အခန်း (၁၇၉)
Vol. 18 Ch. 179
လီရှန်းက ဖန်ထုံ၏စကားကိုကြားလျှင် ပြုံးပြီး ခေါင်းခါလိုက်၏။
“မဟုတ်ပါဘူး၊ ကျွန်မ စမ်းကြည့်ရုံ သက်သက်ပါပဲ၊ ဘာမှလည်း ရှာမတွေ့ခဲ့ဘူးလေ”
ဖန်ထုံက ဆက်ပြောနေမည်ကို စိုးရိမ်သည့်အတွက် သူမက အမြန်ပင် ရှင်းပြလိုက်သည်။
“အစ်မလည်း သိနေသားပဲ၊ ကျွန်မ ငယ်ငယ်တုန်းက အရမ်းခက်ခဲခဲ့တာလေ၊ အဖေနဲ့နေတုန်းက မိထွေးက ကျွန်မကို ထမင်းမကျွေးတာတွေ ခဏခဏဖြစ်ဖူးတယ်၊
ဒါကြောင့် ဗိုက်ဆာရင်ဖြစ်တတ်တာကို ကျင့်သားရနေတော့ သူ ဗိုက်ဆာပြီး သတိလစ်သွားတာကို သိနေတာ”
ဖန်ထုံသည်ကား လီရှန်း၏ မိသားစု အခြေအနေကို မသိသော်လည်း၊ လွန်ခဲ့သော အချိန်တချို့က လီရှန်း၏ မိသားစုတွင် ပြဿနာတချို့ ကြုံခဲ့ရသည်ကိုတော့ သိထားပေသည်။
နောက်ပိုင်းတွင် လီရှန်း၏ မိခင်အရင်းမှာ စောစီးစွာ ဆုံးပါးသွားခဲ့ပြီး ဖခင်အရင်းမှာလည်း မကောင်းသောသူ ဖြစ်ကာ သူမကို နှိပ်စက်သည့် မိထွေးနှင့် လက်ထပ်ခဲ့ကြောင်း သူမ ကြားသိခဲ့ရ၏။
ထို့ကြောင့် လီရှန်း၏ စကားကို ကြားသောအခါ သူမက ပါးစပ်ကို ပိတ်လိုက်လေ၏။
“ငါက စပ်စုမိသွားတာပဲ၊ ငါက နင် သွေးခုန်နှုန်း စမ်းတတ်တယ်လို့ ထင်သွားတာ”
“ကျွန်မက သင်ယူချင်စိတ်တော့ ရှိပါတယ်၊ ကျွန်မ အဒေါ်ရဲ့ အစ်ကိုက ဆရာဝန်တစ်ယောက်လေ၊ သူဆီကနေပညာတချို့လောက်တော့ သင်ထားဖူးတယ်”
ထိုအကြောင်းက နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်သည့်အတွက် လီရှန်းက လုံးလုံးလျားလျားတော့ ငြင်းဆိုခြင်း မပြုခဲ့ပါချေ။
“ဒါဆိုရင် နင် တကယ်တတ်တာပဲပေါ့”
ဖန်ထုံက လီရှန်း၏ ရှင်းပြချက်ကို ဂရုမစိုက်ဘဲ သူမ၏ လက်မောင်းကို ဆွဲကာ ပြောလိုက်သည်။
“နင်က နှိမ့်ချနေတာပဲ၊ တကယ်ဆို နင်က အရမ်းဉာဏ်ကောင်းပြီး မှတ်ဉာဏ်ကောင်းတယ်လေ၊ ငါ နှစ်လလောက် သင်ခဲ့ရတာကို နင်က ရက်ပိုင်းအတွင်းမှာ အလွတ်ရခဲ့တယ်၊
သွေးခုန်နှုန်း စမ်းတာကို သင်ယူဖို့ဆိုတာ နင့်အတွက်တော့ အသေးအဖွဲပါပဲ၊ ဟုတ်တယ်မလား၊ ဒါပေမဲ့... နင်က ဆေးပညာကို ပိုပြီး ဝါသနာပါတာလား”
လီရှန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“အင်း”
“တကယ်တော့ ကျွန်မက ဆေးဝါးထုတ်တာထက် လူနာတွေကို ကုသပေးရတာကို ပိုပြီး ဝါသနာပါတာ၊ ဒါပေမဲ့ အစ်မလည်း သိတဲ့အတိုင်း အခု အခြေအနေက ဆရာဝန်လုပ်ဖို့ သိပ်မကောင်းသလို တက္ကသိုလ်တွေလည်း မရှိတော့ဘူးလေ”
လီရှန်းက သက်ပြင်းချလိုက်မိသည်။
“ကျွန်မက သာမန် အထက်တန်းအောင်ထားတဲ့သူ တစ်ယောက်ပဲဖြစ်နေသေးတာ၊ ပေကျင်းက ဆေးပညာ သင်တန်းလေးတစ်ခုခု တက်ခွင့်ရရင်တော့ တစ်မျိုးပေါ့”
ထိုသည်မှာလည်း သေချာပေါက် မဖြစ်နိုင်သောအရာ ဖြစ်ပေသည်။
ယခုအချိန်တွင် စီးပွားရေး အခြေအနေများက မကောင်းသကဲ့သို့ ဆေးပညာ သင်တန်းများမှာလည်း ကျောင်းသားသစ်ခေါ်ယူခြင်း မရှိသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။
ဖန်ထုံကလည်း သက်ပြင်းချလိုက်သည်။
“ဟုတ်တယ်၊ ဒီဘက်ခေတ်မှာ ဆရာဝန်လုပ်ရတာက အန္တရာယ် များလွန်းတယ်”
ယခုခေတ်ကာလတွင် ဆရာဝန်များမှာ ကျောင်းဆရာများကဲ့သို့ပင် ဖြစ်နေခဲ့သည်။ သတိမထားပါက ရဲသို့ အတိုင်ခြင်း ခံရနိုင်ပေသည်။
သို့သော်လည်း ရည်မှန်းချက်ရှိသော ဆရာဝန်တစ်ဦးအနေဖြင့် ကျော်ကြားသော ဆရာဝန်ဖြစ်ချင်လျှင် မူရင်းဆေးကျမ်း တစ်အုပ်၊ နှစ်အုပ်လောက်တော့ လက်ထဲတွက် မရှိဘဲ မဖြစ်နိုင်ပါချေ။
သူတို့နှစ်ဦးမှာ ယခုခေတ်ကာလ၏ ခက်ခဲသော အလုပ်အကိုင် အခြေအနေများကို ညည်းညူရင်း ရုံးခန်းသို့ ပြန်လာခဲ့ကြ၏။
ဒုတိယအလုပ်ရုံအတွက် ထုတ်လုပ်မှု တာဝန်များကို ပေးအပ်ပြီးစီးသွားခဲ့ပြီ ဖြစ်ပေသည်။ အလုပ်ရုံဒါရိုက်တာ မျှော်လင့်ထားသည့်အတိုင်းပင်။
သူတို့၏ တာဝန်များမှာ အလုပ်ရုံ (၁) နှင့် ဆင်တူသော်လည်း ထုတ်ကုန် အမျိုးအစားတချို့တွင်သာ ကွဲပြားမှု ရှိပေသည်။ အရာအားလုံးမှာ ထိုးဆေးများသာဖြစ်ပြီး အဓိကအားဖြင့် အဖျားကျဆေးနှင့် ချောင်းဆိုးပျောက်ဆေးများသာ ဖြစ်ကြပေသည်။
ရုံးခန်းသို့ ပြန်ရောက်သည့်အချိန်တွင် ဒါရိုက်တာဝမ်က စားပွဲကို ထုကာ အစ်မလျို့နှင့်အတူ စကားများနေသည်ကို တွေ့လိုက်ရ၏။
အကြောင်းရင်းမှာတော့...
“ဒါက တွေ့ဆုံပွဲလေးတစ်ခုပဲလေ”
အစ်မလျို့က နားထင်ကို ပွတ်သပ်လိုက်မိ၏။ သူမက ဒါရိုက်တာဝမ်၏ ပုန်ကန်ထကြွမှုကို စိတ်ပျက်နေပုံရပေသည်။
“ငါက ဘာလို့ မင်းရဲ့စကားကို နားထောင်ရမှာလဲ၊ ပြီးတော့ သူကိုယ်တိုင် ဘာလို့ လာမပြောတာလဲ၊ ဒီလို ပုဂ္ဂိုလ်ရေး ကိစ္စမျိုးကို ဘာလို့ ရအလုပ်ရုံးခန်းကို ဖုန်းဆက်ပြီး ပြောရတာလဲ.. သူ ဘာလုပ်ချင်နေတာလဲ”
ဒါရိုက်တာဝမ်မှာ အလွန်ပင် စိတ်ဆိုးဒေါသထွက်နေခဲ့ပုံရ၏။ သူသည်က လက်သီးကို တင်းကြပ်စွာ ဆုပ်ထားပြီး သူ၏မျက်နှာတွင်တော့ နာကျည်းမှုများ ပြည့်နှက်နေခဲ့ပေသည်။
အစ်မလျို့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး၊ လီရှန်းတို့ ပြန်ရောက်လာသည်ကို မြင်လျှင်ခေါင်းညိတ်၍နှုတ်ဆက်လိုက်၏။
ထို့နောက် သူမက ဒါရိုက်တာဝမ်ဘက်သို့ ပြန်လှည့်ကာ ပြောလာသည်။
“ရှောင်လီနဲ့ ရှောင်ဖန်တို့ကို ကြည့်စမ်းပါဦး၊ သူတို့က အသက် ငယ်ငယ်လေးပဲရှိသေးပေမဲ့ သာယာတဲ့ မိသားစုလေးတွေ တည်ထောင်ထားကြပြီ၊ ရှင်က အသက် ဘယ်လောက်ရှိပြီလဲ
ရှင့်အမေကို အပြစ်မတင်ပါနဲ့၊ သူမက တကယ်ပဲ ဘာမှတတ်နိုင်တော့လို့သာ စက်ရုံညွှန်ကြားရေးမှူးရုံးခန်းဆီကို ဖုန်းဆက်ခဲ့ရတာပေါ့”
အေးအေးဆေးဆေး နေတတ်သော ဒါရိုက်တာရန်ပင်လျှင် ဒါရိုက်တာဝမ်အတွက် ကြင်ဖက်တွေ့ဆုံပွဲတစ်ခု စီစဉ်ပေးရန် တောင်းဆိုခြင်း ခံခဲ့ရသည်ဆိုကတည်းက ဒါရိုက်တာဝမ်၏ မိခင်မှာ မည်မျှအထိ ခက်ခဲသည်ကို သိနိုင်ပေသည်။
ဒါရိုက်တာဝမ်က ပြန်လည်ချေပရန် ပြင်လိုက်စဉ်မှာပင် အစ်မလျို့က လက်မြှောက်ကာ တားမြစ်လိုက်၏။
“ရှင် လက်ထပ်တာ၊ မလက်ထပ်တာကတော့ ကျွန်မနှင့်ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး၊ ကျွန်မနဲ့ လာပြီး ငြင်းခုံနေမဲ့အစား ရှင်အမေရဲ့ စိတ်ကို သွားပြီး ဖြေလျှော့ပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်”
အစ်မလျို့၏ မျက်လုံးများက အတော်လေး တင်းမာနေခဲ့လေ၏။ သူမသည်က အားနည်းသူကိုသာ အနိုင်ကျင့်တတ်သော ဒါရိုက်တာဝမ်၏ အလေ့အကျင့်ကို ယနေ့တွင် သေချာပေါက် ဆုံးမရန်အတွက်ဆုံးဖြတ်ထားပုံရပေသည်။
သူမက စားပွဲပေါ်မှ ဖုန်းကို ယူကာ ဒါရိုက်တာဝမ်၏ အရှေ့သို့ ချပေးလိုက်သည်။
“အခုချက်ချင်း ရှင့်အမေဆီကို ဖုန်းဆက်လိုက်စမ်းပါ၊ အခုချက်ချင်းပဲ ဆက်လိုက်”
ဒါရိုက်တာဝမ်က ငြင်းဆိုလိုက်၏။
သူသည်က သူ၏ တင်းကြပ်လွန်းသော မိခင်အရင်း၏ လက်မှ လွတ်မြောက်ရန်အတွက် ပြည်နယ်မြို့တော်မှ ဤခရိုင်မြို့လေးသို့ လာခဲ့ခြင်းဖြစ်သည်မဟုတ်ပါလား။
“ဒါဆိုရင်လည်း မငြင်းနေနဲ့တော့၊ အလုပ်ဆင်းရင် အိမ်ပြန်ပြီး အင်္ကျီလဲလိုက်.. ပြီးရင် ကျွန်မနဲ့အတူ အဲဒီ ကြင်ဖက်တွေ့စုံပွဲကို လိုက်ခဲ့တော့”
ဒါရိုက်တာဝမ်က လက်လျှော့သွားသည်ကို မြင်ရသည့်အချိန်မှသာ အစ်အလျို့က နှာခေါင်းရှုံ့လိုက်လေသည်။
သူမသည်လည်း အမှန်တကယ်ပင် ပင်ပန်းလွန်းနေပြီဖြစ်ကာ ဌာနပြောင်းချင်စိတ်ပင် ဖြစ်နေခဲ့မိရ၏။
ဒါရိုက်တာဝမ်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ရုံးခန်းသို့ ပြန်သွားခဲ့လေသည်။
သူ ထွက်သွားပြီးနောက် အစ်မလျို့ကလက်ဖက်ရည်ခွက်ကို ကိုင်ကာ လျှောက်လာခဲ့၏ ။
“ဒီနေ့ အစည်းအဝေးက ဘယ်လိုလဲ အဆင်ပြေခဲ့ကြရဲ့လား”
“အရမ်း အဆင်ပြေချောမွေ့ပါတယ်”
လီရှန်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။
“ညွှန်ကြားရေးမှူးကျန်းက အဖွဲ့တွေ ခွဲပြီးသွားပါပြီ၊ ပစ္စည်းတွေ ရောက်တာနဲ့ သူတို့ ချက်ချင်း စကြတော့မှာပါ”
သူမသည် စကားပြောရင်းနှင့် ပစ္စည်းစာရင်းကို အစ်မလျို့ဆီသို့ ကမ်းပေးလိုက်သည်။
“ဒါတွေက အဖွဲ့တစ်ဖွဲ့ချင်းစီက ပြင်ထားတဲ့ စာရင်းပါ”
အစ်မလျို့က ထိုစာရင်းများကို ယူကာ သေသေချာချာ ကြည့်လိုက်၏ ။
“ဦးတည်ချက်တွေက မတူကြဘူးပဲ”
“ဟုတ်ပါတယ်၊ အဖွဲ့နှစ်ဖွဲ့ရှိတာဆိုတော့ လမ်းကြောင်းတစ်ခုတည်းကိုပဲ လိုက်နေမဲ့အစား လမ်းကြောင်းနှစ်ခုကနေ စတာက ပိုကောင်းတာပေါ့”
လီရှန်းက သူမအတွက် ရေတစ်ခွက် ငှဲ့လိုက်ပြီး စာရင်းထဲမှ နေရာတစ်ခုကို လက်ညှိုးထိုးကာ ပြောလိုက်လေ၏။
“ဒီပစ္စည်းလေးက စိတ်ဝင်စားစရာပဲနော်”
ဤသည်မှာ စုဝေ့ဟိုင် တောင်းဆိုထားသည့်အရာ ဖြစ်ပေသည်။
“နင် ဒါကို နားလည်လို့လား”
အစ်မလျို့ အနည်းငယ် အံ့ဩသွားရ၏။
မည်သို့ပင်ဆိုစေ လီရှန်း ဤနေရာတွင် အလုပ်လုပ်သည်မှာ တစ်လမျှသာ ရှိသေးသည်မဟုတ်ပါလား။
“လူတစ်ယောက်ကို ရာထူးအတွက် အကြံပေးတဲ့အချိန်မှာမှာ ဆွေမျိုးဖြစ်နေတာကို ရှောင်စရာ မလိုပါဘူး”
လီရှန်းက အပြုံးတစ်ခုဖြင့်ပြောလိုက်လေ၏။ သူမသည်က စုဝေ့ဟိုင်နှင့် ပတ်သက်မှုကို ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။
“သူက ကျွန်မရဲ့ အစ်ကိုကြီးပဲလေ”
အစ်မလျို့သည်လည်း ခပ်တိုးတိုးရယ်မောလိုက်လေ၏။ သူမက လီရှန်း၏ ထောက်ခံချက်ကို အလေးအနက်ယူဆခြင်း မရှိပါချေ။
ထိုနေ့အတွက် တာဝန်များမှာ နောက်ဆုံးတွင် ပြီးစီးသွားခဲ့ပြီ ဖြစ်၏။ အလုပ်မဆင်းမီအချိန်တွင် လီရှန်းနှင့် ဖန်ထုံတို့မှာ ငြိမ်ငြိမ်သက်သက် ထိုင်ကာ စာဖတ်ရန်အတွက် အချိန်ရရှိခဲ့ကြသည်။
အလုပ်ဆင်းချိန်သို့ ရောက်လျှင် လျို့က ထပ်မံလျှောက်လာပြီး သူတို့ကိုပြောလိုက်၏။
“အိမ်ကို စောစောပြန်ကြတော့၊ နောက်ပိုင်းရက်တွေမှာ တာဝန်တွေက ပိုပြီးတော့ များလာလိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူမသည်လည်း လက်ကိုင်အိတ်လေးကို ဆွဲကာ အရင်ဆုံး ထွက်သွားခဲ့လေ၏။
ဒါရိုက်တာဝမ်မှာတေား သူမ၏နောက်မှ မျက်နှာပျက်ယွင်းစွာဖြင့် လိုက်ပါသွားခဲ့လေသည်။
သူမသည် ဒါရိုက်တာဝမ်ကိုကြင်ဖက်တွေ့ဆုံပွဲသို့ ခေါ်ဆောင်သွားရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ထင်ရှားပေ၏။
“ဒါရိုက်တာက အမျိုးသမီး အဆောင်က ဝန်ထမ်းတစ်ယောက်နဲ့ ပတ်သက်နေတယ်လို့ ပြောကြတာ မဟုတ်ဘူးလား”
လီရှန်းအနေဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က ကြားခဲ့ရသော ကောလာဟလများကို ပြန်လည်တွေးမိသည်။
“ငါလည်း ကြားဖူးတယ်၊ ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ ဘာသတင်းမှ မရှိတော့ဘူးလေ”
သို့မဟုတ်ပါက အမေဝမ်အနေဖြင့် စက်ရုံညွှန်ကြားရေးမှူးထံ ဖုန်းဆက်နေစရာ အကြောင်းမရှိပါချေ။
လီရှန်းလည်း သက်ပြင်းချလိုက်မိ၏။
ယခုခေတ်ကာလတွင် အိမ်ထောင်မပြုရန် ဆုံးဖြတ်ခြင်းမှာ အမှန်တကယ်ပင် သတ္တိရှိရန် လိုအပ်ပေသည်။
“ငါ သွားပြီနော်၊ သူတို့ မနက်ဖြန် သုတေသနဌာနထဲကို ပြောင်းကြတော့မှာဆိုတော့ .. ငါ ဒီနေ့ည အိမ်ပြန်ပြီး သူတို့အတွက် ကောင်းကောင်းလေး ချက်ကျွေးရဦးမယ်”
ဖန်ထုံက စားပွဲကို ခပ်သွက်သွက် သိမ်းဆည်းလိုက်ရင်း ပြောလာ၏။
“နင်လည်း စောစောပြန်တော့၊ ငါ သွားပြီ”
ထိုသို့ပြောပြီးနောက် သူမက ဝင်းထဲမှ ပြေးထွက်သွားတော့၏။
လီရှန်းမှာတော့ စိတ်အေးလက်အေး ရှိနေပြီး အလျင်လိုခြင်း မရှိပါချေ။ မည်သို့ပင်ဖြစ်စေ သူမ၏ ခင်ပွန်းသည်မှာ သုတေသနဌာနမှ မဟုတ်သည့်အတွက် အလုပ်များလာမည်ဆိုလျှင်ပင် သူမကသာ အလုပ်များမည်ဖြစ်ပြီး စုဝေ့ချင်းမှာတော့ အလုပ်များမည် မဟုတ်ပါချေ။
*