အခန်း (၆၁၅-၆၁၆)
Vol. 45 Ch. 615-616
အခန်း ၆၁၄ : သတ္တုတူးဖော်ရတာက ခက်ခဲတယ်၊ ကျုပ်မပူးပေါင်းချင်ဘူး၊ ကျုပ် မသင်္ကာဘူး
“ခင်ဗျားတို့မသိလို့ပါ၊ မြေမျက်နှာပြင်ပေါ်က ကျောက်မီးသွေးတွင်းတွေက နည်းနည်းပဲရှိတာ။ ကျန်တာတွေအကုန်လုံးက မြေအောက်ထဲမှာချည်းပဲ။ ကျောက်မီးသွေးတူးတာက ဘာမှမဟုတ်ဘူး၊ ဒါပေမယ့် ကျုပ်တို့ တခြားကျောက်မျိုးစုံကိုပါ တူးရတယ်။ ချီး ဒါက လူသားတွေလုပ်လို့ရတဲ့ဟာမဟုတ်ဘူး။”
ထိုအမျိူးသားက သူ့ကိုယ်သူကာကွယ်လိုက်သည်။
လူတိုင်းသည်လည်း သူ၏အခက်အခဲများကို နားလည်သွားခဲ့ကြသည်။
“ဒါဆိုရင် ယမ်းမှုန့်သုံးပြီး ဖောက်ခွဲလိုက်လေ။ ဒါဆို အားစိုက်ထုတ်ရတာနည်းသွားတာပေါ့။”
“အပေါ်ကလူ အဓိပ္ပါယ်မရှိတာတွေမပြောပါနဲ့။ ခင်ဗျားက အဲဒါကို ဒီတိုင်းဖောက်ခွဲခိုင်းနေတာလား။ အဲ့ဒါက ပေါက်ကွဲသွားရင်တောင် မီးစွဲသွားရင် အသုံးမဝင်တော့ဘူး။”
“ဟင်း သူတို့လုပ်တာကို ကျုပ်တို့ ဒီတိုင်းကြည့်နေရတော့မယ့်ပုံပဲ။”
ရှောင်းယီသည် သူ၏သတ္တုတူးဖော်စက်ကို အသုံးပြု၍ ကျောက်မီးသွေးတွင်းကို တူးဖော်ရန်အတွက် ပြိုင်ဘက်နှင့် ပူးပေါင်းဆောင်ရွက်ရန် ယာယီအားဖြင့် မစဉ်းစားသေးပေ။
အဘယ်ကြောင့်ဆိုသော် သူ ဖမ်းမိထားသော ဒေသခံမျိုးနွယ်စုများ၏ကျွန်းများကိုပင် ပြီးပြည့်စုံအောင် မရှင်းလင်းရသေးသောကြောင့်ပင်။
ထို့ပြင် ရှောင်းယီတို့ အဖွဲ့သားများသည် ဒေသခံမျိုးနွယ်စုကျွန်းတစ်ခုတွင် ကျောက်မီးသွေးတွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကာ တူးဖော်ပြီးစီးခဲ့သည်။ ထို့ကြောင့် ၎င်းတို့၏မဟာမိတ်အဖွဲ့အတွက် အချိန်အတန်ကြာအသုံးပြုရန် လုံလောက်နေပြီဖြစ်သည်။
ယခုအခါ ကျွန်းတိုင်းတွင် A အဆင့် လေအားလျှပ်စစ်စက်ရုံများ တပ်ဆင်ထားပြီးဖြစ်ပြီး ကျောက်မီးသွေးလိုအပ်သောနေရာများမှာ သိပ်မများလှချေ။
ထို့ကြောင့် ကျောက်မီးသွေးတွင်းများကို အချိန်တိုအတွင်း မလိုအပ်သေးပေ။
“စကားမစပ် အရင်က တစ်ယောက်ယောက်က ယီရန်ပင်းသူဌေးနဲ့ သတ္တုကြောတူးဖော်ဖို့ ပူးပေါင်းခဲ့တာကို ကျုပ်မှတ်မိတယ်။ သူဌေးမှာ အထူးသတ္တုတူးဖော်စက်ရှိတယ်လို့ ကြားဖူးတယ်။ သူဌေးကိုမေးကြည့်လိုက်ပါလား။”
“အရင်က သူဌေးနဲ့ပူးပေါင်းခဲ့တဲ့ မဟာမိတ်အဖွဲ့ကို ကျုပ်မေးကြည့်ပြီးပြီ။ သတ္တုတူးဖော်မှုမှာ ပူးပေါင်းမယ်ဆိုရင် ကျုပ်တို့ဘက်က အများကြီးဆုံးရှုံးရလိမ့်မယ်။ အဲ့ဒါကြောင့် ခဏလောက်တော့ သူဌေးနဲ့မပူးပေါင်းဖို့ စဉ်းစားထားတယ်။”
“မင်းဘက်က နည်းနည်းဆုံးရှုံးရမယ်ဆိုရင်တောင် ပိုပြီးစောစောသုံးနိုင်သ၍ အကျိုးအမြတ်ရနေတုန်းပဲ။ မှတ်ထားပါ၊ ဒီကမ္ဘာမှာ တစ်ဆင့်စောသုံးနိုင်ရင် တစ်ဆင့်စောပြီး ဖွံ့ဖြိုးတိုးတက်နိုင်တယ်။ ဒါက မင်းကို သူများထက်သာလွန်ဖို့ အခွင့်အရေးတစ်ခုပေးလိမ့်မယ်။”
“မှန်တယ်...။ ဒီလောက်ထိကပ်စေးနည်းနေရင် မင်းရဲ့ဖွံ့ဖြိုးတိုးတက်မှုစည်းချက်ကိုပဲ နှေးကွေးစေလိမ့်မယ်။”
“အဆင်ပြေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချူဖုန်းမြို့ကို သူဌေးကကိုင်တွယ်ဖြေရှင်းပြီးပြီပဲ။ အဲ့ဒါကြောင့် အဲ့ဒီကဒေသခံတွေရဲ့တိုက်ခိုက်မှုတွေက စိန်ခေါ်မှုမရှိတော့ဘူး။ ဆိုတော့ မလောပါဘူး။”
“ဒါလည်း ဟုတ်သလိုလိုပါပဲ။ နောက်လှိုင်းတစ်ခုရဲ့စမ်းသပ်မှုတွေရောက်မလာခင်မှာ သတ္တုတူးဖော်ရေးကိရိယာတွေကို ရှာတွေ့နိုင်လောက်ပါတယ်။”
ဤကမ္ဘာ၏စမ်းသပ်မှုများသည် လှိုင်းအလိုက်လာတတ်ပြီး ကြားထဲတွင် အနည်းငယ်တော့ အနားယူနိုင်သည်။ ထို့ကြောင့် ချူဖုန်းမြို့သည် နောက်ဆုံးစမ်းသပ်မှုတစ်ခုသာဖြစ်သည်ဟု သူတို့ယုံကြည်ထားခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် အချိန်တစ်ခုအတွင်း အသက်ရှင်ရပ်တည်နိုင်လိမ့်မည်ဟု ခံစားနေကြရသည်။
“သူဌေးက သူနဲ့သတ္တုတူးဖော်ရေးမှာ ပူးပေါင်းချင်မှာမဟုတ်ဘူးလို့ ကျုပ်ထင်တယ်။ အရင်တုန်းက ရွှေ့ဖန်ကဲရှာတွေ့ခဲ့တဲ့ ကျောက်ကြောကိုတူးဖော်ဖို့အတွက် သူဌေးက ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းဖို့လာရှာခဲ့တာ။”
“ဒါက ရှင်းနေတာပဲမဟုတ်ဘူးလား။ သူဌေးက သူ့ဆီမှာ ကျောက်မီးသွေးတွင်းတွေ မချို့တဲ့တော့လို့ပဲဖြစ်ရမယ်။”
“မှန်တယ်။ သူဌေးကအရမ်းအားကောင်းတယ်၊ သူက ဒေသခံတွေအများကြီးကို ဖမ်းမိထားမှာပဲ။ အဲ့ဒီဒေသခံမျိုးနွယ်စုကျွန်းတွေပေါ်က သတ္တုသိုက်တွေက သူ့အတွက်လုံလောက်လိမ့်မယ်။”
“ခင်ဗျားတို့က တကယ်ကို အလကားသက်သက် စိုးရိမ်နေကြတာပဲ။ ခင်ဗျားတို့ကိုယ်ပိုင်ကျွန်းတွေကိုတောင် အဆင်ပြေအောင်လုပ်ပြီးသေးလို့လား။ သူဌေးရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတောင် ဝင်ပြီးစဉ်းစားနေသေးတယ်။”
“ကျုပ်တို့က အဆင်ပြေနေပြီ။ ကျွန်းပေါ်မှာ စပါးနှစ်သီးရိတ်သိမ်းပြီးပြီ။ ဒီဆောင်းရာသီနဲ့ဆိုရင် သုံးသီးရိတ်သိမ်းနိုင်မယ်ထင်တယ်။ တိုက်သစ်စူးစမ်းလေ့လာမှုမှာလည်း ပစ္စည်းကောင်းတွေအများကြီးရှာတွေ့ခဲ့တယ်။ အခု နောက်လှိုင်းတစ်ခုရဲ့စမ်းသပ်မှုတွေကို စောင့်နေဖို့ပဲကျန်တော့တယ်။”
“အံ့ဩစရာပဲ။ ကျုပ်တို့ဂျုံခင်းကတော့ နောက်နှစ်ရက်လောက်နေမှ ရင့်မှည့်မှာ။ စပါးစိုက်တာက ပိုမြန်မယ်ထင်တယ်။”
“ကျုပ်ကတော့ ဒီတစ်ခါဂျုံတွေရင့်မှည့်လို့ ရိတ်သိမ်းပြီးရင် စပါးစိုက်ဖို့စီစဉ်နေပြီ။ ဂျုံက အရမ်းကြာတယ်။”
“သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ထားတဲ့သူ ဘယ်သူရှိလဲ။ ဒီမှာ အဲ့ဒါတွေ အတော်လေးချို့တဲ့နေတယ်။ လဲလှယ်လို့ရမလား။ ကျုပ် ဆန်နဲ့လဲပါ့မယ်။”
“ကျုပ်ဆီမှာ နည်းနည်းရှိတယ်။ ကုန်သွယ်မယ်ဆိုရင် သီးသန့်ဆက်သွယ်လိုက်ပါ။”
“ယီရန်ပင်းသူဌေးရဲ့ ကျွန်းပေါ်က စားသုံးမှုကတ်လိုမျိုး ငွေကြေးအသစ်တစ်ခုလောက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်လို့ရနိုင်မယ်လို့ထင်ကြလား။”
“ဒါက သိပ်တော့မဖြစ်နိုင်ဘူး။ ရုပ်ပိုင်းဆိုင်ရာငွေကြေးက လုပ်ရခက်တယ်။ ဒီဂျစ်တယ်ငွေကြေးဆိုရင်လည်း သူ့ကိုထိန်းချုပ်ဖို့အတွက် ဆာဗာတစ်ခုမှမရှိဘူး။ ဒါကြောင့်လုံးဝမလုပ်နိုင်ဘူး။ သူဌေးရဲ့ကျွန်းမှာတော့ ရှိသင့်တယ်။ ဒါပေမယ့် သူဌေးကိုလည်း လူတိုင်းက မယုံကြည်ကြဘူး။”
“ဒါအမှန်ပဲ...။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ ယီရန်ပင်းသူဌေးကိုယုံတယ်။ အဲ့ဒါက အလုပ်မဖြစ်ဘူးဆိုရင် ကျုပ်ကတော့ သူဌေးနဲ့ပဲကုန်သွယ်မယ်။ သူဌေးမှာက ဘာတစ်ခုမှ မချို့တဲ့ဘူး။ ဘာလိုချင်လိုချင် အကုန်ဝယ်လို့ရတယ်။”
“မှန်တယ် ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံး လူတစ်ယောက်ကတော့ အပတ်တိုင်း အပန်းဖြေစခန်းကိုသွားပြီး ကောင်းကောင်းအချိန်ကုန်ဆုံးကြမှာပဲ။ ပြီးတော့ သူတို့က ပစ္စည်းနည်းနည်းလောက်တော့ ကူညီပြီးဝယ်ပေးနိုင်တယ်။ သူဌေးက အဲ့ဒီပစ္စည်းအမျိုးအစားတွေကို ရောင်းချဖို့ ဖွင့်ပေးဖို့ပဲလိုတယ်။”
ဤသို့မြင်လိုက်ရသောအခါ ရှောင်းယီက ချက်ချင်းပြောလိုက်သည်။
“ကောင်းပြီ ခင်ဗျားတို့လာတဲ့အခါ ဝယ်ယူချင်တဲ့ပစ္စည်းစာရင်းကို မနက်ပိုင်းကတည်က ကျုပ်တို့ဝန်ထမ်းတွေဆီ အပ်ထားလိုက်ပါ။ ကျုပ်တို့ဝန်ထမ်းတွေက ခင်ဗျားတို့လိုအပ်တဲ့ပစ္စည်းတွေကို ထုပ်ပိုးဖို့ တာဝန်ယူပေးလိမ့်မယ်။ ခင်ဗျားတို့ကိုယ်တိုင်စစ်ဆေးပြီးရင် ပြန်ပို့ပေးလိုက်ပေါ့။”
“အရမ်းကောင်းတာပဲ ကျေးဇူးတင်ပါတယ်သူဌေး။”
လူတိုင်းက ပြောလိုက်ကြသည်။
ထို့နောက် ရှောင်းယီက ဆက်ပြောလိုက်သည်။
“ဒါပေမယ့် ခင်ဗျားတို့လိုအပ်တဲ့ပစ္စည်းတွေအားလုံး ဒီမှာရှိတယ်လို့တော့ ကျုပ်အာမ၊မခံနိုင်ဘူး။ ဘာပဲပြောပြော ကျုပ်တို့မှာလည်း ကိုယ်ပိုင်လူတွေ အများကြီးရှိပြီး စားသုံးမှုကလည်း အတော်လေးများတယ်။”
“ဒါကိုတော့ သဘာဝအတိုင်း ကျုပ်တို့နားလည်ပါတယ်။ သူဌေးဆီကနေ နည်းနည်းလောက်ဝယ်ယူနိုင်နေသ၍ ကျန်တာတွေကို ဈေးကွက်ခန်းမကနေ ဝယ်ယူလို့ရပါတယ်။ တကယ်လို့မဖြစ်နိုင်ဘူးဆိုရင်လည်း ကျုပ်တို့သည်းခံနိုင်တယ်။ ဘာပဲပြောပြော အစားအစာနဲ့ အဝတ်အစားချို့တဲ့တဲ့ ပထမဆုံးသီတင်းပတ်ကိုတောင် ကျုပ်တို့ကျော်ဖြတ်နိုင်ခဲ့ကြသေးတာပဲ။ ဒီအခက်အခဲလောက်ကတော့ ဘာဖြစ်မှာလဲ။”
“လူတိုင်း နားလည်တာကောင်းပါတယ်။ ချူဖုန်းမြို့ကိုဖြေရှင်းနေတဲ့အချိန်မှာ လူတိုင်း စူးစမ်းလေ့လာမှုအရှိန်ကို မြှင့်တင်လို့ရတယ်။ အချိန်တိုအတွင်း ဘယ်ဒေသခံမှ တိုက်သစ်ကြီးရဲ့ စူးစမ်းလေ့လာမှုစည်းချက်ကို နှောင့်ယှက်မှာမဟုတ်ဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ သူဌေး သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ထို့နောက် အမျိုးမျိုးသော မဟာမိတ်အဖွဲ့များသည် တိုက်သစ်ကြီးအား စူးစမ်းလေ့လာရန်အတွက် ပိုမိုများပြားသောအဖွဲ့များကို စတင်စေလွှတ်ခဲ့ကြသည်။
အရင်က တိုက်သစ်ကြီးကို စူးစမ်းလေ့လာရန်အတွက် ဝင်ရောက်ခဲ့သောအဖွဲ့များသည် ရှုံးတိတို့၏စစ်သင်္ဘောတည်ရှိရာ မူလနေရာသို့ အလျင်အမြန် ပြေးလာခဲ့ကြပြီး စစ်သင်္ဘောပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့ကြသည်။
အချိန်မှာ ညနေ ၁၀ နာရီခန့်ရှိပြီဖြစ်သော်လည်း ကမ်းခြေပေါ်တွင် သူတို့အတွက် စောင့်ဆိုင်းနေသော တပ်သားအနည်းငယ်ရှိနေသေးသည်ကိုမူ သူတို့သတိမပြုမိခဲ့ကြပေ။
“ဘာဖြစ်သွားတာလဲ။ ချူဖုန်းမြို့က သိသွားတာလား။”
“သိသွားတယ်ဆိုရင်တောင်မှ သူဌေးမှာ ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှိမှာပါ။”
“ကြည့်စမ်း အဲဒီမှာလူတွေရှိတယ်။ သူတို့က ယီရန်ပင်းသူဌေးရဲ့လူတွေပဲ။”
ယခုအခါ ပြင်ပတွင် တာဝန်ထမ်းဆောင်နေသော ယီရန်ပင်းမဟာမိတ်အဖွဲ့ဝင်အားလုံးသည် တူညီဝတ်စုံများ ဝတ်ဆင်ထားကြပြီး အဝတ်အစားပေါ်တွင် လက်သည်းငါးချောင်းရွှေနဂါးလိုဂိုတစ်ခု ပါရှိသည်။ ထိုအဝတ်အစားများကို အများပြည်သူသို့ ရောင်းချခြင်းမရှိချေ။
ထို့ကြောင့် သူတို့သည် ထိုလူများမှာ ယီရန်ပင်းသူဌေး၏လူများဖြစ်ကြောင်း ချက်ချင်း မျက်မှန်းတန်းမိသွားခဲ့ကြသည်။
“ခဏနေဦး တစ်ယောက်ယောက်က ယီရန်ပင်းသူဌေးရဲ့တပ်သားတွေကို သတ်ပစ်ပြီး သူတို့ရဲ့အဝတ်အစားတွေကို ယူဝတ်ပြီး အယောင်ဆောင်ထားတာလည်းဖြစ်နိုင်တယ်။”
တစ်စုံတစ်ယောက်က သတိပေးလိုက်သည်။
“ဒါဆို ကျုပ်တို့ဘာလုပ်ရမလဲ။”
“ကျုပ်တို့ရှေ့ဆက်သွားပြီး မေးကြည့်ရမယ်။ ဒီတိုင်းတော့ ပြန်မသွားချင်ဘူး။”
ဤတည်နေရာကူးပြောင်းခြင်းအမှတ်ကို ချူဖုန်းမြို့က သိမ်းပိုက်လိုက်ပါက နောင်လာမည့်ကာလတွင် သူတို့ ဤနေရာသို့လာရောက်ကြရန် အဆင်ပြေတော့မည်မဟုတ်ပေ။ ယခု ပြန်သွားရန်အတွက်လည်း မြို့ပြန်ကျောက်ကိုသာ အသုံးပြုနိုင်ပြီး ဤနေရာသို့လာရမည့် အခွင့်အရေးကို အလဟဿဖြစ်သွားစေမည်ဖြစ်သည်။
ထို့ကြောင့် သွေးရဲသည့်လူတစ်ဦးက ထိုနေရာသို့ တိုက်ရိုက်လျှောက်သွားပြီး ထိုလူများကို မေးမြန်းလိုက်လေသည်။
“ခင်ဗျားတို့က ယီရန်ပင်းမဟာမိတ်အဖွဲ့က လူတွေလား။”
“ဟုတ်ပါတယ်။ ကျုပ်တို့ကို သတင်းပေးဖို့အတွက် သီးသန့်ထားရှိခဲ့တာပါ။ ချူဖုန်းမြို့ကို ကျုပ်တို့မဟာမိတ်အဖွဲ့က သိမ်းပိုက်လိုက်ပါပြီ။ အခုကစပြီး တည်နေရာကူးပြောင်းမှုအမှတ်တွေကို အဲဒီမှာပဲ ထားပါတော့မယ်။ ခင်ဗျားတို့ ချူဖုန်းမြို့မှာ အနားယူလို့ရပါတယ်။”
တပ်သားက ချက်ချင်းပြန်ဖြေခဲ့သည်။
ထိုအမျိုးသားသည် ဂရုတစိုက်ဖြင့် ထိုတပ်သားများကို စောင့်ကြည့်ပြီး ၎င်းတို့သည် အယောင်ဆောင်များမဟုတ်ကြောင်း တွေ့ရှိလိုက်ရပြီးနောက် ထပ်မေးလိုက်သည်။
“မင်းပြောတာ အမှန်တွေဆိုတာ ဘယ်လိုသက်သေပြနိုင်လဲ။”
“ခင်ဗျားမယုံဘူးဆိုရင် ကိုယ်တိုင် ပြန်ပြီးတည်နေရာကူးပြောင်းပြီး အတည်ပြုလိုက်ပါ။ ချူဖုန်းမြို့ရဲ့တည်နေရာက အနောက်ဘက်မှာရှိပြီးတော့ ကီလိုမီတာ ၁၀၀ လောက်ဝေးတယ်။ ခင်ဗျားတို့ ကိုယ့်ဘာသာရွေးချယ်ကြပါ။”
“ဟားဟား ငါယုံတယ် ငါသွားကြည့်လိုက်မယ်။”
သူတို့ထဲမှတစ်ယောက်သည် ချူဖုန်းမြို့ဆီသို့ အပြေးအလွှားသွားရန် ရွေးချယ်ခဲ့သော်လည်း အခြားလူများသည် လုံခြုံရေးအတွက် မြို့ပြန်ကျောက်ကို အသက်သွင်းပြီး ပြန်သွားကြရန်သာ ရွေးချယ်ခဲ့ကြသည်။
အခန်း ၆၁၅ အင်္ဂတေကွန်ကရစ်စက်ရုံ၊ တရားစီရင်ခြင်း
မြို့ပြန်ကျောက်ကို အသုံးပြုခဲ့သော စူးစမ်းလေ့လာသူများသည် ချက်ချင်းပင် သူတို့၏မဟာမိတ်အဖွဲ့ကျွန်းများဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။
မဟာမိတ်အဖွဲ့ကျွန်းပေါ်ရှိ အသက်ရှင်သန်ကျန်ရစ်သူများသည် အနည်းငယ်အံ့အားသင့်သွားကြပြီး သူတို့ကို ရှုပ်ထွေးစွာကြည့်ရင်း မေးလိုက်ကြသည်။
“ဘာလို့ပြန်လာတာလဲ။”
“ယီရန်ပင်းသူဌေးရဲ့သင်္ဘောကြီးကို မတွေ့တော့လို့။ အဲ့ဒီမှာရှိတဲ့ တပ်သားအနည်းငယ်ကတော့ သူဌေးက ချူဖုန်းမြို့ကို သိမ်းပိုက်လိုက်တယ်၊ အဲ့ဒါကြောင့် သူတို့ရဲ့တည်နေရာကို ပြောင်းရွှေ့လိုက်တာလို့ပြောခဲ့တယ်။ အဲ့ဒါကြောင့် ဒီသတင်းအချက်အလက်ရဲ့တိကျမှန်ကန်မှုကို အတည်ပြုဖို့ ပြန်လာခဲ့တာ။”
“ငလူး ငါ မင်းကို အရင်က ဒီလောက်ပါးနပ်တာမျိုး မမြင်ဖူးဘူး။ အားလုံးက အမှန်တရားပဲ။ မင်းက တည်နေရာကူးပြောင်းဖို့ အခွင့်အရေးတစ်ခုကို ဖြုန်းတီးလိုက်တာပဲကွ။”
“ယီရန်ပင်းက တကယ်ပဲ ချူဖုန်းကို သိမ်းပိုက်လိုက်တာလား။ အဲ့ဒီမှာ SS အဆင့် မှော်ဆရာတစ်ယောက်ရှိတယ်လို့ သူတို့မပြောခဲ့ဘူးလား။”
“သေချာတာပေါ့။ ယီရန်ပင်းမှာ ဝှက်ဖဲတွေ ဘယ်လောက်တောင်များလိုက်သလဲ။ ဟူး တကယ်ပါပဲ။ အခုငါ အုတ်မြစ်ကျောက်ပုံကြီးတစ်ခုကို ထပ်ပြီးဖြုန်းတီးရတော့မယ်။”
“အမ် ငါလည်း လုံခြုံရေးအတွက် လုပ်ခဲ့တာပဲမဟုတ်ဘူးလား။ ဘာပဲပြောပြော ငါခေါ်သွားခဲ့တဲ့ညီအစ်ကိုတွေက ငါတို့မဟာမိတ်အဖွဲ့မှာ အထက်တန်းကျတဲ့လက်ရုံးတွေချည်းပဲ။ သူတို့ကို အကြောင်းမဲ့ဆုံးရှုံးစေလို့မဖြစ်ဘူးလေ။”
“အင်း ဒါလည်း မှန်ပါတယ်။ အဲ့အကြောင်း မေ့လိုက်တော့။ ဘာပဲဖြစ်ဖြစ် မင်းတို့ရိတ်သိမ်းရခဲ့တဲ့ အုတ်မြစ်ကျောက်တွေက တည်နေရာကူးပြောင်းခတွေထက် အများကြီးပိုများတယ်။ ဒီည မင်းတို့အားလုံးကောင်းကောင်းအနားယူလိုက်ကြပါ။ နောက်မနက်ကျရင် ထပ်သွားကြဦး။”
“ငါ အနားမယူနိုင်ဘူး။ အခု ချူဖုန်းမြို့ကို ယီရန်ပင်းက သိမ်းပိုက်လိုက်ပြီဆိုတော့ ဘာအန္တရာယ်မှမရှိတော့ဘူး။ လူတိုင်း တိုက်သစ်ကြီးကို တံခါးမရှိ၊ ဓားမရှိ ဝင်လာကြတော့မှာ။ ငါ ဒီမှာအချိန်ဖြုန်းနေလို့မရဘူး။ အမြန်ဆုံးပြန်ရမယ်။ အဖွဲ့နှစ်သုံးဖွဲ့လောက်လည်း ထပ်ပြီးစီစဉ်ရမယ်။”
“ဟုတ်တယ် ဒါဆို မင်းတို့အလုပ်ကြိုးစားမှရတော့မယ်။”
ထိုအဖွဲ့များသည် ချက်ချင်းပြန်လာပြီးနောက် ရှုံးတိဘက်သို့ ချက်ချင်းပင် ပြန်လည်ပြောင်းရွှေ့သွားခဲ့ကြသည်။
ဤအကြိမ်တွင် ရှုံးတိ၏သင်္ဘောကြီးထဲမှ ထွက်လာသောအခါ သူတို့သည် အဝေးတစ်နေရာတွင် မြို့တစ်မြို့ကို မြင်ခဲ့ကြရသည်။
ထိုမြို့မှာ ချူဖုန်းမြို့ဖြစ်ပြီး များစွာသောလူများသည် ဒေသခံများ၏မြို့မှာ မည်သို့ပုံစံရှိသည်ကို စူးစမ်းသိလိုလာကြလေသည်။ ထို့ကြောင့် သူတို့သည် အုပ်စုလိုက်မြို့ဆီသို့ ချီတက်သွားခဲ့ကြသည်။
ဤအချိန်တွင် ကျန်းယွင်ထျန်းသည်လည်း သတိရလာပြီဖြစ်သည်။ သူသည် သူ၏အိပ်ခန်းထဲသို့ ပြန်ရောက်နေကြောင်း မြင်လိုက်ရသောအခါ ကျန်းရွဲ့အား အမြန်မေးလိုက်သည်။
“ချူဖုန်းမြို့ရဲ့အခြေအနေ ဘယ်လိုရှိသေးလဲ။”
“သိမ်းပိုက်လိုက်ပြီ။”
ကျန်းရွှဲ့က ချက်ချင်းပင် ရှေ့တိုးလာပြီး ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်က အဲ့ဒီမှော်ဆရာကို ဖြေရှင်းပြီးသွားပြီလား။”
ကျန်းယွင်ထျန်းက အနည်းငယ်စိုးရိမ်စွာဖြင့် မေးလိုက်သည်။
“စိတ်မပူပါနဲ့။ မှော်ဆရာနှစ်ယောက်စလုံးကို ဖြေရှင်းပြီးပြီ။ ငါတို့အကျဥ်းထောင်ထဲမှာ ချုပ်ထားတယ်။”
ကျန်းရွှဲ့က ပြုံးကာ ပြောလိုက်သည်။
“မှော်ဆရာနှစ်ယောက်လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။”
“ကျွန်းပိုင်ရှင်လည်း အဲ့ဒီမှော်ဆရာကို ပထမဆုံးမြင်လိုက်ရတုန်းက အရမ်းအံ့ဩသွားခဲ့တာ။ အဲ့တော့မှ ချူဖုန်းမြို့ မှာ SS အဆင့် မှော်ဆရာနှစ်ယောက်ရှိတယ်ဆိုတာ သိလိုက်ရတယ်။ သူတို့က အမြွာညီအစ်ကိုတွေပဲ။ တစ်ယောက်ကို ကျွန်းပိုင်ရှင်က ပင်လယ်ပြင်မှာဖမ်းမိတာ၊ နောက်တစ်ယောက်ကတော့ နင်တွေ့ခဲ့တဲ့သူပေါ့။”
ကျန်းရွှဲ့သည် သူသတိလစ်သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပြန်ပြောပြလိုက်သည်။
သို့မှသာ ကျန်းယွင်ထျန်းသည်လည်း လုံးဝစိတ်သက်သာရာရသွားခဲ့သည်။
“ကျွန်းပိုင်ရှင်က SS အဆင့် မှော်ဆရာတွေကိုတောင် ဖြေရှင်းနိုင်ခဲ့တာပဲ။ သူဘယ်လိုလုပ်ခဲ့တာလဲ။”
“ရူးသွပ်ဆေးကြောင့်ပဲ။”
ကျန်းရွှဲ့က ဖြေလိုက်သည်။
“ယွင်ဝူဆီကနေ ရှာတွေ့ထားတဲ့ ရူးသွပ်ဆေးက တစ်လုံးပဲရှိတာမဟုတ်ဘူးလား။”
ကျန်းယွင်ထျန်း အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
ရှောင်းယီသည် ယခင်က ကျိကျီယင်းကိုရင်ဆိုင်ရာတွင် ဆေးတစ်လုံးကို ထုတ်ယူခဲ့ပြီးဖြစ်သည်။ ကျန်းရွှဲ့၏ဖော်ပြချက်အရ မှော်ဆရာနှစ်ယောက်ကိုဖမ်းမိရန်အတွက် အနည်းဆုံး ဆေးနှစ်လုံးလိုအပ်မည်ဖြစ်သည်။
“ကျွန်းပိုင်ရှင်က ဆေးညွှန်းကို ရခဲ့တယ်။ ဝေပေါ်နဲ့ စွန်းယောင်တို့ကလည်း အရမ်းအကူအညီပေးခဲ့တယ်။ သူတို့က အမြန်ဆုံး ချက်လုပ်နိုင်ခဲ့တယ်လေ။”
ကျန်းရွှဲ့က ရှင်းပြလိုက်သည်။
“ဒါကြောင့်ကိုး”
ကျန်းယွင်ထျန်း ရုတ်တရားသဘောပေါက်သွားခဲ့သည်။
“ကျွန်းပိုင်ရှင်က အမျှော်အမြင်ရှိနေတုန်းပဲ။ ကျွန်းပိုင်ရှင်က ဝေပေါ် အရင်က ငါတို့ကို လာတိုက်တုန်းက သူ့ကိုမသတ်ပစ်ခဲ့ဘူး။ သူက အခုချိန်မှာ အသုံးဝင်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့မိဘူး။”
“ဟုတ်တယ်။ ကျွန်းပိုင်ရှင်ရဲ့အမြင်က တကယ်ကောင်းတယ်။ ပြီးတော့အရမ်းလည်းရှေ့ရောက်တယ်။”
ကျန်းရွှဲ့က ထောက်ခံလိုက်သည်။
ထိုအချိန်တွင် ရှောင်းယီသည် တည်နေရာကူးပြောင်းမှုကိစ္စအကြောင်းကို တွေးတောနေခဲ့သည်။
လူတိုင်းကို အရင်က အလွယ်တကူ တည်နေရာကူးပြောင်းခြင်းမပြုရန် တောင်းဆိုခဲ့ရသည့်အကြောင်းရင်းမှာ ကြီးမားသောပစ်မှတ်များသည် ကုန်းမြေပေါ်ရှိဒေသခံများ၏အာရုံကို အလွယ်တကူဆွဲဆောင်နိုင်သောကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ချူဖုန်းမြို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ကမ်းရိုးတန်းနှင့်နီးသောအခြားမြို့များကို မတွေ့ရှိရပေ။
သို့သော် ယခုအခါ ချူဖုန်းမြို့ကို သိမ်းပိုက်ပြီးနောက် ဤပြဿနာကို စိုးရိမ်စရာမလိုအပ်တော့ပေ။
ထို့ကြောင့် ရှောင်းယီသည် တည်နေရာကူးပြောင်းခွင့်ပိတ်ပင်ထားခြင်းကို ဖွင့်လှစ်ရန်ပြင်ဆင်နေခဲ့သည်။
ဤသို့ပြုလုပ်ခြင်းအားဖြင့် ထိုမဟာမိတ်အဖွဲ့များသည် ဤတိုက်ကြီးပေါ်တွင် အခြေစိုက်စခန်းတစ်ခုထူထောင်ရန် သူမျှော်လင့်နေခဲ့သည်။ အကယ်၍ သူတို့သည် ကုန်းမြေဒေသခံများ၏တိုက်ခိုက်မှုကို ရင်ဆိုင်ရပါက တစ်စုံတစ်ယောက်က သူ့အတွက်ဖိအားကို ဝေမျှပေးနိုင်လိမ့်မည်ဖြစ်သည်။
သို့သော် ထိုသို့ဖွင့်လှစ်ခြင်းမပြုမီ သူသည် အမြတ်အစွန်းရရှိရန် လိုအပ်နေသေးသည်။
အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီတွင် အကြံတစ်ခုရလာခဲ့ပြီး အိပ်ရာပေါ်သို့ပြန်လှဲကာ အနားယူလိုက်တော့လေသည်။
နောက်တစ်နေ့တွင် ရှောင်းယီသည် စောစောနိုးလာခဲ့ပြီး လန်းဆန်းနေခဲ့သည်။ ရူးသွပ်ဆေးကို သောက်သုံးပြီးနောက် ခံစားရသည့် အားနည်းသည့်ခံစားချက်များမှာ လုံးဝမရှိတော့ပေ။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - အင်္ဂတေကွန်ကရစ်စက်ရုံ ပုံစံကွက် ၁။”
“အင်္ဂတေကွန်ကရစ်စက်ရုံ ပုံစံကွက် - ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အသုံးပြုပြီးနောက် လုံလောက်သောကုန်ကြမ်းပစ္စည်းများရှိပါက အင်္ဂတေကွန်ကရစ်စက်ရုံများကို ကန့်သတ်ချက်မရှိဖန်တီးနိုင်ပြီး စက်ရုံ၏အရွယ်အစားနှင့်အလွှာအရေအတွက်ကို လွတ်လပ်စွာဒီဇိုင်းဆွဲနိုင်သည်။”
“အာ ဘာလို့ အင်္ဂတေကွန်ကရစ်နေအိမ်ပုံစံကွက် မဟုတ်ရတာလဲ။”
ရှောင်းယီ အနည်းငယ်မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည်။
ရှောင်းယီသည် နောင်လာမည့်ကာလများတွင် စက်ရုံများစွာ လိုအပ်လာမည်မှာ မှန်သော်လည်း ယခုအချိန်တွင် သူလိုအပ်နေသည့်အရာမှာ အင်္ဂတေကွန်ကရစ်နေအိမ်များဖြစ်သည်။ ထိုသို့ဆိုလျှင် ကျွန်းပေါ်တွင် နေရာလွတ်အများကြီး ပိုမိုရရှိနိုင်မည်ဖြစ်သည်။
ယခုအခါ မျိုးနွယ်စုတစ်စုတွင် အနည်းဆုံး လူပေါင်း နှစ်ထောင်၊ သုံးထောင်ရှိသည်။ မိသားစုတစ်စုတွင် လူသုံးယောက်ရှိလျှင်ပင် မိသားစုတစ်စုကို ကျောက်တုံးအိမ်တစ်လုံးလိုအပ်ပြီး မျိုးနွယ်စုတစ်ခုအတွက် ကျောက်တုံးအိမ်တစ်ထောင်နီးပါး လိုအပ်မည်ဖြစ်သည်။ ကျောက်တုံးအိမ်တစ်လုံးလျှင် စတုရန်းမီတာ ၃၀ ခန့်ရှိပါက စုစုပေါင်းစတုရန်းမီတာ ၃၀၀၀၀ ခန့် နေရာယူထားပေလိမ့်မည်။
ဤကိန်းဂဏန်းသည် ရှောင်းယီ၏ကျွန်းဧရိယာနှင့်နှိုင်းယှဉ်လျှင် အလွန်နည်းပါးလှသော်လည်း ဤမျှများပြားသောဧရိယာများကို အရင်းအမြစ်များ ထပ်မံဖြည့်သွင်းရန်အသုံးပြုခြင်းက ပိုကောင်းသည်မဟုတ်ပါလား။
သေချာသည်မှာ ရှောင်းယီသည် ညည်းညူခြင်းကိုသာ ပြုလုပ်နိုင်ခဲ့သည်။ သူသည် နေ့စဉ်လက်မှတ်ထိုးဝင်ခြင်းခြင်း၏ဆုလာဘ်များကို မထိန်းချုပ်နိုင်ပေ။
ရှောင်းယီ ခေါင်းခါလိုက်မိသည်။ ထို့နောက် လီယန်ဆီသို့ ဖုန်းခေါ်ကာ ပြောလိုက်သည်။
“အဒေါ်လီ အခုတလော အထည်ချုပ်စက်ရုံမှာ အနားယူချိန်ရှိရဲ့လား။ ကျုပ် ဒီမှာ စက်ရုံပုံစံကွက်တစ်ခုရထားတယ်။ စက်ရုံပြောင်းဖို့ စဉ်းစားလို့ရတယ်။”
“စက်ရုံပြောင်းရမှာလား။”
လီယန်သည် အနည်းငယ် အံ့အားသင့်သွားပြီး ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ငါတို့ အခုလုပ်လို့ရပါတယ်။ လက်ရှိအချိန်မှာ အင်္ကျီနဲ့ တစ်တည်ချင်းအဝတ်အစားတွေအတွက်က လိုအပ်ချက်သိပ်မများတော့ သူတို့ကို ရက်နည်းနည်းလောက် အနားပေးထားတယ်။ ပန်းထိုးပညာသင်ယူနေသူအချို့ပဲ စက်ရုံမှာရှိတယ်။ ငါတို့ဘယ်အချိန်မဆို နေရာပြောင်းလို့ရတယ်။”
“ကောင်းပြီ အဲဒါက အရေးတကြီးတော့ မဟုတ်ပါဘူး။ အဒေါ့်ဘက်က စက်ရုံအတွက် ပုံကြမ်းတစ်ခုရေးဆွဲပေးဖို့ လိုတယ်။ အဲ့ဒါမှ ကျုပ်ဘက်က ပုံကြမ်းအတိုင်း တည်ဆောက်ပေးနိုင်မှာ။”
ရှောင်းယီက ပြောလိုက်သည်။
“ပုံကြမ်းအတိုင်း ဆောက်နိုင်တယ်လား။”
လီယန်က အံ့အားသင့်သွားသောလေသံဖြင့် ပြောလိုက်သည်။
“သေချာတာပေါ့။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါပေမယ့် လက်ရှိအချိန်မှာ ဘိလပ်မြေပမာဏက မလိုက်နိုင်သေးဘူး။ အဒေါ်အရင် စီစဉ်ထားလိုက်ပါ။ ဘိလပ်မြေအကြောင်းကိုတော့ နောက်မှပြောကြမယ်။”
“ကောင်းပြီ။”
လီယန်က ပြန်ဖြေလိုက်သည်။
ဖုန်းချလိုက်ပြီးနောက် ရှောင်းယီသည် ယီထျန်းဂရုထဲသို့ စာပို့လိုက်သည်။
“စာရင်းရှင်းဖို့ အချိန်ကျပြီ။ ဒီနေ့ ရွှမ်းယွမ်ဝူဝေ့နဲ့ ဟုန်ချီတို့ရဲ့ တရားဝင်တရားစီရင်မှုကို ဂရုထဲမှာ တိုက်ရိုက်ထုတ်လွှင့်မယ်။”
“သူတို့နဲ့ စာရင်းရှင်းဖို့ အချိန်တန်ပြီ။”
“ဘာစာရင်းရှင်းမှာလဲ။ သူတို့ကို သတ်သာသတ်ပစ်လိုက်။ အခြားဘာမှပြောမနေနဲ့။ ရန်သူကိုကူညီခြင်းနဲ့ အမျိုးသားချင်းချင်း သတ်ဖြတ်ခြင်း၊ ဒီအရာနှစ်ခုကို အတည်ပြုထားပြီးသားပဲ။ ဘာကို စစ်ဆေးရဦးမှာလဲ။”
“အမှန်ပဲ သူဌေး ဒီတိုင်းပဲလုပ်လိုက်ပါ။ သူတို့ကိုကြည့်ရတာ ကျုပ်တို့မျက်လုံးတွေကို ညစ်ညမ်းစေတယ်။”
“မှန်တယ် အဲ့ဒီရွှမ်းယွမ်မျိုးရိုးက သေသင့်တာကြာပြီ။”
“တိကျတဲ့တရားစီရင်မှုလုပ်ငန်းစဉ်ကို တစ်စုံတစ်ယောက်က ဦးဆောင်မှာပါ။ သူတို့မဟာမိတ်အဖွဲ့မှာ လူတွေအများကြီးရှိပေမယ့် ကျုပ်တို့ ရှားနိုင်ငံရဲ့ အုတ်မြစ်ကျောက် စုစုပေါင်းအရေအတွက်ကို ရုတ်တရက်ကျဆင်းမသွားစေဖို့အတွက် သူတို့ကို သူတို့ကိုယ်သူတို့ ပြန်လည်ပြင်ဆင်ခွင့်ပြုလိုက်ပါ။ ပြီးတော့ ရွှမ်းယွမ်ဝူဝေ့နဲ့ ဟုန်ချီ၊ ဒီနှစ်ယောက်က အဓိကအပြစ်ရှိသူတွေဖြစ်တဲ့အတွက် ဖယ်ရှားပစ်ရမယ်။”
“သူဌေးပြောတာမှန်တယ်၊ ကျုပ်တို့သဘောတူတယ်။”
“ဒါအမှန်ပဲ။ အဓိကအပြစ်ရှိသူတွေကို ဖယ်ရှားပစ်ရမယ်။ ကျန်တဲ့သူတွေက အလုပ်ကြမ်းနဲ့ ပြန်လည်ပြုပြင်ခြင်းခံရမယ်။ သူတို့ အသစ်တစ်ဖန်ပြန်လည်မွေးဖွားပြီးရင် ဘဝအသစ်တစ်ခု စတင်နိုင်မယ်လို့ မျှော်လင့်တယ်။”
“ယီရန်ပင်းသူဌေးရဲ့အမြင်က အလုံးစုံကောင်းမွန်လွန်းတယ်။”
အခန်း ၆၁၆: ရွှမ်းယွမ်အင်အားစုပြိုကွဲခြင်း၊ စူးစမ်းလေ့လာမှုများ ပေါက်ကွဲထွက်လာခြင်း၊ ငွေကြေး
ယီထျန်းဂရုထဲတွင် မည်သူတစ်ဦးတစ်ယောက်ကမှ ကန့်ကွက်ခြင်းမရှိပေ။ ရွှမ်းယွမ်ဝူဝေ့နှင့် ဟုန်ချီတို့၏တရားစီရင်မှုကို ယခင်စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။
ဤအချိန်ရောက်မှသာ ရွှမ်းယွမ်ဝူဝေ့သည် နောက်ဆုံးတွင် ကြောက်ရွံ့မှုဟူသည့်စကားလုံးကို နားလည်လာခဲ့သည်။
“ကျုပ်ကို မသတ်ပါနဲ့။ ကျုပ် ဘာမဆိုပြောပါ့မယ်။ ကျုပ်ကို အခွင့်အရေးတစ်ခုပေးပါ။”
ရွှမ်းယွမ်ဝူဝေ့သည် ယခုအချိန်တွင် ငိုကြွေးနေပြီဖြစ်သည်။
“အခုမှ ကြောက်ရမှန်း သိတာလား။ ရန်သူတွေကို ငွေကြေးထောက်ပံ့ပြီး ငါတို့လူမျိုးတွေကို ကြားဖြတ်လုယူဖို့ အဖွဲ့တွေစီစဉ်ခဲ့တုန်းက အဲ့ဒီအမျိုးသားတွေဟာလည်း မင်းရဲ့အဖွဲ့တွေကို သနားကြင်နာပေးဖို့ တောင်းခံခဲ့ရမယ်လို့ မင်းတစ်ခါမှမတွေးဖူးဘူးလား။”
ကျန်းယွင်ထျန်းက မေးခွန်းထုတ်လိုက်သည်။
တစ်ညတာ အနားယူပြီးနောက် ကျန်းယွင်ထျန်းသည် ခေါင်းအနည်းငယ်ကိုက်နေဆဲဖြစ်သော်လည်း သူ၏နေ့စဉ်ဘဝကိုမူ မထိခိုက်ခဲ့ပေ။
“မဟုတ်ဘူး မင်းတို့ ငါ့ကိုသတ်လို့မရဘူး။ ငါက ရွှမ်းယွမ်မိသားစုရဲ့သားကြီးပဲ။ ရွှမ်းယွမ်မိသားစုရဲ့ဒေါသကို မင်းတို့ခံချင်လို့လား။”
ရွှမ်းယွမ်ဝူဝေ့သည် ကျန်းယွင်ထျန်းက သနားကြင်နာမှုမပြသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။
“ရွှမ်းယွမ်မိသားစုလား။ ဟမ့် မင်းသေချာလို့လား အဲ့ဒါက ရှိနေဦးမယ်လို့။”
ကျန်းယွင်ထျန်းက အေးစက်စွာ ပြန်ဖြေလိုက်သည်။
ရွှမ်းယွမ်ဝူဝေ့သည် ထိတ်လန့်သွားပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြန်လဲကျသွားကာ တတွတ်တွတ် ရေရွတ်နေခဲ့သည်။
“ပျောက်ကွယ်သွားပြီ၊ အားလုံးပျောက်ကွယ်သွားပြီ။”
“စုံစမ်းစစ်ဆေးမှုအရနဲ့ သူ၏ကိုယ်ပိုင်ဝန်ခံချက်အရ ရွှမ်းယွမ်ဝူဝေ့ရဲ့ ရန်သူကို ငွေကြေးထောက်ပံ့ခြင်းနဲ့ လူမျိုးအချင်းချင်းသတ်ဖြတ်ခြင်းက အားလုံးအမှန်တရားဖြစ်ပြီး ချက်ချင်းသတ်စေ။”
ကျန်းယွင်ထျန်းက အေးစက်စွာ ပြောလိုက်သည်။
ဘေးနားရှိ ဟုန်ချီကိုလည်း စစ်ဆေးပြီးဖြစ်သည်။ သူတို့နှစ်ဦးသည် ကမ်းခြေပေါ်တွင် ဒူးထောက်ပြီး ဘေးချင်းယှဉ်ကာ ရှိနေခဲ့ကြသည်။
ဘမ်း
ညီညာပြီး စနစ်ကျသော သေနတ်သံတစ်ချက်သည် ၎င်းတို့၏အပြစ်များကို အဆုံးသတ်စေခဲ့သည်။
ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။
“ကျုပ်က တရားမျှတမှုကို ကိုယ်စားမပြုသလို ဥပဒေကိုလည်း ကိုယ်စားမပြုဘူး။ ဒါပေမယ့် ကျုပ်ကိုစိန်ခေါ်လာခဲ့ရင် ဘယ်သူပဲဖြစ်ဖြစ် ကျုပ်ကလည်း သက်ညှာနေမှာမဟုတ်ဘူး။ ဒီလူနှစ်ဦးက နမူနာပဲ။”
“သူဌေး စိတ်မပူပါနဲ့။ ကျုပ်တို့မဟာမိတ်အဖွဲ့က သူဌေးရဲ့ဆုံးဖြတ်ချက်ကို ဧကန်မုချထောက်ခံမှာပါ။ ပြီးတော့ သူဌေးကိုဆန့်ကျင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။”
“ယီရန်ပင်းသူဌေးက အရမ်းရက်ရောပြီး ကြင်နာပြီးသားဆိုတာ ကျုပ်ကိုယ်တိုင်ခံစားမိတယ်။ ဒီတရားစီရင်မှုကလည်း အသက်ရှင်သန်ကျန်ရစ်သူအများစုရဲ့ ဆန္ဒကို ကိုယ်စားပြုတယ်။ ကျုပ် သူဌေးကိုထောက်ခံပါတယ်။”
သူသည် ရွှမ်းယွမ်ဝူဝေ့ကို တရားစီရင်ခြင်းနှင့်အတူ ရွှမ်းယွမ်အင်အားစု တရားဝင်ပြိုကွဲကြောင်း ကြေညာခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေသော တိလင်းထျန်းရှားမှာမူ အတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။
ယခင်က သူသည် ရှောင်းယီ၏ကျွန်းပေါ်ရှိလူများကို စူးစမ်းရန်အတွက် လူများစေလွှတ်ခဲ့ဖူးသည်။ အရက်ဆိုင်ပိုင်ရှင်တစ်ဦးပင် A အဆင့်အနည်းဆုံးရှိသည်ကိုသိရှိခဲ့ရပြီးနောက် သူသည် ရှောင်းယီနှင့် အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားချင်း နှိုင်းယှဉ်ရန်စိတ်ကူးကို စွန့်လွှတ်ခဲ့သည်။
ယခု သူသည် ရွှမ်းယွမ်မဟာမိတ်အဖွဲ့ကို ဆက်တိုက်ဖျက်ဆီးပြီး ဒေသခံချူဖုန်းမြို့ကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ ရွှမ်းယွမ်ဝူဝေ့နှင့် ချူဖုန်းမြို့နှစ်ခုစလုံးကို SS အဆင့်ကျွမ်းကျင်သူများက စောင့်ရှောက်နေသည်ဟု ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ ယီရန်ပင်း၏အင်အားစုသည် အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားတွင်သာမက အခြားသာမန်အဖွဲ့များတွင်လည်း အလွန်အားကောင်းလှပေသည်။
မြို့ကိုဝိုင်းရံရန်မှာ ကျွမ်းကျင်သူတစ်ဦးတည်းဖြင့် ပြီးမြောက်အောင်မြင်နိုင်မည်မဟုတ်ချေ။ ယခုအချိန်တွင် အဆင့်မြင့်ကျွမ်းကျင်သူတစ်ဦး သူ၏ပင်လယ်နားသို့ ရောက်လာလျှင်ပင် တိလင်းထျန်းရှားသည် ကြောက်ရွံ့မည်မဟုတ်ပေ။ သူသည် ရေမိုင်းများနှင့် အမြောက်များကို အသုံးပြုနိုင်သည်။ ကျွန်းပေါ်ရှိ လက်နက်အေးများကို အသုံးပြု၍ ပြိုင်ဘက်အား ၎င်း၏ကျွန်းနားသို့မချဉ်းကပ်နိုင်အောင် အပြည့်အဝတားဆီးနိုင်ပေသည်။
ရန်သူက အားကောင်းနေသော်လည်း ကျွန်းပေါ်သို့မတက်နိုင်သရွေ့ ၎င်းတို့၏စွမ်းအားသည် အသုံးမဝင်ချေ။
ရှောင်းယီသည် ကျွန်းတစ်ကျွန်းနှင့် မြို့တစ်မြို့ကို ဤကဲ့သို့ အလွန်လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ သူ၏ပေါက်ကွဲနိုင်စွမ်းမှာ သေချာပေါက် ပြင်းထန်ပေလိမ့်မည်။
“ဟူး ရုတ်တရက်ပေါ်ထွက်လာတဲ့ ရှေးဟောင်းသိုင်းပညာမိသားစုတွေ၊ တကယ်ကို ခေါင်းကိုက်စရာပဲ။ နောင်လာမယ့်ကာလတွေမှာ ငါသတိထားရတော့မယ်။”
တိလင်းထျန်းရှားက အကူညီမဲ့စွာ ပြောလိုက်သည်။
“ချင်းလုံ ငါတို့ရဲ့ရေတပ်တွေ အခုဘယ်နေရာရောက်ပြီလဲ။”
တိလင်းထျန်းရှား၏အမြင်တွင် တိုက်သစ်ကြီးသည် သူတို့၏အခွင့်အလမ်းဖြစ်သည်။ သူသည် တိုက်သစ်ကြီးသို့ အမြန်ဆုံးရောက်ရှိနိုင်ပါက ထပ်မံအဆင့်တက်ရန် အခွင့်အလမ်းရှိနိုင်သေးသည်။
“ဥက္ကဌကို အစီရင်ခံပါတယ်။ ကျုပ်တို့ စတင်ခရီးထွက်တာ နှစ်ရက်သာကြာသေးပြီး ရောက်ရှိဖို့အတွက် အနည်းဆုံးနောက်ထပ်ငါးရက်လောက်ကြာပါဦးမယ်။”
ချင်ချင်းလုံက ပြန်ဖြေလိုက်သည်။
“အရမ်းနှေးနေသေးတယ်။”
ချင်ချင်းလုံသည် ကူကယ်ရာမဲ့နေခဲ့နေသော်လည်း သူတတ်နိုင်တာ ဘာမျှမရှိချေ။
အနည်းငယ်စဉ်းစားပြီးနောက် တိလင်းထျန်းရှားက အမိန့်ပေးလိုက်သည်။
“တိုက်သစ်ကြီးဆီကို နောက်ထပ်အဖွဲ့ ၁၀ ဖွဲ့ စေလွှတ်လိုက်ပါ။”
“ဟုတ်ကဲ့”
ရှောင်းယီမှ ချူဖုန်းမြို့ကို သူသိမ်းပိုက်ထားကြောင်း ကြေညာပြီးနောက် တိုက်သစ်ကြီးကို စူးစမ်းလေ့လာသည့် အဖွဲ့အရေအတွက်သည်လည်း ချက်ချင်းပင် တိုးပွားလာပြီး တည်နေရာကူးပြောင်းခအဖြစ် ရှောင်းယီအား ငွေအမြောက်အမြားရရှိစေခဲ့သည်။
လူတစ်ဦးလျှင် အုတ်မြစ်ကျောက်ငါးခုနှင့် ငါးဦးပါဝင်သောအဖွဲ့အတွက် စုစုပေါင်း အုတ်မြစ်ကျောက် နှစ်ဆယ့်ငါးခုဖြစ်သည်။
မနေ့ညမှ ယနေ့အထိ တည်နေရာကူးပြောင်းခအဖြစ် အုတ်မြစ်ကျောက် ၂၀၀,၀၀၀ ကျော် ရရှိခဲ့သည်။
ဆိုလိုသည်မှာ အနည်းဆုံး အဖွဲ့ ၄၀,၀၀၀ ခန့် တိုက်သစ်ကြီးထဲသို့ စီးဝင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ယီထျန်းဂရုထဲရှိ အိုင်ဒီအရေအတွက်ကို ကြည့်ပါက ၈၀,၀၀၀ ကျော်ရှိသေးသည်။ အသက်ရှင်သန်ကျန်ရစ်သူအရေအတွက်သည် အမှန်တကယ်တွင် အနည်းငယ်ပိုများကောင်းများနိုင်သော်လည်း သိပ်မများလှချေ။
ဆိုလိုသည်မှာ အသက်ရှင်သန်ကျန်ရစ်သူ တစ်ဝက်ခန့် တိုက်သစ်ကြီးသို့ စူးစမ်းလေ့လာရေးအဖွဲ့တွင် ပါဝင်ခဲ့ကြသည်။
သို့သော် ရှောင်းယီသည် အဖွဲ့များ ပိုများလာဦးမည်ဟု ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကျွန်းတိုင်းလိုလိုတွင် ဒေသခံများကို ဖမ်းဆီးရမိထားပြီး အသက်ရှင်သန်ကျန်ရစ်သူတစ်ဦးသည် အဆင့်မြင့်ဒေသခံများနှင့်အတူ ပစ္စည်းသေတ္တာများ ထပ်မံဖြည့်တင်းမှုကို စတင်နိုင်ပေသည်။
ဤနေရာတွင် တစ်ခုတည်းသောကန့်သတ်ချက်မှာ အဆင့်မြင်ဒေသခံများ အတော်အတန် နည်းပါးခြင်းဖြစ်သည်။ ယခင်က မှော်ဆရာသည် အဆင့်မြင့်ကျွမ်းကျင်သူတစ်ဦးဖြစ်ခဲ့ပြီး အခြားသူများသည် အများအားဖြင့် သာမန်ဒေသခံများသာဖြစ်သည်။
အခြားအသက်ရှင်သန်ကျန်ရစ်သူများ၏ကျွန်းများသည် အခြေခံအားဖြင့် ဒေသခံများအား အဆင့်မြင့်အစားအစာများ ကျွေးမွေးရန်အတွက် ဝန်လေးနေကြသည်။
အချက်တစ်ခုမှာ အဆင့်မြင့်အစားအစာများသည် အလွန်ပေါများမရှိဘဲ ၎င်းတို့၏ကိုယ်ပိုင်မဟာမိတ်အဖွဲ့အတွင်း၌သာ စားသုံးနိုင်သောကြောင့်ဖြစ်သည်။
ဒုတိယအချက်မှာ အကယ်၍ ဒေသခံများသည် အဆင့်မြင့်အစားအစာများကို စားသုံးပြီး ၎င်းတို့၏ကိုယ်ပိုင်အဆင့်များ မြင့်တက်လာပါက ၎င်းတို့ကို စီမံခန့်ခွဲရန်မှာ မလွယ်ကူတော့ပေ။ သူတို့သည် ဒေသခံများ ပုန်ကန်မည်ကို ကြောက်ရွံ့နေခဲ့ကြသည်။
သေချာသည်မှာ အဖွဲ့တစ်ဖွဲ့တွင် B အဆင့်ကျွမ်းကျင်သူတစ်ဦး၊ နှစ်ဦးရှိပါက တိုက်သစ်ကြီး၏အပြင်ဘက်ပိုင်းတွင် B အဆင့်အောက် ရတနာသေတ္တာများကို ရှာဖွေတွေ့ရှိနိုင်သည်။
ပို၍များပြားလာသော ပစ္စည်းသေတ္တာများကို တွေ့ရှိလာသည်နှင့်အမျှ ဈေးကွက်ခန်းမရှိ အရာဝတ္ထုများသည် ပို၍ပို၍ကြွယ်ဝလာခဲ့သည်။
အမျိုးမျိုးသော လက်နက်များ၊ ကိရိယာများနှင့် အဝတ်အစား၊ အစားအစာ၊ နေထိုင်မှု၊ သွားလာမှုအတွက် ပစ္စည်းများသည် မိုးသက်မုန်တိုင်းပြီးနောက် မျှစ်စို့ပေါက်များကဲ့သို့ ပေါ်ထွက်လာခဲ့သည်။
သို့သော် ယခုအချိန်၌ ကုန်သွယ်မှုတွင် ပြဿနာများ အမှန်တကယ်ရှိနေခဲ့သည်။ အချို့သောအရာများသည် မဟာမိတ်အဖွဲ့တစ်ခုအတွက် လုံလောက်သည်။
သို့သော် ပစ္စည်းတစ်ခုသည် အုတ်မြစ်ကျောက်တစ်ခုစာ တန်ဖိုးမရှိခြင်းဖြစ်ပြီး အုတ်မြစ်ကျောက်များကိုလည်း ခွဲခြား၍မရခြင်းပင်။
လူအများစုသည် ကုန်ပစ္စည်းချင်း လဲလှယ်ခြင်းကိုသာ လုပ်ဆောင်နိုင်ကြပြီး ပြဿနာများ ပေါ်ပေါက်လာခဲ့သည်။
မိမိသည် အခြားလူလက်ထဲရှိအရာများကို လိုအပ်နေပေသည်။ သို့သော်လည်း မိမိလက်ထဲတွင် အခြားသူလိုအပ်သောအရာနှင့် ကိုက်ညီသည့်ပစ္စည်းများမရှိချေ။
ဈေးကွက်တွင် ငွေကြေးတစ်မျိုး လိုအပ်နေပြီဖြစ်သည်။
ဂရုထဲရှိလူများသည် ကျယ်လောင်စွာအော်ဟစ်နေကြပြီး ယီရန်ပင်းကို အမြဲတန်းထောက်ခံမည်ဟု ပြောနေကြသော်လည်း ၎င်းတို့၏ကိုယ်ပိုင်အကျိုးစီးပွားနှင့်သက်ဆိုင်လာသောအခါ ၎င်းတို့အများစုသည် ရှောင်းယီ၏ဒစ်ဂျစ်တယ်ငွေကြေးကိုအသုံးပြုရန် မလိုလားကြချေ။
ရှောင်းယီသည်လည်း ဂရုမစိုက်ပေ။ သူသည် သူ၏မဟာမိတ်အဖွဲ့အတွင်းရှိ ကုန်သွယ်မှုများ ချောမွေ့စေမှုကိုသာ သေချာစေရန်လိုအပ်သည်။ အခြားသူများသည် သူ၏ဒစ်ဂျစ်တယ်ငွေကြေးကိုအသုံးပြုခြင်းက ကောင်းသော်လည်း အသုံးပြုပါကလည်း ဘာမှမဖြစ်ချေ။
အခြားသူများသည် သူ၏ငွေကြေးစနစ်ကို အသုံးပြုမည်ဆိုပါက အုတ်မြစ်ကျောက်များကိုသာ ဒစ်ဂျစ်တယ်ငွေကြေးနှင့် လဲလှယ်နိုင်ပေသည်။
“သေစမ်း ဒီလိုကုန်သွယ်ရတာက အရမ်းစိတ်ညစ်စရာကောင်းတယ်။ ဂရုထဲမှာ ယီရန်ပင်းရဲ့ အပန်းဖြေစခန်းကို သွားဖူးတဲ့သူရှိလား။ သူတို့မှာ အိုင်ဒီကတ်ရှိသင့်တယ်။ အိုင်ဒီကတ်ပေါ်က ဒစ်ဂျစ်တယ်ငွေကြေးနဲ့ တိုက်ရိုက်ကုန်သွယ်ကြည့်ကြရအောင်။”
“ကျုပ်တို့မဟာမိတ်အဖွဲ့မှာ ရှိတယ်။ ကတ်ထဲမှာ ငွေနည်းနည်းတော့ ကျန်သေးတယ်။”
“ကျုပ်တို့မဟာမိတ်အဖွဲ့မှာလည်း ရှိတယ်။ လာပါ ခင်ဗျားရဲ့ကတ်နံပါတ်ကို ပြောပြ။ ကျုပ်တို့ကုန်သွယ်ကြမယ်။”
“စမ်းကြည့်လိုက်တာပေါ့။ ထွန်စက်တစ်ခုကို ၂၅ ယွမ်ပဲ၊ ခင်ဗျားရဲ့ကတ်နဲ့ ငွေလွှဲလိုက်။”
“အိုကေ။ လွှဲပြီးပြီ မြင်လား။”
“သူဌေးရဲ့ အိုင်ဒီကတ်က အရမ်းအံ့ဩစရာကောင်းတယ်။ ဒီလောက်အဝေးကြီးကနေတောင် ငွေလွှဲလို့ရသေးတယ်။”
“ဒါက အရမ်းအသုံးဝင်တယ်။ ဘာပဲဖြစ်ဖြစ် ငါသူဌေးရဲ့စီးပွားရေးစနစ်ထဲကို ဝင်ချင်တယ်။”
“တကယ်ပဲ အဲ့လောက်အစွမ်းထက်လို့လား။”
အချို့လူများက ဆက်လက်သံသယဖြစ်နေဆဲပင်။
“မင်းရဲ့မဟာမိတ်အဖွဲ့မှာ အပန်းဖြေစခန်းကို သွားဖူးတဲ့သူတစ်ယောက်တော့ ရှိသင့်တယ်။ ယာယီကတ်တွေတောင် ဒါကိုလုပ်နိုင်တယ်။ မင်းကိုယ်တိုင်စမ်းကြည့်လိုက်ရင် သိလာလိမ့်မယ်။”
“ဒါပေမယ့် အခု ပြဿနာတစ်ခုရှိနေတယ်။ အကယ်၍ တစ်စုံတစ်ယောက်က ပစ္စည်းတွေယူပြီး ငွေမပေးရင် ဘာလိုလုပ်မလဲ။”
ငွေလွှဲခြင်းတွင် ခရက်ဒစ်ကာလရှိသည်။ ထိုကာလအတွင်း သင်လွှဲထုတ်လိုက်သောငွေကို ပယ်ဖျက်ပြီး ပြန်ယူနိုင်သည်။ သို့သော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ကုန်သွယ်ထားသောအရာများကိုမူ ပြန်ယူ၍မရချေ။
“အာ ဒီလိုဆိုရင် သူဌေးကိုပဲ အားကိုးရတော့မယ်။ @ယီရန်ပင်း၊ သူဌေး ဒီပြဿနာကို ဖြေရှင်းပေးနိုင်မလား။ ဒီပြဿနာကို ဖြေရှင်းပြီးရင် လူတွေအများကြီးက ခင်ဗျားရဲ့ အိုင်ဒီကတ်ကို အသုံးပြုလာကြမယ်လို့ ကျုပ်ယုံကြည်တယ်။”