← Chapters

အခန်း (၅၁၁-၅၁၂)

Vol. 42 Ch. 511-512

အခန်း (၅၁၁-၅၁၂)

Vol. 42 Ch. 511-512

ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၁၁)

ကျန်းချန်ရှီးက ယွမ်ကျိုးဆီ သွားလည်မည် ပြောသော်လည်း ချက်ချင်းသွားခြင်းမျိုး မဟုတ်ဘဲ ရက်အနည်းငယ် ကြာမှသာ သွားခဲ့သည်။ သို့သော် သူမ မမျှော်လင့်ထားသည်မှာ စီးပွားရေးသမားကြီး လီဝမ်တောင်က နောက်တစ်နေ့ ညနေတွင် ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ရောက်ရှိသွားခြင်းပင်။

ထိုအကြောင်းကို ယွမ်ကျိုးက လုံးဝမသိရှိဘဲ သူသည် လက်ရှိတွင် အခြားကိစ္စတစ်ခုကြောင့် ဇဝေဇဝါ ဖြစ်နေသည်။

နေ့လည်စာစားချိန် ပြီးဆုံးသွားသဖြင့် ယွမ်ကျိုးသည် ထိုင်ခုံကို အပြင်သို့ရွှေ့ကာ နေရောင်အောက်တွင် ပုံသွင်းပန်းပုထုရန် ပြင်ဆင်နေစဉ် သူဌေးတောင်ရောက်ရှိလာခဲ့သည်။

"ရှောင်ယွမ်... ပုံသွင်းလေ့ကျင့်နေပြန်ပြီလား" သူဌေးတောင်က သူမ၏ အဝတ်လျှော်ဆိုင်ထဲမှ ထွက်လာပြီး တံခါးနားတွင် ရပ်ကာ လှမ်း‌မေးလိုက်သည်။

"ဟုတ်ကဲ့... အန်တီတောင်။ အပြင်မှာ အေးတယ်၊ အဝတ်ထူထူ ဝတ်သင့်တယ်နော်" ယွမ်ကျိုးက သူမ၏ ပါးလွှာသော အဝတ်အစားများကို ကြည့်ကာ စိုးရိမ်တကြီး သတိပေးလိုက်သည်။

"ရပါတယ်... နေသာနေတာပဲကိုး" သူမက ပြုံးလျက် ငြင်းသော်လည်း ယွမ်ကျိုးက လက်မခံပေ။

"ဆိုင်ထဲဝင်ပြီး ခဏထိုင်ပါဦး အန်တီ။ အပြင်မှာ လေတိုက်နေလို့ အေးလာပြီ"

သူဌေးကတော်တောင်သည် မျက်နှာတွင် အပြုံးများ ဝေဆာလျက် ယွမ်ကျိုး၏ ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ သူမသည် ဆိုင်အတွင်းပိုင်း၏ သန့်ရှင်းသပ်ရပ်မှုကို ကြည့်ကာ ချီးကျူးလိုက်သည်။

"ရှောင်ယွမ်ကတော့လေ ဆိုင်ကို စနစ်တကျနဲ့ လှအောင် ထားနိုင်တာပဲ"

"အန်တီ့ဆိုင်က ပိုသပ်ရပ်ပါတယ်ဗျာ။ အဝတ်အစားတွေ အားလုံးက ပြောင်စင်နေတာပဲ မဟုတ်လား"

ယွမ်ကျိုးက ခါတိုင်းနှင့်မတူဘဲ ပေါ့ပေါ့ပါးပါး နောက်ပြောင်လိုက်သည်။ သူသည် ပုံမှန်အားဖြင့် လူမှုရေးကိစ္စများတွင် အေးစက်တတ်သော်လည်း အန်တီတောင်မှာ သူ့အပေါ် များစွာ ကူညီခဲ့ဖူးသဖြင့် သူမ တစ်ခုခု ပြောချင်နေသည်ကို ရိပ်မိကာ စကားလမ်းကြောင်း ခင်းပေးလိုက်ခြင်း ဖြစ်သည်။

"ဟားဟား... ဟုတ်ပါပြီ။ ဒါနဲ့ မင်း အဝတ်တွေ ကိုယ်တိုင် မလျှော်တတ်သေးဘူး မဟုတ်လား"

"ဒါကြောင့်လည်း အန်တီ့ဆီ လာပို့နေရတာပေါ့"

"အခုတော့ ငါ လျှော်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ ငါလည်း အသက်ကြီးလာပြီ ရှောင်ယွမ်ရဲ့။ မင်းလည်း မြန်မြန်လက်ထပ်သင့်ပြီ... ဒါမှ အနာဂတ်မှာ မင်းတို့နှစ်ယောက် အဖော်ရမှာပေါ့" သူမက မိခင်တစ်ဦးကဲ့သို့ နူးညံ့စွာ ပြောလိုက်သည်။

ယွမ်ကျိုးက ထိုမေးခွန်းကို မဖြေဘဲ ခေတ္တတိတ်ဆိတ်သွားပြီးမှ မေးလိုက်သည်။

"အန်တီတောင်... ပင်မင်း ဆက်မလုပ်ချင်တော့ဘူးလား"

"အင်း... ငါလည်း မလုပ်ချင်တော့ပါဘူး။ အသက်ကြီးလာတော့ ခရီးပဲ ထွက်ချင်တော့တယ်။ ရပ်သင့်တဲ့အချိန်မှာ ရပ်လိုက်တာက အကောင်းဆုံးပဲလေ"

"ခရီးသွားတာ ကောင်းပါတယ်...ဒါပေမယ့် ကျန်းမာရေးကိုတော့ ဂရုစိုက်ပါ"

"ငါ တစ်သက်လုံး အလုပ်ပဲ လုပ်လာတာ။ အခု အနားယူချင်ပေမဲ့ ဆိုင်ကို ဒီအတိုင်း ပိတ်လိုက်ဖို့ကျတော့လည်း စိတ်မဖြောင့်ဘူး။ အဲဒါ... ဆိုင်ကို မင်းဆီပဲ ပေးခဲ့ချင်တယ် ရှောင်ယွမ်" သူဌေးတောင်က အလွန်တန်ဖိုးရှိသော ဆိုင်ခန်းကို ရိုးရိုးရှင်းရှင်းပင် လက်ဆောင်ပေးရန် ပြောလိုက်ပါတော့သည်။

"ဟုတ်ကဲ့... အန်တီတောင်သာ ရောင်းပေးမယ်ဆိုရင် ကျွန်တော် အရမ်းဝမ်းသာတာပေါ့။ ဘဏ်ကနေ ယွမ် (၁.၅) သန်း ချက်ချင်း ပေးပါ့မယ်"

ယွမ်ကျိုးသည် အချိန်အကြာကြီး စဉ်းစားမနေဘဲ အလွယ်တကူပင် သဘောတူလိုက်သည်။ လောလောဆယ်တွင် ထိုဆိုင်ခန်းက သူ့အတွက် အသုံးမဝင်သေးသော်လည်း၊ နောင်တွင် စနစ်ကမည်သို့‌သောတာဝန်မျိုး ပေးမည်ကို မသိနိုင်သော်‌ပေ။အန်တီတောင် စိတ်အေးသွားစေရန် ကတိတစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။

"မင်းဘယ်လို ပြောလိုက်တာလဲ။ ငါက ပိုက်ဆံအကြောင်း ပြောနေတာ မဟုတ်ဘူးလေ"

သူဌေးတောင်က မျက်မှောင်ကြုတ်ကာ ခပ်ကြမ်းကြမ်း ပြန်ပြောလိုက်သည်။

"အန်တီတောင်က ကျွန်တော့်ကို သားသမီးလို သဘောထားတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ပိုက်ဆံတစ်ပြားမှ မပေးဘဲနဲ့တော့ ကျွန်တော် အလကား လက်မခံနိုင်ဘူး။ အန်တီ ခရီးထွက်တဲ့အခါ ဒီပိုက်ဆံလေးရှိတော့ ပိုပြီး စိတ်အေးလက်အေးနဲ့ နေရာအနှံ့ သွားကြည့်လို့ရတာပေါ့... ဒါမှ ကျွန်တော်လည်း စိတ်အေးရမှာ။ ဘယ်လိုလဲ"

ယွမ်ကျိုးသည် စကားအပြောအဆို မကျွမ်းကျင်သော်လည်း ပြောလိုက်လျှင် လိုရင်းရောက်အောင် ပြောနိုင်သူဖြစ်သည်။ သို့သော် သူဌေးတောင်ကတော့ သူမ၏ ပိန်လှီသော မျက်နှာတွင် မကျေနပ်သည့် အမူအရာ ပြည့်နှက်နေလျက် ပြန်‌‌ပြောလိုက်သည်။

"မင်းက စိတ်အေးရမယ် ဟုတ်လား အဲဒီလို လုပ်ရင် ငါကမှ စိတ်အေးလက်အေး မရှိနိုင်တာပါ"

"နံရံပေါ်က ဈေးနှုန်းတွေကို ကြည့်လိုက်ရင် ကျွန်တော် ဒီဆိုင်ခန်းကို ဝယ်နိုင်တဲ့ အခြေအနေရှိတယ်ဆိုတာ အန်တီ သိမှာပါ" ယွမ်ကျိုးက မီနူးကို လက်ညှိုးထိုးပြရင်း ပြုံး၍ ပြောလိုက်သည်။

"အေး... ငါ သိပါတယ်။ မင်းက ရိုးသားပြီး အကောင်းဆုံး ပါဝင်ပစ္စည်းတွေကိုပဲ သုံးတာဆိုတော့ ဈေးနှုန်းက မြင့်တာ သဘာဝပါပဲ။ တကယ်တော့ မင်းရဲ့ ဟင်းလျာတွေက ဒီဈေးနဲ့ တန်ပါတယ်"

သူဌေးတောင်သည် ယွမ်ကျိုး၏ ဆိုင်တွင် တစ်ခါစားဖူးကတည်းက သူ သုံးထားသော ပစ္စည်းများမှာ ထိပ်တန်းအရည်အသွေးများ ဖြစ်သည်ကို သိရှိထားပြီးသား ဖြစ်သည်။

"ဒါဆိုရင် အန်တီ စိတ်ပူစရာ မလိုတော့ဘူးပေါ့။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်ဆိုင်က နည်းနည်း သေးလွန်းနေလို့ ဆိုင်ချဲ့ချင်နေတာနဲ့ အတော်ပဲ" ယွမ်ကျိုးက စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ သို့သော် စိတ်ထဲတွင် "ဒါက ငါ ဘယ်အချိန်မှာ အဆင့်တက်မလဲဆိုတဲ့ အပေါ်မှာလည်း မူတည်နေတာပဲ" တွေးလိုက်မိသည်။

"ကဲ... တော်ပြီ။ ငါ မင်းရဲ့ ပိုက်ဆံကို လုံးဝ လက်မခံနိုင်ဘူး" သူဌေးကတော်တောင်က ပြတ်ပြတ်သားသား ငြင်းဆိုကာ ထရပ်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။

"ကောင်းပါပြီ အန်တီ... အနည်းဆုံးတော့ ဘယ်နေ့ ခရီးထွက်မယ်ဆိုတာ ပြောဦးနော်။ ကျွန်တော် လိုက်ပို့မလို့" ယွမ်ကျိုးက သူမအတွက် တံခါးကို အပြေးအလွှား ဖွင့်ပေးလိုက်သည်။

"ရတယ်လေ" သူမကလက်ဝှေ့ယမ်းပြရင်း အဝတ်လျှော်ဆိုင်ဘက်သို့ ပြန်သွားလေသည်။

ယွမ်ကျိုးမှာ ဆိုင်တံခါးဝတွင် ရပ်ရင်း အံ့အားသင့်စွာ ကျန်ရစ်ခဲ့သည်။ သူ သိထားသလောက် သူဌေးတောင်သည် ချန်ဒူးသူ မဟုတ်သော်လည်း ဤနေရာတွင် ဆိုင်ဖွင့်လာသည်မှာ ကြာပြီ ဖြစ်သည်။ သူမတွင် အခြားဆွေမျိုးသားချင်း မရှိဘဲ ပွဲတော်ရက်များတွင်ပင် တစ်ယောက်တည်း ရှိနေတတ်သူ ဖြစ်သည်။ ထိုမျှ သံယောဇဉ်ကြီးလှသော ဆိုင်ကို အလကား ပေးချင်နေသည်မှာ သူ့အတွက်တော့ တကယ့်ကို ထူးဆန်းနေတော့သည်။

တောင်ရှီလမ်းတစ်လျှောက် စီးပွားရေးလုပ်ငန်းများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုစည်ကားလာသည်နှင့်အမျှ ဆိုင်ခန်းဈေးနှုန်းများမှာလည်း ယခင်ကထက် နှစ်ဆမက မြင့်တက်နေသည်မှာ အားလုံးအသိပင်။ ယခင်က သူဌေးတောင်၏ အဝတ်လျှော်ဆိုင်ကို ဈေးကောင်းပေး၍ ဝယ်ယူလိုသူများစွာ ရှိခဲ့သော်လည်း သူမကတော့ အားလုံးကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ဖူးသည်ကို ယွမ်ကျိုး ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးသည်။

အမှန်တကယ်တော့ အဝတ်လျှော်ဆိုင်၏ တည်နေရာမှာ အလွန်ပင် ကောင်းမွန်လှသည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်ဘေးတွင် ရှိနေသည့်အပြင် အခြားတစ်ဖက်တွင်လည်း လီလီ အလုပ်လုပ်သော အဆင့်မြင့် အနောက်တိုင်းစားသောက်ဆိုင် ရှိနေသည်။

အကယ်၍ ထိုဆိုင်ခန်းကိုသာ လက်ဖက်ရည်ဆိုင် သို့မဟုတ် ကော်ဖီဆိုင်အဖြစ် ပြောင်းလဲလိုက်မည်ဆိုလျှင် ယွမ်ကျိုး၏ဆိုင်တွင် တန်းစီစောင့်ဆိုင်းနေရသော ဖောက်သည်များအတွက် အလွန်အဆင်ပြေသွားမည်ဖြစ်ကာ စီးပွားရေးလည်း ပိုမိုကောင်းမွန်လာမည်မှာ သေချာသည်။ ဆိုင်ထဲတွင် ထိုင်နေရင်းမှ ယွမ်ကျိုး၏ဆိုင်တံခါးကို လှမ်းကြည့်ရုံဖြင့် မိမိအလှည့်ရောက်၊ မရောက် သိနိုင်မည် မဟုတ်ပါလား။

ထိုနေ့ နေခင်းပိုင်းတစ်ခုလုံးတွင် ယွမ်ကျိုးသည် ပုံသွင်းမလေ့ကျင့်ဖြစ်ခဲ့ပေ။ သူသည် ထိုင်ခုံတွင် ထိုင်နေရင်းမှ သူဌေးတောင် အဘယ်ကြောင့် ရုတ်တရက် ဆိုင်ကို ပိတ်ချင်ရသနည်း၊ အဘယ်ကြောင့် ဆိုင်ကို သူ့အား အလကားပေးရန် ဆုံးဖြတ်ရသနည်းဟူသော အချက်ကိုသာ အကြိမ်ကြိမ် တွေးတောနေမိသည်။

နောက်ဆုံးတွင် သူ သတိပြန်ဝင်လာသည့်အချိန်မှာ မှောင်လုနီးနီး ဖြစ်နေပြီဖြစ်ကာ ညစာစားချိန်သို့ပင် ရောက်ရှိတော့မည်ဖြစ်သည်။

"ဟူး... ဒီနေ့တော့ ငါ လုပ်ရမဲ့ အလုပ်ကို ပျက်ကွက်မိပြီ။ ရှားရှားပါးပါးပဲ။ ကြည့်ရတာ ပုံမှန်အချိန်တွေမှာ ငါက ကြိုးစားလွန်းနေလို့ ဖြစ်မယ်" ယွမ်ကျိုးက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူစွာဖြင့် ရေရွတ်လိုက်သည်။

"မင်္ဂလာညချမ်းပါ သူဌေး..."

ကျိုကျာသည် အေးစက်နေသော လက်ကလေးများကို နွေးထွေးစေရန် လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဆိုင်ထဲသို့ ယဉ်ကျေးစွာ ဝင်လာသည်။

"အင်း... ဒါနဲ့ ကျိုကျာ၊ မကြာခင်မှာ ဆောင်းရာသီအားလပ်ရက် ရောက်တော့မယ်။ အဲဒီအချိန်ကျရင် နေ့ခင်းဘက်မှာ မင်းနဲ့အတူ အလုပ်လုပ်မယ့် နောက်ထပ် မိန်းကလေးတစ်ယောက် ရှိလိမ့်မယ်" ယွမ်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

အမှန်တကယ်တော့ မူရှောင်ယွမ်က သူ့ကို လွန်ခဲ့သည့် တစ်ပတ်ကတည်းက ပြောထားခြင်းဖြစ်သော်လည်း ယခုမှ ရုတ်တရက် သတိရသလိုမျိုး ပြောလိုက်ခြင်းပင်။

"ဟုတ်ကဲ့ပါ... ဒါပေမဲ့ သူဌေး၊ ကျွန်မတစ်ယောက်တည်းနဲ့တင် ဒီဆိုင်က အလုပ်တွေက အဆင်ပြေနေတာပဲကိုး။ ကျွန်မ အလုပ်လုပ်တာ တစ်ခုခု လိုအပ်ချက်ရှိလို့လားဟင်"ကျိုကျာက စိုးရိမ်တကြီး မေးလိုက်သည်။

သူမအမြင်တွင် ဤဆိုင်မှအလုပ်မှာ အလွန်လွယ်ကူလှသည်။ ဖောက်သည်များကို နှုတ်ဆက်ရန်သာ လိုပြီး ပန်းကန်များကိုပင် သပ်သပ်ရပ်ရပ် သိမ်းဆည်းရန် မလိုအပ်သဖြင့် နောက်ထပ် ဝန်ထမ်းတစ်ယောက် ထပ်တိုးမည်ဆိုသည်ကို သူမ နားမလည်နိုင် ဖြစ်နေခြင်းပင်။

"မဟုတ်ပါဘူး... မူရှောင်ယွမ်က ဆောင်းရာသီ အားလပ်ရက်မှာပဲ အချိန်ပိုင်းအလုပ် လာလုပ်မှာ" ယွမ်ကျိုးက အတိုချုံးသာ ရှင်းပြလိုက်သည်။

"ဟုတ်ကဲ့... နားလည်ပါပြီရှင့်" ကျိုကျာက ခေါင်းညိတ်လိုက်သော်လည်း သူတို့နှစ်ဦးကြားတွင် တူညီသော နားလည်မှု ရှိ၊ မရှိကို ဘုရားသခင်တစ်ပါးတည်းသာ သိနိုင်ပေတော့မည်။

ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၁၁)

ပြီးပါပြီ။

ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၁၂)

ယွမ်ကျိုးက မူရှောင်ယွမ် အလုပ်လာလုပ်မည့်အကြောင်း ကျိုကျာကို ပြောပြပြီးနောက် မကြာမီမှာပင် ညစာစားချိန်သို့ ရောက်ရှိလာခဲ့သည်။

"ကျေးဇူးပြုပြီး ထမင်းစားဖို့ အထဲကို ကြွပါရှင့်" ကျိုကျာက တံခါးဝတွင် ရပ်၍ ယဉ်ကျေးပျူငှာစွာ ဖိတ်ခေါ်လိုက်သည်။

"နောက်ဆုံးတော့ စားလို့ရပြီ... ဗိုက်တောင် တော်တော်ဆာနေပြီ။ ကျွန်တော့်ကို ခေါက်ဆွဲပြုတ်တစ်ပန်းကန် အမြန်လေး ပေးပါ" ဖောက်သည်များက ဆိုင်ထဲသို့ တိုးဝင်ကာ မှာယူကြတော့သည်။

ပထမဆုံး ဖောက်သည် (၁၀) ဦးထဲတွင် မာစတာချန်လည်း ပါဝင်သည်။ သူသည် ယွမ်ကျိုး၏ ဟင်းချက်နည်းကို လေ့လာရန်အတွက် အချိန်မှန်မပျက်မကွက် ရောက်လာတတ်သူဖြစ်သည်။ သူသည် ယွမ်ကျိုးအတွက် သစ်သီးအချို့ အမြဲဝယ်လာလေ့ရှိပြီး ယွမ်ကျိုးကလည်း ထိုအသီးများကို ပုံသွင်းပန်းပုထုသည့် စင်ပေါ်တွင် တင်ထားတတ်သည်။ တစ်ခါတစ်ရံ ယွမ်ကျိုးကိုယ်တိုင် စားသော်လည်း အများစုမှာ ဖြတ်သွားဖြတ်လာ ကလေးငယ်များနှင့် ခွေးကလေး ဘရောက်တို့၏ ဗိုက်ထဲသို့ ရောက်ရှိသွားကြသည်။

ထို့ကြောင့်ပင် ခွေးကလေး ဘရော့က်သည် မာစတာချန်ကို မြင်လျှင် အမြီးတနန့်နန့်ဖြင့် ကြိုဆိုသော်လည်း၊ နေ့တိုင်း အစားကျွေးနေသော သခင်ဖြစ်သူယွမ်ကျိုးကို ထိုကဲ့သို့ မဆက်ဆံပေ။

"ဒီကောင် တော်‌တော်ကျေးဇူးကန်းတာပဲ" ယွမ်ကျိုးက စိတ်ထဲမှ ကြိတ်၍ ရေရွတ်နေသော်လည်း အပြင်ပန်းတွင် တည်ငြိမ်အေးစက်သော မင်းသားတစ်ပါးကဲ့သို့သာ နေမြဲဖြစ်သည်။

ထိုစဉ် လူအုပ်ထဲတွင် ထူးခြားသော လူတစ်ယောက် ပါလာသည်ကို အားလုံး သတိထားမိလိုက်ကြသည်။ ထိုသူမှာ အခြား ပုံမှန်ဖောက်သည်များနှင့် မတူဘဲ စမတ်ကျသော စီးပွားရေးဝတ်စုံ၊ အညိုရောင် သိုးမွှေးကုတ်အင်္ကျီနှင့် တောက်ပြောင်နေသော သားရေဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ လက်ကောက်ဝတ်တွင်လည်း ဈေးကြီးသော နာရီတစ်လုံး ရှိနေသည်။ သူ၏ ပုံစံမှာ ထမင်းစားလာသူထက် စီးပွားရေး ဆွေးနွေးမည့်သူနှင့် ပိုတူနေပြီး မျက်နှာတွင် စိုးရိမ်စိတ်နှင့် မျှော်လင့်ချက်တို့ ရောပြွမ်းနေသည်။

အသက် (၄၀) ကျော် (၅၀) ခန့်ရှိသော ထိုလူမှာ အကောင်ကြီးကြီးပုံရပြီး သူကား မနေ့ညက ကျန်းချန်းရှီထံ ဖုန်းဆက်ခဲ့သော လီဝမ်တောင် ပင်ဖြစ်သည်။

ကျိုကျာက အလှည့်ကျော်သူများကို သတိပေးရန် ထွက်လာသည့်အခါ လီဝမ်တောင်က သူမကို လှမ်းတားလိုက်သည်။

"မင်္ဂလာပါ... ဒီဆိုင်မှာ ဆန်နဲ့လုပ်ထားတဲ့ ဟင်းလျာအမျိုး (၁၀၀) ရောင်းတယ်ဆိုတာ ဟုတ်ပါသလား"သူက မေးလိုက်သည်။

"ဟုတ်ကဲ့... ရှိပါတယ်ရှင့်။ ဒါပေမဲ့ အရမ်းရှုပ်ထွေးတဲ့ ဟင်းလျာမျိုးဆိုရင်တော့ ဒီနေ့ကြိုမှာပြီး မနက်ဖြန်မှ စားလို့ရမှာပါ" ကျိုကျာက ဂရုတစိုက် ရှင်းပြသည်။

"ကျွန်တော် ကျောက်စိမ်းဆန်ခွက်‌ ကြော်ကို မှာချင်တာပါ။ အဲဒါကော မနက်ဖြန်အထိ စောင့်ရမှာလား" လီဝမ်တောင်က ပြတ်သားစွာ မေးလိုက်သည်။

"ဒါကိုတော့ ကျွန်မလည်း အသေအချာ မသိပါဘူးရှင့်။ ဆိုင်ထဲရောက်လို့ မှာတဲ့အခါကျရင် ကျွန်မတို့ သူဌေးက သေသေချာချာ ပြောပြပါလိမ့်မယ်" ကျိုကျာက မရေရာသော ကတိမျိုး မပေးဘဲ ဖြေကြားလိုက်သည်။

"ကောင်းပြီလေ" လီဝမ်တောင်က ခေါင်းညိတ်ကာ ဆက်မမေးတော့ပေ။ ကံကောင်းထောက်မစွာဖြင့် ငါးမိနစ်ခန့်အကြာတွင် သူ ဆိုင်ထဲသို့ ဝင်ရန် အလှည့်ရောက်ရှိလာပါတော့သည်။

အပြင်ဘက် ချန်ဒူးမြို့၏ ညချမ်းတွင် လေစိမ်းများ အဆက်မပြတ် တိုက်ခတ်နေသဖြင့် လမ်းသွားလမ်းလာများမှာ အအေးဒဏ်ကို အန်တုရန် အဝတ်အစားများကို တင်းတင်းကျပ်ကျပ် ဝတ်ဆင်ထားကြရသည်။ သို့သော် လီဝမ်တောင်တစ်ယောက် ယွမ်ကျိုး၏ စားသောက်ဆိုင်ထဲသို့ ခြေချလိုက်သည်နှင့် ရုတ်တရက် စိတ်အေးလက်အေး ဖြစ်သွားကာ ဆောင်းရာသီ၏ အအေးဒဏ်မှာ နွေဦးရာသီ၏ နွေးထွေးမှုအဖြစ် ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

သူ နောက်ပြန်လှည့်ကြည့်လိုက်သော်လည်း အပြင်ဘက်တွင် လေပြင်းများ တိုက်ခတ်နေဆဲပင်။

"တကယ်ကို မတူညီတဲ့ ကမ္ဘာနှစ်ခုလိုပါပဲလား" လီဝမ်တောင်က ရေရွတ်ရင်း သူ၏ အညိုရောင် ကုတ်အင်္ကျီကို ချွတ်၍ ချိတ်ဆွဲရန် ပြင်လိုက်သည်။

"တောင်းပန်ပါတယ်ရှင့်... ကျွန်မတို့ စားသောက်ဆိုင်က သေးငယ်တဲ့အတွက် အင်္ကျီချိတ်ဖို့ နေရာသီးသန့် မရှိပါဘူး။ အင်္ကျီကို ကိုယ်တိုင်ပဲ ကိုင်ထားပေးပါရှင်" ကျိုကျာက နွေးထွေးစွာ သတိပေးလိုက်သည်။

လီဝမ်တောင်က ဆိုင်ထဲကို ဝေ့ကြည့်လိုက်သောအခါ ထိုင်ခုံများတွင် ကျောမှီမပါသည့်အပြင် အဝတ်ချိတ်စရာလည်း မတွေ့ရပေ။ အခြားဖောက်သည်က သူတို့၏ အဝတ်အစားများကို ပေါင်ပေါ်တွင် တင်ထားကြသည်ကို မြင်တော့ သူ အနည်းငယ် အံ့သြသွားသော်လည်း ဘာမှတော့ ဝင်မပြောခဲ့ပေ။

"ရပါတယ်... ထားလိုက်ပါတော့" သူက အသားမကျသော်လည်း အလိုက်သင့်ပင် ထိုင်လိုက်သည်။

"ဒီနေ့ ဘာများ သုံးဆောင်မလဲရှင့်" ကျိုကျာက မီနူးကို ညွှန်ပြရင်း မေးလိုက်သည်။

"ဆန်အမျိုး(၁၀၀)ဟင်းလျာထဲက...'ကျောက်စိမ်းဆန်ခွက်‌ကြော်' ကို မှာချင်တယ်။ ဟင်းရည်ပါပါတဲ့ ဟာနော်" လီဝမ်တောင်က မီနူးကိုပင် မဖွင့်ဘဲ တိုက်ရိုက်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ... စုစုပေါင်း (၁၁၈) ယွမ် ကျသင့်ပါတယ်ရှင့်။ ဒီဆိုင်မှာက အစားအသောက် မကျွေးခင် ငွေကြိုပေးချေရပါတယ်"

လီဝမ်တောင်က ခေါင်းညိတ်ကာ ပိုက်ဆံအိတ်ထဲမှ (၁၂၀) ယွမ်ကို ထုတ်ပေးလိုက်သည်။ ကျိုကျာက ပြန်အမ်းငွေ (၂) ယွမ်ကို ချက်ချင်းပြန်ပေးပြီးနောက် မီးဖိုချောင်ဘက်သို့ လှည့်ကာ လှမ်းအော်လိုက်သည်။

"ဘော့စ်ယွမ်... ဆန်အမျိုး(၁၀၀) ထဲက ဟင်းရည်ပါတဲ့ ကျောက်စိမ်းဆန်ခွက်‌ကြော်တစ်ပွဲပါ"

"ရပြီ" ယွမ်ကျိုး၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။

လီဝမ်တောင်သည် ထိုင်ခုံတွင် ထိုင်ရင်း ယွမ်ကျိုး၏ လှုပ်ရှားမှုများကို အကဲခတ်နေမိသည်။

"ဒီစားဖိုမှူးလေး လုပ်နိုင်ပါ့မလား... အရသာရော ငါ့ဇနီး မျှော်လင့်ထားသလို ဖြစ်ပါ့မလား"သူ တွေးနေမိသည်။ သို့သော် ယွမ်ကျိုး၏ မျက်နှာထက်တွင်မည်သည့်အရိပ်အယောင်မှ မတွေ့ရဘဲ အာရုံစိုက်နေသည်ကိုသာ မြင်ရသည်။

အမှန်တကယ်တော့ ယွမ်ကျိုးသည် စိတ်ထဲတွင် စနစ် နှင့် စကားပြောနေခြင်းဖြစ်သည်။

"စနစ်ရေ... ငါ ကျောက်စိမ်းဆန်ခွက်‌ကြော် တော့လုပ်တတ်ပါတယ်။ ဒါပေမဲ့ သူပြောတဲ့ ဟင်းရည်က ဘာလဲ" ယွမ်ကျိုးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

စနစ်က ချက်ချင်းပင် အချက်အလက်များကို ဖော်ပြပေးလိုက်သည်။

"ဒီဟင်းလျာကို လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က စားဖိုမှူးတစ်ယောက်က တီထွင်ခဲ့တာပါ။ တစ်ချိန်က အချက်အပြုတ်လောကရဲ့ အပြောင်မြောက်ဆုံး လက်ရာတစ်ခု ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ မျိုးဆက်တွေဆီ လက်ဆင့်ကမ်းနိုင်ခြင်း မရှိဘဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကျောက်စိမ်းဆန်ခွက်ကြော် (Green Jade Rice Crust) ရဲ့ စစ်မှန်တဲ့ ချက်ပြုတ်နည်းဆိုတာ အပြင်လောကမှာ တကယ်မရှိတော့ပါဘူး "

ယွမ်ကျိုး၏ မျက်လုံးများ တောက်ပသွားသည်။ ပျောက်ကွယ်နေသော ဟင်းလျာတစ်ခုကို ပြန်လည်အသက်သွင်းရမည်ဆိုသည့် အချက်က သူ့ကို စိတ်လှုပ်ရှားသွားစေသည်။

"အံ့သြစရာပဲ။ သမိုင်းမှာ ပျောက်ဆုံးနေတဲ့ ဟင်းလျာဆိုပါလား။ ဒါဆို ချက်ပြုတ်နည်းကရော ဘယ်မှာလဲ" ယွမ်ကျိုးက ထိုဟင်းလျာကို စိတ်ဝင်တစားဖြင့် တွေးနေမိသည်။

စနစ်က ချက်ချင်းပင် အကြောင်းပြန်လာသည်။

"ချက်ပြုတ်နည်းကို ထုတ်ပြန်ပြီးပါပြီ၊ ဖတ်ရှုနိုင်ပါတယ်"

ယွမ်ကျိုးသည် ချက်ပြုတ်နည်းကို လက်ခံရရှိပြီးနောက် စိတ်ထဲမှ မှတ်သားလိုက်သည်။

"တရုတ်အစားအစာတွေက တကယ်ကို ကျယ်ပြန့်ပြီး နက်နဲတာပဲ။ ဒီလိုနည်းလမ်းနဲ့ မမျှော်လင့်ဘဲ ချက်ပြုတ်ထားတာ... ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ"

စားသောက်ဆိုင်ထဲရှိ ဖောက်သည်များမှာ ယွမ်ကျိုးသည် ခဏမျှ ငြိမ်သက်သွားပြီး မျက်လုံးမှိတ်လိုက်ရာမှ ပြန်ဖွင့်လိုက်သည်ကိုသာ မြင်တွေ့ကြရသည်။

"သမိုင်းမှာ ပျောက်ဆုံးသွားတာ အံ့သြစရာ မဟုတ်ပါဘူး။ တော်တော်ကို ထူးခြားတဲ့ လက်ဆောင်ဆန်တစ်မျိုးပဲ"

ယွမ်ကျိုးသည် 'ဘာပေါင်ဆန်' (Babao Rice) အမည်တပ်ထားသော ဗီရိုကို ဖွင့်လိုက်သည်။ ထိုဗီရိုမှာ အသစ်ပေါ်လာခြင်းမဟုတ်ဘဲ အမြဲတမ်း ထိုနေရာတွင် ရှိနေသကဲ့သို့ပင်။ လီဝမ်တောင် မှာယူလိုက်သော ကျောက်စိမ်းထမင်းခွက်‌၏ အဓိက ပါဝင်ပစ္စည်းမှာ ယူနန်ပြည်နယ်၊ ဘာပေါင်မြို့မှ ထွက်ရှိသော ဘာပေါင်ဆန်ပင် ဖြစ်သည်။

ယူနန်ပြည်နယ်သည် ဆန်စပါး၏ မူလအစဖြစ်သဖြင့် အရည်အသွေးမြင့် ဆန်မျိုးကွဲများစွာ ထွက်ရှိရာတွင်

ကျဲဖန်းဆန် နှင့် ဘာပေါင်ဆန်တို့မှာ အကောင်းဆုံးဖြစ်သည်။ ဘာပေါင်ဆန်တွင် အမျိုးအစားနှစ်မျိုးရှိရာ တစ်မျိုးမှာ ကျောက်စိမ်းကဲ့သို့ ဖျော့တော့တော့ အစိမ်းရောင်ရှိပြီး ဆန်ပြုတ်ချက်ရန် အကောင်းဆုံးဖြစ်သည်။ နောက်တစ်မျိုးမှာ နှင်းကဲ့သို့ ဖြူဖွေးပြီး ထမင်းပေါင်းရန် အကောင်းဆုံးဖြစ်သည်။

ယနေ့တွင် ယွမ်ကျိုးသည် အစိမ်းရောင်ရှိသော ဆန်ကို အသုံးပြု၍ ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။

"ဒီစားဖိုမှူးက ချက်ပြုတ်တာ အရမ်းမြန်တယ်လို့ ကြားတယ်။ အခုကော ဘယ်လောက်ကြာဦးမှာလဲ" လီဝမ်တောင်က တွေးနေမိသည်။ သူ ထိုင်နေသည့် နေရာက မီးဖိုချောင်ထဲကို ကောင်းကောင်းမမြင်ရသဖြင့် ယွမ်ကျိုး၏ လက်လှုပ်ရှားမှုများကို မမြင်နိုင်ဘဲ ကျောပြင်ကိုသာ မြင်နေရသည်။

သို့သော် မကြာမီမှာပင် ဆန်းပြားလှသော ဟင်းလျာတစ်ပွဲသည် သူ၏ရှေ့မှောက်သို့ ရောက်ရှိလာတော့သည်။

"ဒီမှာ ခင်ဗျားမှာထားတဲ့ ဆန်အမျိုး (၁၀၀) ထဲက ကျောက်စိမ်းဆန်ခွက်ကြော် ပါရှင့်" ကျိုကျာက ပန်းကန်ကို ညင်သာစွာ ချပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်" လီဝမ်တောင်က ပြန်ပြောရင်း ပန်းကန်ကို ငုံ့ကြည့်လိုက်သည်။

၎င်းမှာ အနားကျယ်ပြီး အလယ်တွင် အပေါက်ရှိသော ပန်းကန်ပြားကြီး ဖြစ်သည်။ ပန်းကန်ထဲတွင် ထမင်းခွက်ကြော်တစ်ဝက်ကို ဇောက်ထိုးအနေအထားဖြင့် ထည့်ထားသည်။ အလယ်ဗဟိုမှာ ရွှေဝါရောင်သန်းနေပြီး အစိမ်းရောင် အနည်းငယ် ပါဝင်သည်။ အနားစွန်းများဆီသို့ ရောက်လေလေ အစိမ်းရောင်မှာ ပို၍ တောက်ပြောင်လာလေလေပင်။

ထိုမျှ ထူးဆန်းလှပသော ဆန်ခွက်ကြော်မှာ ကြည်လင်သော ဟင်းရည်ပန်းကန်လုံးထဲတွင် ပန်းချီကားတစ်ချပ်ကဲ့သို့ ပေါလောမျောနေသည်။

"ဒီဇိုင်းရော၊ ရုပ်ထွက်ရော... တကယ်ကို ကျောက်စိမ်းထမင်းခွက်‌ကြော် စစ်စစ်ပဲ။ အခု အရသာ ဘယ်လို‌နေမလဲ စောင့်ကြည့်ရဦးမှာပဲ" လီဝမ်တောင်၏ ရင်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် တူကို ကိုင်ကာ မြည်းစမ်းရန် ပြင်ဆင်လိုက်ပါတော့သည်။

ကျောက်စိမ်းဆန်ခွက်ကြော် လို့ရေးတာက မြင်ရလွယ်အောင်လို့ပါ။ သူ့ရဲ့ ပုံစံက ကောက်ညင်းခွက်ကြော် ပုံစံနဲ့တူပါတယ်။ သူက အစိမ်းရောင်ဖြစ်နေတာတစ်ခုပဲကွာတာပါ။

ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၁၂)

ပြီးပါပြီ။

All Chapters