← Chapters

ဒီလူက ... ကျောက်တောင် တစ်ခုလိုပဲ

Vol. 15 Ch. 208

ဒီလူက ... ကျောက်တောင် တစ်ခုလိုပဲ

Vol. 15 Ch. 208

ဟန်တောင်တန်း မြို့တော်သည် ၎င်း၏ အိပ်မောကျနေမှုမှ နိုးထလာခဲ့ချေပြီ။ လမ်းများပေါ်တွင် သွားလာနေခဲ့သည့်လူများ များပြားလာ ခဲ့သော်လည်း စိတ်ဓာတ်ကျဖွယ် လေထုသည်တော့ တစ်မြို့လုံးအား လွှမ်းခြုံထားဆဲပင် ဖြစ်သည်။ အေးခဲကောင်းကင် ကလန်၏ သံတမန်များ ရောက်မလာခင်က လူတို့တွင် မျှော်လင့်ချက်များဖြင့် ပြည့်နေခဲ့ကြသည်။

သို့သော် သူတို့ ရောက်လာခဲ့ချိန်တွင် ဤကဲ့သို့ ရလဒ်မျိုးသာ ရလာခဲ့၏။

နောက်ဆုံးနှစ်ရက်သာ ကျန်ရှိနေတော့သည်။ ထိုနှစ်ရက်ပြီးလျှင် အေးခဲကောင်းကင် ကလန်မှလူများ ထွက်ခွာသွားတော့မည် ဖြစ်၍ လူများအတွက် အချိန်အနည်းငယ်သာ ကျန်တော့သည်။ သို့သော် သူတို့တွင် အချိန်များ ပိုရှိခဲ့လျှင်တောင် သွေးကြောကျောက်သား နယ်ပယ်မှ ဤလူများသည် ယခုလိုကြမ်းတမ်းသည့် စစ်ဆေးမှုမျိုးကို ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

ဤအရာသည် ရုပ်နယ်လွန်ပြီး သူများအတွက်ပင် ခက်ခဲနေဆဲ ဖြစ်သည်။ ခဲ့ကျူးစစ်သည်ပင် ဒေါသတကြီး ထွက်ခွာသွားရချိန်တွင် သူတို့က အခြားဘာများ လုပ်နိုင်ပါဦးမည်နည်း။

အားနည်းနေသောကြောင့် သူတို့တွင် ရွေးချယ်ခွင့်မရှိသလို စည်းမျဉ်းများကို ဆုံးဖြတ်ပိုင်ခွင့်လည်း မရှိပေ။ သန်မာသူများ ချမှတ်သည့် စည်းမျဉ်းများ အောက်တွင် နေထိုင်ရန်သာ သူတို့ တတ်နိုင်ကြချေသည်။

နေ့အချိန်တွင် တည်းခိုခန်းသို့ ပိုမိုများပြားသည့်လူများ ရောက်ရှိလာခဲ့ကြသည်။ သို့သော် တည်းခိုခန်းသည် ညအချိန်ထက် ပိုမိုသက်ဝင်လှုပ်ရှား နေသည်ဆိုသော်ငြား သူ၏ယခင်ပုံစံနှင့်တော့ မတူကွဲပြားနေဆဲပင် ဖြစ်သည်။ တစ်ခါတစ်ရံတွင် အတွင်းမှလူများသည် တိတ်ဆိတ် သွားတတ်သည်။ ထိုတိတ်ဆိတ်မှုသည် အေးခဲကောင်းကင် ကလန်၏ဆန္ဒကို မဆန့်ကျင်နိုင်ပဲ နောက်ဆုံးနှစ်ရက် ကုန်ဆုံးရန် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြခြင်းကြောင့် ဖြစ်သည်။

ဖြစ်နိုင်သည်မှာ နှစ်ရက်ပြီး၍ ဤအရာအားလုံး ပြီးဆုံးသွားချိန်တွင် ဤစိတ်ဓာတ်ကျသည့် လေထုသည်လည်း ပျောက်ကွယ်သွားလိမ့်မည် ကဲ့သို့ပင်ဖြစ်သည်။

စုမင်သည် တည်းခိုခန်းအတွင်း၌ ဆက်သောက်နေဆဲပင် ဖြစ်သည်။ သူ အပြင်ဘက်မှ ကောင်းကင်ကို ကြည့်လိုက်ရင်း အေးခဲကောင်းကင် ကလန်အပေါ် ဒေါသများနှင့် ရှုံးနိမ့်မှုများအကြောင်း ဆွေးနွေးသံများကို နားထောင်နေ လိုက်သည်။

လွန်ခဲ့သောညမှ ယခုနေ့လည်အထိ သူဤနေရာတွင် ထိုင်နေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။ နေသည် ပူလောင်ပြင်းပြစွာ ထွန်းလင်းနေခဲ့သည်။ ၎င်းသည် တည်းခိုခန်းအတွင်းသို့ ဖြာကျနေခဲ့ပြီး သူသောက်နေသည့်ဝိုင်ကို ပိုပူလောင်သွားစေသည်။

သူ့အတွက် ယခုလိုအေးချမ်းသည့် အချိန်လေးများရှိရန် ရှားပါးလှ၏။ သူ၏ မှတ်ဉာဏ်များထဲတွင် သူယခုလို လေ့ကျင့်ရန်၊ ပုန်းကွယ်ရန်၊ သတ်ဖြတ်ရန်၊ သီးခြားနေရန် မလိုအပ်ခဲ့သည့် အချိန်များသည် နက်မှောင်တောင်တွင် ရှိနေခဲ့စဉ်တုန်းကသာ ဖြစ်သည်။

တောင်ပိုင်းအရုဏ်ဦး ကုန်းမြေသို့ သူရောက်ရှိခဲ့ချိန်မှစ၍ ယခုလိုအေးချမ်းသည့် အချိန်မျိုးသည် ရှားပါးလှသဖြင့် သူ ၎င်းတို့ကို တန်ဖိုးထားမိချေသည်။

သူ ထိုနေရာတွင်သာ ထိုင်သောက်နေခဲ့ပြီး နေဝင်ရီတရော အချိန်သို့ ရောက်လာချိန်တွင် အံ့အားသင့် ထိတ်လန့်သံများ အဆောက်အဦအပြင်မှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံများနောက်တွင် စိတ်ပျက်လက်ပျက် ရယ်မောသံများက လိုက်ပါလာခဲ့သည်။

“နောက်တစ်ယောက်တော့ ရှုံးသွားပြန်ပြီ ... သွေးကြောကျောက်သား နယ်ပယ်က ရူးနေတဲ့ မာန်စွမ်းအားရှင်ကပဲ ရုပ်နယ်လွန်နယ်ပယ်က လူတွေကို စိန်ခေါ်ရဲမှာ ... ဒါပေမဲ့ ငါတို့အာ့လို မလုပ်ရင်လည်း အရှုံးပေးလိုက်ရုံပဲ ရှိတယ်”

“ဆရာနန်ထျန်းနဲ့ ဆရာလန်ယင်က ငါတို့အပြင် လူတွေအပေါ် သနားညှာတာပေးတဲ့ အတွက် ကျေးဇူးတင်ရမယ်။ လွန်ခဲ့တဲ့ ရက်တွေမှာ စိန်ခေါ်ခဲ့တဲ့လူတွေက ဒဏ်ရာရရုံပဲ ရပြီး မသေခဲ့ဘူးလေ”

“အေးခဲကောင်းကင် ကလန်က ကရုဏာတရား ကင်းမဲ့လွန်းတယ်။ ဆရာနန်ထျန်းနဲ့ ဆရာလန်ယင်ကလည်း ဒီအခြေအနေထဲကို ရောက်အောင် ဖိအားပေး ခံခဲ့ရတာပဲ။ သူတို့ ဆရာခဲ့ကျူးစစ်လို ထွက်သွားဖို့ မရွေးချယ်ခဲ့ဘူးဆိုတာ သူတို့ရှိနေတာကြောင့် အခြားသူတွေအတွက် ပထမအဆင့်မှာ အတားအဆီး ဖြစ်နေအောင်လို့ပဲ”

“ဒါပေမဲ့ သူတို့လည်း တခြားဘာလုပ်နိုင်ပါ့မလဲ။ သူတို့သာ ရှုံးနိမ့်ဟန်ဆောင် လိုက်မယ်ဆိုရင် တခြားသူတွေကို အန္တရာယ် ဖြစ်စေမှာလေ။ မျိုးနွယ်စုသုံးစုထဲက ရုပ်နယ်လွန် မာန်စွမ်းအားရှင် တွေကတော့ သူတို့ကို စိန်ခေါ်တဲ့သူတွေကို ညှာမှာမဟုတ်ဘူး”

စုမင် ဝိုင်ကိုသာ ဆက်ငုံ့သောက် နေလိုက်သည်။ ညနေစောင်းအချိန်ပင် ကုန်ဆုံးသွားပြီး ညရောက်လာချိန်တွင်တော့ တည်းခိုခန်းအတွင်းမှ လူအများစုက ထွက်ခွာသွားခဲ့ကြပြီ ဖြစ်သည်။ ယခင်ညက ကဲ့သို့ပင် သူတို့ဝမ်းနည်းမှုများကို ဖြေဖျောက်ရန် ဆက်သောက် နေကြသည့် လူအနည်းငယ်သာ တည်းခိုခန်းအတွင်း ကျန်ရစ်ခဲ့ကြသည်။

သူတို့ထဲမှနှစ်ဦးသည် လွန်ခဲ့သောညက ရှိနေခဲ့သူများပင် ဖြစ်သည်။ သူတို့အထဲမှ တစ်ဦးသည် အဘိုးအိုတစ်ဦး ဖြစ်ပြီး ကျန်တစ်ဦးသည်တော့ မူးနေသည့် အမျိုးသားတစ်ဦး ဖြစ်သည်။

“ညီနောင်၊ မင်း ဒီနေရာမှာ တစ်နေလုံး ရှိနေခဲ့တာ ဟုတ်တယ်မလား။ လာပါ။ ငါတို့က တစ်ယောက်နဲ့ တစ်ယောက်မသိပေမဲ့ အေးခဲကောင်းကင် ကလန်က စွန့်ပစ်ခံလိုက်ရတဲ့ လူတွေပဲလေ။ သောက်ကြရအောင်”

အမျိုးသားက သူ၏ဝိုင်အိုးကို ကောက်ယူလိုက်ရင်း စုမင်စားပွဲထံ အပြုံးလေးတစ်ခုဖြင့် လျှောက်လာခဲ့သည်။

စုမင်လည်း ခပ်ရေးရေး ပြန်ပြုံးပြလိုက်ပြီး ဝိုင်အိုးကို ကောက်ကိုင်ကာ ထိုအမျိုးသားနှင့်အတူ စသောက်လိုက်သည်။

“ငါက လောလင်းပါ။ မင်းနာမည်ကရော ဘယ်လိုခေါ်လဲ ညီနောင်”

“စုမင်”

စုမင် ဝိုင်အိုးကို ပြန်ချလိုက်သည်။ ဤသည်မှာ သူ၏နာမည်အရင်းကို ဟန်တောင်တန်း မြို့တော်တွင် ပထမဆုံးအကြိမ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

“ညီနောင် စု၊ သောက်ကြရအောင်”

အမျိုးသားက ဝိုင်အိုးကို ကောက်ကိုင်လိုက်ပြီး နောက်တစ်ကြိမ် မော့သောက် လိုက်ပြန်သည်။

ခဏအကြာတွင် ယမန်နေ့ညတည်းက တည်းခိုခန်း အတွင်းရှိနေခဲ့သည့် အဘိုးအိုသည်လည်း သူ့ဝိုင်အိုးကို ကောက်ကိုင်လိုက်ရင်း လျှောက်လှမ်းလာခဲ့၏။ သူသည် စုမင်နှင့်အမျိုးသားတို့ကို ကြည့်လျက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ငါတို့အားလုံးက ရှုံးနိမ့်ခဲ့တဲ့လူတွေပဲ။ နောက်ရက် အနည်းငယ်အထိ ငါ့မှာ လေ့ကျင့်ချင်စိတ် မရှိသေးဘူး။ ကံကောင်းတာက၊ မနက်ဖြန်ပြီးရင် ငါတို့ ဒါနဲ့ပတ်သက်လို့ စိတ်အနှောင့်အယှက် ဖြစ်စရာ မလိုတော့ဘူး။ ဒီညက နောက်ဆုံးညပဲ။ အတူတူ ကုန်ဆုံးကြတာပေါ့ ဘယ်လိုလဲ”

ဤညသည် စုမင်အတွက်တော့ အလွန်ကွဲပြားခြားနား နေခဲ့သည်။ သူ့စားပွဲမှ လူနှစ်ဦးအပြင် တည်းခိုခန်းသို့ ရောက်လာကြသည့် ဟန်တောင်တန်း မြို့တော်မှ လူအများစုသည် အချင်းချင်း ရင်းနှီးကျွမ်းဝင် ကြသူများ ဖြစ်သည်။ အချင်းချင်း နှုတ်ဆက်ပြီး ကြသည်နှင့် တည်းခိုခန်းအတွင်းမှ လူများသည် အေးခဲကောင်းကင် ကလန်အကြောင်း ဆက်မပြောကြတော့ပေ။ ထိုအစား စိတ်ဓာတ်ကျနေသည့် ထိုလူတို့သည် မူးယစ်ရီဝေစွာ ရယ်မောလျက် အတူတူသောက်နေ ခဲ့ကြသည်။

သူတို့အတွက်တော့၊ စုမင်သည် အေးခဲကောင်းကင် ကလန်သို့ ဝင်ရောက်ရန် ဟန်တောင်တန်း မြို့တော်ကို မကြာသေးခင်ကမှ ရောက်လာခဲ့ပြီး ငြင်းပယ်ခံခဲ့ရသူ တစ်ဦးပင်ဖြစ်သည်။ စုမင်သည် သူတို့နှင့်အတူတူပင် ဖြစ်၏။ သူတို့ကြားတွင် မည်သည့် ကွဲပြားခြားနားမှုမှ ရှိမနေခဲ့ ... စုမင်ဆိုသည့် အမျိုးသားသည် စကားနည်းသော်လည်း သူ့မျက်နှာ ပေါ်တွင်တော့ အပြုံးတစ်ခုက အမြဲတစေ ရှိနေခဲ့သည်။ သောက်ချိန်ဆိုလျှင်လည်း  သူက ဝိုင်ကို ရဲရင့်စွာသောက်၏။ တဖြည်းဖြည်းနှင့် ဤညတွင် စားသောက်ဆိုင်အတွင်း ရောက်ရှိနေကြသည့် လူများအားလုံးသည် စုမင်ကို သူတို့ထဲမှ တစ်ယောက်အဖြစ် လက်ခံလာခဲ့ကြသည်။

ညသန်းခေါင်းယံသို့ ရောက်သောအခါ ယမန်နေ့ညမှ ဝတ်ရုံအပြာနှင့် လူနှစ်ဦးသည် တည်းခိုခန်းအတွင်းသို့ နောက်တစ်ကြိမ် ရောက်လာခဲ့သည်။ သူတို့သည် စုမင်ဘေးမှ စားပွဲတွင် ထိုင်လိုက်ရင်း ဆွေးနွေးဝိုင်းထဲသို့ ဝင်ရောက်လာခဲ့ကြ၏။ ယွမ်အမည် ရှိသည့်လူသည် တစ်ခါတစ်ရံတွင် စုမင်ကို လှမ်းလှမ်း ကြည့်တတ်သည်။ သူ့အကြည့်များ ထဲတွင်တော့ အလွန်အမင်း လေးစားမှုများ ပါဝင်နေခဲ့သည်။ သူ့အဖော်သည်လည်း ရိုသေလေးစားစွာ ပြုမူနေခဲ့သည်။ သို့သော် သူ့ထံသို့ ဝိုင်အလုံအလောက် ဝင်သွားချိန်တွင်တော့ သူ့စကားသံများသည် တဖြည်းဖြည်း ကျယ်လောင်လာ ခဲ့တော့သည်။

လူတိုင်း အသိမရှိ မူးယစ်နေရင်းဖြင့်ပင် ညအချိန်က ကုန်လွန်သွား ခဲ့ပြန်သည်။ မိုးလင်းချိန် ရောက်လာသော အခါတွင်တော့ တည်းခိုခန်းအတွင်းမှ လူများသည် တဖြည်းဖြည်း တိတ်ဆိတ်သွား ခဲ့ကြသည်။

“ဒီနေ့က နောက်ဆုံးနေ့ပဲ...”

အဘိုးအိုသည် ဗလာဖြစ်နေသည့် သူ၏  ဝိုင်အိုးကို ကောက်ကိုင်လိုက်ရင်း မျက်နှာပေါ်တွင် ဝမ်းနည်းသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။

“ဒါက ငါဟန်တောင်တန်း မြို့တော်ကိုရောက်တဲ့ တတိယ အကြိမ်မြောက်ပဲ။ ဒါပေမဲ့ ဒီသုံးကြိမ်လုံး အေးခဲကောင်းကင် ကလန်ကို မဝင်နိုင်ခဲ့ဘူး ... လေးကြိမ်မြောက်ဆိုတာ ရှိပါ့ဦးမလားလို့ ငါမသိဘူး။ မရှိတော့တာလည်း ... ဖြစ်နိုင်တယ်”

အဘိုးအိုက ခြောက်ကပ်စွာ ရယ်မောလိုက်သည်။

“ဒီနေ့ပဲ။ အေးခဲကောင်းကင် ကလန်ရဲ့ သံတမန်တွေက ဒီနေ့ပဲ ထွက်သွားတော့မှာ။ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ထပ်တွေ့ဖို့ စိတ်ကူးထားမယ်ဆိုရင် ပြန်တွေ့ကောင်း တွေ့နိုင်မှာပါ” အမျိုးသားက ပူပင်ကြောင့်ကြမဲ့သည့် အမူအရာဖြင့် ပြောသည်။ သို့သော် ပြောနေရင်းမှ သူသက်ပြင်း ချလိုက်တော့သည်။

“အဆုံးထိ ဆရာယွမ်ကျန်း ပေါ်လာတာကို မတွေ့ရတာ စိတ်မကောင်းစရာပဲ။ ပြီးတော့ ထူးခြားဆန်းကြယ်တဲ့ မော့စုကိုလည်း မတွေ့ခဲ့ရဘူး။ ဘယ်သူကမှ သူ့ပုံစံအစစ်အမှန်ကို မမြင်ဖူးခဲ့ဘူး။ ကောလဟာလတွေကနေ တစ်ဆင့်  သူ့မှာ သန်မာတဲ့စွမ်းအား ရှိတယ်ဆိုတာလောက်ပဲ ငါတို့သိရတာ။ ဒါပေမဲ့ စိတ်မကောင်းစရာပဲ ... သူက တစ်ခါမှ ပေါ်မလာခဲ့ဘူး”

စုမင်ဘေးတွင် တစ်ညလုံး သောက်နေခဲ့သည့် လူဒါဇင်ခန့်ရှိသည်။ တိတ်ဆိတ်မှုက ပြိုကွဲသွားချိန်တွင် သူတို့အချင်းချင်း စတင်ဆွေးနွေး လိုက်ကြတော့သည်။ ယွမ်အမည်ရှိလူသည် ခေါင်းငုံ့လျက် ထိုင်နေခဲ့ရာမှ အခြားသူများက ယွမ်ကျန်းဟူသော အမည်အား ပြောလိုက်သည်ကို ကြားသောအခါ သူသက်ပြင်းဖွဖွ ချလိုက်မိသည်။

သူ့အဖော်သည် ခဏတာတုံ့ဆိုင်းနေပြီးမှ သူ့ထံ လှမ်းကြည့်လာခဲ့သည်။

“ငါ အတွေ့ချင် ဆုံးသူကတော့ စစ်နတ်ဘုရား အရှင်ပဲ...”

“အမှန်ပဲ။ စစ်နတ်ဘုရား အရှင်သာ ပြန်လာခဲ့မယ်ဆိုရင် ငါတို့ ဟန်တောင်တန်း မြို့တော်ရဲ့ အပြင်လူတွေကြားမှာလည်း ထူးချွန်တဲ့သူတွေ ရှိတယ်ဆိုတာ အေးခဲကောင်းကင် ကလန်က သိသွားလိမ့်မယ်။ ပုချန့်မျိုးနွယ်စုကို စစ်နတ်ဘုရားအရှင် ဆန့်ကျင်ခဲ့တုန်းက ဖြစ်ပျက်ခဲ့တဲ့အရာတွေ အကုန်လုံးကို ငါ မှတ်မိနေသေးတယ်။ ငါအဲဒါကို ပြန်တွေးလိုက်မိတိုင်း ငါ့သွေးတွေ ဆူပွက်လာသလိုပဲ ... ဒါပေမဲ့ သူပြန်မလာခဲ့တာတော့ ဝမ်းနည်းစရာပဲ”

“စစ်နတ်ဘုရား အရှင်ရေ မင်းဘယ်မှာလဲ...”

စုမင်၏ မျက်စောင်းထိုးတွင် ထိုင်နေသူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမူးနေပြီဖြစ်သည်မှာ အသေအချာပင်...

“စစ်နတ်ဘုရားအရှင်ရေ မင်း ဘယ်မှာများလဲ...”

အဘိုးအိုသည်လည်း ကျယ်လောင်စွာ ရယ်မောရင်း အော်ဟစ်လိုက်သည်။ ထိုဒုတိယအော်ဟစ်သံ အပြီးတွင် စားသောက်ဆိုင်အတွင်းမှ အခြားလူများသည်လည်း စတင်ရယ်မော လိုက်ကြသည်။ သူတို့ ရယ်မောသံများတွင် ကူကယ်ရာမဲ့မှု အရိပ်အမြွက်တို့ ပါနေခဲ့ပြီး သူတို့အထဲမှ အများစုသည် အေးခဲကောင်းကင် ကလန်အပေါ် မကျေနပ်မှုများကို ထုတ်ဖော် လိုက်ကြသည်။ ထိုလူသည် သူတို့မဟုတ်ခဲ့လျှင်ပင် အေးခဲကောင်းကင် ကလန်သို့ ဝင်ရောက်နိုင်သူ တစ်စုံတစ်ဦးကို သူတို့မြင်လိုကြ၏။

ဟန်တောင်တန်း မြို့တော်၏ အပြင်လူများ ထဲတွင်လည်း ထူးချွန်သူများရှိကြောင်း အေးခဲကောင်းကင် ကလန်အား သိစေချင်ကြသည်။

“စစ်နတ်ဘုရားအရှင် မင်းဘယ်မှာလဲ...”

“စစ်နတ်ဘုရားအရှင် မင်းဘယ်မှာလဲ...”

အော်ဟစ်သံများသည် တည်းခိုခန်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ နံနက်ခင်း၏ အလင်းရောင်အောက်တွင် ယောက်ျား တစ်ဒါဇင်ခန့်သည် တစ်ချိန်တည်း ဟစ်အော်နေ ခဲ့ကြသည်။ ထိုအော်ဟစ်သံသည် စိတ်ဓာတ်ကျခဲ့ရသည့် နေ့ရက်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးချိန်တွင် မွေးဖွားလာသည့် အရာတစ်ခုကဲ့သို့ပင် ... ထိုအသံများသည် တည်းခိုခန်းအတွင်းမှ ပျံ့နှံ့လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ တည်းခိုခန်းများသို့ပါ ပျံ့လွင့်သွားခဲ့သည်။

တဖြည်းဖြည်းနှင့် သိပ်မဝေးသည့် နေရာရှိ တည်းခိုခန်းတစ်ခု အတွင်းမှ စိတ်ညစ်မှုများကို ဖြေဖျောက်နေသူများ သည်လည်း အလားတူ စကားလုံးများကို အော်ဟစ်လာခဲ့ကြသည်။

“စစ်နတ်ဘုရားအရှင် မင်းဘယ်မှာလဲ”

အလားတူစကားလုံးများ ဒုတိယတည်းခိုခန်းမှ ထွက်ပေါ်လာခဲ့ချိန်တွင် ထိုစကားလုံးတို့သည် တစ်နေ့ရာမှ တစ်နေရာ ကူးစက်သွားခဲ့ပြီး အေးခဲကောင်းကင် ကလန်မှ သံတမန်များ ထွက်ခွာသွားတော့မည့် ဤနေ့တွင် အသံ လှိုင်းလုံးကြီးသဖွယ် မြင့်တက် ထွက်ပေါ်လာခဲ့သည်။ ထိုစကားလုံးတို့သည် မည်သည့်နေရာမှ ထွက်ပေါ်လာခဲ့သည် ဖြစ်ပါစေ၊ ချက်ချင်းဆိုသလိုပင် ပဲ့တင်ထပ်သွား ခဲ့ကြလေသည်။

တဖြည်းဖြည်းနှင့် တည်းခိုခန်းများ အတွင်းမှ လူများသာ အော်ဟစ်နေကြခြင်း မဟုတ်တော့ပေ။ လွန်ခဲ့သည့်ရက် အနည်းငယ်အတွင်း တိတ်ဆိတ်စွာနေရန် ဖိအားပေး ခံထားခဲ့ရပြီး စိတ်ဓာတ် ကျနေခဲ့သည့် ဟန်တောင်တန်း မြို့တော်အတွင်းမှ အပြင်လူများအားလုံး ပါဝင်လာခဲ့ပြီး ထိုစကားတစ်ခွန်းကို ကြားသည်နှင့် သူတို့ပါ လိုက်ပါအော်ဟစ် လိုက်ကြသည်။

ထိုအသံများသည် ဟန်တောင်တန်း မြို့တော်ကို မုန်တိုင်းတစ်ခု အသွင်ဖြင့် ဖြတ်သန်းသွားခဲ့ပြီး နောက်ဆုံး ပျောက်ကွယ်သွားခဲ့သည်။ ထိုအသံများ ငြိမ်သက်သွားသည်နှင့် စုမင် ဝိုင်အိုးကို ကောက်ကိုင်လိုက်ပြီး ခေါင်းမော့လိုက်သည်။

သူ မတ်တတ်ထရပ် ခဲ့လိုက်သည်။

“ငါ့ မိတ်ဆွေတို့၊ လွန်ခဲ့တဲ့ နှစ်ညမှာ ငါနဲ့အတူ ရှိနေပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ ငါလုပ်စရာ ကိစ္စလေးတွေ ရှိနေသေးလို့ သွားလိုက်ပါဦးမယ်”

စုမင် သူ့ရှေ့မှလူများကို ကြည့်လိုက်သည်။ သူ့အကြည့်သည် ယွမ်အမည်ရှိသည့် လူထံသို့ ကျရောက်သွားသောအခါ ထိုသူ၏ မျက်လုံးများထဲမှ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များကို သူတွေ့လိုက်ရသည်။

“ညီနောင် စု၊ ဘေးကင်းတဲ့ ခရီးဖြစ်ပါစေ။ ငါလည်း ခဏကြာရင် ဟန်တောင်တန်း မြို့တော်က ထွက်သွားတော့မယ်။ ဒီငရဲလိုနေရာကို ငါဘယ်တော့မှ ထပ်မလာတော့ဘူး”

“အမှန်ပဲ။ ညီနောင် စု၊ ဘေးကင်းတဲ့ ခရီးဖြစ်ပါစေ”

“လာ ညီနောင်စု၊ ငါမင်းကို လိုက်သောက်မယ်”

တည်းခိုခန်းအတွင်းမှ လူများအားလုံးသည် သူတို့ဝိုင်အိုးများကို စုမင်ထံ မြှောက်လိုက်ကြသည်။ အိုးများကို တိုက်လိုက်ချိန်တွင် သူတို့မျက်လုံးများထဲ၌ ကြင်နာမှုနှင့် အရက်မူးနေမှုများ ရှိနေခဲ့ကြသည်။

စုမင် လက်သီးနှင့် လက်ဝါးထပ်လျက် ကျေးဇူးတင်ဟန် ပြုလိုက်ပြီး နောက်သို့လှည့်လျက် တံခါးမှ ဖြတ်လျှောက်ထွက်လိုက်သည်။ သူသည် လျင်မြန်စွာ မလျှောက်ခဲ့သလို သူ့ခြေလှမ်းတိုင်းကလည်း တည်ငြိမ်နေခဲ့သည်။ သူ၏ထွက်ခွာသွားမှုသည် သိပ်အာရုံစိုက် မခံလိုက်ရပေ။ ယွမ်အမည်ရှိ လူတစ်ဦးသာ ထရပ်လိုက်ပြီး လက်သီးနှင့် လက်ဝါးထပ်ကာ စုမင်ကို နှုတ်ဆက်လိုက်သည်။

“ငါ ကျရှုံးခဲ့တယ်။ မင်းတော့ ... အောင်မြင်လိမ့်မယ်လို့ ငါမျှော်လင့်မိပါတယ်”

သူ့စကားတို့သည် ရုတ်ခြည်း ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်မှ လူများကို သူ့အပြုအမူများကြောင့် ရှုပ်ထွေးသွားစေခဲ့သည်။ သူတို့ စုမင်ကို လှမ်းကြည့် လိုက်ချိန်တွင်တော့ စုမင်က ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ နန်ထျန်းနှင့် လန်ယင်နေထိုင်ရာ ဒုတိယအလွှာထံသို့ စုမင် ဦးတည်လျှောက်သွား လိုက်သည်။

“ရုပ်နယ်လွန် မာန်စွမ်းအားရှင်တွေ အားလုံးကို စိန်ခေါ်ပြီးတော့ တစ်ချက်တည်းနဲ့ နိုင်ရမှာလား ... သိပ်မခက်ပါဘူး”

စုမင်အမူအရာသည် တည်ငြိမ်နေခဲ့သည်။ သူသည် စတုတ္ထအလွှာနှင့် တတိယအလွှာတို့ကို ဖြတ်လျှောက်ခဲ့ပြီး ... ဒုတိယအလွှာ၌ ရပ်လိုက်သည်။

ဒုတိယအလွှာတွင် ရပ်လိုက်ချိန်၌ တံဆိပ်ခတ်နှိပ်ခြင်း ပညာကိုပင် အသက်သွင်းစရာ မလိုပဲ အနီးအနားမှ ရုပ်နယ်လွန်နယ်ပယ်ရှိ အရှိန်အဝါနှစ်ခုကို အာရုံခံလိုက်မိ၏။

“နန်ထျန်း”

စုမင် မနှေးမမြန် အော်ခေါ်လိုက်သည်။

သူ့အသံသည် မကျယ်လောင်သော်လည်း ဒုတိယအလွှာကို ဖြတ်လျက် ပဲ့တင်ထပ်သွားခဲ့သည်။ တင်ပျဉ်ခွေထိုင်လျက် ကျင့်ကြံနေသည့် နန်ထျန်းနားထဲသို့ ထိုအသံ ရောက်သွားသောအခါ နန်ထျန်းတစ်ယောက် တုန်လှုပ်သွားခဲ့ပြီး သူ့မျက်လုံးများကို လျင်မြန်စွာဖွင့်လိုက်မိ၏။  ထိုအချိန်တွင် သူ့မျက်လုံးများထဲမှ ထိတ်လန့် တုန်လှုပ်မှုများကို တွေ့မြင်နိုင်လေသည်။

“အဲဒါ ဘယ်သူလဲ”

နန်ထျန်းသည် ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး အိမ်အပြင်သို့ ပြေးထွက်လိုက်သည်။ တစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့် သူ့အိမ်မှ ပေ၁၀၀ခန့် အဝေးတွင် လက်များ နောက်ပစ်လျက် ရပ်နေခဲ့သည့် အစိမ်းရောင်ဝတ်ရုံနှင့် လူတစ်ဦးကို သူမြင်လိုက်ရလေသည်။

သိပ်မဝေးသည့် နေရာတွင် တည်ရှိသည့် အိမ်တစ်လုံးထဲမှ လန်ယင်လည်း အလျင်အမြန် ထွက်ပေါ်လာခဲ့သလို ထိုအခိုက်အတန့်တွင် သူ့အမူအရာက အလွန်အမင်း လေးနက်နေ ခဲ့ချေသည်။ သူ စုမင်ကို မြင်လိုက်ချိန်တွင် ထိတ်လန့် တုန်လှုပ်သွားခဲ့ရ၏။ ထိုအချိန်တွင် သူသည် လူတစ်ဦးကို ကြည့်နေမိခြင်း မဟုတ်ပဲ ကောင်းကင်အထိ ရောက်ရှိနေသည့် ကျောက်တောင်ကြီး တစ်လုံးကို ကြည့်နေမိသည်ဟု ခံစားလိုက်ရလေသည်။

ထိုသူက ... ကျောက်တောင်ကြီး တစ်ခုလိုပင်။

***

All Chapters