အခန်း (၁၇၂)
Vol. 18 Ch. 172
လီရှန်းက အလုပ်တွင် ပိုမိုထူးချွန်လေလေ လော်ယွီရှို့သည်လည်း ပို၍ ဂုဏ်ယူမိလေလေ ဖြစ်နေခဲ့သည်။
ထို့အပြင် လီရှန်းက နောက်ဆုံးစီမံကိန်းတွင် ပါဝင်ရမည်ဖြစ်ပြီး သုတေသနဌာနနှင့် တိုက်ရိုက်ဆက်သွယ်ရမည့်သူ ဖြစ်လာလိမ့်မည်ဟု စုဝေ့မင်ပြောသည်ကိုလည်း သူမ ကြားထားမိသေး၏။
စုဝေ့ဟိုင်ပင်လျှင် ထိုစာရင်းထဲတွင်ပါဝင်နိုင်မည်လား အတည်မပြုရသေးပါချေ။
“အဲဒါကြောင့်လည်း ကျွန်မကိုယ်ကျွန်မ အရမ်းကံကောင်းတယ်လို့ ပြောတာပေါ့၊ ဝေ့ချင်းလို ခင်ပွန်းကောင်းကို တွေ့ရတဲ့အပြင် အမေ့လို ယောက္ခမကောင်းနဲ့လည်း ဆုံရတယ်လေ”
ဤစကားများကြောင့် လော်ယွီရှို့မှာ ဝမ်းသာသကဲ့သို့ စိတ်လှုပ်ရှားမှုလည်း ဖြစ်လာရခဲ့သည်။
သို့သော်လည်း စိတ်ထဲတွင် ဝူလီအပေါ်၌ ပို၍ပင် အငြိုးအတေး ဖြစ်သွားရတော့၏။
လီရှန်းထံမှ အကူအညီ တောင်းခဲ့သူမှာ သူမကိုယ်တိုင် ဖြစ်ပါလျက်နှင့်၊ လီရှန်းကသာ ကူညီရန်ကမ်းလှမ်းခဲ့သည်ဟု လိမ်လည်ပြောဆိုခဲ့သည်။
စကားလုံး တစ်လုံးတည်းသာ ပြောင်းလဲသွားသော်လည်း အဓိပ္ပာယ်မှာ လုံးဝ ကွဲပြားသွားခဲ့ချေပြီ။ လော်ယွီရှို့အနေဖြင့် မူလက သူမ၏ အကြီးဆုံးချွေးမမှာ အနည်းငယ် စိတ်ထားသေးသိမ်သည်ဟုသာ ထင်မှတ်ခဲ့သော်လည်း ယခုကဲ့သို့ စိတ်ဓာတ်မျိုးလည်း ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။
ဇနီးမောင်နှံနှစ်ဦးအနက် တစ်ဦးက စုဝေ့မင်ကို တိုင်တန်းခဲ့ပြီး ကျန်တစ်ဦးက သူမ၏ ယောက္ခမရှေ့တွင် သွေးထိုးပေးခဲ့လေသည်။
ဝူလီ၏ သေးသိမ်သော အကြံအစည်များမှာ အကုန်အစင် ပေါ်ပေါက်သွားခဲ့ရချေပြီ။
လီရှန်း၏ အမြင်အရ ကူညီပေးခြင်းဆိုသည်မှာ သုံးကြိမ်ထက် မပိုသင့်ဟု ယူဆထားသည်။ ထို့ကြောင့် ဝူလီသာ နောက်တစ်ကြိမ် ထပ်မံအကူအညီတောင်းလာပါက သူမဘက်မှ အကြံဉာဏ်ပေးရန် စိတ်စေတနာရှိတော့မည် မဟုတ်ပါချေ။
ပို၍ပင် ဆိုးသည်မှာ သူမက စေတနာဖြင့် ကူညီခဲ့သော်လည်း ဝူလီကတော့ သူမအပေါ် ထောင်ချောက်ဆင်ခဲ့သေးသည်မဟုတ်ပါလား။
သူမသည်က ငတုံးမဟုတ်ပါချေ။
ထို့ကြောင့် ထပ်ခါတလဲလဲ ပြဿနာအရှာခံရန် အကြောင်းမရှိပေ။
ဤသို့ အချိန်ဖြုန်းနေမည့်အစား လော်ယွီရှို့၏ စိတ်ကိုရယူကာ လော်ယွီရှို့ အချစ်ရဆုံးသော ချွေးမ ဖြစ်အောင်သာ ကြိုးစားတော့မည်။
သူမက စာဖတ်ရသည့်အတွက် ပင်ပန်းနေပြီး တင်းမာနေသော အာရုံကြောများကို ဖြေလျှော့ရန် လိုအပ်နေခဲ့သောကြောင့် ဧည့်ခန်းထဲ၌ပင် လော်ယွီရှို့နှင့်အတူ ထိုင်ကာ နေ့စဉ်လူမှုရေးကိစ္စများကို ပြောဆိုနေခဲ့လေသည်။
လော်ယွီရှို့တွင် သားသုံးယောက်နှင့် သမီးတစ်ယောက်ရှိသော်လည်း မည်သည့်ကလေးကမျှ ဤမျှအထိ ထောက်ထားစာနာတတ်ခြင်း မရှိခဲ့ကြဖူးချေ။
သူမ၏ တစ်ဦးတည်းသောသမီး စုဝေ့ဖင်းပင်လျှင် ညဉ့်နက်သန်းခေါင်အချိန်၌ သူမနှင့် စကားစမြည်ပြောရန် စိတ်ကူးမရှိခဲ့ပါချေ။
လော်ယွီရှို့မှာ စိတ်ဆိုးနေဆဲ ဖြစ်သော်လည်း စကားပြောရင်းဖြင့် ဒေါသများမှာ တဖြည်းဖြည်း ပြေပျောက်သွားခဲ့ရပြီး လီရှန်း၏ မိသားစုအကြောင်း အတင်းအဖျင်းများကိုပင် မေးမြန်းရန် စိတ်ပါလာခဲ့တော့သည်။
“...ဒါဆိုရင် မင်းအဖေရဲ့ကိစ္စက ဒီအတိုင်းပဲ ပြီးသွားတာပေါ့လေ”
လော်ယွီရှို့က အနည်းငယ်စောင်းနေသော သူမ၏ခန္ဓာကိုယ်ကို ပြန်တည့်လိုက်ပြီး ဘေးသို့လှည့်ကာ ဆိုဖာနောက်မှီပေါ်သို့ လက်မောင်းတင်လိုက်၏။
ထို့နောက် သူမ၏လက်ကိုခေါင်းဘေးတွင် ထောက်ထားလိုက်ရင်း အတင်းအဖျင်းသတင်း နားထောင်တော့မည့် အလွန်စံပုံစံကျသော ကိုယ်ဟန်အနေအထားမျိုးကို ပြုလုပ်လိုက်လေသည်။
“ပြီးသွားပါပြီ”
လီရှန်းက ခေါင်းညိတ်ပြလိုက်သည်။
“တကယ်တော့ အစောပိုင်းနှစ်တွေတုန်းက ကျွန်မ သူ့ကိုအရမ်းမုန်းခဲ့တာ၊ ဒါပေမဲ့ အခုပြန်စဉ်းစားကြည့်တော့ မုန်းနေလို့ ဘာထူးမှာလဲ.. ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို သတ်ပစ်လို့မှ မရတာ
အဲဒီအစား စိတ်ထဲမှာပဲ အမြဲပိတ်လှောင်ထားရင် ပြဿနာတွေပဲ ဖြစ်လာနိုင်တယ်လေ၊ အခုလို အဆက်အသွယ်ဖြတ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြတာက အကောင်းဆုံးပါပဲ”
“မင်းရဲ့အတွေးက မှန်တယ်”
လီရှန်းက ယခုကဲ့သို့ စိတ်ထားပွင့်လင်းသည်ကို မြင်လျှင် လော်ယွီရှို့လည်း ဝမ်းသာသွားရသည်။
“လူဆိုတာက စိတ်ထဲမှာ အောင့်အီးထားတာတွေ များလွန်းရင် ကျန်းမာရေးထိခိုက်ဖို့ လွယ်တာလေ”
သူမက စကားပြောရင်းနှင့် စက်ရုံထဲတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့ဖူးသော ယောက္ခမနှင့် ချွေးမကြား ပဋိပက္ခဖြစ်ရာမှ ဇနီးမောင်နှံနှစ်ဦး ကွာရှင်းပြတ်စဲသွားသည့် ဇာတ်လမ်းတစ်ပုဒ်ကို လီရှန်းအား ပြန်ပြောပြနေခဲ့၏။
“...အဲဒီတုန်းက အဲဒီမိန်းမက ရူးနေတဲ့သူလိုပဲ၊ လူတိုင်းကိုလိုက်ပြီး ကွာရှင်းဖို့ တိုက်တွန်းနေတာလေ၊
သူတို့ရဲ့ အိမ်ထောင်ရေးက လူကြီးချင်း စီစဉ်ပေးတာမို့လို့ ငြိမ်မနေသင့်ဘူးဆိုပြီး လိုက်ပြောနေတာ၊ နင့်အဖေနဲ့ ငါ့ကိုတောင် လာပြီးဖြောင်းဖျသေးတယ်”
“တကယ်ကြီးလား”
လီရှန်းက အံ့ဩတကြီးဖြင့် မျက်လုံးများဝိုင်းစက်စွာ စိုက်ကြည့်လိုက်မိသည်။
လော်ယွီရှို့က လှောင်ပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြ၏။ အတိတ်ကို ပြန်ပြောင်းသတိရလိုက်ချိန်တွင် သူမ၏မျက်ဝန်းများထဲ၌ အထင်သေးရိပ်များ ပြည့်နှက်နေခဲ့ပေသည်။
“သူတို့က ငါမသိဘူးလို့ ထင်နေကြတာလားမသိပါဘူး၊ တကယ်တော့ သူတို့ လောင်စုကို မျက်စိကျနေကြတာလေ၊ ငါနဲ့ကွာရှင်းမှ သူတို့က လောင်စုနဲ့ ‘လွတ်လပ်တဲ့ အချစ်’ကို ခံစားလို့ရမှာမလား
အဲဒီအချိန်တုန်းက ငါက ဝေ့ဟိုင်နဲ့ ဝေ့ယန်ကိုတောင် မွေးထားပြီးပြီလေ”
လီရှန်းမှာ လော်ယွီရှို့ အချိန်မရွေး ရေငတ်ပြေအောင်သောက်နိုင်စေရန်အတွက် လက်ထဲရှိ မုယောနို့မှုန့်ခွက်ကို အမြန်ပင် လှမ်းပေးလိုက်၏။
ဤဇာတ်ကွက်မှာ မူရင်းစာအုပ်ထဲတွင် မပါဝင်ခဲ့ပါချေ။ ဤသည်မှာ ဇာတ်လိုက်မကိုယ်တိုင် ပြန်ပြောပြနေသည့် နောက်ဆက်တွဲ ဇာတ်လမ်းလေးနှင့် တူနေခဲ့ပေသည်။
သူမအနေဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
လော်ယွီရှို့သည်လည်း အလွန်ပင် စိတ်ပါလက်ပါရှိလှ၏။ သူမက ထိုအချိန်ကာလများက အကြောင်းကို အားရပါးရ ပြန်ပြောပြနေခဲ့လေသည်။ အထူးသဖြင့် ရန်ငြိုးရန်စများအကြောင်း ပြောသည့်အခါတွင် သူမ၏အသံမှာ မြင့်တက်လာခဲ့သည်။
“အဲဒီတုန်းက ငါက ဝေ့ဟိုင်ကို လက်ကဆွဲပြီး ဝေ့ယန်ကို ရင်ခွင်ထဲမှာပိုက်ပြီး သူ့အိမ်ကို သွားခဲ့တာ၊ ပြီးတော့ သူ့အမေနဲ့ သူ့ရဲ့ယောက်မကို လက်ညှိုးထိုးပြီး အားရပါးရ ဆဲဆိုခဲ့တာလေ
ငါက ပိန်ချိုင့်နေတဲ့ လက်ဆေးဇလုံအဟောင်းကြီးကိုတောင် ယူသွားပြီး တီးခတ်ပြီးတော့ကို ဆဲခဲ့သေးတယ်၊ ငါပြောလိုက်တာ...”
ရိုင်းစိုင်းသော စကားလုံးများ လုံးဝမပါဝင်သည့် အားရပါးရပြောဆိုချက်များမှာ လီရှန်း၏ ဝေါဟာရဗဟုသုတကို များစွာ တိုးပွားစေခဲ့ပေသည်။
လီရှန်းက သူမကို ပို၍ပင် လေးစားမိသွားရ၏။
စာရေးသူသည်က လော်ယွီရှို့၏ ဇာတ်ကောင်ကို ဖန်တီးရန်အတွက် အတော်လေး အားထုတ်ခဲ့ရပေလိမ့်မည်။ မည်သို့ပင်ဆိုစေ သူမသည်က အခက်ခဲဆုံးသော နှစ်ကာလများထဲမှ ပွင့်လန်းလာသည့် အချစ်ပန်းတစ်ပွင့် ဖြစ်သည်မဟုတ်ပါလား။
ထို့အပြင် စာရေးသူက ဝက်ဘ်ဆိုက်၏ စည်းကမ်းချက်များကိုလည်း ထည့်သွင်းစဉ်းစားရသဖြင့် ရိုင်းစိုင်းသော စကားလုံးများကို အလွန်အကျွံ မသုံးနှုန်းနိုင်ခဲ့ချေ။
ထို့ကြောင့်လည်း လော်ယွီရှို့သည်က အသိပညာ ကြွယ်ဝသကဲ့သို့ ရိုင်းစိုင်းသော စကားတစ်လုံးမျှ မပါဘဲ တစ်ခွန်းပြီးတစ်ခွန်း အဆက်မပြတ် ဆဲဆိုနိုင်ခြင်း ဖြစ်ပေသည်။
လီရှန်းက လော်ယွီရှို့ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
“အဲဒီတုန်းက ကျွန်မရဲ့အမေလည်း အမေ့လိုမျိုး စွမ်းဆောင်နိုင်ခဲ့ရင် ကောင်းမှာပဲ”
ကျန်းဟုန်ကျန်းက သမီးမိန်းကလေးကို မွေးဖွားချိန်တွင် အဘွားအိုလီက ရက်စက်စွာ ပြုမူခဲ့ပေသည်။ ကျန်းဟုန်ကျန်းမှာ မီးနေသည်ဘဝ တစ်လျှောက်လုံး အမြဲတမ်း ငိုကြွေးနေခဲ့ပြီး မီးထွက်ချိန်တွင် ငိုလွန်းသဖြင့် မျက်စိပင်ပျက်စီးသွားခဲ့သည်ဟု ဆိုကြ၏။
သူမက မြင်ရသမျှ အရာအားလုံးကိုနှစ်ထပ်ဖြစ်နေခဲ့ရသည်။
“နင့်အမေက စိတ်ထားအရမ်းကောင်းတဲ့သူ ဖြစ်မှာပါ”
လော်ယွီရှို့မှာ လီရှန်းကို မည်သို့နှစ်သိမ့်ပေးရမှန်း မသိတော့ပါချေ။ ဤချွေးမငယ်လေးမှာ ခက်ခဲသော ဘဝကို ဖြတ်သန်းခဲ့ရရှာသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မိခင်ဖြစ်သူ ဆုံးပါးသွားရရုံသာမက အဖေအရင်းခေါက်ခေါက်နှင့် မိထွေး၏ နှိပ်စက်မှုကိုလည်း ခံခဲ့ရပေသည်။
ကံကောင်းထောက်မစွာဖြင့် သူမတွင် ကောင်းမွန်သော ဦးလေးမိသားစုရှိနေခဲ့လေ၏။
သို့မဟုတ်ပါက ဤကလေးက ကြီးပြင်းလာနိုင်မည်လား ဆိုသည်ကိုပင် ပြောရန်ခက်လွန်းပေသည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင်ပင် ဤမျှ စိတ်ထားပွင့်လင်းသူတစ်ဦး ဖြစ်လာသည်မှာ အံ့ဩစရာကောင်းလွန်းပေ၏။
လီရှန်းက ခေါင်းခါလိုက်သည်။
“သူက ဘယ်လိုလူစားမျိုးလဲဆိုတာ ကျွန်မ မသိခဲ့ဘူး၊ ဒါပေမဲ့ ကျွန်မရဲ့ အဘိုးကတော့ ကျွန်မရဲ့အမေကို အခုထိ မမေ့နိုင်သေးဘူးလေ၊
ကျွန်မက အမေနဲ့ နည်းနည်းတူနေလို့ အဘိုးက ကျွန်မကို မတွေ့ချင်ခဲ့ဘူး. ဒါပေမဲ့ အဘိုးက ကျွန်မကို အရမ်းချစ်တယ်ဆိုတာတော့ သိပါတယ်”
ကျန်းဟုန်ကျန်း၏အကြောင်းကို ပြောလိုက်ရသောအချိန်တွင် လီရှန်းမှာ ဝမ်းနည်းမှုကို မခံစားရဘဲ မနေပါချေ။
သူမ၏ ယခင်ဘဝက နှစ်ပေါင်းများစွာကြာအောင် ကိုယ့်ကိုယ်ကိုယ် သနားကာ နစ်မွန်းနေခဲ့သော်လည်း မိခင်ဖြစ်သူကိုတော့ ထွေထွေထူးထူး သတိမရခဲ့မိပေ။
အဆုံးတွင်တော့ သူမသည်လည်း လိမ္မာသိတတ်သော သမီးတစ်ဦးတော့ မဟုတ်ခဲ့ပါချေ။
“သူက အလွန်လိမ္မာတဲ့ သမီးတစ်ယောက် ဖြစ်ခဲ့လိမ့်မယ်”
လီရှန်းက တိမ်ဝင်နေသော အသံဖြင့် ဤသို့ ဆိုလိုက်၏။
လော်ယွီရှို့မှာ စိတ်မကောင်းဖြစ်သွားပြီး လီရှန်း၏ ပုခုံးကို လှမ်းဖက်လိုက်လေ၏။
“သမီးကလည်း ကလေးကောင်းတစ်ယောက်ပါပဲ၊ အမှန်အတိုင်း ပြောရရင် ဝေ့ချင်းပြန်လာပြီး သမီးကို လက်ထပ်ချင်တယ်လို့ ပြောတုန်းက အမေ တွန့်ဆုတ်နေခဲ့တာ
ဒါပေမဲ့ နောက်မှ ပြန်စဉ်းစားကြည့်တော့ စုဝေ့ချင်းက ပျင်းလည်းပျင်း၊ အစားလည်း မက်တဲ့သူဖြစ်နေခဲ့တာလေ
သူကိုယ်တိုင်က တိုးတက်ချင်စိတ် ရှိလာတာမျိုးက အရမ်းရှားပါးလွန်းတယ်၊ တကယ်လို့ အမေသာ သဘောမတူခဲ့ရင် ကလေးကို နစ်နာအောင် လုပ်သလို ဖြစ်လိမ့်မယ်
အမေ မင်းရဲ့အဖေကို သီးသန့်တောင် ပြောခဲ့သေးတယ်၊ သမီးလို ကလေးကောင်းလေးက ဝေ့ချင်းနဲ့ တွဲရတာ အရမ်းပင်ပန်းမှာပဲဆိုပြီးတော့..”
အထူးသဖြင့် နောက်ပိုင်းတွင် လီရှန်းသည်က နည်းပညာဌာန၌ အလုပ်ကို အလွန်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဒါရိုက်တာဝမ်နှင့် လောင်လျို့တို့က သူမကို အမြဲတမ်း ချီးကျူးခဲ့ကြပေသည်။
လော်ယွီရှို့မှာ ပို၍ပင် အားနာစိတ် ဖြစ်သွားရ၏။
စုဝေ့ချင်းက ဘာလုပ်နိုင်မှာလဲ။
သူလုပ်နိုင်တာဆိုလို့ မိန်းကလေးတွေကို လှည့်စားဖို့အတွက် စိတ်ကူးယဉ် ကဗျာလေး တစ်ပုဒ်၊ နှစ်ပုဒ် ရေးတာပဲ ရှိတာလေ။
မူလက ရှိနေသော ဝမ်းနည်းမှုများမှာ ဤစကားများကို ကြားလိုက်ရပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး လီရှန်းမှာလည်း တခစ်ခစ် ရယ်မောမိတော့သည်။
ဇနီးဖြစ်သူပျောက်နေကြောင်းကို သိလိုက်ရသောကြောင့် နိုးလာပြီး လိုက်ရှာနေသော စုဝေ့ချင်းမှာလည်း မိခင်ဖြစ်သူ၏စကားကို ကြားလျှင် ညည်းညူလိုက်မိလေသည်။
“အမေက ကိုယ့်သားအရင်းကိုတောင် ဘယ်လိုလုပ်ပြီး ဒီလိုတွေပြောနိုင်ရတာလဲ၊ အမေက တကယ့်ကို ကျွန်တော့်အမေအရင်းပဲ”
“သားအရင်းမို့လို့ ပြောတာပေါ့. ငါ တခြားဘယ်သူ့ရဲ့ကလေးကို ပြောတာ မြင်ဖူးလို့လဲ”
လော်ယွီရှို့မှာ အတင်းအဖြင်းကို အမိခံလိုက်ရသော်လည်း နောင်တရသည့်အမူအရာ လုံးဝမရှိပါချေ။
*