← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅)

"မင်းလက်က အဆင်ပြေရဲ့လား"

ဖုန်းပုကြွယ်က မေးလိုက်သည်။

"ဟ ပြေတာပေါ့၊ တကယ်လို့ အဆင်မပြေဘူးဆိုရင်တောင် ဒါက ဂိမ်းဇာတ်ကောင်ရဲ့ ပြဿနာပဲ ဖြစ်မှာလေ"

ရှောင်တန်က ပြန်ဖြေသည်။

"အစ်ကိုကြွယ်၊ ဒါလေးမေးဖို့ပဲ ဖုန်းဆက်လာတာလား၊ အခု ငါ ဂျူတီကျနေတာ"

နောက်တစ်နေ့ မွန်းလွဲပိုင်းအချိန်ဖြစ်သည်။ ဖုန်းပုကြွယ်သည် အိမ်၌ရှိနေပြီး ရှောင်တန်နှင့် ဖုန်းပြောနေခြင်း ဖြစ်၏။

"အာ... မဟုတ်ပါဘူး၊ မေးကြည့်ရုံပါပဲ"

ဖုန်းပုကြွယ်က ချက်ချင်းပင် အဓိကအကြောင်းအရာသို့ ကူးလိုက်သည်။

"ဒီလိုရှိတယ်... ဒီနေ့ ငါ အယ်ဒီတာနဲ့ သွားတွေ့ပြီး စာရေးတာနဲ့မဆိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုအကြောင်း ဆွေးနွေးခဲ့တယ်လေ"

"ဘာအကြောင်းလဲ"

"သန်ဘက်ခါ၊ ဆိုလိုတာက ဒီစနေနေ့မှာ ငါ တီဗီဌာနကိုသွားပြီး အစီအစဉ်တစ်ခု ရိုက်ကူးရမယ်၊ အဲ့ဒီနားက ကားကျပ်တော့ သွားရလာရတာ အဆင်မပြေဘူးလေ၊ မင်း အဲ့ဒီနေ့ အားတယ်မလား၊ ငါ့ကို ကားမောင်းပို့ပေးလို့ ရမလား"

ဖုန်းပုကြွယ်က ဆိုသည်။

"အား"

ရှောင်တန် တခဏမျှ မှင်သက်သွားပြီးနောက် "အား" ဟု အော်လိုက်မိသည်။

"ဘာဖြစ်တာလဲ"

ဖုန်းပုကြွယ်၏ လေသံက ပုံမှန်အတိုင်းပင် ရှိနေသေးသည်။

"မင်းစိတ်လွတ်သွားပြီး ဘက်တီးရီးယား မွေးထားတဲ့ ပန်းကန်ထဲကဟာတွေကို ဂျယ်လီမှတ်ပြီး စားမိသွားလို့လား"

"နောက်ဆုံးတော့ မင်းတီဗီပေါ် တက်တော့မှာပေါ့ အစ်ကိုကြွယ်၊ မင်း နာမည်ကြီးတော့မှာလား"

ရှောင်တန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"မဟုတ်ပါဘူး"

"အာ နောက်ဆုံးတော့ မင်း ဘာမှမလုပ်ဘဲနဲ့ ပိုက်ဆံတွေ အများကြီး ရတော့မှာပဲ"

"မင်းပြောပုံက ငါက တခြားလုပ်ငန်းထဲ ပြောင်းတော့မယ့်အတိုင်းပဲ..."

"ငါဆိုလိုတာက မင်းလည်း နာမည်ကြီး စာရေးဆရာတွေလို မူပိုင်ခွင့်ကြေးတွေနဲ့တင် ရပ်တည်နိုင်တော့မယ်လို့ ပြောတာပါ၊ လတိုင်း စာရေးဖို့အတွက်လည်း ပူနေစရာ မလိုတော့ဘူးပေါ့"

"ဒါကြောင့်လည်း ငါက 'မဟုတ်ဘူး' လို့ ပြောတာပေါ့"

ဖုန်းပုကြွယ်က ဆိုသည်။

"ဘာမှ ထူးခြားသွားမှာ မဟုတ်ဘူး၊ မင်း အတွေးလွန်နေပြီ"

ရှောင်တန်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ဖုန်းပုကြွယ်၏ ငြင်းဆိုမှုကို လုံးဝဂရုမစိုက်တော့ပေ။ သူက ထပ်မံ မေးမြန်းလိုက်သည်။

"ဟုတ်သားပဲ၊ ဘာအစီအစဉ်လဲ အစ်ကိုကြွယ်"

"ငါက စာရေးဆရာတစ်ယောက်ပါ"

သူက တည်ငြိမ်စွာ ပြန်ဖြေသည်။

"အာ ငါသိတယ်လေ၊ ငါက မင်းဘယ်အစီအစဉ်မှာ ပါမှာလဲလို့ မေးတာပါ"

"ငါက စာရေးဆရာတစ်ယောက်ပါ"

ဖုန်းပုကြွယ်က ထပ်မံ ပြောလိုက်၏။

"ဟင်"

ရှောင်တန်၏ ဦးနှောက်မှာ နောက်တစ်ကြိမ် လျှပ်စီးပတ်လမ်း ပြတ်တောက်သွားပြန်သည်။

"ဟူး..."

ဖုန်းပုကြွယ်က သက်ပြင်းအရှည်ကြီး ချလိုက်သည်။

"အဲ့ဒီ အစီအစဉ်ရဲ့ နာမည်ကို 'ငါက စာရေးဆရာတစ်ယောက်ပါ' လို့ ခေါ်တယ်၊ ပြိုင်ပွဲဝင်တွေက တစ်ယောက်ကိုတစ်ယောက် ဖယ်ထုတ်ပြီး ပြိုင်ဆိုင်ရတဲ့ ဖျော်ဖြေရေး အစီအစဉ်တစ်ခုပေါ့"

"အိုး... မင်းအပြင် တခြားဘယ်သူတွေ ပါဦးမှာလဲ"

ရှောင်တန်က မေးသည်။

"ငါလည်း မသိဘူး၊ စိတ်လည်းမဝင်စားဘူး"

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

ရှောင်တန်က စားပွဲကို ရိုက်ကာ ရယ်မောလိုက်သည်။

"ဟားဟားဟား... အစ်ကိုကြွယ်ကတော့ တကယ့်ကို အထာကျတာပဲကွာ"

"တခြားပြိုင်ပွဲဝင်တွေရဲ့ အချက်အလက်တွေကို လျှို့ဝှက်ထားလို့လား ဘာလို့လားတော့ မသိဘူး၊ ငါသိခဲ့ရင်တောင် ဘာမှ အသုံးမဝင်တဲ့အတွက် မသိချင်တာပဲ..."

သူက ဆက်ပြောသည်။

"ကိုယ်တိုင်ကတော့ ပထမတစ်ချီမှာတင် ပြုတ်သွားပြီး နောက်ထပ် မသွားရတော့ဖို့ မျှော်လင့်တာပဲ"

"မလုပ်ပါနဲ့၊ တီဗီပေါ်တက်ရဖို့ဆိုတာ ရှားမှရှားတဲ့ အခွင့်အရေးကြီးပဲကို..."

"ငါက လူရှုပ်တဲ့နေရာတွေကို မကြိုက်ဘူး၊ ပြီးတော့ ငါ့ရဲ့ ဗီဒီယိုမှတ်တမ်းတွေ အများကြီး ကျန်ခဲ့တာကိုလည်း မလိုချင်ဘူး..."

ဖုန်းပုကြွယ်က ဆိုသည်။

"ပါဝင်ကြေးက တော်တော်လေး များနေလို့…ဒါကြောင့် ငါက..."

"အစ်ကိုကြွယ်၊ ဒါကို ဆရာပေါင်ကို ပြောပြပြီးပြီလား"

ရှောင်တန်က မေးသည်။

"မပြောရသေးဘူး၊ ငါပြောပြော၊ မပြောပြော မင်းကတော့ သူ့ကို ဖုန်းဆက်ပြောမှာပဲလေ၊ ဒါကြောင့် သူ့ကို မင်းပဲ ပြောလိုက်ပါတော့"

ဖုန်းပုကြွယ် စကားကို ခေတ္တရပ်လိုက်သည်။

"ငါ အလေးအနက် ပြောချင်တာက ဒါကို ဆရာပေါင် တစ်ယောက်တည်းကိုပဲ ပြောပါ၊ တခြားသူတွေကို လျှောက်မပြောနဲ့"

"ငါက ဘာလို့ လျှောက်ပြောရမှာလဲ"

ရှောင်တန်က အသံမြှင့်လိုက်သည်။

"ငါ့ရဲ့ ပထမဆုံးစာအုပ် ထွက်တုန်းက မင်းအိမ်နဲ့ ငါးလမ်း ခြောက်လမ်းလောက် ဝေးတဲ့ သစ်သီးဆိုင်ပိုင်ရှင်တောင် သိနေတာကို ငါ မှတ်မိသေးတယ်နော်"

ဖုန်းပုကြွယ်က ပြောသည်။

"ဟဲ... ဟားဟား... အဲ့ဒါကတော့..."

"ဒါဆိုရင်... ဒါ အတည်ပဲနော်၊ စနေနေ့ နေ့လယ်ကျရင် ငါ့ကို အဲ့ဒီကို ပို့ပေးဦး၊ ပြီးရင် မင်း ပြန်လို့ရပြီ၊ ရိုက်ကူးရေးက အချိန်ဘယ်လောက်ကြာမလဲ မသိလို့ ငါ့ဘာသာပဲ ပြန်လာခဲ့မယ်၊ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ဘတ်စ်ကားကတ်ထဲမှာ ပိုက်ဆံရှိသေးတယ်"

ဖုန်းပုကြွယ်က ဆိုသည်။

"ငါလည်း အထဲဝင်ကြည့်လို့ မရဘူးလား"

ရှောင်တန်က မေး၏။

"မရဘူး"

"တကယ်ကြီးလား..."

"မရဘူး"

"အေးပါကွာ"

ရှောင်တန်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုသည်။

"အဲ့ဒီ အစီအစဉ်က ဘယ်တော့ ထုတ်လွှင့်မှာလဲ"

"ငါ မသိဘူး"

"ထားလိုက်ပါတော့၊ ငါအင်တာနက်မှာပဲ ရှာကြည့်လိုက်တော့မယ်"

"မင်း ဂျူတီဆက်စောင့်လိုက်ပါဦး... ညကျမှ စကားပြောကြတာပေါ့"

ဖုန်းပုကြွယ်သည် အစမှအဆုံး အားမရှိသော လေသံဖြင့်သာ ပြောကြားသွားသည်။

"အိုကေ၊ အိုကေ၊ ဘိုင်"

"ဘိုင်"

ဖုန်းချပြီးနောက် ဖုန်းပုကြွယ်သည် သက်ပြင်းအရှည်ကြီး ထပ်မံချလိုက်ပြန်သည်။

"ကောင်းပြီ... ဒီကောင်လေး အလွန်အကျွံ မလုပ်ခင် ရပ်လိုက်ဖို့ပဲ ဆုတောင်းရတော့မှာပဲ"

နှစ်နာရီအကြာတွင်...

တံခါးခေါက်သံ ကြားလိုက်ရ၏။

ဖုန်းပုကြွယ်က "လာပြီ" ဟု ပြန်ထူးလိုက်သည်။ သူတံခါးနားသို့ လျှောက်သွားလိုက်သော်လည်း မမျှော်လင့်ဘဲ အပြင်ကလူက သော့ဖြင့် တံခါးကို ဖွင့်လိုက်လေသည်။

"ကျွန်တော် ပြောပါရစေဦး... ဒေါ်လေးလျို... ကျွန်တော် တံခါးလာဖွင့်ပေးတာကို မစောင့်ဘူးဆိုရင် ဘာလို့ တံခါးခေါက်နေသေးတာလဲ"

ဖုန်းပုကြွယ်က မေးလိုက်သည်။

အိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်လေးလျိုက တံခါးဝတွင် ရပ်နေခြင်းဖြစ်သည်။

"နင်တို့ လူငယ်တွေမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိတယ်လေ၊ နင် အိမ်ထဲမှာ ကောင်မလေးတစ်ယောက်ယောက် ရှိနေရင်ကော၊ ဒါမှမဟုတ် နင်က တစ်ခုခု ရှက်စရာကောင်းတာတွေ လုပ်နေရင်ကော၊ ဒါကြောင့် ငါ အရင်ခေါက်တာပေါ့၊ နင်က ပြန်ထူးလိုက်တော့မှ ငါလည်း ဝင်လို့ရပြီဆိုတာ သိရတာပေါ့"

"ဒေါ်လေး ပြောတာက ရှေ့နောက်မညီသလိုပဲ၊ ဒေါ်လေးရဲ့ ယုတ္တိဗေဒအရဆိုရင် အထင်လွဲစရာတွေ ဖြစ်လာနိုင်တယ်နော်..."

"ဒါတွေ ငါ့ကို လာမပြောနဲ့"

ဒေါ်လေးလျိုက သူ့ကို ခြေဆုံးခေါင်းဆုံး ဝေ့ကြည့်လိုက်ရင်း ပြောလာသည်။

"ငါ ကြားတာတော့... မင်း ဇာတ်ကားရိုက်တော့မယ်ဆို"

ဖုန်းပုကြွယ်ပါးစပ်မှ ပထမဆုံး ထွက်လာသည့်စကားမှာ "ချီးပဲ" ဖြစ်သော်လည်း သူက သက်ပြင်းချလိုက်ပြီး ပြန်မေးလိုက်သည်။

"ဒါကို ဘယ်သူပြောတာလဲ"

"ဈေးထဲက ဒေါ်လေးဝမ်ဆီက ကြားတာလေ"

ဒေါ်လေးလျိုက မနားတမ်း စပြောတော့သည်။

"ဟေး... ဖုန်းလေး၊ ငါ့မြေးမလေးက ဒီနှစ်ထဲမှာ အသက်ဆယ်နှစ်ရှိပြီ၊ သူက သရုပ်ဆောင်ရတာ အရမ်း ဝါသနာပါတာ..."

ဖုန်းပုကြွယ်မှာ သူ့ခေါင်းကို တံခါးဘောင်နှင့် ပြေးဆောင့်ချင်စိတ် ပေါက်သွားတော့သည်။

"ဒေါ်လေးလျို... ပထမဆုံးအနေနဲ့ ကျွန်တော်က တီဗီဌာနမှာ ဖျော်ဖြေရေး အစီအစဉ်တစ်ခု သွားရိုက်မှာပါ၊ ဒါက နာရီပိုင်းလောက်ပဲ ကြာမှာ၊ တီဗီရှိုးမှာ ထုတ်လွှင့်တဲ့အခါကျရင်လည်း မိနစ်ပိုင်းလောက်ပဲ ပါမှာပါ"

သူက အသက်ကို ဝဝရှူလိုက်ပြီး ဆက်ပြောသည်။

"ဒုတိယအချက်ကတော့... ကျွန်တော် ရုပ်ရှင်ရိုက်ဖြစ်ခဲ့ရင်တောင် ဒေါ်လေးရဲ့ မြေးမလေးကို ထည့်ပေးဖို့ ကျွန်တော့်မှာ လုပ်ပိုင်ခွင့် မရှိပါဘူး၊ ထုတ်လုပ်သူကိုပဲ သွားပြောရမှာပါ..."

"အာ၊ ဟုတ်လား"

ဒေါ်လေးလျို အံ့အားသင့်သွားပုံရသည်။

"ဒါဆို တိုက်ခန်းလုံခြုံရေးဆီကနေ မင်းဘာသာမင်း ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင် သရုပ်ဆောင်မှာလို့ ငါ ဘာလို့ ကြားနေရတာလဲ..."

သူမ ပြောပုံအရဆိုပါက ကောလာဟလ ဖြန့်နေသူမှာ တစ်ယောက်နှစ်ယောက်တည်း ဟုတ်ပုံမရပေ။

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ... ဒေါ်လေးတို့ အများကြီး တွေးနေကြတာပါ..."

ဖုန်းပုကြွယ်က လက်ကာပြလိုက်သည်။

"ဒါတွေက ကောလာဟလတွေပါဗျာ၊ ကျွန်တော်က ဒါကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်မှာလည်း မဟုတ်သလို အနုပညာလောကထဲကို ဝင်ဖို့လည်း စိတ်မဝင်စားပါဘူးဗျ၊ ကျွန်တော်က ဆုကြေးပေးတဲ့ ဖျော်ဖြေရေး အစီအစဉ်တစ်ခုမှာ ပါဝင်ရုံသက်သက်ပါ"

"အော်..."

ဒေါ်လေးလျိုက ခေါင်းညိတ်လိုက်သည်။

"ဟေး၊ ဖုန်းလေး၊ အဲ့ဒီအစီအစဉ်က ဘယ်တော့ ပြမှာလဲ"

"ဒေါ်လေးက ဘာလုပ်မလို့လဲ"

"ဘာဖြစ်လို့လဲ၊ သိတဲ့သူတစ်ယောက် တီဗီပေါ်ပါတာပဲလေ၊ ငါက မကြည့်ရဘူးလား"

"အိုကေပါ..."

ဖုန်းပုကြွယ်လည်း သူမကို မတတ်နိုင်တော့ပေ။

"ကျွန်တော် စနေနေ့ သွားရိုက်မယ်၊ ပြီးရင် အဲ့ဒီကလူတွေကို မေးခဲ့ပေးပါ့မယ်၊ စိတ်မပူပါနဲ့၊ နောက်ရက်ပိုင်းကျရင် ဒီလအတွက် အိမ်လခ၊ ကြောင်အတွက် ပေးဖို့ကျန်တဲ့ ပိုက်ဆံတွေနဲ့ အစီအစဉ် ထုတ်လွှင့်မယ့်သတင်းကို ဒေါ်လေးဆီ ပို့ပေးပါ့မယ်၊ အဆင်ပြေရဲ့လား"

"ဒါဆို သဘောတူပြီ၊ မင်းဆီက သတင်းကို ငါစောင့်နေမယ်နော်..."

ဒေါ်လေးလျိုက ပြန်ဖြေသည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့... နောက်မှ တွေ့ကြတာပေါ့..."

ဖုန်းပုကြွယ်သည် သူမကို ချော့မော့ပြီး အပြင်ပို့ကာ တံခါးပိတ်လိုက်သည်။ သူတံခါးကို မှီလိုက်ရင်း သက်ပြင်းချမိသည်။

"ကောလာဟလတွေ ပျံ့နှံ့တဲ့နှုန်းကတော့ အံ့ဩစရာပဲ... နောက်ထပ် ၄၈ နာရီလောက်ဆိုရင်တော့ ငါ အော်စကာဆု သွားယူတော့မယ်ဆိုရင်တောင် လူတွေ ယုံသွားကြမလား မသိဘူး"

သူ ခေါင်းခါလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်ကာ တံခါးသော့သုံးဆင့်စလုံးကို ပိတ်လိုက်လေ၏။ ထို့နောက် ဂိမ်းသေတ္တာထဲသို့ ဝင်ကာ ဖိနပ်ချွတ်ပြီး လှဲလျောင်းလိုက်တော့သည်။

အခန်း (၁၂၆)

"သင်၏ ကြောက်ရွံ့မှု အဆင့်သတ်မှတ်ချက်မှာ - သတ္တိ၏ ပြယုဂ်။ အပိုဆုလာဘ် ရရှိပါသည်။ နောက်ပိုင်းတွင် ရွေးချယ်နိုင်ပါသည်။

ရရှိသော စကေးအမှတ်- ၀

စကေးအမှတ်မှ ရရှိသော အပိုဆုလာဘ်- အတွေ့အကြုံ (EXP): ၀၊ ဂိမ်းဒင်္ဂါး- ၀

ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ်- စကေးကတ် x၁

တွက်ချက်မှု ပြီးဆုံးပါပြီ။ ကျေးဇူးပြု၍ ဆက်လက်လုပ်ဆောင်ပါ။"

ဖုန်းပုကြွယ်သည် ဂိမ်းထဲသို့ ဝင်ရောက်ပြီးနောက် ပထမဆုံးအနေဖြင့် သူ၏ ယခင်အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်၏။ သေမင်းပဟေဠိကို အောင်မြင်ပြီးနောက် ရရှိသော ဆုလာဘ်မှာ အလွန်ပင် နည်းပါးသည်ဟု ဆိုရပေမည်။ ဇာတ်လမ်းအပြီးတွင် တွက်ချက်ရရှိသည့် စကေးအမှတ်က သုည ဖြစ်နေသည်။ သို့သော် ဇာတ်လမ်းအတွင်း၌ ရရှိခဲ့သော စကေးအမှတ် ၁၀၀၀ မှာမူ အဆင့်သတ်မှတ်ချက်ထဲတွင် မပါဝင်သော်လည်း ဇာတ်လမ်းဖြစ်စဉ်အတွင်း၌ ပေါင်းထည့်ပြီး ဖြစ်၏။ လက်ရှိတွင် ဖုန်းပုကြွယ်၌ စကေးအမှတ် ၂၅၈၀ ရှိနေပြီ ဖြစ်သည်။

စကေးကတ်မှ ဘာရမည်ကို သူမသိသေးသော်လည်း ဤဇာတ်လမ်းမှ ရရှိသည့် အကြီးမားဆုံး ဆုလာဘ်မှာ ဆေးလုံး ၂၀ ပါဝင်သော SCP-500 ပုလင်း ဖြစ်သည်ကို ငြင်းမရပေ။

ပစ္စည်းအမည်- SCP-500 (၂၀၂၀)

အမျိုးအစား- တစ်ခါသုံး

အရည်အသွေး- ပြည့်စုံ

စွမ်းဆောင်ရည်- မကောင်းသော အခြေအနေများနှင့် ပုံမှန်မဟုတ်သော အခြေအနေအားလုံးကို ကုသပေးနိုင်သည်။

မှတ်ချက်- အသေးစိတ်ကို ကြည့်ရန် နှိပ်ပါ။

အိုင်တမ်၏ မှတ်ချက်တွင် လင့်ခ်တစ်ခု ပါဝင်နေသည်။ ဖုန်းပုကြွယ်က ၎င်းကို နှိပ်လိုက်သောအခါ မီနူးပေါ်တွင် ပစ္စည်းနှင့် သက်ဆိုင်သော ဝင်းဒိုးတစ်ခု ပေါ်လာလေသည်။

ပစ္စည်းကုဒ်- SCP-500

အမျိုးအစား ခွဲခြားမှု- ဘေးကင်း

အထူး သိမ်းဆည်းပုံ- SCP-500 ကို ခြောက်သွေ့အေးမြပြီး ပြင်းထန်သော အလင်းရောင်နှင့် ဝေးရာတွင် သိမ်းဆည်းရမည်။ အလွဲသုံးစားလုပ်မှုကို တားဆီးရန်အတွက် SCP-500 ကို ခွင့်ပြုချက်ရရှိထားသော အဆင့် ၄ ဝန်ထမ်းများသာ အသုံးပြုခွင့်ရှိသည်။

ဖော်ပြချက်- SCP-500 သည် အနီရောင်ဆေးလုံးများ ပါဝင်သော ပလတ်စတစ်ပုလင်းငယ် ဖြစ်သည်။ ဆေးလုံးတစ်လုံးချင်းစီသည် သောက်သုံးပြီး နှစ်နာရီအတွင်း ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်သည်။ ကုသမှုကြာချိန်မှာ အသုံးပြုသူ၏ လက်တွေ့အခြေအနေပေါ်တွင် မူတည်သည်။ စမ်းသပ်မှုများစွာ ပြုလုပ်ခဲ့သော်လည်း SCP-500 ၏ အဓိက ပါဝင်ပစ္စည်းများကို ဓာတ်ခွဲခန်းတွင် ပြုလုပ်ရန် ကြိုးပမ်းမှုများမှာ မအောင်မြင်ခဲ့ပေ။

ထိုမျှသာ မကသေးပေ။ သူဆက်လက်ဖတ်ရှုလိုက်သောအခါ မှတ်တမ်းများနှင့် နောက်ဆက်တွဲများစွာကို တွေ့လိုက်ရ၏။ ၎င်းတို့မှာ အတိတ်က ဤ 'နတ်ဆေး' ကို အသုံးပြုခဲ့သည့် စမ်းသပ်မှုမှတ်တမ်းများနှင့် ရလဒ်များ ဖြစ်ကြသည်။

မစ္စတာယိုး ပြောခဲ့သလိုပင် ဤဆေးသည် ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် 'ကုသခြင်း' ဆိုသည့် အယူအဆထက်ပင် ကျော်လွန်နေခြင်းဖြစ်၏။ ဥပမာအားဖြင့် မှတ်တမ်းတစ်ခုတွင် ဤဆေးသည် ကူးစက်ခံထားရသော ဇွန်ဘီးများကိုပင် ပြန်လည်ကုသပေးနိုင်ပြီး လူသားအဖြစ် ပြန်ပြောင်းပေးနိုင်သည်ဟု ဖော်ပြထားသည်။

ဖတ်ရှုပြီးနောက် ဖုန်းပုကြွယ်သည် ထိုပစ္စည်းကို သိမ်းဆည်းလိုက်သည်။ သူသည် ယခင်က SCP ဒီဇိုင်းများနှင့် ပတ်သက်၍ အတွေ့အကြုံရှိဖူးသဖြင့် ဤဆေး၏ အာနိသင်ကို ယေဘုယျအားဖြင့် သိရှိထားပြီးသား ဖြစ်သည်။ သူဖော်ပြချက်ကို လိုက်ဖတ်နေရခြင်းမှာ ဤအိုင်တမ်သည် သည်းထိတ်ရင်ဖို သုခဘုံဂိမ်းအတွင်း မည်သို့ ပြောင်းလဲသွားကြောင်းကို သိချင်သောကြောင့် ဖြစ်၏။ ရလဒ်ကို မြင်လိုက်ရသဖြင့် သူစိတ်အေးသွားတော့သည်။ ရှောင်တန်၏ ဘယ်ဘက်လက်က မည်သို့ပင် ထိခိုက်နေပါစေ ဤအနီရောင် ဆေးလုံးတစ်လုံးတည်းနှင့်တင် ကုသရန် လုံလောက်နေပြီ ဖြစ်သည်။

ထို့နောက် ဖုန်းပုကြွယ်သည် ဆုလာဘ်ကို လက်ခံရယူရန် သိုလှောင်ခန်းသို့ သွားလိုက်လေ၏။

ယခင်က လိမ်လည်လှည့်ဖျားထားသော အိုင်တမ်များကိုသာ ဆက်တိုက် နှိုက်မိခဲ့သဖြင့် သူ့သည် သူ့ကိုယ်သူ ကံကောင်းမှုနှင့် ပတ်သက်၍ အမြင်သစ်တစ်ခု ရရှိထားသည်။ တစ်ခါတစ်ရံတွင် ဖြစ်နိုင်ခြေဟူသည့် စကားလုံးများဖြင့် မိမိကိုယ်မိမိ နှစ်သိမ့်နေခြင်းသည် အသုံးမဝင်သည့် အရာဖြစ်သည်။ ကံဆိုးခြင်းဆိုသည်မှာ ကံဆိုးခြင်းပင်။ ကမ္ဘာပေါ်တွင် ဘယ်သူမှမဖြစ်ဖူးသေးသည့် ထူးဆန်းသောရောဂါတစ်ခုကို ခံစားနေရသည့် လူတစ်ယောက်အနေဖြင့် ဂိမ်းထဲတွင် ကံကို ယုံကြည်ပြီး ပြည့်စုံအဆင့်ရှိသည့် ကိရိယာကို နှိုက်နိုင်ပါဦးမလား။

ထို့ကြောင့် ဖုန်းပုကြွယ်သည် အတွေ့အကြုံ (EXP) ဆုလာဘ်ကိုသာ လိမ္မာပါးနပ်စွာ ရွေးချယ်လိုက်တော့သည်။ သူ၏ လက်ရှိ အတွေ့အကြုံ ကန့်သတ်ချက်မှာ ၁၅၀၀၀ ဖြစ်ပြီး ၎င်း၏ ၄၀ ရာခိုင်နှုန်းက ၆၀၀၀ ဖြစ်သည်။ ထိုအတွေ့အကြုံမှတ်များကြောင့် သူသည် အဆင့် ၁၆ သို့ အောင်မြင်စွာ ရောက်ရှိသွားသည်။

ထို့နောက် ၎င်းသည် အခြားဖန်ပြွန်တိုင်တစ်ခုသို့ သွားကာ စကေးကတ်ကို နှိုက်လိုက်သည်။

အမည်- လင်းနို့မိစ္ဆာ၏ အရိပ်

စကေးကတ် အမျိုးအစား- တက်ကြွစွမ်းရည်၊ အမြဲတမ်း

စကေး အမျိုးအစား- ထောက်လှမ်းခြင်း

အာနိသင်- ပြန်လည်အသုံးပြုရန် ကြာချိန်: ၅ စက္ကန့်။ အရှိန်မြင့်မြင့်ဖြင့် ရှေ့သို့ ပြေးနေချိန်တွင်သာ အသုံးပြုနိုင်သည်။ အသုံးပြုပြီး ၃ စက္ကန့်အတွင်း ကစားသမားသည် ပုံရိပ်ယောင်နှစ်ခု၏ အကာအကွယ်ကို ရရှိလိမ့်မည်။ စွမ်းရည်မကုန်ဆုံးမီ ကစားသမားသည် မိမိရှေ့တည့်တည့်ရှိ အတားအဆီးကို ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ (အတားအဆီးမှာ နံရံတစ်ခုဖြစ်ပါက ကစားသမား ဝင်တိုက်သည့်အခါ ကစားသမား၏ ရှေ့ ၂ မီတာပတ်လည်အတွင်း ကစားသမား၏ ပုခုံးထက် ပိုကျယ်သော နေရာလွတ်တစ်ခု ရှိနေရမည်။ လုံးဝပိတ်ထားသော နံရံဖြစ်ပါက ကစားသမား၏ အရပ်အမြင့် သုံးပုံနှစ်ပုံထက် ကျော်လွန်နေလျှင် ဖြတ်ကျော်နိုင်မည် မဟုတ်ပါ။)

ကုန်ကျမှု- သက်လုံအမှတ် ၁၀၀

သင်ယူရန် လိုအပ်ချက်- ထောက်လှမ်းရေး အဆင့် E၊ တိုက်ခိုက်ရေး အဆင့် E

မှတ်ချက်- ဒါက နံပါတ် ၂၁ လို့ လူသိများတဲ့ အမေရိကန် ဘောလုံးသမားတစ်ဦးရဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဗဟိုချက်ရဲ့ ဆွဲငင်အားကို လှုပ်ရှားခြင်းနဲ့ ခြေလှမ်းအပြောင်းအလဲကို အသုံးပြုပြီး ပြိုင်ဘက်ရဲ့ အမြင်မှာ ပုံရိပ်ယောင်တွေကို ဖန်တီးပြီး အတားအဆီးတွေကို ကျော်လွှားနိုင်တာ ဖြစ်ပါတယ်။

"အရှိန်ပြင်းပြင်းနဲ့ လှုပ်ရှားရင်း ရှောင်တိမ်းလို့ရတဲ့ စကေးတစ်ခုပဲ..."

ဖုန်းပုကြွယ်သည် ဘယ်လက်ဖြင့် ညာဘက်တောင်ဆစ်ကို ကိုင်ကာ ညာလက်ဖြင့် မေးစေ့ကို ပွတ်လိုက်၏။

"အင်း... ဒီစကေးကို ငါကိုယ်တိုင် သင်ယူဖို့ကျတော့ နှမြောစရာကြီး ဖြစ်နေသလိုပဲ"

သူ ရေရွတ်လိုက်သည်။

"ဒီစကေးက ရှောင်တန်နဲ့ ပိုလိုက်ဖက်မယ် ထင်တယ်၊ သူ့ရဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုက အဆင့် D ရှိပေမဲ့ ထောက်လှမ်းရေးကျွမ်းကျင်မှုက အဆင့် F ပဲ ရှိသေးတော့ သူ သင်လို့ မရသေးဘူး၊ ရီရူယွီရဲ့ ထောက်လှမ်းရေးက အဆင့် E ရှိပေမဲ့ တိုက်ခိုက်ရေးက အဆင့် F ပဲ ရှိသေးတယ်၊ လောလောဆယ်တော့ ရီရူလီနဲ့ ငါပဲ ဒါကို သင်ယူဖို့ လိုအပ်ချက် ပြည့်မီတယ်..."

သူ အတော်ကြာ စဉ်းစားပြီးနောက် ထိုစကေးကို အသင်း၏ သိုလှောင်ခန်းထဲတွင် ထည့်ထားရန် ဆုံးဖြတ်လိုက်သည်။ ညကျမှ သူ့အသင်းဖော်များနှင့် ဆွေးနွေးကြည့်ရမည်။

ဆုလာဘ်ကို ရယူပြီးနောက် သူသည် စကေးကတ်ကို အသင်းသိုလှောင်ခန်းထဲ ထည့်ထားလိုက်သည်။ ဖုန်းပုကြွယ်သည် ခြောက်လှန့်သေတ္တာကို နောက်တစ်ကြိမ် ထပ်မံ ရှာဖွေရန် စီစဉ်ထားသည်။ ထိုအချိန်၌ သူ့တွင် စကေးအမှတ် အတော်အတန် စုမိနေပြီ ဖြစ်သည်။ အဆင့် ၂၀ အောက်တွင် အသုံးပြုနိုင်မည့် အိုင်တမ်များနှင့် ကိရိယာများကို ဝယ်ယူရန် လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။

ဖုန်းပုကြွယ်သည် ပုံပျက်နေသော မှန်များဖြင့် ပြည့်နှက်နေသည့် အခန်းနှင့် အခန်းအလယ်ရှိ သေတ္တာကြီးကို ရင်းနှီးနေပြီ ဖြစ်သည်။ သူသည် မီနူးကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး ခြောက်လှန့်သေတ္တာအတွင်းမှ ပစ္စည်းများကို အမျိုးအစားအလိုက် ကြည့်ရှုတော့သည်။

သူသည် ပထမဆုံးအနေဖြင့် ဒဏ္ဍာရီလာ အဆင့်ရှိ အိုင်တမ်များကို ရှာဖွေကြည့်သည်။ မှန်ပေသည် ၎င်းမှာ ကြည့်ရုံသက်သက်သာ ဖြစ်၏။ ထိုစိတ်ပိုင်းဆိုင်ရာသဘောသဘာဝသည် ဈေးဝယ်ထွက်သည့် အမျိုးသမီးများနှင့် ဆင်တူပေသည်။ သူတို့သည် ဇိမ်ခံပစ္စည်းဆိုင်များတွင် သားကောင်ကို စောင့်ကြည့်နေသည့် သားရဲတစ်ကောင်ကဲ့သို့ ဝဲလည်နေတတ်သော်လည်း အမှန်တကယ် ဝယ်ယူမည်ဟုတော့ ဆိုလိုခြင်း မဟုတ်ပေ။

အမျိုးသားများလည်း ထိုနည်း၎င်းပင်။ ပစ္စည်းများကို ကြည့်ရှုသည့်အခါ စူးစမ်းလိုစိတ်ဖြင့် အကောင်းဆုံးနှင့် အဈေးအကြီးဆုံး ပစ္စည်းကိုသာ ကြည့်ချင်ကြသည်မှာ ဓမ္မတာပင်။ ဘာပဲဖြစ်ဖြစ် ကြည့်ရုံနှင့်တော့ ဘာမှ ဆုံးရှုံးသွားမှာ မဟုတ်ဘူးလေ။

"ဝိုး တကယ် ရှိတာပဲ"

ဖုန်းပုကြွယ်သည် ပစ္စည်းအရည်အသွေးအလိုက် ရှာဖွေကြည့်နေရင်း မမျှော်လင့်ဘဲ ဒဏ္ဍာရီလာ အိုင်တမ်တစ်ခုကို အမှန်တကယ် တွေ့ရှိလိုက်သည်။

အမည်- သံမဏိဆွီယာ

အမျိုးအစား- လက်နက်

အရည်အသွေး- ဒဏ္ဍာရီလာ

တိုက်ခိုက်မှု အမှတ်- မသိရ

ဓာတ်သဘာဝ- မရှိပါ

အထူးအာနိသင်- မရှိပါ

အသုံးပြုရန် လိုအပ်ချက်- တိုက်ခိုက်ရေး အဆင့် A၊ မှော်ပညာအတတ် အဆင့် A၊ ဆင့်ခေါ်ခြင်း အဆင့် C နှင့် အဆင့် ၄၀ နှင့် အထက်

မှတ်ချက်- ဓားအိမ်တော်မှ သွန်းလုပ်ထားသော ဒဏ္ဍာရီလာ ဓားတစ်လက် ဖြစ်သည်။ ထိုဓား၏ ကုန်ကြမ်းမှာ မိစ္ဆာကြီး ဟောင်းဒ်ဂျန်နရယ်၏ အစွယ် ဖြစ်သည်။ ဓားထဲသို့ ဝိညာဉ်စွမ်းအင် ထည့်သွင်းပြီးနောက် သံမဏိဆွီယာသည် ၎င်း၏ အခြေခံတိုက်ခိုက်ရေးပုံစံဖြစ်သော အစွယ်ဓားအဖြစ် ပြောင်းလဲသွားလိမ့်မည်။ အသုံးပြုသူ၏ ဝိညာဉ်စွမ်းအင် အဆင့်၊ ကျွမ်းကျင်မှု အဆင့်နှင့် ကျွမ်းကျင်မှုပေါ် မူတည်၍ သံမဏိဆွီယာသည် ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်သည်။ ပုံစံတစ်ခုချင်းစီတွင် ကိုယ်ပိုင် ထူးခြားသော ဂုဏ်သတ္တိနှင့် အထူးအာနိသင်များ ရှိကြသည်။

လက်ရှိ ပစ္စည်းဖော်ပြချက်အရ အလွန်မြင့်မားသော အသုံးပြုရန် လိုအပ်ချက်မှလွဲ၍ ကျန်အချက်အလက်များကို မသိရသေးပေ။ လက်နက်ကို လက်တွင်ကိုင်ပြီး ဝိညာဉ်စွမ်းအင်ဖြင့် ပုံစံပြောင်းကြည့်မှသာ ဂုဏ်သတ္တိအပြောင်းအလဲများကို မြင်တွေ့နိုင်မည့်ပုံ ရသည်။

သို့သော်လည်း ဈေးနှုန်းအရ ဂိမ်းထဲတွင် ဘယ်သူမှ ဤပစ္စည်းကို ဝယ်နိုင်လိမ့်မည် မဟုတ်ဟု ဖုန်းပုကြွယ် ယုံကြည်သည်။

ဤသံမဏိဆွီယာ၏ ဈေးနှုန်းမှာ စကေးအမှတ် ၉၀၀၀၀ အထိ မြင့်မားနေလေသည်။ စကေးအမှတ်ဆိုသည်မှာ လွှဲပြောင်းရောင်းဝယ်၍မရသော ငွေကြေးမျိုး ဖြစ်သည်။ စကေးအမှတ် ၉၀၀၀၀ စုဆောင်းနိုင်ရန်အတွက် ကစားသမား၏ ကျွမ်းကျင်မှုအပြင် ဂိမ်းကစားချိန်မှာလည်း အလွန်အရေးကြီးသည်။ ခြောက်လှန့်သေတ္တာအတွင်းရှိ ပစ္စည်းများကို ခုနစ်ရက်သာ ထားရှိနိုင်သဖြင့် ဖုန်းပုကြွယ်ရှေ့မှ သံမဏိဆွီယာလည်း မကြာမီ ပျက်ပြယ်သွားတော့မည် ဖြစ်သည်။

မှန်ပေသည် နောင်တစ်ချိန်တွင် ဤသံမဏိဆွီယာသည် ဇာတ်လမ်းတစ်ခုခုအတွင်း ပေါ်လာပြီး ဇာတ်လမ်းပြီးနောက် ဘယ်သူမှ ယူမသွားခဲ့လျှင် ၎င်းသည် ခြောက်လှန့်သေတ္တာထဲ၌ နောက်ထပ် တစ်ပတ်ကြာ ပြန်လည် ပေါ်လာပေဦးမည်။ ဤသည်မှာ ဇာတ်လမ်းကို မည်သို့ ဖန်တီးမလဲဆိုသည့်အပေါ်တွင် မူတည်နေခြင်းဖြစ်သည်။

ဒဏ္ဍာရီလာ ကိရိယာများကို ကြည့်ရှုပြီးနောက် ဖုန်းပုကြွယ်သည် သူအမှန်တကယ် လိုအပ်သည့် ပစ္စည်းများကို စတင် ရှာဖွေတော့သည်။ သူ တွေးတောကြည့်လိုက်သည်။ အကွာအဝေးအလတ်စား တိုက်ခိုက်မှုများအတွက်ဆိုပါက သေမင်းဖဲချပ်သည် အစားထိုးမရသော လက်နက်တစ်ခု ဖြစ်သည်။ ထိုမှော်လက်နက် ရှိနေလျှင် ပစ်ခတ်ရေးကျွမ်းကျင်မှု အဆင့်ပင် အရေးမကြီးတော့ပေ။ ထို့ပြင် သူ့ထံ အဝေးပစ်လက်နက်အဖြစ် M1911A1 ပစ္စတို ရှိနေသေးသဖြင့် နောက်ထပ် သေနတ်များ ဝယ်ရန် မလိုတော့ပေ။

အနီးကပ်တိုက်ခိုက်ရေး လက်နက်များကိုတော့ သူစဉ်းစားနိုင်သည်။ မည်သို့ပင်ဖြစ်စေ ဂွဆိုသည်မှာ လူသတ်ရန်အတွက် ရည်ရွယ်ထားခြင်း မဟုတ်ပေ။ ဂိမ်းအလယ်ပိုင်းသို့ ရောက်လာလျှင် ဓား၊ လှံ၊ လက်နက် စသည်တို့ကဲ့သို့သော ပိုမိုပုံမှန်ကျသည့် တိုက်ခိုက်ရေး ကျွမ်းကျင်မှုများကို အသုံးပြုသင့်ပေသည်။ ဂွကို အဓိက အနီးကပ်တိုက်ခိုက်ရေး လက်နက်အဖြစ် အသုံးပြုနေခြင်းသည် လက်တွေ့မကျသလို တိုက်ခိုက်ရေးကျွမ်းကျင်မှု တိုးတက်မှုအတွက်လည်း အဟန့်အတား ဖြစ်စေသည်။ ခေါက်ထိုင်ခုံအကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ပေ။

ထို့အပြင် သူသည် ချပ်ဝတ်အချို့ ဝယ်ရန်လည်း စဉ်းစားနိုင်သည်။ သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲတွင် ကြာမြင့်စွာ ရှိနေခဲ့သော အက်ခိုးချပ်ဝတ်၏ အကြီးမားဆုံး အားသာချက်မှာ ၎င်းကို ဝတ်ဆင်သည့်အခါ ခါးပတ်နေရာကိုသာ ယူခြင်း ဖြစ်သည်။ ချပ်ဝတ်၏ ဖော်ပြချက်တွင် "အသုံးပြုသူသည် ခါးပတ်ကို ဖွင့်လိုက်သည့်အချိန်တွင် 'အသံ' ဖြင့် ပြုလုပ်ထားသော မမြင်နိုင်သည့် ချပ်ဝတ်ကို ရရှိမည် ဖြစ်သည်" ဟု ပါရှိသည်။ ယင်းသည် မမြင်နိုင်သည့်ချပ်ဝတ် ဖြစ်သည့်အတွက် ခါးပတ်အပြင် ခန္ဓာကိုယ်၊ ခြေထောက်နှင့် အခြား အစိတ်အပိုင်းများတွင်လည်း မြင်နိုင်သောချပ်ဝတ်များ ဝတ်ဆင်နိုင်ပြီး အကာအကွယ်နှစ်ထပ် ရရှိနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ထို့ကြောင့် ဖုန်းပုကြွယ်သည် အဓိကအားဖြင့် အနီးကပ်တိုက်ခိုက်ရေး လက်နက်နှင့် ချပ်ဝတ်များကို ရှာဖွေလိုက်သည်။

မိနစ်နှစ်ဆယ်ခန့် ရှာဖွေနှိုင်းယှဉ်ပြီးနောက် သူနှင့် ပိုမိုသင့်တော်မည့် အရာတစ်ခုကို တွေ့ရှိခဲ့သည်။ အပြင်ပန်းကြည့်လျှင် ၎င်းမှာ ၆၀ စင်တီမီတာခန့် ရှည်သော သံမဏိဓားတစ်လက် ဖြစ်သည်။

ပစ္စည်းအမည်- စက်ရုပ်များ သေရမည်

အမျိုးအစား- လက်နက်

အရည်အသွေး- ထူးကဲ

တိုက်ခိုက်မှု အမှတ်- အလတ်စား

ဓာတ်သဘာဝ- လျှပ်စစ်

အထူးအာနိသင်- စက်ပိုင်းဆိုင်ရာ ရန်သူများကို တိုက်ခိုက်ချိန်တွင် ထိခိုက်မှု အလွန်မြင့်မားသည်။

အသုံးပြုရန် လိုအပ်ချက်- အဆင့် ၁၅။

မှတ်ချက်- ဒဏ္ဍာရီလာ လက်မှုပညာရှင် လူပုလေးအိုအာ၏ ဘဝတွင် ရှက်စရာကောင်းသော ဇာတ်လမ်းများစွာ ရှိခဲ့ပြီး ဇာတ်လမ်းတိုင်းနီးပါးမှာ လက်နက်တစ်ခု ဖန်တီးခြင်းဖြင့်သာ အဆုံးသတ်လေ့ရှိသည်။ ဥပမာအားဖြင့် သူ့အတွက် အဆိုးရွားဆုံးနှင့် အရှက်ရဆုံးအချိန်မှာ သူသည် "ကိတ်မုန့်တောင်" တွင် အားလပ်ရက်အပန်းဖြေနေစဉ် မိန်းကလေးတစ်ယောက်ကို သုံးပြီး ငွေညှစ်သည့်ထောင်ချောက် တစ်ခုထဲသို့ ကျဆင်းသွားခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူပြိုင်ဘက်များသည် ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်သော စက်ရုပ်နှစ်ရုပ် ဖြစ်နေသည်ကို သူသိသွားခဲ့သည်။ မကြာမီမှာပင်... သူသည် ဤသံမဏိဓားကို ဖန်တီးခဲ့တော့သည်။

All Chapters