← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃)

"ခင်ဗျား မေ့သွားရင်တောင် ကျွန်တော်တော့ မေ့မှာ မဟုတ်ဘူး"

ဖုန်းပုကြွယ်က သူ့ထိုင်ခုံပေါ်တွင် ပျင်းရိပျင်းတွဲဖြင့် ပြန်ဖြေလိုက်၏။

"ဟီး ဟီး ဟီး... ဒါဆိုရင်လည်း..."

မစ္စတာယိုးက လက်ဖျောက်တစ်ချက် တီးလိုက်ရာ ဖုန်းပုကြွယ်ရှေ့ရှိ ထိန်းချုပ်ခုံနှင့် သူ့ထိုင်နေသော ထိုင်ခုံတို့သည် ရှေ့သို့ စတင်ရွေ့လျားလာတော့သည်။ ၎င်းတို့နှစ်ခုလုံးကို ကြမ်းပြင်နှင့် ချိတ်ဆက်ထားခြင်း ဖြစ်သော်လည်း ရွေ့လျားသွားချိန်တွင် အဖြူအမည်း စစ်တုရင်ကွက်ပုံစံ ကြမ်းပြင်သည် ပကတိအတိုင်းရှိနေပြီး ပုံရိပ်ယောင်ပြသမှုတစ်ခုကဲ့သို့ ပျောက်ကွယ်သွားလိုက်၊ ပြန်ပေါ်လာလိုက် ဖြစ်နေသည်။ ၎င်းသည် မည်သည့်အရာ၏ သက်ရောက်မှုကိုမှ မခံရပေ။

"ဒုတိယအချီကတော့... အဖြေမှန်ရွေးချယ်ရမယ့် မေးခွန်းတွေပါ"

မစ္စတာယိုးက ဆိုသည်။

"ဒီအချီရဲ့ စည်းကမ်းကတော့ ပြိုင်ပွဲဝင်တွေက တစ်ယောက်ချင်းစီ ရှေ့ထွက်ပြီး မေးခွန်းတွေကို ဖြေရမှာ ဖြစ်ပါတယ်၊ ပြိုင်ပွဲဝင်တစ်ဦးစီဟာ အများဆုံး မေးခွန်းခုနစ်ခုအထိ ဖြေဆိုခွင့်ရှိပြီး အနည်းဆုံး မေးခွန်းတစ်ခုတော့ ဖြေဆိုရပါမယ်"

သူသည် သူ့အိတ်ကပ်ထဲမှ နောက်ထပ် မေးခွန်းကတ်ပြားအထပ်လိုက်ကို ထုတ်ယူလိုက်ပြန်သည်။ ကတ်ပြားများ၏ ကျောဘက်မှ ပုံစံသည် ပထမအချီကနှင့် မခြားနားပေ။

"ငါမေးခွန်းကို ဖတ်ပြီးတာနဲ့ ပြိုင်ပွဲဝင်တွေက ထိန်းချုပ်ခုံပေါ်က ခလုတ်ကို နှိပ်ပြီး အဖြေကို ရွေးချယ်နိုင်ပါတယ်၊ ခလုတ်နှိပ်ပြီးသွားရင်တော့ အဖြေပြောင်းလို့ မရတော့ပါဘူး"

ဖုန်းပုကြွယ်က မေး၏။

"အဲ့ဒီတော့ မေးခွန်းတစ်ခု မှားသွားရင် နောက်ထပ်မေးခွန်းတွေကို ဆက်ဖြေခွင့် မရှိတော့ဘူးလို့ ဆိုလိုတာလား"

"ဟုတ်တယ်၊ ပြီးတော့ ပထမအချီမှာ မင်းရရှိခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်အားသာချက်ကတော့..."

မစ္စတာယိုး အရေးကြီးသည့် အချိန်တွင် စကားကို ရပ်လိုက်ရာ ခန်းမအတွင်း၌ ဒရမ်တီးသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။ ၎င်းသည် ကြိုးတန်းလျှောက်သူတစ်ဦး၏ နောက်ဆုံးခုန်ချက်အတွက် တီးခတ်ပေးသည့် နောက်ခံတေးဂီတနှင့် တူနေ၏။

"ဒုတိယအချီမှာ မင်းဟာ ကြိုက်တဲ့အချိန်မှာ မေးခွန်းတစ်ခုကို ကျော်သွားလို့ ရသလို အမှတ်အပိုတွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်"

"ဒီအချီမှာလည်း အမှတ်အနည်းဆုံးရတဲ့သူက တိုက်ပွဲကွင်းပြင်ထဲကို ဝင်ရဦးမှာလား"

ဖုန်းပုကြွယ်က ထပ်မံမေးမြန်းသည်။

"ဟားဟား... ဒုတိယအချီမှာတော့..."

မစ္စတာယိုးက လျှို့ဝှက်ဆန်းကြယ်စွာ ရယ်မောလိုက်၏။

"ဒီအချီအပြီးမှာ အမှတ်အများဆုံး ရရှိတဲ့သူက တိုက်ပွဲကွင်းပြင်ထဲကိုဝင်ရမယ့်သူ လူတစ်ဦးကို ရွေးချယ်ရမှာ ဖြစ်ပါတယ်"

"အဲ့သလိုလား... နားလည်ပြီ၊ စလိုက်ကြရအောင်"

ဖုန်းပုကြွယ်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ၊ ကျေဇူးပြုပြီး ပထမဆုံးမေးခွန်းကို နားထောင်ပေးပါ..."

မစ္စတာယိုးသည် မေးခွန်းကတ်ပြားကို ကိုင်ကာ ပြောလိုက်သည်။

"ဒီမေးခွန်းအတွက် ရမှတ်ကတော့... ဆယ်မှတ်ပါ၊ မေးခွန်းကတော့... အိုင်းစတိုင်း၏ မွေးနေ့သည် မည်သည့်နေ့ ဖြစ်သနည်း... (က) မတ်လ ၁၃ ရက်၊ (ခ) မတ်လ ၁၄ ရက်၊ (ဂ) မတ်လ ၁၅ ရက်၊ (ဃ) ဧပြီလ ၁၃ ရက်"

သူမေးခွန်း မေးပြီးနောက် ကင်မရာဘက်သို့ လှည့်လိုက်လေသည်။

"ဒုတိယအချီဟာ အရေးကြီးဆုံးအချီ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်၊ ပြိုင်ပွဲဝင်တစ်ဦးဟာ မေးခွန်းခုနစ်ခုလုံးကို မှန်အောင် ဖြေနိုင်မယ်ဆိုရင် အမှတ်တွေ အများကြီး ရရှိသွားဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်ခင်ဗျာ..."

ဖုန်းပုကြွယ်သည် အမူအရာကင်းမဲ့စွာဖြင့် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် မစ္စတာယိုး၏ စကားကို ဖြတ်ပြောလိုက်သည်။

"ဒီမေးခွန်းကို ကျော်ပြီး အမှတ်အပို ယူမယ်"

ပရိသတ်များ အသက်ရှူမှားကုန်ကြသည်။

မစ္စတာယိုးက ပြုံးလိုက်သည်။

"တကယ်ကြီးလား ပြိုင်ပွဲဝင် နံပါတ် ၁၊ မင်းက ဒီအခွင့်အရေးကို ပထမဆုံး မေးခွန်းမှာပဲ သုံးလိုက်တော့မှာလား၊ မေးခွန်းတွေက နောက်ပိုင်းကျရင် ပိုပိုပြီး ခက်လာလိမ့်မယ်ဆိုတာ မင်း သိထားသင့်တယ်နော်"

"ဟုတ်ပါတယ်"

ဖုန်းပုကြွယ်က တည်ငြိမ်စွာ ပြန်ဖြေသည်။

"ဟီးဟီး... အမှတ်အပိုတွေ ရပြီပေါ့"

မစ္စတာယိုးသည် သူကိုင်ထားသည့် မေးခွန်းကတ်ပြားကို မီးရှို့လိုက်ရာ ဖုန်းပုကြွယ်၏ ခလုပ်ခုံပေါ်မှ ဂဏန်းမှာ ၆၀ သို့ ပြောင်းလဲသွား၏။

"နောက်ထပ်... ဒုတိယမေးခွန်းကတော့ အမှတ် ၂၀ ဖြစ်ပါတယ်၊ အဖြေမှန်ရင် အမှတ် ၂၀ ရမှာဖြစ်ပြီး မှားရင်တော့ အမှတ် ၂၀ နုတ်ခံရမှာပါ"

မစ္စတာယိုးက ပြုံးလိုက်၏။

"ပြိုင်ပွဲဝင် နံပါတ် ၁၊ မင်းက ဘာကြောင့် ဒီအားသာချက်ကို အခုလို ပြတ်ပြတ်သားသား သုံးလိုက်တာလဲ၊ အရင်တုန်းက ငါတို့ အစီအစဉ်ကို လာတဲ့ ပြိုင်ပွဲဝင်တွေကတော့ ဒီအခွင့်အရေးကို နောက်ပိုင်းမေးခွန်းတွေအတွက် သိမ်းထားလေ့ ရှိကြတယ်"

"ဘာလို့လဲဆိုတော့ ဒီမေးခွန်းရဲ့ အဖြေကို ကျွန်တော် မသိလို့ပဲ"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"မင်း ဘာလို့ မခန့်မှန်းကြည့်တာလဲ၊ ဆယ်မှတ်တန် မေးခွန်းလေးပဲဟာကို"

မစ္စတာယိုးက မေး၏။

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"ဒါက အရမ်းရိုးရှင်းတဲ့ သင်္ချာပုစ္ဆာတစ်ခုပဲ၊ ကျွန်တော်က ဒီမေးခွန်းတွေထဲက တစ်ခုမှ မသိဘူးဆိုရင်တောင် ပထမမေးခွန်းကနေ စပြီး ခန့်မှန်းမယ်ဆိုပါစို့၊ တကယ်လို့ မှန်ရင် ၆၀ ရမယ်၊ မှားရင် ၄၀ ရမယ်၊ ဒါပေမဲ့ အခုလိုမျိုး ကျော်လိုက်မယ်ဆိုရင်တော့ ဒုတိယမေးခွန်းကို မှန်ခဲ့ရင် ၈၀ ရမယ်၊ တကယ်လို့ မှားခဲ့ရင်တောင်... ရလာမယ့် ရလဒ်က ပထမမေးခွန်းကို မှားခဲ့တဲ့ ရလဒ် ၄၀ နဲ့ အတူတူပဲ ဖြစ်နေမှာ၊ အခွင့်အရေး ၂၅ ရာခိုင်နှုန်းချင်း အတူတူပဲ၊ စွန့်စားရတာချင်းလည်း အတူတူပဲ၊ ဒါပေမဲ့ ရလာမယ့် အကျိုးအမြတ်ကတော့ ပိုများသွားပြီ၊ ဒါကြောင့် ဒုတိယမေးခွန်းကို ရောက်ဖို့ သေချာစေမယ့် ဒီအခွင့်အရေးကို ကျွန်တော် သုံးလိုက်တာပေါ့"

သူက ခေတ္တရပ်လိုက်သည်။

"ဒါ့အပြင်... ကျွန်တော်သာ ဒုတိယမေးခွန်းကို သိနေခဲ့မယ်ဆိုရင်တော့ ခန့်မှန်းနေစရာတောင် မလိုတော့ဘူးလေ"

မစ္စတာယိုးသည် သူ့ရှင်းပြချက်ကြောင့် အံ့အားသင့်သွားရသည်။ ပရိသတ်များလည်း စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် လက်ခုပ်သံများနှင့် အားပေးသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။

"ဟူး... ဟီးဟီး၊ ပြိုင်ပွဲဝင် နံပါတ် ၁ ကတော့ အဖြေမသိတဲ့ အချိန်မှာတောင် တည်ငြိမ်နေတာပဲနော်"

မစ္စတာယိုးက ရယ်မောလိုက်သည်။

ပရိသတ်များဆီမှလည်း ရယ်သံများ ထွက်ပေါ်လာ၏။

"ဒါကို စည်းကမ်းတွေကို ကျိုးကြောင်းဆီလျော်စွာ အသုံးချတာလို့ ခေါ်ပါတယ်၊ ဆက်ကြရအောင်"

ဖုန်းပုကြွယ်သည် သူ့လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပိုက်ထားလိုက်ပြီး အလွန်အေးအေးဆေးဆေး ရှိပုံရနေသည်။

"ကောင်းပါပြီ၊ ပြိုင်ပွဲဝင် နံပါတ် ၁၊ ဒုတိယမေးခွန်းကနေ စပြီး မင်းအနေနဲ့ ဖြေမလား၊ မဖြေဘူးလားဆိုတာ ရွေးချယ်လို့ ရပါပြီ..."

မစ္စတာယိုးသည် သူ့နှာခေါင်းပေါ်မှ နေကာမျက်မှန်ဝိုင်းလေးကို ပင့်တင်လိုက်ရင်း ဖုန်းပုကြွယ်ကို ကြည့်လိုက်သည်။

"မင်း ခုနက ပြောခဲ့တဲ့ သီအိုရီအရဆိုရင်တော့ ခန့်မှန်းရုံတင်ဆိုရင်တောင် မင်း ကြိုးစားကြည့်ဦးမှာပဲ မဟုတ်လား"

"သေချာတာပေါ့"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"ကျေးဇူးပြုပြီး မေးခွန်းကို နားထောင်ပါ"

မစ္စတာယိုးက မေးခွန်းကတ်ပြားကို ကြည့်လိုက်သည်။

"၁၉၄၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် သမိုင်းတစ်လျှောက် ကျော်ကြားသော လှည့်ကွက်တစ်ခု စတင်ခဲ့သည်။ ၎င်းမှာ နုတ်နုတ်စင်းအသား စစ်ဆင်ရေး ဖြစ်သည်။ တော်ဝင်ရေတပ်မှ ဗိုလ်မှူးကြီးတစ်ဦးအဖြစ် ဟန်ဆောင်ထားသော ရုပ်အလောင်း၏... အမည်ရင်းမှာ မည်သူနည်း... (က) ဝီလျံမာတင်၊ (ခ) ဆင်မြူရယ်ဂျက်ဆင်၊ (ဂ) ဂရင်ဒေါမိုက်ကယ်၊ (ဃ) ချာလီရှိန်း"

ဖုန်းပုကြွယ်သည် တွေဝေမနေဘဲ (ဂ) ခလုတ်ကို နှိပ်လိုက်လေသည်။

မစ္စတာယိုးက ပြောသည်။

"ပြိုင်ပွဲဝင် နံပါတ် ၁၊ အဖြေကို နှိပ်ပြီးသွားရင် ပြောင်းလဲလို့ မရတော့ဘူးနော်"

"အင်း၊ ကျွန်တော် သိပါတယ်"

ရင်တထိတ်ထိတ် ဖြစ်စေမည့် နောက်ခံတေးဂီတမှာ တစ်ဖန်ထွက်ပေါ်လာပြန်ပြီး မစ္စတာယိုးက လေးနက်သော မျက်နှာအမူအရာဖြင့် ကင်မရာဘက်သို့ လှည့်လိုက်သည်။

"အဖြေမှန်…ကတော့..."

"ခင်ဗျား ဘာလို့ အဲ့ဒီလို မျက်နှာသေကြီးနဲ့ လုပ်နေရတာလဲ၊ (ခ) နဲ့ (ဃ) က မင်းသားနာမည်တွေ မဟုတ်လား၊ ဝီလျံမာတင်ဆိုတာက နုတ်နုတ်စင်းအသား စစ်ဆင်ရေးမှာ သုံးခဲ့တဲ့ နာမည်တုတစ်ခုပဲလေ၊ ဒီစစ်ဆင်ရေးအကြောင်း မသိတဲ့သူတွေတောင် (က) နဲ့ (ဂ) ကြားမှာ ရွေးရမယ်ဆိုရင် နာမည်အစစ်နဲ့ ပိုတူတဲ့ နာမည်ကိုပဲ ရွေးကြမှာပဲ"

ဖုန်းပုကြွယ်က ဆိုသည်။

"ပြိုင်ပွဲဝင် နံပါတ် ၁"

မစ္စတာယိုးက စိတ်အနှောက်အယှက်ဖြစ်စွာ လှည့်ကြည့်လာ၏။

"မင်းပဲ အစီအစဉ်တင်ဆက်သူ လုပ်လိုက်ပါလား"

"ရတာပေါ့၊ ခုံလဲကြမလား၊ ခင်ဗျားကို တိုက်ပွဲကွင်းပြင်ထဲ ရောက်သွားအောင် ကျွန်တော် ပို့ပေးမယ်လို့ ကတိပေးတယ်"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

"အိုး၊ ဒါက စိတ်ဝင်စားစရာပဲ၊ မစ္စတာယိုးက တိုက်ပွဲကွင်းပြင်ထဲ ဝင်ချင်တယ်ဆိုရင် ကျွန်တော်တို့ သုံးယောက်ထဲက တစ်ယောက်ယောက်ကို သတ်ဖြတ်သူအဖြစ် ရွေးချယ်လိုက်ပါလား"

အထူးဧည့်သည်တော် စားပွဲတွင် ထိုင်နေသော ကပ်ရောဂါက ပြုံးပြုံးရွှင်ရွှင်ဖြင့် ဆိုလိုက်သည်။

မာန ကလည်း ထောက်ခံလိုက်သည်။

"ဒါက အကြံကောင်းပဲ"

"မင်းတို့က ငါ့ကို သေစေချင်နေတာပဲ"

မစ္စတာယိုးက ညည်းညူလိုက်သည်။

"စကားလမ်းကြောင်း မလွှဲကြနဲ့တော့၊ ငါ အဖြေကြေညာတော့မယ်"

"အဖြေက (ဂ) ပဲ မဟုတ်လား"

ပရိသတ်များက အဖြေကို သိနှင့်နေသည့်အလား လှောင်ပြောင်လိုက်ကြသည်။

"ကောင်းပါပြီ... အားလုံးက အဖြေကို သိနေကြပြီဆိုမှတော့"

မစ္စတာယိုးသည် ပြန်လည် စိတ်ဓာတ် တက်ကြွလာပုံရသည်။

"အဖြေကတော့ မှန်ပါတယ်ခင်ဗျာ၊ အမှတ် ၂၀ ပေါင်းလိုက်ပါပြီ"

ဖုန်းပုကြွယ်၏ ခလုပ်ခုံပေါ်မှ ရမှတ်သည် ချက်ချင်းပင် ၈၀ သို့ ပြောင်းလဲသွားသည်။

"အင်း... ဒီမေးခွန်းက ပြိုင်ပွဲဝင် နံပါတ် ၁ အတွက်တော့ လုံးဝခက်ခဲပုံမရပါဘူး"

မစ္စတာယိုးသည် သူ့လက်ကို ဝှေ့ယမ်းကာ မေးခွန်းကတ်ပြားကို မီးရှို့လိုက်သည်။

"ဒါပေမဲ့ နောက်ထပ်မေးခွန်းကတော့... အမှတ် ၄၀ တန်ပါတယ်"

သူက ရည်ရွယ်ချက်ရှိရှိဖြင့် စက္ကန့်အနည်းငယ်မျှ စကားရပ်လိုက်ရာ ကင်မရာသည် ဖုန်းပုကြွယ်ထံသို့ လှည့်သွားသော်လည်း ဖုန်းပုကြွယ်ကတော့ မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

"အခုတော့ မေးခွန်းကျော်ခွင့်ကို သုံးလိုက်မိတာ နောင်တရနေပြီလား၊ ပြိုင်ပွဲဝင် နံပါတ် ၁"

မစ္စတာယိုးက အချိန်ကိုက် မေးလိုက်၏။

"ဒါက... နောက်မေးခွန်းအတွက် ရမှတ်က နှစ်ဆ တိုးသွားလိမ့်မယ်လို့ ဆိုလိုတာလား"

ဖုန်းပုကြွယ်သည် မစ္စတာယိုးကို လျစ်လျူရှုထားပြီး သူ့ဘာသာ ဆက်ပြောနေခဲ့သည်။

"ဟီး ဟီး ဟီး... ဘယ်သူသိမှာလဲ"

မစ္စတာယိုးကလည်း မသိချင်ယောင်ဆောင်လိုက်သည်။

"ဟမ့်..."

ဖုန်းပုကြွယ် နှာခေါင်းရှုံ့လိုက်ပြီး ထိုလူ၏ ယခင်မေးခွန်းကို ပြန်ဖြေလိုက်လေသည်။

"နောင်တရမယ်လို့ ထင်ရင် မလုပ်နဲ့၊ လုပ်ပြီးရင်လည်း နောင်တမရနဲ့"

မစ္စတာယိုးက လေချွန်လိုက်ရာ ကင်မရာသည် စခရင်ကို နှစ်ပိုင်းခွဲကာ ၎င်းနှင့် ဖုန်းပုကြွယ်ကို အနီးကပ် ရိုက်ပြလိုက်သည်။

"ဒါဆိုရင်... ပြိုင်ပွဲဝင် နံပါတ် ၁၊ တတိယမြောက် မေးခွန်းကို ဖြေဆိုချင်ပါသလား"

"ဖြေမယ်"

"ကျေးဇူးပြုပြီး သေချာ နားထောင်ပါ"

မစ္စတာယိုးသည် မေးခွန်းကတ်ပြားကို ကြည့်ကာ ဖတ်လိုက်သည်။

"အောက်ပါတို့အနက် မည်သည့်အရာက... ချီထျန်းတီ၏ စွမ်းရည် မဟုတ်သနည်း... (က) နတ်ဘုရားမီးတောက်၊ (ခ) နတ်ဘုရားအလင်း၊ (ဂ) နတ်ဘုရားလက်၊ (ဃ) နတ်ဘုရားပြစ်ဒဏ်"

မေးခွန်းသည် အတော်လေး ရှုပ်ထွေးသော မေးခွန်းဖြစ်သည်။ ချီထျန်းတီ၏ စွမ်းရည် တော်တော်များများသည် ‘နတ်ဘုရားလက်' နှင့် စတင်လေ့ရှိသည်။ ဖုန်းပုကြွယ်သည် ချက်ချင်း အဖြေမပေးနိုင်သေးပေ။ ထိုအကြောင်းကို သူ့မှတ်ဉာဏ်များထဲတွင် ရှာဖွေနေရန် လိုအပ်နေသည်။

"ပြိုင်ပွဲဝင် နံပါတ် ၁၊ အလောတကြီး လုပ်စရာ မလိုပါဘူး၊ ဒုတိယအချီမှာ အချိန်ကန့်သတ်ချက် မရှိပါဘူး၊ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ သုံးမိနစ်ကနေ ငါးမိနစ်လောက်အထိ အဖြေမပေးနိုင်ဘူးဆိုရင် ငါက ဆယ်စက္ကန့်ကနေ နောက်ပြန်ရေတွက်ပြီး အဖြေတစ်ခုခုကို ရွေးခိုင်းမှာပါ"

ထိုသို့ ပြောပြီးနောက် မစ္စတာယိုးသည် စင်၏ အလယ်ဗဟိုဘက်သို့ မျက်နှာလှည့်လိုက်သည်။

"သူ စဉ်းစားနေတဲ့ အချိန်မှာ တခြားပြိုင်ပွဲဝင်တွေက ပြိုင်ပွဲဝင် နံပါတ် ၁ ရဲ့ ဒီအချီ အလားအလာအပေါ် ဘယ်လို ထင်မြင်ချက်ပေးမလဲဆိုတာ မေးကြည့်ကြရအောင်လားဗျာ၊ သေချာတာကတော့ ခင်ဗျားတို့ထဲက တစ်ယောက်ယောက်က အဖြေကို သိနေရင်တောင် သူ့ကို အရိပ်အမြွက် မပေးကြပါနဲ့၊ မဟုတ်ရင် သူ ပြိုင်ပွဲဝင်ခွင့် ပယ်ခံရပါလိမ့်မယ်"

သူသည် ရှောင်တန်ဘက်သို့ လှည့်လိုက်ရင်း မေး၏။

"ပြိုင်ပွဲဝင် နံပါတ် ၂၊ ပြိုင်ပွဲဝင် နံပါတ် ၁ က မေးခွန်း ဘယ်နှစ်ခုလောက် ဖြေနိုင်မယ်လို့ ထင်သလဲ"

ရှောင်တန်သည် ခေါင်းငုံ့လျက် သူဘယ်ဘက်လက်ကို ကြည့်နေခြင်းဖြစ်။ ယခုအချိန်အထိတော့ သူလက်က ထူးထူးခြားခြား ပြောင်းလဲမှု မရှိသေးပေ။ မစ္စတာယိုးက မေးလိုက်သည့်အခါ သူခေါင်းမော့မလာဘဲ ပြန်ဖြေလိုက်သည်။

"ကျွန်တော် မသိဘူး၊ ဒါပေမဲ့ အစ်ကိုကြွယ်ကိုတော့ ယုံကြည်တယ်၊ သူ မေးခွန်းတွေအားလုံးကို ဖြေနိုင်လိမ့်မယ်လို့ ထင်ပါတယ်"

"ပြိုင်ပွဲဝင် နံပါတ် ၂၊ အခုလောလောဆယ်မှာ ပြိုင်ပွဲဝင် နံပါတ် ၁ က အမှတ်တွေ အများကြီးနဲ့ ဦးဆောင်နေတာနော်၊ တကယ်လို့ သူက မေးခွန်းအားလုံးကို မှန်အောင် ဖြေနိုင်မယ်ဆိုရင် ဒုတိယအချီရဲ့ အမှတ်အများဆုံး ရရှိသူက စောစောစီးစီး အဆုံးအဖြတ်ပေးပြီးသား ဖြစ်သွားလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် သူက မင်းကို တိုက်ပွဲကွင်းပြင်ထဲ သွားဖို့ ရွေးလိုက်မယ်ဆိုရင် ဘယ်လိုလုပ်မလဲ"

မစ္စတာယိုးသည် ဖြေရခက်သော မေးခွန်းတစ်ခုကို ပစ်ပေးလိုက်သည်။

"ဟင်"

ရှောင်တန်က မစ္စတာယိုးကို မော့ကြည့်လာ၏။

"ဒါဆို ကျွန်တော် သွားမှာပေါ့၊ အစ်ကိုကြွယ်က ကျွန်တော့်ကို ရွေးတယ်ဆိုတာက အဲ့ဒါက အကောင်းဆုံးလုပ်ဆောင်ချက်မို့လို့ပဲ ဖြစ်မှာ"

"ဟားဟား... ပြိုင်ပွဲဝင် နံပါတ် ၂ ကတော့ ပြိုင်ပွဲဝင် နံပါတ် ၁ ရဲ့ ဉာဏ်ရည်အပေါ် အများကြီး ယုံကြည်မှု ရှိပုံရတာပဲ"

မစ္စတာယိုးက မှတ်ချက်ပေးပြီးနောက် ရီရူလီထံသို့ လှည့်လိုက်သည်။

"ဒါဆို... မင်းရဲ့ ထင်မြင်ချက်လေးကို မေး…မေး"

ရီရူလီသည် မစ္စတာယိုးကို စကားဆုံးအောင်ပင် ပြောခွင့်မပေးဘဲ "ကျွန်မ မအားဘူး" ဟူသည့် အကြည့်ဖြင့် ပြန်ဖြေလိုက်သည်။

"အဲ..."

မစ္စတာယိုးက ကိုးရိုးကားရား ရယ်မောလိုက်ပြီး ရီရူယွီထံသို့ လှည့်လိုက်ပြန်သည်။

"ဒါဆိုရင်... ပြိုင်ပွဲဝင် နံပါတ် ၄၊ မင်းကကော ဘာများ ပြောချင်ပါသလဲ"

"ခေါင်းဆောင်၊ တကယ်လို့ ရှင်က မေးခွန်းတွေအားလုံးကို ဖြေနိုင်မယ်ဆိုရင် ဘာလို့ ရှောင်တန်ကို မရွေးရမှာလဲ"

ထိုစကားများကို ဖုန်းပုကြွယ်ထံ ဦးတည်ပြောလိုက်ခြင်း ဖြစ်သော်လည်း ရီရူယွီက ရှောင်တန်ကို ကောက်ကျစ်သော အပြုံးဖြင့် ကြည့်လိုက်သေးသည်။

"ငါ ဘာအမှားလုပ်မိလို့လဲ"

ရှောင်တန်က အပြစ်ကင်းစင်စွာ မေး၏။

"မင်းရဲ့ ဘယ်ဘက်လက်ကို ဆုံးရှုံးသွားပြီး မိန်းမကံလည်း မရှိဘူးဆိုရင်တော့ မင်းတစ်သက်လုံး ညာလက်ကိုပဲ အားကိုးနေရလိမ့်မယ်..."

ဖုန်းပုကြွယ်က အားပျော့သော လေသံဖြင့် ညည်းညူလိုက်သည်။ တည်ငြိမ်သော သူ့အမူအရာကို ကြည့်ရသည်မှာ အဖြေကို ရရှိထားပြီးပုံရသည်။

မစ္စတာယိုး၏ မျက်လုံးများ တောက်ပသွားပြီး ပြောလိုက်သည်။

"အိုး၊ ပြိုင်ပွဲဝင် နံပါတ် ၁၊ အဲ့ဒါက တော်တော်လေး စိတ်ဝင်စားစရာကောင်းတဲ့ စကားပဲ၊ အဲ့ဒီစကားကို ငါ နောက်ပိုင်းမှာ သုံးလို့ရမလား"

"ခင်ဗျား သဘောပဲ..."

ဖုန်းပုကြွယ်က ဆိုသည်။

"ကျွန်တော် ရွေးချယ်ပြီးပြီ၊ အဖြေကို ထုတ်ပြလိုက်တော့"

မစ္စတာယိုးသည် ဖုန်းပုကြွယ်၏ ထိန်းချုပ်ခလုပ်ခုံပေါ်မှ အဖြေကို ကြည့်ရန် ငုံ့လိုက်သည်။ ဖုန်းပုကြွယ်သည် (ဃ) ခလုတ်ကို နှိပ်ထားခဲ့ခြင်း ဖြစ်သည်။

"ကောင်းပါပြီ၊ ပြိုင်ပွဲဝင် နံပါတ် ၁ ရဲ့ အဖြေကတော့ (ဃ) နတ်ဘုရားပြစ်ဒဏ် ဖြစ်ပါတယ်..."

မစ္စတာယိုးသည် သူ၏ ပုံမှန် အစီအစဉ်တင်ဆက်ဟန်အတိုင်း စကားကို ဖြတ်လိုက်သည်။ သူသည် အရေးကြီးသည့် အချက်သို့ ရောက်လာတိုင်း တတ်နိုင်သမျှ အချိန်ဆွဲလေ့ ရှိသူဖြစ်သည်။

"အဖြေ... က..."

အခန်း (၁၂၄)

"မှန်ပါတယ်ခင်ဗျား"

မစ္စတာယိုးသည် အတော်ကြာအောင် အချိန်ဆွဲပြီးမှ အဖြေကို ကြေညာလိုက်လေသည်။ ခလုပ်ခုံပေါ်မှ ရမှတ်များသည် ဆက်တိုက်တိုးလာပြီးနောက် ဖုန်းပုကြွယ်၏ ရမှတ်သည် ၁၂၀ သို့ ရောက်ရှိသွား၏။

ပရိသတ်များမှာ လက်ခုပ်သံ သောင်းသောင်းဖျဖျဖြင့် အားပါတရ အော်ဟစ်အားပေးကြ၏။ အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာကလည်း မြန်ဆန်သော နောက်ခံတေးဂီတကို ဖွင့်လိုက်ရာ မီးရောင်များ တဖျတ်ဖျတ် လင်းလက်နေတော့သည်။

"ဟားဟား... ပြိုင်ပွဲဝင် နံပါတ် ၁ ကတော့ ပိုပိုပြီး စွမ်းဆောင်ရည် ကောင်းလာပြီပဲ"

မစ္စတာယိုးက ပြုံးလျက် ဆိုသည်။

"ဒါဆိုရင်တော့... သူ နောက်ထပ် ရင်ဆိုင်ရမှာက စတုတ္ထမြောက် မေးခွန်းပါ"

သူသည် တတိယမေးခွန်း ကတ်ပြားကို မီးရှို့ဖျက်ဆီးလိုက်ပြီး မေးခွန်းအသစ်ကို တစ်ချက် ကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာပြီး ဖုန်းပုကြွယ်ဘက်သို့ လှည့်ကာ ကြေညာလိုက်သည်။

"ဒီမေးခွန်းရဲ့ တန်ဖိုးကတော့... အမှတ် ၁၂၀ ဖြစ်ပါတယ်"

ပရိသတ်များမှာ ရင်သပ်ရှုမော ဖြစ်သွားကြပြီး ရှောင်တန်တို့တစ်သိုက်ပင် ထိုရမှတ်ကို ကြားလိုက်ရသောအခါ လန့်ဖျတ်သွားကြသည်။

"ပြိုင်ပွဲဝင် နံပါတ် ၁... မင်းတို့ လေးယောက်လုံး..."

မစ္စတာယိုးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။

"မင်းတို့ လေးယောက်ရဲ့ ရည်မှန်းချက်က... ရှင်သန်ဖို့ပဲ၊ ပြိုင်ဆိုင်ဖို့ မဟုတ်ဘူး၊ ဒုတိယအချီမှာ ဘယ်သူနိုင်လဲဆိုတာက အရေးမကြီးပါဘူး၊ အဓိက သော့ချက်ကတော့ အနိုင်ရတဲ့သူက တိုက်ပွဲကွင်းပြင်ထဲကို သွားဖို့ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာပဲ"

မစ္စတာယိုးက ဆက်ပြောသည်။

"ပြိုင်ပွဲဝင် နံပါတ် ၂၊ ၃ နဲ့ ၄ တို့ရဲ့ ရမှတ်တွေက အသီးသီး သုည၊ ၂၀ နဲ့ သုည ဖြစ်နေကြတာ၊ တစ်နည်းအားဖြင့် ပြောရရင် အခု မင်းမှာ အားသာချက်အကြီးကြီး ရှိနေပြီ၊ သူတို့အားလုံးသာ ဒုတိယမေးခွန်းမှာတင် လက်လျှော့လိုက်ကြမယ်ဆိုရင် မင်းက ပထမရဖို့ သေချာသွားပြီလေ"

"ခင်ဗျား ဆိုလိုတာက... ကျွန်တော့်ရဲ့ အမှတ်တွေ သုည ပြန်ဖြစ်သွားနိုင်တဲ့ စွန့်စားမှုကို ဆက်လုပ်နေစရာ မလိုတော့ဘူးလို့ ပြောတာလား"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"ဟားဟား... ငါက အခြေအနေကို ခွဲခြမ်းစိတ်ဖြာပေးရုံသက်သက်ပါ၊ မင်းက အစီအစဉ်ဆွဲတဲ့နေရာမှာ တာဝန်ယူထားတာဆိုတော့ အသင်းဖော်တွေကလည်း ပျော်ပျော်ရွှင်ရွှင် ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်"

"အသင်းဖော်တွေ ဟုတ်လား၊ ဟဟ... ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရှင်သန်ဖို့ပဲဆိုတာ ခင်ဗျား အစကတည်းက သိနေတယ်ဆိုမှတော့..."

ဖုန်းပုကြွယ်၏ အမူအရာက ပြောင်းလဲသွားပြီး ထိုလူကို ယုတ်မာသောအပြုံးဖြင့် ကြည့်လိုက်သည်။ သူသည် ဂျိုကာ အပူးခံထားရသည့်အလား လေသံလည်း ပြောင်းလဲသွားသည်။

"ဒါဆို ကျွန်တော် မေးပါရစေ... အနိုင်ရတဲ့သူ တစ်ယောက်တည်းပဲ ဆုရမယ့် အစီအစဉ်က ဘာအဓိပ္ပာယ် ရှိလို့လဲ၊ ကျွန်တော်တို့က အသင်းတစ်သင်းပဲလေ၊ ဘယ်သူ ဆုရရ ဘာကွာလို့လဲ"

"အဲ... အဲ့ဒါက..."

မစ္စတာယိုးမှာ စကားများ ထစ်အသွားသည်။ ၎င်းမှာ မေးခွန်းကြောင့် ဆွံ့အသွားခြင်း မဟုတ်ဘဲ ပြန်မဖြေချင်သောကြောင့် ဖြစ်သည်။

"ပြီးတော့ တခြားပြိုင်ပွဲဝင်တွေကို အရိပ်အမြွက် ပေးလိုက်တာနဲ့ အဖြေပေးတဲ့သူရဲ့ အမှတ်တွေကို နှုတ်ပစ်မယ်ဆိုတဲ့ စည်းကမ်းကလည်း အသင်းအလိုက် လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ထားတာ သိသာပါတယ်၊ တကယ်လို့ ဒါက ပြိုင်ဆိုင်ရတဲ့ ဂိမ်းတစ်ခုဆိုရင် ကစားသမားတွေက တစ်ယောက်ကိုတစ်ယောက် အရိပ်အမြွက် ပေးကြမှာ မဟုတ်ဘူးလေ၊ ဒါကြောင့် အဲ့ဒီလို ကန့်သတ်ချက်မျိုး ရှိနေစရာ မလိုဘူး"

ဖုန်းပုကြွယ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

"ဟမ့်... ကျွန်တော့်ရဲ့ ဒီယူဆချက်ကို ထုတ်ပြောဖို့ သိပ်ခက်ခဲမနေဘူးဆိုရင်တော့..."

သူသည် စခရင်ကြီးပေါ်တွင် ပြသထားသည့် အစီအစဉ်အမည်ကို လက်ညှိုးညွှန်ပြလိုက်သည်။

"သေမင်းပဟေဠိဆိုတာ အပေါ်ယံကြည့်ရင် ပြိုင်ပွဲဝင်လေးယောက်က ပထမနေရာအတွက် ပြိုင်ဆိုင်နေတာ ဖြစ်ပေမဲ့ တကယ်တမ်းကျတော့ ဒါဟာ အဖွဲ့လိုက်ရှင်သန်ရမယ့် ဂိမ်းတစ်ခုပဲ"

ဖုန်းပုကြွယ်သည် ထိုင်ခုံပေါ်တွင် ကိုယ်ကို မတ်လိုက်ပြီး မိုက်ခရိုဖုန်းကို အနေအထား ပြင်လိုက်သည်။

"အချီတိုင်းမှာ တစ်ယောက်ယောက်က တိုက်ပွဲကွင်းပြင်ထဲ ဝင်ရမှာ ဖြစ်ပေမဲ့ အဲ့ဒါက သေဖို့မဟုတ်ဘူး၊ တိုက်ပွဲကွင်းပြင်ဆိုတာ အချီတိုင်းရဲ့ အဆုံးမှာ ရင်ဆိုင်ရမယ့် စမ်းသပ်မှုတစ်ခုပဲ၊ အမှတ်အများဆုံး မရတဲ့သူတွေမှာလည်း အဲ့ဒီထဲကို ဝင်ဖို့ အခွင့်အရေး ရှိနေတာပဲ... အရှင်းဆုံး ပြောရရင် မေးခွန်းကို မဖြေနိုင်ရင်လည်း ဘာမှမဖြစ်ဘူး၊ တိုက်ခိုက်ရေး ကောင်းတဲ့သူတွေကတော့ နောက်တစ်ချီကို တက်ခွင့်ရနေဦးမှာပဲ"

ဖုန်းပုကြွယ်သည် ခေါင်းကို တစ်ဖက်စောင်းလိုက်ပြီး လက်တံတောင်ကို ထိန်းချုပ်ခလုပ်ခုံပေါ်တွင် တင်လိုက်လေသည်။ မစ္စတာယိုး၏ တလက်လက်ဖြစ်နေသော မျက်လုံးများကို သူစိုက်ကြည့်သည်။

"ဒါကြောင့်... အခုထိ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတာတွေက နောက်ဆုံးအချီအတွက် ပြင်ဆင်မှုနဲ့ စုဆောင်းမှုတွေပဲ ဖြစ်လိမ့်မယ်၊ အဲ့ဒါက တတိယအချီ ဖြစ်နိုင်သလို ပဉ္စမအချီလည်း ဖြစ်နိုင်တာပဲ... ကျွန်တော်တော့ မသိဘူး... ဘာပဲဖြစ်ဖြစ် တကယ့် 'သေမင်းပဟေဠိ' ဆိုတာ နောက်ဆုံးအချီမှ ဖြစ်လာမှာ၊ အဲ့ဒီအခါကျရင်..."

ဖုန်းပုကြွယ်က ထိုင်ခုံနောက်မှီသို့ မှီချလိုက်သည်။

"အခုထိ ကျွန်တော်တို့ စုဆောင်းထားတဲ့ 'အမှတ်' တွေက ကျွန်တော်မသိသေးတဲ့ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာလိမ့်မယ်"

ပရိသတ်များ လုံးဝ တိတ်ဆိတ်သွားကြသည်။ တစ်ခါတစ်ရံ အသံထွက်တတ်သည့် ကြို့ထိုးနေသော မွန်းစတားများကဲ့သို့ သတ္တဝါများမှလွဲ၍ ပရိသတ်အားလုံးမှာ လုံးဝ ငြိမ်ကျသွားကြသည်။

မစ္စတာယိုးက မိုက်ခရိုဖုန်းကို ကိုင်လိုက်သည်။ မီးရောင်များက သူ့အပေါ်သို့ စုပြုံကျရောက်လာလေသည်။ သူသည် ကင်မရာရှေ့သို့ လျှောက်သွားလိုက်ရင်း သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုအပြုံးများဖြင့် လင်းလက်နေလေသည်။

"ဂုဏ်သရေရှိလူကြီးမင်း အပေါင်းနှင့် အမျိုးသမီးများခင်ဗျာ... ပြိုင်ပွဲဝင် နံပါတ် ၁ ကတော့..."

ယခုတစ်ကြိမ်တွင် မစ္စတာယိုး၏ အသံသည် အလွန်တိုးလှသော်လည်း ပတ်ဝန်းကျင် တိတ်ဆိတ်နေသဖြင့် လူတိုင်း ရှင်းလင်းစွာ ကြားနိုင်ကြသည်။

"သူဟာ တတိယအချီရဲ့ စည်းကမ်းအပြောင်းအလဲကို ခန့်မှန်းမိသွားခဲ့ပါပြီ... ဒါဟာ..."

သူက ရုတ်တရက် အသံမြှင့်လိုက်၏။

"ဒါဟာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ ကိစ္စပဲ၊ သူ့အတွက် လက်ခုပ်သံတွေနဲ့ အားပေးလိုက်ကြပါဦး"

ပရိသတ်များက အားပါတရ အော်ဟစ်လိုက်ကြသည်။ လက်ခုပ်သံများ၊ လေချွန်သံများနှင့် အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာလေသည်။ ဝံပုလွေလူသားများ၏ အူသံများပင် ကြားလိုက်ရ၏။

မစ္စတာယိုးသည် ဝတုတ်သော ကိုယ်လုံးကြီးဖြင့် ဖုန်းပုကြွယ်၏ ခလုပ်ခုံနားသို့ ပြန်ရောက်သွား၏။

"ကံမကောင်းတာကတော့ နောက်ဆုံးအချီရဲ့ စည်းကမ်းအစစ်တွေကို ငါမင်းကို ပြောပြလို့ မရတာပဲ"

"ကျွန်တော် သိထားတာ လုံလောက်ပြီလို့ ယုံကြည်ပါတယ်"

ဖုန်းပုကြွယ်က ဆိုသည်။

"ဘာပဲဖြစ်ဖြစ် စတုတ္ထမြောက်မေးခွန်း၊ အမှတ် ၁၂၀ တန်ကို ဖြေဖို့ ကျွန်တော်ရွေးမယ်"

"ကျေးဇူးပြုပြီး မေးခွန်းကို နားထောင်ပါ"

မစ္စတာယိုးက မေးခွန်းကတ်ပြားကို မြှောက်လိုက်သည်။

"အောက်ပါ ဇာတ်ကောင်လေးဦးအနက် မည်သူက အချမ်းသာဆုံး ဖြစ်သနည်း..." သူ ခဏရပ်လိုက်သည်။

"(က) တိုနီစတာ့ခ်၊ (ခ) ဘရုစ်ဝိန်း၊ (ဂ) အန်ကယ်စကရုချ်၊ (ဃ) ဖောရက်စ်ဂန့်ပ်"

ဖုန်းပုကြွယ်သည် (ဂ) ခလုတ်ကို ချက်ချင်း နှိပ်လိုက်လေသည်။ မစ္စတာယိုးက နှေးကွေးစွာ မေးသည်မှာ

"မင်းအဖြေက အန်ကယ်စကရုချ် လား"

"သေချာတာပေါ့၊ အဲ့ဒီဘဲကြီးက ကျန်တဲ့သုံးယောက်နဲ့ အဆင့်အတန်းချင်း မတူဘူး"

"အဖြေက..."

မျှော်လင့်ထားသည့်အတိုင်း အချိန်ဆွဲပြီးနောက် မစ္စတာယိုးက ကြေညာလိုက်သည်။

"မှန်ပါတယ်ခင်ဗျား"

ဖုန်းပုကြွယ်၏ ရမှတ်သည် ၂၄၀ သို့ ရောက်ရှိသွားပြီး ပရိသတ်များကလည်း သောင်းသောင်းဖျဖျ အားပေးကြလိုက်သည်။(TL note – Uncle Scrooge ဆိုတာ ၁၉၇၀၊၈၀၊၉၀ ဝန်းကျင်လောက်က ထွက်ခဲ့တဲ့ Duck Talesဆိုတဲ့ ဘဲကာတွန်းကားထဲက ဘဲတစ်ကောင်ပါ။ ကျန်တဲ့သူတွေကိုတော့ အားလုံးသိမယ်လို့ ထင်ပါတယ်)

မစ္စတာယိုးသည် စတုတ္ထမေးခွန်းကတ်ပြားကို မီးရှို့လိုက်လေသည်။ သူသည် ပဉ္စမမြောက်မေးခွန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလာသည်။

"ပြိုင်ပွဲဝင် နံပါတ် ၁၊ တကယ်လို့ ဒီပဉ္စမမေးခွန်းက ဖြေဆိုဖို့ အရမ်း အရမ်းခက်ခဲလိမ့်မယ်လို့ ငါ ပြောရင် မင်းလက်လျှော့မလား"

"ဒီမေးခွန်းရဲ့ ရမှတ်ကို ဘာလို့ အရင်ဆုံး မပြောတာလဲ"

ဖုန်းပုကြွယ်မှာ ထိုသို့ အလွယ်တကူ လှည့်စားခံရမည့်သူ မဟုတ်ပေ။

"ဒီမေးခွန်းရဲ့ တန်ဖိုးကတော့..."

မစ္စတာယိုး၏ အမူအရာက ရုတ်တရက် ထူးဆန်းသွား၏။

"စကေးအမှတ် တစ်ထောင်ပါ"

ပရိသတ်များနှင့် ဧည့်သည်တော်များမှာ ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိသော်လည်း ကစားသမား လေးဦးမှာမူ ထိုစကားကို ကြားလိုက်ရချိန်တွင် မယုံကြည်နိုင်သော မျက်နှာပေးများ ဖြစ်သွားကြသည်။

"ဘာ... စကေးအမှတ် ဟုတ်လား"

ဖုန်းပုကြွယ်က စူးစမ်းသော လေသံဖြင့် မေးလိုက်သည်။

"သေချာတာပေါ့၊ မင်းက ဘယ်လို စကေးအမှတ်အကြောင်း ပြောနေတာလဲ"

မစ္စတာယိုးက ပခုံးတွန့်ပြကာ ကင်မရာကို ကြည့်ပြီး ပြုံးပြလိုက်၏။ ပရိသတ်များကလည်း ဝိုင်းရယ်လိုက်ကြသည်။

"ကျွန်တော် ဖြေမယ်"

ဖုန်းပုကြွယ်က ပြတ်သားစွာ ပြောလိုက်သည်။

"မေးခွန်းကို ပြောပါ"

သူသည် ဤဇာတ်လမ်းအတွင်း၌ စကေးအမှတ်ဆိုသည်မှာ သာမန်အယူအဆတစ်ခု ဖြစ်လိမ့်မည်ဟု ယူဆထားသည်။

"ဟွန့်..."

မစ္စတာယိုးက နှာခေါင်းရှုံ့လိုက်ပြီး မေးခွန်းကတ်ပြားကို ကောက်ကိုင်လိုက်သည်။

"အခုအချိန်အထိ မင်းဟာ သည်းထိတ်ရင်ဖို သုခဘုံမှာ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက် တစ်မျိုးတည်းကိုပဲ ရရှိခဲ့ဖူးတယ်..."

"ခင်ဗျား ဘာပြောလိုက်တယ်"

ဖုန်းပုကြွယ် မျက်လုံးများ ပြူးသွားပြီး မသိစိတ်၏ စေ့ဆော်မှုဖြင့် မစ္စတာယိုး၏ စကားကို ဖြတ်ပြောလိုက်မိသည်။

"ဘာဖြစ်လို့လဲ၊ ပြဿနာ တစ်ခုခု ရှိလို့လား"

မစ္စတာယိုးက အေးဆေးစွာ မေးလိုက်သည်။

"ဒါ ဘာတွေ ဖြစ်နေတာလဲ"

ဖုန်းပုကြွယ် မတ်တပ်ရပ်ရန် ကြိုးစားရင်း မေးလိုက်သော်လည်း မစ္စတာယိုးက လက်ညှိုးကို အသာအယာ ဝှေ့ယမ်းလိုက်ရာ မမြင်နိုင်သော အင်အားတစ်ခုက သူ့ကို ထိုင်ခုံပေါ်သို့ ပြန်လည် ဖိချလိုက်လေသည်။

"ဘယ်သူက မင်းကို မတ်တပ်ရပ်ခိုင်းလို့လဲ"

မစ္စတာယိုးသည် ကလေးတစ်ယောက်ကို ဆုံးမနေသည့် လူကြီးတစ်ဦး၏ လေသံမျိုးဖြင့် ဆိုသည်။

"အရင်ဆုံး ငါ့မေးခွန်းကို အဆုံးထိ နားထောင်ပါဦး"

ထိုအချိန်တွင် ရှောင်တန်၊ ရီရူယွီနှင့် ရီရူလီတို့သည် မဖော်ပြနိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ စင်ပေါ်မှ လေထုက ပြောင်းလဲသွားပြီး လေးလံကာ ကြောက်မက်ဖွယ် ကောင်းလာတော့သည်။

မစ္စတာယိုးက သူကိုင်ထားသည့် မေးခွန်းကို ဆက်ဖတ်လိုက်သည်။

"ယခုအချိန်အထိ မင်းဟာ သည်းထိတ်ရင်ဖို သုခဘုံမှာ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက် တစ်မျိုးတည်းကိုပဲ ရရှိခဲ့ဖူးတယ်။ အဲ့ဒါကတော့... (က) သတ္တိ၏ ပြယုဂ်၊ (ခ) ချီးကျူးဖွယ်သတ္တိ ၊ (ဂ) ကြောက်လန့်တကြား ပျောက်ဆုံးခြင်း ၊ (ဃ) စိတ်နှလုံး ပြိုလဲခြင်း"

ဖုန်းပုကြွယ်က မစ္စတာယိုးကို သံသယဖြင့် ကြည့်လိုက်၏။ သူသည် လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး ရွေးချယ်စရာ (က) ခလုတ်ကို နှိပ်လိုက်တော့သည်။ မစ္စတာယိုးက အဖြေကို မကြေညာမီမှာပင် စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသည်။

"သင်သည် စကေးအမှတ် ၁၀၀၀ ရရှိပါသည်"

"ခင်ဗျားက မူမမှန်မှုတစ်ခုလား"

ဖုန်းပုကြွယ်က ခပ်တိုးတိုး မေးလိုက်သည်။ယင်းသည် သူ့၏ ပထမဆုံးတုံ့ပြန်မှုဖြစ်သော်လည်း သူမှားယွင်းနေခဲံသည်။

"ငါက မင်းထက် အဆင့်နိမ့်တဲ့ကမ္ဘာက သတ္တဝါတစ်ကောင်လို့ မင်းသံသယဝင်နေတာလား"

မစ္စတာယိုးက ပြုံးလျက် ဆိုသည်။

"ဟားဟားဟား... အဲ့ဒီလို နောက်ပြောင်နေတာကို ရပ်လို့ ရမလား"

သူသည် မေးခွန်းကတ်ပြားကို မီးရှို့လိုက်ပြီး နောက်ထပ်တစ်ကတ်ကို ထုတ်ယူလိုက်ပြန်သည်။

"ဆဋ္ဌမမြောက်မေးခွန်း... ဒီမေးခွန်းကို မှန်အောင် ဖြေနိုင်ရင် ရမယ့်ဆုလာဘ်ကတော့ သည်းထိတ်ရင်ဖို သုခဘုံရဲ့ 'အတွင်းကမ္ဘာ'ကို ဝင်ရောက်နိုင်မယ့် ခွင့်ပြုချက်ပဲ"

ထိုသို့ ပြောရင်း သူက သူ့လက်ချောင်းများကို လှုပ်ရှားလိုက်ရာ လက်ညှိုးနှင့် လက်ခလယ်ကြားတွင် အနက်ရောက်ကတ်လေးတစ်ခု ပေါ်လာလေသည်။

"တကယ်လို့ မင်းအဖြေမှားခဲ့မယ်ဆိုရင်တော့ မင်းရဲ့ မှော်လက်နက် ကွယ်ပျောက်သွားလိမ့်မယ်"

ဖုန်းပုကြွယ်၏ ဦးနှောက်မှာ လျှင်မြန်စွာ လည်ပတ်နေရသည်။ သူဇာတ်လမ်းထဲ စဝင်ကတည်းက မူမမှန်သည့်အရာမျိုးစုံ စုပုံလာခဲ့ပြီး ယခုအချိန်တွင်မှ အရာအားလုံး အခြေခံကျကျ ပြောင်းလဲသွားပုံရသည်။

"တော်လောက်ပြီ"

မရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ အနောက်တိုင်းဝတ်စုံ ဝတ်ထားပြီး အညိုရောင်ဆံပင်ရှိသော အမျိုးသားတစ်ဦး ဖြစ်၏။ သူသည် စင်၏ အလယ်ဗဟိုတွင် ရုတ်တရက်ပေါ်လာပြီး မစ္စတာယိုး၏ နောက်တစ်မီတာခန့် အကွာတွင် ရပ်နေခဲ့ခြင်းဖြစ်သည်။

ထိုအခိုက်အတန့်တွင် မစ္စတာယိုး၏ အမူအရာမှာ တောင့်တင်းသွားပြီး မျက်နှာပေါ်မှ အပြုံးသည်လည်း ရပ်တန့်သွားရသည်။ ဧည့်သည်တော်ထိုင်ခုံမှ လူသုံးဦးကလည်း ရုံးခန်းထဲတွင် နောက်ပြောင်နေကြစဉ် ရုတ်တရက် သူတို့ခေါင်းဆောင် ဝင်လာသည်ကို မြင်လိုက်ရသည့်အလား ဖြစ်သွားကြသည်။ သူတို့၏ ထိုင်သောပုံစံနှင့် အမူအရာများလည်း ချက်ချင်း ပြောင်းလဲသွားကြလေသည်။ စင်ပေါ်မှ ပရိသတ်များမှာလည်း မှင်သက်သွားကြသည်။

ကြောက်ရွံ့ခြင်းဟု အမည်ရသည့် ဗုံးကို တပ်ဆင်ထားပြီး ဖြစ်ရာ ထိုနေရာတစ်ခုလုံးကို ပေါက်ကွဲစေမည့် မီးပွားကိုသာ စောင့်ဆိုင်းနေကြသလိုပင်။

ဆိုင်မွန်သည် မစ္စတာယိုး၏ နောက်တွင် ရပ်နေပြီး ထိုဖက်တီး၏ လည်ပင်းကို ငုံ့ကြည့်လိုက်သည်။

"ငါ့ကို ကျောခိုင်းပြီး စကားပြောဖို့ စဉ်းစားနေတာလား"

"ဟား... ဟားဟား... မလုပ်ရဲပါဘူး... မလုပ်ရဲပါဘူး"

မစ္စတာယိုး၏ ဦးထုပ်ထဲမှ ချွေးများ ရေတံခွန်ကဲ့သို့ စီးကျနေ၏။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများ အထင်အရှား ပေါ်လွင်နေလေသည်။

ဆိုင်မွန်က ကင်မရာသမားဘက်သို့ လှည့်ကြည့်လိုက်သည်။ သူက ဘာစကားမှ မပြောဘဲ ကြည့်ရုံသာ ကြည့်လိုက်သော်လည်း တစ်ပိုင်းတစ်စ ထွင်းဖောက်မြင်နေရသော ထိုဝိညာဉ်မှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ၎င်း၏ ကိုယ်ထည်ပေါ်တွင် စူးရှသော အလင်းတန်းတစ်ခု ဖုံးလွှမ်းသွားပြီးနောက် မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲကာ ဝိညာဉ်ပျောက်ကွယ်သွားတော့သည်။ ၎င်းရှေ့မှ ကင်မရာလည်း သဘာဝအတိုင်း ပေါက်ကွဲသွားခဲ့၏။

"အမှိုက်တွေ၊ ဒီကနေ ထွက်သွားကြစမ်း"

ဆိုင်မွန်သည် အလွန်လည်း မကျယ်၊ အလွန်လည်း မတိုးသော အသံဖြင့် ငြင်းဆန်မရသည့် လေသံမျိုးသုံးကာ စင်၏ အလယ်ဗဟိုမှ ပြောလိုက်သည်။

ပရိသတ်ထိုင်ခုံများမှ မိစ္ဆာသတ္တဝါများသည် အသတ်ခံရတော့မည့် ဝက်များကဲ့သို့ အော်ဟစ်ကာ သရဲတစ်ကောင် မြင်လိုက်ရသည့်အလား ထွက်ပေါက်များဆီသို့ အလုအယက် ပြေးလွှားကြတော့သည်။ တခဏအတွင်း မီးခိုးများနှင့် ဖုန်မှုန့်များ ဆူပွက်သွားပြီး အသားဖတ်များနှင့် သွေးများက နေရာအနှံ့ ပျံနှံ့နေတော့သည်။ ထွက်ပေါက်များလည်း လုံးဝ ပျက်စီးသွားကြ၏။ အချို့ဆိုလျှင် နံရံများကို ဖောက်ထွက်ပြီး မြေအောက်မှတစ်ဆင့် ထွက်ပြေးသွားကြရသည်။

စက္ကန့် ၃၀ မပြည့်မီမှာပင် စတူဒီယိုအတွင်း၌ ကစားသမား လေးဦး၊ ဆိုင်မွန်၊ မစ္စတာယိုးနှင့် အထူးဧည့်သည်တော်သုံးဦးသာ ကျန်ရှိတော့သည်။

"မတွေ့ရတာ ကြာပြီနော်၊ အစ်ကိုကြီးဆိုင်မွန်၊ ဟားဟားဟား..."

ဟီဖက်စတပ်က ရယ်မောရင်း နီးကပ်အောင် ကြိုးစားလိုက်သည်။

ဆိုင်မွန်ကမူ အေးစက်စွာ ပြန်ဖြေသည်။

"အော်... မင်းပဲလား... ငါ မှာထားတဲ့ ပစ္စည်း ဘယ်လိုလဲ"

"အဲ... အစ်ကိုကြီးဆိုင်မွန် သိတဲ့အတိုင်းပဲ၊ အစ်ကိုနဲ့ သင့်တော်တဲ့လက်နက်တစ်ခု လုပ်ဖို့ဆိုတာက တော်တော်လေး လက်ဝင်တာလေ၊ ဒါ့အပြင် ၂၁ ရာစု မကုန်ခင်မှာ ပစ္စည်းပို့ပေးဖို့ ကျုပ်တို့ သဘောတူထားကြတယ် မဟုတ်လား"

"ဒါပေမဲ့ မင်းကတော့ အချိန်တွေ အများကြီး ပိုနေပုံရတယ်"

သူက ဖြတ်ပြောလိုက်၏။

"နားလည်ပါပြီ၊ နားလည်ပါပြီ၊ အခုပဲ ပျောက်ကွယ်ပေးပါ့မယ်၊ ဟားဟား၊ အစ်ကို သဘောရှိတာ လုပ်ပါ၊ ဟားဟား..."

ဟီဖက်စတပ်က ထိုသို့ပြောဆိုပြီး အမှန်တကယ်ပင် ပျောက်ကွယ်သွားတော့သည်။

"မင်းလည်း ဒီလိုပွဲမျိုးကို လာလိမ့်မယ်လို့ ငါ မထင်ထားဘူး"

ဆိုင်မွန်က သူ့အကြည့်ကို မာနထံသို့ ရွှေ့လိုက်သည်။

"ဟွန့်..."

သူမက နှာခေါင်းရှုံ့လိုက်သည်။

"ရှင်ကတော့ တကယ့်ကို သူများကိစ္စ စပ်စုတတ်တဲ့သူပဲ"

"ငါက တရားဝင်အလုပ်ကိစ္စနဲ့ လာတာပါ"

ဆိုင်မွန်က ပြန်ဖြေသည်။

"တကယ်လို့ မင်းငါ့ကို သီးသန့်ပြောစရာ ရှိမယ်ဆိုရင်တော့..."

"ဟွန့်"

သူ့စကား မဆုံးမီ မာနသည် အနက်ရောင် မီးခိုးလုံးတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားတော့သည်။

"ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲဗျာ"

နောက်တစ်လှည့်ကတော့ ကပ်ရောဂါတစ်ယောက် ဆိုင်မွန်၏ အကြည့်နှင့် ဆုံရလေပြီ။

"ကျွန်တော်က ဘာမှမပြောဘဲ ကြည့်နေရုံသက်သက်ပါပဲ၊ မရဘူးလား"

"မင်းလည်း လောင်းကြေး ထပ်ထားတာပဲလေ"

ဆိုင်မွန်က ပြန်ဖြေသည်။

"အဆင့်မြင့်အဖွဲ့ဝင် အများစုကတော့ လောင်းကြေး ထပ်ထားကြတာပဲ"

ကပ်ရောဂါက အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ဆိုလိုက်သည်။

"ငါက ဒိုင်လူကြီးပဲ"

ဆိုင်မွန်က ပြောသည်။

"ဒါကတော့ တိုက်ပွဲမှာ ခင်ဗျားကို ဘယ်သူမှ မနိုင်လို့ပေါ့၊ ဒါပေမဲ့..."

"ဒါပေမဲ့... ဘာဖြစ်လဲ"

ဆိုင်မွန်က အေးစက်စွာ ထပ်ပြော၏။

"ကောင်းပါပြီ၊ ကောင်းပါပြီ... ကျွန်တော်မှားပါတယ်၊ ကျွန်တော်မှားပါတယ်၊ ကောင်းပြီ... ကျွန်တော် သွားပါ့မယ်"

ကပ်ရောဂါသည် ချောင်းနှစ်ချက် ဆိုးလိုက်ပြီး အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားတော့သည်။

ဆိုင်မွန်၏ အကြည့်က မစ္စတာယိုးထံသို့ ပြန်ရောက်လာပြန်၏။

"ကဲ... ဒါတွေက ဘာအဓိပ္ပာယ်လဲဆိုတာ ရှင်းပြပေးပါဦး"

"အဲ... အစ်ကိုကြီးရေ၊ ဘာတွေ ဖြစ်နေတာလဲဆိုတာ ကျွန်တော် မေးလို့ ရမလား"

ဖုန်းပုကြွယ်သည် ဆိုင်မွန်ကို လက်ဝှေ့ယမ်းပြကာ ရိုးသားသော မျက်နှာပေးဖြင့် ကြားဖြတ် မေးလိုက်သည်။

ဆိုင်မွန်က ဖုန်းပုကြွယ်ကို တစ်ချက်ကြည့်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်၏။ တစ်စက္ကန့်အကြာတွင် SCP-500 ပုလင်းသည် သူ့လက်ထဲတွင် ပေါ်လာလေသည်။ သူသည် ထိုပုလင်းကို ဖုန်းပုကြွယ်ထံသို့ ပစ်ပေးလိုက်ပြီး ပြောလာသည်။

"မင်း ဒီဇာတ်လမ်းကို အောင်မြင်သွားပြီ"

ဖုန်းပုကြွယ်က သူ့ထံသို့ ပျံလာသည့် ဆေးပုလင်းကို ဖမ်းယူလိုက်သည်။ ၎င်း၏ အချက်အလက်များကိုပင် မကြည့်တော့ဘဲ မေးမြန်းလိုက်သည်။

"ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ ဒီဇာတ်လမ်းက..."

"စိတ်မပူပါနဲ့၊ ဒါမျိုး ထပ်မဖြစ်စေရဘူးလို့ ငါကတိပေးပါတယ်၊ အနည်းဆုံးတော့ အချိန်တိုအတွင်းမှာပေါ့..."

ဆိုင်မွန် ထိုသို့ပြောပြီးနောက် ကစားသမားလေးဦးမှာ အဖြူရောင် အလင်းတန်းများအဖြစ် ပျော်ဝင်သွားပြီး အတင်းအကျပ် တယ်လီပို့လုပ်ခံလိုက်ရသည်။

...

ဂိမ်းလော့ဂ်အင် ခန်းမတွင် ဖုန်းပုကြွယ် အသင်းချန်နယ်ကို ဖွင့်လိုက်သည်။

"မင်းတို့ အားလုံးလည်း တယ်လီပို့ အလုပ်ခံလိုက်ရတာလား"

ရှောင်တန်က "ဟုတ်တယ်" ဟု ပြန်ဖြေသည်။

"စောစောက ဇာတ်လမ်းထဲမှာ ဘာတွေ ဖြစ်သွားတာလဲ"

ရီရူယွီ၏ အသံ ထွက်ပေါ်လာသည်။

ရီရူလီက

"ကြည့်ရတာ... ဇာတ်လမ်းထဲက ဘော့စ်တွေကြားမှာ ပဋိပက္ခတစ်ခုခု ဖြစ်ပြီး ငါတို့ကို မောင်းထုတ်လိုက်တာ ထင်တယ်"

"ဒါ ထူးဆန်းတယ်"

ရှောင်တန်က ပြောသည်။

"မစ်ရှင်ပြီးမြောက်မှုနှုန်းက သုည ဖြစ်နေပေမဲ့ ဇာတ်လမ်းအောင်မြင်တဲ့ ဆုလာဘ်ကတော့ အပြည့်အဝ ရတာပဲ၊ ဒါက ချို့ယွင်းချက်တစ်ခုခု (bug) ဖြစ်နေတာလား"

ဖုန်းပုကြွယ်က ပြောလိုက်သည်။

"အဲ့ဒီ ရုတ်တရက် ပေါ်လာတဲ့ ဝတ်စုံပြည့်နဲ့လူ... သူ့လေသံအရဆိုရင် သူက ဂိမ်းစီမံခန့်ခွဲသူတစ်ယောက်နဲ့ တူတယ်၊ ငါတို့ဆီမှာ တစ်ခုခု ကြီးကြီးမားမား ဖြစ်ပျက်ခဲ့တာ ဖြစ်နိုင်တယ်"

"ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ"

ရှောင်တန်က မေးသည်။

"ဘာလုပ်ရမှာလဲ၊ ငါတို့ ဇာတ်လမ်းအောင်မြင်တဲ့ ဆုလာဘ် ရပြီးပြီပဲလေ၊ ဖောက်သည် ဝန်ဆောင်မှုဌာနကို သွားမေးရင်တောင် သူတို့လည်း ဘာမှ သိမှာ မဟုတ်ဘူး၊ ငါတို့က ဇာတ်လမ်းကို တစ်ဝက်တစ်ပျက်နဲ့ အောင်မြင်သွားတယ်ဆိုပြီးတော့လည်း သွားတိုင်လို့ မရဘူးလေ၊ ဟုတ်တယ်မလား"

ဖုန်းပုကြွယ်က ပြောလိုက်သည်။

"အခုထိ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်တွေက အမြဲတမ်း 'သတ္တိ၏ ပြယုဂ်' ဖြစ်နေတာကို မစဉ်းစားမိဘူးလား"

ရီရူလီက ရုတ်တရက် မေးလိုက်သည်။

"ခေါင်းဆောင်၊ ခေါင်းဆောင် တစ်ခုခုလိမ်ဆော့နေတာတော့ မဟုတ်ဘူးမလား"

ရီရူယွီက မေး၏။

"အာ... အဲ့ဒါကတော့..."

ဖုန်းပုကြွယ်သည် ထိုမေးခွန်းကို မည်သို့ ပြန်ဖြေရမှန်း တကယ် မသိတော့ပေ။ သူသည် ထိုမိန်းကလေး နှစ်ယောက်နှင့် အလွန်အမင်း ရင်းနှီးသည်မဟုတ်ဘဲ ဂိမ်းထဲတွင် မတွေ့ရတာ ကြာပြီဖြစ်သော သူငယ်ချင်းများသာ ဖြစ်ကြသည်။ သူက အမည်မသိဦးနှောက်ရောဂါတစ်မျိုးမျိုး ခံစားနေရတယ်လို့ သူတို့ကို ပြောပြသင့်လား။

သို့သော် သူ အခြားရှုထောင့်မှ ပြန်လည် စဉ်းစားလိုက်သည်။ အကယ်၍ သူ ဆင်ခြေတစ်ခု ပေးလိုက်လျှင်ပင် ထိုဆင်ခြေမှာ ခဏမျှသာ အသုံးဝင်လိမ့်မည်ဖြစ်ပြီး ရှောင်တန်ထံမှတစ်ဆင့် အမှန်တရားကို သိသွားနိုင်ချေ ရှိသည်။ အချိန်အတော်ကြာ တွေးတောပြီးနောက် ဖုန်းပုကြွယ်က ပြောလိုက်သည်။

"ငါ ဘာမှ လိမ်မဆော့ပါဘူး၊ ပြီးတော့ ဂိမ်းကစားဖို့အတွက်လည်း စိတ်ငြိမ်ဆေးတွေ ဘာတွေ ထိုးမထားပါဘူး... ငါက... ကြောက်ရွံ့မှုကို မခံစားရရုံသက်သက်ပါ"

ထိုစကားကို ကြားရသည့်အခါ ရီရူလီနှင့် ရီရူယွီတို့မှာ သဘာဝအတိုင်းပင် မေးခွန်းများ ထပ်မံ မေးချင်လာကြတော့သည်။

သူတို့ မမေးမီ ဖုန်းပုကြွယ်က ပိတ်ပြောလိုက်သည်။

"ဒါပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ ငါမပြောပြနိုင်တဲ့အတွက် ခွင့်လွှတ်ပါ၊ ရှောင်တန်ကိုလည်း မမေးပါနဲ့၊ ဒါကို ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်တစ်ခုအဖြစ် သတ်မှတ်ပြီး လျှို့ဝှက်ပေးထားကြဖို့ မျှော်လင့်ပါတယ်"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရီရူလီက ပြောလာသည်။

"အိုကေ၊ ဒီအကြောင်းကို နောက်ထပ် မပြောကြတော့ဘူး"

ယင်းကို ကြားပြီးနောက် ရီရူယွီကလည်း ထပ်လောင်းပြောကြားသည်။

"ကျွန်မအတွက်လည်း ပြဿနာ မရှိပါဘူး၊ စိတ်မပူပါနဲ့၊ ကျွန်မက နှုတ်လုံတဲ့သူပါ"

"အင်း... ကျေးဇူးတင်ပါတယ်၊ ဒါဆို ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ကြမလား"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"အိုကေ၊ ငါလည်း နည်းနည်း ပင်ပန်းနေတာနဲ့ သွားတော့မယ်"

ရှောင်တန်က ပြန်ဖြေသည်။

ရီရူလီနှင့် ရီရူယွီတို့ကလည်း သူတို့ လိုင်းပေါ်က ဆင်းတော့မည်ဟု ပြောကြသည်။ သူ့လေးဦးလုံး နှုတ်ဆက်စကား ပြောကြားပြီးနောက် ဂိမ်းအတွင်းမှ ထွက်ခွာသွားကြတော့သည်။

...

လွန်ခဲ့သည့် မိနစ်အနည်းငယ်ခန့်က သေမင်းပဟေဠိ ရိုက်ကူးရေး စတူဒီယိုတွင် မစ္စတာယိုးသည် ဆိုင်မွန်ကို ကြည့်နေခဲ့သည်။

ဆိုင်မွန်က မစ္စတာယိုးကို ငုံ့ကြည့်လိုက်သည်။

"သူတို့ကို သေမင်းပဟေဠိထဲ ခေါ်လာဖို့ ဘယ်သူက ခွင့်ပြုချက် ပေးခဲ့တာလဲ၊ မင်းက ဒီအစီအစဉ်ကို လက်လျှော့ဖို့ စဉ်းစားနေတာလား"

"အင်း... သူတို့က ပုံရိပ်ယောင် တွေပဲလေ၊ တကယ်သေသွားမှာ မဟုတ်ပါဘူး..."

မစ္စတာယိုးက ရှင်းပြရန် ကြိုးစားနေပုံရသည်။

"စောစောက မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ဆိုင်မွန်က မေးသည်။

"ဝူဒီက စည်းမျဉ်းတွေကို အရင်ချိုးဖောက်ခဲ့တာပါ၊ သူက ဖုန်းပုကြွယ်ကို အဆင့် ၁၀ လောက်မှာတင် ပိုင်လီကမ္ဘာထဲ ဝင်ခွင့်ပေးခဲ့လို့ သူက ဒီလောက်လွယ်လွယ်ကူကူနဲ့ မှော်လက်နက် ရသွားခဲ့တာ"

မစ္စတာယိုးက ရှင်းပြသည်။

"ဆိုလိုတာက... မင်းက စည်းကမ်းချိုးဖောက်မှုရဲ့ နောက်ဆက်တွဲတွေကို ငါ့ကိုယ်စား ပြုပြင်ပေးနေတာပေါ့"

ဆိုင်မွန်က မေး၏။

မစ္စတာယိုး မျက်နှာဖြူလျော့သွားသည်။ ဤမေးခွန်းအတွင်း၌ အလွန်အန္တရာယ်များသော ထောင်ချောက်တစ်ခု ရှိနေသည်ကို သူသိသည်။ အကယ်၍ သူက "ဟုတ်ကဲ့" ဟု ပြန်ဖြေလိုက်လျှင် သူသည် ဒိုင်လူကြီးတစ်ယောက်၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်နေသည်ဟု အဓိပ္ပာယ် ရသွားပေလိမ့်မည်။ ဆိုင်မွန်၏ စရိုက်အရဆိုလျှင် ခိုင်လုံသော အကြောင်းပြချက် ရှိပါက အစစ်အမှန် နတ်ဘုရားတစ်ပါးကိုပင် သတ်ရန် ဝန်လေးမည့်သူ မဟုတ်ရာ နတ်ဘုရားတစ်ပိုင်းတစ်ပါးအတွက်မူ ပြောနေစရာပင် မလိုတော့ချေ။

"မဟုတ်ပါဘူး"

မစ္စတာယိုးက ဆိုသည်။

"ကျုပ် အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး"

"မင်းက သူ့ကို စကေးအမှတ် ၁၀၀၀ ပေးပြီးတော့ သူ့ရဲ့ မှော်လက်နက်ကို ပြန်သိမ်းဖို့ ပြင်ဆင်နေတာလား၊ အဲ့ဒါက ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မင်းထင်နေတာလား"

ဆိုင်မွန်က မေးလိုက်သည်။

"ဝူဒီသာ မင်းဘာလုပ်နေလဲ သိသွားရင် သူဘာလုပ်မလဲဆိုတာ မင်းသိလား"

"အဲ..."

မစ္စတာယိုး စကားမဲ့သွား၏။

ဆိုင်မွန်က အေးစက်စွာ ပြောသည်။

"သူက မင်း လောင်းကြေး ထပ်ထားတဲ့လူကို အဆင့်တစ် မူမမှန်မှုတွေရဲ့ နယ်မြေထဲကို ပစ်ချပြီး အဆင့် ၁၀ ဆင့်လောက် ကျသွားအောင် အတင်းအကျပ် လုပ်ပါလိမ့်မယ်"

"ဒါ... ဒါပေမဲ့..."

မစ္စတာယိုးက တစ်ခုခု ထပ်ပြောချင်နေသေးသည်။

"ဖုန်းပုကြွယ် မှော်လက်နက်ရတာ ဘာမှ အမှားအယွင်း မရှိဘူး၊ သူ့ရဲ့ စွမ်းအားအဆင့်နဲ့ဆိုရင် အဲ့ဒါကို ရဖို့ အဆင့် ၃၀ အထိ စောင့်နေစရာ မလိုဘူး၊ ဒါက ဒိုင်လူကြီးတစ်ယောက်အနေနဲ့ ငါ့ဆုံးဖြတ်ချက်ပဲ"

ဆိုင်မွန်က ဆိုသည်။

"အခုအချိန်ကစပြီး မင်းတို့ရဲ့ ညစ်ပတ်တဲ့လှည့်ကွက်တွေကို ရပ်တန်းက ရပ်လိုက်ကြတော့"

သူ နှာခေါင်းရှုံ့လိုက်သည်။

"ငါ စနစ်ကို ပြုပြင်မွမ်းမံမှုတွေ လုပ်ပြီးပြီ၊ ဝူဒီ ချန်ထားခဲ့တဲ့ နောက်ဖေးပေါက်လည်း မရှိတော့ဘူး၊ မင်းတို့ တစ်စက္ကန့်လေးတောင် ဒီထဲကို ဝင်စွက်ဖက်နိုင်တော့မှာ မဟုတ်ဘူး"

ဆိုင်မွန်သည် စင်ပေါ်မှ အဓိကကင်မရာထံသို့ လျှောက်သွားရင်း ပြောလိုက်ခြင်း ဖြစ်သည်။ သူသည် ကင်မရာရှေ့တွင် ရပ်လိုက်ရာ သူ့အကြည့်များက ဓားသွားကဲ့သို့ အေးစက်နေခဲ့သည်။

"လောင်းကြေးထပ်ပွဲက အခုမှ တရားဝင်စတာ၊ ဘယ်သူမဆို စားပွဲပေါ်ကို လက်တင်ရဲရင် အဲ့ဒီလက်ကို ငါကိုယ်တိုင် ခုတ်ဖြတ်ပစ်မယ်"

All Chapters