြစ်သဖြင့် အထဲသို့တိုးဝင်ဖို့ရန် ပိုပြီးတော့ လွယ်ကူလေသည်။
ရှန်းလီက အရင်ဆုံးဆင်းသွားလိုက်ပြီး သူ့နောက်မှစန်းလော့က လိုက်ဆင်းလာသည်။ အတွင်းဘက်သို့ အနည်းငယ်လျှောက်လာပြီးမှ ရှန်းလီနှင့်စန်းလော့တို့သည် ကြီးမားသည့်ဂူ၏ အတိုင်းအဆ အပြည့်အဝကို မြင်လိုက်ရသည်။
ဒါသည် အမှန်ပင်ကြီးမားလှပြီး လျှိုမြောင်အောက်ခြေက အကြီးမားဆုံးဂူထက် ၃ဆလောက်ပိုကြီးဟန်တူကာ ကျောက်တုံး၊ ကျောက်ဆောင်များ၊ ကျောက်တိုင်များကဲ့သို့ သဘာဝကျောက်သား အခင်းအကျင်း ဖြစ်နေသည်။
ထိုအခိုက်အတန့်တွင် သူမသည်ဒီဂူကြီးက အကောင်းဆုံး သိုလှောင်နိုင်သည့် နေရာတစ်ခုဟု စဥ်းစားမိလေသည်။
"ရှန်းလီ ဒီနေရာက သစ်သားတွေနဲ့ထင်းတွေကို သိမ်းထားဖို့အတွက် ကွက်တိပဲ။ ဒါက မိသားစုခြောက်စုလုံးအတွက် သုံးလေးလစာ ထင်းကို သိမ်းထားပေးနိုင်လောက်တယ် ဟုတ်တယ်မလား"
ရှန်းလီက တဟင်းဟင်း ရယ်မောလိုက်သည်။
"တကယ်လို့ တကယ်ပဲ ဒီလောက်ဖြည့်နိုင်မယ်ဆိုရင် ဒါက သုံးလေးလထက်ပိုပြီးတော့ ခံနိုင်တယ်"
ဂူအတွင်းတွင် တခြားအန္တရာယ်များမရှိသည်ကို သေချာအောင်လုပ်လိုက်ပြီး စန်းလော့ကလဲ လျှိုမြောင်အတွင်းသို့ ပြန်ရန် အလျင်မလိုသည်ကို သိလိုက်ရသည်တွင် သူက ပြောလိုက်လေသည်။
."ဒါဆိုရင် မင်းက ဒီမှာ ခဏလောက်အနားယူလိုက် ဝင်ပေါက်နဲ့ နည်းနည်းလေး ခွာပြီးတော့နေ၊ ကျွန်တော် သရှန်နဲ့ ဦလေးယိုထျန်းတို့နဲ့အတူ ဝင်ပေါက်ကိုပြုပြင်ပြီးချဲ့ဖို့ အပြင်ထွက်လိုက်အုံးမယ်"
စန်းလော့သည် ဒီစိတ်ကူးကို သဘောကျသွားပြီး သူမ၏ခြင်းများကို နေရာချလိုက်လေသည်။
"ကျွန်မက ရှင် ဒီဂူကို ဘယ်လိုပြုပြင်မလဲဆိုတာကို မြင်ချင်လှပြီ"
ဒီဝင်ပေါက်ကြီးက ခိုလှုံရာနေရာတစ်ခုဖြစ်သွားအောင် ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို သိချင်နေမိပြီး သူမသည် ထိုအကြောင်းကို ရှန်းလီထံမှသာ ကြားခဲ့ဖူးပြီး တော်တော်လေးကို ပုံမဖော်နိုင်ခဲ့ချေ။ ဥမင်က ဒီအတိုင်းကို တစ်ဖက်ပိတ်ဖြစ်နေတာလေ ဒါပေမဲ့ ဒီဘက်အခြမ်းကို တံခါးတစ်ခုနဲ့ထိန်းထားလိုက်မယ်ဆိုတော့ ဒါက ဘယ်လိုလုပ်မှာလဲ။
သူမ၏ တက်ကြွပြီးသိချင်စိတ်ဖြစ်နေသည့် သဘာဝကို မြင်လိုက်သည်တွင် ရှန်းလီက အော်ရယ်လိုက်ပြီး
"ဝင်ပေါက်ကို တူးဖို့ကလွဲရင် လုပ်ရမဲ့အလုပ်အများစုကို ဂူအတွင်းပိုင်းက လုပ်ရမှလေ။ အတွင်းပိုင်း ဂူနံရံတွေကတောင် ကျောက်တုံးတွေဆိုတော့ သူတို့တွေကိုဆောက်နဲ့ အချောသပ်ဖို့ လိုတယ်။ မင်းအတွက် ဝင်လိုက်ထွက်လိုက် လုပ်နေစရာ မလိုပါဘူး။ အထဲကနေပဲ စောင့်ကြည့်ပါ အားလုံးကို မြင်နိုင်ပါတယ်"
ထို့ကြောင့် စန်းလော့က ဂူအတွင်းဘက် သူတို့နှင့်သိပ်မဝေးလှသည့် နေရာတစ်ခုမှ လေ့လာရန် ဆုံးဖြတ်လိုက်တော့သည်။
အဝိုင်းပုံစံဝင်ပေါက်လေးသည် လူတစ်ယောက်၏ အရပ်တစ်ဝက်သာ နက်ရှိုင်းသည်။ အပေါ်ဖက်မြေသားအလွှာကို ချဲထွင်ဖို့ရန် လွယ်ကူသော်ငြားလည်း ဂူအတွင်းပိုင်း ကျောက်နံရံများကို လုပ်ဆောင်ရသည်ကတော့ တော်တော်လေး လက်ဝင်လှသည်။ ယောက်ျားသား၃ယောက်က တူနှင့်ဆောက်များကို အသုံးပြုပြီး ထိုနေရာကို ခြင်းတောင်းတစ်ခုစာ အရွယ်အစားရှိသည်အထိ ချဲ့ထွင်လိုက်ကြသည်။ ထို့နောက် သူတို့က အစောပိုင်းက ခုတ်ဖြတ်ထားသည့် ကျောက်ထင်းရူးသားများကို ယူဝင်လာခဲ့သည်။
နောက်ဆုံး သစ်သားစည်းအကြီးနှစ်စည်းကို အစည်းငယ်လေးများအဖြစ် ခွဲလိုက်ပြီး ၃ယောက်သားက သူတို့၏အဓိကလုပ်ငန်းကို စတင်လိုက်ကြသည်။ စန်းလော့သည် နောက်ဆုံးတော့ သူတို့ကဝင်ပေါက်ကို မည်သို့စီမံမည့်အကြောင်းကို နားလည်သွားတော့သည်။
သူတို့က ဂူအတွင်းပိုင်း ဝင်ပေါက်ပတ်ပတ်လည်တွင် ဘောင်တစ်ခုကို တည်ဆောက်လိုက်သည်။ အိမ်တစ်လုံး၏ ထုပ်တန်းများနှင့် အများကြီးဆင်တူကာ သေချာအောင် ထောက်ထားလိုက်ပြီး အပေါ်ဘက်သို့ တွန်းဖွင့်လို့ရနိုင်သည့် လေးထောင့်ပုံစံ မျက်နှာကျက် တံခါးတစ်ခုကို ထည့်သွင်းလိုက်သည်။
ဝင်ပေါက်အောက်ဘက်တွင်တော့ သူတို့က ကျောက်တုံး အနည်းငယ်နှင့် မြေသားများကိုသုံးကာ လှေကား ထစ်တစ်ချို့ လုပ်ထားလိုက်ပြီး အပေါ်သို့တက်ဖို့ရန် လှေကားပုံစံ မည်ကာမတ္တပုံစံကို လုပ်ထားလိုက်သည်။
ဒီလိုပြုပြင်လိုက်ခြင်းက အဝင်အထွက်ကို အများကြီး ပိုလွယ်ကူသွားစေကာ ပိုပြီးသက်တောင့်သက်သာ ဖြစ်သွားစေသည်။
အတွင်းပိုင်းအလုပ်ကို အကြမ်းဖျင်းလောက် ပြီးစီးသွားသည်နှင့် တပြိုင်နက် စန်းလော့က သူတို့နောက် မှလိုက်ထွက်လာပြီး အပြောင်းအလဲကို အပြင်ဘက်မှ ကြည့်လိုက်သည်။
အပြင်ဘက်မှကြည့်လျှင် ကျောက်ထင်းရှူး သစ်သားတံခါးက တောင်နံရံနှင့် တစ်ညီတည်း ဖြစ်နေကာ အောက်ဖက်မြေလွှာမှ စင်တီမီတာ၂၀လောက်တွင် ရှိလေသည်။
တစ်ခြားကျန်သည့်အလုပ်ကတော့ လျှိုမြောင်ထဲက တစ်ခြားဝင်ပေါက်များလိုပင် မြေလွှာများကို ပြောင်းရွှေ့စိုက်ပျိုးပြီး အတားအဆီးများကို နေရာချထားလိုက်သည်။
နေ့ခင်းတဝက် ရောက်သည့်အချိန်တွင် ဒီဝင်ပေါက်လေးကလဲ ပြီးဆုံးသွားသည်။.သူတို့သည် လျှိုမြောင်အတွင်းမှထွက်ခွာဖို့ လိုအပ်လျှင် သူတို့ကအပေါ်ဘက်က အပေါက်ငယ်လေးမှတစ်ဆင့် အရင်ဆုံးဖွင့်ကြည့်နိုင်ပြီး ပတ်ဝန်းကျင်က ခြုံနွယ်ပင်များကို အကာအကွယ်အဖြစ် အသုံးပြုကာ အပြင်သို့မထွက်မှီ စစ်ဆေးနိုင်လေသည်။
သူတို့က အပြင်သို့ ထွက်လာသည်နှင့်ချက်ခြင်း အပြင်ဘက်တွင် တစ်စုံတစ်ယောက်ရှိနေဖို့ရန် စိတ်ပူစရာမလိုပေ။ လျှိုမြောင်၏တည်နေရာကိုလဲ ပေါ် ပေါက်အောင်လုပ်နိုင်မည် မဟုတ်ပေ။ ဒီနည်းလမ်းက အများကြီးပိုအဆင်ပြေကာ အရင်ကထက် အများကြီး ပိုလုံခြုံလေသည်။
အခုတော့ ရှန်းလီနှင့်ချန်းသရှန်တို့က ထောင်ချောက်များကို သွားစစ်ဆေးဖို့ရန် အချိန်ကျပြီဖြစ်သည်။ သို့သော်ငြားလည်း ထို့သို့မလုပ်ခင် သူတို့ သည် စန်းလော့နှင့်ချန်းယိုထျန်းကို လျှိုမြောင်အတွင်းသို့ ပြန်ပို့ပေးဖို့ လိုအပ်သည်။
လုံခြုံရေးကြိုးတစ်ချောင်းဖြင့် ထိန်းထားပြီး အမြင့်၈မီတာ၉မီတာမှ ဆင်းရသည့်ခံစားချက်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။
ဂူဝင်ပေါက်၏အစွန်းတွင်ရပ်ရင်း စန်းလော့က အောက်သို့ ငုံကြည်လိုက်ကာ တံတွေးကို အလိုလို ခက်ခက်ခဲခဲ မြိုချမိလိုက်သည်။
ဒီအခိုက်အတန့်မှာ သတ္တိရှိသည်ဆိုသည့် စကားအားလုံးက သူရဲကောင်းလုပ်ခြင်းသက်သက်သာ ဖြစ်မှန်း သူမ သဘောပေါက်လိုက်သည်။
ထိုအရာကို လုပ်ရမည့်အချိန်တွင်မှ ခြေထောက်က တုန်ရင်လာပြီး ရင်ခုန်လာကာ လက်များပင် ချွေးများထွက်လာတော့သည်။
ရှန်းလီကို ကြည့်လိုက်ပြီး စန်းလော့က ဘာလုပ်ရပါမည်နည်းဟု စဥ်းစားလိုက်လေသည်။ ယခုအချိန်မှ စကားကို ပြန်ရုတ်သိမ်းလိုက်လျှင်လဲ ဖြစ်နိုင်သည့် ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ သူမက အံကြိတ်ထားလိုက်ပြီး ဒီလို စဥ်းစားလိုက်သည်။ သေလောက်အောင် ကြောက်နေတယ်ဆိုရင်လဲ ကြောက်နေလိုက်ပေါ့။ တနေ့နေ့ကြရင်လဲ ဒါကို လုပ်ရမှာပဲလေ။
သူမက လုံခြုံရေးကြိုးကိုပတ်ဖို့ရန် အကြံပေးမည် ပြင်လိုက်သော်လည်း ရှန်းလီက ချန်းယိုထျန်းဘက်သို့လှည့်ကာ ပြောလိုက်သည်ကို တွေ့လိုက်ရသည်။
"ဦးလေးယိုထျန်း ဦးလေးအရင်ဆုံး ဆင်းချင်လား"
ဒီအခိုက်မှ စန်လော့သည် စိတ်အေးသွားကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူမပြောမည့်စကားကို ပြန်မြိုသိပ်ထားလိုက်တော့သည်။ တင်းကြပ်နေသည့်စိတ်ကို ရုတ်တရက် လွှတ်ချလိုက်ခြင်းက အလွန်မှ သိသာလေရာ သူမ မှုတ်ထုတ်လိုက်သည့်လေကိုပင် အတိုင်းသား ပြန်ကြားလိုက်ရသည်။
ရယ်ချင်စိတ်ကို မြိုသိပ်ထားလိုက်ပြီး ရှန်းလီက ကိုယ်ကိုလှည့်ကာ လျှော်ကြိုးကို ဖမ်းဆွဲလိုက်လေတော့သည်။
...