← Chapters

အခန်း (၆၁၉-၆၂၀)

Vol. 45 Ch. 619-620

အခန်း (၆၁၉-၆၂၀)

Vol. 45 Ch. 619-620

အခန်း ၆၁၉ ပိုမိုများပြားသော သတင်းအချက်အလက်များ၊ အုတ်မြစ်ကျောက် ၂၀၀,၀၀၀

“အခုလား”

ရှောင်းယီ အနည်းငယ် ကြောင်အသွားခဲ့သည်။ ရှီခုန်းသည် ဤမျှစိတ်အားထက်သန်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ထို့နောက် သူက ပြုံးကာပြောလိုက်သည်။

“ဒါပေါ့။”

ရှောင်းယီသည် ယွမ်ရှီဆီမှ မြို့ပြန်ကျောက်ကို ပြန်ယူလိုက်ပြီး ရှီခုန်းထံသို့ ပေးအပ်လိုက်သည်။

“ဒီလိုမျိုး ကျောက်တုံးသေးသေးလေးက တကယ်ပဲ အရမ်းကြီးမားတဲ့ လေဟာနယ်စွမ်းအားတွေရှိနေတာပဲ။”

ရှီခုန်းသည် မြို့ပြန်ကျောက်ကိုကြည့်ရင်း အံ့အားသင့်သွားသည့်လေသံဖြင့် ပြောလိုက်သည်။

“အင်း ခင်ဗျားအရင်က မမြင်ဖူးဘူးလား။ ခင်ဗျားတို့မြို့တော်ဝန်နဲ့ မှော်ဆရာတွေဆီမှာ တစ်ခုစီရှိသင့်တယ်။”

ရှောင်းယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

ရှီခုန်းက ခေါင်းခါကာ ပြန်ဖြေလာခဲ့သည်။

“ကျူပ်က တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုပဲ တာဝန်ယူရတာ။ သူတို့က ကျုပ်ကို တခြားဘာမှမပြောဘူး။”

ရှောင်းယီက ခေါင်းညိတ်ကာ မြို့ပြန်ကျောက်အသုံးပြုပုံကို ရှင်းပြပြီးနောက် ရှီခုန်းနှင့်အတူ အပန်းဖြေစခန်းဝင်ပေါက်ရှိ ရင်ပြင်သို့ ချက်ချင်းပင် တည်နေရာကူးပြောင်းသွားခဲ့သည်။

ရင်ပြင်ရှိ လှည့်လည်ကင်းထောက်နေသော အဖွဲ့သည် ရှောင်းယီအား မြင်လိုက်ရသောအခါ ချက်ချင်းပင် အရိုအသေပေးလိုက်ကြသည်။

“ကျွန်းပိုင်ရှင်ကို နှုတ်ဆက်ပါတယ်။”

ရှောင်းယီက ခေါင်းညိမ့်ကာ တုံ့ပြန်လိုက်ပြီး ရှီခုန်းကို အပန်းဖြေစခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ချူဖုန်းမြို့နှင့် လုံးဝကွဲပြားခြားနားသော ဗိသုကာလက်ရာကို မြင်လိုက်ရသောအခါ ရှီခုန်းသည် အလွန်အမင်း အံ့အားသင့်သွားခဲ့ခြင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် လူပုပြည်ထောင်စု၊ ဆီးနှင်းသစ်ရွက်မြို့တို့ပင် ချူဖုန်းမြို့နှင့် ဗိသုကာပုံစံ အနည်းငယ်ကွဲပြားနေသောကြောင့် အံ့သြစရာမရှိပေ။

သူသည် ရှီခုန်းအား ဉာဏ်ရည်တုချစ်ပ်စက်ဆီသို့ ခေါ်ဆောင်သွားပြီး ရှီခုန်း၏ခန္ဓာကိုယ်အတွင်းသို့ ချစ်ပ်တစ်ခု ထည့်သွင်းပေးခဲ့သည်။

ရှောင်းယီသည် သူ့အား ချစ်ပ်အသုံးပြုပုံကို ရှင်းပြခဲ့ပြီးနောက် ရှီခုန်း အံ့အားသင့်သွားခဲ့သည်။

သူသည် ယခင်က ဤမျှအဆင့်မြင့်သော ပစ္စည်းများကို မမြင်ဖူးခဲ့‌ပေ။

ထို့နောက် ရှောင်းယီသည် သူ့ကို အပန်းဖြေစခန်းအတွင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ အပန်းဖြေစခန်းသည် ယနေ့ထိတိုင် လူများဖြင့် ပြည့်နှက်နေဆဲပင်။

အဘယ်ကြောင့်ဆိုသော် ရာသီဥတုသည် အရမ်းပူပြင်းနေခြင်းမရှိတော့ဘဲ အချို့လူများသည် ပင်လယ်ကမ်းခြေပေါ်တွင် အနားယူကာ ပင်လယ်ထဲမှတိုက်ခတ်လာသောလေညင်းများကို ခံစားနေကြသောကြောင့်ပင်။

များပြားလှသောလူများ အေးဆေးတည်ငြိမ်စွာ စကားပြောရင်း ရယ်မောနေကြသည်ကို မြင်လိုက်ရသောအခါ ရှီခုန်းသည် နှစ်ပေါင်းများစွာ ထပ်ကာထပ်ကာ အလုပ်လုပ်ကိုင်ခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။

အရက်ဆိုင်ထဲသို့ လျှောက်ဝင်လာသောအခါ ရှီခုန်း၏နှာခေါင်းမှာ တုန်ခါလာပြီး အမျိုးမျိုးသော အရက်အနံ့များကို ရှူရှိုက်မိသွားခဲ့သည်။ ၎င်းတို့ထဲမှ အများစုကို သူယခင်က တစ်ခုမျှ မသောက်ခဲ့ဖူးပေ။

“ဒူခန်း အရက်တွေအကုန်လုံးကို ယူလာခဲ့။ အကုန်လုံး B အဆင့်တွေပဲ။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ကောင်းပြီ...။”

ဒူခန်းက ပြန်ဖြေလိုက်ပြီး အရက်များအားလုံးကို ချက်ချင်းပင် တည်ခင်းပေးလိုက်လေသည်။

ရှီခုန်းသည် အရက်တစ်မျိုးစီကို ဂရုတစိုက် မြည်းစမ်းကြည့်လိုက်သည်။

နောက်ဆုံးတွင် ရှီခုန်းသည် ရေကြည်တစ်ခွက်နှင့် တူသော အရက်တစ်ခွက်ကို ကောက်ယူကာ မေးလိုက်သည်။

“ဒီအရက်က ဘာအရက်လဲ။”

“ဘိုင််ကျို(အရက်ဖြူ) သီးနှံတွေကနေ ချက်လုပ်ထားတဲ့ အရက်တစ်မျိုးဖြစ်ပြီး အတော်လေးစပ်ဖျဥ်းဖျဥ်းနိုင်တယ်။ ဖြည်းဖြည်းချင်းသောက်ကြည့်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ရှီခုန်းသည် ၎င်းကို ဂရုတစိုက်ဖြင့် တစ်ငုံမြည်းစမ်းကြည့်လိုက်ပြီးနောက် စပ်ဖျဉ်းဖျဉ်းအရသာတစ်ခုသည် သူ၏ပါးစပ်ထဲမှ အစာအိမ်ထဲသို့ တိုက်ရိုက်လောင်ကျွမ်းသွားခဲ့သည်။

“အား”

ရှီခုန်းဆီမှ စပ်သွားသောအသံတစ်ခု ထွက်လာခဲ့သော်လည်း သူ၏မျက်လုံးများမှာမူ မယုံနိုင်လောက်အောင် ထွန်းလင်းတောက်ပနေခဲ့သည်။

“ဒါက ယောက်ျားတစ်ယောက် သောက်သင့်တဲ့ အရက်ပဲ။ အနာဂတ်မှာ ဒါကိုသောက်လို့ရမလား။”

ရှီခုန်းသည် ရှောင်းယီအား တောက်ပနေသောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

“ဒါပေါ့ ခင်ဗျားရဲ့လစာက ဒါတွေသောက်ဖို့ လုံလောက်တယ်လို့ ကျုပ်ပြောပြီးသားပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် ခင်ဗျားကို တစ်ခုတော့ သတိပေးထားရမယ်။ အလုပ်ချိန်အတွင်းမှာ သောက်လို့မရဘူး။ အရက်ခိုးသောက်တာမိသွားရင် အရက်ထပ်မရတော့ဘူးနော်။”

“အာ”

ရှီခုန်းက မျက်မှောင်ကြုံ့ကာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ အလုပ်ချိန်အတွင်း ကျုပ် လုံးဝမသောက်ဘူး။”

ရှောင်းယီသည် အရက်၏အရသာကို ဆက်လက်ခံစားနေဆဲဖြစ်သော ရှီခုန်းကို ကြည့်ရင်း ရုတ်တရက်မေးခွန်းတစ်ခုကို သတိရလာခဲ့သည်။

“ခင်ဗျားတို့တိုက်ကြီးပေါ်မှာ စံနှုန်းတစ်ခုတည်းသုံးတဲ့ ငွေကြေးစနစ်မျိုးရှိလား။ ဥပမာ ချူဖုန်းမြို့က လူပုပြည်ထောင်ဆီက‌နေ ဘီယာဝယ်တဲ့အခါ ဘာတွေသုံးလဲ။”

ရှီခုန်းသည် အနည်းငယ် ကြောင်အသွားပြီးနောက် ပြန်ဖြေလိုက်သည်။

“အခြေခံအားဖြင့်တော့ ပစ္စည်းချင်းလဲလှယ်ကြတာပါပဲ။ ဒါပေမယ့် ကျုပ်တို့မှာ လူတိုင်းအသိအမှတ်ပြုထားတဲ့အရာတစ်ခုရှိတယ်။ ဘယ်ပစ္စည်းကိုမဆို အဲဒီအရာနဲ့ တိုင်းတာလို့ရတယ်။”

ရှောင်းယီသည် ရှီခုန်းဆက်ပြောမည့်စကားများကို စောင့်ဆိုင်းနေရင်း ရွှေကဲ့သို့သော အရာတစ်ခုကို တွေးမိသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရွှေသည် ယခင်ကမ္ဘာတွင် ခိုင်မာသောငွေကြေးတစ်ခုဖြစ်ခဲ့သောကြောင့်ပင်။

ရှီခုန်းသည် စကားခဏရပ်လိုက်ပြီးနောက် သူ၏ပါးစပ်ထဲမှ ထွက်ကျလာသော စကားလုံးနှစ်လုံးက ရှောင်းယီ၏မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။

“အုတ်မြစ်ကျောက်။”

ရှောင်းယီ၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ရှီခုန်းသည် သူ ထိုအရာကို မကြားဖူးသောကြောင့်ဟူ၍သာ ယူဆလိုက်သည်။ ကျောက်တုံးတစ်ခုကို ခိုင်မာသောငွေကြေးအဖြစ် အသုံးပြုသည်ကို ကြားလိုက်ရ၍ အံ့အားသင့်နေခြင်းသာဖြစ်ရပေမည်။ ထို့ကြောင့် သူက ဆက်လက်ရှင်းပြလိုက်သည်။

“အုတ်မြစ်ကျောက်ဆိုတာက အနက်ရောင် ကျောက်စရစ်ခဲသေးသေးလေးတစ်မျိုးပဲ။ သူတို့ရဲ့ပမာဏက ကန့်သတ်ချက်ရှိပြီး သူတို့ရဲ့ဂုဏ်သတ္တိတွေကတော့ ရှေးယခင်ကတည်းက ပြောင်းလဲမှုမရှိဘဲ တည်ရှိနေခဲ့တယ်။ သူတို့ကို ပစ္စည်းတွေရဲ့ တန်ဖိုးကို ကိန်းသေတိုင်းတာမှုအဖြစ် အသုံးပြုတာက အတော်လေး တည်ငြိမ်တယ်။ သူတို့မှာ အခြားအသုံးဝင်ပုံတွေလည်း ရှိတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ကျုပ်တို့ အခုထိ မသိရသေးဘူး။”

ရှောင်းယီ အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်ပြီး သူ၏နှလုံးသားသည်လည်း အံ့အားသင့်မှုဖြင့် ပြည့်နှက်နေခဲ့သည်။

နောက်ကွယ်က အဓိကကြိုးကိုင်သူက ဘယ်လောက်တောင်ကြီးမားတဲ့ ဂိမ်းကြီးကိုဆော့နေတာလဲ။ ဒီဂိမ်းကိုဆော့ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။

“ကျုပ်နားလည်ပြီ။”

ရှောင်းယီ သက်ပြင်းအရှည်ကြီးချလိုက်မိသည်။

“ခင်ဗျားဒီမှာ နေချင်လား။ ဒါမှမဟုတ် ချူဖုန်းမြို့ကို ပြန်သွားမလား။”

“ငါ ဒီမှာနေလို့ရလို့လား။”

ရှီခုန်းက ပြောလိုက်သည်။

“တည်နေရာကူးပြောင်းခြင်းအစီအရင်က မဖွင့်ရသေးဘူးလေ။ ခင်ဗျား အနားယူလို့ရသေးတယ်။ ခင်ဗျားဘယ်မှာနေချင်လဲဆိုတာကိုတော့ ခင်ဗျားကိုယ်တိုင်ဆုံးဖြတ်လို့ရပါတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါဆို ငါ ဒီမှာပဲနေမယ်။ ညီငယ်လေး ဘိုင််ကျိုနောက်တစ်အိုးလောက် ထပ်ယူပေးပါဦး။”

ရှီခုန်းက ယဉ်ကျေးမနေတော့ဘဲ ပြောလိုက်သည်။

သို့သော် ဘေးနားတွင်ရှိနေသော ဒူခန်းသည် သူပြောနေသည်ကို နားမလည်နိုင်ဘဲ ရှီခုန်းကိုသာ အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

ရှီခုန်းသည်လည်း အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

“ဒါက ဘာပြောချင်တာလဲ။ သူတို့က မပေးဘူးလား။ ငါ့ရဲ့ချစ်ပ်ထဲမှာ ပိုက်ဆံရှိတယ်လို့တော့ ငါထင်တယ်။”

“ခင်ဗျား ဘာသာပြန်တစ်ယောက်ခေါ်လာတာ ပိုကောင်းမယ်။ ကျုပ်က ခင်ဗျားရဲ့စကားကို နားလည်တယ်။ ဒါပေမယ့် သူတို့ကတော့ နားမလည်ဘူး။”

ရှောင်းယီက ပြောလိုက်သည်။

ရှီခုန်းက ရုတ်တရက် သဘောပေါက်သွားပြီး မေးလိုက်သည်။

“ဒီကျွန်းပေါ်မှာ ဘာသာပြန်တွေရှိလား။”

“ရှိတာပေါ့။ ဒူခန်း၊ ဆုဝမ်ဆီသွားပြီး ချူဖုန်းမြို့ ဘာသာစကားကို နားလည်တဲ့ ဘာသာပြန်တစ်ယောက် တောင်းလိုက်ပါ။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ဒူခန်းက ပြန်ဖြေလိုက်ပြီး ချက်ချင်းပင် ဆုဝမ်ဆီသို့ ဖုန်းခေါ်လိုက်သည်။

မကြာမီ သူတို့ဆီသို့ လူငယ်တစ်ဦး အပြေးရောက်လာခဲ့သည်။ သူသည် ဆုဝမ်မှ စီစဉ်ပေးလိုက်သော ဘာသာပြန်ဖြစ်သည်။

ဘာသာပြန် ရောက်လာပြီးနောက် ရှောင်းယီသည်လည်း ဘားထဲမှ ထွက်ခွာလာခဲ့သည်။

သူသည် ရှီခုန်းကို သက်တမ်းကုန်သွားသော ဘီယာများအား သောက်နေသည်ကို မြင်လိုက်ရပြီးနောက် ဤလေဟာနယ်စွမ်းအားရှင်ရှေ့တွင် သူ၏ဘီယာကို ကြော်ညာရန် ရုတ်တရက်စိတ်ကူးရလာခဲ့သည်။ ဤမျှများပြားလှသော သတင်းအချက်အလက်များရရှိလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

“အုတ်မြစ်ကျောက်တွေက ဒီတိုက်ပေါ်မှာရှိတဲ့ ခိုင်မာတဲ့ငွေကြေးတစ်ခုဖြစ်နေမှတော့ ချူဖုန်းမြို့မှာလည်း သိုလှောင်ထားတဲ့အုတ်မြစ်ကျောက်တွေ ရှိသင့်တယ်။”

ရှောင်းယီသည် တစ်ကိုယ်တည်း တွေးလိုက်ပြီး ချူဖုန်းမြို့ဆီသို့ ချက်ချင်းပင် ပြန်လည်၍ ကူးပြောင်းသွားခဲ့သည်။

ချူဖုန်းမြို့ရှိ မြို့တော်ဝန်အိမ်တော်ထဲသို့ ဝင်လိုက်သည်နှင့် ကျန်းယွင်ထျန်းသည် ဝမ်းမြောက်ဝမ်းသာဖြင့် ရှောင်းယီကို ကြိုဆိုကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ငါဘဏ္ဍာတိုက်ထဲမှာ ဘာတွေ့ခဲ့လဲဆိုတာ မှန်းကြည့်စမ်း။”

“အုတ်မြစ်ကျောက်လား။ ပြီးတော့ အတော်များများရှိရမယ် ဟုတ်တယ်မလား။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အာ မင်းဘယ်လိုသိတာလဲ။”

ကျန်းယွင်ထျန်း အံ့ဩသွားခဲ့သည်။

“ငါ ရှီခုန်းနဲ့ စကားပြောနေတုန်းက အုတ်မြစ်ကျောက်တွေက တကယ်တော့ ဒီတိုက်ကြီးရဲ့ ခိုင်မာတဲ့ငွေကြေးတစ်ခုဆိုတာ သိလိုက်ရတယ်။ ချူဖုန်းမြို့မှာလည်း အုတ်မြစ်ကျောက်သိုလှောင်မှုတွေ ရှိသင့်တယ်လို့ ငါတွက်ချက်ခဲ့တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒီမြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်နဲ့ဆိုရင် တခြားအရာတွေက ငါတို့ကျွန်းနဲ့ ယှဉ်လို့မရဘူး။ မင်းကို ဒီလောက်စိတ်လှုပ်ရှားစေတဲ့အထိ မဖြစ်စေနိုင်ဘူး။ ငါတို့အတွက် အရမ်းအရေးကြီးတဲ့ အုတ်မြစ်ကျောက်တွေကြောင့်ပဲ မင်းဒီလောက်ပျော်နေတာပေါ့။”

“အာ ငါပျော်နေတယ်ဆိုတာ အဲ့လောက်သိသာနေတာလား။”

ကျန်းယွင်ထျန်း အနည်းငယ် ပြောစရာစကားများ ကင်းမဲ့သွားခဲ့သည်။

“သိပ်မသိသာပါဘူး။ ဒါပေမယ့် အရမ်းထင်ရှားတယ်။”

ရှောင်းယီက ထိုသို့ပြောပြီး ဘဏ္ဍာတိုက်ဆီသို့ လျှောက်သွားလိုက်သည်။

ဘဏ္ဍာတိုက်ထဲတွင် ချူဖုန်းမြို့၏ ကိုယ်ပိုင်ငွေကြေး၊ ရွှေငွေရတနာများနှင့် အခြားပစ္စည်းများ ပါဝင်သည်။ ၎င်းတို့သည် တိုက်တစ်ခုလုံးတွင် ခိုင်မာသောငွေကြေးများမဟုတ်သော်လည်း လူသားမြို့ပြများတွင်တော့ နေရာတစ်ခုတော့ ရှိနေဆဲဖြစ်သည်။

အလယ်ဗဟိုတွင် စန္ဒကူးသစ်သားသေတ္တာ ၁၀ လုံးပုံထားပြီး ၎င်းတို့အနက်မှ တစ်လုံးကို ဖွင့်ထားပြီးဖြစ်သည်။

ရှောင်းယီသည် ၎င်းတို့ထံသို့ တက်သွားလိုက်ပြီးနောက် သူမြင်ရသည်မှာ သေသပ်စွာ စီစဉ်ထားသော အုတ်မြစ်ကျောက်များဖြင့် ပြည့်သိပ်နေသည်ကိုပင်။

“ငါရေတွက်ကြည့်ထားတယ်။ အလွှာတစ်ခုကို အုတ်မြစ်ကျောက် ၁၀၀၀ ရှိတယ်။ ဒီသေတ္တာက အလွှာ ၂၀ လောက်ရှိတယ်။ အဲ့ဒါကြောင့် သေတ္တာတစ်လုံးက အုတ်မြစ်ကျောက် ၂၀၀၀၀ လောက်ရှိတယ်။”

ကျန်းယွင်ထျန်းက နောက်ကနေလိုက်လာပြီး ပြောလိုက်သည်။

“ချူဖုန်းမြို့လို မြို့လေးတစ်မြို့မှာ အုတ်မြစ်ကျောက် ၂၀၀၀၀၀ ရှိတယ်။ ဒါက အသက်ရှင်သန်ကျန်ရစ်သူတွေကို ဒီတိုက်ကြီးကို သိမ်းပိုက်ချင်လာအောင် ဆွဲဆောင်ဖို့လား။”

အခန်း ၆၂၀: သားရဲအဓိကရုဏ်း၊ ဂျေဘီကို ညှဉ်းပန်းနှိပ်စက်ခြင်း

ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“သေချာတာပေါ့။ ဒီကိစ္စကိုသာ လူတိုင်းသိသွားရင် အသက်ရှင်သန်ကျန်ရစ်သူတွေက အန္တရာယ်မျိုးစုံကို သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်။”

“သိပ်လည်း စိုးရိမ်မနေပါနဲ့။ ဒီအကြောင်း နောက်မှပြောကြတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

“ချူဖုန်းမြို့မှာ အုတ်မြစ်ကျောက်တွေရှိတယ်ဆိုတာ ဘယ်နှစ်ယောက်သိထားလဲ။”

“တစ်ယောက်မှ မသိဘူး။ သူတို့ ဒီဘဏ္ဍာတိုက်ကို တွေ့ပြီးတဲ့နောက် ငါ့ကို တိုက်ရိုက်အသိပေးခဲ့တာ။ ငါလာကြည့်တော့ ဒီမှာ ဘာတစ်ခုမှ မထိတွေ့ထားဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“အချိန်တိုအတွင်း ဒီကိစ္စကို ထုတ်မပြောနဲ့ဦး။”

ရှောင်းယီက ညွှန်ကြားလိုက်သည်။

“ငါနားလည်ပါတယ်။ ဒီအုတ်မြစ်ကျောက်တွေကို ဘယ်လိုကိုင်တွယ်ရမလဲ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“သေချာပေါက် သယ်ပြန်ရမှာပေါ့။ ဒီမှာထားလို့အသုံးမဝင်ဘူး။”

ရှောင်းယီသည် ထိုသို့ပြောလိုက်ပြီး အုတ်မြစ်ကျောက်သေတ္တာဆယ်လုံးကို သူကိုယ်တိုင် ကျွန်းပေါ်သို့ သယ်ဆောင်သွားခဲ့သည်။

“မနက်ဖြန် ညနေ ၆ နာရီမှာ ဂျေဘီကို ကမ္ဘာသစ်ဆီ တည်နေရာကူးပြောင်းခွင့်ပေးတော့မယ်။ အဲဒီအချိန်ကျရင် နိုင်ငံခြားသားတွေ အများကြီးဝင်လာနိုင်တယ်။ လူတိုင်းပဲ အမြန်ဆုံး စူးစမ်းရှာဖွေကြပါ။”

“အာ မြန်လှချည်လား။ ၂၄ နာရီထက်တောင် နည်းနေသေးတယ်လေ။”

“ကျုပ်တို့မဟာမိတ်အဖွဲ့တွေက C အဆင့် ပစ္စည်းသေတ္တာ ၅၀ နဲ့ B အဆင့် ပစ္စည်းသေတ္တာ ၆ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးပြီ။ ကျုပ်တို့အဖွဲ့ရဲ့အဆင့်သာ နိမ့်မနေရင် ပိုပြီးနက်ရှိုင်းတဲ့နေရာတွေကို စူးစမ်းချင်မိတယ်။”

“ငလူး မင်းတို့မဟာမိတ်အဖွဲ့က ကောင်းကောင်းရိတ်သိမ်းနိုင်ခဲ့တာပဲကွ။”

“ကျုပ်တို့မဟာမိတ်အဖွဲ့က သူတို့ထက်တောင် ပိုများနေသလိုပဲ။”

“မင်းတို့ အဖွဲ့ဘယ်နှစ်ဖွဲ့ စေလွှတ်လိုက်တာလဲ။ ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး ရိတ်သိမ်းနိုင်ခဲ့တာတုန်း။”

“ကျုပ်တို့မှာ လူအများကြီးမရှိပါဘူး။ အဖွဲ့ ၃၀ လောက်ပါပဲ။”

“ချီး မင်းတို့မဟာမိတ်အဖွဲ့မှာ အသက်ရှင်သန်ကျန်ရစ်သူတွေ အများကြီးရှိနေတာလား။”

“တကယ်ပဲ အတော်များများရှိတယ်။ ဒါပေမယ့် ကျုပ်တို့အဖွဲ့တွေအားလုံးက ရှင်သန်ကျန်ရစ်သူတစ်ယောက်၊ နှစ်ယောက်ပဲပါတာ။ ကျန်တာတွေကိုတော့ ဒေသခံ သုံးယောက်၊ လေးယောက်နဲ့ ဖွဲ့စည်းထားတယ်။ ဒါက အထိရောက်ဆုံးနည်းလမ်းပဲ။”

“အင်း နည်းလမ်းမရှိဘူး။ ကျုပ်တို့မှာ ဖမ်းမိထားတဲ့ ဒေသခံက အရမ်းနည်းပြီး အဆင့်တွေကလည်းနိမ့်တယ်။ မင်းတို့ကို အားကျရုံပဲတတ်နိုင်တော့တယ်။”

“သေစမ်း ကူညီကြပါဦး။”

“အပေါ်ကလူ ဘာဖြစ်တာလဲ။ မင်းက ပစ္စည်းသေတ္တာ နည်းနည်းပဲဖွင့်ခဲ့ရလို့ သေမလိုဖြစ်နေတာလား။”

“အား... ကျုပ်ရဲ့ ကျွန်းပေါ်က တောအုပ်ထဲမှာ ဆူပူသောင်းကြမ်းနေကြပြီ။”

စောစောက အိုင်ဒီက ထပ်ပြောလိုက်သည်။

“တောအုပ်က ဆူပူအုံကြွလို့ရလို့လား။”

“သူပြောနေတာက တောအုပ်ထဲမှာ အသစ်ထပ်ပေါ်လာတဲ့ သားရဲတွေ ဆူပူသောင်းကျန်းနေတာလို့ ကျုပ်ထင်တယ်။”

“အား ဒါကလည်း ဆူပူအုံကြွလို့ရတာပဲလား။”

“သေချာတာပေါ့ ဂိမ်းထဲမှာလိုပဲ။ မင်း အခြေစိုက်စခန်းတစ်ခုတည်ဆောက်ပြီး တောအုပ်ထဲက တိရစ္ဆာန်တွေရဲ့ နေထိုင်ရာနေရာကို သိမ်းပိုက်လိုက်တာလေ။ သူတို့က အမြဲတမ်း မင်းရဲ့အခြေစိုက်စခန်းကို တိုက်ခိုက်လိမ့်မယ်။ ငါထင်တာတော့ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက သူတို့က တောအုပ်ထဲက အသစ်ထပ်မံဖြစ်ပေါ်မှုတွေကို ကောင်းကောင်းမထိန်းချုပ်နိုင်လို့ပဲ။”

“ချီးဘဲ ကျုပ်တို့လည်း အဖွဲ့တွေကို ဒီနှစ်ရက်အတွင်း တိုက်သစ်ကြီးကို စေလွှတ်ထားတာ။ ဆူပူအုံကြွမှုတွေ ဖြစ်လာမလားမသိဘူး။ ကျွန်းပေါ်က အဖွဲ့တွေကို မြန်မြန်ပြောပြဖို့လိုတယ်။ တောအုပ်ထဲက အသစ်ပြန်လည်ဖြစ်ပေါ်မှုကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းရမယ်။”

“ကျုပ်တို့ကျွန်းပေါ်က တောအုပ်ထဲက တိရစ္ဆာန်တွေ ရဲ့ အသစ်ပြန်လည်ဖြစ်ပေါ်မှုမြန်နှုန်းက အရင်ကထက်ပိုမြန်နေသလိုပဲ။”

“ပိုမြန်နေလို့ပဲဖြစ်သင့်တယ်။ ကျုပ်တို့ရှင်းလင်းပစ်ခဲ့တဲ့အကြိမ်ရေက မပြောင်းလဲသေးပေမယ့် အခု သားရဲအဓိကရုဏ်းတွေဖြစ်နေတာ။ ဒါက အသစ်ပြန်လည်ဖြစ်ပေါ်မှုက ပိုမြန်လာပြီလို့ ဆိုလိုနေတာပဲ။”

“ဟုတ်လား။ ငါအရမ်းကြောက်သွားပြီ။ ငါ့ရဲ့ စတုရန်းမီတာ ၁၀၀ ပဲရှိတဲ့ကျွန်းလေးကို မြန်မြန်သွားကြည့်လိုက်ဦးမယ်။”

“စတုရန်းမီတာ ၁၀၀လား။ တစ်ချက်ကြည့်ရုံနဲ့တင် ဖြတ်မြင်နိုင်တယ်။ ဘာကိုစိုးရိမ်နေတာလဲ။”

ထိုကဲ့သို့ ဖြစ်ပျက်နေသည်များကို မြင်လိုက်ရသောအခါ ရှောင်းယီသည် မဟာမိတ်အဖွဲ့အုပ်စုထဲရှိ ကျွန်းများကို ချက်ချင်းပင် သတိပေးလိုက်သည်။

“ဂရုထဲမှာ တစ်ယောက်ယောက်က တိရစ္ဆာန်တွေ ထပ်ဖြည့်ပေးတဲ့မြန်နှုန်းက အခုတလော ပိုမြန်လာတယ်လို့ သတင်းပို့နေတယ်။ လူတိုင်းပဲ ကိုယ့်ကျွန်းပေါ်က တောအုပ်ထဲမှာ တိရစ္ဆာန်ထပ်ဖြည့်မှုတွေကို အာရုံစိုက်ထားပါ။ ပြဿနာတစ်ခုခုတွေ့ရင် အချိန်မီအကူအညီတောင်းရမယ်။”

“ဟုတ်ကဲ့”

လူတိုင်းက တုံ့ပြန်လိုက်ကြသည်။

အနည်းငယ်တွေးတောလိုက်ပြီးနောက် ရှောင်းယီသည် ရှုံးတိထံသို့ သတင်းစကားတစ်ခု ပေးပို့လိုက်သည်။ တိုက်သစ်ကြီးရှိ အသစ်ပြန်လည်ဖြစ်ပေါ်မှုစည်းမျဉ်းများသည် ၎င်းတို့ကျွန်းပေါ်ရှိ အသစ်ပြန်လည်ဖြစ်ပေါ်မှုစည်းမျဉ်းများနှင့် တူ၊မတူ မသိသော်လည်း သတိပေးထားခြင်းက အကျိုးမယုတ်ချေ။

“ကျွန်းပိုင်ရှင် ရွှမ်းယွမ်ကျွန်းပေါ်မှာ သားရဲဆူပူအုံကြွမှုရဲ့လက္ခဏာတွေ ရှိနေပါတယ်။ အကူအညီလိုအပ်ပါတယ်။”

ချူရှန်းက အလျင်အမြန် သတင်းပို့လာခဲ့သည်။

ရွှမ်းယွမ်ကျွန်းသည် ရွှမ်းယွမ်ဝူဝေ့၏ကျွန်းဖြစ်သည်။ ဤနှစ်ရက်အတွင်း ချူရှန်းနှင့် သူ၏ညီ ချူဖုန်းတို့သည် မဟာမိတ်အဖွဲ့ကို ထိုနေရာ၌ စီမံခန့်ခွဲနေခဲ့ခြင်းဖြစ်သည်။

အစက လူတိုင်းက ထိုကျွန်းကို ရွှမ်းယွမ်ကျွန်းဟု မှည့်ခေါ်ရန် မလိုလားခဲ့ကြပေ။ အဓိကအကြောင်းရင်းမှာ ရွှမ်းယွမ်ဝူဝေ့လုပ်ခဲ့သောအရာများက ယုတ်ညံ့လွန်းသောကြောင့်ပင်။

သို့သော် ရှောင်းယီသည် လူတိုင်း၏ကန့်ကွက်မှုများကို ပယ်ချခဲ့ပြီး သူ၏အကြောင်းပြချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ရွှမ်းယွမ်ကိုယ်၌ကပင် ရှားနိုင်ငံ၏အမည်နာမတစ်ခုဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် အသုံးမပြုနိုင်ရမည်နည်း။

သူကိုယ်တိုင်၌လည်း ရွှမ်းယွမ်ဓားတစ်ချောင်း ရှိပေသည်။ ရွှမ်းယွမ်ဝူဝေ့၏ကိစ္စကြောင့် သူ့လက်ထဲက ဓားကြီး၏နာမည်ကို ပြောင်းလဲရမည်လော။

တစ်ချိန်တည်းမှာပင် လူတစ်ဦး၏ဂုဏ်သိက္ခာ ယိုယွင်းပျက်စီးမှုကြောင့် နာမည်တစ်ခုကို ငြင်းပယ်၍မရပေ။

အဆုံးတွင် လူတိုင်း၌ ကန့်ကွက်စရာမရှိတော့ပေ။ ထို့ကြောင့် ရွှမ်းယွမ်မဟာမိတ်အဖွဲ့၏ကျွန်းသည် ရွှမ်းယွမ်ဟူသည့်အမည်ကို ဆက်လက်အသုံးပြုခဲ့သည်။

“အုံကြွနေတဲ့ သားရဲတွေရဲ့ အဆင့်က ဘယ်လောက်ရှိလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ကနဦး ဖလှယ်မှုနဲ့ လေ့လာမှုအရ A အဆင့်လောက်တော့ရှိတယ်။”

ချူရှန်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဝမ်ချိုင်နဲ့ ဟွားဖန်တို့ကို သားရဲဆူပူအုံကြွမှုကို ကူညီပြီး ကိုင်တွယ်ဖြေရှင်းခိုင်းလိုက်မယ်။”

ရှောင်းယီက အနည်းငယ်တွေးတောကာ ပြောလိုက်သည်။

“ဟုတ်ကဲ့”

လက်ရှိတွင် ဝမ်ချိုင်နှင့် ဟွားဖန်တို့ နှစ်ဦးစလုံးသည် S အဆင့်များဖြစ်သည်။ S အဆင့် အိမ်မွေးတိရစ္ဆာန်နှစ်ကောင်သည် A အဆင့် သားရဲဆူပူအုံကြွမှုကို ကိုင်တွယ်ဖြေရှင်းရန် နှစ်ထပ်ကွမ်းအာမခံရှိပြီးဖြစ်သည်။

ထို့အပြင် ၎င်းတို့နှစ်ဦးစလုံးသည် S အဆင့်တွင် အချိန်အတော်ကြာကတည်းက ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ သူသည် ၎င်းတို့ကို တိုက်ပွဲမှတစ်ဆင့် စက္ကူပြတင်းပေါက်အလွှာကို ချိုးဖောက်နိုင်ရန်လည်း မျှော်လင့်နေမိသည်။

ဝမ်ချိုင်နှင့် ဟွားဖန်တို့သည် ချက်ချင်းပင် ရွှမ်းယွမ်ကျွန်းသို့ ကူးပြောင်းသွားပြီး အနည်းငယ်မငြိမ်မသက်ဖြစ်နေသော သားရဲအုပ်စုကို ရက်စက်စွာ သုတ်သင်ခဲ့ကြသည်။

လက်ရှိတွင် ရှောင်းယီသည် သားရိုင်းတိရစ္ဆာန်လှိုင်းများဖြစ်ပွားခဲ့သော ရွှမ်းယွမ်ကျွန်းကိုသာ ထိန်းချုပ်ထားသည်။

ယီရန်ပင်းမဟာမိတ်အဖွဲ့၏ကျွန်းများတွင် ထိုအကောင်များစွာကို ထိန်းချုပ်ရန် အဆင့်မြင့်သားရဲတိရစ္ဆာန်များရှိသည်။ မျောက်နက်နိုင်ငံ မဟာမိတ်အဖွဲ့တွင်လည်း ဝံပုလွေဖြူမိသားစုက ထိန်းချုပ်ထားသောကြောင့် သားရိုင်းတိရစ္ဆာန်လှိုင်းများ မရှိပေ။ ရွှမ်းယွမ်မဟာမိတ်အဖွဲ့တွင်သာ ဘယ်သူမှ မရှိခြင်းဖြစ်သည်။

ဝမ်ချိုင်နှင့် ဟွားဖန်တို့ကို ထိုနေရာသို့သွားရန် စီစဉ်ပေးပြီးနောက် ရှောင်းယီသည် ဂျေဘီထံမှ သတင်းစကားကို လက်ခံရရှိခဲ့သည်။

“ယီရန်ပင်း ကျုပ်တို့ တစ်ရက်စောပြီး စီးပွားရေးလုပ်လို့ရမလား။ ကျုပ် စျေးတိုးပေးမယ်။”

ရှောင်းယီ အနည်းငယ်ပြုံးလိုက်မိသည်။ ဤ ဂျေဘီသည် တကယ်ပင် မစောင့်နိုင်တော့ပေ။ သူသည် ယီထျန်းဂရုထဲရှိ သူလျှိုများမှတစ်ဆင့် တိုက်သစ်ကြီးတွင် လူတိုင်း၏ကြွယ်ဝသော ရိတ်သိမ်းမှုများကို သေချာပေါက် သိရှိခဲ့ရမည်ဖြစ်သည်။

“မရဘူး”

ရှောင်းယီက ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

“ယီရန်ပင်း ကျုပ်တို့စကားပြောလို့ရပါတယ်။”

ဂျေဘီက ဆက်လက်ကြိုးပမ်းနေဆဲပင်။

ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီး ရုတ်တရက်ပြောလိုက်သည်။

“သေချာတာပေါ့ ကျုပ်တို့စကားပြောလို့ပါရတယ်။ ကျုပ်မှာ သတင်းအချက်အလက်အချို့ရှိတယ်။ ဒါက ခင်ဗျားအတွက် အသုံးဝင်၊မဝင်တော့ ကျုပ်လည်းမသိဘူး။ ဒါပေမယ့် ခင်ဗျားဘက်က အုတ်မြစ်ကျောက် ၁၀၀,၀၀၀ ထုတ်ပေးရုံနဲ့ ဒီသတင်းအချက်အလက်ကို ကျုပ်ပြောပြနိုင်တယ်။ အဲ့ဒါကို လူတိုင်းမသိသေးဘူးနော်။”

ဂျေဘီ၏နှုတ်ခမ်းထောင့်စွန်းများ တုန်ခါသွားခဲ့သည်။ အသုံးဝင်၊မဝင် မသိရသေးသော သတင်းအချက်အလက်တစ်ခုအတွက် အုတ်မြစ်ကျောက် ၁၀၀,၀၀၀ နှင့် လဲလှယ်ရမည်လော။

သို့သော် ဂျေဘီသည် အချိန်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“ခင်ဗျားကို အရင်ဆုံး အုတ်မြစ်ကျောက် ၅၀၀၀၀ ပေးမယ်။ အဲ့ဒီသတင်းအချက်အလက်က ဘာလဲဆိုတာ ခင်ဗျားဘက်ကပြောပြရမယ်။ အဲ့ဒါက အုတ်မြစ်ကျောက် ၁၀၀,၀၀၀ စာတန်ဖိုးရှိတယ်လို့ ကျုပ်ထင်ရင် နောက်ထပ် အုတ်မြစ်ကျောက် ၅၀၀၀၀ ထပ်ပေးမယ်။”

ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။ ဤဂျေဘီသည် အသုံးဝင်၊မဝင် မသိရသေးသော သတင်းအချက်အလက်တစ်ခုအတွက် အုတ်မြစ်ကျောက်၁၀၀,၀၀၀ ကို သုံးရန် စိတ်အားထက်သန်နေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

“ဒီဂျေဘီက တကယ်ကို လုံလောက်အောင် ဝဖြိုး‌နေတဲ့ပုံပဲ။”

ရှောင်းယီက တစ်ကိုယ်တည်း တွေးလိုက်မိပြီး စကားလုံးတစ်လုံးသာ ပြန်ပြောလိုက်သည်။

“ကောင်းပြီ”

“【အုတ်မြစ်ကျောက်】 ၅၀၀၀၀ လဲလှယ်မည်လား။”

ရှောင်းယီသည် ချက်ချင်းပင် လဲလှယ်မှုကို သဘောတူလိုက်ပြီး အုတ်မြစ်ကျောက် ၅၀၀၀၀ ကို ရိတ်သိမ်းလိုက်သည်။ ထို့နောက် သတင်းအချက်အလက်များကို ဆက်လက်ပေးပို့လိုက်လေသည်။

“ကျုပ်ရဲ့သတင်းအချက်အလက်က ဒီကမ္ဘာရဲ့မျိုးနွယ်စုအသစ်တွေအကြောင်းပဲ။ ဥပမာ လူပုတွေလိုမျိုး။”

“လူပုလေးတွေလား။ တကယ်ပဲ အဲ့ဒီမျိုးနွယ်စုတွေ ရှိနေတာလား။ အဲ့ဒီလူပုတွေဆီသွားဖို့ နည်းလမ်းရှိလား။”

ဂျေဘီက တက်ကြွစွာမေးလိုက်သည်။

“ရှိတယ်။ ဒါပေမယ့် အခုမဖွင့်သေးဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဖွင့်ရင် ကျုပ်ကို ဖြစ်ဖြစ်နိုင်သမျှ မြန်မြန်အသိပေးပါ။”

ဂျေဘီက ထိုသို့ပြောလိုက်ပြီး နောက်ထပ်လဲလှယ်မှုတစ်ခုကို ထပ်မံပေးပို့လိုက်သည်။

“【အုတ်မြစ်ကျောက်】 ၅၀၀၀၀ အခမဲ့လဲလှယ်မှု။”

ရှောင်းယီသည် လဲလှယ်မှုကို ပြတ်ပြတ်သားသား သဘောတူလိုက်ပြီး ပြောလိုက်သည်။

“မင်းက ငါက အုတ်မြစ်ကျောက်တွေယူပြီး ဘာမှမပြောဘဲနေလိုက်မှာကို မကြောက်ဘူးလား။”

All Chapters