အခန်း (၅၀၃-၅၀၄)
Vol. 41 Ch. 503-504
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၅၀၃)
ငါးဟင်းပွဲတော်သည် မီနူးတွင် ပါဝင်လာသည်မှာ ရက်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ယွမ်ကျိုး အရသာမြညခးရန်ချက်သော ဟင်းများကို ဖယ်ထားလျှင် ဤပွဲတော်ကို အပြည့်အစုံ စားဖူးသူမှာ စုမူ နှင့် သူ၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက် ကျန်းချန်ရှီ တို့သာ ရှိသေးသည်။ ဝူဟိုင်းမှာမူ သူတို့စားနေစဉ် ကြားဖြတ်နှောင့်ယှက်ပြီးမှ မြည်းစမ်းခွင့်ရခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာလ၏ နေ့လယ်ခင်းသည် နေရောင်ခြည်ကြောင့် နွေးထွေးနေသဖြင့် ဆောင်းရာသီဖြစ်သော်လည်း မိန်းကလေးအများစုမှာ စကတ်တိုများနှင့် လှပစွာ ပြင်ဆင်ထားကြသည်။
ယင်းယာသည်လည်း ထိုနည်းတူပင်။ သူမသည် အနက်ရောင် ခြေအိတ်ရှည်၊ မီးခိုးရောင် ကတ္တီပါစကတ်နှင့် ခေတ်မီသော ကုတ်အင်္ကျီတို့ကို တွဲဖက်ဝတ်ဆင်ထားသဖြင့် အလွန်ပင် အရည်အချင်းရှိသော အမျိုးသမီးဝန်ထမ်းတစ်ဦးနှင့် တူနေသည်။
"တောက်... အပြင်မှာ တကယ်အေးတာပဲ" ယင်းယာက ဆိုင်ထဲသို့ ဝင်လာရင်း နှုတ်ခမ်းစူကာ ညည်းညူလိုက်သည်။
"ဒီဇင်ဘာလကြီးပဲဟာ... အေးမှာပေါ့" ဝူဟိုင်းက ဂျာကင်အင်္ကျီအပွကြီး ဝတ်ဆင်ကာ ခေါက်ဆွဲပြုတ်ကို အားရပါးရ သောက်ရင်း ပြန်ဖြေသည်။
"ဂျိုးဂျိုး... ခေါက်ဆွဲအလွတ်တစ်ပွဲ ပေးပါဦး" ဟု ယင်းယာက အသံကျယ်ကျယ်ဖြင့် မှာလိုက်သည်။
"ကောင်းပြီ... ခဏလေး စောင့်ပါဦး" ဟု ယွမ်ကျိုးက ကိုယ်တိုင်ပင် ပြန်ထူးလိုက်သည်။
"ကျေးဇူးတင်ပါတယ် သူဌေးယွမ်" ဟု ယင်းယာက အံ့သြဝမ်းသာသွားကာ ဆံပင်ကို သပ်တင်ရင်း အသံတိုးတိုးဖြင့် ပြန်ပြောသည်။ ယွမ်ကျိုးက ညင်သာစွာ ခေါင်းညိတ်ပြပြီး မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားသည်။
ယွမ်ကျိုး ထွက်သွားသည်နှင့် ယင်းယာ၏ မျက်နှာက ချက်ချင်းပင် ညှိုးငယ်သွားကာ ဒေါသတကြီး ရေရွတ်လိုက်သည်။
"တော်တော် လွန်လွန်းတယ်"
"ဘာဖြစ်လို့လဲ" ဝူဟိုင်းက စပ်စုလိုက်သည်။
"ကျွန်မရဲ့ အထက်လူကြီးပေါ့... ဒီနေ့ အကြောင်းပြချက်မရှိဘဲ ကျွန်မတို့ကို ထပ်ဆူပြန်ပြီ" ယင်းယာက သူမ၏ လက်ကိုင်အိတ်ကို တင်းတင်းဆုပ်ကာ ဝူဟိုင်းအား ရင်ဖွင့်ရှာသည်။
"မင်းရဲ့ ဒါရိုက်တာက မျိုးရိုးအမည် ဂေါင် ဆိုတဲ့သူ မဟုတ်လား" ဝူဟိုင်းက သတိတရဖြင့် မေးလိုက်သည်။
"ဟုတ်တယ်... ဒါရိုက်တာဂေါင်က ဒီမနက် အလုပ်ထဲကို ဒေါသတကြီး ပြေးဝင်လာပြီး လူတိုင်းကို လျှောက်ဆူနေတာ။ ဘယ်လောက် ကံဆိုးလိုက်လဲ" ယင်းယာက နှုတ်ခမ်းလေးကို တင်းတင်းစေ့ကာ ပြောပုံမှာ အရင်ကထက်ပင် ပို၍ ချစ်စရာကောင်းနေသည်။
"အကြောင်းရင်းကိုရော မင်း သိလား"
"သိတာပေါ့... ကျွန်မတို့ ဒါရိုက်တာက အကြီးစား ဖောက်သည်တစ်ယောက်ကို ဝိုင် နဲ့ ဧည့်ခံခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးမှာ ဝိုင်က မကောင်းဘူးဆိုပြီး အဆင်မပြေဖြစ်သွားလို့တဲ့" ယင်ယာက သက်ပြင်းချလိုက်သည်။
"ဝိုင်ကောင်းကောင်း ရှာရတာ လွယ်သားပဲ... သူဌေးယွမ်ရဲ့ ဝိုင်ဘားကို ဘာလို့ ခေါ်မလာတာလဲ" ဟု ဝူဟိုင်းက မုန့်စားရင်း အကြံပေးလိုက်သည်။
"ဒါပေမဲ့ ကျွန်မတို့ ဒါရိုက်တာက အဲဒီဖောက်သည်ကို ဒေသခံ Chateau Mouton-Rothschild (ရှတိုး မူတွန် ရော့သ်ချိုင်းလ်) ကိုတောင် ခေါ်သွားခဲ့တာလေ။ အဲဒီမှာ ကျွေးတဲ့ ဝိုင်တွေအားလုံးက ပြင်သစ်နိုင်ငံ Bordeaux (ဘော်ဒိုး) ဒေသရဲ့ အကောင်းဆုံး ဝိုင်တွေပဲဥစ္စာ" ယင်းယာက အားကိုးရာမဲ့သော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ဪ..." ဝူဟိုင်းကတော့ အလေးမထားသလိုပင် ရိုးရိုးရှင်းရှင်းပဲ ပြန်ထူးလိုက်သည်။
ထိုစဉ် ပတ်ဝန်းကျင်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယွမ်ကျိုးက သူမမှာယူထားသော ခေါက်ဆွဲပြုတ်ကို သယ်လာပေးသည်။
"ဒီမှာ မင်းရဲ့ ခေါက်ဆွဲပြုတ်အလွတ်"
"ကျေးဇူးတင်ပါတယ်" ဟု ယင်းယာက သူမ၏ လှပသော မျက်နှာလေး အနည်းငယ် နီမြန်းသွားရင်း ကျေးဇူးတင်စကား ပြောလိုက်သည်။ ယွမ်ကျိုးကလည်း "အင်း" ဟု ခေါင်းညိတ်ပြကာ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားပြန်သည်။
ယင်းယာသည် ပူပူနွေးနွေး ခေါက်ဆွဲပြုတ်ကို တစ်ငုံသောက်လိုက်မှပင် အပြင်က အအေးဒဏ်ကြောင့် အေးစက်နေသော ခန္ဓာကိုယ်လေး ပြန်လည် နွေးလာတော့သည်။ အရသာရှိလှသော ခေါက်ဆွဲပြုတ်ကြောင့် သူမ၏ စိတ်ကူးများက တည့်မတ်သွားပြီး ဝူဟိုင်းကို ထပ်မံ မေးမြန်းလိုက်သည်။
"အစ်ကိုဝူ... Chateau Mouton-Rothschild ရဲ့ ဝိုင်နဲ့ သူဌေးယွမ်ရဲ့ ဝါးအရက် ဘယ်ဟာက ပိုကောင်းမယ်လို့ ထင်လဲ"
ဝူဟိုင်းက ခေါင်းခါပြလိုက်သည်။
"မသိဘူး... ငါက အဲဒီဝိုင်ကို တစ်ခါမှ မသောက်ဖူးဘူး။ လင်းဟုန်ကို မေးကြည့်လိုက်၊ သူကတော့ သောက်ဖူးလိမ့်မယ်"
ယင်းယာသည် ဘေးမှ လင်းဟုန်ဘက်သို့ လှည့်ကာ ယဉ်ကျေးစွာ မေးလိုက်ပြန်သည်။
"မောင်လေးလင်း... မင်းက Chateau Mouton-Rothschild ဝိုင်ကို သောက်ဖူးတယ်ဆိုတော့... ဘယ်ဟာက ပိုအရသာရှိလဲ၊ အဲဒီဝိုင်လား၊ သူဌေးယွမ်ရဲ့ ဝါးအရက်လား"
လင်းဟုန်က အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ချက်ချင်းပင် ပုခုံးတွန့်ကာ ပြန်ဖြေသည်။
"သူတို့ကို နှိုင်းယှဉ်နေတာက အဓိပ္ပာယ်မရှိဘူး။ သူဌေးယွမ်ရဲ့ အရက်က ပိုအရသာရှိတာပေါ့။ ငါက အဲဒီက ဝိုင်တွေရဲ့ ပုံမှန်ဖောက်သည်ပဲ၊ ဒါပေမဲ့ သူဌေးယွမ်ရဲ့ အရက်ကို သောက်ပြီးကတည်းက အဲဒါတွေက သိပ်မကောင်းတော့သလိုပဲ"
ထိုအဖြေကို ကြားလိုက်ရသောအခါ ယင်းယာ၏ မျက်လုံးများ တောက်ပသွားပြီး တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် ပြောကာ ထမင်းကို အမြန်စားလိုက်တော့သည်။
"ကျေးဇူးတင်ပါတယ်... အစ်ကိုဝူနဲ့ မောင်လေးလင်း"
လင်းဟုန်က သူမကို ကြည့်ကာ ပြုံးလျက် ရေရွတ်လိုက်ပါတော့သည်။
"တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ သူပဲ"
ဝူဟိုင်းကတော့ အရသာရှိလှသော အစားအစာများကြား အလုပ်ရှုပ်နေသည်မို့ ယင်းယာ၏ နှုတ်ဆက်စကားကို ခေါင်းညိတ်ပြရုံသာ တုံ့ပြန်နိုင်ခဲ့သည်။
ထိုနေ့မှာတော့ ယင်းယာတစ်ယောက် ပုံမှန်ထက် (၅) မိနစ်ခန့် စောပြီး ခေါက်ဆွဲပြုတ်ကို အမြန်စားခဲ့သည်။ စားပြီးသည်နှင့် သူမသည် အနားမယူတော့ဘဲ ကုမ္ပဏီဆီကို လျင်မြန်သော ခြေလှမ်းများနှင့် ပြန်သွားခဲ့သည်။
"အတွင်းရေးမှူးချုပ် ဂျိုလီ (Jolie) က ပုံမှန်ဆိုရင် အောက်ထပ်က ကိုယ်ပိုင်အိမ်ဆိုင်မှာ နေ့လယ်စာစားလေ့ရှိတယ်။ အခု (၁) နာရီခွဲဆိုတော့ ကုမ္ပဏီကို ပြန်ရောက်နေလောက်ပြီ" ယင်းယာက ဖုန်းကိုကြည့်ပြီး အချိန်တွက်ချက်လိုက်သည်။
"အခုချက်ချင်းသွားပြီး သူမနဲ့ စကားပြောရင် ကောင်းမယ်ထင်တယ်" သူမဘာသာ တီးတိုးရေရွတ်ရင်း (၂၃) ထပ်ကို တိုက်ရိုက်တက်သွားခဲ့၏။
ဓာတ်လှေကားထဲတွင် ယင်းယာသည် သူမ၏ရုပ်ရည်ကို မှန်ကြည့်ပြီး သေချာစစ်ဆေးလိုက်သေးသည်။ အရာအားလုံး အဆင်ပြေပြီဆိုမှ ဓာတ်လှေကားထဲမှထွက်လာခဲ့ရာ ကံကောင်းစွာပင် အတွင်းရေးမှူးချုပ် ဂျိုလီကို သူမ၏ကိုယ်ပိုင်ထိုင်ခုံမှာ ကော်ဖီသောက်နေတာ တွေ့လိုက်ရသည်။
"ဒုံ... ဒုံ..."
ယင်းယာက တံခါးကို ယဉ်ကျေးစွာ ခေါက်လိုက်၏။
"ဝင်ခဲ့ပါ" ဂျိုလီက အမေရိကန်လေယူလေသိမ်းနှင့် ပြန်ထူးသည်။
"ဂျိုလီ... ကျွန်မ တစ်ခုခု အစီရင်ခံချင်လို့ပါ" ယင်းယာက လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။
"ပြောပါ"
"ကိစ္စက ဒီလိုပါ။ ကုမ္ပဏီနဲ့ (၁၀) မိနစ်လောက်ပဲ ဝေးတဲ့နေရာမှာ အရမ်းအရသာရှိတဲ့ အရက်တွေရတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ ယွမ်ကျိုးစားသောက်ဆိုင် ပါ။ ဒါကို စမ်းကြည့်သင့်တယ်လို့ ကျွန်မထင်တယ်"
ယင်းယာက သူမသိထားသော အချက်အလက်ကို တိုက်ရိုက်ပြောလိုက်သော်လည်း ဂျိုလီကတော့ သိပ်ပြီး သဘောကျပုံမရပါပေ။ဆန့်ကျင်ဘက်အနေနှင့် သူမက ခပ်ကြမ်းကြမ်းပင် ပြန်ပြောလိုက်၏။
"အကြံပြုချက်အတွက်တော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မသိသလောက်တော့ ဒီအနားမှာ ဘယ်လို နာမည်ကြီး ဝိုင်ထုတ်လုပ်တဲ့နေရာမှ မရှိပါဘူး။ သူများကိစ္စတွေကို ဝင်မစွက်ဖက်ဘဲ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်သင့်တယ်လို့ ထင်တယ်"
ဂျိုလီ၏အပြောကြောင့် ယင်းယာ အသက်ကို ပြင်းပြင်းရှူလိုက်ရပါတယ်။ သူမရဲ့ အကြံပြုချက်က ပယ်ချခံလိုက်ရပြီဆိုတာ သိလိုက်ရလို့ပါ။
"ကောင်းပါပြီ ဂျိုလီ... ဒါဆို ကျွန်မရဲ့ အလုပ်ထဲက ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး တိုင်ပင်ချင်လို့ပါ" သူမကအကြောင်းအရာကို ချက်ချင်း လွှဲပြောင်းလိုက်ပါတယ်။
ဂျိုလီကတော့ ခေါင်းညိတ်ရုံသာ တုံ့ပြန်လိုက်သည်။ ထင်ရှားစွာပင် သူမသည် ယင်ယာက သူမ၏လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး အကြံပေးသည်ကိုသဘောမကျပေ။ ဂျိုလီက အကြီးအကဲ အတွင်းရေးမှူးဖြစ်ပြီး ယင်းယာက လက်ထောက်တစ်ယောက်သာ ဖြစ်သောကြောင့် အဆင့်အတန်းကွာခြားမှုက အဆင်မပြေမှုများ ဖြစ်ပေါ်စေသည်မဟုတ်ပါလား။
အပိုင်း (၅၀၃)
(ပြီးပါပြီ)
ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၅၀၄)
"အခြေအနေက ဒီလိုပါ။ ကျွန်မစုံစမ်းနေတဲ့ ဖောက်သည်က Francis (ဖရန်စစ်) ဟိုတယ်မှာ နေချင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ အဲဒါက မစ္စတာချင်ကို ထိခိုက်မလားတော့ မသိဘူး" ယင်ယာက သူမ ပြင်ဆင်လာသော စာရွက်စာတမ်းများကို ထုတ်ပြရင်း အလေးအနက် မေးမြန်းလိုက်သည်။
"ပြဿနာမရှိပါဘူး။ မစ္စတာချင်က ဒီနေ့မွန်းလွဲပိုင်း ထွက်သွားလိမ့်မယ်။ အဲဒီဖောက်သည်က ဂျင်လင်းက မစ္စတာကျိုးလား" ဂျိုလီက ခဏစဉ်းစားပြီး ပြန်ဖြေသည်။ ဤမေးခွန်းမှာ အလုပ်ကိစ္စအတွင်း၌သာ ရှိသဖြင့် ဂျိုလီက ဘာမှမပြောဘဲ သဘောတူခဲ့သည်။
ယင်းယာသည် လိုချင်သော အဖြေကို ရသည်နှင့် ယဉ်ကျေးစွာ နှုတ်ဆက်၍ ထွက်လာခဲ့သည်။ ဂျိုလီကတော့ ပိတ်သွားသော တံခါးကိုကြည့်ရင်း ရေရွတ်လိုက်သည်။ သူမသည် ယင်ယာကို ဒေါသထွက်ပုံမပေါ်ပေ။
"ဒီကောင်မလေးက အတွေးတွေ အတော်များသားပဲ"
"အစီအစဉ်ကို စရတော့မယ်" ယင်းယာက စာရွက်စာတမ်းများကို တင်းတင်းဆုပ်ကိုင်ရင်း စိတ်ပိုင်းဖြတ်လိုက်သည်။
အမှန်တော့ Chateau Mouton-Rothschild ဝိုင်ထက် ယွမ်ကျိုး၏ အရက်က ပိုအရသာရှိကြောင်း အတည်ပြုပြီးနောက် ယင်းယာသည် အကြံတစ်ခု ရခဲ့ခြင်းဖြစ်သည်။ သူမသည် ကုမ္ပဏီ၏ အရေးကြီးသော ပေးသွင်းသူကို ယွမ်ကျိုး၏ဆိုင်သို့ ခေါ်သွားကာ အရက်ဖြင့် ဧည့်ခံလိုသည်။ သို့သော် သူမသည် လက်ထောက်တစ်ဦးသာ ဖြစ်သဖြင့် အထက်လူကြီးကို တိုက်ရိုက်ပြောဆို၍ မရပေ။ အတွင်းရေးမှူးချုပ် ဂျိုလီထံမှ တဆင့်ပြောရန် ကြိုးစားသော်လည်း ပယ်ချခံရမည်ကို သူမ သိထားပြီးသားဖြစ်သည်။
သို့သော် ယင်းယာ၏ တကယ့်ရည်ရွယ်ချက်မှာ မစ္စတာချင် နေထိုင်သည့် ဟိုတယ်အချက်အလက်ကို ရယူရန်သာ ဖြစ်သည်။
"ဒီနေ့ အရက်သောက်ဖို့ အလှည့်ကျတာက ဝတ္ထုရေးဆရာ၊ ဖန်ဟွမ်နဲ့ အစ်ကိုဝူတို့ ဖြစ်မယ်" ယင်းယာက တွေးတောနေသည်။ သူမ၏ အလုပ်မှာ အပြင်ထွက်ရန် အကြောင်းပြချက် ပေးရလွယ်ကူသဖြင့် အချိန်ကောင်းကို စောင့်နေခြင်းဖြစ်သည်။
"အခု ၂ နာရီ ရှိပြီ။ Francis ဟိုတယ်ကို သွားပြီး မစ္စတာချင်ကို အရင်စောင့်ရမယ်" သူမက တွေးကာ လက်ကိုင်အိတ်ကိုယူ၍ ထွက်ရန် ပြင်လိုက်သည်။
"ဟေး... အလှလေးယင်းယာ။ အပြင်ကို ပြန်ထွက်တော့မလို့လား" လုပ်ဖော်ကိုင်ဖက် လက်ထောက် ရှေင်ကျန်း က လှောင်ပြောင်သလို မေးလိုက်သည်။ ရှောင်ကျန်းသည် ယင်းယာနှင့် ရာထူးတူသော်လည်း သူမထက် လှပနေသည့်ယင်းယာကို အမြဲတမ်း မနာလိုသူဖြစ်သည်။
"ဟုတ်တယ်... ဖောက်သည်တွေရဲ့ အချက်အလက် စုဆောင်းဖို့ လိုနေလို့ပါ" ယင်းယာက အေးအေးဆေးဆေးပင် ပြန်ဖြေသည်။
"အလှလေးကတော့ အမြဲတမ်း အလုပ်များနေတာပဲနော်" ဟု ရှောင်ကျန်းက ခနဲ့ရင်း ရယ်မောပြောဆိုသည်။
"ဟုတ်တယ်လေ... ကိုယ်အလုပ်များနေတာထက် ဒါရိုက်တာ ပေးအပ်ထားတဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့က ပိုအရေးကြီးတာကိုး" ယင်းယာက ပြုံးပြလိုက်ရာ ရှောင်ကျန်းမှာ စကားပင် ဆက်မပြောနိုင်တော့ဘဲ ခေါင်းငုံ့ကာ အလုပ်လုပ်နေတော့သည်။
ယင်းယာသည် သူမ၏ ဒေါက်မြင့်ဖိနပ်သံ "ဒေါက်ဒေါက်ဒေါက်" နှင့်အတူ ယုံကြည်မှုအပြည့်ဖြင့် ကုမ္ပဏီထဲမှ ထွက်ခွာလာခဲ့သည်။
ယင်းယာသည် ကုမ္ပဏီအောက်ထပ်သို့ ဆင်းလာသည်နှင့် တက္ကစီတစ်စီးကို လှမ်းတားလိုက်ပြီး ဖုန်းကို ထုတ်ကာ ပထမဆုံး ဖုန်းခေါ်ဆိုမှုကို ဝူဟိုင်းထံ ပြုလုပ်ခဲ့သည်။
"ဝူအစ်ကို... ကျွန်မ အကူအညီတစ်ခုလောက် လိုချင်လို့ပါ"
"ငါသိတယ်... ဒီတစ်ခါ ငါ့ရဲ့ အရက်သောက်ခွင့် ကို မင်းကို ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခါ ငါ့အတွက် တန်းစီပေးရမယ်နော်။ တတ်နိုင်ရင် ညစာပါ ကျွေးဦး" ဝူဟိုင်းက ယင်းယာ ဘာပြောမည်ကို ကြိုသိနေသည့်အလား ပွင့်ပွင့်လင်းလင်းပင် အပေးအယူလုပ်လိုက်သည်။
"ပြဿနာမရှိပါဘူး... ကျေးဇူးတင်ပါတယ် အစ်ကိုဝူ။ ဒီနှစ်ကုန်မှာ 'ငါးဟင်းပွဲတော်' နဲ့ ပြန်ဧည့်ခံပါ့မယ်။ ဒါက အစ်ကို့ကို ကျေးဇူးတင်ကြောင်း ဖော်ပြမယ့် အထူးပွဲလေးပါ" ယင်းယာက ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။
"အင်း... ဒါကမှ ဟုတ်သေးတယ်" ဝူဟိုင်းက ဖုန်းတစ်ဖက်မှနေ၍ သူ၏ မုတ်ဆိတ်မွှေးလေးများကို ကျေနပ်စွာ ပွတ်သပ်နေတော့သည်။
တက္ကစီပေါ်သို့ ရောက်သောအခါ ယင်းယာသည် ကျန်ရှိနေသော အရက်သောက်ခွင့်ရှိသူ နှစ်ဦးထံသို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။
ဝတ္ထုရေးဆရာ နှင့် ဖန်ဟွမ်က သူမကို ပွင့်ပွင့်လင်းလင်းပင် ငြင်းဆိုခဲ့သည်။ "အလှလေးယင်... မင်းအတွက် တခြားအမြည်းတွေ ဝယ်ပေးလို့ ရပေမဲ့ ဝိုင်ကိုတော့ မတောင်းနဲ့။ သူဌေးယွမ်က ဘယ်လောက် ကပ်စေးနှဲလဲဆိုတာ မင်းသိသားပဲ။ တစ်အိုးမှ ၂၀၀ ဂရမ်ပဲ ပေးတာကိုး။ ငါကိုယ်တိုင်တောင် မလောက်ဘူး" သူက ယွမ်ကျိုးကိုပါ တစ်ပါတည်း ညည်းညူသွားခဲ့သည်။
ယင်းယာက ရယ်မောလျက် ပြန်ပြောလိုက်သည်။
"ကောင်းပါပြီ အစ်ကိုဖန်... ဒါဆိုလည်း အမြည်းတွေ ယူလာဖို့ မမေ့နဲ့နော်"
"စိတ်ချပါ... ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ တောင်းဆိုချက်ကို ငါ ဘယ်တော့မှ မမေ့ပါဘူး" ဖန်ဟွမ်က ကတိပေးလိုက်သည်။
တက္ကစီသည် Francis ဟိုတယ်ရှေ့သို့ ရောက်ရှိလာသောအခါ ယင်းယာသည် ကားခ (၁၃) ယွမ်ကို ပေးချေ၍ ဆင်းလိုက်သည်။ သူမသည် ဟိုတယ်ဝင်ပေါက်ကို အာရုံစိုက်ကြည့်ရင်း မစ္စတာချင်ထွက်လာမည့်အချိန်ကို ဂရုတစိုက် စောင့်ဆိုင်းနေတော့သည်။
မစ္စတာချင်၏လေယာဉ်သည် ည ၈ နာရီတွင် ထွက်ခွာမည်ဖြစ်ကြောင်း ယင်းယာ ကြိုတင်သိရှိထား၏။ သူမသည် ကုမ္ပဏီတွင် ရာထူးကြီးကြီးမဟုတ်သော်လည်း အရေးကြီး ဖောက်သည်များ၏ ဝါသနာနှင့် အလေ့အကျင့်များကို သေချာမှတ်တမ်းတင်ထားလေ့ရှိသည်။
မစ္စတာချင်သည် ဝိုင်ကို အလွန်မြတ်နိုးသူဖြစ်ပြီး လေဆိပ်မသွားခင် ဟိုတယ်တွင် အချိန်အတော်ကြာအောင် ရေချိုးတတ်သော အလေ့အကျင့်ရှိကြောင်းကိုလည်း ယင်းယာက ယာဉ်မောင်းတစ်ဦးထံမှ စုံစမ်းသိရှိထား၏။ အရာရာကို အသင့်ပြင်ဆင်ထားသော ယင်းယာသည် ယခုအခါ သားကောင်ကို စောင့်နေေသာလှပသည့် ကျားသစ်မတစ်ကောင်ကဲ့သို့ ဟိုတယ်ဧည့်ခန်းထဲတွင် တည်ငြိမ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ထိုအချိန် ကုမ္ပဏီအတွင်းရေးမှူးချုပ် ဂျိုလီထံမှ သတင်းစကားရရှိလိုက်သော ဒါရိုက်တာဟာ အတော်လေး အံ့အားသင့်သွား၏။
"ဘာဖြစ်တာလဲ... မစ္စတာချင်က ဒီည ပြန်ရမှာမဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး အရက်သောက်ဖို့ ဖြစ်သွားရတာလဲ" ဒါရိုက်တာက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"လက်ထောက်ယင်းယာက ဟိုတယ်ကိုသွားပြီး မစ္စတာချင်ကို ကိုယ်တိုင်သွားတွေ့ခဲ့တာပါ။ သူမက ဆိုင်တစ်ခုက အရက်ကို ညွှန်းလိုက်တော့ မစ္စတာချင်က တကယ်ပဲ စိတ်ဝင်စားသွားပြီး သွားသောက်မယ်လို့ ပြောလိုက်တာပါ" ဂျိုလီက အမှန်အတိုင်း တင်ပြလိုက်သည်။
"လက်ထောက်ယင်း... ယင်းယာလား" ဒါရိုက်တာက စားပွဲကို ခေါက်ရင်း စဉ်းစားလိုက်သည်။
"ကောင်းပြီလေ... မစ္စတာချင်ကမှ သွားချင်တယ်ဆိုတော့လည်း ငါတို့ သွားကြည့်ကြတာပေါ့"
ဒါရိုက်တာဟာ ယင်းယာက သူ့ကိုကျော်ပြီး ကိုယ့်သဘောနှင့်ကိုယ် လုပ်ဆောင်သည်ကိုတော့ အနည်းငယ် မကျေနပ်ပေ၊ တစ်ဖက်တွင်လည်း မစ္စတာချင်နှင့် စီးပွားရေးအဆင်ပြေဖယရန်အတွက် မျှော်လင့်ချက်အနည်းငယ် ရှိလာပြီဖြစ်သည်။ မစ္စတာချင်သည် "ဝိုင်ကောင်းကောင်း မပေးနိုင်တဲ့ ကုမ္ပဏီဟာ အရည်အချင်းမရှိဘူး" ဟု ယူဆတတ်သူ မဟုတ်ပါလား။
"အခု သူတို့ တောင်ရှီလမ်းက ယွမ်ကျိုးရဲ့ ဆိုင်ကို သွားနေကြပါပြီ" ဂျိုလီက ဖြည့်စွက်ပြောကြားလိုက်ရာ ဒါရိုက်တာလည်း ချက်ချင်းပင် ထရပ်လိုက်ပါတော့သည်။
"ကောင်းပြီ... ဆိုင်ရှေ့မှာပဲ တွေ့ကြတာပေါ့"
အပိုင်း (၅၀၄)
(ပြီးပါပြီ)