ထင်မထားတဲ့ ဧည့်သည်
Vol. 163 Ch. 2346
“ သန်း ၁၂၀ … “
မိသားစုနှစ်ခုလုံး ပင့်သက်ရှိုက်မိသွားခဲ့ကြသည်။
“ သူပြောတာတော့ အဲ့လောက်တဲ့ … တကယ်လည်း အဲ့လောက် ပေးရလောက်တယ် …” ကူရိရန်က သူမ၏ နာရီကို တစ်ချက် ကြည့်လိုက်ပြီး “ နောက်မှ ဆက်ပြောကြတာပေါ့ … ကျွန်မ သွားရတော့မယ် ….”
ကူရိရန် များများစားစား အာရုံမထားဘဲ ကားတံခါး ဖွင့်၍ လင်းရီနှင့်အတူ ထွက်ခွာသွားခဲ့သည်။
“ ဒါ … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ရိရန်ရဲ့ လုပ်ဖော်ကိုင်ဖက်က တကယ်ပဲ ယွမ် သန်း ၁၂၀ တန်တဲ့ ကားမျိုး မောင်းနေတယ် ….” လီချောင်ဟုန်က မယုံကြည်နိုင်သည့် လေသံဖြင့် ပြောဆိုလိုက်၏။
“ ငါလည်း မသိဘူး …. ငါ့ဘဝတစ်သက်လုံး အဲ့လောက်များတဲ့ ငွေတွေဆိုတာ စိတ်ကူးတောင် မယဉ်ဖူးဘူး ….”
“ ဒါပေမယ့် အဲ့ကားမောင်းတဲ့ ကောင်လေး ကြည့်ရတာ ရုပ်ရည်က အတော်လေး မဆိုးဘူးပဲနော် …. တော်တော်လေး ကြည့်ကောင်းတယ် ….” လီချောင်ဟုန်က တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပြောဆိုလိုက်၏။
“ အင်း … တကယ့်ကိုပဲ …. ပြောရက်စရာ မရှိလောက်အောင်ကို ချောတယ် …..”
“ အဟမ်း လောင်ကူ … ငါတို့လည်း တစ်ခြားကိစ္စလေးတွေ ရှိသေးတယ်ဆိုတော့ အရင်သွားနှင့်ပြီကွာ ….” လီရှင်းချင်းက ကိုးရို့ကားယားနိုင်စွာ ဆိုလိုက်၏။
“ မင်းမှာ ကိစ္စရှိနေတယ်ဆိုမှတော့ ငါလည်း အတင်းနေခိုင်းမနေတော့ဘူး … နောင်ကျ ထပ်တွေ့ကြတာပေါ့ ….”
“ ဒါပေါ့ ဒါပေါ့ ….”
လီမိသားစုက ကိုးရို့ကားယားနိုင်စွာဖြင့် ကားထဲသို့ ဝင်သွားကြပြီး အလျင်အမြန် ထွက်ခွာသွားခဲ့ကြသည်။
ကူရိရန်၏ ဦးလေးအိမ်က ထွက်လာခဲ့ပြီးနောက် နှစ်ယောက်က လီရှန်းဟွေ့၏ နေရာသို့ မောင်းနှင်လာသည်။
လီရှန်းဟွေ့၏ နေအိမ်က သာမန် ရပ်ကွက်လေး တစ်ခုထဲမှာ ဖြစ်၏။ အသစ်ဆောက်ထားသည့် ရပ်ကွက်လည်း မဟုတ်သကဲ့သို့ ခေတ်အောက်နေသည့် နေရာမျိုးလည်း မဟုတ်ပေ။ ရေမီးအစုံ၊ ပစ္စည်းအစုံအလင်နှင့် လိုအပ်သည့် အရာအားလုံး ရှိပြီး အတော်လေး အဆင်ပြေသည့် နေရာရပ်ကွက်တစ်ခုပင်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ကျိုကျုံးဗီလာကပင် အနည်းငယ် ခြောက်ကပ်ကပ်နိုင်လေသည်။
“ မင်း အစ်ကိုလီနဲ့ အခုတစ်လော အဆက်အသွယ် လုပ်ဖြစ်သေးလား … သူ ဘယ်လိုနေသေးလဲ ….”
“ တစ်မြန်မနေ့တုန်းကတော့ အစ်ကိုလီကို ဆေးရုံကနေ သွားကြိုလာခဲ့ပေးသေးတယ် … ဒါပေမယ့် သူ့ကြည့်ရတာ သိပ်ပြီး မပျော်မရွှင် ဖြစ်နေသလိုပဲ ….” ကူရိရန်က ဆံပင်ကို သပ်လိုက်ပြီး စိတ်ခံစားချက် သိပ်မကောင်းဟန်ဖြင့် သက်ပြင်းချလိုက်သည်
“ အစ်ကိုလီက ပြိုင်ဆိုင်ချင်စိတ် ၊ တိုက်ခိုက်ချင်စိတ် မရှိတာကြောင့်နဲ့ပဲ အထင်မလွဲလိုက်နဲ့ …. ဘာလို့ဆို သူက ကျွန်မတို့လို လူငယ်လေးတွေကို ဦးစားပေးနေတာကြောင့်ပဲ … တကယ့်တကယ်ကျတော့ သူလည်း အတော်လေး ပြိုင်ဆိုင်လိုစိတ် ပြင်းထန်တဲ့ လူစားမျိုးပဲ … အခု ဒီလို ကိစ္စရပ်မျိုး ဖြစ်သွားခဲ့တယ်ဆိုတော့ အရင်လို နေရာမျိုး ပြန်ပြီး အလုပ်မလုပ်နိုင်လောက်တော့ဘူးဆိုတာ သူ့ကိုယ်သူ သေချာ နားလည်နေလောက်တယ် …. ပြီးတော့ သာမန်လူတစ်ယောက်လို ဆက်ပြီး သွားလာနေထိုင်နိုင်ပါ့ဦးမလားဆိုတာကတောင် မေးခွန်းထုတ်ချင်စရာ ဖြစ်နေပြီလေ …. တကယ်လို့ မနေ့တုန်းက အစ်ကိုရီ မဆက်သွယ်လာခဲ့ဘူးဆိုရင် ကျွန်မ ခေါ်လိုက်တော့မလို့ပဲ … သူ့အိမ်တော့ သွားကြည့်သင့်တယ် ….”
“ တစ်ချို့အရာတွေက အတင်းအကျပ် လုပ်ယူလို့မှမရတာ …. ဒီ အခြေအနေအထိတိုးတက်လာတာကတောင် အတော်လေး မဆိုးဘူး ပြောရမယ် ….” လင်းရီပြောလိုက်သည်။
“ အခုတော့ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု အပေါ်မှာပဲ မူတည်တယ် …. ဆေးနယ်ပယ်မှာ အလားတူ ကေ့စ်မျိုးတွင် ပြန်ကောင်းလာတာမျိုးလည်း ရှိတာပဲဟာ …. အရမ်းကြီးလည်း အဆိုးမြင်နေစရာ မလိုပါဘူး … အကောင်းဘက်ကနေ တွေးပြီး စဉ်းစားကြတာပေါ့ ….”
“ အွန်း ….”
ကူရိရန်က လီရှန်းဟွေ့၏ သင်ကြားပြသပေးခြင်းကို ခံခဲ့ရပြီး သူမတို့နှစ်ဦး၏ ပတ်သက်မှုက ဆရာတပည့်ကဲ့သို့ပင်။ ထို့ကြောင့် လီရှန်းဟွေ့၏ ကျေးဇူးတရားကို သူမစိတ်ထဲ အမြဲ အမှတ်ရနေသည်။
နာရီဝက်နီးပါးခန့် ကြာပြီးနောက် နှစ်ယောက်က ကားကို လီရှန်းဟွေ့ နေထိုင်သည့် လမ်းတွင် ပါကင်ထိုးလိုက်သည်။
အစောပိုင်းတုန်းကကဲ့သို့ ကားရောက်လာသည်နှင့် လူအများအပြား၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။ အထူးသဖြင့် လူငယ် အမျိုးသား ၊ အမျိုးသမီး အများအပြားက ၎င်းတို့၏ ဖုန်းများဖြင့် ဓာတ်ပုံများစွာ ရိုက်ယူနေကြတော့သည်။
လင်းရီကတော့ များများစားစား အာရုံထားမနေချေ။ ကူရိရန်နှင့်အတူ ကားထဲက ထွက်၍ လက်ဆောင်ပစ္စည်းများအား သယ်ဆောင်ပြီး လီရှန်းဟွေ့၏ အိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
“ ဟယ် … လင်းရီနဲ့ ရိရန် … နင်တို့ အိမ်လာလည်ကြတာလား ….”
ကားတံခါးကို ကျန်းဝန်လီက လာရောက်ဖွင့်ပေးပြီး လင်းရီနှင့် ကူရိရန်တို့ကို အိမ်ထဲသို့ ပျူငှာနွေးထွေးစွာ ကြိုဆိုလိုက်၏။
လီရှန်းဟွေ့၏ အိမ်က မကြီးမားပေ။ ၆၀ စတုရန်းမီတာဝန်းကျင်ခန့်မျှ ရှိပြီး မိသားစုသုံးဦး မွမ်းကြပ်ခြင်း မရှိ၊ အဆင်ပြေပြေ နေနိုင်သည့် အရွယ်အစား ဖြစ်၏။
အိမ်ထဲသို့ ဝင်ရောက်လာတော့ လီရှန်းဟွေ့က ဆိုဖာပေါ် ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူ့ဘေးတွင် ဂျိုင်းထောက်(ချိုင်းထောက်)တစ်စုံလည်း ရှိနေသည်။
“ ဦးဦးနဲ့ တီတီ … ဟယ်လို ….”
လီရှန်းဟွေ့၏ သမီးက နှစ်ယောက်ကို နှုတ်ဆက်လာသည်။
ကူရိရန်က သူမလေးတို့၏ ခေါင်းများအား ပွတ်သပ်ပေးလိုက်သည်။ “ နှစ်ဆုံး စာမေးပွဲမှာ ဒုတိယဆုရတယ်ဆို … သိပ်တော်တာပဲ ….”
ကောင်မလေးက ရွှင်ပြသွားခဲ့၏။ “ နောက်တစ်ခါကျရင် ပထမဆုရအောင် ကြိုးစားမယ် ….”
“ ဟုတ်လား … ဒါဆို သမီး ပထမရရင် တီတီလေးက ဒစ်စနီလန် ခေါ်သွားပေးမယ်ဆိုရင်ကော ….”
“ တကယ်ပြောတာလား … မလိမ်ရဘူးနော်….” ကောင်မလေးက လေးနက်သည့် အမူအရာဖြင့် ပြောလာခဲ့၏။
“ တီလေးက သမီးကို ဘယ်တုန်းက လိမ်ဖူးလို့ …. သမီး ပထမရတာနဲ့ တီးလေး နင့်ကို ခေါ်သွားပေးမယ် ….”
“ လက်သန်းချင်းချိတ်ပြီး ကတိလုပ်မယ် ….” ကောင်မလေးက သူမ၏ လက်သန်းသေးသေးကို ထုတ်လာခဲ့သည်။
“ သွားပြီး အိမ်စာသွားလုပ်တော့ … အချိန်ပြည့် ဆော့ဖို့လောက်ချည်း စဉ်းစားနေတယ် ….” လီရှန်းဟွေ့က ဝင်ပြောလိုက်၏။
“ အာ … ဟင့်အင်းးးး …” ကောင်မလေးက မျက်နှာစူပုပ်သွားခဲ့၏။ သူမအဖေ၏ ခြေထောက်ဒဏ်ရာက မည်မျှ ပြင်းထန်လဲဆိုတာ မသိသည့် ပုံပင်။
သို့ပေမယ့် ဖခင် ဖြစ်သူ စကားကို နာခံပြီး အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ လင်းရီနှင့် ကူရိရန်တို့ကတော့ လီရှန်းဟွေ့နံဘေးရှိ ဆိုဖာတွင် ထိုင်ချလိုက်ကြသည်။
ထိုစဉ်အချိန်မှာပဲ ကျန်းဝန်လီက လောလောလတ်လတ် ဆေးကြောထားသည့် သစ်သီးများကို ထုတ်ယူလာခဲ့ပြီး ကော်ဖီစားပွဲပေါ်တွင် လာချပေး၏။
“ နင်တို့နှစ်ယောက်ကတော့လေ … လာမယ်ဆိုလည်း လူပဲ လာရောပေါ့ … ဘာလို့ ပစ္စည်းတွေက ဝယ်လာခဲ့သေးတာ …. ဆေးရုံတက်တုန်းကလည်း နင်တို့ကို ဒုက္ခပေးခဲ့ပြီးပြီ … အားနာလိုက်တာ ….”
“ အဲ့တာကတော့ ကျွန်တော်တို့တွေ လုပ်ပေးသင့်တဲ့ အရာပဲလေ … စခန်းမှာဆို အစ်ကိုလီက ကျွန်တော်တို့ကို စောင့်ရှောက်ပေးနေကြပဲဟာ …..”
“ ကဲကဲ … နင်တို့တွေ စကားပြောကြ … အစ်မ ဟင်းသွားချက်လိုက်ဦးမယ် … နေ့လည်စာတော့ ဒီမှာပဲ စားသွားလိုက်တော့ ဟုတ်ပြီလား ….”
“ အလုပ်ရှုပ်ခံစရာ မလိုပါဘူး မရီးရယ် …. ကျွန်မတို့ တစ်ခြား ကိစ္စလေးတွေ ရှိသေးလို့ စားဖို့ကတော့ အဆင်မပြေလောက်ဘူးရယ် ….” ကူရိရန် ပြောလိုက်၏။
“ နေ့လည်တောင် ရောက်တော့မယ် … အစ်မတို့လည်း စားတော့မှာ … နင်တို့ပါ တစ်ခါတည်း စားသွားလိုက် … အားနာနေစရာ မလိုပါဘူး ….”
ကျန်းဝန်လီ၏ စိတ်အားထက်သန်နေမှုကို မြင်တော့ နှစ်ယောက်လည်း ငြင်းရခက်သွားခဲ့ကြသည်။ ထို့ကြောင့် ခေါင်းညိတ်ရုံမျှသာ တတ်နိုင်ပေသည်။
“ ဘယ်လိုနေသေးလဲ အစ်ကိုလီ …. လမ်းလျှောက်နိုင်တယ်မလား ….” လင်းရီ မေးလိုက်၏။
လီရှန်းဟွေ့က သူ့ ဘယ်ဘက်ခြေထောက်ကို ပုတ်ပြလိုက်ပြီး “ ဝိတ်ကို မခံနိုင်သေးဘူး ….”
“ ခင်များက လောကြီးလွန်းပါတယ် … အနာကို နည်းနည်းကြာကြာ သက်သာပါစေဦးပေါ့ … မဟုတ်ရင် ပိုဆိုးသွားနိုင်တယ်နော်…..”
“ အေးပါ … ငါ့အကြောင်းချည်းပဲ ပြောမနေကြနဲ့ဦး ….” လီရှန်းဟွေ့က အပြုံးဖြင့် ဆိုလိုက်ပြီး “ ခဏနေကြရင် တစ်ခွက်လောက် သောက်ကြတာပေါ့ ….”
“ မလုပ်နဲ့ မလုပ်နဲ့ … အစ်ကိုလီရဲ့ လက်ရှိ အခြေအနေနဲ့ အရက်သောက်လို့က မရသေးဘူး … အနာကိုပဲ အရင်သက်သာအောင် လုပ်စမ်းပါဦး အစ်ကိုလီရယ် ….” ကူရိရန် ပြောလိုက်သည်။
“ နှစ်သစ်ကူးပြီးလို့ လူတိုင်း ပြန်ဆုံကြတဲ့အချိန် အဲ့တော့ကျမှပဲ သောက်လို့လည်း ရတာပဲဟာ …..”
“ နည်းနည်းပါးပါးသောက်လို့က အဆင်ပြေပါတယ် … အဲ့လောက်ကြီးလည်း မလိုပါဘူး ….”
ကူရိရန် မျက်လုံးလှန်ပြလိုက်သည်။ လင်းရီနှင့် ပတ်သက်၍ ကူကယ်ရာမဲ့နေမိတော့၏။ ထို့နောက် မီဖိုချောင်ထဲသို့ ဝင်သွားပြီး ကျန်းဝန်လီကို သွားရောက် ကူညီပေးနေလိုက်တော့သည်။
“ မရီးက ဒီနေ့ အလုပ်မသွားဘူးလား ….”
“ နင့်အစ်ကိုလီက ဒီလို ဖြစ်နေတာရယ် … ကလေးကိုလည်း ကျောင်းကြိုကျောင်းပို့ လုပ်ရဦးမှာဆိုတော့ အလုပ် ဘယ်တက်နိုင်တော့မှာလဲ … ဒါကြောင့်မို့ ဆေးခွင့် နှစ်လ တင်ထားလိုက်တယ် … ဒီအတောအတွင်းတော့ စောင့်ကြည့်ကြတာပေါ့ ….”
“ ဒါများ အစောကတည်းက ပြောရောပေါ့ … ကလေးအကြိုအပို့လုပ်တာက ညီမလုပ်ပေးလည်း ရတာပဲဟာ ….”
ကူရိရန် ဤစကားမျိုး ပြောလိုက်သည်က ကျန်းဝန်လီကို အလုပ်ဆက်လုပ်ဖို့ရာအတွက် ခွန်အားပေးချင်သောကြောင့်ပင်။
အစ်ကိုလီက လက်ရှိတွင် လစာနှင့် ပျက်ကွက်ခွင့် ရထားသော်လည်း စည်းမျဉ်းစည်းကမ်းတို့အရ အခြေခံ လုပ်အားခမျှသာ ရရှိသည်။ မများပြားပေ။ အကယ်၍ ကျန်းဝန်လီလည်း အလုပ်မလုပ်ဘူးဆိုပါက မိသားစု၏ ငွေကြေးအခြေအနေမှာ ပြဿနာရှိလာနိုင်ပြီး ကျော်လွှားဖို့အတွက် ခက်ခဲလာနိုင်သည်။
“ နင့်မှာလည်း လုပ်စရာတွေ ရှိမှာပဲကို ဒီလိုမျိုး မလုပ်ပေးလည်း ရပါတယ် …” ကျန်းဝန်လီက ခါးသက်စွာ ပြုံးလိုက်မိ၏။ သူမ၏ လေသံထဲတွင် အကယ်၍ သူမတွင်သာ ရွေးချယ်ခွင့် ရှိပါက သူမလည်း အလုပ်လုပ်ချင်ကြောင်း မြင်သာနေသည်။
“ အိမ်က ပေါင်ထားတုန်းပဲ ရှိသေးတယ် … ပြီးတော့ ကလေးရဲ့ ကျောင်းစားရိတ်အတွက်လည်း ပိုက်ဆံလိုတယ် … အစ်ကိုလီရဲ့ လစာကိုပဲ မှီခိုနေလို့ကတော့ ဘယ်လိုမှ လောက်မှာ မဟုတ်ဘူး …”
“ ငါ အိမ်ကနေ လုပ်လို့ရမယ့် အလုပ်တစ်ခု ရှာထားတယ် … အချိန်ဇယားကလည်း ပြောင်းလွယ်ပြင်လွယ်ရှိတယ် …. ငွေလည်း နည်းနည်းရတယ် … ဒီကာလ အတောအတွင်းတော့ နင့်အစ်ကိုလီကို စောင့်ရှောက်ရင်း စားဖို့သောက်ဖို့ကတော့ ပူစရာ မလိုပါဘူး ….”
“ မရီး … တကယ်လို့ အခက်အခဲ တစ်ခုခု ရှိရင် ညီမကို ပြောနော်…. ညီမရဲ့ ငွေက ဘယ်လောက်မှ မများပေမယ့် အနည်းဆုံး သုံးလေးသိန်းလောက်တော့ စုထားတာ ရှိတယ် … အစ်ကိုလီဆီ လွှဲပေးလို့ရတယ် ….”
“ ဒါတော့ ဘယ်ဖြစ်မှာလဲ ရိရန်ရယ် … နင်လည်း နင့်အစ်ကိုလီက ဘယ်လိုလူစားမျိုးလည်း ဆိုတာ မသိရင်ခက်မယ် … နင်က သူ့ရဲ့ အလုပ်သင်တပည့်လေ … နင့် ပိုက်ဆံကို သူ ဘယ်မျက်နှာနဲ့ လက်ခံနိုင်မှာ … အဲ့လိုလုပ်လိုက်ရင် သူ့မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်သွားမှာပေါ့ ….” ကျန်းဝန်လီက ကျေးဇူးတင်သည့် လေသံဖြင့် ငြင်းလိုက်၏။
“ နင် စိုးရိမ်ပေးတာကိုတော့ ကျေးဇူးတင်ပါတယ် … ငါတို့ကိစ္စကိုတော့ ပူပေးစရာ မလိုဘူး ….”
“ တကယ်လို့ အကူအညီတစ်ခုခုလိုရင် ညီမတို့ကို ပြောပြဖို့ မမေ့နဲ့နော်….”
“ အေးပါ အေးပါ ….”
တင်းတောင် တင်းတောင် တင်းတောင် …
နှစ်ယောက် နေ့လည်စာပြင်ဆင်ရင်း အလုပ်များနေစဉ် တစ်စုံတစ်ယောက်က တံခါးဘဲလ်ကို အလောတကြီး လာနှိပ်သည့် အသံများအား ကြားလိုက်ရ၏။