← Chapters

အခန်း (၁၇၃)

Vol. 18 Ch. 173

အခန်း (၁၇၃)

Vol. 18 Ch. 173

စုဝေ့ချင်းက ဂွမ်းကပ်အင်္ကျီကို ခြုံကာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်၏။ သူသည်က ဂွမ်းကပ်ဘောင်းဘီကိုသာ ဝတ်ဆင်ထားပြီး ခြေအိတ်လည်း ပါမလာခဲ့ပါချေ။

ဆိုဖာပေါ်သို့ ရောက်သည်နှင့် သူ၏ခြေထောက်များကို လီရှန်း၏ တင်ပါးအောက်သို့ ထိုးထည့်လိုက်ပြီးနောက် ပြောလာခဲ့လေ၏။

“မိန်းမ၊ ကိုယ့်ခြေထောက်လေးတွေကို နွေးအောင် လုပ်ပေးဦး”

ထို့နောက် သူက စိတ်ကောက်နေသည့်အမူအရာဖြင့် ပြောခဲ့သည်။

“မင်းက ညသန်းခေါင်ယံအချိန်မှာ ကိုယ့်အမေနဲ့ စကားပြောဖို့ အချိန်ရှိပြီးတော့ ကိုယ်နဲ့အတူ အိပ်ဖို့ကျတော့ အချိန်မရှိဘူးပေါ့လေ”

သူ့၏အမူအရာက တိုင်တန်းနေသကဲ့သို့ပင်။

လီရှန်းက အသာချောင်းဟန့်လိုက်ပြီး ပြန်ပြောခဲ့သည်။

“ကျွန်မက အလုပ်အတွက် လုပ်နေတာ မဟုတ်လား”

စုဝေ့ချင်းက နှာခေါင်းရှုံ့လိုက်၏။

“ရှင် ဘယ်လိုလုပ်ပြီး နိုးလာတာလဲ”

လီရှန်းက ထပ်မံမေးလိုက်သည်။

“ဗိုက်ဆာလို့လေ”

ယနေ့ညက ထမင်းစားပွဲပေါ်ရှိ အခြေအနေမှာ တင်းမာနေခဲ့သည်။ ဝက်ခြေထောက်စွပ်ပြုတ်မှာ အရသာရှိသော်လည်း အသားထက် အရိုးက ပိုများနေခဲ့၏။

စုဝေ့ချင်းက ဝက်ခြေထောက်များကိုသာ စားခဲ့ပြီး အဓိကအစားအစာများကို မစားခဲ့သောကြောင့် ညသန်းခေါင်တွင် ဗိုက်ဆာပြီး နိုးလာခဲ့ခြင်း ဖြစ်ပေသည်။

“ဟုတ်သားပဲ၊ ငါလည်း ဗိုက်ဆာနေတာ”

စုဝေ့မင်သည်လည်း တံခါးဖွင့်လိုက်ချိန်တွင် သားဖြစ်သူ၏စကားကို ကြားလိုက်ရသဖြင့် ဝင်ပြောလာခဲ့သည်။

“ငါလည်း ဗိုက်ဆာလွန်းလို့ လက်တွေတောင် တုန်နေပြီ၊ မြန်မြန် တစ်ခုခု လုပ်ပေးကြဦး”

“ခေါက်ဆွဲပဲ ပြုတ်လိုက်ကြရအောင်”

လော်ယွီရှို့က ထရပ်လိုက်ပြီး အင်္ကျီလက်များကို လိပ်တင်လိုက်၏။

ထို့နောက် လီရှန်းကို မေးလိုက်သည်။

“သမီးရော စားမလား”

“စားမယ်လေ!”

လီရှန်းမှာလည်း အမှန်တကယ်ပင် ဗိုက်မဝခဲ့ပါချေ။

သို့နှင့် ညသန်းခေါင်ယံ အချိန်တွင် တခြားသူများ အိပ်ပျော်နေကြချိန်၌ စုမိသားစုမှာ စားပွဲပုလေးကို ဝိုင်းထိုင်ကာ ခေါက်ဆွဲများကို တရှူးရှူးဖြင့် စားနေခဲ့ကြတော့သည်။

ကံကောင်းထောက်မစွာဖြင့် နှစ်သစ်ကူးပြီးစ အချိန်ဖြစ်၍ စားစရာအကြွင်းအကျန်တချို့ ရှိနေသေးသည်။

သို့မဟုတ်ပါက ဤကဲ့သို့ နောက်ကျသော အချိန်တွင် ညစာစားရန်အတွက် ချက်ပြုတ်နိုင်လိမ့်မည် မဟုတ်ပါချေ။

ခေါက်ဆွဲစားပြီးနောက် ဇနီးမောင်နှံ နှစ်စုံမှာ အသီးသီး သူတို့အခန်းထဲသို့ ပြန်သွားခဲ့ကြ၏။

လော်ယွီရှို့ာ အခန်းထဲသို့ ရောက်သည်နှင့် စုဝေ့မင်ထံတွင် တိုင်တန်းလေတော့သည်။

“ဒီသားကြီးဇနီးက တကယ်ကိုမကောင်းဘူး.. သူက ကျွန်မကိုပြောတော့ သုံးယောက်မြောက်ရဲ့ ဇနီးက ဦးဆောင်ပြီး ကူညီခဲ့တာဆိုပဲ၊

ဒါပေမဲ့ အဲဒီအချိန်မှာ သုံးယောက်မြောက်ရဲ့ဇနီးက အထည်စက်ရုံက ဒုတိယညွှန်ကြားရေးမှူးနဲ့ စကားပြောနေတာလေ၊

ဝူလီကိုယ်တိုင်ကသာ အနားကိုသွားပြီး မကူညီခိုင်းခဲ့ရင်၊ သူမက တခြားသူတွေရဲ့ ကိစ္စထဲမှာ ဝင်ပါဖို့ ဘယ်မှာ အချိန်ရှိပါ့မလဲ”

လော်ယွီရှို့သည်က ဘက်လိုက်ပြီး တစ်ဖက်သတ် ယုံကြည်နေခြင်းမျိုး မဟုတ်ပါချေ။ အဓိက အချက်မှာ လီရှန်းတွင် သက်သေရှိနေခြင်း ဖြစ်ပေသည်။

အထည်စက်ရုံ၏ ဒုတိယညွှန်ကြားရေးမှူးမှာ သာမန်လူ မဟုတ်ပေ။ သူမထံတွင် နာမည်နှင့်တကွ သက်သေရှိနေခဲ့၏။ ထို့အပြင် ပိုက်ဆံလာပေးသူလည်း ဖြစ်နေခဲ့သည်။

သူသည်က လီရှန်းအတွက် သက်သေလိမ်ညာ၍လိုက်ပေးစရာ အကြောင်းမရှိပါချေ။

ဆန့်ကျင်ဘက်အနေဖြင့် ဝူလီ၏ စကားများမှာ အလွန်ပင် ခိုင်လုံမှု ကင်းမဲ့နေခဲ့ပေသည်။ သူမအနေဖြ့်် ယခင်က သေသေချာချာ မစဉ်းစားခဲ့မိသော်လည်း၊ ယခု ပြန်စဉ်းစားကြည့်သည့်အခါ ဝူလီက အတော်လေး လွန်သွားခဲ့ပြီဟု ခံစားလိုက်ရတော့သည်။

“ဟုတ်တယ်၊ ငါလည်း သားကြီးတို့ဇနီးမောင်နှံ ဒီနေ့ကိစ္စကို ကိုင်တွယ်ပုံက တကယ်ကို ညံ့ဖျင်းတယ်လို့ ထင်တယ်”

စုဝေ့မင်က မျက်မှောင်ကြုတ်လိုက်၏။ စုဝေ့ချင်းက ရုံးခန်းအထိပင် လာရောက်တိုင်တန်းခဲ့သည်ဆိုကတည်းက သူ အမှန်တကယ်ပင် မတရားခံခဲ့ရသည်မှာ ထင်ရှားပေသည်။

သူက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဆက်ပြောခဲ့သည်။

“ငါတို့ ဒီကိစ္စကို သားကြီးနဲ့ သေချာစကားပြောဖို့ လိုမယ်၊ သူတို့ကို ဒီအတိုင်းသာ ဆက်လွှတ်ထားရင်တော့ တစ်နေ့နေ့မှာ ညီအစ်ကိုတွေကြားက သံယောဇဉ်တွေ ကုန်ခမ်းသွားလိမ့်မယ်”

“ဟူး... ပြဿနာရှာတတ်တဲ့သူတစ်ယောက် ထွက်သွားပြီဆိုပြီး စိတ်အေးရုံရှိသေးတယ်၊ ဒီတစ်ယောက်ကလည်း အတူတူပဲလား”

စုဝေ့မင်က သူမကို တစ်ချက်လှမ်းကြည့်ကာ ပြောလာ၏။

“ဒါ ဘယ်သူ့အပြစ်လဲ၊ သူ့အပြစ်ပဲလေ၊ သူကိုယ်တိုင်ကမှ သေချာမစဉ်းစားဘဲ လက်ထပ်ခဲ့တာကိုး၊ ငါ့အထင်တော့ သူကတစ်သက်လုံး လူပျိုကြီးပဲ လုပ်နေသင့်တာ”

“ရှင် ပြောပုံကိုလည်း ကြည့်ပါဦး၊ အဖေလုပ်တဲ့သူက..!”

လော်ယွီရှို့မှာ ဒေါသထွက်သွားပြီး စုဝေ့မင်၏ ခါးဘေးမှ အသားပျော့လေးကို လှမ်း၍ ဆွဲဆိတ်လိုက်တော့သည်။

လီရှန်းမှာ အခန်းထဲသို့ ပြန်လာကာ ကိုယ်လက်သန့်စင်ပြီးနောက် အိပ်ရာဝင်ခဲ့ပြီး မိုးလင်းသည့်တိုင်အောင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့၏။

နံနက်စောစော နိုးလာသည့်အချိန်တွင် စားပွဲပေါ်တွင် သူမ စီစဉ်ထားသော စာရွက်စာတမ်းများကို စုဝေ့ချင်းက သေသပ်စွာ သိမ်းဆည်းပေးထားသည့်အပြင်၊ သံကလစ်အကြီးစားများဖြင့်ပါ သေချာညှပ်ပေးထားသည်ကို တွေ့ရသဖြင့် ပို၍ပင် စိတ်ကျေနပ်သွားရသည်။

မျက်နှာသစ်ပြီးနောက်တွင်လည်း စုဝေ့ချင်းက နံနက်စာအတွက် ဆန်ပြုတ်ပျစ်ပျစ်နှင့် ကြက်ဥပြုတ်တို့ကို စောစောစီးစီး ပြင်ဆင်ပေးထားကြောင်း သိလိုက်ရ၏။

၎င်းမှာ အလွန်မွှေးကြိုင်ကာ အရသာရှိလွန်းသကဲ့သို့ အတော်လေးလည်း အသုံးအဖြုန်းကြီးသည်ဟု ဆိုရပေမည်။

ယခုခေတ်ကာလတွင် မည်သူက အနပ်တိုင်း ဆန်ချောကို စားနိုင်ပါမည်နည်း။

သို့သော် စုဝေ့ချင်းကတော့ ဂရုမစိုက်ပါချေ။

ယနေ့သည်က သူ၏ဇနီးအတွက် အရေးကြီးသောနေ့ဖြစ်သောကြောင့် လီရှန်း လိုအပ်သော အာဟာရဓာတ်များ အပြည့်အဝရရှိစေရန် သူက သေချာစီစဉ်ပေးထားခြင်း ဖြစ်ပေသည်။

ဗိုက်ဝအောင်စားသောက်ပြီးနောက် လီရှန်းက သူမ၏လက်ကိုင်အိတ်နှင့် စာရွက်စာတမ်းများကို ယူကာ အလုပ်သို့ သွားခဲ့၏။

စုဝေ့ချင်းကတော့ ဗီရိုထဲမှ မှတ်စုစာအုပ် အသစ်စက်စက်တစ်အုပ်ကို ထုတ်ကာ ဖောင်တိန်ထဲသို့ မင်ပြာများ ဖြည့်ပြီးနောက် အတွင်းရေးမှူးရုံးသို့ အေးအေးလူလူ ထွက်လာခဲ့လေသည်။

သူ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် တံခါးဝမှ အတွင်းရေးမှူးဝူ ပြူထွက်လာသည်ကို မြင်လိုက်ရ၏။

“ဝေ့ချင်း၊ မှတ်စုစာအုပ်ယူပြီး အစည်းအဝေးအတွက် ပြင်ဆင်တော့”

အစည်းအဝေးလား။

စုဝေ့ချင်းလည်း ချက်ချင်းထကာ မင်ဘူးကိုယူပြီး နောက်မှ လိုက်သွားခဲ့၏။

လီရှန်းမှာတော့ အစည်းအဝေးခန်းလေးသို့ ရောက်ရှိနေပြီဖြစ်ပေသည်။ ဤသည်မှာ စီမံကိန်းအသစ်အတွက် အစည်းအဝေးဖြစ်ပြီး လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူညီချက်များရှိနေသောကြောင့် သူမက အစည်းအဝေးခန်းမကြီးသို့ မသွားဘဲ သုတေသနဌာန၏ အစည်းအဝေးခန်းလေးသို့သာ လာခဲ့ခြင်း ဖြစ်၏။

ဤသည်မှာ သူမ သုတေသနဌာနသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းလည်း ဖြစ်ပေသည်။

သုတေသနဌာနသည်က နည်းပညာဌာနအတွင်းရှိ ဝင်းငယ်လေးတစ်ခုထဲတွင် တည်ရှိ၏။ အဝင်ဝတွင် သံတံခါးကြီးတစ်ခုရှိပြီး စစ်မှုထမ်းဟောင်းများက စောင့်ကြပ်နေကြကာ တံခါးမကြီးကို ပုံမှန်အားဖြင့် ဖွင့်ထားလေ့မရှိပါချေ။

မနက်ပိုင်းနှင့် ညနေပိုင်း သုတေသနပညာရှင်များ အဝင်အထွက် ပြုလုပ်ချိန်တွင်သာ ဘေးတံခါးလေးကို ဖွင့်ပေးလေ့ရှိပေသည်။

လီရှန်း စာရွက်စာတမ်းများကို ကိုင်ကာ ဖန်ထုံနှင့်အတူ သုတေသနဌာနထဲသို့ ဝင်လာခဲ့၏။

“အစ်မ အထဲကို ရောက်ဖူးလားဟင်”

လီရှန်းက သိချင်စိတ်ဖြင့် ဖန်ထုံကို မေးလိုက်သည်။ မည်သို့ပင်ဆိုစေ ဖန်ထုံ၏ ခင်ပွန်းမှာ ဤဌာနမှ သုတေသနပညာရှင် တစ်ဦးဖြစ်သည်မဟုတ်ပါလား။

“မရောက်ဖူးပါဘူး”

ဖန်ထုံက ခေါင်းခါပြရင်း ဘေပတ်ဝန်းကျင်ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်နေခဲ့၏။

“ဒါ ငါ့အတွက်လည်း ပထမဆုံးအကြိမ်ပဲ၊ ဒါပေမဲ့ ငါ့အမျိုးသားက စီမံကိန်းအသစ်အတွက် လျှောက်ထားဖို့ ပြင်နေတာလေ၊ ငါ့အထင်တော့ သူသာ အရွေးခံရရင် နောက်ပိုင်း ငါလည်း ဒီထဲကို ဝင်ခွင့်ရဖို့ အခွင့်အရေး ရှိလာမှာပဲ”

သူမသည်က နည်းပညာဌာနမှ ဝန်ထမ်းတစ်ဦး ဖြစ်သကဲ့သို့ သုတေသနပညာရှင်တစ်ဦး၏ ဇနီးလည်း ဖြစ်သောကြောင့် ဝူလီကဲ့သို့သော စက်ရုံဝန်ထမ်းများထက်စာလျှင် အစစအရာရာ ပို၍ လွယ်ကူချောမွေ့ပေသည်။

“အစ်မတို့က ဆေးဝါးစက်ရုံ ဝန်ထမ်းတွေဆိုတော့ ပိုပြီးတော့ အဆင်ပြေတာပေါ့”

“နင်တို့နှစ်ယောက်ကတော့ အကောင်းဆုံးပဲ၊ နေ့တိုင်း အတူတူရှိနေရတာကိုး”

အထူးသဖြင့် စုဝေ့ချင်း၏ အလုပ်က ပို၍ လွတ်လပ်သည် မဟုတ်ပါလား။

လီရှန်းက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး အားနာစကားအချို့ ပြောရန် ပြင်လိုက်စဉ်မှာပင် အစည်းအဝေးခန်း တံခါးဝတွင် အတွင်းရေးမှူးဝူနှင့် ခေါင်းချင်းဆိုင်ကာ စကားပြောနေသော စုဝေ့ချင်းကို တွေ့လိုက်ရ၏။

သူတို့နှစ်ဦးလုံးမှာ အတော်လေး တည်ကြည်လေးနက်နေကြပေသည်။ ပုံမှန်အားဖြင့် စုဝေ့ချင်းမှာ လီရှန်း၏ရှေ့တွင် အမြဲတစေပြုံးရယ်နေတတ်သော်လည်း ယခုအချိန်တွင်တော့ သူ၏နှုတ်ခမ်းမှာ အနည်းငယ် တင်းနေပြီး အမူအရာမှာ တည်ကြည်နေသဖြင့် တစ်မျိုးတစ်ဖုံ ခန့်ညားနေခဲ့သည်။

အတွင်းရေးမှူးဝူက စာရွက်စာတမ်းများကို လှန်လှောရင်း စကားများကို အဆက်မပြတ် ပြောနေခဲ့၏။

ဖန်ထုံက လီရှန်း၏ ပုခုံးကို တွန်းလိုက်လေ၏။ သူမ လှမ်းကြည့်လိုက်လျှင် မျက်ခုံးပင့်ပြကာ ပြောလာသည်။

“တွေ့လား၊ ငါပြောသားပဲ... နင်တို့က နေ့တိုင်း အတူတူရှိနေနိုင်တာပဲ၊ နင်က စီမံကိန်းအတွက်ရောက်လာတာနဲ့ သူကလည်း နောက်ကနေ အပြေးလိုက်လာတာ”

လီရှန်းမှာ အနည်းငယ် အာရှက်ရွံ့သွားရသည်။ စုဝေ့ချင်း၏ စရိုက်အရ ဆိုလျှင် အတွင်းရေးမှူးဝူက သူ့နာမည်ကို အထူးတလည် ခေါ်ယူခဲ့ခြင်းသာ ဖြစ်ရမည်ဟု ခန့်မှန်းရပေသည်။

ငို့မဟုတ်ပါက သူကိုယ်တိုင် စေတနာ့ဝန်ထမ်းအနေဖြင့် လာမည်မဟုတ်ပါချေ။

စုဝေ့ချင်းသည်လည်း လီရှန်းကို သတိထားမိသွားပုံရပြီး သူ၏မျက်နှာမှာ ချက်ချင်းပင် ဝင်းပသွားကာ တည်ကြည်သော အမူအရာမှာ ပြုံးရွှင်သော အသွင်သို့ ပြောင်းလဲသွားတော့၏။

လီရှန်း : “...”

ကောင်းပြီလေ၊ ဒါကို ရှင်းပြဖို့တော့ ခက်ခဲလိမ့်မယ်။

စုဝေ့ချင်းက လီရှန်းကို နှစ်ကြိမ်မျှ လက်လှမ်းပြလိုက်ပြီးနောက် အတွင်းရေးမှူးဝူ၏ ရှင်းပြချက်များကို ဆက်လက်နားထောင်နေခဲ့၏။

ယနေ့တွင် အစည်းအဝေး တက်ရမည်ကိုသာ သိခဲ့လျှင် မနေ့ညက လီရှန်းပြင်ထားသော စာရွက်စာတမ်းများကို ယူကာ သေသေချာချာ လေ့လာထားခဲ့မည်။ ယခုတွင်တော့ အတော်လေး နှမြောစရာကောင်းပေသည်။

အတွင်းရေးမှူးဝူအနေဖြင့် စိတ်ထဲမှနေ၍ သူ့ကို မချီးကျူးဘဲ မနေနိုင်တော့ပါချေ။

ဤလူငယ်၏ သင်ယူနိုင်စွမ်းမှာ မယုံနိုင်စရာပင် ဖြစ်၏။ စုဝေ့ချင်းသည်က သူတစ်ခါပြောလိုက်သည့် အချက်အလက်တိုင်းကို မှတ်မိနေခဲ့ပေသည်။

ဤသည်မှာ လျှို့ဝှက်အတွင်းရေးမှူးတစ်ဦး ရှိသင့်သည့် အခြေခံအကျဆုံး အရည်အချင်းပင် ဖြစ်၏။

အတွင်းရေးမှူးတစ်ဦးအတွက် အဆိုးဆုံးအချက်မှာ သူ၏အထက်လူကြီး ပြောသမျှကို မေ့လျော့နေခြင်းပင် ဖြစ်ပြီး ထိုအခြေအနေက အရေးကြီးသော ကိစ္စရပ်များကို ထိခိုက်စေနိုင်ပေသည်။

စုဝေ့ချင်း၏ ရည်မှန်းချက်မှာ အတွင်းရေးမှူးလုပ်ရန် မဟုတ်ခြင်းကသာ နှမြောစရာ ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက အစိုးရပိုင်းတွင် အလုပ်လုပ်ခြင်းက သူ၏အတွက် ပို၍ကောင်းသော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

*

All Chapters