အခန်း (၂၁၀၅-၂၁၀၇)
Vol. 130 Ch. 2105-2107
အခန်း (၂၁၀၅) ဂူကောင်းကင် တိုက်ပွဲ (၁)
“ယုတ်မာလိုက်တဲ့ကောင်”
ဝမ်ချောင်သည် စိတ်ထဲမှ ပြင်းထန်စွာ ကျိန်ဆဲလိုက်ပေသည်။ ထိုက်ရှီမှာ ဤမျှအထိ ယုတ်မာပတ်စက်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ ထိုသူသည် နှုတ်မှ လီရွှမ်တုနှင့် အပြန်အလှန် စကားနာထိုးနေလျက်၊ အခုပင် အသက်ပေး၍ တိုက်ခိုက်တော့မည့်အလား ဟန်ပြင်နေသော်လည်း၊ အမှန်တကယ် လက်ဦးမှုယူ တိုက်ခိုက်သည့်အခါတွင်မူ၊ အားအနည်းဆုံးဖြစ်သော မိမိအား ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။
“ထိုက်ရှီ၊ မင်းကတော့ တကယ့်ကို အရှက်မရှိ ယုတ်မာလှချည်လား”
လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်း၌၊ ဝမ်ချောင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ၊ ရှန်ထိုက် သုံးခု၏ ဦးခေါင်းအထက်ရှိ ဖြူဝါရောင် ဧရာမ ခေါင်းလောင်းကြီးဆီသို့ လက်ဝါးတစ်ချက်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပေသည်။ တစ်ချိန်တည်းမှာပင် အန္တရာယ်ကြီးမားလှသော ထိုခဏ၌ ဒုတိယနှင့် တတိယ ရှန်ထိုက်တို့သည် မိမိတို့၏ ကျင့်စဉ်စွမ်းအား အားလုံးကို ပထမ ရှန်ထိုက်၏ ကိုယ်အတွင်းသို့ စုစည်း ပုံအောပေးလိုက်ကြပေသည်။
“မဟာ ပျက်သုဉ်းခြင်း အတတ်”
ဝမ်ချောင်၏ ကိုယ်ပေါ်၌ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများကို နှောင့်ယှက်နိုင်သော တိုက်ကွက်များ များစွာ မရှိသော်လည်း မဟာ ပျက်သုဉ်းခြင်း အတတ်ပညာ မှာမူ သေချာပေါက် ၎င်းတို့အနက် တစ်ခု ဖြစ်ပေသည်။
တစ်စုံတစ်ရာသော အစွမ်းသည် အရာအားလုံးကို အောင်နိုင်သည်ဆိုသည့်အတိုင်း၊ ဝမ်ချောင်၏ မဟာပျက်သုဉ်းခြင်း အတတ်သည် အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းများကို မဖွင့်လှစ်နိုင်သလို၊ ဟင်းလင်းပြင်ကိုလည်း မထိန်းချုပ်နိုင်သော်လည်း အကြွင်းမဲ့သော အင်အားကို အသုံးပြုလျက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် ဗလာနယ်များကိုမူ ရိုက်ခွဲဖျက်ဆီးနိုင်စွမ်း ရှိပေသည်။
“ဝုန်း”
ကောင်းကင်တုန်ဟိန်းစေသော မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ၊ အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ ရှန်ထိုက်သုံးခု ရပ်တည်နေသော နေရာမှာမူ ဝုန်းခနဲ မှောင်မိုက်သွားခဲ့ရပြီး နောက်တစ်ခဏ၌မူ ဟင်းလင်းပြင်မှာ မှန်တစ်ချပ်အလား ဝုန်းခနဲ ပြိုလဲပျက်စီးသွားခဲ့ရကာ အနှစ်မဲ့လှသော အချိန်နှင့် ဟင်းလင်းပြင် အနက်ရောင်အပေါက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရပေတော့သည်။
ဤမျှ ပြင်းထန်လှသော အကြွင်းမဲ့ ပျက်သုဉ်းခြင်း စွမ်းအားများအောက်၌ ဦးခေါင်းအထက်မှ ကျဆင်းလာသော ဖြူဝါရောင် ဧရာမ ခေါင်းလောင်းကြီးနှင့်၊ ထိုက်ရှီက အချိန်နှင့် ဟင်းလင်းပြင်ကို ထိန်းချုပ်လျက် ရှန်ထိုက် သုံးခု၏ ခြေဖဝါးအောက်၌ ခင်းကျင်းထားသော အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများမှာမူ၊ တစ်စုံတစ်ရာသော ဟန့်တားမှုကို ခံလိုက်ရသည့်အလား ခေတ္တမျှ ရပ်တန့်သွားခဲ့ရပေသည်။ ထိုမျက်တောင်တစ်ခတ်အတွင်း ရရှိလိုက်သော အသက်ရှူပေါက်ကို အသုံးချလျက်၊ ဝမ်ချောင်၏ ရှန်ထိုက် သုံးခုမှာမူ မြေအောက်သို့ ချက်ချင်း လျှိုးဝင်သွားခဲ့ကြကာ၊ ထိုသေစေနိုင်သော တိုက်ကွက်ကို ရှောင်တိမ်းနိုင်ခဲ့ကြပေတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ၊ ထိုက်ရှီ၏ မျက်ဝန်းအတွင်း၌လည်း အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့ရပေသည်။ ဤနေရာရှိ ပြိုင်ဘက်ကင်း ပညာရှင်ကြီးများကြားအတွင်း၌၊ ဝမ်ချောင်၏ အစွမ်းမှာမူ အရေးမပါဆုံး ဖြစ်သော်လည်း၊ တစ်ချိန်တည်းမှာပင် သူ ပေးစွမ်းသော မမျှော်လင့်ဘဲ အံ့အားသင့်ရမှုများမှာမူ အများဆုံးပင် ဖြစ်ပေသည်။
“မင်းရဲ့ အသက်ကို ခဏ ချန်ထားပေးဦးမယ်”
ဝမ်ချောင်၏ ရှန်ထိုက် ကိုယ်ပွားများနှင့် သူ၏မူလကိုယ်ထည်ပါ မြေအောက်သို့ လျှိုးဝင်သွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ ထိုက်ရှီ၏ အမူအရာမှာ အေးစိမ့်နေခဲ့ကာ ဆက်လက်၍ လိုက်လံသတ်ဖြတ်ခြင်း မပြုတော့ပေ။ သူ၏အကြည့်မှာ စူးရှသွားခဲ့ပြီး လီရွှမ်တုနှင့် သူ၏လက်ထဲရှိ လီဟန်ဆီသို့ လျင်မြန်စွာ ကျရောက်သွားခဲ့ပေတော့သည်။
“ဝုမ်း…”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုက်ရှီ၏ ပုံရိပ်မှာ ဝေဝါးသွားခဲ့ရကာ၊ ဟင်းလင်းပြင် ဗလာနယ်အတွင်း၌ ပျောက်ကွယ်သွားခဲ့ပေတော့သည်။
မြေပြင်ပေါ်၌လည်း လီရွှမ်တုသည်လည်း တစ်စုံတစ်ရာကို ခံစားသိရှိလိုက်ရသဖြင့် သူ၏အမူအရာမှာ တည်ကြည်သွားခဲ့ပြီး အကြည့်များမှာ ဓားတစ်စင်းအလား ထက်မြက်သွားခဲ့ရပေသည်။ ထိုက်ရှီပျောက်ကွယ်သွားသည့်ခဏ၌ပင် သူ၏ကိုယ်ထည်မှာ တုန်ခါသွားခဲ့ရကာ အလားတူပင် ပျောက်ကွယ်သွားခဲ့ပေတော့သည်။
ထိုခဏတာအတွင်း၌ မြေကမ္ဘာနှင့် ကောင်းကင်ယံကြားဝယ် တိတ်ဆိတ်ငြိမ်သက်မှုများ ဖုံးလွှမ်းသွားခဲ့ရပေသည်။
သို့သော်လည်း နောက်တစ်ခဏ၌မူ
“ဝုန်း…..”
မြေပြင်နှင့် ပေဆယ်ဂဏန်းခန့် အကွာအဝေးရှိသော ဟင်းလင်းပြင်၌၊ အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီး လက်မောင်းနှစ်ဖက်မှာ ဟင်းလင်းပြင် ဗလာနယ်ထဲမှ ရုတ်တရက် ထိုးထွက်လာခဲ့ကာ၊လက်ဝါးချင်း ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့ကြပေသည်။ ဝုန်းခနဲ မြည်သံကြီးနှင့်အတူ မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေကမ္ဘာ တုန်ခါသွားခဲ့ရကာ၊ ထိုက်ကျိနန်းဆောင်ကို ဗဟိုပြုလျက်၊ ဂူကောင်းကင်အဆင့် စည်းမျဉ်းများပါဝင်နေသော ပြိုင်ဘက်ကင်းလှသည့် လေဖိအားလှိုင်းများမှာ ဧရာမ ပင်လယ်လှိုင်းလုံးကြီးများအလား အရပ်မျက်နှာအနှံ့သို့ ရစ်ပတ်ဝါးမြိုသွားခဲ့ပေတော့သည်။
“အား”
စူးရှလှသော အော်ဟစ်ညည်းတွားသံများမှာ ဆက်တိုက် ထွက်ပေါ်လာခဲ့ပေသည်၊ လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်း၌၊ အနီးကပ်ဆုံးနေရာ၌ ရှိနေကြသော နဂါးကိုယ်ရံတော် အားလုံးနှင့် သံချပ်ကာဝတ်စုံကို ဆင်မြန်းထားသော လီဗိုလ်ချုပ်အပါအဝင် အားလုံးမှာ ထိုကြောက်မက်ဖွယ်ကောင်းလှသော လေဖိအားလှိုင်းများကြောင့် သစ်ရွက်ခြောက်များအလား လွင့်စင်သွားခဲ့ကြရပေတော့သည်။
ဤရိုက်ခတ်မှု၏ ဒဏ်ကို ခံလိုက်ရသူများမှာ နဂါးကိုယ်ရံတော်များနှင့် လီဗိုလ်ချုပ်တို့သာ မကပေ။ ထိုက်ကျိနန်းဆောင်၏ အပြင်စည်းရှိ ဖူမုန့်လင်းချာ၊ သွမ့်ကျူးယန်၊ ဟွမ်ထျန်းကျောက်နှင့် သူတို့၏ နောက်ကွယ်မှ မြေအောက်ထောင် အကျဉ်းသား များမှာလည်း ဧရာမ ပင်လယ်လှိုင်းလုံးကြီး၏ ရိုက်ပုတ်ခြင်းကို ခံလိုက်ရသကဲ့သို့၊ တစ်ဦးပြီးတစ်ဦး ထိန်းချုပ်၍မရဘဲ အဝေးသို့ ပြင်းထန်စွာ လွင့်စင်သွားခဲ့ကြရပေသည်။ သူတို့အနက် အစွမ်းနိမ့်ပါးသော အကျဉ်းသားအချို့မှာမူ၊ ပေပေါင်း ဆယ်ဂဏန်းကျော်မျှ အမြင့်သို့ မြှောက်တင်ခြင်း ခံလိုက်ရကာ လေဟာနယ် အထပ်ထပ်ကို ဖြတ်ကျော်လျက် လူအုပ်ကြီး၏ နောက်ကွယ်ဆီသို့ အစအန မကျန် ပျောက်ကွယ်သွားခဲ့ကြပေတော့သည်။
“အမြန် နောက်ဆုတ်ကြစမ်း”
ဝေးကွာသော နေရာရှိ မရေမတွက်နိုင်သော နန်းစောင့်တပ်ဖွဲ့စစ်သည်များသည်လည်း မျက်လုံးများကို ပြူးကျယ်လျက် ကြည့်နေကြကာ သူတို့၏ မျက်ဝန်းအတွင်း၌မူ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေပေသည်။ ဤအခိုက်အတန့်၌မှသာ၊ ဝမ်ချောင်က ဘာကြောင့် သူတို့အား အဝေးသို့ ကြိုတင် ဆုတ်ခွာခိုင်းခဲ့သနည်း ဟူသည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားခဲ့ကြပေပြီ။ ဤလူနှစ်ဦး တိုက်ခိုက်မှု၏ အစွမ်းမှာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှပေရာ၊ နဂါးကိုယ်ရံတော်များပင်လျှင် ထိုလေဖိအားလှိုင်းများကို မတားဆီးနိုင်ခဲ့ကြပါက၊ အခြားသော သူများမှာမူ ပြောနေရန်ပင် မလိုတော့ပေ။ အကယ်၍သာ အစောပိုင်းက သူတို့သာ ထိုနေရာ၌ ဝိုင်းရံနေခဲ့မည်ဆိုလျှင်မူ၊ ယခုအချိန်၌ နန်းစောင့်တပ်ဖွဲ့များမှာ အကြီးအကျယ် သေကျေပျက်စီးနေလောက်ပြီ ဖြစ်ပေသည်။
“ဝုန်း”
ထိုက်ကျိနန်းဆောင်၏ တောင်ဘက်ခြမ်း၌မူ၊ သံချပ်ကာများကို ဆင်မြန်းထားသော နန်းစောင့်တပ်ဖွဲ့တစ်စုမှာ ကောင်းကင်ယံမှ ကျဆင်းလာသော ဖြူဝါရောင်နှင့် အမည်းရောင် ဂန်ချီနှစ်မျိုးကို ကြည့်လျက်၊ တစ်ဦးချင်းစီ၏ မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုများ ဖုံးလွှမ်းနေကာ၊ ယခုတစ်ကြိမ်မှာတော့ သေချာပေါက် သေရတော့မည်ဟု ယူဆနေကြပေသည်။ သို့သော်လည်း ယခုကဲ့သို့သော အချိန်မှာပင်၊ အလင်းရောင် တစ်ချက်လက်သွားခဲ့ပြီး ဝမ်ချောင်သည် လေဟာနယ်ထဲမှ ပေါ်ထွက်လာခဲ့ကာ ထိုနန်းစောင့်တပ်ဖွဲ့ဝင်များ၏ရှေ့၌ တားဆီးပေးလိုက်ပေသည်။ သူသည် လက်ဝါးတစ်ချက်ကိုသာ ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်ယံမှ ပျံသန်းကျဆင်းလာသော ထိုဂန်ချီများကို အောင်မြင်စွာ တားဆီးပေးလိုက်ပေတော့သည်။
“အမြန် နောက်ဆုတ်ကြစမ်း”
ဝမ်ချောင်၏ နားထင်မှ ဆံနွယ်ရှည်များမှာ တဖျပ်ဖျပ် လွင့်နေခဲ့ကာ သူ၏ အမူအရာမှာ များစွာလေးနက်တည်ငြိမ်နေပေသည်။
“ဟုတ်ကဲ့ပါ အရှင်”
လူတိုင်းမှာ အမူအရာများ ပျာယာခတ်နေခဲ့ကြကာ အလျင်အမြန်ပင် နောက်သို့ ဆုတ်ခွာသွားခဲ့ကြပေတော့သည်။
ဝမ်ချောင်မှာမူ ထိုနေရာ၌ မတ်တပ်ရပ်နေလျက်၊ ဂန်ချီလှုပ်ခတ်မှုများနှင့် အချိန်နှင့် ဟင်းလင်းပြင် လှုပ်ခတ်မှုများ အပြင်းထန်ဆုံး ဖြစ်ပေါ်နေသော အရပ်ဆီသို့ မော့ကြည့်နေကာ သူ၏ အမူအရာမှာ အလွန်အမင်း တည်ကြည်လေးနက်နေပေသည်။
လီရွှမ်တုနှင့်ထိုက်ရှီတို့၏ အစွမ်းမှာ သူ စိတ်ကူးထားသည်ထက်ပင် ပိုမိုကြောက်စရာ ကောင်းနေပေသည်။ သူတို့နှစ်ဦး တိုက်ခိုက်မှု၏ ရိုက်ခတ်မှုအောက်၌၊ ထိုက်ကျိနန်းဆောင်တစ်ခုလုံးမှာ ဆက်လက်၍ တောင့်မခံနိုင်တော့သည့်အလား ရှိနေကာ၊ နံရံများ အတွင်းပိုင်းမှနေ၍ အက်ကွဲသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေပေတော့သည်။
ထိုစဉ်က တည်ဆောက်ခဲ့စဉ်အခါက မရေမတွက်နိုင်အောင် များပြားလှသော ကာကွယ်ရေး အစီအရင်များ၊ ခိုင်ခံ့စေသော အစီအရင်များ၊ တံတိုင်း အစီအရင်များ၊ သံမဏိ အစီအရင်များနှင့် ကျင့်စဉ်တည်မြဲရေး အစီအရင်များ…… အစရှိသည်တို့အတွက်၊ အက္ခရာထွင်း ပညာရှင်ဆရာကြီးများနှင့် အစီအရင် ဆရာကြီးပေါင်း များစွာ၏ အားအင်နှင့် သွေးချွေးများကို ရင်းနှီးခဲ့ရသလို၊ သူတော်စင် ဧကရာဇ်ကဲ့သို့သော ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြီး ကိုယ်တိုင်ပင်လျှင် ထိုက်ကျိနန်းဆောင်၏နံရံများကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း အလွန်အမင်း ပြင်းထန်လှသော ဂူကောင်းကင်အဆင့် ဂန်ချီများ၏ ရိုက်ခတ်မှုနှင့် အချိန်နှင့် ဟင်းလင်းပြင် ဖျက်ဆီးခြင်း စွမ်းအားများ၏ ရှေ့မှောက်၌မူ၊ ဤနံရံများ အတွင်းရှိ သန်းနှင့်ချီသော ပြင်းထန်လှသည့် အစီအရင်များနှင့် အက္ခရာစာလုံး များမှာလည်း၊ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် အဆက်မပြတ် ပြိုကွဲပျက်စီးနေကြရပေသည်။ နံရံအတွင်းရှိ သန်းနှင့်ချီသော အစီအရင်များနှင့် အက္ခရာစာလုံးများ၏ ထက်ဝက်ခန့် ပြိုကွဲပျက်စီးသွားသည့်အချိန်မှာမူ နှစ်ပေါင်း ရာနှင့်ချီသော သမိုင်းကြောင်းရှိသည့် လောကတစ်ခွင် ကျော်ကြားလှသော ဤ ဧကရာဇ် အာဏာစက် အချက်အခြာ နေရာကြီးမှာလည်း လုံးဝဥဿုံ ပြိုလဲပျက်စီး ပျောက်ကွယ်သွားမည့် အချိန်ပင် ဖြစ်ပေတော့သည်။
“ဒီလူနှစ်ယောက်က အရမ်းကို အစွမ်းထက်လွန်းတယ်”
ဝမ်ချောင်၏ ဝတ်ရုံများမှာ တဖျပ်ဖျပ် လွင့်နေကာ ဆံနွယ်ရှည်များမှာလည်း လွင့်ပျံ့နေပေသည်။ သူသည် မျက်တောင်တစ်ချက်မျှပင် မခတ်ဘဲ ဟင်းလင်းပြင် အမြင့်ပိုင်းမှ ထို လူနှစ်ဦးကို စူးစိုက်ကြည့်နေပေသည်။
ဟင်းလင်းပြင် ဗလာနယ်အတွင်း၌ မှောင်ရိပ်များ ပေါ်ထွက်နေကာ အနက်ရောင်နှင့် ဖြူဝါရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများမှာ၊ သိသိသာသာပင် အုပ်စုနှစ်စု ကွဲပြားလျက် တစ်လှိုင်းပြီးတစ်လှိုင်း၊ ဧရာမ ပင်လယ်လှိုင်းလုံးကြီးများအလား ဟင်းလင်းပြင်ထဲ၌ အဆက်မပြတ် ရိုက်ခတ်နေကြပေသည်။ ထို အလင်းကွင်း တစ်ခုနှင့်တစ်ခု တုန်ခါမိသည့်အခါတိုင်းတွင်မူ သံမဏိချင်း ရိုက်ခတ်သံများအလား မြည်ဟည်းသံများ ထွက်ပေါ်နေပေသည်။ ဝမ်ချောင်၏ ရှုထောင့်မှ ကြည့်မည်ဆိုပါက၊ ထိုက်ရှီ ရပ်တည်နေသော နေရာ၌မူ အနည်းဆုံး ပုံရိပ်ယောင် ငါးခုခန့် ပေါ်ထွက်နေပေသည်။
တစ်ခုချင်းစီမှာမူ “ထိုက်ရှီ” တစ်ဦးစီ ဖြစ်နေကြပေသည်။ ဤသည်မှာ ရိုးရိုးရှင်းရှင်း အရှိန်မြန်ဆန်လွန်းခြင်းကြောင့်သက်သက် မဟုတ်ဘဲ၊ “ထိုက်ရှီ” သည် ဂူကောင်းကင် စည်းမျဉ်းများကို အသုံးချလျက်၊ အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်း ငါးခုကို ဖန်တီးထားခြင်းဖြစ်ကာ၊ ထိုတိုတောင်းလှသော အကွာအဝေးရှိ အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်း ငါးခုကြားအတွင်း၌၊ လျင်မြန်စွာ ကူးသန်းသွားလာနေသဖြင့် ယခုကဲ့သို့သော အကျိုးသက်ရောက်မှုမျိုး ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။
“ထိုက်ရှီ” ငါးဦး၏ စုပေါင်းအင်အားဖြင့် တစ်ချိန်တည်းမှာပင် လီရွှမ်တုအား ဖိနှိပ်တိုက်ခိုက်နေခြင်း ဖြစ်ကာ အမျိုးမျိုးသော ပြင်းထန်လှသည့် တိုက်ကွက်များမှာ ရေလှိုင်းများအလား တစ်ဟုန်ထိုး ကျဆင်းနေပေသည်။ တိုက်ကွက် တစ်ချက်ချင်းစီမှာမူ တောင်တန်းကြီးများကိုပါ ရိုက်ခွဲနိုင်စွမ်း ရှိနေကြပေရာ၊ အကယ်၍သာ ထိုက်ကျိနန်းဆောင်မှာ များစွာ ထူးခြားလွန်းလှခြင်း မရှိခဲ့ပါက ယခုအချိန်၌ အချိန်အတော်ကြာကတည်းက မြေပြင်နှင့် တစ်သားတည်း ဖြစ်အောင် ချေမှုန်းခြင်း ခံလိုက်ရလောက်ပြီ ဖြစ်ပေသည်။
အခြားတစ်ဖက်၌မူ လီရွှမ်တု၏ ပုံရိပ်မှာမူ တိမ်တိုက်များအလား မှောင်ရိပ်များအောက်၌ ဖုံးလွှမ်းခြင်း ခံထားရပေသည်။ သူ၏တိုက်ကွက်များမှာမူ များစွာပြတ်သားထက်မြက်လှကာ၊ တိုက်ရိုက်ပင် လှုပ်ရှားနေသော်လည်း၊ တိုက်ကွက် တစ်ချက်ချင်းစီ၌မူ မြေကမ္ဘာနှင့် ကောင်းကင်ယံကိုပါ ဆွဲဖြဲနိုင်မည့် အရှိန်အဝါများ ရှိနေပေသည်။
ထို့ပြင် ထို အေးစိမ့်လှသော မျက်ဝန်းတစ်စုံမှာမူ၊ ဓားလှံများအလား ထက်မြက်နေသဖြင့် မှောင်ရိပ်များပင်လျှင် ဖုံးကွယ်ထားနိုင်ခြင်း မရှိဘဲ၊ မည်သူမဆို၏ စိတ်နှလုံး အနက်ရှိုင်းဆုံးအထိ ကမ္ပည်းတင်သွားစေနိုင်ကာ၊ မြင်တွေ့လိုက်ရသူတိုင်းအား တစ်သက်လုံး မေ့ပျောက်ရန် ခက်ခဲစေပေလိမ့်မည်။ လီရွှမ်တုမှာမူ အမြဲတမ်း မာနကြီးလှကာ မြင့်မြတ်လှပေသည်။ တိုက်ပွဲအတွင်း၌ ဖြစ်စေ သို့မဟုတ် အခြားသော အချိန်များ၌ ဖြစ်စေ၊ သူသည် အမြဲတမ်း ဤကဲ့သို့သာ ဖြစ်ပေသည်
“ထိုက်ရှီတော့ လူမှားပြီး ရွေးချယ်မိသွားပြီ။ သူ လီရွှမ်တုကို ခေါ်ပြီးတော့ အစီအရင်ကို မဖျက်ဆီးခိုင်းသင့်ဘူး”
မသိမသာသော အခြေအနေကြားမှ အတွေးတစ်ခု ဝမ်ချောင်၏ ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားခဲ့ရာ သူ၏ စိတ်ထဲမှလည်း များစွာ တုန်လှုပ်နေမိပေသည်။
လီရွှမ်တုမှာမူ ထိုက်ရှီ အလိုရှိသည့်အတိုင်း ဧကရာဇ်သုံးပါး အစီအရင်ကို ဖျက်ဆီးပေးခဲ့သည်မှာ မှန်သော်လည်း၊ တစ်ချိန်တည်းမှာပင် ထိုက်ရှီသည်လည်း မိမိအတွက် ပြဿနာကြီး တစ်ခုကို ဖိတ်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ပေသည်။ လီရွှမ်တု ကဲ့သို့သော လူစားမျိုးမှာမူ၊ မွေးရာပါ မည်သူ့အောက်၌မှ ဒူးမထောက်လိုသူ ဖြစ်ပေရာ၊ သူတော်စင် ဧကရာဇ်က သူ့အား ဆယ်စုနှစ်ပေါင်းများစွာ ချုပ်နှောင်ထားခဲ့သည့်တိုင်အောင် သူ၏ကိုယ်ပေါ်မှ ထို မာနကြီးကာ လွတ်လပ်လိုသော စိတ်ဓာတ်များကို မချေဖျက်နိုင်ခဲ့ပါက၊ ယခုမှ ရောက်ရှိလာသော ထိုက်ရှီ အတွက်မူ ပို၍ပင် ပြောနေရန် မလိုတော့ပေ။ သူသည် မည်သူ့၏ ထိန်းချုပ်မှုကိုမှ ခံယူမည့်သူ မဟုတ်ပေ
သို့သော်လည်း ခဏတာမျှ ကြည့်ရှုပြီးနောက်တွင်မူ၊ ဝမ်ချောင်သည် ချက်ချင်းပင် မျက်မှောင်ကို ကြုတ်လိုက်မိကာ၊ စိတ်နှလုံးလည်း လေးလံသွားခဲ့ရပေသည်။ “လီရွှမ်တုက ထိုက်ရှီရဲ့ ပြိုင်ဘက် မဟုတ်ဘူး” ထိုက်ကျိနန်းဆောင်ရှေ့၌ တိုက်ပွဲမှာ ပြင်းထန်နေသော်လည်း လက်တွေ့တွင်မူ လီရွှမ်တု မှာမူ အမြဲတမ်း ဖိနှိပ်ခြင်း ခံနေရသည့် အခြေအနေ၌သာ ရှိနေပေသည်။ ဝမ်ချောင်သည် ခေတ္တမျှ ဆင်ခြင်သုံးသပ်ကြည့်လိုက်ရုံဖြင့် ချက်ချင်း နားလည်သွားခဲ့ပေသည်။ လီရွှမ်တုမှာ ပါရမီ မည်မျှပင် မြင့်မားပါစေ၊ အဆုံးစွန်ထိပြောရလျှင် သူသည် လူငယ်တစ်ဦးသာ ဖြစ်သော်လည်း၊ သူ၏ဆန့်ကျင်ဘက်မှ ထိုက်ရှီမှာမူ၊ နှစ်ပေါင်း ထောင်နှင့်ချီလျက် သို့မဟုတ် ၎င်းထက်ပင် ပိုမို၍ ရှည်လျားစွာ အသက်ရှင်နေခဲ့သော မိစ္ဆာအိုကြီး တစ်ကောင် ဖြစ်နေခြင်း ဖြစ်ရာ ဂူကောင်းကင် စည်းမျဉ်းများအပေါ် နားလည်မှုနှင့် ထိန်းချုပ်နိုင်စွမ်း အပိုင်း၌သာ ဆိုလျှင်မူ လီရွှမ်တုမှာ ထိုက်ရှီကို အနည်းငယ်မျှပင် မယှဉ်နိုင်ပေ။ ထိုက်ရှီအား ဤမျှအထိ ကြာမြင့်အောင် တားဆီးထားနိုင်ခြင်းမှာပင် များစွာတော်နေပြီဟု ဆိုရပေမည်။
“မဖြစ်ဘူး။ သူ့ကို တစ်ဖက်က ကူညီပေးမှ ဖြစ်မယ်”
ဝမ်ချောင်၏ စိတ်နှလုံးမှာ ဝုန်းခနဲ လှုပ်ခတ်သွားခဲ့ကာ၊ ချက်ချင်းပင် ရှေးဦးရှန်ထိုက်ကိုယ်ပွား သုံးခုလုံးကို ဆင့်ခေါ်လိုက်ပေသည်၊ အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီးနောက် ထို လူနှစ်ဦး ပြင်းထန်စွာ တိုက်ခိုက်နေချိန်၌၊ သူတို့သည် မြေပြင်ပေါ်မှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ကြပေတော့သည်။
“နှုတ်ခမ်း မရှိလျှင် သွားများ အေးရတတ်သည်” ဟူသည့်အတိုင်း၊ ထိုက်ရှီမှာ ယခုအခါ တစ်ဦးတည်း အစွမ်းပြနေခြင်း ဖြစ်ရာ အကယ်၍ လီရွှမ်တုသာ ရှုံးနိမ့်သွားခဲ့မည်ဆိုလျှင်၊ နောက်ထပ် အလှည့်မှာ မိမိ ဖြစ်လာတော့မည် ဖြစ်၏။
“ဝုန်း”
တိုတောင်းလှသော အချိန်လေးအတွင်းမှာပင် မြေကြီးမှာ တုန်ခါသွားခဲ့ရကာ မြည်ဟည်းသံကြီး တစ်ခု ထွက်ပေါ်လာခဲ့ပေသည်။ ဂူကောင်းကင်အဆင့် ထိပ်တန်းပညာရှင်နှစ်ဦး တိုက်ပွဲ အပြင်းထန်ဆုံး ဖြစ်ပေါ်နေချိန်၌၊ ထိုက်ကျိနန်းဆောင်၏ မြေအောက်မှနေ၍၊ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ၊ ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင်ကို ဆွဲဖြဲလျက် ထိုးထွက်လာခဲ့ပေတော့သည်။
“အိမ်ရှေ့စံမင်းသား ကျွန်တော်တို့ အတူတူ ပူးပေါင်းကြရအောင်”
“မဟာ ပျက်သုဉ်းခြင်း အတတ်”
လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်း၌ ဝမ်ချောင်၏ ရှန်ထိုက် ကိုယ်ပွား သုံးခုမှာ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပေသည်။ လက်မောင်း သုံးဖက်မှာ ဝမ်ချောင်၏ကိုယ်ပေါ်သို့ တစ်ပြိုင်တည်း ကျရောက်သွားခဲ့ကြကာ ပြင်းထန်လှသော ကျင့်စဉ်စွမ်းအားများမှာလည်း ဟိန်းဟောက်လာခဲ့ပြီး ဝမ်ချောင်၏ မူလကိုယ်ထည် အတွင်းသို့ အလုံးစုံ စီးဝင်သွားခဲ့ကြပေတော့သည်။
“ဝုန်း”
“ဝမ်ချောင်” လေးဦးသားမှာ တစ်သားတည်း ပေါင်းစပ်သွားခဲ့ကြသည့် အချိန်၌ ထိုစွမ်းအားများမှာ တောင်ပြိုပင်လယ်လှိုင်းတံပိုးများအလား ပြင်းထန်လှသဖြင့်၊ မြေကမ္ဘာနှင့် ကောင်းကင်ယံကိုပါ အမူအရာ ပျက်ယွင်းသွားစေရန် လုံလောက်လှပေသည်။
“မင်းရဲတင်းလှချည်လား”
မြေအောက်မှနေ၍ မီးတောင်ပေါက်ကွဲသည့်အလား ထိုးထွက်လာသော ထို စွမ်းအားများကို ခံစားသိရှိလိုက်ရသည့်အခါ၊ ထိုက်ရှီပင်လျှင် အမူအရာ ပျက်ယွင်းသွားခဲ့ရပေသည်။ ဝမ်ချောင်လေးဦးသား ပေါင်းစပ်လိုက်သော အင်အားမှာမူ၊ သူပင်လျှင် လျစ်လျူရှုထားရန် မဖြစ်နိုင်တော့ပေ။
“ထိုက်ရီ ပုံစံ”
မသိမသာသော အခြေအနေကြားမှ ထိုက်ရှီ၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ရကာ၊ လက်တစ်ဖက်ကို မြှောက်လိုက်ရုံမျှဖြင့် များစွာကြီးမားလှသော ဖြူဝါရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခုမှာ၊ မြေပြင်ပေါ်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ မြေအောက်မှ ထွက်ပေါ်လာသော ဝမ်ချောင်ဆီသို့ ရစ်ပတ်ဝါးမြို တိုက်ခိုက်လိုက်ပေတော့သည်။
“ထွက်သွားစမ်း.. ဒီပန်ကုန်းက ဘယ်သူ့ရဲ့ အကူအညီမှ မလိုဘူး”
သို့သော်လည်း ယခုကဲ့သို့သော အချိန်မှာပင် လူတိုင်း ထင်မှတ်မထားသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပေသည်။ ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ ဝမ်ချောင်က ထိုက်ရှီ၏ တိုက်ခိုက်မှုကို အာရုံစိုက်လျက် လီရွှမ်တုအား ကူညီရန် ပြင်ဆင်နေစဉ်မှာပင်၊ တိုက်ကွက်တစ်ခုမှာ ဘေးတိုက်မှနေ၍ သူ၏ဆီသို့ ရုတ်တရက် တစ်ဟုန်ထိုး တိုးဝင်လာခဲ့ပေတော့သည်။
“လီရွှမ်တု မင်းရူးနေတာလား”
ဝမ်ချောင်မှာ များစွာဒေါသထွက်သွားခဲ့ရပေသည်။ သူသည် မူလက ဟင်းလင်းပြင် အမြင့်ပိုင်းမှ ထိုက်ရှီဆီသို့ ဦးတည်သွားခြင်း ဖြစ်သော်လည်း၊ ဤအခိုက်အတန့်၌မူ၊ မတတ်သာဘဲ ပင်ပန်းကြီးစွာနှင့် နောက်သို့ ပြန်ဆုတ်ပေးလိုက်ရကာ၊ ကောင်းကင်ယံမှနေ၍ အောက်သို့ ပြန်လည်ကျဆင်းလျက် မြေအောက်သို့ ရှောင်တိမ်းလိုက်ရပေတော့သည်။
ဝမ်ချောင်အနေဖြင့် မည်သို့မျှ ထင်မှတ်မထားခဲ့သည်မှာမူ၊ မိမိက လီရွှမ်တုကို ကူညီလိုသော်လည်း၊ ရလဒ်အနေဖြင့်မူ လီရွှမ်တုဟူသော ထိုလူမှာ မမျှော်လင့်ဘဲ ထိုက်ရှီနှင့် ပူးပေါင်းကာ မိမိအား ပြန်လည် တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်ပေသည်။ ဤသည်မှာ ဝမ်ချောင်အဘယ်သို့မျှ မျှော်လင့်မထားသော ကိစ္စပင် ဖြစ်၏
“ဒီပန်ကုန်းကတော့ ဘယ်တော့မှ တခြားလူတွေနဲ့ ပူးပေါင်းလေ့ မရှိဘူး၊ မင်းထွက်သွားစမ်း။ ဒီကောင်ကိုတော့ ငါကိုယ်တိုင်ပဲ ကိုင်တွယ်နိုင်တယ်”
လီရွှမ်တု၏အေးစိမ့်လှသော အသံမှာ ကောင်းကင်ယံမှနေ၍ ထွက်ပေါ်လာခဲ့ပေသည်။ ဝမ်ချောင်နောက်သို့ ဆုတ်ခွာသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ၊ သူသည်လည်း ထပ်မံ၍အကျပ်မကိုင်တော့ဘဲ၊ လက်ဝါးကို ပြန်ရုပ်သိမ်းလျက် သူ၏ တိုက်ခိုက်မှုကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက်၊ ဟင်းလင်းပြင် အမြင့်ပိုင်းမှ ထိုက်ရှီနှင့် ဆက်လက်၍ ပြင်းထန်စွာ တိုက်ခိုက်နေပေတော့သည်။
မြေအောက်၌ ဝမ်ချောင်မှာမူ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံးမှာ ပြာနှမ်းနေခဲ့ရပေပြီ။ သူသည် စေတနာအပြည့်ဖြင့် လီရွှမ်တုအား ကူညီခဲ့သော်လည်း၊ ရလဒ်အနေဖြင့် ထိုသူမှာမူ အလွန်အမင်း မာနကြီးလွန်းလှသဖြင့်၊ မိမိအား ကြားဝင်ခြင်း မပြုရန် တားမြစ်သည့်အပြင်၊ ထိုက်ရှီကိုပါ ကူညီလျက် မိမိအား ကိုင်တွယ်ခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍သာ သူ၏အာရုံခံစားမှုမှာ လျင်မြန်လွန်းခြင်း မရှိခဲ့ပါက၊ ယခုအချိန်၌ ထိုလူ၏ လက်ဝါးအောက်၌ အချိန်အတော်ကြာကတည်းက သေဆုံးနေလောက်ပြီ ဖြစ်ပေသည်။
“အရှင် ဘယ်လို လုပ်ကြမလဲ”
ယခုကဲ့သို့သော အချိန်မှာပင် ခြင်ကိုက်သံလောက်မျှသာ ရှိသော အသံတချို့မှာ နားထဲသို့ တိုးဝင်လာခဲ့ပေသည်။ ၎င်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ကျောက်ဖုန်းချန်၊ ပိုင်ဟန်ကျိုး တို့ လူတစ်စု ရောက်ရှိလာခြင်းပင် ဖြစ်၏။
၎င်းတို့ အားလုံးမှာမူ ဒဏ်ရာများ များစွာ ပြင်းထန်လှသော်လည်း၊ နန်းစောင့်တပ်ဖွဲ့ ခေါင်းဆောင်များ၏ အသက်ပေး ကာကွယ်မှုအောက်၌၊ နောက်ဆုံးတွင်မူ အသက်ရှင် ကျန်ရစ်ခဲ့ကြခြင်း ဖြစ်ပေသည်။ ထိုက်ကျိနန်းဆောင်ဆိုသည်မှာ များစွာအရေးကြီးလှသလို၊ လီဟန်ကိုလည်း မည်သည့် ထိခိုက်မှုမျိုးကိုမျှ အဖြစ်မခံနိုင်သည့်အတွက် သူတို့အားလုံးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားကြသည့်တိုင်အောင်၊ အားတင်းလျက် ဤနေရာသို့ အပြေးရောက်ရှိလာကြခြင်းပင် ဖြစ်ပေတော့သည်။
******
အခန်း (၂၁၀၆) ဂူကောင်းကင် တိုက်ပွဲ (၂)
“မင်းတို့ပါလား”
တစ်ချိန်တည်းမှာပင် ဝမ်ချောင်သည် လူအုပ်အတွင်းရှိ ကျောက်ဖုန်းချန်တို့အား မြင်တွေ့သွားလေသည်။ ဒဏ်ရာများ အနည်းနှင့်အများ ရရှိထားကြသော ထိုသူများကို ကြည့်ရှုရင်း ဝမ်ချောင်၏ စိတ်နှလုံးအတွင်း၌ အတွေးတစ်ခု လှုပ်ခတ်သွားခဲ့ကာ၊ ဟင်းလင်းပြင်ရှိ လီရွှမ်တုကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားဟန် ရှိလေသည်။
“အလျင်မလိုကြနဲ့ဦး၊ ဧကရာဇ်မင်းမြတ်မှာ လောလောဆယ် အသက်အန္တရာယ် မရှိသေးဘူး၊ အရာရာကို ငါ စီစဉ်ထားပြီးသားပါ”
ဝမ်ချောင်က ကောင်းကင်ယံထက်၌ ပြင်းထန်စွာ တိုက်ခိုက်နေကြသော ထိုသူနှစ်ဦးကို ကြည့်လျက် လေးနက်သောအသံဖြင့် ဆိုလိုက်လေသည်။ သူ၏အကြည့်မှာ လီရွှမ်တုဆီသို့ ရောက်ရှိသွားခဲ့ပြီး တစ်စုံတစ်ရာကို နက်နဲစွာ ဆင်ခြင်နေပေသည်။
ကောင်းကင်ယံထက်မှ တိုက်ပွဲမှာမူ အလွန်အမင်း ပြင်းထန်လှပေသည်။ အတိုင်းအဆမရှိသော ဂန်ချီများမှာ မုန်တိုင်းနှစ်ခုအဖြစ် ပြောင်းလဲလျက် ဟင်းလင်းပြင် ဗလာနယ်အတွင်း၌ ဟိန်းဟောက်လည်ပတ်နေကြကာ၊ ဒေါသတကြီး မြည်ဟည်းလျက် တစ်ခုနှင့်တစ်ခု အဆက်မပြတ် ရိုက်ခတ်နေကြလေသည်။ တစ်ခါတစ်ရံတွင်မူ ထိုသူနှစ်ဦး၏ ဂန်ချီ အတွင်းရှိ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများမှာ တစ်သားတည်း ရောယှက်သွားကြပြီး၊ ပိုမိုကြောက်မက်ဖွယ်ကောင်းလှသော အနက်ရောင်နှင့် ဖြူဝါရောင် ရောယှက်နေသည့် ဧရာမ မုန်တိုင်းကြီးများအဖြစ် ပြောင်းလဲသွားကြပြန်သည်။
ပျက်စီးနေသော အုတ်ကြွပ်များ၊ ကျောက်ခဲများ၊ ကျိုးပဲ့နေသော အဖြူရောင် ကျောက်စိမ်း လှေကားထစ်များ၊ လက်နက်များနှင့် သံချပ်ကာ အစိတ်အပိုင်းများ အားလုံးမှာလည်း ထိုမုန်တိုင်းအတွင်းသို့ ဆွဲယူခြင်း ခံလိုက်ရပြီးနောက်၊ လေပြင်းမုန်တိုင်းတစ်ခုအလား အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားခဲ့ကြရလေသည်။
“အား”
အရပ်မျက်နှာအနှံ့မှ စူးရှလှသော အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာခဲ့ပေသည်၊ ထို အပျက်အစီးများ ကျဆင်းလာသည့်အခါတွင်မူ၊ ပြင်းထန်လှသော အရှိန်အဝါများကြောင့် ၎င်းတို့မှာ ဓားလှံများအလား ရှိနေခဲ့ကာ၊ မြေပြင်ကြီးအတွင်းသို့ နက်နဲစွာ စိုက်ဝင်သွားခဲ့ကြရပြီး၊ သံမဏိကဲ့သို့ မာကျောလှသော နန်းတွင်း ကျောက်ပြားများပင်လျှင် ထိုဒဏ်ကို မခံနိုင်ဘဲ အစအန မကျန် ပေါက်ကွဲပျက်စီးသွားခဲ့ရလေသည်။
ပတ်ဝန်းကျင်ရှိ နန်းစောင့်တပ်ဖွဲ့များမှာ မူလကတည်းက အဝေးသို့ ဆုတ်ခွာထားကြသော်လည်း၊ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ၊ စိတ်နှလုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့ရကာ ပိုမိုဝေးကွာသော နေရာများဆီသို့ ထပ်မံ ဆုတ်ခွာသွားခဲ့ကြပေတော့သည်။
မြေအောက်ထောင် အကျဉ်းသား များမှာလည်း ထိုနည်းတူပင် ဖြစ်ကြပေသည်။
သို့သော်လည်း ဝမ်ချောင်မှာမူ ယခုအခါ ဤလူများကို အာရုံစိုက်ရန် အချိန်မရှိတော့ပေ။ သူ၏ အာရုံစိုက်မှု အားလုံးမှာ စစ်မြေပြင် ဗဟိုချက်ရှိ ထို လူနှစ်ဦးပေါ်၌သာ အလုံးစုံ ကျရောက်နေခြင်း ဖြစ်ပေသည်။
ဝမ်ချောင်သည် ထိုသူနှစ်ဦး၏ တိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ၊ မိမိကိုယ်တိုင်ပင်လျှင် များစွာသော နှောင့်ယှက်မှုများကို ခံစားနေရသဖြင့် ၎င်းတို့၏ တိုက်ပွဲကို သေသေချာချာ မမြင်တွေ့နိုင်တော့ကြောင်း သိရှိလိုက်ရလေသည်၊ သို့ဖြစ်ရာ သင့်တော်သော အချိန်ကို အမိအရ ဆုပ်ကိုင်လျက် သူတို့၏ တိုက်ပွဲအတွင်းသို့ ကြားဝင်ရန်မှာမူ ပို၍ပင် ခက်ခဲလှပေသည်။
ကျင့်စဉ်စွမ်းအားမှာ သူတို့ကဲ့သို့သော အဆင့်အတန်းသို့ ရောက်ရှိသွားသည့်အခါတွင်မူ၊ သိမ်မွေ့နက်နဲသော အဆင့်ပညာရှင်များအတွက်ပင် မျက်ခြေမပြတ် လိုက်ပါကြည့်ရှုရန်မှာ များစွာ ခက်ခဲလှပေသည်။
နောက်တစ်ခဏ၌ ဝမ်ချောင်၏ စိတ်နှလုံး လှုပ်ခတ်သွားခဲ့ကာ အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ မူလအနှစ်သာရ ချီစွမ်းအင်ကို ချက်ချင်း ထုတ်ဖော်လိုက်ရာ၊ သူ၏ မျက်စိရှေ့၌ အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီးနောက် အဆုံးမရှိသော စွမ်းအင်ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။
“မလုံလောက်သေးဘူး။ ဒီလူနှစ်ယောက်ရဲ့ စည်းမျဉ်းစွမ်းအားတွေက အရမ်းပြင်းလွန်းတော့ တစ်ကမ္ဘာလုံးကိုပါ စတင် သက်ရောက်နေပြီ”
ဝမ်ချောင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်လေသည်။ မူလအနှစ်သာရ ချီစွမ်းအင်ဆိုသည်မှာ မြေကမ္ဘာနှင့် ကောင်းကင်ယံရှိ စွမ်းအင်အားလုံး၏ မူလပုံသဏ္ဌာန်ကို ဖော်ပြပေးနိုင်ရုံသာမက၊ အမျိုးမျိုးသော စွမ်းအင်များ၏ အားကောင်းမှု၊ စီးဆင်းမှုနှင့် နိယာမများကိုပါ တိုက်ရိုက်မြင်တွေ့စေနိုင်သော်လည်း၊ ယခုအခိုက်အတန့်၌မူ ဝမ်ချောင်သည် ထိုကမ္ဘာအတွင်းသို့ ဝင်ရောက်လိုက်သည့်အခါ၊ ဝေဝါးမှောင်မှိုက်နေသော စွမ်းအင်စုကြီး တစ်ခုကိုသာ မြင်တွေ့လိုက်ရပေသည်။ ရှိသမျှသော အရှိန်အဝါများ အားလုံးမှာလည်း ပြာနှမ်းနှမ်း မြူခိုးတစ်လွှာအောက်၌ ဖုံးလွှမ်းခြင်း ခံထားရသည့်အလား ရှိနေသလို၊ ပုံသဏ္ဌာန်မရှိသော စွမ်းအားတစ်ခု၏ သက်ရောက်မှုကြောင့် အဆက်မပြတ် လှုပ်ခတ်နေသဖြင့် အရာရာကို သေသေချာချာ မမြင်တွေ့နိုင်ဘဲ ဖြစ်နေရပေသည်။
၎င်းမှာ ဂူကောင်းကင် စည်းမျဉ်းများ၏ စွမ်းအားပင် ဖြစ်၏။
စွမ်းအင်များသည် ဟင်းလင်းပြင်နှင့် ပတ်သက်လာသည့်အခါတွင်မူ၊ မူလအနှစ်သာရ ချီစွမ်းအင်ပင်လျှင် အရာရာကို ထင်ရှားစွာ မမြင်တွေ့နိုင်တော့ပေ။
ဝမ်ချောင်သည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ မျက်လုံးအစုံကို တစ်ချက် မှိတ်ကာ ပြန်ဖွင့်လိုက်ရာ၊ သူ၏မျက်ဝန်းအတွင်းမှ စူးရှလှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ မျက်လုံး၏ စွမ်းဆောင်ရည်မှာ နောက်ထပ် အဆင့်တစ်ခုသို့ ထပ်မံမြင့်တက်သွားခဲ့လေသည်။
အစစ်အမှန်ကမ္ဘာ။
နောက်ဆုံးတွင်မူ၊ ဝမ်ချောင်ဤ အစစ်အမှန်ကမ္ဘာကို အသုံးချလိုက်သည့်အခါ၊ ပါးလွှာလှသော ထိုပြာနှမ်းနှမ်း မြူခိုးများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့ရပြီး၊ မရေမတွက်နိုင်သော ချည်မျှင်လေးများမှာ ဝေဝါးစွာဖြင့်၊ ပင့်ကူမျှင်များအလား သေးငယ်လျက် ဖရိုဖရဲဖြစ်နေကြကာ၊ အချိန်နှင့် ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာမှနေ၍ ဝမ်ချောင်၏ မျက်စိရှေ့သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့လေသည်။
ဤမျှသာမကဘဲ ထိုအဆုံးမရှိသော ချည်မျှင်များမှာ ရေတံခွန်တစ်ခုအလား၊ ဟင်းလင်းပြင်ရှိ ထိုလူနှစ်ဦးကို အသီးသီး ဗဟိုပြုလျက်၊ တစ်လောကလုံးကို ထူထပ်သိပ်သည်းစွာ ဖုံးလွှမ်းထားကြပေသည်။
“စည်းမျဉ်းတွေရဲ့ ကမ္ဘာပဲ”
ဝမ်ချောင်သည် စိတ်နှလုံးအတွင်း၌ တုန်လှုပ်လျက် ချက်ချင်း သိရှိသွားခဲ့လေသည်။ ထို ကောင်းကင်ပြည့်နှက်နေသော ဖရိုဖရဲ ချည်မျှင်လေးများ ဆိုသည်မှာ၊ အမှန်တကယ်တော့ ဤကမ္ဘာမြေ၏ နေရာအနှံ့၌ ရှိနေကြသော စည်းမျဉ်းစွမ်းအားများပင် ဖြစ်ပေတော့သည်။
အရင်တုန်းက ထျန်းဖူနတ်မင်းနှင့် ရင်ဆိုင်စဉ်အခါကမူ မိမိအနေဖြင့် ဘာကိုမျှ မမြင်တွေ့နိုင်ခဲ့ကြောင်း ဝမ်ချောင် သေသေချာချာ မှတ်မိနေသော်လည်း၊ ယခုအခါ မျက်လုံးကို ပြန်ဖွင့်လိုက်သည့်အခါတွင်မူ၊ စည်းမျဉ်းများကိုပါ မြင်တွေ့နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်၏။
“ဒါက ထိုက်ချန်းရဲ့ ဂူကောင်းကင် စည်းမျဉ်းတွေရဲ့ ကျေးဇူးပဲ”
မသိမသာသော အခြေအနေကြားမှ ဉာဏ်အလင်း တစ်ချက်သည် ဦးနှောက်အတွင်း၌ ဖြတ်ပြေးသွားခဲ့ရာ၊ ဝမ်ချောင်သည် အရာရာကို ချက်ချင်းပင် နားလည်သွားခဲ့လေသည်။
သူသည် မိမိ၏ ရှေ့မှောက်ရှိ ထူးဆန်းလှသော ကမ္ဘာကို မြင်တွေ့နိုင်နေခြင်းမှာ သူ၏ကိုယ်အတွင်း၌ ထိုက်ချန်း၏ ဂူကောင်းကင် စည်းမျဉ်း အစိတ်အပိုင်းအချို့ ရှိနေသောကြောင့်ဖြစ်ကာ၊ ၎င်းမှာ သူ၏ မျက်ဝန်းရှိ အစစ်အမှန်ကမ္ဘာနှင့် ပေါင်းစပ်သွားခဲ့သဖြင့် ဤကဲ့သို့သော စည်းမျဉ်းကြည့်မျက်ဝန်းနှင့် ဆင်တူလှသည့် အကျိုးသက်ရောက်မှုမျိုး ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။
တိုတောင်းလှသော အချိန်လေးအတွင်းမှာပင် အဆုံးမရှိသော စည်းမျဉ်း အချက်အလက်များမှာ၊ တဖြည်းဖြည်းနှင့် လွင့်ပျံ့ကျဆင်းလာသော နှင်းပွင့်လေးများအလား ဝမ်ချောင်၏ ဦးနှောက်အတွင်းသို့ စီးဝင်လာခဲ့လေသည်။
ထိုနှင်းပွင့်များအတွင်းမှ အချက်အလက်များကို လက်ခံရရှိလိုက်သည့်အခါ၊ ဝမ်ချောင်သည် မြေကမ္ဘာနှင့် ကောင်းကင်ယံ၏ စည်းမျဉ်းများအပေါ် နားလည်သိမြင်မှုမှာလည်း အဆက်မပြတ် နက်နဲလာခဲ့ကြောင်း ခံစားလိုက်ရပေသည်။
“နှမြောစရာ ကောင်းတာကတော့ ဒါက အစောပိုင်းအဆင့် စည်းမျဉ်းကြည့်မျက်ဝန်းပဲ ဖြစ်ရမယ်၊ စွမ်းဆောင်ရည်က သိပ်မမြင့်သေးဘူး၊ ဒါမှမဟုတ်ရင်တော့ အချက်အလက်တွေကို လက်ခံရရှိတဲ့ အရှိန်က အများကြီး ပိုပြီး မြန်ဆန်နေလောက်ပြီ”
ဝမ်ချောင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်လေသည်။ သူ၏ စိတ်အာရုံ လှုပ်ရှားလိုက်ကာ၊ အကြည့်များကို ကောင်းကင်ယံဆီသို့ လျင်မြန်စွာ ပို့ထားလိုက်ပေသည်။
သူသည် စည်းမျဉ်းကြည့်မျက်ဝန်းကို အသုံးချလိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ မြေကမ္ဘာနှင့် ကောင်းကင်ယံ၏ စည်းမျဉ်းများကို နားလည်ရန်သက်သက် မဟုတ်ဘဲ၊ ထိုသူနှစ်ဦး၏ တိုက်ပွဲကို ထင်ရှားစွာ မြင်တွေ့နိုင်စေရန်နှင့်၊ လီဟန်အား ကယ်တင်နိုင်မည့် အခွင့်အရေးကို ရှာဖွေရန်အတွက်သာ ဖြစ်ကြောင်း မေ့လျော့ထားခြင်း မရှိပေ။
“ဟွန်း”
ဟင်းလင်းပြင်အမြင့်၌ တိုက်ပွဲမှာ ပြင်းထန်နေသော်လည်း၊ ဝမ်ချောင်က လှမ်းကြည့်လိုက်သည့်ခဏ၌မူ၊ ကောင်းကင်ယံရှိ ထိုက်ရှီမှာ တစ်စုံတစ်ရာကို ခံစားသိရှိသွားဟန်ဖြင့် ရုတ်တရက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ နောက်တစ်ခဏ၌ သူ၏လက်ညှိုးကို တစ်ချက် တောက်လိုက်ရာ၊ ပုံသဏ္ဌာန်မရှိသော စွမ်းအားတစ်ခုမှာ သူ၏ကိုယ်အတွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ မျက်တောင်တစ်ခတ်အတွင်း၌ ပုံသဏ္ဌာန်မရှိသော ပြာနှမ်းနှမ်း မြူခိုးများအဖြစ် ပြောင်းလဲလျက် သူ၏ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားခဲ့လေသည်။
အခြားတစ်ဖက်၌မူ လီရွှမ်တုသည်လည်း တစ်စုံတစ်ရာကို ခံစားမိသွားဟန်ဖြင့် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ကာ သူ၏ပတ်ဝန်းကျင်ရှိ စည်းမျဉ်းများမှာလည်း တွန့်လိမ်သွားခဲ့ရပြီး ပုံသဏ္ဌာန်မရှိသော တံတိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲလျက် ဝမ်ချောင်၏အကြည့်များကို ကာဆီးလိုက်ပေတော့သည်။
“ဒီကောင်တွေက အရမ်းကို ပြင်းလွန်းတာပဲ ငါ့ရဲ့အကြည့်တွေ ထူးဆန်းနေတာကိုတောင် သူတို့က ရိပ်မိသွားကြတယ်”
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်သည်လည်း စိတ်ထဲမှ ထိတ်လန့်သွားခဲ့ရလေသည်။ လီရွှမ်တုဖြစ်စေ သို့မဟုတ် ထိုက်ရှီဖြစ်စေ၊ နှစ်ဦးစလုံးမှာ ယနေ့ခေတ် လောကတစ်ခွင်ရှိ ထိပ်တန်းပညာရှင်ကြီးများ ဖြစ်ကြရာ၊ ဤကဲ့သို့သော အဆင့်အတန်းရှိသူများသည် အပြင်လူတစ်ဦး၏ ချောင်းမြောင်းကြည့်ရှုခြင်းကို ခံရန် လုံးဝ နှစ်သက်ကြသူများ မဟုတ်ပေ။
ဤမျှသာမကဘဲ၊ ထိုက်ရှီ၏ ကိုယ်ပေါ်ရှိ ထို ပြာနှမ်းနှမ်း မြူခိုးများမှာမူ၊ ဝမ်ချောင်အား များစွာ ရင်းနှီးသော ခံစားချက်မျိုး ပေးစွမ်းနေပေသည်။
“အန်းလုရှန်းပဲ”
“နိုင်ငံပေါင်းစုံပွဲတော်တုန်းက အန်းလုရှန်းဟာ ငါ့ရဲ့အစစ်အမှန်ကမ္ဘာ အာရုံခံစားမှုကို ဖုံးကွယ်ထားနိုင်ခဲ့တာ။ မူလကတော့ ဒါက ရတနာတစ်ခုခုရဲ့ ကျေးဇူးကြောင့်လို့ ငါ ထင်ခဲ့တာ၊ အခုကြည့်ရတာတော့ ဒါဟာ ထိုက်ရှီရဲ့ လက်ရာပဲ ဖြစ်ရမယ်”
မြေပြင်ပေါ်၌ ဝမ်ချောင်၏ဝတ်ရုံများ တဖျပ်ဖျပ် လွင့်နေစဉ်၊ ဦးနှောက်အတွင်း၌ အတွေးပေါင်းများစွာမှာ တစ်ခုပြီးတစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။ ဟင်းလင်းပြင် အမြင့်ပိုင်း၌ ထိုက်ရှီနှင့် လီရွှမ်တုတို့သည် တစ်ပြိုင်တည်း စည်းမျဉ်းစွမ်းအားများကို အသုံးချလိုက်သဖြင့် ဝမ်ချောင်၏ အမြင်အာရုံအတွင်းရှိ ထိုလူနှစ်ဦးမှာမူ ဝေဝါးမှောင်မှိုက်သွားခဲ့ရပြန်ရာ ဤအတိုင်းဆိုလျှင်မူ သူတို့၏ တိုက်ပွဲအတွင်းသို့ ကြားဝင်ရန်မှာ များစွာ ခဲယဉ်းနေဆဲ ဖြစ်ပေသည်။
သို့သော်လည်း ခဏတာမျှ အချိန်အတွင်း၌ မဝေးလှသော နေရာမှနေ၍ ထူးဆန်းလှသော ခံစားချက်တစ်ခု တိုးဝင်လာခဲ့လေသည်။
“ဒါက ရှန်ထိုက် သုံးခုပဲ”
ဝမ်ချောင်သည် ထိုအပြောင်းအလဲ၏ အရင်းအမြစ်ကို ချက်ချင်း သိရှိသွားခဲ့လေသည်။ ဝမ်ချောင်နှင့် မဝေးလှသော နေရာ၌ ရှန်ထိုက် သုံးခုလုံးမှာလည်း ဝမ်ချောင်၏ သက်ရောက်မှုကြောင့် ကောင်းကင်ယံသို့ မော့ကြည့်နေကြသော်လည်း၊ ဝမ်ချောင်နှင့် မတူညီသည်မှာမူ၊ သူတို့၏ အမြင်အာရုံမှာ မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ခြင်းပင် ဖြစ်၏၊ ဤမျှသာမကဘဲ သူတို့၏မျက်ဝန်းအတွင်း၌မူ အရှိန်အဝါများကို အာရုံခံစားမှုမှာ အခြားသော မြင်ကွင်းတစ်ခုကိုပါ ဖော်ပြနေပေသည်။
ဝမ်ချောင်က ခေတ္တမျှ အာရုံခံစားကြည့်လိုက်ပြီးနောက် နှုတ်ခမ်းဖျား၌ အပြုံးလေးတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ရှန်ထိုက် သုံးခု၏ အမြင်အာရုံများကို မိမိဆီသို့ ချက်ချင်း ဆက်သွယ်လိုက်ပေတော့သည်။
နောက်တစ်ခဏ၌ ကြည်လင်ပြတ်သားလှသော အမြင်အာရုံသုံးခုမှာ ဝမ်ချောင်၏ မျက်ဝန်းအတွင်း၌ ထင်ရှားစွာ ပေါ်ထွက်လာခဲ့ပေသည်။ ဤအမြင်အာရုံသုံးခုမှာ ဝမ်ချောင်၏ စည်းမျဉ်းကြည့်မျက်ဝန်းနှင့် များစွာဆင်တူသော်လည်း၊ မတူညီသော အရပ်မျက်နှာသုံးခုမှ မြင်တွေ့နေရခြင်းသာ ဖြစ်ပေသည်။ ထို့ပြင် ဝမ်ချောင်၏ မူလကိုယ်ထည် မြင်တွေ့နေရသည်နှင့် မတူညီသည်မှာမူ၊ ရှန်ထိုက်သုံးခု၏ မျက်ဝန်းအတွင်း၌မူ မည်သည့် ပြာနှမ်းနှမ်း မြူခိုးများကိုမျှ မမြင်တွေ့ရသလို၊ စည်းမျဉ်း တံတိုင်းများကိုလည်း မြင်တွေ့ခြင်း မရှိဘဲ ရှိနေခြင်းပင် ဖြစ်၏။
ထိုက်ရှီနှင့် လီရွှမ်တုတို့၏ ဖုံးကွယ်မှုများမှာမူ သူတို့အတွက် အနည်းငယ်မျှပင် အသုံးမဝင်ခဲ့ပေ။ ဤမျှသာမကဘဲ ရှန်ထိုက် သုံးခု မြင်တွေ့နေရသော စည်းမျဉ်းစွမ်းအားများမှာမူ မြေကမ္ဘာနှင့် ကောင်းကင်ယံအတွင်း ပြည့်နှက်နေကာ၊ ဝမ်ချောင်၏ စည်းမျဉ်းကြည့်မျက်ဝန်းထက်ပင် များစွာပိုမို ကြည်လင်ပြတ်သားနေပေသည်။
“ရှန်ထိုက်၏ မျက်ဝန်း”
ဝမ်ချောင်သည် စိတ်ထဲမှ လှုပ်ခတ်လျက် များစွာဝမ်းမြောက်နေမိလေသည်။ ရှေးဦးရှန်ထိုက်ဆိုသည်မှာ မူလကတည်းက မြေကမ္ဘာနှင့် ကောင်းကင်ယံ စည်းမျဉ်းများ၏ ဗဟိုချက်အတွင်း၌၊ ရှည်လျားလှသော အချိန်ကာလတစ်လျှောက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ရာ၊ စည်းမျဉ်းစွမ်းအားများအပေါ်၌မူ မွေးရာပါ အာရုံခံစားနိုင်စွမ်းတစ်မျိုး ရှိနေခြင်းပင် ဖြစ်ပေသည်။ သို့သော်လည်း အရင်တုန်းက ဝမ်ချောင်သည် ရှန်ထိုက် သုံးခုအား စမ်းသပ်ကြည့်စဉ်အခါကမူ၊ ဤမျှအထိ ပြင်းထန်သော အစွမ်းများ မရှိခဲ့ဖူးပေ။
“ဒါက ထိုက်ချန်းရဲ့ ဂူကောင်းကင် စည်းမျဉ်းတွေက ရှန်ထိုက်တွေရဲ့ စွမ်းဆောင်ရည်ကို နှိုးဆွပေးလိုက်တာပဲ”
ဝမ်ချောင်က ခေတ္တမျှ ဆင်ခြင်ကြည့်လိုက်ရုံဖြင့် ချက်ချင်း နားလည်သွားခဲ့လေသည်။ ဂူကောင်းကင် စည်းမျဉ်းဆိုသည်မှာ၊ အချိန်နှင့် ဟင်းလင်းပြင်နှင့် ပတ်သက်နေသဖြင့်၊ ရှိသမျှသော စည်းမျဉ်းများအားလုံးအနက် အဆင့်မြင့်ဆုံးသော စည်းမျဉ်းစွမ်းအားပင် ဖြစ်ပေသည်။
မူလကိုယ်ထည်၏ အစစ်အမှန်ကမ္ဘာကဲ့သို့ပင်၊ ဤကဲ့သို့သော ပြင်းထန်လှသည့် စည်းမျဉ်းစွမ်းအားများကို ရရှိပြီးနောက်တွင်မူ၊ ဝမ်ချောင်၏ ရှန်ထိုက် သုံးခုမှာလည်း လိုက်လံတိုးတက်လာခဲ့ကြပြီး၊ ဖုံးကွယ်နေသော စွမ်းဆောင်ရည်များကို ပေါက်ကွဲထုတ်ဖော်နိုင်ခဲ့ကြခြင်း ဖြစ်၏။ ထိုအစွမ်းမှာ လီရွှမ်တုနှင့် ထိုက်ရှီတို့ပင်လျှင် ဖုံးကွယ်ထားရန် မတတ်နိုင်တော့လောက်အောင် ရှိနေပေသည်။ အဘယ်ကြောင့်ဆိုသော် ရှန်ထိုက် သုံးခုမှာ စည်းမျဉ်းများအတွင်းမှ ပေါ်ထွက်လာခြင်းဖြစ်ရာ၊ မိမိကိုယ်တိုင်ပင်လျှင် စည်းမျဉ်းများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်တော့သည်။
ထိုသူနှစ်ဦး တိုက်ခိုက်နေသည်ကို ခဏတာမျှ ကြည့်ရှုနေခြင်းမှပင်၊ အဆုံးမရှိသော အချက်အလက်များမှာ ရေတံခွန်တစ်ခုအလား တစ်ဟုန်ထိုး စီးကျလာခဲ့ကာ ဝမ်ချောင်၏ ဦးနှောက်အတွင်းသို့ စုပြုံတိုးဝင်လာခဲ့သဖြင့်၊ ဝမ်ချောင်သည် ဂူကောင်းကင်အဆင့်စည်းမျဉ်းစွမ်းအားများအပေါ် နားလည်သိမြင်မှုမှာလည်း များစွာမြင့်တက်လာခဲ့ကြောင်း ခံစားလိုက်ရပေသည်။
ဂူကောင်းကင်အဆင့်နှင့် ပတ်သက်နေသော အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများမှာမူ၊ များစွာကျယ်ပြောနက်နဲလှသဖြင့် အပြင်လူများ စိတ်ကူးယဉ်ထားသည်ထက် များစွာ ပိုမိုရှုပ်ထွေးလှပေရာ၊ ပါရမီရှင်ဖြစ်သော လီရွှမ်တုပင်လျှင် ဂူကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း၊ ယခုအချိန်အထိ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများကို ဆက်လက် နားလည်ရန် ကြိုးစားနေရဆဲ ဖြစ်သလို၊ မိမိ၏ ဂူကောင်းကင် ဗဟိုချက်ကိုလည်း ပိုမိုပြည့်စုံအောင် လုပ်ဆောင်နေရဆဲ ဖြစ်ပေသည်။
ဝမ်ချောင်မှာမူ ယခုအထိ ဂူကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးသော်လည်း၊ အဆက်မပြတ် စုပြုံတိုးဝင်လာနေသော ထိုများပြားလှသည့် အချက်အလက်များမှာမူ၊ ဝမ်ချောင်အတွက် များစွာသော အထောက်အကူများကို ပေးစွမ်းနေဆဲ ဖြစ်ပေသည်။ အနည်းဆုံးတော့ နောင်တစ်ချိန်တွင် သူ ဂူကောင်းကင်အဆင့်သို့ တက်လှမ်းရန် ကြိုးစားသည့်အခါတွင်မူ၊ ရင်ဆိုင်ရမည့် အဟန့်အတားများမှာ များစွာ လျော့နည်းသွားမည် ဖြစ်ပေသည်။
“ဝုန်း ဝုန်း ဝုန်း”
ကောင်းကင်ယံမှ တိုက်ပွဲမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံကို တုန်ခါသွားစေလောက်အောင် ပြင်းထန်လှပေသည်။ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသော ပေါက်ကွဲသံကြီးများမှာလည်း လူကို များစွာ ထိတ်လန့်တုန်လှုပ်စေပေသည်။ လီရွှမ်တုနှင့် ထိုက်ရှီတို့ နှစ်ဦးစလုံးမှာ၊ မိမိတို့၏ ဂူကောင်းကင်စွမ်းအားများကို အထွတ်အထိပ်သို့ ရောက်ရှိအောင် အသုံးချနေကြပြီဖြစ်ရာ၊ အဆုံးမရှိသော အနက်ရောင် မုန်တိုင်းများနှင့် ဖြူဝါရောင် မုန်တိုင်းများမှာ တစ်လှိုင်းပြီးတစ်လှိုင်း တက်လိုက်ကျလိုက် ဖြစ်နေကြသဖြင့်၊ ကြည့်ရှုသူများအားအာရုံကို လုံးဝမျက်ခြေမပြတ်စေရန် ဖမ်းစားထားသကဲ့သို့ ရှိနေပေသည်။
ဝမ်ချောင်သည် မဝေးလှသော နေရာ၌ ရပ်နေလျက်၊ မဟာလော့ အကာအကွယ်ကို ထုတ်ဖော်ထားကာ၊ ပင်လယ်လှိုင်းလုံးကြီးများကြားမှ ကျောက်ဆောင်တစ်ခုအလား၊ မျက်တောင်တစ်ချက်မျှ မခတ်ဘဲ ဟင်းလင်းပြင်ဆီသို့ စူးစိုက်ကြည့်နေပေသည်။ ဤမျှ တိုတောင်းလှသော အချိန်လေးအတွင်းမှာပင်၊ ဝမ်ချောင်သည် ၎င်းမှနေ၍ များစွာသော အကျိုးကျေးဇူးများကို ရရှိနေခဲ့ပြီဖြစ်ကာ၊ ဂူကောင်းကင်အဆင့်၏ အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများအပေါ် နားလည်သိမြင်မှုမှာလည်း သိသိသာသာ မြင့်တက်လာခဲ့ပေသည်။
ဤသည်မှာ ဂူကောင်းကင်အဆင့် ရှိသော ဆရာနှစ်ဦးက ဝမ်ချောင်၏ ရှေ့မှောက်၌ တိုက်ကွက်တစ်ခုချင်းစီကို စိတ်ရောကိုယ်ပါ သင်ကြားပြသပေးနေသကဲ့သို့ ရှိနေခြင်းဖြစ်ကာ၊ ၎င်းအပြင် ရှန်ထိုက်သုံးခုမှာလည်း အရပ်မျက်နှာ သုံးခု၌ ရပ်တည်နေကြသဖြင့်၊ ရရှိလိုက်သော အချက်အလက်များမှာလည်း ဘက်စုံ ထောင့်စုံမှပင် ဖြစ်နေပေတော့သည်။
ဤသည်မှာ မည်သည့် သိုင်းပညာရှင်မျိုးမှ မယှဉ်နိုင်သော အခွင့်အရေးပင် ဖြစ်၏။ ဤမျှသာမကဘဲ၊ ဝမ်ချောင်အနေဖြင့် အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများကို နားလည်သိမြင်လာသည်နှင့်အမျှ၊ ဝမ်ချောင်နှင့် ရှန်ထိုက်သုံးခု၏ ကိုယ်အတွင်းရှိ ဂူကောင်းကင် စည်းမျဉ်းများမှာလည်း အဆက်မပြတ် တိုးတက်လာခဲ့ပြီး၊ အလိုအလျောက် ပိုမိုပြည့်စုံလာမည့် အရိပ်အယောင်များ ဝေဝါးစွာ ပေါ်ထွက်လာခဲ့လေသည်။
“ထိုက်ရှီရဲ့အစွမ်းက လီရွှမ်တုထက် သာလွန်နေတာပဲ၊ ဒါပေမဲ့ လီရွှမ်တုက မာနအရမ်းကြီးလွန်းတော့ ထိုက်ရှီရဲ့ဖိနှိပ်မှုကို ခံနေရတဲ့တိုင်အောင် နောက်ဆုတ်ဖို့ လုံးဝဆန္ဒမရှိသလို၊ အရှုံးပေးဖို့လည်း စိတ်မကူးထားဘူး”
ဝမ်ချောင်က ကောင်းကင်ယံကို ကြည့်လျက် မျက်မှောင်ကြုတ်လိုက်မိလေသည်။ သူ၏ရှုထောင့်မှ ကြည့်မည်ဆိုပါက၊ လီရွှမ်တုမှာ ထိုက်ရှီ၏ တိုက်ခိုက်မှုများအောက်၌ ကိုယ်ပေါ်တွင် ဒဏ်ရာများ တစ်ခုပြီးတစ်ခု ပေါ်ထွက်နေသလို၊ ကိုယ်တွင်းအင်္ဂါများမှာလည်း သိသိသာသာပင် ပြင်းထန်စွာ ဒဏ်ရာရရှိနေကြောင်း ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။ သို့သော်လည်း သူသည် ခေါင်းမာစွာဖြင့် ဟင်းလင်းပြင် ဗလာနယ်အတွင်း၌ ရပ်တည်လျက် ထိုက်ရှီနှင့် အစွမ်းကုန် တိုက်ခိုက်နေဆဲ ဖြစ်ရာ၊ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက တိုက်ပွဲ အဆုံးသတ်သည့်အခါ လီရွှမ်တုမှာ ပြင်းထန်စွာ ဒဏ်ရာရရှိလျက် ပြန်လည်ထမလာနိုင်တော့မည်ကို ဝမ်ချောင်စိုးရိမ်နေမိလေသည်။
ပို၍ပြဿနာရှိသည်မှာမူ၊ အကယ်၍ လီရွှမ်တုသာ ရှုံးနိမ့်သွားခဲ့မည်ဆိုလျှင်၊ ဝမ်ချောင်တစ်ဦးတည်းအနေဖြင့်လည်း တောင့်ခံရန် ခဲယဉ်းလှသဖြင့်၊ နောက်ဆုံးတွင် ထိုက်ရှီ၏ တစ်ဦးချင်း ချေမှုန်းမှုကို ခံရပေတော့မည်။
လောလောလတ်လတ် အခြေအနေအတွင်းမှာပင်
“ဝုန်း”
ကောင်းကင်ယံ၌ မတူညီသော အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းနှစ်ခုမှာ ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့ကြရာ၊ ထိုက်ကျိနန်းဆောင်ရှေ့ရှိ ဟင်းလင်းပြင်မှာ စက္ကူချပ်တစ်ခုအလား ဆွဲဖြဲခြင်း ခံလိုက်ရပြီး၊ အနက်ရောင် အက်ကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့လေသည်၊ ဝမ်ချောင်၏ စိတ်ထဲ၌ တိတ်တဆိတ် စိုးရိမ်ပူပန်လျက် နည်းဗျူဟာများကို စဉ်းစားနေစဉ်မှာပင်၊ ရုတ်တရက်ဆိုသလို ရင်းနှီးလှသော အသံတစ်ခုမှာ ခြင်ကိုက်သံလောက်မျှ သေးငယ်လျက် နားထဲ၌ ထွက်ပေါ်လာခဲ့လေသည်။
“ဝမ်ချောင် ငါ ပြောတာ ကြားရလား”
******
အခန်း (၂၁၀၇) ဂူကောင်းကင် တိုက်ပွဲ (၃)
ထိုအသံမှာ အလွန်တရာ သေးငယ်လွန်းလှသဖြင့် ယခုကဲ့သို့ ပြင်းထန်သော တိုက်ပွဲအတွင်း၌ အကယ်၍သာ သေသေချာချာ အာရုံစိုက် မနားထောင်ခဲ့ပါက လုံးဝသတိပြုမိနိုင်စရာ အကြောင်းမရှိပေ။ သို့သော်လည်း ဝမ်ချောင်ကြားလိုက်ရသည့် ခဏ၌မူ တစ်ကိုယ်လုံး ဝုန်းခနဲ တုန်လှုပ်သွားခဲ့ရလေသည်။
“ဧကရာဇ်မင်းမြတ်”
ဝမ်ချောင်သည် စိတ်လှုပ်ရှားသွားခဲ့ပြီး၊ ဦးခေါင်းကို ဝုန်းခနဲ လှည့်လျက် အကြည့်များကို လျှပ်စီးလက်သည့်အလား ဟင်းလင်းပြင် ဗလာနယ်တစ်ခုလုံးသို့ လျင်မြန်စွာ ဝှေ့ယမ်းကြည့်ရှုလိုက်ပေသည်။ တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ ရှေးဦးရှန်ထိုက်သုံးခုမှာလည်း ဟင်းလင်းပြင်အတွင်း၌ အလျင်အမြန်ပင် ရှာဖွေလိုက်ကြပေသည်။
“ခရက် ခရက်” ဟင်းလင်းပြင်ထဲ၌ နောက်ထပ် အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ထွက်ပေါ်လာခဲ့ပြန်ရာ၊ ဝမ်ချောင်၏ စိတ်နှလုံး လှုပ်ခတ်သွားခဲ့ပြီး၊ ထို အက်ကြောင်းများအနက် တစ်ခုအတွင်း၌ ဝါရောင် နဂါးဝတ်ရုံအစအနလေးတစ်ခု ခေတ္တမျှ ပေါ်ထွက်လာပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ချက်ချင်း သတိပြုမိလိုက်ပေသည်။
လီဟန်ပင် ဖြစ်၏။
ဝမ်ချောင်သည် မျက်ခုံးများကို တင်းတင်းကြုတ်လျက် ချက်ချင်းပင် မှတ်မိသွားခဲ့လေသည်။ လီရွှမ်တု၏ အစွမ်းမှာ များစွာ ပြင်းထန်လှပေရာ၊ ဂူကောင်းကင်အဆင့်ရှိသော ပညာရှင်များမှာ မိမိတို့၏ ဘေးနား၌ အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုကို စိတ်ကြိုက် ဖွင့်လှစ်နိုင်စွမ်း ရှိကြပေသည်။ လီရွှမ်တုမှာ အခြားသော လူများ လီဟန်အား လုယူသွားခြင်းကို မခံလိုသဖြင့်၊ သူ့အား ထိုအချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်း တစ်ခုအတွင်း၌ တိုက်ရိုက် ဝှက်ထားခဲ့ခြင်း ဖြစ်ပေသည်။
ဤသို့ ဖြစ်နေသည့်အတွက် ဝမ်ချောင်အနေဖြင့်ပင်လျှင် မည်သို့မျှ လုပ်ဆောင်နိုင်စရာ အကြောင်းမရှိပေ။ သို့သော်လည်း လီရွှမ်တု နှင့် ထိုက်ရှီတို့၏ တိုက်ပွဲမှာ အဆက်မပြတ် ဟင်းလင်းပြင်များကို ဆွဲဖြဲနေခဲ့သဖြင့်၊ လီရွှမ်တု က လီဟန်အား ဝှက်ထားသော အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းမှာလည်း ရံဖန်ရံခါတွင် ထောင့်တစ်နေရာမှ ဆွဲဖြဲခြင်း ခံနေရသဖြင့်၊ ၎င်းအတွင်း၌ ရှိနေသော လီဟန်မှာလည်း ထိုခဏတာအတွင်း၌ အသက်ရှူပေါက်လေးတစ်ခုကို ခက်ခဲစွာ ရရှိနေခြင်း ဖြစ်၏။
“ဝမ်ချောင်၊ ငါ ပြောတာကို နားထောင်စမ်း”
အခြားတစ်ဖက်၌မူ “ဝမ်ချောင်” လေးဦးမှာ ဟင်းလင်းပြင်ကို ရုတ်တရက် ရှာဖွေနေသည်ကို မြင်တွေ့လိုက်ရသည့်အခါ လီဟန်သည်လည်း ဝမ်ချောင်က မိမိ၏ အသံကို ကြားသွားပြီဖြစ်ကြောင်း နားလည်သွားဟန် ရှိလေသည်၊ သူက အလျင်အမြန်ပင် ဆိုလိုက်ပေသည်။
“အခု ငါပြောမယ့် သတင်းက အရမ်းကို အရေးကြီးတယ်”
“ထိုက်ကျိနန်းဆောင် အောက်ခြေက ကိုးကောင်းကင် ဆယ်ကမ္ဘာ ဧကရာဇ်သုံးပါး အစီအရင်ဟာ လုံးဝ ပျက်စီးသွားတာ မဟုတ်ဘူး”
“ဘာလဲ”
လီဟန်၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရကာ၊ ဦးခေါင်းကို ဝုန်းခနဲ မော့ကြည့်လိုက်ပေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုခဏ၌ ဝမ်ချောင်၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့ကာ၊ စိတ်အတွင်း၌လည်း ချက်ချင်းပင် လှိုင်းလုံးကြီးများ ထကြွလာခဲ့ပေတော့သည်။ လီရွှမ်တုမှာ တော်ဝင်မျိုးနွယ်ဝင် တစ်ဦးဖြစ်သလို၊ အတိတ်က အိမ်ရှေ့စံမင်းသားလည်း ဖြစ်ခဲ့ဖူးသဖြင့်၊ ထိုက်ကျိနန်းဆောင် အောက်ခြေရှိ ဤအစီအရင်ကြီးအကြောင်းကို လက်ဝါးပေါ်တင်ထားသကဲ့သို့ သိရှိထားသူ ဖြစ်ပေသည်၊ ဤသည်မှာလည်း ထိုက်ရှီက သူ့အား အစီအရင်ကို ဖျက်ဆီးခိုင်းရသည့် အကြောင်းရင်းပင် ဖြစ်၏။
ထိုက်ရှီဘက်ကတော့ အလုပ်ပြီးရင် လှေကားကို ရိုက်ချိုးမယ့်သူဆိုတာ ထင်ရှားနေပေမယ့်ပေါ့။
၎င်းမတိုင်မီက ဝမ်ချောင်ကိုယ်တိုင်ပင်လျှင် လီရွှမ်တုက မြေအောက်သို့ လက်သီးတစ်ချက် ရိုက်ချလိုက်ကာ ဧကရာဇ်သုံးပါး အစီအရင်ကို ဖျက်ဆီးလျက်၊ သွယ်ဝိုက်သောနည်းဖြင့် ရှောင်ကျိုးကျိုး အစီအရင်ကို ဖျက်ဆီးပစ်လိုက်သည်ကို မျက်မြင်တွေ့ခဲ့ရခြင်း ဖြစ်ပေသည်။ သို့သော်လည်း ယခုအခါ လီဟန်ကမူ အစီအရင်ကြီးမှာ ပျက်စီးသွားခြင်း မရှိသေးကြောင်း မိမိအား ပြောပြနေခဲ့ပြီ ဖြစ်၏။ ဝမ်ချောင်၏ ပထမဆုံးသော တုံ့ပြန်မှုမှာမူ လုံးဝမဖြစ်နိုင်ဟု ယူဆမိခြင်းပင် ဖြစ်ပေသည်။
အကယ်၍သာ ဧကရာဇ်သုံးပါး အစီအရင် ပျက်စီးသွားခြင်း မရှိခဲ့ပါက ဘာကြောင့် ရှောင်ကျိုးကျိုး အစီအရင်က ပျက်စီးသွားရပါသနည်း။ လီရွှမ်တု၏ ထိုလက်သီးတစ်ချက်က အမှန်တကယ်တော့ ဘာကိုလုပ်ဆောင်ခဲ့ပါသနည်း။ ၎င်းမှာ အမှန်တကယ်ပင် လူကို များစွာ ထိတ်လန့်သွားစေနိုင်လောက်သော ကိစ္စပင် ဖြစ်၏
သို့သော်လည်း ဝမ်ချောင်သည် အဆုံးစွန်ထိ နားလည်ထားသည်မှာမူ၊ ဧကရာဇ် ဆိုသည်မှာ နောက်ပြောင်သော စကားများကို ဆိုလေ့မရှိသူပင် ဖြစ်ပေသည်။ လီဟန်သည် အရင်က အိမ်ရှေ့စံမင်းသား ဖြစ်ခဲ့ဖူးသလို၊ ယခုအခါ ဧကရာဇ်အသစ် ဖြစ်လာခဲ့ပြီဖြစ်ရာ၊ သူ၏စကားမှာ များစွာတည်ကြည်လေးနက်လှပေသည်။ ထို့ပြင် သူ၏စရိုက်မှာလည်း ရိုးသားဖြောင့်မတ်သူ ဖြစ်သဖြင့်၊ ယခုကဲ့သို့သော ကိစ္စရပ်မျိုး၌ လိမ်ညာပြောဆိုရန်မှာမူ လုံးဝမဖြစ်နိုင်ပေ။ သို့သော်လည်း လီဟန်မှာ ကျင့်စဉ်စွမ်းအားအရ သူတော်စင်သိုင်းအဆင့်မျှသာ ရှိသူ ဖြစ်ပေရာ၊ မိမိကိုယ်တိုင်ပင်လျှင် ဤအချက်ကို သတိမထားမိခဲ့ပါက လီဟန်က အဘယ်သို့ နားလည် သိရှိနိုင်ပါသနည်း။
ကောင်းကင်ယံထက်၌ လီရွှမ်တုနှင့် ထိုက်ရှီတို့မှာ အဆက်မပြတ် တိုက်ခိုက်နေကြပေသည်။ အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ ထိုက်ရှီက လက်သီးတစ်ချက် ရိုက်ချလိုက်ရာ လီရွှမ်တုအား ပေပေါင်း ရာကျော်မျှ ဝေးကွာသော နေရာသို့ ပြင်းထန်စွာ လွင့်စင်သွားစေခဲ့ပေသည်။ ကြီးမားလှသော စွမ်းအားများကြောင့် လီရွှမ်တု ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ပုံသဏ္ဌာန်မရှိသော လေထုများမှာမူ ဧရာမ ပင်လယ်လှိုင်းလုံးကြီးများအလား ပေါက်ကွဲထွက်ပေါ်နေခဲ့ကာ၊ ရိုင်းစိုင်းလှသော လေစီးကြောင်းများမှာ တစ်နန်းတော်လုံးကို တုန်ခါသွားစေပေသည်။ လီရွှမ်တု၏ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ပြန်လည်တုံ့ပြန်လိုက်ကာ၊ ကြောက်မက်ဖွယ်ကောင်းလှသော ဓားချီ တစ်ခုမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံကို ဆွဲဖြဲလျက်၊ မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ထိုက်ရှီဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့ပေတော့သည်။
တစ်ချိန်တည်းမှာပင် လီဟန်၏အသံမှာ နောက်တစ်ကြိမ် နားထဲသို့ တိုးဝင်လာခဲ့ပြန်လေသည်။
“ဒါ ဘယ်လိုဖြစ်တာလဲဆိုတာကိုတော့ ငါလည်း မသိဘူး၊ ငါ ခံစားမိတာကတော့ ထိုက်ကျိနန်းဆောင် အောက်ခြေက ဧကရာဇ်သုံးပါး အစီအရင် ထဲမှာ ရှိနေတဲ့ နဂါးအရှိန်အဝါတစ်ခုက ငါနဲ့ အပြန်အလှန် ပဲ့တင်ထပ်နေတာပဲ။ အသေးစိတ် အခြေအနေကိုတော့ အခု မင်းကို ဘယ်လို ရှင်းပြရမှန်း မသိပေမယ့်၊ ငါ သေသေချာချာ အာမခံနိုင်တာ တစ်ခုကတော့ ဧကရာဇ်သုံးပါး အစီအရင်က တကယ်ကို ပျက်စီးသွားတာ မဟုတ်ဘူး”
လီဟန်၏ စကားမှာ ထက်ဝက်ခန့်သာ ရှိသေးချိန်၌ သူသည် ရုတ်တရက် ညည်းတွားသံ တစ်ချက်နှင့်အတူ ပျောက်ကွယ်သွားခဲ့ပေတော့သည်။
“မသေချင်ဘူးဆိုရင်တော့ ဒီပန်ကုန်း အတွက် ငြိမ်ငြိမ်လေး နေစမ်း”
ကောင်းကင်ယံထက်မှ လီရွှမ်တု၏ အေးစိမ့်လှသော ကြိမ်းမောင်းသံမှာ နားထဲသို့ တိုးဝင်လာခဲ့ပေသည်။ သူသည်လည်း လီဟန်၏ လှုပ်ရှားမှုများကို ရိပ်မိသွားပုံ ရပေသည်။ ဝမ်ချောင်သည် စိတ်ထဲမှ ထိတ်လန့်သွားခဲ့သော်လည်း၊ များမကြာမီမှာပင် သိရှိလိုက်ရသည်မှာမူ လီရွှမ်တုက လီဟန်၏လှုပ်ရှားမှုကို သိရှိသွားသော်လည်း၊ ပြင်းထန်လှသော တိုက်ပွဲအတွင်း၌ လီဟန် အမှန်တကယ် ဘာပြောလိုက်သည်ကိုမူ သိရှိဟန် မရှိခြင်းပင် ဖြစ်၏။
“နဂါးအရှိန်အဝါ… ဧကရာဇ်သုံးပါး အစီအရင်ထဲမှာ အလယ်ပိုင်းဒေသရဲ့ နဂါးအရှိန်အဝါတွေ ကိန်းအောင်းနေတာလား”
ဝမ်ချောင်သည် စိတ်နှလုံးအတွင်း၌ တုန်လှုပ်လျက် လီဟန်ပြောကြားခဲ့သော စကားများကို ပြန်လည် စဉ်းစားကြည့်သည့်အခါ တစ်စုံတစ်ရာကို ချက်ချင်း နားလည်သွားခဲ့ပေသည်။ လီဟန်သည် ကျင့်စဉ်စွမ်းအား နိမ့်ပါးလျက် သူတော်စင်သိုင်းအဆင့်မျှသာ ရှိသော်လည်း၊ သူသည် အလယ်ပိုင်းဒေသ၏ အရှင်သခင်၊ မဟာထန်၏ ဧကရာဇ် ဖြစ်ပေသည်။ ထီးနန်းတက်လှမ်းသည့် အချိန်မှစ၍ သူသည် နဂါးအရှိန်အဝါများ၏ အားဖြည့်ပေးမှုကို ခံယူထားရသူ ဖြစ်ရာ၊ အကယ်၍ သူက ထို နဂါးအရှိန်အဝါများမှတစ်ဆင့် မြေအောက်ရှိ ဧကရာဇ်သုံးပါး အစီအရင်မှာ ပျက်စီးခြင်း မရှိကြောင်း ခံစားသိရှိလိုက်ရသည်ဆိုပါက၊ ၎င်းမှာ သေချာပေါက် အမှန်တရားပင် ဖြစ်ရပေမည်။
ဤမျှသာမကဘဲ အကယ်၍ လီဟန်ပြောကြားသည်မှာ အမှန်ဖြစ်ခဲ့မည်ဆိုလျှင်၊ ဘာကြောင့် မင်းဆက်အဆက်ဆက်မှ ဧကရာဇ်များနှင့်နန်းလျာများသာလျှင် မြေအောက်ရှိ ဧကရာဇ်သုံးပါး အစီအရင်ကို ထိန်းချုပ်နိုင်သနည်းဟူသော အချက်မှာလည်း ရှင်းလင်းသွားမည် ဖြစ်ပေသည်။ လီဟန်မှာ ဧကရာဇ် ဖြစ်သည့်အတိုင်း၊ ဧကရာဇ်သုံးပါး အစီအရင်၏ အခြေအနေ အမှန်ကို သဘာဝကျကျပင် သိရှိနိုင်ပေသည်။ လီရွှမ်တုမှာမူ အတိတ်က အိမ်ရှေ့စံမင်းသားဖြစ်ခဲ့သည့်အတိုင်း မြေအောက်ရှိ ဧကရာဇ်သုံးပါး အစီအရင် ကို အလားတူပင် ထိန်းချုပ်နိုင်ခြင်း ဖြစ်၏။
ထို့ပြင် ဧကရာဇ်သုံးပါး အစီအရင်မှာ ရှေးဦးခေတ်မှ ဧကရာဇ်ရွှမ်ယွမ်နှင့် များစွာ ဆက်နွယ်နေသည်ဖြစ်ရာ၊ ၎င်းမှာ ဧကရာဇ်ကိုယ်တိုင် ခင်းကျင်းထားခဲ့ခြင်း ဖြစ်သဖြင့်၊ အစီအရင်ကြီးအတွင်း၌ နဂါးအရှိန်အဝါများ ကိန်းအောင်းနေခြင်းမှာလည်း များစွာသဘာဝကျလှပေသည်။ ဤသို့ဆိုလျှင်မူ နှစ်ပေါင်း ထောင်နှင့်ချီလျက် မင်းဆက်တစ်ခုပြီးတစ်ခု အပြောင်းအလဲများ ရှိခဲ့သော်လည်း၊ ရှေးယခင်မှ ယနေ့ခေတ်အထိ၊ အဘယ်ကြောင့် ဧကရာဇ်များသာလျှင် ဧကရာဇ်သုံးပါး အစီအရင်ကို ထိန်းချုပ်နိုင်ကာ၊ အခြားသော သူများမှာမူ ထိတွေ့ရန်ပင် မဖြစ်နိုင်သနည်းဟူသော အချက်မှာလည်း လုံလောက်သော ရှင်းပြချက် ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း လီရွှမ်တုက အမှန်တကယ်တော့ အဘယ်ကြောင့် ဤသို့ လုပ်ဆောင်ခဲ့ပါသနည်း။ ထို့ပြင် မိမိကိုယ်တိုင်ပင်လျှင် သူက အစီအရင်ကို ဖျက်ဆီးလိုက်သည်ကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
ဝမ်ချောင်၏အမူအရာမှာ တည်ကြည်လေးနက်နေခဲ့ကာ၊ ဦးနှောက်အတွင်း၌ အတွေးပေါင်းများစွာမှာ တစ်ခုပြီးတစ်ခု ဖြတ်ပြေးသွားခဲ့ရပြီးနောက်၊ ခဏတာအတွင်းမှာပင် သူသည် ရုတ်တရက် နားလည်သွားခဲ့ပေတော့သည်။
“အစီအရင်ကြီး မပျက်စီးဘူးဆိုတာမှာ ဖြစ်နိုင်ချေ နှစ်ခုပဲ ရှိတယ်။ ပထမတစ်ခုကတော့ လီရွှမ်တုက တမင်တကာ ဧကရာဇ်သုံးပါး အစီအရင်ကို မဖျက်ဆီးခဲ့တာပဲ၊ သူက ထိုက်ရှီကို တမင်အကွက်ဆင်ချင်တာ ဖြစ်နိုင်သလို ဒါမှမဟုတ် ဒီ ပြင်းထန်လှတဲ့ အစီအရင်ကို ချန်ထားပြီးတော့ နောင်တစ်ချိန် သူ နန်းတက်တဲ့အခါမှာ ပြန်ပြီးတော့ သုံးချင်တာလည်း ဖြစ်နိုင်တယ်။”
“ဒုတိယ တစ်ခုကတော့ ဧကရာဇ်သုံးပါး အစီအရင်က အရမ်းကို ပြင်းထန်လွန်းနေတာပဲ၊ နှစ်ပေါင်း ထောင်ချီ စုဆောင်းထားတဲ့ စွမ်းအားတွေကို ဘယ်လိုမှ ဖျက်ဆီးလို့ မရနိုင်ဘူး၊ ပြီးတော့ ဒီအစီအရင်ကို ရွှမ်ယွမ် ဧကရာဇ်ကိုယ်တိုင် တည်ဆောက်ခဲ့တာဆိုတော့ အလယ်ပိုင်းဒေသရဲ့ နဂါးအရှိန်အဝါတွေနဲ့ တစ်သားတည်း ပေါင်းစပ်နေတာ အချိန်အတော်ကြာခဲ့ပြီ၊ အဲဒီထဲမှာလည်း တစ်ဖက်လူက ဖျက်ဆီးမှာကို ကာကွယ်ဖို့အတွက် တားမြစ် အတားအစီးတွေ ပါဝင်နေပြီးသားပဲ။ ဒါကြောင့် နောက်ပိုင်း လူတွေအနေနဲ့ကတော့ ၎င်းကို အသုံးချတာ ဒါမှမဟုတ် ပိတ်သိမ်းတာလောက်ပဲ လုပ်လို့ရမယ်၊ ဖျက်ဆီးဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး”
……
လေပြင်းများမှာ တိုက်ခတ်နေခဲ့ကာ၊ များပြားလှသော လေစီးကြောင်းများမှာ သံမဏိကဲ့သို့ မာကျောလျက် ထိုက်ကျိနန်းဆောင် ရှေ့သို့ တစ်ဟုန်ထိုး ကျဆင်းနေပေသည်။ ဝမ်ချောင်သည် ဦးခေါင်းကို မော့လျက် လှုပ်ရှားခြင်းမရှိဘဲ ဦးနှောက်အတွင်း၌ အလျင်အမြန်ပင် ဆင်ခြင်သုံးသပ်နေပေသည်။
ယခုလက်ရှိ အခြေအနေအရ ကြည့်လျှင်မူ လီရွှမ်တုမှာ အိမ်ရှေ့စံမင်းသား တစ်ဦးဖြစ်ခဲ့သည့်အတိုင်း၊ အမြဲတမ်း မာနကြီးသူ ဖြစ်သလို ကတိတည်သူတစ်ဦးလည်း ဖြစ်ပေသည်။ သူသည် ထိုက်ရှီအား ကတိပေးခဲ့ပြီ ဖြစ်ရာ၊ မည်သည့်နည်းနှင့်မျှ ကတိဖျက်လိမ့်မည် မဟုတ်သလို၊ ထိုက်ရှီအား အကွက်ဆင်ရန်လည်း စိတ်ကူးရှိလိမ့်မည် မဟုတ်ပေ။
သို့ဆိုလျှင်မူ နောက်ဆုံးသော ဖြစ်နိုင်ချေ တစ်ခုသာ ကျန်ရှိတော့ပေသည်။
၎င်းမှာ လီရွှမ်တု အနေဖြင့် အစီအရင်ကြီးကို မဖျက်ဆီးလိုခြင်း မဟုတ်ဘဲ၊ ဧကရာဇ်သုံးပါး အစီအရင် ဆိုသည်မှာ အမှန်တကယ်တော့ ဖျက်ဆီး၍ မရနိုင်သော အရာဖြစ်နေခြင်းကြောင့်သာ ဖြစ်ကာ၊ လီရွှမ်တု လုပ်ဆောင်ခဲ့သည်မှာ ၎င်းအား ခေတ္တမျှ ပိတ်သိမ်းလိုက်ခြင်းသာ ဖြစ်ရပေမည်။
အကယ်၍ ကိုးကောင်းကင် ဆယ်ကမ္ဘာ ဧကရာဇ်သုံးပါး အစီအရင်သာ အမှန်တကယ် ထိုမျှအထိ လွယ်လင့်တကူ ဖျက်ဆီး၍ ရနိုင်မည်ဆိုပါက၊ လွန်ခဲ့သော မင်းဆက်များအတွင်း၊ နှစ်ပေါင်း ထောင်နှင့်ချီသော အချိန်ကာလ တစ်လျှောက်၌၊ ဖြစ်ရပ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့်တိုင်အောင် ထိုအစီအရင်ကြီးမှာမူ အချိန်အတော်ကြာကတည်းက ပျက်စီးသွားခဲ့လောက်ပြီ ဖြစ်ကာ၊ ယနေ့အချိန်အထိ တည်ရှိနေရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
ဝမ်ချောင်၏ ဦးနှောက်အတွင်း၌ အတွေးများမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်နေလျက်ရှိရာ၊ သူသည် ခဏချင်းမှာပင် သေးငယ်လှသော အခွင့်အရေး တစ်ခုကို ခံစားသိရှိလိုက်ရပေသည်။
“လီရွှမ်တု ပဲဖြစ်ဖြစ် ဒါမှမဟုတ် ထိုက်ရှီ ပဲဖြစ်ဖြစ်၊ နှစ်ယောက်လုံးက အင်ပါယာအတွက် ခြိမ်းခြောက်မှုတွေချည်းပဲ၊ အခုရှိနေတဲ့ စစ်မြေပြင် အခြေအနေကို ပြောင်းလဲချင်တယ်ဆိုရင်တော့ လီရွှမ်တုရဲ့ကိုယ်ပေါ်က ဧကရာဇ်ကို ကိုယ်စားပြုတဲ့ အဲဒီနဂါးရုပ်ပါ အမိန့်ပေးတံဆိပ်ကို သေချာပေါက် ရယူရမယ်၊ အဲဒီ နဂါးအရှိန်အဝါ တွေနဲ့ နဂါးရုပ်ပါ အမိန့်ပေးတံဆိပ်ကို အသုံးချပြီးတော့ မြေအောက်က ကိုးကောင်းကင် ဆယ်ကမ္ဘာ ဧကရာဇ်သုံးပါး အစီအရင်ကို နောက်တစ်ကြိမ် ပြန်ပြီးတော့ ဖွင့်လှစ်ရမယ်”
ဝမ်ချောင်က ကောင်းကင်ယံကို ကြည့်နေစဉ် သူ၏ မျက်ဝန်းသူငယ်အိမ် အနက်ရှိုင်းဆုံး၌မူ သတိပြုမိရန် ခဲယဉ်းလှသော စူးရှသည့်အလင်းတန်းတစ်ခု ဝေဝါးစွာ လက်သွားခဲ့ပေသည်။ ဝမ်ချောင်မှာ တော်ဝင်သွေးသား မဟုတ်သလို၊ ထန်ဧကရာဇ်လည်း မဟုတ်ပေ၊ ပုံမှန် အခြေအနေအရဆိုလျှင် သူ၏ကိုယ်ပေါ်၌ နဂါးအရှိန်အဝါများ ရှိရန် မဖြစ်နိုင်သော်လည်း၊ ဝမ်ချောင်သည် နိုင်ငံပေါင်းစုံပွဲတော်အတွင်း၌ အန်းလုရှန်းက နဂါးအရှိန်အဝါများကို ခိုးယူခဲ့စဉ်တုန်းက၊ မိမိက ထိုသူနှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့သဖြင့် နဂါးအရှိန်အဝါ အစိတ်အပိုင်းအချို့မှာ မိမိ၏ကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်ကို ဝေဝါးစွာ မှတ်မိနေပေသည်။
ဝမ်ချောင်၏ ကိုယ်ပေါ်ရှိ နဂါးအရှိန်အဝါမှာမူ လီရွှမ်တုကို မမီနိုင်သလို၊ လီဟန်ကိုလည်း ပို၍ပင်မမီနိုင်သော်လည်း သူ၏ကိုယ်အတွင်း၌ နဂါးအရှိန်အဝါများ ရှိနေသည်မှာမူ ငြင်းမရသော အချက်ပင် ဖြစ်၏။
အကယ်၍သာ နဂါးအရှိန်အဝါဆိုသည်မှာ ဧကရာဇ်သုံးပါး အစီအရင်ကို ဖွင့်လှစ်နိုင်မည့် သော့ချက်သာ မှန်ကန်ခဲ့မည်ဆိုလျှင်မူ၊ မိမိက နဂါးရုပ်ပါ အမိန့်ပေးတံဆိပ် ကိုသာ လုယူနိုင်မည်ဆိုပါ၊ မိမိ၌လည်း တစ်သောင်းပုံ တစ်ပုံခန့်သော အခွင့်အရေးဖြင့် ဧကရာဇ်သုံးပါး အစီအရင်ကို နောက်တစ်ကြိမ် ထပ်မံ ဖွင့်လှစ်နိုင်စွမ်း ရှိနေပေသည်။
ထို့ပြင် ဧကရာဇ်သုံးပါး အစီအရင်ဆီမှ စွမ်းအင် အထောက်အပံ့များကို ရရှိနိုင်မည်ဆိုပါက၊ တစ်မြို့တော်လုံးကို လွှမ်းခြုံထားသော ရှောင်ကျိုးကျိုး အစီအရင်ကိုလည်း နောက်တစ်ကြိမ် ပြန်လည်လည်ပတ်စေနိုင်မည်ဖြစ်ရာ၊ ထိုအချိန်ရောက်လျှင်မူ အရာရာတိုင်းမှာ လုံးဝပြောင်းလဲသွားခဲ့ပေလိမ့်မည်။
ဝမ်ချောင်သည် ဟင်းလင်းပြင်ရှိ ထိုက်ရှီကို ကြည့်ရှုနေရင်း သူ၏ အမူအရာမှာလည်း ယခင်နှင့် လုံးဝ ဥဿုံ ကွဲပြားခြားနားသွားခဲ့ပေတော့သည်။
“ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် နဂါးရုပ်ပါ အမိန့်ပေးတံဆိပ်ကို ရအောင် ယူရမယ်၊ ပြီးတော့ လီရွှမ်တုရဲ့ လက်ထဲက လီဟန်ကိုလည်း ကယ်ထုတ်ရမယ်” လေပြင်းများမှာ ဟိန်းဟောက်နေဆဲ ဖြစ်သော်လည်း၊ ဝမ်ချောင်သည် ဦးခေါင်းကို မော့ကြည့်လျက်၊ အမူအရာမှာလည်း များစွာ ခိုင်မာတည်ကြည်သွားခဲ့ရပေပြီ။
လောလောလတ်လတ် အခြေအနေအတွင်းမှာပင်၊ ယခုကဲ့သို့သော အချိန်၌၊ ကောင်းကင်ယံမှနေ၍ ညည်းတွားသံ တစ်ချက် ထွက်ပေါ်လာခဲ့ပေသည်၊ နောက်တစ်ခဏ၌မူ ထိုက်ရှီနှင့်လီရွှမ်တုတို့ကြားရှိ တိုက်ပွဲမှာလည်း မျက်တောင်တစ်ခတ်အတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပေတော့သည်။
“ဝုန်း”
ကောင်းကင်ယံမှာ တုန်ခါသွားခဲ့ရကာ ကောင်းကင်တုန်ဟိန်းစေသော မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ ဟင်းလင်းပြင်၌ ထိုက်ရှီသည် ခြေနှစ်ဖက်ကို ခွရပ်လျက်၊ ဝတ်ရုံများမှာ တဖျပ်ဖျပ် လွင့်နေကာ သူ၏တစ်ကိုယ်လုံးမှ ဖြူဝါရောင် အလင်းတန်းများမှာ ပေါက်ကွဲထွက်ပေါ်နေလျက်၊ နတ်ဘုရားတစ်ပါးအလား ခန့်ညားနေပေသည်။ သူသည် ပြင်းထန်လှသော တိုက်ပွဲအတွင်း၌ အထက်မှနေ၍ ငုံ့ကြည့်လျက် လက်သီးတစ်ချက်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပေတော့သည်။
ဤလက်သီးတစ်ချက်မှာမူ လီရွှမ်တု၏ ပတ်ဝန်းကျင်ရှိ အမည်းရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများ အားလုံးကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်ပေသည်။ ကြီးမားလှသော စွမ်းအားများမှာ အထပ်ထပ်သော ဟန့်တားမှုများကို ဖောက်ထွက်လျက်၊ များစွာသော အရှိန်အဟုန်ဖြင့် လီရွှမ်တု၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့ပေတော့သည်။
ဤအခိုက်အတန့်၌မူ လီရွှမ်တုမှာ ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ၊ တစ်ကိုယ်လုံးမှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား ကောင်းကင်ယံမှနေ၍ အောက်သို့ ကျဆင်းလာခဲ့ပေတော့သည်။
“မကောင်းတော့ဘူး”
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်သည် စိတ်ထဲမှ များစွာထိတ်လန့်သွားခဲ့ရပေသည်။ အစီအစဉ်မှာမူ အပြောင်းအလဲများကို မလိုက်မီနိုင်တော့ပေ။ လီရွှမ်တုနှင့် ထိုက်ရှီတို့ တိုက်ခိုက်ခဲ့သည်မှာ ယခုအချိန်အထိ ဆိုလျှင်မူ၊ သိသိသာသာပင် အစွမ်းများ ကုန်ဆုံးလျက် အကန့်အသတ်သို့ ရောက်ရှိနေခြင်း ဖြစ်၏။
အကယ်၍သာ လီရွှမ်တု လဲကျသွားခဲ့မည်ဆိုလျှင်၊ နဂါးရုပ်ပါ အမိန့်ပေးတံဆိပ်နှင့် လီဟန်တို့မှာလည်း ထိုက်ရှီ၏ လက်ထဲသို့ ကျရောက်သွားပေလိမ့်မည်၊ ဤအတိုင်းဆိုလျှင်မူ ဝမ်ချောင်တစ်ဦးတည်းသာ ကျန်ရှိတော့မည်ဖြစ်ရာ၊ သူသည်လည်း ထိုက်ရှီ ၏ ပြိုင်ဘက် ဖြစ်ရန်မှာမူ လုံးဝ မဖြစ်နိုင်တော့ပေ။
ထိုသူနှစ်ဦးမှာ ထိုက်ရှီ၏ တစ်ဦးချင်းစီ ချေမှုန်းမှုကို ခံလိုက်ရခြင်းနှင့် အတူတူပင် ဖြစ်တော့သည်။
“လီရွှမ်တု ငါတို့နဲ့ ဆန့်ကျင်ဘက် လုပ်တာကတော့ မင်းတကယ်ပဲ သေလမ်းကို ကိုယ်တိုင် ရှာနေတာပဲ”
လောလောလတ်လတ် အခြေအနေအတွင်းမှာပင် လီရွှမ်တုမှာ ကောင်းကင်ယံမှ ကျဆင်းနေသည့် တစ်ချိန်တည်းမှာပင် ရုတ်တရက်ဆိုသလို အရိုးထဲအထိ အေးစိမ့်လှသော အသံတစ်ခုမှာလည်း ထိုက်ကျိနန်းဆောင်ရှိရာ အရပ်ဆီမှ ထွက်ပေါ်လာခဲ့ပေသည်၊ လီရွှမ်တု၏ နောက်ကျောပြင် ထောင့်တစ်နေရာမှနေ၍၊ ပုံရိပ်တစ်ခုမှာ မီးခိုးငွေ့သဖွယ် ဝေဝါးလျက် တစ္ဆေပုံရိပ်အလား လီရွှမ်တု၏ နောက်ကွယ်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ ကောင်းကင်ယံမှ လိုက်ပါလာသော ထိုက်ရှီနှင့်အတူ၊ အတွင်းနှင့်အပြင် ပူးပေါင်းလျက် လီရွှမ်တု အား အတူတူ ညှပ်ပိတ် တိုက်ခိုက်လိုက်ကြပေတော့သည်။
“ထျန်းဖူနတ်မင်း”
ဝမ်ချောင်၏ မျက်ဝန်းသူငယ်အိမ် ကျုံ့သွားခဲ့ရကာ ချက်ချင်းပင် မှတ်မိသွားခဲ့လေသည်။ ၎င်းမတိုင်မီက တိုက်ပွဲအတွင်း၌ လူတိုင်း၏ အာရုံများမှာ လီရွှမ်တုနှင့်ထိုက်ရှီတို့ပေါ်၌သာ စုပုံနေခဲ့ကြကာ ထျန်းဖူနတ်မင်းမှာမူ တစ်ချိန်လုံး ဘေးမှ ကြည့်ရှုသူအဖြစ်သာ ရပ်တည်နေခဲ့သဖြင့် အချိန်ကြာလာသည်နှင့်အမျှ ဝမ်ချောင်ပင်လျှင် သူ့အား များစွာသတိမပြုမိတော့ဘဲ ရှိနေခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ထျန်းဖူနတ်မင်းမှာမူ အမှန်တကယ်တော့ ဘေးမှ ကြည့်နေခဲ့ခြင်း မဟုတ်ဘဲ၊ သူသည် အခွင့်အရေးကို ရှာဖွေနေခဲ့ခြင်းဖြစ်ကာ၊ ယခုကဲ့သို့သော အချိန်၌ လီရွှမ်တုအား လက်ဦးမှုယူ တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်ပေသည်။ အကယ်၍ ပုံမှန် အချိန်မျိုး၌သာဆိုလျှင်မူ၊ ထျန်းဖူနတ်မင်း၏ အစွမ်းအဆင့်အတန်းဖြင့် လီရွှမ်တု၏ ရှေ့မှောက်၌မူ အရေးမပါလှသော အရာသာ ဖြစ်သော်လည်း၊ ယခုအခါ လီရွှမ်တုမှာ ဒဏ်ရာများ များစွာရရှိထားသည့်အပြင်၊ ရှေ့မျက်နှာစာ၌လည်း ထိုက်ရှီ၏ အလုံးစုံသော ဖိနှိပ်မှုနှင့် ဟန့်တားမှုများကို ခံနေရသည့် အခြေအနေမျိုး၌၊ ထျန်းဖူနတ်မင်းက ယခုကဲ့သို့ ရုတ်တရက် ထိုးနှက်လိုက်သော တိုက်ကွက်မှာမူ၊ သေချာပေါက် သေစေနိုင်လောက်သော တိုက်ကွက်ပင် ဖြစ်ပေတော့သည်။
“သူ့ရဲ့အကြံကို အောင်မြင်အောင် လုံးဝအဖြစ်မခံနိုင်ဘူး”
ဝမ်ချောင်၏ မျက်ဝန်းသူငယ်အိမ်များမှာ ကျုံ့သွားခဲ့ရကာ အမူအရာမှာလည်း ရုတ်တရက် အလွန်အမင်း တည်ကြည်လေးနက်သွားခဲ့ပေတော့သည်။
မသိမသာသော အခြေအနေကြားမှ၊ လေပြင်းတစ်ချက် ဖြတ်တိုက်သွားသည့်အလား ရှိနေခဲ့ကာ၊ ဝမ်ချောင်၏နားထင်မှ ဆံနွယ်ရှည်များမှာ ဝုန်းခနဲ လွင့်တက်သွားခဲ့ရပြီး၊ ဤအခိုက်အတန့်၌ပင် ဝမ်ချောင်နှင့် သူ၏ရှန်ထိုက်ကိုယ်ပွား သုံးခုမှာမူ မျက်တောင်တစ်ခတ်အတွင်း၌ လက်ဦးမှုယူ တိုက်ခိုက်လိုက်ကြလျက် မူလရှိရာနေရာမှနေ၍ ပျောက်ကွယ်သွားခဲ့ကြပေတော့သည်။
******