အခန်း (၁၈၀)
Vol. 18 Ch. 180
သူမ အလုပ်သိမ်းပြီး ဝင်းထဲမှ သူမ ထွက်လာသည့်အချိန်တွင် တံခါးဝတွင် စောင့်နေသော စုဝေ့ချင်းကို တွေ့လိုက်ရ၏။ သူမ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဝင်းထဲမှ အမြန်ထွက်လာခဲ့လေ၏။
“ရှင် ဘာလို့ ဒီမှာ ရောက်နေတာလဲ”
စုဝေ့ချင်းက သူမ ထွက်လာသည်ကို မြင်လျှင် သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ ။
“ကိုယ်က မင်းကို အထဲမှာဝင်ရှာတော့မလို့တောင်လုပ်နေတာ”
“ကျွန်မက သိပ်အလျင်မလိုဘဲ လုပာနေလို့ပါ”
လီရှန်းက မျက်ခုံးပင့်ကာ စုဝေ့ချင်းကို ကြည့်လိုက်လေ၏။
“ ပြောပါဦး၊ ဘာဖြစ်လို့လဲ”
“ကိုယ်တို့တွေ အိမ်ကိုမပြန်ကြရအောင်၊ ဦးလေးတို့ အိမ်ကိုပဲ သွားရအောင်လေ”
စုဝေ့ချင်းက တိတ်ဆိတ်ငြိမ်သက်သော နေရာတွင်ရှိနေသည်ကို အခွင့်ကောင်းယူကာ လီရှန်း၏ အနားသို့ တိုးကပ်လာပြီး သူမ၏ ပုခုံးကို ဖက်လိုက်လေသည်။
“ဒီနေ့ အိမ်က အခြေအနေက သိပ်မကောင်းဘူး၊ အဲဒီကို ပြန်သွားပြီး စိတ်ညစ်မခံကြရအောင်”
သူတို့တစ်မိသားစုလုံး ညသန်းခေါင်ယံတွင် ထပြီး ခေါက်ဆွဲပြုတ်စားခဲ့ကြရသည့်နေ့ကို သူ မမေ့သေးပါချေ။
“ဘာလို့လဲ”
လီရှန်း ရှုပ်ထွေးနေဆဲပင်။
“အစ်ကိုကြီးက စီမံကိန်းအသစ်မှာ ပါဝင်ဖို့ လျှောက်ထားလိုက်တယာမလား”
စုဝေ့ချင်းက ‘မင်း ဘာလို့ နားမလည်ရတာလဲ’ ဆိုသည့် အကြည့်မျိုးဖြင့် သူမကို ကြည့်လိုက်ပြီး ပြောလာလေ၏။
“အဲဒီစီမံကိန်းကပြီးဖို့အတွက် နှစ်ပေါင်းများစွာ ကြာဦးမှာလေ၊ ဒါကြောင့် မရီးက သဘောမတူဘဲ ဖြစ်နေတာ”
မည်သည့် သတို့သမီးအသစ်က သူမ၏ ခင်ပွန်းနှင့် ဤမျှအထိ အချိန်အကြာကြီး ခွဲခွာနေလိုပါမည်နည်း။
“ဒါပေမဲ့ သူ ဒါကို ကြိုပြီး စဉ်းစားထားသင့်တာ မဟုတ်ဘူးလား”
လီရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။
သူမအနေဖြင့် ဝူလီကို ပို၍ စိတ်ပျက်လာမိ၏။ ဝူလီသည်ကညး တစ်ကိုယ်ကောင်းဆန်ရုံသာမကဘဲ စိတ်ထားလည်း ဆိုးရွားပြီး ကလေးနှစ်ယောက်အပေါ်တွင်လည်း ဂရုမစိုက်သကဲ့သို့၊ သူမ၏ နောက်ကွယ်တွင်လည်း ပရိယာယ်များ ဆင်တတ်သေး၏။
တစ်ခါတရံတွင် စာရေးသူသည်က ဝူလီကဲ့သို့ စိတ်ပျက်စရာကောင်းသော ဇာတ်ကောင်ကို ဖန်တီးခဲ့ခြင်းက ဤမျှအထိ လက်တွေ့ဆန်လွန်းနေစရာလို၏လားဟုပင် သူမ တွေးမိရသည်။
“အစ်ကိုကြီး ဒီနေ့မှ သုတေသနပညာရှင် ဖြစ်လာတာမှ မဟုတ်တာပဲ”
အကယ်၍ သူမက ခင်ပွန်းဖြစ်သူနှင့် မခွဲနိုင်ပါက အစကတည်းက သုတေသနပညာရှင်နှင့် လက်မထပ်သင့်ပါချေ။
သူမ စာအုပ်ထဲတွင် ဖတ်ခဲ့ရသည်မှာ ဝူလီက မိထွေးတစ်ဦးအနေဖြင့် အိမ်ထောင်မှုကို စီမံခန့်ခွဲပြီး ခင်ပွန်းဖြစ်သူ သုတေသနလုပ်နေစဉ်အတွင်း မိသားစုကို ထိန်းသိမ်းခဲ့သည်ဟုသာ ဖြစ်ပေ၏။
ဝူလီက စုဝေ့ဟိုင်၏ အလုပ်အပေါ် ပံ့ပိုးကူညီမှု ကင်းမဲ့ခဲ့သည်ကိုတော့ သူမ မမြင်တွေ့ခဲ့ရပါချေ။
“ကိုယ်လည်း အဲဒီလိုပဲ ထင်တာပဲ”
စုဝေ့ချင်းက ပုခုံးတွန့်လိုက်သည်။
“ဒါပေမဲ့ ဒါက သူတို့ကိစ္စပဲလေ၊ ကိုယ်တို့ ဝင်မပါကြရအောင်”
သူက လီရှန်း၏ ပုခုံးကို ထပ်မံဖက်လိုက်ပြီး ပြောလာခဲ့သည်။
“ဒါကြောင့် အိမ်မပြန်သေးဘဲ ဦးလေးတို့အိမ်ကိုပဲ သွားကြရအောင်လေ”
လီရှန်းအနေဖြင့်လည်း ကျန်းကျူးရိနှင့် သူ၏ဇနီးတို့ကို ပြန်တွေ့ချင်သည့်အတွက် သဘောတူလိုက်လေ၏။
“ဒါဆိုရင် ကျွန်မတို့ ဟင်းသီးဟင်းရွက် တချို့တော့ ဝယ်သွားမှ ဖြစ်မယ်၊ သူတို့ကို ကြိုလည်း အကြောင်းမကြားထားဘူးလေ”
“အရင်ဆုံး သွားဝယ်ကြတာပေါ့”
စုဝေ့ချင်းက အလွယ်တကူပင် သဘောတူလိုက်လေသည်။
ဤသို့ဖြင့် ဇနီးမောင်နှံနှစ်ဦးမှာ အိမ်ကိုပြန်မည့်လမ်းမှ လှည့်ထွက်လာပြီး သမဝါယမစျေးကွက်ဆီသို့ တိုက်ရိုက် ဦးတည်ခဲ့ကြလေ၏။
စက်ရုံဝင်းအတွင်းရှိ သမဝါယမစျေးမှာ ပစ္စည်းများဖြင့် အမြဲတစေ ပြည့်စုံနေတတ်သကဲ့သို့ ပိုင်မားခရိုင်ရှိ တခြားသောစျေးများတွင် ဝယ်ယူ၍မရနိုင်သည့် ပြည်နယ်မြို့တော်မှ ပစ္စည်းများစွာလည်း ရှိနေခဲ့သည်။
ဘတ်စ်ကားပေါ် ရောက်သည့်အချိန်မှ လီရှန်းက သတိရသွားပြီး မေးလိုက်၏။
“ရှင် အမေ့ကို ပြောခဲ့သေးလား”
သူတို့အတွက် ညစာ ချက်ထားပြီးမှ သူတို့ အိမ်သို့ပြန်မစားလျှင် မကောင်းပေ။
“ပြောခဲ့တာပေါ့”
စုဝေ့ချင်းမှာ အမြဲတစေ ထောက်ထားစာနာတတ်သူဖြစ်သကဲ့သို့ လော်ယွီရှို့၏ အချစ်ရဆုံးသော သားငယ်လည်း ဖြစ်ပေသည်။
သူက နှုတ်မဆက်ဘဲ ဘယ်လိုလုပ်ထွက်လာပါ့မလဲ။ သူက အဲဒီလိုလူမျိုး မဟုတ်ဘူး။
“ရှင် ဘယ်လိုပြောခဲ့လဲ”
လီရှန်းက သံသယမျက်လုံးများဖြင့် မေးလိုက်၏။
“ကိုယ် ပြောလိုက်တာက... ဦးလေးက ကိုယ်တို့ကို သတိရနေလို့ ညစာပြန်စားဖို့ ခေါ်တယ်လို့ ပြောလိုက်တာ”
လီရှန်း : “...”
အဲဒါက မဟုတ်ဘူးဆိုတာ သိသာလွန်းနေတာပဲမလား။
သို့သော်လည်း အနည်းဆုံးတော့ အကြောင်းပြချက်တစ်ခု တွေ့သွားခဲ့ပြီ ဖြစ်ပေသည်။ လီရှန်းက သက်ပြင်းချလိုက်မိသည်။
“ကားပေါ်ကိုလည်း ရောက်နေပြီဆိုတော့ ထားလိုက်ပါတော့၊ ကျွန်မလည်း ဝူလီရဲ့ စူပုတ်နေတဲ့ မျက်နှာကြီးကို တကယ် မမြင်ချင်ဘူး”
ဇနီးမောင်နှံနှစ်ဦးက စက်မှုယန္တယားစက်ရုံသို့ ရောက်ရှိလာသည့်အခိုက်တွင် ရင်ဘတ်တွင် အနီရောင် ပန်းကြီးများထိုးထားပြီး ခရီးဆောင်အိတ်များကို ကိုင်ဆောင်ထားသော လူငယ်နှစ်ဦးနှင့် တွေ့ဆုံခဲ့ရ၏။
သူတို့သည်က စစ်စိမ်းရောင် ယူနီဖောင်းများကို ဝတ်ဆင်ထားပြီး အိတ်များနှင့် ဂွမ်းစောင်များကို ကျောပိုးထားကြလေသည်။
သူတို့၏နောက်မှ လိုက်လာကြသော မိဘများမှာလည်း မျက်ရည်များပြည့်နေခဲ့ကာ လက်ဖြင့် မျက်ရည်သုတ်နေကြသည်ကို တွေ့ရ၏။
“ဟင်း...”
ဤကဲ့သို့သော မြင်ကွင်းများကို သူတို့ ဒီရက်ပိုင်းအတွင်း မကြာခဏ မြင်တွေ့နေရပေသည်။
“ဘယ်နေရာကို အလုပ်ဆင်းဖို့ အပို့ခံရမလဲဆိုတာတောင် မသိရဘူးပဲ”
စုဝေ့ချင်းတစ်ယောက် သူတို့ရင်ဘတ်မှ အနီရောင်ပန်းပွင့်များကို မြင်ရသည့်အခိုက်တွင် တစ်ခုခုကို စဉ်းစားမိပြီး စိတ်သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရ၏။
သူသည်က ယခုအချိန်တွင် မူဝါဒမထွက်ခင်ကတည်းက လက်ထပ်ခဲ့ခြင်း ဖြစ်ပေ၏။ သို့သော်လည်း အကယ်၍ လီရှန်းသာ ပေါ်မလာခဲ့လျှင် ယခုအချိန်တွင် သူကိုယ်တိုင်လည်း ထိုအနီရောင်ပန်းကြီးကို ထိုးကာ ကျေးလက်သို့ အပို့ခံရမည်လားဟု မသိနိုင်ပါချေ။
“ဘယ်နေရာကိုပဲ သွားရသွားရ အကုန်လုံးက ဆင်းရဲဒုက္ခတွေရောက်ရတာပါပဲ”
ကျေးလက်သို့ အပို့ခံရသည့် ဒုက္ခများကို ကိုယ်တိုင်ခံစားခဲ့ဖူးသော လီရှန်းတစ်ယောက် သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ။
သူတို့နှစ်ဦးက လူငယ်အုပ်စုလေး အိမ်ရာဝင်းတံခါးမှ ထွက်သွားသည်ကို ကြည့်နေကြပြီးမှ ဝန်ထမ်းအိမ်ရာဘက်သို့ ဆက်လက် လျှောက်လာခဲ့ကြလေ၏။
သူတို့ရောက်ရှိသွားချိန်တွင် ကျန်းကျူးရိနှင့် သူ၏ဇနီးမှာလည်း အိမ်တွင် ရှိနေကြပေသည်။
သူတို့၏ ဝမ်းကွဲမောင်လေး ကျန်းချောင်ပင်လျှင် အိမ်ဝင်းထဲတွင် ထိုင်ကာ ကျောင်းစာများ လုပ်နေခဲ့၏။
သူသည်က ထိုင်ခုံရှည်ကြီးကို စားပွဲအဖြစ် အသုံးပြုကာ လှေကားထစ်ပေါ်တွင် ထိုင်၍ သေသေချာချာ ရေးသားနေခဲ့ပြီး သူ၏မျက်နှာမှာလည်း အေးစက်သော လေကြောင့် နီရဲနေခဲ့ပေသည်။
ကျန်းကျူးရိကတော့ ခြံဝင်းထဲတွင် ပေါက်ပြားဖြင့် မြေကြီးကို တူးဆွနေခဲ့၏။
သူ့အနေဖြင့် နှစ်သစ်ကူး မတိုင်ခင်က ဂျင်းအားလုံးကို ရေကန်ထဲတွင် ထည့်ထားခဲ့လေ၏။ သို့သော်လည်း ယခုအချိန်တွင် နှစ်သစ်ကူးပြီးနောက် ရာသီဥတုက ပူနွေးလာပြီဖြစ်၍ ရေထဲတွင် ဆက်ထားလျှင် ပုပ်သွားနိုင်သည်။
ထို့ကြောင့် ၎င်းတို့ကို ပြန်ထုတ်ကာ နွေဦးဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်အတွက် မြေပြင်ကို တူးဆွနေခြင်း ဖြစ်ပေသည်။
“ဦးလေး၊ ကျွန်တော်တို့ ပြန်လာပြီ!”
စုဝေ့ချင်းက တံခါးဝသို့ ရောက်သည်နှင့် လီရှန်းထက်ပင် ပို၍ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေ၏။
ကျန်းကျူးရိက နောက်သိုးလှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် မတ်တတ်ရပ်လိုက်သည် ။
“မင်းတို့ ဘာလို့ ပြန်လာတာလဲ”
သူက စကားပြောရင်းနှင့် ပေါက်ပြားကို ဘေးမှနံရံတွင် မှီထားလိုက်ပြီး လက်ကို သုတ်ကာ အိမ်ဝင်းထဲမှ ထွက်လာခဲ့၏။
ထို့နောက် ရေကန်ဆီသို့ ခပ်သွက်သွက် လျှောက်သွားရင်း တီးတိုးလေး ညည်းညူနေခဲ့သည်
“ဘာလို့ ကြိုပြီး ဖုန်းမဆက်တာလဲ”
သူတို့က ရုတ်တရက်ကြီးပြန်လာကြသည့်အတွက် မိသားစုက မည်သည့်အရာကိုမှ မပြင်ဆင်ထားရသေးပါချေ။
သူတို့ကို ဘာတွေ ကျွေးရမလဲမသိတော့ဘူး။
သူက လက်ဆေးပြီးနောက် မီးဖိုချောင်ထဲသို့ဝင်ကာ ဖန်ချင်းကို လှမ်းခေါ်လိုက်၏။
“လောင်ဖန်ရေ၊ ရှန်းရှန်းနဲ့ ဝေ့ချင်းတို့ ပြန်လာကြပြီ၊ ဒီနေ့ ထမင်းစားဆောင်မှာ ဘာဟင်းတွေ ရောင်းလဲ၊ အသားဟင်းရော ပါလား”
မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသည့်အတွက် အပြင်ဘက်မှ ဆူညံသံကို သတိမထားမိသော ဖန်ချင်းသည်လည်း ခင်ပွန်းသည်၏စကားကိုကြားလျှင် လက်ကို အမြန်သုတ်ကာ ပြောဘာလေ၏။
“ပါတာပေါ့၊ ပါတာပေါ့၊ ဒီနေ့ ထမင်းစားဆောင်မှာ ဝက်သားနီချက် ရှိတယ်၊ ရှင် အမြန်သွားပြီး ဝယ်ခဲ့ဦး”
သူမက ထိုသို့ပြောနေရင်းဖြင့် ဗီရိုထဲမှ အပူခံဘူး တစ်လုံးကို ထုတ်ယူလိုက်၏။
ထိုအပူခံဘူးတွင်အသိအမှတ်ပြုလက်မှတ်က ကပ်နေဆဲဖြစ်၍ အသစ်စက်စက် ဖြစ်ကြောင်း သိသာလွန်းပေသည်။
“မသွားပါနဲ့တော့ အန်တီ၊ ကျွန်မတို့ ဟင်းတွေ ဝယ်လာခဲ့တယ်”
လီရှန်းက မီးဖိုချောင်အပြင်ဘက်မှ ဝင်လာကာ လက်ထဲမှ ခြင်းတောင်းကို လှုပ်ပြလိုက်၏။
“မင်းတို့က ဝယ်ချင်တာ ဝယ်လာလို့ရတယ်၊ ဒါပေမဲ့ အိမ်ကလည်း ဘာမှမပြင်ဆင်ထားဘဲ မနေနိုင်ဘူးလေ”
ဖန်ချင်းက သူမကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် အပြင်ဘက်သို့ အသာစောင်းကြည့်လိုက်၏။
စုဝေ့ချင်းက အပြင်ဘက်တွင် ကျန်းချောင်၏ ဘေး၌ ဆောင့်ကြောင့်ထိုင်ကာ ကျောင်းစာများကို ကြည့်ပေးနေသည်ကို မြင်လိုက်ရပြီးမှ ဆက်ပြောလိုက်လေ၏။
“မင်းအတွက် မဟုတ်ရင်တောင် မင်းရဲ့ယောက်ျားအတွက်တော့ ပြင်ဆင်ပေးရမှာပေါ့၊ အင်းကတော့... တကယ်ကိုတုံးအ,လာတာပဲ ဒါကိုတောင် နားမလည်ဘူးလား”
လီရှန်းမှာ ချက်ချင်းပင် လည်ပင်းကျုံ့သွားရတော့၏။
ကျန်းကျူးရိသည်လည်း အပူခံဘူးကို ယူကာ အပြင်သို့ ထွက်သွားလေသည်။
ထိုအချိန်မှသာ ဖန်ချင်းက ဆန်အိုးကို ဖွင့်ကာ ဆန်ဆေးပြီး ထမင်းချက်လေတော့သည်။
“မင်းတို့လည်း လာမယ်ဆိုရင် ကြိုပြောထားသင့်တာ၊ ဒီလို ရုတ်တရက်ကြီး ရောက်လာတော့ ငါတို့တွေ ဘာမှ မပြင်ရသေးဘူး”
“ဘာလို့လဲ... အန်တီက ကျွန်မတို့ကို မကြိုဆိုဘူးလား”
လီရှန်းသည် ဓားကိုယူကာ ခြင်းတောင်းထဲမှ ဟင်းသီးဟင်းရွက်များကို ထုတ်၍ လှီးဖြတ်လိုက်၏။
“ဘာတွေ ပြောနေတာလဲ .. မင်းတို့ ပြန်လာတာကို အရမ်းပျော်တာပေါ့၊ မင်းဦးလေးရဲ့ မျက်နှာက အပြုံးကို မမြင်ဘူးလား”
ဖန်ချင်းက သူမကို တစ်ချက်ကြည့်လိုက်ကာ ခင်ပွန်းသည်အကြောင်းကိုပြောနေခဲ့သော်လည်း သူမကိုယ်တိုင်လည်း အပြုံးများဖြင့် ပြည့်နေခဲ့ပေသည်။
သူမက ဆန်ကို ပို၍ ခပ်သွက်သွက် ဆေးလိုက်လေ၏။
“ဗီရိုထဲမှာ သွားကြည့်လိုက်ဦး၊ ဝက်သားတစ်ပိုင်း ကျန်ဦးမယ် ထင်တယ်၊ အဲဒါကို ထုတ်ပြီး လှီးထားလိုက်လေ”
“ကောင်းပါပြီ”
လီရှန်းက ခေါင်းညိတ်လိုက်ပြီး ဓားကိုချကာ ဗီရိုထဲတွင် လိုက်ရှာခဲ့လေ၏။
*