အခန်း (၆၀၃-၆၀၄)
Vol. 44 Ch. 603-604
အခန်း ၆၀၃ - ပြန်ရောက်မလာသေးဘူး၊ လူများကိုကယ်တင်ခြင်း၊ မှော်ဆရာ ထွက်ပေါ်လာခြင်း
“ဒါက ရတနာသေတ္တာ အစောင့်အရှောက်သားရဲနဲ့ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခု ဖြစ်သင့်တယ်။”
ကျန်းယွင်ထျန်းသည် ခဏကြာအောင် ရှာဖွေလေ့လာပြီးနောက် ထိုသို့ကောက်ချက်ချလိုက်သည်။
သူသည် ဤတည်နေရာမှ ထွက်ခွာတော့မည့်အချိန်တွင် ရုတ်တရက် ဘေးပတ်ဝန်းကျင်ရှိ ချုံပုတ်များထဲတွင် အခြားခြေရာများရှိနေသည်ကို သတိထားမိသွားခဲ့သည်။
“မဟုတ်သေးဘူး...။ အခြားလူသားခြေရာတွေလည်းရှိနေတယ်။”
ရှောင်းယီ၏ကျွန်းပေါ်ရှိ စစ်သည်အားလုံးသည် တူညီသော စံဖိနပ်များကို စီးထားကြောင်း သိထားရမည်ဖြစ်သည်။ ထို့ကြောင့် ခြေရာများကိုကြည့်၍ ၎င်းတို့ကိုယ်ပိုင်အဖွဲ့မှဟုတ်၊မဟုတ် ပြောနိုင်ပေသည်။
သိသာစွာပင် ဤနေရာတွင် အခြားခြေရာများ ရှိနေပြီး ၎င်းတို့ကိုနောက်ကို လိုက်နေသော အခြားအဖွဲ့တစ်ဖွဲ့ ရှိနေသည်ကို ညွှန်ပြနေခဲ့သည်။
“အဲဒီသူတောင်းစားရွှမ်းယွမ်စီစဉ်ထားတဲ့ အခြားအဖွဲ့တစ်ဖွဲ့ ဖြစ်နိုင်မလား။”
ကျန်းယွင်ထျန်းသည် ထိုသို့တွေးရင်းဖြင့် ရှေ့သို့ လျင်မြန်စွာဆက်သွားလိုက်သည်။
ရှောင်းယီသည် ရွှမ်းယွမ်ဝူဝေ့ကို ကိုင်တွယ်ဖြေရှင်းခဲ့သော်လည်း သူစီစဉ်ထားသည်မှာ အဖွဲ့တစ်ဖွဲ့တည်းဟုတ်၊မဟုတ် အတည်မပြုနိုင်ပေ။
အခြားအဖွဲ့များ ရှိနေပါက ကျားသစ်နှင့်အဖွဲ့သားများ အန္တရာယ်ထဲသို့ ကျရောက်သွားနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် အားလုံးသည် ချုံခိုတိုက်ခိုက်သူများဖြစ်ပြီး သတိမထားမိပါက ထောင်ချောက်ထဲသို့ အလွယ်တကူ ကျရောက်သွားနိုင်သောကြောင့်ပင်။
ထိုအရာကို တွေးမိလိုက်သောအခါ ကျန်းယွင်ထျန်း၏ ခြေလှမ်းများ ပိုမိုမြန်ဆန်လာခဲ့သည်။
ထိုစဉ် သူသည် ရုတ်တရက်ရပ်တန့်လိုက်ပြီး ဘေးတစ်ဖက်ရှိ ချုံပုတ်များထဲသို့ ဝင်ပုန်းလိုက်သည်။ သူသည် ရှေ့ဘက်မှ အသံအချို့ကို ကြားနေရပြီး ထိုအသံများမှာ သူလုံးဝနားမလည်နိုင်သော ဘာသာစကားဖြစ်သည်။
“ရွှမ်းယွမ်ရဲ့အဖွဲ့မဟုတ်ဘဲ ဒေသခံတွေဖြစ်နိုင်မလား။”
ကျန်းယွင်ထျန်းသည် မျက်မှောင်ကြုံ့ကာ သူ့ကိုယ်ကို ဖုံးကွယ်လိုက်ပြီး အပြင်ဘက်ကို သေသေချာချာ စောင့်ကြည့်နေလိုက်သည်။
ခဏအကြာတွင် အဝေးမှ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့ပြီး ကျန်းယွင်ထျန်းသည် ၎င်းတို့ကို ချက်ချင်းတွေ့လိုက်ရလေသည်။
“ချူဖုန်းမြို့က လူတွေပဲ။”
“ကုန်းမြေသစ်ကို အသက်ရှင်ကျန်ရစ်သူတွေ ရောက်ရှိလာခြင်းက ချူဖုန်းမြို့ရဲ့အာရုံကို ဆွဲဆောင်မိသွားတာဖြစ်နိုင်မလား။”
ကျန်းယွင်ထျန်း စိတ်ထဲမှ တွေးလိုက်မိသည်။ သူသည် ၎င်းတို့၏အဆင့်များကို မမြင်နိုင်သောကြောင့် အလောတကြီးလှုပ်ရှားခြင်းမပြုဘဲ ဂရုတစိုက်ဖြင့်သာ နောက်မှလိုက်သွားခဲ့သည်။
အိပ်ခန်းထဲတွင် ရှောင်းယီသည် ကျန်းယွင်ထျန်းထံမှ မည်သည့်သတင်းအချက်အလက်မျှ မရရှိခဲ့ပေ။ သူသည် အနည်းငယ်စိုးရိမ်နေမိပြီး အနည်းငယ်စဉ်းစားပြီးနောက် ကိုယ်တိုင်သွားရန် ဆုံးဖြတ်လိုက်သည်။
နေ့ခင်းဘက်တုန်းက ရူးသွပ်ဆေးကို သောက်သုံးခဲ့သည့် ဘေးထွက်ဆိုးကျိုးများသည်လည်း ပျောက်ကင်းသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုသို့ပျောက်ကင်းခဲ့ခြင်းမှာ ရှောင်းယီတွင် နာနိုနည်းပညာစမတ်စက်ရုပ်များနှင့် အဆင့်မြင့်အစားအစာအမျိုးမျိုးက အကန့်အသတ်မရှိ အာဟာရဖြည့်ပေးနိုင်သောကြောင့်သာ ဖြစ်သည်။
မဟုတ်ပါက ဤခွန်အားတိုးဆေး၏ ဘေးထွက်ဆိုးကျိုးများမှာ ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။
မြို့ပြန်ကျောက်ကို သက်သွင်းပြီးနောက် ရှောင်းယီသည် ချက်ချင်း ရှုံးတိဆီသို့ ရောက်ရှိလာခဲ့သည်။
“ကျွန်းပိုင်ရှင်...”
သူတို့သည် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ကြပြီး ရှောင်းယီအား နှုတ်ဆက်လိုက်ကြသည်။
ရှောင်းယီက လက်ခါပြကာ မေးလိုက်သည်။
“အစ်ကိုကျန်းသွားတာ ဘယ်လောက်ကြာပြီလဲ။”
“တစ်နာရီနဲ့ နှစ်ဆယ့်သုံးမိနစ်ပါ။”
ရှုံးတိက ပြန်လည်ဖြေကြားလိုက်သည်။
“ကောင်းပြီ ငါသွားကြည့်လိုက်မယ်။ ဘယ်ဦးတည်ချက်လဲ။”
ရှောင်းယီက မေးလိုက်သည်။
ထို့နောက် သူသည် ရှုံးတိညွှန်ပြသည့် ဦးတည်ချက်အတိုင်း ကုန်းမြေတိုက်ကြီး၏အတွင်းပိုင်းသို့ ဦးတည်ကာပြေးသွားခဲ့သည်။
ကျန်းယွင်ထျန်းသည် ချူဖုန်းမြို့၏တပ်ဖွဲ့နောက်ကို လိုက်သွားကာ အနည်းငယ်စောင့်ကြည့်ပြီးနောက် ဤအဖွဲ့တွင် အဆင့်မြင့်ကျွမ်းကျင်သူများ မရှိသင့်ဘူးဟု ခံစားခဲ့ရသည်။
ရုတ်တရက် သူတို့သည် ဝက်ဝံတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရပြီး အနီးတွင် သေတ္တာတစ်လုံးရှိနေခဲ့သည်။
ထိုဒေသခံများသည် သေတ္တာကို မြင်လိုက်ရသည်နှင့် ၎င်းတို့၏မျက်လုံးများ ချက်ချင်းပင် တောက်ပသွားခဲ့ကြသည်။ သူတို့သည် သူတို့၏အဖော်များကို ခေါ်ကာ ဝက်ဝံကို သတ်ပစ်လိုက်ပြီး ရတနာသေတ္တာအတွင်းရှိ ပစ္စည်းများကို ရယူရန် ပြင်ဆင်လိုက်ကြသည်။
သူတို့သည်လည်း ရတနာသေတ္တာအတွင်း၌ ပစ္စည်းကောင်းများရှိသည်ကို သိပုံရသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဘေးတစ်ဖက်တွင် ပုန်းသော ကျန်းယွင်ထျန်းက စိတ်ထဲမှရေရွတ်လိုက်သည်။
“ကောင်းကင်ဘုံက ငါကို ကူညီနေတာပဲ။”
အဘယ့်ကြောင့်ဆိုသော် ထိုစစ်ပွဲမှတစ်ဆင့် သူသည် ပြိုင်ဘက်၏အဆင့်ကို ဆုံးဖြတ်နိုင်ခဲ့သည်။ သူ့တွင် ရှောင်းယီကဲ့သို့ မည်သူမဆို သို့မဟုတ် မည်သည့်သားရဲ၏အဆင့်ကိုမဆို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်သည့် အထူးစွမ်းရည်မျိုးမရှိပေ။
ဝက်ဝံနှင့် ဒေသခံအဖွဲ့မှာ ချက်ချင်း တိုက်ခိုက်ခဲ့ကြကြသည်။ ဖမ်းမိထားသော ကျားသစ်နှင့်အဖော်များကိုမူ ဘေးတစ်ဖက်တွင် ချည်နှောင်ထားခဲ့သည်။
ကျန်းယွင်ထျန်း၏ ခန့်မှန်းချက်အရ ဝက်ဝံသည် B-အဆင့်ခန့်သာရှိပေသည်။ ထိုဒေသခံများသည် အမှန်တကယ်ပင် ထိုဝက်ဝံကို အားမာန်အပြည့်ဖြင့် တိုက်ခိုက်နေခဲ့ကြသည်။
“အဆင့်မြင့် ဒေသခံတွေ မရှိတာသေချာနေပြီ။”
ကျန်းယွင်ထျန်းသည် စိတ်ထဲကပြောလိုက်ပြီး နောက်ထပ်စောင့်ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် ပြေးထွက်လာကာ သူ့လက်ထဲကဓားမြှောင်ဖြင့် ကျားသစ်နှင့်အဖွဲ့သားများကို ချည်နှောင်ထားသော ကြိုးများကို ဖြတ်ပေးလိုက်သည်။
ကျားသစ်သည် ကျန်းယွင်ထျန်းရောက်လာသည်ကို မြင်လိုက်ရသောအခါ သူတို့သည် အလွန်ဝမ်းသာသွားခဲ့ကြသော်လည်း အသံမထွက်ခဲ့ကြပေ။
လေးကျင့်ရေးက ရလဒ်အနည်းငယ် ရရှိခဲ့ပုံပင်။
ကျားသစ်နှင့်အဖွဲ့သားများသည် အော်ဟစ်ခြင်းမပြုခဲ့သော်လည်း ဝက်ဝံနှင့် တိုက်ခိုက်နေသော ဒေသခံများသည် သူတို့၏မျက်လုံးထောင့်မှ ကျန်းယွင်ထျန်းကို မြင်လိုက်ကြရသည်။
ချက်ချင်းပင် ဒေသခံတစ်ဦးက ဗလုံးဗထွေးစကားများဖြင့် အော်ဟစ်လိုက်လေသည်။
သို့သော် သူတို့သည် ဝက်ဝံနှင့်တိုက်ခိုက်နေရပြီး အာရုံစိုက်ရန် အချိန်မရှိကြပေ။
“သွားကြ...သူတို့ကိုကိုင်တွယ်ဖြေရှင်းပြီး ချက်ချင်းဆုတ်ခွာကြမယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းသည် ကျားသစ်တို့ခြောက်ယောက်ကို ဦးဆောင်ကာ ချက်ချင်းပင် ဝိုင်းရံလိုက်ကြသည်။
ဒေသခံများသည် ထိတ်လန့်ကြောက်ရွံ့သွားပြီး ဝက်ဝံနှင့် တိုက်ခိုက်မှုမှ ချက်ချင်းပင်ခွဲထွက်ကာ အဝေးသို့ ထွက်ပြေးသွားခဲ့ကြသည်။
သူတို့နောက်မှ တိတ်တဆိတ် လိုက်လာနိုင်ပြီး ရှာမတွေ့နိုင်ခဲ့ခြင်းသည် ပြိုင်ဘက်၏အဆင့်မှာ နိမ့်ကျလိမ့်မည်မဟုတ်ကြောင်း ညွှန်ပြနေသည်။
သူတို့သည် ကျားသစ်တို့အဖွဲ့ကို ချုံခိုတိုက်ခိုက်ပြီး အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ ယခု အဆင့်မြင့်ကျွမ်းကျင်သူတစ်ဦး၏ အကူအညီ တိုးလာသောကြောင့် သူတို့သည် ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ထိုအဖွဲ့၏အစွမ်းထက်ဆုံးသူမှာ B အဆင့်သာဖြစ်သောကြောင့် S-အဆင့် ကျန်းယွင်ထျန်း၏ လိုက်လံဖမ်းဆီးမှုမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ကျန်းယွင်ထျန်းသည် ခြေနှစ်လှမ်းတည်းဖြင့် ၎င်းတို့ရှေ့သို့ ရောက်ရှိသွားခဲ့သည်။
ထိုဒေသခံများသည် နောက်ဆုံးတွင် ဤအကြိမ်၌ လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း နားလည်သွားခဲ့ကြသည်။
သူတို့သည် ကျန်းယွင်ထျန်းကိုကြည့်ကာ အော်ဟစ်ပြောဆိုလိုက်ကြသော်လည်း ကျန်းယွင်ထျန်းသည် သူတို့စကားကို နားမလည်နိုင်သောကြောင့် သူတို့၏အော်ဟစ်ပြောဆိုခြင်းမှာ အချည်းနှီးသာဖြစ်သွားခဲ့သည်။
သူသည် ရှေ့သို့တက်သွားပြီး လူတစ်ယောက်ကို လက်သီးတစ်ချက်စီ ကျွေးလိုက်သည်။
သူတို့ မတုံ့ပြန်လိုက်နိုင်မီမှာပင် ပျော်ရွှင်စွာဖြင့် သတိမေ့သွားခဲ့ကြသည်။
ထိုစဉ် နောက်ရှိ ကျားသစ်နှင့်အဖွဲ့သားများသည်လည်း ဝက်ဝံကို ကိုင်တွယ်ပြီးစီးခဲ့ပြီး ရတနာသေတ္တာအတွင်းရှိ အရာများကို ရိတ်သိမ်းခဲ့ကြသည်။
“ပြန်ဆုတ်...။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ကျားသစ်နှင့်အဖွဲ့သားများသည် သတိမေ့နေသော ဒေသခံတစ်ဦးစီကို သယ်ဆောင်ပြီး ပြန်လည်လျှောက်သွားခဲ့ကြသည်။
သူတို့အားလုံးသည် ဤအကျဉ်းသားများမှတစ်ဆင့် သတင်းအချက်အလက်အချို့ ရရှိနိုင်ကြောင်း သတိထားကြသည်။
ထိုအချိန်တွင် မြင်းခွာသံများ မြည်ဟီးလာခဲ့သည်။ ထိုအသံသည် တိတ်ဆိတ်သော ညသန်းခေါင်ယံ၌ နားထဲသို့ အလွန်အမင်း ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
“မြန်မြန် ထွက်ခွာမယ်။”
ကျန်းယွင်ထျန်းက တိုးတိုးပြောလိုက်သည်။
အသက်ရှင်ကျန်ရစ်သူများထဲတွင် မည်သူမျှ စူးစမ်းလေ့လာရာတွင် မြင်းတစ်ကောင်ကို ခေါ်ဆောင်လာလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ဤသည်မှာ ချူဖုန်းမြို့မှ တပ်ကူများသာ ဖြစ်ရမည်။
ချူဖုန်းမြို့တွင် အဆင့်မြင့်မှော်ဆရာများ တည်ရှိသည်။ ထိုအချိန်က ခွန်းယွီပင် စိတ်ဝိဉာည်ထိခိုက်မှုကြောင့် ပစ်ချခံခဲ့ရသည်။ သူသည် မှော်ဆရာ၏တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။
သူအကြောက်ဆုံးအရာသည် အမှန်တကယ်ပင် ဖြစ်ပျက်လာခဲ့သည်။
ရောက်ရှိလာသူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ကျန်းယွင်ထျန်း၏လှုပ်ရှားမှုများ ခဏတာ ရပ်တန့်သွားခဲ့သည်။ ကျားသစ်နှင့်အဖွဲ့သားများမှာမူ တိုက်ရိုက်ပင် သတိလစ်သွားခဲ့ကြသည်။
အပြေးအလွှားလာနေသော ရှောင်းယီသည်ပင် ထိုဟိန်းဟောက်သံကိုကြားလိုက်ရပြီး “ချီးဘဲ” ဟု စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် ဝေဝါးသွားပြီး အသံလာရာအရပ်သို့ ဦးတည်ကာ ပြေးသွားခဲ့သည်။
ကျန်းယွင်ထျန်းသည် အချိန်နာရီများ ရပ်တန့်သွားသည်ဟုပင် ခံစားလိုက်ရသည်။ အချိန်မည်မျှကြာသွားသည်ကိုပင် သူမသိတော့ပေ။ သူ သတိပြန်ဝင်လာသောအခါ ဆံပင်အဖြူ၊ မုတ်ဆိတ်အဖြူရှိသော လူအိုကြီးတစ်ဦးသည် သူ့ရှေ့သုံးမီတာအကွာသို့ ရောက်ရှိလာသည်ကိုသာ တွေ့ရှိလိုက်ရသည်။
ကျန်းယွင်ထျန်းသည် သူ၏ဦးခေါင်းထဲရှိ အနည်းငယ်သက်မသာဖြစ်နေမှုကို ကြိတ်မိတ်သည်းခံပြီး သူ့လက်ထဲကဓားမြှောင်ကိုမြှောက်ကာ သူ့ရှေ့ကလူအိုကြီးကို သတိတကြီးဖြင့် စိုက်ကြည့်လိုက်သည်။
ထိုစဥ် ထိုလူအိုကြီးက စကားများပြောဆိုလိုက်ပြီး ကျန်းယွင်ထျန်း၏ နာကျင်နေပြီးသား ဦးခေါင်းသည် ပို၍ပင် ခံရခက်လာခဲ့သည်။
သူသည် သေချာပေါက် သူ့ရှေ့ကလူအိုကြီး၏ ပြိုင်ဘက်မဟုတ်ပေ။ ဘာသာစကားအခက်အခဲသည် စကားဖြင့် ညှိနှိုင်းရမည့်အခွင့်အလမ်းကို လုံးဝဖြတ်တောက်ပစ်ခဲ့သည်။
“ငါ ဘာလုပ်ရမလဲ”
ကျန်းယွင်ထျန်းသည် သူ့ရှေ့ရှိပြဿနာမှ ရှောင်ရှားရန် နည်းလမ်းများကို တွေးတောနေခဲ့သော်လည်း အားလုံးသည် သေခြင်းတရားဖြင့် အဆုံးသတ်ရမည့်လမ်းများသာဖြစ်လို့နေခဲ့သည်။
လူအိုကြီးသည် ကျန်းယွင်ထျန်းတွင် ချွေးများအလွန်အမင်းထွက်နေပြီး သူပြောနေသည့်စကားများကို လုံးဝနားမလည်နိုင်ကြောင့် သိသွားခဲ့သည်။
ထို့ကြောင့် သူသည် စကားပြောဆိုခြင်းကို ရပ်တန့်လိုက်ပြီး သူ့ကိုယ်ပိုင်လူများကို နှိုးကာ သူတို့ကို ညွှန်ကြားချက်များပေးပြီး ပြန်လည်ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ရှောင်းယီသည် ဘေးတစ်ဖက်မှ ပြေးထွက်လာကာ ကျန်းယွင်ထျန်းဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်။
သူသည် ကျန်းယွင်ထျန်းကို ဆွဲကိုင်ပြီး အဝေးသို့ လျှပ်စီးကဲ့အမြန်နှုန်းဖြင့် ထွက်ပြေးသွားခဲ့သည်။
ရှောင်းယီသည် ထိုလူအိုကြီး၏အဆင့်ကို သိရှိပြီးသားဖြစ်သည်။
SS-အဆင့်...။
အဆင့်တူတွင် မှော်ဆရာ၏တိုက်ခိုက်မှုကို ခုခံကာကွယ်ရန်မှာ ခက်ခဲလှပြီး သူသည် အပြည့်အဝအာရုံစိုက်ထားလျှင်ပင် မှော်ဆရာ၏စိတ်ဝိဉာည်တိုက်ခိုက်မှု၏ သက်ရောက်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။
ထိုလူအိုကြီးသည် ခဏတာ ကြောင်အသွားပြီးနောက် ချက်ချင်းပင် စိတ်ဝိဉာည်တိုက်ခိုက်မှုကို အသက်သွင်းလိုက်တော့လေသည်။
အခန်း ၆၀၄ - အကူအညီများရောက်ရှိလာခြင်း၊ ကြောက်လန့်တကြားထွက်ပြေးခြင်း
စိတ်စွမ်းအားလှိုင်းများ လှိုက်တက်လာပြီး ရှောင်းယီနှင့် ကျန်းယွင်ထျန်းဆီသို့ ဦးတည်ကာ ဝင်ရောက်လာခဲ့သည်။ ရှောင်းယီသည် ကျန်းယွင်ထျန်းကို အဝေးသို့ ပစ်ထုတ်လိုက်ပြီး သူ့လက်ထဲရှိ ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ နောက်ဘက်သို့ လွှဲခုတ်လိုက်လေသည်။။
တစ်ချိန်တည်းမှာပင် သူသည် “စစ်ကူသွားခေါ်” ဟု အော်ဟစ်လိုက်၏။
ရှောင်းယီ၏ လွှင့်ပစ်ခြင်းကို ခံလိုက်ရသော ကျန်းယွင်ထျန်းသည် စိတ်ဝိဉာည်တိုက်ခိုက်မှုအကွာအဝေး၏အပြင်ဘက်သို့ ရောက်ရှိလုနီးပါးဖြစ်သွားခဲ့သည်။ သက်ရောက်မှုရှိနေသော်လည်း သိပ်မပြင်းထန်တော့ပေ။
ရှောင်းယီသည် ကျန်းယွင်ထျန်းကို သူ၏ခွန်အားအားလုံးကိုအသုံးပြုကာ တွန်းထုတ်လိုက်ခြင်းဖြစ်သည့်အတွက် သူသည် မြေပြင်ပေါ်တွင် အကြိမ်ကြိမ်လူးလိမ့်ပြီးမှ ရပ်တန့်သွားခဲ့ကာ အနည်းငယ်မျှပင် တုံဆိုင်းနေခြင်းမရှိဘဲ သင်္ဘောဆီသို့ ထွက်ပြေးသွားခဲ့သည်။
“ကျွန်းအတွင်းပိုင်းက ငါ့တည်နေရာအရ နောက်ထပ်တစ်ကီလိုမီတာလောက် ပြေးပြီးမှ ရှုံးတိတို့နဲ့ ဆက်သွယ်နိုင်လိမ့်မယ်။”
ကျန်းယွင်ထျန်းသည် သူ၏စိတ်ထဲတွင် တွက်ချက်ရင်း ကမ်းခြေဆီကို အားကုန်ပြေးသွားခဲ့သည်။
ရှောင်းယီသည်လည်း အပြည့်အဝအာရုံစိုက်ထားခဲ့သည်။ သူအနောက်ဘက်သို့ ဓားတစ်ချက် ပစ်လွှတ်လိုက်ခြင်းသည် ထိုလူအိုကြီးကို ဒဏ်ရာရရှိစေရန်မဟုတ်ဘဲ သူ့အနားသို့ ကပ်မလာနိုင်အောင် တားဆီးရန်သာဖြစ်သည်။
သူမျှော်လင့်ထားသလိုပင် ထိုလူအိုကြီးသည် စိတ်ဝိဉာည်တိုက်ခိုက်မှုကို ထုတ်လွှတ်ပြီးသည်နှင့် ရှောင်းယီဆီသို့ အလျင်အမြန် ချဥ်းကပ်လာခဲ့သည်။
သို့သော် ရွှမ်းယွမ်ဓားသည် သူ၏ချဥ်းကပ်လာမှုကို တားဆီးလိုက်လေသည်။ အချိန်ခဏလေးအတွင်းမှာပင် ရှောင်းယီသည် စိတ်ဝိဉာည်ထိခိုက်မှုမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။
“မင်းလည်း SS အဆင့်ပဲလား။”
ထိုလူအိုကြီးက ရှောင်းယီကို အံ့အားသင့်စွာကြည့်ပြီး ပြောလိုက်၏။
“ကျုပ်ကရော SS အဆင့်ဖြစ်လို့မရဘူးလား။”
ရှောင်းယီက သတိကြီးစွာဖြင့် သူ့ကိုကြည့်ကာ ပြန်ဖြေလိုက်သည်။
ရှောင်းယီ၏စကားကို ကြားလိုက်ရသောအခါ လူအိုကြီး၏မျက်နှာပေါ်ရှိ အံ့အားသင့်မှုမှာ ပို၍ပင် ကြီးမားသွားခဲ့သည်။၊
“မင်းက ငါပြောတာကို နားလည်နိုင်တယ်ပေါ့။”
“ခင်ဗျားလည်း ကျုပ်ပြောတာကို နားလည်တာပဲမဟုတ်ဘူးလား။”
ရှောင်းယီက လေးနက်သည့်အသံဖြင့် ပြန်ဖြေလိုက်သည်။
လူအိုကြီးသည် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။
“မင်းက အပြင်လူတစ်ယောက်ပဲ။ ဒီကမ္ဘာရဲ့ ဘာသာစကား ဘာလို့နားလည်နေရတာလဲ။”
ရှောင်းယီသည် အေးစက်စွာသာ နှာခေါင်းရှုံ့လိုက်ပြီး ပြန်လည်ဖြေကြားခြင်းမရှိဘဲ တိုက်ရိုက်ထိုးစစ်ဆင်လိုက်သည်။
ထိုလူအိုကြီးသည် သူ့ကိုအချိန်ဆွဲကာ သူ၏စိတ်ဝိဉာည်တိုက်ခိုက်မှု အေးခဲချိန်ပြည့်မည့်အချိန်ကို စောင့်နေခြင်းဖြစ်ကြောင်း သူသိပေသည်။
လူအိုကြီး၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ချက်ချင်းပင် သူ၏ခြေဖဝါးကို ဖိနင်းကာ နောက်ဘက်သို့လျှောတိုင်ကာ မျောပါသွားလိုက်သည်။
မှော်ဆရာများသည် စိတ်ဝိဉာည်တိုက်ခိုက်မှုတင် အားကောင်းခြင်းမဟုတ်ဘဲ သူတို့၏အလုံးစုံစွမ်းရည်များသည်လည်း အဆင့်မြင့်လှသည်။ စိတ်ဝိဉာည်တိုက်ခိုက်မှုကသာ အဆန်းကြယ်ဆုံးနှင့် ခုခံရန်အခက်ခဲဆုံးဖြစ်သည်။
သူသည် ရည်ရွယ်ချက်ရှိရှိ ရှောင်တိမ်းနေသောကြောင့် ရှောင်းယီသည် သူ့အနားသို့ ကပ်၍မရဖြစ်နေခဲ့သည်။
“သေစမ်း မှော်ဆရာတွေက တကယ်ကို ငါ့လိုခိုးဆော့နေတဲ့လူထက်တောင် ပိုပြီးအားကောင်းနေတာပဲ။”
ရှောင်းယီသည် စိတ်ထဲမှ မကျေမနပ် ညည်းညူလိုက်မိသည်။
ယေဘုယျအားဖြင့် စိတ်စွမ်းအားအလွန်ကြီးမားပါက သီအိုရီအရ ရုပ်ခန္ဓာက အနည်းငယ်အားနည်းသင့်ပေသည်။
မှော်ဆရာများသည် ဤသဘောတရားကို လုံးဝမလိုက်နာပေ။ စိတ်စွမ်းအားကြီးမားခြင်းကို ထည့်မပြောလျှင်ပင် သူ၏ခွန်အားတစ်ခုတည်းကပင် သူ့ထက်သိပ်မနိမ့်ကျလှပေ။
လူအိုကြီးသည် ရှောင်းယီနှင့် အကွာအဝေးတစ်ခုသို့ ဆုတ်ခွာသွားသောအခါ ရှောင်းယီသည် သူ့နောက်သို့ဆက်မလိုက်တော့ဘဲ နောက်လှည့်ကာ ထွက်ပြေးလိုက်သည်။
လူအိုကြီးသည်လည်း သူ့ကိုအလွယ်တကူ ထွက်ခွာခွင့်မပေးဘဲ ချက်ချင်းပင် နောက်မှလိုက်သွားတော့လေသည်။
ရှောင်းယီသည် ခြေနှစ်လှမ်းပြေးပြီးနောက် နောက်လှည့်ကာ သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
လူအိုကြီးသည် ထပ်မံနောက်ဆုတ်လိုက်ပြီး ရှောင်းယီနှင့် အကွာအဝေးတစ်ခုကို ထိန်းထားခဲ့သည်။
ထိုအချိန်မှာ ပြင်းထန်စွာပြေးလွှားနေသော ကျန်းယွင်ထျန်းသည် သူ့၏အဆုတ်များပင် ပေါက်ကွဲထွက်တော့မယောင် ခံစားနေရပြီး ဝေါ်ကီတော်ကီဖြင့် ဝါကျတစ်ကြောင်းတည်းကိုသာ ထပ်ခါထပ်ခါပြောနေခဲ့သည်။
“အမြန်အကူအညီလိုတယ်။ S-အအင့်နဲ့အထက်၊ တပိုင်လာရမယ်။”
နောက်ဆုံးတွင် သူသည် ရှုံးတိ၏အသံကို သူ့၏ဝေါ်ကီတော်ကီမှ ကြားလိုက်ရလေသည်။
“ဟုတ်ကဲ့”
ထိုအသံကိုကြားလိုက်ရသည်နှင့် ကျန်းယွင်ထျန်းသည် သူ၏ခြေလှမ်းများကို ချက်ချင်းပင် ရပ်တန့်လိုက်ပြီး ရှောင်းယီရှိရာဘက်သို့ အလျင်အမြန် ပြန်ပြေးသွားလိုက်သည်။
သူ့အနေဖြင့် SS-အဆင့် အင်အားကြီးမားသည့်ပုဂ္ဂိုလ်တစ်ယောက်ကို ရင်ဆိုင်ရမည်ဖြစ်သောကြောင့် အနိုင်ရရှိရန် အခွင့်အလမ်းလုံးဝမရှိကြောင်း သူသိပေသည်။ သို့သော် ရှောင်းယီကို တစ်ယောက်တည်းထားခဲ့၍မရချေ။
အနည်းဆုံးတော့ သူပါဝင်လာခြင်းဖြင့် ရှောင်းယီအတွက် အခွင့်အရေးရှာနိုင်လိမ့်မည်ဖြစ်သည်။
ရှုံးတိသည် ထိုကယ်ဆယ်ရေးသတင်းကို ဆုဝမ်ဆီသို့ ပြန်လည်ပေးပို့လိုက်သောအခါ ဆုဝမ်သည် ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။
ဤအရာသည် ဘာကိုဆိုလိုနေကြောင်း သူမ သိပေသည်။ သူမသည် ချက်ချင်းပင် ဝေါ်ကီတော်ကီနှင့် ဖုန်းကို အသုံးပြီး သတင်းပို့လိုက်လေသည်။
တစ်မိနစ်မပြည့်ခင်မှာပင် တပိုင်နှင့် အခြားသူများ အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။
အန်းရန်သည် မြို့ပြန်ကျောက်ကိုအသုံးပြုပြီး သူတို့ကိုတည်နေရာကူးပြောင်းပေးရန် ပြင်ဆင်နေစဉ် ရေသူမမင်းသမီးလင်းရှားသည်လည်း အနားသို့ရောက်လာကာ ပြောလိုက်သည်။
“ကျွန်မကိုလည်း ခေါ်သွားပါ။”
အန်းရန်က သူမ၏စကားကို နားမလည်သော်လည်း သူမပြောလိုသည့်အဓိပ္ပါယ်ကိုမူ နားလည်သေးပြီး ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူတို့အားလုံး ရှုံးတိဆီသို့ အတူတကွ တည်နေရာကူးပြောင်းလိုက်ကြသည်။
အန်းရန်သည် ပြန်လည်ထွက်ပေါ်လာသည်နှင့် ချက်ချင်းပင် မေးလိုက်သည်။
“ကျွန်းပိုင်ရှင်တို့ ဘယ်ဘက်မှာလဲ။”
“ဒီဘက်...”
ရှုံးတိက အရပ်မျက်မှာတစ်ခုကိုညွှန်ပြီး ပြန်ဖြေလိုက်သည်။
အန်းရန်သည် ချက်ချင်းပင် တပိုင်တို့ကို ဦးဆောင်ပြီး ထိုအရပ်မျက်နှာသို့ တဟုန်ထိုးပြေးသွားခဲ့သည်။ လင်းရှားသည် လမ်းပေါ်လျှောက်ရခြင်းကို ကျင့်သားမရသေးသောကြောင့် မသက်မသာခံစားရမှုကို သည်းခံရင်း သူတို့နောက်သို့ အမီလိုက်ရန် ခက်ခက်ခဲခဲကြိုးစားနေခဲ့ရသည်။
ခွန်းယွီသည် ပထမဆုံး ပျံသန်းသွားခဲ့ပြီ တပိုင်နှင့် ရှောင်ပိုင်တို့သည်လည်း နှေးကွေးခြင်းမရှိပေ။ သူတို့သည်လည်း အန်းရန်တို့ကို နောက်ချန်ထားခဲ့ပြီး ရှေ့သို့ပြေးသွားခဲ့ကြသည်။
သားရဲများ၏ အမြန်နှုန်းနှင့် သက်လုံသည် လူသားများထက် ပိုမိုအားကောင်းပေသည်။ သူတို့သည် ရှောင်းယီတို့တိုက်ခိုက်နေသည့်နေရာသို့ အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။
ထိုအခိုက်တွင် လူအိုကြီးသည် စိတ်ဝိဉာည်တိုက်ခိုက်မှုကို ထပ်မံအသုံးပြုလိုက်ပြီဖြစ်ပြီး ရှောင်းယီ၏လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
သူသည် တိုက်ခိုက်မခံရမီ သူ့လက်ထဲကဓားကို ထပ်မံဝှေ့ယမ်းလိုက်သော်လည်း ဤတစ်ကြိမ်တွင် လူအိုကြီးသည် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဓားကြီးကို အလွယ်တကူရှောင်တိမ်းကာ ရှောင်းယီအနားသို့ ရောက်ရှိလာခဲ့သည်။
သူသည် ရှောင်းယီ၏လည်ပင်းကို ဆွဲကိုင်ရန်အတွက် သူ၏လက်ကို ဆန့်ထုတ်လိုက်ချိန်တွင် မြားတစ်ချောင်း ပျံထွက်လာပြီး ရှောင်းယီ၏လည်ပင်းဆီသို့ ဦးတည်လာခဲ့သည်။
S-အဆင့် ကျန်းယွင်ထျန်းအနေနှင့် အေးစက်သည့်လက်နက်ဖြင့် SS-အဆင့် လူအိုကြီးကို လုံးဝပစ်ခတ်နိုင်မည်မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် သူသည် ထိုလူအိုကြီး၏ပစ်မှတ်ကို သိထားခဲ့ပြီး ရှောင်းယီ၏လည်ပင်းဆီသို့ တိုက်ရိုက်ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။ လူအိုကြီးသည် ရှောင်းယီ၏လည်ပင်းကို ဆက်လက်ဆုပ်ကိုင်ရန်ကြိုးစားပါက သူ့လက်ကို မြားထိသွားမည်မှာသေချာပေသည်။
သို့ဖြစ်ရာ လူအိုကြီးသည် သူ၏လက်ဖဝါးကို ရုပ်သိမ်းလိုက်ရပြီး မြားသည် ရှောင်းယီ၏လည်ပင်းဘေးမှ ဖြတ်သန်းကာ ပျံထွက်သွားခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ်သာ တားဆီးနိုင်ခဲ့သည်။ လူအိုကြီးသည် နောက်ထပ်တစ်ကြိမ် ထပ်မံဖမ်းဆုပ်လိုက်ပြီး ကျန်းယွင်ထျန်း အချိန်မီကယ်တင်ရန်အတွက် အလွန်နောက်ကျသွားခဲ့သည်။
ထိုအချိန်တွင် အဖြူရောင်ပုံရိပ်နှစ်ခု ပြေးဝင်လာခဲ့သည်။
လူအိုကြီးသည် ထိုပုံရိပ်များမှာ မည်သည့်အရာများဖြစ်သည်ကိုပင် မြင်လိုက်ရခြင်းမရှိဘဲ ပစ်ဝင်တိုက်ခိုက်ခြင်း ခံလိုက်ရလေသည်။
ဘမ်း
လူအိုကြီးသည် လေထဲသို့ ပျံသန်းသွားခဲ့ရပြီး ရှောင်းယီအား မဖမ်းဆီးနိုင်ခဲ့ချေ။
မြေပြင်ကြီးပေါ်တွင် အကြိမ်ကြိမ်လူးလိမ့်လိုက်ရပြီးနောက် လူအိုကြီးသည် ဒူးထောက်ရပ်တန့်သွားခဲ့ပြီး သူ့ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည့် ဝက်ဝံနှင့် ကျားကို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။
ထိုသားရဲနှစ်ကောင်စလုံးသည် SS-အဆင့်ဖြစ်ကြောင်း သူခံစားမိပေသည်။
သူ့ကို ဝိုင်းဝန်းထိုးနှက်ပြီးသည်နှင့် တပိုင်နှင့် ရှောင်ပိုင်တို့သည် ရှောင်းယီကို သူတို့နောက်တွင် ကာကွယ်ထားလိုက်ကြလေသည်။
“ဒါတွေအားလုံးက ဒီလူရဲ့ အိမ်မွေးသားရဲတွေတော့ မဖြစ်နိုင်ဘူးမလား။”
လူအိုကြီး အလွန်အမင်းထိတ်လန့်သွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ထက်မှ အော်သံတစ်ခုကို ကြားလိုက်ရလေသည်။ လူအိုကြီးသည် ခွန်းယွီကိုမြင်လိုက်သည်နှင့် ဤအပြင်လူ၏အကူအညီများ ရောက်ရှိလာပြီဖြစ်ကြောင့် ချက်ချင်းပင် နားလည်သွားခဲ့သည်။
ထိုအကြောင်းကိုတွေးမိလိုက်ပြီးနောက် လူအိုကြီးသည် မဆိုင်းမတွ ထွက်ပြေးတော့လေသည်။
သူသည် မည်မျှပင်မာနကြီးစေကာမူ SS-အဆင့်လူတစ်ယောက်နှင့် SS-အဆင့် သားရဲနှစ်ကောင်၊ S-အဆင့် လူသားတစ်ယောက်နှင့် သားရဲတစ်စု၊ ထိုအရာများနှင့် ရင်ဆိုင်၍မရပေ။
တပိုင်နှင့် ရှောင်ပိုင်တို့သည် သူ့နောက်သို့ ဆက်လိုက်ရန်ပြင်လိုက်ကြသော်လည်း ရှောင်းယီက အော်ပြောလိုက်လေသည်။
“မလိုက်နဲ့။”
ထို့နောက် နဖူးကိုဆုပ်ကိုင်ရင်း ရှောင်းယီက ဆက်ပြောလိုက်သည်။
“ခုဏက မင်းတို့နှစ်ယောက်ပေါင်းပြီး အပြင်းအထန်ပြေးဝင်လာတာတောင် သူကအဆင်ပြေနေသေးတယ်ဆိုတာ မင်းတို့အမြင်ပဲ။ အခုအချိန်မှာ ငါတို့ သူ့ကို ဘာမှလုပ်လို့မရဘူး။ သူ့နောက်မှာ ချူဖုန်းမြို့က အကူအညီတွေ ရှိနေသေးရင် ငါတို့ကိုယ်ငါတို့ ထောင်ချောက်ထဲပစ်ထည့်လိုက်သလို ဖြစ်သွားလိမ့်မယ်။”
ထိုအချိန်တွင် အန်းရန်သည်လည်း သားရဲအုပ်စုတစ်စုနှင့်အတူ ရောက်ရှိလာခဲ့သည်။
“ရှောင်းယီ နင် အဆင်ပြေရဲ့လား။”
အန်းရန်သည် အလျင်အမြန် ရှေ့တိုးသွားပြီး ရှောင်းယီ၏တစ်ကိုယ်လုံးအား အစုန်အဆန် စစ်ဆေးကြည့်လိုက်သည်။
“ငါအဆင်ပြေပါတယ်။ စိတ်ဝိဉာည်တိုက်ခိုက်မှုကို ခံလိုက်ရရုံပါပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“နည်းနည်း အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ။”
ရှောင်းယီတွင် တခြားဒဏ်ရာများမရှိကြောင်း မြင်လိုက်ရသောအခါ အန်းရန် အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။
“ဒီလူတွေကို ပြန်ခေါ်သွားလိုက်။”
ရှောင်းယီသည် အနီးအနားရှိ ဒေသခံများကို ညွှန်ပြကာ ပြောလိုက်သည်။
လူအိုကြီး အလျင်အမြန်ထွက်ပြေးသွားသောကြောင့် ဤဒေသခံများသည် သဘာဝအတိုင်း ရှောင်းယီတို့လက်ထဲ ကျရောက်သွားခဲ့သည်။
“ဟုတ်ကဲ့”
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ကျားသစ်နှင့် အဖွဲ့သားများကို ဦးဆောင်ပြီး ထိုဒေသခံများကို ပြန်ပို့လိုက်သည်။
ရှောင်းယီတို့ အနည်းငယ် လမ်းပြန်လျှောက်လာပြီးနောက် လင်းရှားနှင့် ဆုံလိုက်ရလေသည်။
“မင်းရော ဘာလို့ဒီမှာရှိနေတာလဲ။”
ရှောင်းယီက အံ့အားသင့်စွာမေးလိုက်သည်။
“ကျွန်မ ဘာများကူညီနိုင်မလဲလို့ လာကြည့်တာပါ။”
လင်းရှားသည် ထိုသို့ပြန်ဖြေလိုက်ပြီးနောက် ခါးသီးစွာ ပြုံးလိုက်မိလေသည်။
“ကြည့်ရတာတော့ ကျွန်မကို မလိုအပ်တဲ့ပုံပါပဲ။”