← Chapters

အခန်း (၂၀၉၉-၂၁၀၁)

Vol. 130 Ch. 2099-2101

အခန်း (၂၀၉၉-၂၁၀၁)

Vol. 130 Ch. 2099-2101

အခန်း (၂၀၉၉) ထိုက်ကျိနန်းဆောင်သို့ တိုက်ရိုက် ဦးတည်ခြင်း

ဤအရာအားလုံးကို ပြောပြရလျှင် များစွာရှည်လျားလှသော်လည်း၊ မြေအောက်ထောင်အတွင်း အပြောင်းအလဲများ စတင်ဖြစ်ပေါ်ချိန်မှ လီရွှမ်တုလောကထဲသို့ ပြန်လည်ထွက်ပေါ်လာချိန်အထိမှာမူ၊ ရှေ့နောက်အားဖြင့် ခဏတာမျှ အချိန်သာ ကြာမြင့်ခဲ့လေသည်။

“သတ်ကြစမ်း”

တစ်ချိန်တည်းမှာပင် နန်းတော်အတွင်း၌ အရပ်မျက်နှာအနှံ့မှ ဟိန်းထွက်လာသော သတ်ဖြတ်သံများကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်သော အမူအရာအနည်းငယ် ပေါ်ထွက်လာခဲ့ရလေသည်။ သောင်းနှင့်ချီသော အကျဉ်းသားများမှာ ထိုက်ကျိနန်းဆောင်ရှိရာ အရပ်ဆီသို့ တစ်ဟုန်ထိုး ဦးတည်သွားနေကြသည်ကို သူ သိသာစွာ ခံစားသိရှိနိုင်ပေသည်။ သူတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင်မူ နန်းတော်အတွင်း၌ အလုံးစုံ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး၊ အဝေးမှ လှမ်းကြည့်လိုက်ပါက မရေမတွက်နိုင်သော မီးတုတ်များမှာ ကြယ်တာရာများအလား တဖျပ်ဖျပ် တောက်ပနေသည်ကို မြင်တွေ့ရသလို၊ နန်းတော်၏ နေရာအနှံ့အပြားမှလည်း ထူထဲလှသော မီးခိုးငွေ့များမှာ ကောင်းကင်ယံသို့ လွင့်ပျံ့နေပေသည်။

ရှိသမျှသော အရှိန်အဝါများအားလုံးအနက် အာရုံကို အဖမ်းစားနိုင်ဆုံးအရာမှာမူ ထိုအကျဉ်းသားများ၏ရှေ့ဆုံး၌ ရှိနေသော လောကကို ဖျက်ဆီးပစ်တော့မည့်အလား အနက်ရောင် မုန်တိုင်းတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဝါတစ်ခုပင် ဖြစ်ပေသည်။ ဝမ်ချောင်၏ ယခုလက်ရှိ ကျင့်စဉ်စွမ်းအားဖြင့်ဆိုလျှင်ပင် တစ်ဖက်လူ၏ ကိုယ်ပေါ်မှနေ၍ တောင်တန်းများနှင့် ပင်လယ်မင်းသမုဒ္ဒရာများအလား ကြီးမားလှသော ဖိအားများကို ခံစားနေရဆဲ ဖြစ်ပေသည်၊ အထိတ်လန့်ဆုံး အချက်မှာမူ သူသည် တစ်ဖက်လူ၏ ကိုယ်ပေါ်မှနေ၍ ထိုက်ချန်းနှင့် များစွာ ဆင်တူလှသော ပြင်းထန်သည့် အချိန်နှင့် ဟင်းလင်းပြင် လှုပ်ခတ်မှုများကို ခံစားသိရှိလိုက်ရခြင်းပင် ဖြစ်၏။

လီရွှမ်တု…

လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်းမှာပင် ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ အတွေးတစ်ခုမှာ ဖြတ်ပြေးသွားခဲ့ရကာ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏မျက်နှာမှာ အလွန်အမင်း တည်ကြည်လေးနက်သွားခဲ့ရပေသည်။ မြေအောက်ထောင်၏ အောက်ခြေ၌ ဝမ်ချောင်သည် လီရွှမ်တုနှင့် အခုလေးတင် တွေ့ဆုံခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုလက်ရှိ လီရွှမ်တု ပေးစွမ်းနေသည့်ခံစားချက်မှာမူ ထိုစဉ်က ထက်များစွာ ပိုမိုအစွမ်းထက်နေပေသည်။ သံသယဖြစ်စရာ မလိုသည်မှာမူ သူသည် သူတော်စင် ဧကရာဇ်က သူ၏ကိုယ်ပေါ်၌ ချထားသော ချုပ်နှောင်ချက်များနှင့် တားမြစ် အတားအစီးများအားလုံးကို ထိုးဖောက်ကျော်လွန်နိုင်ခဲ့ပြီဖြစ်ကာ၊ ကျင့်စဉ်စွမ်းအားများ အားလုံးလည်း ပြန်လည်ပြည့်ဝသွားခဲ့ပြီဖြစ်ရာ၊ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေခြင်းပင် ဖြစ်ပေတော့သည်။

“မကောင်းတော့ဘူး၊ ဧကရာဇ်မင်းမြတ်”

ဝမ်ချောင်သည် မြေအောက်ထောင် အောက်ခြေ၌ လီရွှမ်တုပြောကြားခဲ့သော စကားများကို ပြန်လည်သတိရလိုက်သည့်အခါ စိတ်ထဲမှ များစွာထိတ်လန့်သွားခဲ့ရပေသည်။ ထပ်မံ၍ စဉ်းစားတွေးတောရန် အချိန်မရတော့သဖြင့် ဝမ်ချောင်သည် တစ်ကိုယ်လုံးကို လှုပ်ရှားလိုက်ကာ၊ လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲလိုက်ပြီး ထိုက်ကျိနန်းဆောင်ရှိရာ အရပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့လေသည်။ လီရွှမ်တုမှာ နှစ်ပေါင်းများစွာ ချုပ်နှောင်ခြင်း ခံထားရသလို၊ သူတော်စင် ဧကရာဇ်၏ လုယူခြင်းကိုလည်း ခံထားရသူဖြစ်ရာ၊ သူတော်စင် ဧကရာဇ်နှင့် သူ၏သားမြေးများအပေါ်၌ နက်နဲလှသော နာကျည်းမှုများ ရှိနေပေသည်။ သူသည် မြေအောက်၌ ပိတ်မိနေစဉ်တုန်းကတော့ ထားလိုက်ပါဦး၊ ယခုအခါ ကျင့်စဉ်စွမ်းအားများ ပြန်လည်ပြည့်ဝလာလျက် ဘေးအန္တရာယ်မှ အောင်မြင်စွာ လွတ်မြောက်လာခဲ့ပြီဖြစ်ရာ၊ အဘယ်သို့ လွယ်လွယ်နှင့် လက်လျှော့ပါမည်နည်း။ ပိုမိုဆိုးရွားသည်မှာမူ လီရွှမ်တုသည် ထိုက်ကျိနန်းဆောင်ဆီသို့ သွားရောက်ကာ ဧကရာဇ်သုံးပါး အစီအရင်ကို ဖျက်ဆီးရန် ကြံစည်နေခြင်းဖြစ်ပြီး၊ လီဟန်မှာလည်း ထိုက်ကျိနန်းဆောင် အတွင်း၌ပင် ရှိနေခြင်းပင် ဖြစ်၏။ အကယ်၍ နှစ်ဖက်သာ ဆုံတွေ့သွားခဲ့မည်ဆိုလျှင် နောက်ဆက်တွဲ ရလဒ်များမှာမူ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှပေလိမ့်မည်။ ဤအချက်ကို တွေးမိသည့်အခါ ဝမ်ချောင်၏စိတ်ထဲ၌ အလွန်အမင်း စိုးရိမ်ပူပန်သွားခဲ့ရကာ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ဝမ်ချောင်၏အရှိန်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး၊ ထိုက်ကျိနန်းဆောင်ဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့ပေတော့သည်။

……

“ဟားဟားဟား၊ ကောင်းတယ်”

ဤအခိုက်အတန့်၌ နန်းတော်အတွင်းရှိ အခြေအနေများကို စောင့်ကြည့်နေသူမှာ ဝမ်ချောင်တစ်ဦးတည်း မဟုတ်ပေ၊ မြို့တော်၏ အပြင်ဘက် ညဉ့်အမှောင်ထုအတွင်း၌၊ ထူးဆန်းလှသော အဖြူရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသော ထိုက်ရှီမှာမူ အနက်ရောင် ဝတ်ရုံများ တဖျပ်ဖျပ် လွင့်နေလျက် ထျန်းဖူနတ်မင်းနှင့်အတူ ပခုံးချင်းယှဉ် ရပ်နေကြပေသည်။ “မဆိုးဘူးပဲ လီလင်ဖူ ဒီနတ်ဘုရား တကယ်ကို မင်းကို အထင်မမှားခဲ့ဘူး၊ ဒီလောက်အထိ ကြီးမားတဲ့ ဆူညံမှုမျိုးကတော့ အတိတ်က နန်းချခံရတဲ့ အိမ်ရှေ့စံမင်းသား တစ်ယောက်တည်းပဲ လုပ်နိုင်လိမ့်မယ် ထင်တယ်” ထိုက်ရှီက ကျယ်လောင်စွာ ရယ်မောလိုက်ပေသည်။

နန်းတော်အတွင်း၌ မြေကမ္ဘာ တုန်ခါသွားကာ ပထမဦးဆုံးသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကတည်းက၊ ထိုက်ရှီမှာမူ သတိပြုမိခဲ့ခြင်း ဖြစ်ပေသည်။ သူ ရပ်တည်နေသော နေရာမှနေ၍ လှမ်းကြည့်လိုက်ပါက၊ နန်းတော်အတွင်း၌ နေရာအနှံ့ မီးရောင်များ လင်းထိန်နေသည်ကို ထင်ရှားစွာ မြင်တွေ့နိုင်သလို၊ သတ်ဖြတ်သံများကိုလည်း ဆက်တိုက် ကြားနေရပေသည်။ ဤသည်မှာ သူ မျှော်လင့်တမ်းတနေခဲ့သော အရာ မဟုတ်ပါလား။

“အကြီးအကဲ အဲဒီလီရွှမ်တုက ကြည့်ရတာ အစွမ်းအရမ်း ပြင်းပုံပဲ၊ နန်းတော်ထဲက နန်းစောင့်တပ်ဖွဲ့တွေတောင် သူ့ကို မတားနိုင်ကြဘူး။ ဒါပေမဲ့ ထိုက်ကျိနန်းဆောင်မှာက နဂါးကိုယ်ရံတော်တွေ စောင့်ကြပ်နေသလို၊ ဝမ်ချောင်ဘက်ကလည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလေ၊ သူ တကယ်ပဲ ကိုးကောင်းကင် ဆယ်ကမ္ဘာ ဧကရာဇ်သုံးပါး အစီအရင်ကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ပါ့မလား” ထျန်းဖူနတ်မင်း၏ အသံမှာ ဘေးနားမှ ထွက်ပေါ်လာခဲ့ပေသည်။ သူသည် အလွန်အမင်း သတိကြီးစွာထားလျက် မေးမြန်းလိုက်ခြင်းပင် ဖြစ်၏။

“ဟွန်း… ဒါကိုတော့ မင်းစိုးရိမ်မနေပါနဲ့၊ လီထိုက်ယီလို လူမျိုးနဲ့ ရင်ဘောင်တန်း တိုက်ခိုက်နိုင်ခဲ့တဲ့အပြင်၊ သူ့ကိုတောင် အကျပ်ရိုက်အောင် လုပ်နိုင်ခဲ့တဲ့သူက ဘယ်လိုနည်းနဲ့မှ သာမန်လူ မဖြစ်နိုင်ဘူး။”

“အဲဒီချိန်က လီရွှမ်တုဟာ ဂူကောင်းကင်အဆင့် တစ်ဝက်ကို ရောက်နေခဲ့တာ၊ အနှစ်သုံးဆယ်ကျော် ကြာပြီးနောက်မှာတော့ သူ့ရဲ့ပါရမီနဲ့ဆိုရင် အနည်းဆုံးတော့ ဂူကောင်းကင်အဆင့်ကို ရောက်နေလောက်ပြီ။ သူက မဟာထန်ရဲ့ တော်ဝင်သွေးသားလည်း ဖြစ်နေတာကြောင့် သူကလွဲရင် ဧကရာဇ်သုံးပါး အစီအရင်ကို ဖျက်ဆီးနိုင်မယ့်သူ ရှိတော့မှာ မဟုတ်ဘူး” ထိုက်ရှီက အေးစက်စွာ လှောင်ရယ်လျက် ဆိုလိုက်ပေသည်။

ထျန်းဖူနတ်မင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ အလိုအလျောက်ပင် ဦးခေါင်းကို လှည့်လျက် မဟာထန်နန်းတော်ရှိရာ အရပ်ဆီသို့ နောက်တစ်ကြိမ် ထပ်မံကြည့်ရှုလိုက်မိပေသည်။ သူ၏ မျက်ဝန်းအတွင်း၌လည်း အံ့အားသင့်သော အမူအရာ အနည်းငယ်မှာ ဖျတ်ခနဲ လက်သွားခဲ့ရ၏။ သူသည် အရင်က ဤနေရာကို တာဝန်ယူခဲ့ခြင်း မမဟုတ်သဖြင့် ဤကောင်းကျုံးခေတ်မှ နန်းကျမင်းသားမှာ ဤမျှအထိ ပြင်းထန်လှသော အစွမ်းများ ရှိနေလိမ့်မည်ဟု မသိရှိခဲ့ခြင်း ဖြစ်ပေသည်။

“ဒါပေမဲ့ အကြီးအကဲ အကယ်၍ သူ တကယ်ပဲ ဧကရာဇ်သုံးပါး အစီအရင်ကို ဖျက်ဆီးနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့တွေ တကယ်ပဲ သူ့ကို ထန်ဧကရာဇ် ရာထူးရအောင် မြှောက်ပေးရမှာလား” ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ထျန်းဖူနတ်မင်း က တွန့်ဆုတ်လျက် မေးမြန်းလိုက်ပေသည်။

“ဖျက်ဆီးပြီးမှပဲ ပြောကြတာပေါ့” ထိုက်ရှီက လက်ကို နောက်ပစ်လျက် တည်ငြိမ်စွာ ဆိုလိုက်ပေသည်။

ထျန်းဖူနတ်မင်းသည် ထိုက်ရှီ၏ နောက်ကျောပြင်ကို ကြည့်လျက် မှင်တက်သွားခဲ့ရသော်လည်း များမကြာမီမှာပင် တစ်စုံတစ်ရာကို နားလည်သွားခဲ့ဟန်ဖြင့်၊ ဖြည်းညှင်းစွာ ဦးခေါင်းကို လှည့်လျက် နန်းတော်ရှိရာ အရပ်ဆီသို့ ကြည့်နေကာ ထပ်မံ၍ စကားမဆိုတော့ပေ။

……

နန်းတော်အနက်ရှိုင်းဆုံး၌မူ သတ်ဖြတ်သံများမှာ ဆူညံလျက်ရှိကာ၊ မြေအောက်ထောင်မှ ထွက်ပြေးလာကြသော အကျဉ်းသား အားလုံးမှာ လီရွှမ်တု၏ နောက်ကွယ်မှ ကပ်လျက် လိုက်ပါလာကြသည်။ တစ်ဦးချင်းစီမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လျက် ထိုက်ကျိနန်းဆောင်ရှိရာ အရပ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြပေသည်။ လမ်းတစ်လျှောက်တွင်မူ နန်းစောင့်တပ်ဖွဲ့များမှာ အဆက်မပြတ် ရောက်ရှိလာကြကာ၊ လီရွှမ်တုအား တားဆီးရန် အစွမ်းကုန် ကြိုးစားကြသော်လည်း၊ လီရွှမ်တုမှာမူ ရိုးရိုးရှင်းရှင်း လက်ဝါးတစ်ချက်ကိုသာ အသာအယာ ဝှေ့ယမ်းလိုက်ပေသည်။ သူ၏လှုပ်ရှားမှုတိုင်း၌မူ နန်းစောင့်တပ်ဖွဲ့ဝင် အားလုံးမှာ ဆောင်းဦးပေါက် လေပြင်းအောက်မှ သစ်ရွက်ခြောက်များအလား လွင့်စင်သွားခဲ့ကြရသည်။ သူ ဖြတ်သန်းသွားရာ အရပ်တိုင်း၌မူ မည်သူတစ်ဦးတစ်ယောက်မျှ ခုခံနိုင်ခြင်း မရှိသည့်အပြင်၊ လီရွှမ်တု ၏ ခြေလှမ်းများကိုပင် အနည်းငယ်မျှ နှေးကွေးသွားအောင် မလုပ်ဆောင်နိုင်ကြပေ။ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ အကျဉ်းသားအားလုံးမှာ ပိုမို၍ စိတ်လှုပ်ရှားသွားခဲ့ကြရကာ၊ တစ်ဦးချင်းစီမှာ အသံကုန် ဟိန်းဟောက်လျက် ရူးသွပ်စွာ အော်ဟစ်လိုက်ကြပေတော့သည်။

“အိမ်ရှေ့စံမင်းသား သက်တော်ရာကျော် ရှည်ပါစေ”

“အိမ်ရှေ့စံမင်းသား သက်တော်ရာကျော် ရှည်ပါစေ”

“အိမ်ရှေ့စံမင်းသားကမှ အစစ်အမှန် မဟာထန်ဧကရာဇ်ပါ၊ အားလုံး အတူတူ အိမ်ရှေ့စံမင်းသား နောက်ကို သေသည်အထိ လိုက်ကြစမ်း သတ်ကြ” ထိုဟိန်းဟောက်သံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားခဲ့ပေသည်။

လမ်းတစ်လျှောက်တွင်မူ လီရွှမ်တု၏ ကြောက်မက်ဖွယ်ကောင်းလှသော အစွမ်းများကို မျက်မြင်တွေ့ရှိလိုက်ရသဖြင့်၊ ဖူမုန့်လင်းချာတို့ပင်လျှင် မျက်ခုံးများ တုန်လှုပ်သွားခဲ့ရပေသည်။ “ဒီလူရဲ့ အစွမ်းက တကယ်ကို ပြင်းလွန်းတယ်၊ အကယ်၍ သူက တကယ်ပဲ ဧကရာဇ်ဟောင်းခေတ်က အိမ်ရှေ့စံမင်းသားသာ ဆိုရင်တော့…… ဒီတစ်ခေါက် လှုပ်ရှားမှုက တကယ်ပဲ အောင်မြင်နိုင်တာပဲ” ယခုတစ်ကြိမ် ဖူမုန့်လင်းချာအနေဖြင့် လီရွှမ်တု ၏ နောက်ကွယ်မှ လိုက်ပါလျက် ထိုက်ကျိနန်းဆောင်ဆီသို့ သတ်ဖြတ် ချီတက်လာခြင်းမှာ၊ လီလင်ဖူ၏ စကားအချို့ကြောင့် စွန့်စားလုပ်ဆောင်ခဲ့ခြင်းမျှသာ ဖြစ်သော်လည်း၊ ယခုလက်ရှိ အခြေအနေအရ ကြည့်လျှင်မူ၊ တစ်အင်ပါယာလုံး တုံ့ပြန်ရန် အချိန်မရမီမှာပင် လီဟန်အား သတ်ဖြတ်နိုင်မည်ဆိုပါက၊ ယခုတစ်ကြိမ် အာဏာသိမ်းမှုမှာ အမှန်တကယ်ပင် အောင်မြင်သွားနိုင်မည် ဖြစ်ပေသည်။

“သွားကြစို့၊ နောက်က လိုက်ရအောင်” လီရွှမ်တုနှင့် အကွာအဝေးမှာ ပိုမို ဝေးကွာသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ဖူမုန့်လင်းချာသည် ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ၊ ယခုတစ်ကြိမ်တွင်မူ ဟွမ်ထျန်းကျောက် စကားပြောသည်ကို မစောင့်တော့ဘဲ လက်ဦးမှုယူလျက် ရှေ့သို့ တစ်ဟုန်ထိုး လိုက်ပါသွားခဲ့ပေတော့သည်။

ရှေ့ဘက်တွင်မူ လီရွှမ်တုမှာ အချိန်အနည်းငယ်မျှပင် မနားတော့ဘဲ ထိုက်ကျိနန်းဆောင်ရှိရာ အရပ်ဆီသို့ ဦးတည်သွားနေပေသည်။ မဟာထန်လုံး၏ မြေအောက်၌ ရာစုနှစ်ပေါင်းများစွာ သို့မဟုတ် ထောင်စုနှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော အစီအရင် တားမြစ် အတားအစီးများမှာမူ၊ သူ၏ ဟင်းလင်းပြင် စွမ်းအားများအပေါ်၌ များစွာသော နှောင့်ယှက်မှုများကို ဖြစ်ပေါ်စေနေဆဲ ဖြစ်ပေသည်။

“အင်း..” နန်းဆောင်တစ်ခုကို ဖြတ်ကျော်စဉ်မှာပင် လီရွှမ်တု၏ မျက်ခုံးများမှာ တင်းကျပ်သွားခဲ့ကာ၊ သူသည် ရုတ်တရက် ရပ်တန့်လိုက်ပေသည်။ သူ၏အကြည့်မှာ လမ်းဘေးရှိ မဝေးလှသော နေရာမှ နန်းဆောင်တစ်ခုပေါ်သို့ ကျရောက်သွားခဲ့ရပေသည်။ “ယွီလုံနန်းဆောင်” မှတ်ဉာဏ်အနက်ရှိုင်းဆုံးရှိ ရင်းနှီးလှသော ထိုနန်းဆောင်နှင့် အပေါ်ဘက်ရှိ ဧရာမဆိုင်းဘုတ်ကြီးကို ကြည့်လျက်၊ လီရွှမ်တု၏ အမူအရာမှာ ရုတ်တရက် အေးစက်သွားခဲ့ရကာ ဘာမျှမပြောတော့ဘဲ လက်ဝါးတစ်ချက်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပေတော့သည်။

ဝုန်းခနဲ မြည်ဟည်းသံကြီးနှင့်အတူ အနက်ရောင် ဂန်ချီများမှာ ဟိန်းဟောက်လာခဲ့ပြီး၊ ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲလျက် ကျရောက်သွားခဲ့ရာ ထိုလက်ဝါးတစ်ချက်တည်းဖြင့်ပင် နန်းတွင်း၌ ကျော်ကြားလှသော ယွီလုံနန်းဆောင်ကို အပျက်အစီးပုံတစ်ခုအဖြစ် ရိုက်ခွဲပစ်လိုက်ပေတော့သည်။ ယွီလုံနန်းဆောင်ကို သူ ဘယ်လိုလုပ်ပြီး မေ့ပါမည်နည်း။ ဤသည်မှာ ထိုစဉ်က မင်းသား တတိယသားတော် ရွှမ်း သို့မဟုတ် လီထိုက်ယီ စံမြန်းခဲ့သော နန်းဆောင်ပင် မဟုတ်ပါလား။ မိမိ ချစ်သောသူနှင့် ပတ်သက်လျှင် အရာရာကို ချစ်သကဲ့သို့၊ မုန်းသောသူနှင့် ပတ်သက်လျှင်လည်း အရာရာကို မုန်းတီးသည်ဖြစ်ရာ၊ လီထိုက်ယီနှင့်ပတ်သက်သော အရာမှန်သမျှကိုမူ သူသည် မြင်တွေ့ရန်ပင် မလိုလားတော့ပေ။

“ဟွန်း” အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် လီရွှမ်တုမှာမူ ထပ်မံ၍ မဆိုင်းမတွတော့ဘဲ၊ ထိုက်ကျိနန်းဆောင်ရှိရာ အရပ်ဆီသို့ လျင်မြန်စွာ ပျံတက်သွားခဲ့ပေတော့သည်။ “ဝုန်း” အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခုမှာ ဟင်းလင်းပြင်ထဲ၌ တုန်ခါသွားခဲ့ရကာ၊ နန်းတော်အပေါ်ယံရှိ တားမြစ်အတားအစီးများကြားမှနေ၍ လမ်းကြောင်းတစ်ခုကို အတင်းအကျပ် ဆွဲဖြဲလိုက်ပြီးနောက်၊ လီရွှမ်တုသည် ၎င်းအတွင်းသို့ လျင်မြန်စွာ တိုးဝင်လျက် ပျောက်ကွယ်သွားခဲ့ပေတော့သည်။

……

တစ်ချိန်တည်းမှာပင်၊ ထိုက်ကျိနန်းဆောင်အတွင်း၌။

“တကယ်ပဲ ဘာတွေ ဖြစ်ကုန်တာလဲ” နန်းဆောင်အတွင်း၌ လီဟန်သည် နဂါးဝတ်ရုံကို ဆင်မြန်းထားလျက် ရှိပေသည်၊ သူ၏ ရှေ့မှောက် စားပွဲတင်ခုံပေါ်၌မူ တောင်ပုံရာပုံရှိသော အစီရင်ခံစာများမှာ တင်ထားလျက် ရှိပေသည်။ ညဉ့်အမှောင်မှာ နက်ရှိုင်းနေသော်လည်း၊ လီဟန်မှာမူ အစားမေ့ အအိပ်မေ့လျက်၊ နန်းဆောင်အတွင်းရှိ ဖယောင်းတိုင်မီးများကို အမှီပြုကာ နေ့ရောညပါ အစီရင်ခံစာများကို စစ်ဆေးပြင်ဆင်နေခြင်း ဖြစ်ပေသည်။ အပြင်ဘက်မှ တစ်စတစ်စ နီးကပ်လာသော သတ်ဖြတ်သံများကို ကြားလိုက်ရသည့်အခါ၊ လီဟန်သည် နောက်ဆုံးတွင် လက်ထဲရှိ အစီရင်ခံစာကို ချထားလိုက်ကာ၊ အသံများ ထွက်ပေါ်နေသော အရပ်ဆီသို့ ခေါင်းမော့ကြည့်လိုက်မိပေတော့သည်။

“ဧကရာဇ်မင်းမြတ် ဒါက သာမန်ဆူညံမှုလေးတစ်ခုသက်သက်ပါ၊ ကျောက်အကြီးတန်းဗိုလ်ချုပ်၊ ပိုင်အကြီးတန်းဗိုလ်ချုပ်နဲ့ လီရွှမ်းယီ အကြီးတန်းဗိုလ်ချုပ်တို့က လူအင်အားတွေကို ဦးဆောင်ပြီးတော့ သွားရောက် နှိမ်နင်းနေကြပါပြီ၊ မကြာခင်မှာပဲ ပြန်ပြီး ငြိမ်သက်သွားမှာပါ” ဘဲသံကဲ့သို့သော အသံတစ်ခုမှာ ဘေးနားမှ ထွက်ပေါ်လာခဲ့ပေသည်။ လီကျင်းကျုံးမှာ တိမ်တိုက်ပုံစံများပါသော ဝတ်ရုံကို ဝတ်ဆင်ထားလျက် လက်ထဲ၌လည်း ယပ်တောင်ကို ကိုင်ဆောင်ကာ လီဟန်၏ ဘေးနားတွင် ခစားနေပေသည်။ လီဟန်ထီးနန်းတက်လာသည်နှင့်အမျှ လီကျင်းကျုံးသည်လည်း ဒုက္ခများမှ လွတ်မြောက်လာခဲ့ပြီဖြစ်ကာ ယခုအခါ အတိတ်က ကောင်းမိန်းမစိုး၏ ရာထူးကို ဆက်ခံလျက်၊ နန်းတွင်းကိုယ်ရံတော် အကြီးအကဲအသစ် ဖြစ်လာခဲ့ခြင်း ဖြစ်ပေသည်။

“မကြာခင်မှာပဲ ပြန်ပြီးငြိမ်သက်သွားမှာ ဟုတ်လား” ဤစကားကို ကြားလိုက်ရသည့်အခါ၊ လီဟန်၏အမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့ရကာ ဝုန်းခနဲ လှည့်ကြည့်လိုက်ပေသည်။ “ငါကိုယ်တော်ကို ဘာမှနားမလည်ဘူးလို့ တကယ်ပဲ ထင်နေတာလား။ ဒါက မကြာခင်မှာ ငြိမ်သက်သွားမယ့် ပုံစံမျိုး ဟုတ်လို့လား” လီဟန်၏ မျက်ဝန်းအတွင်း၌ ဒေါသရိပ်များမှာ ဝေဝါးစွာ ပေါ်ထွက်နေပေသည်။

မြေအောက်ထောင်အတွင်းရှိ ပုန်ကန်မှုများအကြောင်းကို သူသည် လွန်ခဲ့သော ခဏကတည်းက သိရှိထားပြီးသား ဖြစ်သည်။ ထိုစဉ်ကလည်း လက်အောက်ရှိလူများက နန်းစောင့်တပ်ဖွဲ့များမှာ ထွက်ခွာသွားပြီဖြစ်သဖြင့် မကြာမီ ငြိမ်သက်သွားလိမ့်မည်ဟု အစီရင်ခံခဲ့ကြသော်လည်း၊ ယခုအခါတွင်မူ ထိုဆူညံမှုများမှာ ရပ်တန့်သွားခြင်း မရှိသည့်အပြင်၊ သူ ရှိနေသော နေရာနှင့် ပိုမို၍ပင် နီးကပ်လာနေခြင်း ဖြစ်ပေသည်။

“ကျွန်တော်မျိုးအမှားကို ဝန်ခံပါတယ်” လီကျင်းကျုံးသည် ထိုစကားကို ကြားလိုက်ရသည့်အခါ စိတ်ထဲမှ တုန်လှုပ်သွားခဲ့ရကာ အလျင်အမြန်ပင် ခေါင်းငုံ့လိုက်ပေသည်။ ယခုလက်ရှိ လီဟန်မှာ အတိတ်ကနှင့် လုံးဝမတူညီတော့ဘဲ၊ ကိုယ်ပေါ်၌ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများ ပြည့်နှက်နေပြီဖြစ်ရာ၊ သူ ဒေါသထွက်လာသည့် အခါမျိုးတွင်မူ လီကျင်းကျုံးပင်လျှင် ကြောက်ရွံ့သွားရသည်များ ရှိပေသည်။ သို့သော်လည်း မကြာမီမှာပင် လီကျင်းကျုံးသည် ဦးခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ကာ လီဟန်၏ ဘေးနားရှိ အခြားသောပုံရိပ်တစ်ခုဆီသို့ မျက်ရိပ်ပြလိုက်ပေသည်။

“ဧကရာဇ်မင်းမြတ် ဒီနေရာက အခု ဘေးမကင်းတော့ပါဘူး၊ ကျွန်တော်မျိုးအနေနဲ့ အရှင့်ကို စောင့်ရှောက်ရင်းနဲ့ ဒီနေရာကနေ ခဏမျှ ထွက်ခွာသွားဖို့ ခွင့်ပြုပေးပါ။ ထိုက်ကျိနန်းဆောင် အောက်ခြေမှာ ထူးခြားတဲ့ လမ်းကြောင်းတွေ ရှိနေသလို၊ ပြင်းထန်လှတဲ့ တားမြစ် အတားအစီးတွေနဲ့လည်း ကာကွယ်ထားတာမို့၊ အရှင် အဲဒီကို ခဏ ကြွမြန်းသင့်ပါတယ်၊ နန်းစောင့်တပ်ဖွဲ့တွေဘက်က အရာရာကို နှိမ်နင်းပြီးလို့ အားလုံး ငြိမ်သက်သွားတဲ့ အခါကျမှပဲ၊ အရှင် အပြင်ထွက်ပြီးတော့ အခြေအနေတွေကို စီမံခန့်ခွဲတာလည်း နောက်မကျပါဘူး” ယခုကဲ့သို့သော အချိန်မှာပင်၊ ဘေးနားမှနေ၍ ဟိန်းထွက်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။ လီဗိုလ်ချုပ်မှာမူ သူ၏ အမှတ်အသားဖြစ်သော အနက်ရောင် သံချပ်ကာဝတ်စုံကို ဆင်မြန်းထားလျက် ရှိပေသည်၊ သူ၏ တစ်ကိုယ်လုံးမှာ မျက်လုံးတစ်စုံမှလွဲ၍ ကျန်ရှိသော အစိတ်အပိုင်းများ အားလုံးမှာ ထိုသံချပ်ကာအတွင်း၌ ဖုံးကွယ်နေခြင်း ဖြစ်၏။

လီကျင်းကျုံး၏ စိတ်ကူးများကိုမူ သူသည် အစအဆုံး သိရှိထားပြီးသား ဖြစ်သော်လည်း၊ သူသည်လည်း ထိုအချက်ကို ကန့်ကွက်ခြင်း မပြုခဲ့ပေ။ လီကျင်းကျုံးဖြစ်စေ သို့မဟုတ် မိမိဖြစ်စေ အရေးအကြီးဆုံးအချက်မှာ လီဟန်၏လုံခြုံရေးကို ကာကွယ်ပေးရန်သာ ဖြစ်ပေသည်။ ထိုက်ကျိနန်းဆောင် ပတ်ဝန်းကျင်၌ နဂါးကိုယ်ရံတော်များ စောင့်ကြပ်နေသော်လည်း၊ ဧကရာဇ်ဆိုသည်မှာ အင်ပါယာ၏ ဗဟိုချက် ဖြစ်သည်ဖြစ်ရာ၊ မည်သည့် စွန့်စားမှုမျိုးကိုမျှ မပြုလုပ်သင့်ပေ။ အကယ်၍သာ တစ်စုံတစ်ရာသော မတော်တဆမှု ဖြစ်ပေါ်ခဲ့မည်ဆိုပါက နောက်ဆက်တွဲ ရလဒ်များကို မည်သူမျှ တာဝန်ယူနိုင်လိမ့်မည် မဟုတ်ပေ။

“လျှောက်မပြောနဲ့.. ငါကိုယ်တော်ဟာ နိုင်ငံတစ်ခုရဲ့ အရှင်သခင်တစ်ယောက်ပဲ၊ သေးငယ်လှတဲ့ မြေအောက်ထောင် အပြောင်းအလဲလေး တစ်ခုအတွက်နဲ့ပဲ ငါကိုယ်တော်က ဘေးကို ရှောင်ဖယ်ပေးရမယ် ဟုတ်လား နောင်တစ်ချိန် နိုင်ငံတော်မှာ ကြီးမားတဲ့ ပြဿနာတွေ တက်လာခဲ့ရင်၊ ငါကိုယ်တော်က လောကသားတွေကို ဘယ်လိုနည်းနဲ့ ယုံကြည်အောင် လုပ်မှာလဲ။ ပြီးတော့ ဘာကို အခြေခံပြီးတော့ လောကကြီးကို အုပ်ချုပ်မှာလဲ” လီဟန်၏အမူအရာမှာ တင်းမာသွားခဲ့ရကာ၊ အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ငြင်းပယ်လိုက်ပေတော့သည်။ “ဧကရာဇ်ဆိုတာ နိုင်ငံတော်ရဲ့တံခါးဝကို စောင့်ကြပ်ရသူဖြစ်သလို၊ အရှင်သခင်ဆိုတာလည်း တိုင်းပြည်အတွက် အသက်ပေးရမယ့်သူပဲ။ ဘာပဲ ဖြစ်လာဖြစ်လာ၊ ငါကိုယ်တော်ကတော့ ဒီနေရာကနေ လွယ်လွယ်နဲ့ ထွက်သွားမှာ မဟုတ်ဘူး”

လီဟန်၏ အရှိန်အဝါများမှာ များစွာ ခန့်ညားထည်ဝါလှသဖြင့် လီဗိုလ်ချုပ်နှင့် လီကျင်းကျုံးတို့ပင်လျှင် အမူအရာများ မှင်တက်သွားခဲ့ရကာ လီဟန်၏ ကိုယ်ပေါ်မှ အရှိန်အဝါများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသဖြင့် ခေတ္တခဏအတွင်း၌ စကားပင် မဆိုနိုင်ဘဲ ရှိနေကြပေသည်။

“ဘယ်သူလဲ”

“သူ့ကို တားကြစမ်း”

လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်းမှာပင်၊ နန်းဆောင်အတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေစဉ် ရုတ်တရက်ဆိုသလို နန်းဆောင်အပြင်ဘက်မှနေ၍ ဒေါသတကြီး ကြိမ်းမောင်းသံများ ထွက်ပေါ်လာခဲ့ပေသည်။ ၎င်းမှာ နဂါးကိုယ်ရံတော်များ၏ အသံပင် ဖြစ်ပေသည်။ ထိုက်ကျိနန်းဆောင်အတွင်းရှိ လူအပေါင်းတို့မှာ အမူအရာများ မှင်တက်သွားခဲ့ရကာ၊ နန်းဆောင်အပြင်ဘက်ဆီသို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြပေတော့သည်။

******

အခန်း (၂၁၀၀) အရပ်မျက်နှာအနှံ့ သတ်ဖြတ်ခြင်း

“ဝုန်း”

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်တုန်ဟိန်းစေသော ပေါက်ကွဲသံကြီးနှင့်အတူ စူးရှလှသော အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာခဲ့ပြီး၊ နဂါးကိုယ်ရံတော်များမှာ တစ်ဦးပြီးတစ်ဦး လွင့်စင်သွားခဲ့ကြရလေသည်။ ထိုကြောက်မက်ဖွယ်ကောင်းလှသော လေဖိအားလှိုင်းများမှာ သံမဏိကဲ့သို့ မာကျောလှပြီး၊ နဂါးကိုယ်ရံတော်များ၏ ကာကွယ်ရေးကို ဖောက်ထွက်ကာ၊ အဆင့်ဆင့်သော လှေကားထစ်များကို ကျော်ဖြတ်လျက်၊ ထိုက်ကျိနန်းဆောင်၏ လေးလံလှသော တံခါးမကြီးပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့ရာ ကျယ်လောင်သော မြည်ဟည်းသံကြီးများ ဆက်တိုက်ထွက်ပေါ်လာခဲ့သလို၊ ထိုက်ကျိနန်းဆောင် တစ်ခုလုံးပင်လျှင် သိသိသာသာ တုန်ခါသွားခဲ့ရပေသည်။

ခဏချင်းမှာပင် နန်းဆောင်အတွင်းရှိ လူအပေါင်းတို့မှာ အမူအရာများ အသီးသီး ပျက်ယွင်းသွားခဲ့ကြရလေသည်။ နဂါးကိုယ်ရံတော်များမှာ သူတော်စင် ဧကရာဇ်ကိုယ်တိုင် ပျိုးထောင်ထားခဲ့သော ထိပ်တန်းပညာရှင်များဖြစ်ကြပြီး၊ သူတို့၏ အစွမ်းမှာ သံသယဖြစ်စရာမလိုဘဲ အလွန်ပင် ပြင်းထန်လှပေသည်။ သူတို့သည် သန့်စင်သော ဧကရာဇ်၏ ဘေးနားမှ အစွမ်းအထက်ဆုံးသော အကာအကွယ် တံတိုင်းကြီး တစ်ခုလည်း ဖြစ်ပေသည်။ သို့သော်လည်း ယခုအခါတွင်မူ ဤမျှများပြားလှသော အစွမ်းထက် နဂါးကိုယ်ရံတော်များပင်လျှင် တစ်ဖက်လူအား အောင်နိုင်ခြင်း မရှိခဲ့ကြပေ။

“အသုံးမကျတဲ့တစ်စုပဲ၊ အကယ်၍သာ လီထိုက်ယီကိုယ်တိုင် ထွက်လာမယ်ဆိုရင်တော့ ငါကိုယ်တော်ဘက်က အနည်းငယ်တော့ သတိထားရဦးမယ်။ ဒါပေမဲ့ မင်းတို့လိုကောင်တွေနဲ့တော့…… ကိုယ့်အဆင့်ကိုယ် မသိတာပဲ” တစ်ချိန်တည်းမှာပင်၊ အေးစိမ့်တည်ငြိမ်လှသောအသံတစ်ခုမှာ အရိုးထဲအထိ အေးစိမ့်စေလျက် နန်းဆောင်အပြင်ဘက်မှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။ ထိုအသံအတွင်း၌ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေကာ ဓားလှံများအလား ထက်မြက်နေသဖြင့် လူကို များစွာ တုန်လှုပ်ခြောက်ခြားစေပေသည်။

“ဧကရာဇ်မင်းမြတ်……” နန်းဆောင်အတွင်း၌ လီကျင်းကျုံး၏ မျက်နှာမှာ ဖြူလျော့နေခဲ့ကာ တစ်ကိုယ်လုံးမှာလည်း မထိနိုင်ဘဲ တုန်ယင်နေခဲ့ရပေသည်။ သူသည် လီဟန်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်မိပေသည်။

“ထပ်မပြောနဲ့တော့” သူ၏စကားမဆုံးသေးမီမှာပင် လီဟန်က သူ ဘာပြောမည်ကို သိရှိသဖြင့် တိုက်ရိုက်ပင် စကားဖြတ်လိုက်ပေသည်။ “မဟာထန်စတင် တည်ထောင်ခဲ့တဲ့ နှစ်ပေါင်းရာချီအတွင်းမှာ ဆူညံမှုတစ်ခုတည်းနဲ့တင် ထွက်ပြေးခဲ့ရတဲ့ ဧကရာဇ်ဆိုတာ တစ်ပါးမှ မရှိခဲ့ဖူးဘူး၊ ကျင်းကျုံး၊ မင်း ဒီနန်းဆောင်ထဲမှာပဲ နေခဲ့ပါ၊ လီဗိုလ်ချုပ် မင်းကတော့ ငါကိုယ်တော်နဲ့အတူ အပြင်ထွက်ပြီး နဂါးကိုယ်ရံတော်တွေကို ကူညီပေးရမယ်၊ နန်းတော်ထဲမှာ ဘယ်သူက ဒီလောက်အထိ ရဲတင်းပြီးတော့ ဆူညံမှုတွေ ဖန်တီးနေသလဲဆိုတာ ငါကိုယ်တော် ကိုယ်တိုင် ကြည့်ချင်သေးတယ်” နောက်ဆုံး စကားတစ်ခွန်းကို ပြောဆိုလိုက်သည့်အချိန်၌၊ လီဟန်၏ မျက်ဝန်းအတွင်း၌ အေးစိမ့်လှသော အလင်းတန်းတစ်ခု လက်သွားခဲ့ပေသည်။ နံရံပေါ်မှနေ၍ ကြည်လင်လှသော နဂါးဟိန်းသံ တစ်ချက်နှင့်အတူ၊ မူလက ထိုနေရာ၌ ချိတ်ဆွဲထားသော သူတော်စင် ဧကရာဇ်၏ ဧကရာဇ်ဓားမှာ အသံနှင့်အတူ ပျံထွက်လာခဲ့ကာ လီဟန်၏ လက်အတွင်းသို့ ကျရောက်လာခဲ့ပေတော့သည်။ လီဟန်သည် ဓားရှည်ကို ဆုပ်ကိုင်လျက်၊ အရှိန်အဝါများ ပြင်းထန်နေကာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိဘဲ အပြင်ဘက်သို့ တိုက်ရိုက်လျှောက်လှမ်းသွားခဲ့လေသည်။ သူ၏ဘေးနား၌မူ လီဗိုလ်ချုပ်မှာ မြဲမြံစွာ ကပ်လျက် လိုက်ပါသွားခဲ့ပေသည်။

……

“ဝုန်း” တံခါးကြီး ပွင့်သွားသည့်ခဏ၌ လီဟန်၏စိတ်ထဲ၌ ကြိုတင် ပြင်ဆင်ထားခဲ့သည့်တိုင်အောင် နန်းဆောင်အပြင်ဘက်မှ မြင်ကွင်းကို အမှန်တကယ် မြင်တွေ့လိုက်ရသည့် အခါတွင်မူ မထိန်းနိုင်ဘဲ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရကာ ကြီးမားလှသော ရိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရပေသည်။ နဂါးကိုယ်ရံတော်များမှာ မဟာထန်နန်းတော်တစ်ခုလုံး၏ အစွမ်းအထက်ဆုံးသော တိုက်ခိုက်ရေး စွမ်းအားများကို ကိုယ်စားပြုနေကြသည်။ အရှိန်အဝါပြင်းထန်လှသော နဂါးကိုယ်ရံတော် ဆယ်ဂဏန်းခန့်မှာ ထိုက်ကျိနန်းဆောင်ကို စောင့်ကြပ်နေကြခြင်းဖြစ်ရာ၊ လူကို စိတ်ပျက်အားငယ်သွားစေနိုင်သည့် အကြွင်းမဲ့ အကာအကွယ် တံတိုင်းကြီး တစ်ခုကို တည်ဆောက်ထားခြင်းပင် ဖြစ်၏။

မင်းသားသုံးပါး ပုန်ကန်မှုအတွင်း၌၊ ထိုမျှ များပြားလှသော နန်းစောင့်တပ်ဖွဲ့များနှင့် ဝတ်စုံမည်းဝတ်လူများမှာ တစ်သုတ်ပြီးတစ်သုတ် မဆုတ်မနစ် တိုက်ခိုက်ခဲ့ကြသော်လည်း၊ ကြောက်မက်ဖွယ်ကောင်းလှသော နဂါးကိုယ်ရံတော်တစ်ဦးချင်းစီ၏ ရှေ့မှောက်၌မူ၊ ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ အလောင်းများမှာ နေရာအနှံ့ ပုံနေခဲ့ကြရပေသည်။ ထိုနေ့က ထိုက်ကျိနန်းဆောင်ရှေ့၌ တောင်ပုံရာပုံ ရှိနေခဲ့သော အလောင်းများနှင့် မြစ်အလား စီးဆင်းနေခဲ့သော သွေးများမှာမူ ဤနဂါးကိုယ်ရံတော်များ၏ အစွမ်းကို သက်သေပြရန်အတွက် လုံလောက်လှပေသည်။

သို့သော်လည်း ယခုအခိုက်အတန့်၌မူ လီဟန်တံခါးကို ဖွင့်ကာ နန်းဆောင်အပြင်ဘက်သို့ ထွက်ပေါ်လာသည့် ခဏ၌၊ ဝှေ့ယမ်းကြည့်ရှုလိုက်ရာ ပထမဦးဆုံး မြင်တွေ့လိုက်ရသည်မှာ မြေပြင်အနှံ့ ပျံ့နှံ့နေသော နဂါးကိုယ်ရံတော်များ၏ အလောင်းများပင် ဖြစ်ပေတော့သည်။ ထိုက်ကျိနန်းဆောင်ကို ဗဟိုပြုလျက်၊ နဂါးကိုယ်ရံတော်များမှာ အရပ်မျက်နှာအနှံ့ ဖရိုဖရဲ လွင့်စင်နေကြပေသည်။ သူတို့၏ လက်ထဲမှ အလွန်အမင်း ထက်မြက်လှကာ ဖျက်ဆီး၍မရနိုင်သော ဓားရှည်များမှာမူ ဟင်းလင်းပြင်ရှိ လီရွှမ်တု၏ ထိန်းချုပ်မှုအောက်၌ သူတို့ကိုယ်တိုင်၏ အသက်ကို နုတ်ယူမည့် လက်နက်ဆိုးများ ဖြစ်သွားခဲ့ကြရပေပြီ။ ထက်မြက်လှသော ဓားရှည်များမှာ ကောင်းကင်ယံမှနေ၍ အောက်ဘက်သို့ ပြောင်းပြန် စိုက်ကျလာခဲ့ကြပြီး၊ ထိုနဂါးကိုယ်ရံတော်များ၏ ကိုယ်ထည်များကို တိုက်ရိုက်ပင် ထိုးဖောက်ကာ၊ သူတို့အား ထိုက်ကျိနန်းဆောင်ရှေ့မှ အဆင့်ဆင့်သော လှေကားထစ်များပေါ်၌ မြဲမြံစွာ စိုက်ထူထားလိုက်ပေတော့သည်။ သူတို့၏ ကိုယ်အောက်မှနေ၍ သွေးနီရောင်များမှာ တသွင်သွင် စီးကျနေခဲ့ရာ၊ မြင်တွေ့ရသည်မှာ ရင်နင့်စရာ ကောင်းလှပေသည်။

“” ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ လီဟန်တစ်ကိုယ်လုံး မှင်တက်သွားခဲ့ရပေသည်။ “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” တစ်ဖက်လူ၏ အစွမ်းမှာ ပြင်းထန်လှကြောင်း သူ သိရှိထားသော်လည်း၊ လီဟန်အနေဖြင့် ထိုသူ၏ အစွမ်းမှာ ဤမျှအထိ ကြောက်စရာ ကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ၊ အပြင်ဘက်မှ ဆူညံသံများကို ကြားရခြင်းမှသည် အပြင်သို့ ထွက်လာချိန်အထိမှာမူ၊ ခဏတာမျှ အချိန်သာ ရှိသေးသော်လည်း၊ နဂါးကိုယ်ရံတော်များ၏ ထက်ဝက်ကျော်မှာမူ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်ပေသည်။ ထိုက်ကျိနန်းဆောင်ရှေ့တွင်မူ ပြင်းထန်စွာ ဒဏ်ရာရရှိထားသော နဂါးကိုယ်ရံတော် ဆယ်ဂဏန်းကျော်ခန့်သာ ကျန်ရှိတော့ကာ၊ ဓားရှည်များကို ဆုပ်ကိုင်လျက် လီရွှမ်တု၏ရှေ့မှောက်၌ တားဆီးထားကြပေသည်။

“ဧကရာဇ်မင်းမြတ် အမြန် ကြွပါ” လီဟန် ပေါ်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ နဂါးကိုယ်ရံတော်အားလုံးမှာ စိတ်ထဲမှ ထိတ်လန့်သွားကြရကာ စိုးရိမ်တကြီး အော်ဟစ်လိုက်ကြပေသည်။ တစ်ဖက်လူ၏ အစွမ်းမှာ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလောက်အောင် ပြင်းထန်လှပေသည်။ တိုက်ကွက် အနည်းငယ်အတွင်းမှာပင် နဂါးကိုယ်ရံတော်များမှာ အကြီးအကျယ် ဆုံးရှုံးသွားခဲ့ရသဖြင့်၊ ၎င်းမှာ အမှန်တကယ်ပင် စိတ်ပျက်အားငယ်စရာ ကောင်းလှပေသည်။

“ပြေးမယ် ဟုတ်လား… ဟွန်း.. ပြေးလို့ လွတ်ပါ့မလား” တစ်ချိန်တည်းမှာပင်၊ အေးစက်စွာ နှာခေါင်းရှုံ့သံတစ်ခုမှာ ကောင်းကင်ယံမှ ထွက်ပေါ်လာခဲ့ပေသည်၊ လီရွှမ်တုသည် ဟင်းလင်းပြင် ဗလာနယ်ထဲ၌ လွင့်မျောနေလျက်၊ အနက်ရောင် ရွှေဝတ်ရုံမှာ တဖျပ်ဖျပ် လွင့်နေပေသည်။ သူသည်လည်း နန်းဆောင်အတွင်းမှ ထွက်ပေါ်လာသော နဂါးဝတ်ရုံဝတ်ဆင်ထားသည့် လီဟန်ကို သတိပြုမိသွားခဲ့ရာ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏အကြည့်မှာ လေးနက်သွားခဲ့ကာ အမူအရာလည်း အလွန်အမင်း အေးစက်သွားခဲ့ရပေသည်။ “ဝုန်း” သူ၏လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်း၌ ကောင်းကင်ယံမှာ မှောင်မိုက်သွားခဲ့ရပြီး၊ အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခုမှာ အသေးစားမှနေ၍ ဧရာမ အကြီးစားအဖြစ် ပြောင်းလဲသွားခဲ့ကာ ထိုက်ရှန်းတောင်ကြီး အထက်မှ ဖိနှိပ်လိုက်သည့်အလား အောက်ဘက်ရှိ လူအပေါင်းတို့ဆီသို့ လျင်မြန်စွာ ရိုက်ခတ်သွားခဲ့ပေတော့သည်။

“သတိထားကြ” နဂါးကိုယ်ရံတော် တစ်ဦးချင်းစီမှာ အမူအရာများ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ကြရကာ တစ်ဦးပြီးတစ်ဦး လက်ထဲရှိ ဓားရှည်များကို တင်းတင်းဆုပ်ကိုင်လျက် အစွမ်းထက်ဆုံးသော ရန်သူကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်ကြပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ နဂါးကိုယ်ရံတော် အားလုံး၏ ကိုယ်အတွင်း၌ ဂန်ချီများမှာ ဟိန်းဟောက်လာခဲ့ပြီး၊ လက်ထဲရှိ ဓားရှည်များမှလည်း ဓားချီများ ဝုန်းခနဲ မြင့်တက်လာခဲ့ကာ လူတိုင်းမှာ မြေပြင်မှ ဝုန်းခနဲ ထိုးတက်သွားကြလျက် မိမိတို့၏အင်အားရှိသမျှကို စုစည်းပြီးနောက်၊ ပြင်းထန်လှသော စွမ်းအားများဖြင့် ကောင်းကင်ယံမှ ကျဆင်းလာသော ထိုအနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းကို ခုခံတိုက်ခိုက်လိုက်ကြပေတော့သည်။

နန်းဆောင်ရှေ့တွင်မူ လီဗိုလ်ချုပ်သည်လည်း စိတ်ထဲမှ တုန်လှုပ်သွားခဲ့ရကာ၊ အလားတူပင် ဓားရှည်ကို ဆွဲထုတ်လိုက်ပြီးနောက် မြေပြင်ကို တစ်ချက် ကန်ကျောက်လိုက်ရာ ခြေဖဝါးအောက်မှနေ၍ မရေမတွက်နိုင်သော စွမ်းအား အလင်းကွင်းများမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး နဂါးတစ်ကောင်အလား ဟင်းလင်းပြင် အထပ်ထပ်ကို လျင်မြန်စွာ ဖြတ်ကျော်လျက် ကျန်ရှိသော နဂါးကိုယ်ရံတော်များနှင့် ပူးပေါင်းကာ ကောင်းကင်ယံရှိ လီရွှမ်တုဆီသို့ တိုက်ခိုက်လိုက်ပေတော့သည်။

“အစစ်အမှန်နဂါး ကောင်းကင်ယံ၌ စံမြန်းခြင်း”

တစ်ချိန်တည်းမှာပင်၊ လီဟန်သည် အံကို တင်းတင်းကြိတ်လိုက်ကာ လက်ထဲ၌ သူတော်စင် ဧကရာဇ်၏ ဧကရာဇ်ဓား ကို မြဲမြံစွာ ဆုပ်ကိုင်လျက် ကျယ်လောင်လှသော ဓားဟိန်းသံကြီးနှင့်အတူ သူ၏ကိုယ်ပေါ်မှ နဂါးအရှိန်အဝါများမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ၊ လီဗိုလ်ချုပ်၏ နောက်ကွယ်မှ ကပ်လျက် လိုက်ပါသွားပြီး ကောင်းကင်ယံရှိ လီရွှမ်တုဆီသို့ တိုက်ခိုက်လိုက်ပေတော့သည်။

သို့သော်လည်း ကောင်းကင်တုန်လှုပ်စေသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ မြေပြင်ပေါ်မှ မုန်တိုင်းအလား ပြင်းထန်လှသော တိုက်ခိုက်မှုများမှာ၊ ဟင်းလင်းပြင် အလယ်မှ ကျဆင်းလာသော အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းနှင့် ထိတွေ့လိုက်ရသည့် ခဏ၌မူ၊ တိုက်ခိုက်မှု အားလုံးမှာ တွန့်လိမ်လျက်၊ ပြိုကွဲပျက်စီးကာ ပျောက်ကွယ်သွားခဲ့ရပေတော့သည်။ “အား…” စူးရှလှသော အော်ဟစ်ညည်းတွားသံများမှာ ဆက်တိုက်ထွက်ပေါ်လာခဲ့ပေသည်။ များစွာ ကြီးမားလှသော လေဖိအားလှိုင်းများ၏ ရိုက်ခတ်မှုအောက်၌၊ လီဗိုလ်ချုပ်အပါအဝင် နဂါးကိုယ်ရံတော်အားလုံးမှာမူ၊ ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ကြရကာ လီရွှမ်တု၏ တိုက်ခိုက်မှုကြောင့် တစ်ဦးပြီးတစ်ဦး လွင့်စင်သွားခဲ့ကြရပေတော့သည်။

“ချန်း” တစ်ချိန်တည်းမှာပင်၊ သံတူကြောင်းကွဲ မြည်သံတစ်ချက်နှင့်အတူ လီဟန်၏ လက်ထဲရှိ ထိုဧကရာဇ်ဓားမှာလည်း လည်ပတ်လျက် ရှိနေခဲ့ကာ၊ ပြင်းထန်လှသော စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကြောင့် အဝေးသို့ လွင့်စင်သွားခဲ့ရပြီး မြေပြင်ပေါ်သို့ စောင်းလျက် စိုက်ဝင်သွားခဲ့ပေတော့သည်။

“ခရက်” အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ စူးရှလှသော အသံတစ်ချက်နှင့်အတူ၊ နဂါးဝတ်ရုံကို ဆင်မြန်းထားသော လီဟန်မှာမူ၊ အစွမ်းထက်လှသော လက်ဝါးကြီးတစ်ခု၏ မြဲမြံစွာ ဖမ်းဆုပ်ခြင်းကို ချက်ချင်း ခံလိုက်ရပေသည်။ လက်ချောင်း ငါးချောင်းမှာ သူ၏ လည်ပင်းကို ညှစ်ထားလျက် ဖြည်းညှင်းစွာ မြှောက်တင်ခြင်း ခံလိုက်ရကာ လေဟာပြင်အမြင့်ပိုင်းသို့ ရောက်ရှိသွားခဲ့ပေတော့သည်။

“ဧကရာဇ်မင်းမြတ်” ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြပေသည်။ အငွေ့အသက်များမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိအောင် တင်းကျပ်သွားခဲ့ရပေပြီ။

“ရပ်စမ်း” တစ်ချိန်တည်းမှာပင် နောက်ကွယ်မှနေ၍ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။ ထိုအသံမဆုံးသေးမီမှာပင် လေဟာပြင်မှာ တုန်ခါသွားခဲ့ရကာ၊ ပျက်သုဉ်းခြင်း စွမ်းအားများ ပါဝင်နေသော ပြည့်ဝလှသည့် ဂန်ချီတစ်ခုမှာ မိုးကြိုးအလား ပြင်းထန်လှသော အရှိန်အဝါဖြင့် အဝေးဆီမှနေ၍ လီရွှမ်တု၏ ကျောပြင်အလယ်တည့်တည့်ဆီသို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်ပေတော့သည်။

“ဝုန်း” တောင်တန်းကြီး တစ်ခုအလား လေးလံလှသော ဂန်ချီများမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ထိုက်ကျိနန်းဆောင်၏ နံရံပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့ရာ နန်းဆောင်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ရပြီး၊ ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ပြိုလဲသွားတော့မည့်အလား ရှိနေပေသည်။ အခြားတစ်နေရာ၌မူ၊ အလင်းရောင်တစ်ချက် လက်သွားခဲ့ကာ၊ အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး လီရွှမ်တုသည် လီဟန်၏လည်ပင်းကို ဆုပ်ကိုင်ထားဆဲ အခြေအနေဖြင့်ပင် ဆံချည်မျှင်မျှသာ ကွာခြားသော အကွာအဝေးဖြင့် ဝမ်ချောင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ကာ ထိုနေရာ၌ ပေါ်ထွက်လာခဲ့ပေသည်။

“ကောင်လေး၊ မင်းသေချာပေါက် ရောက်လာခဲ့တာပဲ၊ ကြည့်ရတာ မြေအောက်ထောင်ထဲမှာတော့ မင်းကို အကုန်လုံး ဖုံးကွယ်မထားနိုင်ခဲ့ဘူးပေါ့” လေပြင်းများမှာ တိုက်ခတ်နေခဲ့ကာ လီရွှမ်တုမှာ ဝမ်ချောင်ကို ကျောပေးထားလျက် ရှိပေသည်။ ဖရိုဖရဲ ဖြစ်နေသော သူ၏ဆံနွယ်နက်များမှာ တဖျပ်ဖျပ် လွင့်နေကာ၊သူ၏ ကျောပြင်မှာမူ များစွာ မာနကြီးလှသကဲ့သို့ ခန့်ညားထည်ဝါနေပေသည်။ “ဒါပေမဲ့၊ အကယ်၍ မင်း နောက်ထပ် ခြေတစ်လှမ်း ထပ်တိုးလိုက်မယ်ဆိုရင်တော့ မင်းတို့တွေ ဧကရာဇ်အသစ်တစ်ပါးကို ထပ်ပြီးတော့ တင်မြှောက်ရတော့မယ် ထင်တယ်” နောက်ဆုံး စကားတစ်ခွန်းကို ပြောဆိုလိုက်သည့်အချိန်၌၊ လီရွှမ်တု၏ သတ်ဖြတ်လိုသော အငွေ့အသက်များမှာ အလွန်အမင်း ပြင်းထန်နေကာ အေးစိမ့်လှပေသည်။

“ဝုမ်း” အဆင့်ဆင့်သော လှေကားထစ်များ ရှေ့တွင်မူ၊ ဝမ်ချောင်သည် ထိုက်ကျိနန်းဆောင်အပြင်ဘက် နဂါးကိုယ်ရံတော်များ စောင့်ကြပ်နေသော အပြင်ဘက်ဆုံး နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း လီရွှမ်တု၏စကားကို ကြားလိုက်ရသည့်အခါနှင့် ထိုသူ၏ လက်မောင်းပေါ်မှ ထိုးထွက်နေသော အကြောစိမ်းများကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ စိတ်ထဲမှ ဒိတ်ခနဲဖြစ်သွားခဲ့ရကာ ချက်ချင်းပင် ခြေလှမ်းများကို ရပ်တန့်လိုက်ပေသည်။ မြန်ဆန်လွန်းလှတယ်။ သူသည် ဤနေရာသို့ ရောက်ရှိရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ကျင့်စဉ်စွမ်းအား အဆင့်ကွာဟချက်ကြောင့် လီရွှမ်တုထက် များစွာနောက်ကျနေခဲ့ခြင်းပင် ဖြစ်၏။

“ဧကရာဇ်မင်းမြတ်ကို လွှတ်ပေးလိုက်ပါ စီနီယာ အဲဒါက စီနီယာနဲ့ ဧကရာဇ်ဟောင်းတို့ကြားက ရန်ငြိုးတွေပဲလေ၊ ဧကရာဇ်မင်းမြတ်နဲ့ ဘာမှမသက်ဆိုင်ပါဘူး။ စီနီယာဟာလည်း ခေတ်တစ်ခေတ်ရဲ့ပါရမီရှင်တစ်ယောက်ပဲ၊ ဘာကြောင့် လူငယ်လေး တစ်ယောက်ကို အကျပ်ကိုင်နေရတာလဲ” ဤအခိုက်အတန့်၌ ဝမ်ချောင်၏မျက်နှာမှာလည်း များစွာပျက်ယွင်းနေခဲ့ပေပြီ။ ဘက်ပေါင်းစုံမှ ကာကွယ်ခဲ့သည့်တိုင်အောင်၊ နောက်ဆုံးတွင်မူ လီလင်ဖူနှင့် ထိုက်ရှီတို့၏ အကြံအစည်မှာ အောင်မြင်သွားခဲ့ပေပြီ။

“ထျန်း(ငါကိုယ်တော်)ကို လွှတ်စမ်း.. မင်းက အမှန်တကယ် ဘယ်သူလဲ” တစ်ချိန်တည်းမှာပင် လီဟန်သည် လီရွှမ်တု၏ လက်ဝါးအတွင်းမှနေ၍ အားကုန် ရုန်းကန်နေပေသည်။ ဤခဏအတွင်း၌ သူသည် ဝမ်ချောင်က တစ်ဖက်လူအား ခေါ်ဝေါ်လိုက်သော အခေါ်အဝေါ်ကို ကြားလိုက်ရသလို၊ လီရွှမ်တု၏ ကိုယ်ပေါ်ရှိ အနက်ရောင်နှင့်ရွှေရောင်ဝတ်ရုံကိုလည်း သတိပြုမိသွားခဲ့ပေသည်။ လီဟန်မှာ တော်ဝင်မျိုးနွယ်ဝင် တစ်ဦးဖြစ်သည့်အတိုင်း နန်းတွင်းရှိ ဝတ်စားဆင်ယင်မှု စနစ်များနှင့် စည်းမျဉ်းများကို ကောင်းစွာ သိရှိထားသူ ဖြစ်ပေသည်။ သူ၏ရှေ့မှောက်မှ ဤလူ ဆင်မြန်းထားသော အနက်ရောင်နှင့်ရွှေရောင်ဝတ်ရုံဆိုသည်မှာ မည်သူမဆို ဝတ်ဆင်နိုင်သော အရာမျိုး မဟုတ်ပေ။ သူကိုယ်တိုင်လည်း အရင်က အိမ်ရှေ့စံမင်းသား အဆင့်အတန်းအထိ မြင့်မားခဲ့ဖူးသော်လည်း သာမန် အိမ်ရှေ့စံမင်းသား ဝတ်စုံကိုသာ ဝတ်ဆင်ခဲ့ရခြင်း ဖြစ်၏။

ဤကဲ့သို့သော အနက်ရောင်နှင့်ရွှေရောင်ဝတ်ရုံကိုမူ သူပင်လျှင် ဝတ်ဆင်ခွင့် မရှိခဲ့ပေ။ ၎င်းမှာ အင်ပါယာ ဧကရာဇ်က ခြွင်းချက်အနေဖြင့် ချုပ်လုပ်ရေးဌာနအား အထူး မိန့်ကြား ချုပ်လုပ်စေခဲ့သော အရာသာ ဖြစ်ပေသည်။ ၎င်းမှာ များစွာ ထူးခြားလှသော အောင်မြင်မှုများ ရှိသည့် မင်းသားများသာလျှင် ခံစားခွင့်ရှိသော အထူး ဂုဏ်ပြုမှု တစ်မျိုးပင် ဖြစ်၏။ ထို့ပြင် လီဟန်အနေဖြင့် တစ်ချက်တည်းဖြင့်ပင် ခွဲခြားသိမြင်နိုင်သည်မှာမူ ၎င်းမှာ အတုအပတစ်ခု လုံးဝ မဟုတ်ဘဲ၊ အစစ်အမှန် တော်ဝင်ဝတ်ရုံပင် ဖြစ်နေခြင်း ဖြစ်ပေသည်။

“ငါကိုယ်တော်လား.. ဟားဟား၊ ငါကိုယ်တော်ကတော့ ဒီလောကကြီးရဲ့မူလ အစစ်အမှန် အရှင်သခင်ပဲ၊ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က မင်းရဲ့အဖေဖြစ်သူက ငါကိုယ်တော့် လက်ထဲကနေ နိုင်ငံတော်ရဲ့ အာဏာစက်တွေနဲ့၊ မြင့်မြတ်လှတဲ့ ဧကရာဇ် အာဏာကို တစ်ဖက်သတ် လုယူသွားခဲ့တာပေါ့” လီဟန်၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ၊ လီရွှမ်တုသည် ရူးသွပ်စွာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်ပေသည်။ သူ၏ တစ်ကိုယ်လုံးမှာ တုန်ယင်နေသော်လည်း လီဟန်၏လည်ပင်းကို ညှစ်ထားသော လက်ဝါးမှာမူ သံမဏိညှပ်ကြီး တစ်ခုအလား အနည်းငယ်မျှပင် လျှော့ပေးခြင်း မရှိပေ။

“လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ဟုတ်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက အိမ်ရှေ့စံမင်းသားဟောင်းလီရွှမ်တုလာ” တစ်ချိန်တည်းမှာပင်၊ လီဟန်သည် သူ၏ ရှေ့မှောက်ရှိ လီရွှမ်တုကို ကြည့်လျက် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရကာ၊ နောက်ဆုံးတွင်မူ ထိတ်လန့်တုန်လှုပ်သော အမူအရာများ ပေါ်ထွက်လာခဲ့ပေတော့သည်။ သူသည် အသက်အရွယ်အရ နောက်ကျမှ မွေးဖွားသူ ဖြစ်သလို၊ ရှန်လုံ ပုန်ကန်မှုမှာလည်း အချိန်အတော်ကြာကတည်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း၊ ရှန်လုံ ပုန်ကန်မှုဆိုသည်မှာ သူတော်စင် ဧကရာဇ်၏ တစ်ဘဝလုံးအတွင်း၌ အရေးအကြီးဆုံးသော အလှည့်အပြောင်း တစ်ခုဖြစ်ခဲ့ရာ သူတော်စင်ဧကရာဇ်ကို ကြည်ညိုလေးစားကြသော မင်းသားများအတွက်မူ၊ လူတိုင်း၏ နားထဲ၌ ရင်းနှီးနေပြီးသား ကိစ္စရပ်တစ်ခုပင် ဖြစ်ပေသည်။ အသေးစိတ် အချက်အလက်များစွာကို ရှင်းပြထားခြင်း မရှိသော်လည်း၊ လီရွှမ်တု ဟူသော အမည်နာမကိုမူ မသိရှိသော မင်းသားဟူ၍ မရှိသလောက်ပင် ဖြစ်၏။

ထိုသူမှာ သေချာပေါက် သူတော်စင် ဧကရာဇ်၏ တစ်ဘဝလုံးအတွင်း အစွမ်းထက်ဆုံးသော ပြိုင်ဘက်များအနက် တစ်ဦးပင် ဖြစ်ပေသည်။ လီဟန်အနေဖြင့် လီရွှမ်တုမှာ အမှန်တကယ် အသက်ရှင်နေသေးလိမ့်မည်ဟု မည်သို့မျှ ထင်မှတ်မထားခဲ့သလို၊ ယခုကဲ့သို့ မိမိ၏ရှေ့မှောက်၌ အရှင်လတ်လတ် ပေါ်ထွက်လာလိမ့်မည်ဟုလည်း ထင်မထားခဲ့ပေ။ အလိုအလျောက်ပင် လီဟန်၏ အကြည့်မှာ လီရွှမ်တုကို ကျော်ဖြတ်လျက်၊ အခြားတစ်ဖက်ရှိ ဝမ်ချောင်ဆီသို့ ကျရောက်သွားခဲ့ပေသည်။ အရင်က အခြေအနေများအရ ကြည့်လျှင်မူ၊ ဝမ်ချောင်သည် တစ်စုံတစ်ရာသော အတွင်းရေးများကို သိရှိထားသည်မှာ ထင်ရှားလှပေသည်။ သူ၏ ရှေ့မှောက်မှပုဂ္ဂိုလ်၏ အထောက်အထားကိုလည်း ဝမ်ချောင်သိရှိထားရန်မှာ များစွာ အခွင့်အလမ်း ရှိနေပေသည်။

အခြားတစ်ဖက်၌မူ လီဟန်၏အကြည့်ကို ခံစားသိရှိလိုက်ရသည့်အခါ ဝမ်ချောင်မှာမူ စကားတစ်ခွန်းမျှ မဆိုဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်ပေသည်။

ဝမ်ချောင်၏ တုံ့ပြန်မှုကို မြင်တွေ့လိုက်ရသည့်အခါ လီဟန်တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရကာ စိတ်နှလုံးမှာလည်း ချက်ချင်းပင် အောက်ခြေသို့ နစ်မြုပ်သွားခဲ့ရပေသည်။ အကယ်၍ သူ၏ ရှေ့မှောက်မှ ပုဂ္ဂိုလ်မှာ အမှန်တကယ်ပင် သူ ငယ်စဉ်ကတည်းက နားထဲ၌ ရင်းနှီးနေခဲ့သော လီရွှမ်တုသာ ဖြစ်နေမည်ဆိုပါက၊ ယနေ့ခေတ် ကိစ္စရပ်များမှာမူ ကောင်းမွန်စွာ ပြီးဆုံးသွားရန်မှာ များစွာ ခဲယဉ်းလှပေလိမ့်မည်။

“ဟွန်း… လီထိုက်ယီကတော့ သေတောင် မနှမြောသင့်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ပေမဲ့၊ အနည်းဆုံးတော့ ကျင့်စဉ်စွမ်းအားကတော့ မဆိုးလှပါဘူး၊ ဒါပေမဲ့ မင်းလို သားမျိုးကို ဘယ်လိုများ မွေးလိုက်တာလဲ၊ သိမ်မွေ့နက်နဲသော အဆင့်ကိုတောင် မရောက်သေးဘူးပဲ၊ တကယ့်ကို ကျားဖခင်ဆီကနေ ခွေးသားပဲ မွေးတာပဲ” ယခုကဲ့သို့သော အချိန်မှာပင် အေးစက်စွာ နှာခေါင်းရှုံ့သံ တစ်ခုမှာ နားထဲသို့ တိုးဝင်လာခဲ့ပေသည်။ လီဟန်၏ စိတ်ထဲ၌ အတွေးပေါင်း သောင်းခြောက်ထောင် လှုပ်ခတ်နေစဉ်မှာပင် လီရွှမ်တု၏အကြည့်မှာ အေးစိမ့်နေကာ၊ အလားတူပင် လီဟန်အား အကဲခတ်ကြည့်ရှုနေပြီး သူ၏မျက်ဝန်းအတွင်းမှ နှိမ်ချလိုသော အငွေ့အသက်များကိုမူ အနည်းငယ်မျှပင် ဖုံးကွယ်ထားခြင်း မရှိပေ။

******

အခန်း (၂၁၀၁) လီဟန်၏ ပြန်လည်တိုက်စစ်ဆင်မှု

လီထိုက်ယီ၏ အစွမ်းမှာ အံ့မခန်းလှကာ နတ်ဘုရားသိုင်းအဆင့်သို့ပင် နီးကပ်နေခဲ့ပြီး၊ လီရွှမ်တုမှာမူ အနည်းငယ် အားနည်းသော်လည်း ဂူကောင်းကင်အဆင့် ကျင့်စဉ် အစွမ်း ရှိပေသည်။ လီထိုက်ယီ ကိုယ်တိုင် ရွေးချယ်ခဲ့သော ထီးနန်းဆက်ခံသူဖြစ်သည့်အတိုင်း လီဟန်သည် အနည်းဆုံးတော့ သိမ်မွေ့နက်နဲသော အဆင့် သို့မဟုတ် ၎င်းထက် ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိလိမ့်မည်ဟု လီရွှမ်တု မူလက ထင်မှတ်ထားခဲ့သော်လည်း၊ မမျှော်လင့်ဘဲ သူသည် သူတော်စင်သိုင်းအဆင့်မျှသာ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရပေသည်

“ဒါပေမဲ့ နဂါးအရှိန်အဝါကတော့ မဆိုးလှပါဘူး။ ဒါက အဲဒီဓားနဲ့ ဧကရာဇ်ရာထူးရဲ့ ကျေးဇူးကြောင့် ဖြစ်ရမယ်” လီရွှမ်တုက တည်ငြိမ်စွာ ဆိုလိုက်ပေသည်။ သူ၏ လက်ဝါးကို တစ်ချက် ဆန့်ထုတ်လိုက်ရာ မဝေးလှသော နေရာမှ ထိုဧကရာဇ်ဓားမှာ လေဟာပြင်ကို ဖြတ်ကျော်လျက် သူ၏လက်အတွင်းသို့ တိုက်ရိုက် တိုးဝင်လာခဲ့ပေတော့သည်။

သို့သော်လည်း လီရွှမ်တုက ဓားရိုးကို ဆုပ်ကိုင်လိုက်သည့် ခဏ၌ ထိ ဧကရာဇ်ဓားမှာ ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ဓားအလင်းတန်းများ ဝုန်းခနဲ မြင့်တက်လာကာ၊ ကြီးမားလှသော စွမ်းအားတစ်ခုမှာ ဓားကိုယ်ထည် အတွင်းပိုင်းမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ တောင်ပြိုပင်လယ်လှိုင်းတံပိုးများအလား ပြင်းထန်လှသော ဓားချီများမှာ လီရွှမ်တုထံသို့ တိုက်ရိုက်ဖိနှိပ်လိုက်ကာ သူ့အား တွန်းထုတ်ရန် ကြိုးစားလိုက်ပေတော့သည်။

ဤသည်မှာ နတ်ဘုရားဓားက လီရွှမ်တု၏ထိန်းချုပ်မှုကို ငြင်းဆန်နေခြင်းပင် ဖြစ်ပေသည်။ သိသာထင်ရှားသည်မှာ ဤ ဧကရာဇ်ဓားသည် အရှင်သခင်ကို မှတ်မိနေခြင်းပင် ဖြစ်၏။

“ဟွန်း… လီထိုက်ယီတောင် မရှိတော့တာ၊ သက်မဲ့လက်နက်တစ်ခုက ဒီပန်းဝမ်ကို အန်တုဝံ့တယ်ပေါ့” ဧကရာဇ်ဓား၏ ပြင်းထန်လှသော ခုခံမှုကို ကြုံတွေ့ရသည့်အခါ၊ လီရွှမ်တု၏အကြည့်များမှာ အေးစိမ့်သွားခဲ့ရပေသည်။ သူ၏လက်ဝါးကို ဆန့်ထုတ်လိုက်ရာ အချိန်နှင့် ဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့ပြီး၊ အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများမှာ သူ၏ လက်ချောင်းများကြား၌ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ လီရွှမ်တုက လက်ချောင်းငါးချောင်းဖြင့် ဖမ်းဆုပ်လိုက်ရင်း ဧကရာဇ်ဓားမှ ထွက်ပေါ်နေသော ဓားအလင်းတန်းများကို အတင်းအကျပ် ရိုက်ခွဲပစ်လိုက်ပြီး လောကတစ်ခွင် ကျော်ကြားလှသော ဤဧကရာဇ်ဓားကို မျက်တောင်တစ်ခတ်အတွင်းမှာပင် အတင်းအကျပ် ချိပ်ပိတ်လျက် လက်ထဲ၌ ဖမ်းဆုပ်ထားလိုက်ပေတော့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ ဝမ်ချောင်နှင့် လီဟန်အပါအဝင် အရပ်မျက်နှာအနှံ့ရှိ လူအပေါင်းတို့မှာ စိတ်နှလုံးများ လေးလံသွားခဲ့ရပေသည်။ ဧကရာဇ်ဓားမှာ သူတော်စင် ဧကရာဇ်၏ ကိုယ်ရံဓား ဖြစ်ပေသည်။ ထိုနေ့က မင်းသားသုံးပါး ပုန်ကန်မှုအတွင်း၌၊ သန့်စင်သော ဧကရာဇ် ထုတ်ဖော်လိုက်သော ထိုဓားချက်မှာ သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းလှသလို၊ အစွမ်းမှာလည်း ထိတ်လန့်စရာ ကောင်းလှသဖြင့် နတ်ဘုရားများနှင့် မိစ္ဆာများပင်လျှင် ဦးညွှတ်ခဲ့ကြရပေသည်။

နတ်ဘုရားဓားတွင် ဓားဝိညာဉ်ရှိပေသည်။ ဤနတ်ဘုရားဓားမှာ သူတော်စင် ဧကရာဇ်၏ ဂန်ချီများအတွင်း၌ ဆယ်စုနှစ်ပေါင်းများစွာ စိမ်ထားခဲ့ခြင်းဖြစ်ရာ၊ အတိုင်းအဆတစ်ခုအထိ ဝိညာဉ်စွမ်းအားများ ကိန်းအောင်းနေခဲ့ပြီဖြစ်သဖြင့် ဧကရာဇ်မှလွဲ၍ အခြားသူများအနေဖြင့် ထိန်းချုပ်ရန် များစွာခဲယဉ်းလှသော်လည်း၊ လီရွှမ်တုမှာမူ သူ၏ ကြောက်မက်ဖွယ်ကောင်းလှသော ကိုယ်ပိုင်အစွမ်းကို အမှီပြုလျက် ဤဓားကို အတင်းအကျပ် ချိပ်ပိတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

နတ်ဘုရားဓားကို လက်ဝယ် ရရှိထားသော်လည်း လီရွှမ်တုမှာမူ တစ်ချက်မျှပင် အလေးထား၍ ကြည့်ရှုခြင်း မရှိပေ။ သူ၏မျက်ဝန်းအတွင်းမှ အေးစိမ့်လှသော အလင်းတန်းတစ်ခု လက်သွားခဲ့ကာ သူ၏ ရှေ့မှောက်ရှိ လီဟန်ကို ကြည့်လျက်၊ မကြာမီမှာပင် နောက်ထပ်တစ်ကြိမ် စကားဆိုလိုက်ပေတော့သည်။

“လီဟန် အခု ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်၊ မင်းတို့ သားအဖနှစ်ယောက် ကျူးလွန်ခဲ့တဲ့ အမှားတွေကို ပြန်ပြီး ကုစားဖို့အတွက်ပေါ့”

“အခုချက်ချင်း အမိန့်တော်စာ တစ်စောင် ရေးစမ်း၊ ပြီးတော့ လောကတစ်ခွင်ကို ကြေညာလိုက်၊ မင်းရဲ့ခမည်းတော် ဧကရာဇ်ဟာ အတိတ်တုန်းက ရက်စက်ယုတ်မာခဲ့သလို၊ ယုတ်ညံ့လှတဲ့ လှည့်ကွက်တွေကို သုံးပြီးတော့ ဒီပန်းဝမ်ရဲ့ ဧကရာဇ်ရာထူးကို လုယူခဲ့တာဖြစ်သလို၊ ကောင်းကျုံးဧကရာဇ်ရဲ့ ဆန္ဒကိုလည်း ဆန့်ကျင်ခဲ့တာလို့ပေါ့။ မင်းရဲ့ခမည်းတော် ဧကရာဇ်ရဲ့ ပြစ်မှုတွေကို အခုချက်ချင်း လူသိရှင်ကြား ကြေညာလိုက်ပါ၊ ပြီးတော့ မင်းက သူ့အတွက် ရှက်ရွံ့နေတာကြောင့်၊ ငါ့ဆီကို ဧကရာဇ်ရာထူးကို ကိုယ်တိုင် လွှဲပြောင်းပေးအပ်တာဖြစ်ပြီးတော့ ငါ့ကို အရှင်သခင်အဖြစ် တင်မြှောက်ပါတယ်လို့ ကြေညာလိုက်စမ်း”

“မင်းက ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင်သွေးသားတစ်ယောက် ဖြစ်နေတာကို ထောက်ထားပြီးတော့ ငါ မင်းရဲ့ အသက်ကို ချန်ထားပေးနိုင်တာပေါ့”

လီရွှမ်တု၏ ထိုရက်စက်လှသော အသံမှာ ထိုက်ကျိနန်းဆောင်တစ်ခုလုံး၏ ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားခဲ့ကာ လူတိုင်း၏နားစည်အတွင်းသို့ တိုးဝင်သွားခဲ့ပေတော့သည်။

ဤအခိုက်အတန့်၌မူ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်မှုနှင့်အတူ များစွာဒေါသထွက်သွားခဲ့ကြရပေသည်။ အထူးသဖြင့် ထိုက်ကျိနန်းဆောင်ကို စောင့်ကြပ်ရန် တာဝန်ယူထားသော ဧကရာဇ်၏ နဂါးကိုယ်ရံတော်များမှာမူ၊ တစ်ဦးချင်းစီ၏ မျက်နှာများမှာ နီမြန်းနေခဲ့ကာ လက်ထဲရှိ ရတနာဓားများကို တင်းတင်းဆုပ်ကိုင်လျက် ဒေါသတကြီး စူးစိုက်ကြည့်နေကြပေတော့သည်။ နဂါးကိုယ်ရံတော်များမှာ သူတော်စင် ဧကရာဇ်ကိုယ်တိုင် ပျိုးထောင်ထားသော ထိပ်တန်း ကိုယ်ရံတော်များ ဖြစ်ကြပြီး၊ သန့်စင်သော ဧကရာဇ်အပေါ်၌ အတိုင်းအဆမရှိ သစ္စာရှိကြသလို များစွာလည်း ကြည်ညိုလေးစားကြသူများ ဖြစ်ရာ ဤကဲ့သို့ မိမိတို့၏ အရှင်သခင်အား စော်ကားမော်ကား ပြောဆိုသည်ကိုမူ အဘယ်မှာ သည်းခံနိုင်ပါမည်နည်း။

အကယ်၍သာ လီရွှမ်တုအား ဒေါသထွက်အောင် လုပ်ဆောင်မိခြင်းကြောင့်၊ ဧကရာဇ်အသစ် လီဟန်၏ အသက်အန္တရာယ်ကို ထိခိုက်မည်ကို မစိုးရိမ်ခဲ့ပါက၊ ဤနဂါးကိုယ်ရံတော် များမှာ အချိန်အတော်ကြာကတည်းက လက်ဦးမှုယူ တိုက်ခိုက်လျက် လီရွှမ်တု နှင့် အသက်ပေး၍ တိုက်ခိုက်နေကြလောက်ပြီ ဖြစ်ပေသည်။

“ရပ်စမ်း” “ဧကရာဇ်မင်းမြတ်ကို လွှတ်ပေးလိုက်စမ်း” လူတိုင်းမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုးကြောင့် များစွာ ဒေါသထွက်နေကြပေသည်။

“သူက ဧကရာဇ် ဖြစ်ချင်နေတာပဲ” အခြားတစ်ဖက်မှာတော့ ထိုစကားများကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏စိတ်နှလုံးအတွင်း၌လည်း များစွာတုန်လှုပ်သွားခဲ့ရပေသည်။ သို့သော်လည်း ယခုအခါ လီဟန်မှာ သူ၏လက်ထဲ၌ ရောက်ရှိနေသဖြင့် ဝမ်ချောင်မှာမူ မဆင်မခြင် မလှုပ်ရှားရဲပေ။

“သူ့ကို တစ်နည်းနည်းနဲ့ အချိန်ဆွဲထားမှ ဖြစ်မယ်” ဝမ်ချောင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ပေသည်။ လီရွှမ်တု၏ကိုယ်ပေါ်တွင်မူ ပြင်းထန်လှသော အချိန်နှင့် ဟင်းလင်းပြင် လှုပ်ခတ်မှုများ ရှိနေပေသည်။ ထိုပုံသဏ္ဌာန်မရှိသော ဖိအားများမှာ ဝမ်ချောင်အား များစွာသော ဖိအားများကို ပေးစွမ်းနေခဲ့ရာ မိမိတစ်ဦးတည်း၏ အစွမ်းဖြင့်ဆိုလျှင် သူ၏ပြိုင်ဘက် မဟုတ်ကြောင်း ဝမ်ချောင်ကောင်းစွာ သိရှိထားပေသည်။ ဝမ်ချောင်သည် မိမိ၏ ရှန်ထိုက် ကိုယ်ပွားသုံးခုလုံးအား အမြန်ဆုံး လာရောက်ရန် အာရုံဖြင့် ဆက်သွယ်နေသည့် တစ်ချိန်တည်းမှာပင်၊ ဦးနှောက်အတွင်း၌လည်း ရင်ဆိုင်မည့် နည်းဗျူဟာများကို အလျင်အမြန် စဉ်းစားနေပေသည်။

“အိမ်ရှေ့စံမင်းသား အရှင်က ဧကရာဇ်အတတ်ပညာတွေကို သင်ကြားခဲ့ဖူးသလို၊ သမိုင်းမှတ်တမ်းတွေနဲ့ ကျမ်းဂန်တွေကိုလည်း ကျွမ်းကျင်ခဲ့သူပါ၊ အရင်တုန်းက ကောင်းကျုံးဧကရာဇ်တောင်မှ အိမ်ရှေ့စံမင်းသားရဲ့ပါရမီတွေကို အများကြီး ချီးကျူးခဲ့ဖူးတာပဲလေ။ ရှေးယခင်ကတည်းက အရှင်သခင်တွေဟာ နန်းလျာကို ရွေးချယ်တဲ့ နေရာမှာ၊ စွမ်းအားကို ဘယ်တော့မှ အဓိကမထားခဲ့ဘဲ၊ စရိုက်လက္ခဏာနဲ့ ကိုယ်ကျင့်တရားကိုပဲ ကြည့်ခဲ့ကြတာပါ။ စရိုက်နဲ့ ကိုယ်ကျင့်တရားက ရာထူးနဲ့ ထိုက်တန်မှသာ နိုင်ငံရဲ့ကံကြမ္မာဟာလည်း ရှည်လျားတည်တံ့နိုင်မှာ ဖြစ်တယ်၊ ထိုက်ဇူ၊ ထိုက်ကျုံး ဒါမှမဟုတ် ကောင်းကျုံး ဘယ်သူပဲဖြစ်ဖြစ်၊ ထီးနန်းဆက်ခံသူကို ရွေးချယ်တဲ့ နေရာမှာ ဒီအတိုင်းပဲ လုပ်ဆောင်ခဲ့ကြတာပါ” မကြာမီမှာပင် ဝမ်ချောင်သည် ခြေလှမ်းအနည်းငယ် ရှေ့သို့ တိုးလာခဲ့ကာ စကားဆိုလိုက်ပေတော့သည်။

“ရှန်လုံ ပုန်ကန်မှုဖြစ်ပွားချိန်တုန်းက၊ ကျွန်တော်မျိုး မွေးတောင် မမွေးသေးသလို၊ ပါဝင်ခွင့်လည်း မရခဲ့တာကြောင့် ဝေဖန်ပိုင်းခြားဖို့တော့ မတတ်နိုင်ပါဘူး။ ဒါပေမဲ့ သူတော်စင် ဧကရာဇ် နန်းတက်ပြီးနောက်မှာတော့ တိုင်းပြည်ဟာ အေးချမ်းသာယာခဲ့သလို စစ်အင်အားလည်း တောင့်တင်းခဲ့တယ်၊ မဟာထန်ရဲ့ နယ်နိမိတ်ဟာလည်း သမိုင်းတစ်လျှောက် မရှိဖူးသေးတဲ့ အဆင့်အထိ ကျယ်ပြန့်ခဲ့သလို၊ ကျိုကျိုးတစ်ခွင်လုံးမှာရှိတဲ့ လူထုတွေ အကုန်လုံးကလည်း ချီးကျူးခဲ့ကြတာပါ” “သူတော်စင် ဧကရာဇ်ကို ‘တစ်ခေတ်တစ်ခါမှာ တစ်ပါးသာ ပေါ်ထွန်းတဲ့ ဧကရာဇ်’ လို့ ခေါ်ဆိုကြတာဟာ၊ သူ့ဘာသာသူ ခေါ်ဆိုခဲ့တာ မဟုတ်ဘဲ၊ လောကရှိ လူထုအပေါင်းက အတူတူ ဝိုင်းဝန်း ထောက်ခံလျက် ပေးအပ်ခဲ့ကြတဲ့ ဘွဲ့ထူးပဲ ဖြစ်ပါတယ်”

“ယခုလက်ရှိ ဧကရာဇ်မင်းမြတ်မှာ ငယ်ရွယ်သေးတယ် ဆိုပေမဲ့လည်း ကိုယ်ကျင့်တရားနဲ့ စရိုက်လက္ခဏာ ပိုင်းမှာတော့ လောကတစ်ခွင်က ချီးကျူးနေကြတာပဲ၊ ဧကရာဇ်မင်းမြတ် နန်းတက်တာ မကြာသေးပေမဲ့လည်း ကိုယ်တိုင် လက်တွေ့ လုပ်ဆောင်လျက် စိတ်ဓာတ်တွေ ပြင်းပြနေသလို၊ အစားမေ့ အအိပ်မေ့အောင် လုပ်ဆောင်နေတာကြောင့်၊ လောကရှိ ကိစ္စအရပ်ရပ်ဟာလည်း စနစ်တကျ ဖြစ်နေသလို အရှိန်အဟုန်နဲ့ တိုးတက်နေတာပါ။ ဧကရာဇ်မင်းမြတ်မှာ မင်းကောင်းမင်းမြတ်တစ်ပါးရဲ့ လက္ခဏာတွေ ရှိနေတာကြောင့်၊ လောကရှိ လူထုအပေါင်းရဲ့ ရိုသေလေးစားမှုနဲ့ ချစ်ခင်မှုကိုလည်း အလားတူ ခံယူထားရတာပါ။ နိုင်ငံတဆိုတာ လူတစ်ယောက်တည်းရဲ့ နိုင်ငံ မဟုတ်သလို၊ လောကကြီး ဆိုတာလည်း လူတစ်ယောက်တည်းရဲ့ လောက မဟုတ်ပါဘူး။ အိမ်ရှေ့စံမင်းသားအနေနဲ့ အမှန်တကယ်ပဲ ဧကရာဇ်ရာထူးပေါ် ထိုင်ချင်တယ်ဆိုရင်တော့ မိမိရဲ့လုပ်ဆောင်ချက်တွေနဲ့ စွမ်းဆောင်ရည်တွေကို အသုံးချပြီးတော့ လောကသားတွေရဲ့ ရိုသေလေးစားမှုနဲ့ ချစ်ခင်မှုကို ရရှိအောင် လုပ်ဆောင်သင့်တာပါ၊ လောကသားတွေက ကြည်ဖြူစွာနဲ့ ဧကရာဇ်လို့ ခေါ်ဆိုတာကို ခံယူသင့်တာပါ၊ အတင်းအကျပ် လုယူတိုက်ခိုက်ပြီးတော့ လောကကြီးနဲ့ နိုင်ငံတော်ရဲ့ အာဏာစက်တွေကို မိမိတစ်ဦးတည်းရဲ့ ပိုင်ဆိုင်မှုလိုမျိုး မမြင်သင့်ပါဘူး။

မတရားတဲ့ နည်းလမ်းတွေကို သုံးပြီးတော့ ဧကရာဇ်ရာထူးကို ရရှိခဲ့မယ်၊ လောကကြီးကို ရရှိခဲ့မယ်ဆိုရင်တောင်မှ၊ နောက်ဆုံးမှာတော့ ပြန်ပြီး ဆုံးရှုံးရမှာပဲ ဖြစ်သလို၊ လူထုအပေါင်းရဲ့ ကဲ့ရဲ့ရှုတ်ချမှုကို ခံရပြီးတော့ နောင်တစ်ချိန်မှာလည်း နာမည်ဆိုးနဲ့ ကျန်ရစ်ခဲ့ရမှာပါ”

ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ ဝမ်ချောင်၏ခြေသံများမှာ အလျင်စလို မရှိဘဲ တည်ငြိမ်အေးဆေးနေကာ ထိုက်ကျိနန်းဆောင်ရှေ့၌ ပဲ့တင်ထပ်နေပေတော့သည်။ ဝမ်ချောင်ထွက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ လူတိုင်းမှာ လှမ်းကြည့်လိုက်ကြပေသည်။ လီရွှမ်တုပင်လျှင် အာရုံများ ဆွဲဆောင်ခြင်း ခံလိုက်ရပေသည်။

“ဟွန်း လျှောက်ပြောနေတာပဲ” လီရွှမ်တုက အေးစက်စွာ လှောင်ရယ်လိုက်ပြီးနောက်၊ သူ၏ အကြည့်မှာ လောကကို ငုံ့ကြည့်နေလျက် “အကယ်၍သာ စစ်အင်အားက အသုံးမဝင်ဘူးဆိုရင် ဒီမင်းသား(ပန်းဝမ်) ဘာကြောင့် ဧကရာဇ်ရာထူးကို ဆုံးရှုံးခဲ့ရမှာလဲ၊ ပြီးတော့ ဘာကြောင့် လီထိုက်ယီရဲ့ လက်ချက်နဲ့ မြေအောက်ထောင် အောက်ခြေမှာ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ရမှာလဲ။ ကောင်လေး မင်း အရင်တုန်းက မြေအောက်ကို လာတုန်းက ပြောခဲ့တဲ့ စကားတွေကို ထောက်ထားပြီးတော့ ငါ မင်းရဲ့ အသက်ကို တစ်ချောင်း ချန်ထားပေးမယ်၊ မင်းကို သေခွင့် မပေးဘူး။ ဒါပေမဲ့၊ ငါ့ရှေ့မှာ ထပ်ပြီးတော့ လျှောက်ပြောနေဦးမယ်ဆိုရင်တော့ ငါကိုယ်တော်ရဲ့ရက်စက်မှုကိုတော့ အပြစ်မတင်နဲ့တော့”

ဝမ်ချောင်နှင့် ပတ်သက်၍မူ၊ လီရွှမ်တုအနေဖြင့် အနည်းနှင့်အများတော့ ငဲ့ညှာမှုအချို့ ရှိနေဆဲ ဖြစ်ပေသည်။ အရင်တုန်းက မြေအောက်၌ ရှိနေစဉ်အခါက၊ ဝမ်ချောင်သည် သူ့အား အခြေအနေ တစ်ခုခုကို အမှီပြုလျက် လွှတ်ပေးရန် ဆန္ဒရှိခဲ့ဖူးပေသည်။ သူသည် ဝမ်ချောင်၏အကူအညီကို လုံးဝမလိုအပ်သော်လည်း ဤအချက်တစ်ခုတည်းဖြင့်ပင် လီရွှမ်တု၏ စိတ်ထဲ၌ ဝမ်ချောင်အား အခြားသူများနှင့် မတူညီဘဲ မှတ်ယူထားခြင်း ဖြစ်၏။ သေချာပေါက်ပင် ဤကဲ့သို့သော နှစ်သက်မှုနှင့် စေတနာမှာမူ ကန့်သတ်ချက်တစ်ခု ရှိနေပေသည်။

“အိမ်ရှေ့စံမင်းသား အရှင် သိချင်မှ သိပါလိမ့်မယ်၊ ယခုလက်ရှိ အစိုးရအဖွဲ့ဟာ ဘက်ပေါင်းစုံကနေ ရန်သူတွေ ဝိုင်းနေသလို၊ အန္တရာယ်တွေလည်း ပြည့်နှက်နေတာပါ။ လီလင်ဖူက ဝတ်စုံမည်းဝတ်လူတွေနဲ့ ပူးပေါင်းပြီးတော့ အရှင့်ကို အပြင်လွှတ်ပေးတာဟာ စေတနာကောင်းနဲ့ မဟုတ်ပါဘူး၊ သူတို့ အရှင့်ကို ဘာတွေ ကတိပေးထားသလဲဆိုတာ ကျွန်တော်မျိုး မသိပေမဲ့၊ အဲဒီ ဝတ်စုံမည်းဝတ်လူတွေဟာ အရှေ့မြောက်ဘက် ယိုကျိုးမှာ အန်းလုရှန်းဆိုတဲ့ လူတစ်ယောက်ကို မြှောက်စားထားပြီးတော့ ကြီးမားလှတဲ့ အင်အားစု တစ်ခုကိုလည်း စုစည်းထားပြီးပါပြီ။

အခု အစိုးရအဖွဲ့ဟာ အပြောင်းအလဲကာလကို အခုလေးတင် ဖြတ်ကျော်ထားတာ ဖြစ်သလို၊ သူတော်စင် ဧကရာဇ်လည်း ကွယ်လွန်သွားတာ မကြာသေးပါဘူး၊ အကယ်၍ ဒီလို အချိန်မျိုးမှာ ဧကရာဇ်မင်းမြတ်ဘက်က တစ်စုံတစ်ရာ ပြဿနာ ဖြစ်ပေါ်ခဲ့မယ်၊ အစိုးရအဖွဲ့မှာ ဆူညံမှုတွေ ဖြစ်လာမယ်ဆိုရင်တော့ အဲဒါက တစ်ဖက်လူအတွက် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမှာပါ။ အဲဒီအချိန်ကျရင် အရှေ့မြောက် ယိုကျိုး၊ ဂိုဂူလျော အင်ပါယာ၊ အနောက်တာ့ခ် အစရှိတဲ့ အရပ်မျက်နှာအသီးသီးက ပူးပေါင်းပြီးတော့ မဟာထန်ရဲ့ အချက်အခြာဒေသတွေအထိ သေချာပေါက် ကျူးကျော်လာကြမှာဖြစ်ပြီးတော့ တစ်အင်ပါယာလုံးဟာလည်း စစ်မီးတောက်တွေကြားထဲမှာ နစ်မြုပ်သွားရမှာပါ။

အိမ်ရှေ့စံမင်းသားဟာလည်း တော်ဝင်သွေးသားတစ်ယောက် ဖြစ်နေတာကြောင့်၊ ခက်ခက်ခဲခဲနဲ့ စည်ပင်လာခဲ့တဲ့ မဟာထန်ကြီး ယခုလို အခြေအနေမျိုး ရောက်သွားတာကို တကယ်ပဲ မြင်ချင်လို့လား။

ပြီးတော့ ဝတ်စုံမည်းဝတ်လူတွေကတော့ မကောင်းတဲ့ စိတ်အကြံအစည် တွေ ရှိနေကြတာပါ၊ သူတို့ အရှင့်ကို လွှတ်ပေးတာဟာ အရှင့်ကို အသုံးချဖို့အတွက်သက်သက်ပါပဲ၊ တကယ်လို့သာ သူတို့က အရှင့်ကို တကယ် မြှောက်စားချင်တာဆိုရင်၊ ဘာဖြစ်လို့ အရှေ့မြောက် ယိုကျိုးမှာ နောက်ထပ်တစ်ယောက်ကို ထပ်ပြီး လုပ်ဆောင်နေဦးမှာလဲ။ ဝတ်စုံမည်းဝတ်လူတွေကို ယုံလို့ မရပါဘူး၊ အိမ်ရှေ့စံမင်းသားအနေနဲ့ သူတို့ရဲ့ လှည့်ကွက်ထဲကို လုံးဝ အကျမခံပါနဲ့”

ဝမ်ချောင်သည် ကိုယ်ကို မတ်မတ်ထားလျက်၊ အမူအရာ တည်ကြည်လေးနက်စွာဖြင့် ဆိုလိုက်ပေသည်။ သူသည် စကားပြောဆိုနေသည့် တစ်ချိန်တည်းမှာပင် လီဟန်ဆီသို့ တိတ်တဆိတ် မျက်ရိပ်ပြလိုက်ပေသည်။ လီရွှမ်တု၏အစွမ်းမှာ များစွာပြင်းထန်လှပေရာ၊ အခုလောလောဆယ် အရေးအကြီးဆုံး ကိစ္စမှာ သူ့အား စိတ်အေးသွားအောင် အရင်ဆုံး လုပ်ဆောင်ရန်ဖြစ်ကာ ၎င်းနောက်မှသာ နောက်ထပ် နည်းဗျူဟာများကို စဉ်းစားရမည် ဖြစ်သည်။

“မင်းပြောတဲ့ အဲဒီအချက်တွေကို၊ ဒီမင်းသား(ပန်းဝမ်)က မသိဘဲ နေပါ့မလား” လီရွှမ်တုက အေးစက်စွာ လှောင်ရယ်လိုက်ရုံသာ ရှိပေသည်။ ဝမ်ချောင်ပြောကြားသမျှကိုမူ သူသည် အနည်းငယ်မျှပင် နားထဲသို့ ထည့်သွင်းခြင်း မရှိပေ။ “ဒါပေမဲ့ ငါကိုယ်တော်ကတော့ အမြဲတမ်း ပြောတဲ့အတိုင်း လုပ်ဆောင်တတ်သူပဲ၊ ပြီးတော့ သူတို့မှာ တစ်စုံတစ်ရာသော အကြံအစည်တွေ ရှိနေဦးမယ်ဆိုရင်တောင်မှ၊ အဲဒါက ဒီကောင်လေး ရာထူးက ဆင်းပေးပြီးတော့ ငါကိုယ်တော် ဧကရာဇ်ရာထူးပေါ် ထိုင်ပြီးမှပဲ ဖြစ်လာမှာပါ” “ကောင်လေး မင်း သေသေချာချာ စဉ်းစားပြီးပြီလား။ အခုချက်ချင်း လီထိုက်ယီရဲ့ ပြစ်မှုကြေညာစာတစ်စောင်ကို ရေးစမ်း၊ ဒါမှသာ ငါ မင်းကို အသက်ရှင်လမ်းတစ်ခု ပေးနိုင်မှာပေါ့၊ ဒါမှမဟုတ်ရင်တော့ သေလမ်းပဲ ရှိတော့တယ်” လီရွှမ်တု၏အသံမှာ အေးစိမ့်နေခဲ့ကာ၊ နောက်ဆုံး စကားကို ပြောဆိုလိုက်သည့် အချိန်၌၊ သူ၏ လက်ချောင်း ငါးချောင်းမှာ တင်းကျပ်သွားခဲ့သဖြင့် လီဟန်၏မျက်နှာမှာ နီမြန်းသွားခဲ့ရကာ၊ အသက်ရှူပင် ကျပ်လာသဖြင့် အဆက်မပြတ် ရုန်းကန်နေရပေတော့သည်။

သို့သော်လည်း လီရွှမ်တု၏စကားများမှာမူ လီဟန်အား အောင်မြင်စွာ ဒေါသထွက်သွားစေခဲ့ပေသည်။

“မဖြစ်နိုင်ဘူး” လီဟန်သည် နီမြန်းနေသော မျက်နှာဖြင့် ပြတ်သားစွာ ကြိမ်းမောင်းလိုက်ပေသည်။ “ခမည်းတော် ဧကရာဇ်ဟာ အရမ်းထက်မြက်ပြီးတော့ စွမ်းရည်တွေနဲ့ ပြည့်စုံတယ်ဆိုတာကို လောကသားတွေ အကုန် သိကြတာပဲ၊ လီရွှမ်တု မင်းကတော့ ကိုယ့်ကိုယ်ကိုယ်သာ အထင်ကြီးလွန်းသလို၊ ကိုယ်ကျိုးကိုလည်း အလွန်အမင်း ကြည့်တတ်တဲ့သူပဲ၊ အကယ်၍ လောကကြီးသာ မင်းရဲ့လက်ထဲကို ရောက်သွားမယ်ဆိုရင်တော့ လောကကြီးကို မင်းရဲ့ကစားစရာ တစ်ခုလိုမျိုးပဲ သဘောထားမှာဖြစ်သလို၊ ကိုယ်နဲ့သဘောထားမတိုက်ဆိုင်သူတွေကို နှိမ်နင်းပြီးတော့ ကိုယ့်ရဲ့ တစ်ကိုယ်ရေ စိတ်ဆန္ဒတွေကိုပဲ ဖြည့်ဆည်းနေမှာ။

အဲဒီချိန်က မင်းသားတွေကြားထဲမှာ အာဏာလုပွဲ ဖြစ်ပွားခဲ့စဉ်တုန်းက၊ မင်းက မနာလိုစိတ်တွေ များလွန်းခဲ့တာ၊ ဧကရာဇ်ရာထူးပေါ် တက်နိုင်ဖို့အတွက် တစ်ဖက်လူရဲ့ လက်အောက်ငယ်သားတွေဟာ ကိုယ်နဲ့ရန်သူဖြစ်နေသရွေ့တော့ အရေးကြီးတာ မကြီးတာတွေ၊ နိုင်ငံတော်ရဲ့ အကျိုးရှိမရှိတွေကို လုံးဝဂရုမစိုက်ဘဲ၊ နည်းလမ်းမျိုးစုံကို သုံးပြီးတော့ အကုန်လုံးကို အမြစ်ပြတ် ရှင်းထုတ်ခဲ့တာပဲ မဟုတ်လား။

ခမည်းတော်ဧကရာဇ်ကတော့ မင်းနဲ့ မတူဘူး၊ အလွန်အမင်း ရက်စက်ယုတ်မာတဲ့ လူအနည်းငယ်ကလွဲရင်၊ ကျန်တဲ့ အရာအားလုံးကိုတော့ နိုင်ငံရဲ့အနာဂတ်ကိုပဲ အဓိကထားပြီး လုပ်ဆောင်ခဲ့တာ အဲဒီချိန်က မင်းရဲ့ နောက်ကို လိုက်ခဲ့တဲ့ အမတ်တွေထဲက အနည်းဆုံး ရှစ်ပုံလောက်ဟာ အသက်ရှင် ကျန်ရစ်ခဲ့ကြသလို၊ မဟာထန် အစိုးရအဖွဲ့ရဲ့ အားကိုးရဆုံး လက်ရုံးတွေ ဖြစ်လာခဲ့ကြတာပဲ။ ဒီအချက်တစ်ခုတည်းနဲ့တင် လီရွှမ်တု မင်းက ဘာဂုဏ်ရည် ဘာစွမ်းရည်တွေ ရှိနေလို့၊ ခမည်းတော်ဧကရာဇ်နဲ့ ရင်ဘောင်တန်းပြီး နှိုင်းယှဉ်ချင်နေရတာလဲ”

“ဧကရာဇ်ဆိုတာ နိုင်ငံတော်ရဲ့ တံခါးဝကို စောင့်ကြပ်ရသူဖြစ်သလို၊ အရှင်သခင်ဆိုတာလည်း တိုင်းပြည်အတွက် အသက်ပေးရမည့်သူပဲ၊ ဧကရာဇ်ပဲဖြစ်ဖြစ်၊ သာမန်လူထုပဲဖြစ်ဖြစ်၊ တစ်နေ့တော့ သေကြရမှာပဲ။ ငါကိုယ်တော်ကို ဒူးထောက် ခစားခိုင်းမယ်၊ အသက်ဘေးကို ကြောက်လို့ မင်းဆီကို ထီးနန်းလွှဲပေးခိုင်းမယ်ဆိုတာကတော့ လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စပဲ” လီဟန်၏ အမူအရာမှာ ပြင်းထန်လှလျက် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ ရှိနေပေသည်။

“မကောင်းတော့ဘူး” ဝမ်ချောင်၏ စိတ်ထဲ၌ ထိတ်လန့်သွားခဲ့ရပေသည်။ လီရွှမ်တုမှာ များစွာမာနကြီးသူဖြစ်ပေရာ၊ အကယ်၍ လီဟန်သာ လေသံကို လျှော့ချလျက်၊ သူနှင့် ခေတ္တမျှ အချိန်ဆွဲ စကားပြောနေမည်ဆိုလျှင် အခွင့်အရေး ရှိနိုင်သေးသော်လည်း၊ ယခုအခါ လီဟန်က အတိတ်က ဖြစ်ရပ်များကို အသုံးချကာ သူ့အား ဆွပေးလိုက်ခြင်းမှာမူ၊ လီရွှမ်တု၏ စိတ်ထဲမှ နာကျည်းမှုများနှင့် သတ်ဖြတ်လိုသော စိတ်များကို သေချာပေါက် ပေါက်ကွဲထွက်ပေါ်လာစေမည် ဖြစ်ပေသည်။

“ဟားဟား… ကောင်းတယ်” အမှန်တကယ်ပင် သူ၏လက်ထဲမှ လီဟန်မှာ အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိဘဲ၊ အသက်ပေးရန် အသင့်ဖြစ်နေသော ပုံစံမျိုးကို မြင်တွေ့လိုက်ရသည့်အခါ လီရွှမ်တုသည် ဒေါသတကြီး ရယ်မောလိုက်ပေတော့သည်၊ သူ၏တစ်ကိုယ်လုံးမှာ တုန်ယင်နေခဲ့ကာ၊ ဝတ်ရုံများမှာလည်း တဖျပ်ဖျပ် လွင့်နေပြီး၊ ပြည့်ဝလှသော ဂန်ချီများမှာ ဟင်းလင်းပြင်ကို လှုပ်ခတ်စေလျက် လေပြင်းများကို အဆက်မပြတ် ဖြစ်ပေါ်စေနေပေသည်။

“ကြည့်ရတာ မင်းက တကယ်ပဲ သေမှာကို မကြောက်ဘူးပေါ့၊ ငါကိုယ်တော်ကို ဒီလိုမျိုး စကားပြောဝံ့တယ်ပေါ့။ ဒါပေမဲ့ သေမှာကို မကြောက်လည်း ဘာထူးမှာလဲ၊ မင်းက ပါးစပ်ကနေ နိုင်ငံရဲ့ အနာဂတ်တွေ၊ အစိုးရအဖွဲ့ရဲ့အကျိုးတွေအကြောင်းပဲ အမြဲပြောနေတာ မဟုတ်ဘူးလား။ သေမှာကို မကြောက်ရုံနဲ့ပဲ လောကသားအပေါင်းကို ကာကွယ်ပေးနိုင်မှာလား” လီရွှမ်တုက အဆက်မပြတ် လှောင်ရယ်နေခဲ့ကာ သူ၏မျက်ဝန်းအတွင်း၌လည်း နှိမ်ချလိုသော အငွေ့အသက်များ ပြည့်နှက်နေပေသည်။

သူ၏ အသံမဆုံးသေးမီမှာပင် လီရွှမ်တုသည် လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခုမှာ သူ၏ လက်မှနေ၍ လျင်မြန်စွာ ပျံထွက်သွားခဲ့ပြီး လီဟန်၏ ကိုယ်ပေါ်သို့ ကျရောက်ကာ သူ့အား ချုပ်နှောင်လိုက်ပြီးနောက်၊ သူ၏ကိုယ်အတွင်းသို့ တိုးဝင်သွားခဲ့ပေသည် ၎င်းနောက်ပိုင်းတွင်မူ လီရွှမ်တုက လီဟန်အား သူ၏ ခြေဖဝါးအောက်ရှိ မဝေးလှသော နေရာသို့ ပြင်းထန်စွာ ရိုက်ချလိုက်ပေတော့သည်။

တစ်ချိန်တည်းမှာပင် လီရွှမ်တုသည် လက်ကို အသာအယာ ဆန့်ထုတ်လိုက်ကာ၊ လီဟန်၏ ကိုယ်ပေါ်မှနေ၍ ဧကရာဇ်၏ အဆင့်အတန်းကို ကိုယ်စားပြုသော ရွှေရောင် နဂါးရုပ်ပါသော အမိန့်ပေးတံဆိပ် တစ်ခုကို တိုက်ရိုက်ပင် ဖြုတ်ယူလိုက်ပေတော့သည်။

ဂန်ချီရေစီးကြောင်းတစ်ခုမှာ လီရွှမ်တု၏ကိုယ်အတွင်းမှနေ၍ ထိုရွှေရောင် နဂါးရုပ်ပါသော အမိန့်ပေးတံဆိပ် အတွင်းသို့ တိုးဝင်သွားခဲ့ရာ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ ဤ အမိန့်ပေးတံဆိပ်မှာမူ နေမင်းကြီးအလား တောက်ပလှသော အလင်းတန်းများကို ပေါက်ကွဲထုတ်ဖော်လိုက်ပေတော့သည်။

ဤမျှသာမကဘဲ လီရွှမ်တုအနေဖြင့် ထိုအမိန့်ပေးတံဆိပ်ကို အသုံးပြုလိုက်သည့် အခါတွင်မူ ထိုက်ကျိနန်းဆောင်ရှေ့၌ လေပြင်းများမှာ ဟိန်းဟောက်လာခဲ့ပြီး၊ မြေပြင်ကြီးတစ်ခုလုံးမှာလည်း ဝုမ်းခနဲ တုန်ခါသွားခဲ့ရကာ လီရွှမ်တု၏ လက်ထဲရှိ ထိုရွှေရောင် အမိန့်ပေးတံဆိပ်နှင့် အပြန်အလှန် ပဲ့တင်ထပ်နေပုံ ရပေသည်။

“မကောင်းတော့ဘူး” ဝမ်ချောင်သည် စိတ်ထဲမှ များစွာထိတ်လန့်သွားခဲ့ရကာ၊ ရှောင်ကျိုးကျိုး အစီအရင်တစ်ခုလုံးနှင့် ထိုက်ကျိနန်းဆောင် အောက်ခြေရှိ ကိုးကောင်းကင် ဆယ်ကမ္ဘာ ဧကရာဇ်သုံးပါး အစီအရင်တို့မှာ လီရွှမ်တု၏ လက်ထဲရှိ ထိုရွှေရောင် အမိန့်ပေးတံဆိပ်နှင့် ပြင်းထန်စွာ အပြန်အလှန် ပဲ့တင်ထပ်နေသည်ကို ချက်ချင်း ခံစားသိရှိလိုက်ရပေသည်။

“ဒါက ဧကရာဇ်သုံးပါး အစီအရင်ကို ထိန်းချုပ်နိုင်တဲ့ ဗဟိုချက်ပဲ” ခဏချင်းမှာပင်၊ ဝမ်ချောင်သည် ထိုရွှေရောင် နဂါးရုပ်ပါသော အမိန့်ပေးတံဆိပ်မှာ အဘယ်အရာဖြစ်ကြောင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့ပေတော့သည်။

******

All Chapters