အခန်း (၆၀၁-၆၀၂)
Vol. 44 Ch. 601-602
အခန်း ၆၀၁ - မဟာမိတ်အဖွဲ့အတွင်း အလုပ်လုပ်ခြင်း၊ တပ်ဖွဲ့က ရတနာသေတ္တာတွေကို ရှာမတွေ့ခဲ့ဘူး
သို့သော် ရှေးဟောင်းသိုင်းပညာမိသားစုကြီးများလက်ထဲရှိ ထိုဆေးများသည် အမှန်တကယ်ကို မတည်ငြိမ်သောအချက်တစ်ခုပင်။
“ငါတို့ကိုယ်ပိုင်ဆေးတွေကို ဘယ်တော့မှရနိုင်မှာလဲ။”
ရှောင်းယီက စိတ်ထဲကပြောလိုက်မိသည်။
စွန်းယောင်သည် သူလက်ခံရရှိခဲ့သောဆေးလုံးကို သုတေသနပြုလုပ်ရန် ကြိုးပမ်းနေပြီဖြစ်သည်။
သို့သော် ထိုဆေးကို ပြုလုပ်ပြီးနောက် ၎င်းတွင်ပါဝင်သော ဆေးဝါးများကို ခွဲခြားသိရှိရန်မှာ ခက်ခဲလှပေသည်။ ယခင်ကမ္ဘာတွင်သာဖြစ်ပါက ကိရိယာအမျိုးမျိုးဖြင့် ခွဲခြားသိရှိနိုင်သော်လည်း ယခုအခါ အတွေ့အကြုံကိုသာ အားကိုးနေရသည်။
စွန်းယောင်သည် တရုတ်ရိုးရာဆေးပညာရှင်တစ်ဦးဖြစ်သော်လည်း အဂ္ဂိရတ်ပညာအကြောင်း အများကြီးမသိပေ။ ဝေပေါ်သည် အဂ္ဂိရတ်ပညာကို နားလည်သော်လည်း ဆေးဝါးများနှင့် ရင်းနှီးမှုမရှိချေ။
သူတို့နှစ်ဦးစလုံးသည် စစ်ဆရာဝန်ဟောင်းများ သို့မဟုတ် အဂ္ဂိရတ်ပညာရှင်များ မဟုတ်ကြပေ။ ဆေးလုံးတစ်လုံးတည်းကိုအခြေခံ၍ ၎င်းတို့အား ဆေးညွှန်းနှင့် သန့်စင်ခြင်းနည်းလမ်းကို ထုတ်ပေးရန် မျှော်လင့်ခြင်းမှာ အနည်းငယ် စိတ်ကူးယဉ်ဆန်လှပေသည်။
“ဆေးညွှန်းရှာဖို့ လိုနေသေးတယ်။”
ရှောင်းယီက စဉ်းစားလိုက်မိသည်။
အချိန်မှာ ညနေခင်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ကျန်းယွင်ထျန်းသည် ယခင်ရွှမ်းယွမ်အင်အားစု၏ ကျွန်းများပေါ်ရှိ လုံခြုံရေးကိစ္စရပ်များကို စီစဉ်ပြီးနောက် အပြေးအလွှားပြန်လာခဲ့ပြီး ညစာစားချိန်အမီ ရောက်ရှိလာခဲ့သည်။
“လက်ရှိမှာ စစ်သည်အင်အား လုံလောက်ရဲ့လား။”
ရှောင်းယီက မေးလိုက်သည်။
“လူအင်အားက လုံလောက်ပါတယ်။ အကျဉ်းသားတွေထဲမှာ မပြောင်းရွှေ့ရသေးတဲ့ ဒေသခံမျိုးနွယ်စုတွေ ကျန်နေသေးတယ်။ ဒါပေမယ့် လေ့ကျင့်ဖို့အချိန်တော့ မလုံလောက်ဘူး။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
သူ၏လိုအပ်ချက်အရ လုံခြုံရေးဝန်ထမ်းများအဖြစ် အသုံးပြုနိုင်ရန် အနည်းဆုံး တစ်ပတ်ကြာအောင် တင်းတင်းကြပ်ကြပ် လေ့ကျင့်ရမည်ဖြစ်သော်လည်း လက်ရှိတွင် အချိန်လုံလောက်မှုမရှိပေ။
အဓိကအကြောင်းရင်းမှာ ခံတပ်နှစ်ခု ထပ်မံရရှိခဲ့ခြင်းကြောင့်ဖြစ်ပြီး တစ်ခုမှာ ကျန်းယု၏ မျောက်နက်နိုင်ငံဖြစ်ကာ အခြားတစ်ခုမှာ ရွှမ်းယွမ်အင်အားစု၏ လက်ရှိသိမ်းပိုက်ထားသော ခံတပ်ဖြစ်သည်။
ခံတပ်တစ်ခုစီတွင် ကျွန်းကိုးကျွန်းစီရှိပြီး ကျွန်းတစ်ကျွန်းလျှင် အနည်းဆုံး လုံခြုံရေးဝန်ထမ်း ၅၀၀ စီစဉ်ရမည်ဖြစ်ကာ လူပေါင်း ၁၀,၀၀၀ နီးပါးကို စေလွှတ်ရမည်ဖြစ်ပြီး ယီရန်ပင်း မဟာမိတ်အဖွဲ့ကိုယ်တိုင်ကိုပင် ထည့်မပြောရသေးပေ။
“အခြေခံလေ့ကျင့်ရေးကို အရင်ပြီးအောင်လုပ်လိုက်ပါ။ သူတို့တာဝန်ကျတဲ့နေရာကိုရောက်ရင် လေ့ကျင့်ရေးအကြောင်းအရာတွေကို ခွဲဝေသတ်မှတ်ပေးပြီး သူတို့ကိုယ်တိုင် လေ့ကျင့်ခိုင်းလိုက်ပေါ့။ မင်းက သူတို့ရဲ့ လေ့ကျင့်ရေးရလဒ်တွေကို အချိန်ယူပြီး စစ်ဆေးလို့ရတယ်။”
ရှောင်းယီက အကြံပြုလိုက်သည်။
“အင်း လက်ရှိအခြေအနေအရတော့ ဒီနည်းလမ်းပဲရှိတော့တယ်။”
ကျန်းယွင်ထျန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“ကျွန်းပိုင်ရှင် သတ္တုတူးဖော်ရေးစက်တွေနဲ့ သတ္တုအရည်ကျိုစက်တွေက မလုံလောက်တော့ဘူး။ အဲ့ဒါတွေက နှစ်ခုပဲရှိတာ။ ထိရောက်မှုက မြင့်မားတယ်ဆိုပေမယ့် တစ်ခုချင်းစီပဲ လုပ်ဆောင်နိုင်တော့ ကျုပ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နည်းနည်းနှောင့်နှေးစေနိုင်တယ်။ မကြာသေးမီက ဖမ်းမိထားတဲ့ ဒေသခံတွေကို တစ်ကြိမ်မှာ မျိုးနွယ်စုတစ်စုပဲ ခေါ်ဆောင်သွားနိုင်ပြီး နည်းနည်းနှေးကွေးနေတုန်းပဲ။”
အန်းယွဲ့က ပြောလိုက်သည်။
“လက်ရှိအချိန်မှ ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကောင်းတွေ မရှိသေးဘူး။ တဖြည်းဖြည်းချင်းပဲ လုပ်ဆောင်ရမယ်။”
ရှောင်းယီသည်လည်း ကူကယ်ရာမဲ့နေခဲ့သည်။
သူ လက်မှတ်ထိုးဝင်ခဲ့စဉ်က ယာဉ်တစ်စီးသာ ရရှိခဲ့သည်။ နောက်ထပ် အနည်းငယ် ထပ်လိုချင်သော်လည်း စနစ်က ပေးမည်မဟုတ်ပေ။
ပြီးခဲ့သောအကြိမ် ရတနာကျွန်းသို့သွားခဲ့စဉ်က ရရှိခဲ့သော သတ္တုအရည်ကျိုမီးဖိုပုံစံကွက်ကိုလည်း ထိုဒေသခံကျွန်းများပေါ်တွင် တည်ဆောက်ရန်မှာ လုံးဝမထိုက်တန်ပေ။
အဘယ့်ကြောင့်ဆိုသော် ထိုနေရာရှိ သတ္တုရိုင်းများကို တူးဖော်ပြီးသည့်နောက် ထိုသတ္တုအရည်ကျိုမီးဖိုများမှာ အသုံးဝင်တော့မည်မဟုတ်ပေ။ သူသည် ထိုဒေသခံကျွန်းများတွင် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရန် စီစဉ်ထားခြင်းမရှိချေ။
“စကားမစပ် ကျွန်းခွဲတွေပေါ်မှာရှိတဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကိစ္စက အခြေအနေဘယ်လိုရှိလဲ။”
ရှောင်းယီက မေးလိုက်သည်။
အန်းယွဲ့က ချက်ချင်း ပြန်လည်ဖြေကြားလိုက်သည် ။
“အားလုံး ဆောင်ရွက်နေပါပြီ။ အဲ့ဒီဝမ်ရှင်းက စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ လုပ်ငန်းစဉ်တွေကို ဖန်တီးပြီး ဒေသခံတွေကို လုပ်ဆောင်ခိုင်းထားတယ်။ အဲ့ဒါက တော်တော်လေးအဆင်ပြေတယ်။”
အဘယ့်ကြောင့်ဆိုသော် ထိုဒေသခံများသည် လျှပ်စစ်အကြောင်း နားမလည်သောကြောင့် သူတို့ဘာပြောပြော လုပ်ဆောင်ကြမည်ဖြစ်သည်။
သူတို့သည် ဉာဏ်ရည်မြင့်မားပြီး အကုန်သိ၊အကုန်တတ်သည်ဟု ခံစားရသည့် အသက်ရှင်ကျန်ရစ်သူများနှင့်မတူပေ။ သူတို့သည် ပြဿနာကြီးကြီးမားမားမရှိဟု ခံစားရသောကြောင့် အချို့အဆင့်များကို ရိုးရှင်းစွာပင် ချန်လှပ်ထားခဲ့ခြင်းဖြစ်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“လက်ရှိတိုးတက်မှုအရ ကျွန်းအားလုံးပေါ်မှာ ဝါယာကြိုးတွေ တပ်ဆင်ဖို့ အနည်းဆုံး နှစ်ရက်လောက်ပဲ ကြာမယ်လို့ ခန့်မှန်းထားပါတယ်။”
အန်ယွဲ့က ဖြေကြားလိုက်သည်။
“မဆိုးပါဘူး...။ ပြီးရင် သူတို့ကို ဆုချဖို့လည်း မမေ့ပါနဲ့။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့”
“အဒေါ်လီ ဆောင်းရာသီဝတ်စုံအတွက် ကုန်ကြမ်းပစ္စည်းတွေ ပြင်ဆင်မှုကိစ္စကရော ဘယ်လိုရှိလဲ။”
ရှောင်းယီက လီယန်ကိုကြည့်ကာ မေးလိုက်သည်။
ပြီးခဲ့သည့်အကြိမ် ရတနာတူးဖော်ရာတွင် A-အဆင့် ငှက်မွေးအထည်ပုံစံကွက်ကို ရရှိခဲ့သဖြင့် လီယန်သည် ကုန်ကြမ်းများကို ပြင်ဆင်ရန်သာ လိုအပ်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ စာမျက်နှာတွင် ငှက်မွေးအထည်များကို ပြုလုပ်နိုင်ပေသည်။
“အားလုံးကို ချောချောမွေ့မွေ့နဲ့ ဆောင်ရွက်နေပါပြီ။ ဝမ်ရှင်းနဲ့လည်း ဆက်သွယ်ထားပြီးပြီ။ လျှပ်စစ်ပညာရှင်တွေကလွဲပြီး ကျန်အမျိုးသမီးတွေအားလုံးကို စုဆောင်းဖို့ စီစဉ်ထားပါတယ်။ သူတို့မှာ လုပ်စရာရှိတယ်။”
“ကောင်းပြီ ဒီအပတ်အတွင်း ဆောင်းရာသီပစ္စည်းတွေ လုံလုံလောက်လောက် ထုတ်လုပ်နိုင်ဖို့ ကြိုးစားပါ။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ဤပုံစံအရ ဆောင်းရာသီရောက်ရှိရန် နောက်ထပ်တစ်ပတ် ထပ်မံကြာမြင့်ဦးမည်ဖြစ်သော်လည်း ရှောင်းယီသည် ကြိုတင်ပြင်ဆင်ထားခြင်းက ပိုမိုကောင်းမွန်သည်ဟု ခံစားရပြီး မမျှော်လင့်ထားသော အခြေအနေများရှိပါက အမှားအယွင်းများအတွက် အချိန်ရှိစေရန် ဖြစ်သည်။
ပထမလ၏စတုတ္ထအပတ်သည် အသက်ရှင်ကျန်ရစ်သူအားလုံးအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့ပြီး အရာအားလုံး အလွန်အေးခဲနေခဲ့သည်။
ဤဆောင်းရာသီသည် အလွန်အမင်းမအေးရန်သာ မျှော်လင့်ရပေမည်။
ဆောင်းရာသီရောက်လာမည်ကို ထည့်သွင်းစဉ်းစားထားသောကြောင့် ရှောင်းယီသည် လျှပ်စစ်ဓာတ်အားနှင့် ဆောင်းရာသီဝတ်စုံများအတွက် စိုးရိမ်နေခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အားရှိပါက အခန်းများကို အပူပေးရန်အတွက် လျှပ်စစ်ဓာတ်အားကို ပေါပေါများများ အသုံးပြုနိုင်မည်ဖြစ်ပြီး ဆောင်းရာသီဝတ်စုံများသည်မူ အပြင်ဘက်ရှိ ကင်းလှည့်စောင့်ကြပ်ရေးအဖွဲ့ဝင်များအတွက်ဖြစ်သည်။
ဟုတ်ပါသည်။ ရှောင်းယီတွင် အအေးဒဏ်ကို ခံနိုင်ရည်ရှိသော လျှို့ဝှက်လက်နက်တစ်ခုလည်း ရှိပေသည်။ ယင်းမှာ ပြီးခဲ့သောအကြိမ် ရတနာတူးဖော်ရာတွင် ရရှိခဲ့သော ရေနွေးပိုက်လိုင်းစနစ်ဖြစ်သည်။
ကျွန်းအသီးသီးပေါ်တွင် ရေနွေးငွေ့စက်ရုံများ စတင်တည်ဆောက်ခဲ့ပြီး ထိုအပူပေးပိုက်လိုင်းများကို တပ်ဆင်ထားပြီးဖြစ်သည်။
သူတို့သည် ညစာစားရင်း စကားစမည်ပြောဆိုခဲ့ကြပြီး ဤနည်းလမ်းဖြင့် အလုပ်ကိစ္စအချို့ကို ရှောင်းယီထံသို့ အစီရင်ခံခဲ့ကြသည်။
“ကျွန်းပိုင်ရှင် ကုန်းမြေအသစ်မှာ ရတနာသေတ္တာတွေ အများကြီးရှိတယ်လို့ ကျုပ်ကြားခဲ့တယ်။ အဲ့ဒါ အမှန်ပဲလား။”
ဒူခန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
“ဟုတ်တယ် လူတိုင်းရဲ့လက်ထဲမှာ အုတ်မြစ်ကျောက်တွေ အများကြီးရှိလာလိမ့်မယ်။”
“ကျုပ်တို့ရော အဖွဲ့တွေ စေလွှတ်ခဲ့သေးလား။”
ဒူခန်းက မေးလိုက်သည်။
“ဒါပေါ့ အစ်ကိုကျန်းက အဲ့အတွက် စီစဉ်ထားပြီးပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် သူတို့ရရှိခဲ့တဲ့ပစ္စည်းတွေကို အစီရင်ခံတင်ပြတာမျိုး မရှိသလိုပဲ။ အစ်ကိုကျန်း မင်း ဒီအကြောင်းသိလား။”
ကျန်းယွင်ထျန်းသည် အနည်းငယ်အံ့အားသင့်သွားခဲ့ပြီး ပြန်ဖြေလိုက်သည်။
“မသိပါဘူး။ ကျုပ်က ရွှမ်းယွမ်မှာ ရှိနေခဲ့တော့ သူတို့ကိုမေးဖို့ အချိန်မရခဲ့ဘူး။ သူတို့က မင်းဆီကို အစီရင်ခံပြီးပြီလို့ ထင်ထားတာ။”
“သူတို့က ပစ္စည်းကောင်းမဟုတ်ဘူးထင်လို့ အစီရင်မခံတာဖြစ်နိုင်ပါတယ်။”
ယွမ်နွန်က ပြောလိုက်သည်။
ဆုဝမ်သည် ညစာစားပြီးသွားပြီဖြစ်ကာ ထရပ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့သွားကာ ရှုံးတိနှင့် ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လိုက်သည်။
“အစီရင်ခံတင်ပြပါတယ်။ ကျုပ်တို့အဖွဲ့က ရတနာသေတ္တာ ရှာမတွေ့သေးပါဘူး။”
ထိုစကားကို ကြားလိုက်ရသောအခါ လူအားလုံး ကြောင်အသွားခဲ့ကြသည်။
“ဒီလောက်တောင်ကြာနေပြီကို ရတနာသေတ္တာတွေ မတွေ့သေးဘူးလား။”
ကျန်းယွင်ထျန်းသည်လည်း အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
ထိုတပ်ဖွဲ့ကို တစ်နေ့လုံးနီးပါး စေလွှတ်ထားခဲ့ပြီးဖြစ်သည်။
“နည်းပြကို ပြန်ဖြေပါတယ်။ မတွေ့သေးပါဘူး။”
ရှုံးတိက တုံ့ပြန်လိုက်သည်။
ထိုအခါ ရှောင်းယီက အနည်းငယ် ဆင်ခြင်တွေးတောကာ ချက်ချင်းပင် ပြောလိုက်သည်။
“အကြောင်းအရင်းကို ကျုပ်နားလည်သွားပြီ ထင်တယ်။”
“ဘာအကြောင်းအရင်းလဲ...။”
လူတိုင်း သိချင်စိတ်ဖြင့် မေးလိုက်ကြသည်။
လူတိုင်းသည် သူ့ထံမှ မေးခွန်းအတွက် အဖြေရယူခြင်းကို အကျင့်ပါနေပြီဖြစ်သည်။
“အစ်ကိုကျန်း မင်းစီစဉ်ထားတဲ့ လူတွေအားလုံးက ဒေသခံစစ်သည်တွေမလား။”
ရှောင်းယီက မေးလိုက်သည်။
ကျန်းယွင်ထျန်းသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် ချက်ချင်းပင် နားလည်သွားခဲ့သည်။
လူတိုင်းလည်း ချက်ချင်းပင် တုံ့ပြန်နိုင်ခဲ့ကြသည်။
“ဆိုလိုတာက ဒေသခံတွေက ရတနာသေတ္တာတွေကို တွေ့နိုင်ခြင်းမရှိဘဲ ကျုပ်တို့ အသက်ရှင်ကျန်ရစ်သူတွေပဲ တွေ့နိုင်တယ်လို့ ဆိုလိုတာလား။”
ဒူခန်းက ထပ်မံအတည်ပြုရန် မေးမြန်းလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ အနည်းငယ် တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။
“အစ်ကိုကျန်း မင်း အသက်ရှင်ကျန်ရစ်သူ နည်းနည်းလောက် ထပ်ပြီးစီစဉ်လိုက်ပါ။ အဖွဲ့တစ်ခုမှာ အသက်ရှင်ကျန်ရစ်သူတစ်ဦးနဲ့ ဒေသခံစစ်သည်လေးဦးစီ ပါဝင်စေပြီး အသက်ရှင်ကျန်ရစ်သူတွေရှိတဲ့အဖွဲ့မှာ ရတနာသေတ္တာတွေ ပေါ်လာနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ကြည့်လိုက်ပါ။”
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းသည် သူ့ပန်းကန်ထဲရှိ ထမင်းများကို ကုန်အောင်စားပြီးနောက် ထရပ်လိုက်ကာ ဗီလာထဲမှ ထွက်ခွာသွားခဲ့သည်။
“ဒါက တကယ်ပဲ အသစ်ပြန်လည်မွမ်းမံခြင်း စည်းမျဉ်းသာဖြစ်မယ်ဆိုရင် အသက်ရှင်ကျန်သူတွေ များလေကောင်းလေပဲ။”
ယွမ်နွန်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
လူတိုင်းလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။
ဤအချက်ကို အတည်မပြုရသေးသော်လည်း ရှောင်းယီသည် သူ၏ခန့်မှန်းချက်မှာ မှန်ကန်သင့်သည်ဟု ခံစားနေခဲ့ရသည်။
“ဒါက အသက်ရှင်ကျန်ရစ်သူတွေကို ကုန်းမြေအတွင်းပိုင်းကို နက်နက်ရှိုင်းရှိုင်း စူးစမ်းရှာဖွေဖို့ အားပေးအားမြောက်လုပ်လိုက်တာလား။”
အခန်း ၆၀၂ - ပစ္စည်းများ ပေါများခြင်း၊ ခန့်မှန်းချက်အား အတည်ပြုခြင်း၊ ပြန်ရောက်မလာခြင်း
ဗီလာမှထွက်ခွာသွားပြီးနောက် ကျန်းယွင်ထျန်းသည် အသက်ရှင်ကျန်သူ စစ်သည်အနည်းငယ်ကို ကိုယ်တိုင်ဦးဆောင်ကာ ရှုံးတိဆီသို့ ချက်ချင်းတည်နေရာကူးပြောင်းသွားခဲ့သည်။
ရှောင်းယီ၏ကျွန်းပေါ်တွင် အသက်ရှင်ကျန်ရစ်သူများ တိုးပွားလာသည်နှင့်အမျှ အသက်ရှင်ကျန်ရစ်သူအချို့သည်လည်း တိုက်ခိုက်ရေးအဖွဲ့တွင် ပါဝင်ရန် ရွေးချယ်ခဲ့ကြသည်။
ရှောင်းယီသည်လည်း အသက်ရှင်ကျန်ရစ်သူများသည် ပိုမိုချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် သဘာဝအတိုင်း သဘောတူခဲ့သည်။
ကျန်းယွင်ထျန်းနှင့်အဖွဲ့သည် ရှုံးတိဆီသို့ ချက်ချင်းရောက်ရှိသွားပြီးနောက် ယခင်စီစဉ်ထားသော စူးစမ်းလေ့လာရေးအဖွဲ့များအားလုံးကို ပြန်လည်ခေါ်ယူလိုက်သည်။
“ရှေ့ဆက်သွားတဲ့နေရာမှာ လူတစ်ဦးက လူငါးဦးပါဝင်တဲ့အဖွဲ့ကို ဦးဆောင်ပြီး အတူတကွ ထွက်ခွာကြရမယ်။ တောနက်ထဲကို အရမ်းနက်နက်ရှိုင်းရှိုင်း မဝင်နဲ့။ အပြင်ပိုင်းကို လေးနာရီကြာအောင် ရှာဖွေပြီးရင် ဒီနေရာကို ပြန်လာပြီး စုရုံးကြရမယ်။ အားလုံး နားလည်ကြလား။”
ကျန်းယွင်ထျန်းက အမိန့်ထုတ်ပြန်လိုက်သည်။
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းခေါ်ဆောင်လာခဲ့သော အသက်ရှင်ကျန်ရစ်သူများသည် အဖွဲ့တစ်ဖွဲ့စီကို ရွေးချယ်ပြီးနောက် ကုန်းမြေသစ်၏အတွင်းပိုင်းသို့ ဦးတည်ကာ ထွက်ခွာသွားခဲ့ကြသည်။
ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာခဲ့ပြီး ဂရုထဲရှိလူအများသည် ရှေးဟောင်းသိုင်းပညာမိသားစုများအကြောင်း ဆွေးနွေးခြင်းမပြုတော့ဘဲ ၎င်းတို့၏မဟာမိတ်အဖွဲ့များ ကုန်းမြေသစ်ကို စူးစမ်းလေ့လာခဲ့သည့် ရလဒ်များအကြောင်း ပြောဆိုနေကြသည်။
“ဟားဟား...ကျုပ်တို့ ဒီနေ့တစ်နေ့လုံး စူးစမ်းရှာဖွေခဲ့ရာမှာ မတူညီတဲ့ ပုံစံကွက် ၁၂ မျိုးရခဲ့တယ်။ အုတ်မြစ်ကျောက်တွေဆိုရင် လေးရာနီးပါးလောက်ရခဲ့တယ်။ တကယ့်ကို တန်ဖိုးရှိတယ်။”
“ဟုတ်တယ် ကျုပ်တို့အဖွဲ့လည်း အတူတူပဲ။ အဖွဲ့ကို အဲဒီမှာနေရာချထားဖို့တောင် စီစဉ်နေတာ။ ဒါဆိုရင် သွားလာဖို့လက်မှတ်ကုန်ကျစရိတ်ကို ချွေတာလို့ရတယ်။”
“အမှန်ပဲ လူတိုင်းလည်း ဒီတိုင်းစဉ်းစားနေကြမှာပဲ။ ဒါပေမယ့် အဲဒီလိုဆိုရင် ရွက်ဖျင်တဲတွေက မလုံမလောက်ဖြစ်လာလိမ့်မယ်။”
“ဟားဟား...။ ကျုပ်တို့အဖွဲ့က ရွက်ဖျင်တဲပုံစံကွက်တစ်ခုတွေ့ခဲ့တယ်။ ခင်ဗျား ဝယ်ချင်လား။ ခင်ဗျားတို့ဝယ်မယ်ဆိုရင် ဂရုထဲမှာ ဈေးလျှော့ပြီးရောင်းပေးမယ်။”
“ဟုတ်တယ် ရွက်ဖျင်တဲအပိုရှိရင် အနည်းဆုံးတော့ လေနဲ့မိုးကို ကာကွယ်ပေးနိုင်တယ်။ အပူချိန်ကလည်း တဖြည်းဖြည်း ကျဆင်းလာနေပြီ။ အပြင်ဘက်မှာ အလွယ်တကူအိပ်လို့မဖြစ်ဘူး။”
“မှန်တယ်...ကျုပ်တို့လည်း အရံအနေနဲ့ နည်းနည်းလောက်ဝယ်ထားရမယ်။”
ယခင်က ထောက်ပံ့ရေးသေတ္တာများတွင် ရွက်ဖျင်တဲအချို့ တွေ့ခဲ့ရသော်လည်း လူတိုင်း တစ်ခုစီရရှိရန်အတွက်တော့ မလုံလောက်သေးပေ။ ယခုအခါ အလုပ်တာဝန်အတွက် ခရီးထွက်ရမည်ဖြစ်သောကြောင့် ရွက်ဖျင်တဲများ အနည်းငယ်မလုံမလောက်ဖြစ်လာခဲ့သည်။
“ပြဿနာမရှိပါဘူး။ ကျုပ်တို့ဂရုအတွင်းမှာ အုတ်မြစ်ကျောက်တစ်ခုအတွက် ရွက်ဖျင်တဲ ၁၀ လုံး၊ ဈေးကွက်ခန်းမထဲမှာ ရွက်ဖျင်တဲတစ်လုံးကို အုတ်မြစ်ကျောက်တစ်ခုနဲ့ ရောင်းမယ်။ ဝယ်ချင်သလိုသာ ဝယ်ကြပါ။”
“အစ်ကိုကြီး မင်းက အရမ်းကောင်းတာပဲ။”
“ဒါတွေအားလုံးက သူဌေးဆီက သင်ယူခဲ့တာတွေချည်းပါပဲ။ ကိုယ့်လူတွေကို ဈေးလျှော့ပေးရမယ်။”
“ကောင်းပြီ...ကျုပ်ရဲ့ပုံစံကွက်တွေထဲမှာလည်း လူတိုင်းအတွက် လိုအပ်တာတွေရှိ၊ မရှိကြည့်လိုက်ပါ့မယ်။ ဂရုထဲမှာလည်း အချို့တဝက် ထည့်သွင်းထားပေးမယ်။ လိုအပ်တာရှိရင် လူတိုင်း ယူသုံးနိုင်ပါတယ်။”
“အရမ်းကောင်းတယ်။ ကျုပ်တို့ရှားနိုင်ငံသားတွေအချင်းချင်း စည်းလုံးညီညွတ်နေသရွေ့ ဒေသခံတွေအကြောင်းကို ဘယ်သူကဂရုစိုက်မှာလဲ။ ကျုပ်တို့ သေချာပေါက် အသက်ရှင်နိုင်လိမ့်မယ်။”
“ဟုတ်တယ်။”
ရှောင်းယီသည် လူတိုင်းက မိမိတို့၏ပစ္စည်းများကို စတင်မျှဝေနေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။ ၎င်းသည် လူတိုင်း ကြွယ်ဝချမ်းသာလာပြီဖြစ်ကြောင်း ညွှန်ပြနေပြီး ဤသည်မှာ ကောင်းသောအရာတစ်ခုဖြစ်သည်။
“ဒေသခံအဖွဲ့တွေချည်းသီးသန့် စေလွှတ်ထားတဲ့သူရှိလား။”
ရှောင်းယီက ဂရုထဲတွင် မေးကြည့်လိုက်သည်။
“ဟင် ဒေသခံတွေချည်းပါတဲ့အဖွဲ့တွေလား။ မရှိပါဘူး။ သူတို့က ရတနာသေတ္တာထဲက ပစ္စည်းတွေကို ခိုးယူသွားရင်ဘယ်လိုလုပ်မလဲ။”
“မှန်တယ်...။ လူတိုင်းက စာချုပ်ကတ်ကို အသုံးမပြုနိုင်ဘူး။ စာချုပ်ကတ် အသုံးမပြုရသေးတဲ့သူတွေကို လုံးဝထိန်းချုပ်လို့မရဘူး။”
“မရှိပါဘူး။ ကျုပ်တို့ဆိုရင် အသက်ကျန်ရစ်သူတွေချည်း အဖွဲ့ဖွဲ့ထားတာ။ ဒေသခံတွေအားလုံးက အိမ်မှာအလုပ်လုပ်နေကြတယ်။”
“ကျုပ်တို့တော့ စာချုပ်ချုပ်ထားတဲ့ မှော်ဆရာတစ်ယောက်ခေါ်လာခဲ့တယ်။ မှော်ဆရာရဲ့တိုက်ခိုက်မှုတွေက တော်တော်လေးထူးဆန်းတယ်။ အန္တရာယ်ရှိတဲ့အချိန်မှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တယ်။”
“ကျုပ်တို့ရောပဲ။ သူဌေးက ဒီလိုမေးခွန်းမေးလာတာဆိုတော့ ပြဿနာတစ်ခုခုတွေ့ခဲ့ရလို့လား။”
“ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့အဖွဲ့က ဒေသခံအဖွဲ့တစ်ခုပဲ။ ဒါပေမယ့် သူတို့စေလွှတ်ခံရကတည်းက ဘာအကျိုးအမြတ်မှမရခဲ့ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အာ အဲ့လိုမျိုးလည်းရှိတယ်လား။ ဒေသခံတွေချည်းပဲဆိုရင် ရတနာသေတ္တာတွေ မရနိုင်ဘူးလား။”
“ဒီစည်းမျဉ်းက ကောင်းတယ်။ ဒါဆိုရင် ဒေသခံတွေ ငါတို့နောက်ကို အမီလိုက်ဖို့ သေချာပေါက် ခက်ခဲသွားလိမ့်မယ်။”
“မင်း တွေးလွန်းနေပြီ။ ဒီကမ္ဘာမှာ ဒေသခံတွေက ကျုပ်တို့နောက်ကို အမီလိုက်ဖို့ အရမ်းလွယ်ကူတယ်။ အထက်လူတွေက သူတို့ကို နည်းနည်းလောက်ထောက်ပံ့ပေးလိုက်ရုံနဲ့တင် ကျုပ်တို့ထောက်ပံ့ရေးသေတ္တာတွေဖွင့်ပြီး အပင်ပန်းခံနေရတာထက် ပိုကောင်းတယ်။”
“အမှန်ပဲ။ သူတို့ ကျုပ်တို့နောက်ကို အမီမလိုက်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒေသခံတွေက ကျုပ်တို့ကို အမြဲအမီလိုက်နေကြမှာပဲ။”
“သူဌေး၊ ဒီစည်းမျဉ်းက ဒေသခံတွေကြောင့်မဟုတ်ဘဲ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကြောင့်လို့ ကျုပ်သံသယရှိတယ်။ ဖြစ်နိုင်ရင် ခင်ဗျားတို့ စမ်းသပ်ကြည့်ကြပါလား။ ကိုယ်ပိုင်ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိတဲ့ ဒေသခံမျိုးနွယ်စုတစ်ခုကို တောအုပ်ထဲသွားပြီး ရတနာသေတ္တာတွေ ရှာတွေ့နိုင်မလားဆိုတာ ကြည့်ကြည့်လိုက်။”
ထိုစကားတစ်ခွန်းက ရှောင်းယီအား အိပ်မက်ထဲမှ နိုးထလာစေခဲ့သည်။
ရှောင်းယီ ရုတ်တရက်သဘောပေါက်သွားခဲ့သည်။
ဒေသခံတွေကြောင့် ရတနာသေတ္တာမရှိတာဆိုရင် ရတနာမြေပုံတွေကရော။
ယခင်က သူသည် ရတနာမြေပုံကို နှစ်ကြိမ်တိုင်တိုင် တူးဖော်ခဲ့ပြီး ထိုစဉ်က ဒေသခံအဖွဲ့များလည်းရှိခဲ့သည်။ သူတို့သည်လည်း ရတနာကျွန်းပေါ်က ရတနာသေတ္တာများကို ဖွင့်နိုင်ခဲ့ပေသည်။
ထို့ပြင် ရှောင်းယီ ဤတစ်ကြိမ်စီစဉ်ထားသည့်အဖွဲ့များအားလုံးသည် စာချုပ်မရှိသည့် ဒေသခံစစ်သည်များဖြစ်ပြီး သူတို့မျိုးနွယ်စု၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ရှောင်းယီက သိမ်းပိုက်ထားပြီးသားဖြစ်သည်။
ဆိုလိုသည်မှာ စာချုပ်မရှိသော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိပါက ရတနာသေတ္တာမတွေ့ရှိရခြင်းက ပုံမှန်သာဖြစ်သင့်သည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သာမရှိပါက ရတနာသေတ္တာတွေ့ရှိခြင်းမှာ အဘယ်သို့အကျိုးရှိနိုင်မည်နည်း။
“စာချုပ်မချုပ်ထားတဲ့ အသက်ရှင်ကျန်ရစ်သူတွေရော ရတနာသေတ္တာအသစ်တွေ ပြန်လည်ဖြစ်ပေါ်စေနိုင်မလားမသိဘူး။”
ရှောင်းယီ စိတ်ထဲတွင် ပြောလိုက်မိသည်။
အဘယ့်ကြောင့်ဆိုသော် အချို့သောအသက်ရှင်ကျန်ရစ်သူများတွင် ကျွန်းအထိမ်းအမှန်ကျောက်တိုင်များမရှိတော့ဘဲ စာချုပ်လည်းမချုပ်ရသေးပေ။ ဤအခြေအနေသည် ရတနာသေတ္တာအသစ်များ ပြန်လည်ဖြစ်ပေါ်စေနိုင်ခြင်းရှိ၊မရှိ သေချာမပြောနိုင်ပေ။ ကျန်းယွင်ထျန်း၏လက်တွေ့စမ်းသပ်မှုရလဒ်များကို စောင့်ဆိုင်းရုံသာရှိတော့သည်။
ကျန်းယွင်ထျန်းသည် သူကိုယ်တိုင် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ကုန်မမြေအတွင်းပိုင်းကို စူးစမ်းလေ့လာခဲ့ပြီး တောအုပ်အတွင်း မီတာတစ်ရာခန့်သာ ဝင်ရောက်ခဲ့ရာ ရတနာသေတ္တာတစ်လုံးကို တွေ့ရှိခဲ့ရသည်။
“ကျွန်းပိုင်ရှင်ရဲ့ ခန့်မှန်းချက်က မှန်နေပြီထင်တယ်။”
ကျန်းယွင်ထျန်းသည် C-အဆင့် အစောင့်အရှောက်သတ္တဝါကို အလွယ်တကူဖြေရှင်းပြီးနောက် ရတနာသေတ္တာအတွင်းရှိ ရတနာများကို ရရှိခဲ့သည်။
“သွားကြစို့...ဆက်လုပ်ကြမယ်။”
ကျန်းယွင်ထျန်းသည် သူ၏အဖွဲ့ကိုဦးဆောင်ပြီး ပိုမိုနက်ရှိုင်းသည့်နေရာသို့ ဆက်လက်ဝင်ရောက်သွားခဲ့သည်။
မကြာမီ လေးနာရီ ကုန်လွန်သွားခဲ့ပြီး ကျန်းယွင်ထျန်းသည်လည်း အပြေးအလွှား ပြန်ရောက်လာခဲ့သည်။
သူတို့အဖွဲ့ အကြီးစားသင်္ဘောကြီးပေါ်သို့ ပြန်ရောက်သောအခါ အခြားအဖွဲ့များ မပြန်လာရောက်သေးပေ။
“လူတိုင်း တောနက်ထဲကို သွားနေကြတာလား။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
နောက်ထပ်နာရီဝက်ကြာအောင် စောင့်ဆိုင်းပြီးနောက် အဖွဲ့များသည် နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာခဲ့ပြီး အားလုံးတွင် ရလဒ်များရရှိခဲ့ကြကာ ရတနာသေတ္တာသုံး၊လေးလုံးအထိ ဖွင့်နိုင်ခဲ့ကြသည်။
သို့သော် အဖွဲ့တစ်ဖွဲ့မှာမူ ပြန်ရောက်မလာသေးပေ။
ကျန်းယွင်ထျန်း၏စိတ်ထဲတွင် မကောင်းသည့်ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ကျားသစ်အဖွဲ့က ဘယ်ဦးတည်ချက်မှာလဲ။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
“ဟိုဘက်...။”
ရှုံးတိက အရပ်မျက်နှာတစ်ခုကို ညွှန်ပြလိုက်သည်။
ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ အမိန့်ပေးလိုက်၏။
“ဒီလေးနာရီအတွင်း ငါတို့ရခဲ့တဲ့ရလဒ်တွေကို ကျွန်းပိုင်ရှင်ထံ မှန်မှန်ကန်ကန် အစီရင်ခံလိုက်။ ငါသွားကြည့်လိုက်မယ်။”
“ဟုတ်ကဲ့”
ရှုံးတိက မတ်တတ်ထရပ်လိုက်သည်။
ရှောင်းယီသည် ရှုံးတိ၏အစီရင်ခံစာကို လက်ခံရရှိပြီးနောက် မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“အဖွဲ့တစ်ဖွဲ့ ပြန်ရောက်မလာသေးဘူးဟုတ်လား။”
“ဟုတ်ပါတယ်...။ နည်းပြကိုယ်တိုင် သူတို့ကို ရှာဖို့သွားနေပါတယ်။”
ရှုံးတိက ပြန်လည်ဖြေကြားလိုက်သည်။
“ကောင်းပြီ...။ အခြေအနေတစ်ခုခုရှိရင် ငါ့ကို အချိန်မီအစီရင်ခံလိုက်။”
ရှောင်းယီ ခေါင်းညိတ်လိုက်သည်။ ကျန်းယွင်ထျန်းနှင့်ပတ်သက်၍ သူစိတ်အေးနေဆဲပင်။
ရှုံးတိထံမှ ပြန်လည်ပေးပို့လာသော အချက်အလက်များအပေါ်အခြေခံ၍ ရှောင်းယီသည် အောက်ပါအကဲဖြတ်ချက်များကိုသာ ပြုလုပ်နိုင်ခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများ ရှိနေသရွေ့ သူတို့တွင် ကိုယ်ပိုင်ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရတနာသေတ္တာအသစ်များနှင့် ကြုံတွေ့ရမည်ဖြစ်သည်။
ထို့ပြင် အဖွဲ့တစ်ခုလုံးသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိသော ဒေသခံများဖြင့်သာ ဖွဲ့စည်းထားပါက ရတနာသေတ္တာအသစ်များ ကြုံတွေ့ရမည်မဟုတ်ပေ။
သို့သော် ဂရုထဲတွင် ဖော်ပြထားသည့် အထူးအခြေအနေကိုမူ လက်ရှိအချိန်တွင် အတည်ပြု၍မရသေးပေ။ ယခင်ဖမ်းမိထားသော ဒေသခံများ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ရှောင်းယီက သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။
ဤအချိန်တွင် ကျန်းယွင်ထျန်းသည် တောအုပ်ထဲတွင် အလျင်အမြန်ချီတက်နေပြီး လူသားများ၏လှုပ်ရှားမှုအမှတ်အသားများရှိသော နေရာအချို့ကို ဖြတ်သန်းပြီးနောက် ထိုအမှတ်အသားများသည် ကျားသစ်နှင့်အဖွဲ့သားများ ထားရှိခဲ့သောအမှတ်အသားများဟုတ်၊မဟုတ် သေချာစွာခွဲခြားကြည့်ရန်အတွက် ရပ်တန့်ရမည့်နေရာကို ဂရုတစိုက်ရှာဖွေလိုက်လေသည်။
မကြာမီ သူသည် တိုက်ခိုက်မှုအမှတ်အသားများစွာရှိသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။