← Chapters

အခန်း (၅၁၇-၅၁၈)

Vol. 42 Ch. 517-518

အခန်း (၅၁၇-၅၁၈)

Vol. 42 Ch. 517-518

ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၁၇)

ည (၁၀) နာရီ၊ ဟိုတယ်အခန်းတံခါးဝတွင်...

"ချစ်လေး... ဒီနေ့ ဟင်းတွေက တော်တော်အရသာရှိတာပဲ။ ကျေးဇူးတင်တယ်နော်" လျိုမေက တန်ဆောင်ကို ပြုံးပြုံးရွှင်ရွှင် ကြည့်ကာ ပါးကိုရုတ်တရက် နမ်းလိုက်သည်။

"မင်းကြိုက်ရင် ကိုယ်ကျေနပ်ပါပြီ" တန်ဆောင်က သူမ၏ ခေါင်းလေးကို ပွတ်သပ်ရင်း နူးညံ့စွာ ပြောလိုက်သည်။

"နောက်တစ်ခါ ဘောနပ်စ်ရရင် အဲဒီကို ထပ်သွားကြမယ်နော်" လျိုမေက လုံးဝ တွန့်ဆုတ်ခြင်းမရှိဘဲ ကတိတောင်းသည်။ တန်ဆောင်ကလည်း သဘောတူကာ သူမကို အိမ်အရောက် ပြန်ပို့ပေးခဲ့သည်။

မိနစ် (၁၀) ခန့်အကြာတွင် တန်ဆောင် ဟိုတယ်ခန်းသို့ ပြန်ရောက်လာသည်။ မနက်ဖြန်တွင် သူ အိမ်ပြန်ရတော့မည်ဖြစ်ရာ ချစ်သူနှင့် ခွဲခွာရမည်ကို တွေးပြီး အနည်းငယ် တွန့်ဆုတ်နေမိသည်။ သို့သော် သူ၏ ဖုန်းကို ထုတ်လိုက်ပြီး တစ်စုံတစ်ခုကို အသည်းအသန် စတင်လုပ်ဆောင်တော့သည်။

"ကဲ... ငါ့အလုပ် ငါလုပ်ရတော့မယ်"

တန်ဆောင်သည် အစားအသောက် အဆင့်သတ်မှတ်ချက် ဝဘ်ဆိုဒ်များ၊ စားဖိုမှူး ဖိုရမ်များနှင့် နာမည်ကြီး App များထဲသို့ တစ်ခုပြီးတစ်ခု ဝင်လိုက်သည်။ သူသည် အဆင့်သတ်မှတ်ချက် တိုင်းတွင် ယွမ်ကျိုး၏ ဆိုင်ကို ကြယ်ငါးပွင့်ပေးကာ အကောင်းဆုံး မှတ်ချက်များကို ရေးသားနေခြင်းပင်။

"ဒီဆိုင်ရဲ့ မှတ်ချက်ကောင်းတွေ ဘယ်ကနေ ရောက်လာသလဲဆိုတာ အခုမှပဲ ငါ သေချာ နားလည်သွားတော့တယ်" သူက ကိုယ့်ကိုယ်ကိုယ် ပြန်လည်လှောင်ပြောင်ရင်း ရေးသားလိုက်သည်။

[ဆောင်မေ ထံမှ မှတ်ချက်] - "ဆိုင်ရဲ့ စည်းကမ်းက နည်းနည်းရှုပ်ပေမဲ့ ဟင်းတွေက မမျှော်လင့်ဘဲ အရမ်းအရသာရှိ‌နေတယ်။ လူတိုင်း စမ်းကြည့်သင့်တယ်လို့ ထင်တယ်"

(မှတ်ချက် - ဆောင်မေ ဆိုသည်မှာ တန်ဆောင်နှင့် လျိုမေ၏ နာမည်များကို ပေါင်းစပ်ထားသော သူ၏ အွန်လိုင်း အမည်ပြောင် ဖြစ်သည်)

"ငါ။ တော်တော် အလုပ်ကြိုးစားတဲ့သူပဲ" သူက ညည်းညူရင်း နောက်ထပ် မှတ်ချက်တစ်ခု ထပ်ရေးပြန်သည်။

[ဆောင်မေ ထံမှ မှတ်ချက်] - "အဲ့သူဌေးက ကြက်ဥထမင်းကြော်လို ရိုးရိုးရှင်းရှင်းဟင်းကိုတောင် ထူးကဲအောင် ချက်နိုင်ပါတယ်‌။ပြီးတော့ မုန်လာဥချဉ်နဲ့ ရေညှိဟင်းချိုကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ"

မှန်‌ပေသည်။ ဆိုင်ထဲသို့ ဝင်ကာစက တန်‌ဆောင်သည် ဈေးနှုန်းနှင့် စည်းကမ်းများကို ကြည့်ပြီးလှောင်ပြောင်ခဲ့မိသည်။

"ကြက်ဥထမင်းကြော်ကို တစ်ပွဲပဲမှာရမယ်။ ပိုမစားရဘူးဆိုတဲ့ စည်းကမ်းက အဓိပ္ပာယ်မရှိလိုက်တာ၊ ဘယ်သူကများ နှစ်ပွဲစားရလောက်အောင် ရူးနေမှာလဲ"

သို့သော် ဟင်းရောက်လာပြီး ပထမဆုံး တစ်လုပ်စားလိုက်ရချိန်မှာတင် သူ၏ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုမျှ အရသာရှိသော ထမင်းကြော်မျိုးဆိုလျှင် သူသည် နှစ်ပွဲမက ငါးပွဲပင် ကုန်အောင် စားနိုင်စွမ်း ရှိနေသည်။

"တော်တော်ထူးဆန်းပြီး အရသာရှိလွန်းတယ်ဟ... ဘုရားရေ" သူက ထမင်းကြော်၏ အရသာကို ပြန်တွေးမိရင်း တံတွေးများပင် ပြန်ဝဲလာမိသည်။

အရသာရှိသော ထမင်းကြော်ကို ဘေးဖယ်ထားလျှသ်ပင် မုန်လာဥချဉ်နှင့် ရေညှိဟင်းချို၏ အရသာမှာလည်း သူ တစ်သက်နှင့်တစ်ကိုယ် တစ်ခါမှ မစားဖူးသော အဆင့်အတန်းမျိုး ဖြစ်သည်။ နောက်ဆုံးတွင် အရသာ၏ အနိုင်ယူခြင်းကို ခံလိုက်ရသော တန်ဆောင်သည် သူ၏ ကတိအတိုင်း လိုင်းတွင် အကောင်းဆုံး မှတ်ချက်များ လိုက်လံပေးကာ ယွမ်ကျိုးကို "လျော်ကြေး" ပေးနေတော့သည်။

"ငါက ဒါတွေကို ကိုယ်သဘောနဲ့ကိုယ် လုပ်ပေးနေတာ ဆိုပေမဲ့... ဒီစားသောက်ဆိုင်က နာမည်ကြီးလွန်းနေပြီပဲ"

တန်ဆောင်သည် အဆင့်သတ်မှတ်ချက် ဝဘ်ဆိုဒ် ဒါဇင်ပေါင်းများစွာတွင် မှတ်ချက်အကောင်းများ ရေးပေးပြီးနောက် နဖူးမှ ချွေးများကို သုတ်ရင်း ရေရွတ်လိုက်မိသည်။ သူ ဤသို့ အားသွန်ခွန်စိုက် လုပ်ဆောင်နေချိန်တွင် ယွမ်ကျိုးမှာ ဆိုင်သိမ်း၍ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီ ဖြစ်သည်။

နောက်တစ်နေ့ နံနက်တွင်...

အဝတ်လျှော်ဆိုင်ပိုင်ရှင် အန်တီတောင်သည် ယွမ်ကျိုး၏ ဆိုင်သို့ ထပ်မံရောက်ရှိလာခဲ့သည်။

"ယွမ်လေး... ရှိလား" သူမက တံခါးဝမှ လှမ်းမေးလိုက်သည်။

"ရှိပါတယ် အန်တီတောင်... လာပါ၊ ဒီမှာ ထိုင်ပါဦး"ယွမ်ကျိုးက မီးဖိုချောင်ထဲမှ ထွက်လာပြီး အန်တီတောင်ကို စားပွဲတွင် နေရာချပေးလိုက်သည်။

"ငါ့ဆိုင်ခန်းကို မင်းဆီ လွှဲပေးဖို့ ငါ အပြီးသတ် ဆုံးဖြတ်လိုက်ပြီ။ ငါ့ကိုတော့ ထပ်ပြီး မငြင်းနဲ့တော့"

ယွမ်ကျိုးက တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း အန်တီတောင်က လက်ကာပြကာ ဆက်ပြောသည်။

"ဒီတစ်ခါတော့ ငါ နည်းနည်း လျှောက်သွားကြည့်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ဒီအသက်အရွယ် ရောက်တဲ့အထိ နေရာစုံအောင်မရောက်ဖူးသေးတော့ ခရီးထွက်တာက ငါ့အတွက် အမှတ်တရ တစ်ခုရစေမှာပါလေ" သူမက မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။

"ကောင်းပြီလေ... ခရီးသွားတာက စိတ်အပန်းပြေစေတာပေါ့" ယွမ်ကျိုးက ခေါင်းညိတ် သဘောတူလိုက်သည်။

"ဒါပေမဲ့ ခရီးသွားပြီးလို့ ပြန်လာရင်တော့ အန်တီ့အလုပ်တွေကို ဆက်လုပ်လို့ ရတာပဲ မဟုတ်လား"

"မဟုတ်ဘူး... မဟုတ်ဘူး။ ငါက အသက်ကြီးလှပြီ၊ ဒီအလုပ်တွေကို ဆက်လုပ်ဖို့ ခွန်အားလည်းမရှိတော့ဘူး။ ငါ့မှာလည်း သားသမီး မရှိတော့တာမို့ ဒီဆိုင်ကို လည်းမင်းကိုပဲ ပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ မင်းက ငါ့သားလိုပဲလေ" အန်တီတောင်က ယွမ်ကျိုးကို ကြင်နာစွာ ကြည့်ရင်း ပြောရှာသည်။

"ကောင်းပါပြီ... အန်တီ နားချင်ပြီဆိုမှတော့ ကျွန်တော် မတားပါဘူး။ ဒါပေမဲ့ ခရီးသွားတွေ ပြီးသွားရင် ဘယ်မှာနေဖို့ စီစဉ်ထားလဲ" ယွမ်ကျိုးက အလွန်လက်တွေ့ကျသော မေးခွန်းကို မေးလိုက်သည်။

"မင်းက ငယ်ငယ်လေးနဲ့ လူကြီးတစ်ယောက်လို ပြောတတ်လိုက်တာ" အန်တီတောင်က ပြုံးလျက် ဆူပူလိုက်သည်။

"ဟုတ်မှာပေါ့... ကျွန်တော်က တခြားသူရဲ့ ပစ္စည်းကို အတင်းအကျပ် သိမ်းတတ်တဲ့ လူဆိုးကြီးမှ မဟုတ်တာ" ယွမ်ကျိုးက ရှားရှားပါးပါး နောက်ပြောင်လိုက်သည်။

"အေးပါ... မင်းရဲ့ စရိုက်နဲ့ဆိုရင်တော့ အဲဒီလိုလူမျိုး လုံးဝ မဟုတ်တာ ငါသိပါတယ်"

"ဒါဆိုရင် အန်တီ့ရဲ့ အနာဂတ် အစီအစဉ်တွေကို ကျွန်တော့်ကို ပြောပြနော်" ယွမ်ကျိုးက ဇွဲနပဲဖြင့် ထပ်မေးပြန်သည်။

"ငါ ခရီးက ပြန်လာရင် သက်ကြီးရွယ်အို ဂေဟာကို သွားမယ်လို့ စီစဉ်ထားတယ်။ အဲဒီမှာ ငါ့လို လူကြီးတွေ အများကြီး ရှိတော့ အကြောင်းအရာ တူတာတွေ ဆွေးနွေးလို့ ရတာပေါ့" အန်တီတောင်က တည်ငြိမ်စွာပင် ဖြေကြားသည်။

"ချန်ဒူးက ဂေဟာမှာပဲလား"

"ဟုတ်တယ်... ဒါက ငါ့ဇာတိမြို့ မဟုတ်ပေမဲ့ ငါ့ဇာတိထက် ပိုကောင်းတယ်။ ဒီကို ပြန်မလာလို့ ငါက ဘယ်သွားရမှာလဲ" သူမက သက်ပြင်းတစ်ချက် ချလိုက်သည်။

"ဒါဆိုရင် အဲဒီဂေဟာအတွက် ကုန်ကျစရိတ်တွေကို ကျွန်တော့်ပေးမယ်‌‌။ အန်တီ ဘယ်လိုထင်လဲ" ယွမ်ကျိုးက ပြတ်သားသော လေသံဖြင့် ကမ်းလှမ်းလိုက်သည်။

ယွမ်ကျိုးအတွက် အန်တီတောင်မှာ သူ့မိသားစုဝင် အရင်းအချာကဲ့သို့ပင်။ မိဘဆွေမျိုးများအားလုံး ဆုံးရှုံးထားရသော ယွမ်ကျိုးအတွက် ဤမျှ ရင်းနှီးသော အိမ်နီးချင်းတစ်ယောက် ထွက်ခွာသွားတော့မည် ဖြစ်ရာ သူမအတွက် တစ်ခုခု တာဝန်ယူပေးချင်နေသည်မှာ သဘာဝပင် ဖြစ်သည်။

အန်တီတောင်သည် ယွမ်ကျိုးကို သူမ၏ သားအရင်းတစ်ယောက်ကဲ့သို့ အမှန်တကယ်ပင် သံယောဇဉ်ကြီးမားစွာ သတ်မှတ်ထားခြင်း ဖြစ်သည်။

ယွမ်ကျိုး၏ တာဝန်ယူလိုစိတ်နှင့် ခိုင်မာသော မျက်နှာပေးကို ကြည့်ပြီး အန်တီတောင်သည် အံ့အားသင့်သွားသော်လည်း ရုတ်တရက်ပင် စိတ်သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ ပိန်ပိန်ပါးပါး မျက်နှာထက်တွင် နွေးထွေးမှုများ ယှက်သန်းသွားပြီး သဘောတူလိုက်လေသည်။

"ကောင်းပြီလေ... ဒါဆိုရင်လည်း ဂေဟာအတွက် ကုန်ကျစရိတ်ကို မင်းပဲ ပေးလိုက်တော့"

"ဟုတ်ကဲ့... ဒါနဲ့ ဘယ်တော့ သွားမှာလဲ အန်တီ" ယွမ်ကျိုးက ခဏတာ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။

"ရက်အနည်းငယ်အတွင်းပဲ။ ငါ့မှာ ယူသွားစရာ ပစ္စည်းအများကြီး မရှိဘူး။ လက်မှတ်တစ်စောင်ရှိရင် ရပြီ" အန်တီတောင်က ပေါ့ပေါ့ပါးပါးပင် ဖြေသည်။

"ဘယ်ကို အရင်ဆုံးသွားဖို့ စဉ်းစားထားလဲ"

"ငါက လူငယ်တွေကို အတုယူပြီး 'ရုတ်တရက် ခရီးသွားခြင်း' ကို စမ်းကြည့်မလို့လေ။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ကြည့်ချင်တာ" အန်တီတောင်က ခရီးထွက်ရတော့မည့် ကလေးငယ်တစ်ယောက်ကဲ့သို့ စိတ်အားထက်သန်စွာ ပြောပြနေသည်။

"ကျွန်တော် လိုက်ပို့မယ်လေ" ယွမ်ကျိုးက လေးနက်စွာ ကမ်းလှမ်းသော်လည်း အန်တီတောင်က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"မလိုပါဘူး... မင်းက ဆိုင်ဖွင့်ရဦးမှာလေ။ ဘာလို့ အလုပ်ရှုပ်ခံပြီး လိုက်ပို့မှာလဲ"

"ဒါဆိုရင်... မနက်ဖြန် နေ့လယ်စာစားဖို့ ဆိုင်ကို လာခဲ့ဦး။ အတူတူ ထမင်းစားကြရအောင်" ယွမ်ကျိုးက ပြောလိုက်သည်။ သူ၏ လေသံတွင် အန်တီတောင်ကို လွှတ်ပေးလိုက်ရတော့မည့် ဝမ်းနည်းမှုနှင့် တွယ်တာမှုတို့ အနည်းငယ် ရောယှက်နေသည်။

"ကောင်းပြီ... မင်းဆိုင်က ဟင်းတွေက ဈေးကြီးလွန်းလို့ မင်းက အခမဲ့ မကျွေးမချင်း ငါကတော့ လာစားဖြစ်မှာ မဟုတ်ဘူး" အန်တီတောင်က ရယ်မောရင်း နောက်ပြောင်လိုက်သည်။

"မနက်ဖြန် အန်တီ့အတွက် တို့ဖူးပူတင်း ချက်ပေးမယ်။ အန်တီ ကြိုက်တယ်ဆိုတာ ကျွန်တော် မှတ်မိနေသေးတယ်" ယွမ်ကျိုးက သူမ၏ အကြိုက်ဆုံးကို ပြောလိုက်သည်။

"အင်း... မနက်ဖြန် ငါလာခဲ့မယ်" အန်တီတောင်က ယွမ်ကျိုးကို နှစ်သိမ့်သည့်အနေဖြင့် သူ၏ လက်မောင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

"ဟုတ်ကဲ့... ကျွန်တော် စောင့်နေပါ့မယ်"

အန်တီတောင်သည် ဆိုင်တံခါးဝသို့ လျှောက်သွားရင်း စည်ကားနေသော လမ်းမကြီးကို ကြည့်ကာ တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့်ပြောလိုက်သည်။

"တစ်နေ့ ငါပြန်လာတဲ့အခါ ဒီနေရာက အများကြီး ပြောင်းလဲသွားလိမ့်မယ်။ ဒါပေမဲ့ အဲဒီပြောင်းလဲမှုတွေ အားလုံးက မင်းကြောင့်ပဲ ဖြစ်မှာပါ"

"ဟုတ်ကဲ့... အန်တီ ပြန်လာတဲ့အခါ ကျွန်တော် ထပ်ကျွေးဦးမယ်" ယွမ်ကျိုးက ရှက်ကိုးရှက်ကန်းနှင့် ပြန်ပြောလိုက်သည်။

"သေချာတာပေါ့" အန်တီတောင်သည် သူမ၏ ဆိုင်လေးထဲသို့ ဝင်သွားတော့သည်။

ယွမ်ကျိုးသည် အန်တီတောင်၏ ကျောပြင်ကို ကြည့်ရင်း သူကိုယ်တိုင်သာ ကြားနိုင်သော အသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်မိပါတော့သည်။

"ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၁၇)

ပြီးပါပြီ။

ယွမ်ကျိုးကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၁၈)

အန်တီတောင် ထွက်သွားတော့မည်ဆိုသည့် သတင်းက ယွမ်ကျိုးအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိနေဆဲဖြစ်သည်။ ဥပမာအားဖြင့် ယနေ့နံနက် ပုံသွင်းပန်းပုထွင်းထုရာတွင် သူသည် မိသားစုဝင် သုံးဦးပုံစံ သို့မဟုတ် ချစ်စရာကောင်းပြီး အပြစ်ကင်းစင်သည့် တိရစ္ဆာန်ရုပ်လေးများကို ပိုမိုထွင်းထုမိနေသည်။ ရလဒ်အနေဖြင့် ယွမ်ကျိုး၏ ဆိုင်ရှေ့တွင် ကလေးငယ်များ ပိုမိုစည်ကားလာခဲ့သည်။

"မေမေ... ကြည့်ပါဦး ဒီနေ့ ဦးလေးထွင်းထားတဲ့ ယုန်ကလေးက အရမ်းချစ်ဖို့ကောင်းတယ်" မုန်လာဥနီယုန်ရုပ်လေးကို ရရှိသွားသည့် ကောင်လေးက ပျော်ရွှင်စွာ အော်ပြောလိုက်သည်။

"ဦးလေးကို ကျေးဇူးတင်စကား ပြောပြီးပြီလား" ငယ်ရွယ်သော မိခင်က ပြုံးလျက် မေးသည်။

"ကျေးဇူးတင်ပါတယ် ဦးလေး" ကောင်လေးက ယွမ်ကျိုးကို ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"ရပါတယ်..." ယွမ်ကျိုးမှာ ခေါင်းအနည်းငယ် ကိုက်သွားရသည်။

"ငါက ငယ်ပါသေးတယ်... ဦးလေးလို့ အခေါ်ခံနေရပြီလား" သူက ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။

"ဦးလေး... ဒါ ငှက်ကလေးလားဟင်" ကျစ်ဆံမြီးလေးနှင့် မိန်းကလေးငယ်တစ်ဦးက အသိုက်သို့ ပြန်လာနေသော ငှက်ရုပ်လေးကို ညွှန်ပြကာ မေးသည်။

"ဟုတ်တယ်..." ယွမ်ကျိုးက ခေါင်းညိတ်ပြရင်း သူမကို ပေးလိုက်သည်။

"အစ်ကိုကြီးလို့ ခေါ်လေ..." သူက ရုတ်တရက် ပြောရန် ပြင်လိုက်သော်လည်း မိန်းကလေးက ဇဝေဇဝါဖြင့် ကြည့်နေသဖြင့် စကားလုံးများကို ပြန်ရုပ်သိမ်းလိုက်ရသည်။

"ကိစ္စမရှိပါဘူး... ရော့၊ ဒီမှာ"

"ကျေးဇူးတင်ပါတယ် ဦးလေး" သူမကလည်း ပျော်ရွှင်စွာ ထွက်ပြေးသွားတော့သည်။ ခဏအတွင်းမှာပင် စင်ပေါ်ရှိ မုန်လာဥရုပ်တုများအားလုံးကို ကလေးများနှင့် အမျိုးသမီးများက အကုန်ယူသွားကြလေသည်။

---

နံနက်စာစားချိန် ပြီးဆုံးသွားသောအခါ ယွမ်ကျိုးသည် ပန်းပုထွင်းခြင်းကို ရပ်နားပြီး ပဲပုပ်များကို စတင်ကြိတ်တော့သည်။ ဤတစ်ကြိမ်တွင် ပဲပုပ်များကို ကြိုတင်ကာစိမ်ထားပြီးသား ဖြစ်သည်။

တို့ဖူး၏ သမိုင်းကြောင်းမှာ အနောက်ဟန်မင်းဆက်ကတည်းက စတင်ခဲ့ပြီး တို့ဖူးပူတင်း (သို့မဟုတ်) တို့ဖူးဂျယ်လီမှာ တောင်ပိုင်းနှင့် မြောက်ပိုင်း နှစ်ခုလုံးတွင် လူကြိုက်များသော ဟင်းလျာဖြစ်သည်။ တောင်ပိုင်းသားများက အချိုအရသာကို နှစ်သက်ကြပြီး မြောက်ပိုင်းသားများက အငန်အရသာကို နှစ်သက်ကြသည်။

ယနေ့ ယွမ်ကျိုး ချက်ပြုတ်မည့်အရာမှာ တို့ဖူးပူတင်း ဖြစ်သည်။ ၎င်းမှာ ပုံမှန် တို့ဖူးဂျယ်လီထက် အနည်းငယ် ပို၍ မာကျောသည်။ စီချွမ်ပြည်နယ်၊ လီရှန်ဒေသမှ တို့ဖူးပူတင်းမှာ အထင်ရှားဆုံးဖြစ်ပြီး တို့ဖူးသာမက ဆော့စ် (ငံပြာရည်) မှာလည်း အလွန်အရေးကြီးပါသည်။

“ကျလိ... ကျလိ...”

ယွမ်ကျိုးသည် ကျောက်ကြိတ်ဆုံကို အရှိန်မှန်မှန်ဖြင့် လှည့်နေသည်။ ကြိတ်နေစဉ်အတွင်း စမ်းရေနှင့် နှင်းရည် ရောစပ်ထားသည့် ရေကို သင့်တော်သလို ထည့်ပေးသည်။ ဆိုင်ထဲတွင်ပင် ရေ၏ အေးမြသောရနံ့က ပျံ့လွင့်နေသည်။

"ဒီလို ရေမျိုးနဲ့ ချက်တဲ့ တို့ဖူးက နူးညံ့ရုံတင်မကဘဲ လျှာပေါ်မှာ ချောမွတ်နေမှာ သေချာတယ်" ယွမ်ကျိုးက ကျေနပ်စွာ တွေးလိုက်သည်။

ပဲပုပ်များကို အကြိမ်ကြိမ် ကြိတ်ပြီး အနည်များကို စစ်ထုတ်ပြီးနောက် ကျန်ရှိသော ပဲနို့ရည်များကို အိုးထဲသို့ လောင်းထည့်ကာ စတင်ပြုတ်သည်။ ယွမ်ကျိုးသည် ပဲနို့ပြုတ်ရာတွင် အခြားအရသာများ ရောနှောခြင်းကို မနှစ်သက်သော်လည်း ပဲညှီနံ့ကို ဖယ်ရှားရန်အတွက် ကြာရွက်မှ ရရှိသော နှင်းရည်အနည်းငယ်ကို ထည့်သွင်းအသုံးပြုလိုက်သည်။

အခြားစားသောက်ဆိုင်ကြီးများတွင် တို့ဖူးပြုတ်ရာ၌ ကြက်သားပြုတ်ရည်ကို အသုံးပြုလေ့ရှိသော်လည်း ယွမ်ကျိုးက ထိုသို့မလုပ်ဆောင်ခဲ့ပေ။ အကြောင်းမှာ ကြက်သားပြုတ်ရည်၏ ပြင်းရှသောအရသာသည် တို့ဖူး၏ သဘာဝပဲရနံ့ကို ဖုံးလွှမ်းသွားနိုင်သောကြောင့် ဖြစ်သည်။

"ယွမ်လေး... ငါ ထမင်းစားဖို့ ရောက်ပြီ"

အန်တီတောင်၏ ရွှင်ပျသောရယ်သံမှာ ဆိုင်တံခါးဝတွင် ပဲ့တင်ထပ်သွားသည်။ သူမသည် နံနက်ကဝတ်ထားသော အဝတ်အစားများကို လဲလှယ်ထားပြီးဖြစ်ကာ ခရီးသွားရန် အဆင်သင့်ဖြစ်နေပုံရသည်။ ယွမ်ကျိုးက ပြုံးလျက် ဆိုင်တံခါးကို ဖွင့်ပေးလိုက်ပြီး မီးဖိုချောင်အတွင်းဘက်ရှိ သီးသန့်နေရာသို့ ဖိတ်ခေါ်လိုက်သည်။

"အန်တီတောင်... ဒီဘက်ကို ကြွပါ"

"အာ... တို့ဖူးပူတင်းပါလား။ ကောင်းမဲ့ပုံပဲ" အန်တီတောင်က စားပွဲပေါ်ရှိ ဟင်းလျာများကို မြင်သောအခါ ကျေနပ်အားရစွာ ပြောလိုက်သည်။

ယွမ်ကျိုးသည် ဟင်းလျာအများကြီး မပြင်ဆင်ထားပေ။ သူတို့နှစ်ယောက်အတွက် တို့ဖူးပူတင်းတစ်ပွဲ ဟင်းသီးဟင်းရွက်နှင့် တို့ဖူးပြုတ်ဟင်းချို တစ်ပွဲ

အမဲသားဟင်းတစ်ပွဲသာ ရှိသည်။

"ဒါနဲ့တင် လုံလောက်ပြီ။ ဒီတို့ဖူးပူတင်း တစ်ပွဲတည်းနဲ့တင် အရင်ကဆို ငါ ထမင်း နှစ်ပန်းကန်လောက် ကုန်အောင် စားနိုင်တာ" အန်တီတောင်က အားရပါးရ ဆိုသည်။

"ဒါဆိုရင် စားကြရအောင်" ယွမ်ကျိုးက ညင်သာစွာ ပြောရင်း နေရာယူလိုက်သည်။

အန်တီတောင်က ခေါင်းညိတ်ပြကာ သူမ၏တူဖြင့် တို့ဖူးပူတင်းကို အရင်ဆုံး လှမ်းယူလိုက်သည်။ကြွေပန်းကန်လုံးကြီးထဲတွင် ရေမျက်နှာပြင်ပေါ်၌ ပေါလောမျောနေသော နှင်းကဲ့သို့ဖြူစင်သည့် တို့ဖူးပူတင်းလေးများမှာ အလွန်ကြည့်ကောင်းလှသည်။

"တို့ဖူးက တော်တော် နူးညံ့တာပဲ"

သူမသည် ဆော့စ်ထဲသို့ပင် မနှစ်ဘဲ တို့ဖူးသက်သက်ကိုသာ ပါးစပ်ထဲ ထည့်လိုက်သည်။ ပူနွေးနူးညံ့သော တို့ဖူးသားလေးမှာ လျှာပေါ်ရောက်သည်နှင့် အရည်ပျော်သွားကာ သန့်စင်သော ပဲပုပ်ကနံ့က ပါးစပ်တစ်ခုလုံး ပျံ့နှံ့သွားသည်။

"ဒီမှာ ပဲပိစပ်အနှစ်နဲ့ အမဲသားငံပြာရည် ဆော့စ်ပန်းကန်လေးတွေ ရှိပါတယ်။ စမ်းကြည့်ဦး" ယွမ်ကျိုးက ညွှန်ပြလိုက်သည်။

"အေးအေး... မြန်မြန်စားကြရအောင်။ အရသာက တကယ်ကို ရှယ်ပဲ"

အန်တီတောင်မှာ ယဉ်ကျေးပျူငှာနေရန်ပင် မေ့သွားပြီး တို့ဖူးပူတင်းကို ဆော့စ်နှင့်တို့ကာ အားရပါးရ စားပါတော့သည်။ ယွမ်ကျိုးနှင့် အန်တီတောင် နှစ်ဦးစလုံးမှာ တစ်ယောက်တည်း နေထိုင်စားသောက်လေ့ရှိသူများ ဖြစ်ကြသဖြင့် ထမင်းစားနေစဉ် စကားအများကြီး မပြောဖြစ်ကြပေ။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် လူနှစ်ယောက်မှာ စကားတစ်ခွန်းမှ မဆိုဘဲ စားပွဲပေါ်မှ ဟင်းလျာများကိုသာ အာရုံစိုက်ကာ နွေးထွေးစွာ စားသောက်နေကြပါတော့သည်။

ဟင်းလျာများထဲတွင် တို့ဖူးပူတင်းပန်းကန်မှာ ပထမဆုံး ပြောင်သလင်းခါသွားသည့် ပန်းကန်ပင် ဖြစ်သည်။ အန်တီတောင် ပြောခဲ့သလိုပင် သူမသည် ထိုနူးညံ့လှသော တို့ဖူးပူတင်းနှင့်ပင် ထမင်းတစ်ပန်းကန်ကို အရသာရှိရှိ အဆုံးသတ်လိုက်သည်။

ယွမ်ကျိုးမှာလည်း တိတ်ဆိတ်စွာပင် ထမင်းစားရင်း တို့ဖူးဟင်းချိုနှင့် အမဲသားကို မြည်းစမ်းလိုက်သည်။ သူတို့နှစ်ဦးစလုံးမှာ အစားအသောက်ကို အာရုံစိုက်သူများ ဖြစ်ကြသဖြင့် နာရီဝက်ပင်မပြည့်မီ စားပွဲပေါ်ရှိ ပန်းကန်ခွက်ယောက်များအားလုံး သန့်ရှင်းသွားတော့သည်။

"အရသာရှိလိုက်တာ... ဒီတစ်ခါ တို့ဖူးပူတင်းက အရင်တစ်ခါစားခဲ့တဲ့ ဝက်သားနုတ်နုတ်စင်းနဲ့ တို့ဖူးပေါင်းထက်တောင် ပိုကောင်းနေသလိုပဲ" အန်တီတောင်က ကျေနပ်အားရစွာ ချီးကျူးလိုက်သည်။

"အန်တီ ကြိုက်တယ်ဆိုရင် တော်ပါပြီ" ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏ရင်ထဲတွင် သံသယတစ်ခု နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်သွားသည်။

"အရသာကို ကျွန်မ မှတ်မိပြီ။ နောက်တစ်ခါ ပြန်လာရင် ဒါလေးပဲ ကျွေးဦးနော်" အန်တီတောင်က ပြုံးလျက် နှုတ်ဆက်သည်။

"ဟုတ်ကဲ့... အန်တီ" ယွမ်ကျိုးက တည်ကြည်စွာ ကတိပေးလိုက်သည်။

အန်တီတောင် ထွက်ခွာသွားသည်နှင့် ယွမ်ကျိုး၏ မျက်မှောင်များ တွန့်ချိုးသွားတော့သည်။

"အန်တီတောင်က ဘာလို့ ဒီနေ့ တို့ဖူးပူတင်းက အရင်တစ်ခါ ဝက်သားနဲ့ပေါင်းထားတဲ့ တို့ဖူးထက် ပိုကောင်းတယ်လို့ ပြောရတာလဲ"

သူ့ကဲ့သို့ စနစ်တကျ လေ့ကျင့်ထားသော စားဖိုမှူးတစ်ဦးအတွက် ချက်ပြုတ်ရာတွင် အမှားအယွင်းရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။ သူ၏ လက်စွမ်းမှာလည်း တည်ငြိမ်နေပြီးသား ဖြစ်သည်။ အကယ်၍ စွမ်းရည် အနည်းငယ် တိုးတက်လာသည်ဆိုဦးတော့ အစားအသောက် ဝေဖန်ရေးသမား မဟုတ်သော အန်တီတောင်က ထိုမျှ သေးငယ်သည့် ခြားနားချက်ကို သိနိုင်စရာ အကြောင်းမရှိပေ။

ယွမ်ကျိုးသည် နဖူးကို ပွတ်သပ်ရင်း တို့ဖူးချက်နည်း နှစ်မျိုးကြားမှ ကွာခြားချက်ကို အသည်းအသန် စဉ်းစားနေမိသည်။ ခဏအကြာတွင် သူသည် ပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

"ဒါကြောင့်ကိုး..."

ယွမ်ကျိုး ရုတ်တရက် သဘောပေါက်သွားသည်။ အရင်တစ်ခါ ဝက်သားနုတ်နုတ်စင်းနှင့် တို့ဖူးပေါင်းချက်စဉ်က သူသည် ဆိုင်ရှိ ဖောက်သည်များအားလုံးအတွက် ရည်ရွယ်၍ ပုံမှန်အတိုင်း ချက်ပြုတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယနေ့ တို့ဖူးပူတင်းကို သူသည် အန်တီတောင် တစ်ဦးတည်းအတွက်သာ သီးသန့်ရည်ရွယ်၍ ချက်ပြုတ်ခဲ့ခြင်း ဖြစ်သည်။

တို့ဖူးပြုလုပ်ရာတွင် ပဲပုပ်၊ ရေနှင့် အခဲဖြစ်ရန်သာ လိုအပ်သော်လည်း ရေအချိုးအစားမှာ စားသုံးသူ၏ အကြိုက်ပေါ်မူတည်၍ ကွဲပြားသည်။ ယွမ်ကျိုးသည် အန်တီတောင်၏ သွားနှင့် သူမ၏ အရသာခံနိုင်စွမ်းကို သတိမမူမိသော်လည်း မသိစိတ်က ခွဲခြားသိမြင်ပြီး သူမအတွက် အသင့်တော်ဆုံး နူးညံ့မှုနှင့် ရေအချိုးအစားကို ချိန်ညှိချက်ပြုတ်ပေးခဲ့ခြင်း ဖြစ်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ... စားသုံးသူ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကို အံဝင်ခွင်ကျ ဖြစ်အောင် ချက်ပြုတ်ပေးနိုင်မှသာ ပြီးပြည့်စုံတဲ့အရသာကို ရနိုင်မှာ။ ဒီနေ့ တို့ဖူးပူတင်းက အန်တီတောင်အတွက် သီးသန့်ဖန်တီးထားတဲ့ လက်ရာပဲ"

ယွမ်ကျိုးသည် စားပွဲပေါ်မှ ဗလာပန်းကန်လုံးကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ သူသည် နဖူးကို အုပ်ကာ အသံထွက်၍ပင် ရယ်မောလိုက်မိတော့သည်။

"ဟားဟား... ငါတော့ တကယ့် မာစတာစားဖိုမှူးကြီး ဖြစ်ဖို့ လမ်းကြောင်းမှန်ပေါ်ကို ပြန်တက်လှမ်းနိုင်ပြီ ထင်တယ်"

ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၁၈)

ပြီးပါပြီ။

All Chapters