အခန်း (၁၇၈)
Vol. 18 Ch. 178
အလုပ်ရုံ (၁) ၏ စည်ကားလှုပ်ရှားမှုနှင့် နှိုင်းယှဉ်လျှင် အလုပ်ရုံ (၂) သည်လည်း အလွန်ပင်အလုပ်များနေသော်လည်း ထိုအလုပ်များနေမှုကြားတွင် စနစ်မကျသော အခြေအနေအချို့ကို လီရှန်း မြင်နေရ၏။
အုပ်စုခေါင်းဆောင်များမှာ အလုပ်ရှုပ်နေကြပြီး လူအများကလည်း လုပ်ငန်းစဉ်များအကြောင်းကို တစ်ချိန်လုံး လာရောက်မေးမြန်းနေကြလေသည်။
လီရှန်း ကြည့်လိုက်လျှင် သူတို့က အလုပ်ရုံ (၁) အတွက် ဆေးဝါးများကို ကူညီထုတ်လုပ်ပေးနေခြင်း ဖြစ်သည်ကို တွေ့လိုက်ရ၏။
လီရှန်း : “...”
ဒါက သူတို့ကို သတိပေးနေတာလား။
သို့သော်လည်း မကြာမီမှာပင် အလုပ်ရုံဒါရိုက်တာ ရောက်ရှိလာခဲ့ပေသည်။ သူမက အလွန်ပင် ပွင့်လင်းသူဖြစ်လေ၏။
“ဒီနှစ်မှာ ဒီဆေးထုတ်လုပ်ရမဲ့ တာဝန်က အတော်လေး အရေးကြီးတယ်လို့ လောင်ဖန်းဆီက ကြားတယ်၊ ငါတို့အလုပ်ရုံလည်း လုပ်ရမှာပဲဆိုပြီး စမ်းသပ်ဖို့အတွက် ပစ္စည်းအချို့ကို ကြိုတင်ယူလာခဲ့တာ
ဒါကို အလုပ်ရုံ (၁) က လုပ်နိုင်ရင် ငါတို့အလုပ်ရုံက မလုပ်နိုင်စရာ အကြောင်းမရှိဘူးလေ”
ဤစကားမှာ သူတို့အချင်းချင်း ရင်းနှီးသည်ဟု ဆိုနိုင်သကဲ့သို့ မရင်းနှီးဟုလည်း ဆိုနိုင်ပေသည်။
“အထင်မလွဲပါနဲ့ဦး၊ လောင်ဖန်းနဲ့ ငါက သူငယ်ချင်းအရင်းတွေပဲ၊ ဒါပေမဲ့ ငါတို့ အလုပ်ရုံနှစ်ခုကတော့ ပြိုင်ဘက်တွေပဲလေ”
အလုပ်ရုံဒါရိုက်တာက ထိုသို့ပြောလိုက်ချိန်တွင် လီရှန်းတစ်ယောက် သူမထံမှ ဖန်ထုံ၏ အရိပ်အယောင်အချို့ကို မြင်လိုက်ရ၏။ တည်ငြိမ်အေးစက်ဟန် ဆောင်ထားတတ်သည့် စရိုက်မျိုးပင် ဖြစ်ပေသည်။
လီရှန်း ချောင်းအသာဟန့်လိုက်ပြီး ဖန်ထုံကို တစ်ချက်ကြည့်ကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်၏။
ဤကဲ့သို့သော စရိုက်မျိုးရှိသူများနှင့် ဆက်ဆံရာတွင် လီရှန်းမှာ ဖန်ထုံလောက် အတွေ့အကြုံ မရှိပါချေ။
ထို့ကြောင့် ဖန်ထုံကိုသာ တာဝန်များ ပေးအပ်ရန် လွှတ်လိုက်ပြီး၊ သူမကမူ မှတ်စုစာအုပ်ကို လက်ကြားညှပ်ကာ ဒုတိယအလုပ်ရုံထဲတွင် လျှောက်သွားနေခဲ့၏။
သူမအနေဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က ဤနေရာသို့ ရောက်ဖူးသော်လည်း ခဏမျှသာဖြစ်၍ သေသေချာချာ မလေ့လာခဲ့ရပါချေ။
ယခုအချိန်တွင် ဖန်ထုံက စီမံကိန်းအသစ်အကြောင်း ရှင်းပြနေချိန်အတွင်း သူမအနေဖြင့် ဟိုဟိုဒီဒီ လျှောက်ကြည့်နိုင်ပေသည်။
ထို့အပြင် လီလင်းသည်လည့် ဒုတိယအလုပ်ရုံမှ ဖြစ်ကြောင်းကို သူမ မှတ်မိနေခဲ့၏။
လီရှန်းတစ်ယောက် လီလင်းကို ရှာရန် စဉ်းစားနေချိန်မှာပင် အတွင်းဘက်မှ ရုန်းရင်းဆန်ခတ် ဖြစ်သံနှင့်အတူ အော်ဟစ်သံများကို ကြားလိုက်ရလေသည်။
“မြန်မြန်လုပ်ကြပါဦး၊ လူတစ်ယောက် သတိလစ်သွားပြီ!”
“စက်ကိုတော့ မထိမိဘူးမလား”
“မထိမိပါဘူး၊ သူက နံရံကိုမှီပြီး လဲကျသွားတာ၊ စက်ကိုတော့ မထိသွားဘူး”
“ဒါဆိုရင်တော့ တော်သေးတာပေါ့”
“…”
မှန်ပေသည်။ ယခုခေတ်ကာလတွင် လူထက် စက်က ပို၍ အရေးကြီးပေ၏။ သို့သော်လည်း သူမက ထိုရုန်းရင်းဆန်ခတ် ဖြစ်ရာနေရာသို့ ချက်ချင်းပင် ပြေးသွားခဲ့၏။
ဖန်ထုံနှင့် အလုပ်ရုံဒါရိုက်တာတို့သည်လည်း တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိပြီး ပြေးလာကြပေသည်။
“လမ်းဖယ်ပေးကြပါဦး”
လီရှန်းက ဝိုင်းအုံကြည့်နေသော အမျိုးသမီးနှစ်ဦးကြားမှ အတင်းတိုးဝင်လိုက်၏။
သူမက ရှေ့ဆုံးတန်းကနေ အတင်းအဖျင်း ကြည့်ချင်သူ မဟုတ်ပါချေ။
သို့သော် မြေပြင်တွင် လဲကျနေသူကို မြင်လိုက်ရသည့်အခိုက်တွင် သူမ အံ့ဩတကြီးဖြင့် ရေရွတ်လိုက်မိသည်။
“လီလင်း”
လီလင်းက မြေပြင်ပေါ်တွင် လဲကျနေပြီး အမျိုးသမီးနှစ်ဦးမှာ သူမ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်နေကြ၏။ တစ်ဦးက သူမ၏ ကိုယ်ကို ထိန်းထားပြီး ကျန်တစ်ဦးက သတိရလာစေရန် နှာခေါင်းနှင့် နှုတ်ခမ်းကြားကို ဖိပေးနေခဲ့ပေသည်။
လီလင်း၏ မျက်နှာမှာ အလွန်ပင် ဖြူဖျော့နေ၏။ ဖြစ်ပွားရသည့် အဓိကဇာတ်ဆောင်မှာ သူမ၏ သူငယ်ချင်း ဖြစ်နေလိမ့်မည်ဟု လီရှန်း လုံးဝ မထင်မှတ်ထားခဲ့ပါချေ။
“လီလင်း”
လီရှန်းသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမ၏ မျက်နှာကို အသာအယာ ပုတ်လိုက်၏။
“ဟေ့... နင်က ဘယ်သူလဲ”
အမျိုးသမီးနှစ်ဦးက မျက်မှောင်ကြုတ်လိုက်ကြလေ၏။ သူတို့က လီရှန်းကို ရင်းနှီးသကဲ့သို့ခံစားမိသော်လည်း တားမြစ်လိုက်ကြသည်။
“လူနာကို ဟိုဟိုဒီဒီ မရွှေ့ရဘူးဆိုတာ မသိဘူးလား”
ထို့နောက် သူတို့က အသံကို မြှင့်ကာ ဘေးမှလူများကို မေးလိုက်၏။
“ဆရာဝန်ကြီးကို သွားခေါ်ကြပြီလား”
“သွားပြီ၊ သွားပြီ”
လူအုပ်ထဲမှ တစ်စုံတစ်ဦးက ချက်ချင်း ပြန်ထူးလိုက်ပေသည်။
လီရှန်းမှာ တားမြစ်ခံရသော်လည်း စိတ်မဆိုးပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် လီလင်းအတွက် ဝမ်းသာမိသွား၏။ မည်သို့ပင်ဆိုစေ လုပ်ဖော်ကိုင်ဖက်များ၏ ကာကွယ်မှုကို ရရှိထားခြင်းက လီလင်းမှာ အလုပ်ရုံတွင် လူချစ်လူခင် ပေါသူဖြစ်ကြောင်း သက်သေပြနေသည် မဟုတ်ပါလား။
သူမက လီလင်း၏ မျက်နှာကို မထိတော့ဘဲ လီလင်း၏ လက်ကို ဆုပ်ကိုင်ကာ သွေးခုန်နှုန်းကို စမ်းသပ်လိုက်လေသည်။
အမျိုးသမီးနှစ်ဦးက ထပ်မံတားမြစ်ချင်သော်လည်း၊ သူမ လက်ချောင်းလေးများ တင်ထားပုံကို ကြည့်ကာ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မည်သည်ကိုမှထပ်မပြောတော့ပါချေ။
ခဏမျှ သွေးခုန်နှုန်း စမ်းသပ်ပြီးနောက် လီရှန်း၏ အမူအရာမှာ ရုတ်တရက် ထူးဆန်းသွားခဲ့၏။
“ဘာဖြစ်တာလဲ”
ဘေးမှ တစ်စုံတစ်ဦးက မေးလိုက်သည်။
“အာ... ဗိုက်ဆာလို့ဖြစ်ဆာပါ”
လီရှန်းတစ်ယောက် လီလင်း၏ မင်္ဂလာဆောင်ခဲ့သည့် အချိန်ကို တွက်ချက်ကြည့်လိုက်ပြီး စကားလုံးများကို ပြန်လည်မျိုချလိုက်ရ၏။
သူမ၏ အမူအရာမှာ ပို၍ပင် ရှုပ်ထွေးသွားရသည်။
“သွေးတွင်းသကြားဓာတ် နည်းသွားတာ၊ တစ်စုံတစ်ယောက်ဆီမှာ သကြားလုံး ရှိလားဟင်၊ စုပ်ဖို့အတွက် တစ်လုံးလောက် ပေးပါဦး”
မကြာမီမှာပင် လူအုပ်ထဲမှ တစ်ယောက်က သကြားလုံးတစ်လုံးကို ကမ်းပေးလာကြ၏။
လီရှန်းက သကြားလုံးအခွံကို ခွာကာ လီလင်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက် သူမကို ဘေးရှိ နားနေခန်းငယ်လေးသို့ ရွှေ့ပြောင်းခိုင်းလိုက်၏။
တခြားသော အလုပ်သမားများမှာတော့ အလုပ်ပြန်လုပ်ကြရပေသည်။ လီလင်း၏ မျက်နှာတွင် သွေးရောင် ပြန်လည်လွှမ်းမိုးလာသည်ကို မြင်ရသည့်အချိန်မှသာ သူတို့လည်း သက်ပြင်းချနိုင်ကြပြီး လုပ်ငန်းခွင်သို့ ပြန်သွားကြတော့၏။
အလုပ်ရုံဒါရိုက်တာနှင့် ဖန်ထုန်တို့သည်လည်း လီရှန်း ရှိနေသည်ကို မြင်သဖြင့် အလုပ်ကိစ္စများကို ဆက်လက်ဆွေးနွေးရန် ထွက်သွားကြလေ၏။ ထို့ကြောင့် သူမ၏ ဘေးတွင် အသက်ကြီးသည့် အမျိုးသမီးနှစ်ဦးသာ ကျန်ရစ်ခဲ့ပေသည်။
လီရှန်းက သူတို့နှင့် စကားအနည်းငယ်ပြောကြည့်ပြီးနောက် ကိုယ်လုံး အနည်းငယ် ထွားသော အမျိုးသမီးမှာ လီလင်း၏ အုပ်စုခေါင်းဆောင် ဖြစ်ကြောင်း သိလိုက်ရ၏။
သကြားလုံး စားလိုက်ရပြီး နှုတ်ခမ်းအထက်ကို ဖိပေးလိုက်သည့်အတွက် မိနစ်အနည်းငယ်အတွင်းမှာပင် လီလင်း နိုးလာခဲ့ပေသည်။
သူမက ပတ်ဝန်းကျင်ကို ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ပြီးနောက် စကားထစ်ကာ မေးလာခဲ့သည်။
“ကျွန်မ... ဘာဖြစ်သွားတာလဲ”
“နင် သွေးတွင်းသကြားဓာတ် နည်းသွားတာ”
လီရှန်းက ပြန်ဖြေလိုက်လေသည်။
“ရှန်းရှန်း”
လီလင်း အံ့ဩတကြီး အော်လိုက်မိ၏။
သူမ နိုးလာသည့်အချိန်တွင် လီရှန်းကို မြင်ရလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါချေ။
“နင် ဒီမှာ ဘာလုပ်နေတာလဲ”
“ငါ အလုပ်ရုံဒါရိုက်တာဆီကို အလုပ်ကိစ္စနဲ့ လာတာ”
လီရှန်းက သူမ၏ လာရင်းကိစ္စကို အမြန်ပင် ပြောလိုက်၏။
လီလင်းက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။
အုပ်စုခေါင်းဆောင်နှစ်ဦးသည်လည်း လီလင်း နိုးလာသည်ကို မြင်လျှင်ပြောလာခဲ့ကြသည်။
“နင် ခဏလောက် နားလိုက်ဦး၊ သက်သာသွားမှ အလုပ်ပြန်လုပ်ပေါ့”
ထို့နောက် နှုတ်ဆက်ကာ ထွက်သွားရန် လုပ်ကြတော့၏။
“ကောင်းပါပြီ”
လီလင်းက အားနည်းစွာ ခေါင်းညိတ်ပြလိုက်သည်။
အုပ်စုခေါင်းဆောင်နှစ်ဦးကတော့ သက်ပြင်းချကာ ခေါင်းခါလိုက်မိကြ၏။
စက်ရုံထဲတွင် ဗိုက်ဆာလွန်းသည့်အတွက် သတိလစ်သွားသူကို ယခုမှသာ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
အုပ်စုခေါင်းဆောင်များ ထွက်သွားပြီးနောက်မှ လီရှန်းက မေးလိုက်၏။
“နင် ဘာလို့ မနက်စာ မစားခဲ့တာလဲ”
“ဘာလို့လဲတော့ မသိဘူး၊ ငါ စားလို့မရဘူး ဖြစ်နေတာ”
လီလင်းက ခေါင်းခါပြ၏။ သူမ၏ မျက်နှာမှာ ဖြူဖျော့နေဆဲ ဖြစ်ပေသည်။
“ငါ အမြဲတမ်း အိပ်ချင်နေသလိုပဲ၊ ပြီးတော့ အမြဲတမ်း အန်ချင်နေတာ”
သူမသည် ရင်ဘတ်ကို ဖိထားလိုက်ရင်း မေးလာလေ၏။
“ရှန်းရှန်း၊ ငါ ရောဂါတစ်ခုခု ရနေတာလား”
“မဟုတ်ဘူး”
လီရှန်းက အေးအေးဆေးဆေးပင် ပြောလိုက်၏။
“နင့်မှာ ကိုယ်ဝန်ရှိနေပြီ”
ကိုယ်ဝန် ဟုတ်လား?!
လီလင်း၏ မျက်လုံးများ ဝိုင်းစက်သွားပြီး ချက်ချင်းပင် ထိတ်လန့်သွားရသည်။
“ငါ... ငါ... ငါ လက်ထပ်ထားတာ တစ်လတောင် မပြည့်သေးဘူးလေ”
“ဟုတ်တယ်၊ ဒါပေမဲ့ နင့်မှာ ကိုယ်ဝန်ရှိနေတာ အမှန်ပဲ”
လီရှန်းက သက်ပြင်းချလိုက်သည်။
“နင့်ရဲ့ လက္ခဏာတွေက အစောကြီး ပြနေတာ၊ ဒါပေမဲ့ အခုက တစ်လရှိနေပြီ၊ နင်တို့ လက်မထပ်ခင်တုန်းက... ခင်ပွန်းသည်နဲ့ အတူရှိခဲ့ကြသေးလား”
လီလင်းမှာ ခဏမျှ မှိုင်သွားပြီးနောက် ချက်ချင်းပင် ခေါင်းငုံ့သွားကာ နားရွက်များမှာ နီရဲလာခဲ့၏။
ကောင်းပြီလေ။ ထပ်ပြီး ဖြေနေစရာ မလိုတော့ဘူး။
လီရှန်းက အေးဆေးတည်ငြိမ်စွာပင် ပြောလိုက်သည်။
“နင်ကတော့ တကယ်ပါပဲ... သူက နှစ်သစ်ကူး မတိုင်ခင်လေးမှ ပြန်လာတာ မဟုတ်ဘူးလား”
“သူ... သူ... ငါတို့ လက်ထပ်စာချုပ် သွားယူတဲ့နေ့က သူက...”
လီလင်းမှာ ရှက်လွန်းသောကြောင့် စကားပင် ဆက်မပြောနိုင်တော့ပါချေ။ လက်ထပ်စာချုပ် ရပြီဆိုကတည်းက လက်ထပ်ပြီးပြီဟု သူတို့ ထင်ခဲ့ကြသည်။ အခြေအနေကလည်း ပေးနေခဲ့သည့်အတွက် သူတို့ကိုယ်သူတို့ မထိန်းနိုင်ခဲ့ကြပါချေ။
တစ်ကြိမ်တည်းနှင့်ပင်...
လီလင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မျက်နှာမှာ ထပ်မံဖြူဖျော့သွားပြန်၏။
ယခုခေတ်ကာလတွင် လက်ထပ်စာချုပ် ရှိနေသော်လည်း လူတိုင်းက မင်္ဂလာဆောင်သည့်ရက်ကိုသာ အဓိကထားကြသည်မဟုတ်ပါလား။
အကယ်၍ သူမတွင် ကိုယ်ဝန်ရှိနေသည်ကို တခြားသူများ သိသွားကြလျှင် အမျိုးမျိုးသော အတင်းအဖျင်းများ ပြောကြတော့မည်ပင်။
အတင်းအဖျင်းနှင့် ကောလာဟလများမှာ ကြောက်စရာကောင်းသော လက်နက်များပင် ဖြစ်ပေသည်။
အလုပ်ရုံထဲတွင် အချိန်အတော်ကြာ နေခဲ့ဖူးသည့်အတွက် သူမက ဤအရာများကို အသိဆုံး ဖြစ်ပေသည်။
“နင် စားလို့မရရင်တောင် အတင်းတွန်းအားပေးပြီး စားရမယ်၊ ကံကောင်းတာက နင့်ရဲ့ မင်္ဂလာပွဲက တစ်လပြည့်ဖို့ ရက်နည်းနည်းငယ် လိုတော့တာလေ..
မကြောက်ပါနဲ့၊ ကိုယ်ဝန်ရှိတာက မကောင်းတဲ့အရာ မဟုတ်ပါဘူး၊ နင့်ယောက်ျားက ကလေးတွေကို အရမ်းချစ်တယ်လို့ ပြောဖူးတယ် မဟုတ်လား”
လီလင်းက ခေါင်းညိတ်လိုက်ပြီး သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို လက်ဖြင့် အသာထိလိုက်မိ၏။
ကလေးရလာသည့်အတွက် သူမ ဝမ်းသာမိသော်လည်း အနည်းငယ်လောက်လည်း ရှုပ်ထွေးနေခဲ့ပေသည်။ သူမ အမှန်တကယ်ပင် မိခင်ကောင်း တစ်ယောက် ဖြစ်နိုင်ပါမည်လား။
သူမ သက်သာသွားသည်ကို မြင်ရသည့်အချိန်မှသာ လီရှန်းက ထရပ်လိုက်ပြီး ဖန်ထုံကို ရှာရန် နားနေခန်းထဲမှ ထွက်လာခဲ့၏။
ဖန်ထုံသည်လည်း အလုပ်ပြီးကာစ ဖြစ်ပေသည်။ လီရှန်းကို မြင်သည့်အခိုက်တွင် ဖန်ထုံက သူမ၏ ပုခုံးကို တွန်းလိုက်ပြီး စနောက်လိုက်လေသည်။
“နင်ကတော့ တကယ့်ကို ဖုံးကွယ်ထားတာပဲ! သွေးခုန်နှုန်းတောင် စမ်းတတ်တာလား”
*