← Chapters

ဒီတောင်နာမည်က နက်မှောင်တောင်

Vol. 16 Ch. 210

ဒီတောင်နာမည်က နက်မှောင်တောင်

Vol. 16 Ch. 210

လေထဲတွင်ရပ်နေသော စုမင်အား အေးခဲကောင်းကင်ကလန်မှ အမျိုးသားနှင့် အမျိုးသမီးသည် အရောင်စုံရေကန်မျိုးနွယ်စုရှိရာမှနေ၍ အေးအေးဆေးဆေးပင် ရပ်ကြည့်နေလေသည်။  သူတို့သည် အလွန်အမင်း တည်ငြိမ်နေခဲ့ပြီး စုမင်၏စကားလုံးများကြောင့် စိတ်အနှောင့်အယှက်ပင် ဖြစ်သွားဟန်မတူပေ။

အေးခဲကောင်းကင်ကလန်မှလူများတွင် သူတို့၏ကိုယ်ပိုင်မာနများ ရှိကြချေသည်။

ထိုအပြင် ဤကိစ္စသည် သူတို့အမြင်တွင် ထူးခြားသောအရာမျိုး မဟုတ်ချေ။ စုမင်ဆိုသူသည် အနည်းငယ်ပိုပြီး အစွမ်းထက်နေရုံသာဖြစ်သည်။

အေးခဲကောင်းကင်ကလန်ထဲတွင်လည်း ဤကဲ့သို့အစွမ်းထက်သောလူများစွာ ရှိသဖြင့် သူတို့ ဤလူကို အာရုံသိပ်မစိုက်မိပေ။

သူတို့အာရုံကို ဖမ်းစားသွားနိုင်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက အလိုအလျောက် လက်နက်ချသွားခဲ့ခြင်းသာဖြစ်သည်။ သူတို့မျိုးနွယ်စုသည် စိန်ခေါ်ခံရချိန်တွင်  မာနရှိရမည့်အစား တိုက်ခိုက်ခြင်းပင်မပြုပဲ ချက်ချင်း လက်နက်ချ အရှုံးပေးသွားခဲ့ခြင်းပင်…။ ထိုအရာသည် ယုတ္တိ မရှိပေ။

“အဲဒီလူက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုနဲ့ ဆက်နွှယ်မှုတစ်ချို့ရှိတယ် ဆိုရင်တောင် သူတို့ ဒီလို လုပ်စရာမှမလိုတာ…”

အေးခဲကောင်းကင်ကလန်မှအမျိုးသားသည်  အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသော်လည်း ခဏအကြာတွင် ပြန်လည်ပြေလျော့သွားပြီး အေးအေးဆေးဆေး ဖြစ်သွားခဲ့သည်။ သူ့အတွက်တော့ ဤအရာသည် အာရုံထပ်စိုက်စရာမလိုတော့သည့် ကိစ္စမျိုးပင်ဖြစ်သည်။

အရောင်စုံရေကန်မျိုးနွယ်စုအကြီးအကဲသည် အရောင်စုံရေကန်တောင်ပေါ်မှလူအုပ်ထဲတွင် ရှိမနေခဲ့ပေ။ လူအပ်ရှေ့တွင် ဦးဆောင်ရပ်နေသူမှာ ယန်လွမ်ဖြစ်သည်။ ကောင်းကင်ပေါ်မှ စုမင်ကိုကြည့်နေသည့် သူမမျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခုရှိနေခဲ့သည်။

သူတို့သည် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုနှင့်ရော ပုချန့်မျိုးနွယ်စုနှင့်ပါ မတူပေ။ ဤတစ်ကြိမ်တွင် အေးခဲကောင်းကင်ကလန်သည် တပည့်တစ်ဦးတည်းသာလက်ခံမည်ဖြစ်ပြီး ထိုတပည့်သည် ဟန်ဖေးကျစ်ဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။ ယန်လွမ်အမြင်တွင် အေးခဲကောင်းကင်ကလန်ဝင်ခွင့်ကိုရရန် စိန်ခေါ်သူများအားလုံးသည် အရောင်စုံရေကန်မျိုးနွယ်စုကို ခြိမ်းခြောက်နေကြခြင်းပင်ဖြစ်သည်။

“ဆရာ မင်းမှာထူးခြားတဲ့စွမ်းအားတွေရှိတယ်။ မင်းက ငါ့မျိုးနွယ်စုက ရုပ်နယ်လွန်မာန်စွမ်းအားရှင်တွေအားလုံးကို စိန်ခေါ်ကြောင်း ကမ်းလှမ်းမှတော့ ငါကလည်း မင်းတောင်းဆိုတာကို ဖြည့်စည်းပေးရမှာပေါ့”

ယန်လွမ်နှုတ်ခမ်းများပေါ်၌ ခပ်ရေးရေး အပြုံးလေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူမအပြုံးသည် အလွန်နှစ်သက်ဖွယ်ကောင်းပြီး အေးခဲကောင်းကင်ကလန်မှ အမျိုးသားသည်ပင် ထိုအပြုံးကိုမြင်လိုက်ချိန်တွင် နှလုံးခုန်နှုန်းတို့ မြန်ဆန်သွားသည်ဟု ခံစားလိုက်ရသောကြောင့် အလျင်အမြန် အကြည့်လွှဲလိုက်ရချေသည်။

သူမ၏ ရုပ်နယ်လွန်အလယ်ဆင့် စွမ်းအားနှင့် ဆွဲဆောင်မှုမာန်အတတ်ကိုသာ အပြည့်အ၀ အသက်သွင်းလိုက်ခြင်းဖြစ်၍ ၎င်း၏စွမ်းအားသည် အတိတ်က ဟန်တောင်တန်းဘိုးဘေး၏ သီးသန့်နယ်မြေထဲတွင် စုမင်ကြုံတွေ့ခဲ့ရသည့် စွမ်းအားထက် ပိုမိုသာလွန်နေခဲ့ချေသည်။

သို့သော် နှလုံးခုန်သံတို့ လျင်မြန်သွားစေနိုင်သည့် ယန်လွမ်မျက်နှာပေါ်မှ အပြုံးနှင့် ရင်ဆိုင်လိုက်ရသော်လည်း စုမင်ကတော့ တည်ငြိမ်နေဆဲပင်ဖြစ်သည်။ ယန်လွမ်ကို တိတ်ဆိတ်စွာကြည့်နေခဲ့သော သူ့မျက်နှာပေါ်တွင်  ပြောင်းလဲမှုအရိပ်အမြွက်လေးပင် မတွေ့ရပေ။

စုမင်၏တည်ငြိမ်နေသည့် အကြည့်အောက်တွင် ယန်လွမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့ရသည်။ သို့သော် သူမသည် ထိုအကြောင်းကို အချိန်ကုန်ခံစဉ်းစားနေရန်မဖြစ်နိုင်သည့် အခြေအနေမျိုးတွင် ကျရောက်နေခဲ့သဖြင့် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ရင်း အနီရောင်လိပ်ပြာလေးတစ်ကောင်သဖွယ် လေထဲသို့ပျံဝဲတက်လိုက်သည်။

“အရောင်စုံရေကန်မျိုးနွယ်စုက ရုပ်နယ်လွန်မာန်စွမ်းအားရှင်တွေအကုန် ရှေ့တက်ကြ”

ယန်လွမ်၏နူးညံ့သိမ်မွေ့သော်လည်း ရဲစွမ်းသတ္တိရှိသောအသံသည် လေထဲတွင်ပဲ့တင်ထပ်သွားသည်နှင့် အရောင်စုံရေကန်မျိုးနွယ်စုဆီမှ လူပုံရိပ်ခြောက်ခု ထွက်ပေါ်လာခဲ့ချေသည်။

ထိုလူခြောက်ယောက်သည် အမျိုးသား သုံးယောက်နှင့် အမျိုးသမီး သုံးယောက်တို့ဖြစ်ပြီး  အိုမင်းနေသူများဖြစ်သည်။ သူတို့သည် ပျံသန်းထွက်ပေါ်လာကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ယန်လွမ်ဘေးသို့ရောက်ရှိလာခဲ့ကြသည်။ ထို့နောက်တွင် စုမင်ထံသို့ အတူတကွ တိုးဝင်သွားခဲ့ချေသည်။

စုမင်က တည်ငြိမ်နေဆဲပင် ဖြစ်သည်။ လှုပ်ရှားခြင်းပင် မပြုပဲ စူးရှသံများနှင့်အတူ့ လေထုကိုဖြတ်လျက် သူ့ထံတိုးဝင်လာနေသည့် လူခုနစ်ဦးကို ကြည့်ရုံသာ ကြည့်နေခဲ့သည်။

စုမင်ကို မည်သူမှန်းမသိခဲ့သော်လည်း လေထဲမှ ထိုမြင်ကွင်းကို မြင်လိုက်ချိန်တွင် ဟန်တောင်တန်းမြို့တော်မှလူများ၏ အသက်ရှူနှုန်းများ လျင်မြန်သွားခဲ့ရလေသည်။ မည်သို့ပင်ဖြစ်စေ ဤအခိုက်အတန့်တွင် စုမင်၏ပေါ်ထွက်လာမှုသည် လွန်ခဲ့သောရက်များအတွင်း သူတို့ခံစားခဲ့ရသော စိတ်ဓာတ်ကျမှုများအတွက် ထွက်ပေါက်တစ်ခုပင် ဖြစ်သည်။

ပုချန့်တောင်ပေါ်မှ အကြီးအကဲအပါအဝင် မျိုးနွယ်စုဝင် အများစုသည် ကောင်းကင်မှမြင်ကွင်းကို တိတ်ဆိတ်စွာ ရပ်ကြည့်နေခဲ့ကြသည်။ ပုချန့်မျိုးနွယ်စုအကြီးအကဲသည် စုမင်အားဆက်ကြည့်မိလေလေ သူ၏ စုမင်အပါ်ရင်းနှီးကျွမ်းဝင်နေသည်ဟု ခံစားရမှုက ပိုမိုကြီးထွားလာလေလေပင်ဖြစ်သည်။ သို့သော် ထိုအကျွမ်းတဝင်ဖြစ်မှုသည် မည်သည့်နေရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းကိုတော့ သူစဉ်းစားမရပေ။

ငြိမ်းအေးရာ အရှေ့အရပ်တောင်သည်တော့ တိတ်ဆိတ်နေခဲ့သည်မှာ သူတို့သည် ဤတိုက်ပွဲမှ လုံး၀ ပါဝင်ပက်သက်ခြင်း မရှိဟန်ဖြင့် ဘာတစ်ခုမှ မမြင်မကြားတော့သော ပုံစံမျိုးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်...။

“ဒီလူက နည်းနည်းစိတ်ကြီးဝင်နေတာပဲ” အရောင်စုံရေကန်တောင်ပေါ်ရှိ အေးခဲကောင်းကင်ကလန်မှအမျိုးသားက ပျင်းရိလေးတွဲ့စွာပြောလိုက်သည်။

သူ့ဘေးမှအမျိုးသမီးကလည်း ခပ်ရေးရေးပြုံးလိုက်ပြီး ခေါင်းညိတ်ပြလျက် ပြန်ပြောလာ၏။ “သူက တစ်ကယ်ကို စိတ်ကြီးဝင်နေတာ။ သူက တောင်တန်းအမှတ်အသားအစွမ်းကို သုံးပြီး ပုချန့်မျိုးနွယ်စုကို ဖိနှိပ်နိုင်ခဲ့တယ်ဆိုရင်တောင် ပုချန့်အကြီးအကဲနဲ့ မျိုးနွယ်စုခေါင်းဆောင်က အရင်တည်းက ဒဏ်ရာရထားတာရှိလို့  သူတို့ စွမ်းအားပြည့်နဲ့ မတိုက်နိုင်ဘူးလို့ ငါကြားခဲ့တယ်။ ဒါပေမဲ့ အရောင်စုံရေကန်မျိုးနွယ်စုကတော့ အဲလိုမဟုတ်ဘူး”

“ဒါကို အရင် စောင့်ကြည့်ကြတာပေါ့။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က အသက်ဝင်ဖို့ လိုပါသေးတယ်။ အဲဒါက ပြင်ဆင်ဆဲအဆင့်မှာပဲ ရှိသေးတယ်။ အနည်းဆုံးတော့ ငါတို့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အသက်ဝင်ဖို့စောင့်နေရင်း အပျင်းပြေတာပေါ့။ အဲဒါ မကောင်းဘူးလား”

“အမှန်ပဲ။ သူနိုင်သွားလည်း ကိစ္စမရှိဘူး။ ငါတို့က သူကျောင်းတော်ကို ဝင်ရောက်နိုင်မယ့် အခွင့်အရေးပေးလို့ ရတာပဲ ဒါပေမဲ့ အခွင့်အရေးတစ်ခုသက်သက်ပဲလေ။ သူလုပ်ရမယ့် တာဝန်နည်းနည်းလောက်  ထပ်ပေးလိုက်တာပေါ့။ အကယ်၍ သူတာဝန်တစ်ခုအောင်မြင်ရင် ငါတစ်ခုထပ်ပေးမယ်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် အသက်ဝင်တဲ့အထိ ထပ်တိုးပြီး လုပ်ခိုင်းနေလိုက်ရုံပေါ့။ တွေးရုံနဲ့တောင် စိတ်လှုပ်ရှားလာပြီ”

အမျိုးသမီးတွင် အလှပဆုံးဟုပြောဆို၍ရသည့် မျက်နှာမျိုး မရှိသော်လည်း သူမသည် လှပသူတစ်ဦးပင်ဖြစ်သည်။ သို့သော် သူမကပြုံးလိုက်သော်လည်း ထိုအပြုံးထဲတွင် အထင်အမြင်သေးမှုများ ပါနေခဲ့လေသည်။

ဘေးတွင်ရပ်နေသော ဟန်ဖေးကျစ်သည်တော့ လေထဲ၌ တည်ငြိမ်စွာရပ်နေသည့် စုမင်ကိုလှမ်းကြည့်ရင်း မျက်မှောင်ကြုတ်နေမိသည်။ ထိုအချိန်တွင် သူမသည်လည်း ပုချန့်မျိုးနွယ်စု အကြီးအကဲနှင့် အလားတူပင်ခံစားနေရလေသည်။ စုမင်နှင့်ပက်သက်၍ တစ်စုံတစ်ရာအား ရင်းနှီးနေသည်ဟု ခံစားနေရခြင်းဖြစ်သည်။

အေးခဲကောင်းကင်ကလန်မှ အမျိုးသားနှင့် အမျိုးသမီးတို့ ပြောနေစဉ်မှာပင် ကောင်းကင်ပေါ်မှ ယန်လွမ်နှင့် ရုပ်နယ်လွန်မာန်စွမ်းအားရှင် ခြောက်ဦးသည် စုမင်အနီးသို့ ရောက်ရှိသွားခဲ့ကြပြီဖြစ်သည်။ ထို့နောက် အဖွဲ့လိုက်လှုပ်ရှားမှုပုံစံဖြင့် စုမင်ကိုချက်ချင်း ဝိုင်းရံလိုက်ကြ၏။

“ပုံရိပ်ခုနစ်မျိုး လှုပ်ရှားမှု”

ယန်လွမ်က မျက်ခုံးများအလယ်သို့ လက်ဖြင့်ထိကပ်လိုက်သည်။ အခြား ရုပ်နယ်လွန်မာန်စွမ်းအားရှင် ခြောက်ဦးသည်လည်း ထိုကဲ့သို့ တူညီသည့်အပြုအမူမျိုး ပြုလုပ်လိုက်ကြသည်။  ထိုခုနစ်ဦးလုံးသည် တုန်ယင်သွားကြပြီး သူတို့နောက်ဘက်တွင် သူတို့၏ ရုပ်နယ်လွန်အဆင့် မာန်အမှတ်အသားတို့၏ ပုံရိပ်ယောင်များ ထွက်ပေါ်လာခဲ့ကြချေသည်။

၎င်းပုံရိပ်ယောင်များသည် လေထဲတွင် တစ်ချိန်တည်းလိုလို ထွက်ပေါ်လာခဲ့ကြပြီး ကမ္ဘာလောကကြီးတစ်ခုလုံးကို ချက်ချင်းပင် တုန်ခါလှုပ်ရှားသွားစေသည်။ ရာသီဥတုသည်လည်း ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်တွင် ငွေရောင်မြစ်ငယ်တစ်စင်း ဖြစ်ပေါ်လာခဲ့သည်။

ထိုမြစ်သည် ပုံရိပ်ယောင်တစ်ခုဆိုသော်လည်း ရေများစီးဆင်းနေသံကို ကြားနိုင်ချေသည်။ ထိုမြစ်သည် ပုံရိပ်ခုနစ်မျိုး၏ မာန်အမှတ်အသားထဲမှ တစ်ခုပင်ဖြစ်သည်။

ထိုမြစ်ထဲတွင် ကျောကုန်း၌ တောင်ပံနှစ်ခုပါသော ရွှေရောင်ငါးတစ်ကောင်ရှိနေခဲ့သည်။ ထိုငါးသည် စူးရှသံများပြုလုပ်လျက် ရေထဲတွင်ကူးခပ်ရင်း သူ့ရှေ့မှ လူဦးခေါင်းခွံအရွယ်အစားရှိသည့် ပုလဲတစ်လုံးကို လိုက်လံဖမ်းဆီးလျက်ရှိသည်။ ထိုပုလဲထဲတွင် ခရမ်းရောင်မြူခိုးအလွှာတစ်ခုရှိနေခဲ့ပြီး ထိုမြူခိုးသည် ဒေါသထွက်နေသော မျက်နှာအမျိုးမျိုးအဖြစ် အဆက်မပြတ်ပြောင်းလဲနေခဲ့သည်။ ထိုမျက်နှာများထဲမှ အချို့သည် ယောကျ်ားများဖြစ်ပြီး အချို့က မိန်းမများဖြစ်သည်။ ၎င်းတို့ထဲမှအချို့က အိုမင်းနေသူများဖြစ်ပြီး အချို့က ငယ်ရွယ်သူများ ဖြစ်သည်။

ရွှေငါးနှင့် ပုလဲတို့သည်လည်း မာန်အမှတ်အသားများပင် ဖြစ်သည်။

မြစ်၏အဆုံး၌ ဧရာမဘူးသီးခြောက်ကြီးတစ်ခုကို တွေ့နိုင်သည်။ အဝေးမှကြည့်လျှင် မြစ်ထဲမှရေတို့သည် ထိုဘူးသီးခြောက်ကြီးထဲမှ အဆက်မပြတ်စီးထွက်နေသကဲ့သို့ပင် ဖြစ်သည်။

ဘူးသီးခြောက်ပေါ်တွင် ငါးမြှားတံတစ်ချောင်းကိုင်ထားသည့် လက်တိုအင်္ကျီဖြင့် ကလေးငယ်တစ်ဦး ထိုင်နေခဲ့သည်။ တစ်စုံတစ်ဦးသည်သာ သေချာစူးစိုက်ကြည့်မယ်ဆိုလျှင် ကလေး၏ငါးမြှားတံသည် ခရမ်းရောင်မြူခိုးအလွှာပါသည့် ပုလဲနှင့်ချိတ်ဆက်ထားသည်ကို တွေ့ရပေလိမ့်မည်။ သူ့အောက်မှဘူးသီးခြောက်ကြီး လှုပ်ယမ်းနေသည်နှင့်အမျှ သူ့လက်ထဲမှ ငါးမြှားတံရှိ ပုလဲသည်လည်း ဆက်တိုက်လှုပ်ရှားနေခဲ့ပြီး ရွှေငါးက ၎င်းကိုလိုက်ဖမ်းနေခဲ့လေသည်။

ကလေး၏နောက်တွင် ကြီးမားသောသစ်ပင်ကြီးတစ်ပင် ရှိနေခဲ့သည်။ ၎င်းသစ်ပင်ကြီးသည် စိမ်းလန်းစိုပြေနေပြီး အကန့်အသတ်မဲ့သော အသက်စွမ်းအားများဖြင့် ပြည့်နေသကဲ့သို့ အရှိန်အဝါမျိုး ထုတ်လွှတ်လျက်ရှိသည်။

ဘူးသီးခြောက်၊ ကလေးနှင့် သစ်ပင်တို့သည်လည်း ရုပ်နယ်လွန်အဆင့် မာန်အမှတ်အသားများမှ ဖြစ်ပေါ်လာခဲ့သည့် ပုံရိပ်ယောင်များပင်ဖြစ်သည်။

ထိုမာန်အမှတ်အသားခြောက်ခုသည် ကောင်းကင်ကို အောက်ခံစအဖြစ်အသုံးပြုလျက် ဆွဲသားထားခဲ့ဟန်ဖြင့် ကြည့်ရှုသူများ၏အာရုံကို ဆွဲငင်ထားနိုင်ချေသည်။ လူများသည် ထိုအာရုံအတွင်းမှ ပြန်လည်လွတ်မြောက်နိုင်ရန် ခက်ခဲကြောင်း တွေ့ရပေလိမ့်မည်။

ဤအရာသည် အရောင်စုံရေကန်မျိုးနွယ်စု၏ အထူးခြားအဆန်းကြယ်ဆုံး မာန်ပညာရပ်သုံးမျိုးထဲမှ တစ်မျိုးဖြစ်သော... ပုံရိပ်ခုနစ်မျိုး လှုပ်ရှားမှု၊ မာန်ပုံရိပ်ယောင်ပညာရပ်ပင်ဖြစ်သည်။

ယခုအချိန်ထိ ဤမာန်ပုံရိပ်ယောင်ထဲတွင် ရုပ်ပုံခြောက်ခုသာ ရှိနေသေးသည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ခုနစ်ခုမြောက်ရုပ်ပုံသည် ကလေး၏အနောက်မှ သစ်ပင်ကြီးပေါ်၌ ဖြစ်ပေါ်လာခဲ့သည်။

ထိုရုပ်ပုံသည် မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမသည် ခေါင်းငုံ့ထားခဲ့သဖြင့် သူမ၏ဆံပင်ရှည်များက မျက်နှာကို ဖုံးအုပ်ထားခဲ့ပြီး  ရှင်းရှင်းလင်းလင်းမမြင်ရနိုင်ပေ။

သူမသည် သစ်ကိုင်းများပေါ်တွင်ထိုင်၍ သီချင်းတစ်ပုဒ်ကို သီဆိုနေခဲ့သည်။ ထိုသီချင်းသံသည် နားထောင်သူများ၏ နှလုံးသားထဲသို့ဝင်ရောက်သွားသောအခါ ပုံရိပ်ယောင်ထဲသို့ သူတို့၏စိတ်ဝိညာဉ်များပင် စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရချေသည်။

မိန်းကလေးသီဆိုနေသော သီချင်းသံများ၊ မြစ်အတွင်းမှ စီဆင်းနေသောရေအသံများ၊ ကစားနေသောကလေးငယ်လေး၏ ရယ်မောသံနှင့် ရေမျက်နှာပြင်တွင် ကူးခပ်နေသည့် ရွှေငါးထံမှ စူးရှသံများ ၎င်းတို့အားလုံးသည် အတူတကွ ရောထွေးပေါင်းစပ်သွားခဲ့ကြပြီး မမြင်နိုင်သည့်အသံလှိုင်းများ  အသွင်ဖြင့် ဧရိယာတစ်လျှောက်လုံးတွင် ဖြန့်ကျက်လျက် စုမင်ထံတိုးဝင်လာခဲ့ကြသည်။

သူတို့သည် စုမင်အား အရောင်စုံရေကန်မျိုးနွယ်စု၏ အသန်မာဆုံးမာန်ပညာရပ်များထဲမှ တစ်ခုဖြင့်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုအချက်က စုမင်အား ဝင်ရောက်ခွင့်မပေးရစေရန် ယန်လွမ်၏ဆုံးဖြတ်ချက် မည်မျှခိုင်မာနေသည်ကို ဖော်ပြနေခဲ့သည်။

မမြင်နိုင်သည့် အသံလှိုင်းများ သူ့ထံရောက်ရှိလာတော့မည့်အချိန်မှာပင် စုမင်သည် ၎င်းတို့ကိုနားထောင်နေဟန်ဖြင့် မျက်လုံးတို့ကို မှိတ်ချလိုက်သည်။ ထို့နောက် သူ့ပတ်ဝန်းကျင်လေထုသည် တွန့်လိမ်ပုံပျက်သွားပြီး တောင်ထိပ်နှစ်ခုပါတောင်ကြီး၏ ပုံရိပ်ယောင်က သူ့ကိုဝန်းရံလျက် ထွက်ပေါ်လာခဲ့သည်။

စုမင်၏ပုံရိပ်ယောင်တောင်ကြီးနှင့် ထိုအသံလှိုင်းများထိသွားချိန်တွင် ၎င်းသည် မိုးထစ်ချူန်းသံကဲ့သို့ တုန်ခါမြည်ဟည်းသံကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားခဲ့ကာ အချိန်အတော်ကြာသည်ထိ ပျောက်ကွယ်မသွားခဲ့ပေ။

“အရမ်းကောင်းတဲ့ သီချင်းပဲ “ စုမင်သည် မျက်လုံးများကိုပြန်ဖွင့်ရင်း ညင်သာစွာပြောလိုက်သည်။

သူ့စကားသံထွက်ပေါ်လာချိန်တွင် အသံလှိုင်းများနှင့် တောင်ကြီးသည် ပြင်းထန်စွာ တုန်ခါလာခဲ့ကြသည်။

ဤအရာသည် မာန်အမှတ်အသားများကြားမှ တိုက်ပွဲပင်ဖြစ်သည်။ တောင်ကြီးမပြိုကွဲသွားခဲ့လျှင် အသံကလွင့်ပါးပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။

ကလေးငယ်၏ ရယ်မောသံက ရုတ်ခြည်းဆိုသလို ဖြတ်တောက်ခံလိုက်ရသည်။

ရွှေငါး၏ အော်မြည်သံသည်လည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

မြစ်အတွင်းမှရေများသည်လည်း ချက်ချင်းအေးခဲသွားပြီး ရေစီးသံများကိုထပ်မံမကြားရတော့ပေ။

သစ်ပင်ပေါ်တွင်ထိုင်နေသည့် မိန်းကလေးသည်လည်း သူမ၏သီချင်းသီဆိုနေခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် ခေါင်းကိုဖြည်းညှင်းစွာမော့လာချိန်တွင် အသက်ရှူမှားလောက်ဖွယ် ချောမောလှပလွန်းသော သူမမျက်နှာလေးက ထွက်ပေါ်လာခဲ့သည်။ သို့သော် သူမမျက်လုံးများထဲတွင်တော့ ထိတ်လန့်တုန်လှုပ်မှုများ ရှိနေခဲ့ချေသည်။

“ပုံရိပ်ခုနစ်မျိုးရဲ့ အမှတ်အသားများ၊ လှုပ်ရှားကြ”

မိန်းကလေးသည် အံကြိတ်လိုက်ရင်းသစ်ပင်ပေါ်မှာပင် မတ်တပ်ထရပ်လိုက်သည်။ သူမပြောဆိုလိုက်သည်နှင့် ကလေးငယ်က ပုလဲလုံးချိတ်ဆွဲထသည့် ငါးမြှားတံအား စုမင်ထံသို့အားကုန်ပစ်လွှတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ထိုကလေးငယ်၏မျက်နှာသည် ကြမ်းကြုတ်ရက်စက်မှုများဖြင့် စတင် ရှုံ့မဲ့လာခဲ့ပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်နှုန်းဖြင့် စုမင်ထံတိုးဝင်လာခဲ့ချေသည်။

ရေထဲမှ ရွှေငါးကလည်း ကျယ်လောင်စူးရှသံတစ်သံကို ပြုလုပ်လိုက်ပြီး ရေထဲမှရုတ်တရက် ခုန်ထွက်လာသည်။ ၎င်း၏ခန္ဓာကိုယ်သည် နဂါးတစ်ကောင်အသွင် ပြောင်းလဲတော့မည့်ပုံဖြင့် ချက်ချင်းရှည်ထွက်လာခဲ့သည်။

သို့သော် ၎င်း၏အသွင်ပြောင်းမှု မပြီးဆုံးသွားပဲ မြွေနဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့ပြီး စုမင်ထံ လျင်မြန်စွာ တိုးဝင်လာခဲ့ချေသည်။

မြစ်သည်လည်း အသက်ပြန်ဝင်လာခဲ့ပြီး ချက်ချင်းဆိုသလိုနောက်ပြန်စီးဆင်းသွားခဲ့သည်။ ထိုမြစ်ကြီးသည် စုမင်ကိုဖြစ်ညစ်သတ်လိုဟန်ဖြင့် ဝိုင်းရံလာခဲ့သည်။

နောက်ဆုံးတွင် မိန်းကလေးကလှုပ်ရှားလာသည်။ သူမ မတ်တပ်ထရပ်ပြီးချိန်တွင် သူမကို၎င်း၏အသက်ခွန်အားများအားလုံး ပေးလိုက်ရဟန်ဖြင့် သူမခြေထောက်အောက်မှ သစ်ပင်က ဖြူရော်ခြောက်သွေ့သွားခဲ့သည်။ မိန်းကလေး၏ခန္ဓာကိုယ်သည် တွန့်ချိုးပုံပျက်သွားခဲ့ပြီး ဖီးနစ်ငှက်အသွင် ပြောင်းလဲသွားကာ အော်မြည်သံတစ်ခုနှင့်အတူ စုမင်ထံတိုးဝင်လာသည်။

“ပုံရိပ်ခုနစ်မျိုး လှုပ်ရှားမှုက အရမ်းစွမ်းအားကြီးတယ်... ဒီပညာရပ်ကို လူတစ်ယောက်တည်းကသာ ထုတ်ဖော်နိုင်ခဲ့ရင်ရော ဒီစွမ်းအားက...” စုမင် တီးတိုးရေရွတ်လိုက်သည်။

မာန်အမှတ်အသားများကိုသုံး၍ မာန်ပညာရပ်များထုတ်ဖော်ပြုလုပ်ခြင်းကို သူမမြင်ဖူးသောကြောင့် ထိုအချိန်တွင် စုမင်မည်သည့်လှုပ်ရှားမှုမှ လုပ်ရန် မရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဤအရာသည် သူယခင်က တစ်ခါမှမတွေ့ခဲ့ဖူးသော အရာဖြစ်သည်။

နောက်ဆုံးတွင်တော့ သူသည် ရုပ်နယ်လွန်နယ်ပယ်သို့ ဝင်ရောက်ခါစပင် ရှိသေး၏။ မာန်အမှတ်အသားများကို ဘယ်လိုအသုံးချသင့်သည်နှင့်ပက်သက်၍ သူ့တွင် ဗဟုသုတများစွာမရှိပေ။  ဤပုံရိပ်ခုနစ်မျိုးလှုပ်ရှားမှုကို သူတွေ့လိုက်ရပြီးနောက်တွင်တော့ အနည်းငယ်နားလည်သွားခဲ့ရချေသည်။

ကောင်းကင်မှ ပုံရိပ်များသည် လူတစ်ဦးကို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။ ဤအရာသည် စုမင်အတွက် ပထမဆုံးအကြိမ်အဖြစ် မာန်အမှတ်အသားများကြားမှ တိုက်ပွဲတစ်ခုအား အတွေ့အကြုံရခြင်းပင်ဖြစ်သည်။ ထိုထူးခြားသောစွမ်းအားများအားလုံး သူ့ထံနီးကပ်လာချိန်တွင် စုမင်မျက်လုံးများအတွင်း တောက်ပသော အလင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။

“ဒီပညာရပ်က တစ်ကယ် ထူးခြားတယ်... ဒီလိုဆိုမှတော့ ငါကလည်း တောင်တစ်လုံးနဲ့ မျက်နှာသာပြန်ပေးရမှာပေါ့”

သူ့ပတ်လည်မှ တောင်ထိပ်နှစ်ခုပါတောင်ကြီးသည် ချက်ချင်းပြောင်းလဲသွားခဲ့ပြီး တတိယမြောက်၊ စတုတ္ထမြောက်နှင့် ပဉ္စမမြောက်တောင်ထိပ်များ ထပ်မံထွက်ပေါ်လာခဲ့သည်။

တောင်ထိပ်ငါးခုသည် တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာခဲ့ပြီး လူတစ်ဦး၏ လက်ငါးချောင်းအသွင်ရှိသည့် ထိတ်လန့်တုန်လှုပ်ဖွယ် တောင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ဒီတောင်နာမည်က... နက်မှောင်တောင်”

ဤအရာသည် စုမင်၏မာန်အမှတ်အသားမှ ထွက်ပေါ်လာသည့် နက်မှောင်တောင်ကြီးဖြစ်ပြီး တိုက်ပွဲအတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ပုံစံအပြည့်အစုံဖြစ်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။ စုမင်မတိုင်မီက ကမ္ဘာပေါ်တွင် နက်မှောင်တောင်မှဖြစ်ပေါ်လာခဲ့ခြင်းဟုသည့် မည်သည့်မာန်အမှတ်အသားမှ မရှိခဲ့ဖူးပေ။

စုမင်၏စကားသံထွက်ပေါ်လာပြီးချိန်မှာပင် လက်ချောင်းငါးခုအသွင် နက်မှောင်တောင်ကြီးထံမှလည်း အသံတစ်သံထွက်ပေါ်လာခဲ့သည်။

“နက်မှောင်...”

“ဝိညာဉ်ဖန်တီးမှုရဲ့ အသံ။ မာန်အမှတ်အသားအားလုံးရဲ့ အနှစ်သာရက ဖန်တီးမှုပဲ။ မာန်အမှတ်အသားကိုယ်တိုင်ကကို ဖန်တီးမှုတစ်ခု ဆိုပေမယ့် အဲဒီအရာက ဆက်လက်ပေါင်းစည်းသွားရင် ပိုပြီးပြည့်စုံသွားတဲ့ ပုံစံတစ်ခုဖြစ်လာလိမ့်မယ်... ဒါပေမဲ့ အဲလိုလုပ်ဖို့ဆိုရင် ငါတို့မှာ ကြီးမြတ်တဲ့မာန်အကြောမျှင်တွေ လိုတယ်။ သူက... ဘာအကြောမျှင်မှ သုံးမသွားဘူး။ ဒါပေမဲ့ မာန်အမှတ်အသားသက်သက်နဲ့တင် ဝိညာဉ်ဖန်တီးမှုရဲ့အသံက ထွက်ပေါ်လာတယ်... အဲဒါက ဒဏ္ဍာရီတွေထဲမှာပြောထားတဲ့ မာန်နတ်ဘုရားတွေရဲ့ စွမ်းရည်ပဲ”

ထျန်းရှဲ့ကျီသည် တုန်ယင်သွားပြီး သူ့မျက်လုံးများထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

***

All Chapters