← Chapters

အခန်း (၆၁၁-၆၁၂)

Vol. 45 Ch. 611-612

အခန်း (၆၁၁-၆၁၂)

Vol. 45 Ch. 611-612

အခန်း ၆၁၁ သိမ်းပိုက်ခြင်း၊ စစ်ဆေးမေးမြန်းခြင်း

“ဘာလဲ မင်းတို့ လူအများကြီးနဲ့ ဒီမိန်းမနှစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား။”

ဂျိုးဇက်က ဟစ်အော်လိုက်သည်။

အစောင့်တပ်ခေါင်းဆောင်က ခေါင်းခါကာ ပြောလိုက်၏။

“ကျုပ်တို့ရဲ့စွမ်းရည်တွေနဲ့ တကယ် မလုံလောက်ဘူး။”

“မင်းက A အဆင့်ရောက်နေပြီမဟုတ်ဘူးလား။ သွား သူတို့ကိုသွားဖြေရှင်းလိုက်။”

ဂျိုးဇက်က အမိန့်ပေးလိုက်သည်။

အစောင့်တပ်ခေါင်းဆောင်က အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

“ကျုပ် ခင်ဗျားရဲ့အမိန့်ကို နာခံပါ့မယ်။ ဒါပေမယ့် ကျုပ်သွားရင်တောင် သူ့ရဲ့ပြိုင်ဘက်မဟုတ်ဘူးလို့ ပြောရမယ်။ အခုအချိန်က မှော်ဆရာ ဝင်ပြီးစွက်ဖက်မှသာ ကျုပ်တို့တွက် အခွင့်အရေးရှိလိမ့်မယ်။”

ဂျိုးဇက်သည် သူ၏စိတ်ထဲတွင် တွက်ချက်နေခဲ့သော်လည်း အစောင့်တပ်ခေါင်းဆောင်အားဆက်လက်လုပ်ဆောင်ရန် တွန်းအားပေးနေဆဲပင်။

အစောင့်တပ်ခေါင်းဆောင်သည် ရွေးချယ်စရာမရှိတော့ဘဲ သူ၏ဓားကိုဆွဲထုတ်ကာ ရှေ့သို့တက်လာပြီး ပြောလိုက်သည်။

“ကျန်တဲ့သူတွေက ထပ်မတိုက်တော့ပါဘူး။ ကျေးဇူးပြုပြီး သူတို့ကိုလွှတ်ပေးပါ။ ကျုပ် မင်းနဲ့တိုက်မယ်။”

“မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး။”

အန်းရန်က တပ်ခေါင်းဆောင်ကိုကြည့်ကာ ပြန်ပြောလိုက်သည်။

“ဒီလိုဆိုရင်တောင် အုပ်ချုပ်သူရဲ့အမိန့်ကို ကျုပ်မဖီဆန်နိုင်ဘူး။”

အစောင့်တပ်ခေါင်းဆောင်က ပြန်ဖြေလိုက်၏။

“ဒါကိုယူလိုက်...။”

စကားပြောရင်းဖြင့် အစောင့်တပ်ခေါင်းဆောင်သည် သူ၏ဓားကို ရှေ့သို့တိုက်ရိုက်ထိုးခုတ်လိုက်သည်။

အန်းရန်သည် ဝါးမြားတစ်ချောင်းကို ဆွဲထုတ်ကာ သူမ၏လက်ကိုမြှောက်ပြီး ပစ်ခတ်လိုက်လေသည်။ ဝါးမြားသည် အစောင့်တပ်ခေါင်းဆောင်၏ ဘယ်ဘက်မျက်လုံးဆီသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။

အကယ်၍ သူသာ တုံ့ပြန်ကာကွယ်ခြင်းမရှိပါက မြားသည် သူ၏ခေါင်းကို တိုက်ရိုက်ပေါက်ကွဲသွားစေလိမ့်မည်။

အစောင့်တပ်ခေါင်းဆောင်သည် ရွေးချယ်စရာမရှိဘဲ သူ၏ထိုးစစ်ကို ခံစစ်သို့ပြောင်းလဲလိုက်ရပြီး ဝါးမြားကို ပွတ်သီကပ်သီးလေး ပုတ်ထုတ်နိုင်ခဲ့သည်။

သို့သော် သူနောက်ထပ်လှုပ်ရှားမှုမပြုလုပ်မီ အေးစက်သောလေးကြိုးတစ်ချောင်းက သူ၏လည်ပင်းကို ဖိထားပြီးဖြစ်သည်။

၎င်းသည် လေးကြိုးတစ်ချောင်းသာဖြစ်သော်လည်း အစောင့်တပ်ခေါင်းဆောင်သည် အကယ်၍ သူ၏ပြိုင်ဘက်သာ သူ့ကိုသတ်လိုပါက လေးကြိုးတစ်ချောင်းသည် သူ၏ခေါင်းကိုဖြတ်တောက်ရန် လုံလောက်သည်ကို သိထားခဲ့သည်။

ချွေးအေးများ တစက်စက် စီးကျလာခဲ့သည်။ အန်းရန်သည် သူမ၏လေးကိုသိမ်းကာ ပြောလိုက်၏။

“ကျွန်မတို့ရဲ့ ကျွန်းပိုင်ရှင်က သနားကြင်နာတတ်ပြီး အစုလိုက်အပြုံလိုက် စတင်သတ်ဖြတ်ရမှာကို မလိုလားဘူး။ ဘာလို့ မြန်မြန်လက်နက်မချသေးတာလဲ။”

ထိုအခါ အစောင့်တပ်ခေါင်းဆောင်သည် တိုက်ရိုက်ပင် သူ၏လက်ထဲမှလက်နက်ကို ပစ်ချလိုက်လေသည်။

“တော်တော်သတ္တိရှိနေပါလား။ ဂျက်စ် မင်းကတိုက်ပွဲအတွင်းမှာ သစ္စာဖောက်ရဲတယ်ပေါ့။ လူတိုင်းပဲ အတူတူတိုက်ခိုက်ပြီး ဂျက်စ်နဲ့ တိုင်းတစ်ပါးကရန်သူတွေကို သတ်ပစ်ကြ...။”

ဂျိုးဇက်က ဟစ်အော်လိုက်ပြန်သည်။

မြို့တော်ဝန်အဖြစ် သူ့တွင်သူ၏ကိုယ်ပိုင်ယုံကြည်စိတ်ချရသောတပ်များရှိပြီး ထိုစစ်သားများသည် သူ့အားသစ္စာရှိကြသည်။

ဂျိုးဇက်၏အော်သံကို ကြားလိုက်ရသောအခါ ထိုတပ်သားများသည် ချက်ချင်းပင် ရှေ့သို့ပြေးတက်လာခဲ့ကြသည်။

“သားရဲဘုရင် မင်းအလှည့်ပဲ။”

ကျန်းရွှဲ့က ပြောလိုက်သည်။

“ဝေါင်း...။”

သားရဲဘုရင်က ဟိန်းဟောက်ကာ ခုန်ထွက်လာခဲ့သည်။

၎င်းတို့အားလုံးသည် B အဆင့်အောက်တွင်သာ ရှိကြပြီး ဤလူသားများအားလုံးကို ကိုင်တွယ်ရန်မှာ သူတို့အတွက် တကယ်ပင် တစ်ယောက်ကို တစ်လက်ဝါးတစ်ချက်သာ လိုအပ်ပေသည်။

မည်သူမျှ သားရဲဘုရင်၏ လက်ဝါးတစ်ချက်ကို မကာကွယ်နိုင်ကြပေ။

ပြေးဝင်လာသောတပ်သားများအားလုံးကို သားရဲဘုရင်မှ နှစ်မိနစ်အတွင်းတွင် ဖြေရှင်းလိုက်သည်။

မြို့တော်ဝန် ဂျိုးဇက်သည် ထိုမြင်ကွင်းကြောင့် လုံးဝတုန်လှုပ်သွားခဲ့သည်။ ဤအကြိမ် သူ၏မြို့ကို တိုက်ခိုက်လာသူများသည် ဤမျှအားကောင်းနေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

“မှော်ဆရာ ဘာလို့ပြန်မလာသေးတာလဲ။”

ဂျိုးဇက် သူ၏နှလုံးသားထဲတွင် ငိုကြွေးနေခဲ့သည်။

ဂျိုးဇက်၏ ယုံကြည်စိတ်ချရသော တပ်သားများကို ကိုင်တွယ်ပြီးနောက် သားရဲဘုရင်သည် ဂျိုးဇက်ထံသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

ဂျိုးဇက်သည် နောက်ဆုံးတွင် တင်းခံနေခြင်းကို ရပ်တန့်လိုက်ပြီး တိုက်ရိုက်ဒူးထောက်ချကာ ပြောလိုက်သည်။

“ကျုပ် လက်နက်ချပါတယ်။”

“မြို့တော်ဝန်က လက်နက်ချလိုက်ပြီ။ မြို့တံခါးကို ဖွင့်လိုက်။”

ကျန်းရွှဲ့ခေါ်ဆောင်လာသော ဒေသခံစစ်သားများက ကျယ်လောင်စွာ ဟစ်အော်လိုက်ကြသည်။

ကျန်းရွှဲ့နှင့် အခြားသူများသည် အစုလိုက်အပြုံလိုက် စတင်သတ်ဖြတ်ခြင်းမရှိကြောင်း မြင်လိုက်ရသောအခါ ကာ့တ်၏စိုးရိမ်မှုများ အနည်းငယ်လျော့ပါးသွားခဲ့သည်။ အဆုံးတွင် ဤနေရာသည် သူမွေးဖွားကြီးပြင်းခဲ့ရာနေရာဖြစ်ပေသည်။

ချူဖုန်းမြို့ကို အောင်မြင်စွာသိမ်းပိုက်ပြီးနောက် ခွန်းယွီသည် ချက်ချင်းပင် သတင်းကောင်းကို ပြန်လည်ပေးပို့ခဲ့သည်။

“အရမ်းကောင်းတယ် အခု ငါတို့ စိတ်ချလက်ချ စူးစမ်းလို့ရပြီ။”

ရှောင်းယီသည် ထိုသို့တွေးလိုက်ပြီး အန်းရန်အား ဂျိုးဇက်ကိုချက်ချင်းပြန်လာခေါ်ရန် အမိန့်ပေးလိုက်သည်။ သူ့တွင် မေးစရာမေးခွန်းအချို့ရှိပြီး ဂျိုးဇက်ကို သူကိုယ်တိုင်မေးမြန်းရန် လိုအပ်နေပေသည်။

အန်းရန်သည် ဂျိုးဇက်အား မြို့ပြန်ကျောက်ကို အသုံးပြု၍ ရှောင်းယီထံသို့ တိုက်ရိုက် တည်နေရာကူးပြောင်းပေးခဲ့သည်။ ကျန်းရွှဲ့သည် ချူဖုန်းမြို့ကိုလှည့်လည်ကြည့်ရှုပြီးနောက် ၎င်း၏ကာကွယ်ရေးကိုတိုးမြှင့်စေခဲ့သည်။

ရှောင်းယီသည် သူ့ရှေ့တွင်ရှိနေသော အရပ်ပုပု၊ ဝဝတုတ်တုတ်နှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားကိုကြည့်ကာ မေးလိုက်သည်။

“ခင်ဗျားက ချူဖုန်းမြို့ရဲ့မြို့တော်ဝန် ဂျိုးဇက်လား။”

ဂျိုးဇက်က ရှောင်းယီကိုကြည့်ပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“အမှန်ပဲ။ ငါတို့မှာ ဘာရန်ငြိုးရန်စမှ ရှိတယ်လို့ငါမထင်ဘူး။ မင်းက ဘာလို့ ငါတို့မြို့ကိုတိုက်ခိုက်ရတာလဲ။”

“ဘယ်သူက ငါတို့မှာ ရန်ငြိုးရန်စမရှိဘူးလို့ ပြောတာလဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ချူဖုန်းမြို့ရဲ့ မှော်ဆရာက အရင်ကငါ့ရဲ့အိမ်မွေးတိရစ္ဆာန်ကို ဒဏ်ရာရစေခဲ့တယ်။ ဒီနေ့ သူက ငါ့မိတ်ဆွေကိုလည်း ထပ်ပြီးဒဏ်ရာရစေခဲ့တယ်။ ခင်ဗျား ဘာပြောချင်သေးလဲ။”

“ဒီမှာ တစ်ခုခုနားလည်မှုလွဲနေတာများ ရှိနိုင်မလား။”

ဂျိုးဇက်က ပြန်ပြောလိုက်သည်။

ထိုစဉ် ရှောင်းယီက လက်ခုပ်တီးလိုက်၏။ ထို့နောက် စစ်သားများက မှော်ဆရာနှစ်ယောက်ကို သယ်ဆောင်လာခဲ့သည်။

“ဒါတွေက တိုက်ပွဲထဲမှာ ဖမ်းမိခဲ့တဲ့သူတွေပဲ။ အခု နားလည်မှုလွဲနေတာ ဖြစ်နိုင်သေးလား။”

ရှောင်းယီက ပြန်မေးလိုက်သည်။

မှော်ဆရာနှစ်ယောက်ကို မြင်လိုက်ရပြီးနောက် ဂျိုးဇက်၏မျက်လုံးများသည် လုံးဝကျွတ်ထွက်လုနီးပါးဖြစ်သွားခဲ့သည်။

“မဖြစ်နိုင်ဘူး။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ မှော်ဆရာက အရမ်းအားကောင်းတာ မင်းတို့က သူတို့ကို ဘယ်လိုလုပ်ပြီး ဖမ်းနိုင်မှာလဲ။ မင်း ကောက်ကျစ်တဲ့နည်းလမ်းတစ်ခုခု သုံးခဲ့လို့ပဲဖြစ်ရမယ်။”

ဂျိုးဇက်က လုံးဝလက်မခံနိုင်ခဲ့ပေ။

“ဟမ့် အောင်နိုင်သူက ဘုရင်ပဲ။ မင်း ဒါကို နားမလည်ဘူးလား။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

ဂျိုးဇက်သည် ဤဆိုရိုးစကားကို မကြားဖူးသော်လည်း တယ်လီပသီစွမ်းရည်၏ အကျိုးသက်ရောက်မှုအောက်တွင် ဂျိုးဇက်သည် ရှောင်းယီ၏ဆိုလိုရင်းကို လုံးဝနားလည်နိုင်ပေသည်။

“မှော်ဆရာသတိရလာရင် မင်းသေပြီပဲ။”

ဂျိုးဇက်သည် မှော်ဆရာများ၏ ဆန်းကြယ်သည့်တိုက်ခိုက်မှုများအကြောင်း သိရှိထားခဲ့သည်။ ထို့ကြောင့် သူသည် မျှော်လင့်ချက်ရှိနေဆဲပင်။

“စိတ်မပူပါနဲ့ မှော်ဆရာတွေရဲ့တိုက်ခိုက်မှုတွေအကြောင်းကို ကျုပ်က ခင်ဗျားထက်ပိုသိတယ်။ အချိန်တိုအတွင်း သူတို့သတိရလာမှာမဟုတ်ဘူး။”

ရှောင်းယီက ပြောလိုက်သည်။

ဂျိုးဇက်သည် ရှောင်းယီကို အံ့အားသင့်စွာကြည့်လိုက်ပြီး ဘာပြောရမှန်းမသိတော့ပေ။

“အခု ကျုပ်မေးမယ်၊ ခင်ဗျားက ဖြေရမယ်။ အကယ်၍ ခင်ဗျားမဖြေချင်ဘူးဆိုရင် ကျုပ် ခင်ဗျားရဲ့ဦးနှောက်ထဲက သတင်းအချက်အလက်တွေကိုရဖို့ ကျုပ်ရဲ့ကိုယ်ပိုင်နည်းလမ်းတွေကိုသုံးမယ်။”

ရှောင်းယီက ပြောလိုက်သည်။

ဂျိုးဇက်သည် သူ့ဘေးနားရှိ သတိလစ်နေသော မှော်ဆရာကိုကြည့်ပြီး မတတ်သာဘဲ ခေါင်းညိတ်လိုက်ရသည်။

“ဘာလို့ ခင်ဗျားတို့ချူဖုန်းမြို့မှာ မှော်ဆရာနှစ်ယောက် ရှိနေတာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ဘာကြောင့်လဲတော့ ကျုပ်လည်းမသိဘူး။ ဒါပေမယ့် သူတို့က အမြွာညီအစ်ကိုတွေဖြစ်ပြီး ကျုပ်တို့ ချူဖုန်းမြို့အပေါ်ကို အတူတူဆင်းသက်လာခဲ့ကြတာ။”

ဂျိုးဇက်က ဖြေလိုက်သည်။

“သူတို့ရဲ့နာမည်တွေက...”

“အိုင်ဖန်၊ အိုင်ယု”

“ဒီတိုက်ကြီးပေါ်မှာ တခြားမြို့တွေရှိသေးလား။”

“ရှိတယ်။ အများကြီးပဲ။”

“ခင်ဗျားတို့ ချူဖုန်းမြို့နဲ့ အနီးဆုံးမြို့က ဒီကနေ ဘယ်လောက်ဝေးလဲ။”

“ကီလိုမီတာ ၁၀၀၀ လောက်။”

‘တော်တော်လေးဝေးတာပဲ။ ငါတို့ တခြားမြို့တွေနဲ့ အချိန်တိုအတွင်းမှာ တွေ့ရမှာကို စိုးရိမ်ရာမလိုတဲ့ပုံပဲ။’

ရှောင်းယီက တွေးလိုက်မိသည်။

“ချူဖုန်းမြို့မှာ မဟာမိတ်မြို့တွေရှိလား။ ရန်သူတွေရော ရှိလား။”

“အကွာအဝေးက ဝေးလွန်းတယ်။ အဲ့ဒါကြောင့် သူတို့ကို မဟာမိတ်တွေလို့ မယူဆနိုင်ဘူး။ ကျုပ်တို့က တစ်ခုနဲ့တစ်ခု ကုန်သွယ်ကြရုံပဲ။ ကျုပ်တို့မြို့က ပင်လယ်ကမ်းခြေမှာ တည်ရှိနေတာဆိုတော့ ရန်သူမရှိဘူး။ ကျုပ်တို့က အရမ်းဝေးလွန်းလို့လည်း ဖြစ်နိုင်တယ်။ ပြီးတော့ ကျုပ်တို့ ချူဖုန်းမြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက မလုံလောက်သေးဘူး။”

ထိုစကားများကိုပြောပြီးနောက် ဂျိုးဇက်၏မျက်လုံးများအတွင်း၌ အလင်းတစ်ချက် ဖျတ်ခနဲ တောက်ပသွားခဲ့သည်။

ရှောင်းယီက ခေါင်းညိတ်ကာ မေးလိုက်သည်။

“ခင်ဗျားက သူတို့ကို ဖွံ့ဖြိုးပြီးသားမြို့တွေလို့ပြောတယ်ဆိုတော့ ဒီတိုက်ကြီးပေါ်က ဖွံ့ဖြိုးပြီးသားမြို့တွေက ဘယ်လိုပုံစံရှိလဲ။”

“သူတို့မှာ စက်မှုလုပ်ငန်းစက်တွေ အများကြီးရှိတယ်။ နေထိုင်မှုအဆင့်အတန်းက ကျုပ်တို့ထက် ပိုပြီးမြင့်မားတယ်။ သေချာတာပေါ့...စစ်ရေးအင်အားလည်း အများကြီးပိုပြီးမြင့်မားတယ်။”

ဂျိုးဇက်က ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် သူ့ကို နောက်ထပ်မေးခွန်းအနည်းငယ်မေးမြန်းပြီးနောက် ရှုံးတိကို အမိန့်ပေးလိုက်သည်။

“သူ့ကိုခေါ်သွားလိုက်။”

“ဟုတ်ကဲ့”

ရှုံးတိက ဂျိုးဇက်ကို ခေါ်ဆောင်သွားခဲ့သည်။

“ရှောင်းယီ အဲ့ဒီလူပြောတာ အမှန်ပဲလား။”

အန်းရန်က မေးလိုက်သည်။

ရှောင်းယီက ခေါင်းခါပြလိုက်၏။

“ငါလည်းမသိဘူး။ ဒါပေမယ့် အခုချိန်မှာ လင်းရှားက ပြင်းပြင်းထန်ထန်ဒဏ်ရာရထားပြီး ပြန်ကောင်းဖို့ အချိန်လိုတယ်။ သူမပြန်ကောင်းလာမှပဲ သူပြောတာအမှန်လားဆိုတာ သိရလိမ့်မယ်။”

“ဟုတ်တယ် ချူဖုန်းမြို့ ငါတို့ကို ဒုက္ခတွေအများကြီးပေးခဲ့တယ်။ အစ်ကိုကျန်းနဲ့ တပိုင်လည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တယ်။ နင်နဲ့ ရှောင်ပိုင်တို့ကလည်း ရူးသွပ်ဆေး သောက်ထားရလို့ အားနည်းနေတုန်းပဲ။”

အန်းရန်က စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။

“အင်း စူးစမ်းလေ့လာရေးအဖွဲ့တွေထဲက လူတွေလည်း ဒေသခံတွေလက်ချက်နဲ့ သေဆုံးခဲ့ရလားဆိုတာ မသိသေးဘူး။”

ရှောင်းယီလည်း အနည်းငယ်ကူကယ်ရာမဲ့နေခဲ့သည်။

သူတို့ဘေးနားတွင်ရှိနေသော ရှောင်ပိုင်သည်လည်း ဤအချိန်တွင် စိတ်ဓာတ်ကျနေခဲ့သည်။ သူ၏ဆေးအာနိသင်များ ကုန်ဆုံးသွားပြီဖြစ်သည်။ သူ၏ကြီးကျယ်ခမ်းနားလှသည့် ဂုဏ်သရေမှာ ပျောက်ကွယ်သွားခဲ့သည်။

“ကံကောင်းတာက အရင်က ပုန်မကန်မိခဲ့ဘူး။ မဟုတ်ရင် အခုထောက်တောင် ပိုပြီးဆိုးဆိုးရွားရွားသေသွားနိုင်တယ်။”

ရှောင်ပိုင်က သူ့ကိုယ်သူတွေးလိုက်မိသည်။

အခန်း ၆၁၂ : အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်း၊ ရူးသွပ်ဆေးအတွက် လူတိုင်း၏ထင်ကြေး

ရှောင်းယီသည် ဒဏ်ရာရပြီး အားနည်းနေသောလူများနှင့် အိမ်မွေးတိရစ္ဆာန်များအားလုံးကို သူ၏ကျွန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် မြို့တော်ဝန် ဂျိုးဇက်နှင့် မှော်ဆရာနှစ်ယောက်ဖြစ်သည့် အိုင်ဖန်နှင့် အိုင်ယုတို့ကိုလည်း ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် သူသည် ရှုံးတိအား သင်္ဘောကြီးကို ချူဖုန်းမြို့နှင့် အနီးဆုံးကမ်းခြေသို့ ရွက်လွှင့်သွားရ န်ညွှန်ကြားခဲ့သည်။

ဟုတ်ပါသည်။ မူလနေရာတွင်လည်း လူအနည်းငယ်ကို တိုက်သစ်ကြီးအား စူးစမ်းလေ့လာနေသော အဖွဲ့များအား အသိပေးရန်အတွက် ထားရစ်ခဲ့ပေသည်။

ချူဖုန်းမြိုသည် ပင်လယ်နှင့်အနီးတစ်ဝိုက်တွင် တည်ရှိပြီး အနီးကပ်ဆုံးပင်လယ်ကမ်းခြေမှ ၅ ကီလိုမီတာထက် နည်းပေသည်။

ချူဖုန်းမြို့သည် ပင်လယ်ကမ်းခြေတွင် သင်္ဘောများဆိုက်ကပ်ရန်အတွက် ရိုးရှင်းသောဆိပ်ကမ်းတစ်ခုကိုလည်း တည်ဆောက်ထားခဲ့သည်။

ရှုံးတိသည် သင်္ဘောကို ရွက်လွှင့်လာသောအခါ အသေးစားရွက်သင်္ဘောများ၊ အလတ်စား သို့မဟုတ် ပို‌၍သေးငယ်သောရွက်သင်္ဘောများသာရှိသည်ကို တွေ့ရှိခဲ့ရသည်။

ရှုံးတိသည် အခြေအနေကို စုံစမ်းရန် အောက်ဆင်းသွားခဲ့ပြီးနောက် အကြီးစားသင်္ဘောအားလုံးသည် အသက်ရှင်ကျန်ရစ်သူများ၏ကျွန်းများကိုသိမ်းပိုက်ရန် စေလွှတ်ခြင်းခံထားကြရပြီး ဆိပ်ကမ်းတွင် ငါးဖမ်းသင်္ဘောများသာကျန်ရှိတော့ကြောင်း သိရှိခဲ့ရသည်။

ရှောင်းယီသည် သူ၏အိပ်ခန်းထဲရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားခဲ့သည်။ သူ့ကို နာ့နာမှ ကုသပေးထားပြီးပြီဖြစ်ကာ ကောင်းမွန်စွာအနားယူရန်သာ လိုအပ်တော့ပေသည်။

အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် ယီထျန်းဂရု၏ စကားပြောအင်တာဖေ့စ်သို့ပြောင်းကာ စာတင်လိုက်လေသည်။

“လူတိုင်းပဲ မင်္ဂလာပါ။ ချူဖုန်းမြို့ရဲ့ပြဿနာကို ဖြေရှင်းပြီးပါပြီ။ နောင်လာမယ့်ကာလမှာ တိုက်သစ်ကြီးကို စူးစမ်းလေ့လာတဲ့အခါ ချူဖုန်းမြို့က ကျုပ်တို့ရဲ့အခြေစိုက်စခန်းဖြစ်လာမှာဖြစ်ပြီး အဲ့ဒီမှာ ခင်ဗျားတို့အနားယူပြီး အုပ်စုပြန်ဖွဲ့နိုင်မှာဖြစ်ပါတယ်။”

“သေစမ်း ငါက သူဌေးတစ်ရက်လုံး စကားမပြောသေးတော့ သူပြဿနာသွားရှာနေတယ်ထင်နေတာ။”

“ချူဖုန်းမှာ SS အဆင့် မှော်ဆရာတွေရှိတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ သူဌေးက သူတို့ကို ဘယ်လိုကိုင်တွယ်ခဲ့တာလဲ။”

“တူညီတဲ့မေးခွန်းပဲ။ SS အဆင့် မှော်ဆရာတွေကိုတောင် ကိုင်တွယ်နိုင်နေပြီဆိုတော့ သူဌေးက SSS အဆင့်ရောက်နေပြီများလား။”

“ဒါအရမ်းချဲ့ကားလွန်းတယ်။ ငါတို့ကျွန်းပေါ်မှာအမြင့်ဆုံးက noob-အဆင့်ပဲရှိသေးတယ်။”

“noob-အဆင့်လား။ အဲ့ဒါက ဘယ်လိုအဆင့်မျိုးလဲ။”

“အမ် ကျုပ်ရေးတာအရမ်းမြန်လွန်းသွားလို့ မှားသွားတာပါ။ အဲ့ဒါက ပါရမီရှင်တွေက ဟင်းသီးဟင်းရွက်တွေမဟုတ်ဘူးလို့ ပြောချင်တာ။ ဒါပေမယ့် ဒါကအဓိကအချက်မဟုတ်ဘူး။”

“သူဌေးက တကယ်ပဲ SSS အဆင့်လား။”

“မဖြစ်နိုင်ဘူး။ သူဌေးမှာ SS အဆင့်ကျွမ်းကျင်သူတွေ အများကြီးရှိတာဖြစ်နိုင်တယ်။ အကယ်၍ သူတို့က အဆင့်တူ မှော်ဆရာတစ်ယောက်ကို တစ်ယောက်တည်းနဲ့ အနိုင်မတိုက်နိုင်ရင်တောင် အုပ်စုလိုက်ဝိုင်းတိုက်မယ်ဆိုရင် အဆင်ပြေတယ်။”

“ဟုတ်တယ်။ ဒါပဲဖြစ်ရမယ်။”

“ကျုပ်ကတော့ အဲ့လိုမထင်ဘူး။ SS အဆင့် အုပ်စုတဲ့လား။ SS အဆင့်ရောက်ဖို့ အရမ်းလွယ်ကူတယ်လို့ တကယ်ပဲ ထင်နေကြလား။”

“ရုပ်ခန္ဓာဖွဲ့စည်းပုံကို မြှင့်တင်ခြင်းက အဆင့်မြင့်အစားအစာတွေကို ဖိစားတာတစ်ခုတည်းတင်မဟုတ်ဘူး။ ရုပ်ခန္ဓာကိုအားကောင်းစေဖို့အတွက်ဆိုရင် အမှန်တရားက စုပ်ယူခြင်းပဲ။”

“ဟုတ်တယ်...ဒါအမှန်ပဲ။ ပြီးတော့ အဆင့်မြင့်အစားအစာတွေကို အဆက်မပြတ်စားနေရုံနဲ့ အသုံးမဝင်ဘူး။”

“မင်းရဲ့ဆန်းစစ်ချက်က အဓိပ္ပာယ်ရှိပုံရတယ်။ ဒါဆိုပြောပါဦး။ သူဌေးက အဲ့ဒီ SS အဆင့် မှော်ဆရာကိုဘယ်လိုကိုင်တွယ်ခဲ့တာလဲ။”

“သူဌေးက ချူဖုန်းမြို့ကို ဒီလောက်မြန်မြန်ဖြေရှင်းလိုက်တာ။ ဆိုလိုတာက အလုံးစုံနင်းချေပစ်နိုင်တဲ့အင်အားပဲ။”

အဆုံးတွင် မနေ့က သူတို့သည် ချူဖုန်းမြို့၏ခြိမ်းခြောက်မှုအကြောင်း ပြောနေကြဆဲဖြစ်ပြီး ယနေ့တွင် ချူဖုန်းမြို့တစ်မြို့လုံးကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။

အင်အားမျှတတဲ့တိုက်ပွဲတစ်ခုက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်ပြီးဆုံးသွားမှာလဲ။

ရှောင်းယီ၏အဆုံးမဲ့လက်နက်များသည် သူ၏လက်နက်များက သေချာပေါက်ထိပ်ဆုံးများထဲမှတစ်ခုဖြစ်ကြောင်း ပြသရန်လုံလောက်ပေသည်။

စစ်သားများနှင့်ပတ်သက်၍ ရှောင်းယီ၏တပ်ဖွဲ့ကိုတွေ့ခဲ့ဖူးသူ သို့မဟုတ် ရှောင်းယီ၏ကျွန်းရှိ အပန်းဖြေစခန်းသို့ လည်ပတ်ဖူးသည့်မည်သူမဆို ရှောင်းယီ၏လုံခြုံရေးအဖွဲ့ကို မြင်ခဲ့ဖူးသည်ချည်းပင်။

၎င်းတို့ကို ကောင်းမွန်စွာလေ့ကျင့်ပေးထားပြီး တင်းကျပ်သော စစ်ရေးစည်းကမ်းများလည်းရှိသည်။

အခြေခံတပ်ဖွဲ့နှင့်လက်နက်များသည် ချူဖုန်းမြို့ထက် သာလွန်သင့်သည်။ ကျန်ရှိသည်မှာ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားပေါ်တွင်သာ မူတည်ပေသည်။

အကယ်၍ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအား သာလွန်ခြင်းမရှိပါက မှော်ဆရာများသည် အနိုင်မရနိုင်လျှင်ပင် အနည်းဆုံးတော့ သူတို့သည် ထွက်ပြေးလွတ်မြောက်နိုင်ရမည် မဟုတ်ပါလော။

တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ ရှောင်းယီတွင် SSS အဆင့်တိုက်ခိုက်ရေးစွမ်းအားရှိနေခြင်းပင်။

ဤဆန်းစစ်ချက်အပြီးတွင် တစ်စုံတစ်ယောက်ကပြောလိုက်သည်။

“မင်းရဲ့ဆန်းစစ်ချက်က သူ့ဟာသူပြန်ပြီးဆန့်ကျင်နေတယ်။ မင်းက ပထမဆုံး သူဌေးက ထိပ်ဆုံးအဆင့်ကိုမရောက်သေးဘူးလို့ပြောခဲ့တယ်။ ပြီးတော့ သူ့မှာထိပ်ဆုံးအဆင့်တိုက်ခိုက်ရေးစွမ်းအားရှိတယ်လို့လည်း ပြောတယ်။”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ သူဌေးမှာ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကို ယာယီမြှင့်တင်ပေးနိုင်တဲ့ပစ္စည်းတစ်ခုရှိတယ်လို့ ကျုပ်သံသယရှိနေတာ။ ဒီတစ်ခါတည်းမဟုတ်ဘူး...။ ကျုပ်တို့အားလုံးက သာမန်လူတွေဖြစ်နေခဲ့တဲ့အချိန်တုန်းကတောင် သူဌေးက A အဆင့်၊ S အဆင့်အစားအစာတွေကို ထုတ်လုပ်နိုင်နေပြီ။ ဒီလိုမျိုး တစ်ယောက်မှ မတွေးဖူးကြဘူးလား။”

“အဆင့်ကွာခြားချက် နှစ်ဆဖြစ်သွားတာနဲ့ စွမ်းအားကွာဟမှုကို ကိန်းဂဏန်းတွေနဲ့ ဖြည့်ဆည်းလို့မရ‌တော့ဘူး။ သူဌေးရဲ့အဖွဲ့မှာ လူဘယ်နှစ်ယောက်ပဲပါပါ ကိုယ့်ထက်အဆင့်နှစ်ဆင့်ပိုမြင့်တဲ့ ရန်သူတစ်ယောက်ကို အတင်းအဓမ္မသတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လူတိုင်းကို ဒီကမ္ဘာကြီးထဲ တစ်ချိန်တည်းအတူတူ ကူးပြောင်းပေးခဲ့တာ။ အဲ့ဒါကြောင့် သူဌေးက စွမ်းအင်အရင်းအမြစ်တွေကို ကောင်းကောင်းစုပ်ယူနိုင်တယ်ဆိုရင်တောင် A အဆင့် ဒါမှမဟုတ် S အဆင့်ကို ဒီလောက်မြန်မြန်မရောက်နိုင်ဘူး။”

“ဒီဆန်းစစ်ချက်က အရမ်းအဓိပ္ပာယ်ရှိလွန်းတယ်။ ငါတောင်မှ ခံငြင်းလို့မရဘူး။”

“အဲလိုဖြစ်နေပုံပဲ။ သူဌေးမှာရှိတဲ့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အရာက ဘာများဖြစ်နိုင်မလဲ။”

“ဘယ်လိုလုပ်သိမှာလဲ။ ဒါကသူဌေးရဲ့လျှို့ဝှက်လက်နက်ပဲဖြစ်ရမယ်။”

“ဟမ့် ဘာကိုအလျှို့ဝှက်လက်နက်လဲ။ အဲ့ဒါက ရူးသွပ်ဆေးနည်းနည်းပါပဲ။”

ရှေးဟောင်းသိုင်းပညာမိသားစုဝင်တစ်ဦးက ရူးသွပ်ဆေးအကြောင်းကို တိုက်ရိုက်ထုတ်ဖော်လိုက်သည်။

“ရူးသွပ်ဆေးလား။ အဲ့ဒါက ဘာလဲ။ ဆေးပြားတစ်ခုလား။”

“ဒါက ရှန်းရှားဝတ္ထုတွေထဲက ဆေးလုံးတွေမဟုတ်ဘူးလား။”

“လူတစ်ယောက်ရဲ့လုပ်ဆောင်ချက်တွေကို ယာယီအဆင့်မြင့်သွားအောင် လှုံ့ဆော်ပေးတဲ့အရာတစ်ခုပါပဲ။”

“အို ငါက အဲ့ဒါကိုသောက်ရင် ကောင်းကင်ဘုံကို ပျံတက်သွားနိုင်မယ့်ဟာမျိုးလို့ ထင်နေတာ။ ချန်အယ်လိုမျိုးပေါ့။”

“မင်းက အဆိပ်အကြောင်းပြောနေတာလား။”

“ဖြစ်နိုင်တယ်။ ချန်အယ်က အဆိပ်သောက်ပြီး သတ်သေသွားတော့ သူ့ခင်ပွန်းက စိတ်နှလုံးကွဲအက်သွားခဲ့တယ်။ အဲ့ဒါကြောင့် ချန်အယ်က လပေါ်ကိုတက်ပြီး နတ်သမီးဖြစ်သွားတယ်လို့ပြောပြီး သူ့ကိုယ်သူထုံထိုင်းစေခဲ့တယ်။ အဲ့ဒါကို အင်မော်တယ်တက်လှမ်းခြင်းလို့ခေါ်တယ်။”

“ဘာတွေပြောနေတာလဲ။ လူတိုင်းကို အနှောင့်အယှက်ပေးတဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေနဲ့ လမ်းမှားရောက်အောင်မလုပ်ကြပါနဲ့ ဟုတ်ပြီလား။”

ဂရုထဲက ဆွေးနွေးမှုများကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ရုတ်တရား တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားခဲ့သည်။ တစ်ခုပြီးတစ်ခုဖြင့် သူရရှိခဲ့သည်မှာ မည်သည့်ရူးသွပ်ဆေး၏ ဆေးညွှန်းဖြစ်ကြောင်း သတိမပြုမိခဲ့ကြပေ။

သို့သော် ယွင်ဝူယခင်က သောက်သုံးခဲ့သော ရူးသွပ်ဆေးသည် သူ့ကိုတိုက်ရိုက်အဆင့်နှစ်ဆင့် မြင့်တက်စေခဲ့ပုံရသည်။

သူ့ရူးသွပ်ဆေးရဲ့အရည်အသွေးကို လျော့ချထားတာလား။

“စနစ် ဘာတွေဖြစ်နေတာလဲ။”

ရှောင်းယီ တော်တော်လေးသိချင်သွားခဲ့သည်။

“သင်အရင်ကမြင်ခဲ့တဲ့ ရူးသွပ်ဆေးက အဆင့်နှစ်ဆင့်တိုးမြှင့်ပေးပေမယ့် သင်က ဘေးထွက်ဆိုးကျိုးတွေကို ခံနိုင်ရည်ရှိလို့လား။”

ယွင်ဝူသောက်သုံးခဲ့သော ရူးသွပ်ဆေးသည် အဆင့်မြှင့်တင်မှုတွင် အမှန်တကယ် အလွန်အားကောင်းသော်လည်း ဘေးထွက်ဆိုးကျိုးမှာမူ တကယ်ကို လက်ခံနိုင်စရာမရှိပေ။

အဆင့်တစ်ဆင့်ကျဆင်းပြီး နောက်ထပ် အဆင့်တက်နိုင်ခြင်းမရှိတော့ပေ။

“နာ့နာက ပျက်စီးမှုတွေကို ပြုပြင်ပေးနိုင်တယ်မဟုတ်ဘူးလား။”

“ဒါပေမယ့် နာ့နာက ရှိသမျှအကုန်လုပ်နိုင်နေတာမျိုးမဟုတ်ဘူး။ ဒီလိုအဆင့်မြှင့်တင်မှုမျိုးက လူတစ်ယောက်ရဲ့အခြေခံအုတ်မြစ်ကို ပြင်းထန်စွာပျက်စီးစေတယ်။ ပိုင်ရှင် အသုံးမပြုဖို့အကြံပြုပါတယ်။ စနစ်ကပေးတဲ့ ရူးသွပ်ဆေး‌ညွှန်းက ရူးသွပ်ခြင်းအဆင့်ပြဒါးရှင်ဆေးထက် ပိုကောင်းတယ်။ ဒါပေမယ့် သင်အရင်ကမြင်ခဲ့တဲ့ ရူးသွပ်ခြင်းအဆင့်ပြဒါးရှင်ဆေးလောက်တော့ မကြမ်းတမ်းဘူး။”

“ဒါကြောင့်ကိုး...။”

ရှောင်းယီက သူ့ကိုယ်သူတွေးလိုက်မိသည်။

ထိုအချိန်တွင် ဒူခန်းက သူ့ဆီသို့ မက်ဆေ့ချ်ပို့လာခဲ့သည်။

“ကျွန်းပိုင်ရှင် ကျန်းယုက ဒီမှာ တစ်ရက်လုံးစောင့်နေခဲ့တာ။ သူ့ကိုတွေ့ဖို့အချိန်ရှိလား။”

ကျန်းယုသည် မျောက်နက်နိုင်ငံရှိ ကိစ္စရပ်များကိုကိုင်တွယ်ဖြေရှင်းပြီးနောက် သူသည်လည်း မဟာမိတ်အဖွဲ့၏ပင်မဌာနချုပ်ကို သွားရောက်ကြည့်ရှုရန် အမြန်ပြေးလာခဲ့ခြင်းဖြစ်သည်။

ရှောင်းယီသည် ချက်ချင်းပင် ဒူခန်းအား ဖုန်းခေါ်လိုက်သည်။

“အလုပ်ကိစ္စတွေများလွန်းနေလို့ ငါ ဒါကိုလုံးဝမေ့သွားခဲ့တယ်။ ကျန်းယုက အခု ဘယ်မှာလဲ။”

“ဘားမှာပါ။”

ဒူခန်းက ပြန်ဖြေလိုက်သည်။

“သူ့ကိုခေါ်လာခဲ့ရမလား။”

“မလိုပါဘူး၊ ငါလာခဲ့မယ်။”

ရှောင်းယီက ပြောလိုက်သည်။

ဤသို့ပြောရင်းဖြင့် ရှောင်းယီသည် အပန်းဖြေစခန်းဆီသို့ လမ်းလျှောက်သွားခဲ့သည်။

ထိုအချိန်တွင် အပန်းဖြေစခန်းသို့အနားယူရန် လာရောက်ကြသော အသက်ရှင်သန်ကျန်ရစ်သူများသည် ပင်လယ်ကမ်းခြေတွင် မီးပုံပွဲတစ်ခုကို ကျင်းပနေခဲ့ကြသည်။

အချို့မှာ သီချင်းများ သီဆိုနေကြပြီး အချို့က ကခုန်ကြနေသည်။ အချို့က ငိုကြွေးနေကြပြီး အချို့က အော်ဟစ်ဆူညံသံများ ပြုလုပ်နေခဲ့ကြသည်။

ဘားထဲသို့ လျှောက်ဝင်လာသောအခါ ရှောင်းယီသည် အရင်ကနှင့် လုံးဝကွဲပြားခြားနားနေသော ကျန်းယုကိုမြင်လိုက်ရလေသည်။

မျောက်နက်နိုင်ငံတွင် ရှိနေခဲ့စဉ်က ကျန်းယုသည် အေးစက်သောအရှိန်အဝါတစ်ခုဖြင့် ဖုံးလွှမ်းထားပြီး အငြိုးအတေးများကို စုပ်ယူစားသုံးထားသော အငြိုးကြီးတစ္ဆေတစ်ကောင်နှင့် တူနေခဲ့သည်။

သို့သော် ယခုအခါ ကျန်းယုသည် လုံးဝငြိမ်းချမ်းနေပြီး သူ၏ရန်လိုသောအော်ရာအရှိန်အဝါကို မတွေ့မြင်နိုင်လုနီးပါးပင်။

“ဒါက အပန်းဖြေစခန်းရဲ့သက်ရောက်မှုကြောင့်လား”

ရှောင်းယီ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

All Chapters