အခန်း (၂၁၀၈-၂၁၁၀)
Vol. 130 Ch. 2108-2110
အခန်း (၂၁၀၈) နန်တို နတ်ဘုရားလှံ
ထိုက်ကျိနန်းဆောင်ရှေ့တွင်မူ လေပြင်းများမှာ တဖျပ်ဖျပ် တိုက်ခတ်နေခဲ့ကာ၊ ဟင်းလင်းပြင် အမြင့်ပိုင်းမှနေ၍ ပုံရိပ်တစ်ခုမှာ အောက်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့ပေသည်။
လီရွှမ်တု၏ အခြေအနေမှာမူ အလွန်အမင်း ဆိုးရွားနေခဲ့ပြီ ဖြစ်၏။ သူ၏ ကျင့်စဉ်စွမ်းအားမှာ များစွာထိတ်လန့်စရာ ကောင်းလှသော်လည်း နှစ်ပေါင်း ထောင်နှင့်ချီသော သက်တမ်းရှိလျက် မိမိထက် များစွာ ရှည်လျားစွာ အသက်ရှင်နေခဲ့သော ထိုက်ရှီနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ လီရွှမ်တု အနေဖြင့်ပင်လျှင် ခေတ္တခဏအတွင်း၌ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။ ဤမျှသာမကဘဲ ပြင်းထန်လှသော အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများ၏ တိုက်ပွဲကြောင့်လည်း၊ လီရွှမ်တု၏ ဂူကောင်းကင် ဗဟိုချက်မှာမူ များစွာသော သက်ရောက်မှုများကို ခံစားနေရပေသည်။
“နန်တို နတ်ဘုရားလှံ”
လီရွှမ်တု၏ နောက်ကွယ်မှနေ၍ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် ပြင်းထန်လှသော အရှိန်အဝါတစ်ခုမှာ သူ့အား ချက်ချင်းပင် ပစ်မှတ်ထားလိုက်ပေသည်။ တစ်ချိန်တည်းမှာပင် အချိန်နှင့်ဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့ရကာ အမည်းရောင် လှံရှည် တစ်စင်းမှာမူ မျက်နှာပြင်ပေါ်၌ ကြယ်တာရာ အလင်းတန်းများ တဖျပ်ဖျပ် လက်နေလျက် လှံရိုးပေါ်၌မူ နန်တို ကြယ်ခြောက်လုံးဖြင့် ခင်းကျင်းထားသော အစီအရင်တစ်ခု ဝေဝါးစွာ ပေါ်ထွက်နေပြီး၊ မိုးကြိုးပစ်ချလိုက်သည့်အလား ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် လီရွှမ်တုဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားခဲ့ပေတော့သည်။
ထိုအမည်းရောင် လှံရှည်ပေါ်ရှိ စွမ်းအားများမှာမူ အဆုံးမရှိသကဲ့သို့ များပြားလှသလို များစွာလည်း ထက်မြက်လှပေသည်။ လှံကိုယ်ထည်အတွင်း၌မူ အကြွင်းမဲ့ ပျက်သုဉ်းခြင်း စွမ်းအားများ ကိန်းအောင်းနေခြင်းပင် ဖြစ်၏
ထို့ပြင် လှံရှည်ကို ပစ်လွှတ်လိုက်သည့် အခိုက်အတန့်၌မူ ပုံသဏ္ဌာန်မရှိသော စွမ်းအားတစ်ခုမှာ လီရွှမ်တု၏ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ကာ သူ့အား ထိုနေရာ၌ပင် မြဲမြံစွာ ချုပ်နှောင်ထားလိုက်ပေတော့သည်။
“ငါ့အတွက် ပျက်သုဉ်းသွားစမ်း”
ထျန်းဖူနတ်မင်း၏ အကြည့်များမှာ စူးရှနေခဲ့ကာ ဓားသွားထက်ပင် ပိုမို ထက်မြက်နေပေသည်။
နန်တို နတ်ဘုရားလှံဆိုသည်မှာ နန်တို နတ်မင်း ခြောက်ပါး အတူတူ ပိုင်ဆိုင်ကြသော နတ်ဘုရားလက်နက်ဖြစ်ပေသည်။ ၎င်းမှာ အလွန်အမင်း အစွမ်းထက်သော ရန်သူနှင့် ရင်ဆိုင်ရသည့် အခါမျိုး၌မှသာ ထုတ်ယူ အသုံးပြုသော အရာပင် ဖြစ်၏။(နန်တို- တရုတ်နက္ခတ်ဗေဒင်မှာ အသက်ရှင်သန်ခြင်းကို ကိုယ်စားပြုတဲ့ "တောင်အရပ် ကြယ်စဉ်တန်း")
ဤနတ်ဘုရားလက်နက်၏ စွမ်းအင် စားသုံးမှုမှာ များစွာ ကြီးမားလှသည့်အပြင် စည်းမျဉ်းစွမ်းအားများနှင့်လည်း ပတ်သက်နေသဖြင့်၊ တစ်ကြိမ် အသုံးပြုတိုင်းတွင်မူ၊ ထိုက် ဟူသော အဆင့်အတန်းရှိသည့် ပြိုင်ဘက်ကင်း ပညာရှင်ကြီး တစ်ဦးက ဂူကောင်းကင် ဗဟိုချက်ကို အသုံးပြုလျက် ပြန်လည် သွေးပေးရခြင်းဖြစ်ကာ၊ များစွာသော ဂန်ချီများနှင့် သွေးအနှစ်သာရများကိုလည်း ရင်းနှီးရသဖြင့် ပုံမှန် အချိန်များ၌မူ ၎င်းအား ဗဟိုဌာနချုပ်အတွင်း၌သာ သိမ်းဆည်းထားလေ့ ရှိပေသည်။
ထျန်းဖူနတ်မင်း ကိုယ်တိုင်ပင်လျှင် ဤအရာကို လွယ်လင့်တကူ အသုံးမပြုဝံ့ပေ။
အဘယ်ကြောင့်ဆိုသော် စွမ်းအင်ကုန်ဆုံးမှုမှာ အမှန်တကယ်ပင် ထိတ်လန့်စရာ ကောင်းသောကြောင့်ပင် ဖြစ်၏။
၎င်းအား သယ်ဆောင်ထားရုံမျှဖြင့်ပင်၊သိမ်မွေ့နက်နဲသော အဆင့်ရှိသော ဂန်ချီများကို အဆက်မပြတ် စားသုံးနေခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဝမ်ချောင်၏ လက်ထဲ၌ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးနောက်တွင်မူ၊ ထျန်းဖူနတ်မင်းသည် နတ်မင်း ခြောက်ပါး၏ အင်အားများကို စုစည်းလျက် သွန်းလုပ်ထားသော ဤနန်တို နတ်ဘုရားလှံကို မဖြစ်မနေ ထုတ်ယူ အသုံးပြုလိုက်ရခြင်းပင် ဖြစ်ပေတော့သည်။
ထိုက်ရှီ၏ အစောပိုင်း သွေးပေးထားမှုကြောင့် ဤ နန်တို နတ်ဘုရားလှံမှာမူ မူလရှိခဲ့သော ကြီးမားလှသည့် အစွမ်းသတ္တိများအတိုင်း အချိန်အတော်ကြာကတည်းက ပြန်လည် ပြည့်ဝနေခဲ့ပြီ ဖြစ်၏
ဤလှံချက်ကို ပစ်လွှတ်နိုင်ရန်အတွက် ထျန်းဖူနတ်မင်းသည် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်ပေသည်။
ဤကဲ့သို့သော ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည့် တိုက်ကွက်ရှေ့၌မူ လီရွှမ်တုအနေဖြင့် လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
“မင်းကို အရင်သတ်မယ်၊ အဲဒီအခါကျရင် အဲဒီ ကောင်လေးလည်း သေလမ်းပဲ ရှိတော့မှာပေါ့”
ထျန်းဖူနတ်မင်းက စိတ်ထဲမှ ပြင်းထန်စွာ ကျိန်ဆဲလိုက်ပေသည်။
နန်တို နတ်ဘုရားလှံမှာ မူလက ဝမ်ချောင်ကို ကိုင်တွယ်ရန်အတွက် သူ ယူဆောင်လာခဲ့ခြင်း ဖြစ်သော်လည်း၊ ယခုအခါတွင်မူ ၎င်းမှာ အရေးမပါတော့ပေ၊ လီရွှမ်တုသာ သေဆုံးသွားခဲ့မည်ဆိုလျှင် မဟာထန်၏ လောကတစ်ခွင် ကျော်ကြားလှသော စစ်နတ်ဘုရား ဝမ်ချောင်မှာမူ ထိုက်ရှီ၏ ရှေ့မှောက်၌ အရေးမပါသော ပုရွက်ဆိတ်လေး တစ်ကောင်မျှသာ ဖြစ်တော့သည်။
လှံရှည်ကို ပစ်လွှတ်လိုက်သည့် အခါတွင်မူ လျှပ်စစ်တန်းများအလား မြန်ဆန်လှပေသည်။
နောက်ကွယ်မှ တိုက်ခိုက်မှုနှင့် ရှေ့မျက်နှာစာ၌ တောင်တန်းပေါင်း သောင်းခြောက်ထောင် ဖိနှိပ်လိုက်သည့်အလား ရှိနေသော ထိုက်ရှီ၏ တိုက်ကွက်များကို ခံစားသိရှိလိုက်ရသည့်အခါ၊ ဤအခိုက်အတန့်၌မူ လီရွှမ်တုပင်လျှင် အမူအရာများ အနည်းငယ် ပြောင်းလဲသွားခဲ့ရပေသည်။
“မဆိုးဘူးပဲ… နှမြောစရာ ကောင်းတာကတော့ ဒီနတ်ဘုရားနဲ့ ဆန့်ကျင်ဘက် လုပ်နေရတာပဲ”
ထိုက်ရှီ၏ အေးစိမ့်လှသော အသံမှာ ဝေဝါးစွာဖြင့် အထက်မှနေ၍ ငုံ့ကြည့်နေသော ပုံစံမျိုးဖြင့် နားထဲသို့ တိုးဝင်လာခဲ့ပေသည်။
“ဝုန်း…”
အတိုင်းအဆမရှိသော ဂန်ချီများမှာ၊ မီးလျှံများအလား ကောင်းကင်ယံမှနေ၍ တစ်ဟုန်ထိုး ကျဆင်းလာခဲ့သည့် တစ်ချိန်တည်းမှာပင် အလင်းကွင်းမှာ တုန်ခါသွားခဲ့ရကာ ဖြူဝါရောင် ဧရာမအလင်းကွင်းကြီး တစ်ခုမှာ၊ မျက်နှာပြင်ပေါ်၌ ရှုပ်ထွေးလှသော အက္ခရာစာလုံးအချို့နှင့်အတူ လီရွှမ်တု၏ ဘေးနား၌ ဗလာနယ်ထဲမှ ပေါ်ထွက်လာခဲ့ပြီး သူ့အား ၎င်းအတွင်း၌ ရစ်ပတ် လွှမ်းခြုံထားလိုက်ပေတော့သည်။
ဤသည်မှာ ရိုးရိုးရှင်းရှင်း အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခု မဟုတ်ပေ။
၎င်းမှာ ချုပ်နှောင်မှု အလင်းကွင်းပင် ဖြစ်၏။
ဤသည်မှာ ထိုက်ရှီကိုယ်တိုင် ဖန်တီးထားသော၊ အဆင့်တူ ဂူကောင်းကင်အဆင့် ပညာရှင်များကို ကိုင်တွယ်ရန်အတွက် အထူးပြုလုပ်ထားသော တိုက်ကွက်ပင် ဖြစ်ပေသည်။
ထိုက်ရှီ ဤတိုက်ကွက်ကို ဖန်တီးစဉ်အခါက၊ လီရွှမ်တုကို ကိုင်တွယ်ရန်အတွက် ရည်ရွယ်ခဲ့ခြင်း မဟုတ်သော်လည်း၊ ယခုအခါတွင်မူ လီရွှမ်တု အား အသုံးပြုရန်အတွက် အချိန်အခါမှာ ကောင်းစွာ ကိုက်ညီနေပေသည်။
“ထျန်း” ၏ ကြီးမားလှသော အစီအစဉ်များကိုမူ ပြောင်းလဲရန် မဖြစ်နိုင်ပေ
အန်းလုရှန်းကသာလျှင် ရွေးချယ်ခံထားရသော ကမ္ဘာ့အရှင်သခင် ဖြစ်သလို၊ အနာဂတ်၏ အမြင့်မြတ်ဆုံးသော လူသား ဧကရာဇ်လည်း ဖြစ်ပေသည်။ ထိုက်ရှီက လီရွှမ်တုကို ထောက်ခံလျက် ထန်ဧကရာဇ် အသစ်ဖြစ်အောင် လုပ်ပေးမည်ဟု ကတိပေးခဲ့ခြင်းမှာ၊ မူလကတည်းက သူ့အား လိမ်ညာခဲ့ခြင်းမျှသာဖြစ်ရာ ယခုအခါ သူ့အား သတ်ဖြတ်လိုက်ခြင်းမှာမူ ထို ဘေးဒုက္ခကိုပါ တစ်ပါတည်း ရှင်းထုတ်လိုက်ခြင်းပင် ဖြစ်၏။
“သာမန် လူသားတစ်ယောက်က၊ နတ်ဘုရားကို အန်တုချင်နေတာလား၊ တကယ့်ကို ကိုယ့်အဆင့်ကိုယ် မသိဘဲ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”
ထိုက်ရှီ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ အလွန်အမင်း အေးစိမ့်နေခဲ့ကာ၊ သူ၏ အမြင်၌မူ ယခုအခိုက်အတန့်တွင် လီရွှမ်တုမှာ သေလူတစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်၏။
ဂူကောင်းကင် ဗဟိုချက်ကို ချုပ်နှောင်ခြင်း ခံထားရသဖြင့်၊ လီရွှမ်တု မှာ မည်မျှပင် ပြင်းထန်ပါစေ သာမန်လူသားပညာရှင် တစ်ဦးမျှသာ ဖြစ်သွားခဲ့ပြီဖြစ်ရာ၊ မည်သည့် ခြိမ်းခြောက်မှုမှ မပေးနိုင်တော့ပေ။
လီရွှမ်တုမှာ ထိုက်ရှီနှင့် ထျန်းဖူနတ်မင်းတို့၏ ညှပ်ပိတ် တိုက်ခိုက်မှုအောက်၌ သေဆုံးတော့မည့် အခြေအနေကို မြင်တွေ့နေရစဉ် ယခုကဲ့သို့သော အချိန်မှာပင် အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့ရလေသည်။
“အင်း…”
မည်သည့် ရှေ့ပြေးနိမိတ်မျှ မရှိဘဲ ထူးဆန်းလှသော ခံစားချက်တစ်ခု စိတ်ထဲ၌ ရုတ်တရက် ဖြစ်ပေါ်လာသဖြင့် ထိုက်ရှီ၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ရကာ၊ အလိုအလျောက်ပင် အာရုံခံစားမိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်မိပေသည်။
ထိုက်ရှီ၏ လှုပ်ရှားမှုကို သိရှိသွားဟန်ဖြင့် နောက်တစ်ခဏ၌၊ ရင်းနှီးလှသော အသံတစ်ခုမှာ လှောင်ပြောင်သရော်မှုများ ပြည့်နှက်လျက်၊ မိုးကြိုးပစ်ချလိုက်သည့်အလား ထိုက်ရှီ ၏ နားထဲ၌ ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ်လာခဲ့ပေသည်။
“ဟွန်း.. ထိုက်ရှီ၊ ငါ မင်းကို တကယ်ကို အထင်ကြီးမိသွားတာပဲ၊ လီလင်ဖူနဲ့ ပူးပေါင်းနေတာကိုတော့ ထားလိုက်ပါဦး၊ လီရွှမ်တုတစ်ယောက်တည်းကို ကိုင်တွယ်ဖို့တောင်မှ မင်းရဲ့လက်အောက်ငယ်သားနဲ့ ပူးပေါင်းဖို့ လိုအပ်နေသေးတာလား”
သူ၏ အသံမဆုံးသေးမီမှာပင် မှောင်ရိပ်တစ်ခု လက်သွားခဲ့ကာ…. ပုံရိပ်တစ်ခုထဲ မဟုတ်ပေ….. တစ္ဆေပုံရိပ်များအလား ပုံရိပ်လေးခုမှာ ထိုက်ရှီ ၏ ပတ်ဝန်းကျင်ရှိ အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများအတွင်းမှနေ၍ ရုတ်တရက် လှမ်းထွက်လာခဲ့ကြကာ သူ၏ဘေးနား၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ကြပေတော့သည်။
“မဖြစ်နိုင်ဘူး”
ထိုက်ရှီသည် နောက်သို့ တစ်ချက် လှည့်ကြည့်လိုက်ရုံဖြင့်၊ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရကာ အမူအရာလည်း ဝုန်းခနဲ ပျက်ယွင်းသွားခဲ့ရပေသည်။
ဝမ်ချောင်…
ဤအခိုက်အတန့်၌ ဤတိုက်ပွဲအတွင်းသို့ ရုတ်တရက် ဝင်ရောက်လာသူမှာ၊ အခြားသူမဟုတ်ဘဲ အဝေးဆီမှ စောင့်ကြည့်နေခဲ့သော ဝမ်ချောင်ပင် ဖြစ်နေပေတော့သည်။
အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများအတွင်းမှ လှမ်းထွက်လာကြသူများမှာ၊ အမှန်တကယ်ပင် တစ်ပုံစံတည်း တူညီလှသော ဝမ်ချောင်လေးဦးပင် ဖြစ်ပေသည်။
လူအားလုံးထဲတွင်မှ ယခုကဲ့သို့သော နည်းလမ်းဖြင့် ဝမ်ချောင်ပေါ်ထွက်လာခြင်းမှာမူ ထိုက်ရှီအဘယ်သို့မျှ မျှော်လင့်မထားသော ကိစ္စပင် ဖြစ်၏
ဝမ်ချောင်အနေဖြင့် မြေလျှိုးလာခြင်း ဖြစ်စေ၊ သို့မဟုတ် ပျံသန်းရောက်ရှိလာခြင်း ဖြစ်စေ၊ သို့မဟုတ် တစ်စုံတစ်ရာသော အစွမ်းထက် ရတနာများကို အသုံးပြုလျက် အလျင်အမြန် နီးကပ်လာခြင်း ဖြစ်စေ၊ ထိုက်ရှီအတွက်မူ ယခုကဲ့သို့သော ကြီးမားလှသည့် ရိုက်ခတ်မှုကို ပေးနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ထိုက်ရှီအား အမှန်တကယ် တုန်လှုပ်သွားစေသည့် အချက်မှာမူ၊ ဝမ်ချောင်သည် သူ၏ ကိုယ်ပိုင် အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းကို အသုံးပြုလျက် ပေါ်ထွက်လာခြင်းကြောင့်ပင် ဖြစ်၏။
ထိုက်ရှီအနေဖြင့် ဝမ်ချောင်၏ ဘေးနားသို့ ဦးတည်သော အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းကို ဖွင့်လှစ်ခဲ့ခြင်း မရှိပေ။ သူ၏ပတ်ဝန်းကျင် တစ်ခုလုံးတွင်မူ အန္တရာယ်ကြီးမားလှကာ ထက်မြက်လှသော မြေကမ္ဘာနှင့် ကောင်းကင်ယံ စည်းမျဉ်းများဖြင့် ပြည့်နှက်နေခြင်း ဖြစ်ရာ၊ အကယ်၍သာ စိန်သံမဏိ ကိုယ်ထည် ရှိနေသည့်တိုင်အောင်၊ လွယ်လင့်တကူ အပိုင်းပိုင်း ပြတ်သွားနိုင်ပေသည်။ ဤသည်မှာ ပုံသဏ္ဌာန်မရှိသော အကာအကွယ် တံတိုင်းကြီး တစ်ခုပင် ဖြစ်၏။
သို့သော်လည်း ဝမ်ချောင်မှာမူ ၎င်းအား အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့ရုံသာမက၊ သူ၏ အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်း အတွင်းသို့ပါ မယုံကြည်နိုင်လောက်အောင် တိုးဝင်လာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဤသည်မှာ သိမ်မွေ့နက်နဲသော အဆင့်ရှိသော သိုင်းပညာရှင်တစ်ဦး လုပ်ဆောင်နိုင်သည့် အရာမျိုး လုံးဝ မဟုတ်ပေ။
မဆင်မခြင် တိုးဝင်လာခဲ့မည်ဆိုလျှင်မူ သေလမ်းတစ်ခုသာ ရှိပေလိမ့်မည်
အလားတူပင် အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများကို နားလည်ထားသူ၊ သို့မဟုတ် အနည်းဆုံးတော့ တစ်စိတ်တစ်ဒေသအားဖြင့် နားလည်ထားသူများသာလျှင် ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်း ဖြစ်၏။
သို့သော်လည်း ဝမ်ချောင်… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ထိုအတွေးစုံတို့မှာ ဦးနှောက်အတွင်း၌ လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့ပြီးနောက် ထိုက်ရှီမှာမူ လျင်မြန်စွာပင် တုံ့ပြန်လိုက်ပေသည်။ သူ၏ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ကာ၊ လီရွှမ်တုကို ကိုင်တွယ်နေသည့် တစ်ချိန်တည်းမှာပင် ဝမ်ချောင်ဆီသို့လည်း တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ပေတော့သည်။ ဟင်းလင်းပြင် ဗလာနယ်အတွင်း၌ ပုံသဏ္ဌာန်မရှိသော လှိုင်းတွန့်များ ပေါ်ထွက်လာခဲ့သည်ကို မြင်တွေ့ရပေသည်။ တိုတောင်းလှသော အချိန်အတွင်းမှာပင်၊ အနည်းဆုံး ဆယ်ဂဏန်းကျော်မျှ ရှိသော အကြီးအသေး အရွယ်စုံ ဖြူဝါရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများမှာ မရှိရာမှနေ၍ ပေါ်ထွက်လာခဲ့ကာ လျင်မြန်စွာ ပုံဖော်လျက် ဝမ်ချောင်အား ဝိုင်းရံ သတ်ဖြတ်ရန် တိုးဝင်သွားခဲ့ပေတော့သည်။
ကျင့်စဉ်စွမ်းအားမှာ ထိုက်ရှီကဲ့သို့သော အဆင့်အတန်းသို့ ရောက်ရှိသွားသည့်အခါ၊ ကိစ္စရပ်များစွာ၌ ရှုပ်ထွေးလှသော တိုက်ကွက်များကို အသုံးချရန်ပင် မလိုအပ်တော့ပေ၊ ရိုးရိုးရှင်းရှင်း အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်း တစ်ခုတည်းမှာပင်၊ ခုတ်ပိုင်းခြင်း ဖြစ်စေ သို့မဟုတ် ဝိုင်းရံသတ်ဖြတ်ခြင်း ဖြစ်စေ၊ အစွမ်းမှာမူ များစွာပြင်းထန်လှပေသည်။ သေးငယ်လှသော အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်း တစ်ခု၏ အစွမ်းမှာပင် သာမန်နက်နဲသော အဆင့်ပညာရှင် တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုထက်ပင် မနိမ့်ပါးလှပေ၊ ကြီးမားသော အလင်းကွင်းများကိုမူ ပြောနေရန်ပင် မလိုတော့ပေ။
အချိန်နှင့် ဟင်းလင်းပြင် ပျက်သုဉ်းခြင်း၏ အစွမ်းမှာမူ၊ မူလကတည်းက အကြီးမားဆုံးသော အရာပင် ဖြစ်၏။
သို့သော်လည်း ထိုက်ရှီ၏ တုံ့ပြန်မှုမှာ မြန်ဆန်သော်လည်း၊ ဝမ်ချောင်၏ တုံ့ပြန်မှုမှာမူ ပို၍ပင် မြန်ဆန်နေပေသည်။ ထိုက်ရှီက မိမိအား ချုပ်နှောင်ရန် လက်ဦးမှုယူ တိုက်ခိုက်ခြင်း မပြုရသေးမီမှာပင်၊ နောက်တစ်ခဏ၌၊ အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်း အတွင်းမှ လှမ်းထွက်လာသည့် အခိုက်အတန့်၌ပင်၊ ဝမ်ချောင်၏ မူလကိုယ်ထည်၊ ပထမ ရှန်ထိုက် နှင့် ဒုတိယ ရှန်ထိုက် တို့မှာ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြပေသည်။ ၎င်းမှာ ကက်စပီယံပင်လယ် ကမ်းခြေ၌ ထိုက်ချန်းကို အနိုင်ယူခဲ့သော တိုက်ကွက်ပင် ဖြစ်ပေသည်။
“ကောင်းကင်နဲ့မြေကြီး ဖုန်မှုန့်ဖြစ်တည်ခြင်း၊ အရာခပ်သိမ်း ပြာကျခြင်း”
“ဝုန်း”
လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်း၌၊ နေမင်း တစ်စင်းနှင့် လမင်း တစ်စင်းမှာ ဘယ်နှင့်ညာ နှစ်ဖက်ရှိ ဟင်းလင်းပြင် ဗလာနယ်အတွင်း၌ တစ်ပြိုင်တည်း ပေါ်ထွက်လာခဲ့ပေသည်၊ ၎င်းနောက်တွင်မူ ကပ်လျက်ပင် နောက်ထပ် နေမင်း တစ်စင်းနှင့် လမင်း တစ်စင်းမှာ ဟင်းလင်းပြင်၌ ထပ်မံ ပေါ်ထွက်လာခဲ့ပြန်သည်။ သို့သော်လည်း အရင်ကကဲ့သို့ ဘယ်နှင့်ညာ ခွဲခြားနေခြင်း မဟုတ်ဘဲ၊ နောက်ဆုံး ပေါ်ထွက်လာသော နေလ ပုံရိပ်များမှာမူ တစ်ခုနှင့်တစ်ခု ကပ်လျက်ရှိနေကာ အလင်းတန်းများမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပေသည်။
နေလ ပုံရိပ်ယောင် သုံးစုံမှာ တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီးနောက်၊ ချက်ချင်းပင် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ပေတော့သည်။
“ဝုန်း”
ကျယ်လောင်သောမြည်ဟည်းသံကြီး တစ်ခုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းလှသော ပျက်သုဉ်းခြင်း စွမ်းအားတစ်ခုမှာ ဟင်းလင်းပြင်အတွင်း၌ ပြန့်နှံ့သွားခဲ့ကာ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုနယ်ပယ်တစ်ခုလုံးကို ရစ်ပတ်ဝါးမြိုသွားခဲ့ပေတော့သည်။
ကက်စပီယံပင်လယ် ခရီးစဉ်ကို ဖြတ်သန်းပြီးနောက်တွင်မူ၊ ဝမ်ချောင်သည် ဤ “မဟာ ယင်ယန် မြေကမ္ဘာ ကောင်းကင်ယံ ဖန်တီးမှု အတတ်ပညာ” ၏ အစွမ်းအထက်ဆုံးသော လျှို့ဝှက်တိုက်ကွက်ကိုမူ ပို၍ ကျွမ်းကျင်လာခဲ့ပြီဖြစ်သလို ပို၍လည်းလွယ်လင့်တကူ အသုံးချနိုင်လာခဲ့ပြီဖြစ်၏၊ လူသုံးဦး၏ အင်အားကို စုစည်းလျက် ပေါက်ကွဲထွက်ပေါ်လာသော ထိုအစွမ်းသတ္တိမှာမူ ထိုက်ရှီပင်လျှင် လျစ်လျူရှုထားရန် မဖြစ်နိုင်တော့ပေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ပြီးဆုံးသွားသည့်နောက် ထိုက်ရှီ ၏ အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများမှာမူ ပုံမဖော်ရသေးမီမှာပင် ဝမ်ချောင်၏ ထိုတိုက်ကွက်ကြောင့် အလုံးစုံ ပြိုလဲပျက်စီးသွားခဲ့ရပေတော့သည်။
“”
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ထိုက်ရှီ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ရပေသည်။ သူ၏တွက်ချက်မှုအရဆိုလျှင်မူ၊ မိမိ၏ စွမ်းအား တစ်စိတ်တစ်ဒေသကိုသာ ခွဲထုတ်အသုံးပြုလိုက်ရုံဖြင့် ဝမ်ချောင်အား နှိမ်နင်းနိုင်လိမ့်မည်ဟု ယူဆထားခြင်း ဖြစ်ပေသည်။
ကျင့်စဉ်စွမ်းအားမှာ ထိုက်ရှီ ကဲ့သို့သော အဆင့်အတန်းသို့ ရောက်ရှိသွားသည့်အခါ၊ သေးငယ်လှသော သိမ်မွေ့နက်နဲသောအဆင့် ပညာရှင် တစ်ဦးကိုမူ သူ၏အမြင်၌ ထည့်သွင်းထားစရာ အကြောင်းမရှိပေ။
သို့သော်လည်း ဝမ်ချောင်ဤတိုက်ကွက်၏ အစွမ်းမှာမူ သိမ်မွေ့နက်နဲသော အဆင့်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်ကာ၊ ဂူကောင်းကင်အဆင့်၏ အစောပိုင်း အဆင့်အတန်းများသို့ပင် နီးကပ်နေခဲ့ပြီ ဖြစ်ရာ၊ ဤမျှ ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ကွက်မှာမူ၊ သိသာထင်ရှားသည်မှာ ထိုက်ရှီ၏လက်တစ်ဖက်တည်း၊ စွမ်းအား တစ်စိတ်တစ်ဒေသတည်းနှင့်မူ ကိုင်တွယ်နိုင်မည့် အရာ မဟုတ်တော့ပေ။
“ကောင်လေး မင်း သေလမ်းကို ရှာနေတာပဲ”
ထိုက်ရှီ၏ အမူအရာမှာ အေးစိမ့်သွားခဲ့ကာ၊ မျက်ခုံးများကြား၌လည်း ဒေါသရိပ်များ ဖျတ်ခနဲ လက်သွားခဲ့ပေသည်။
သူသည် လီရွှမ်တုကို အစွမ်းကုန် ကိုင်တွယ်နေစဉ် ဝမ်ချောင်က ယခုကဲ့သို့ ကြားဝင်လျက် လီရွှမ်တု အား ကူညီနေခြင်းမှာမူ၊ သူ့အား အဘယ်သို့ ဒေါသ မထွက်ဘဲ နေပါမည်နည်း။
“ဝုန်း ဝုန်း ဝုန်း”
ထိုက်ရှီ၏ စိတ်အာရုံ လှုပ်ရှားလိုက်ကာ၊ ပိုမိုပြင်းထန်လှသော ဂန်ချီလှုပ်ခတ်မှုတစ်ခုမှာ သူ၏ကိုယ်အတွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့ပေသည်၊ ဤမျှသာမကဘဲ လီရွှမ်တုကို ကိုင်တွယ်ရန် အသုံးပြုထားသော စွမ်းအားအချို့ကိုပါ ပြန်လည်ထုတ်ယူလျက်၊ ဝမ်ချောင်အား ကိုင်တွယ်ရန်အတွက် အသုံးပြုလိုက်ပေတော့သည်။
နှမြောစရာ ကောင်းသည်မှာမူ၊ များစွာဒေါသထွက်နေသော ထိုက်ရှီမှာ ဝမ်ချောင်၏ စွမ်းဆောင်ရည်ကို လျှော့တွက်ထားမိဆဲ ဖြစ်နေခြင်းပင် ဖြစ်၏။
အထွတ်အထိပ် အခြေအနေ၌ ရှိနေသော ထိုက်ရှီကိုမူ သူ လုံးဝပြန်လည်အန်တုနိုင်မည် မဟုတ်ကြောင်းကို ဝမ်ချောင်ကိုယ်တိုင် အသိဆုံးပင် ဖြစ်ပေသည်။ ထို့ကြောင့်ပင် အစကတည်းက သူသည် “ကောင်းကင်နဲ့မြေကြီး ဖုန်မှုန့်ဖြစ်တည်ခြင်း၊ အရာခပ်သိမ်း ပြာကျခြင်း”ကို အသုံးပြုရုံမျှဖြင့် ထိုက်ရှီအား လွယ်လင့်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။
ဝမ်ချောင်၏ မူလကိုယ်ထည်၊ ပထမနှင့် ဒုတိယ ရှန်ထိုက် တို့၏ စုပေါင်းတိုက်ခိုက်မှုမှာမူ၊ တတိယ ရှန်ထိုက် အတွက် လမ်းခင်းပေးရန်အတွက်သာ ဖြစ်ပေတော့သည်။
“ရေခဲ ကမ္ဘာ”
လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်း၌၊ ပုံရိပ်တစ်ခုမှာ ဝမ်ချောင်၏ မူလကိုယ်ထည် နောက်ကွယ်မှနေ၍ ရုတ်တရက် ပျံသန်း ထွက်ပေါ်လာခဲ့ပေသည်။ တစ်ချိန်တည်းမှာပင် အလွန်အမင်း အေးစိမ့်လှသော အပြာရောင် အလင်းတန်း တစ်ခုမှာ သူ၏ ကိုယ်အတွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ၊ အရပ်မျက်နှာအနှံ့သို့ ရစ်ပတ်ဝါးမြိုသွားခဲ့ပေသည်၊ မြေကမ္ဘာနှင့် ကောင်းကင်ယံကြားရှိ အပူချိန်မှာလည်း ချက်ချင်းပင် အဆမတန် ကျဆင်းသွားခဲ့ရပေသည်။ ဝမ်ချောင်၏ တတိယ ရှန်ထိုက်မှာမူ၊ ဝမ်ချောင်က တကူးတက ဖန်တီးပေးခဲ့သော အခွင့်အရေးကို အမှီပြုလျက်၊ နောက်ဆုံးတွင် သူ၏ မွေးရာပါ နတ်ဘုရားစွမ်းအားကို ပေါက်ကွဲထုတ်ဖော်လိုက်ပေတော့သည်။
အပြာရောင် အလင်းတန်း တစ်ချက် လက်သွားခဲ့သည်ကို မြင်တွေ့ရပေသည်၊ တတိယ ရှန်ထိုက်ကို ဗဟိုပြုလျက်၊ ပတ်ဝန်းကျင် တစ်ခုလုံးမှာမူ မျက်တောင်တစ်ခတ်အတွင်း၌ နှင်းများနှင့် ရေခဲများ ဖုံးလွှမ်းနေသော ရေခဲ ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရပေတော့သည်။
သို့သော်လည်း အရင်ကနှင့် မတူညီသည်မှာမူ တစ်ထိုက်ကျိနန်းဆောင် ပတ်ဝန်းကျင် တစ်ခုလုံး၏ အပူချိန်မှာ အဆမတန် ကျဆင်းနေသော်လည်း၊ ဤတစ်ကြိမ် အအေးလှိုင်း၏ အစွမ်းမှာမူ ပတ်ဝန်းကျင် ပေဆယ်ဂဏန်းခန့်သော နယ်ပယ်အတွင်း၌သာ စုစည်းထားခြင်း ဖြစ်ပေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် မြေကမ္ဘာနှင့် ကောင်းကင်ယံမှာ ရေခဲများအောက်၌ မြဲမြံစွာ ချုပ်နှောင်ခြင်း ခံလိုက်ရပေသည်၊။ ရေခဲ ကမ္ဘာ ၏ နယ်ပယ်အတွင်း၌မူ၊ အရာရာတိုင်းမှာ ငြိမ်သက်သွားခဲ့ရကာ အချိန်ပင်လျှင် ရပ်တန့်သွားသကဲ့သို့ ရှိနေပေတော့သည်။
ထိုက်ရှီက လီရွှမ်တုဆီသို့ ပစ်လွှတ်လိုက်သော ပြင်းထန်လှသည့် ဂူကောင်းကင်အဆင့် ဂန်ချီများ၊ ပတ်ဝန်းကျင်၌ ပေါ်ထွက်နေသော အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများ၊ ဤမျှသာမကဘဲ သူ၏ ခန္ဓာကိုယ် ကိုယ်တိုင်ပင်လျှင်၊ ရေခဲကို ခံလိုက်ရကာ ဟင်းလင်းပြင် ဗလာနယ်ထဲ၌ ငြိမ်သက်သွားခဲ့ရပေတော့သည်။
******
အခန်း (၂၁၀၉) အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်
ဝမ်ချောင်၏ ရေခဲ ကမ္ဘာ မှာမူ အတိုင်းအဆမရှိ ပြင်းထန်လှပေသည်၊ သူ၏ မွေးရာပါ နတ်ဘုရားစွမ်းအား၏ အရှိန်အဝါမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံ၏ စည်းမျဉ်းများနှင့် ဆက်နွယ်နေပြီဖြစ်ရာ၊ သာမန်လူသားတို့၏ ဂန်ချီနယ်ပယ်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်၏။
ထိုနေ့က ကက်စပီယံပင်လယ်ကမ်းခြေ၌ ဝမ်ချောင်သည် ထိုက်ချန်းအား ရေခဲမြဲမြံစေခဲ့နိုင်သကဲ့သို့၊ ယနေ့တွင်လည်း ထိုက်ရှီအား ထိုနည်းတူပင် ရေခဲမြဲမြံစေနိုင်ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဝမ်ချောင်အဆုံးစွန်ထိ နားလည်ထားသည်မှာမူ၊ ထိုက်ချန်းနှင့် မတူညီသည်မှာ ထိုက်ရှီမှာမူ လက်ရှိ၌ အထွတ်အထိပ် အဆင့်၌ ရှိနေပြီး မည်သည့် ဒဏ်ရာမျှ ရရှိထားခြင်း မရှိပေ။ ထို့ကြောင့် မိမိ၏ ရေခဲ ကမ္ဘာစွမ်းဆောင်ရည်မှာမူ များစွာ လျော့နည်းသွားမည်ဖြစ်ရာ၊ အနည်းဆုံးတော့ ထိရောက်သည့် အချိန်မှာ ထက်ဝက်ကျော်ခန့် လျော့ကျသွားမည် ဖြစ်ကြောင်းပင် ဖြစ်၏။
“အခွင့်အရေးကောင်းပဲ”
ဝမ်ချောင်၏ စိတ်အာရုံ လှုပ်ရှားလိုက်ကာ သူ၏ ကိုယ်အတွင်း၌ သူတော်စင် ဧကရာဇ်က မိမိအတွက် ချန်ထားရစ်ခဲ့သော ထိုနတ်ဘုရားသိုင်းအဆင့်သို့ နီးကပ်နေသည့် ပြင်းထန်လှသော တိုက်ကွက်ကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်ပေသည်။
ထိုက်ရှီအား ကိုင်တွယ်ရန်အတွက်မူ ဤသည်မှာ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်ပေသည်။
“ခရက်”
သို့သော်လည်း ယခုကဲ့သို့သော အချိန်မှာပင် ဝမ်ချောင်၏ ရေခဲကမ္ဘာ၏ ဗဟိုချက်အကျဆုံး နေရာမှနေ၍၊ သေးငယ်လှသော အက်ကွဲသံ တစ်ချက်မှာ နားထဲသို့ ရုတ်တရက် တိုးဝင်လာခဲ့ပေသည်။ တစ်ချိန်တည်းမှာပင် အေးစိမ့်လှသော၊ ငရဲအနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာသည့်အလား ရှိနေသည့် အသံတစ်ခုမှာ ဝမ်ချောင်၏ နားဘေး၌ ဝုန်းခနဲ ပဲ့တင်ထပ်သွားခဲ့လေသည်။
“ကောင်လေး မင်းက ဒီလောက်လေးနဲ့ ငါ့ကို ကိုင်တွယ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”
“ဒီနတ်ဘုရားကို ဒီလိုမျိုး ယုတ်ညံ့တဲ့ နည်းလမ်းတွေနဲ့ အကွက်ဆင်ဝံ့တယ်ပေါ့၊ မင်းကတော့ တကယ်ကို သေတောင် မနှမြောသင့်တဲ့ကောင်ပဲ”
ထိုအသံမှာ သွားကို တင်းတင်းကြိတ်လျက် ပြောဆိုနေခြင်းဖြစ်ကာ၊ အသံအတွင်း၌လည်း အလွန်အမင်း နာကျည်းမုန်းတီးနေသော အငွေ့အသက်များ ပါဝင်နေပေသည်။
ဤအသံကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရကာ ဦးခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်ရာ ရေခဲကမ္ဘာ၏ ဗဟိုချက်၊ ထိုက်ရှီ၏ ရှေ့မှောက် သုံးပေခန့် အကွာအဝေး၌၊ ရှေးမူမပျက်လှသော ကြေးမှန်တစ်ချပ်မှာ၊ မျက်နှာပြင်ပေါ်၌ နက်နဲဆန်းကြယ်လှသော ပန်းနွယ်ပုံသဏ္ဌာန်များ ပြည့်နှက်လျက် ဟင်းလင်းပြင် ဗလာနယ်ထဲ၌ လွင့်မျောနေသည်ကို မြင်တွေ့လိုက်ရပေသည်။
ထိုကြေးမှန် အတွင်းမှနေ၍ ဝမ်ချောင်သည် ပြင်းထန်လှသော စည်းမျဉ်း လှုပ်ခတ်မှုများနှင့် စွမ်းအင် လှုပ်ခတ်မှုများကို ခံစားသိရှိလိုက်ရပေသည်။
အရေးအကြီးဆုံး အချက်မှာမူ ထိုမည်သည့်အရပ်မှ ရောက်ရှိလာသည်မသိရသော ရှေးဟောင်း ကြေးမှန်မှာမူ၊ ရုတ်တရက်ဆိုသလို ပြင်းထန်လှသော ကာကွယ်ရေး အလင်းတံတိုင်းကြီးတစ်ခုကို ပေါက်ကွဲထုတ်ဖော်လိုက်ပေသည်။ ၎င်းမှာ သံမဏိအလား မာကျောလှပြီး ထိုက်ရှီအား ၎င်းအတွင်း၌ လွှမ်းခြုံထားလျက်၊ တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ ရေခဲ ကမ္ဘာ၏ အစွမ်းသတ္တိများကိုလည်း အလုံးစုံ ခုခံတားဆီးပေးထားခြင်း ဖြစ်၏။
ကာကွယ်ရေး အလင်းတံတိုင်း၏ မျက်နှာပြင်ပေါ်၌မူ ဝမ်ချောင်၏ ရေခဲကမ္ဘာကြောင့် ထူထဲလှသော နှင်းခဲများ အချိန်အတော်ကြာကတည်းက ဖုံးလွှမ်းနေခဲ့သော်လည်း၊ ၎င်းအတွင်းရှိ ထိုက်ရှီ မှာမူ မည်သည့် ဟန့်တားမှုကိုမျှ ခံရခြင်း မရှိဘဲ ရှိနေပေသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏စိတ်မှာ ချက်ချင်းပင် အောက်ခြေသို့ နစ်မြုပ်သွားခဲ့ရပေတော့သည်။
ဤကဲ့သို့သော အပြောင်းအလဲမျိုးမှာ သူ အဘယ်သို့မျှ မျှော်လင့်မထားသော ကိစ္စပင် ဖြစ်၏။
ရေခဲ ကမ္ဘာက တစ်ဖက်လူအား ချုပ်နှောင်နိုင်ခြင်း မရှိပါက၊ ဝမ်ချောင်၏ ကိုယ်အတွင်းရှိ သူတော်စင် ဧကရာဇ်ချန်ထားခဲ့သော ထိုနောက်ဆုံးသော ဝှက်ဖဲမှာလည်း ထိုက်ရှီ၏ ရှောင်တိမ်းခြင်းကို ခံလိုက်ရသည်နှင့်တစ်ပြိုင်နက်၊ ဝမ်ချောင်အတွက်မူ နောက်ထပ် မည်သည့် ဖဲချပ်မှ ကျန်ရှိတော့မည် မဟုတ်ပေ။
“မင်းက ကိုယ့်သေတွင်း ကိုယ်တူးချင်နေတာဆိုမှတော့လည်း၊ ဒီနတ်ဘုရားက ဖြည့်ဆည်းပေးရတာပေါ့”
ဤအခိုက်အတန့်၌မူ ထိုက်ရှီသည် အထက်မှနေ၍ ငုံ့ကြည့်နေပေသည်။ သူ၏မျက်နှာပေါ်ရှိ အဖြူရောင် မျက်နှာဖုံးပင်လျှင် အလွန်အမင်း ဒေါသထွက်နေမှုကြောင့် တွန့်လိမ်နေသကဲ့သို့သော ခံစားချက်မျိုး ပေးစွမ်းနေပေသည်။
“ဝုန်း”
ထိုက်ရှီ၏ ရှေ့မှောက်ရှိ ကြေးမှန်မှာမူ အနီရောင် အလင်းတန်းတစ်ချက် လက်သွားခဲ့ပြီးနောက်၊ မူလကထက် များစွာပိုမိုပြင်းထန်ကာ လွှမ်းမိုးထားသော ဂန်ချီတစ်ခုမှာ ဆည်ကျိုးသည့် ရေများအလား ၎င်းအတွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မိုးကြိုးပစ်ချလိုက်သည့်အလား ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် ဝမ်ချောင်၏ဦးခေါင်းအထက်ဆီသို့ တစ်ဟုန်ထိုး ကျဆင်းလာခဲ့ပေတော့သည်။
“မကောင်းတော့ဘူး”
ဝမ်ချောင်သည် စိတ်ထဲမှ ထိတ်လန့်သွားခဲ့ရကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် နေရာကို ရွှေ့ပြောင်းလိုက်သည်။ ပထမ ရှန်ထိုက်မှာ ရှေ့ဆုံးသို့ ရောက်ရှိသွားခဲ့ပြီး သူ၏ ကိုယ်ပေါ်၌မူ မာကျောလှသော ပြာနှမ်းနှမ်း နတ်ဘုရားသံချပ်ကာ တစ်ထည်ကို ဖုံးလွှမ်းထားပေသည်။ ဝမ်ချောင်၏ စိတ်အာရုံ လှုပ်ရှားလိုက်ကာ၊ တစ်ချိန်တည်းမှာပင် ထို နတ်ဘုရား စစ်ချပ်ဝတ်ကို ဆင့်ခေါ်လိုက်ပြီး၊ ပထမ ရှန်ထိုက်၏အပြင်ဘက်ဆုံး၌ ထပ်မံဝတ်ဆင်ပေးလိုက်ပေသည်။ ၎င်းနောက်တွင်မူ ဝမ်ချောင်လေးဦးသားမှာ၊ မိမိတို့၏ ကိုယ်အတွင်းရှိ ကောင်းကင်ဘုံ ၃၃ထပ်ကို တစ်ပြိုင်တည်း ဆင့်ခေါ်လိုက်ကြပြီး၊ တစ်သားတည်း ပေါင်းစပ်လိုက်ကြလျက် ပထမ ရှန်ထိုက်၏ ကိုယ်အတွင်းသို့ စွမ်းအင်အားလုံး စီးဝင်သွားစေလိုက်ပေတော့သည်။
ပထမ ရှန်ထိုက်မှာမူ လူခန္ဓာကိုယ် လုံးဝမဟုတ်ပေ။ သူ၏ ထူးခြားလှသော ကိုယ်ထည် တည်ဆောက်ပုံ၊ အထပ်ထပ်သော နတ်ဘုရား သံချပ်ကာ နှစ်လွှာ၊ ၎င်းအပြင် အပြင်ဘက်မှ တိုက်ခိုက်မှုများကို စုပ်ယူလျက် အသွင်ပြောင်းပေးနိုင်သော သုံးဆယ့်သုံးဘုံ လေးခု၊ ဤအရာများ အားလုံးမှာမူ၊ ဝမ်ချောင်၏ လက်ထဲရှိ ယခုလက်ရှိ အစွမ်းအထက်ဆုံးသော ကာကွယ်ရေး နည်းလမ်းများပင် ဖြစ်ပေတော့သည်။
ကာကွယ်ရေး အဆင့်အတန်းအရ ကြည့်လျှင်မူ၊ ဤအရာများမှာ အနည်းဆုံး ဂူကောင်းကင်အဆင့် အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဤအရာများ အားလုံးကို ပြုလုပ်ပြီးဆုံးသည့် ခဏ၌ပင် ထိုက်ရှီ၏ ကြောက်မက်ဖွယ်ကောင်းလှသော တိုက်ကွက်မှာလည်း ကျရောက်လာခဲ့ပေပြီ။
“အား”
ဆက်တိုက် ထွက်ပေါ်လာသော စူးရှလှသည့် အော်ဟစ်ညည်းတွားသံများနှင့်အတူ ကျယ်လောင်သောပေါက်ကွဲသံကြီး တစ်ခုအတွင်း၌ ဝမ်ချောင်၏ မူလကိုယ်ထည်နှင့် ရှေးဦးရှန်ထိုက်သုံးခုလုံးမှာ ထိုကြေးမှန်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားများကြောင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခြင်း ခံလိုက်ရပေသည်။ ထိုက်ကျိနန်းဆောင်၏ မာကျောလှသော အဖြူရောင် ကျောက်စိမ်း မြေပြင်ပေါ်၌မူ ဧရာမ ကျင်းပေါက်ကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့ရကာ၊ ပင့်ကူအိမ်အလား အက်ကြောင်းများမှာလည်း မြေပြင်ပေါ်၌ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားခဲ့ရလေသည်။
ဤရိုက်ခတ်မှု၏ ဒဏ်ကို ခံလိုက်ရသူမှာ ဝမ်ချောင်တစ်ဦးတည်း မဟုတ်ပေ၊ မဝေးလှသော နေရာရှိ လီရွှမ်တုသည်လည်း အလားတူပင် သက်ရောက်မှုများကို ခံလိုက်ရပေသည်၊ သို့သော်လည်း ဝမ်ချောင်၏ မမျှော်လင့်ဘဲ တိုက်ခိုက်လိုက်မှုမှာမူ နောက်ဆုံးတွင် တစ်စုံတစ်ရာသော အကျိုးသက်ရောက်မှု ရှိခဲ့ပေသည်။
“ဝုန်း”
လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်း၌၊ အနက်ရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခုမှာ လီရွှမ်တု၏ နောက်ကွယ်၌ ဗလာနယ်ထဲမှ ပေါ်ထွက်လာခဲ့ပြီး အလွန်အမင်း အန္တရာယ်ကြီးမားလှသော ခဏ၌ ထျန်းဖူနတ်မင်း၏ နန်တို နတ်ဘုရားလှံကို အောင်မြင်စွာ တားဆီးပေးလိုက်ပေတော့သည်။
နန်တို နတ်ဘုရားလှံ၏ လှံဦးထိပ်မှ စွမ်းအားများမှာမူ အလွန်အမင်း ကြောက်စရာ ကောင်းလှပေသည်။ လှံဦးထိပ် ကျရောက်ရာ အရပ်၌မူ ဟင်းလင်းပြင်မှာ ခိုင်မာသော မြေပြင်တစ်ခုအလား မရေမတွက်နိုင်သော အက်ကြောင်းများ ဖြစ်ပေါ်သွားခဲ့ရသော်လည်း နောက်ဆုံးတွင်မူ လီရွှမ်တု၏ အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းကိုတော့ ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပေ။
“မင်းက သေချင်နေတာပဲ”
လီရွှမ်တုက လက်ဝါးတစ်ချက်ကို တွန်းထုတ်လိုက်သည်ကို မြင်တွေ့ရပေသည်။ ကြီးမားလှသော စွမ်းအားတစ်ခုမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထျန်းဖူနတ်မင်းအား တစ်ကိုယ်လုံး လွင့်စင်သွားစေခဲ့ပြီး၊ ထိုက်ကျိနန်းဆောင်၏ နံရံပေါ်သို့ ပြင်းထန်စွာ ရိုက်မိသွားစေခဲ့ပေသည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ ထိုက်ရှီ၏ တိုက်ခိုက်မှုမှာလည်း တစ်ခုပြီးတစ်ခု ကျရောက်လာခဲ့ပေပြီ။
ဟူး… လေပြင်းများမှာ တဝုန်းဝုန်း တိုက်ခတ်နေခဲ့ကာ လီရွှမ်တုမှာ ခဏတာမျှသာ တောင့်ခံနိုင်ခဲ့ပြီးနောက် အလားတူပင် ကြေးမှန်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများကြောင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခြင်း ခံလိုက်ရပေသည်။ သို့သော်လည်း ဝမ်ချောင်နှင့် မတူညီသည်မှာမူ လီရွှမ်တု၏အခြေအနေမှာမူ များစွာပိုမိုကောင်းမွန်နေကာ၊ ဝမ်ချောင်လောက်အထိ ပင်ပန်းနွမ်းနယ်နေခြင်းမျိုး မရှိပေ။
“ဒီနတ်ဘုရားရဲ့ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်ကိုတောင် ထုတ်သုံးရအောင် လုပ်နိုင်တယ်ပေါ့……”
ဟင်းလင်းပြင် အမြင့်ပိုင်း၌ ထိုက်ရှီ၏ ဒေါသထွက်နေသော အသံမှာ အထက်မှနေ၍ ထွက်ပေါ်လာခဲ့ပေသည်။
အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်ဆိုသည်မှာ “ထျန်း”က သူ့အား ဆုလာဘ်အဖြစ် ပေးအပ်ခဲ့သော ရတနာ ဖြစ်ပေသည်။ ၎င်းမှာ ထိုက်ရှီ၏ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများကို ပိုမိုခိုင်မာစေနိုင်သလို၊ သူ၏ အင်အားကိုလည်း များစွာ တိုးတက်စေနိုင်သော်လည်း၊ အမျိုးမျိုးသော အကြောင်းရင်းများကြောင့် သုံးကြိမ်သာ အသုံးပြုခွင့် ရှိပေသည်။
“ထျန်း” က အချိန်အတော်ကြာကတည်းက သတိပေးခဲ့ဖူးသည်မှာမူ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်ကို အလွန်အမင်း အကျပ်ရိုက်သော အခြေအနေမျိုး မဟုတ်ပါက၊ လုံးဝ လွယ်လင့်တကူ အသုံးမပြုရန်ပင် ဖြစ်၏။
သုံးကြိမ်သော အခွင့်အရေး ဆိုသည်မှာ အသက်သုံးချောင်းနှင့် အလားတူပေသည်၊ အသုံးပြုပြီးသွားသည်နှင့်တစ်ပြိုင်နက် ထိုကြေးမှန်မှာလည်း အလုံးစုံ ပြိုလဲပျက်စီးသွားမည် ဖြစ်ပေသည်။
ထိုက်ရှီနောက်ဆုံးတစ်ကြိမ် အသုံးပြုခဲ့သည်မှာ၊ နိုင်ငံပေါင်းစုံပွဲတော်အတွင်း၌ ဖြစ်ကာ ထိုစဉ်က လီထိုက်ယီ၌ တစ်စုံတစ်ရာသော နည်းလမ်းများ ကျန်ရှိနေမည်ကို စိုးရိမ်သဖြင့် သို့မဟုတ် တစ်ဖက်လူက တိုက်ရိုက် လိုက်လံသတ်ဖြတ်လာမည်ကို ကြောက်ရွံ့သဖြင့်၊ မတတ်သာဘဲ ကြေးမှန်၏ စွမ်းဆောင်ရည်ကို ထုတ်ယူ အသုံးပြုခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ၊ ဝမ်ချောင်၏ ရေခဲ ကမ္ဘာမှာ မမျှော်လင့်ဘဲ ကြေးမှန်၏ အလိုအလျောက် ကာကွယ်ရေး စွမ်းဆောင်ရည်ကို အတင်းအကျပ် ပေါက်ကွဲထွက်ပေါ်လာစေခဲ့ခြင်း ဖြစ်ပေသည်။
ဤသည်မှာ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန် အား ဒုတိယအကြိမ်မြောက် အသုံးပြုခြင်းပင် ဖြစ်ပေတော့သည်။
“ဒီလို ဖြစ်လာပြီဆိုမှတော့ ဒီနတ်ဘုရားက မင်းတို့အားလုံးကို ဒီမှာတင် သတ်ပစ်လိုက်တော့မယ် အဲဒီအချိန်ကျရင်၊ မင်းတို့ရဲ့ ဝိညာဉ်တွေကို ဖမ်းဆီးပြီးတော့ မှတ်ဉာဏ်တွေကို ဖတ်ကြည့်လိုက်မယ်ဆိုရင်၊ အဲဒီ သော့ ရှိရာ အရပ်ကို ငါ သဘာဝကျကျ သိသွားမှာပဲ”
ထိုက်ရှီ၏အသံမှာ မိုးကြိုးအလား မြည်ဟည်းလျက် မြေကမ္ဘာနှင့် ကောင်းကင်ယံကြားဝယ် ပဲ့တင်ထပ်နေပေတော့သည်။
“ပန်း”
ထိုက်ရှီသည် လက်ညှိုးကို တစ်ချက် တောက်လိုက်ရာ၊ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်၏ ဗဟိုချက်မှနေ၍၊ သတ္တုရောင် ကြေးပုတီးစေ့တစ်လုံးမှာ ဟင်းလင်းပြင်ကို ဆွဲဖြဲလျက် ရုတ်တရက် ထိုးထွက်လာခဲ့ပေသည်။ ထိုကြေးလုံးမှာ လေနှင့်ထိတွေ့သည်နှင့်အမျှ ကြီးမားလာခဲ့ပြီး၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် လက်သီးဆုပ်ခန့် အရွယ်အစားအထိ ပြောင်းလဲသွားခဲ့ကာ၊ ၎င်းအတွင်းရှိ ရှေးဟောင်းလှသော အစီအရင် သေးသေးလေးများမှာလည်း မြည်ဟည်းလာခဲ့ပေသည်။ ကြေးလုံးမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် လီရွှမ်တု၏ ဦးခေါင်းအထက်ဆီသို့ လျင်မြန်စွာ ကျရောက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့အား ထိုနေရာ၌ပင် မြဲမြံစွာ ချုပ်နှောင်ထားလိုက်ပေတော့သည်။
“စည်းမျဉ်းတွေနဲ့ ဖန်တီးထားတဲ့ အရာ”
မိမိ၏ ဦးခေါင်းအထက်၌ နေမင်းငယ်လေး တစ်စင်းအလား တောက်ပနေသော ထိုအချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်ကို ကြည့်လျက်၊ လီရွှမ်တုပင်လျှင် အမူအရာများ ဝုန်းခနဲ ပျက်ယွင်းသွားခဲ့ရပေသည်။
လောကကြီးတွင် များစွာထူးခြားလှသော ရတနာများ ရှိနေကြပေသည်။ ၎င်းတို့အတွင်း၌မူ အလွန်အမင်း ပြင်းထန်လှသော စည်းမျဉ်းစွမ်းအားများ ကိန်းအောင်းနေကြသဖြင့်၊ ၎င်းတို့အား “စည်းမျဉ်းများဖြင့် ဖန်တီးထားသောအရာ”ဟု ခေါ်ဆိုကြပေသည်။
ဤကဲ့သို့သော “စည်းမျဉ်းများဖြင့် ဖန်တီးထားသောအရာ” တစ်ခုချင်းစီ၌မူ၊ အလွန်အမင်း ပြင်းထန်လှသော အာနိသင်များနှင့်၊ များစွာထူးခြားလှသော စွမ်းဆောင်ရည်များ ရှိနေကြပေသည်။
သိမ်မွေ့နက်နဲသော အဆင့်အထက်ရှိ ပညာရှင်များအတွက်မူ၊ ဤကဲ့သို့သော စည်းမျဉ်းဖန်တီးမှုများ ဆိုသည်မှာ၊ ရှာမှရှားလှသော ထိပ်တန်း ရတနာများပင် ဖြစ်ပေတော့သည်။
ထိုက်ရှီက ပစ်လွှတ်လိုက်သော ထိုကြေးလုံးမှာမူ သာမန် “စည်းမျဉ်းဖန်တီးမှု” များနှင့် နှိုင်းယှဉ်လျှင်မူ၊ များစွာ ပိုမို ပြင်းထန်လှပေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများ ကိန်းအောင်းနေသော၊ အမြင့်မြတ်ဆုံးသော “အချိန်နှင့် ဟင်းလင်းပြင် ဖန်တီးမှု” တစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်၏။
ထိုက်ရှီက ထိုကြေးလုံးကို ထုတ်ဖော်လိုက်သည့် အခိုက်အတန့်၌မူ လီရွှမ်တုသည် မိမိ၏ ပတ်ဝန်းကျင်ရှိ အချိန်နှင့် ဟင်းလင်းပြင်မှာ ရုတ်တရက် သံမဏိကဲ့သို့ မာကျောသွားခဲ့ကြောင်း ခံစားလိုက်ရပေသည်၊ သူသည် အရင်ကကဲ့သို့ လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်း မရှိတော့သလို၊ လီရွှမ်တုအနေဖြင့် အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်း တစ်ခုကိုပင် လွတ်လပ်စွာ မဖွင့်လှစ်နိုင်တော့ပေ။
ဤမျှသာမကဘဲ ထိုကြေးလုံးအတွင်း ကိန်းအောင်းနေသော ထူးခြားလှသည့် ဟင်းလင်းပြင် စွမ်းအားများမှာမူ၊ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်အတွင်းရှိ ဂူကောင်းကင် ဗဟိုချက်နှင့်၊ သူ၏ ကိုယ်အတွင်းရှိ ဂူကောင်းကင်အဆင့် ဂန်ချီများအပေါ်၌လည်း နှောင့်ယှက်မှုများကို ဖြစ်ပေါ်စေနေပေသည်။
ထို့ပြင် ကြေးလုံးမှ ပေါက်ကွဲထွက်ပေါ်နေသော ပုံသဏ္ဌာန်မရှိသည့် ချုပ်နှောင်မှု စွမ်းအားများနှင့်၊ ရှေးဟောင်း အစီအရင်များ၏ အရှိန်အဝါများမှာမူ၊ သူ့အား သေးငယ်လှသော နယ်ပယ်တစ်ခုအတွင်း၌ တိုက်ရိုက်ပင် မြဲမြံစွာ ချုပ်နှောင်ထားလိုက်သဖြင့်၊ အနည်းငယ်မျှပင် လှုပ်ရှား၍ မရတော့ပေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လီရွှမ်တု၏ စိတ်နှလုံးမှာ အောက်ခြေသို့ နစ်မြုပ်သွားခဲ့ရကာ၊ ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်များကို ချက်ချင်းပင် ခံစားလိုက်ရပေသည်။
တစ်ဦးချင်း တိုက်ခိုက်မည်ဆိုပါက ထိုက်ရှီနှင့် ရင်ဆိုင်ရသည့်တိုင်အောင်၊ လီရွှမ်တု အနေဖြင့် အနည်းငယ်မျှပင် အားနည်းခြင်းမရှိသလို၊ အရှုံးပေးရန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။
သို့သော်လည်း ရတနာ အစရှိသော အရာများနှင့် ပတ်သက်လာလျှင်မူ၊ လီရွှမ်တုအနေဖြင့် အတိတ်က မြင့်မြတ်လှသော အင်ပါယာ အိမ်ရှေ့စံမင်းသား ဖြစ်ခဲ့လျက် လောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်ခဲ့ဖူးသည့်တိုင်အောင်၊ ဝတ်စုံမည်းဝတ်လူအဖွဲ့အစည်းနှင့်မူ နှိုင်းယှဉ်ရန် မဖြစ်နိုင်တော့ပေ။
ယခုကဲ့သို့သော အချိန်မှာပင်
“ဝုန်း ဝုန်း ဝုန်း”
မြေကမ္ဘာနှင့် ကောင်းကင်ယံကြားဝယ် လေမုန်တိုင်းများမှာ ဆူညံလာခဲ့ပေသည်၊ ထိုက်ရှီသည် ဟင်းလင်းပြင် ဗလာနယ်ထဲ၌ လွင့်မျောနေလျက်၊ လက်ထဲရှိ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်ကို အသာအယာ ပစ်လွှတ်လိုက်ရာ၊ မျက်တောင်တစ်ခတ်အတွင်း၌၊ မူလက လက်ဝါးခန့်သာရှိသော ကြေးမှန် မှာမူ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် ကျယ်ပြန့်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်း၌ပင် အဆပေါင်း ရာကျော်မျှ ကြီးမားလာခဲ့ကာ ဧရာမ ကြေးမှန်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး အောက်ဘက်ရှိ ဝမ်ချောင်နှင့် လီရွှမ်တုတို့အား မြဲမြံစွာ ပစ်မှတ်ထား ချုပ်နှောင်လိုက်ပေတော့သည်။
“ခရက် ခရက်” လျှပ်စစ်တန်းများ၊ မီးလျှံများ၊ အအေးလှိုင်းများနှင့် လေမုန်တိုင်းများမှာ တစ်ပြိုင်တည်း ထိုကြေးမှန်ပေါ်၌ ပေါ်ထွက်လာခဲ့ပေသည်။ ထို့ပြင် ကြေးမှန်၏ အရှိန်အဟုန်ဖြင့် လည်ပတ်မှုနှင့်အတူ၊ အောက်ဘက်ဆီသို့ တစ်ဟုန်ထိုး ကျဆင်းလာခဲ့ပေတော့သည်။
ထိုအခိုက်အတန့်၌မူ ပတ်ဝန်းကျင် ပေပေါင်း ရာနှင့်ချီသော နယ်ပယ်အတွင်း အချိန်နှင့် ဟင်းလင်းပြင်လုံးမှာမူ တိုက်ရိုက်ပင် ချုပ်နှောင်ခြင်း ခံလိုက်ရပေသည်။ အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများဖြင့် ဖွဲ့စည်းထားသော ပုံသဏ္ဌာန်မရှိသည့် ဧရာမ သံကြိုးကြီးများမှာ နဂါးများအလား အချိန်နှင့် ဟင်းလင်းပြင် အနက်ရှိုင်းဆုံးမှနေ၍ ဟင်းလင်းပြင် အထပ်ထပ်ကို ဖြတ်ကျော်လျက် ဤနေရာကို ဝိုင်းရံထားလိုက်ကြကာ၊ အကျဉ်းထောင် တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ပေတော့သည်။
ထိုက်ရှီမှလွဲ၍၊ မည်သူတစ်ဦးတစ်ယောက်မျှ ဤနေရာ၌ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများကို အသုံးမပြုနိုင်တော့ပေ။
ဤမျှသာမကဘဲ ကြေးမှန်၏ စွမ်းအားများမှာမူ ဝမ်ချောင်နှင့် လီရွှမ်တုတို့အား တိုက်ရိုက် ပစ်မှတ်ထားထားခြင်းဖြစ်ရာ၊ တောင်တန်းပေါင်း ထောင်နှင့်ချီလျက် ဖိနှိပ်လိုက်သည့်အလား ရှိနေသော ထိုစွမ်းအားများမှာမူ၊ ကြေးမှန် ကျဆင်းလာသည်နှင့်အမျှ၊ အဆပေါင်းများစွာ အဆက်မပြတ် တိုးတက်လာခဲ့ပြီး သူတို့ နှစ်ဦးဆီသို့ ရစ်ပတ်ဝါးမြို ဖိနှိပ်လိုက်ပေတော့သည်။
“ဟူး….”
လေပြင်းများမှာ တိုက်ခတ်နေခဲ့ကာ ထိုကြီးမားလှသော စွမ်းအားများမှာမူ လူကို အသက်ရှူပင် ကျပ်လာစေရန် လုံလောက်လှပေသည်။
“ရှူး”
ဝမ်ချောင်မှာ မြေပြင်ပေါ်၌ မတ်တပ်ရပ်နေလျက် ထိုကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများအောက်၌၊ သူ၏ ခြေနှစ်ဖက်မှာ မာကျောလှသော အဖြူရောင် ကျောက်စိမ်း ကြမ်းပြင်အတွင်းသို့ တိုက်ရိုက်ပင် စိုက်ဝင်သွားခဲ့ရပေသည်။ သူ၏ခန္ဓာကိုယ် မျက်နှာပြင်ပေါ်၌မူ၊ သွေးကြောများမှာ ဖောင်းကားလာခဲ့ပြီး၊ မြေတီကောင်များအလား တွန့်လိမ်လှုပ်ရှားနေပေသည်။
သို့သော်လည်း မျက်တောင်တစ်ချက်မျှပင် မခတ်ရသေးမီမှာပင်၊ ဝမ်ချောင်၏ လက်မောင်းများ၊ ပေါင်တံများ၊ လည်ပင်းနှင့် နောက်ကျောပြင်တို့မှ အရေပြားများမှာမူ ချက်ချင်းပင် ပေါက်ပြဲသွားခဲ့ရကာ၊ သွေးနီရောင်များမှာလည်း ဝုန်းခနဲ ပန်းထွက်လာခဲ့ပေတော့သည်။
ဝမ်ချောင်၏ ယခုလက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုဖြင့်ဆိုပါက၊ မမျှော်လင့်ဘဲ ဤ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်၏ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများကို မတားဆီးနိုင်ဘဲ ဖြစ်နေရပေသည်။
“ဖျောက်”
အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်၏ သက်ရောက်မှု နယ်ပယ် အစွန်းပိုင်း၌မူ၊ ငွေရောင် လျှပ်စစ်မြွေတန်းများမှာ အဆက်မပြတ် ပစ်ချနေခဲ့ကာ၊ ဧရာမ ထိုက်ကျိနန်းဆောင်နှင့် အောက်ခြေ ပလ္လင်တို့မှာလည်း ပြင်းထန်စွာ တုန်ခါလာခဲ့ရပေသည်။ ဤမျှ ပြင်းထန်လှသော ဖိအားများကို ဆက်လက်၍ တောင့်မခံနိုင်တော့သည့်အလား၊ မျက်နှာပြင်ပေါ်ရှိ အဖြူရောင် ကျောက်ပြားများမှာမူ အက်ကွဲသံများနှင့်အတူ အစအန မကျန် ပေါက်ကွဲပျက်စီးသွားခဲ့ရကာ၊ ကျောက်စိမ်း အစအနများမှာလည်း မိုးပေါက်များအလား အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားခဲ့ရလေသည်။
ဤအခိုက်အတန့်၌မူ ဝမ်ချောင်၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရပေပြီ။
ထိုက်ရှီကဲ့သို့သော အဆင့်အတန်းရှိသည့် ပညာရှင်များ၌ အနည်းနှင့်အများတော့ ဝှက်ဖဲအချို့ ရှိနေလိမ့်မည်ဟု သူ သိရှိထားသော်လည်း၊ ဝမ်ချောင်အနေဖြင့် ထိုသူ ထုတ်ဖော်လိုက်သော ကြေးမှန်မှာ ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မည်သို့မျှ ထင်မှတ်မထားခဲ့ပေ။
ဤခဏ၌ ဝမ်ချောင်နှင့် သူ၏ ရှေးဦးရှန်ထိုက်ကိုယ်ပွား သုံးခုလုံးမှာမူ၊ ကိုယ်ခေတ္တမျှ ရပ်တန့်သွားစေသည့် အတတ်ပညာအတိုက်ခံလိုက်ရသည့်အလား၊ အနည်းငယ်မျှပင် လှုပ်ရှား၍ မရတော့ပေ။
ဝမ်ချောင်သည် သူ၏ ကိယ်အတွင်းရှိ ရှိသမျှသော ဂန်ချီများကို အသုံးပြုလျက်၊ ဤမျှ ပြင်းထန်လွန်းလှသော ဖိအားများကို ပြန်လည်ခုခံရန် ကြိုးစားခဲ့သော်လည်း၊ ကိုယ်အတွင်းရှိ ဂန်ချီများမှာလည်း အလုံးစုံ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီးနောက်၊ သံရည်များအလား အေးခဲသွားခဲ့ရပေတော့သည်။
“ဝုန်း”
နောက်ထပ် မြည်ဟည်းသံ တစ်ချက်နှင့်အတူ ကောင်းကင်ယံရှိ ဧရာမ ကြေးမှန်ကြီးမှာ နောက်ထပ်တစ်ကြိမ် ပိုမိုကြီးမားလာခဲ့ပြန်ကာ အောက်ဘက်ဆီသို့ အဆက်မပြတ် ဖိနှိပ်ကျဆင်းနေပေသည်။ အသံတစ်ချက်နှင့်အတူ ဝမ်ချောင်၏ မူလကိုယ်ထည်မှာ မတ်တပ်ရပ်နေဆဲဖြစ်သော်လည်း အစွမ်းအနိမ့်ဆုံးဖြစ်သော ဒုတိယနှင့် တတိယ ရှန်ထိုက်တို့မှာမူ၊ ကြီးမားလှသော စွမ်းအားတစ်ခု၏ ဖိနှိပ်မှုကြောင့် မြေပြင်ပေါ်သို့ ဒူးထောက် ကျဆင်းသွားခဲ့ရကာ၊ မြေကမ္ဘာကြီးပင်လျှင် ပြင်းထန်စွာ နှစ်ကြိမ်တိုင်တိုင် တုန်ခါသွားခဲ့ရပေတော့သည်။
******
အခန်း (၂၁၁၀) အခြေအနေ ပြောင်းပြန်လှန်ခြင်း၊ အစီအရင်ကြီး ပြန်လည် နိုးထလာခြင်း
“အိမ်ရှေ့စံမင်းသား အမြန် အစီအရင်ကို ဖွင့်စမ်း”
ဝမ်ချောင်သည် အသံကုန် ဟိန်းဟောက်လိုက်ပေသည်။ သူ၏မျက်နှာတစ်ခုလုံးမှာ နီမြန်းနေခဲ့ကာ၊ အံကို တင်းတင်းကြိတ်လျက် ခက်ခဲပင်ပန်းစွာ တောင့်ခံနေရပေသည်။
အပေါ်ယံမှ ဖိအားများမှာ တဖြည်းဖြည်း ပိုမို ပြင်းထန်လာခဲ့ကာ၊ ကောင်းကင်ယံတစ်ခုလုံး ပြိုကျပျက်စီးလာသည့်အလား ရှိနေပေသည်၊ ဂူကောင်းကင်အဆင့်ပညာရှင်တစ်ဦး၏ အစွမ်းမှာမူ ယခုအခါတွင် အစအဆုံး ပေါ်လွင်နေခဲ့ပြီ ဖြစ်၏။ ဝမ်ချောင်အနေဖြင့် ထိုက်ချန်း၏ ဂူကောင်းကင် ဗဟိုချက်ရှစ်ပုံခန့်ကို သိမ်းပိုက်နိုင်ခဲ့သဖြင့်၊ ဂူကောင်းကင်အဆင့်သို့ အကန့်အသတ်မရှိ နီးကပ်နေပြီ ဖြစ်သော်လည်း၊ ထိုက်ရှီကဲ့သို့သော အစစ်အမှန် ဝါရင့်ဂူကောင်းကင် ပညာရှင်ကြီးနှင့် ကြား၌မူ၊ ကျော်လွှားရန် ခဲယဉ်းလှသော ကြီးမားသည့် ချောက်ကမ္ဘာကြီးတစ်ခု ခြားနားနေဆဲ ဖြစ်ပေသည်။
သူသည် ကြာရှည်စွာ ဆက်လက် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
ဟင်းလင်းပြင် အမြင့်ပိုင်း၌မူ ထိုက်ရှီသည် ဧရာမ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်အပေါ်၌ ရပ်တည်နေလျက်၊ ခြေဖဝါးအောက်မှ ရတနာကို အစွမ်းကုန် လှုပ်ရှားစေနေစဉ်၊ ရုတ်တရက် ဝမ်ချောင်၏အသံကို ကြားလိုက်ရသည့်အခါ၊ သူ၏မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ရကာ စိတ်ထဲမှလည်း မအေးမချမ်းဖြစ်မှုများ ရုတ်တရက် ပေါ်ထွက်လာခဲ့ပေသည်။
“အစီအရင်? ဘာအစီအရင်လဲ။ ကောင်လေး မင်းဘာတွေ လျှောက်ပြောနေတာလဲ”
ထိုက်ရှီက မျက်မှောင်ကြုတ်လျက် ရုတ်တရက် ပြင်းထန်စွာ ကြိမ်းမောင်းလိုက်ပေသည်။
သို့သော်လည်း ဝမ်ချောင်မှာမူ သူ့အား အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ၊ သူ၏အကြည့်များကို ရွှေ့ပြောင်းလိုက်ကာ၊ အလားတူပင် ကြီးမားလှသော ဖိအားများကို ခံစားနေရသည့် နန်းကျမင်းသား လီရွှမ်တုဆီသို့ ပို့ထားလိုက်ပေသည်။
အချိန်ကား များစွာ မရှိတော့ပေ၊ အကယ်၍သာ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်အလုံးစုံ ကျရောက်လာခဲ့မည်ဆိုလျှင်မူ၊ သူတို့ နှစ်ဦးစလုံးအတွက် သေလမ်းတစ်ခုသာ ရှိပေတော့မည်။
အခြားတစ်ဖက်၌မူ လီရွှမ်တု၏ အမူအရာမှာ တွန့်ဆုတ်နေခဲ့ကာ ဝမ်ချောင်ဘက်သို့ လုံးဝလှည့်မကြည့်ဘဲ တစ်စုံတစ်ရာကို နက်နဲစွာ ဆင်ခြင်နေပုံ ရပေသည်။
“အိမ်ရှေ့စံမင်းသား အရှင် ဘာကို စောင့်နေတာလဲ”
“အခုချက်ချင်း လက်မလှုပ်ဘူးဆိုရင်တော့ ငါတို့အားလုံး သေကြရတော့မယ်”
ဝမ်ချောင်က ပြတ်သားစွာ အော်ဟစ်လိုက်ပေသည်။
လီရွှမ်တုမှာမူ စကားတစ်ခွန်းမျှ မဆိုသော်လည်း၊ သူ၏မျက်နှာပေါ်၌မူ စိတ်ရှုပ်ထွေးမှုများမှာ ဝေဝါးစွာ ပေါ်ထွက်နေပေသည်။
သူသည် လွန်ခဲ့သော ခဏကတင် ထိုက်ရှီကို ရင်ဆိုင်ရန် မိမိအား ကူညီလိုသော ဝမ်ချောင်ကို လက်ဝါးတစ်ချက်ဖြင့် ရိုက်ထုတ်ခဲ့သလို၊ မည်သူနှင့်မျှ ပူးပေါင်းမည် မဟုတ်ကြောင်းကိုလည်း ဝါကြွားခဲ့သူ ဖြစ်ရာ၊ ယခုအခါ ဝမ်ချောင်ပြောကြားသကဲ့သို့ လုပ်ဆောင်မည်ဆိုပါက၊ မိမိ၏ ပါးကို မိမိ ပြန်လည် ရိုက်ပုတ်လိုက်သကဲ့သို့ ဖြစ်နေမည် မဟုတ်ပါလား။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ထိုနေရာရှိ လူအပေါင်းတို့မှာ မှင်တက်သွားခဲ့ကြရပေသည်။ အပြင်စည်းမှနေ၍ တားမြစ်အတားအစီးများကို တိုက်ခိုက်လျက် ဝမ်ချောင်အား ကူညီရန် ကြိုးစားနေကြသော ကျောက်ဖုန်းချန်နှင့် ပိုင်ဟန်ကျိုး တို့ပင်လျှင် အမူအရာများ တုန်လှုပ်သွားခဲ့ရကာ ဝမ်ချောင်အမှန်တကယ် ဘာပြောနေသည်ကို မည်သူမျှ နားမလည်နိုင်ဘဲ ရှိနေကြပေသည်။
ယခုအခိုက်အတန့်၌မူ အထိတ်လန့်ဆုံးသူမှာ လီရွှမ်တုက အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုအတွင်း၌ ထည့်သွင်း ဝှက်ထားသော လီဟန်ပင် ဖြစ်ပေတော့သည်။
လီရွှမ်တုမှာမူ ချုပ်နှောင်ခြင်း ခံထားရသဖြင့် သူသည်လည်း အလားတူပင် လှုပ်ရှား၍ မရဘဲ ရှိနေပေသည်။
“မျိုးနွယ်ခြားဘုရင်က အမှန်တကယ် ဘာလုပ်ချင်နေတာလဲ”
လီဟန်၏ စိတ်ထဲ၌ သံသယများ ပြည့်နှက်နေခဲ့ရပေသည်။
သူ၏ ယခုလက်ရှိ အခြေအနေမှာလည်း များစွာ ဆိုးရွားနေပေသည်၊ အကယ်၍ ကြေးမှန်သာ ကျရောက်လာခဲ့မည်ဆိုလျှင်မူ၊ သူသည်လည်း သေချာပေါက် သေဆုံးရမည် ဖြစ်၏။
သို့သော်လည်း ယခုအခါ သူ အလေးအနက်ဆုံး ထားမိသည်မှာမူ ဝမ်ချောင်ပင် ဖြစ်ပေသည်။
ထိုက်ကျိနန်းဆောင်၏ မြေအောက်၌၊ ဧကရာဇ်သုံးပါး အစီအရင် ကျန်ရှိနေသေးကြောင်း သတင်းကို သူကိုယ်တိုင်ပင်လျှင် နဂါးအရှိန်အဝါမှတစ်ဆင့် ခံစားသိရှိလိုက်ရသဖြင့် ဝမ်ချောင်အား ပြောပြခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဝမ်ချောင်၏ အဓိပ္ပာယ်မှာ အဘယ်နည်း။
သူသည် လီရွှမ်တုအား အစီအရင်ကို ပြန်လည် ဖွင့်လှစ်ပေးရန် အကူအညီ တောင်းခံချင်နေခြင်းလော။
မြေအောက်ရှိ ဧကရာဇ်သုံးပါး အစီအရင် ကို မည်သူက ပိတ်သိမ်းခဲ့သနည်း ဟူသည်ကို သူ မေ့လျော့သွားခဲ့ပြီလော။
အကယ်၍သာ လီရွှမ်တုကြောင့် မဟုတ်ခဲ့လျှင်မူ သူတို့အားလုံးမှာ ယခုကဲ့သို့သော အန္တရာယ်ကြီးမားသည့် အခြေအနေမျိုးသို့ ရောက်ရှိလာစရာ အကြောင်းမရှိပေ။
ဤလူမှာမူ အလွန်အမင်း ရက်စက်ယုတ်မာသူ ဖြစ်ပေသည်။ သူသည် ရှန်လုံ ပုန်ကန်မှုအတွင်း၌ ဧကရာဇ်ဟောင်းထံ၌ ရှုံးနိမ့်ခဲ့သူ ဖြစ်ရာ၊ ယခုအခါ ခက်ခဲစွာနှင့် လွတ်မြောက်လာခဲ့ပြီးနောက်တွင်မူ၊ အဘယ်သို့ လွယ်လင့်တကူ ကိုင်တွယ်နိုင်မည့်သူ ဖြစ်ပါမည်နည်း။
ဤကဲ့သို့သော လူစားမျိုးကိုမူ လုံးဝယုံကြည်၍ မရနိုင်သလို၊ ၎င်းတို့နှင့် ပူးပေါင်းရန်မှာလည်း ပို၍ပင် မဖြစ်နိုင်ပေ။
ဟင်းလင်းပြင် အမြင့်ပိုင်း၌မူ ထိုက်ရှီသည် ထို လူနှစ်ဦး၏ လှုပ်ရှားမှုများကို အမြဲတမ်း စောင့်ကြည့်နေခဲ့ခြင်းဖြစ်ရာ၊ ဝမ်ချောင်က လီရွှမ်တုဆီသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်ကို မြင်တွေ့ရသည့်အခါ၊ သူတို့ နှစ်ဦးကြား၌ တစ်စုံတစ်ရာသော နားလည်မှုများ ရှိနေဟန်ရသဖြင့်၊ ချက်ချင်းပင် အမူအရာ လေးနက်သွားခဲ့ကာ ဦးနှောက်အတွင်း၌ အလျင်အမြန်ပင် ဆင်ခြင်သုံးသပ်လိုက်ပေတော့သည်။
အစီအရင် ဟုတ်လား…
ယခုလက်ရှိ တစ်နန်းတော်လုံးအတွင်း၌ ဘာအစီအရင် ကျန်ရှိနေသေးလို့လဲ။
အကယ်၍ တစ်စုံတစ်ရာသော အစီအရင် ရှိနေသည့်တိုင်အောင် ယခုအချိန်၌ သူတို့အား ကယ်တင်နိုင်ပါဦးမည်လော။
အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်၏ ချုပ်နှောင်မှုကို ခံထားရသည့်တိုင်အောင် ထွက်ပြေးရန် ကြံစည်နေခြင်းမှာမူ၊ အမှန်တကယ်ပင် ရယ်စရာ ကောင်းလှပေသည်။
သို့သော်လည်း နောက်တစ်ခဏ၌မူ မသိမသာသော အခြေအနေကြားမှ အတွေးတစ်ခု ဦးနှောက်အတွင်း၌ ဖြတ်ပြေးသွားခဲ့ရာ၊ ထိုက်ရှီ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရကာ အမူအရာလည်း ချက်ချင်းပြောင်းလဲသွားခဲ့ရပေသည်။
“ဒါမှမဟုတ်……”
တစ်နန်းတော်လုံးအတွင်း၌မူ မရေမတွက်နိုင်သော အစီအရင်များ ရှိနေသော်လည်း၊ ယခုလက်ရှိ ဝမ်ချောင်နှင့် လီရွှမ်တုတို့အား အမှန်တကယ် ကူညီပေးနိုင်မည့် အရာမှာမူ၊ တစ်ခုတည်းသာ ရှိပေသည်။ အကယ်၍ သူ ထင်မြင်ယူဆထားသည့်အတိုင်းသာ မှန်ကန်ခဲ့မည်ဆိုလျှင်မူ၊ ၎င်းမှာ အဓိပ္ပာယ်ရသည်မှာ…
ထိုက်ရှီမှာ ထပ်မံ၍ မစဉ်းစားဝံ့တော့ပေ။ သူသည် ပထမဦးဆုံးအကြိမ်အဖြစ် နက်နဲလှသော မအေးမချမ်းဖြစ်မှုနှင့် ထိတ်လန့်တုန်လှုပ်မှုများကို ခံစားလိုက်ရပေသည်။
အချိန်ဆွဲနေမည်ဆိုပါက ပြဿနာများ ပိုပေါ်ထွက်လာနိုင်သဖြင့် ဝမ်ချောင်နှင့် လီရွှမ်တုတို့ အမှန်တကယ် ဘာကို ကြံစည်နေပါစေ၊ ၎င်းတို့အား သတ်ဖြတ်လိုက်ခြင်းမှာသာ အစိတ်ချရဆုံးသော နည်းလမ်းပင် ဖြစ်ပေသည်။
“အချိန်နှင့် ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်း၊ မြေကမ္ဘာနှင့် ကောင်းကင်ယံ စုစည်းခြင်း၊ ငါ့အတွက် သေစမ်း”
ထိုက်ရှီ၏အသံမှာ အေးစိမ့်သွားခဲ့ကာ၊ ရုတ်တရက်ဆိုသလို လက်ကွက်များကို ဖော်ထုတ်လိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် လက်ညှိုးထိပ်ကို ကိုက်ဖြတ်လျက်၊ ရွှေဝါရောင်ရှိသော သွေးအနှစ်သာရတစ်စက်ကို အတင်းအကျပ် ထုတ်ယူလိုက်ကာ၊ အောက်ဘက်ရှိ ဧရာမ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန် ပေါ်သို့ ပစ်လွှတ်လိုက်ပေတော့သည်။
ထိုသွေးအနှစ်သာရ ၏ စွမ်းအားများကို ရရှိလိုက်သည့်အခါ၊ ကောင်းကင်ယံရှိ “အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်”မှာမူ အစွမ်းများ အဆမတန် မြင့်တက်လာခဲ့ပေသည်။ ကြေးမှန်၏ ပြင်းထန်လှသော တုန်ခါမှုနှင့်အတူ ပတ်ဝန်းကျင် ပေပေါင်း သောင်းနှင့်ချီသော နယ်ပယ်အတွင်း လေထုများမှာ မြည်ဟည်းလာခဲ့ပြီး၊ ပြင်းထန်လှသော အရှိန်အဝါဖြင့် နောက်တစ်ခဏ၌မူ၊ ကြေးမှန်မှာ မူလကထက် အဆပေါင်းများစွာ မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် ဝမ်ချောင်နှင့် လီရွှမ်တုတို့ဆီသို့ ဖိနှိပ်ကျဆင်းသွားခဲ့ပေတော့သည်။
ဤတိုက်ကွက်သာ ကျရောက်လာခဲ့မည်ဆိုလျှင်မူ၊ ဝမ်ချောင်နှင့် လီရွှမ်တုတို့၌ သံမဏိကိုယ်ထည်ရှိနေသည့်တိုင်အောင်၊ အမှုန့်အဖြစ် ကြိတ်ချေခြင်း ခံရမည့် အခြေအနေမှ လွတ်မြောက်နိုင်စရာ အကြောင်းမရှိပေ။
ဝမ်ချောင်၏ စိတ်နှလုံးအတွင်း၌မူ မီးတောက်များ လောင်မြွက်နေသည့်အလား ပူလောင်နေခဲ့ရပေပြီ။
လီရွှမ်တုမှာမူ များစွာ မာနကြီးလွန်းလှပေသည်။ သူ၏ မာနမှာ အစွဲအလမ်း တစ်ခုအလား ဖြစ်နေခဲ့ကာ ဤကဲ့သို့သော အသက်နှင့်သေခြင်းတရားကြား အလွန်အမင်း အန္တရာယ်ကြီးမားလှသော အချိန်၌ပင် မိမိ၏ မာနတရားများကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်ပေသည်။
သို့သော်လည်း သေလူ တစ်ဦးအတွက်မူ မည်သည့် ဂုဏ်သိက္ခာနှင့် မာနမှ ကျန်ရှိနေမည် မဟုတ်ပါလား။
သို့သော်လည်း ဤစကားများကို လီရွှမ်တု အနေဖြင့် သေချာပေါက် နားထောင်လိမ့်မည် မဟုတ်ကြောင်း ဝမ်ချောင်သိရှိထားသဖြင့်၊ သို့မဟုတ်ပါက သူသည် ယခုအချိန်အထိ အစီအရင်ကို ဖွင့်လှစ်ရန် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ပေ၊ ဝမ်ချောင်အနေဖြင့် အခြားသော နည်းလမ်းကိုသာ စဉ်းစားရပေတော့မည်။
“အိမ်ရှေ့စံမင်းသား အရှင် ဘာကို တွန့်ဆုတ်နေတာလဲ။ အခုချက်ချင်း ဧကရာဇ်သုံးပါး အစီအရင် ကို ဖွင့်စမ်း”
“အဲဒီတုန်းက သူတော်စင် ဧကရာဇ်တောင်မှ အရှင့်ကို ဘာမှ မလုပ်နိုင်ခဲ့တာ၊ အခု အရှင်က သန့်စင်သော ဧကရာဇ်ရဲ့ ခြေဖျားတောင် မမီတဲ့ ထိုက်ရှီရဲ့ လက်ထဲမှာ ဒီလိုမျိုး ဂူကောင်းကင်အဆင့်ရှိတဲ့ ကောင်တစ်ယောက်ရဲ့ လက်ထဲမှာ သေချာပေါက် အသေခံချင်နေတာလား”
မြေကမ္ဘာနှင့် ကောင်းကင်ယံကြားဝယ် လေပြင်းများမှာ ဟိန်းဟောက်နေခဲ့ကာ၊ ဝမ်ချောင်၏ စိုးရိမ်တကြီး အော်ဟစ်လိုက်သံမှာ မိုးကြိုးအလား မြည်ဟည်းလျက်၊ ထိုက်ကျိနန်းဆောင် ပတ်ဝန်းကျင် တစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့ပေတော့သည်။
ထိုအခိုက်အတန့်၌ ထိုစကားများကို ကြားလိုက်ရသည့်အခါ၊ လီရွှမ်တု၏ ကိုယ်ထည်မှာ ရုတ်တရက် တုန်ယင်သွားခဲ့ရကာ သူ၏မျက်ဝန်းအတွင်း၌လည်း သတိပြုမိရန် ခဲယဉ်းလှသော အလင်းတန်းတစ်ခုမှာ ဖျတ်ခနဲ လက်သွားခဲ့ပြီးနောက် ဦးခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်ပေတော့သည်။
သိသာထင်ရှားသည်မှာမူ ဝမ်ချောင်၏ ဤနောက်ဆုံး စကားတစ်ခွန်းမှာမူ နောက်ဆုံးတွင် အာနိသင် ရှိခဲ့ခြင်းပင် ဖြစ်၏
မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ လီရွှမ်တု၏ မျက်ဝန်းအတွင်းမှ တွန့်ဆုတ်မှုနှင့် ဝေခွဲမရဖြစ်မှုများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ရပြီး၊ ၎င်းတို့၏ နေရာ၌မူ၊ သမိုင်းတစ်လျှောက် မရှိဖူးသေးသော ကြည်လင်ပြတ်သားမှုနှင့် ပြတ်သားသော စိတ်ဓာတ်များက အစားထိုး ဝင်ရောက်လာခဲ့ပေပြီ။
သေခြင်းတရား ဟုတ်လား။
သူသည် သေမှာကို မကြောက်ပေ။ သို့သော်လည်း ထိုက်ရှီဟု ခေါ်သော လူတစ်ယောက်၏ လက်ထဲ၌ သေဆုံးရမည်ဆိုလျှင်မူ ၎င်းမှာ အဘယ်သို့သော ကိစ္စမျိုး ဖြစ်ပါမည်နည်း။
၎င်းမှာ လူအများ၏ လှောင်ပြောင်ခြင်းကို ခံရရန်အတွက်သာ ဖြစ်ပေလိမ့်မည်။
ထို့ပြင် သူ၏ စိတ်နှလုံးအတွင်း၌မူ၊ ရှေးဦးမှ ယနေ့ခေတ်အထိ၊ အစစ်အမှန် ရန်သူဆို၍ တစ်ဦးတည်းသာ ရှိပေသည်။ ၎င်းမှာ နတ်ရွာစံသွားခဲ့ပြီဖြစ်သော လီထိုက်ယီပင် ဖြစ်ပေတော့သည်။
သူသည် လီထိုက်ယီထက် ပိုပြင်းထန်ရမည်။
လီထိုက်ယီအနေဖြင့် လက်တစ်ဖက်တည်းနှင့်ပင် နှိပ်စက်နိုင်မည့် ပုရွက်ဆိတ်လေး တစ်ကောင်၏ ရှေ့မှောက်၌၊ မိမိကိုယ်တိုင်က အဘယ်သို့ ရှုံးနိမ့်ပါမည်နည်း။
သူသည် မိမိကိုယ်တိုင်က လီထိုက်ယီထက် များစွာပိုကြောက်ဖို့ကောင်းကြောင်းကို သေချာပေါက် သက်သေပြရပေမည်။
“ကောင်လေး၊ ဒီပန်ကုန်းကတော့ ဒီကောင်ကို ကြည့်မရလို့ပဲ၊ မင်းကို ကူညီချင်လို့တော့ မဟုတ်ဘူးနော်”
လီရွှမ်တုသည် နောက်ဆုံးတွင် စကားဆိုလိုက်ပေတော့သည်။
သူ၏ အသံမှာ အတိတ်ကကဲ့သို့ပင် အေးစိမ့်တည်ငြိမ်နေဆဲဖြစ်ကာ၊ သူ လူအများအား ပေးစွမ်းနေသည့် ခံစားချက်အတိုင်းပင်၊ အေးစိမ့်လှသော လေပြင်းများကြားမှ မြင့်မားလှသော ထင်းရှူးပင် တစ်ပင်အလား၊ ကြံ့ခိုင်လျက် များစွာမာနကြီးလှပေသည်။
သူ၏အသံမဆုံးသေးမီမှာပင် လီရွှမ်တု၏အကြည့်မှာ စူးရှသွားခဲ့ကာ၊ မျက်တောင်တစ်ခတ်အတွင်းမှာပင် လက်ဦးမှုယူ လှုပ်ရှားလိုက်ပေတော့သည်။
“ဝုန်း”
ဦးခေါင်းအထက်ရှိ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်မှ ပေးစွမ်းနေသော ကြောက်မက်ဖွယ်ကောင်းလှသည့် ဖိအားများကို အတင်းအကျပ် တောင့်ခံလျက်၊ လီရွှမ်တု၏ ကိုယ်ပေါ်မှ အမည်းရောင် အလင်းတန်း တစ်ခု လက်သွားခဲ့ကာ လက်ချောင်း ငါးချောင်းကို ကျုံ့လိုက်ပြီးနောက်၊ ထိုနဂါးရုပ်ပါ အမိန့်ပေးတံဆိပ်ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်ပေသည်၊ မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ ဟိန်းထွက်နေသော ဟိန်းဟောက်သံကြီးတစ်ခုမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံကြားဝယ် ပဲ့တင်ထပ်သွားခဲ့လေသည်။
“ငါ့အတွက် ပွင့်စမ်း”
တိုတောင်းလှသော အချိန်အတွင်း၌ ဧရာမ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်မှာ အောက်သို့ ကျရောက်တော့မည့် အခိုက်အတန့်၌ပင် လီရွှမ်တုသည် မိမိ၏ တစ်ကိုယ်လုံးရှိ အင်အားရှိသမျှကို စုစည်းလျက် နဂါးရုပ်ပါ အမိန့်ပေးတံဆိပ် အတွင်းသို့ စီးဝင်သွားစေလိုက်ပေသည်။ တစ်ချိန်တည်းမှာပင် သူ၏ တစ်ကိုယ်လုံးမှာ တင်းကျပ်သွားခဲ့ရကာ အကြီးမားဆုံးသော အင်အားကို အသုံးပြုလျက် လက်သီးတစ်ချက်ကို ခြေဖဝါးအောက်ရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိုးချလိုက်ပေတော့သည်။
“ခရက် ခရက်” ကြီးမားလှသော အက်ကွဲသံကြီးမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံအထိ ပဲ့တင်ထပ်သွားခဲ့ပေသည်။ လီရွှမ်တု၏ ထိုလက်သီးတစ်ချက်မှ စွမ်းအားများမှာ မြေအောက်ကို တိုက်ရိုက်ထိုးဖောက်သွားခဲ့ကာ၊ မြေကြီး အနက်ရှိုင်းဆုံးဆီသို့ တိုးဝင်သွားခဲ့ပြီးနောက်၊ မြေအောက်အနက်ရှိုင်းဆုံးရှိ ထိုရှေးဟောင်းလှကာ ပြင်းထန်လှသော “ကိုးကောင်းကင် ဆယ်ကမ္ဘာ ဧကရာဇ်သုံးပါး အစီအရင်”နှင့် နောက်တစ်ကြိမ် ပြန်လည် ဆက်သွယ်နိုင်ခဲ့ပေပြီ။
“ဝုန်း ဝုန်း ဝုန်း”
မြေအောက်မှနေ၍ တစ်လှိုင်းပြီးတစ်လှိုင်း ထွက်ပေါ်လာသော အရှိန်အဝါများကို ခံစားရင်း၊ မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲထွက်ပေါ်တော့မည့်လူကို စိတ်နှလုံး တုန်လှုပ်ခြောက်ခြားသွားစေနိုင်သော ထိုပြိုင်ဘက်ကင်းလှသည့် စွမ်းအားများကို ခံစားလိုက်ရသည့်အခါ ထိုက်ရှီ၏ မျက်နှာမှာမူ ခဏချင်းမှာပင် အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရပေတော့သည်။
“လီရွှမ်တု မင်းရဲတင်းလှချည်လား”
“ယုတ်ညံ့တဲ့ကောင် မင်းက ငါတို့ကို လိမ်ညာဝံ့တယ်ပေါ့”
ထိုက်ရှီနှင့် ထျန်းဖူနတ်မင်းတို့၏ ဒေါသတကြီး ကြိမ်းမောင်းသံများမှာမူ၊ တစ်ပြိုင်တည်း မြေကမ္ဘာနှင့် ကောင်းကင်ယံကြားဝယ် ပဲ့တင်ထပ်နေပေတော့သည်။
ကိုးကောင်းကင် ဆယ်ကမ္ဘာ ဧကရာဇ်သုံးပါး အစီအရင်။
ဤလူနှစ်ဦးမှာမူ၊ ထို ရှေးဟောင်းလှကာ ဒဏ္ဍာရီလာ အဆင့်အတန်းရှိသည့် အစွမ်းထက် အစီအရင်ကြီး၏ အရှိန်အဝါများကိုမူ၊ အလွန်အမင်းကို ရင်းနှီးနေကြသူများ ဖြစ်ပေသည်။ ထိုကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများမှာ မြည်ဟည်းနေခဲ့ကာ၊ နိုးထလာနေခဲ့ပြီ ဖြစ်၏၊ ထို့ပြင် တစ်စုံတစ်ရာသော နိယာမများအတိုင်း၊ ထိုက်ကျိနန်းဆောင်မှနေ၍ အရပ်မျက်နှာအနှံ့သို့ တစ်ဟုန်ထိုး ပေါက်ကွဲ ပျံ့နှံ့နေပေတော့သည်။
“ကိုးကောင်းကင် ဆယ်ကမ္ဘာ ဧကရာဇ်သုံးပါး အစီအရင် ”မှာ နောက်တစ်ကြိမ် ပြန်လည် နိုးထလာသည့် တစ်ချိန်တည်းမှာပင်၊ အခြားသော ရပ်တန့်နေခဲ့သည့် အစီအရင်ကြီး တစ်ခုမှာလည်း လိုက်လံ နိုးထလာခဲ့ပေပြီ။
၎င်းမှာ ဝမ်ချောင်၏ “ရှောင်ကျိုးကျိုး အစီအရင်” ပင် ဖြစ်ပေတော့သည်။
“မဖြစ်နိုင်ဘူး”
ထိုက်ရှီမှာမူ အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ရပေသည်။ သူသည် ဤအစီအရင်ကြီး အပေါ်၌ အမှန်တကယ်ပင် များစွာရင်းနှီးနေသူဖြစ်ရာ စိတ်နှလုံးအတွင်းမှ တုန်လှုပ်မှုကိုပင် မထိန်းနိုင်တော့လောက်အောင် ရှိပေသည်။
သူသည် မူလက အမြဲတမ်း အသာစီး ရနေခဲ့ခြင်းဖြစ်ကာ၊ နောက်ထပ် မျက်တောင်တစ်ခတ်အတွင်းမှာပင် လီရွှမ်တုနှင့် ဝမ်ချောင်တို့၏ အသက်များကို နုတ်ယူနိုင်တော့မည် ဖြစ်သော်လည်း၊ ယခုအခိုက်အတန့်၌မူ ထိုရင်းနှီးလှသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာမှုကြောင့် ထိုက်ရှီ၏ တိုက်ခိုက်မှုများမှာမူ ရုတ်တရက် ရပ်တန့်သွားခဲ့ရပေပြီ။
အလင်းရောင် တစ်ချက် လက်သွားခဲ့ပေသည်။ ထိုက်ရှီမှာမူ မလှုပ်ရှားရသေးမီမှာပင် အဝေးဆီရှိ ထျန်းဖူနတ်မင်းမှာမူ လက်ဦးမှုယူ လှုပ်ရှားလိုက်ပေပြီ။
ယခုအခါ ထိုက်ရှီ မှာမူ တွန့်ဆုတ်နေဆဲ၊ ဝေခွဲမရ ဖြစ်နေဆဲဖြစ်ကာ၊ ဝမ်ချောင်နှင့် လီရွှမ်တုတို့အား သတ်ဖြတ်နိုင်ရန်အတွက် အခွင့်အရေး အနည်းငယ် ကျန်ရှိနေသေးသည်ဟု ယူဆနေသော်လည်း ထျန်းဖူနတ်မင်းမှာမူ အခြေအနေ မဟန်တော့သည်ကို သိမြင်လိုက်ရသဖြင့်၊ ပထမဦးဆုံးသော လူအဖြစ် အပြင်ဘက်သို့ တစ်ဟုန်ထိုး ထွက်ပြေးသွားခဲ့ပေတော့သည်။
ထျန်းဖူနတ်မင်း ဖြတ်သန်းသွားရာ အရပ်တိုင်း၌မူ လေထုများမှာ ပေါက်ကွဲနေခဲ့ကာ၊ ဟင်းလင်းပြင် ဗလာနယ်အတွင်း၌ ရှည်လျားလှသော ဖြူဖွေးသည့် လေစီးကြောင်း အစအနကြီး တစ်ခုကို တိုက်ရိုက် ချန်ရစ်ခဲ့ပေတော့သည်။
ထိုက်ရှီမှာမူ ထျန်းဖူနတ်မင်းအား အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ သူ၏မျက်ဝန်းအတွင်း၌မူ မရေရာသော အလင်းတန်းများ လှုပ်ခတ်နေခဲ့ကာ၊ များမကြာမီမှာပင်၊ တစ်စုံတစ်ရာသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ဟန်ဖြင့် သူသည် အံကို တင်းတင်းကြိတ်လိုက်ကာ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်ကို ဆက်လက်၍ အစွမ်းကုန် အသုံးချလိုက်ပေတော့သည်။
အောင်မြင်မှုမှာ မျက်စိရှေ့သို့ ရောက်ရှိနေပြီဖြစ်ရာ သူသည် ဤ အကောင်းဆုံး အခွင့်အရေးကို အဘယ်သို့ လက်လွှတ်ပါမည်နည်း။
ယခုအခါ ဧကရာဇ်သုံးပါး အစီအရင်မှာ အလုံးစုံ နိုးထလာခြင်း မရှိသေးသဖြင့် ဝမ်ချောင်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင် လီရွှမ်တုကို သတ်ဖြတ်နိုင်မည်ဆိုလျှင် နောက်ဆုံးသော အောင်မြင်မှုမှာမူ မိမိအတွက်သာ ဖြစ်နေဦးမည် ဖြစ်၏
“ဝုန်း”
ကောင်းကင်ယံ၌ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန် မှ အလင်းတန်းများမှာ ဝုန်းခနဲ မြင့်တက်လာခဲ့ပြန်ကာ ဧရာမ ကြိတ်ဆုံကြီး တစ်ခုအလား ဝမ်ချောင်နှင့်လီရွှမ်တုတို့ဆီသို့ ဆက်လက်၍ ဖိနှိပ်ကျဆင်းလာခဲ့ပေတော့သည်။
သို့သော်လည်း ထိုက်ရှီ၏ ခေတ္တမျှတွန့်ဆုတ်သွားခဲ့မှုမှာမူ အရာရာကို နောက်ကျသွားစေခဲ့ပေပြီ။
အခြားတစ်ဖက်၌မူ၊ ဝမ်ချောင်၏ ကိုယ်ပေါ်၌ ခံစားနေရသော ဖိအားများမှာမူ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ကာ ထိုက်ရှီ၏ အချိန်နှင့် ဟင်းလင်းပြင် ကြေးမှန်ကြောင့် တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မည့် အခြေအနေသို့ ရောက်ရှိနေစဉ်မှာပင်
“ဝုမ်း…”
မြေကြီးမှာ မြည်ဟည်းလာခဲ့ကာ မြို့တော်တစ်ခုလုံးလည်း ပြင်းထန်စွာ တုန်ခါသွားခဲ့ရပေသည်။ ပုံသဏ္ဌာန်မရှိသော လေထုလှုပ်ခတ်မှုတစ်ခုမှာမူ၊ ထိုက်ကျိနန်းဆောင်ကို ဗဟိုပြုလျက် အဝေးဆုံးသော အရပ်လေးမျက်နှာလုံးသို့ တစ်ဟုန်ထိုး ပြန့်နှံ့သွားခဲ့ပေတော့သည်။
ထိုက်ကျိနန်းဆောင် ရှေ့တွင်မူ ထိုက်ရှီ၏ ပြင်းထန်လှသော ဖိနှိပ်မှုကို ခံနေရသည့် ဝမ်ချောင်မှာမူ အနှစ်တစ်သောင်းမျှ ရှည်လျားလှသော အချိန်ကာလကို စောင့်ဆိုင်းခဲ့ရသည့်အလား ခံစားနေရပြီးနောက်၊ နောက်ဆုံးတွင်မူ၊ ကိုးကောင်းကင် ဆယ်ကမ္ဘာ ဧကရာဇ်သုံးပါး အစီအရင် ၏ ပြန်လည် နိုးထလာမှုနှင့်အတူ၊ ရှောင်ကျိုးကျိုး အစီအရင်၏ ရင်းနှီးလှသော အရှိန်အဝါများမှာလည်း၊ ဝမ်ချောင်၏ အာရုံခံစားမှုအတွင်းသို့ နောက်ထပ်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာခဲ့ပေပြီ။
“အောင်မြင်ပြီ”
ထိုခဏ၌ ဝမ်ချောင်၏ အကြည့်များမှာ စူးရှတောက်ပသွားခဲ့ရပေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင်၊ ဝမ်ချောင်၏ အာရုံခံစားမှုမှာမူ ရှောင်ကျိုးကျိုး အစီအရင်နှင့် နောက်ထပ်တစ်ကြိမ် ပြန်လည် ဆက်သွယ်နိုင်ခဲ့ပြီဖြစ်ကာ နေရာအနှံ့ ပြည့်နှက်နေသော ထိုကြီးမားလှသည့် စွမ်းအားများမှာလည်း တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့ပေတော့သည်။
“ဟားဟားဟား ထိုက်ရှီ နောက်ဆုံးတော့ ငါ့အလှည့် ရောက်ပြီ”
ဝမ်ချောင်၏ စိတ်လှုပ်ရှားနေသော အသံမှာ ထက်မြက်လှသော မြှားတံတစ်စင်းအလား ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ကာ၊ တစ်နန်းတော်လုံးအတွင်း၌ ပဲ့တင်ထပ်သွားခဲ့ပေတော့သည်။
“ဝုန်း”
မည်သည့် တိုက်ကွက်မျိုးကိုမျှ အသုံးမပြုဘဲ ဝမ်ချောင်သည် ရိုးရိုးရှင်းရှင်း လက်သီးတစ်ချက်ကိုသာ ပစ်လွှတ်လိုက်ပေသည်။ သို့သော်လည်း နောက်တစ်ခဏ၌မူ မြေကြီးနှင့် ကောင်းကင်ယံမှာ မြည်ဟည်းသွားခဲ့ရကာ အတိုင်းအဆမရှိသော ဂန်ချီများမှာ မြေအောက်မှနေ၍ ကောင်းကင်ယံအထိ တန်းတန်းမတ်မတ် ထိုးတက်သွားခဲ့ပေတော့သည်။
“အား”
ရုတ်တရက်ဆိုသလို စူးရှလှသော အော်ဟစ်ညည်းတွားသံတစ်ခုမှာ အဝေးဆီမှနေ၍ ထွက်ပေါ်လာခဲ့ပေသည်။ အမှန်တကယ်တော့ ၎င်းမှာ များစွာ ဝေးကွာသော နေရာအထိ ထွက်ပြေးသွားခဲ့ပြီဖြစ်သော ထျန်းဖူနတ်မင်းပင် ဖြစ်ပေသည်။ သူသည် ပြင်းထန်လှသော ထိုကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအားများ၏ တိုက်ရိုက်ထိမှန်ခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။
ထိုစွမ်းအားမှာမူ အတိုင်းအဆမရှိ ကြီးမားလှကာ သိမ်မွေ့နက်နဲသော အဆင့်ကိုမူ များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်၏။
ထျန်းဖူနတ်မင်းမှာမူ ညည်းညူသံ တစ်ချက်ပင် မပြုနိုင်တော့ဘဲ အစီအရင်ကြီး၏ စွမ်းအားများဖြင့် တိုက်ရိုက်ထိမှန်ခြင်းကို ခံလိုက်ရကာ၊ အရေးမပါလှသော ပုရွက်ဆိတ်လေး တစ်ကောင်အလား ခဏချင်းမှာပင် အစအနမကျန် ပြာအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားခဲ့ရပေတော့သည်။
******