← Chapters

အခန်း (၁၇၆)

Vol. 18 Ch. 176

အခန်း (၁၇၆)

Vol. 18 Ch. 176

စကားပြောနေရင်းဖြင့်ပင် နာရီဝက်မှာ ကုန်ဆုံးသွားခဲ့ချေပြီ။

သုတေသနပညာရှင်များ ပြန်ဝင်လာသည့်အချိန်တွင် လူဦးရေက ထက်ဝက်ကျော်ခန့် လျော့နည်းသွားပြီး နေရာထိုင်ခင်းမှာလည်း ပို၍ စနစ်တကျ ရှိနေခဲ့၏။

စီမံကိန်းခေါင်းဆောင် နှစ်ဦးမှာ ရှေ့ဆုံးတန်းတွင် ထိုင်နေကြပြီး သူတို့၏ နောက်တွင် သက်ဆိုင်ရာ သုတေသနအဖွဲ့များ ရှိနေကြပေသည်။

နာရီဝက်အတွင်းမှာပင် နာမည်စာရင်း ပေးသွင်းရုံသာမက အဖွဲ့များပါ ဖွဲ့စည်းပြီးစီးသွားခြင်း ဖြစ်၏။

သူတို့၏ ထိရောက်မှုကိုတော့ လေးစားရပေမည်။

ဖန်ထုံ၏ ခင်ပွန်းနှင့် စုဝေ့ဟိုင်တို့ နှစ်ဦးလုံးမှာ လူအုပ်ထဲတွင် ပါဝင်နေခဲ့၏။

ထို့အပြင် သူတို့နှစ်ဦးမှာ စီမံကိန်းအဖွဲ့ တစ်ခုတည်းတွင် ပါဝင်နေကြခြင်း ဖြစ်ပေသည်။

ချက်ချင်းပင် လီရှန်းက တခြားသော စီမံကိန်းအဖွဲ့ကို ‘အရှုံးသမားများ’ အဖြစ် ကြည့်လိုက်မိ၏။

ဤအဖွဲ့မှာ သေချာပေါက် ကျော်တက်ခံရမည့် အဖွဲ့ဖြစ်နေသည် မဟုတ်ပါလား။

“အစ်ကိုကြီး ပါဝင်တဲ့အဖွဲ့ရဲ့ ခေါင်းဆောင်က ကျန်းယွမ်ဟဲပဲ”

စုဝေ့ချင်းသည် ဘေးသို့လှည့်ကာ တိုးတိုးလေး သက်ပြင်းချလိုက်၏။

လီရှန်း : “...”

ဒီနာမည်က ဇာတ်လိုက်တစ်ယောက်ရဲ့ နာမည်နဲ့ တူနေတာပဲ။

ပြီးတော့ သူက အလွန်ငယ်ရွယ်ပြီး ခန့်ညားသေးတယ်။

လီရှန်းက ကျန်းယွမ်ဟဲကို ကြည့်လိုက်၊ စုဝေ့ဟိုင်ကို ကြည့်လိုက်နှင့် အလုပ်ရှုပ်နေခဲ့၏။

စုဝေ့ဟိုင်ကတော့ ဇာတ်လိုက်အရှိန်အဝါ ပို၍ရှိနေခဲ့သည်။ သူက အရပ်ရှည်ပြီး ခြေတံရှည်သကဲ့သို့ ပုခုံးကျယ်ကာ ခန့်ညားသော မျက်နှာ လည်း ရှိသည်မဟုတ်ပါလား။

စုဝေ့ဟိုင်နှင့် နှိုင်းယှဉ်လျှင် ကျန်းယွမ်ဟဲမှာ အနည်းငယ် ပိန်လှီပြီး အားနည်းပုံရသည်။

ဆိုရလျှင် မြစ်နှင့် သမုဒ္ဒရာက နှိုင်းယှဉ်၍ မရပါချေ။

“ဘာတွေ ကြည့်နေတာလဲ”

စုဝေ့ချင်းတစ်ယောက် မနာလိုစွာဖြင့် လီရှန်းကို တွန်းလိုက်၏။ သူမ၏ အကြည့်များမှာ အလွန်ပင် သိသာလွန်းနေသောကြောင့် သုတေသနပညာရှင်ကျန်းပင်လျှင် ရှက်နေခဲ့လေပြီ။

လီရှန်းက အသာချောင်းဟန့်လိုက်သည်။

“သုတေသနပညာရှင် ကျန်းက အတော်လေး ငယ်ပုံရတယ်လို့ တွေးမိလို့ပါ”

“ငယ်တယ် ဟုတ်လား”

စုဝေ့ချင်းမှာ ဇဝေဇဝါ ဖြစ်သွားရခဲ့သည်။

“သူက အသက်လေးဆယ်ကျော်နေပြီလေ”

လေးဆယ်ကျော်ပြီ ဟုတ်လား။

လီရှန်းမှာ အံ့ဩသွားရ၏။

ကျန်းယွမ်ဟဲက လုံးဝ နိုင်သွားပြီ။

သူက အရမ်းကို နုပျိုလွန်းတယ်။

ညွှန်ကြားရေးမှူးကျန်းက အချက်အလက်များကို ထပ်မံတင်ပြလိုက်လေ၏။ ယခုတစ်ကြိမ်တွင်တော့ အသည်းရောင်အသားဝါ ကာကွယ်ဆေးနှင့် ပတ်သက်၍ အလွန်အသေးစိတ်လွန်းသည်။

သို့သော်လည်း လက်ရှိအချိန်အထိ ပြည်တွင်းသုတေသနတွင် တိုးတက်မှု သိပ်မရှိသေးသကဲ့သို့ အချက်အလက် အတော်များများမှာ နိုင်ငံခြားဘာသာစကား မူရင်းများသာ ဖြစ်နေသေး၏။

သို့သော် ညွှန်ကြားရေးမှူးကျန်းက နိုင်ငံခြားတွင် ပညာသင်ကြားခဲ့ဖူးသောကြောင့် နိုင်ငံခြားဘာသာစကားများကို အလွန်ပင် ကျွမ်းကျင်စွာ ဖတ်ရှုနိုင်သည်။

အောက်ဘက်ရှိ သုတေသနပညာရှင်များမှာတော့ အတော်လေး ဇဝေဇဝါ ဖြစ်နေကြပုံရ၏။

အတော်များများမှာ နိုင်ငံခြားဘာသာစကားကို ဖတ်နိုင်သော်လည်း နားမလည်ကြပါချေ။

ထို့ကြောင့် လီရှန်းက သုတေသနပညာရှင် အချို့၏ မျက်လုံးများမှာ ဝေဝါးလာသည်ကို မြင်နေရသည်။

သို့သော်လည်း သူမကိုယ်တိုင်တော့ အလွန်စိတ်ဝင်တစား နားထောင်နေခဲ့ကာ တစ်ခါတစ်ရံ မှတ်စုများ ရေးမှတ်နေခဲ့သည်။

စုဝေ့ချင်းက ဘေးမှကြည့်နေရင်း သံသယအချို့ ဖြစ်လာခဲ့၏။

“မင်း နားလည်လို့လား”

စုဝေ့ချင်း တီးတိုးလေး မေးလိုက်သည်။

“နားမလည်ပါဘူး”

လီရှန်းက ခေါင်းခါပြလိုက်၏။

တကယ်တမ်းတွင် သူမ နားလည်ပေ၏။ မည်သို့ပင်ဖြစ်စေ ကမ္ဘာအမျိုးမျိုးတွင် နေထိုင်ခဲ့ဖူးသဖြင့် အကျိုးကျေးဇူးတချို့တော့ ရှိသည်မဟုတ်ပါလား။

သို့သော် သူမက အသက်တစ်ဆယ့်ကိုးနှစ်အရွယ်သာ ရှိသေးပြီး နိုင်ငံခြားဘာသာစကားနှင့် တစ်ခါမျှ မထိတွေ့ဖူးသည့် မိန်းကလေးတစ်ဦး ဖြစ်၍ နားမလည်ပါဟုသာ ပြောနိုင်ပေသည်။

သူမက မှတ်စုစာအုပ်ကို စုဝေ့ချင်းအား လှမ်းပြလိုက်လျှင် အထဲတွင် အဖွဲ့နှစ်ဖွဲ့၏ အမည်များကိုသာ ရေးထားသည်ကို တွေ့ရ၏။

စုဝေ့ချင်းက လီရှန်းမှာ အမှန်တကယ်ပင်ကြိုးစားသည်ဟု ခံစားလိုက်ရသည်။ သူကိုယ်တိုင်မှာတော့ ရတနာသိုက်ကြီးကို လက်ထဲတွင် ကိုင်ထားပါလျက်နှင့် အလွန်ပင် ပေါ့လျော့နေခဲ့မိသည်။

တွေးကြည့်လျှင် အမှန်တကယ်ပင် မှားယွင်းလွန်းသောကြောင့် သူသည်လည်း ပို၍ ကြိုးစားလေ့လာသင့်ကြောင်းတွေးလာခဲ့ပေသည်။

‘မင်း ဒီလို အသိတရား ရှိလာတာ ကောင်းတာပေါ့!’

လီရှန်း၏ ရှေ့တွင် ပေါ်မလာခဲ့ဖူးသော စနစ်မှာ ယခုအချိန်တွင်တော့ မနေနိုင်တော့ဘဲ ပေါ်လာပြန်သည်။

သူ့အနေဖြင့် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့၏။ သူ၏ ရည်မှန်းချက် မရှိသော hostမှာ အမှန်တကယ်ပင် ကြိုးစားလေ့လာရန် အားထုတ်နေသည် မဟုတ်ပါလား။

ဤထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသည့်အရာ ရှိနိုင်ဦးပါဦးမည်လား။

စုဝေ့ချင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ လန့်သွားခြင်း မဟုတ်ဘဲ၊ လီရှန်း၏ တုံ့ပြန်မှုကို သိချင်သဖြင့် သူမကို မသိမသာ လှမ်းကြည့်လိုက်ခြင်းသာဖြစ်ပေသည်။

လီရှန်း၏ ရှေ့တွင် စနစ်က အဘယ်ကြောင့် ပေါ်မလာရဲသည်ကို သူ မသိခဲ့ပါချေ။ လီရှန်းက စနစ်၏ တည်ရှိမှုကို အာရုံခံနိုင်နေသည်လားဟု သူ တွေးနေမိခဲ့၏။

သို့သော် လီရှန်းက မည်သည့်အရာကိုမှမသိဘဲ အာရုံစိုက်ကာ နားထောင်နေသည်ကို မြင်လျှင် သူ အလွန်အကျွံ တွေးနေမိခြင်း ဖြစ်ကြောင်း သိလိုက်ရတော့သည်။

ကျန်းရိကော်က အချက်အလက်များကို ရှင်းပြပြီးစီးသွားသည့်အခိုက်တွင် လီရှန်း၏အလှည့်သို့ ရောက်ရှိလာပြီး နည်းပညာဌာန၏ ရည်မှန်းချက်နှင့် ပံ့ပိုးပေးနိုင်မည့် အကူအညီများကို ရှင်းပြရလေသည်။

ဤအရာများမှာ ဒါရိုက်တာဝမ်နှင့် စီစတာလျို့တို့က စီစဉ်ပေးထားခြင်း ဖြစ်ပြီး ကြားရသူများမှာလည်း ထူးထူးခြားခြား တုံ့ပြန်မှု မရှိကြပါချေ။

လီရှန်းက စကားပြောပြီးနောက် စာရွက်စာတမ်းကို ပိတ်လိုက်သည့်အချိန်မှသာ သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။

လောလောဆယ်တော့ ဒီလောက်ပါပဲ။

“အရမ်းတော်တယ်!”

အစည်းအဝေးအပြီးတွင် ဖန်ထုံက လီရှန်းကို လက်မထောင်ကာ ချီးကျူးလိုက်၏။

“စီမံကိန်းအသစ်တစ်ခု ရှိတိုင်း ကျွန်မတို့ ဒီလိုမျိုးပဲ လုပ်ရမှာလားဟင်”

လီရှန်းက မျက်နှာငယ်လေးနှင့် မေးလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် သုတေသနပညာရှင်များက သူမကို စိတ်လှုပ်ရှားသည့်အကြည့်များဖြင့် စိုက်ကြည့်နေကြသည်ကို မြင်ရသည်မှာ အတော်လေး ကြောက်စရာ ကောင်းလှပေသည်။

ဖန်ထုံက တွန့်ဆုတ်သွားရသည်။

“အသည်းရောင်အသားဝါ ကာကွယ်ဆေး ထုတ်ဖို့က အနည်းဆုံး တစ်နှစ်၊ နှစ်နှစ်လောက် ကြာမှာလေ၊ အဲဒီအချိန်အတွင်းမှာတော့ ငါတို့ တခြားစီမံကိန်းတွေ လက်ခံနိုင်မှာ မဟုတ်ဘူး”

ဤသည်ကက နိုင်ငံတော်အဆင့် စီမံကိန်းဆိုသည်ကို သိရမည်။

လီရှန်းက သက်ပြင်းချလိုက်လေ၏။

“ကျွန်မတော့ စင်ပေါ် ထပ်မတက်ချင်တော့ဘူး”

“သူတို့ လာနေပြီ”

ရုတ်တရက် ဖန်ထုံက ပြောလိုက်ပြီး လီရှန်း၏ ပုခုံးကို ပုတ်ကာ ထွက်ပြေးသွားတော့၏။

လီရှန်းတစ်ယောက် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် စုဝေ့ဟိုင်က သူမဆီသို့ ခြေလှမ်းမှမ်မှန်ဖြင့် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

သူ၏ မျက်နှာတွင် အပြုံးများ ရှိနေပြီး အလွန်ပင် ယဉ်ကျေးပုံရသော်လည်း သူ၏ လေသံမှာတော့ ယုံကြည်မှုများ ပြည့်နှက်နေခဲ့၏။

“ခယ်မလေး ၊ ဒါက ငါတို့အဖွဲ့အတွက် လိုအပ်တဲ့ စမ်းသပ်ပစ္စည်းတွေပါ၊ ငါတို့အဖွဲ့ကို အရင်ဆုံး ထုတ်ပေးလို့ ရမလား”

ခယ်မလေး ဟုတ်လား။

အိမ်မှာတုန်းက တစ်ခါမှ တီလို မခေါ်ခဲ့ဖူးပါဘူး။

“အစ်ကိုကြီး၊ အစ်ကို သူ့ကို အရာရှိလီလို့ ခေါ်သင့်တယ်”

စုဝေ့ချင်းသည် လီရှန်း၏ နောက်ကွယ်မှ ထွက်လာပြီး ပြောလာ၏။

“အလုပ်က အလုပ်၊ မိသားစုက မိသားစုလေ၊ ကိုယ်ကျိုးအတွက် အာဏာကို အသုံးမချပါနဲ့”

“မှန်တာပေါ့၊ ကျွန်တော်တို့အဖွဲ့ကလည်း စမ်းသပ်ပစ္စည်း စာရင်းကို ပြင်ထားပြီးပြီ၊ အတူတူပဲ တင်ပြလိုက်ကြတာပေါ့၊ အားလုံးက အဖွဲ့တစ်ခုတည်းသားတွေပဲကို ဘာလို့ အဲဒီလောက်အထိ ခွဲခြားနေမှာလဲ”

တခြားအဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်သူ ယွီယန်သည်လည်း လီရှန်းဆီသို့ လျှောက်လာကာ စုဝေ့ဟိုင်၏ စာရင်းပေါ်သို့ သူ၏စာရင်းကို ထပ်တင်လိုက်လေသည်။

လီရှန်း : “...”

အစည်းအဝေးပြီးတာနဲ့ ချက်ချင်း စကြပြီလား။

ဒါပေမဲ့...

သူမသည် အသာချောင်းဟန့်လိုက်ပြီး စာရင်းနှစ်ခုလုံးကို လှမ်းယူလိုက်ကာ ပြောလိုက်၏။

“ကျွန်မ စီစဉ်ပေးပါ့မယ်”

“အရာရှိလီ၊ အလုပ်မှာ မျှမျှတတ လုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်”

ယွီယန်က ‘ခယ်မလေး’ ဆိုသည့် အသုံးအနှုန်းကို အထင်မလွဲပါချေ။

“စိတ်ချပါ”

လီရှန်းက ခေါင်းညိတ်ကာ ကတိပေးလိုက်ရလေ၏။

*

ပစ္စည်းစာရင်းကို လက်ခံရရှိပြီးနောက် သုတေသနဌာနအတွင်း အုပ်စုလိုက် ဆွေးနွေးမှုများ ရှိလာမည်ဖြစ်သော်လည်း လီရှန်းအတွက်တော့ အရေးမကြီးတော့ပါချေ။

သူမက စာရင်းကို သိမ်းဆည်းလိုက်ပြီး စုဝေ့ချင်းဘက်သို့ လှည့်ကြည့်လိုက်၏။

“ရှင် အခု ရုံးခန်းကို ပြန်တော့မှာလား”

“ပြန်မယ်လေ”

စုဝေ့ချင်းက ခေါင်းညိတ်ပြသည်။

“နောက်ဆက်တွဲ အစည်းအဝေးက အကြောင်းအရာတွေကို ကိုယ် နားထောင်လို့ ရမှာမဟုတ်ဘူး”

တကယ်တမ်းတွင် သူက စိတ်မဝင်စားခြင်းလည်း ဖြစ်ပေသည်။ ဤသုတေသနပညာရှင်များ အစည်းအဝေးတွင် သုံးနှုန်းသော နည်းပညာစကားလုံးများမှာ သူဖတ်ခဲ့ဖူးသော ဆေးကျမ်းများထက်ပင် ပို၍ နက်နဲခက်ခဲလွန်းသည်။

သူ့အနေဖြင့် ယခင်က စနစ်ထဲမှ စာအုပ်များကို လီရှန်းအတွက် ကူညီကူးပေးခဲ့ဖူး၏။ စာလုံးတစ်လုံးချင်းစီကို သူ သိသော်လည်း ၎င်းတို့ကို စုစည်းလိုက်သည့်အချိန်တွင်ဆေား သူ၏ ဦးနှောက်မှာ ဗလာဖြစ်သွားပြီး စာပိုဒ်တစ်ပိုဒ်ကိုပင် ကောင်းမွန်စွာ မဖတ်နိုင်တော့ပါချေ။

ပို၍ စိတ်ပျက်စရာ ကောင်းသည်မှာ တချို့သော စာလုံးများကို သူပင် မသိနေခဲ့ပေ။

ထို့ကြောင့် သူသည်က စနစ်၏ လှောင်ပြောင်ခြင်းကိုလည်း ခံခဲ့ရဖူး၏။

ဆေးပညာနှင့် ပတ်သက်၍ သူ့မှာ ပါရမီမရှိသဖြင့် မေ့ထားလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

“ဒါဆိုရင် အတူပြန်ကြရအောင်၊ အခု အချိန်က မွန်းလွဲပိုင်း ရောက်နေပြီ၊ ကျွန်မတို့ ဘာမှ မစားရသေးဘူးလေ”

လီရှန်းသည် နာရီကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

“အခုအချိန်ဆိုရင် ထမင်းစားဆောင်မှာ စားစရာ ဘာမှမရှိတော့ဘူး၊ ဒီသုတေသနပညာရှင်တွေက သံကိုယ်ထည်တွေနဲ့များလား မသိဘူး”

အစည်းအဝေး နားချိန်မှာတောင် သူတို့ ထမင်းသွားစားကြသည်ကို သူမ မတွေ့ခဲ့ရပါချေ။

“နေထိုင်မှုဆိုင်ရာ လက်ထောက်က စားစရာတွေ ယူလာပေးပြီးပြီ၊ အကုန်လုံးကို မီးဖိုပေါ်မှာ နွေးထားပေးတယ်လေ”

ဖန်ထုံ၏ ခင်ပွန်းသည်မှာ သုတေသနပညာရှင် ဖြစ်သဖြင့် သူမက လီရှန်းထက် စားသောက်မှု အခြေအနေကို ပို၍ ဂရုစိုက်ကာ ကြိုတင်စုံစမ်းထားခြင်း ဖြစ်ပေသည်။

“ဒါဆိုရင်တော့ တော်သေးတာပေါ့”

လီရှန်းက သက်ပြင်းချလိုက်သည်။

“ဘာက တော်ရမှာလဲ.. စားစရာတွေ ရောက်နေပြီ ဆိုပေမဲ့ သူတို့ ဘယ်အချိန်ကျမှ စားမယ်ဆိုတာ မသိရသေးဘူး

ငါ သွားပြီး သတိပေးတော့ သူက သူ့ကို အနှောင့်အယှက်ပေးတယ်ဆိုပြီး ငါ့ကိုတောင် ပြန်အပြစ်တင်သေးတယ်”

ဖန်ထုံက သူမ၏ ခင်ပွန်းအကြောင်းကို ပြောပြရင်း အားမလိုအားမရ ဖြစ်နေခဲ့၏။ သူမက သုတေသနပညာရှင်တစ်ဦးနှင့် လက်ထပ်ထားသဖြင့် ဂုဏ်သတင်း ကောင်းသော်လည်း သူမ၏ ခင်ပွန်းမှာ အမှန်တကယ်ကို ကျိုးကြောင်းဆင်ခြင်မှု မရှိလှပါချေ။

*

All Chapters