← Chapters

အခန်း (၅၀၁-၅၀၂)

Vol. 41 Ch. 501-502

အခန်း (၅၀၁-၅၀၂)

Vol. 41 Ch. 501-502

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၀၁)

"ဂရုစိုက်ကြပါ လူကြီးမင်းတို့" ယွမ်ကျိုးက ညစာစားပွဲအပြီးတွင် ဧည့်သည်များကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"နေဦးလေ... ငါတို့ရဲ့ အမြင်တွေကို မမေးတော့ဘူးလား" ကျိုးရှီကျဲက ပြုံးရွှင်စွာဖြင့် နောက်ပြောင်ရင်းမေးလိုက်သည်။

"ကျေးဇူးပြုပြီး ဝေဖန်ပေးပါဦး" ယွမ်ကျိုးက လေးနက်သော အမူအရာဖြင့် ပြန်ပြောသည်။ ပုံမှန်အားဖြင့် ယွမ်ကျိုးသည် သူ၏လက်ရာကို အပြည့်အဝ ယုံကြည်သဖြင့် မေးလေ့မရှိသော်လည်း၊ ယခုရောက်ရှိနေသူများမှာ စားဖိုမှူးနယ်ပယ်မှ ဝါရင့်ပုဂ္ဂိုလ်များဖြစ်သဖြင့် နားထောင်ရန် အသင့်ရှိနေခြင်းဖြစ်သည်။

"ငါ့အမြင်ကတော့ အရမ်းရိုးရှင်းတယ်... ဟင်းတစ်ပွဲချင်းစီရဲ့ ပမာဏက နည်းလွန်းတယ်" ကျိုးရှီကျဲက အလေးအနက် ပြောလိုက်သည်။

"ဟုတ်တယ်... ပမာဏက တော်တော့်ကို နည်းတယ်" လျိုတောင်ကလည်း ထောက်ခံသည်။

ထိုစဉ် ချူးရှောင်ကလည်း ဝင်၍ မှတ်ချက်ပေးလိုက်သည်။

"ယွမ်ကျိုး... မင်းရဲ့ ဟင်းပွဲပမာဏက ငါ့ရဲ့ အနောက်တိုင်းစတိုင် ဟင်းပွဲတွေထက်တောင် နည်းသေးတယ်"

ယွမ်ကျိုးကတော့ အလျှော့မပေးဘဲ ရိုးသားစွာပင် ပြန်ရှင်းပြသည်။

"မဟုတ်ပါဘူး... ဧည့်သည်တစ်ဦးချင်းစီရဲ့ အစားအသောက် စားသုံးနိုင်မှု အပေါ် မူတည်ပြီး ကျွန်တော် တွက်ချက်ထားတာပါ"

"ဒီအဘိုးကြီးကတော့ ဗိုက်မဝသေးဘူး" ကျိုးရှီကျဲက ရှက်ရွံ့စွာ ဆိုသည်။ ကျန်ရှိနေသော လျိုတောင်၊ လီမင်းဟွေနှင့် ချူးရှောင်တို့ကလည်း သူတို့ ဗိုက်မဝသေးကြောင်း ခေါင်းငြိမ့်ပြကြသည်။

သို့သော် ယွမ်ကျိုးက ကျန်းမာရေးဗဟုသုတများဖြင့် ဆက်လက် ခုခံတော့သည်။

"ရှေးစကားပုံအရ မနက်စာကို ဗိုက်ပြည့်အောင်စား၊ နေ့လယ်စာကို ကောင်းကောင်းစား၊ ညစာကို နည်းနည်းပဲ စားရမယ်လို့ ဆိုထားပါတယ်။ အဲဒါကြောင့် ၈၀% ဗိုက်ပြည့်တာက လူတိုင်းအတွက် အကောင်းဆုံး ကျန်းမာရေး အခြေအနေပါပဲ"

"ဒါပေမဲ့ ပွဲတော်ကိုလာစားတဲ့ ဖောက်သည်တွေကို ဗိုက်မဝဘဲ ပြန်လွှတ်လိုက်လို့ ဘယ်ဖြစ်မလဲ" ကျိုးရှီကျဲက ငြင်းခုံသည်။

ယွမ်ကျိုးက သိပ္ပံနည်းကျ ဆက်လက်ရှင်းပြနေပြန်သည်။

"လူတစ်ယောက်ရဲ့ ဗိုက်ပြည့်တဲ့ ခံစားချက်ဟာ သွေးထဲမှာ ဂလူးကို့စ် မြင့်တက်လာမှုအပေါ် မူတည်ပါတယ်။ ဗဟိုအာရုံကြောက ဗိုက်ပြည့်ပြီလို့ အချက်ပြဖို့ အချိန်အနည်းငယ် လိုအပ်တာကြောင့် ကျွန်တော်က ပမာဏကို ဒီလိုပဲ သတ်မှတ်ထားတာပါ"

"တော်... တော် ဒီအတိုင်းဆက်သွားရင် ယွမ်ကျိုးက ကျန်းမာရေး ဟောပြောပွဲ လုပ်တော့မယ်" ချူးရှောင်က ဝင်တားကာ ယွမ်ကျိုးကို အခြေအနေဆိုးမှ ကယ်တင်လိုက်သည်။

အမှန်တော့ လူကြီးမင်း (၄) ဦးလုံးမှာ ဗိုက်ပြည့်နေကြပြီ ဖြစ်သော်လည်း ယွမ်ကျိုး၏ လက်ရာက အလွန်အရသာရှိလွန်းသဖြင့် ထပ်စားချင်နေကြခြင်းသာ ဖြစ်သည်။ ကျိုးရှီကျဲကလည်း စနောက်လိုသဖြင့် ပြောနေခြင်းဖြစ်ရာ ယွမ်ကျိုးက လေးလေးနက်နက်ကြီး ပြန်ရှင်းပြနေသဖြင့် ချူးရှောင်က ကြားဖြတ်တားလိုက်ရခြင်းပင်။

"ဟွန်း... ဒီကောင် တကယ် ခေါင်းမာတဲ့ကောင်ပဲ" ကျိုးရှီကျဲက တိုးတိုးလေး ရေရွတ်ကာ လှည့်ထွက်သွားသည်။

"ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက ပြန်ပြောလိုက်ရာ ကျိုးရှီကျဲမှာ အတော်လေး အကူအညီမဲ့သွားဟန်ဖြင့် သူ့မုတ်ဆိတ်ကို ပွတ်သပ်နေတော့သည်။

"စားဖိုမှူးများအသင်းမှာ တွေ့ကြမယ်" ချူးရှောင်က နှုတ်ဆက်ကာ ဆိုင်ထဲမှ ထွက်သွားသည်။

ယွမ်ကျိုးကတော့ မျက်မှောင်ကြုတ်ကာ ကျန်ရစ်ခဲ့သည်။

"စားဖိုမှူးများအသင်းက ဘာကိစ္စပါလာရတာတုန်း" သူ စိတ်ထဲမှ ဇဝေဇဝါ ဖြစ်နေပါတော့သည်။

"သေစမ်း... သူက တကယ်ပဲ စိန်ခေါ်လိုက်တာလား" လျိုတောင်က ယွမ်ကျိုးနှင့် ချူးရှောင်ကို အံ့အားသင့်စွာ ကြည့်ပြီးနောက် ကျိုးရှီကျဲနောက်မှ ကပ်၍ လိုက်သွားတော့သည်။

"ဧည့်ခံကျွေးမွေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်" လီမင်းဟွေကလည်း သူ၏ ယဉ်ကျေးပျူငှာသော အမူအရာဖြင့် နှုတ်ဆက်သည်။

"ရပါတယ်" ယွမ်ကျိုးကလည်း ထုံးစံအတိုင်း တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

ဧည့်သည်များ အားလုံး ထွက်သွားကြပြီးနောက် ယွမ်ကျိုးသည် မီးဖိုချောင်ထဲသို့ ပြန်ဝင်ကာ အေးအေးဆေးဆေးပင် ပြန်လည်ချက်ပြုတ်နေခဲ့သည်။ ချူးရှောင် ပြောသွားသော "စားဖိုမှူးများအသင်း" အကြောင်းကို သူ စိတ်ထဲတွင် လုံးဝ အလေးမထားခဲ့ပေ။

အမှန်တော့ ယွမ်ကျိုးသည် ချက်ပြုတ်လောကထဲသို့ ရောက်ရှိသည်မှာ မကြာသေးသဖြင့် စားဖိုမှူးများအသင်း၏ အရေးပါမှုကို လုံးဝ မသိနားမလည်သေးခြင်း ဖြစ်သည်။ အကယ်၍ နိုင်ငံတကာမှ နာမည်ကြီး စားဖိုမှူးများစွာ တက်ရောက်မည့် ပွဲကြီးပွဲကောင်းဖြစ်ကြောင်း သိသွားပါက သူလည်း စိတ်လှုပ်ရှားသွားမည်မှာ သေချာပါသည်။

ယွမ်ကျိုးက စားဖိုမှူးအသင်းကိစ္စကို ဘေးဖယ်ထားသော်လည်း ဆိုင်ထဲရှိ ဝူဟိုင်းကမူ ယနေ့စားခဲ့ရသော "ငါးဟင်းပွဲတော်" ကို ဘယ်လိုနည်းနဲ့ ထပ်စားရမလဲဆိုသည်ကိုသာ စဉ်းစားနေတော့သည်။

"မင်း ငါ့ကို ထမင်းတစ်နပ် ကျွေးရင် အဲဒါကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ပြောပြမယ်" လင်းဟုန်က စိတ်ဆင်းရဲနေသော ဝူဟိုင်းကို ကြည့်ကာ ညီအစ်ကိုချင်း စာနာဟန်ဖြင့် ပြောလိုက်သည်။

"ပန်းချီကားကိုပဲ ဈေးနှိမ်ပြီးဝယ်အုံးမလို့လား" ဝူဟိုင်းက မထီမဲ့မြင်ပြုသည့် ပုံစံဖြင့် တုံ့ပြန်သည်။

"မဟုတ်ပါဘူး... ဒီရက်ပိုင်း ငါ ဗိုက်ထဲက သိပ်မကောင်းသလိုပဲ။ အာဟာရဓာတ်တွေ လိုနေသလားလို့" လင်းဟုန်က ပြောရင်း သုန်ပိုဝက်လက်ပေါင်း နှင့် လက်ဖက်ကြက်ဥ ကို မကောင်းဆိုးဝါး ရယ်သံဖြင့် လက်ညှိုးထိုးပြလိုက်သည်။

"ကျိုကျာ... ဒီမှာ မစ္စတာလင်းက ဝက်လက်နဲ့ လက်ဖက်ကြက်ဥ မှာချင်လို့တဲ့" ဝူဟိုင်းက တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် အော်မှာပေးလိုက်သည်။

"ဟုတ်ကဲ့... စုစုပေါင်း ၃၉၆၈ ယွမ် (3,968 Yuan) ကျသင့်ပါတယ်ရှင့်။ ငွေသားနဲ့ ပေးမလား၊ ဘဏ်ကနေပဲ လွှဲပေးမလား" ကျိုကျာက ဈေးနှုန်းကို သာယာသောအသံဖြင့် ပြောပြသည်။

"အင်း... သူပဲ ပေးမှာပါ" ဝူဟိုင်းက သူ၏ မုတ်ဆိတ်မွှေးလေးများကို ပွတ်သပ်ရင်း လင်းဟုန်ကို လက်ညှိုးထိုးပြလိုက်သည်။

"ငါ ပိုက်ဆံရှင်းရမယ်ဆိုရင်တော့ ငါ့ရဲ့ အကြံဉာဏ်ကို မင်း သိခွင့်မရှိဘူးနော်" လင်းဟုန်က ဖုန်းထုတ်ကာ ခြိမ်းခြောက်လိုက်သည်။

"ကိစ္စမရှိပါဘူး... ငါ ကျန်းချန်ရှီးကိုပဲ မေးကြည့်လိုက်မယ်" ဝူဟိုင်းက လင်းဟုန်၏ အကြံအစည်ကို ဂရုမစိုက်ကြောင်း ပြသလိုက်သည်။

"အေးပါ... မင်းစိတ်ကြိုက်လုပ်" လင်းဟုန်က ပခုံးတွန့်ရင်း ချက်ချင်းပင် ငွေလွှဲလိုက်တော့သည်။

"ငါ့ကို လာလိမ်ချင်တာလား... ဒါလုံးဝမဖြစ်နိုင်ဘူး" ဝူဟိုင်းက ကျေနပ်စွာ ပြုံးနေသည်။

ယွမ်ကျိုးမှာတော့ ထိုနှစ်ယောက်၏ အမြဲတမ်း ငြင်းခုံနေသော အပြုအမူများကို ကျင့်သားရနေပြီဖြစ်ရာ မသိကျိုးကျွံပြုကာ ရှောင်နေရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။ မည်သို့ပင်ဆိုစေကာမူ ဝူဟိုင်းမှာ တစ်ခါတစ်ရံ အလက်စကာ မာလာမွတ် ခွေးတစ်ကောင်ကဲ့သို့ပင် မိုက်မဲလွန်းလှသည် မဟုတ်ပါလား။

"ကြည့်အုံး ဟိုအမျိုးသမီး ပြန်လာပြန်ပြီ" လင်းဟုန်နှင့် ဝူဟိုင်းတို့ ငြင်းခုံနေစဉ် ဘေးရှိ ဖောက်သည်တစ်ဦးက တိုးတိုးလေး ပြောလိုက်သည်။

သူတို့နှစ်ဦးစလုံးမှာ ဆိုင်၏ ပုံမှန်ဖောက်သည်များ ဖြစ်ကြသဖြင့် လင်းဟုန်၊ ဝူဟိုင်းနှင့် ယွမ်ကျိုးတို့ပါ မသိစိတ်မှ ခေါင်းမော့၍ ကြည့်လိုက်ကြသည်။ ဆိုင်ထဲသို့ အမျိုးသမီးတစ်ဦး ဝင်လာခြင်းဖြစ်သည်။ သူမသည် အညိုရောင် အပေါ်ကုတ်အင်္ကျီ၊ အဖြူရောင် ဆွယ်တာနှင့် အနက်ရောင် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး အနီရောင်သန်းသော ဆံပင်ကောက်ကောက်များ ရှိသည်။ ကြည့်ရသည်မှာ ထက်မြက်သော လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးနှင့် တူသော်လည်း သူမ၏ နီရဲနေသော မျက်ဝန်းအိမ်များက တစ်စုံတစ်ခုကို မတရား ခံစားထားရသလို ပုံစံမျိုး ပေါက်နေသည်။

ယွမ်ကျိုးသည် ထိုအမျိုးသမီးကို မြင်သည်နှင့် မှတ်မိသွားသည်။ သူမသည် ဆိုင်ပိတ်ခါနီး နောက်ဆုံး (၅) မိနစ်ခန့်တွင်မှ ရောက်လာတတ်ပြီး "အမျိုး၁၀၀ ထမင်းဖြူ" တစ်ပွဲကိုသာ အမြဲမှာယူလေ့ရှိသည်။

"မင်း သူမကို သိလား" လင်းဟုန်က မေးသည်။

"အင်း... သူမက ဒီကို အမြဲလာပြီး ထမင်းဖြူပဲ မှာတာ။ ထမင်းစားနေရင်းနဲ့လည်း တိတ်တိတ်လေး ငိုနေတတ်သေးတယ်" ဝူဟိုင်းက ခေါင်းညိတ်ကာ ပြန်ဖြေသည်။ ဝူဟိုင်း၏ မျက်လုံးထဲတွင် ဆိုင်သို့ လာသမျှ လူတိုင်းသည် ဇာတ်လမ်းကိုယ်စီရှိကြသော ပန်းချီကားတစ်ချပ်စီကဲ့သို့ပင်။

"တကယ်ကို ထူးဆန်းတာပဲ" လင်းဟုန်က စိတ်ဝင်တစား ရေရွတ်လိုက်သည်။

ထိုစဉ် အမျိုးသမီး၏ ကြည်လင်ပြတ်သားသော အသံ ထွက်ပေါ်လာသည်။

"အမျိုး ၁၀၀ ထမင်းဖြူတစ်ပွဲ ပေးပါ"

ယွမ်ကျိုးသည် အလွန်လျင်မြန်စွာပင် ချက်ပြုတ်လိုက်ပြီး ကျိုကျာက ကြွေပန်းကန်လုံးဖြင့် ထမင်းဖြူကို သူမထံသို့ ယူဆောင်လာခဲ့သည်။

"ကျေးဇူးတင်ပါတယ်" အမျိုးသမီးက တိုးတိုးလေး ပြောကာ ခေါင်းငုံ့လိုက်သောအခါ သူမ၏ ဆံနွယ်များက မျက်နှာကို ဖုံးအုပ်သွားသဖြင့် သူမ၏ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။

သူမသည် တူကို ကောက်ယူကာ အလွန်နှေးကွေးစွာ စားသောက်နေသည်။ ထမင်းတစ်ကိုက်ကို စားပြီးတိုင်း နောက်တစ်ကိုက် မစားမီ အချိန်အတော်ကြာအောင် ဝါးနေတတ်သည်။ ဆိုင်ထဲရှိ တခြားသူများက သူမကို စိတ်ဝင်တစား ကြည့်နေကြသော်လည်း သူမကတော့ သူမ၏ ကမ္ဘာလေးထဲတွင်သာ နစ်မြုပ်နေပုံရသည်။

အပိုင်း (၅၀၁)

ပြီးပါပြီ။

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၀၂)

"ငါ သူ့ကို သွားမေးသင့်တယ်လို့ မင်းထင်လား" လင်းဟုန်က ဘေးမှ ထမင်းဖြူစားနေသော အမျိုးသမီးကို ကြည့်ကာ ဝူဟိုင်းအား တိုးတိုးလေး မေးလိုက်သည်။

"ဟေး... ဘာလို့ သူ့အပေါ် စိတ်ဝင်စားသွားရပြန်တာတုံး" ဝူဟိုင်းက သူ၏ မုတ်ဆိတ်မွှေးလေးများကို ပွတ်သပ်ရင်း မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် ပြန်ဖြေသည်။ ဝူဟိုင်းအတွက် လင်းဟုန်မှာ လှပသော အမျိုးသမီးတိုင်းအပေါ် စိတ်ဝင်စားတတ်သည့် "မြင်းထီး" တစ်ကောင်ကဲ့သို့ပင်။

သို့သော် လင်းဟုန်က ဝူဟိုင်း၏ စကားကို ဂရုမစိုက်ဘဲ ထိုအမျိုးသမီးထံသို့ တိုက်ရိုက် ချဉ်းကပ်လိုက်သည်။ သူသည် ပေါ့ပေါ့တန်တန် စကားစရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ဟယ်လို..."

အမျိုးသမီးက ဘာမှမကြားသလိုပင် တိတ်ဆိတ်စွာ ဆက်လက် ဝါးနေသည်။ လင်းဟုန်က လွယ်လွယ်နှင့် လက်လျှော့မည့်သူ မဟုတ်သဖြင့် ထပ်မံ၍ မေးခွန်းထုတ်လိုက်သည်။

"ဘာလို့ ဒီဆိုင်မှာ ထမင်းဖြူပဲ စားနေတာလဲ"

"အမ် ကျွန်မကို မေးနေတာလား" အမျိုးသမီးက ဇဝေဇဝါဖြင့် မော့ကြည့်လာသည်။

"ဟုတ်တယ်လေ... ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ငါ့ဘေးမှာ အလှလေးတစ်ယောက်ပဲ ရှိတာကိုး။ ငါက လှပတဲ့ အမျိုးသမီးတွေနဲ့ပဲ စကားပြောလေ့ရှိတယ်" လင်းဟုန်က သူ၏ ရုပ်ရှင်မင်းသားကဲ့သို့ အပြုံးဖြင့် ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

လင်းဟုန်ကဲ့သို့ ချောမောပြီး ဈေးကြီးအဝတ်အစားများ ဝတ်ဆင်ထားသော "ဒုတိယမျိုးဆက်သူဌေးကြီး" တစ်ဦးအဖို့ ဤစကားမျိုးမှာ ဆွဲဆောင်မှုရှိသော်လည်း၊ ဝူဟိုင်းကတော့ ထိုစကားကို ကြားပြီး "တကယ့်ကို ရိုက်သတ်ချင်စရာကောင်းတဲ့ကောင်" ဟု စိတ်ထဲမှ မှတ်ချက်ပေးလိုက်သည်။

အမျိုးသမီးက လင်းဟုန်ကို ကြည့်ပြီး ချက်ချင်းပင် တည်ငြိမ်စွာ ပြန်ဖြေသည်။

"ကျွန်မ ဘာစားစား ရှင် သိဖို့ မလိုပါဘူး"

သူမ၏ လေသံမှာ ယဉ်ကျေးသော်လည်း စကားလုံးများမှာ ပြတ်သားပြီး ရိုင်းစိုင်းလှသည်။ သို့သော် လင်းဟုန်က ပခုံးတွန့်ကာ ဂရုမစိုက်ဟန် ပြလိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော်က ရိုးရိုးလေး မေးကြည့်တာပါ။ အကယ်၍ ခင်ဗျား ဟင်းမှာဖို့ မတတ်နိုင်ဘူးဆိုရင် ကျွန်တော် ဟင်းတစ်ပွဲ ဝယ်ပေးနိုင်ပါတယ်... ဥပမာ (၁) ယွမ်တန် ကျောက်ပွင့်လိုမျိုးပေါ့" လင်းဟုန်က ဆက်လက်၍ စနောက်လိုက်သည်။

"မလိုပါဘူး" အမျိုးသမီးက ပြတ်ပြတ်သားသား ငြင်းဆိုကာ ထမင်းစားရန် ပြန်၍ ခေါင်းငုံ့သွားသည်။

"ဝါး... အချောလေးလင်းရေ၊ မင်းတောင် အငြင်းခံလိုက်ရပါလား" ဝူဟိုင်းက ဘေးမှ လှောင်ရယ်လိုက်သည်။

"ဘယ်လိုမှ မဖြစ်နိုင်ဘူး... လူတိုင်းက ငါ့ရဲ့ ဆွဲဆောင်မှုကို တန်ဖိုးထားဖို့ အရည်အချင်း မပြည့်မီကြလို့ပါ" လင်းဟုန်က သူ၏ မာနကို ဆက်လက် ဆွဲကိုင်ထားဆဲပင်။

"ဒီအမျိုးသမီးက စိတ်ထားကောင်းလို့ပါ... တခြား စိတ်တိုတတ်တဲ့ မိန်းကလေးဆိုရင် မင်း အခုလောက်ဆို အရိုက်ခံနေရလောက်ပြီ" ဟု ဝူဟိုင်းက အမှန်တရားကို ပြောလိုက်သည်။

"မဖြစ်နိုင်တာ။ ဒီလို အလွဲမျိုးက မင်းပဲ ကြုံရတာ" လင်းဟုန်က မကောင်းကြံသော အပြုံးဖြင့် အတည်ပြုပြောဆိုလိုက်သည်။

ပြောရလျှင် ဤလူနှစ်ယောက်ကြားတွင် တစ်ဦးကိုတစ်ဦး နှိပ်ကွပ်ခဲ့သော အမှတ်တရဟောင်းများက များလွန်းလှသည်။ ရည်းစားအများကြီး ထားဖူးသော လင်းဟုန်သည် ဝူဟိုင်းတွင် ရည်းစားမရှိသည်ကို သိကတည်းက ဤအချက်ကို အမြဲတမ်း လက်နက်သဖွယ် အသုံးချကာ လှောင်ပြောင်နေခဲ့ခြင်း ဖြစ်သည်။

မူလက လင်းဟုန်သည် ယွမ်ကျိုးကိုလည်း တစ်ခါတစ်ရံ စနောက်တတ်သော်လည်း ယွမ်ကျိုး၏ လက်ရာများက သိသိသာသာ တိုးတက်လာပြီးနောက်တွင်မူ သူသည် "အခြေအနေနှင့် အချိန်အခါကို နားလည်သူသည် ပညာရှိ" ဟူသော မူကို ဆုပ်ကိုင်ကာ ယွမ်ကျိုးကို မစတော့ပေ။ ယွမ်ကျိုးက သူ့ဗိုက်ကို ထိန်းချုပ်ထားနိုင်သူ မဟုတ်ပါလား။ ထို့ကြောင့် သူ၏ အဓိက ပစ်မှတ်မှာ ဝူဟိုင်းသာ ဖြစ်တော့သည်။

သို့သော် ဝူဟိုင်းသည်လည်း အရှုံးပေးမည့်သူ မဟုတ်သဖြင့် နှစ်ဦးသား အခြေအတင် ဖြစ်နေကြပြန်သည်။

"အဟမ်း... အဲ့ဒါတွေ မပြောနဲ့‌တော့။ ဒီမိန်းကလေးဘာလို့ ထမင်းဖြူကြီးပဲ စားနေတာလဲဆိုတာ မင်း သိလား" ဝူဟိုင်းအမှန်တကယ် ဒေါသထွက်တော့မည်ကို ရိပ်မိသောအခါ လင်းဟုန်က ချက်ချင်းပင် အကြောင်းအရာ ပြောင်းလိုက်သည်။

"ငါက သူများအကြောင်း အတင်းပြောတတ်တဲ့သူ မဟုတ်ဘူး" ဝူဟိုင်းက အေးစက်စက် နှာခေါင်းရှုံ့ကာ တုံ့ပြန်သည်။

"ဒါက အတင်းပြောတာ မဟုတ်ဘူးလေ။ စဉ်းစားကြည့်... မင်း ပန်းချီဆွဲရင်တောင် မော်ဒယ်တွေရဲ့ စိတ်ဓာတ်ကို ဖော်ပြနိုင်ဖို့ သူတို့အကြောင်း သေချာသိဖို့ လိုတယ်မလား။ အခုလည်း ဒီမိန်းက‌လေးရဲ့ ပုံရိပ်ကို မင်းဆွဲချင်ရင် သူ့အကြောင်း သိထားမှ ပန်းချီက အသက်ဝင်မှာပေါ့" လင်းဟုန်က ဝူဟိုင်း၏ အနုပညာစိတ်ဓာတ်ကို အသုံးချကာ ဆွဲဆောင်လိုက်သည်။

"အင်း... အဲဒါလည်း အဓိပ္ပာယ်ရှိသားပဲ" ဝူဟိုင်းက သူ၏ မုတ်ဆိတ်မွှေးလေးများကို ပွတ်သပ်ရင်း ထမင်းစားနေသော အမျိုးသမီးထံသို့ အကြည့် ရွှေ့လိုက်သည်။

"ဟုတ်တယ်လေ။ ငါ ပန်းချီမဆွဲတတ်ပေမဲ့ ပန်းချီရဲ့ သဘောတရားကိုတော့ နားလည်ပါတယ်" လင်းဟုန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

ထိုမြင်ကွင်းကို ကြည့်နေသော ယွမ်ကျိုးကတော့ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူက ပန်းကန်များကို ချရင်း အလေးအနက် တွေးနေမိသည်။

"ဝူဟိုင်းကိုလှည့်စားရတာ တော်တော်လွယ်တာပဲ။ ငါ့လို IQ မြင့်ပြီး တည်ငြိမ်တဲ့ ယောက်ျားတွေ ဒီလောကမှာ နည်းသထက် နည်းလာပြီ ထင်တယ်"

သူတို့နှစ်ဦး၏ ဆွေးနွေးချက်များကို ထိုအမျိုးသမီးကတော့ လုံးဝ ဂရုမစိုက်ပေ။ သူမသည် ပန်းကန်ထဲမှ ထမင်းဖြူကို ကောင်းကင်ဘုံမှ နတ်သုဒ္ဓါကဲ့သို့ တစ်ကိုက်ချင်းစီ အာရုံစိုက်ကာ စားနေဆဲပင်။

ယွမ်ကျိုး အသုံးပြုသော ဆန်မှာ အရည်အသွေးမြင့် လက်ဆောင်ဆန်များ ဖြစ်သဖြင့် ကြည်လင်ပြီး မွှေးရနံ့ရှိကာ အရသာမှာလည်း အလွန်ထူးကဲသည်။ သို့သော် ထိုအမျိုးသမီး အလေးအနက်ထား စားနေရခြင်းမှာ ဆန်၏ အရသာကြောင့်သာ မဟုတ်နိုင်ပေ။

သူမ၏ ဆံပင်ရှည်များကိုသာ တစ်စုံတစ်ဦးက ဖယ်ရှားကြည့်လိုက်မည်ဆိုလျှင် သူမ စားနေစဉ်အတွင်း မျက်ရည်များမှာ ပန်းကန်လုံးထဲသို့ တစ်စက်ချင်းစီ ကျဆင်းနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ထူးဆန်းသည်မှာ သူမ၏ မျက်နှာအမူအရာသည် အလွန်အမင်း ဝမ်းနည်းကြေကွဲမှုမှသည် ဖြည်းဖြည်းချင်း တည်ငြိမ်အေးချမ်းသော ပုံစံသို့ ပြောင်းလဲသွားခြင်းပင်။

ထိုအကြောင်းကြောင့်လည်း သူမသည် လင်းဟုန်၏ စနောက်မှုများကို တည်ငြိမ်သောလေသံဖြင့် ပြန်လည်တုံ့ပြန်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယွမ်ကျိုး၏ စားသောက်ဆိုင်ရှိ ဟင်းလျာများသည် အရသာထူးကဲရုံသာမက စိတ်ကိုပါ ကြည်လင်စေသည့် အစွမ်းရှိပုံရသည်။ ထို့ကြောင့် အမျိုးသမီးသည် အလွန်နှေးကွေးစွာ စားနေသော်လည်း နောက်ဆုံးတွင်တော့ ထမင်းပန်းကန်လုံးမှာ အကုန်အစင် ကုန်သွားခဲ့ပြီ ဖြစ်သည်။

တစ်ဖက်တွင်မူ အတင်းအဖျင်းပြောရသည်ကို ဝါသနာပါသော လင်းဟုန်နှင့် အရာရာကို အနုပညာမျက်စိဖြင့် ကြည့်တတ်သော ဝူဟိုင်းတို့မှာ ထိုအမျိုးသမီး၏ လျှို့ဝှက်ချက်ကို ခန့်မှန်းနေကြဆဲပင်။

"ဈေးနှုန်းကြောင့်များလား... ပိုက်ဆံချွေတာချင်လို့ ထမင်းဖြူပဲ စားတာဖြစ်နိုင်တယ်" ဝူဟိုင်းက အတော်ကြာစဉ်းစားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး။ သူမ ဝတ်ထားတဲ့ အင်္ကျီက Girdear အမှတ်တံဆိပ်။ အဲဒီလို အဝတ်အစားမျိုးက အနည်းဆုံး ယွမ် ၇၀၀ ကနေ ၈၀၀ အထိ တန်ဖိုးရှိပြီး ကုတ်အင်္ကျီဆိုရင် ယွမ် ၂၀၀၀ ကျော်တယ်လေ။ ထမင်းတစ်နပ်အတွက် ယွမ် ၂၀၀၊ ၃၀၀ လောက် သုံးဖို့က သူမအတွက် ဘာမှမဟုတ်ပါဘူး" လင်းဟုန်က ချက်ချင်းပင် ထောက်ပြလိုက်သည်။

မိန်းကလေးများနှင့် ရင်းနှီးသော လင်းဟုန်အတွက် အမျိုးသမီးဝတ် အမှတ်တံဆိပ်များကို တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားနိုင်ခြင်းမှာ သူ၏ အားသာချက်တစ်ခုပင်။

"အဲဒါဆိုရင်လည်း သူမက ဒီထမင်းဖြူကို တကယ်ကြိုက်လို့ပဲ ဖြစ်ရမယ်" ဝူဟိုင်းက ထပ်မံရိုးရှင်းစွာကောက်ချက်ချလိုက်သည်။

"ဟာ... ခင်ဗျားရဲ့ စိတ်ကူးဉာဏ်ကလည်းဗျာ" လင်းဟုန်က မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်တော့်အထင်တော့ သူမကို ဒီလို ရိုးရိုးထမင်းဖြူပဲ စားစေခဲ့တဲ့ ရင်နင့်ဖွယ် အချစ်ဇာတ်လမ်းတစ်ခုခု ရှိနေမှာပဲ"

"သူမက ထမင်းဖြူစားနေတာပါကွာ... မင်းကတော့ အတွေးလွန်နေပြန်ပြီ" ဝူဟိုင်းက စကားမပြောနိုင်အောင်ပင် ဖြစ်သွားတော့သည်။

နောက်ဆုံးတွင်တော့ ထိုလူနှစ်ဦးမှာ ဘာမှမဖြစ်ခဲ့သလိုပင် သူတို့ရှေ့မှ အရသာရှိသော အစားအစာများကို ဆက်လက် စားသုံးနေကြသည်။ သူတို့၏ စူးစမ်းလိုစိတ်မှာလည်း လျင်မြန်စွာ ပေါ်ပေါက်လာပြီး လျင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

ထမင်းစားပြီးသောအခါ အမျိုးသမီးသည် တူကို တိတ်ဆိတ်စွာချ၍ ရေတစ်ခွက်သောက်လိုက်သည်။ ထို့နောက် အချိုဓာတ်ရစေရန် သကြားလုံးတစ်လုံးကို ပါးစပ်ထဲငုံကာ ဆိုင်ထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

"ဒေါက်...ဒေါက်... ဒေါက်..."

သူမသည် တံခါးဝသို့ ရောက်သောအခါ ဆိုင်းဘုတ်ပင်မရှိသော ဤစားသောက်ဆိုင်လေးကို လှည့်ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"အရသာ အရမ်းရှိတယ်... ကျေးဇူးပြုပြီး ဒီအတိုင်းလေးပဲ ဆက်ပြီး ဖွင့်ထားပေးပါနော်"

"ဒီနေရာလေးက ကျွန်မအတွက် လိပ်ခွံလေးတစ်ခုလိုပါပဲ... ကျွန်မ အရမ်းဝမ်းနည်းနေတဲ့ အချိန်တွေမှာ ခိုနားလို့ရတဲ့ နေရာလေးပေါ့။ တကယ်ကို ကောင်းလိုက်တာ"

ထိုစကားကို သူမက အလွန်တိုးတိုးလေး ပြောလိုက်ခြင်း ဖြစ်သဖြင့် နားပါးလှသော ယွမ်ကျိုးပင် မကြားလိုက်ပေ။ သို့သော် သူမ၏ မျက်နှာတွင်မူ စောစောက ဝမ်းနည်းရိပ်များ ပျောက်ကွယ်သွားပြီး အေးချမ်းသော အမူအရာက အစားထိုး ဝင်ရောက်နေပြီဖြစ်သည်။

အပိုင်း (၅၀၂)

(ပြီးပါပြီ)

All Chapters