အခန်း (၁၂၁-၁၂၂)
Vol. 13 Ch. 121-122
အခန်း (၁၂၁)
သဲကန္တာရကျားအတွက် လူသားတို့၏ သဘာဝသည် ဗဟုစကြဝဠာကဲ့သို့ပင် ဖရိုဖရဲနိုင်လှပြီး ရူးသွပ်ဖွယ် ကောင်း၏။ လူသားတို့သည် ရှင်သန်လိုစိတ်၊ မျိုးပွားလိုသည့် ဆန္ဒနှင့် အဆုံးမရှိသော လောဘတရားတို့ဖြင့်သာ ရှေ့ဆက်နေကြခြင်း ဖြစ်သဖြင့် ပျက်စီးယိုယွင်းမှုများကိုသာ ယူဆောင်လာလိမ့်မည်ဟု ၎င်းက ယူဆထားခြင်းဖြစ်သည်။ ထိုသူတို့ကို ဖျက်ဆီးပြီး အသစ်ပြန်လည် တည်ဆောက်မှသာ တောက်ပသောနေ့ရက်များ စနစ်တကျ ရှိလာမည် ဖြစ်သည်။
လူသားတို့အပေါ် ထားရှိသည့် သဲကန္တာရကျား၏ သဘောထားသည် မီးဖိုပေါ်မှ အစွန်းအထင်းများကို မြင်နေရသည့် သန့်ရှင်းရေး အစွဲအလမ်းကြီးသော အိမ်ရှင်မတစ်ဦးနှင့် တူပေသည်။ သူသည် လူသားတစ်ဦးကို မြင်လိုက်ရသည်နှင့် သန့်ရှင်းစင်ကြယ်သွားအောင် လုပ်ဆောင်ရန် တုံ့ဆိုင်းမနေတော့ပေ။
ဘုန်း။
သဲကန္တာရကျား၏ လက်သီးသည် သဲပြင်ပေါ်သို့ ကျရောက်သွားပြီး သဲလှိုင်းကြီးတစ်ခုကို ဖြစ်ပေါ်သွားစေ၏။ ထိုရိုက်ခတ်မှုကြောင့် ရှောင်တန်နှင့် ရီရူယွီတို့ နောက်သို့ လွင့်ထွက်သွားပြီး အတော်လှမ်းလှမ်းအထိ ဟန်ချက်ပျက်သွားကြသည်။ သူတို့သည် တိုက်ခိုက်မှုကို တိုက်ရိုက်ထိမှန် မခံခဲ့ရသော်လည်း သက်ရောက်မှုလှိုင်းအားကြောင့် သွေးပမာဏ ရှစ်ရာခိုင်နှုန်းခန့် လျော့နည်းသွားပြီး စက္ကန့်အနည်းငယ်ကြာအောင် 'နှေးကွေးခြင်း' အကျိုးသက်ရောက်မှုကို ခံစားလိုက်ရသည်။
ပရိသတ်များထံမှ အားပေးသံများ ထပ်မံ ထွက်ပေါ်လာပြန်၏။ ဤသတ်ဖြတ်သူ၏ ပရိသတ်ကို နှုတ်ဆက်သည့်ပုံစံကို ၎င်းတို့ အတော်လေး သဘောကျနေပုံရသည်။
"မိုးကြိုးချက်ရိုက်ချက်လား၊ ဒါက..."
ဖုန်းပုကြွယ်သည် သူ့မေးစေ့ကို ကိုင်ပြီး စခရင်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေ၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်၊
"ပြိုင်ဘက်က ထရန်စဖော်မာတစ်ကောင် ဖြစ်နေရင်... ရှောင်တန်ရဲ့ ဘွဲ့စွမ်းရည် ပျားတုပ်ခြင်းက အသုံးမဝင်လောက်ဘူး၊ အဲ့ဒီစကေးက သွေးထွက်ခြင်းအကျိုးသက်ရောက်မှု ပါတာဆိုတော့ စက်ရုပ်ပေါ် သုံးလိုက်လို့ 'ဆီယိုခြင်း' ဒါမှမဟုတ် 'လျှပ်စစ်ယိုစိမ့်ခြင်း' အဖြစ် ပြောင်းသွားမှာ မဟုတ်ဘူး"
သူက ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်သည်။
"ရီရူယွီ၏ အဓိကလက်နက်က သေနတ်ပဲ၊ ကျည်ဆန်တွေက ဓားတွေထက် ပိုအသုံးဝင်တယ်ဆိုပေမဲ့ ဒီလိုပြိုင်ဘက်မျိုးနဲ့ဆိုရင် သူ့အတွက်လည်း ဖြေရှင်းရ ခက်လိမ့်မယ်..."
ထိုအချိန်တွင် စခရင်ပေါ်၌ သဲကန္တာရကျားသည် နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်လေ၏။
စက်ရုပ်တစ်ကောင်အနေဖြင့် သူ့ရှေ့မှ လူမသားများက သေနတ်ဖြင့် ပစ်နေသည်ကို မြင်နေရသောအခါ သူသာ စူပါစွမ်းအားပြင်း လက်နက်ကြီးများ ထုတ်မသုံးပါက သူ့အတွက် ရှက်ရစရာ ဖြစ်နေပေလိမ့်မည်။ သူ့ဒူးခေါင်း တစ်ဖက်တစ်ချက်စီမှ လေးထောင့်ပုံစံ ပြွန်ပေါက်များ ထွက်ပေါ်လာပြီး 'ဝူး ဝူး' ဟူသော အသံနှစ်ချက်နှင့်အတူ... လိုက်ဒုံးကျည်နှစ်စင်းသည် နောက်ဆုတ်နေသည့် ရှောင်တန်နှင့် ရီရူယွီတို့ထံ ပျံသန်းသွားတော့သည်။
ဘုန်း ဘုန်း။
အသေးစား ပေါက်ကွဲမှုနှစ်ခုကြောင့် သဲကျင်းကြီးနှစ်ကျင်း ဖြစ်သွားပြီး သဲများ လေထဲသို့ လွင့်စင်သွား၏။ သို့သော် ရှောင်တန်နှင့် ရီရူယွီတို့ကို တိုက်ရိုက် မထိမှန်ခဲ့ပေ။ သူတို့သည် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ပြီး ပေါက်ကွဲမှု၏ သက်ရောက်မှုလှိုင်းကြောင့် ထိခိုက်မှု အနည်းငယ်သာ ခံစားခဲ့ရသည်။
တကယ်တမ်းတွင်... ဒုံးကျည်များသည် ကုန်းမြေတိုက်ကြီးများကို ကျော်ဖြတ်၍ဖြစ်စေ သို့မဟုတ် ကီလိုမီတာအနည်းငယ်ဖြစ်စေ ကြီးမားသော အပူရင်းမြစ်များကို တိုက်ခိုက်ရန် အသုံးဝင်သော်လည်း လှုပ်ရှားနေသည့် လူသားများကို တိုက်ခိုက်ရန်ဆိုပါက ၎င်းတို့ နောက်ယောင်ခံ လိုက်နိုင်မည် မဟုတ်ပေ။ စက်သေနတ်ကို အသုံးပြုခြင်းက ပိုမို ထိရောက်ပါလိမ့်မည်။
"ဟေး၊ မစ္စတာယိုး"
ဖုန်းပုကြွယ်သည် မိုက်ခရိုဖုန်းကို ခေတ္တဖယ်ကာ သူ့အနားတွင် ရှိနေသည့် မစ္စတာယိုးကို တိုးတိုး မေးလိုက်၏။
"ခင်ဗျားစိတ်မရှိရင် ကျွန်တော် မေးပါရစေ... ကွင်းထဲက သတ်ဖြတ်သူတွေကို ဘယ်အချက်ပေါ် မူတည်ပြီး ခွဲတာလဲ၊ ကျပန်း ရွေးချယ်တာလား၊ ဒါမှမဟုတ် ပြိုင်ပွဲဝင်တွေရဲ့ လူမျိုး၊ အရေအတွက် ဒါမှမဟုတ် ရမှတ်တွေပေါ် မူတည်တာလား"
မစ္စတာယိုးသည် သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်၏။ သူက မိုက်ခရိုဖုန်းကို မသုံးဘဲ ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
"မင်းပြောတာတွေကိုပဲ ပေါင်းစပ်ကြည့်လိုက်ပေါ့၊ ဟီးဟီး... အဓိကကတော့ အဲ့ဒီလူ နှစ်ယောက်ရဲ့ စွမ်းအားအဆင့်ပေါ် မူတည်တာပဲ"
ဖုန်းပုကြွယ်သည် ထပ်မံစပ်စုကြည့်လိုက်သည်။
"တစ်နည်းအားဖြင့် ပြောရရင်... ပြိုင်ပွဲဝင်ဝမ် တစ်ယောက်တည်းသာ ကွင်းထဲ ဝင်ခဲ့မယ်ဆိုရင် ဒီအကောင်နဲ့ တွေ့မှာ မဟုတ်ဘူးပေါ့"
"ဟားဟား... သေချာတာပေါ့၊ လူတစ်ယောက်တည်းနဲ့ နှစ်ယောက်ကြားမှာ စွမ်းအားအဆင့် ကွာခြားချက် ရှိတာပဲလေ"
မစ္စတာယိုးက တိကျသော အဖြေတစ်ခု ပေးလိုက်သည်။
"ကျွန်တော်... နားလည်ပြီ"
ဖုန်းပုကြွယ်က ဆိုသည်။
"ဒီဖက်တီးက ' ၁ vs ၁ သွေးစွန်းမယ့် မစ်ရှင်' ဆိုတဲ့ စကားလုံးကို ဘာလို့ သုံးခဲ့လဲဆိုတာ အခုမှ သဘောပေါက်တော့တယ်၊ ကွင်းထဲကို လူအများကြီး ဝင်တာက ဘာအကျိုးကျေးဇူးမှ ရမှာမဟုတ်လို့ပဲ၊ တကယ်လို့ တစ်ယောက်တည်း ဝင်မယ်ဆိုရင်တောင် ရီရူလီလည်း အားသာချက် ရှိမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ပိုသန်မာတဲ့ ကစားသမားက ပိုသန်မာတဲ့ မကောင်းဆိုးဝါးနဲ့ တွေ့မှာမို့လို့ပဲ"
သူက ၎င်းကို စက္ကန့်အနည်းငယ်ခန့် တွေးတောလိုက်သည်။
"အင်း... သွေးပမာဏနဲ့ သက်လုံအမှတ် ကုန်ဆုံးတာတွေကို ထည့်တွက်ကြည့်မယ်ဆိုရင် ပဟေဠိအစီအစဉ်မှာ နောက်ဆုံးကနေဖို့ အလှည့်ကျလုပ်သင့်ပုံရတယ်၊ အဲ့ဒါမှ တိုက်ပွဲရဲ့ ဖိအားတွေကို ခွဲယူနိုင်မှာ"
မစ္စတာယိုး မိုက်ခရိုဖုန်းထဲသို့ အော်ပြောလိုက်သည့် အသံကြောင့် ဖုန်းပုကြွယ်၏ အာရုံက စခရင်ပေါ်သို့ ပြန်ရောက်သွား၏။
"ကြည့်လိုက်ကြပါ၊ ပြိုင်ပွဲဝင် နံပါတ် ၄ က ပြန်တိုက်ခိုက်တော့မှာ ဖြစ်ပါတယ်"
စခရင်ပေါ်၌ ရီရူယွီ၏ သေးငယ်သော ခန္ဓာကိုယ်လေးသည် လက်ထဲတွင် သေနတ်တစ်လက် ကိုင်ဆောင်၍ ဧရာမစက်ရုပ်ကြီးထံသို့ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။
ရှောင်တန်သည် ရီရူယွီ ဘာလုပ်ရန် ကြံစည်နေသည်ကို မသိသော်လည်း သတ္တိမွေးပြီး ရှေ့သို့ ပြေးတက်သွားလိုက်သည်။ သူသည် သဲကန္တာရကျားကို ပစ်ခတ်ပြီး သူမအတွက် အကာအကွယ် ပေးနေခဲ့သည်။
သဲကန္တာရကျားလည်း သူ့ပြိုင်ဘက်က နောက်မဆုတ်ဘဲ ရှေ့သို့ တိုးဝင်တိုက်ခိုက်လာသည်ကို မြင်သည့်အခါ လက်တွန့်မနေတော့ပေ။ သူသည် ကြီးမားလှသော သူ့လက်မောင်းကြီးဖြင့် ရီရူယွီထံ လွှဲရိုက်လိုက်၏။ ရီရူယွီက သဲပြင်ပေါ်တွင် ကျွမ်းကျင်စွာ လှိမ့်ချ၍ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူမသည် အလျင်အမြန် ပြန်ထရပ်၍ ဒူးတစ်ဖက် ထောက်လိုက်ပြီး လက်ကိုမြှောက်ကာ သဲကန္တာရကျား၏ ရင်ဘတ်ကို သေနတ်ဖြင့် ချိန်လိုက်သည်။
ထိုမျှနီးကပ်သော အကွာအဝေးတွင် ထိုမျှကြီးမားသော ပစ်မှတ်ကို ရီရူယွီ လွဲချော်မည် မဟုတ်ပေ။ သူမသည် ပစ်မှတ်နှင့် နီးကပ်အောင် စွန့်စားသွားခဲ့ခြင်းမှာ ဤပစ်ချက်ကို မလွဲစေချင်သောကြောင့် ဖြစ်သည်။
သေနတ်ကိုယ်ထည်မှ စူးရှသော အလင်းရောင်များ ထွက်ပေါ်လာပြီးနောက်...
သေနတ်မှ ထွက်ပေါ်လာရမည့် အသံသည် သေနတ်သံမဟုတ်ပါချေ။ထိုအစား လေထုထဲ၌ ပဲ့တင်ထပ်သွားသည့် အသံမှာ သားကောင်ကို ရှာဖွေနေသည့် လင်းယုန်ငှက်တစ်ကောင်၏ အော်သံရှည်ကြီးပင် ဖြစ်သည်။ ပြောင်းဝမှ ထွက်လာသည့် ကျည်ဆန်သည် လေထုထဲတွင် ငွေရောင်တောက်ပနေပြီး ငွေရောင်အတောင်ပံပါသော လင်းယုန်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။ ၎င်းသည် သဲကန္တာရကျား၏ ကိုယ်ထည်ဆီသို့ ထိုးဆင်းသွားတော့သည်။
နောက်တစ်စက္ကန့်တွင် သဲကန္တာရကျား၏ ရင်ဘတ်သည် RPG ဒုံးကျည်ဖြင့် ထိမှန်သွားသကဲ့သို့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွား၏။ ခြောက်မီတာခန့် မြင့်ပြီး တန်ချိန်များစွာ လေးသော စက်ရုပ်ကြီးသည် ပေါက်ကွဲမှုဒဏ်ကြောင့် မြေပြင်မှ လွင့်ထွက်သွားပြီး ပက်လက်လန်လဲကျသွားရသည်။
အမည် - ကောင်းကင်ယံကို ဖြိုခွင်းသော လင်းယုန်
ဂုဏ်သတ္တိ - တက်ကြွစွမ်းရည် (တစ်ခါအသုံးပြုပြီးနောက် ပျောက်ကွယ်သွားမည်)
စကေး အမျိုးအစား - ပစ်ခတ်ရေး
အကျိုးသက်ရောက်မှု - ကျည်ဆန်ကို မှော်စွမ်းအင်များ ထည့်သွင်းပြီး ပစ်ခတ်ခြင်းဖြင့် ပစ်မှတ်ကို ကြီးမားသော ပေါက်ကွဲမှုဒဏ် ဖြစ်စေသည်။ (ဤစွမ်းရည်ကို အသုံးပြုရန် လက်ကိုင်သေနတ်ကို အသုံးပြုရမည်ဖြစ်ပြီး သေနတ်ထဲတွင် အနည်းဆုံး ကျည်တစ်တောင့် ရှိရမည်။)
ကုန်ကျမှု - သက်လုံအမှတ် ၅၀၀၊ အမြင့်ဆုံးမှော်စွမ်းအင် ပမာဏ၏ ၅၀ ရာခိုင်နှုန်း
သင်ယူရန် လိုအပ်ချက် - ပစ်ခတ်ရေး E၊ မှော်အတတ် F၊ အဆင့် ၁၀ နှင့် အထက်
မှတ်ချက် - ရိုးရှင်းပြီး လက်တွေ့ကျသည့် စွမ်းရည်တစ်ခု ဖြစ်သည်။ ဤစွမ်းရည်နောက်ကွယ်မှ သီအိုရီကို နားလည်ရန် အခြေခံမှော်အသိပညာလောက်သာ လိုအပ်သည်။ မှော်စွမ်းအင် ပိုသုံးလေ တိုက်ခိုက်မှု ပိုပြင်းထန်လေ ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ အားနည်းသော သေနတ်သမားများသည် ဤစွမ်းရည်ကို သုံးပြီးနောက် ယာယီ ကိုယ်လက်ထုံထိုင်းသွားနိုင်သည်။ ဤစွမ်းရည်ကို ပစ်ခတ်လိုက်သည့် လက်နက်သည် အပူလွန်ကဲသွားမည်ဖြစ်ပြီး နောက်ထပ် ၁၅ မိနစ်အထိ အသုံးပြု၍ ရမည်မဟုတ်ပေ။
ယင်းသည် ရီရူယွီ အသုံးပြုလိုက်သည့် စကေး ဖြစ်၏။ သူမသည် ဤစကေးကတ်ကို လွန်ခဲ့သော ဇာတ်လမ်းအချို့ကတည်းက ရရှိခဲ့ပြီး သင်ယူထားခြင်း ဖြစ်သော်လည်း သုံးရန် အခွင့်အရေး မရခဲ့ခြင်း ဖြစ်သည်။
ယင်းက အလောင်းအစားတစ်ခုဖြစ်ကြောင်း ထင်ရှားပေသည်။ သူမရှေ့မှ ပြိုင်ဘက်ကို ကြည့်၍ ရီရူယွီက စွန့်စားရကျိုးနပ်သည်ဟု ယုံကြည်ခဲ့ခြင်း ဖြစ်သည်။
သူမ၏ အခြေအနေ သုံးသပ်ချက်သည် တိကျပြီး လုပ်ဆောင်ချက်သည်လည်း ပြတ်သားကာ ထိရောက်ပေသည်။ သူမအနေဖြင့် ထိုစွမ်းရည်ကို သိမ်းထားပြီး အသည်းအသန် အခြေအနေရောက်ခါမှ သုံးခြင်းထက် တိုက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးရန် စောစောစီးစီး သုံးလိုက်ခြင်းက ပိုကောင်းပေသည်။ အကယ်၍ ဤတစ်ချက်နှင့် ထိုအကောင်ကို မသတ်နိုင်လျှင်ပင် သူမ၏ အသက်အမှတ်နှင့်ဆိုပါက တိုက်ပွဲကို ပြန်လှည့်ရန် အခွင့်အရေး ရှိပါသေးသည်။
ထိုတစ်ချက်ကို ပစ်ခတ်ပြီးနောက် ရီရူယွီသည် မြေပြင်ပေါ် ခွေကျသွားပြီး ပြန်မထနိုင်တော့ပေ။ သူမသည် ဂိမ်းမီနူးကို ဖွင့်ကြည့်လိုက်ပြီး ရေရွက်လိုက်သည်။
"ကျစ်... ကိုယ်လက်ထုံထိုင်းတဲ့အခြေအနေ ဖြစ်သွားတာပဲ"
အခြားတစ်ဖက်တွင် သဲကန္တာရကျားသည် တစ်စက္ကန့်ပင် ရပ်မသွားခဲ့ပေ။သူသည် စက်ရုပ်တစ်ကောင် ဖြစ်သဖြင့် မြေပြင်ပေါ် လဲကျသွားပြီးနောက် အမောဖြေရန် လိုအပ်သည့် လူသားများကဲ့သို့ မဟုတ်ပေ။ သူအပစ်ခံရပြီးနောက် သူ့ရင်ဘတ်သည် မည်းတူးသွားပြီး သံချပ်ကာအပြားသည်လည်း ချိုင့်ဝင်ကာ အက်ကွဲသွားသည်။ သို့သော် သူ့ဦးနှောက်ထဲမှ ဆားကစ်ပြားကတော့ ထိခိုက်မှုကို တွက်ချက်ရန် တစ်စက္ကန့်ပင် အချိန်မယူခဲ့ရဘဲ "ငါ လှုပ်ရှားနိုင်သေးတယ်" ဟူသည့် သတင်းစကားကို ပေးပို့လိုက်ဟန် တူ၏။ ထို့ကြောင့် သူသည် မြေပြင်မှ ချက်ချင်း ပြန်ထလာတော့သည်။
ဒိုင်း ဒိုင်း ဒိုင်း။
ရှောင်တန်သည် အခြေအနေ မည်မျှ ဆိုးရွားနေသည်ကို မြင်နေရသည်။ သူကျည်ပြန်ဖြည့်ပြီး ရှေ့သို့ ပြေးလွှားရင်း ပစ်ခတ်နေသော်လည်း သူသည် လုံလောက်အောင် မမြန်ဆန်သေးပေ။
သဲကန္တာရကျား၏ ရေခဲသေတ္တာ အရွယ်အစားလောက်ရှိသော သံလက်သီးကြီးသည် ကောင်းကင်မှ ကျဆင်းလာပြီး မြေပြင်ပေါ်မှ ရီရူယွီထံ ဦးတည်နေလေသည်။ အကယ်၍ ထိုလက်သီးချက်သာ ကျရောက်သွားမည်ဆိုပါက နောက်ထပ် ဖြစ်လာမည့်အရာကို ဖော်ပြရန် စကားလုံးသုံးလုံးသာ ရှိပါတော့သည်။
လူသား၊ အသားပြားနှင့် အဖြူရောင် အလင်းတန်း။
ရီရူယွီသည် မြေပြင်ပေါ် ဒူးထောက်နေရင်း သူမထံ ကျရောက်လာသည့် အရိပ်ကြီးကို မြင်နေရသော်လည်း ဘာမှ မလုပ်နိုင်တော့ပေ။ သူမ၏ ခန္ဓာကိုယ်သည် သူမအမိန့်ကို မနာခံတော့ဘဲ ဘေးပင် မလှိမ့်နိုင်တော့ပေ။ သူမ လုပ်နိုင်သည်မှာ အံတင်းတင်းကြိတ်၍ မကြာခင် ခံစားရတော့မည့် နာကျင်မှုများကို ရင်ဆိုင်ရန် ပြင်ဆင်နေရုံသာ ဖြစ်သည်။
ထိုအချိန်တွင် အံ့ဖွယ်တစ်ခု ဖြစ်ပေါ်လာတော့သည်။
သဲကန္တာရကျား၏ လှုပ်ရှားမှုများသည် ရုတ်တရက် နှေးကွေးသွားခဲ့ခြင်းဖြစ်သည်။ ယင်းသည် အရှိန်မြင့်ကင်မရာဖြင့် ရိုက်ကူးထားသော မြင်ကွင်းတစ်ခုအလားပင်။ သဲကန္တာရကျား၏ လက်သီးသည် လိပ်တစ်ကောင် သွားနေသည့် အရှိန်လောက်ဖြင့်သာ ချဉ်းကပ်လာနေခြင်းဖြစ်သည်။ ထိုအရာကြီးနှင့် တိုက်မိလျှင်ပင် သေမည်မဟုတ်ဟု ခံစားရစေသည်။
ပရိသတ်များ အံ့အားသင့်ပြီး အသက်ရှူမှားသွားကြ၏။
မစ္စတာယိုးသည် ထိုအကြောင်းကို သိရှိသူတစ်ဦး ဖြစ်သည်။
"အိုး၊ လူတိုင်း ကြည့်လိုက်ကြပါဦး၊ တစ်ယောက်ယောက်က အနီးအနားမှာ 'အချိန်သဲပွင့်' ကို သုံးလိုက်ပုံပါပဲဗျာ"
"မဟုတ်ဘူး၊ အဲ့ဒါက အညစ်အကြေးတွေ ရောနှောနေတဲ့ အချိန်ဖုန်မှုန့်လေး တချို့ပါပဲ၊ တကယ့် 'အချိန်သဲပွင့်'အစစ်က ဒီထက်အများကြီး ပိုအစွမ်းထက်တယ်"
ကင်မရာလှည့်သွားသောချိန်တွင် ထိုစကားကို ပြောလိုက်သူမှာ ဟီဖက်စတပ် ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ပရိသတ်များ အံ့သြသွားကြသည်။
ဆိုတော့ သူလည်း လေးနက်တဲ့မှတ်ချက်တွေ ပေးနိုင်တာပဲ။
ရှောင်တန်သည် ဝင်ချက်စတာသေနတ်ကို လက်တစ်ဖက်တွင် ကိုင်ထားပြီး ကျန်လက်တစ်ဖက်၌ သွေးများ စိုရွှဲနေခဲ့သည်။
သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။ 'နှေးကွေးစေသော သဲ' ကို အသုံးပြုရန် ဖန်ပုလင်းကို ရိုက်ခွဲရမည် ဖြစ်သည်။ သူသည် ပျော့ပျောင်းသော သဲများကြား ရောက်ရှိနေခြင်း ဖြစ်သဖြင့် ဖန်ပုလင်းကို လက်ဗလာဖြင့်ခွဲရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်။
သဲကန္တာရကျား၏ လက်သီးသည် ဆက်လက် ချဉ်းကပ်နေသော်လည်း နှေးကွေးစေသည့် အကျိုးသက်ရောက်မှုကြောင့် ရှောင်တန်သည် ရီရူယွီ ရှိသည့်နေရာသို့ အချိန်မီ ရောက်သွားခဲ့၏။ သူဘာမှမပြောဘဲ သူ့အသင်းဖော်ကို ပွေ့ချီလိုက်ပြီး ပြေးတော့သည်။ သူသည် အတော်လှမ်းလှမ်းအထိ ပြေးသွားခဲ့ခြင်းဖြစ်သည်။
"အရူး၊ နင်ဘယ်ကို ပြေးနေတာလဲ၊ ဒီအခွင့်အရေးကို သုံးပြီး သူ့ကို ပစ်လေ"
ရီရူယွီသည် သူမကို ပွေ့ချီပြီး ပြေးနေသည့် ရှောင်တန်ကို မြင်သောအခါ ရပ်မည့်ပုံလည်း မရှိသဖြင့် သတိပေးရန် အမြန်အော်ပြောလိုက်၏။
"အိုး နားလည်ပြီ"
ရှောင်တန်သည် အခုမှ သဘောပေါက်သွားသည်။ ရီရူယွီကို မြေပြင်ပေါ် ချပေးလိုက်ပြီး သဲကန္တာရကျားထံသို့ ပြန်ပြေးသွားတော့သည်။
သူထွက်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် ရီရူယွီသည် ပြန်လည် လှုပ်ရှားနိုင်လာလေသည်။ သူမသည် မည်းမှောင်နေသော အမူအရာဖြင့် မြေပြင်မှ ထရပ်လိုက်သည်။ သူမသည် မျက်နှာပေါ်မှ သဲများကို သုတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်သည်။
"ဒီ အရူးအကြီးစားကတော့... 'သတ်ဖြတ်ခြင်း ဂိမ်း' ထဲကျမှ အမေ့ကို တမ်းတသွားအောင် ငါနင့်ကို ရိုက်ပစ်မယ်..."
သူမ စိတ်ဆိုးနေသော်လည်း ဘာက ပိုအရေးကြီးသည်ကို သိ၏။ ယခုသည် ရန်ဖြစ်နေရမည့် အချိန် မဟုတ်ပေ။
ရီရူယွီသည် သူမ၏ ပစ္စည်းသိုလှောင်အိတ်ထဲမှ စနိုက်ပါရိုင်ဖယ်ကို ထုတ်ယူလိုက်သည်။ စက္ကန့်အနည်းငယ်အတွင်း သူမသည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်သွားပြီး ချိန်ရွယ်လိုက်၏။ သဲကန္တာရကျားသည် လှုပ်ရှားမရသလောက် ဖြစ်နေသော်လည်း သူမက သူမထံရှိသမျှ အပြင်းထန်ဆုံး လက်နက်ကိုသာ သုံးရန် ရွေးချယ်လိုက်လေသည်။
တစ်ဖက်တွင် ရှောင်တန်က သဲကန္တာရကျား၏ ခြေရင်းသို့ ပြန်လည်ရောက်ရှိသွား၏။ သူ့ခန္ဓာကိုယ်သည် ရုန်းမထွက်နိုင်သေးသည့် စက်ရုပ်လက်မောင်းပေါ်သို့ ကျွမ်းကျင်စွာ တက်သွားပြီး စက်ရုပ်၏ ပခုံးပေါ်အထိ ရောက်သွားခဲ့သည်။
အချိန်သဲ၏ အစွမ်းကုန်ခါနီးအချိန်တွင် ရှောင်တန်လက်ထဲမှ ဝင်ချက်စတာ သေနတ်ပြောင်းသည် သဲကန္တာရကျား၏ ဦးခေါင်းကို အနီးကပ်ဆုံး အကွာအဝေးမှ ထိကပ်ထားပြီးသား ဖြစ်နေပြီ ဖြစ်သည်။ သူ မောင်းကိုဖြုတ်လိုက်သည့် အချိန်၌ပင် ရီရူယွီ၏ စနိုက်ပါရိုင်ဖယ်သည်လည်း ထွက်ပေါ်လာတော့သည်။
အခန်း (၁၂၂)
ရှောင်တန်၏ ဝင်ချက်စတာသေနတ်ဒဏ်ကြောင့် သဲကန္တာရကျား၏ ဦးခေါင်းမှ အစိတ်အပိုင်း တော်တော်များများ လွင့်ထွက်သွားသော်လည်း စနိုက်ပါရိုင်ဖယ်၏ ကျည်ဆန်မှာမူ ဦးခေါင်းဆီသို့ ဦးတည်သွားခဲ့ခြင်း မဟုတ်ပေ။ ရီရူယွီသည် ကောင်းကင်ယံကို ဖြိုခွင်းသော လင်းယုန်စွမ်းရည် ထိမှန်ထားခဲ့သည့် သဲကန္တာရကျား၏ ရင်ဘတ်သံချပ်ကာအပြားကိုသာ ချိန်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုကျည်ဆန်သည် သံချပ်ကာကို အောင်မြင်စွာ ဖောက်ထွင်းသွားပြီးနောက် ၎င်း၏ စွမ်းအင်ဗဟိုချက်ထံ ထိမှန်သွားခဲ့ရသည်။
ပေါက်ကွဲမှုကြီး ဖြစ်မလာခဲ့သလို ထိုမကောင်းဆိုးဝါးကောင်သည်လည်း နောက်ဆုံးအချိန်အထိ ရုန်းကန်ခြင်း မပြုခဲ့ပေ။ လျှပ်စစ်ပြတ်တောက်သွားသည့် အိမ်သုံးလျှပ်စစ်ပစ္စည်းတစ်ခုကဲ့သို့ ၎င်းသည် လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားပြီး တုံ့ပြန်မှုများ ရပ်တန့်သွားတော့သည်။
ရှောင်တန်နှင့် ရီရူယွီတို့ စိတ်သက်သာရာ မရသေးမီ အခြားအရာတစ်ခု ထပ်မံ ဖြစ်ပွားလာပြန်သည်။ သူတို့မျက်လုံးများကို ဖုံးကွယ်ထားခဲ့သော ကောင်းကင်ယံမှ နေမင်းကြီးသည် ရုတ်တရက် သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်အဟုန်ဖြင့် စတင်ရွေ့လျားလာခြင်းဖြစ်သည်။ အလင်းရောင်၏ မြန်ဆန်သော လှုပ်ရှားမှုကြောင့် မြေပြင်ပေါ်မှ အရိပ်များ ရှည်ထွက်လာပြီး အပူချိန်မှာလည်း ကျဆင်းသွားရသည်။ သူတို့ ခေါင်းမော့ကြည့်လိုက်သောအခါ အထက်ရှိ 'ကောင်းကင်' ကြီး ပွင့်ထွက်သွားသည်ကို တွေ့လိုက်ရသည်။ ပြာလွင်သော ကောင်းကင်ကြီးသည် ဖိနပ်ဘူးအဖုံးတစ်ခုကဲ့သို့ ဖြစ်နေပြီး နေမင်းကြီးမှာ ထိုအဖုံးအတွင်း၌ တပ်ဆင်ထားသည့် မီးသီးတစ်လုံးနှင့် တူလှသည်။ သို့သော် ထိုအချိန်တွင် အဖုံးကြီးမှာ အပြင်ဘက်သို့ ဆွဲဖွင့်ခံလိုက်ရပြီ ဖြစ်သည်...။
'ကောင်းကင်' ၏ အပြင်ဘက် အလွန်အမင်းမြင့်မားသော နေရာတစ်ခုတွင် အဖြူအမည်း စစ်တုရင်ကွက်ပုံစံ မျက်နှာကျက်ကို မြင်တွေ့နေရသည်။ အမည်မသိအရပ်မှ ကျရောက်လာသည့် အလင်းရောင်သည် အခန်းတွင်းရှိ လူလုပ်အလင်းရောင်ကဲ့သို့ ဖြစ်နေပေသည်။ မကြာမီ ရိုးသားဖြောင့်မတ်ပုံရသော ဧရာမမျက်နှာကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ၎င်းမျက်နှာကြီးသည် ကောင်းကင်တစ်ခုလုံးကို ကွယ်သွားစေပြီး သဲပြင်ပေါ်ရှိ လူနှစ်ဦးကို ငုံ့ကြည့်လိုက်သည်။
ဤမြင်ကွင်းသည် အဓိပ္ပာယ်မရှိလောက်အောင် ထူးဆန်းလှသော်လည်း အရာများစွာကို ရှင်းပြနေပေသည်။
ပိုမိုတိကျစွာ ဖော်ပြရလျှင်... ဤတိုက်ပွဲကွင်းပြင်သည် ထောင့်မှန်စတုဂံပုံစံ သေတ္တာတစ်လုံးသာ ဖြစ်၏။ အောက်ခြေသည် ပြန့်ပြူးနေပြီး သဲအလွှာတစ်ခု ဖုံးလွှမ်းထားခြင်းဖြစ်သည်။ နံရံလေးဖက်နှင့် မျက်နှာကျက်ကိုမူ အစစ်အမှန် ကောင်းကင်ပြာကြီးနှင့် မခြားနားသည့် စက္ကူဂျပ်ဖာပြားဖြင့် ဖုံးအုပ်ထားခြင်း ဖြစ်သည်။ ရှောင်တန်နှင့် ရီရူယွီတို့သည် လေးထောင့်ဘူးထဲတွင် ထည့်ထားခံရသည့် ပုရွက်ဆိတ်နှစ်ကောင်နှင့် တူပြီး သဲကန္တာရကျားမှာလည်း အရွယ်အစားသေးငယ်သည့် ကစားစရာအရုပ်မျှသာ ဖြစ်ပေသည်။
သို့သော် ယခုတွင် ဘူးအပြင်ဘက်ရှိ ပုဂ္ဂိုလ်ဖြစ်သော မစ္စတာယိုးက ဘူးအဖုံးကို မတင်လိုက်သဖြင့် ဘူးထဲမှ ပုရွက်ဆိတ်လေးများသည် အပြင်ဘက်မှ မျက်နှာကျက်နှင့် အလင်းရောင်တို့ကို မြင်တွေ့ခွင့်ရသွားတော့သည်။
သဲကန္တာရကျား အသတ်ခံလိုက်ရသည့်အချိန်တွင် စတူဒီယိုအတွင်းရှိ ဧရာမစခရင်ကြီးပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုလည်း ပြီးဆုံးသွားလေသည်။ မစ္စတာယိုးသည်လည်း စင်ပေါ်၌ ရပ်မြဲအတိုင်း ရှိနေပြီး မထွက်သွားသေးပေ။ မှန်ပေသည် နတ်ဘုရားတစ်ပိုင်း ပုဂ္ဂိုလ်တစ်ပါးအနေဖြင့် နေရာနှစ်ခုတွင် တစ်ပြိုင်နက်တည်း ပေါ်လာရန်မှာ သူ့အတွက် အလွန်ခက်ခဲသောအရာ မဟုတ်ပေ။
ရှောင်တန်နှင့် ရီရူယွီတို့သည် အထက်မှ မြင်ကွင်းကို ကြည့်၍ အလွန်အံ့အားသင့်သွားကြသဖြင့် စကားပင် မပြောနိုင်တော့ချေ။ မစ္စတာယိုးကမူ သူတို့နှစ်ဦးကို ပြုံးပြရုံသာ ပြုသည်။ ထို့နောက် သူ၏ ဝဖြိုးလှသော လက်ချောင်းများဖြင့် ကစားစရာ ဖုန်းရုံနှစ်ခုကို ကောက်ယူကာ 'သဲကန္တာရ' ထဲသို့ ချပေးလိုက်လေသည်။ သူက ရှောင်တန်နှင့် ရီရူယွီတို့ ကြားနိုင်လောက်သည့် အသံပမာဏဖြင့် "အထဲကို ဝင်လိုက်ကြပါ" ဟု ပြောပြီးနောက် ဘူးအဖုံးကို ပြန်ပိတ်ကာ 'ကောင်းကင်' ကို နေရာပြန်ချလိုက်သည်။
ဘူးအတွင်းရှိ နှစ်ယောက်သားမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရှောင်တန်က စကား စပြောလိုက်၏။
"အစ်ကိုကြွယ်က လျှောက်မလုပ်နဲ့လို့ ဘာလို့သတိပေးလဲဆိုတာ အခုမှ နားလည်တော့တယ်၊ ဒီဇာတ်လမ်းထဲက မကောင်းဆိုးဝါးတွေက အရေအတွက် များရုံတင်မကဘူး၊ အိုဗာပါဝါကောင်တွေချည်းပဲ"
ရီရူယွီက မျက်နှာပေါ်မှ သဲများကို ပုတ်ခါလိုက်ပြီး လက်နက်များကို ပြန်သိမ်းကာ ပြန်ဖြေသည်။
"ဒီဇာတ်လမ်းမှာ ထူးဆန်းတဲ့အရာတွေ အရမ်းများလွန်းတယ်၊ ကျွန်မတို့ အခုထိ အဓိကမစ်ရှင်တောင် မရသေးဘူး"
"အဲ... ဟုတ်သားပဲ၊ မင်းမပြောရင် ငါတောင် မေ့တော့မယ်"
ရှောင်တန်က ဆိုသည်။
"ဘာပဲဖြစ်ဖြစ်ပါ ၊ သူပြောတဲ့အတိုင်း လုပ်ကြရအောင်"
ရီရူယွီသည် သူမနှင့် အနီးဆုံးရှိ ဖုန်းရုံထံသို့ လျှောက်သွားလိုက်သည်။
"အထဲဝင်လိုက်ရင် ရိုက်ကူးရေး စတူဒီယိုကို ပြန်ရောက်နိုင်မှာပါ၊ ဝူး... ဒီမှာ အရမ်း ပူတာပဲ"
ရှောင်တန်လည်း လက်နက်များကို သိမ်းဆည်းပြီး အခြားဖုန်းရုံတစ်ခုအတွင်းသို့ လျှောက်လှမ်းဝင်ရောက်သွားသည်။
ယခုတစ်ကြိမ်တွင် သူ့တို့နှစ်ဦးလုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သဖြင့် ခြေဖဝါးအောက်မှ မြေပြင်ကြီး ရုတ်တရက် ပျောက်ကွယ်သွားချိန်တွင် ထိတ်လန့်ခြင်း မရှိတော့ပေ။ သူတို့သည် အမှောင်အတိကျနေသည့် ပတ်ဝန်းကျင်အတွင်းသို့ သဘာဝအတိုင်း ပြုတ်ကျသွားကြသည်။ ထို့နောက် မမြင်နိုင်သော အင်အားတစ်ခု၏ ဆွဲငင်မှုဖြင့် လျှောလမ်းအတိုင်း ထိုင်ခုံများဆီသို့ ပြန်လည် ရောက်ရှိသွားကြသည်။ သူတို့ လည်ပတ်မြင့်တက်သွားပြီးနောက် သေမင်းပဟေဠိ အစီအစဉ်ကျင်းပရာ နေရာသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာကြတော့သည်။
"ပြန်လည် ကြိုဆိုပါတယ်"
မစ္စတာယိုးက စိတ်လှုပ်ရှားစွာ ကြိုဆိုလိုက်သည်။
ပရိသတ်များကလည်း အားပေးကြွေးကြော်ကြ၏။
"အဲ... စောစောက အပြင်မှာ ရှိနေတာလည်း ခင်ဗျားပဲလား"
ရှောင်တန်က မေးလိုက်သည်။
"သေချာတာပေါ့၊ ငါပဲလေ၊ ငါသာဆန္ဒရှိမယ်ဆိုရင် နေရာတော်တော်များများမှာ တစ်ပြိုင်တည်း ပေါ်လာလို့ ရပါတယ်၊ အဲဒါက မခက်ပါဘူး၊ ဒါပေမဲ့ မင်းတို့နှစ်ယောက်ကို ပြန်ခေါ်လာတဲ့ လုပ်ငန်းစဉ်ကိုတော့ ဒီမှာ ထုတ်လွှင့်မှာ မဟုတ်ဘူး"
မစ္စတာယိုးက ပြန်ဖြေရင်း ကင်မရာနားသို့ လျှောက်သွား၏။
"ချစ်ခင်ရပါသော ပရိသတ်အပေါင်းတို့ခင်ဗျာ၊ ကျွန်တော်တို့ ရိုက်ကွင်းနောက်က လုပ်ဆောင်ချက်တွေကို စိတ်ဝင်စားတယ်ဆိုရင် စခရင်အောက်က ဖုန်းနံပါတ်သို့ မက်ဆေ့ခ်ျ ပို့နိုင်သလို ကျွန်တော်တို့ရဲ့ ဝဘ်ဆိုဒ်ကို ဝင်ရောက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါဝင်နိုင်ပါတယ်နော်၊ အနှစ် ၆၀ ရဲ့ နောက်ဆုံးနှစ်တိုင်း ကျွန်တော်အစီအစဉ်မှ ကံထူးရှင်ပရိသတ် ၆၀၀ ကို ရွေးချယ်ပြီး ကျွန်တော်တို့အစီအစဉ်ကနေ ကန့်သတ်ထုတ်လုပ်ထားတဲ့ ဗီဒီယိုတွေကို လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်၊ အဲ့ဒီဗီဒီယိုထဲမှာ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း မမြင်တွေ့နိုင်တဲ့ ရိုက်ကူးရေးနောက်ကွယ်က မြင်ကွင်းတွေကို မှတ်တမ်းတင်ထားတာပါ"
ထို့နောက် မစ္စတာယိုးသည် အထူးဧည့်သည်တော် ထိုင်ခုံများဘက်သို့ လှည့်ကာ မူလအကြောင်းအရာသို့ ပြန်သွား၏။
"ကောင်းပါပြီ... စောစောက တိုက်ပွဲကွင်းပြင်မှာ ပြိုင်ပွဲဝင် နံပါတ် ၂ နဲ့ နံပါတ် ၄ တို့ရဲ့ စွမ်းဆောင်ရည်အပေါ် အထူးဧည့်သည်တော် သုံးဦးအနေနဲ့ ဘာများ ပြောချင်ပါသလဲ"
ကင်မရာသည် မာနထံသို့ လှည့်သွား၏။ သူမက တိုက်ရိုက်ပင် ပြောလိုက်သည်မှာ "ယောက်ျားတွေ အားလုံး သေသင့်တယ်"
"အင်း... ပြောတာ ကောင်းတယ်"
ရီရူယွီသည် မာန၏ ကိုယ်နေဟန်ထားကို အတုယူကာ ရင်ဘတ်ပေါ်၌ လက်နှစ်ဖက်ကို ပိုက်ထားရင်း အလေးအနက် ခေါင်းညိတ်လိုက်သည်။
"ဟေး၊ ငါ ဘာလုပ်မိလို့လဲ"
ရှောင်တန်က အော်ပြောလိုက်သည်။
"သူတို့ရဲ့ စွမ်းဆောင်ရည်အပေါ် ပြောစရာ သိပ်မရှိပါဘူး၊ ဒါပေမဲ့ မေးခွန်းနှစ်ခုကတော့ ပြိုင်ပွဲဝင် နံပါတ် ၂ က အဆိုးရွားဆုံး ရွေးချယ်မှုကို လုပ်ခဲ့တယ်"
ကပ်ရောဂါ၏ သုံးသပ်ချက်များသည် အမြဲတမ်း ဘက်မလိုက်ဘဲ ယုတ္တိကျလှသည်။
"ပထမအချက်အနေနဲ့ မင်း အဲ့ဒီဖန်ပုလင်းကို လက်ဗလာနဲ့ မခွဲသင့်ဘူး၊ ဒုတိယအချက်အနေနဲ့ တကယ်တမ်းကျတော့ မင်းသဲကန္တာရကျားရဲ့ ဦးခေါင်းကို နောက်ဆုံး ပစ်လိုက်တဲ့အချက်က အသုံးမဝင်ဘူး၊ မင်း သူ့ခေါင်းကို ပေါက်ကွဲအောင် လုပ်လိုက်ရင်တောင် သူ့ရဲ့ သတင်းအချက်အလက် စုဆောင်းရေးစနစ်ကိုပဲ ဖျက်ဆီးနိုင်မှာ၊ တကယ့်သတ်ကွက်ကတော့ ပြိုင်ပွဲဝင် နံပါတ် ၄ ရဲ့ ပစ်ချက်နှစ်ချက်ပဲ၊ ပထမပစ်ချက်က သံချပ်ကာကို ခွဲလိုက်ပြီး ဒုတိယပစ်ချက်က သူ့ရဲ့ နှလုံးသားကို ဖောက်ထွင်းသွားတာ"
ကပ်ရောဂါ စကားပြောပြီးသည်နှင့် သူ့ဘေးရှိ ဟီဖက်စတပ်က ထပ်လောင်းပြောကြားသည်။
"ငါ ပြောမယ် ညီငယ်လေး... ပုလင်းခွဲတာက အရမ်းအန္တရာယ်များတဲ့ လုပ်ရပ်ပဲကွ၊ အခုအချိန်မှာ အချိန်ဖုန်မှုန့်တွေက မင်းလက်ဖဝါးပေါ်က ဒဏ်ရာထဲ စိမ့်ဝင်သွားပြီ..."
ဟီဖက်စတပ်က အလေးအနက် သတိပေးလိုက်သည်။
"မင်းရဲ့ ဘယ်ဘက်လက်နဲ့ သက်ဆိုင်တဲ့ 'အချိန်' တွေက ကုန်ဆုံးသွားပြီ၊ တကယ်လို့ မကုသဘူးဆိုရင် မင်းရဲ့ လက်က မကြာခင် ဖုန်မှုန့်အဖြစ် ပြောင်းသွားလိမ့်မယ်"
"ဟင်၊ အဲ့လောက်တောင် ဆိုးတာလား"
ရှောင်တန်သည် စိတ်ရှုပ်ထွေးသွားသော်လည်း ၎င်းသည် အလွန်ကြောက်စရာကောင်းသည့် အရာတစ်ခု ဖြစ်လိမ့်မည်ဟု ခံစားနေရသည်။
"အရေးမကြီးပါဘူး"
ထိုအချိန်တွင် ယိုးရှန်းနှင့် ဧည့်သည်တော်သုံးဦး အပါအဝင် ပရိသတ်အားလုံးက ထိုစကားသုံးလုံးကို ပြောလိုက်သည့် လူထံသို့ လှည့်ကြည့်လိုက်ကြသည်။
ဖုန်းပုကြွယ်က တည်ငြိမ်သော လေသံဖြင့် ဆက်ပြောသည်။
"SCP-500 တစ်လုံး သုံးလိုက်ရင် ကောင်းသွားမှာပါ"
"ဟီး ဟီး ဟီး... မင်းက ပြိုင်ပွဲဝင် နံပါတ် ၁ ဖြစ်တာ မဆန်းပါဘူး၊ ဖြေရှင်းနည်းကို ဒီလောက်မြန်မြန် စဉ်းစားမိတာပဲ"
မစ္စတာယိုးက ရယ်မောလိုက်သည်။
"ကဲ... အခုတော့ ဒုတိယအချီ သေမင်းပဟေဠိကို စတင်လိုက်ကြရအောင်"
DJ က တိုတောင်းသော်လည်း အားကောင်းသည့် နောက်ခံတေးဂီတကို ဖွင့်လိုက်ပြီး မီးရောင်များမှာ စင်၏ အလယ်ဗဟိုသို့ ပြန်လည် ရောက်ရှိလာလေသည်။ ပရိသတ်များသည်လည်း ပျော်ရွှင်စွာဖြင့် အော်ဟစ်ခုန်ပေါက်နေကြသည်။ ယင်းသည် မကောင်းဆိုးဝါးအုပ်စုကြီး ရူးသွပ်စွာ ကခုန်နေကြသည့် မြင်ကွင်းနှင့် တူလှသည်။
"ကောင်းပြီ... ပရိသတ်တချို့ ငြိမ်ငြိမ်နေပေးကြပါ၊ ပတ်ဝန်းကျင် ဒါမှမဟုတ် လေထဲကို မီးတွေ လျှောက်မမှုတ်ကြပါနဲ့၊ D3 က လူကြီးမင်း... ဟုတ်တယ် မင်းပဲ၊ ဘေးနားက ဇီယာပင်မွန်းစတားကို ပြန်ထွေးထုတ်လိုက်ပါ၊ ငါ မမြင်ဘူး မထင်နဲ့နော်၊ ဟုတ်ပြီ... ကျေးဇူးတင်ပါတယ်"
မစ္စတာယိုးသည် စည်းကမ်းတကျ ဖြစ်အောင် ထိန်းသိမ်းပြီးနောက် ဖုန်းပုကြွယ်ဘက်သို့ လှည့်လာ၏။
"ပထမဆုံးအနေနဲ့ ပြိုင်ပွဲဝင် နံပါတ် ၁... ငါ ပြောခဲ့တာကို မှတ်မိသေးရဲ့လား... ပထမအချီမှာ ရမှတ်အများဆုံးရတဲ့ ပြိုင်ပွဲဝင်က လျှို့ဝှက်ဆန်းကြယ်တဲ့ အားသာချက်တစ်ခု ရမယ်ဆိုတာလေ"