← Chapters

ဘေးကင်းလုံခြုံတဲ့ ခရီးလမ်းဖြစ်ပါစေ

Vol. 16 Ch. 213

ဘေးကင်းလုံခြုံတဲ့ ခရီးလမ်းဖြစ်ပါစေ

Vol. 16 Ch. 213

“သူ့မူလမာန်အကြောမျှင်က လျှပ်စီးတဲ့။ အဲဒါ ဟိုနေ့တုန်းက စစ်နတ်ဘုရားအရှင် သန့်စင်ခဲ့တဲ့အရာဆိုတာ အတိအကျပဲ”

“အဲဒါ... အဲဒါက ဟန်တောင်တန်းခေါင်းလောင်း။ အဲဒီခေါင်းလောင်းကိုလည်း ဟိုနေ့တုန်းက စစ်နတ်ဘုရားအရှင် ယူသွားတာဆိုတော့ သူက တစ်ကယ့်ကို စစ်နတ်ဘုရားအရှင်ပဲ”

“မယုံနိုင်စရာပဲ။ စစ်နတ်ဘုရားအရှင်နဲ့ မော့စုက တစ်ယောက်တည်းတဲ့လား”

ဟန်တောင်တန်းမြို့တော်အတွင်းမှ လူများအားလုံး သွေးရူးသွေးတန်းဖြစ်သွားကြသည်။ ဤနေ့တွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် သူတို့ကိုထိတ်လန့်တုန်လှုပ်စေခဲ့သည် ဆိုသော်ငြား ယခုအချိန်အခိုက်အတန့်တွင် ခံစားလိုက်ရသော ထိတ်လန့်မှုကိုတော့ မယှဉ်နိုင်ကြပေ။

ဟန်တောင်တန်းမြို့တော်ရှိ အပြင်လူများအားလုံး၏စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည့် မွန်းတည့်နေတစ်လုံးသဖွယ် စစ်နတ်ဘုရားအရှင်သည် သူတို့ရှေ့သို့ ယခုပေါ်ထွက်လာခဲ့ပြီဖြစ်သည်။ သူသည် စစ်နတ်ဘုရားအရှင်လည်း ဖြစ်သလို မော့စုဆိုလည်းဟုတ်သည့် စုမင်ပင်ဖြစ်သည်။

နန်ထျန်း၏အသက်ရှူသံများ လျင်မြန်သွားရသည်။ အရောင်စုံရေကန်တောင်ပေါ်မှ စုမင်ကို အံ့အားသင့်ထိတ်လန့်သော အမူအယာဖြင့်ငေးကြည့်လိုက်မိပြီး သူ့နှလုံးသားက ရင်ဘတ်မှပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်လာခဲ့သည်။ သူ့နှလူံးသားထဲတွင် ဤအကြောင်းအရာကို တွေးထင်ထားခဲ့သော်လည်း ထိုထင်မြင်ချက်က အမှန်ဖြစ်လာသောအခါတွင်တော့ သူ့စိတ်နှလုံးထဲမှ ထိတ်လန့်သွားမှုကို ဖြေဖျောက်ရန်အခက်တွေ့နေဆဲပင်ဖြစ်သည်။

‘မျှော်လင့်ထားသလိုပဲ။ သူက စစ်နတ်ဘုရားအရှင် ဖြစ်နေတယ်... ပြီးတော့ မော့စုဆိုလည်း ဟုတ်တယ်။ သူ့ကျင့်ကြံဆင့်က ဒဏ်ရာအပြင်းအထန်ရလို့ ရုပ်နယ်လွန်နယ်ပယ်ကနေ သွေးကြောကျောက်သားနယ်ပယ်ကို ကျသွားတာမဟုတ်ဘူးပေါ့။ ငါသူ့ကို ပထမဆုံးတွေ့တုန်းက သူက ရုပ်နယ်လွန်နယ်ပယ်တောင် မရောက်သေးဘူး။ သူ သွေးကြောကျောက်သားနယ်ပယ်မှာ ရှိနေတုန်းတည်းက ငါ့ကိုခြိမ်းခြောက်နိုင်ခဲ့တာပဲ။ သူက... စစ်နတ်ဘုရားဆိုတဲ့ အတိုင်းပါလား’

နန်ထျန်းဘေး၌ ရပ်နေသော လန်ယင်သည်လည်း သက်ပြင်းချလိုက်မိသည်။ မော့စုဆိုသောနာမည်နှင့် သူ မစိမ်းသက်သော်လည်း သူ့နှလုံးသားထဲတွင်တော့  ထိုမော့စုသည် သူမနှိုင်းယှဉ်နိုင်သည့် အလွန်မြင့်မားသောအဆင့်တွင် ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့ဘူးပေ။ ပုံပန်းသဏ္ဍာန်ကို ဖုံးကွယ်ထားခဲ့သည့် ထိုမော့စုဆိုသောလူသည် အမှန်တစ်ကယ်ရှိနေခြင်းမဟုတ်ဟုပင် သူယူဆခဲ့ဖူး၏။

ထိုသူ၏ကျော်ကြားမှုသည်လည်း အခြားသူများ၏ ကြေညာမှုကြောင့်သာဖြစ်သည်။

သို့သော် စုမင်သည် ထိုမော့စုဆိုသူဖြစ်ကြောင်း တွေ့လိုက်ရချိန်၌ သူထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ ထိုတုန်လှုပ်မှု မပျောက်ကွယ်သေးခင်မှာပင် မော့စုသည် လွန်ခဲ့သောရက်အနည်းငယ်က သူတို့ရှေ့တွင် ထွက်ပေါ်လာခဲ့ဖူးသည့် စစ်နတ်ဘုရားအရှင်ပင်ဖြစ်ကြောင်း ထပ်တွေ့လိုက်ရပြန်၏။ သူ့ခေါင်းတည့်တည်းအား မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရပြီး သူ့စိတ်များပင်ဗလာဖြစ်သွားခဲ့ရသည်။ ဤအဖြစ်အပျက်တို့၏ အလှည့်အပြောင်းများကြောင့် စဉ်းစားတွေးခေါ်နိုင်စွမ်းများ ဆုံးရှုံးသွားရပြီး လုံးဝမှင်သက်ကြောင်အသွားရလေသည်။

တွေ့မြင်ရန်ခက်ခဲသော ရုန်းရင်းဆန်ခတ် ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေနိုင်သော အသံလှိုင်းများ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သော်လည်း ပျောက်ကွယ်မသွားခဲ့ပေ။ အသံများအားလုံးသည် ခေါင်းစဉ်တစ်မျိုးတည်းကိုသာ အော်ဟစ်နေရန်ရလေသည်။

“စစ်နတ်ဘုရားအရှင်”

တည်းခိုခန်းအတွင်း စုမင်နှင့်အတူသောက်ခဲ့သူများသည် စိတ်အလှုပ်ရှားဆုံးသူများပင်ဖြစ်ပြီး အခြားသူများနှင့်အတူ အော်ဟစ်နေကြချေသည်။ မျက်နှာတွင် အမြဲတစေအပြုံးတစ်ခုဖြင့် စကားပြောနည်းသော သူတို့နှင့်အတူသောက်ခဲ့သည့် သူတို့၏ ညီနောင်စုသည် လွန်ခဲ့သောရက်အနည်းငယ်က ဟန်တောင်တန်းသံကြိုးများအား အောင်မြင်ခဲ့ပြီး ကောင်းကင်ဘုံလျှပ်စီးကို သန့်စင်ကာ ဟန်တောင်တန်းခေါင်းလောင်းကို ယူဆောင်သွားနိုင်ခဲ့သည့် စစ်နတ်ဘုရားအရှင်ဖြစ်နေလိမ့်မည်ဟု သူတို့အိပ်မက်ထဲမှာပင် တွေးထင်မထားမိပေ။

ယွမ်ဆိုသော ယောကျ်ားသည် တက်ကြွသောမျက်နှာ အမူအယာဖြင့် လူအုပ်ထဲ၌ ရိုသေလေးစားစွာရပ်နေခဲ့သည်။ ဤအခြင်းအရာကို သူယခင်တည်းက မျှော်လင့်ထားခဲ့သော်လည်း သိပ်တော့မသေချာခဲ့ပေ။ အရောင်စုံရေကန်တောင်ပေါ်တွင်ရပ်နေသည့် စုမင်ကို သူငေးကြည့်နေမိရင်း ထိုညက လူများစွာအတူတူသောက်ခဲ့သော မြင်ကွင်းတို့ကို ပြန်လည်အမှတ်ရနေမိလေသည်။

သူ့အဖော်ဖြစ်သူကမူ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပြီး ကံကောင်းသည်ဟု ခံစားနေမိလေသည်။ လွန်ခဲ့သောနှစ်ရက်ခန့်ညက သူတို့စားပွဲတွင်ထိုင်လိုကြောင်း စုမင်လာရောက်ပြောဆိုခဲ့ချိန်၌ သူသဘောမကျဖြစ်ခဲ့ဖူးလေသည်။

လူအုပ်ထဲတွင် အဘိုးအိုတစ်ဦးနှင့် ကောင်လေးတစ်ဦးလည်း ရှိနေခဲ့သည်။ အဘိုးအိုက အရောင်စုံရေကန်တောင်ကို အံ့အားသင့်မှင်သက်စွာ ငေးမောနေခဲ့သည်။ ကောင်လေးသည်တော့ သူ့နေရာတွင် တအံ့တသြရပ်လျက် အခြားသူများမကြားနိုင်သော စကားလုံးများကို တီးတိုးရေရွတ်နေခဲ့၏။

“ငြိမ်းအေးရာအရှေ့မျိုးနွယ်စုက စစ်နတ်ဘုရားအရှင်ကို နှုတ်ခွန်းဆက်ပါတယ်”

ဟန်တောင်တန်းမြို့တော်ထံမှ စိတ်လှုပ်ရှားစွာအော်ဟစ်သံများ ကြားတွင် ငြိမ်းအေးရာအရှေ့အရပ်တောင်ဆီမှ အသံနှစ်သံ ထွက်ပေါ်လာခဲ့သည်။ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲနှင့် ဖန်းရှန်တို့၏အသံများပင် ဖြစ်သည်။ မျိုးနွယ်စုထဲမှ အစွမ်းထက်မာန်စွမ်းအားရှင်များသည် ကောင်းကင်ပေါ်သို့ ပျံတက်လာကြပြီး ငြိမ်းအေးရာအရှေ့အရပ်တောင်အထက်တွင်ရပ်လျက် လက်သီးလက်ဝါးဆုပ်ကာ စုမင်ကိုဦးညွှတ်လာခဲ့ကြသည်။

ခဏအကြာမှာပင် ပုချန့်တောင်ဆီမှလည်း အလားတူစကားသံမျိုး ထွက်ပေါ်လာခဲ့သည်။ ပုချန့်မျိုးနွယ်စု၏ ခေါင်းဆောင်များအားလုံးသည် လေးစားကြောက်ရွံ့စွာဖြင့် စုမင်ကိုအတူတကွ ဦးညွှတ်လိုက်ကြသည်။

“ပုချန့်မျိုးနွယ်စုက စစ်နတ်ဘုရားအရှင်ကို နှုတ်ခွန်းဆက်ပါတယ်”

“အရင်က မင်းဘယ်သူဆိုတာကို မသိခဲ့တဲ့အတွက် ငါတို့က မင်းကိုစိတ်ဆိုးဒေါသထွက်စေခဲ့မိတယ်။ ငါတို့ကိုခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

ပုချန့်မျိုးနွယ်စုအကြီးအကဲက ခါးသီးစွာရယ်မောလိုက်မိသည်။ ဤလူတစ်ယောက်တည်းအား တူညီသောစကားလုံးများကို သူနှစ်ခါထပ်၍ ပြောဆိုခဲ့ရချေသည်။

တစ်ချိန်တည်းမှာပင် ဟန်တောင်တန်းမြို့တော်အတွင်းမှလည်း လေးစားစွာနှုတ်ဆက်သံများ ထွက်ပေါ်လာခဲ့သည်။

“စစ်နတ်ဘုရားအရှင်ကို နှုတ်ခွန်းဆက်ပါတယ်”

“ဟန်တောင်တန်းက နောက်တစ်ကြိမ် ကြိုဆိုပါတယ်၊ စစ်နတ်ဘုရားအရှင်”

ဧရိယာတစ်ခုလုံးကိုပင် လှုပ်ခါနိုင်သော ထိုအသံများက လေထဲတွင် ပဲ့တင်ထပ်ပျံ့နှံ့နေခဲ့ကြပြီး အေးခဲကောင်းကင်ကလန်မှ အမျိုးသားနှင့် အမျိုးသမီးတို့၏မျက်နှာများကို ဖြူဖျော့သွားစေခဲ့သည်။

“စစ်နတ်ဘုရားအရှင်ကို... နှုတ်ခွန်းဆက်ပါတယ်”

စုမင်ကို ဦးညွှတ်လိုက်ချိန်တွင် ယန်လွမ်၏ပါးမို့မို့က ပိုမိုနီရဲသွားခဲ့ရသည်။

သူ့မျက်နှာပေါ်မှ မျက်နှာဖုံးကို စုမင်တည်ငြိမ်အေးဆေးစွာ ချွတ်ယူလိုက်ပြီး အေးခဲကောင်းကင်ကလန်မှ အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။

“အေးခဲကောင်းကင်ကလန်ရဲ့ ဒုတိယစစ်ဆေးမှုနဲ့ ပက်သက်ပြီးပြောရရင် ငါက ဟန်တောင်တန်းရဲ့သံကြိုးတန်းတွေကို အောင်မြင်ခဲ့ပြီးပြီ” စုမင်အသံက ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့သည်။ စုမင်ထံမှ ထိုစကားလုံးများထွက်ပေါ်လာချိန်တွင် အမျိုးသမီး၏မျက်နှာက ပိုမိုဖြူရော်သွား၏။

“တတိယစစ်ဆေးမှုအတွက်တော့ ငါ့မှာ စစ်နတ်ဘုရားဆိုတဲ့ အထောက်အထားရှိတယ်။ အဲဒါက ငါ သွေးကြောကျောက်သားနယ်ပယ် ပြည့်စုံဆင့်ကနေ ရုပ်နယ်လွန်ခဲ့တယ်ဆိုတာ သက်သေပြဖို့ လုံလောက်တယ်လို့ထင်တယ်” စုမင်က ဆက်ပြောသည်။ သူ့အသံသည် မကျယ်လောင်သော်လည်း ဤဧရိယာအတွင်းရှိ လူများအားလုံးကတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရလေသည်။

အေးခဲကောင်းကင်ကလန်မှ အမျိုးသမီးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။ ငေးမောကြောင်အနေသောအမူအယာဖြင့် စုမင်ကိုငေးကြည့်နေရင်း သူမစိတ်များက ဗလာဖြစ်သွားခဲ့ရသည်။ အရာအားလုံးက ခဏအတွင်း ဖြစ်ပျက်သွားခဲ့ပြီး ဤမျှော်လင့်မထားသော အခြေအနေကြောင့် သူမအရာအားလုံးနှင့် လိုက်လျောညီထွေဖြစ်အောင် ညှိယူ၍မရပဲ ဖြစ်သွားခဲ့သည်။

“စစ်ဆေးမှုနောက်ဆုံးအပိုင်းဖြစ်တဲ့ ဟန်တောင်တန်းခေါင်းလောင်းကို ပြန်ယူဖို့ကတော့ အဲဒါက ဒီနေရာမှာရောက်နေပြီ”

စုမင် တည်ငြိမ်အေးဆေးစွာပင် ရှိနေခဲ့ပြီး စကားတို့ကို လျင်မြန်စွာမပြောခဲ့ပေ။ သူပြောပြီးချိန်တွင် အမျိုးသမီးသည် သူမနှလုံးသား၌ ပြင်းထန်သောရိုက်ခတ်မှု သုံးခုအား ခံစားလိုက်ရဟန်ဖြင့် အသက်ရှူရပ်တန့်သွားသလို ဖြစ်သွားခဲ့သည်။ ထို့နောက် တစ်စုံတစ်ရာပြောလိုသည့်အလား သူမပါးစပ်က ပွင့်ဟလာသည်။

သို့သော် သူမပြန်မပြောနိုင်ခင်မှာပင် စုမင်မျက်လုံးတွင် စူးရှအေးစက်သော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအေးစက်စက်အကြည့်အောက်တွင် သူမစကားလုံးများက ပါးစပ်တွင်သာ ရပ်တန့်သွားခဲ့ရလေသည်။

“အေးခဲကောင်းကင်ကလန်ရဲ့ သတ်မှတ်ချက်တွေကိုလိုက်နာပြီး တောင်းဆိုမှုတိုင်းကို ငါဖြည့်ဆည်းပေးပြီးပြီ။ အခုက မင်းငါ့ကို အဖြေပြန်ပေးရမယ့် အချိန်ပဲ” စုမင်အသံက အေးစက်စွာထွက်ပေါ်လာခဲ့သည်။

အမျိုးသမီးသည် ဖြူရော်သွားပြီး အကူအညီမဲ့နေသကဲ့သို့ မျက်နှာအမူအယာမျိုး ဖြစ်ပေါ်လာကာ သူမ၏အဖော်ဖြစ်သူ အေးခဲကောင်းကင်ကလန်မှ အမျိုးသားကို အလိုအလျောက် လှည့်ကြည့်လိုက်မိ၏။

ထိုသူ၏ မျက်နှာတွင်လည်း အလားတူ ထိတ်လန့်နေသောအမူအယာမျိုးသာ ရှိနေခဲ့သည်။ သူတို့အကြည့်ချင်း ဖလှယ်ပြီးချိန်တွင် အမျိုးသားက အံကြိတ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လာခဲ့သည်။ ထိုသူ၏မျက်နှာပေါ်တွင်တော့ ယခင်လိုဟိတ်ဟန်ကြီးသောအမူအယာမျိုး ရှိမနေတော့ပဲ စိတ်သောက ရောက်နေဟန်နှင့် ရိုးသားသောအမူအယာမျိုးသာ ရှိနေတော့လေသည်။ သူက လက်သီးနှင့်လက်ဝါးထပ်ကာ စုမင်ကိုဦးညွှတ်အရိုအသေပေးလာသည်။

“ငါက အေးခဲကောင်းကင်ကလန်က ချန်းယုပင်း ပါ၊ စစ်နတ်ဘုရားအရှင်။ မင်း ရုပ်နယ်လွန်အဆင့်ရဲ့ နတ်ဘုရားရုပ်တုကို ဆင့်ခေါ်နိုင်ခဲ့ပြီး စစ်နတ်ဘုရားဘွဲ့ ချီးမြှင့်ခံခဲ့ရတာကို မမြင်ခဲ့ရလို့ ငါအရမ်းစိတ်မကောင်းဖြစ်နေခဲ့မိတာ။ အရှင်၊ မင်းက တစ်ကယ့်ကို ထူးခြားလွန်းတဲ့ လူပါပဲ”

“ငါက အေးခဲကောင်းကင်ကလန်က ရှုယုယွဲ့ပါ။ စစ်နတ်ဘုရားအရှင်ကို နှုတ်ဆက်ပါတယ်... ငါ မလေးမစားပြုမူမိတာက အကြောင်းတစ်ခုရှိလို့ပါ။ မင်း စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်”

အမျိုးသမီးက ခေါင်းငုံ့လိုက်ပြီး စုမင်ထံ ဦးညွှတ်လိုက်သည်။ သူမမျက်နှာတွင် မာနထောင်လွှားသော အမူအယာမျိုး မရှိတော့ပဲ စိုးရိမ်ပူပန်မှုများဖြင့် ဖြူဖျော့နေလေသည်။

“လက်ဝဲတော်ရံအတွက်တော့ ငါတို့က အေးခဲကောင်းကင်ကလန်ရဲ့ အပြင်စည်းတပည့်သက်သက်ပါပဲ။ ငါတို့အတွက် အပြင်ထွက်ဖို့ဆိုတာလည်း ခက်ပါတယ်။ ငါတို့မင်းကို ဒေါသထွက်စေခဲ့ရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

“ဒီတစ်ခေါက် အတွင်းစည်းတပည့်ဖြစ်တဲ့ အဖွဲ့ဝင်အစ်ကိုကျိုးက ငါတို့နဲ့အတူ လာဖို့လုပ်ထားခဲ့ပေမယ့် တစ်ခုခုဖြစ်သွားလို့ အဖွဲ့ဝင်အစ်ကိုကျိုးက မလာနိုင်ခဲ့ဘူး “

“ငါတို့က မလာခင်တုန်းက ဒီတစ်ကြိမ် ဟန်တောင်တန်းကနေ တပည့်တစ်ယောက်ပဲခေါ်ရမယ်လို့ လက်ဝဲတော်ရံက မှာလိုက်တယ်။ ပြီးတော့ အဲ့တပည့်က အရောင်စုံရေကန်မျိုးနွယ်စုက ဟန်ဖေးကျစ်ပဲ ဖြစ်ရမယ်လို့ ဆုံးဖြတ်ပေးလိုက်တာ။ ငါ... ငါတို့မှာ ဒုတိယတပည့်တစ်ယောက် ထပ်ခေါ်လို့ရမလားဆိုပြီး ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး”

“ဒါကြောင့် ငါတို့မင်းကို ခက်ခဲတဲ့ကိစ္စတွေ လုပ်ခိုင်းခဲ့မိတာပါ”

ထိုလူ နှစ်ဦးသည် သူတို့၏နှလုံးသားထဲမှ အတွေးတို့ကို အသံတိုးတိုးဖြင့် ထုတ်ဖော်ပြောဆိုလာကြသည်။

“မင်းစွမ်းအားရယ် စစ်နတ်ဘုရားဆိုတဲ့ အဆင့်အတန်းရယ်နဲ့ဆိုရင် တောင်ပိုင်းအရုဏ်ဦးကုန်းမြေမှာရှိတဲ့ ကျောင်းတွေအကုန်လုံးက မင်းကိုလက်ခံမှာအသေအချာပဲ။ မင်း စိတ်မရှိဘူးဆိုရင် ငါတို့နဲ့ အေးခဲကောင်းကင်ကလန်ကို လိုက်ခဲ့ပါလား။ ခေါင်းဆောင်တွေက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချပေးပါလိမ့်မယ်။ ငါတို့နှစ်ယောက်ကတော့... ဘာဆုံးဖြတ်ချက်မှ ချပိုင်ခွင့်မရှိလို့ပါ”

“ငါ စောစောက စကားကိုကြမ်းကြမ်းတမ်းတမ်း ပြောခဲ့မိတယ်။ မင်း ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

ရှုယုယွဲ့က သူမအောက်နှုတ်ခမ်းကိုကိုက်လိုက်ပြီး ခပ်တိုးတိုးပြောလာသည်။

သဘောထားများ လုံးဝပြောင်းလဲသွားသော အမျိုးသားနှင့် အမျိုးသမီးတို့ကို စုမင်တစ်ချက်လှမ်းကြည့်လိုက်ရင်း ဟန်တောင်တန်းခေါင်းလောင်းနှင့် မျက်နှာဖုံးတို့ကို ပြန်သိမ်းဆည်းလိုက်သည်။ အေးခဲကောင်းကင်ကလန်သည် တပည့်တစ်ဦးသာ ခေါ်မည်ဖြစ်ကြောင်း ဖန်းချန်းလန်ဆီက သူသိခဲ့ရသောအချိန်မှစ၍ အေးခဲကောင်းကင်ကလန်သို့ ဝင်ရောက်ရန်ဟူသော ရည်ရွယ်ချက်တစ်ခုအတွက် သူ ကြိုတင်ပြင်ဆင်မှုအမျိုးမျိုး လုပ်ထားခဲ့လေသည်။

ဤနေရာတွင်တော့ သူ့ကိုအေးခဲကောင်းကင်ကလန်က တပည့်အဖြစ် လက်ခံလိမ့်မည် မဟုတ်ကြောင်းကိုလည်း စုမင် အရင်တည်းက ခန့်မှန်းထားခဲ့ပြီးသားပင်ဖြစ်သည်။

“အရှင်၊ ဒီလမ်းကို ကြွပါ” ချန်းယုပင်းက ယဉ်ယဉ်ကျေးကျေး ပြောသည်။

အရောင်စုံရေကန်မျိုးနွယ်စုအပေါ်ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်က အပြည့်အဝအသက်ဝင်နေခဲ့ပြီ ဖြစ်၏။ အစီအရင်မှ အလင်းများစူးရှတောက်ပစွာ ထွက်ပေါ်နေခဲ့သည်။ လေထဲတွင်  ဧရာမ အလင်းလုံးကြီးတစ်ခု စုဝေးဖြစ်ပေါ်နေခဲ့သည်။

“အေးခဲ ကောင်းကင်ကလန်...”

အလင်းလုံးကြီးကို စုမင်မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် စိတ်အားထပ်သန်သော အမူအယာမျိုး ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် အသက်ပြင်းပြင်းရှူလိုက်ရင်း ထိုအလင်းဆီလျှောက်သွားရန် ပြင်လိုက်စဉ်မှာပင်...

“အဖွဲ့ဝင်အစ်ကို ချန်း၊ အဖွဲ့ဝင်အစ်မ ရှု ဒီအစီအရင်နဲ့အတူ ငါကျောင်းကို ပြန်လိုက်မယ်ဆိုရင် မင်းတို့စိတ်မရှိလောက်ပါဘူး။ ဟုတ်တယ်မလား” နူးညံ့သောအသံလေးတစ်ခုက ငြိမ်းအေးရာအရှေ့အရပ်တောင်ဆီမှ ပျံ့လွင့်လာပြီး ထိုအသံနှင့်အတူ သေးသေးသွယ်သွယ် ကျစ်ကျစ်လျစ်လျစ် ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုသူက ဖန်းချန်းလန်ပင်ဖြစ်သည်။

သူမသည် နူးညံ့စွာ ရယ်မောလိုက်ရင်း စုမင်တို့ထံသို့လေထဲမှ လျှောက်လှမ်းလာခဲ့သည်။ သူမသည် လေထဲတွင် လိပ်ပြာလေးတစ်ကောင်သဖွယ် ပျံသန်းလာခဲ့ပြီး သူမဝတ်ရုံစများက လေထဲ၌ တဖျတ်ဖျတ်လွင့်နေခဲ့လေသည်။ ထို့နောက် သူမက စုမင်ဘေးတွင် ရပ်တန့်လိုက်သည်။ ထို့နောက် စုမင်ကို တစ်ချက်ပြုံးပြလိုက်ပြီးမှ အေးခဲကောင်းကင်ကလန်မှ အမျိုးသားနှင့် အမျိုးသမီးတို့ကို လှည့်ကြည့်လိုက်လေသည်။

ရှုယုယွဲ့၏ မျက်လုံးများထဲတွင် စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ စုမင်နှင့် ဖန်းချန်းလန်တို့ကို သေချာကြည့်လိုက်ပြီးမှ ညင်သာစွာပြန်ဖြေသည်။ “ဂျူနီယာညီမငယ် ဖန်း၊ မင်း အရမ်းယဉ်ကျေးလွန်းနေပါပြီ။ မင်း ငါတို့နဲ့ ပြန်လိုက်ချင်မလားဆိုတာ ငါတို့လည်း အခုမေးတော့မလို့ပါပဲ”

ဖန်းချန်းလန်က ပြုံးကာခေါင်းညိတ်ပြလိုက်ပြီး စုမင်အနားသို့ပိုနီးအောင် ရွှေ့လိုက်ရာ သူမတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး လိုက်ဖက်လွန်းလှပြီး အတူတကွရပ်နေသကဲ့သို့ ဖြစ်ပေါ်သွားစေသည်။ လူများက ထိုအခြင်းအရာကိုမြင်လိုက်ချိန်တွင် သူတို့ခေါင်းများထဲ၌ မတူညီသောအတွေးများ ဖြစ်ပေါ်လာကြလေသည်။

ဟန်ဖေးကျစ်၏ပုံစံသည် ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။ သူမသည် ဖန်းချန်းလန်ကို ကြည့်ရှုခြင်းပင်မပြုပဲ ထိုအစား စုမင်ကိုသာ ငေးကြည့်နေခဲ့ချေသည်။ ထို့နောက် သူမသည် စုမင်ရှေ့တည့်တည့်ရောက်သည်အထိ လျှောက်လှမ်းလာခဲ့ပြီး သူမ၏လှပသောမျက်နှာထက်၌ ချစ်ခင်နှစ်လိုဖွယ် အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

ဟန်ဖေးကျစ်သည် စုမင်ထံ ခေါင်းစောင်းလိုက်ရင်း သတိပေးလိုသောအမူအယာမျိုး ပြုလုပ်လိုက်သည်။ စုမင်က မျက်မှောင်ကြုတ်လိုက်ချိန်တွင် ဟန်ဖေးကျစ်က စုမင် နားအနားသို့ကပ်၍ လေသံလေးဖြင့် ခပ်တိုးတိုးပြောလိုက်သည်။ “မမေ့နဲ့။ ဟန်တောင်တန်းအောက်မှာတုန်းက လုပ်ခဲ့တဲ့ ကတိအတွက် ရှင်ကျွန်မကို ပြန်ပေးဆပ်ရဦးမယ်”

နံဘေးမှ ချန်းယုပင်းသည် ဟန်လုပ်ကာ ချောင်းဟန့်လိုက်ပြီး စုမင်တို့သုံးဦးထံ လက်သီးနှင့်လက်ဝါးထပ်ရင်း ပြောလိုက်သည်။

“ညီနောင် စု၊ ဂျူနီယာညီမငယ် ဟန်ဖေးကျစ်၊ ဂျူနီယာညီမငယ် ဖန်း အစီအရင်က အလုပ်လုပ်နေပြီဆိုတော့ သွားရအောင်”

စုမင်နှင့် အမျိုးသမီးနှစ်ဦးကြားတွင် တစ်စုံတစ်ရာဖြစ်ပျက်ထားသည်ကို သူသေချာပြောနိုင်သော်လည်း ဘာမှမမြင်လိုက်သကဲ့သို့သာ ဟန်ဆောင်လိုက်မိ၏။ သူ့တာဝန်ကို အမြန် အဆုံးသတ်ချင်နေမိပြီ ဖြစ်သည်။ ဤတစ်ကြိမ် ဟန်တောင်တန်းဆီလာရောက်ခဲ့ရသော ခရီးက သူ့ကိုအလွန်စိတ်မသက်မသာဖြစ်စေသည်။

မျိုးနွယ်စုသုံးစုမှ လူများနှင့် ဟန်တောင်တန်းမှလူအုပ်ကြီး၏ အကြည့်များအောက်တွင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထံသို့ သူတို့ငါးဦးလုံး လျှောက်သွားလိုက်သည်။  အစီအရင်ထဲသို့ သူတို့ ခြေချလိုက်မိစဉ်မှာပင် ဟန်တောင်တန်းမြို့တော်ဆီမှ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

“စစ်နတ်ဘုရားအရှင်၊ ဘေးကင်းလုံခြုံတဲ့ လမ်းခရီးဖြစ်ပါစေ”

“စစ်နတ်ဘုရားအရှင်၊ မင်းအားတဲ့အချိန်ကျရင် ငါတို့ဆီ လာလည်နော်”

“ဂရုစိုက်ပါ စစ်နတ်ဘုရားအရှင်”

“ဂရုစိုက်နော်... စီနီယာမော့” ငြိမ်းအေးရာအရှေ့အရပ်တောင်ဆီမှ ထွက်ပေါ်လာသည့် အားနည်းသောအသံလေးတစ်ခုက အော်ဟစ်သံများအကြား ရောနှောသွားခဲ့သည်။

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ စုမင်လှမ်းဝင်ရန် ပြင်လိုက်စဉ်မှာပင် သူ့ခြေလှမ်းများ ရပ်တန့်သွားရပြီး ဟန်တောင်တန်းမြို့တော်နှင့် ငြိမ်းအေးရာ အရှေ့အရပ်တောင်ဆီ လှည့်ကြည့်လိုက်မိသည်။ ထိုသို့ ကြည့်လိုက်မိသည်နှင့် သူ့ကို အမျိုးမျိုးသောစိတ်ခံစားချက်များ ဖုံးလွှမ်းသွားခဲ့သည်။ ငြိမ်းအေးရာ အရှေ့အရပ်တောင်ပေါ်တွင် တစ်စုံတစ်ဦး၏အကူအညီဖြင့် ရပ်လျက် သူ့ကိုလှမ်းကြည့်နေသည့် ဖြူဖပ်ဖြူရော်ဆယ်ကျော်သက်ကောင်လေးကို သူတွေ့လိုက်ရချေသည်။

“ငါ ပြန်လာခဲ့မယ်”

ဟန်တောင်တန်းမြို့တော်ဆီသို့ ဦးတည်၍ လက်သီးနှင့်လက်ဝါးထပ်ကာ စုမင်လေးလေးနက်နက် ဦးညွှတ်ရင်း ပြောမိသည်။

ကိုယ်ကိုပြန်မတ်လိုက်ပြီး နောက်လှည့်ကာ အစီအရင်ထဲလှမ်းဝင်လိုက်ချိန်တွင်တော့ သူ့မျက်နှာထက်တွင် စိတ်ပိုင်းဖြတ်ထားသော အမူအယာမျိုး ဖြစ်ပေါ်လာခဲ့သည်။ ထိုအချိန်မှာပင် အိုမင်းနေသောလူတစ်ဦး၏အသံက စုမင်နားထဲသို့ရုတ်ခြည်း ရောက်လာခဲ့သည်။

“ကောင်လေး၊ မင်း ငါ့ တပည့်ဖြစ်ချင်လား”

***

All Chapters