← Chapters

သင့်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ

Vol. 16 Ch. 209

သင့်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ

Vol. 16 Ch. 209

“ဒီစည်းမျဉ်းကို အေးခဲကောင်းကင်ကလန်က ချမှတ်ထားတာဆိုမှတော့ ငါလည်း ဒါကိုလိုက်နာရမှာပေါ့…”

စုမင် နန်ထျန်းကို တည်ငြိမ်စွာကြည့်လိုက်သည်။

နန်ထျန်း၏ နှလုံးသားသည် ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်သွားပြီး ထိုအခိုက်အတန့်တွင် သူသည်လည်း လန်ယင်နှင့် အလားတူ အခြေအနေမျိုးဖြစ်သွားခဲ့သည်။ သူ စုမင်ကို ကြည့်လိုက်မိချိန်တွင် တောင်တစ်လုံးကို သူကြည့်နေမိသည်ဟု ခံစားလိုက်ရချေသည်။ ထိုတောင်သည် ကောင်းကင်ထိတိုင် ရောက်ရှိနေပြီး  လူတို့အား ၎င်း၏အရှိန်အဝါအောက်တွင် လွှမ်းမိုးခံလိုက်ရနိုင်သည့် ဖိနှိပ်နိုင်သော စွမ်းအားအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။

“ဆရာ မင်းကဘယ်သူများလဲ”

နန်ထျန်း၏မျက်နှာက ဖြူရော်နေပြီဖြစ်သည်။ သူသည် စုမင်ကို လှမ်းကြည့်လိုက်ပြီး ကြိုးစားကာ ပြန်မေးလိုက်သည်။ စုမင်အကြည့်အောက်တွင် သူနှင့်ပက်သက်သည့် အရာအားလုံးကို ထွင်းဖောက်၍အမြင်ခံလိုက်ရသည်ဟု နန်ထျန်းခံစားလိုက်ရသည်။ ဤလူရှေ့တွင် သူသည် အထင်းသားတည်ရှိနေသကဲ့သို့ပင် ဖြစ်သည်။

“စုမင်” စုမင်က အေးအေးဆေးဆေးသာ ပြန်ဖြေလာခဲ့သည်။

“စုမင် လား”

နန်ထျန်း ခဏတာ မှင်သက်သွားမိသည်။ ထိုနာမည်ကို သူတစ်ခါမှ မကြားဖူးခဲ့ပေ။ သို့သော် သူ့ရှေ့မှလူ၏စွမ်းအားသည် အလွန်ကြီးမားဟန်ပေါ်သဖြင့် သူ့တွင် ထိုအကြောင်းကို စဉ်းစားနေရန် အချိန်မရှိပေ။

“ငါ အခုတိုက်တော့မယ်”

စုမင် ထိုသို့ပြောပြီးသည်နှင့် ညာခြေဖြင့် ရှေ့တစ်လှမ်းလှမ်းလိုက်ပြီး သူခြေပြန်ချလိုက်ချိန်တွင် ဟန်တောင်တန်းတစ်ခုလုံး တုန်ခါသွားခဲ့သည်။

မြေပြင်တွင်လည်း မမြင်နိုင်သော လှိုင်းဂယက်ငယ်လေးများ ပျံ့နှံ့လာခဲ့ပြီး စုမင်ခြေထောက်အောက်၌ စုဝေးသွားခဲ့ကြသည်။ ၎င်းတို့စုဝေးသွားချိန်တွင် စုမင်၏ ခြေထောက်အောက်မှ မြေပြင်သည် တုန်ခါသွားပြီး ညာခြေထောက်အောက်မှ နေရာ၌ အက်ကြောင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။ အက်ကြောင်းသည် မြည်ဟည်းသံများ ထွက်ပေါ်လာပြီး နန်ထျန်းဆီ တည့်တည့် တိုးဝင်သွားလေသည်။

နန်ထျန်းလေပေါ်သို့ ခုန်တက်လိုက်ချိန်မှာပင် သူ့ပတ်လည်မှမြေပြင်သည် ဆူညံသံတစ်ခုနှင့်အတူ ပြိုကျသွားတော့သည်။ မရေမတွက်နိုင်သော ကျောက်တုံးအပိုင်းအစများသည် လေထဲသို့ လွင့်မျောလာပြီး သူ့ပတ်လည်တွင် လှည့်ပတ်နေကြသည်။

ညည်းသံတစ်ချက်နှင့်အတူ နန်ထျန်းပါးစပ်မှ သွေးများစီးကျလာခဲ့သည်။ သူတုန်လှုပ်သွားမိပြီး အနည်းငယ်မျှပင် မလှုပ်ရှားရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ့ပတ်လည်တွင် လှည့်ပတ်နေသည့် ကျောက်တုံးများသည် ကျောက်သားဖြင့်ပြုလုပ်ထားသော ဓားများအသွင်ဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်နေခဲ့သောကြောင့်ပင်ဖြစ်သည်။ အကယ်၍ သူသာအနည်းငယ်ခန့် ရွေ့လျားလိုက်မိလျှင် သူ့အား ထိုကျောက်တုံးများက ထွင်းဖောက်သွားပေလိမ့်မည်။

“တောင်တန်းအမှတ်အသားနဲ့ ရုပ်နယ်လွန်မာန်စွမ်းအားရှင်တစ်ယောက်။ အဲဒါက သာမာန်တောင်တန်းအမှတ်အသားတစ်ခုဆိုပေမယ့် ဒီလို ကြောက်ဖို့ကောင်းတဲ့ စွမ်းအားမျိုးကို ထုတ်လွှတ်နိုင်နေတယ်တဲ့လား။ ဒီလူ…. သူ့စွမ်းအားက…”

နန်ထျန်း၏မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့ရသည်။ သူ့ရှေ့ရှိလူတွင် သတ်ဖြတ်လိုသည့် အမူအယာမျိုး ရှိမနေခဲ့သဖြင့် ထိုလူသည် စွမ်းအားအကုန် သုံးခဲ့ခြင်းမဟုတ်ကြောင်း နန်ထျန်း သေချာ နားလည်လိုက်မိသည်။

“မင်း အရှုံးပေးလား”

တစ်ခဏပင် တုန့်ဆိုင်းနေခြင်းမရှိပဲ  နန်ထျန်း၏ အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သံက ထွက်ပေါ်လာခဲ့သည်။

“ငါ အရှုံးပေးတယ်”

စုမင် ခေါင်းညိတ်ပြလိုက်ပြီး ဘေးတွင် အံ့အားသင့်စွာ ရပ်ကြည့်နေသော လန်ယင်ထံ လှမ်းကြည့်လိုက်သည်။ သူ့ထံသို့ အကြည့်ရောက်လာချိန်တွင် လန်ယင်တစ်ယောက်  စိတ်ဝိညာဉ်အတွင်းမှပင် တုန်လှုပ်သွားခဲ့ရသည်။ သူ့မျက်နှာတွင် လေးစားသည့်အမူအယာမျိုး ဖြစ်ပေါ်လာခဲ့ပြီး လက်သီးနှင့်လက်ဝါးထပ်လျက် စုမင်ကို ဦးညွှတ်အရိုအသေပြုလိုက်မိချေသည်။

“ငါ အရှုံးပေးတယ်”

စုမင် သူတို့ကို မည်သည့်စကားမှ ထပ်မပြောတော့ပဲ လက်ကို ဝှေ့ယမ်းလိုက်ပြီး လေထဲသို့ ပျံဝဲတက်လိုက်ရာ သူ့အပြုအမူများသည် ဟန်တောင်တန်းမြို့တော်အတွင်းမှ လူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ အထူးသဖြင့် တည်းခိုခန်းများအတွင်းမှ လူများ၏အာရုံကို ပိုမိုဆွဲဆောင်သွားခဲ့ချေသည်။

“ဟန်တောင်တန်းမြို့တော်ရဲ့ အပြင်လူတစ်ဦးဖြစ်တဲ့ ငါ စုမင်က မျိုးနွယ်စုသုံးစုရဲ့ ရုပ်နယ်လွန်မာန်စွမ်းအားရှင်တွေ အကုန်လုံးကို စိန်ခေါ်တယ်”

နံနက်ခင်းတွင် သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာခဲ့ပြီး  ဤနေ့သည် သံတမန်များ ပြန်လည် ထွက်ခွာသွားတော့မည့်နေ့ ဖြစ်သဖြင့် ဟန်တောင်တန်းမြို့တော်မှ လူများအားလုံး၏ အာရုံကို ချက်ချင်းဆွဲဆောင်သွားနိုင်ခဲ့ချေသည်။

“စုမင် တဲ့လား။ အဲဒါ ဘယ်သူလဲ”

“သူက လေထဲမှာ ပျံနိုင်တယ်။ သူ… သူက ရုပ်နယ်လွန် မာန်စွမ်းအားရှင်ပဲ”

“ဟန်တောင်တန်းမြို့တော်က ရုပ်နယ်လွန်မာန်စွမ်းအားရှင်တွေထဲမှာ စုမင်ဆိုတဲ့လူကို ငါ မကြားဖူးဘူး”

လူများသည် အချင်းချင်း ဆွေးနွေးနေကြချိန်တွင် အစောပိုင်းကပင် စုမင်ထွက်လာခဲ့သည့် စားသောက်ဆိုင်အတွင်းမှ လူများသည်တော့ အံ့အားသင့်နေသည့်အမူအယာများဖြင့်  ပြူတင်းပေါက်မှတစ်ဆင့် ကောင်းကင်ရှိစုမင်ကို ငေးကြည့်နေကြချေသည်။

“သူ… သူက ရုပ်နယ်လွန်မာန်စွမ်းအားရှင်လား” အဘိုးအိုက မယုံကြည်နိုင်စွာဖြင့် အထိတ်တလန့် အော်ဟစ်လိုက်သည်။

“ရုပ်နယ်လွန်မာန်စွမ်းအားရှင်တစ်ယောက်နဲ့ ငါ နှစ်ရက်တောင် အတူတူ အရက်သောက်ခဲ့တာလား”

“သူက… ညီနောင် စု လား”

စုမင်နှင့် ပထမဆုံးစကားလာပြောခဲ့သည့် ယောကျ်ားသည် တံတွေးတို့ မြိုချလိုက်မိပြီး သူ့မျက်လုံးများကို ပွတ်သပ်ကြည့်လိုက်မိသည်။

ဟန်တောင်တန်းမြို့တော်တစ်လျှောက် စုမင်အသံ ပဲ့တင်ထပ်ဖြတ်သန်းသွားချိန်တွင် အရောင်စုံရေကန်တောင်ပေါ်မှ အခန်းတစ်ခန်းထဲတွင် အေးခဲကောင်းကင်ကလန်မှ အမျိုးသားနှင့် အမျိုးသမီးတို့ ထိုင်နေခဲ့ကြသည်။ ဟန်ဖေးကျစ်သည်လည်း သူတို့ရှေ့၌ ထိုင်နေခဲ့ချေသည်။

“အဖွဲ့ဝင် ညီမ ဟန်ဖေးကျစ်၊ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသက်သွင်းပြီးတာနဲ့ ငါတို့ ထွက်ခွာကြမယ်။  အေးခဲကောင်းကင်ကလန်ကိုရောက်ရင် မင်းက လက်ဝဲတော်ရံရဲ့ တပည့်ဖြစ်လာလိမ့်မယ်။ အနာဂါတ်မှာ…”

အမျိုးသားသည် ခပ်ပြုံးပြုံးဖြင့် စကားပြောနေချိန်တွင် သူ့နားများထဲသို့ စုမင်အသံက ရောက်ရှိလာသဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။

“သူ့နေရာသူ မသိတဲ့ လူတစ်ယောက်တော့ ထပ်ရောက်လာပြန်ပြီ။ ရုပ်နယ်လွန်အဆင့်ကို ရောက်နေရုံနဲ့ အေးခဲကောင်းကင်ကလန်ကို ဝင်နိုင်မယ်လို့များ သူထင်နေတာလား။ ဟာသပဲ”

“စုမင်တဲ့လား။ ဟန်တောင်တန်းမြို့တော်ရဲ့ ရုပ်နယ်လွန်မာန်စွမ်းအားရှင်တွေထဲမှာ အဲဒီလူမရှိဘူးလို့ ငါ မှတ်မိနေသလိုပဲ။ ညီမငယ် ဟန်ဖေးကျစ် မင်းအရင်က အဲလူကို ကြားဖူးလား”

အမျိုးသမီး၏ မျက်နှာတွင်လည်း မကျေနပ်သည့်အမူအယာမျိုး ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ဟန်ဖေးကျစ်ကို ပြန်ကြည့်လိုက်ချိန်တွင်တော့ သူမအမူအယာက နူးညံ့ညင်သာသွားခဲ့လေသည်။

“စုမင်… ကျွန်မ အရင်က မကြားဖူးဘူး”

ဟန်ဖေးကျစ်မျက်နှာပေါ်၌ လေးနက်စွာ တွေးတောနေသည့်အမူအယာမျိုး ဖြစ်ပေါ်လာခဲ့ပြီး ခဏအကြာတွင် ခေါင်းခါလိုက်မိသည်။

“အဲလူကလည်း သူ့ကိုယ်သူ အရှက်ရအောင်လုပ်မိမယ့် လူတစ်ယောက်ပဲနေမှာ။ ငါတို့ မလို…”

အမျိုးသားက စုမင်စကားများကို လျစ်လျူရှုလိုက်ပြီး စကားပြောလိုက်ချိန်မှာပင် အိုမင်းနေသောအသံတစ်သံက  အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

ထိုအသံ၏ထွက်ပေါ်လာမှုသည် အမျိုးသား၏ အမူအယာကို ပြောင်းလဲသွားစေပြီး သူပြောမည့်စကားလုံးများကို ပြန်မျိူသိပ်မိသွားစေသည်။ အမျိုးသမီး၏ အမူအယာသည်လည်း အလားတူပင် အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

ဟန်ဖေးကျစ်သည်တော့ ခဏတာအံ့အားသင့်သွားပြီး အိမ်အပြင်သို့ လျှင်မန်စွာ ထထွက်သွားလိုက်ချေသည်။

“ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စုက ရုပ်နယ်လွန်မာန်စွမ်းအားရှင်တွေအားလုံး မတိုက်ခိုက်ဘူး။ ငါတို့ အရှုံးပေးတယ်…”

ငြိမ်းအေးရာအရှေ့အရပ်တောင်ပေါ်မှ ထိုအသံထွက်ပေါ်လာချိန်တွင် ဟန်တောင်တန်းမြို့တော်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ခဏအကြာတွင်တော့ မြို့တော်အတွင်းမှ ရုတ်ရုတ်သဲသဲဆူညံသံများ ပြန်လည်ထွက်ပေါ်လာခဲ့ချေသည်။

“ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စုကတောင် သူတို့ အရှုံးပေးတယ်လို့ ပြောလိုက်တာလား”

“တစ်ကယ်ပဲ ဒီစုမင်က ဘယ်ကရောက်လာတာလဲ။ ငါအရင်က သူ့ကို တစ်ခါမှမကြားဖူးပါဘူး။ ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စုကိုတောင် ကြောက်သွားအောင် သူဘယ်လိုများ လုပ်လိုက်တာလဲ။ ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စု အကြီးအကဲက ရုပ်နယ်လွန်အလယ်ဆင့်မှာရှိတဲ့ အစွမ်းထက် မာန်စွမ်းအားရှင်လေ”

“အဲဒါက အံ့သြဖွယ်ဖြစ်ရပ်တစ်ခုများ ဖြစ်လာပြီး တစ်ယောက်ယောက်က အေးခဲကောင်းကင်ကလန်ထဲ ဝင်ရောက်နိုင်တာကိုများ ငါတို့ မြင်ရတော့မှာလား”

ဆွေနွေးပြောဆိုနေကြရင်းဖြင့် ကောင်းကင်မှစုမင်ထံသို့ လူတိုင်း၏အကြည့်များက စုဝေးရောက်ရှိနေခဲ့ချေသည်။ ထိုအချိန်အခိုက်အတန့်တွင် စုမင်သည် မျက်နှာဖုံးကို မတပ်ထားတော့သလို သူက မော့စုလည်း မဟုတ်တော့ပေ။

သူ့မျက်နှာကို ဖုံးကွယ်ထားခြင်းမရှိသလို သူသည် စစ်နတ်ဘုရားတစ်ပါးလည်းမဟုတ်တော့ပေ။

သူက သူကိုယ်တိုင်ပင် ဖြစ်သည်။

ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စု၏ အရှုံးပေးမှုကို  စုမင် မအံ့သြမိပေ။ ဟန်တောင်တန်းမြို့တော်တွင် သူနေခဲ့စဉ်ကာလတစ်လျှောက်တွင် ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စုမှ လူများနှင့်သာ သူအများဆုံး အဆက်အသွယ်လုပ်ခဲ့ခြင်းဖြစ်သည်။ မြို့တော်ထဲတွင် ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စုသည်သာ သူ့ကို အနားလည်ဆုံး ဖြစ်ပေလိမ့်မည်။

သို့သော် ပုချန့်မျိုးနွယ်စုကတော့ ထိုသို့မဟုတ်သည်မှာ အရှင်းအလင်းပင်ဖြစ်သည်။ ငြိမ်းအေးရာအရှေ့အရပ်မျိုးနွယ်စုက အရှုံးပေးလိုက်ချိန်တွင် ပုချန့်တောင်ဆီမှ အေးစက်စက် လှောင်ရီသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ပုချန့်တောင်ဆီမှ လူတစ်ဦးထွက်ပေါ်လာပြီး လေထဲမှစုမင်ထံ တည့်တည့်တိုးဝင်လာခဲ့သည်။

စုမင်က တည်ငြိမ်နေခဲ့ပြီး ထိုလူ သူ့အနားရောက်လာခါနီးမှာပင် ညာလက်ကို ပင့်လိုက်ပြီး ရှေ့သို့ဝှေ့ယမ်းလိုက်သည်။ သူထိုသို့လုပ်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်သည်ပင် တုန်ခါသွားခဲ့ပြီး စုမင်ရှေ့ရှိ လေထုထဲတွင် ပုံရိယောင် တောင်ကြီးတစ်လုံးထွက်ပေါ်လာခဲ့သည်။ ပေါ်ထွက်လာချိန်တွင် ထိုတောင်ကြီးသည် ဆူးချွန်ကြီးတစ်ခုသဖွယ် အလျားလိုက် လဲလျောင်းတည်ရှိနေပြီး  ပုချန့်တောင်မှထွက်ပေါ်လာသည့် လူထံတိုးဝင်သွားချေသည်။

ကျယ်လောင်သော တိုက်ခိုက်မိသံကြီးနှင့်အတူ ယခုလေးတင်မှ အေးစက်စက်ရယ်မောခဲ့သူသည် စူးရှစွာအော်ဟစ်လိုက်ရ၏။ ထိုလူသည် ပုံရိပ်ယောင်တောင်ကြီးနှင့် တိုက်မိသွားသည်နှင့် ပါးစပ်အပြည့်သွေးများအန်ထုတ်လိုက်ရပြီး နောက်သို့လွင့်ထွက်သွားချေသည်။

“မင်းတို့ကို တစ်ယောက်ချင်းစီ စိန်ခေါ်ရတာ စိတ်အနှာင့်အယှက်ဖြစ်တယ်။ ပုချန့်မျိုးနွယ်စုက အကုန်လုံးတစ်ခါတည်းလာခဲ့ကြ”

စုမင်က ကောင်းကင်ကို ညာလက်ညှိုးဖြင့် ညွှန်ပြလိုက်ရာ ပုချန့်မျိုးနွယ်စုအထက်မှ ကောင်းကင်သည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။ တောင်ထိပ်နှစ်ခုရှိသည့်တောင်ကြီးတစ်လုံးသည် ကောင်းကင်တွင် ဖြစ်ပေါ်လာခဲ့ပြီး ထိုတောင်၏အရွယ်အစားက ပုချန့်တောင်ထက် သာလွန်နေခဲ့သည်။ ထိုတောင်ကြီးပေါ်လာသည်နှင့် စုမင်သည် ညာလက်ကို အောက်သို့ ဆွဲချဟန်ပြုလိုက်ရာ တောင်ထိပ်နှစ်ခုပါသောတောင်ကြီးက အောက်ဘက်သို့ ကျဆင်းလာခဲ့ချေသည်။

လေထုအတွင်း မသဲမကွဲဆူညံသံများ ပဲ့တင်ထပ်သွားခဲ့သည်။ ပုချန့်တောင်သည် ဧရာမတောင်ကြီးတစ်လုံးနှင့် တိုက်မိသွားဟန်ဖြင့် အပြင်းအထန်တုန်ခါသွားပြီး ပုချန့်တောင်ထိပ်၌ မရေမတွက်နိုင်သော အက်ကြောင်းများဖြစ်ပေါ်လာသည်။ ပုချန့်တောင်ပေါ်မှ လူများစွာတို့သည် ထိုဖိအားကို မခံနိုင်ပဲ သွေးအန်လိုက်ကြရ၏။

ထိုမြင်ကွင်းသည် စောင့်ကြည့်နေသူများအားလုံးကို အသက်ပြင်းပြင်းရှုရှိုက်လိုက်မိစေသည်။ ကောင်းကင်မှတောင်ကြီးသည် အလွန်အမင်းကြီးမားလှပြီး ဖိနှိပ်နိုင်သည့်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လျက်ရှိသည်။ ထိုတောင်ကြီးကျဆင်းလာသောအခါ ပုချန့်တောင်ပေါ်မှ ခပ်တိုးတိုးဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြီး အသားတောင်လေးတစ်လုံးသဖွယ်လူသည် အပေါ်မှ တောင်ထိပ်နှစ်ခုပါတောင်ကြီးထံ ဦးတည်  ပျံတက်လိုက်သည်။

ဧရိယာတစ်ဝိုက်တွင် မြည်ဟည်းသံများ ပဲ့တင်ထပ်ပျံ့နှံ့သွားခဲ့သည်။ ဝတုတ်နေသောယောကျ်ားသည် တောင်ထိပ်နှစ်ခုပါ တောင်ကြီးကို ထိလိုက်မိချိန်တွင် ပါးစပ်အပြည့်သွေးတို့ အန်ထုတ်လိုက်ရလေသည်။ သူ့ကိုယ်သူ ပိန်ပါးသွားစေခြင်းသည် ပိုမိုစွမ်းအားကောင်းလာစေဟန်ဖြင့် သူသည် အသားတောင်လေးတစ်လုံးနှင့်မတူတော့ပဲ ချက်ချင်းပိန်ပါးသွားခဲ့ချေသည်။ ထိုယောကျ်ားသည် အံကြိတ်ကာဟိန်းဟောက်လိုက်ပြီး တောင်းထိပ်နှစ်ခုပါတောင်ဆီသို့ သူ့လက်များကို တွန်းထုတ်လိုက်ရာ သူ့နောက်၌ ဧရာမပုံရိပ်ယောင် ရုပ်ပုံကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ချေသည်။

ရုပ်ပုံကြီးသည် ထိုယောကျ်ားပိန်မသွားခင်ကပုံစံမျိုးပင် ဖြစ်သည်။ သူသည် အသားတောင်လေးတစ်လုံးသဖွယ်လူတစ်ဦး တင်ပလ္လင်ခွေကာထိုင်နေသည့် ရုပ်ပုံကြီးတစ်ခုကို သေချာတည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့လုပ်ခဲ့သော်လည်း သူသည် အသက်ရှုချိန် ဆယ်ကြိမ်ခန့်သာ ထိန်းထားနိုင်ခဲ့ပြီး သွေးအန်လိုက်ရသည်။ သူ့မျက်နှာက ဖြူရော်သွားပြီး အောက်ဘက်သို့ပြန်လည်ပြုတ်ကျသွားကာ တောင်ထိပ်နှစ်ခုပါတောင်ကြီးကတော့ မြည်ဟည်းသံများနှင့်အတူ အောက်သို့ဆက်လက်ကျဆင်းလာချေသည်။

ထိုအခိုက်အတန့့်တွင် ပုချန့်တောင်ဆီမှ အခြားသော အေးစက်စက်လှောင်ရီသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ပိန်ပါးခြောက်ကပ်နေသည့် ပုချန့်မျိုးနွယ်စုအကြီးအကဲသည် သူ့အားမည်သည့်အရာကမှ ယိမ်းယိုင်မသွားစေနိုင်သည့်ပုံဖြင့် တောင်ထိပ်တွင် မားမားမတ်မတ်ရပ်နေခဲ့သည်။ သူသည် ညာလက်ကိုမြှောက်လိုက်ပြီး လေထုကိုဖြတ်သန်းကျဆင်းလာနေသည့် တောင်ကြီးဆီသို့ တွန်းထုတ်လိုက်သည်။

“ဒါက တောင်လေးတစ်လုံးသက်သက်ပဲကိုများ မင်းက ပုချန့်မျိုးနွယ်စုအပေါ် ဘယ်လိုများအတင့်ရဲပြီး ပြုမူရဲတာလဲ”

သို့သော် ထိုသို့ပြောပြီးချိန်မှာပင် ခြောက်ကပ်နေသည့်အဘိုးအို၏ အမူအယာက ပြောင်းလဲသွားခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ အဘိုးအို၏ညာလက်က သွေးသံရဲရဲအပိုင်းအစများအဖြစ် ဆုတ်ဖြဲခံလိုက်ရလေသည်။

တစ်ချိန်တည်းမှာပင် တောင်ထိပ်နှစ်ခုပါတောင်ကြီး၌ အခြားတောင်ထိပ်တစ်ခုထပ်မံထွက်ပေါ်လာခဲ့ပြီး ကျယ်လောင်သောအသံကြီးနှင့်အတူ တောင်ထိပ်သုံးခုပါတောင်ကြီးက ကျဆင်းလာချေသည်။ မယုံကြည်နိုင်မှုမှ ပြောင်းလဲသွားခဲ့ရသည့် ထိတ်လန့်တုန်လှုပ်မှုများသည် အဘိုးအိုမျက်နှာပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီး မြေပြင်ကို ဘယ်လက်ဖြင့် ရိုက်ချလိုက်သည်။

သူ့လက်ဝါးနှင့်မြေပြင်ထိသွားချိန်မှာပင် ပုချန့်တောင်သည် တုန်ခါသွားပြီး တောင်ဆီမှ များစွာသော သေဆုံးခြင်းအငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် အနက်ရောင်မြူခိုးအလွှာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်မှ တောင်ကြီးထံတိုးဝင်သွားကြသည်။

၎င်းတို့နှစ်ခု အချင်းချင်း တိုက်မိသွားချိန်တွင် ဧရိယာတစ်ဝိုက်တွင် ပေါက်ကွဲဆူညံများ ပဲ့တင်ထပ် ပျံ့နှံ့သွားခဲ့ပြီး ထိုမြင်ကွင်းအား မြင်လိုက်ရသူများကို ထိတ်လန့့်တုန်ယင်သွားစေခဲ့သည်။

“မင်းတို့ အရှုံးပေးလား”

ဆူညံသံများ လေထဲတွင် ပဲ့တင်ထပ်သွားပြီးချိန်၌ စုမင်က အေးအေးဆေးဆေးအမူအယာဖြင့်ပင် ပေါ့ပေါ့ပါးပါးမေးလာခဲ့သည်။

“ပုချန့်မျိုးနွယ်စုက… အရှုံးပေးတယ်” ထိုစကားလုံးများကို လူတစ်ဦးက ခက်ခက်ခဲခဲပြောဆိုလိုက်သည်။

ထိုအသံထွက်ပေါ်လာသောအခါ ပုချန့်တောင်အထက်ဆီမှ ဧရာမတောင်ကြီးက တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ ပုချန့်တောင်ဆီမှ မြူခိုးများသည်လည်း လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီး တောင်ထိပ်တွင်ရပ်နေသည့် ပုချန့်မျိုးနွယ်စုအကြီးအကဲက ထွက်ပေါ်လာခဲ့သည်။ သူသည် တုန်ယင်နေခဲ့ပြီး ပါးစပ်မှ သွေးများစီးကျနေခဲ့ချေသည်။ စုမင်ကိုကြည့်နေသည့် သူ့မျက်လုံးများထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှု၊ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့၏။

‘အဲလူက ဘယ်သူများလဲ။ သာမန် တောင်တန်းအမှတ်အသားတစ်ခုကနေ အခုလိုမျိုး ကြောက်ဖို့ကောင်းတဲ့ စွမ်းအားမျိုးထုတ်ဖော်နိုင်ရအောင် သူ့မှာ ဘယ်လိုစွမ်းအားမျိုးရှိနေတာလဲ။ ဒါ… ဒါက သာမန်တောင်တန်းအမှတ်အသားတစ်ခု ဟုတ်ပါ့မလား။ အေးခဲကောင်းကင်ကလန်ရဲ့ သံတမန်တွေရောက်လာတာက အစွမ်းထက်မာန်စွမ်းအားရှင်တွေကိုတောင် ဆွဲဆောင်နိုင်တာမို့လို့ ဒီလို အစွမ်းထက်တဲ့ တစ်စုံတစ်ယောက်ပေါ်လာတာက အံ့အားသင့်စရာတော့မဟုတ်ဘူး။ ဒါ… ဒါပေမဲ့… ငါ ဘာလို့ ဒီလူကို အရင်က မြင်ဖူးတယ်လို့ ခံစားနေရတာလဲ….’

ပုချန့်မျိုးနွယ်စု အကြီးအကဲသည် အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး စုမင်ကို ဝေခွဲမရစွာလှမ်းကြည့်လိုက်မိသည်။

ဟန်တောင်တန်းမြို့တော်အတွင်းမှလည်း ဆူညံသံများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ မျှော်လင့်ချက်များ စိတ်လှုပ်ရှားမှုများ ပါဝင်နေသော ဆွေးနွေးသံများသည် လှိုင်းလုံးကြီးများအသွင်ဖြင့် ရုတ်ရုတ်သဲသဲ ထွက်ပေါ်လာချေသည်။ ထိုဆူညံသံများထဲတွင် တည်းခိုခန်းအတွင်းမှ လူတို့၏အသံများသည် အကျယ်လောင်ဆုံးပင်ဖြစ်သည်။

ထိုအချိန်ထိတိုင်အောင်ပင် ယခုသူတို့အာရုံစိုက်နေသာစုမင်သည် သူတို့နှင့်အတူတူ သောက်ခဲ့သည့် ညီနောင်စုဟု မယုံကြည်နိုင်ကြသေးချေ။

“အေးခဲကောင်းကင်ကလန်က ဒီစည်းမျဉ်းကို ချမှတ်ခဲ့မှတော့ ငါကလည်း လိုက်နာရမှာပေါ့”

စုမင်သည် အေးဆေးတည်ငြိမ်နေဆဲပင်ဖြစ်သည်။ သူ့အတွက် စည်းမျဉ်းများကို ပြောင်းလဲပစ်စရာပင်မလိုခဲ့ပေ။ ထိုအစား အရောင်စုံရေကန်တောင်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်လေသည်။

ထိုတောင်ပေါ်တွင် လူအချို့ရပ်နေသည်ကို သူမြင်နေရ၏။ ၎င်းတို့ထဲမှ လူအုပ်ရှေ့တွင် ရပ်နေသော အမျိုးသားနှင့် အမျိုးသမီးတို့သည် မျက်စိကိုအဆွဲဆောင်နိုင်ဆုံးသူများပင်ဖြစ်သည်။ သူတို့နှစ်ဦးလုံးသည် ရုပ်နယ်လွန်နယ်ပယ်မှ လူများဖြစ်သည်။

“ငါ၊ စုမင် အရောင်စုံရေကန်မျိုးနွယ်စုက ရုပ်နယ်လွန်မာန်စွမ်းအားရှင်တွေအားလုံးကို စိန်ခေါ်တယ်။ မင်းတို့ တစ်ယောက်ချင်းတိုက်မှာလား ဒါမှမဟုတ် အကုန်လုံး တစ်ပြိုင်တည်းတိုက်မှာလား” စုမင် ဖြည်းဖြည်းချင်းမေးလိုက်သည်။

ထိုအချိန်တွင် တောင်ထိပ်တွင်ရပ်နေသော တစ်စုံတစ်ဦးကို စုမင်အပါအဝင် ထိုနေရာရှိလူများ မည်သူမှ သတိမထားမိခဲ့ကြပေ။ သူသည် စုမင်နှင့် မြေပြင်ကို သေချာစောင့်ကြည့်နေခဲ့လေသည်။

ထိုသူသည် အဘိုးအို ထျန်းရှဲ့ကျီပင် ဖြစ်သည်။

“တောင်တန်းအမှတ်အသား… မဖြစ်နိုင်ဘူး။ အဲဒါ သာမန် တောင်တန်းအမှတ်အသား မဟုတ်ဘူး… အဲဒါက…” ထျန်းရှဲ့ကျီသည် တီးတိုးရေရွတ်လိုက်ရင်း သူ့မျက်လုံးများက တောက်ပလာခဲ့သည်။ သူ၏စိတ်ဓာတ်ကျနေသော နှလုံးသားသည် မျှော်လင့်ချက်များနှင့် နောက်တစ်ကြိမ် ထပ်မံလောင်ကျွမ်းလာရလေသည်။

***

All Chapters