← Chapters

အခန်း (၂၀၉၆-၂၀၉၈)

Vol. 130 Ch. 2096-2098

အခန်း (၂၀၉၆-၂၀၉၈)

Vol. 130 Ch. 2096-2098

အခန်း (၂၀၉၆) မြေအောက်ထောင် ပုန်ကန်မှု

ဝမ်ချောင်သည် ဦးခေါင်းကို မော့လျက် ဆင်ခြင်သုံးသပ်နေမိရာ၊ လီလင်ဖူနှင့် ဝတ်စုံမည်းဝတ်လူတို့ ပူးပေါင်းနေမှု၊ လီလင်ဖူက လီရွှမ်တုအား အဆက်မပြတ် ရှာဖွေနေခဲ့မှု၊ လီရွှမ်တုမှာ မြေအောက်ထောင် အောက်ခြေ အထပ်နှစ်ဆယ်ရှိ ဆွေ့မင်းဆက် နန်းဆောင်များအတွင်း၌ ချုပ်နှောင်ခံထားရမှု၊ ဟွမ်ရှောင်ထျန်းက မြေအောက်ထောင်အား စောင့်ကြပ်ရန် တာဝန်ယူထားမှု၊ လီလင်ဖူနှင့် ဟွမ်ရှောင်ထျန်းတို့၏ ပတ်သက်မှုအပြင် လီလင်ဖူ၏ ရုတ်တရက် ပျောက်ကွယ်သွားမှု အစရှိသော အတွေးစုံတို့သည် သူ၏ဦးနှောက်အတွင်း၌ လျှပ်စီးလက်သည့်အလား ဖြတ်ပြေးသွားခဲ့လေသည်။

သူ၏စိတ်နှလုံးအတွင်း၌မူ မအေးမချမ်းဖြစ်မှုတို့မှာ တဖြည်းဖြည်း ပိုမို ပြင်းထန်လာခဲ့ပေသည်။ ဤလောကတွင် ဤမျှအထိ တိုက်ဆိုင်လှသော ဖြစ်ရပ်မျိုး ရှိနိုင်ပါမည်လော? သူသည် မြေအောက်ထောင် အောက်ခြေမှ ထွက်ခွာလာခဲ့သည်မှာ မကြာသေးသလို၊ လီလင်ဖူနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဟွမ်ရှောင်ထျန်းကလည်း ထိုမြေအောက်ထောင်ကိုပင် ထိန်းချုပ်ထားခြင်း ဖြစ်နေပြန်သည်။ မသိမသာသော အခြေအနေကြားမှ ဝမ်ချောင်သည် မြေအောက်ထောင် အောက်ခြေရှိ ဆွေ့မင်းဆက် နန်းဆောင်များ၏ အနက်ရှိုင်းဆုံးနေရာ၌ လီရွှမ်တုနှင့် တွေ့ဆုံခဲ့စဉ်က သူ၏ ထူးဆန်းလှသော အမူအရာများနှင့် သံသယဖြစ်ဖွယ် အချက်အလက်များ အားလုံးကို ပြန်လည် မြင်ယောင်လာခဲ့ပေသည်။

ရုတ်တရက်ဆိုသလို ဝမ်ချောင်၏ မျက်နှာမှာ များစွာပျက်ယွင်းသွားခဲ့ရပြီး၊ တစ်စုံတစ်ရာကို အလုံးစုံ နားလည်သွားခဲ့ပေတော့သည်။

"မင်းတို့ ဒီမှာပဲ နေခဲ့ကြ၊ ငါ မြေအောက်ထောင်ကို နောက်တစ်ခေါက် ထပ်သွားဦးမယ်"

ဝမ်ချောင်သည် ထိုစကားကို ဆိုပြီးသည်နှင့် ကိုယ်ကို လှည့်ကာ နောက်ကွယ်ရှိ မြင့်မားလှသော ရွှေရောင် နန်းတော်တံခါးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့လေသည်။

သူ၏စိတ်ထဲမှမူ မိမိ ထင်မြင်ယူဆထားသကဲ့သို့ ဆိုးရွားသော ကိစ္စရပ်များ ဖြစ်မလာစေရန်သာ ဆုတောင်းနေမိပေသည်။ ဤခဏ၌ ဝမ်ချောင်၏ စိတ်နှလုံးအတွင်း၌မူ မအေးမချမ်းဖြစ်မှုတို့မှာ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပေသည်။

သို့သော်လည်း ဝမ်ချောင်အနေဖြင့် နန်းတော်တံခါးအနားသို့ မရောက်ရှိသေးမီမှာပင်၊ မည်သူမျှ ထင်မှတ်မထားသော ကိစ္စရပ်တစ်ခုမှာ ဖြစ်ပေါ်လာခဲ့ပေတော့သည်။

"ဝုန်း"

နန်းတော် အနက်ရှိုင်းဆုံးဆီမှ မြေကမ္ဘာနှင့် ကောင်းကင်ယံကို တုန်ခါသွားစေလောက်သည့် ကျယ်လောင်လှသော မြည်ဟည်းသံကြီးတစ်ခုမှာ မြေအောက်ထောင် တည်ရှိရာ အရပ်ဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။ ထိုဧရာမ ပေါက်ကွဲသံကြီးမှာ ကမ္ဘာမြေတစ်ခုလုံးကို ဆွဲဖြဲပစ်တော့မည့်အလား ပြင်းထန်လှပေသည်။

ဝမ်ချောင်သည် တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရကာ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်မိပေသည်။ သူ၏နောက်ကွယ်၌ ရှိနေကြသော ကျန်းချွယ်နှင့်ရွှီခဲ့ယီတို့မှာလည်း ထိတ်လန့်တုန်လှုပ်နေသော မျက်နှာထားများဖြင့် ပေါက်ကွဲသံ ထွက်ပေါ်ရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ကြပေသည်။

ဤမျှ တိုတောင်းလှသော အချိန်အတွင်း၌မူ သူတို့နှစ်ဦးမှာ အမှန်တကယ် ဘာဖြစ်သွားသည်ကို မသိရှိနိုင်ကြသော်လည်း၊ မည်သို့ပင်ဖြစ်စေ ထိုကောင်းကင်တုန်ဟိန်းစေသော အသံကြီးမှာမူ လုံးဝကို ကောင်းမွန်သော လက္ခဏာ မဟုတ်ကြောင်းကိုမူ သိမြင်နေကြပေသည်။

ရုတ်တရက် စူးရှလှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ကာ၊ ရပ်တန့်နေသော ဝမ်ချောင်၏ အရှိန်မှာ အဆပေါင်း ရာကျော်မျှ ရုတ်တရက် မြင့်တက်သွားခဲ့ပေသည်။ သူသည် အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် လေဟာနယ်ကို ဖြတ်ကျော်လျက် နန်းတော်တံခါးကို ကျော်ဖြတ်ကာ၊ မြည်ဟည်းသံများ ထွက်ပေါ်နေသော အရပ်ဆီသို့ လျင်မြန်စွာ ပျံတက်သွားခဲ့ပေတော့သည်။

"သတ်ကြစမ်း"

"ဟားဟားဟား၊ ငါ နောက်ဆုံးတော့ အပြင်ကို ထွက်လာနိုင်ပြီဟေ့"

ခေတ္တမျှ ကြာပြီးနောက်တွင်မူ၊ နန်းတွင်း၏ မြေအောက်ထောင်တည်ရှိရာ အရပ်၌မူ သတ်ဖြတ်သံများမှာ ဆူညံလျက်ရှိကာ မြေကမ္ဘာကြီး တုန်ခါနေပြီး အလုံးစုံ ဖရိုဖရဲ ဖြစ်နေခဲ့ပေပြီ။

……

နန်းတော်၏ မြေအောက်ထောင်တည်ရှိရာ နေရာသည် မူလက တင်းကျပ်လှသော ကာကွယ်ရေးများ ရှိနေသော်လည်း၊ ယခုအခါတွင်မူ အပျက်အစီးပုံကြီး တစ်ခုအလား ဖြစ်နေပေသည်။ အစောင့်စစ်သည်များ၏ အလောင်းများမှာလည်း မြေပြင်ပေါ်၌ အရပ်မျက်နှာအနှံ့ ဖရိုဖရဲ လဲကျနေကြကာ၊ မြေပြင်ပေါ်ရှိ အဆောက်အဦးများနှင့် အုတ်ကြွပ်ပြားများမှာလည်း ပေါက်ကွဲမှုကြောင့် လွင့်စင်ပျက်စီးသွားခဲ့ရပေပြီ။ ကျယ်ပြောလှသော အပျက်အစီးများအောက်ရှိ မြေပြင်ပေါ်၌မူ ပြင်းထန်လှသော စွမ်းအားတစ်ခုက မြေအောက်ထဲမှ ထိုးထွက်လာခဲ့သဖြင့် ဧရာမအက်ကြောင်းကြီးတစ်ခုမှာ ဖြစ်ပေါ်နေပေသည်။

"အပြင်ကို ရောက်ပြီ၊ ဟားဟားဟား နောက်ဆုံးတော့ အပြင်ကို ရောက်ပြီဟေ့"

"ညီအစ်ကိုတို့၊ သတ်ကြစမ်း"

"မြေအောက်ထောင်ထဲကို အဖမ်းခံရတာကတော့ သေတာနဲ့ အတူတူပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် သေရမှာအတူတူတော့ အသက်နဲ့လဲပြီး ငါနဲ့အတူ ဒီ မဟာထန်ရဲ့ ကောင်းကင်နဲ့ မြေကြီးကို မှောက်လှန်ပစ်ကြရအောင်"

ရူးသွပ်လှသော ရယ်မောသံများသည် မြေအောက်ထဲမှ ဆက်တိုက် ထွက်ပေါ်နေခဲ့လေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီး၊ သန်မာထွားကျိုင်းလှသော ပုံရိပ်တစ်ခုမှာ မြေအောက်မှ ခုန်ထွက်လာခဲ့ပေသည်။ သူသည် ဦးခေါင်း ပြောင်ထားကာ ကြွက်သားများမှာလည်း ထိုးထွက်နေပြီး ကိုယ်လုံးတီးဖြစ်နေပေသည်။ သူ၏ လက်ထဲ၌မူ တုတ်ခိုင်လှသော သံကြိုးတစ်ချောင်းကို ဆုပ်ကိုင်ထားပေသည်။ သူ၏အကြည့်များမှာ ရက်စက်ကြမ်းကြုတ်နေကာ ဘယ်ဘက်လက်ထဲ၌မူ မြေအောက်ထောင် အစောင့်တစ်ဦး၏ အလောင်းကို ဆွဲကိုင်ထားပေသည်။ သူ၏ လက်ကောက်ဝတ်ကို တစ်ချက် ဝှေ့ယမ်းလျက် ထိုအလောင်းကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ ဖုန်မှုန့်များမှာ တထောင်းထောင်း ထသွားခဲ့ရလေသည်။

"ညီအစ်ကိုတို့၊ ငါနဲ့အတူ တိုက်ကြစမ်း၊ ဒီနေ့တော့ အကြီးအကျယ် လုပ်ကြတာပေါ့၊ လူ့လောကထဲကို ရောက်လာရတာ အလကား မဖြစ်အောင်လို့ပေါ့။"

"နန်းတော်ထဲမှာ အကြီးအကျယ် သောင်းကျန်းနိုင်ခဲ့မယ်ဆိုရင်တော့ သေသွားရင်တောင်မှ ယောက်ျားကောင်း တစ်ယောက်လို့ ခေါ်ထိုက်တာပဲ"

ထိုလူသည် သံကြိုးကို လွှဲရမ်းလျက် ရူးသွပ်စွာ ရယ်မောနေပေသည်။

"ဟားဟား.... တိုက်စမ်း"

သူ၏ နောက်ကွယ်မှနေ၍ ပင်လယ်လှိုင်းများအလား ဆူညံသံများဖြင့် တုံ့ပြန်လျက်၊ ထိုဦးခေါင်းပြောင် လူသန်ကြီးကဲ့သို့သော သေဒဏ်ကျ အကျဉ်းသားပေါင်း များစွာမှာ ပြိုလဲပျက်စီးနေသော မြေအောက်ထောင်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ခုန်ထွက်လာခဲ့ကြပေသည်။ ဤလူများမှာ များသောအားဖြင့် ကြီးမားလှသော ပြစ်မှုများကို ကျူးလွန်ထားကြသူများ ဖြစ်ကြကာ၊ သေဒဏ်ပေးခံရရန် စောင့်ဆိုင်းနေသူများ သို့မဟုတ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြပေသည်။ အချုပ်အားဖြင့်ဆိုပါက အားလုံးမှာ အလွန်အမင်း ရက်စက်ယုတ်မာသူများချည်းသာ ဖြစ်ပေသည်။

"သတ်ကြစမ်း"

အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် အကျဉ်းသားအားလုံးမှာ ရက်စက်သော အမူအရာများဖြင့် အပြင်ဘက်သို့ တိုးထွက်သတ်ဖြတ်နေကြပေတော့သည်။ မြေအောက်ထောင်အတွင်း၌မူ တိုက်ပွဲသံများမှာ တဖြည်းဖြည်း အားနည်းလာခဲ့ကာ၊ စောင့်ကြပ်နေသော ထောင်စောင့်များမှာလည်း အဆက်မပြတ် နှိမ်နင်းခံနေရပေသည်။

"သတင်းပို့ပါတယ်"

"မကောင်းတော့ဘူး၊ ရှေ့ဘက်က နန်းစောင့် တပ်ဖွဲ့တွေက ဝိုင်းလာကြပြီ"

ခဏအတွင်းမှာပင် အပြင်သို့ ထွက်ခွာသွားခဲ့သော အစွမ်းမမြင့်လှသည့် အကျဉ်းသားတစ်ဦးမှာ အလွန်အမင်း ထိတ်လန့်နေသော မျက်နှာဖြင့် နောက်သို့ ပြန်ပြေးလာခဲ့ပေသည်။ အဝေးဆီမှ သံချပ်ကာများ လှုပ်ခတ်သံများကို ကြားနေရသဖြင့် မြေအောက်ထောင်၏ အပြောင်းအလဲမှာ နန်းတော်ရှိ နန်းစောင့် တပ်ဖွဲ့များကို သတိပြုမိစေခဲ့ပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။ ညဉ့်အမှောင်ထဲ၌ မီးရောင်များမှာ နေရာအနှံ့ ပေါ်ထွက်နေကာ၊ နန်းစောင့် တပ်ဖွဲ့အမြောက်အမြားမှာ ဤနေရာဆီသို့ ဦးတည်လာနေကြပေပြီ။

"ဘာကြောက်နေတာလဲ၊ အပြင်ကို ထိုးဖောက်သွားစမ်း၊ အသက်တစ်ချောင်း ပိုရတာပေါ့ တကယ်လို့ အပြင်ကို မထွက်နိုင်ခဲ့ရင်တောင် နန်းစောင့် တပ်ဖွဲ့အချို့ကိုတော့ သတ်သွားရမယ်၊ ကိုယ့်ကို အဖော်ပြုဖို့ လူအချို့ကို သတ်သွားနိုင်ရင်တော့ ယောက်ျားကောင်း တစ်ယောက်ပဲ"

အစောဆုံး ထွက်ပေါ်လာသော ထိုဦးခေါင်းပြောင် လူသန်ကြီး၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုသော စိတ်များမှာ အတိုင်းအဆမရှိ ပြည့်နှက်နေကာ ရက်စက်စွာ အော်ဟစ်လိုက်ပေသည်။ သူသည် အသံမဆုံးမီမှာပင် တုတ်ခိုင်လှသော သံကြိုးနှစ်ချောင်းကို ဆွဲကာ ရှေ့ဆုံးမှနေ၍ အပြင်သို့ ထိုးထွက်သွားခဲ့ပေတော့သည်။

အခြားတစ်ဖက်၌မူ နန်းတွင်း တစ်ခုလုံးတွင် အငွေ့အသက်များမှာ တင်းကျပ်နေခဲ့ပြီး၊ ပိုင်ဟန်ကျိုး၊ ကျောက်ဖုန်းချန်နှင့်လီရွှမ်းယီ ဟူသော နန်းစောင့် တပ်ဖွဲ့ အကြီးတန်း ဗိုလ်ချုပ်ကြီး သုံးဦးစလုံးမှာ ဤနေရာ၌ စုရုံးရောက်ရှိနေကြပေပြီ။ မြေအောက်ထောင်၌ ဖြစ်ပေါ်နေသော ဆူညံသံများနှင့် သတ်ဖြတ်သံများမှာ နန်းတော်အတွင်း၌ တစ်ခါမျှ မကြုံဖူးသေးသော ကိစ္စဖြစ်ရာ၊ သူတို့ သုံးဦးစလုံးမှာ မြည်ဟည်းသံကြီးကို ကြားရသည့် ခဏ၌ပင် ဤနေရာဆီသို့ ပထမဆုံး ရောက်ရှိလာကြခြင်း ဖြစ်ပေသည်။

"အခြေအနေ ဘယ်လိုရှိလဲ?"

လီရွှမ်းယီသည် မြင်းမြင့်ကြီးတစ်စီးကို စီးနင်းထားလျက် မျက်မှောင်ကို တင်းတင်းကြုတ်ကာ၊ လေးနက်လှသော အကြည့်များဖြင့် သတင်းစုဆောင်းနေသည့် နန်းစောင့် တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကို မေးမြန်းလိုက်ပေသည်။

"အစီရင်ခံပါတယ် အကြီးအကဲ မြေအောက်ထောင်ကတော့ လုံးဝကိုပျက်စီးသွားခဲ့ပါပြီ၊ အထဲက လူတွေ အကုန်လုံး အပြင်ကို ထွက်လာနေကြပါတယ်၊ စောင့်ကြပ်နေတဲ့ ထောင်စောင့်တွေကတော့ အကုန်လုံး သေဆုံးကုန်ပြီ ထင်ပါတယ်"

ထိုနန်းစောင့် တပ်ဖွဲ့ ခေါင်းဆောင်မှာ မြေပြင်ပေါ်၌ ဒူးထောက်နေကာ တစ်ကိုယ်လုံးလည်း အလွန်အမင်း ထိတ်လန့်နေခဲ့ပေသည်။ နန်းစောင့် တပ်ဖွဲ့သည် နန်းတော်ကို ကာကွယ်ရန် တာဝန်ရှိသည်ဖြစ်ရာ ယခုကဲ့သို့သော ကြီးမားလှသည့် ကိစ္စရပ်အတွက် လူတိုင်းတွင် တာဝန်ရှိနေပေသည်။ ဘေးနားရှိ ပိုင်ဟန်ကျိုးနှင့် ကျောက်ဖုန်းချန်တို့သည်လည်း မြင်းများကို စီးနင်းလျက် ထိုသတင်းကို နားထောင်ရင်း စိတ်နှလုံးများ လေးလံနေခဲ့ကြပေသည်။

"အခု မြေအောက်ထောင်ထဲမှာ အကျဉ်းသား ဘယ်နှစ်ယောက် ရှိလဲ"

ကျောက်ဖုန်းချန်သည် ဝုစ်သံမဏိ ဓားရှည်ကြီးကို ကျော၌ လွယ်ထားလျက် ရုတ်တရက် မေးမြန်းလိုက်ပေသည်။ အခုလောလောဆယ်တွင် အရေးအကြီးဆုံးကိစ္စမှာ မြေအောက်ထောင်အတွင်း၌ လူမည်မျှရှိသည်ကို သိရှိမှသာ သင့်တော်သော ဗျူဟာကို ချမှတ်နိုင်မည် ဖြစ်သောကြောင့် ဖြစ်၏။

နန်းစောင့် တပ်ဖွဲ့အနေဖြင့် ကာကွယ်ရမည့် နေရာများမှာ များစွာ များပြားလှပေသည်။ မြေအောက်ထောင်အပြင်၊ နန်းတွင်းရှိ မိဖုရားကြီးများလည်း ရှိနေသလို၊ အရေးအကြီးဆုံးမှာ ဧကရာဇ်မင်းမြတ်အား ထိတ်လန့်သွားစေရန် လုံးဝအဖြစ်မခံနိုင်ခြင်းပင် ဖြစ်၏။ မြေအောက်ထောင်မှာ အဘယ်ကြောင့် ပြဿနာတက်သည်ကို မသိရှိရသေးသော်လည်း၊ အကယ်၍သာ မင်းသားသုံးပါး ပုန်ကန်မှုတုန်းကကဲ့သို့ အတွင်းနှင့်အပြင် ပူးပေါင်းကာ၊ တစ်စုံတစ်ဦးက တမင်တကာ အကျဉ်းသားများကို လွှတ်ပေးလိုက်ခြင်းဖြင့် အာရုံလွှဲကာ ထိုက်ကျိနန်းဆောင်ဘက်ကို တိုက်ခိုက်ရန် ကြံစည်နေခြင်းဆိုပါက၊ ပြဿနာတက်ခဲ့လျှင် သူတို့အားလုံးမှာ ခေါင်းဘယ်နှစ်လုံးရှိရှိ ခံနိုင်ရည် ရှိကြမည် မဟုတ်ပေ။

"ကျွန်တော်မျိုးတို့ စုံစမ်းကြည့်ခဲ့သလောက်တော့ မြေအောက်ထောင်ထဲက အကျဉ်းသားတွေက သိပ်ပြီး မများလှပါဘူး၊ တော်ဝင်မျိုးနွယ်ဝင်တွေ၊ အကျဉ်းချခံထားရတဲ့ အမတ်တွေ၊ ဗိုလ်ချုပ်တွေ၊ နန်းစောင့် တပ်ဖွဲ့တွေအပြင်၊ မြေအောက်ထောင်ထဲမှာ တစ်ခါတလေ နန်းပြင်က သူခိုးကြီးတွေ၊ မြို့တော်အတွင်းမှာ ဆိုးဝါးတဲ့ သက်ရောက်မှုတွေ ပေးခဲ့တဲ့ ရက်စက်လှတဲ့ ဓားပြတွေနဲ့ ဂိုဏ်းတွေထဲက လူတချို့လည်း ရှိပါတယ်။"

"ဒါပေမဲ့ ဒီလူတွေက သိပ်မများလှပါဘူး၊ အများဆုံးကတော့ အရင်တစ်ခေါက် မင်းသားသုံးပါး ပုန်ကန်မှုမှာ ပါဝင်ခဲ့ကြတဲ့ နန်းစောင့် တပ်ဖွဲ့တွေပဲ ဖြစ်ပါလိမ့်မယ်၊ အဲဒီအချိန်တုန်းက လူအရေအတွက် အရမ်းများလွန်းတာကြောင့်၊ အတော်များများကို မြေအောက်ထောင်ထဲမှာ ခဏအကျဉ်းချထားခဲ့တာပါ။"

"အခု လက်ရှိ ခန့်မှန်းချက်အရဆိုရင်တော့…… အနည်းဆုံး လူခြောက်ထောင်လောက် ရှိပါလိမ့်မယ်"

ဒူးထောက်နေသော နန်းစောင့် တပ်ဖွဲ့ ခေါင်းဆောင်က လေးနက်သောအသံဖြင့် ဖြေကြားလိုက်ပေသည်။

"ဘာလဲ?"

ဤစကားကို ကြားလိုက်ရသည့်အခါ ၎င်းတို့ သုံးဦးစလုံး၏ စိတ်နှလုံးများမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရပေသည်။ မင်းသားသုံးပါး ပုန်ကန်မှုတုန်းက နန်းစောင့် တပ်ဖွဲ့ တစ်စိတ်တစ်ဒေသကို မြေအောက်ထောင်အတွင်း ချုပ်နှောင်ထားသည်ကို သူတို့ သိရှိထားကြပေသည်။

နန်းစောင့် တပ်ဖွဲ့ အကြီးတန်း ဗိုလ်ချုပ်ကြီးများမှာ နန်းစောင့် တပ်ဖွဲ့၏ ကိစ္စရပ်များကိုသာ အဓိက တာဝန်ယူရခြင်းဖြစ်ပြီး၊ မင်းသားသုံးပါး ပုန်ကန်မှု၏ နောက်ဆက်တွဲများကိုမူ သူတို့က စီမံခန့်ခွဲရခြင်း မဟုတ်ပေ၊ ထိုစဉ်က ရာထူးခန့်ထားရေးဝန်ကြီးဌာန၊ ပြစ်ဒဏ်ဝန်ကြီးဌာန၊ တော်ဝင်ရုံးတော်၊ ထိုက်ဟယ်နန်းဆောင်နှင့် သူတော်စင်ဧကရာဇ်တို့ကသာ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ရာ၊ သူတို့ သုံးဦးမှာ ဝေဝါးစွာသာ သိရှိထားခဲ့ကြခြင်း ဖြစ်ပေသည်။ မြေအောက်ထောင်၏ ထောင်စောင့်များမှာလည်း နန်းစောင့် တပ်ဖွဲ့နှင့် သီးခြားစီ ဖြစ်နေပေသည်။ သူတို့ သုံးဦးမှာ မြေအောက်ထောင်အတွင်း၌ ပုန်ကန်သော နန်းစောင့် တပ်ဖွဲ့များ ဤမျှအထိ များပြားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

"နန်းစောင့် တပ်ဖွဲ့ခြောက်ထောင် ဆိုတာကတော့ ပုန်ကန်မှုတစ်ခု ဖြစ်ပေါ်စေဖို့ လုံလောက်နေပြီပဲ"

လေပြင်းများမှာ ဟိန်းဟောက်နေခဲ့ကာ၊ ကျောက်ဖုန်းချန်သည် လက်နှစ်ဖက်ဖြင့် မြင်းဇက်ကြိုးကို တင်းတင်းဆုပ်ကိုင်လျက်၊ အကြည့်များကို ရှေ့ဘက် မြေအောက်ထောင်တည်ရှိရာ အရပ်ဆီသို့ ပို့ထားရင်း စိတ်နှလုံးများ များစွာ လေးနက်နေခဲ့ပေသည်။

"ဒါ့အပြင် ကျွန်တော်မျိုးတို့ စုံစမ်းစစ်ဆေးချက်တွေအရဆိုရင်၊ မင်းသားသုံးပါး ပုန်ကန်မှုရဲ့ အဓိက လက်သည် တရားခံအချို့လည်း အဲဒီမှာပဲ အကျဉ်းချခံထားရပုံရပါတယ်……"

မြေပြင်ပေါ်၌ ဒူးထောက်နေသော နန်းစောင့် တပ်ဖွဲ့ ခေါင်းဆောင်က အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးမှ ဖြည့်စွက် ပြောကြားလိုက်ပေသည်။

"ထပ်မပြောနဲ့တော့ အခု အရေးအကြီးဆုံး ကိစ္စကတော့ ဒီဆူညံမှုကို အမြန်ဆုံး နှိမ်နင်းဖို့ပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်အသစ်ကိုတော့ ထိတ်လန့်သွားအောင် လုံးဝ အဖြစ်မခံနိုင်ဘူး"

ထိုအချိန်မှာပင် ရှေ့ဘက်ဆီမှ အေးစက်တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ နန်းစောင့် တပ်ဖွဲ့ အကြီးတန်း ဗိုလ်ချုပ်ကြီးလီရွှမ်းယီသည် မြင်းကို အရှိန်မြှင့်လျက် ထိုနန်းစောင့် တပ်ဖွဲ့ ခေါင်းဆောင်၏စကားကို ဖြတ်တောက်ကာ၊ တိုက်ပွဲသံများ အပြင်းထန်ဆုံး ထွက်ပေါ်နေသည့် ရှေ့ဘက်ဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့ပေတော့သည်။

"အားလုံး အမိန့်ကို နာခံကြ၊ အကျဉ်းသားတွေကို ဖမ်းဆီးကြစမ်း၊ တစ်ယောက်ကိုမှ လွတ်အောင် ထွက်ပြေးခွင့် မပေးရဘူး"

သူ၏ အသံမဆုံးမီမှာပင် မြင်းဟိန်းသံများနှင့်အတူ လီရွှမ်းယီမှာ မြင်းကို စီးနင်းလျက် ရှေ့ဘက်တွင် ပျောက်ကွယ်သွားခဲ့ပေပြီ။ နောက်ကွယ်မှ ပိုင်ဟန်ကျိုးနှင့် ကျောက်ဖုန်းချန်တို့သည်လည်း ချက်ချင်းပင် လိုက်ပါသွားခဲ့ကြလေသည်။

……

"သတ်ကြစမ်း"

သတ်ဖြတ်သံများမှာ ဆူညံနေခဲ့ပြီး အကျဉ်းသားများမှာ မြေအောက်မှ အဆက်မပြတ် ထိုးထွက်လာနေကြသော်လည်း၊ ပိုင်ဟန်ကျိုး၊ ကျောက်ဖုန်းချန်နှင့် လီရွှမ်းယီတို့ ဦးဆောင်သော နန်းစောင့် တပ်ဖွဲ့နှင့် ရင်ဆိုင်ရသည့်အခါတွင်မူ အကြီးအကျယ် ရှုံးနိမ့်နေခဲ့ကြပေသည်။ အကျဉ်းသားတစ်သုတ်ပြီးတစ်သုတ်မှာ အဖမ်းခံနေရသလို၊ အချို့သော အလွန်အမင်း ရက်စက်ပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်သော အကျဉ်းသားများကိုမူ ထိုနေရာ၌ပင် တိုက်ရိုက် သတ်ဖြတ်ပစ်လိုက်ကြပေသည်။ တစ်စစ်မြေပြင်လုံး၏ ဆူညံမှုများမှာ မကြာမီ ငြိမ်သက်သွားတော့မည့် အခြေအနေသို့ ရောက်ရှိနေစဉ်မှာပင်။

"ဝုန်း"

အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ စူးရှလှသော အော်ဟစ်သံများမှာ ထွက်ပေါ်လာခဲ့ပေသည်။ စစ်မြေပြင်၏ရှေ့ဘက်တွင် အကျဉ်းသားများကို နှိမ်နင်းနေကြသော အစွမ်းထက် နန်းစောင့် တပ်ဖွဲ့ ပညာရှင် အနည်းဆုံး ဆယ်ဂဏန်းခန့်မှာ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားတစ်ခုကြောင့် ကြိုးပြတ်သွားသော စွန်များအလား လွင့်စင်သွားခဲ့ကြရကာ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြင်းထန်စွာ ကျရောက်သွားခဲ့ကြရပေသည်။

"ဒီလူက နောက်ဆုံးတော့ အပြင်ကို ပြန်ရောက်လာပြီဟေ့"

အချိန်ကား များစွာမရှိလှပေ၊ နေမင်းကြီးအလား တောက်ပသော ပြင်းထန်သည့် အရှိန်အဝါတစ်ခုမှာ မြေအောက်မှ ဝုန်းခနဲ မြင့်တက်လာခဲ့ပြီး ပြည့်ဝလှသော ဂန်ချီ များမှာ တစ်စစ်မြေပြင်လုံးကို လွှမ်းခြုံသွားခဲ့ပေတော့သည်။

ဝုန်း ဝုန်း ဝုန်း

ထိုလူသည် လက်ဝါးကို အသာအယာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့်၊ တိုတောင်းလှသော အချိန်အတွင်းမှာပင် အရပ်မျက်နှာအနှံ့မှ ရာနှင့်ချီသော နန်းစောင့် တပ်ဖွဲ့စစ်သည်များမှာ သစ်ရွက်လေးများအလား လွင့်စင်သွားခဲ့ကြရပေသည်။ တစ်စစ်မြေပြင်လုံး၏ ပတ်ဝန်းကျင်တွင် ဖုန်မှုန့်လှိုင်းများမှာ ဆူညံနေခဲ့ပြီး သူ၏ အရှိန်အဝါမှာမူ အလွန်အမင်း ထိတ်လန့်စရာ ကောင်းလှပေသည်။ ကျောက်ဖုန်းချန်၊ ပိုင်ဟန်ကျိုးနှင့် လီရွှမ်းယီ တို့ထက်ပင် အစွမ်းနိမ့်ပါးခြင်း လုံးဝ မရှိပေ။

"လီရွှမ်းယီ၊ ပိုင်ဟန်ကျိုး၊ ဟားဟား ငါတို့ ပြန်ဆုံကြပြီပေါ့"

ကျယ်လောင်လှသော ရယ်မောသံကြီးမှာ ကောင်းကင်ယံအထိ တုန်လှုပ်သွားစေခဲ့ပေသည်။ ထိုလူသည် လက်ဝါးကို ဆန့်ထုတ်လျက် နန်းစောင့် တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကို တိုက်ရိုက် လှမ်းဖမ်းလိုက်ကာ သူ၏ လည်ပင်းကို ဆွဲညှစ်လျက် ဟင်းလင်းပြင် အမြင့်ပိုင်းသို့ မြှောက်တင်လိုက်ပေသည်။ သူ၏ အကြည့်များမှာမူ နောက်ကွယ်ရှိ လီရွှမ်းယီ တို့ဆီသို့ ပို့ထားပြီး၊ သူ၏ရက်စက်ကြမ်းကြုတ်လှသော မျက်နှာကြီးမှာမူ အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

"ဟွမ်ထျန်းကျောက်"

ထိုပုံရိပ်ကို မြင်တွေ့လိုက်ရသည့် ခဏ၌ လီရွှမ်းယီ၏စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရပေသည်။ နန်းစောင့် တပ်ဖွဲ့ အကြီးတန်း ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ခဲ့သူ၊ မင်းသားသုံးပါး ပုန်ကန်မှုအတွင်း အိမ်ရှေ့စံမင်းသားဟောင်း လီယင်းဘက်သို့ ကူးပြောင်းခဲ့သော ဟွမ်ထျန်းကျောက်မှာ အမှန်တကယ်ပင် မသေသေးဘဲ ရှိနေခြင်းပင် ဖြစ်ပေတော့သည်။ နန်းစောင့် တပ်ဖွဲ့ အကြီးတန်း ဗိုလ်ချုပ်ကြီးသုံးဦးထဲတွင်မူ ဟွမ်ထျန်းကျောက်၏ဝါရင့်မှုမှာ အလွန်ပင် နက်ရှိုင်းလှသလို၊ အစွမ်းမှာလည်း အချို့သော အပိုင်းများ၌ လီရွှမ်းယီ ထက်ပင် သာလွန်နေပေသည်။

******

အခန်း (၂၀၉၇) လီထိုက်ယီ မင်းနောက်ဆုံးတော့လည်း ငါ့ကို နှိမ်နင်းမထားနိုင်ခဲ့ဘူး

ရှေ့ဘက်ရှိ ဟွမ်ထျန်းကျောက်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ခေတ္တခဏအတွင်း၌ လီရွှမ်းယီ၏ စိတ်နှလုံးအတွင်း၌ အလွန်အမင်း လေးလံထိုင်းမှိုင်းသွားခဲ့ရလေသည်။

“ဟွမ်ထျန်းကျောက်၊ မင်းကတော့ တကယ်ကို သတ္တိမနည်းဘူးပဲ၊ နန်းတော်ထဲမှာ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် စံမြန်းနေတာတောင်မှ၊ မင်းက ပုန်ကန်ဝံ့တယ်ပေါ့?” ဘေးနားရှိ ကျောက်ဖုန်းချန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီးနောက်၊ ကျောပေါ်မှ ဝုစ်သံမဏိ ဓားရှည်ကို လျင်မြန်စွာ ဆွဲထုတ်လိုက်ကာ၊ တစ်ချိန်တည်းမှာပင် မြင်းဗိုက်ကို ညှပ်လျက် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့လေသည်။

သူ၏အကြည့်များမှာ စူးရှထက်မြက်လှကာ သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေပေသည်၊ ပြင်းထန်လှသော အရှိန်အဝါတစ်ခုမှာ ဟင်းလင်းပြင် အထပ်ထပ်ကို ဖောက်ထွက်ဖြတ်ကျော်လျက် ဟွမ်ထျန်းကျောက်၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ပင် အာရုံစိုက် ပစ်မှတ်ထားလိုက်ပေတော့သည်။

မင်းသားသုံးပါး ပုန်ကန်မှုအတွင်း၌ ဟွမ်ထျန်းကျောက်သည် ကြီးမားလှသော အမှားကို ကျူးလွန်ခဲ့ပြီးဖြစ်ရာ၊ ယခုအချိန်အထိ အသက်ရှင်ခွင့် ရနေခြင်းမှာပင် ဧကရာဇ်မင်းမြတ်၏ သနားကြင်နာမှုကြောင့် ဖြစ်ပေသည်၊ ယခုအခါတွင်မူ ထပ်မံ၍ ဆူညံမှုများ ဖန်တီးရန် ကြိုးစားနေခြင်းမှာမူ လုံးဝကို ခွင့်မလွှတ်နိုင်သော ပြစ်မှုပင် ဖြစ်တော့သည်။

ဤမျှသာမကဘဲ သာမန် နန်းစောင့်တပ်ဖွဲ့စစ်သည်များအနေဖြင့် ဟွမ်ထျန်းကျောက်ကို တားဆီးနိုင်ရန်မှာ မဖြစ်နိုင်ပေ။ သူတို့ သုံးဦးလုံး လက်ဦးမှုယူ တိုက်ခိုက်မှသာလျှင် သူ့အား ဟန့်တားနိုင်မည် ဖြစ်ပေသည်။

“ဧကရာဇ်မင်းမြတ် ဟုတ်လား ဟွန်း ဘယ်က ဧကရာဇ်လဲ။ ငါကတော့ သူတော်စင် ဧကရာဇ်ကိုပဲ အသိအမှတ်ပြုတယ်” “ပြီးတော့ သူတော်စင် ဧကရာဇ်သာ မရှိတော့ဘူးဆိုရင်လည်း၊ အိမ်ရှေ့စံမင်းသားဟောင်း လီယင်းကသာ ထီးနန်းဆက်ခံရမှာပဲ၊ ဘယ်နေရာကနေမှ အဲဒီ လီဟန်အတွက် အလှည့်မရောက်နိုင်ဘူး” ဟွမ်ထျန်းကျောက် က အေးစက်စွာ လှောင်ရယ်လိုက်ပြီးနောက် အနည်းငယ်မျှ အားနာခြင်းမရှိဘဲ ခပ်ကြမ်းကြမ်းပင် ပြန်လည် တုံ့ပြန်လိုက်လေသည်။

“ရဲတင်းလှချည်လား” ဟွမ်ထျန်းကျောက်၏စကားကို ကြားလိုက်ရသည့်အခါ ပိုင်ဟန်ကျိုးနှင့်လီရွှမ်းယီ အစရှိသော သူများမှာမူ အမူအရာများ အလွန်အမင်း အေးစက်သွားခဲ့ရပေသည်။

လီဟန်ထီးနန်းတက်လှမ်းခြင်းမှာ သူတော်စင် ဧကရာဇ်ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်ရာ လုံးဝကို တရားဝင်လှပေသည်။ ထို့ပြင် ထီးနန်းဆက်ခံကတည်းက လီဟန ၏ ပြောဆိုလှုပ်ရှားမှုတိုင်းမှာ လောကတစ်ခွင်က အသိအမှတ်ပြုထားရသော တိုင်းပြည်ကို ပြန်လည် ထူထောင်ပေးနိုင်မည့် မင်းကောင်းမင်းမြတ်တစ်ပါး၏ လက္ခဏာများပင် ဖြစ်သည်။ မင်းသားသုံးပါး ပုန်ကန်မှု ပြီးဆုံးသွားခဲ့သည်မှာ ဤမျှအထိ ကြာမြင့်နေပြီဖြစ်သော်လည်း၊ ဤလူများမှာမူ သေဆုံးသွားခဲ့ပြီးဖြစ်သော အိမ်ရှေ့စံမင်းသားဟောင်း လီယင်းကို တမ်းတနေကြဆဲဖြစ်ကာ ပုန်ကန်လိုသော စိတ်ဆန္ဒများ ဝေဝါးစွာပေါ်ထွက်နေခြင်းမှာမူ အမှန်တကယ်ပင် ဆိုးသွမ်းလွန်းလှသည်။

“လူကြီးမင်းတို့၊ ဒီလိုမျိုး ပုန်ကန်သူတွေကိုတော့ အားနာနေဖို့ မလိုပါဘူး၊ အားလုံး အတူတူ တိုက်ခိုက်ပြီးတော့ သူ့ကို ဖမ်းဆီးကြရအောင်” ကျောက်ဖုန်းချန်က လေးနက်သော အသံဖြင့် ဆိုလိုက်လေသည်။

သူ၏ ကိုယ်အတွင်း၌ ဂန်ချီများမှာ ဟိန်းဟောက်လာခဲ့ပြီး၊ လက်ထဲရှိ ဓားရှည်မှလည်း ဝေဝါးလှသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ၊ ဓားအရှိန်အဝါများမှာ ကောင်းကင်ယံအထိ တန်းတန်းမတ်မတ် ထိုးတက်သွားခဲ့လေသည်။ ဟွမ်ထျန်းကျောက်မှာမူ လွယ်လွယ်နှင့် ကိုင်တွယ်နိုင်မည့်သူ လုံးဝမဟုတ်ပေ၊ လူတစ်ဦးတည်း၏ အစွမ်းဖြင့်ဆိုပါက သူ့အား နှိမ်နင်းရန်မှာ များစွာ ခက်ခဲလှပေလိမ့်မည်။ ဧကရာဇ်အသစ်နန်းတက်ပြီးစ အချိန်ဖြစ်ရာ၊ ဤကိစ္စကို အချိန်အကြာကြီး ဆွဲမထားသင့်ဘဲ၊ အလျင်အမြန်ပင် နှိမ်နင်း အဆုံးသတ်ရမည် ဖြစ်ပေသည်။

“ငါ့ကို ဖမ်းဆီးမယ် ဟုတ်လား? ဒါဆိုရင်တော့ မင်းတို့မှာ အဲဒီလောက်အထိ အရည်အချင်း ရှိမရှိ ကြည့်ရသေးတာပေါ့။ အားလုံးပဲ၊ အတူတူ ထွက်လာခဲ့ကြတော့” ဟွမ်ထျန်းကျောက်က အေးစက်စွာ လှောင်ရယ်လျက် သူ၏ နောက်ကွယ်ဆီသို့ လှမ်းပြောလိုက်လေသည်၊ တစ်ချိန်တည်းမှာပင် သူ၏ လက်ဝါးကို ဆန့်ထုတ်လိုက်ရာ မနီးမဝေးရှိ နန်းစောင့်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦး၏ ဓားရှည်မှာ မြေပြင်မှ ပျံတက်လာခဲ့ပြီး သူ၏ လက်အတွင်းသို့ တိတိကျကျ ကျရောက်လာခဲ့လေသည်။

အားလုံး ဟုတ်လား... ဟွမ်ထျန်းကျောက်၏စကားကို ကြားလိုက်ရသည့်အခါ သူတို့ သုံးဦးစလုံးမှာ စိတ်ထဲ၌ ထိတ်လန့်သွားခဲ့ရပေသည်၊ ဟွမ်ထျန်းကျောက်၏ အဓိပ္ပာယ်အရဆိုလျှင် သူ၌အခြားသော ကူညီမည့်သူများ ကျန်ရှိနေသေးခြင်းလော။

ဝုန်း ဝုန်း ကျောက်ဖုန်းချန်တို့ဘက်မှ စိုးရိမ်ပူပန်နေမှုကို ခေတ္တထားခဲ့ပြီး၊ တစ်ဖက်ရှိ ဟွမ်ထျန်းကျောက်၏စကားအဆုံးတွင် မြေကြီးမှာ တုန်ခါသွားခဲ့ရကာ၊ ဂန်ချီများမှာလည်း မြည်ဟည်းလာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဟွမ်ထျန်းကျောက်ထက် အစွမ်းနိမ့်ပါးခြင်း မရှိသော ပြင်းထန်လှသည့် အရှိန်အဝါ နှစ်ခုမှာ၊ တစ်ဦးပြီးတစ်ဦး မြေအောက်အနက်ရှိုင်းဆုံးမှ လျှပ်စစ်တန်းများအလား ထိုးထွက်လာခဲ့ကြပေတော့သည်။

၎င်းတို့ သုံးဦး၏ တုန်လှုပ်ခြောက်ခြားနေသော အကြည့်များအောက်၌၊ ပုံရိပ်နှစ်ခုမှာ ဟွမ်ထျန်းကျောက် ၏ ဘေးနား၌ တည်ငြိမ်စွာ ကျရောက် ရပ်တန့်လိုက်ကြလေသည်။

“ဖူမုန့်လင်းချာ၊ သွမ့်ကျူးယန်” တောင်တန်းများနှင့် ပင်လယ်မင်း သမုဒ္ဒရာများအလား ပြင်းထန်လှသော ထိုပုံရိပ်နှစ်ခုကို မြင်တွေ့လိုက်ရသည့်အခါ၊ ပိုင်ဟန်ကျိုးပင်လျှင် မျက်ခုံးများ လှုပ်ခတ်သွားခဲ့ရကာ အမူအရာလည်း ဝုန်းခနဲ ပျက်ယွင်းသွားခဲ့ရပေသည်။

ပထမဦးဆုံး ပေါ်ထွက်လာသော ပုံရိပ်မှာ ကိုယ်လုံးကိုယ်ထည် ကြီးမားထွားကျိုင်းလှကာ၊ မျက်နှာမှာ ညိုမည်းနေပြီး မုတ်ဆိတ်မဲများ ဖုံးလွှမ်းနေပေသည်။ နက်ရှိုင်းသော မျက်ဝန်းများနှင့် မြင့်မားသော နှာတံတို့ ရှိနေကာ၊ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ များစွာပြင်းထန်လှသလို၊ ကိုယ်ပေါ်၌မူ သိသိသာသာပင် ဟူလူမျိုးတို့၏ လက္ခဏာများ ရှိနေသည်။ သူကား အခြားသူမဟုတ်ဘဲ ချီရှီ နယ်ခြားစောင့် ဖူမုန့်လင်းချာပင် ဖြစ်နေပေတော့သည်။

မင်းသားသုံးပါး ပုန်ကန်မှုအတွင်း၌ ဖူမုန့်လင်းချာမှာ မြို့တော်အတွင်း၌ ရှိမနေသော်လည်း၊ သူသည် စစ်သည်အင်အားများကို ဦးဆောင်လျက် မြို့တော်သို့ ချီတက်လာခဲ့ကာ၊ အတွင်းနှင့်အပြင် ပူးပေါင်းလျက် အိမ်ရှေ့စံမင်းသားဟောင်း လီယင်း နှင့်အတူ ပုန်ကန်ရန် ကြံစည်ခဲ့ခြင်းမှာမူ ငြင်းမရသော အချက်ပင် ဖြစ်ပေသည်။ ၎င်းမတိုင်မီကလည်း သူသည် ဧကရာဇ်ကို လိမ်ညာကာ ဝမ်ချောင်၏ စစ်မှုထမ်း အကျိုးကျေးဇူးများကို လုယူခဲ့သဖြင့် သူတော်စင် ဧကရာဇ်၏ အမျက်ထွက်ခြင်းကို ခံခဲ့ရသဖြင့်၊ ပြစ်မှုနှစ်ခု ပေါင်းစပ်လိုက်လျှင်မူ အချိန်အတော်ကြာကတည်းက သေဒဏ်ပေးခြင်း ခံရသင့်သော်လည်း၊ သူ ယခုအချိန်အထိ အသက်ရှင်နေသေးလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။

အခြားသော ပုံရိပ်တစ်ခုမှာမူ၊ ထိုစဉ်က နန်းစောင့်တပ်ဖွဲ့ စစ်ရေးပြိုင်ပွဲအတွင်း၌ အံ့မခန်းလှသော စွမ်းရည်များကို ပြသခဲ့ဖူးကာ၊ အစွမ်းမှာ ကျောက်ဖုန်းချန်ထက် အနည်းငယ်မျှ နိမ့်ပါးခြင်းမရှိသော သွမ့်ကျူးယန်ပင် ဖြစ်ပေသည်။

ဤလူနှစ်ဦး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် အခြေအနေ အရပ်ရပ်မှာ ဝုန်းခနဲ ပြောင်းလဲသွားခဲ့ရလေသည်။ ပိုင်ဟန်ကျိုးပင်လျှင် သူတို့သုံးဦး ပူးပေါင်းလိုက်ပါက ဟွမ်ထျန်းကျောက်နှင့် ဖူမုန့်လင်းချာတို့အား ချောမွေ့စွာ ဖမ်းဆီးနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိတော့ပေ။

“ဖူမုန့်လင်းချာ မင်းသတ္တိ မနည်းဘူးပဲ၊ ဧကရာဇ်ဟောင်းက အတိတ်က သံယောဇဉ်တွေကို ငဲ့ပြီး မင်းကို အသက်ရှင်ခွင့် ပေးခဲ့တာကို၊ မင်းလို ပုန်ကန်သူကတော့ နောင်တရဖို့ မစဉ်းစားတဲ့အပြင် ပိုပြီးတော့တောင် ဆိုးသွမ်းလာသေးတယ်၊ တကယ်ကို သေတောင် မနှမြောသင့်တဲ့ကောင်ပဲ” လီရွှမ်းယီက ပြတ်သားစွာ ကြိမ်းမောင်းလိုက်လေသည်။

ဖူမုန့်လင်းချာသည် အတိတ်က ချီရှီ နယ်ခြားစောင့် ဗိုလ်ချုပ်ဖြစ်စဉ်က မြို့တော်သို့ ရာထူးတိုးရန် လာရောက်စဉ်အတွင်း လီရွှမ်းယီနှင့် အကြိမ်အနည်းငယ် တွေ့ဆုံဖူးသဖြင့်၊ လီရွှမ်းယီသည်လည်း ဤအင်ပါယာ၏ နယ်ခြားစောင့် ဗိုလ်ချုပ်အပေါ်၌ များစွာရိုသေလေးစားမှု ရှိခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဖူမုန့်လင်းချာမှာ မကောင်းသောစိတ်များ ဝင်ရောက်ကာ လမ်းမှားသို့ ရောက်ရှိသွားခဲ့သလို၊ ယခုအခါတွင်မူ ပိုမို၍ ဝေးကွာသော လမ်းမှားသို့ ရောက်ရှိနေခြင်းမှာမူ အမှန်တကယ်ပင် စိတ်မကောင်းဖြစ်စရာ ကောင်းလှပေသည်။

“ဟားဟားဟား၊ အတိတ်က သံယောဇဉ် ဟုတ်လား? ဘာသံယောဇဉ်လဲ။ ငါဖူမုန့်လင်းချာက အင်ပါယာရဲ့ အနောက်ဘက် နယ်စပ်ဒေသတွေကို စောင့်ကြပ်ခဲ့ပြီးတော့ ဘယ်လောက်တောင် များပြားတဲ့ အကျိုးကျေးဇူးတွေ ဖော်ဆောင်ပေးခဲ့သလဲ၊ အကယ်၍ သူတော်စင် ဧကရာဇ်က တကယ်ပဲ အတိတ်က သံယောဇဉ်တွေကို ငဲ့တယ်ဆိုရင်တော့ ငါ့ကို ရာထူးကနေ မဖယ်ရှားသင့်သလို၊ အဲဒီ ဘာမှမသိသေးတဲ့ ကောင်လေးကို ငါ့ရဲ့ နယ်ခြားစောင့် ဗိုလ်ချုပ် ရာထူးကို ဆက်ခံဖို့ မမြှောက်စားသင့်ဘူး” ဖူမုန့်လင်းချာက ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်လေသည်။ သူ၏မျက်နှာတစ်ခုလုံးမှာ များစွာ တွန့်လိမ်နေခဲ့ကာ၊ အတိတ်က ထို ချီရှီ နယ်ခြားစောင့် ဗိုလ်ချုပ် ၏ ပြိုင်ဘက်ကင်းလှသော အရှိန်အဝါများမှာ လုံးဝ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်၏။

ပတ်ဝန်းကျင်၌ သတ်ဖြတ်သံများ ဆူညံနေသော်လည်း၊ ဖူမုန့်လင်းချာ၏ အကြည့်များမှာ ရက်စက်နေခဲ့ကာ၊ သူ၏ စိတ်ဝိညာဉ်မှာမူ ဤနေရာ၌ ရှိမနေတော့ပေ။

ဝမ်ချောင်...ဖူမုန့်လင်းချာ၏ ဦးနှောက်အတွင်း၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ရာ၊ တစ်ကိုယ်လုံးရှိ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ကောင်းကင်သို့ တိုင်အောင် ထိုးတက်သွားခဲ့လေသည်။

သူ၏ တစ်ဘဝလုံးကို ပြန်လည် ကြည့်ရှုမည်ဆိုပါက၊ ဘဝ၏ ပထမပိုင်း၌ ဖူမုန့်လင်းချာဟူသော အမည်မှာ မာနနှင့် ဂုဏ်သိက္ခာများဖြင့် ပြည့်နှက်နေခဲ့သော်လည်း၊ ဘဝ၏ ဒုတိယပိုင်း၌မူ အရှက်ရမှုများဖြင့်သာ ပြည့်နှက်နေခဲ့ရကာ အကျဉ်းထောင် ဘေးဒုက္ခများဖြင့်သာ အမြဲတမ်း တွဲဖက်နေခဲ့ရပေသည်။ သေသေချာချာ ပြန်လည်စဉ်းစားကြည့်မည်ဆိုလျှင်မူ၊ ဤအရာအားလုံး၏ လက်သည်တရားခံမှာ ယခုလက်ရှိ မဟာထန်အတွင်း၌ အာဏာစက် ပြင်းထန်လှကာ ဂုဏ်သိက္ခာများ အထွတ်အထိပ်သို့ ရောက်ရှိနေသော မျိုးနွယ်ခြားဘုရင် ဝမ်ချောင်ပင် မဟုတ်ပါလား။

ထိုစဉ်က အနောက်ဘက်ဒေသ နယ်ခြားစောင့် ဗိုလ်ချုပ် ကောင်းရှန်းကျစ် မှာလည်း၊ သူ့အား အံကို တင်းတင်းကြိတ်စေကာ နာကျည်းစေခဲ့ဖူးသော်လည်း၊ ကောင်းရှန်းကျစ် လုပ်ဆောင်ခဲ့သည်မှာ သူက ကောင်းရှန်းကျစ်၏ စစ်မှုထမ်း အကျိုးကျေးဇူးများကို လုယူရန် ကြံစည်စဉ်အတွင်း၊ ပျန့်လင်းချန်နှင့် ပူးပေါင်းလျက် သူ၏ အထက်လူကြီး ဖြစ်သော မိမိကို ကျော်ဖြတ်ကာ သူတော်စင် ဧကရာဇ်ဆီသို့ မိမိဘာသာ အစီရင်ခံခဲ့ခြင်းမျှသာ ဖြစ်ကာ၊ ကိစ္စကို များစွာ ကြီးကျယ်အောင် လုပ်ဆောင်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့်ပင် ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက်၌လည်း သူသည် ပြင်းထန်သော အပြစ်ပေးခြင်းမျိုး မခံခဲ့ရဘဲ၊ ချီရှီသို့ နယ်ခြားစောင့် ဗိုလ်ချုပ် အဖြစ်သာ ရွှေ့ပြောင်းခြင်း ခံခဲ့ရခြင်း ဖြစ်၏။

သို့သော်လည်း ဝမ်ချောင်ဟူသော ထို ဘာမှမသိသေးသည့် ကောင်လေးမှာမူ၊ တူညီသော အခြေအနေမျိုး၌ အကြောင်းပြချက် တစ်ခုကို အသုံးချကာ အကြီးအကျယ် ဆူညံမှုများ ဖန်တီးခဲ့ပြီးနောက်၊ မိမိအား မြင့်မားလှသော နယ်ခြားစောင့် ဗိုလ်ချုပ် ရာထူးပေါ်မှနေ၍ လက်တစ်ဖက်တည်းဖြင့် ဆွဲချကာ မြေအောက်ထောင်အတွင်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။

အာဏာရှိသော အရာရှိကြီးဘဝမှနေ၍ အကျဉ်းသားဘဝသို့ ရောက်ရှိသွားရသော ထိုအခြေအနေ ကွာခြားမှုမှာ များစွာ ကြီးမားလှပေသည်။ ဖူမုန့်လင်းချာသည် တစ်သက်လုံး မာနကြီးခဲ့သူဖြစ်ရာ၊ ဤဖြစ်ရပ်မှာမူ သူ၏ဘဝအတွင်း၌ ဖျက်မရသော အရှက်ရမှု တစ်ခုပင် ဖြစ်ပေတော့သည်။

နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မင်းသားသုံးပါး ပုန်ကန်မှုအတွင်း၌လည်း သူသည် နောက်ထပ်တစ်ကြိမ် အဖမ်းခံရကာ အကျဉ်းကျခဲ့ရပြန်ရာ၊ သေသေချာချာ ပြန်စဉ်းစားကြည့်လျှင်မူ ၎င်းမှာလည်း ဝမ်ချောင်ကြောင့်ပင် ဖြစ်ပေသည်။ အကယ်၍သာ ဝမ်ချောင်ကြားဖြတ် နှောင့်ယှက်ခြင်း မရှိခဲ့ပါက၊ အိမ်ရှေ့စံမင်းသားဟောင်း အောင်မြင်စွာ နန်းတက်လျက် တန်ဧကရာဇ်အသစ် ဖြစ်လာခဲ့မည်ဆိုလျှင်၊ ယခုအချိန်၌ သူသည်လည်း သေချာပေါက် အထွတ်အထိပ်သို့ တစ်ဖန် ပြန်လည် ရောက်ရှိနေမည် ဖြစ်ပေရာ၊ ယခုကဲ့သို့ အကြိမ်ကြိမ် အကျဉ်းသားဘဝသို့ ရောက်ရှိကာ အရှက်ရမှုများစွာကို ခံစားနေရမည် မဟုတ်ပေ။

မင်းသားသုံးပါး ပုန်ကန်မှု ပြီးဆုံးပြီးနောက်တွင်၊ အနောက်မြောက်ဘက် စစ်ပွဲကြီး ချက်ချင်း ပေါက်ကွဲခဲ့သလို၊ ၎င်းနောက်ပိုင်းတွင် သူတော်စင် ဧကရာဇ် နတ်ရွာစံခြင်းနှင့် ဧကရာဇ်အသစ် နန်းတက်ခြင်းတို့ကြောင့် အစိုးရအဖွဲ့ တစ်ခုလုံးမှာ မအားမလပ် ဖြစ်နေခဲ့သဖြင့်၊ သူ့အား မည်သူမျှ ဂရုမစိုက်နိုင်ဘဲ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ သို့မဟုတ်ပါက သူသည် အချိန်အတော်ကြာကတည်းက သေဒဏ်ပေးခြင်း ခံခဲ့ရပြီး ဖြစ်ပေလိမ့်မည်။

ယခုအခါ မြေအောက်ထောင်အတွင်း၌ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သဖြင့်၊ သူသည် ခက်ခက်ခဲခဲနှင့် အလင်းရောင်ကို ပြန်လည် မြင်တွေ့ခွင့် ရရှိထားရာ၊ ဤအခွင့်အရေးကိုမူ အဘယ်သို့ လွယ်လွယ်နှင့် လက်လွှတ်ပါမည်နည်း။

“ဝမ်ချောင်ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်” ဖူမုန့်လင်းချာက ရက်စက်ကြမ်းကြုတ်စွာ ဆိုလိုက်လေသည်။

ထို့နောက်တွင်မူ သူသည် အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ကာ၊ ကိုယ်ကို လှည့်လျက် ပိုင်ဟန်ကျိုး၊ ကျောက်ဖုန်းချန်နှင့် လီရွှမ်းယီတို့ သုံးဦးကို ကြည့်လိုက်ပေသည်။

“သတ်ကြစမ်း” လီရွှမ်းယီတို့ လက်ဦးမှုယူ တိုက်ခိုက်ခြင်း မပြုရသေးမီမှာပင်၊ ဖူမုန့်လင်းချာက ဒေါသတကြီး အော်ဟစ်လိုက်ကာ၊ သူတို့ သုံးဦးဆီသို့ လက်ဦးမှုယူ တိုက်ခိုက်လိုက်ပေတော့သည်။

“သဲဝါကန္တာရ တိုက်ပွဲတစ်ရာ” ဖူမုန့်လင်းချာ၏ လက်ထဲရှိ ဓားရှည်မှာ မြင့်တက်သွားခဲ့ပြီး၊ ကိုယ်အတွင်းရှိ ဂန်ချီများမှာ လှုပ်ခတ်လာခဲ့ရာ၊ ချက်ချင်းပင် ကြီးမားလှသော ဓားချီတစ်ခုမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ လောကကိုပါ ဆွဲဖြဲပစ်တော့မည့်အလား လီရွှမ်းယီတို့ဆီသို့ တိုက်ရိုက်ပင် ခုတ်ပိုင်းလိုက်ပေတော့သည်။

“ဟူး” ခဏချင်းမှာပင် ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ဝုန်းခနဲ ပြောင်းလဲသွားခဲ့ရသည်။ မူလက သာယာလှပလှသော နန်းတော် မြင့်မြတ်နယ်မြေမှာမူ၊ ခဏချင်းမှာပင် အဝါရောင် သဲမှုန့်များ အရပ်မျက်နှာအနှံ့ ပျံ့လွင့်နေသော ပူပြင်းလှသည့် နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရပေတော့သည်။

“အနက်ရောင်ကောင်းကင်ယံမှ သွေးနီရောင် နိမိတ်ဆိုး”

“ကျူးယန်၏ အမျက်ဒေါသ”

မျက်တောင်တစ်ခတ် အတွင်းမှာပင် မြေကြီး တုန်ခါသွားခဲ့ရကာ၊ ဟွမ်ထျန်းကျောက်နှင့် သွမ့်ကျူးယန် တို့သည်လည်း ဖူမုန့်လင်းချာ၏ နောက်ကွယ်မှနေ၍ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပေတော့သည်။

ဝုန်း ဝုန်း ဝုန်း... အကြီးတန်း ဗိုလ်ချုပ်အဆင့်ရှိသော ပုဂ္ဂိုလ် သုံးဦး၏ အစွမ်းမှာ မည်မျှအထိ ပြင်းထန်ပါမည်နည်း၊ သံမဏိကဲ့သို့ မာကျောလှသလို သဘာဝချင်း လုံးဝ မတူညီသော ဂန်ချီသုံးမျိုးမှာ၊ မျက်တောင်တစ်ခတ်အတွင်း၌ ဧရာမ ပင်လယ်လှိုင်းလုံးကြီးများအလား ပတ်ဝန်းကျင် တစ်ခုလုံးကို ရစ်ပတ်ဝါးမြိုသွားခဲ့ပေသည်။ စူးရှလှသော အော်ဟစ်သံများသာ ဆက်တိုက် ထွက်ပေါ်နေခဲ့ရကာ၊ နန်းစောင့်တပ်ဖွဲ့ထိပ်တန်းစစ်သည် များစွာမှာ ထိတ်လန့်နေသော မျက်နှာထားများဖြင့်၊ ကြိုးပြတ်သွားသော စွန်များအလား အဝေးသို့ လွင့်စင်သွားခဲ့ကြရပေတော့သည်။

ဖူမုန့်လင်းချာတို့မှာ သိုးအုပ်အတွင်းသို့ တိုးဝင်သွားသော ကျားသစ်များအလား ရှိနေခဲ့ကြကာ၊ သူတို့ ဖြတ်သန်းသွားရာ အရပ်တိုင်း၌မူ လူရောမြင်းပါ လဲကျပျက်စီးနေခဲ့ကြရပြီး၊ မည်သူတစ်ဦးတစ်ယောက်မျှ တစ်ကွက်မျှပင် ခုခံနိုင်ခြင်း မရှိကြပေ။

“တိုက်ကြစမ်း”

“သူတို့ကို တားကြစမ်း”

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ကျောက်ဖုန်းချန်း၊ ပိုင်ဟန်ကျိုး နှင့် လီရွှမ်းယီ တို့သည်လည်း များစွာဒေါသထွက်သွားခဲ့ရကာ၊ တစ်ဦးပြီးတစ်ဦး ဓားများကို ဆွဲထုတ်လျက်၊ ဂန်ချီများ ပေါက်ကွဲထုတ်ဖော်ပြီးနောက် ဖူမုန့်လင်းချာ တို့ဆီသို့ ပြေးဝင်သွားခဲ့ကြပေတော့သည်။

“တပ်တော်တစ်ခုလုံး အမိန့်ကို နာခံကြ၊ အစွမ်းကုန် တိုက်ခိုက်ပြီးတော့ အကျဉ်းသားအားလုံးကို ဖမ်းဆီးကြစမ်း၊ ခွင့်ပြုချက်မရှိဘဲ ထွက်ပြေးသူမှန်သမျှ သတ်ပစ်စေ၊ ခုခံသူမှန်သမျှကိုတော့ တစ်ယောက်မကျန် သတ်ပစ်ကြစမ်း” “နန်းစောင့်တပ်ဖွဲ့ ခေါင်းဆောင် အားလုံး အမိန့်ကို နာခံကြ၊ အစွမ်းကုန် တိုက်ခိုက်ပြီးတော့ ဖူမုန့်လင်းချာ၊ ဟွမ်ထျန်းကျောက် နဲ့ သွမ့်ကျူးယန် ဆိုတဲ့ အစိုးရအဖွဲ့ရဲ့ အဓိက တရားခံ သုံးဦးကို သေချာပေါက် ဖမ်းဆီးကြစမ်း” ……

ဒေါသတကြီး ဟိန်းဟောက်သံမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားခဲ့ပေသည်။ ကျောက်ဖုန်းချန်က လေးနက်စွာ အော်ဟစ်လိုက်ခြင်းပင် ဖြစ်၏။ ဤသည်မှာ တစ်ဦးချင်း စစ်ရေးပြိုင်ပွဲ မဟုတ်ပေ၊ ယခုလက်ရှိ တာဝန်မှာ ထိုသူ သုံးဦးအား အမြန်ဆုံး ဖမ်းဆီးလျက် ပုန်ကန်မှုကို နှိမ်နင်းရန်ပင် ဖြစ်ပေသည်။

“သတ်ကြစမ်း” ကျောက်ဖုန်းချန်၏ ဆင့်ခေါ်မှုကို ကြားလိုက်ရသည့်အခါ၊ အရပ်မျက်နှာအနှံ့မှ နန်းစောင့်တပ်ဖွဲ့ ခေါင်းဆောင်များမှာ မိမိတို့၏ လက်အောက်ခံ ထိပ်တန်းစစ်သည်များကို ဦးဆောင်လျက် ဖူမုန့်လင်းချာ တို့ရှိရာ အရပ်ဆီသို့ သတ်ဖြတ်ရန် ပြေးဝင်လာခဲ့ကြပေတော့သည်။

လူမရောက်မီမှာပင် မြှားများက အရင်ရောက်ရှိလာခဲ့သည်။ စူးရှလှသော အော်သံများနှင့်အတူ၊ စစ်မြေပြင်၏ အပြင်ဘက်ဆုံး နယ်ပယ်မှနေ၍ လက်ဖြောင့်စစ်သည်များမှာ အိမ်ခေါင်မိုးများအောက်၌ ရပ်နေသူများ ရှိသလို၊ အမှောင်ရိပ်ထဲ၌ ရပ်နေသူများလည်း ရှိနေကြကာ၊ အိမ်ခေါင်မိုး အမြင့်ပိုင်းပေါ်၌ ရပ်တည်နေကြသူများလည်း ရှိနေကြပေသည်။ မရေမတွက်နိုင်သော ထက်မြက်လှသော မြှားတံများမှာ အေးစိမ့်လှသော အလင်းတန်းများဖြင့်၊ ရွှေနှင့်ကျောက်တုံးများကိုပါ ထိုးဖောက်နိုင်သော စွမ်းအားများ ပါဝင်လျက် ပစ်လွှတ်လိုက်ကြပေတော့သည်။

“သတိထား” ဖူမုန့်လင်းချာက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

သူတို့ သုံးဦးစလုံးမှာ ပြိုင်ဘက်ကင်းလှသော နယ်ချဲ့စစ်ဘုရင်များဖြစ်ကြကာ ကျင့်စဉ်စွမ်းအားများ များစွာမြင့်မားကြသော်လည်း၊ ဤကဲ့သို့သော လူအင်အား အမြောက်အမြား၏ တိုက်ခိုက်မှုအောက်၌မူ၊ ၎င်းမတိုင်မီက မြေအောက်ထောင်အတွင်း၌ အမြဲတမ်း ချုပ်နှောင်ခံထားရသဖြင့် ကိုယ်ပေါ်၌မူ အကျဉ်းသားဝတ်စုံ တစ်ခုကိုသာ ဝတ်ဆင်ထားကြရကာ၊ လက်နက်နှင့် ကာကွယ်ရေး ဝတ်စုံများလည်း ရှိမနေကြသဖြင့်၊ တိုတောင်းလှသော အချိန်အတွင်း၌ သောင်းနှင့်ချီသော နန်းစောင့်တပ်ဖွဲ့တို့၏ တိုက်ခိုက်မှုအောက်တွင် ချက်ချင်းပင် အရေးနိမ့်လာခဲ့ရပေတော့သည်။

နန်းစောင့်တပ်ဖွဲ့ ထိပ်တန်းစစ်သည်များ၏ ရက်စက်လှသော တိုက်ခိုက်မှုအောက်၌၊ ထွက်ပြေးလာကြသော မြေအောက်ထောင် အကျဉ်းသားများ အားလုံးမှာ ခြေတစ်လှမ်းချင်းစီ နောက်သို့ ဆုတ်ပေးနေရပေသည်၊ ဖူမုန့်လင်းချာတို့ပင်လျှင် သွားကို တင်းတင်းကြိတ်ကာ ခက်ခဲစွာ တောင့်ခံနေရပေသည်၊ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက ရှုံးနိမ့်လျက် အဖမ်းခံရရန်မှာမူ အချိန်ပိုင်း ကိစ္စသာ ဖြစ်ပေတော့သည်။

သို့သော်လည်း ယခုကဲ့သို့သော အချိန်မှာပင် အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ရလေသည်။

“ချန်း” မြေအောက်အနက်ရှိုင်းဆုံးဆီမှ သံကြိုးများ ပြတ်တောက်သွားသံမှာ များစွာ ဟိန်းထွက်နေခဲ့ကာ၊ မိုးကြိုးအလား လူတိုင်း၏ နားဘေးဆီသို့ ရုတ်တရက် ဝင်ရောက်လာခဲ့ပေသည်၊ နောက်တစ်ခဏ၌မူ မြေကမ္ဘာကြီးမှာ တုန်ခါသွားခဲ့ရကာ၊ ထိုနေရာရှိ ဖူမုန့်လင်းချာ၊ ပိုင်ဟန်ကျိုးနှင့် ကျောက်ဖုန်းချန်အစရှိသော သူများအားလုံးကိုပါ အမူအရာ ပျက်ယွင်းသွားစေနိုင်သော ကြောက်မက်ဖွယ်ကောင်းလှသည့် ပြင်းထန်သော အရှိန်အဝါတစ်ခုမှာ၊ မြေအောက်မှနေ၍ ရုတ်တရက် ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာခဲ့ပေတော့သည်။

“ဝုန်း” လူတိုင်း တုံ့ပြန်ရန် အချိန်မရမီမှာပင် မြေအောက်ထောင်ကို ဗဟိုပြုလျက်၊ ပတ်ဝန်းကျင် ပေပေါင်း သောင်းနှင့်ချီသော နယ်ပယ်အတွင်း၊ နန်းတော်တစ်ခုလုံး၏ ထက်ဝက်ခန့်ကို လွှမ်းခြုံထားလျက်၊ ကျယ်ပြောလှသော နယ်မြေအတွင်းရှိ မြေပြင်များ အားလုံးမှာ လှုပ်ခတ်နေသော သင်္ဘောကုန်းပတ်တစ်ခုအလား ပြင်းထန်စွာ တုန်ခါလာခဲ့ရပေသည်။ မြေအောက်ထောင် အပျက်အစီးများရှေ့မှ ဧရာမ အက်ကြောင်းကြီးမှာလည်း စက္ကူချပ်တစ်ခုအလား ရှိနေခဲ့ကာ၊ တိုက်ရိုက်ပင် အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်သွားခဲ့ရပေသည်။

ထို့ပြင် မြေအောက်အနက်ရှိုင်းဆုံးဆီမှနေ၍ အနက်ရောင် ပုံရိပ်တစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်း ဟင်းလင်းပြင်ကို ဆွဲဖြဲလျက် ကောင်းကင်ယံအထိ တန်းတန်းမတ်မတ် ထိုးတက်သွားခဲ့ပေတော့သည်။

ကြီးမားလှသော ဖိအားများမှာမူ အဆုံးမရှိသကဲ့သို့ အရပ်လေးမျက်နှာကို ရိုက်ခတ်နေခဲ့ကာ၊ ဧရာမ တောင်တန်းကြီးများအလား လူတိုင်း၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်နေသဖြင့် အသက်ရှူပင် ကျပ်လာစေခဲ့သည်။

“ဘယ်သူလဲ?” ထိုခဏ၌ ကျောက်ဖုန်းချန်နှင့် ပိုင်ဟန်ကျိုး တို့မှာ တစ်ဦးပြီးတစ်ဦး အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားခဲ့ရကာ၊ ကောင်းကင်ယံသို့ ပြိုင်တူ မော့ကြည့်လိုက်ကြပေသည်။

“ဟားဟားဟား၊ အနှစ်သုံးဆယ်ကျော်ခဲ့ပြီပဲ၊ ငါကိုယ်တော် နောက်ဆုံးတော့ အပြင်ကို ပြန်ရောက်လာပြီဟေ့” ကောင်းကင်ယံ၌ လေပြင်းများမှာ ဟိန်းဟောက်နေခဲ့ကာ၊ ပုံရိပ်တစ်ခု၏ အရှိန်အဝါမှာမူ အာဏာရှင်ဆန်လှလျက် အလွန်အမင်း ပြင်းထန်နေပေသည်၊ ၎င်းမှာ နေမင်းကြီးအလား ကောင်းကင်ယံအလယ်၌ တည်ရှိနေပေသည်၊ သူ၏ ကိုယ်ပေါ်၌မူ ကျယ်ပြန့်လှသော အနက်ရောင် ရွှေဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားကာ၊ သူ၏ အကြည့်မှာမူ လောကကို ငုံ့ကြည့်နေလျက် အေးစက်တည်ငြိမ်နေပေသည်၊ ၎င်းမှာ မြင်တွေ့လိုက်ရသူတိုင်း၏ စိတ်နှလုံးကို အရိုးထဲအထိ အေးစိမ့်သွားစေရန် လုံလောက်လှပေသည်။

အထိတ်လန့်ဆုံး ဖြစ်စေသည်မှာမူ သူ၏ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်ပေါ်နေသော ပင်လယ်လှိုင်းလုံးကြီးများအလား ပြင်းထန်လှသော အရှိန်အဝါများပင် ဖြစ်ပေသည်၊ ပိုင်ဟန်ကျိုး တို့မှာ ယနေ့ခေတ် လောကတစ်ခွင်ရှိ ထိပ်တန်းပညာရှင်များ ဖြစ်ကြသော်လည်း၊ ဤပုဂ္ဂိုလ်၏ ရှေ့မှောက်၌မူ နေမင်းကြီးရှေ့မှ ပိုးစုန်းကြူးလေးများအလားခဏချင်းမှာပင် အလွန်အမင်း သေးငယ်သွားခဲ့ရပေသည်။

ထိုသူ၏ အရှိန်အဝါမှာမူ အင်ပါယာ ဗိုလ်ချုပ်ကြီးအဆင့်ကို လုံးဝ ကျော်လွန်နေခဲ့ပြီဖြစ်သလို၊ သိမ်မွေ့နက်နဲသော အဆင့်ကိုပင် ကျော်လွန်နေဟန် ရှိပေသည်

တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် လူကို အလိုအလျောက် ထိတ်လန့်သွားစေရန် လုံလောက်လှပေရာ၊ သူ့အား ပြန်လည် တိုက်ခိုက်ရန်ဟူသော အတွေးမျိုးပင် စိတ်ထဲ၌ ဖြစ်ပေါ်လာရန် မဖြစ်နိုင်တော့ပေ။

“လီထိုက်ယီ မင်းနောက်ဆုံးတော့လည်း ငါ့ကို နှိမ်နင်းမထားနိုင်ခဲ့ဘူး” ထို အေးစိမ့်လှသောအသံမှာ မိုးကြိုးအလား မြည်ဟည်းလျက် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့ကာ၊ ဟင်းလင်းပြင် တစ်ခုလုံးကိုပါ ပြင်းထန်စွာ တုန်လှုပ်သွားစေခဲ့ပေတော့သည်။

******

အခန်း (၂၀၉၈) ဖူမုန့်လင်းချာ၏ တုန်လှုပ်ခြောက်ခြားမှု

မြေအောက်မှ ဝုန်းခနဲ ထိုးထွက်လာပြီးနောက်တွင်မူ၊ထိုသူ၏ အကြည့်များမှာ လျှပ်စီးလက်သည့်အလား ထက်မြက်လှကာ အရပ်မျက်နှာအနှံ့ကို ဝှေ့ယမ်းကြည့်ရှုလိုက်လေသည်။ သူသည် ခြေဖဝါးအောက်ရှိ ပြင်းထန်လှသော တိုက်ပွဲများနှင့် ရှေ့ဘက်ရှိ ကျောက်ဖုန်းချန်တို့အား အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ၊ အဝေးဆီရှိ ထိုက်ကျိနန်းဆောင်ဆီသို့သာ တိုက်ရိုက် စိုက်ကြည့်နေပေတော့သည်။

“မင်းပဲ”

ယခုကဲ့သို့သော အချိန်မှာပင် မြေပြင်ပေါ်မှနေ၍ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။ ထိုသူ၏ မျက်နှာကို သေသေချာချာ မြင်တွေ့လိုက်ရသည့်အခါ၊ ချွေးပေါက်ထွက်သော အနက်မြင်းတစ်စီးပေါ်တွင် စီးနင်းထားသော လီရွှမ်းယီ မှာမူ အမူအရာများ များစွာ တုန်လှုပ်သွားခဲ့ရကာ၊ မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိခြင်းပင် ဖြစ်၏။

ဤထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သံမှာမူ၊ အရပ်မျက်နှာအနှံ့မှ အကြည့်များအားလုံးကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားသော်လည်း၊ လီရွှမ်းယီမှာမူ ဘာကိုမျှ သတိမပြုမိတော့ပေ။

“နန်းကျမင်းသား လီရွှမ်တု”

ဤခဏတာအတွင်း၌ လီရွှမ်းယီ၏ ဦးနှောက်အတွင်း၌ အတွေးတစ်ခုသာ ကျန်ရှိတော့ပေသည်။

လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်က ရှန်လုံ ပုန်ကန်မှုဖြစ်ပွားစဉ်အခါက၊ လီရွှမ်းယီမှာ အသက်ဆယ်ဂဏန်းကျော်မျှသာ ရှိသေးသော်လည်း၊ အနာဂတ်၏ နန်းစောင့်တပ်ဖွဲ့ အကြီးတန်း ဗိုလ်ချုပ်ကြီးလောင်းလျာ တစ်ဦးအနေဖြင့်၊ ထိုစဉ်က လီရွှမ်းယီ ပြသခဲ့သော အံ့မခန်းလှသော ပါရမီများမှာ သူ့အား ကိစ္စရပ်များစွာကို ထိတွေ့သိရှိနိုင်ရန် လုံလောက်စေခဲ့ပေသည်။

အရှေ့နန်းဆောင် အိမ်ရှေ့စံမင်းသား၏၏၏လီရွှမ်တု

သူသည် ထိုခေတ်ထိုအခါက နားစည်ကို တုန်ဟိန်းစေလောက်အောင် ကျော်ကြားလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

သူ၏ ပါရမီ၊ သူ၏ အစွမ်း၊ သူ၏ သတ္တိဗျတ္တိများနှင့် သူ ပြုလုပ်ခဲ့သော အံ့အားသင့်ဖွယ် လှုပ်ရှားမှုများမှာမူ၊ မည်သူ့ကိုမဆို ကြည်ညိုလေးစားသွားစေရန် လုံလောက်လှပေသည်။

လီရွှမ်းယီ မှာလည်း လူအများ၏ ချီးကျူးမှုကို ခံခဲ့ရသော ပါရမီရှင်တစ်ဦးဖြစ်ကာ၊ လူငယ်မျိုးဆက်များကြား၌ တွေ့ရခဲသော သိုင်းပညာပါရမီရှင်တစ်ဦး ဖြစ်သော်လည်း၊ ထို အရှေ့နန်းဆောင် အိမ်ရှေ့စံမင်းသား ရှေ့မှောက်၌မူ စိတ်ရင်းဖြင့် အညံ့ခံခဲ့ရကာ၊ မိမိကိုယ်မိမိ မမီနိုင်ကြောင်း ဝန်ခံခဲ့ရသူ ဖြစ်၏။

သူသည် လူငယ်သိုင်းပညာရှင် အားလုံး မော့ကြည့်ခဲ့ရသော တည်ရှိမှုကြီး တစ်ခုပင် ဖြစ်ပေသည်

အကယ်၍သာ သူတော်စင် ဧကရာဇ်ရုတ်တရက် ပေါ်ထွက်လာခြင်း မရှိခဲ့ပါက၊ ထို့ပြင် နောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော ရှန်လုံ ပုန်ကန်မှုသာ မရှိခဲ့ပါက ယနေ့ခေတ် မဟာထန်၏ ဧကရာဇ်မှာမူ သေချာပေါက် အခြားတစ်ဦး ဖြစ်နေပေလိမ့်မည်။

သို့သော်လည်း ဤအရာများ အားလုံးမှာ “အကယ်၍သာ” ဟူသော ယူဆချက်များသာဖြစ်ပြီး၊ အစစ်အမှန် အခြေအနေမှာမူ ထို ကြောက်မက်ဖွယ်ကောင်းလှသော ပုန်ကန်မှု ပြီးဆုံးသွားပြီးနောက်တွင် လီရွှမ်တုဟူသော အမည်နာမမှာ မဟာထန်၏ သမိုင်းမှတ်တမ်းများပေါ်မှ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ခြင်းပင် ဖြစ်၏။

သို့သော်လည်း လီရွှမ်းယီ အနေဖြင့် အဘယ်သို့ ထင်မှတ်ထားပါမည်နည်း၊ အနှစ်သုံးဆယ်ကျော် ကြာပြီးနောက်တွင်၊ ကောလာဟလများအရ သေဆုံးသွားခဲ့ပြီဟု ယူဆထားကြသော နန်းကျမင်းသား လီရွှမ်တု မှာမူ၊ လူသားများရှေ့သို့ တစ်ဖန် ပြန်လည် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်နေပေတော့သည်။

“ငါကိုယ်တော်ကို မှတ်မိနေတဲ့သူ ရှိသေးတယ်ဆိုတော့လည်း မထင်မှတ်ထားဘူးပဲ၊ ဒါဆိုရင်တော့ ငါကိုယ်တော်က မင်းရဲ့ အသက်ကို တစ်ချောင်း ချန်ထားပေးမယ်”

ဟင်းလင်းပြင် အမြင့်ပိုင်း၌၊ လီရွှမ်တုသည် အထက်မှနေ၍ ငုံ့ကြည့်လျက် အေးစက်စွာ လှောင်ရယ်လိုက်ကာ၊ လီရွှမ်းယီ ကို တစ်ချက်မျှ ဝှေ့ကြည့်လိုက်ပေသည်။

“ဝုမ်း”

သူ၏ အသံမဆုံးသေးမီမှာပင်၊ လီရွှမ်တုသည် သူ၏ အနက်ရောင် ဝတ်ရုံ ဖြူဖွေးလှသော လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ၊ အောက်ဘက်ရှိ ဟင်းလင်းပြင်ကို အသာအယာ ဖိနှိပ်လိုက်ရာ၊ မျက်တောင်တစ်ခတ်အတွင်း၌ ဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့ပြီး၊ အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်း တစ်ခုမှာ ဝေဝါးလှသော မီးခိုးငွေ့များနှင့်အတူ၊ အသေးစားမှနေ၍ ဧရာမ အကြီးစားအထိ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ကာ၊ တောင်တန်းကြီး တစ်ခုအလား လေးလံလှလျက် အောက်ဘက်ရှိ လူအများပေါ်သို့ လွှမ်းခြုံ ဖိနှိပ်လိုက်ပေတော့သည်။

“မကောင်းတော့ဘူး”

“သတိထားကြ”

ကောင်းကင်ယံမှာ မှောင်မိုက်သွားခဲ့ရကာ၊ လီရွှမ်တု လက်ဦးမှုယူ တိုက်ခိုက်လိုက်သည်ကို မြင်တွေ့လိုက်ရပြီး၊ ထို အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းအတွင်း၌ ကိန်းအောင်းနေသော ကြီးမားလှသည့် စွမ်းအားများကို ခံစားလိုက်ရသည့်အခါ၊ ပိုင်ဟန်ကျိုး၊ ကျောက်ဖုန်းချန်နှင့် နန်းစောင့်တပ်ဖွဲ့ ခေါင်းဆောင်အားလုံးမှာမူ၊ စိတ်ထဲ၌ ကြောက်မက်ဖွယ်ကောင်းလှသော သေခြင်းတရား အငွေ့အသက်များကို ခံစားလိုက်ရသဖြင့်၊ လူတိုင်း၏ မျက်နှာများမှာ ခဏချင်းမှာပင် ပျက်ယွင်းသွားခဲ့ရပေသည်။

“အားလုံး အတူတူ တိုက်ကြစမ်း”

ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ထိုခဏ၌ လူတိုင်းသည် မိမိတို့၏ အင်အားရှိသမျှကို အသုံးပြုလျက် ကောင်းကင်ယံဆီသို့ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပေရာ၊ မြည်ဟည်းသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး၊ သောင်းနှင့်ချီသော ဂန်ချီရေစီးကြောင်းများမှာ တစ်သားတည်း ပေါင်းစပ်သွားခဲ့ကြကာ၊ ဟင်းလင်းပြင်ရှိ ထို အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းဆီသို့ ပြင်းထန်စွာ ထိုးတက်သွားခဲ့ပေတော့သည်။

သို့သော်လည်း လီရွှမ်တု၏ ပေါ့ပေါ့ပါးပါး တိုက်ကွက်တစ်ခုရှေ့၌၊ လူတိုင်း၏ အစွမ်းကုန် ပြန်လည် တိုက်ခိုက်မှုများမှာမူ များစွာအားနည်းလွန်းနေခဲ့ပေသည်။ အရှိန်အဝါ ပြင်းထန်လှသော ဂန်ချီရေစီးကြောင်းများမှာ ထို အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းနှင့် ထိတွေ့လိုက်ရသည့်ခဏ၌ပင် ချက်ချင်း ပေါက်ကွဲလျက် ပြိုကွဲပျက်စီးသွားခဲ့ရပေသည်။

“ဝုန်း”

အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်း မှာ အောက်သို့ ကျရောက်လာခဲ့ရာ၊ ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ အရပ်မျက်နှာအနှံ့မှ သောင်းနှင့်ချီသော နန်းစောင့်တပ်ဖွဲ့ထိပ်တန်းစစ်သည်များမှာ ပိုင်ဟန်ကျိုးနှင့် ကျောက်ဖုန်းချန်တို့ အပါအဝင်၊ အားလုံး တစ်ပြိုင်တည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ကြရကာ နောက်သို့ လွင့်စင်သွားခဲ့ကြပေတော့သည်။

မြေအောက်ထောင်ပတ်ဝန်းကျင်၌ ညည်းတွားသံများ ပြည့်နှက်သွားခဲ့ရပေသည်၊ တိုက်ကွက် တစ်ချက်တည်းဖြင့်ပင်၊ စစ်မြေပြင်တစ်ခုလုံး၏ အသာစီးရမှု အခြေအနေမှာ ချက်ချင်း ပြောင်းပြန်လှန်ခြင်း ခံလိုက်ရပေပြီ။

လီရွှမ်တု၏ ကြောက်မက်ဖွယ်ကောင်းလှသော အစွမ်းရှေ့၌၊ ကျောက်ဖုန်းချန်တို့မှာမူ လုံးဝကို ခုခံနိုင်စွမ်း မရှိခဲ့ကြပေ။

တစ်စစ်မြေပြင်လုံးရှိ နန်းစောင့်တပ်ဖွဲ့ဘက်ခြမ်း၌မူ၊ လီရွှမ်းယီတစ်ဦးတည်းသာ ငြိမ်သက်စွာ ရပ်နေနိုင်လျက် မည်သည့် ထိခိုက်မှုမျှ မရှိဘဲ ကျန်ရစ်နေသည်မှလွဲ၍၊ အခြားသော နန်းစောင့်တပ်ဖွဲ့ဝင် အားလုံးမှာမူ မြေပြင်ပေါ်သို့ လွင့်စင်သွားခဲ့ကြရကာ၊ ကိုယ်ကို ကွေးထားလျက် နာကျင်စွာ ညည်းတွားနေကြပေတော့သည်။

ထိုခဏ၌ လီရွှမ်းယီမှာ ထိုနေရာ၌ မှင်တက်စွာ ရပ်နေမိကာ၊ တစ်ကိုယ်လုံးမှာလည်း အရိုးထဲအထိ အေးစိမ့်နေပေသည်။

ထိုအနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းမှာ သူ၏ ကိုယ်ဘေးမှ ဖြတ်ကျော်သွားသည့် အခိုက်အတန့်၌မူ၊ သူသည် သေခြင်းတရားနှင့် ဆံချည်မျှင်မျှသာ ကွာခြားတော့သည်ဟူသော ခံစားချက်မျိုးကိုပင် ရရှိလိုက်ခြင်း ဖြစ်၏။

အလွန်အမင်းကို အစွမ်းထက်လွန်းလှသည်

လီရွှမ်တု၏ အစွမ်းမှာ သူတို့အားလုံးထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်ကာ၊ မည်သူမျှ မလိုက်မီနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ သူတို့နှင့် နှိုင်းယှဉ်ရန်ပင် မဖြစ်နိုင်တော့ပေ။

“ဝုန်း”

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ မြေအောက်ထောင် ရှေ့မှ မရေမတွက်နိုင်သော အကျဉ်းသားများမှာမူ များစွာစိတ်လှုပ်ရှားသွားခဲ့ကြရကာ၊ တစ်ဦးပြီးတစ်ဦး လက်မောင်းများကို မြှောက်လျက် ကျယ်လောင်စွာ ဟိန်းဟောက် အားပေးလိုက်ကြပေတော့သည်။

ဖူမုန့်လင်းချာ၊ သွမ့်ကျူးယန်နှင့်ဟွမ်ထျန်းကျောက် တို့ပင်လျှင် ထိုနေရာ၌ မှင်တက်စွာ ရပ်နေမိကြကာ၊ စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ ရှိနေကြပေသည်။

မြေအောက်ထောင်အတွင်း၌ အပြောင်းအလဲ ဖြစ်ပေါ်စဉ်အခါက သူတို့ သုံးဦးမှာ မြေအောက်အနက်ရှိုင်းဆုံးမှ ကြီးမားလှသော စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာကာ၊ ၎င်းတို့၏ အကျဉ်းခန်းများကို ဖျက်ဆီးပစ်လိုက်သလို၊ သူတို့အား ချုပ်နှောင်ထားသော အစီအရင်များနှင့် တားမြစ် အတားအစီးများကိုပါ တစ်ပါတည်း ရိုက်ခွဲပစ်လိုက်ခြင်း ဖြစ်ကြောင်းကိုသာ သိရှိထားကြပေသည်၊ အခွင့်အရေးမှာ ရခဲလှသည်ဖြစ်ရာ၊ မြေအောက်ထောင်အတွင်း ဖရိုဖရဲ ဖြစ်နေချိန်၌၊ သူတို့သုံးဦးသည် လူအုပ်နှင့်အတူ ထိုမြေအက်ကြောင်းကြီးကို ဖြတ်ကျော်လျက် အတူတူ ထိုးထွက်လာခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။ ထိုစွမ်းအားမှာ အဘယ်အရာ ဖြစ်သနည်း ဟူသည်ကိုမူ၊ အလွန်အမင်း တင်းကျပ်လှသော အချိန်အတွင်း၌ သူတို့ သုံးဦးစလုံးလည်း ဘာမျှ မသိရှိခဲ့ကြပေ။

“ကြည့်ရတာ မြေအောက်ကို ထိုးဖောက်ပြီးတော့ မြေအောက်ထောင်ကို ရိုက်ခွဲပစ်လိုက်တဲ့သူက သူပဲ ဖြစ်ရမယ်”

ကောင်းကင်ယံရှိ ဝတ်ရုံများ တဖျပ်ဖျပ် လွင့်နေသော ထို ပုံရိပ်ကို ကြည့်လျက်၊ ဖူမုန့်လင်းချာ၏ ဦးနှောက်အတွင်း၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့ကာ၊ စိတ်ထဲမှလည်း များစွာ တုန်လှုပ်နေမိပေသည်။

“ဒီပုဂ္ဂိုလ်ကတော့ အရင်မင်းဆက် ကောင်းကျုံးဧကရာဇ်ခေတ်က အရှေ့နန်းဆောင် အိမ်ရှေ့စံမင်းသားလီရွှမ်တုပဲ ဖြစ်တယ်၊ သူက ကောင်းကျုံးဧကရာဇ်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ နန်းလျာဖြစ်သလို၊ တရားဝင်လှတဲ့ ထီးနန်းဆက်ခံသူလည်း ဖြစ်တယ်။ အခု လူတိုင်း မြေအောက်ထောင်ကနေ လွတ်မြောက်နိုင်ပြီးတော့ အလင်းရောင်ကို ပြန်မြင်တွေ့ရတာဟာ၊ အိမ်ရှေ့စံမင်းသားရဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်တယ်၊ အားလုံးက ဘာကြောင့် အိမ်ရှေ့စံမင်းသားကို လက်ဦးမှုယူ အရိုအသေ မပေးကြသေးတာလဲ”

ယခုကဲ့သို့သော အချိန်မှာပင၊ အကျဉ်းသားများကြားမှ အသံတစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့ပေသည်။

ဤရုတ်တရက် ထွက်ပေါ်လာသော အသံမှာမူ လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်ပေတော့သည်။

“ဟွမ်ရှောင်ထျန်း”

ဟွမ်ထျန်းကျောက်က ကိုယ်ကို လှည့်ကြည့်လိုက်ရာ၊ အကြည့်များမှာ စူးရှသွားခဲ့ပြီး၊ မြေပြင်အက်ကြောင်း အဝင်ဝ၌ ရုတ်တရက် ပေါ်ထွက်လာသော ထိုခန့်ညားလှသည့် ပုံရိပ်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ချက်ချင်းပင် မှတ်မိသွားခဲ့ပေသည်။

မင်းသားသုံးပါး ပုန်ကန်မှုအတွင်း၌၊ ဟွမ်ရှောင်ထျန်းမှာ သူနှင့်အတူ အိမ်ရှေ့စံမင်းသားဟောင်းဆီသို့ ကူးပြောင်းခဲ့သူ ဖြစ်သော်လည်း၊ နောက်ပိုင်း၌ ဖြစ်ပွားသော နန်းစောင့်တပ်ဖွဲ့ စစ်ရေးပြိုင်ပွဲအတွင်း၌ ဟွမ်ရှောင်ထျန်း ရှုံးနိမ့်ခဲ့သဖြင့် အိမ်ရှေ့စံမင်းသားဟောင်း လီယင်း၏ အလေးထားခြင်းကို မခံရတော့ရာ၊ ၎င်းနောက်ပိုင်းတွင် သူတို့ နှစ်ဦးကြား၌ ဆက်ဆံရေးများ မရှိတော့ခြင်း ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ဟွမ်ထျန်းကျောက် မှာ သူ့အား တစ်ချက်တည်းဖြင့်ပင် မှတ်မိသွားခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း တစ်ခဏအတွင်းမှာပင်၊ ဟွမ်ထျန်းကျောက် ၏ အကြည့်မှာ အနည်းငယ် ရွှေ့လျားသွားခဲ့ကာ၊ ဟွမ်ရှောင်ထျန်း၏ နောက်ကွယ်ရှိ၊ အမှောင်ရိပ်အတွင်း၌ ဖုံးကွယ်နေသော ပုံရိပ်တစ်ခုပေါ်သို့ ကျရောက်သွားခဲ့ပေသည်။

ထိုသူမှာ ဦးခေါင်းပေါ်၌ ဖူခေါင်းဆောင်းကို ဆောင်းထားကာ မျက်နှာပေါ်၌မူ အနက်ရောင် မျက်နှာဖုံးစကို အသာအယာ အုပ်ထားပေသည်၊ အကျဉ်းသားအုပ်စုကြားအတွင်း၌မူ ၎င်းမှာ သိသိသာသာပင် ထူးခြားနေကာ ပတ်ဝန်းကျင်နှင့် လိုက်ဖက်မှု မရှိဘဲ ရှိနေပေသည်။ ဟွမ်ထျန်းကျောက်၏ အကြည့်ကို သတိပြုမိသွားသည့်အခါတွင်မူ၊ ထိုသူသည်လည်း အလိုအလျောက်ပင် ဦးခေါင်းကို အနည်းငယ် လွှဲဖယ်လိုက်ပေသည်။

သို့သော်လည်း ထိုသို့ဖြစ်သည့်တိုင်အောင်၊ ပထမဦးဆုံး မြင်တွေ့လိုက်ရသည့် ခဏ၌ပင် ဟွမ်ထျန်းကျောက် မှာမူ ရင်းနှီးသော ခံစားချက်မျိုး တစ်ခုကို ရရှိလိုက်ပေသည်။

ထို့ပြင် ဟွမ်ထျန်းကျောက်၏ဗီဇအရ သိမြင်မှုက ပြောပြနေသည်မှာမူ၊ စကားပြောနေသူမှာ ဟွမ်ရှောင်ထျန်းဖြစ်သော်လည်း၊ သူသည် တစ်စုံတစ်ဦးအတွက် စကားပါးပေးနေခြင်းမျှသာ ဖြစ်ကာ၊ အစစ်အမှန် နောက်ကွယ်မှ ကြိုးကိုင်သူမှာမူ သူ၏ နောက်ကွယ်မှ ထိုဖူခေါင်းဆောင်း ဆောင်းလျက် အနက်ရောင် မျက်နှာဖုံးစ အုပ်ထားသူသာ ဖြစ်ရပေမည်။

“ဟွမ်အကြီးအကဲ ဆက်ပြီး မကြည့်ပါနဲ့တော့ ကျွန်တော့်ရဲ့နောက်ကွယ်က ပုဂ္ဂိုလ်ကတော့ အခုလက်ရှိ အမတ်ချုပ် လီလင်ဖူအကြီးအကဲပဲ ဖြစ်ပါတယ်။ အခုလက်ရှိ ဧကရာဇ်မင်းမြတ်မှာ အရွယ်မပြည့်သေးသလို၊ ကြီးမားတဲ့ တာဝန်တွေကိုလည်း မထမ်းဆောင်နိုင်ပါဘူး၊ လီအကြီးအကဲက အတိတ်က ကောင်းကျုံးဧကရာဇ်ခေတ်က အိမ်ရှေ့စံမင်းသား လီရွှမ်တုကို မြေအောက်ထောင်အောက်ခြေမှာ ပိတ်မိနေတာကို ရှာဖွေတွေ့ရှိခဲ့တာမို့၊ သူ့ကို တကူးတက လားပြီး ကယ်ထုတ်ပေးတာပါ”

“အခုလက်ရှိ အစိုးရအဖွဲ့ရဲ့ အခြေအနေက ဘယ်လိုရှိသလဲဆိုတာကိုတော့ အကြီးအကဲက ကျွန်တော့်ထက် ပိုပြီးတော့ သိမှာပါ။ အခုလက်ရှိ ဧကရာဇ်အသစ်က မျိုးနွယ်ခြားဘုရင်ဝမ်ချောင်နဲ့ ရင်းနှီးနေကြတာမို့၊ သူတို့ ရှိနေသရွေ့တော့ ကျွန်တော်တို့တွေ တစ်သက်လုံး ခေါင်းမော့နိုင်စရာ အကြောင်းမရှိပါဘူး။ စည်းစိမ်ဥစ္စာနဲ့ ရာထူးဂုဏ်ရှိန် ဆိုတာ အန္တရာယ်ကြားကနေ ရှာဖွေရတာပဲလေ။ အကြီးအကဲအနေနဲ့ ကျွန်တော့်လိုမျိုးပဲ ထင်ပေါ်ကျော်ကြားချင်တယ်ဆိုရင်တော့ အခုက အကောင်းဆုံး အခွင့်အရေးပါပဲ”

ဟွမ်ထျန်းကျောက် ဘာတွေ တွေးနေသလဲဆိုသည်ကို သိရှိဟန်ဖြင့်၊ ဟွမ်ရှောင်ထျန်း၏ မျက်ဝန်းအတွင်းမှ အလင်းတန်းတစ်ခု လက်သွားခဲ့ကာ၊ ချက်ချင်းပင် လျှို့ဝှက်အသံပို့ဆောင်ခြင်း အတတ်ပညာကို အသုံးပြုလျက်၊ ဂန်ချီများကို စုစည်းကာ ဟွမ်ထျန်းကျောက် ၏ နားဘေး၌ ဆိုလိုက်ပေသည်။

“ဘာလဲ”

ဟွမ်ရှောင်ထျန်း၏ စကားကို ကြားလိုက်ရသည့်အခါ၊ ဟွမ်ထျန်းကျောက်၏ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရကာ၊ မျက်နှာပေါ်၌လည်း များစွာအံ့အားသင့်သော အမူအရာများ ထွက်ပေါ်လာခဲ့ပေတော့သည်။

သူသည် ဟွမ်ရှောင်ထျန်း၏ နောက်ကွယ်မှ ထိုသူကို နောက်တစ်ကြိမ် ထပ်မံကြည့်ရှုလိုက်ရာ၊ နောက်ဆုံးတွင်မှ အဘယ်ကြောင့် ရင်းနှီးသော ခံစားချက် ရရှိနေရသနည်းဟူသည်ကို နားလည်သွားခဲ့ပေပြီ။

မြင့်မြတ်လှသော ထန်အမတ်ချုပ်၊ ပထမတန်းစား အရာရှိကြီး၊ အမတ်အားလုံး၏ အကြီးအကဲဖြစ်သူမှာ နေ့စဉ်နေ့တိုင်း နန်းတွင်းလမ်းမများကို ဖြတ်သန်းလျက် ထိုက်ဟယ်နန်းဆောင်ဆီသို့ နိုင်ငံရေး ဆွေးနွေးရန် သွားလာနေသူဖြစ်ရာ၊ သူ ဖြတ်သန်းသွားရာ အရပ်တိုင်း၌လည်း အမတ်အားလုံးက ဦးညွှတ် အရိုအသေ ပေးခဲ့ကြသည်ဖြစ်ရာ၊ သူသည် နန်းစောင့်တပ်ဖွဲ့ အကြီးတန်း ဗိုလ်ချုပ်ကြီးတစ်ဦးအနေဖြင့် အဘယ်သို့ မရင်းနှီးဘဲ နေပါမည်နည်း။

အကယ်၍ ယခုတစ်ကြိမ် လှုပ်ရှားမှုအတွင်း၌ ဟွမ်ရှောင်ထျန်း၏ နောက်ကွယ်မှ ကြိုးကိုင်နေသူမှာ ထန်အမတ်ချုပ် လီလင်ဖူသာ ဖြစ်နေမည်ဆိုပါက၊ အရာရာတိုင်းမှာ လုံးဝကို ကွဲပြားခြားနားသွားခဲ့ပေပြီ။

သံသယဖြစ်စရာ မလိုသည်မှာမူ၊ ဟင်းလင်းပြင် အမြင့်ပိုင်းမှ ထို ပုံရိပ်မှာ အရင်မင်းဆက် ကောင်းကျုံးခေတ်က နန်းကျမင်းသား လီရွှမ်တုပင် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ဟွမ်ထျန်းကျောက်ကို အစွဲဆောင်နိုင်ဆုံး အချက်မှာမူ၊ ဟွမ်ရှောင်ထျန်း ပြောကြားလိုက်သော နောက်ဆုံး စကားတစ်ခွန်းပင် ဖြစ်ပေသည်။

“စည်းစိမ်ဥစ္စာနဲ့ ရာထူးဂုဏ်ရှိန် ဆိုတာ အန္တရာယ်ကြားကနေ ရှာဖွေရတာပဲ”၊ အကယ်၍ ကောင်းကင်ယံရှိ ထိုသူမှာ အမှန်တကယ်ပင် နန်းကျမင်းသား လီရွှမ်တုသာ ဖြစ်နေမည်ဆိုလျှင်၊ ဤသည်မှာ သူ၏နောက်ဆုံးသော အခွင့်အရေး ဖြစ်လာနိုင်ကြောင်း ထင်ရှားလှပေသည်။ ဤမျှသာမကဘဲ အကယ်၍ လှုပ်ရှားမှုသာ အောင်မြင်သွားမည်ဆိုလျှင် သူသည် အောက်ခြေဘဝမှနေ၍ တစ်ဖက်လှည့်လျက် တစ်ဖန် ပြန်လည် ထင်ပေါ်ကျော်ကြားလာနိုင်သလို၊ ဗိုလ်ချုပ်နှင့် အမတ်ချုပ်ရာထူးများအထိပင် ရရှိလျက် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပါလား။

“ငါတို့ကို ဘာလုပ်စေချင်တာလဲ?”

ဟွမ်ထျန်းကျောက် က အသံကို နှိမ့်လိုက်ကာ၊ အလားတူပင် လျှို့ဝှက်အသံပို့ဆောင်ခြင်းကို အသုံးပြုလျက် မေးမြန်းလိုက်ပေသည်။

သူ၏အကြည့်မှာ ဟွမ်ရှောင်ထျန်းကို ကြည့်နေသော်လည်း ဤစကားများမှာမူ သူ၏ နောက်ကွယ်ရှိ လီလင်ဖူကို ပြောဆိုနေခြင်းပင် ဖြစ်၏။

ဟွမ်ရှောင်ထျန်းက နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် လျင်မြန်စွာပင် ပြန်လှည့်လာခဲ့ကာ တိုးတိုးလေး စတင် ပြောဆိုလိုက်ပေတော့သည်။

ခေတ္တခဏအတွင်းမှာပင်

“အိမ်ရှေ့စံမင်းသား ကို ထောက်ခံကြစမ်း”

“အိမ်ရှေ့စံမင်းသား သက်တော်ရာကျော် ရှည်ပါစေ”

“အားလုံး ကြားလိုက်ကြလား။ ဒီပုဂ္ဂိုလ်ကမှ ကောင်းကျုံးဧကရာဇ်ကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ ထီးနန်းဆက်ခံသူပဲ၊ သူကမှ အစစ်အမှန် ထန်ဧကရာဇ်ပဲ”

“မင်းတို့တွေ ဘာကို စောင့်နေကြတာလဲ။ အိမ်ရှေ့စံမင်းသား နောက်ကို အတူတူ လိုက်ကြစမ်း၊ ဒါမှ ငါတို့အတွက် တစ်ခုတည်းသော အသက်ရှင်လမ်းစ ရှိမှာ”

……

ကျယ်လောင်လှသော ဟိန်းဟောက်သံများကြား၌၊ ဟွမ်ထျန်းကျောက် တို့ လူတစ်စုမှာ အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ၊ လက်ဦးမှုယူလျက် ဒူးထောက်လိုက်ကြပေတော့သည်။

“ကျွန်တော်မျိုး အမတ် အပေါင်းတို့က အိမ်ရှေ့စံမင်းသားနောက်ကို သေသည်အထိ လိုက်ပါသွားပါ့မယ်”

“ကျွန်တော်တို့တွေလည်း အိမ်ရှေ့စံမင်းသားအပေါ်မှာ သစ္စာရှိဖို့ ဆန္ဒရှိပါတယ်”

ဟွမ်ထျန်းကျောက်တို့ လူတစ်စု ဒူးထောက်လိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ အခြားသော အကျဉ်းသားများမှာလည်း တစ်ဦးပြီးတစ်ဦး လိုက်လံ ဒူးထောက်လိုက်ကြပေတော့သည်။

ပတ်ဝန်းကျင် တစ်ခုလုံးမှာ ခဏချင်းမှာပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပေသည်၊ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ကျောက်ဖုန်းချန်တို့၏ မျက်ဝန်းအတွင်း၌မူ စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားခဲ့ရပေသည်။ ဤမြေအောက်ထောင်၏ ပြောင်းလဲမှုကြီးမှာ ယခုလက်ရှိ အခြေအနေအထိ တိုးတက်လာသည့်အခါတွင်မူ၊ သဘာဝချင်းမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကာ၊ ဤသည်မှာ အမှန်တကယ်ပင် သိသာထင်ရှားလှသော ပုန်ကန်မှုပင် ဖြစ်ပေတော့သည်။

လေပြင်းများမှာ ပြင်းပြင်းထန်ထန် တိုက်ခတ်နေပေသည်။

ဟင်းလင်းပြင် အလယ်၌ သူ၏ခြေဖဝါးအောက်တွင် မည်းမှောင်နေသော လူအုပ်ကြီး ဒူးထောက်နေကြသည်ကို ကြည့်လျက် လီရွှမ်တုမှာမူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ၏အမူအရာမှာ အေးစက်တည်ငြိမ်နေကာ မည်သည့်အရာကိုမျှ အရေးမစိုက်ဟန် ရှိပေသည်။

သူ၏အကြည့်မှာ အဝေးဆီရှိ၊ နန်းတော် တစ်ခုလုံးတွင် အမြင့်မားဆုံးဖြစ်သော ထိုက်ကျိနန်းဆောင်ဆီသို့ ကြည့်လိုက်ပြီးနောက် ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ၊ လူအုပ်ကြီးကို မြင်တွေ့ခြင်း မရှိသည့်အလား၊ ထိုက်ကျိနန်းဆောင်ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပျံတက်သွားခဲ့သည်၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် အစအန မကျန် ပျောက်ကွယ်သွားခဲ့ပေတော့သည်။

မြေအောက်ထောင်အပျက်အစီးများ ရှေ့တွင်မူ၊ အကျဉ်းသားအားလုံးမှာ မှင်တက်ကျန်ရစ်ခဲ့ကြပေသည်။

သိသိသာသာပင် လီရွှမ်တု၏ တုံ့ပြန်မှုမှာ ၎င်းတို့ ထင်မှတ်ထားသည်နှင့် လုံးဝ ကွဲပြားခြားနားနေပေသည်။

“ဘယ်လို လုပ်ကြမလဲ”

မြေပြင်ပေါ်၌ ဖူမုန့်လင်းချာမှာ ပထမဦးစွာ မတ်တပ်ရပ်လိုက်ကာ၊ မျက်မှောင်ကြုတ်လျက် ဘေးနားရှိ ဟွမ်ထျန်းကျောက်ကို လှမ်းကြည့်လိုက်ပေသည်။

သူသည်လည်း အင်ပါယာ၏ ဝါရင့်လှသော နယ်ခြားစောင့် ဗိုလ်ချုပ်တစ်ဦး ဖြစ်သော်လည်း၊ ဟူလူမျိုးတစ်ဦး ဖြစ်သည့်အတိုင်း၊ ဘဝ၏ ပထမပိုင်း အချိန်အတော်များများကို အနောက်ဘက်ဒေသတစ်ခွင်၌သာ လှည့်လည်နေခဲ့သူ ဖြစ်ပေသည်၊ ထို့ပြင် ကောင်းကျုံးဧကရာဇ်ခေတ်အတွင်း၌ သူသည် အမည်မသိ လူသားတစ်ဦးမျှသာ ရှိသေးသလို၊ နယ်စပ်ဒေသမှာလည်း မြို့တော်နှင့် များစွာ ဝေးကွာလှသဖြင့်၊ နန်းတွင်းကိစ္စရပ်များ၊ အထူးသဖြင့် ရှန်လုံ ပုန်ကန်မှုမတိုင်မီက ဖြစ်ရပ်များကိုမူ သူ အသေးစိတ် မသိရှိပေ။

နန်းကျမင်းသား လီရွှမ်တုနှင့်ပတ်သက်၍မူ၊ သူသည် ထိုအမည်ကို ကြားဖူးရုံမျှသာ ရှိကာ များစွာနားလည်ထားခြင်း မရှိပေ။

သူ့အား အနည်းငယ်မျှ ယုံကြည်သွားစေနိုင်သည့် တစ်ခုတည်းသော အချက်မှာမူ၊ အမတ်ချုပ် လီလင်ဖူ၏ ထောက်ခံချက်ပင် ဖြစ်ပေတော့သည်။

“လောကကြီးက ဘယ်လောက်ပဲ ကျယ်ကျယ်၊ ဧကရာဇ်ရဲ့ နယ်မြေ မဟုတ်တာ မရှိဘူး၊ အခု ငါတို့တွေ ထွက်ပြေးမယ်ဆိုရင်တောင် ဘယ်ကို ထွက်ပြေးနိုင်မှာလဲ။ နန်းကျမင်းသား လီရွှမ်တုနဲ့ တွေ့ဆုံရတာဟာ ကောင်းကင်ဘုံက ငါတို့ကို ပေးအပ်လိုက်တဲ့ အခွင့်အရေး မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် အနှေးနဲ့အမြန်တော့ သေရမှာအတူတူတော့ အစွမ်းကုန် တိုက်ခိုက်ကြည့်တာကမှ ပိုကောင်းဦးမယ်”

“လိုက်ကြစမ်း”

သူ၏အသံအဆုံးတွင် ဟွမ်ထျန်းကျောက်သည် ရှေ့ဆုံးမှနေ၍ လိုက်ပါသွားခဲ့ပေတော့သည်။

၎င်းနောက်ပိုင်းတွင်မူ ဖူမုန့်လင်းချာ၊ သွမ့်ကျူးယန်နှင့် မြေအောက်ထောင်မှ ထွက်ပြေးလာကြသော အကျဉ်းသား အမြောက်အမြားသည်လည်း၊ လမ်းကြောင်းများကို အသီးသီး ပြောင်းလဲလိုက်ကြကာ၊ လီရွှမ်တု ပျောက်ကွယ်သွားရာ လမ်းကြောင်းအတိုင်း လိုက်လံ သတ်ဖြတ်သွားကြပေတော့သည်။

“အိမ်ရှေ့စံမင်းသားနောက်ကို သေသည်အထိ လိုက်ပါသွားပါ့မယ်”

ဟိန်းဟောက်သံများမှာ ညဉ့်အမှောင်အတွင်း၌ များစွာ ဝေးကွာသော နေရာများအထိ ပဲ့တင်ထပ်နေပေတော့သည်။

******

All Chapters