← Chapters

အခန်း (၅၁၃-၅၁၄)

Vol. 42 Ch. 513-514

အခန်း (၅၁၃-၅၁၄)

Vol. 42 Ch. 513-514

ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၁၃)

အမှန်အတိုင်း ပြောရလျှင် ဤကျောက်စိမ်းဆန်ခွက်ကြော်သည် ကြည့်ရုံနှင့်ပင် အလွန်ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ဆန်စေ့များ၏ သဘာဝအစိမ်းရောင်အပြင် အနားစွန်းမှ အလယ်ဗဟိုသို့ ကြည့်လျှင် အရောင်မှာ တဖြည်းဖြည်း ဖျော့တော့သွားပြီး အလယ်တည့်တည့်တွင် ဆွဲဆောင်မှုရှိသော ရွှေဝါရောင်အဖြစ် ပြောင်းလဲသွားသည်။ သန့်ရှင်းတောက်ပြောင်သော အဖြူရောင်ပန်းကန်ထဲတွင် ကြည်လင်သော ဟင်းရည်နှင့်အတူ ပေါလောမျောနေသည်မှာ မြင်ရသူတိုင်းကို စားချင်စိတ် တဖွားဖွား ဖြစ်ပေါ်စေသည်။

“ကျလိ ကျလိ...”

လီဝမ်တောင်သည် တူဖြင့် ဆန်ခွက်တစ်ချပ်ကို ကောက်ယူလိုက်ရာ ကြွပ်ဆတ်သော အသံလေး ထွက်ပေါ်လာသည်။

"ဒါ... ဒါ ငါရှာနေတဲ့ ခံစားချက်မျိုးပဲ" လီဝမ်တောင်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာသည်။

သူ အတိတ်က စားဖူးခဲ့သော ကျောက်စိမ်းရောင် ဆန်ပြားမှာလည်း ဤကဲ့သို့ပင် ဖြစ်သည်။ ဟင်းရည်ထဲတွင် စိမ်ထားသော်လည်း ကောက်ယူလိုက်သည့်အခါ ကြွပ်ရွနေဆဲပင်။ ဤအချက်ကပင် သူ နှစ်ပေါင်းများစွာ ရှာဖွေနေခဲ့သော အရာဖြစ်ကြောင်း သက်သေပြနေသဖြင့် သူ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။

သူသည် ဆန်ခွက်ကို ပါးစပ်ထဲထည့်ကာ ချက်ချင်းပင် အရသာကို အာရုံစိုက်လိုက်သည်။ ဆန်ခွက်သည် ဟင်းရည်နှင့် ထိတွေ့ထားသဖြင့် အပြင်ဘက်အလွှာမှာ နူးညံ့ပျော့ပျောင်းနေပြီး ဝါးရန် အားစိုက်စရာပင် မလိုတော့ပေ။

"ဟင်" လီဝမ်တောင် အံ့အားသင့်သွားသည်။

သို့သော် သူ ဆက်၍ ဝါးလိုက်သည့်အခါတွင် နူးညံ့နေသော ဆန်ခွက်သည် ပါးစပ်ထဲတွင် ရုတ်တရက် ကြွပ်ရွသော အသားအဖြစ် ပြောင်းလဲသွားပြီး သာယာနာပျော်ဖွယ် အသံနှင့်အတူ ဘာပေါင်ဆန်၏ ထူးခြားသော မွှေးရနံ့က နှာခေါင်းထဲသို့ တိုးဝင်လာသည်။

"အပြင်က နူးညံ့ပြီး အတွင်းက ကြွပ်ရွနေတာပဲ... ဟုတ်တယ်၊ ဒါ ငါရှာနေတဲ့ အရသာအစစ်ပဲ" လီဝမ်တောင်သည် တစ်လုတ်မျှ မြည်းစမ်းပြီးသည်နှင့် သူ ရှာဖွေနေသော အရသာနှင့် တစ်ထပ်တည်းကျနေကြောင်း အတည်ပြုနိုင်ခဲ့သည်။

ဤ ကျောက်စိမ်းဆန်ခွက်ကြော်၏ ထူးခြားချက်မှာ အစပိုင်းတွင် နူးညံ့သော်လည်း နောက်ပိုင်းတွင် ကြွပ်လာခြင်းဖြစ်သည်။ ဟင်းရည်ကြောင့် ပျော့ပျောင်းစေးကပ်နေသော အပြင်အလွှာနှင့် ဆီနံ့သင်းသင်းဖြင့် ကြွပ်ရွနေသော အတွင်းအလွှာတို့၏ ပေါင်းစပ်မှုကြောင့် ဝါးရသည်မှာ အလွန်ပင် အရသာရှိလှသည်။ ဘာပေါင်ဆန်ကို ဟင်းရည်ထဲတွင် နှစ်ထားခြင်းကလည်း ထူးခြားသောချိုမြိန်မှုကို ထုတ်လွှတ်ပေးနေသည်။

အရသာကို အတည်ပြုပြီးနောက် လီဝမ်တောင်သည် တွန့်ဆုတ်မနေတော့ဘဲ ပန်းကန်ထဲမှ ဆန်ခွက်အားလုံးကို တစ်ချက်တည်းနှင့် ကုန်အောင် စားပစ်လိုက်သည်။

"ဗိုက်မပြည့်ဘူးပဲ" လီဝမ်တောင်က ကိုယ့်ကိုယ်ကိုယ် ပြန်လည် လှောင်ပြောင်ရင်း ပြုံးလိုက်သည်။ သူသည် အသက် (၅၀) နီးပါး ရှိနေပြီဖြစ်ကာ အလုပ်များလွန်းသဖြင့် အစာအိမ် အားနည်းနေသူ ဖြစ်သည်။ ထို့ကြောင့် အစားကို အလွန်အမင်း လျှော့စားလေ့ရှိသော်လည်း၊ ယနေ့တွင် ဆန်ခွက်တစ်ပန်းကန်လုံး ကုန်သွားသည်အထိ စားမိခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

"ဟိုင်း... ကျေးဇူးပြုပြီး ကျောပ်စိမ်းဆန်ခွက်ကြော်နောက်တစ်ပွဲ ထပ်ယူလာပေးပါဦး" သူက မီနူးကို ပြန်ဆွဲယူကာ မှာယူလိုက်သည်။

"တောင်းပန်ပါတယ်ရှင့်... ကျွန်မတို့ စားသောက်ဆိုင်မှာက လူတစ်ယောက်ဟာ ဟင်းတစ်မျိုးကို တစ်ပွဲပဲ မှာလို့ရပါတယ်" ကျိုကျာက လျှောက်လာပြီး အားနာစရာ အပြုံးလေးဖြင့် ရှင်းပြသည်။

"ဟ... တကယ်ကြီးလား။ ဒါဆိုရင် တခြား ငရုတ်သီးပါတဲ့ ဟင်းလျာမျိုးတွေကော မှာလို့ရမလား... ဘာတွေ အကြံပြုချင်လဲ" လီဝမ်တောင်က မေးလိုက်သည်။ ဆန်ခွက်က ဤမျှ အရသာရှိလျှင် တခြားဟင်းလျာများမှာလည်း အလွန်ကောင်းမွန်မည် သူ ယုံကြည်သွားခြင်းပင်။

စည်းမျဉ်းစည်းကမ်းများမှာ နေရာတိုင်းတွင် ရှိစမြဲပင်။ အထူးသဖြင့် ဤကဲ့သို့ ထူးခြားသည့် ဆိုင်မျိုးတွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိနေသည်မှာ အဆန်းမဟုတ်ပေ။

"ပေါ့ပေါ့ပါးပါး ဟင်းလျာဆိုရင်တော့ ဂျင်လင်းမြက်ကြော်ကို အကြံပြုချင်ပါတယ်ရှင့်။ ဒီဟင်းမှာ ဆီနဲ့ ဆား အနည်းငယ်ပဲ ပါဝင်ပါတယ်။ ဂျုံနဲ့လုပ်တဲ့ အစားအစာဆိုရင်တော့ ခေါက်ဆွဲပြုတ်အချို ရှိမယ်၊ နောက်ပြီး ကြက်ဥကြော်ထမင်းလည်း ရှိပါတယ်... ဘယ်ဟာ စားချင်လဲရှင့်" ကျိုကျာက ကျွမ်းကျင်စွာ အကြံပြုလိုက်သည်။

"ဂျင်လင်းမြက်‌ကြော် နဲ့ ကြက်ဥကြော်ထမင်း တစ်ပွဲစီ ပေးပါ" လီဝမ်တောင်က သူနှစ်သက်ရာကို အမြန်ရွေးချယ်လိုက်သည်။

ထုံးစံအတိုင်း ငွေကြိုပေးချေရသည့်အခါမှ လီဝမ်တောင်သည် ဈေးနှုန်းမှာ အမှန်တကယ်ပင် မသက်သာကြောင်း သတိပြုမိသွားသည်။

"ရိုးရိုးဆန်နဲ့ အစိမ်းရောင်ကျောက်စိမ်းဆန်ခွက်က ဈေးတူနေလိမ့်မယ်လို့ ငါ မထင်ထားဘူး" သူက စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သော်လည်းတကယ်တမ်း ဂရုမစိုက်ပါ။ လက်ရှိအချိန်တွင် သူ၏အစာအိမ်ကို ဖြည့်တင်းရန်ကသာ အရေးကြီးဆုံး မဟုတ်ပါလား။

ယွမ်ကျိုး၏ဆိုင်မှာ လူအများကြီး ရှိသော်လည်း ထိုင်ခုံနည်းပါးလှသည်။ သို့သော် ယွမ်ကျိုး၏ လက်စွမ်းမှာ ပို၍ မြန်ဆန်လာသဖြင့် ဖောက်သည်များမှာ သူတို့မှာထားသည့် ဟင်းလျာများကို သိပ်မစောင့်ရဘဲ ချက်ချင်းရရှိကြသည်။ လီဝမ်တောင်၏ ရှေ့သို့လည်း ဟင်းလျာများ ရောက်ရှိလာတော့သည်။

"တော်တော်လေး အရသာရှိမယ့်ပုံပဲ" ပန်းကန်ထဲမှ တောက်ပြောင်နေသော အစိမ်းရောင် ဂျင်လင်းမြက်များကို ကြည့်ကာ သူက ပထမဆုံး တုံ့ပြန်လိုက်မိသည်။

သူသည် ဤဟင်းလျာများကို အကုန်စားနိုင်မည် တွေးထားသော်လည်း စားကြည့်သည့်အခါမှ မလုံလောက်သလို ခံစားနေရပြန်သည်။ သို့သော် သူ၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကြောင့် ထပ်မမှာတော့ဘဲ တခြားသူများအတွက် နေရာဖယ်ပေးရန် ထရပ်လိုက်သည်။ သို့သော် သူသည် ဆိုင်ပြင်သို့ ချက်ချင်း ထွက်မသွားသေးပေ။

သူသည် ယွမ်ကျိုးကို စိုက်ကြည့်နေသောမာစတာချန် ကို တွေ့သဖြင့် လှမ်းမေးလိုက်သည်။

"ဒီဆိုင် ဘယ်တော့ပိတ်မလဲဆိုတာ မေးလို့ရမလားဗျ"

"ဆိုင်ချိန်က နောက်ထပ် နာရီဝက်ဆိုရင် ပြီးပါပြီ" မာစတာချန်က ယွမ်ကျိုးထံမှ မျက်လုံးမခွာဘဲ ပြန်ဖြေလိုက်သည်။

"ဟိုက လူငယ်လေးက ဆိုင်ရှင်လား" လီဝမ်တောင်က အတည်ပြုချက် တောင်းလိုက်သည်။

"ဘာဖြစ်လို့လဲ... ဘာကိစ္စရှိလို့လဲ" မာစတာချန်က ခေါင်းလှည့်ကြည့်လာသည်။

"ဟုတ်ကဲ့... ကျွန်တော် သူ့နဲ့ ဆွေးနွေးစရာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတစ်ခု ရှိလို့ပါ"

"အခုချိန်မှာတော့ မဖြစ်နိုင်ဘူး။ မာစတာယွမ် ချက်ပြုတ်နေတဲ့အချိန်မှာ ဘယ်သူမှ နှောင့်ယှက်လို့ မရဘူး" မာစတာချန်က တည်ကြည်စွာ ပြောလိုက်သည်။

"ဒါဆိုရင် ခင်ဗျားကရော ဘာလို့ အဲဒီမှာ ရပ်နေတာလဲ" လီဝမ်တောင်က အဆင်မပြေဖြစ်သွားသော်လည်း ယဉ်ကျေးစွာပင် ပြန်မေးလိုက်သည်။

"ကျွန်တော့်မှာ ကိုယ်ပိုင် အကြောင်းပြချက် ရှိပါတယ်။ သူ့နဲ့ စကားပြောချင်ရင်တော့ အလုပ်ချိန် ပြီးတဲ့အထိ စောင့်မှ ရလိမ့်မယ်" မာစတာချန်က ပြတ်သားစွာ ပြောလိုက်သည်။

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်" လီဝမ်တောင်သည် ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် ဆိုင်ပိတ်ချိန်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

"အင်း..." မာစတာချန်က တိုတိုတုတ်တုတ် ပြန်ဖြေပြီးနောက် ယွမ်ကျိုး၏ ချက်ပြုတ်မှုများကို အာရုံစူးစိုက်ကြည့်ရန် ခေါင်းပြန်လှည့်သွားသည်။

လီဝမ်တောင်သည်လည်း အနှောင့်အယှက်မဖြစ်စေမည့် နေရာတစ်ခုတွင် ရပ်ကာ အလုပ်ချိန်ပြီးဆုံးသည်အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ ထိုမိနစ် (၃၀) အတွင်း သူသည် ပတ်ဝန်းကျင်ကို တိတ်တိတ်ဆိတ်ဆိတ် လေ့လာရင်း ယွမ်ကျိုး၏ အကြောင်းကို ပိုမိုနားလည်လာခဲ့သည်။

သူ သတိပြုမိသည်မှာ ယွမ်ကျိုးသည် စည်းမျဉ်းများကို အလွန်တင်းကျပ်စွာ လိုက်နာသူဖြစ်သဖြင့် သံလိုက်အိမ်မြှောင်ဟု အမည်ပြောင်ပေးခံရခြင်း ဖြစ်သည်။ သူသည် ချက်ပြုတ်ရာတွင် အရာအားလုံးကို သန့်ရှင်းစင်ကြယ်စွာ ထားရှိပြီး မီးဖိုချောင်ကိုလည်း လူတိုင်းမြင်နိုင်အောင် ပွင့်လင်းမြင်သာစွာ ထားရှိသည်။ ထို့ပြင် ဤဆိုင်မှ ဟင်းလျာဈေးနှုန်းများအရ ယွမ်ကျိုးသည် ငွေကြေးချို့တဲ့သူမဟုတ်ကြောင်းလည်း သူ ရိပ်မိလိုက်သည်။

"နောက်တစ်ခါမှ ပြန်လာခဲ့ပါ"

ယွမ်ကျိုး၏ ထိုစကားသံထွက်ပေါ်လာသည်နှင့် ညစာစားချိန် ပြီးဆုံးသွားပြီဖြစ်သည်။ ဖောက်သည်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြရာ ဆိုင်ထဲတွင် မာစတာချန်၊ ကျိုကျာ၊ ယွမ်ကျိုးနှင့် လီဝမ်တောင်တို့သာ ကျန်ရစ်တော့သည်။

"တောင်းပန်ပါတယ်... ညစာစားချိန် ပြီးသွားပါပြီ" ယွမ်ကျိုးက လီဝမ်တောင်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်တော် သိပါတယ် မစ္စတာယွမ်။ ကျွန်တော် ခင်ဗျားနဲ့ ဆွေးနွေးစရာ ကိစ္စလေးအချို့ ရှိလို့ပါ" လီဝမ်တောင်က ယဉ်ကျေးစွာ ပြောလ်ုက်သည်။

"ကျွန်တော် ဘာများကူညီပေးရမလဲခင်ဗျာ"

"ဒီလိုပါ... ခုနက ကျွန်တော်စားခဲ့တဲ့ ကျောက်စိမ်းဆန်ခွက်ကြော်ဟာ ကျွန်တော့်အတွက်တော့ အလွန်တန်ဖိုးရှိပြီး အရေးပါတဲ့ ဟင်းလျာတစ်ခုပါ။ အဲဒါကြောင့် ဒီဟင်းလျာချက်နည်းကို ကျွန်တော် သင်ယူချင်ပါတယ်။ ခင်ဗျား ကျွန်တော့်ကို ကူညီပေးနိုင်မလား" လီဝမ်တောင်က ပွင့်ပွင့်လင်းလင်း တိုက်ရိုက်မေးလိုက်သည်။

"တောင်းပန်ပါတယ်... ကျွန်တော် တပည့်တစ်ယောက် လက်ခံဖို့ အစီအစဉ်မရှိပါဘူး" ယွမ်ကျိုးက ပြတ်သားစွာ အဖြေပေးလိုက်သည်။

"ကျွန်တော်က တပည့်အဖြစ် အမြဲတမ်း နေမှာမဟုတ်ပါဘူး။ ကျွန်တော့်မှာ ခင်ဗျားလို အချက်အပြုတ် ပါရမီမျိုးလည်း မရှိပါဘူး။ ဒီဟင်းတစ်မျိုးတည်းကိုပဲ သင်ယူချင်တာပါ။ ခင်ဗျားအတွက် အချိန်အများကြီး ကုန်မှာမဟုတ်ပါဘူး" လီဝမ်တောင်က ယွမ်ကျိုးကို ချီးကျူးရင်း သူ၏ ရည်ရွယ်ချက်ကို ထပ်မံရှင်းပြသည်။

"ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ယွမ်ကျိုးက ခေါင်းညိတ်ပြပြီးနောက် ဘာမှထပ်မပြောတော့ပေ။

"ဒါဆို... ဟင်းချက်နည်းကိစ္စကရော" လီဝမ်တောင်က မျှော်လင့်ချက်အပြည့်ဖြင့် ထပ်မေးသည်။

"ဟင်းတစ်ခွက်တည်းပဲ ဖြစ်ဖြစ်၊ ဆယ်ခွက်ပဲ ဖြစ်ဖြစ် သင်ပေးရမှာကတော့ အတူတူပဲ။ ကျွန်တော်ကတော့ တပည့် လက်မခံပါဘူး" ယွမ်ကျိုးက လေးနက်စွာ ထပ်မံငြင်းဆိုလိုက်သည်။

"အခုလို နှောင့်ယှက်မိတာ တောင်းပန်ပါတယ်ဗျာ။ မနက်ဖြန် ကျွန်တော် ထပ်လာခဲ့ပါ့မယ်။ အဲဒီအချိန်ကျရင်တော့ ခင်ဗျား သေသေချာချာ စဉ်းစားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လီဝမ်တောင်က ပြောဆိုကာ ယဉ်ကျေးစွာဖြင့် ဆိုင်ထဲမှ ထွက်ခွာသွားခဲ့ပါတော့သည်။

ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၁၃)

ပြီးပါပြီ။

ယွမ်ကျိုးကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၁၄)

"မာစတာယွမ်... အကူအညီ လိုလား"

မာစတာချန်သည် ယွမ်ကျိုးက အနှောင့်အယှက်ပေးခံရခြင်းကို မကြိုက်မှန်း သိသော်လည်း အခြေအနေကို ကြည့်ကာ တက်ကြွစွာ မေးလိုက်ခြင်းဖြစ်သည်။ သို့သော် ယွမ်ကျိုးက ခဏစဉ်းစားပြီးနောက် အေးဆေးစွာ ငြင်းဆန်လိုက်သည်။

"မလိုပါဘူး"

ဘေးတွင် ရပ်နေသော ကျိုကျာမှာ သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေပြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ ယွမ်ကျိုးက အဆင်ပြေသည် ပြောသဖြင့် သူမ စိတ်အေးသွားပြီးနောက် သူမ၏ တာဝန်များကို ညပိုင်းဝန်ထမ်း ရှန်မင်ထံ လွှဲပြောင်းပေးလိုက်သည်။

ဘားဆိုင်ဖွင့်ရန် အချိန်နီးကပ်လာသည်နှင့်အမျှ ယင်းယာနှင့် သူမ၏ ဒါရိုက်တာဖြစ်သူ မစ္စတာချင်တို့ ရောက်ရှိလာကြသည်။ ယင်းယာသည် ဆိုင်ထဲဝင်လာသည်နှင့် ယွမ်ကျိုးကို ကြည့်ကာ ချိုမြိန်သော အပြုံးတစ်ခု ပေးလိုက်ရာ ယွမ်ကျိုးကလည်း သူ၏ ပုံမှန်အတိုင်း တည်တင်းသော မျက်နှာပေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"မင်္ဂလာပါ စားဖိုမှူးယွမ်" မစ္စတာချင်က စိတ်အားထက်သန်စွာ နှုတ်ဆက်သည်။

"မင်္ဂလာပါ" ယွမ်ကျိုးက မီးဖိုချောင်ထဲမှနေ၍ စိတ်ရင်းမှန်ဖြင့် ပြန်ဖြေသည်။ သူ၏ မျက်နှာထားမှာ ခါတိုင်းကဲ့သို့ပင် အေးစက်နေသော်လည်း သူ့ဘာသာသူတော့ ဆွဲဆောင်မှုရှိသော မင်းသားလေးတစ်ပါး မှတ်ယူထားဆဲပင်။

"သူဌေးယွမ်... ခင်ဗျားရဲ့ ဘားအတွက် ဆိုင်ခွဲဖွင့်ဖို့ စိတ်ဝင်စားလား" မစ္စတာချင်က ယဉ်ကျေးစွာ မေးမြန်းလာသည်။

"မဖွင့်ပါဘူး" ယွမ်ကျိုးက ပြတ်သားစွာ ပြောလိုက်သည်။

"ကျွန်တော့်အစီအစဉ်က ဒီလိုပါ... ခင်ဗျားရဲ့ ဆိုင်ခွဲမှာ စားပွဲထိုးအချို့ပဲ ငှားရမှာပါ။ လိုအပ်တဲ့ အရက်တွေကို လေကြောင်းလိုင်းကနေ ပို့ပေးလို့ ရပါတယ်။ SF Express က ဒီအလုပ်ကို ကောင်းကောင်း လုပ်ပေးနိုင်မှာပါ။ ဆိုင်ခွဲကို စီမံခန့်ခွဲဖို့လည်း မလိုပါဘူး၊ ကျွန်တော် တာဝန်ယူပေးပါ့မယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ မဟုတ်လား" မစ္စတာချင်က စိတ်အားထက်သန်စွာ ရှင်းပြသည်။

"တောင်းပန်ပါတယ်... ကျွန်တော်က စားသောက်ဆိုင်ဖြစ်ဖြစ်၊ ဘားဖြစ်ဖြစ် ဆိုင်ခွဲဖွင့်ဖို့ အစီအစဉ် မရှိပါဘူး"

"အမြတ်ခွဲဝေမှုကိုရော မမေးတော့ဘူးလား... အသားတင်အမြတ်ရဲ့ (၆၀%) ကို ခင်ဗျားယူပြီး ကျွန်တော့်ကို (၄၀%) ပဲ ပေးပါ" မစ္စတာချင်က အမှန်ပင် လိုက်လျောပေးလိုက်ခြင်းဖြစ်သည်။

"မလိုပါဘူး" ယွမ်ကျိုးက မျက်မှောင်ကြုတ်လျက် ထပ်မံ ငြင်းဆိုလိုက်သည်။

"ကောင်းပြီလေ... ဒါပေမဲ့ ခင်ဗျားရဲ့ အရက်က တကယ်ကို အရသာရှိတယ်ဆိုတာတော့ ကျွန်တော် ပြောရပါဦးမယ်။ ကျွန်တော့်မြို့မှာ အချိန်မ‌ရွေးသောက်နိုင်ရင် သိပ်ကောင်းမှာပဲ" မစ္စတာချင်က ဝမ်းနည်းစွာ ဆိုသည်။

"ရှန်မင်... ဧည့်သည်တွေကို အပေါ်ထပ် ခေါ်သွားပေးလိုက်ပါ" ယွမ်ကျိုးက ရှန်မင်ကို ခိုင်းလိုက်ပြီးနောက် သူ၏ အထူးထိုင်ခုံတွင် ထိုင်ကာ တစ်ခုခုကို ငေးကြည့်နေမိသည်။

စားသောက်ဆိုင်ထဲတွင် တိတ်ဆိတ်မှုက စိုးမိုးသွားသည်။ ခဏအကြာတွင် ယွမ်ကျိုးက ရုတ်တရက် ကျယ်လောင်စွာ ရေရွတ်လိုက်သည်။

"အန်တီတောင်က အဝတ်လျှော်လုပ်ငန်းကို နားလိုက်ရင်... ငါ့အဝတ်အစားတွေကို ဘယ်သူ လျှော်ပေးတော့မလဲ"

မှန်၏။ ယွမ်ကျိုးသည် အဝတ်လျှော်ရန် မတတ်နိုင်ပေ။ ဤလမ်းတစ်လျှောက်တွင်လည်း အန်တီတောင်၏ အဝတ်လျှော်ဆိုင် တစ်ဆိုင်သာ ရှိသည် မဟုတ်ပါလား။

"စနစ်ရေ... ငါ့အဝတ်အစားတွေကို အလိုအလျောက် လျှော်ပေးနိုင်တဲ့ စက်ပစ္စည်းမျိုး မင်းမှာ ရှိလား" ယွမ်ကျိုးက ပြဿနာကို ဖြေရှင်းရန် စနစ်ကို မေးလိုက်သည်။

စနစ်က တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။

"တကယ်တော့... မရှိပါဘူး"

"စနစ်... မင်းက တအားလွှမ်းမိုးနိုင်စွမ်း ရှိတာ မဟုတ်ဘူးလား" ယွမ်ကျိုးက မထီမဲ့မြင်ပြုသော လေသံဖြင့် စိန်ခေါ်လိုက်သည်။

စနစ်က တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားသည်။

"စနစ်က ကျွမ်းကျင်စားဖိုမှူးစနစ်ဖြစ်လို့ အချက်အပြုတ်စွမ်းရည်နဲ့ သက်ဆိုင်တဲ့ အရာတွေကိုပဲ ထောက်ပံ့ပေးနိုင်ပါတယ် "

ထိုအဖြေမှာ ယွမ်ကျိုး မျှော်လင့်ထားသည့်အတိုင်းပင်။

"အဝတ်လျှော်တာကလည်း အချက်အပြုတ်စွမ်းရည်နဲ့ ဆိုင်တာပဲလေ။ ကြည့်အုံး... ငါ့ရဲ့ စားဖိုမှူးဝတ်စုံတွေက တရုတ်ဟန် ဒီဇိုင်းတွေ ဖြစ်လို့ အမြဲတမ်း သန့်ရှင်းနေရမယ်လေ မဟုတ်ဘူးလား။ မဟုတ်ရင် ဖောက်သည်တွေအပေါ် တာဝန်ပျက်ကွက်တာပဲ။ ပြီးတော့ ငါ့လက်တွေက အဖိုးတန် ပါဝင်ပစ္စည်းတွေကို ခွဲခြားသိဖို့ အမြဲတမ်း အာရုံခံနိုင်စွမ်း အမြင့်ဆုံးမှာ ရှိနေရမယ်။ ငါပြောတာ မှန်တယ်မလား" ယွမ်ကျိုးက အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် ပြောချလိုက်သည်။

" ဟုတ်ပါတယ် "

စနစ်ကအသိအမှတ်ပြုလိုက်သည်။

"ဒါဆိုရင် အဝတ်လျှော်တာက အချက်အပြုတ်နဲ့ ဆိုင်သွားပြီပေါ့။ အဝတ်လျှော်ရင်းနဲ့ ငါ့လက်တွေ ဒဏ်ရာရသွားရင် မတန်ဘူးလေ။ ညစ်ပတ်တဲ့ အဝတ်အစားတွေ ဝတ်တာက ဖောက်သည်တွေအတွက်တင် မက အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေကိုပါ စော်ကားရာ ရောက်တယ်" ယွမ်ကျိုးက စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။ သူသည် အဝတ်လျှော်ရန် ပျင်းရိခြင်းထက် အဆင့်မြင့် အချက်အလက်များအတွက် စနစ်ကို အကွက်ဆင်နေခြင်းပင်။

သို့သော် စနစ်ကလည်း ခေသူမဟုတ်ပါ။

"ဆိုင်ရှင်နဲ့ (၃.၁) ကီလိုမီတာ အကွာမှာ အဝတ်လျှော်ဆိုင်တစ်ဆိုင် ရှိပါတယ်။ အခြားဆိုင်များနဲ့ ယှဉ်ရင် သူတို့ရဲ့ ဝန်ဆောင်မှုက အကောင်းဆုံးပါ "

"ဟိုး... ဟိုး..." ယွမ်ကျိုး စကားပင် ဆက်မပြောနိုင်တော့ပေ။ သို့သော် သူ အလွယ်တကူ လက်မလျှော့ဘဲ

ထပ်မေးလိုက်သည်။

"ဒါပေမဲ့ ဘက်တီးရီးယားတွေကရော အန်တီတောင် လျှော်ပေးသလောက် အဲဒီဆိုင်က ပြောင်ပါ့မလား"

"ဒါကိုတော့ကို စားသောက်ဆိုင်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားတာကြောင့် အလိုအလျောက် ပိုးသတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်မပူပါနဲ့ ဆိုင်ရှင် "

"ကောင်းပြီလေ... ရပြီ" ယွမ်ကျိုးက မကျေမနပ် ရေရွတ်လိုက်သည်။ စနစ်ကို လိမ်လည်ပြီး အဝတ်လျှော်စက် အလကားရယူရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သော်လည်း သူ၏ အဝတ်အစားများ သန့်ရှင်းရေး ပြဿနာ ပြေလည်သွားသဖြင့် စိတ်သက်သာရာ ရသွားသည်။

---

နောက်တစ်နေ့ ညစာစားချိန်အတွင်း...

"မင်္ဂလာပါ သူဌေးယွမ်" လီဝမ်တောင်သည် ဆိုင်ထဲသို့ ထပ်မံရောက်ရှိလာပြီး ယဉ်ကျေးစွာ နှုတ်ဆက်သည်။

"အင်း..." ယွမ်ကျိုးက ခေါင်းညိတ်ပြရုံသာ ပြုလုပ်လိုက်သည်။

"ဘာများ သုံးဆောင်မလဲရှင့်" ကျိုကျာက သူမ၏ ပရော်ဖက်ရှင်နယ် အပြုံးလေးဖြင့် မေးလိုက်သည်။

"ဆန်အမျိုးအစား (၁၀၀) ထဲက ကျောက်စိမ်းဆန်ခွက်ကြော်တစ်ပွဲနဲ့ ဂျင်လင်မြက်ကြော် တစ်ပွဲ ပေးပါ" လီဝမ်တောင်က မနေ့က မှာယူခဲ့သော ဟင်းလျာများကိုပင် ထပ်မံ မှာယူလိုက်သည်။

"ဟုတ်ကဲ့... ခဏစောင့်ပါဦးရှင့်"

ငွေပေးချေမှု ပြီးဆုံးပြီးနောက် လီဝမ်တောင်သည် ဤတစ်ကြိမ်တွင် မီးဖိုချောင်အတွင်းပိုင်းကို အရှင်းလင်းဆုံး မြင်နိုင်သည့် နေရာကောင်းတစ်ခုတွင် ထိုင်ခွင့်ရခဲ့သည်။ သူသည် ယွမ်ကျိုး၏ လက်လှုပ်ရှားမှုများနှင့် ပါဝင်ပစ္စည်းများကို အသေးစိတ် လေ့လာရန် မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေပါတော့သည်။

"မနေ့ကထက်စာရင် ဒီနေ့က ငါးမိနစ်လောက် ပိုနှေးနေသလားလို့"

လီဝမ်တောင်သည် လက်ပတ်နာရီကို ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်မိသည်။ သူသည် ဟင်းလျာများ ထွက်လာသည့် အချိန်ကို သေချာမှတ်သားထားခြင်း ဖြစ်သည်။ သို့သော် ဟင်းပွဲရောက်လာသည့်အခါတွင် "အရသာကတော့ အရင်အတိုင်း ထူးရှယ်ပါပဲ" သူက ကျေနပ်အားရစွာ ပြောလိုက်သည်။

သူသည် အစားအသောက် အရည်အသွေးကိုသာ ဂရုစိုက်သူဖြစ်သဖြင့် အချိန်အနည်းငယ် ပိုကြာသွားသည်ကို အရေးတယူ မရှိပေ။ စားသောက်ပြီးနောက် သူသည် ထုံးစံအတိုင်းပင် ယွမ်ကျိုး၏ လုပ်ငန်းသိမ်းချိန်အထိ ဘေးတွင် စောင့်ဆိုင်းနေခဲ့ပြန်သည်။

"ကျွန်တော့်ကို သင်ပေးဖို့ စဉ်းစားပေးပါဦး သူဌေးယွမ်"

"မသင်ပေးနိုင်ဘူး"

ဤစကားဝိုင်းသည် တတိယနေ့၊ စတုတ္ထနေ့နှင့် ပဉ္စမနေ့များအထိ ထပ်တလဲလဲ ဖြစ်ပေါ်နေခဲ့သည်။ ခြောက်ရက်မြောက်သော ညတွင် လီဝမ်တောင်က ပိုမိုရိုးသားစွာဖြင့် ထပ်မံတောင်းဆိုလာပြန်သည်။

"သူဌေးယွမ်... ဒီဟင်းလျာက ကျွန်တော့်အတွက် တကယ့်ကို အရေးကြီးလို့ပါ။ ကျွန်တော့်ကို သင်ကြားပေးနိုင်မယ်လို့ တကယ်ပဲ မျှော်လင့်မိပါတယ်"

ယွမ်ကျိုးသည် စိတ်ထဲတွင် အတော်လေး အကူအညီမဲ့နေသလို ခံစားရသော်လည်း အပြင်ပန်းတွင် တည်ကြည်စွာဖြင့် ငြင်းဆိုနေဆဲပင်။

"ကျွန်တော် တပည့်လက်မခံပါဘူး"

"ဒါပေမဲ့..." လီဝမ်တောင်က ဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ဘေးမှ ကြည့်နေသော မာစတာချန်က သည်းမခံနိုင်တော့ဘဲ ကြားဖြတ်ပြောလိုက်တော့သည်။

"မင်း အဲ့လောက်တောင်တုံးရသလား။ ဒါမှမဟုတ် လုံးဝ သတိမထားမိဘူးလား" မာစတာချန်က လီဝမ်တောင်ကို ကုလို့မရသော ငတုံးတစ်ယောက်ကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။

"ဗျာ... ဘာကို ဆိုလိုတာလဲ" လီဝမ်တောင်က ဒေါသထွက်မည့်အစား မျက်မှောင်ကြုတ်ကာ နားမလည်နိုင်စွာ မေးလိုက်သည်။

"မင်း ဒီကို နေ့တိုင်းလာနေတာပဲလေ။ ဒီလောက် မြင်သာနေတဲ့ မီးဖိုချောင်မှာ ချက်ပြုတ်နေတာကို ကြည့်ရုံနဲ့တင် မင်းတတ်နေသင့်ပြီလေ။ မင်းကို သီးသန့်သင်ပေးစရာမှ မလိုတာ" မာစတာချန်က မီးဖိုချောင်ကို လက်ညှိုးထိုးပြရင်း ဒေါသတကြီး ပြောလိုက်သည်။

ဘေးတွင် ရပ်နေသော ယွမ်ကျိုးကတော့ ဘာမှဝင်မပြောပေ။ သို့သော် စိတ်ထဲတွင် သူ့အား အချက်ပေးလိုက်သော မာစတာချန်ကို လက်မထောင်ပြကာ ချီးကျူးနေမိသည်။

"သူချက်တာကို ကျွန်တော် ဒီအတိုင်း ကြည့်လို့ရတယ်လို့ ဆိုလိုတာလား" လီဝမ်တောင်က ဇဝေဇဝါ ဖြစ်နေတုန်းပင်။ သူသည် ပထမနေ့ကတည်းက ကြည့်ခဲ့သော်လည်း ယွမ်ကျိုး၏ လက်လှုပ်ရှားမှုမှာ မြန်လွန်းသဖြင့် ဘာမှ မမှတ်မိခဲ့ပေ။

"မင်းကတော့လေ... အဓိပ္ပာယ်မရှိတာ။ သူဌေးယွမ်က ဆန်ခွက်ကြော်လုပ်တဲ့အခါ အရှိန်ကို သိသိသာသာ လျှော့ပေးထားတာကို မင်းမမြင်ဘူးလား" မာစတာချန်က မကျေမနပ် ထပ်ပြောလိုက်သည်။

ထိုအခါမှ လီဝမ်တောင်သည် ဤရက်ပိုင်းအတွင်း သူ၏ ဟင်းပွဲများ အချိန်ပိုကြာလာရသည့် အကြောင်းရင်းကို ရုတ်တရက် သဘောပေါက်သွားတော့သည်။ ယွမ်ကျိုးသည် နှုတ်မှ ငြင်းဆိုနေသော်လည်း လက်တွေ့တွင် သူ လိုက်မှတ်နိုင်ရန် အရှိန်လျှော့၍ ပြသပေးနေခြင်း ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် သူဌေးယွမ်... ကျေးဇူးတင်ပါတယ် မာစတာချန်" လီဝမ်တောင်က စိတ်ရင်းမှန်ဖြင့် အကြိမ်ကြိမ် ဦးညွတ်ကာ ကျေးဇူးတင်စကား ဆိုလေသည်။

"ဒီနေ့ အလုပ်ချိန် ပြီးသွားပြီ။ မနက်ဖြန် မနက်စောစော လာခဲ့ပါ" ယွမ်ကျိုးက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။

"ဟုတ်ကဲ့... မနက်ဖြန် ကျွန်တော် ထပ်လာခဲ့ပါ့မယ်။ ကျေးဇူးအများကြီးတင်ပါတယ်"

လီဝမ်တောင် ပျော်ရွှင်စွာ ထွက်ခွာသွားသည်ကို ကြည့်ရင်း ယွမ်ကျိုးသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

"မင်းသားလေးတစ်ယောက်လို ဟန်ဆောင်နေရတာ တကယ်ကို မလွယ်ကူပါလား..."

ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၁၄)

ပြီးပါပြီ။

All Chapters