← Chapters

အခန်း (၁၇၄)

Vol. 18 Ch. 174

အခန်း (၁၇၄)

Vol. 18 Ch. 174

“မင်း ဒီရက်ပိုင်း ဆောင်းပါးတွေ ရေးနေတယ်မလား”

အတွင်းရေးမှူးဝူ အလုပ်ကိစ္စများကိုပြောပြီးနောက် စာရွက်စာတမ်းများကို ပိတ်ကာ စုဝေ့ချင်းနှင့် ရင်းရင်းနှီးနှီး စကားစပြောလိုက်၏။

ညွှန်ကြားရေးမှူးရန်၏ အတွင်းရေးမှူးဖြစ်သည့်အားလျော်စွာ သူသည်က ဒုတိယညွှန်ကြားရေးမှူး စုဝေ့မင်၏ မိသားစုနှင့် အလွန်ပင် ရင်းနှီးပေသည်။

ညွှန်ကြားရေးမှူး ရန်ကော်ချန်းသည်က စီမံခန့်ခွဲမှုပိုင်းတွင် အားနည်းကာ သုတေသနလုပ်ငန်းများကိုသာ ပိုမိုအာရုံစိုက်သူ ဖြစ်၏။ ယခု အသည်းရောင်အသားဝါ ကာကွယ်ဆေး စီမံကိန်းမှာ ညွှန်ကြားရေးမှူးရန်ကိုယ်တိုင် ပေကျင်းတွင် အစည်းအဝေးတက်ရောက်ပြီးနောက် ရယူလာခဲ့သည့် အရေးကြီးသော လျှို့ဝှက်တာဝန်တစ်ခု ဖြစ်ပေသည်။

အသည်းရောင်အသားဝါ ကာကွယ်ဆေး ထုတ်လုပ်ရန်ကဲ့သို့သော အရေးကြီးသော တာဝန်ကို ဤကဲ့သို့ ခရိုင်မြို့လေးတစ်ခုတွင် လုပ်ဆောင်လိမ့်မည်ဟု မည်သူကမျှ ထင်မှတ်ထားကြမည် မဟုတ်ပါချေ။

ညွှန်ကြားရေးမှူးရန်က စီမံခန့်ခွဲမှုတွင် အားနည်းသဖြင့် ဒုတိယညွှန်ကြားရေးမှူးက သေချာစောင့်ကြည့်ရန် လိုအပ်ပေသည်။

အထူးသဖြင့် ဆေးဝါးစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌသည်က ပြည်နယ်မြို့တော်တွင် အခြေစိုက်ပြီး ပြည်နယ်ခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသဖြင့် စုဝေ့မင်၏ ရာထူးမှာ ဆေးဝါးစက်ရုံတွင် အလွန်ပင် ခိုင်မာနေခဲ့သည်။

စက်ရုံညွှန်ကြားရေးမှူး ရန်၊ ဒုတိယညွှန်ကြားရေးမှူးစု နှင့် ဥက္ကဋ္ဌယိုတို့မှာ ဆေးဝါးစက်ရုံတစ်ခုလုံးကို ထောက်တိုင်များကဲ့သို့ မားမားမတ်မတ် ပံ့ပိုးပေးထားကြသူများ ဖြစ်ပေသည်။

သူတို့ သုံးဦးမှာလည်း ရှားရှားပါးပါးပင် အလွန်အမင်း စည်းလုံးညီညွတ်ကြသူများ ဖြစ်ကြသည်။

“ကျွန်တော် ဒီရက်ပိုင်း စာမရေးဖြစ်သေးပါဘူး၊ စာပဲ ဖတ်နေတာပါ”

စုဝေ့ချင်းက နှိမ့်ချစွာ ပြောလိုက်ပြီး ပြောလာသည်။

“လိုအပ်လာတဲ့အချိန်ကျမှ ကျွန်တော်သိထားတာက ဘယ်လောက်တောင်နည်းတယ်ဆိုတာကို သိရတာလေ၊ အဲဒါကြောင့် ဒီရက်ပိုင်း အသည်းအသန် လေ့လာနေပါတယ်”

သူသည် ‘စာလုံးသုံးလုံးကျမ်း’ ကို ဖတ်ရှုပြီးစီးသွားပြီဖြစ်ပြီး ယခုအခါ ‘မျိုးရိုးအမည် တစ်ရာ’ ကျမ်းကို စတင်လေ့လာနေခဲ့ပြီ ဖြစ်ပေသည်။

ယခင်က ‘စာလုံးသုံးလုံးကျမ်း’ ကို အလွတ်ရလျှင် လုံလောက်ပြီဟု ထင်ခဲ့သော်လည်း၊ စနစ်ထဲရှိ ဆရာက ရှေးဟောင်းစာပေများကို များစွာကိုးကားပြောဆိုခဲ့သောကြောင့် သူ့အနေဖြင့် ကျမ်းတစ်စောင်တည်းကို လေ့လာခဲ့သော်လည်း သမိုင်းစာအုပ် တစ်အုပ်လုံးကို ဖတ်လိုက်ရသကဲ့သို့ ခံစားခဲ့ရ၏။

သို့သော်လည်း မကြာသေးမီက သူသည်လည်း သင်ယူရသည်ကို ပို၍ နှစ်သက်လာခဲ့ပေသည်။

အကြောင်းမှာ စနစ်တွင် ‘ဇာတ်ကွက်အတု’ ဖန်တီးပေးသည့် လုပ်ဆောင်ချက် ပါဝင်လာသောကြောင့် ဖြစ်ပေ၏။ ထိုသည်မှာ ရုပ်ရှင်ကြည့်ရသကဲ့သို့ပင်ဖြစ်ကာ အိပ်ပျော်နေစဉ်အတွင်း တစ်စုံတစ်ဦးက သီဆိုနေခြင်း၊ သရုပ်ဆောင်နေခြင်းများကို အိပ်မက်ထဲတွင် မြင်မက်နေရသဖြင့် သင်ယူရသည်မှာ ယခင်ကထက် ပို၍ လွယ်ကူနေခဲ့သည်။

ထိုနက်နဲလှသော ‘ရှေးဟောင်းစာပေ’ များက ယခုအချိန်တွင် သူ၏အသိစိတ်ထဲ၌ အထိုက်အလျောက် ကိန်းအောင်းလာခဲ့ပြီဟု သူက ခံစားမိနေခဲ့၏။

သူ့အနေဖြင့် စနစ်က လီရှန်းနှင့်အတူ ရှိမနေခြင်းကိုပင် နှမြောမိနေခဲ့သေးသည်။ သို့မဟုတ်ပါက လီရှန်းသည်လည်း စနစ်ကို အသုံးပြု၍ ပိုမိုမြင့်မားသော ဆေးပညာရပ်များကို လေ့လာနိုင်ပြီး လူအများအပြားကို အကျိုးပြုနိုင်လိမ့်မည်။

ယခုတွင်တော့ သူနှင့်အတူရှိနေသဖြင့် သမိုင်းနှင့် စာပေကိုသာ လေ့လာနိုင်တော့ပေသည်။

“မင်း ဒီလိုတွေးတာ မှန်တယ်၊ စာများများဖတ်တာက ကောင်းတဲ့အရာပဲလေ”

အတွင်းရေးမှူးဝူက စုဝေ့ချင်း၏ ဝီရိယရှိမှုကို ကြည့်ကာ အလွန်ပင် သဘောကျနေခဲ့၏။

သူ၏ မှတ်ဉာဏ်ထဲတွင် စုဝေ့ချင်းမှာ ယခင်က စိတ်ကူးယဉ် အိပ်မက်မက်နေတတ်သော လူငယ်တစ်ဦးဖြစ်ပြီး လက်တွေ့မကျဘဲ အမြဲတမ်း ပေါ့ပျက်ပျက် နေတတ်သူ ဖြစ်ပေသည်။

ယခုကဲ့သို့ ပြောင်းလဲသွားသည်ကို မြင်ရပြီးနောက် သူက သက်ပြင်းချလိုက်ရင်း ပြောလာလေ၏။။

“လက်ထပ်လိုက်ရတာက တကယ်ကို ပြောင်းလဲသွားစေတာပဲနော်”

ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ရမည်ကိုပင် သိလာကြပြီ မဟုတ်ပါလား။

စုဝေ့ချင်းသည်လည်း လီရှန်းကို ချီးမွမ်းသည်ကို ကြားရသောကြောင့် ဝမ်းသာပျော်ရွှင်သွားပြီး သွားလေးများ ပေါ်သည်အထိ ပြုံးပြလိုက်လေသည်။

လီရှန်းနှင့် ဖန်ထုံတို့က အစည်းအဝေးခန်းထဲသို့ အရင်ဝင်သွားခဲ့ကြ၏။

အထဲတွင် အလုပ်ရှုပ်နေကြသော လူငယ်လက်ထောက် အနည်းငယ်သာ ရှိပေသည်။ လီရှန်းနှင့် ဖန်ထုံတို့မှာ အဓိကနေရာသို့ တိုက်ရိုက်သွားကာ စာရွက်စာတမ်းများကို ချထားလိုက်ပြီး အစည်းအဝေး မည်သို့လုပ်ဆောင်မည်ကို စတင်ဆွေးနွေးကြလေသည်။

သူတို့ နှစ်ဦးလုံးမှာ စာရွက်စာတမ်းများကို သေချာပြင်ဆင်လာခဲ့ကြသော်လည်း ဤသည်မှာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် နှစ်ဦးလုံး အနည်းငယ် စိတ်လှုပ်ရှားနေခဲ့ကြပေသည်။

“ဘယ်လိုလုပ်မလဲ၊ ငါ နည်းနည်း စိတ်လှုပ်ရှားနေတယ်”

ဖန်ထုံသည်က သူမ၏ ရင်ဘတ်ကို ဖိထားရင်း တုန်ရီနေသော အသံဖြင့် ပြောလိုက်သော်လည်း သူမ၏ မျက်နှာအမူအရာမှာတော့ များစွာ ပြောင်းလဲခြင်း မရှိပါချေ။

သူမက တခြားသူများရှေ့တွင် ဟန်ဆောင်နေခြင်းသာ ဖြစ်ပေသည်။

ဆန့်ကျင်ဘက်အနေဖြင့် လီရှန်းမှာတော့ ဤနေရာသို့ ရောက်သည်မှာ မကြာသေးသည့်အတွက် တည်ငြိမ်အေးစက်ရမည့် အရည်အချင်းများကို မကျွမ်းကျင်သေးသောကြောင့် ဖန်ထုံ စိတ်လှုပ်ရှားနေသည်ကို မြင်လျှင် မရယ်ဘဲ မနေနိုင်တော့ပါချေ။

ထိုအပြုံးက တခြားသူများ၏ တုံ့ပြန်မှုမှာ ပုံမှန်ပင် ဖြစ်သော်လည်း သုတေသနဌာနမှ လက်ထောက်များမှာတော့ သရဲမြင်လိုက်ရသကဲ့သို့ ဖြစ်နေခဲ့ကြပေသည်။

သူတို့မှာ နည်းပညာဌာနနှင့် အထိတွေ့ရဆုံးသူများ ဖြစ်ကြသော်လည်း၊ နည်းပညာဌာန၏ ‘အေးစက်စက် နိုင်မှု’ က ကူးစက်တတ်ပုံရပေသည်။

မည်မျှပင် တက်ကြွရွှင်လန်းသောသူ ဖြစ်ပါစေ၊ ထိုဌာနသို့ ရောက်ပြီး ရက်အနည်းငယ် အလုပ်လုပ်ပြီးနောက်တွင် အေးတိအေးစက်နိုင်သူများ ဖြစ်သွားကြလေ့ရှိသည်။

လီရှန်း၏ အပြုံးက လက်ထောက်များကို တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်သွားစေခဲ့၏။

‘ဒီမမြင်ဖူးတဲ့ မိန်းကလေးက ဝန်ထမ်းအသစ် ဖြစ်မှာပဲ’

သူတို့ အတည်ပြုလိုက်ကြပေသည်။

ဒီစီမံကိန်းအတွက် တစ်ခုခု လိုအပ်လာရင် သူမကိုပဲ ဆက်သွယ်ရမယ်။

သူမ အေးတိအေးစက် ဖြစ်မသွားခင်မှာပဲ ငါတို့ တောင်းဆိုချင်တာတွေကို အကုန်တောင်းဆိုထားရမယ်။

အစည်းအဝေး စတင်သည့်အချိန်တွင် လီရှန်းနှင့် ဖန်ထုံတို့က ထောင့်စွန်းတစ်နေရာတွင် ရွေးချယ်ထိုင်လိုက်ကြ၏။

သူတို့မှာ နည်းပညာဌာနမှ အဓိက တာဝန်ရှိသူများ ဖြစ်ကြသော်လည်း ဤအစည်းအဝေး၏ အဓိက ဇာတ်ဆောင်မှာ သူတို့ မဟုတ်ဘဲ သုတေသနဌာန၏ လက်ရှိညွှန်ကြားရေးမှူး ကျန်းရိကော်ပင် ဖြစ်ပေသည်။

သူသည်ကား ငယ်စဉ်က အမေရိကနှင့် ဂျပန်နိုင်ငံတို့တွင် ပညာသင်ကြားခဲ့ဖူး၏။ ပညာသင်နေစဉ်အတွင်း သူ့အနေဖြင့် မိခင်နိုင်ငံကို အမြဲတမ်း လွမ်းဆွတ်နေခဲ့သဖြင့် သူ၏အမည်ကိုပင် ‘ရိကော်’ ဟု ပြောင်းလဲခဲ့ပေသည်။

(T/n: ရိကော် : နိုင်ငံကို တမ်းတသတိရခြင်း)

ပညာသင်ယူပြီးနောက်တွင် သူက ဆေးဝါးသုတေသန လုပ်ငန်းများတွင် ပါဝင်ရန်အတွက် ပြည်တွင်းသို့ ပြတ်ပြတ်သားသား ပြန်လာခဲ့၏။

ထိုအချိန်မှစ၍ နှစ်ပေါင်း (၂၀)ကျော် ကြာမြင့်ခဲ့ပြီဖြစ်ရာ သူသည်လည်း လူငယ်ဘဝမှ ဆံပင်ဖြူများနှင့် လူကြီးတစ်ဦး ဖြစ်လာခဲ့ချေပြီ။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ပြည်တွင်းအခြေအနေမှာ ဆိုးရွားနေခဲ့ချိန်အတွင်း ကျန်းရိကော်က သူငယ်ချင်းဟောင်းတစ်ဦး၏ အကူအညီဖြင့် ပေကျင်းမှ လျှို့ဝှက်ထွက်ခွာလာခဲ့ပြီး ပိုင်မားခရိုင် ဆေးဝါးစက်ရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

ဤနေရာမှာ ပတ်ဝန်းကျင် တိတ်ဆိတ်ငြိမ်သက်ပြီး အခြေအနေမှာလည်း အတော်လေး လွတ်လပ်မှု ရှိသည်။

ထို့အပြင် ရန်ကော်ချန်းနှင့် စုဝေ့မင်တို့မှာလည်း အလွန် အရည်အချင်းရှိကြသူများ ဖြစ်ပေသည်။

သူက ဤနေရာတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး သုတေသနလုပ်ငန်းများကိုသာ အာရုံစိုက်ခဲ့၏။

ဤနှစ်များအတွင်း သူက တိုက်ရိုက် စစ်တပ်ဌာနများသို့ ပေးပို့ရသည့် အထူးဆေးဝါးအချို့ကိုလည်း ထုတ်လုပ်နိုင်ခဲ့ပေသည်။

ယခုအချိန်တွင် အသည်းရောင်အသားဝါ ကာကွယ်ဆေး သုတေသနပြုရန်အတွက် မြို့တော်မှလျှို့ဝှက်တာဝန်တစ်ခုကို ထပ်မံရရှိခဲ့ခြင်း ဖြစ်သည့်အတွက် သူ့အား ထူးခြားသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့ပေသည်။

ကျန်းရိကော်က စာရွက်စာတမ်း အထပ်လိုက်ကြီးကို စားပွဲပေါ်တွင် တင်လိုက်၏။ သူ၏ မျက်နှာမှာ တည်ကြည်လေးနက်ပြီး အရှိန်အဝါရှိလွန်းပေသည်။ သူသည် စကားအပိုများ မပြောဘဲ တိုက်ရိုက်ပင် အဓိကအချက်ကို ပြောလိုက်လေသည်။

“မင်းတို့အားလုံး ဒီရက်ပိုင်း သတင်းတွေ ကြားထားကြမှာပါ၊ ဟုတ်ပါတယ်၊ ငါတို့ဌာနက တကယ်ပဲ တာဝန်အသစ်တစ်ခု ရထားပါတယ်၊

ဒါက ပေကျင်းကနေ တိုက်ရိုက်ပေးလိုက်တဲ့ တာဝန်ပဲ၊ ဒီတာဝန်က အလွန် စိန်ခေါ်မှုတွေအများကြီး ရှိတယ်၊ စိတ်ပါဝင်စားတဲ့သူတွေအနေနဲ့ တာဝန်ခံဆီမှာ နာမည်စာရင်း ပေးသွင်းနိုင်ပါတယ်

ဒါပေမဲ့ ကြိုပြီးပြောထားချင်တာက ဒီတာဝန်က အရေးကြီးတယ်၊ စိန်ခေါ်မှုများတယ်၊ ပြီးတော့ အရမ်းလည်း အရေးပါ,ပါတယ်၊ မင်းတို့အနေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်”

ကျန်းရိကော်က ဤအချက်များကို သေချာနားမလည်ဘဲ ဤစီမံကိန်းအဖွဲ့တွင် ပါဝင်ရန်အတွက် မတိုက်တွန်းလိုပါချေ။

အောက်တွင် ထိုင်နေကြသောသူများမှာ အမျိုးမျိုးသော အမူအရာများ ရှိနေခဲ့ကြ၏။

တချို့က မျက်မှောင်ကြုတ်နေကြပြီး စီမံကိန်းတွင် ပါဝင်နိုင်ခြေရှိမရှိကို စဉ်းစားနေကြပုံရပေသည်။ မည်သို့ပင်ဆိုစေ ဆေးဝါးကုမ္ပဏီတစ်ခုမှာ ဆေးတစ်မျိုးတည်းကိုသာ ထုတ်လုပ်နေ၍ မရပါချေ။

ဤစီမံကိန်းအပြင် သုတေသနလုပ်ငန်း တစ်ဝက်တစ်ပျက် ဖြစ်နေသော တခြားစီမံကိန်းများလည်း ရှိနေသေးသည်မဟုတ်ပါလား။

ထို့ကြောင့် ဤကိစ္စတွင် ပါဝင်သင့်၊ မပါဝင်သင့်ဆိုသည်မှာ အမှန်တကယ်ပင် ခက်ခဲသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေသည်။

အကယ်၍ မြို့တော်မှ တိုက်ရိုက်ပေးအပ်သော တာဝန်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လျှင် ဤသည်က သူတို့၏ လုပ်သက်မှတ်တမ်းတွင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

သို့သော် ဤသည်ကပင် ထိုစီမံကိန်းက မည်မျှခက်ခဲသည်ကိုလည်း သက်သေပြနေခဲ့၏။

သူတို့သည်က နှစ်ပေါင်းများစွာ အချိန်ပေး လုပ်ဆောင်ခဲ့သော်လည်း အဆုံးတွင် မည်သည့်အရာမှ ဖြစ်မလာသည်မျိုးလည်း ကြုံရနိုင်ပေသည်။

ရှိပြီးသား စီမံကိန်းများတွင် ပါဝင်ခြင်းက အနည်းဆုံးတော့ အောင်မြင်မှုနှုန်းကို အာမခံနိုင်သေးသည်။

သို့သော်လည်း သူတို့ မပါဝင်ဘဲနေစဉ် စီမံကိန်းက အောင်မြင်သွားခဲ့လျှင် သူတို့အတွက် မည်သည့်ထိခိုက်မှု မရှိနိုင်သော်လည်း၊ တခြားသူများ အောင်ပွဲခံနေသည်ကို ကြည့်နေရရုံနှင့်ပင် စိတ်မသက်မသာ ဖြစ်ရပေလိမ့်မည်။

သုတေသနပညာရှင် အားလုံးမှာ စိတ်ကြီးဝင်နေကြသူများ မဟုတ်ပါချေ။ သူတို့တွင်လည်း မိသားစုများနှင့် စိုးရိမ်ပူပန်မှုများ ရှိကြသည်မဟုတ်ပါလား။

*

All Chapters