အခန်း (၁၇၇)
Vol. 18 Ch. 177
လီရှန်းတစ်ယောက် ဖန်ထုံ၏စကားကြောင့် ထပ်မံမျက်မှောင်ကြုတ်နေသည်ကို မြင်လျှင် စုဝေ့ချင်းက ပြောလာလေ၏။
“စိတ်မပူပါနဲ့၊ နေထိုင်မှုပိုင်းအတွက် လက်ထောက်တွေ ရှိတာပဲလေ၊ သူတို့တွေက လိုအပ်လာရင် ထမင်းစားဖို့ သတိပေးကြပါလိမ့်မယ်”
တကယ်တမ်းတွင်တော့ လက်ထောက်များမှာ သုတေသနပညာရှင်များ အကြံဥာဏ်ထုတ်၍ အလုပ်လုပ်နေကြချိန်အတွင်း ကြားဖြတ်နှောင့်ယှက်ရန် မဝံ့ရဲကြပါချေ။
အကယ်၍ မတော်တဆ အရေးကြီးသော အောင်မြင်မှုတစ်ခုကို ဖျက်ဆီးမိသွားပါက သူတို့အနေဖြင့် ထာဝရအပြစ်သားများ ဖြစ်သွားကြပေလိမ့်မည်။
သို့သော်လည်း အကယ်၍ ထိုကဲ့သို့ အရေးကြီးသောအချိန်သို့ အမှန်တကယ် ရောက်ရှိနေခဲ့လျှင် သုတေသနအတွက် ကျန်းမာရေးကို စတေးရခြင်းက... လက်ခံနိုင်စရာ ဖြစ်နေသည် မဟုတ်ပါလား။
“ဒီသုတေသနပညာရှင်တွေရဲ့ ကျန်းမာရေးကိုတော့ ကျွန်မတို့ သေချာပေါက် အာမခံနိုင်အောင် လုပ်ရမယ်”
လီရှန်းက အလွန်အမင်း စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်လေသည်။
သူမအနေဖြင့် ယခင်တာဝန်ပေးအပ်ခံရသော ကမ္ဘာများတွင် ရှိနေချိန်က သတင်းများ၌ သိပ္ပံပညာရှင်များမှာ လက်တွင် အကြောသွင်းဆေးပုလင်းများ ချိတ်ဆွဲထားပြီး နှာခေါင်းတွင် အသက်ရှူစက်များ တပ်ဆင်ထားရပါလျက်နှင့် ကွန်ပျူတာရှေ့မှ မခွာဘဲ သူတို့၏နောက်မှ လွှဲပြောင်းယူမည့်သူ နားမလည်မည်ကိုစိုးရိမ်ကာ သုတေသနမှတ်တမ်းများကို သိမ်းဆည်း၍ မှတ်ချက်များ ရေးသားနေကြသည်ကို မကြာခဏ မြင်တွေ့ခဲ့ဖူး၏။
လီရှန်း ထိုကဲ့သို့သော သူများကို လေးစားသကဲ့သို့ သူတို့၏ ကျန်းမာရေးအတွက်လည်း အလွန်ပင် စိုးရိမ်မိပေသည်။
ထိုသိပ္ပံပညာရှင်များမှာ အသက်ကြီးနေကြပြီဖြစ်၍ လူအိုမင်း၍ သေဆုံးခြင်းမှာ ပုံမှန်သာ ဖြစ်သော်လည်း၊ ‘သေဆုံးခြင်း’ဆိုသည့် စကားလုံးအတွက် လက်မခံခြင်ပါချေ။
ထိုသူများနှင့် ပတ်သက်လာလျှင် ဘုရားသခင်က မျက်စိမရှိသည်လားဟု သူမ အမြဲတစေ ခံစားရစေပေသည်။
စုဝေ့ချင်းက သူမ၏ ပုခုံးကို တွန်းလိုက်ပြီး ပြောလာလေ၏။
“ဒီကိစ္စနဲ့ ပတ်သက်ရင် ကိုယ့်အဖေကို ယုံကြည်ထားလိုက်ပါ၊ သူက အတော်လေး လူသားဆန်တဲ့သူပဲ”
“မိဘတို့၏အချစ်” ဇာတ်လမ်းထဲမှ ဇာတ်လိုက်ဖြစ်သော စုဝေ့မင်အတွက် ကိုယ်ချင်းစာတရားရှိခြင်းမှာ အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပေ၏။
လီရှန်းသည်လည်း ၎င်းကို ယုံကြည်ပေသည်။ သူမက စုဝေ့ချင်း၏ နောက်မှလိုက်ကာ သုတေသနဌာနမှ ထွက်ခွာလာခဲ့၏။
လက်ရှိတွင် ထမင်းစားချိန် ကျော်လွန်သွားပြီဖြစ်သဖြင့် ထမင်းစားဆောင်မှာလည်း ပိတ်သွားခဲ့ပြီဖြစ်ပေ၏။
ထို့အတွက် ဇနီးမောင်နှံနှစ်ဦးမှာ အိမ်သို့ တိုက်ရိုက်ပြန်လာခဲ့ကြပေသည်။
အိမ်ထဲသို့ ရောက်သည်နှင့် တစ်ဦးက အခန်းထဲသို့ဝင်ကာ အစည်းအဝေးမှတ်တမ်းများကို စီစဉ်နေပြီး ကျန်တစ်ဦးကတော့ မီးဖိုချောင်သို့သွားကာ ခေါက်ဆွဲပြုတ်ရန် ပြင်ဆင်လေတော့သည်။
လီရှန်းက အလုပ်များကို သိမ်းဆည်းပြီးစီးချိန်မှာပင် အပြင်ဘက်မှ ခေါ်သံကို ကြားလိုက်ရ၏။
“ရှန်းရှန်း၊ ထွက်လာပြီး စားတော့လေ”
“လာပါပြီ”
လီရှန်းက ပြန်ပြောလိုက်ပြီး စာလုံးတချို့ကို ခပ်သွက်သွက် ထပ်မံရေးသားကာ မှတ်စုစာအုပ်ကို ပိတ်ပြီး ခေါက်ဆွဲစားရန် ထွက်လာခဲ့၏။
စုဝေ့ချင်းက ခေါက်ဆွဲပြုတ်ရုံသာမက ဝက်အူချောင်းကိုပါ ပေါင်းထားသေးပေ၏။ ယခုအချိန်တွင် စုဝေ့ချင်းက ၎င်းကို လှီးဖြတ်နေခဲ့သည်။
စားပွဲပေါ်တွင် ခေါက်ဆွဲများ အပြည့်ထည့်ထားသော ပန်းကန်လုံးအကြီး နှစ်လုံး ရှိနေပြီး တစ်ယောက်လျှင် ကြက်ဥပြုတ် နှစ်လုံးစီ ပါဝင်နေသေးသည်။
လီရှန်းက မအံ့ဩဘဲ မနေနိုင်တော့ပေ။
“မြေရှင်ကြီးတွေတောင် နေ့တိုင်း ဒီလိုမျိုး စားဖို့ မဝံ့ရဲလောက်ဘူး”
“ အဲဒီလိုမျိုးတွေ မပြောနဲ့ဦး”
စုဝေ့ချင်းသည် ဝက်အူချောင်းများ ထည့်ထားသော ပန်းကန်ကို ကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။
“ဒီနေရာက သိပ်ပြီး စိတ်မချရဘူး၊ နံရံမှာ နားရှိတယ်ဆိုတာ သတိထားရမယ်လေ”
လီရှန်းသည်လည်း ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး တူကိုကိုင်ကာ ခေါက်ဆွဲကို စားလေတော့သည်။
စုဝေ့ချင်း၏ ချက်ပြုတ်မှုမှာ အလွန်ပင် ကောင်းမွန်ပေသည်။ သူမ နှစ်သက်သော အရသာအတိုင်း ခေါက်ဆွဲထဲတွင် ငရုတ်ကောင်းမှုန့် ဖြူများကို ခပ်များများထည့်ထားခဲ့၏။
ခေါက်ဆွဲရည်ကို တစ်ငုံသောက်လိုက်သည့်အခိုက်တွင် ဗိုက်ဆာလွန်းသဖြင့် အသံမြည်နေသော အစာအိမ်မှာ ချက်ချင်းပင် သက်သာသွားခဲ့ရပေသည်။
သူမ သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလာသည်။
“နောက်တစ်ခါတော့ ဒီလောက်အထိ ဗိုက်ဆာအောင်မနေရဲတော့ဘူး”
“ဟုတ်တယ်၊ မင်းရဲ့မျက်နှာက ဖြူဖျော့နေတာပဲ”
လီရှန်းက အလွန်ပိန်လွန်းသည်ဟု စုဝေ့ချင်းက ထင်မြင်မိသည်။
သူမ၏ ဖြူဖျော့နေသော မျက်နှာမှာ အထူးပင် သိသာနေခဲ့ပေသည်။
“ကျွန်မက ဗိုက်ဆာရင် ရင်တုန်ပြီး လက်တွေပါ တုန်လာတတ်တာ”
ဤသည်မှာ သွေးတွင်းသကြားဓာတ် နည်းပါးခြင်းဖြစ်သော်လည်း သူမအနေဖြင့် မတတ်နိုင်ပါချေ။ သူမက အတတ်နိုင်ဆုံး စားသောက်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ ဤကဲ့သို့သာ ဖြစ်နေခဲ့၏။
ဆေးဆိုင်မှ ဆေးဝယ်ယူနိုင်ခြင်း သို့မဟုတ် ခန္ဓာကိုယ်ကို ထိန်းညှိပေးရန် တရုတ်တိုင်းရင်းဆေး အချို့ကို သောက်သုံးနိုင်ခြင်းမရှိပါက သူမတွင် ပို၍ကောင်းသော ရွေးချယ်မှု မရှိပါချေ။
သို့သော်လည်း ယခုခေတ်ကာလတွင် ဆေးဆိုင်များက..
ထားလိုက်ပါတော့လေ။
သူတို့တွင် ဆေးနီနှင့် အကိုက်အခဲပျောက်ဆေး တချို့ရှိနိုင်သော်လည်း တခြားသော ဆေးဝါးများကိုတော့ အပြင်းအထန် ဖျားနာနေသူများအတွက်သာ ချန်ထားရပေလိမ့်မည်။
ထို့အပြင် သူမ၏ အခြေအနေမှာ ယခုခေတ်တွင် အလွန်ပင် အဖြစ်များပေသည်။ ဆရာဝန်များကပင် ဤသည်ကို ရောဂါတစ်ခုဟု မသတ်မှတ်ကြပါချေ။
အာဟာရရှိသော အစားအစာအချို့ကို ကောင်းကောင်းစားလိုက်လျှင် ပြန်လည်သက်သာသွားလိမ့်မည်ဟုသာ သူတို့က ယူဆထားကြသည်။
“ဒါဆို နောက်တစ်ခါ ဗိုက်အဆာမခံနဲ့တော့”
စုဝေ့ချင်းသည်လည်း လီရှန်းမှာ အာဟာရစုပ်ယူမှု အားနည်းသည်ဟု ခံစားမိသည်။ ဤသည်မှာ ယခင်က လီမိသားစုတွင် ခက်ခက်ခဲခဲ နေထိုင်ခဲ့ရသဖြင့် အစာအိမ်ပျက်စီးသွားခြင်းကြောင့်ဖြစ်ရမည်ဟု ယူဆမိကာ သူမကို သနားသွားရပေသည်။
ထို့ကြောင့် သူ၏ ပန်းကန်ထဲမှ ကြက်ဥတစ်လုံးကို လီရှန်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေ၏။
“များများစားလိုက်နော်”
“တော်ပါပြီ”
သူက သူမ၏ ပန်းကန်ထဲသို့ ခေါက်ဆွဲများ ထပ်ထည့်ရန် ပြင်နေသည်ကို မြင်လျှင် လီရှန်းက သူမ၏ ပန်းကန်ကို ဘေးသို့ အမြန်ဖယ်လိုက်ရသည်။
“ကျွန်မ ပန်းကန်ထဲမှာ ဆံ့တော့မှာ မဟုတ်ဘူး”
ထိုအချိန်မှသာ စုဝေ့ချင်းကလည်း လက်လျှော့လိုက်တော့၏။
သူက ခေါက်ဆွဲကို အားပါးတရစားနေရင်း လီရှန်း၏ မျက်နှာအမူအရာကို စောင့်ကြည့်နေခဲ့ပေသည်။
သူ့အနေဖြင့် သူမ၏ မျက်နှာတွင် သွေးရောင် ပြန်လည်လွှမ်းမိုးလာသည်ကို မြင်ရသည့်အချိန်မှသာ သက်ပြင်းချနိုင်တော့၏။
နောက်ဆုံးပျန်သည့် ဟင်းရည်တစ်ငုံကို သောက်ပြီးနောက် ပုဝါကို ထုတ်ကာ ပါးစပ်ကိုသုတ်ပြီး မေးလိုက်သည်။
“မင်း ဒီနေ့ မွန်းလွဲပိုင်းမှာ ဌာနကို သွားဦးမှာလား”
“သွားရမှာပေါ့၊ ကျွန်မ အလုပ်ရုံဘက်ကို ဆင်းရဦးမယ်လေ”
လီရှန်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သော်လည်း နောက်ဆုံးတစ်လုပ်ကို အမြန်စားလိုက်ပြီးနောက် ပန်းကန်ခွက်ယောက်များကို စတင်သိမ်းဆည်းလေတော့သည်။
စုဝေ့ချင်းက ချက်ပြုတ်ပေးထားသဖြင့် သူမက ပန်းကန်ဆေးပေးရပေလိမ့်မည်။
စုဝေ့ချင်းက နောက်မှ လိုက်လာခဲ့သည်။
“မသွားပါနဲ့တော့၊ မင်း တစ်နေ့လုံး ပင်ပန်းနေပြီပဲလေ”
“အဲဒီလိုတော့ မရဘူးလေ၊ ကျွန်မတို့ဌာနက အလုပ်များတယ်၊ စီမံကိန်းအသစ်တစ်ခု ရှိလာလို့ဆိုပြီး တခြားအလုပ်တွေကို လစ်လျူရှုထားလို့ မရဘူး၊ ရှင်ရော ဒီနေ့ မွန်းလွဲပိုင်းမှာ ပြန်သွားဖို့ မလိုဘူးလား”
လီရှန်းက ခေါင်းလေးစောင်းကာ သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။
သေချာပေါက် ပြန်သွားရလိမ််မည်။
သို့သော် သူက သူမကို သနားနေမိခြင်းသာ ဖြစ်ပေသည်။
“ကောင်းပြီ... ရှင် ကျွန်မကို သနားတာ သိပါတယ်၊ ဒါပေမဲ့ ကျွန်မက တခြားသူတွေနဲ့ ယှဉ်ရင် သက်သောင့်သက်သာ နေနေရတာပဲ မဟုတ်ဘူးလား”
အနည်းဆုံးတော့ သူမ၏ နေ့လယ်စာမှာ ဆန်ချောနှင့် ကြက်ဥများ ပါဝင်နေသည် မဟုတ်ပါလား။
စုဝေ့ချင်းက သက်ပြင်းချလိုက်မိပြီး လီရှန်း၏ ဝီရိယရှိမှုကို စိတ်ထဲမှ ထပ်မံ၍ အံ့ဩမိသွားရပြန်သည်။
ပန်းကန်ဆေးပြီးနောက် လီရှန်းနှင့် စုဝေ့ချင်းတို့က သူတို့၏ တာဝန်ကျရာ နေရာများသို့ အမြန်ပြန်သွားခဲ့ကြ၏။
ဖန်ထုံမှာလည်း အိမ်သို့ပြန်ကာ ခေါက်ဆွဲပြုတ်စားခဲ့သော်လည်း ကြက်ဥတော့ ထည့်မစားခဲ့ပါချေ။
သူမ ထိုင်လိုက်ချိန်မှာပင် လီရှန်း ရောက်ရှိလာသည်ကို တွေ့လိုက်ရသောကြောင့် အတော်လေး အံ့အားသင့်သွားရသည်။
“နင် ဘယ်လိုလုပ် ဒီလောက်မြန်မြန် ရောက်လာတာလဲ”
လီရှန်းအနေဖြင့် အစည်းအဝေး မှတ်တမ်းများကိုလည်း စီစဉ်ရမည် ဖြစ်ကြောင်း သူမ သိနေခဲ့သည်မဟုတ်ပါလား။
“ဝေ့ချင်း လုပ်ပေးတာကိုပဲ စားလိုက်တာလေ”
လီရှန်းက ပြုံးပြီး ပြန်ဖြေလိုက်၏။
ဖန်ထုံ: “...နင်ကတော့ တကယ့်ကို သက်သောင့်သက်သာ နေရတာပဲ”
လီရှန်းက ပြုံးရုံသာ ပြုံးပြလိုက်ပြီး ထပ်မပြောတော့ပါချေ။ သူမက စားပွဲတွင် ပြန်ထိုင်ကာ ကျန်ရှိနေသော စာရွက်စာတမ်းများကို အပြီးသတ် စီစဉ်လေတော့သည်။
ဖန်ထုံတွင်လည်း လုပ်စရာရှိသည်များ ရှိနေခဲ့၏။ သူတို့နှစ်ဦးမှာ ယခုအခါ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြသော်လည်း တာဝန်ယူရသည့် အပိုင်းများမှာဆော့ ကွဲပြားပေသည်။
လီရှန်းတွင် အချိန်ပိုများစွာ ရှိနေသောကြောင့်င့် စာရွက်စာတမ်းများကို ပို၍ မြန်မြန်ဆန်ဆန် စီစဉ်နိုင်ခဲ့ပေသည်။
သူမ အလုပ်ပြီးသွားသည့်အချိန်တွင် ထရပ်ကာ ရေနွေးဓာတ်ဘူးကို ယူ၍ ရေထည့်လိုက်၏။ ထို့နောက် ဖန်ထုံ၏ လက်ဖက်ရည်ခွက်ကိုလည်း ရေဖြည့်ပေးလိုက်သည်။
“ဘယ်လောက် ကျန်သေးလဲ”
လီရှန်းက ရေနွေးအိုး အဖုံးကို ပြန်ပိတ်ရင်း မေးလိုက်လေ၏။
“ဒါ နောက်ဆုံးတစ်ခုပဲ၊ ခဏလေး စောင့်ဦးနော်”
ဖန်ထုံက ခေါင်းပင်မဖော်ဘဲ အဆက်မပြတ် ဆက်လက် ရေးသားနေခဲ့၏။ သူမ၏ အလုပာလုပာနှုန်းကလည်း အလွန်မြန်သောကြောင့် သီးသန့်အချိန်များတွင်လည်း ကြိုးစားအားထုတ်နေခြင်း ဖြစ်ကြောင်း သိနိုင်ပေသည်။
လက်ဖက်ရည် အနည်းငယ် အေးသွားသည့်အချိန်တွင် ဖန်ထုန်သည်လည်း လက်ထဲရှိ စာရွက်စာတမ်းများကို စီစဉ်ပြီးစီးသွား၏။
သူမက မှတ်စုစာအုပ်ကို ပိတ်ကာ လက်ဖက်ရည်ကို တစ်ငုံတည်းဖြင့် သောက်လိုက်ပြီးနောက် ချက်ချင်းပင် ထရပ်လိုက်လေသည်။
“သွားကြစို့၊ အလုပ်ရုံဘက်ကို ဆင်းကြရအောင်”
လီရှန်းက ခဏမျှသာ နားရသေးသော်လည်း ချက်ချင်းပင် ထလိုက်သည် ။
“သွားမယ်လေ”
အံဆွဲကို သော့ခတ်ပြီးနောက် အမျိုးသမီးနှစ်ဦးမှာ အောက်ထပ်သို့ ဆင်းကာ အလုပ်ရုံဘက်သို့ အမြန်သွားခဲ့ကြ၏။
သူတို့အနေဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က အလုပ်ရုံတစ်သို့ သွားရောက်ခြင်းကို အပြီးသတ်ခဲ့ပြီး အလုပ်ရုံဒါရိုက်တာတချို့နှင့် ပထမသုံးလပတ်အတွက် ရည်မှန်းချက်များကို သတ်မှတ်ခဲ့ကြပြီး ဖြစ်ပေသည်။
ယခုအချိန်တွင်တော့ အလုပ်ရုံနှစ်သို့ သွားရလိမ့်မည်။ သို့မဟုတ်ပါက အလုပ်ရုံဒါရိုက်တာက သူတို့ဆီသို့ ကိုယ်တိုင် လာရောက်ရှာဖွေပေလိမ့်မည်။
*