← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉)

လူသားများ၊ လူသားယဉ်ကျေးမှုနှင့် လူသားတို့ နေထိုင်ရာ ကမ္ဘာမြေကြီးသည် သံသရာလည်နေသကဲ့သို့ တက်လိုက်ကျလိုက် ဖြစ်နေခြင်းဖြစ်သည်။ လူသားတို့ မည်မျှပင် ထူးချွန်ပါစေ၊ ၎င်းတို့၏ အောင်မြင်မှုများ မည်မျှပင် ကြီးကျယ်ပါစေ၊ ကမ္ဘာလောကကြီး မည်မျှပင် သာယာဝပြောပါစေ အချိန်ကာလ၏ တိုက်စားမှုအောက်တွင် အားလုံးသည် မေ့ပျောက်ခြင်း ခံရမည်သာ ဖြစ်သည်။

မည်သည့် အထိမ်းအမှတ် အဆောက်အအုံမှ ထာဝရ မတည်တံ့နိုင်ပေ။ အကြောင်းမှာ အချိန်တန်လျှင် အားလုံး ပြိုလဲပျက်စီးသွားမည် ဖြစ်သောကြောင့်တည်း။

မည်သည့် ပုံပြင်ဇာတ်လမ်းမှ ထာဝစဉ် ချီးမွမ်းဂုဏ်ပြုခြင်း ခံရမည် မဟုတ်ပေ။ အကြောင်းမှာ လူသားတို့သည် ကြီးကျယ်သော အခန်းကဏ္ဍအသစ်များကို ဆက်လက် ရေးသားနေကြမည် ဖြစ်သောကြောင့်တည်း။

"ကမ္ဘာဟောင်း" သို့မဟုတ် "ပထမကမ္ဘာ" သည် လူသားတို့၏ မေ့ပျောက်ခြင်းကို တဖြည်းဖြည်း ခံနေရသော နေရာတစ်ခု ဖြစ်သည်...။

၂၂ ရာစု၏ တစ်ခုသော ငြိမ်းချမ်းသော ညချမ်းအချိန်တွင် နက္ခတ္တဗေဒပညာရှင်များသည် အမေရိကန်ပြည်ထောင်စု၏ ရှောင်အာတောင်ပေါ်ရှိ ကြည်လင်သော မှန်ဘီလူးများနှင့် ပေါ်တိုရီကိုရှိ အရီစီဘိုတယ်လီစကုပ်များမှတစ်ဆင့် ကောင်းကင်ယံ၌ ထူးခြားသော အလင်းစက်အသစ်တစ်ခုကို အံ့ဩဖွယ် တွေ့ရှိခဲ့ကြသည်။ ၎င်းကို ပလူတိုဂြိုဟ် အနီးအနားတွင် ရှင်းလင်းစွာ မြင်တွေ့ရခြင်း ဖြစ်၏။ ရုရှားနှင့် ဆွီဒင်နိုင်ငံတို့မှ နက္ခတ်တာရာ ကြည့်ရှုရေးစခန်းများကလည်း ဤတွေ့ရှိချက်ကို လျင်မြန်စွာ အတည်ပြုခဲ့ကြပြီး ထိုထုထည်နှင့် မူလအစကို မသိရသေးသော ဥက္ကာခဲငယ်သည် နေအဖွဲ့အစည်းရှိရာ ဘက်သို့ ဦးတည်ရွေ့လျားနေသည်ဟု ခန့်မှန်းခဲ့ကြသည်။

အချို့သော သတင်းစာနှင့် ဂျာနယ်များတွင် ဤကြယ်အသစ်အကြောင်းကို ကဏ္ဍငယ်တစ်ခုအနေဖြင့် ဖော်ပြခဲ့ကြသော်လည်း သတင်းဌာနများကမူ အနည်းငယ်မျှသာ ထည့်သွင်းပြောကြားခဲ့ကြသည်။ လူအများစုအတွက် နက္ခတ္တဗေဒဆိုင်ရာ သတင်းများမှာ အတင်းအဖျင်းနှင့် ဖျော်ဖြေရေး သတင်းများလောက် စိတ်ဝင်စားစရာ မကောင်းဟု ထင်ရပေသည်။

ရက်အနည်းငယ် ကြာပြီးနောက် နက္ခတ္တဗေဒပညာရှင်များသည် ထိုကြယ်ကို စိုးရိမ်စိတ်နှင့် စူးစမ်းချင်စိတ်တို့ ရောပြွမ်းလျက် စောင့်ကြည့်နေခဲ့ကြပြီး မည်သည့်အရာ ဖြစ်လာမည်ကို တွေးတောနေခဲ့ကြသည်။ အမှန်တကယ်တွင်မူ... ထိုဥက္ကာခဲ၏ အရွယ်အစားနှင့် တောက်ပမှုမှာ အံ့အားသင့်ဖွယ်နှုန်းဖြင့် တိုးလာနေခဲ့ခြင်းဖြစ်သည်။ ယခုအခါ သာမန် ဓာတ်ပုံရိုက်ကူးသည့် ဖလင်ပြားများဖြင့်ပင် ရှင်းလင်းစွာ ရိုက်ကူးနိုင်နေပြီ ဖြစ်၏။ ၎င်းသည် ပလူတိုဂြိုဟ်နှင့် နီးကပ်လာလေလေ၊ နက္ခတ္တဗေဒပညာရှင်များက ပို၍ စိတ်မအေး ဖြစ်လာလေလေပင်။ ၂၂ ရာစုသို့ ရောက်နေပြီ ဖြစ်သော်လည်း လူသားများနှင့် ဤမျှနီးကပ်သော ဟင်းလင်းပြင်ရှိ ကောင်းကင်အရာဝတ္ထုများ တိုက်မိခြင်းမှာ စိတ်ကူးကြည့်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ထိုကောင်းကင်အရာဝတ္ထု နှစ်ခုကြားရှိ အကွာအဝေးမှာ အလွန်ဝေးကွာနေဆဲ ဖြစ်သည်။

စိတ်ကူးမယဉ်နိုင်သော အရာများက ဖြစ်နိုင်ခြေ ရှိလာသည့်အခါ ကမ္ဘာတစ်ဝန်းရှိ မီဒီယာများက ကောင်းကင်ယံတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်ကို အာရုံစိုက်လာကြတော့သည်။ အချို့ကျောင်းသားများဆိုလျှင် ကောင်းကင်အရာဝတ္ထုများ ရွေ့လျားမှုဆိုင်ရာ မြေပုံများကိုပင် ပြုလုပ်ခဲ့ကြ၏။ သက်သေအထောက်အထားများ အားလုံးအရ ထိုဥက္ကာခဲသည် ပလူတိုဂြိုဟ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်နေခြင်းကို လူသားတို့အနေဖြင့် လက်ပိုက်ကြည့်နေရုံမှတစ်ပါး အခြားမရှိကြောင်း ပြသနေသည်။

မကြာမီမှာပင် တစ်ကမ္ဘာလုံးက ဤဖြစ်ရပ်ကို သတင်းတင်ဆက်ကြတော့သည်။ မျှော်လင့်ထားသော တိုက်မိမှု ဖြစ်မလာခဲ့ဘဲ ထိုဥက္ကာခဲသည် ပလူတိုဂြိုဟ် အနီးမှ ဖြတ်သန်းသွားချိန်တွင် ထိုဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုလုံးကို ၎င်း၏ တောက်လောင်နေသော ထုထည်ကြီးအတွင်းသို့ ဆွဲခေါ်သွားခဲ့သည်မှာ ထင်ရှားသွားခဲ့၏...။

ထိုကောင်းကင်အရာဝတ္ထု နှစ်ခုမှာ ပေါင်းစည်းသွားခဲ့ပြီး ကမ္ဘာပေါ်မှ လူသားများအတွက် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည့် ကြီးမားတောက်ပသော လုံးဝန်းသည့် အဖြူရောင်အရာကြီးတစ်ခု ဖြစ်လာခဲ့သည်။

သို့ဖြစ်ရာ နေနှင့် လအပြင် ကောင်းကင်ယံတွင် ကောင်းကင်အရာဝတ္ထုသစ် တစ်ခု ရှိလာခဲ့သည်။ ကမ္ဘာကြီး လည်ပတ်နေသရွေ့ ၎င်းသည် လူသားတို့၏ မြင်ကွင်းထဲသို့ ပုံမှန် ပေါ်လာတတ်သည်။ ညတိုင်းတွင် လူသားတို့သည် ထိုအလင်းလုံးကြီး ထွက်ပေါ်လာခြင်းနှင့် ဝင်သွားခြင်းကို ကြည့်ရှုနေကြပြီး အလင်းလုံးကြီး ထွက်ပေါ်လာတိုင်း ပိုမိုကြီးမားလာသည်ကို လူသားတို့ တဖြည်းဖြည်း သတိပြုမိလာကြသည်။

လူသားတို့သည် သံသယဝင်ကာ စတင်ကြောက်ရွံ့လာကြသည်။ "ဒီလောက်ကျယ်ပြောလှတဲ့ စကြာဝဠာထဲမှာ ဒီဥက္ကာခဲက ဘာလို့ ဒီကို ရောက်လာရတာလဲ" ဆိုသည့် မေးခွန်းများကို မေးလာကြသည်။ ထိုကဲ့သို့သော မေးခွန်းကို မေးခြင်းမှာ မိုက်မဲရာကျ၏။ ၎င်းသည် မိမိတို့၏ မျိုးနွယ်စု သန်းပေါင်းများစွာထဲမှ မိမိကိုယ်တိုင် အဘယ်ကြောင့် မွေးဖွားလာရသနည်းဟု မေးနေသကဲ့သို့ပင်။

သိပ္ပံပညာရှင်များက သတင်းအစီအစဉ်များတွင် နက္ခတ္တရူပဗေဒဆိုင်ရာ အသိပညာအချို့ကို လူထုအား ရှင်းပြခဲ့ကြပြီး သုတေသန ရလဒ်အချို့ကိုလည်း ထုတ်ပြန်ခဲ့ကြသည်။ သတင်းပေးပို့ချက်များ အားလုံးက တစ်ညီတစ်ညွတ်တည်း ပြောနေကြသည်မှာ - နေအဖွဲ့အစည်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ဤဖိတ်စာမပါဘဲ ရောက်ရှိလာသည့် ဧည့်သည်သည် နေရှိရာဘက်သို့ ဦးတည်ရွေ့လျားနေခြင်း ဖြစ်ရမည် ဟူ၍ပင်။ ဂြိုဟ်များအကြားရှိ ဒြပ်ဆွဲအားကသာ ထိုကောင်းကင်အရာဝတ္ထုကို ၎င်း၏ ဖျက်ဆီးလိုသော ပတ်လမ်းကြောင်းမှ လွဲချော်သွားစေနိုင်မည် ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ ကမ္ဘာမြေ၏ အဆုံးသတ်က ရောက်ရှိလာပြီ ဖြစ်သည်။

သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သည့်အရာမှာ လုံးဝ မျှော်လင့်မထားသော အရာပင်။

ဥပမာအားဖြင့် ကမ္ဘာကြီးမြေသည် သေဒဏ်ပေးခံရသော်လည်း ထိုသေဒဏ်မှာ ဆိုင်းငံ့ထားခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်၏။

ဤမီးလုံးကြီးသည် ပလူတိုကို ဝါးမြိုပြီးနောက် ၎င်း၏ ရွေ့လျားမှုနှုန်းက အလွန်နှေးကွေးသွားခဲ့သည်။ ၎င်းသည် ဘေးကင်းသည်ဟု ဆိုနိုင်သော အကွာအဝေးတစ်ခုတွင် ရပ်တန့်နေခဲ့ပြီး နေမင်း၏ အမြွှာညီအစ်ကိုသဖွယ် ကမ္ဘာလောကကို လောင်မြိုက်စေခဲ့သည်။ ချမ်းအေးသော ဆောင်းရာသီမှာ ပျောက်ကွယ်သွားခဲ့ပြီး ကမ္ဘာပေါ်ကြီးတွင် အအေးဆုံးရာသီဥတုမှာ နွေဦးကာလကဲ့သို့ ဖြစ်လာခဲ့သည်။

ပထမဆုံး အရုဏ်တက်ချိန် ကုန်ဆုံးသွားချိန်တွင် ဒုတိယအရုဏ်တက်ချိန်က ကောင်းကင်ယံကို လင်းထိန်သွားစေသည်။ အလွန်တောက်ပပြီး ပူပြင်းလှသလို ငရဲကဲ့သို့ ပူပြင်းလှသော အပူလှိုင်းမှာလည်း ဟာရီကိန်း မုန်တိုင်းကဲ့သို့ ကမ္ဘာလောကကြီးကို လောင်မြိုက်စေခဲ့သည်။ ထိုနေ့ရက်များမှာ မည်မျှကြာရှည်မည်ကို ဘယ်သူမှ မသိသော်လည်း ဝင်ရိုးစွန်းမှ ရေခဲပြင်များ အရည်ပျော်သည့်နှုန်းက ကမ္ဘာမြေကြီးသည် လူသားတို့ ဆက်လက် နေထိုင်ရန် မသင့်တော်တော့ကြောင်း သတိပေးနေခဲ့သည်။

အကောင်းမြင်သူများ၊ သံသယရှိသူများ၊ မျှော်လင့်ချက်မဲ့သူများနှင့် အရူးများ။ လူသားတို့သည် အမျိုးမျိုး တုံ့ပြန်ခဲ့ကြပြီး ကမ္ဘာမြေသည် မကြုံစဖူးသော ဖရိုဖရဲ အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။ ကမ္ဘာပျက်ကိန်းသည် နောက်ဆုံးတွင် လူသားတို့ရှေ့၌ ပုံသဏ္ဌာန်တစ်ခုအနေဖြင့် ပေါ်လာခဲ့ပြီ ဖြစ်သည်။ ၎င်းသည် လူသားတို့ အမြဲပြောလေ့ရှိသော ရုပ်ရှင်များ သို့မဟုတ် ယူဆချက်များထဲမှ "ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ"၊ "ဂြိုဟ်သားများ ကျူးကျော်ခြင်း" သို့မဟုတ် "သေစေနိုင်သော ဗိုင်းရပ်စ်" မျိုး မဟုတ်တော့ပေ။ ထိုအစား ၎င်းသည် ကောင်းကင်ယံတွင် ပေါ်နေခဲ့ခြင်းဖြစ်သည်။ နေ့စဉ်နှင့်အမျှ ၎င်းသည် ကမ္ဘာကြီးကို အဆုံးသတ် ရောက်တော့မည်ဖြစ်ကြောင်း ပြောပြနေသကဲ့သို့ပင်။

ဤတစ်ကြိမ်တွင် ရရှိလိုက်သော "ပြစ်ဒဏ်ဆိုင်းငံ့မှု" က လူသားမျိုးနွယ်ကို စည်းလုံးသွားစေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ နောက်ထပ် ဆယ်နှစ်အတွင်းတွင် လူသားတို့၏ နည်းပညာ တိုးတက်မှုမှာ ယခင် နှစ်ပေါင်းနှစ်ရာထက်ပင် ကျော်လွန်သွားခဲ့သည်။

လူသားအားလုံးသည် နောက်ဆုံးတွင် အသားအရောင်၊ လူမျိုး၊ နိုင်ငံသား၊ ဘာသာတရား စသည့် ကွဲပြားမှုများကို စွန့်လွှတ်ခဲ့ကြသည်။ လူသားမျိုးနွယ် ဆက်လက်ရှင်သန်ရေးဟူသော တူညီသည့် ရည်မှန်းချက်အတွက် လူတိုင်းသည် အစွမ်းကုန်ကြိုးစားခဲ့ကြပြီး အကောင်းဆုံး သိပ္ပံနည်းပညာ၊ သိပ္ပံပညာရှင်၊ အရင်းအမြစ်များနှင့် အရာအားလုံးကို အကြွင်းအမဲ့ ဝေမျှခဲ့ကြသည်။

နောက်ဆုံးတွင် နှစ်ပေါင်း နှစ်ဆယ်ကြာပြီးနောက် လူသားတို့သည် ကြယ်တာရာများဆီ နယ်ချဲ့အခြေချခြင်း၏ ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ကြသည်။ ပထမဆုံး "နောဧသင်္ဘောအဆင့်" ရှိသော ကြယ်တာရာယာဉ်သည် လေထုအတွင်းမှ ပျံသန်းထွက်ခွာသွားခဲ့ပြီး လူဦးရေ တစ်သန်းကို တင်ဆောင်သွားခဲ့သည်။ ထို့နောက်တွင် ဒုတိယ၊ တတိယ...

နောင်တွင် ကမ္ဘာမြေမှ လွတ်မြောက်နိုင်မည့် အခွင့်အရေး အနည်းငယ်က... လူသားတို့၏ သဘာဝအစစ်အမှန်ကို ပေါ်ပေါက်လာစေခဲ့သည်။ ကမ္ဘာပေါ်တွင် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ထိုစစ်ပွဲသည် လူသားအများစု သေဆုံးခြင်းနှင့် ကမ္ဘာပေါ်ရှိ လူလုပ် အဆောက်အအုံ ၉၃ ရာခိုင်နှုန်း ပျက်စီးခြင်းတို့ဖြင့် အဆုံးသတ်ခဲ့ရသည်။

နှစ်ပေါင်း ၂၇ နှစ် ကြာပြီးနောက် "ကမ္ဘာပျက်ကိန်း" မှာ ဟာသတစ်ခုကဲ့သို့ အဆုံးသတ်သွားခဲ့ရသည်။ သေချာပေသည် ဘယ်သူမှ မရယ်မောနိုင်ကြပေ။

ထိုဥက္ကာခဲသည် ကိုးဆယ်ဒီဂရီ လှည့်ထွက်သွားပြီး အရှိန်ပြန်မြှင့်ကာ နေအဖွဲ့အစည်းအတွင်းမှ ထွက်ခွာသွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသည်ကို ဘယ်သူမှ မသိပေ။ ဖြစ်နိုင်သည်မှာ ၎င်းသည် ဥက္ကာခဲတစ်ခု မဟုတ်ဘဲ ဂြိုဟ်သားများ၏ အာကာသယာဉ်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် ထူးခြားသော သက်ရှိပုံသဏ္ဌာန်တစ်ခု ဖြစ်နိုင်သလို၊ အမည်မသိ နတ်ဘုရားတစ်ပါး၏ စမ်းသပ်မှုလည်း ဖြစ်နိုင်ပေသည်။

အတိုချုပ်ပြောရလျှင် လူသားတို့၌ ကမ္ဘာမြေမှ လွတ်မြောက်နိုင်သော စွမ်းရည် ရှိလာသည့်အခါ ကမ္ဘာပျက်ကိန်း ခြိမ်းခြောက်မှုက မရှိတော့ပေ။ အကျည်းတန်ဆုံးအချက်မှာ ဤကမ္ဘာဂြိုဟ်မှာ လူသားတို့ကိုယ်တိုင် ပြုလုပ်ခဲ့သော နျူကလီးယားစစ်ပွဲကြောင့် ပျက်စီးသွားခဲ့ပြီ ဖြစ်ပြီး လူသားတို့ ရှင်သန်ရန် မသင့်တော်တော့ခြင်းပင်။

ကံကောင်းသည်မှာ လူသားတို့သည် warp နည်းပညာ၏ အဓိက သော့ချက်ကို တတ်မြောက်သွားခဲ့ပြီး ခရီးရှည် ကြယ်တာရာကြားခရီးသွားရခြင်းက စိတ်ကူးယဉ် မဟုတ်တော့ပေ။ ထို့ကြောင့် နောဧသင်္ဘောပေါ်မှ အသက်ရှင်ကျန်ရစ်သူများသည် နဂါးငွေ့တန်း ဂလက်ဆီအတွင်း၌ အိမ်အသစ်တစ်ခုကို ရှာတွေ့ခဲ့ကြသည်။ ၎င်းသည် လူသူမရှိသော ဂြိုဟ်တစ်ခုဖြစ်ပြီး ကမ္ဘာဟောင်းနှင့် အလွန်တူကာ အသိဉာဏ်ရှိသော သက်ရှိများ ခြေမချရသေးသော မြေရိုင်းတစ်ခု ဖြစ်သည်။ ၎င်းကို "ကမ္ဘာသစ်" သို့မဟုတ် "ဒုတိယကမ္ဘာ" ဟု ခေါ်သည်။(TL note – warp technology ဆိုတာ အာကာသကို တွန့်ခေါက်ပြီး သွားရတဲ့နည်းပညာပါ။ ဘယ်အရာဝတ္ထုမဆို အလင်းထက်မြန်အောင်သွားလို့မရတဲ့ နိယာမကန့်သတ်ချက်ကြောင့် အာကာသကို တွန့်ခေါက်ပြီး တယ်လီပို့လုပ်သလို အရမ်းဝေးတဲ့နေရာတွေကို သွားနိုင်မယ့် နည်းပညာပါ)

၂၃၈၆ ခုနှစ်တွင် နည်းပညာသစ်တစ်ခုကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြသည်။ ၎င်းကို "ပုရွက်ဆိတ်"ဟု ခေါ်သည်။ ၎င်းမှာ သက်ရှိသတ္တဝါများ၏ ဆဲလ်တစ်ရှူးများကို ပြုပြင်ရာတွင် အသုံးပြုနိုင်သည့် အလွန်သေးငယ်သော နာနိုအဆင့် စက်ရုပ်ငယ် ဖြစ်သည်။

အစပိုင်းတွင် "ပုရွက်ဆိတ်" ကို ကိုယ်လက်အင်္ဂါ ဖြတ်တောက်ထားရသူများ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ရန် သို့မဟုတ် ခါးရိုးဆစ် ဒဏ်ရာရရှိထားသော လူနာများကို ကုသရန် အသုံးပြုခဲ့ကြသည်။ ကြွက်သားများ အားနည်းသွားကာ အချိန်ကြာမြင့်စွာ လေဖြတ်နေသော လူနာများကိုပင် သာမန်လူတစ်ဦးကဲ့သို့ ဖြစ်အောင် ပြန်လည် ကုသပေးနိုင်ခဲ့သည်။

နောင်တွင် "ပုရွက်ဆိတ်" သည် နှင်းဖုံးနေသော တောင်ပေါ်တွင် နှစ်ပေါင်းများစွာ အေးခဲသေဆုံးနေခဲ့သော တောင်တက်သမားတစ်ဦးကို ပြန်လည် အသက်သွင်းနိုင်ခဲ့သည့်အခါ ဤနည်းပညာမှာ အာရုံစိုက်ခံလာရပြီး လူသားတို့သည် ကမ္ဘာဟောင်းဆီသို့ အာရုံပြန်ရောက်သွားခဲ့ကြသည်...။

၂၄၀၁ ခုနှစ်မှ စတင်ကာ ကမ္ဘာဟောင်းတွင် တွေ့ရှိခဲ့သော လူသား "ဘိုးဘေး" အချို့ကို ပြန်လည် အသက်သွင်းခဲ့ကြသည်။ သမိုင်း၏ အမှန်တရား၊ ပျောက်ဆုံးသွားသော ယဉ်ကျေးမှုများနှင့် မေးခွန်းများစွာမှာ အဖြေရရှိခဲ့သည်။

ယင်းသည် ရာစုနှစ်ဝက်ကျော်ကြာ ထွန်းကားခဲ့သော လှိုင်းတစ်ခု ဖြစ်လာခဲ့ပြီး ယခုထိလည်း ရပ်တံ့မသွားသေးပေ...။

၂၄၅၅ ခုနှစ်၏ တစ်ခုသော နေ့ရက်တွင် ဂရန်ဒယ်ဟု ခေါ်သော အဆင့် ၄ အမြွှာကိုယ်ထည်ပါ သယ်ယူပို့ဆောင်ရေးယာဉ်တစ်စီးသည် ကမ္ဘာဟောင်းသို့ ရောက်ရှိလာခဲ့သည်။ ယာဉ်ပေါ်ပါ သုတေသနအဖွဲ့သည် သလင်းကျောက်ရေကန် ဓာတ်ခွဲခန်းထဲတွင် အေးခဲနေသော သက်ရှိနှစ်ဦးကို တွေ့ရှိခဲ့ပြီး အာကာသယာဉ်ပေါ်သို့ သယ်ဆောင်လာခဲ့ကြသည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ အမျိုးသမီး သုတေသီ ရိုဝန် ဖြစ်ပြီး နောက်တစ်ဦးမှာ မသေနိုင်သော လူသတ်သမား ဂျေဆန်ဗူးဟီးစ် ဖြစ်သည်။

ထိုနေ့တွင် သလင်းကျောက်ရေကန် ဓာတ်ခွဲခန်းသို့ ရောက်လာခဲ့သည့် အာကာသယာဉ်မှာ ဂရန်ဒယ် တစ်စီးတည်း မဟုတ်ကြောင်း သူတို့ မသိခဲ့ကြပေ။ အခြားရည်ရွယ်ချက်ရှိသည့် အဖွဲ့တစ်ခုလည်း ရှိနေခဲ့ပြီး သုတေသနအဖွဲ့ နောက်သို့ ဤနေရာအထိ လိုက်ပါလာခဲ့ကြသည်။ သုတေသနအဖွဲ့ ထွက်ခွာသွားပြီးနောက် ထိုလူတစ်စုမှာ ဓာတ်ခွဲခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်...။

...

"ဘယ်သူ ထင်ထားမှာလဲ... ငါတို့ သန်မာတဲ့ရန်သူအစစ်နဲ့ တိုးလိမ့်မယ်လို့"

နောက်ဆုံးတိုက်စစ်က ဆိုသည်။

"ပြေးဝင်လာသောဓားသွား ဆိုတာ ရယ်မောနေသော ဓားသွားအဖွဲ့က တစ်ယောက်ပဲ၊ တကယ့်ကို ဒုက္ခပေးမယ့် ပြိုင်ဘက်ပဲ..."

ကပ်ဘေးတိုက်စစ်က ဖြည့်စွက်ပြောလိုက်သည်။

မိစ္ဆာဓားသွားအဖွဲ့မှ ထိုနှစ်ယောက်လုံးမှာ ဆံပင်အတိုညှပ်ထားကြသည်။ သူတို့၏ မျက်နှာများက ဖြူဖျော့နေပြီး အမူအရာမှာလည်း ထုံထိုင်းနေသကဲ့သို့ ရှိ၏။ သူတို့၏ အသံမှာ မကျယ်လှဘဲ လေသံလည်း အေးစက်တည်ငြိမ်နေသည်။ သူတို့သည် အစိမ်းရောင်နှင့် အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြခြင်းဖြစ်သည်။ ထိုဝတ်စုံ ပုံစံသည် Star Trek ရုပ်ရှင်ထဲမှ ဝတ်စုံများနှင့် ဆင်တူသော်လည်း အရောင်ကွဲပြားသည်။ ဝတ်စုံ၏ ဘယ်ဘက်ရင်ဘတ်တွင် မိစ္ဆာဓားသွားအဖွဲ့၏ တံဆိပ် ပါရှိသည်။ တံဆိပ်ပုံစံသည် သေသပ်စွာ ထွင်းထုထားသော ဓားကောက်ပုံစံ ဖြစ်ပြီး စာလုံးကိုလည်း အနက်ရောင်ဖြင့် မိစ္ဆာဓားသွားဟု ရေးသားထားခြင်း ဖြစ်၏။

"အဲ့ဒီ ဖုန်းပုကြွယ် ဆိုတဲ့သူကလည်း ကျန်းဟူက ကျွမ်းကျင်သူတစ်ယောက်လား၊ ငါ သူ့ကို ဘာလို့ အရင်က မကြားဖူးတာလဲ"

ကပ်ဘေးတိုက်စစ်က မေးသည်။

"ဒီလိုမျိုး တွဲဖက်မှုကိုတွေ့ရတာ ထူးဆန်းတယ်လို့ မင်းမထင်ဘူးလား"

"တကယ်ကို ထူးဆန်းတယ်... ဒီဂိမ်းရဲ့ စည်းမျဉ်းတွေအရ အသင်းနှစ်သင်းကြားက စွမ်းအား ကွာခြားချက်ဟာ အဲ့ဒီလောက် မကြီးသင့်ဘူး"

နောက်ဆုံးတိုက်စစ်က ပြန်ဖြေသည်။ သူ ခေတ္တရပ်ပြီး ဆက်ပြောသည်။

"ငါ ဝန်ခံရမယ်၊ ပြေးဝင်လာသောဓားသွားက ငါတို့ထက် အဆင့်နှစ်ဆင့် နိမ့်နေပေမဲ့ သူက ငါတို့ နှစ်ယောက်ထက် မညံ့ဘူး၊ ဒါပေမဲ့ အဲ့ဒီ ဖုန်းပုကြွယ်က အဆင့် ၁၆ ပဲ ရှိသေးတယ်..."

"တစ်နည်းအားဖြင့် ပြောရရင်... ဒီနှစ်ယောက်ရဲ့ စုပေါင်းစွမ်းအားဟာ အဆင့် ၁၉ ရှိတဲ့ ငါတို့ နှစ်ယောက်နဲ့ အတူတူပဲလို့ စနစ်က ယူဆတာပေါ့"

ကပ်ဘေးတိုက်စစ်က မေးသည်။

"ဟမ့်... တစ်ခုခုတော့ မှားနေပြီ၊ ဒီ ဖုန်းပုကြွယ်ဆိုတဲ့တစ်ယောက်က ပြေးဝင်လာသောဓားသွားနဲ့ အဆင့်တူကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေတာလား"

နောက်ဆုံးတိုက်စစ်က ဆိုသည်။

"တကယ်လို့ အဲ့ဒါသာ မှန်တယ်ဆိုရင် ဖြစ်နိုင်တဲ့ တစ်ခုတည်းသော အဖြေက... သူက တကယ့် နာမည်ကြီး ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦး ဖြစ်ပြီး သည်းထိတ်ရင်ဖို သုခဘုံမှာ နာမည်သစ်တစ်ခုကို သုံးနေတာပဲ ဖြစ်ရမယ်"

"မင်းပြောတာ ဟုတ်လောက်တယ်"

ကပ်ဘေးတိုက်စစ်က ဆိုသည်။ သူ ဆက်ပြောသည်။

"သူက တခြား စတူဒီယိုတစ်ခုကနေ ကျန်းဟူကို ပြောင်းလာပြီး ပြေးဝင်လာသောဓားသွားနဲ့ အသင်းဖွဲ့ဖို့ ဂိမ်းအမည်ကို ပြောင်းလိုက်တဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရမယ်၊ အဲ့ဒါမှသာ... ငါတို့က 2v2 ပွဲစဉ်မှာ ငါတို့ထက် အဆင့်နိမ့်တဲ့ ကစားသမားနှစ်ယောက်နဲ့ ဘာလို့ ဆုံရသလဲဆိုတာ ရှင်းပြလို့ရမှာ"

"ဒါက ကိစ္စကောင်းပဲ မဟုတ်လား"

နောက်ဆုံးတိုက်စစ်က ဆိုသည်။

"သတ်ဖြတ်ခြင်းဂိမ်းမှာ ငါတို့ထက် အဆင့်နိမ့်တဲ့ ပြိုင်ဘက်တွေနဲ့ ဆုံရတာ ရှားတယ်လေ၊ ဒါကြောင့် ငါတို့ အနိုင်ရဖို့ အခွင့်အရေးက ပိုများမှာပေါ့"

"အင်း..."

ကပ်ဘေးတိုက်စစ်က ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ ငါတို့ နိုင်မှာ သေချာတယ်ဆိုရင်တောင် သိပ်ပေါ့ဆလို့ မရဘူး၊ ကြည့်ဦး၊ ငါတို့ အသက်အမှတ်တွေ တဖြည်းဖြည်း လျော့ကျနေတယ်၊ ဒါက ဒီဇာတ်လမ်းမှာ အချိန်ကန့်သတ်ချက် ရှိနေတယ်လို့ ဆိုလိုတာပဲ၊ တကယ်လို့ ပြိုင်ဘက်က ငါတို့နဲ့ တိုက်ရိုက် ရင်မဆိုင်ဘဲ အချိန်ဆွဲတဲ့ နည်းဗျူဟာကို သုံးမယ်ဆိုရင် ဒီတိုက်ပွဲဟာ အသက်အမှတ် ဖြည့်ဆေးတွေနဲ့ ကုသမှု အမှတ်တွေကြားက အကုန်အကျခံ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်၊ ဒီဂိမ်းထဲမှာ အသက်အမှတ်တွေကို ကိန်းဂဏန်းနဲ့ မဖော်ပြဘဲ ရာခိုင်နှုန်းနဲ့ပဲ ပြထားတာ၊ တကယ်လို့ ဒါဟာ လိုက်တမ်းပုန်းတမ်းကစားတဲ့ ဂိမ်းတစ်ခု ဖြစ်သွားမယ်ဆိုရင် ငါတို့အတွက် ဘာအားသာချက်မှ ရှိမှာ မဟုတ်တော့ဘူး"

"ငါလည်း အဲ့ဒီလိုပဲ ထင်တယ်၊ ဒီပွဲကို အမြန်ဆုံး အဆုံးသတ်တာက ပိုကောင်းလိမ့်မယ်"

နောက်ဆုံးတိုက်စစ်က ပြန်ဖြေသည်။

"ငါတို့မှာ အဆင့် အားသာချက် ရှိတယ်၊ ပြီးတော့ 'အဲ့ဒီဆေးရည်' ရဲ့ အကူအညီလည်း ရှိတယ်... တကယ်လို့ ငါတို့သာ ရှုံးသွားမယ်ဆိုရင်တော့ တော်တော်လေး ရှက်စရာကောင်းလိမ့်မယ်"

...

အခြားတစ်ဖက်တွင်မူ ဖုန်းပုကြွယ်သည် သံမဏိဓားကို ကိုင်ကာ ရှေ့မှ ဦးဆောင်နေပြီး ပြေးဝင်လာသောဓားသွားက သူ့နောက်မှ လိုက်ပါလာခဲ့သည်။ သူတို့သည် ကော်ရစ်ဒါလျှောက်လမ်းအတိုင်း လျင်မြန်စွာ အသံတိတ် လျှောက်လှမ်းနေကြသည်။

ဖုန်းပုကြွယ်သည် ကေစီဂျုံးစ်၏ မျက်နှာဖုံးကို ပြသမှုစနစ်သို့ ပြောင်းလဲထား၏။ ၎င်းမှာ အဆိပ်ငွေ့ကာ မျက်နှာဖုံး မဟုတ်သော်လည်း ၎င်းကို ဝတ်ဆင်ထားခြင်းဖြင့် အန္တရာယ်ရှိသော လေကို ရှူရှိုက်ရခြင်းမှ ဖြစ်ပေါ်လာသည့် မသက်မသာ ခံစားချက်ကို လျော့နည်းစေသည်။

"အကုန်အကျခံတိုက်ပွဲက ငါတို့အတွက် ပိုအားသာချက်ရှိတဲ့ နည်းလမ်းပဲ"

ဖုန်းပုကြွယ်က လမ်းလျှောက်ရင်း ပြောလိုက်သည်။ မျက်နှာဖုံး တပ်ထားသဖြင့် သူ့အသံက အနည်းငယ် အက်ရှနေလေသည်။

"ဘယ်လိုမျိုး အကုန်အကျခံတဲ့ နည်းလမ်းလဲ"

ပြေးဝင်လာသောဓားသွားက မေးသည်။

"မင်းက သူတို့ကို နှိမ်နင်းဖို့အတွက် အဝေးပစ် လက်နက်တွေ ဒါမှမဟုတ် ထောင်ချောက်တွေ သုံးတာကို ပြောတာလား"

"မဟုတ်ဘူး၊ ငါတို့က ရန်သူနဲ့ မဆုံမချင်း အဲ့ဒါက အကုန်အကျခံမှု ပုံစံတစ်ခု ဖြစ်နေမှာပဲ"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

ပြေးဝင်လာသောဓားသွားသည် ထိုအကြောင်းကို စဉ်းစားကြည့်ပြီး ဆိုလိုသည်ကို နားလည်သွားသည်။

"မင်း ဆိုလိုတာက... ဒီနေရာမှာ ရှိနေတဲ့ လူတိုင်းအပေါ် သက်ရောက်နေတဲ့ အသက်လျော့တဲ့ အာနိသင်ကို အသုံးချဖို့လား"

"ဟုတ်တယ်"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"သူတို့ရဲ့ အဆင့်က ငါတို့ထက် မြင့်တယ်၊ ဒါကြောင့် သီအိုရီအရဆိုရင် သူတို့မှာ အသက်အမှတ်တွေ ပိုများနေလိမ့်မယ်"

သူ ထပ်မံ ချောင်းဆိုးလိုက်သည်။

"ဒါပေမဲ့ ပတ်ဝန်းကျင်ကြောင့် လျော့ကျတဲ့ အသက်အမှတ်က ရာခိုင်နှုန်းအပေါ်မှာ အခြေခံထားတာ၊ မင်းနဲ့ ငါ ဒါကို စောစောကပဲ စစ်ဆေးခဲ့ကြတယ်လေ"

သူတို့သည် လွန်ခဲ့သော မိနစ်အနည်းငယ်ကပင် သူတို့၏ အသက်အမှတ် အခြေအနေကို ဆွေးနွေးခဲ့ကြသည်။ သူတို့သည် အဆင့်တစ်ဆင့် ကွာခြားကြသော်လည်း လက်ရှိ အသက်အမှတ်မှာ နှစ်ယောက်စလုံး ၉၅ ရာခိုင်နှုန်း ဖြစ်နေသည်။ အသက်လျော့သည့် အချိန်ပင် စက္ကန့်ပိုင်းအထိ အတိအကျ တူညီနေ၏။ ဆိုလိုသည်မှာ အသက်အမှတ် လျော့ကျခြင်းသည် သူတို့၏ အဆင့်နှင့် မသက်ဆိုင်ပေ။ လေကို ရှူရှိုက်နေသရွေ့ သတ်မှတ်ထားသော အချိန်ကာလ တစ်ခုအကြာတွင် အသက်အမှတ်မှာ ရာခိုင်နှုန်းအလိုက် လျော့ကျသွားမည် ဖြစ်သည်။

"ဟား..."

ပြေးဝင်လာသောဓားသွားက ရယ်မောလိုက်သည်။

"အစ်ကိုဖုန်း၊ ငါ တစ်ခုလောက် မေးပါရစေ၊ မင်းမှာ အသက်အမှတ်ဖြည့်ဆေး ဘယ်နှစ်ပုလင်း ရှိလဲ"

"ငါ့မှာ (အလတ်) လေးပုလင်း ရှိတယ်"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"သူတို့မှာ ဘယ်နှစ်ပုလင်း ရှိမလဲဆိုတာ ထားလိုက်ပါဦး"

ပြေးဝင်လာသောဓားသွားက ဆိုသည်။

"ငါ့မှာတောင် မင်းထက် ပိုရှိသေးတယ်"

သူက ခေါင်းခါရင်း "ထပ်ပြီးတော့၊ တကယ်လို့ သူတို့ထဲက တစ်ယောက်က ကုသသူ သို့မဟုတ် ဆေးဆရာ ဖြစ်နေရင်ရော၊ ဒါဆို ဒီ 'အကုန်အကျခံ တိုက်ပွဲ' ဆိုတာက သူတို့ အလိုချင်ဆုံးအရာ ဖြစ်မနေဘူးလား"

"ငါက အကုန်အကျခံ တိုက်ပွဲကို စတင်ဖို့ပဲ ပြောတာပါ၊ အဲ့ဒီအတိုင်း အဆုံးသတ်မယ်လို့ မပြောပါဘူး"

ဖုန်းပုကြွယ်က ဆိုသည်။

"ငါ ဆိုလိုတာက ဒီဂိမ်းအတွက်တော့ အရှိန်အရမ်းမြန်တဲ့ ပွဲစဉ်တစ်ခု ဖြစ်မသွားအောင် ထိန်းထားတာက အကောင်းဆုံးပဲ"

"ငါတို့ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ရင် ရှုံးလိမ့်မယ်လို့ မင်းထင်နေတာလား"

ပြေးဝင်လာသောဓားသွားက မေးလိုက်သည်။ အမှန်တကယ်တွင် သူ့မေးခွန်း လေသံအရ သူကိုယ်တိုင်က ထိုသို့မထင်ကြောင်း ထင်ရှားနေသည်။

"မသေချာဘူးလေ"

ဖုန်းပုကြွယ်က ဆိုသည်။

"ဒါပေမဲ့ မင်းက ငါ့ကို မင်းရဲ့ အသင်းဖော်အဖြစ် ခေါ်ထားတာဆိုတော့ ငါတို့ အသင်းအနေနဲ့ ခြုံငုံကြည့်ရင် ငါတို့ရဲ့ နည်းဗျူဟာ အားသာချက်ဟာ သူတို့ကို အနီးကပ် တိုက်ခိုက်ရတဲ့ အားသာချက်ထက် အများကြီး ပိုကြီးမားတယ်ဆိုတာ မင်း သိသင့်တယ်"

သူသည် ပခုံးပေါ်မှတစ်ဆင့် ပြေးဝင်လာသောဓားသွားကို အသာအယာ လှည့်ကြည့်ကာ ပြောလိုက်သည်။

"နည်းဗျူဟာကို အသုံးပြုခြင်းဟာလည်း စွမ်းအားရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ"

သူက ခေတ္တရပ်လိုက်ပြီး ရှေ့သို့ ပြန်ကြည့်လိုက်သည်။

"တကယ်လို့ မင်းက ပြိုင်ဘက်နဲ့ ထိပ်တိုက်ရင်ဆိုင်ချင်ရုံ သက်သက်ဆိုရင်တော့ ငါ့အစား သိုင်းပညာ သီးသန့်သုံးတဲ့ ကစားသမားတစ်ယောက်ကိုပဲ ရှာပြီး အသင်းဖွဲ့လိုက်ပါတော့"

ပြေးဝင်လာသောဓားသွားက "ကောင်းပါပြီ၊ ဒါဆို..."

ဝေါင်း... ။

သူ စကားမဆုံးခင်မှာပင် ထူးဆန်းသော ဟိန်းဟောက်သံတစ်ခုက ကြားဖြတ် ထွက်ပေါ်လာခဲ့သည်။ ဖုန်းပုကြွယ်သည် အချိန်ကိုက်ပင် လှုပ်ရှားမှုကို ရပ်တန့်လိုက်လေ၏။

သူတို့နှစ်ဦးစလုံးမှာ တစ်ဦးနှင့်တစ်ဦး နားလည်မှု ရှိကြသည်။ သူတို့သည် ပါးစပ်ပိတ်လိုက်ကြပြီး မတူညီသော နေရာနှစ်ဘက်သို့ သတိကြီးစွာဖြင့် မျက်နှာမူလိုက်ကြသည်။ သူတို့သည် အသံထပ်မံ ထွက်ပေါ်လာမည့် နေရာကို အတိအကျသိနိုင်ရန် အသက်ပင် မရှူဝံ့ဘဲ နားစွင့်နေကြလေသည်။

အခန်း (၁၃၀)

ဒုတိယအကြိမ် ဟိန်းဟောက်သံက စက္ကန့်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့သည် အပြည့်အဝ အာရုံစိုက်ထားကြသဖြင့် ထိုမကောင်းဆိုးဝါးရှိရာနေရာကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူတို့နှစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီး ထိုအရပ်မျက်နှာဆီသို့ အတူတကွ ဦးတည်လိုက်ကြသည်။

သူတို့အရှိန်မှာ သိပ်မမြန်လှသော်လည်း အလွန်တိတ်ဆိတ်လှသည်။ ဖုန်းပုကြွယ်သည် မျက်နှာဖုံးကို မမြင်ရသည့် အခြေအနေသို့ ပြန်ပြောင်းလိုက်ပြီးနောက် သူသိုလှောင်အိတ်ထဲမှ ရန်လိုမှုမျက်လုံးကို ထုတ်ယူကာ တပ်ဆင်လိုက်သည်။ ယခင် ဇာတ်လမ်းများတွင် သူသည် တစ်ယောက်တည်း လှုပ်ရှားခဲ့ရခြင်း သို့မဟုတ် သေမင်းပဟေဠိကဲ့သို့ အခြေအနေမျိုးနှင့် ကြုံခဲ့ရခြင်းတို့ကြောင့် ဤကိရိယာကို မသုံးဖြစ်သည်မှာ အတော်ကြာပြီဖြစ်သည်။ ယခုအချိန်သည် ၎င်းကို အသုံးချရန် အကောင်းဆုံး အချိန်ပင် ဖြစ်၏။

ကော်ရစ်ဒါထဲတွင် မီးလင်းနေသော်လည်း အပြည့်အဝတော့ မဟုတ်ပေ။ တစ်ခါတစ်ရံတွင် အဖြူရောင်မီးသီးများ အလွန်လင်းသည့် နေရာတစ်ခု ရှိတတ်ပြီးနောက် ၁၅ မီတာခန့် ရှည်လျားသော မှိန်ပျပျ ကော်ရစ်ဒါတစ်ခု ရှိကာ၊ ထို့နောက်တွင် နောက်ထပ် လင်းထိန်သော နေရာတစ်ခု... စသဖြင့် ဖြစ်နေတတ်သည်။ ထို့ကြောင့် ဖုန်းပုကြွယ်သည် ရှေ့မှ ကင်းထောက်ရန် လက်နှိပ်ဓာတ်မီးကို ထုတ်လိုက်သည်။ မှိန်ပျပျ ကော်ရစ်ဒါလမ်းထဲတွင် ဂိမ်း၏ သဲလွန်စအချို့ လွတ်သွားမည်ကို သူအဓိက စိုးရိမ်နေခြင်း ဖြစ်သည်။

ထိုနှစ်ယောက်သာားသည် ကော်ရစ်ဒါအတိုင်း ခြေသံဖွဖွဖြင့် လျှောက်လာခဲ့ကြပြီး T-ပုံသဏ္ဌာန် လမ်းဆုံတစ်ခုသို့ ရောက်ရှိလာကြသည်။ ထိုအတောအတွင်း မကောင်းဆိုးဝါး၏ ကြမ်းရှရှ ဟိန်းဟောက်သံက ထပ်မံထွက်ပေါ်လာပြီး ယခင် နှစ်ကြိမ်ထက် ပို၍ ကျယ်လောင်နေခဲ့သည်။

သူတို့ လမ်းဆုံတွင် ရပ်လိုက်ပြီး ဘယ်ဘက်သို့ ကြည့်လိုက်ကြသည်။ ကော်ရစ်ဒါထဲသို့ ချိုးဝင်လိုက်ပါက မီတာ ၂၀ ခန့်အကွာတွင် လမ်းဆုံးသွားမည် ဖြစ်သည်။ လမ်းဆုံးတွင် ထူထဲသော သံတံခါးကြီးတစ်ချပ် ရှိပြီး တံခါးပေါ်တွင် တက်မပုံသဏ္ဌာန် ဘားတစ်ခု ပါရှိသည်။ မကောင်းဆိုးဝါးဟိန်းဟောက်သံသည် ထိုတံခါးနောက်ကွယ်မှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ဖုန်းပုကြွယ်က ခေါင်းကို အနည်းငယ်စောင်းကာ တိုးတိုး ပြောလိုက်သည်။

"တံခါးက ပိတ်နေတာဆိုတော့ ဒါဟာ ရွေးချယ်နိုင်တဲ့ ဇာတ်ကွက်တစ်ခု ဖြစ်ရမယ်၊ အဲ့ဒါကို အခြေခံပြီး ကြည့်မယ်ဆိုရင်... ဒီမကောင်းဆိုးဝါးက အားမနည်းဘူး၊ ပြီးတော့ စနစ်က ဒါကို သတ်မလား၊ မသတ်ဘူးလား ဆိုတာကို ငါတို့ကို ရွေးချယ်ခွင့် ပေးထားတာပဲ၊ တကယ်လို့ ငါတို့ မသတ်ဘူးဆိုရင် ကော်ရစ်ဒါရဲ့ တခြားတစ်ဖက်ကနေ ထွက်သွားရုံပဲ၊ တကယ်လို့ ငါတို့က စွန့်စားပြီး သတ်မယ်ဆိုရင်တော့ ထိုက်တန်တဲ့ ဆုလာဘ်တစ်ခုခု ရသင့်တယ်"

ပြေးဝင်လာသောဓားသွားကလည်း အသံကိုနှိမ့်ကာ မေးလိုက်သည်။

"တကယ်လို့ ဒါက ဂျေဆန်ထက်တောင် သန်မာတဲ့ ဘော့စ်အဆင့် မကောင်းဆိုးဝါးမျိုး ဖြစ်နေရင်ရော"

"မဖြစ်နိုင်တာ၊ ဂျေဆန်က ဒီဇာတ်လမ်းမှာ အသန်မာဆုံး မကောင်းဆိုးဝါးပဲ၊ အဲ့ဒါကတော့ သံသယဖြစ်စရာ မလိုဘူး"

ဖုန်းပုကြွယ်သည် ပြေးဝင်လာသောဓားသွားနှင့် အချိန်အကြာကြီး အတူမရှိခဲ့သော်လည်း ထိုလူသည် ပွင့်လင်းရိုးသားသောသူ ဖြစ်ကြောင်း ခံစားမိသည်။ သူနှင့် ဆက်သွယ်ပြောဆိုရာတွင် အလွန်အမင်း သတိထားနေရန် မလိုသဖြင့် ဖုန်းပုကြွယ်သည် ဘာမှ ဖုံးကွယ်မထားခဲ့ပေ။

"ငါ့ရဲ့ ဘွဲ့ထူးက ရတဲ့ ကျွမ်းကျင်မှုက ဇာတ်လမ်းရဲ့ နောက်ဆုံး ဘော့စ်ရဲ့ အချက်အလက်တွေကို တိုက်ရိုက် စစ်ဆေးလို့ရတယ်၊ ဇာတ်လမ်းထဲ စဝင်တုန်းက ငါတစ်ချက်ကြည့်လိုက်တော့ ဒီဇာတ်လမ်းရဲ့ ဘော့စ်က ဂျေဆန်ပဲ"

"အိုး... အဲ့ဒီလို ကျွမ်းကျင်မှုမျိုးလည်း ရှိတာလား"

ပြေးဝင်လာသောဓားသွား ထိုသို့ကြားလိုက်ရချိန်တွင် စိတ်ဝင်တစား ဖြစ်သွားသည်။ သူက မေးလာသည်။

"အင်း... ဒါဆို ငါတို့ အရင်က ဆုံခဲ့တဲ့ မိုးကြိုးသွားဇာတ်လမ်းထဲက ဘော့စ်က ဘယ်သူလဲ"

"မရှိဘူး"

ဖုန်းပုကြွယ်က ဆိုသည်။

"ဘာလို့လဲ"

"ငါက တာဝန်သဲလွန်စကို ကြားရုံရှိသေးတယ်၊ မင်းက ငါ့ဆီကို ဓားနဲ့ ပြေးဝင်လာတာလေ၊ အဲ့ဒီမှာ ငါက ငုတ်တုတ်ရပ်ပြီး မီနူးကို ကြည့်နေရမှာလား"

"အဲ့ဒါက ငါ့အမှားလား"

"ဒါပေါ့"

"ဟားဟား... ဒါဆို ဂျေဆန်ရဲ့ အချက်အလက်တွေက ဘယ်လိုလဲ၊ သူက သန်မာလား"

ပြေးဝင်လာသောဓားသွားက မေးလိုက်သည်။

"ဘယ်လိုပြောရမလဲ... တိုက်ခိုက်ရေး စွမ်းရည်ပိုင်းမှာဆိုရင်တော့ ပရီဒေတာ (Predator) လို ဂြိုဟ်သားတွေလောက် မသန်မာတာ ဖြစ်နိုင်ပေမဲ့ ရှင်သန်နိုင်စွမ်းပိုင်းမှာကျတော့ သူက သရဲတစ်ကောင်ထက်တောင် သတ်ရခက်သေးတယ်"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

ဖုန်းပုကြွယ် စောစောက မြင်တွေ့ခဲ့ရသော မကောင်းဆိုးဝါး၏ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်၏။

အမည် - ဂျေဆန် ဗူးဟီးစ်

မျိုးနွယ် - ???

အဆင့် - ၂၀

အရပ် - ၁၉၀ စင်တီမီတာ

အလေးချိန် - ၁၁၃ ကီလိုဂရမ်

တိုက်ခိုက်ရေးပုံစံ - အနီးကပ်တိုက်ခိုက်ခြင်း၊ ဓားမကြီး အသုံးပြုခြင်းတွင် ကျွမ်းကျင်သည်၊ အခြားလက်နက်များ သို့မဟုတ် လက်ဗလာဖြင့်လည်း အသုံးပြုတတ်သည်

အားနည်းချက် - မိခင်ဖြစ်သူ၏ စကားကို နားထောင်ခြင်း

ပိုင်ဆိုင်ထားသော ကျွမ်းကျင်မှု - ပြန်လည်ရှင်သန်ခြင်း (ဂျေဆန်သည် ရုပ်ပိုင်းဆိုင်ရာအရ အလုံးစုံ ပျက်စီးသွားလျှင်ပင်၊ အဓိပ္ပာယ်မရှိသော အကြောင်းပြချက်တစ်ခု ရှာတွေ့သရွေ့ သူသည် တစ်ဖန် ပြန်လည် ထွက်ပေါ်လာနိုင်သည်)

အန္တရာယ်အဆင့် - အလယ်အလတ်

ဖုန်းပုကြွယ်ကတော့ ထို 'ပြန်လည်ရှင်သန်ခြင်း' ကျွမ်းကျင်မှုကို ဇာတ်လမ်းတွဲများကို အပိုင်းပေါင်းများစွာ ရိုက်ကူးခဲ့သော ထုတ်လုပ်သူများကို လှောင်ပြောင်ရန် ထည့်ထားခြင်းဖြစ်မည်ဟု ကိုယ်တိုင်ယူဆလိုက်သည်။

ဝူး... ။

တံခါးအတွင်းဘက်မှ မကောင်းဆိုးဝါးက ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် ပိုမိုနီးကပ်သွားသဖြင့် ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့သည် အခြားအသံများကိုလည်း ကြားလိုက်ရသည်။ ၎င်းမှာ သတ္တုပွတ်တိုက်သံနှင့် ဆင်တူ၏။ ထိုအသံမှာ တိုးလိုက်၊ ကျယ်လိုက်နှင့် စိပ်လိုက် ဖြစ်နေလေသည်။

"အဲ့ဒီ မဆိုင်တာတွေကို ခဏဘေးဖယ်ထားရအောင်၊ ဘာပဲဖြစ်ဖြစ် ဂျေဆန်က အခု အာကာသယာဉ်ပေါ်မှာပဲ ရှိနေတာ၊ ပုံမှန်ဆိုရင် ငါတို့ ဇာတ်လမ်းကနေ ထွက်ခါနီးမှပဲ သူ့နဲ့ ဆုံရမှာ"

ဖုန်းပုကြွယ်က ဆိုသည်။

"အရင်ဆုံး ဒီမကောင်းဆိုးဝါးအကြောင်းပဲ ပြောရအောင်၊ ငါတို့ ဒါကို သတ်မလား၊ မသတ်ဘူးလား"

"ဟင်"

ပြေးဝင်လာသောဓားသွားက အံ့အားသင့်သွားသည်။

"အစီအစဉ် ဆွဲတာက မင်းရဲ့ တာဝန် မဟုတ်ဘူးလား၊ ဘာလို့ ငါ့ကို လာမေးနေတာလဲ"

"အော်... အဲ့ဒီလိုလား"

ဖုန်းပုကြွယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါ ဘာခိုင်းခိုင်း မင်းက သတ်ပေးမယ်ပေါ့၊ ဟုတ်လား၊ ဒါဆိုရင်တော့ ပိုလွယ်သွားပြီ"

သူသည် လက်နှိပ်ဓာတ်မီးနှင့် သံမဏိဓားကို အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီး ရှေ့သို့ လျှောက်သွားကာ သံတံခါးပေါ်ရှိ ဘားကို ဆွဲကိုင်လိုက်သည်။

"ငါ အခု တံခါးဖွင့်လိုက်တော့မယ်၊ မင်းက အထဲကို ပြေးဝင်ပြီး ခုတ်ပစ်လိုက်၊ မင်းနောက်ကနေ ငါကာကွယ်ပေးမယ်"

"ဟေး..."

ပြေးဝင်လာသောဓားသွားသည် ထိုအခါမှ သဘောပေါက်သွားမိသည်...။ ဖုန်းပုကြွယ်က ဘာလို့ သူ့သဘောထားကို လာမေးရသလဲ ဆိုသည်ကိုပေါ့။

ယခုတော့ တစ်ခုခုပြောရန် နောက်ကျသွားပြီ ဖြစ်သည်။ ဖုန်းပုကြွယ်က ဘားကို လှည့်လိုက်ပြီ ဖြစ်၏။ ပြင်းထန်သော တွန်းအားတစ်ခုနှင့်အတူ သံတံခါးကြီးမှာ ပွင့်သွားခဲ့သည်။ အခန်းထဲရှိ မကောင်းဆိုးဝါးလည်း တံခါးဝရှိ အခြေအနေကို သတိပြုမိသွားပုံရသည်။ ပြေးဝင်လာသောဓားသွား အထဲသို့ ဝင်မလာခင်မှာပင် ၎င်းက အရင် လှုပ်ရှားလိုက်လေသည်။

တံခါးကို တွန်းဖွင့်ပြီးနောက် ဖုန်းပုကြွယ်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သံမဏိဓားကို တစ်ဖန် ပြန်ထုတ်လိုက်သည်။ ပြေးဝင်လာသောဓားသွားသည် အထဲသို့ ပြေးဝင်ရန် ကိုယ်ကို ကိုင်းလိုက်စဉ် မှောင်အတိကျနေသော အခန်းထဲမှ ထူးဆန်းသော သတ္တုပွတ်တိုက်သံကို ထပ်မံ ကြားလိုက်ရပြန်သည်။ ပြေးဝင်လာသောဓားသွားသည် ဗီဇအရပင် လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။ ၎င်းသည် ဓားကို ရင်ဘတ်ရှေ့တွင် ကာထားလိုက်ပြီး တံခါးဝမှ ပြေးထွက်လာသော အမည်းရောင်အရိပ်ကြီးဆီသို့ အရှိန်ဖြင့် တိုးဝင်လိုက်သည်။

ထူးဆန်းသော တကျိကျိ မြည်သံနှင့်အတူ မကောင်းဆိုးဝါး၏ ကြီးမားသော ကိုယ်ထည်ကြီးမှာ တံခါးဝမှ ထွက်ပေါ်လာခဲ့သည်။ ထိုမကောင်းဆိုးဝါး၏ ပုံသဏ္ဌာန် အပြည့်အစုံကို မြင်လိုက်ရသောအခါ ပြေးဝင်လာသောဓားသွားသည် သူ့ဓားဖြင့် ခုခံရန် စိတ်ကူးကို ချက်ချင်းစွန့်လွှတ်လိုက်ပြီး အမြန်ဆုံးနှုန်းဖြင့် နောက်သို့ ဆုတ်လိုက်တော့သည်။

မကောင်းဆိုးဝါးသည် ကော်ရစ်ဒါ အလင်းရောင်အောက်သို့ ရောက်ရှိလာခဲ့သည်။ ၎င်း၏ ပုံပန်းသဏ္ဌာန်မှာ အလွန်ထူးဆန်းလှသဖြင့် ဖော်ပြရန်ပင် ခက်ခဲလှ၏။

သတင်းစာတစ်စောင်ကို ဖြန့်ထားပြီး ၎င်းအပေါ်တွင် ပုံစံအမျိုးမျိုးရှိသော သံထည်ပစ္စည်းများကို ပုံထားသည်ဟု မြင်ယောင်ကြည့်လိုက်ပါ။ ဥပမာ - အဝတ်ချိတ်များ၊ ဝက်အူများ၊ ကတ်ကြေးများ၊ L-ပုံသဏ္ဌာန် ရေပိုက်များ၊ သံဆူးကြိုးလိပ်ကြီး စသဖြင့်...။ ထို့နောက် ထိုအရာများကို သတင်းစာဖြင့် ထုပ်ပိုးလိုက်ပြီး အတွင်းမှ လေများ ထွက်သွားအောင် အပြင်ဘက်မှ ဖိအားပေးလိုက်ပါ။ သံထည်ပစ္စည်းများ၏ ချွန်ထက်သော အနားစွန်းများမှာ သတင်းစာကို ဖောက်ထွက်ပြီး အပြင်သို့ ထွက်လာမည်ကို သံသယဖြစ်စရာ မလိုပေ။ နောက်ဆုံးတွင် ရရှိလာမည့် ရလဒ်မှာ အပေါက်များ ပြည့်နှက်နေသော စက္ကူဖြင့် ထုပ်ပိုးထားသည့် ပုံသဏ္ဌာန်မမှန်သော သံထည်ပစ္စည်းကြီး တစ်ခုပင် ဖြစ်ပေလိမ့်မည်။

တံခါးဝမှ ထွက်လာသော မကောင်းဆိုးဝါးလည်း ထိုအရာနှင့် ဆင်တူလှသည်။ သို့သော် ၎င်း၏ ခန္ဓာကိုယ်သည် သတင်းစာဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ ပျက်စီးနေသော အရေခွံလွှာတစ်ခုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအရေခွံသည် အိပ်ရာခင်းတစ်ခုထက်ပင် ပိုထူထဲပြီး ၎င်းပေါ်တွင် အပေါက်များစွာ ရှိနေခြင်းဖြစ်၏။ လှုပ်ရှားနေပြီး ရှုပ်ထွေးနေသော သံထည်ပစ္စည်းအချို့က ထိုအပေါက်များမှ ထွက်ပေါ်နေကြသည်။ စက်ဘီးလက်ကိုင်များ၊ သံဆူးကြိုးလိပ်များ၊ ကားအစိတ်အပိုင်းများ၊ သူခိုးကာ တံခါးမှ သံတိုင်များ စသည်ဖြင့်... အားလုံးမှာ သံချေးတက်ပြီး ကျိုးပဲ့နေသော အမှိုက်သရိုက်များသာ ဖြစ်ကြသည်။

မကောင်းဆိုးဝါး၏ အရွယ်အစားကို ခန့်မှန်းရန် ခက်ခဲလှသည်။ ၎င်းမှာ ကားတစ်စီးခန့် အရွယ်အစား ရှိ၏။ အခန်းထဲတွင် ရှိစဉ်က ၎င်းသည် ဘန်းမုန့်လုံး ပုံသဏ္ဌာန် ပြောင်းနိုင်သော်လည်း သတ္တုတံခါးမှ တိုးထွက်လာနိုင်ရန်အတွက်မူ ၎င်း၏ ခန္ဓာကိုယ်ကို တာကိုမုန့် ပုံသဏ္ဌာန်ကဲ့သို့ ပြောင်းလဲခဲ့သည်။

၎င်းသည် ကြမ်းပြင်ပေါ်တွင် ရွေ့လျားနိုင်ရန်အတွက် ၎င်းအရေခွံမှ တိုးထွက်နေသော သံထည်ပစ္စည်းများကို အသုံးပြုနေရသည်။ ကြည့်ရသည်မှာ တွားသွားနေသော ခရုတစ်ကောင်နှင့် တူသော်လည်း အမှန်တကယ်တွင်မူ ၎င်း၌ မရေမတွက်နိုင်သော "ခြေထောက်" များ ရှိနေခြင်း ဖြစ်သည်။ ဖုန်းပုကြွယ်တို့ စောစောက ကြားခဲ့ရသော ပွတ်တိုက်သံမှာ ၎င်းရွေ့လျားနေသည့် အသံပင် ဖြစ်၏။

အက်ရှရှ ဟိန်းဟောက်သံသည် ၎င်း၏ "ခန္ဓာကိုယ်" အတွင်းပိုင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် ၁၀ စင်တီမီတာထက် ပိုထူသော အရေခွံလွှာနှင့် လှုပ်ရှားနေသော သံတိုသံစပုံကြီးဖြင့် ထုပ်ပိုးထားသည့် ဤမကောင်းဆိုးဝါး၏ အလယ်ဗဟိုမှာ မည်သည့်အရာဖြစ်နိုင်မည်နည်းကို ဖုန်းပုကြွယ်ပင် စိတ်ကူးကြည့်ရန် ခက်ခဲနေခဲ့သည်။

"ဒီအရာက စက်လား ဒါမှမဟုတ် သက်ရှိလား"

ပြေးဝင်လာသောဓားသွားသည် သူ့ထံသို့ တဖြည်းဖြည်း ရွေ့လျားလာသော အမည်မသိ မကောင်းဆိုးဝါးကို စိုက်ကြည့်ရင်း နောက်သို့ ဆုတ်လိုက်သည်။ သူသည် မကောင်းဆိုးဝါး၏ ထူးဆန်းသော ပုံပန်းသဏ္ဌာန်ကြောင့် ကြောက်လန့်သွားခြင်း မဟုတ်ဘဲ သူတိုက်ခိုက်ချင်လျှင်ပင် မည်သည့်နေရာမှ စတင်ရမည်ကို မသိသောကြောင့် ဖြစ်သည်။

ဖုန်းပုကြွယ်သည် ပြေးဝင်လာသောဓားသွား၏ နောက် မီတာအနည်းငယ်အကွာတွင် ရပ်နေခြင်းဖြစ်သည်။

"ဘာပဲဖြစ်ဖြစ်၊ ကြည့်ရတာတော့ ဒါကြီးက ဝိညာဉ်တော့ မဟုတ်လောက်ဘူး"

ထိုသို့ပြောရင်း သူသည် သူအိတ်ထဲမှ နောက်ထပ် လက်နက်တစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် လက်တစ်ဖက်ဖြင့် သံမဏိဓားကို ကိုင်ထားပြီး နောက်တစ်ဖက်တွင် ဂွတစ်ချောင်းကို ကိုင်ကာ ရှေ့သို့ ကြည့်လိုက်သည်။

"ဒါကြောင့် ငါ့မှာ အာမခံချက်နှစ်ထပ် ရှိတယ်"

ပြေးဝင်လာသောဓားသွားက ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး မျက်လုံးထောင့်မှ ဖုန်းပုကြွယ်ကို ကြည့်လာသည်။

"ငါတို့ ဘယ်လို တိုက်ခိုက်ကြမလဲ"

"ခွဲပစ်လိုက်ရုံပဲ"

ဖုန်းပုကြွယ်က အလွန်တည်ငြိမ်သော လေသံဖြင့် ဆိုသည်။

"မင်းအတွက်တော့ ပြောရတာ လွယ်တာပေါ့၊ သူ့ဆီမှာ အပြင်ကို ထွက်နေတဲ့ သံ 'လက်တံ' တွေ အများကြီး ရှိနေတာ၊ ပြီးတော့ အရမ်းလည်း ကြီးတယ်၊ အနားကပ်ဖို့က မကောင်း..."

ပြေးဝင်လာသောဓားသွား စကားမဆုံးခင်မှာပင်...

ဖုန်းပုကြွယ်သည် ရှေ့သို့ ခြေလှမ်းကျယ်ကျယ် လှမ်းလိုက်ပြီး လက်နက်နှစ်ခုလုံးကို မကောင်းဆိုးဝါးဆီသို့ လွှဲယမ်းလိုက်လေသည်။ မကောင်းဆိုးဝါးကလည်း အမှန်တကယ်ပင် ပြန်လည် တိုက်ခိုက်ခဲ့သော်လည်း အံ့ဩစရာကောင်းသည်မှာ... ၎င်း၏ တိုက်ခိုက်မှုက အလွန်အားနည်းနေခြင်းပင်။ မည်သို့ပင်ဖြစ်စေ သံချေးတက်နေသော သံထည်ပစ္စည်းများသည် ချွန်ထက်သော လက်နက်များ မဟုတ်ကြသလို လှုပ်ရှားမှုများလည်း ထိုမျှ မမြန်လှပေ။ အင်အားပင်လျှင် ထိုမျှ မသန်မာလှပေ။ မည်သို့ပင်ဖြစ်စေ မကောင်းဆိုးဝါး၏ တိုက်ခိုက်မှုသည် သာမန်လူတစ်ယောက်က သင့်ကို စက်ဘီးတစ်စီးနှင့် လွှဲရိုက်သကဲ့သို့သာ ဖြစ်၏။ လက်တွေ့ဘဝတွင် ၎င်းက သင့်ကို ထိခိုက်ဒဏ်ရာ ရစေနိုင်သော်လည်း ဂိမ်းထဲတွင်မူ ကစားသမားများ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ကွဲပြားခြားနားသည်။ ထို့အပြင် ဖုန်းပုကြွယ်၏ လက်နက်နှင့်ဆိုပါက ၎င်းက ကိစ္စကြီးတစ်ခု မဟုတ်တော့ပေ။

လွှဲယမ်းတိုက်ခိုက်မှု အချို့အပြီးတွင် ဖုန်းပုကြွယ်သည် မကောင်းဆိုးဝါး၏ ရှေ့ပိုင်းရှိ 'အရေခွံ' ကို ခွဲဖွင့်လိုက်နိုင်ခဲ့သည်။ သူ့မျက်စိရှေ့တွင် စိုထိုင်းပြီး မှိုနံ့ရနေသော သံချေးတက် သံပုံကြီး ထွက်ပေါ်လာခဲ့သည်။ သူသည် တွန့်ဆုတ်မနေဘဲ ဓားကို မြှောက်ကာ ခုတ်ချလိုက်တော့သည်။ စက်ရုပ်များ သေရမည်ကို အသုံးပြု၍ ထိုသံတိုသံစပုံကြီးကို ခုတ်ထစ်လိုက်ခြင်းမှာ ပလတ်စတစ်ဓားဖြင့် ကိတ်မုန့်ကို လှီးသကဲ့သို့ပင် ဖြစ်တော့၏။ မကောင်းဆိုးဝါး၏ သတ္တုကိုယ်ထည်သည် ခုတ်ချက်၏ ပြင်းအားကြောင့် ပြတ်ထွက်သွားခဲ့ရသည်။

ပြေးဝင်လာသောဓားသွားသည် ထိုမကောင်းဆိုးဝါး မည်မျှအားနည်းကြောင်း မြင်လိုက်ရသည့်အခါ သူ၏ သတ္တိကြောင်မှုအတွက် ချက်ချင်း အရှက်ရသွားမိသည်။ သူသည် ထပ်မံ မစဉ်းစားတော့ဘဲ ရှေ့သို့ ပြေးဝင်ကာ အရိပ်ဖြတ်တောက်ခြင်းကို အသုံးပြုလိုက်လေသည်။ တိုက်ခိုက်မှု အရှိန်မြှင့်တင်မှုနှင့်အတူ သူသည် လူသားပုံသဏ္ဌာန်ဖျက်စက်တစ်ခုကဲ့သို့ မကောင်းဆိုးဝါး၏ ကိုယ်ထည်ကို ဆွဲဖြဲပစ်လိုက်တော့သည်။

မကောင်းဆိုးဝါး၏ ထူထဲလှသော 'အရေခွံ' လွှာမှ အင်ဂျင်ဝိုင်နှင့် ဆင်တူသော အရည်များ စိမ့်ထွက်လာခဲ့သည်။ ခုတ်ထစ်ခံရပြီးနောက် ထိုအရည်များက နေရာအနှံ့သို့ စင်ထွက်ကုန်၏။ ခဏချင်း၌ ကြမ်းပြင်တွင် နုတ်နုတ်စင်းထားသော အသားများ၊ အနက်ရောင် ဆီများနှင့် ဆွေးမြေ့နေသော သံတိုသံစများဖြင့် ပြည့်နှက်သွားခဲ့သည်...။

ထူးဆန်းသည့်အရာမှာ စောစောက ဟိန်းဟောက်နေခဲ့သော မကောင်းဆိုးဝါးသည် ဖုန်းပုကြွယ်နှင့် ပြေးဝင်လာသောဓားသွားတို့၏ တိုက်ခိုက်မှုအောက်တွင် အလွန်တိတ်ဆိတ်နေခြင်းပင်။ ၎င်းသည် ခုခံရန်နှင့် ပြန်လည်တိုက်ခိုက်ရန်အတွက် ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ သတ္တုအစိတ်အပိုင်းများကို ဆက်လက်လှုပ်ရှားနေခဲ့သော်လည်း မည်သည့် ဟိန်းဟောက်သံကိုမျှ ထပ်မံ မပြုလုပ်ခဲ့ပေ။

နောက်ထပ် သုံးမိနစ်အတွင်း ထိုနှစ်ယောက်သည် ဒိန်ခဲကို ကိုက်ဖြတ်နေသော ကြွက်များကဲ့သို့ မကောင်းဆိုးဝါးအပေါ် တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့ကြသည်။ မကောင်းဆိုးဝါးဘက်တွင်မူ ၎င်း၏ သတ္တုလက်တံများသည် ကြီးမားသော ခြိမ်းခြောက်မှု မရှိသော်လည်း ရပ်တန့်မသွားခဲ့ပေ။

ထိုမကောင်းဆိုးဝါးကို သတ်ရသည့် ဖြစ်စဉ်မှာ မျှော်လင့်ထားသည်ထက် ပို၍ ပင်ပန်းလှသည်။ အကယ်၍ တံခါးဝမှ ထွက်လာသည်က ဝံပုလွေလူသားတစ်ကောင်ဖြစ်ပါက ပိုမိုလွယ်ကူနိုင်ပေလိမ့်မည်။ ဖြစ်နိုင်သည်က ထိုဝံပုလွေလူသား၏ တိုက်ခိုက်ရေး စွမ်းအားသည် ဤမကောင်းဆိုးဝါးထက် အနည်းဆုံး ငါးဆလောက် ပိုသန်မာနိုင်သော်လည်း သူ့ကို သတ်ရတာကတော့ ထိုမျှအထိ အလုပ်မရှုပ်နိုင်ပါချေ။

နောက်ဆုံးတွင် နှစ်ယောက်သား သက်လုံအမှတ် ၃၀၀ ခန့် ကုန်ဆုံးသွားပြီးနောက် မကောင်းဆိုးဝါး၏ ဗဟိုချက်မှာ မည်သည့်အရာဖြစ်ကြောင်း နောက်ဆုံးတွင် မြင်တွေ့လိုက်ရတော့သည်။ ချက်ချင်းဆိုသလိုပင် မကောင်းဆိုးဝါး၏ စူးစမ်းလိုစိတ်မှာလည်း အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားခဲ့သည်...။

All Chapters