ပညာရှိ အဘိုးအို
Vol. 16 Ch. 214
အချိန်သည်ပင် အေးခဲသွားသလိုလို...
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှ ထွက်ပေါ်နေသောအသံများသည်ပင် တိတ်ကျသွားသလိုမျိုး ရုတ်ခြည်း ပျောက်ကွယ်သွားခဲ့သည်။ စုမင် အလျင်အမြန် ခေါင်းလှည့်ကြည့်မိချိန်တွင် မြင်လိုက်ရသောအရာကြောင့် သူ့မျက်လုံးများ ကျဉ်းမြောင်းသွားရသည်။ ထို့နောက် သတိကြီးစွာထားလျက် အသက်ပြင်းပြင်းရှူလိုက်မိ၏။
သူ့ပတ်ဝန်းကျင်မှအရာအားလုံးက လုံးဝငြိမ်သက်နေသည်ကို သူတွေ့လိုက်ရသည်။ အစီအရင်မှ အလင်းသည်လည်း မလှုပ်ရှားတော့သလို မြေပြင်သည်လည်း ရွေ့လျားမနေခဲ့ပေ။ သို့သော် ထူးဆန်းသည်မှာ ဟန်တောင်တန်းသည် မြင်ကွင်းအတွင်း၌ ရှိနေသေးသော်လည်း တောင်ပေါ်တွင်တော့ လူတစ်ဦးတစ်ယောက်မှ ရှိမနေချေ။ ပတ်ဝန်းကျင်မှ နေရာသုံးခုသည်လည်း ရှိနေသေးသော်ငြား ၎င်းနေရာများတွင်လည်း မည်သူမှရှိမနေပြန်ချေ။
ယခုလေးတွင် သူ့ဘေးပတ်လည်၌ရှိနေခဲ့သော ဖန်းချန်းလန်၊ ဟန်ဖေးကျစ်နှင့် အခြားသူများသည်ပင် ပျောက်ခြင်းမလှပျောက်သွားခဲ့ပြီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် သူတစ်ဦးတည်းသာ ကျန်ရှိနေတော့သကဲ့သို့ပင်...
သူ့နားထဲတွင် ထို အိုမင်းနေသောအသံကို ကြားလိုက်ရသည့်အခိုက်အတန့်မှာပင် ကမ္ဘာလောကတစ်ခုလုံး ပြောင်းလဲသွားခဲ့လေသည်...
သူ့မျက်စိရှေ့တွင် မြင်နေရသောလောကသည် ကမ္ဘာပျက်ကြီးတစ်ခုသဖွယ် မည်သည့်အသက်ဓာတ်မှ ရှိမနေခဲ့ပေ။ ဤကဲ့သို့ ကြီးကျယ်သောပြောင်းလဲမှုကြီးက စုမင်အား ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
ဤလိုမျိုး ပြုလုပ်နိုင်ရန် မည်သို့သောစွမ်းအားမျိုး လိုအပ်လိမ့်မည်ဆိုသည်ကို သူစိတ်ကူး၍ပင်မရပေ။ သူ့အမြင်တွင် ဤအရာသည် မယုံကြည်နိုင်ဖွယ်ပင် ဖြစ်သည်။
“ဒါက ငါဖန်တီးထားတဲ့ ဟင်းလင်းပြင်ကွက်လပ်နေရာကျယ် ပဲ” မကြာသေးမီကပင် သူကြားလိုက်ရသောအသံသည် အဝေးမှနေ၍ နောက်တစ်ကြိမ်ထပ်မံထွက်ပေါ်လာသည်။ ထိုအသံပိုင်ရှင်သည် ငြိမ်းအေးရာ အရှေ့အရပ်တောင်ပေါ်တွင် ထိုင်နေသော အဖြူရောင်ဝတ်ရုံများဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။
အဘိုးအိုသည် လက်ထဲတွင်ကိုင်ထားသော ဝိုင်အိုးကို ပါးစပ်အပြည့်မော့သောက်လိုက်ပြီးမှ စုမင်ထံလှမ်းကြည့်လာသည်။
“လာပါ။ စကားပြောရအောင်”
စုမင်နှလုံးသားသည် ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်လှုပ်သွားသည်။ စုမင် အဘိုးအိုကို ခဏတာလှမ်းကြည့်လိုက်ပြီးနောက် မိမိပတ်ပတ်လည်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်မိသည်။ အရောင်စုံရေကန်တောင်ပေါ်တွင် မည်သည့်အသက်ဓာတ်လက္ခဏာမျိုးမှ ရှိမနေခဲ့ပေ။ ဤဧရိယာတစ်ဝိုက်တွင် သူနှင့်အဘိုးအပြင် အခြားမည်သည့်ဝိညာဉ်မှလည်း မတွေ့ရချေ။
ခဏတာ တွန့်ဆုတ်နေပြီးနောက်တွင် အစီအရင်အပြင်သို့ စုမင်ကြိုးစားပြီး လှမ်းထွက်လိုက်သည်။ ထွက်ပြီးသည်နှင့် သူ့နောက်မှ အစီအရင်ကို ချက်ချင်းပြန်လှည့်ကြည့်လိုက်မိရာ ထိုအလင်းသည် လှုပ်ရှားသွားခဲ့ခြင်းမရှိသဖြင့် ပုံရိပ်ယောင်ရုပ်တုကြီးတစ်ခုဟုပင် ထင်လိုက်မိချေသည်။
နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုကို ချိုးနှိမ်ပြီးသည်နှင့် စုမင် လေထဲသို့ ဖြည်းဖြည်းချင်း ပျံဝဲတက်လိုက်ပြီး ငြိမ်းအေးရာအရှေ့အရပ်တောင်ဆီ လျှောက်လှမ်းသွားကာ အဘိုးအိုနှင့် ပေ၁၀၀ခန့်အကွာအဝေးတွင် ရပ်တန့်လိုက်ချေသည်။
“လာပါ။ ငါ့ဘေးမှာ လာထိုင်”
အဘိုးအိုက ဝိုင်အိုးကိုချကာ စုမင်ကိုလှမ်းကြည့်လိုပြီး သူ့မျက်နှာထက်တွင် ချီးမွမ်းသောအရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
စုမင် စကားတစ်ခွန်းမှ မဆိုပဲ အဘိုးအိုထံရွေ့သွားမိသည်။ ထို့နောက် အဘိုးအိုဘေးသို့ ရောက်ချိန်တွင် အကြံအစည်ပေါ်လာသလို ဆက်လုပ်သွားရန် ဆုံးဖြတ်ပြီး ထိုင်ချလိုက်သည်။
“မင်း သိချင်နေတာလား”
အဘိုးအိုက စုမင်ကိုသေချာစိုက်ကြည့်လိုက်ရင်း စုမင်ရှေ့မှ လေဟာနယ်ကို ညာလက်ဖြင့် ညွှန်ပြလိုက်သည်။ သူ့ရှေ့မှလေဟာနယ်သည် ချက်ချင်းတွန့်လိမ်ပုံပျက်သွားပြီး ဝိုင်တစ်အိုးပေါ်လာခဲ့သည်။
“ဟင်းလင်းပြင် ကွက်လပ်နေရာကျယ်ဆိုတာ ဘာလဲ”
ဝိုင်အိုးပေါ်လာချိန်တွင် စုမင်နှလုံးသားသည် တုန်ယင်သွားရပြီး အဘိုးအိုကို လှမ်းကြည့်လိုက်မိ၏။
“ဟင်းလင်းပြင် ကွက်လပ်နေရာကျယ်ဆိုတာ ရိုးရေစတေးနယ်ပယ်နဲ့ဆိုင်တဲ့ စွမ်းအားတစ်ခုပေါ့။ မာန်စွမ်းအားရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အရိုးတော်တော်များများက မာန်အရိုးအဖြစ် ပြောင်းသွားပြီဆိုရင် သူတို့က ကောင်းကင်ရယ်၊ မြေပြင်ရယ်နဲ့ ဆက်သွယ်နိုင်လာပြီး သူတို့ကိုယ်ပိုင်ကမ္ဘာတစ်ခုကို ဖန်တီးနိုင်သွားတယ်”
“ဒါပေမဲ့ အဲဒါက ပုံရိပ်ယောင်တစ်ခုပဲ ဖြစ်ပြီး အစစ်အမှန်မဟုတ်လို့ ဟင်းလင်းပြင်လို့ခေါ်တယ်။ ပြီးတော့ ငါတို့ခန္ဓာကိုယ်ထဲမှာ အဲဒါ ဖွဲ့စည်းဖြစ်ပေါ်လာတဲ့အချိန်မှာ ငါတို့အသားနဲ့သွေးတွေက အဲဒါကို ကမ္ဘာလောကဆီကနေ ဖြတ်တောက်လိုက်တယ်။ အဲတော့ အဲဒါက အပြင်ကို မပျံ့နှံ့နိုင်တော့ဘူးလေ။ ဒါကြောင့် ကွက်လပ်နေရာကျယ် လို့ခေါ်တာ”
အဘိုးအိုက ဝိုင်အိုးကိုမကာ တစ်ငုံသောက်လိုက်ပြီး စုမင်အား လှည့်ကြည့်လာသည်။
“ငါ့ ဟင်းလင်းပြင်ကွက်လပ်နေရာကျယ်က မပြည့်စုံသေးဘူး။ ငါမြင်ရတဲ့ ကမ္ဘာကိုပဲ ငါဖန်တီးနိုင်သေးတယ်။ အဲဒါထဲမှာ ဘာသက်ရှိမှမရှိဘူး။ မင်းကို ဒီနေရာခေါ်လာတာကတောင် တော်တော်ကို ခက်ခဲ့တဲ့အလုပ်တစ်ခုဖြစ်နေပြီ”
စုမင် တိတ်ဆိတ်နေခဲ့သည်။ ဤအကြိမ်သည် ဟင်းလင်းပြင်နေရာကျယ်များအကြောင်း သူပထမဆုံး ကြားဖူးခြင်းပင်ဖြစ်သည်။
“သွေးကြောကျောက်သား၊ ရုပ်နယ်လွန်၊ ရိုးရေစတေးနဲ့ မာန်ဝိညာဉ် ဆိုတာတွေက ငါတို့မာန်စွမ်းအားရှင်တွေအတွက် အဆင့်ကြီးလေးခုပဲ။ ပထမဆုံး၊ အဲဒီအဆင့်၄ခုနောက်က အနက်အဓိပ္ပာယ်တွေကို မင်းသေချာနားလည်ထားရမယ်။ သူတို့တွေကို ဘာကြောင့်အဲဒီလို ပိုင်းခြားထားတယ်ဆိုတာကို မင်းနားလည်ဖို့လိုတယ်။ အဲဒါမှ အဲအဆင့်တွေကို မင်းရောက်နိုင်မှာ” အဘိုးအိုက စုမင်ကို အပြုံးတစ်ခုဖြင့် ရှင်းပြသည်။
“မင်း ငါ့တပည့် ဖြစ်လာတာ၊မလာတာ ကိစ္စမရှိဘူး။ ငါတို့တွေ့ဆုံရတာကိုက ကံကြမ္မာပဲဆိုတော့ ငါမင်းကို လမ်းညွှန်ပေးလို့ရတယ်။ အခုတော့ ဘာကြောင့် သွေးကြောကျောက်သားနယ်ပယ်မှာ သွေးဆိုတဲ့စကားလုံးတစ်လုံး ပါနေရတာလဲ”
အဘိုးအိုက စုမင်ကိုကြည့်သည်။
“ဘာကြောင့်လဲဆိုတော့ မာန်စွမ်းအားရှင်တွေက သွေးကနေတစ်ဆင့် အမွေဆက်ခံရတာကြောင့်ပါ။ ငါတို့သွေးတွေမှာ မာန်စွမ်းအားရှင် မျိုးနွယ်စုရဲ့ စွမ်းအားတွေပါတယ်။ ဒါပေမဲ့ သွေးကြောထဲက သွေးတွေမှာပါတဲ့ စွမ်းအားက အလွန်နည်းပါးတာကြောင့် အဲဒါတွေကို ဆက်ပြီးစုစည်းဖို့လိုတယ်။ အဲလိုမှပဲ စွမ်းအားတွေက ထွက်ပေါ်လာလိမ့်မယ်” အနည်းငယ်တုန့်ဆိုင်းစွာဖြင့် စုမင်ညင်ညင်သာသာ ပြန်ဖြေမိသည်။
“မှန်တယ်။ ကျယ်ပြန့်တဲ့ရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင်တော့ အဲဒါအမှန်ပဲ။ ဒါပေမဲ့ အဲဒါရဲ့ အနက်အဓိပ္ပာယ်တွေကိုတော့ မင်းနားမလည်သေးဘူး”
အဘိုးအိုကောင်းကင်ကို ညာလက်ဖြင့် လှုပ်ယမ်းလိုက်သည်။
ထိုသို့တစ်ချက် လှုပ်ယမ်းလိုက်ရာ စူးရှသောအနီရောင်အလင်းတောက်ပနေသည့် သွေးကြောတစ်ခုက ကောင်းကင်၌ ထွက်ပေါ်လာခဲ့သည်။
“ငါမင်းကို တစ်ကြိမ်ပဲပြမှာမလို့ သေချာကြည့်ထား။ အဲဒါကိုကြည့်ပြီးတဲ့အချိန်ကျရင် မင်းအဖြေငါ့ကိုပြန်ပြောပြ။ ဒါက မင်းအတွက် ငါ့ရဲ့ ပထမစစ်ဆေးမှုပဲ။ မင်းအောင်မြင်ရင် ငါ့ရဲ့ အကျိုးဆောင်တပည့်ဖြစ်လာမယ်။ ကျရှုံးရင်တော့ မင်းလာခဲ့တဲ့နေရာကို ပြန်သွားပေါ့”
အဘိုးအိုက စုမင်အား လေးနက်စွာစိုက်ကြည့်လိုက်ပြီး ကောင်းကင်တွင် ညာလက်ဖြင့် နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။
သူ့လက်ကို ဝှေ့ယမ်းလိုက်ချိန်တွင် ကောင်းကင်မှသွေးကြောသည် လှုပ်ခါသွားပြီး ထိုသွေးကြောပေါ်၌ များစွာသော သွေးကြောအကိုင်းအခက်များ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် စုမင်ရှေ့၌ မရေမတွက်နိုင်သော သွေးကြောများ ထွက်ပေါ်လာခဲ့သည်အထိပင်... ။ သို့သော် သူသေချာအနီးကပ်ကြည့်မည်ဆိုလျှင် ထိုအရာသည် အမှန်တစ်ကယ်တွင် သွေးကြောတစ်ခုတည်းသာဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
ထိုသွေးကြောတစ်ခုတည်းမှ ဖြစ်ပေါ်လာသော သွေးကြောခွဲပေါင်းများစွာသည် တစ်ခုမှတစ်ခု ခွဲဖြာနေကြပြီး လေထဲတွင် စုဝေးလျက် လူတစ်ဦး၏ပုံရိပ်မျိုး ဖြစ်ပေါ်နေသည်။ ၎င်းတို့ထံမှ တောက်ပနေသော စူးရှသည့်အနီရောင်အလင်းများကြောင့် ဧရိယာတစ်ခုလုံး လင်းထိန်နေခဲ့သည်။
ဤအရာကိုမြင်လိုက်ချိန်တွင် စုမင် အသက်ပြင်းပြင်းရှူသွင်းလိုက်မိပြီး သူ့စိတ်ထဲတွင် မိုးခြိမ်းသံများဆူညံစွာ မြည်ဟည်းသွားသည်ဟု ခံစားလိုက်ရသည်။ မာန်အမှတ်အသားအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်ဟု သူတွေးထင်ထားခဲ့သော သွေးကြောများက နောက်တစ်ကြိမ်ပြန်လည် ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်လာခဲ့၏။
ဤထူးဆန်းသောမြင်ကွင်းက စုမင်ကိုထိတ်လန့်တုန်လှုပ်သွားစေသည်။
“ဒီတော့ သွေးကြောတွေက... ငါတို့ ရုပ်နယ်လွန်နယ်ပယ်ရောက်ချိန်မှာ... ပျောက်ကွယ်သွားတာ မဟုတ်ဘူးပေါ့”
စုမင် သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်မိချိန်တွင် ကောင်းကင်ရှိ သွေးကြောများမှဖြစ်ပေါ်နေသော လူပုံရိပ်ကြီးက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။
သွေးကြောများက တစ်ခုနှင့်တစ်ခု ရစ်ပတ်တွယ်ကပ်လာကြပြီး တစ်ဖြည်းဖြည်းဖြင့် သူ့ပတ်ဝန်းကျင်တွင် တောင်များ၊ မြစ်များ၊ နေ၊ လ၊ ကြယ်တာရာများ၊ အပင်များနှင့် သားရဲကောင်တို့၏ ပုံရိပ်များဖြစ်ပေါ်လာခဲ့သည်။ ၎င်းတို့ထဲမှ တစ်မျိုးဖြစ်ပေါ်လာချိန်တိုင်းတွင် သွေးကြောလူပုံရိပ်ကြီးထံ၌ မတူညီသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ချေသည်။ သွေးကြောများသည် သူတို့ပတ်ဝန်းကျင်မှ ပုံရိပ်ယောင်ရုပ်ပုံများနှင့် ကိုင်ညီဆင်တူရန် ကြိုးစားနေသကဲ့သို့ ရွေ့လျားလျက်ရှိသည်။
နောက်ဆုံးဖြစ်ပေါ်လာသောပုံရိပ်သည် စုမင်၏ တောင်တန်းအမှတ်အသားဖြစ်သော လက်ငါးချောင်းပုံစံ တောင်ကြီးပင်ဖြစ်သည်။
လက်ငါးချောင်းပုံစံ တောင်ကြီး ပေါ်လာချိန်၌ အပင်များသည်လည်း တောင်မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာသည်။ သစ်ပင်များ၊ မြေပြင်နှင့် လက်ငါးချောင်းပုံစံတောင်ကြီးတစ်ခုလုံးသည် အသက်ဝင်လာသည့်ပုံမျိုး ဖြစ်လာခဲ့သည်။ ၎င်းသည် သစ်ပင်များဖြင့် ဆက်လက်ဖုံးအုပ်ခံလိုက်ရပြီး တစ်ဖြည်းဖြည်းချင်း ပုံရိပ်ယောင်တောင်တစ်လုံးနှင့် မတူတော့ပဲ တောင်အစစ်တစ်လုံးသဖွယ် ပြောင်းလဲသွားချေသည်။
ထိုတောင်ကြီးသည် ထင်ထင်ရှားရှားရှိသော ဒြပ်ရှိအရာဝတ္ထုတစ်ခုအဖြစ် လုံးဝပြောင်းလဲသွားပြီးချိန်တွင် ၎င်းတောင်ကြီးသည် သွေးကြောများမှဖြစ်ပေါ်နေသော လူပုံရိပ်ကြီးထံ ပေါင်းစပ်သွားခဲ့ပြီး တဖြည်းဖြည်းဖြင့် လူပုံရိပ်ကြီးနှင့်တောင်တို့ တစ်သားတည်းဖြစ်သွားခဲ့သည်ကို စုမင်တွေ့လိုက်ရ၏။
သွေးကြောလူပုံရိပ်ကြီး၏ အစိတ်အပိုင်းတိုင်းကို တောင်ကြီးက ဖုံးအုပ်ထားခဲ့သည်မှာ ရုပ်ပုံကြီးတစ်ခု ထွင်းထုထားသည့်သဖွယ်ပင်ဖြစ်ပြီး ထိုတောင်ကြီးသည် သွေးကြောလူပုံရိပ်ကြီး၏ အရေပြားဖြစ်လာသကဲ့သို့ပင်...
စုမင် ထိုအရာကိုမြင်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးကြောများ နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့ပြီး ပေါက်ကွဲသံတစ်ခုနှင့်အတူ စတင်လှည့်ပတ်လာကြချေသည်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ အပြင်းအထန်တုန်ရီသွားရသည်။ သူ့မျက်နှာသည် ချက်ချင်းဖြူရော်သွားပြီး ပါးစပ်ထောင့်မှ သွေးများစီးကျလာခဲ့သည်။
သူ့နှလုံးသားထဲတွင် ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်သွားရသည်။ ဤခံစားချက်သည် သူမြင်လိုက်ရသောမြင်ကွင်းမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး သူ့ကိုယ်အတွင်းမှ ချီများကို မွှေနှောက်သွားခဲ့ချေသည်။
စုမင်ဘေးမှအဘိုးအိုသည် သူ့ကိုသေချာလှည့်ကြည့်ပြီး ဖြည်းညှင်းစွာမေးသည်။ “မင်း ဒါကို ဆက်လုပ်ချင်လား”
“ဟုတ်ကဲ့”
စုမင် အံကိုတင်းတင်းကြိတ်လိုက်သည်။
ကြီးမားသန်မာသော အရှိန်အဝါတစ်ရပ်သည် သွေးကြောလူပုံရိပ်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်ပေါ်နေပြီး ဧရာမ ဖိအားတစ်ခုအသွင်ဖြင့် ကုန်းမြေတစ်ခုလုံးကို ဖုံးအုပ်ထားလေသည်။
မကြာမီမှာပင် ၎င်း၏ခန္ဓာကိုယ်ထဲ၌ ရွှေရောင်အရိုးအပိုင်းအစတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပိုမိုများပြားသောအရိုးအပိုင်းအစများ တစ်ဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့ပြီး ခဏအကြာတွင် ပြည့်စုံသောကျောရိုးတစ်ခု ဖြစ်ပေါ်လာတော့ချေသည်။
ထိုနေရာတွင်သာ ရပ်တန့်မသွားခဲ့ပေ။ ကျောရိုးဖြစ်ပေါ်လာပြီးနောက်တွင် အချိန်ကုန်လွန်လာသည်နှင့်အမျှ ခန္ဓာကိုယ်ထဲတွင် ပြည့်စုံသောအရိုးစုတစ်ခုက ရုပ်လုံးပေါ်လာခဲ့လေသည်။
ထိုသူသည် အရိုးစု၊ အသားနှင့် သွေးများရှိသော လူတစ်ဦး၏ပုံစံပင်ဖြစ်သည်။ ၎င်းသည် ပြီးပြည့်စုံသော လူသားတစ်ဦးပင် ဖြစ်သည်။
သို့သော် သူ့တွင် စိတ်ဝိညာဉ်နှင့် ဉာဏ်ရည်မရှိပေ။ ထိုလူ၏မျက်လုံးများသည် စေ့ပိတ်နေခဲ့ပြီး ပွင့်လာမည့်ပုံ မပေါ်ပေ။ ထိုသူသည် မနိုးထနိုင်ပဲ နက်ရှိုင်းစွာအိပ်မောကျနေသကဲ့သို့ ဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် ဟင်းလင်းပြင်တစ်ခုကို စုမင်အာရုံခံလိုက်မိသည်။
“သူ့မျက်လုံးတွေကို ဖွင့်လိုက်ရင်၊ သူ မာန်ဝိညာဉ်ကို ရလိမ့်မယ်” အဘိုးအိုက အေးအေးဆေးဆေး ရှင်းပြသည်။ ထို့နောက် သူ့ညာလက်ကိုပြန်ချလိုက်ရာ ကောင်းကင်မှလူပုံရိပ်ကြီးသည် တွန့်လိမ်ပုံပျက်ကာ ဝေဝါးပျောက်ကွယ်သွားလေသည်။
“ငါ ဒီမှာ မင်းရဲ့အဖြေကို စောင့်နေမယ်”
အဘိုးအိုက မျက်လုံးများကိုမှိတ်လိုက်သည်။
ကောင်းကင်မှ ပုံရိပ်ကြီးပျောက်ကွယ်သွားခဲ့သောနေရာကို စုမင်ကြောင်အစွာငေးကြည့်နေမိပြီး သူမြင်ခဲ့ရသော ပုံရိပ်များက သူ့စိတ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။ အချိန်အတော်ကြာပြီးနောက်တွင် စုမင်မျက်လုံးများကို မှိတ်ချလိုက်မိသည်။
အချိန်တို့ ဖြည်းညှင်းစွာကုန်လွန်သွားခဲ့သည်။ သို့သော် ဟင်းလင်းပြင်နေရာကျယ်ထဲတွင်တော့ နေ၊ လနှင့် ကြယ်တာရာများက ရွေ့လျားခြင်းမရှိပဲ အချိန်ကိုယ်တိုင်သည် အေးခဲနေသကဲ့သို့ပင်...
အဘိုးအိုသည် မျက်လုံးများကို ပိတ်ထားဆဲဖြစ်ပြီး ပြန်မဖွင့်သေးပေ။ စုမင်၏အဖြေကိုစောင့်ရန် သူလုံလောက်စွာ စိတ်ရှည်သည်းခံနိုင်ချေသည်။ သို့သော် မကြာမီမှာပင် အဘိုးအိုက မျက်လုံးများကိုဖွင့်ကာ စုမင်ထံလှမ်းကြည့်လိုက်မိသည်။
စုမင်သည် တိတ်ဆိတ်နေဆဲပင်ဖြစ်သော်လည်း ယခင်တည်းက သူ့ကိုယ်ပေါ်တွင် ထွက်ပေါ်နေခဲ့သော သွေးကြောများသည်တော့ စူးရဲစွာတောက်ပနေခဲ့ပြီး ၎င်းတို့ထဲမှနှစ်ခုဆိုလျှင် အတူတကွ ပေါင်းစပ်နေခဲ့ပြီးဖြစ်သည်။
ထိုပေါင်းစပ်နေသော သွေးကြောနှစ်ခုကို မြင်လိုက်ချိန်တွင် အဘိုးအို၏မျက်လုံးထဲ၌ အံ့အားသင့်သောအမူအယာမျိုး ဖြစ်ပေါ်သွားခဲ့ရသည်။
‘တော်တော် ဉာဏ်ကောင်းတာပဲ’
သွေးကြောနှစ်ခု ပေါင်းစပ်သွားပြီးသည်နှင့် အခြားသွေးကြောများအား ပေါင်းစပ်နှုန်းသည် ချက်ချင်းတိုးတက်လျင်မြန်သွားခဲ့ပြီး ၎င်းတို့က အတူတကွ ရောစပ်သွားခဲ့ကြသည်။ နာရီအနည်းငယ်ကြာပြီးနောက်တွင် အဘိုးအို၏ ချီးကျူးနေသောအကြည့်များအောက်မှာပင် စုမင်ခန္ဓာကိုယ်အတွင်းမှ သွေးကြောများအားလုံးသည် တစ်ခုတည်းဖြစ်လာခဲ့ပြီဖြစ်၏။
ထိုတစ်ခုတည်းသောသွေးကြောသည် စူးရှသောအနီရောင်အလင်းများ တောက်ပနေခဲ့ပြီး စုမင်မျက်နှာပေါ်၌ ဖြည်းညှင်းစွာပေါ်ထွက်လာသည်။ ၎င်းသည် လက်ငါးချောင်းပုံစံတောင်ကြီးအဖြစ် ပြောင်းလဲသွားပြီးသည်နှင့် လည်ပင်းမှတစ်ဆင့် အောက်ဘက်သို့ဆက်ဆင်းသွားချေသည်။
ထိုအခြင်းအရာကို မြင်လိုက်ချိန်တွင် အဘိုးအို အံ့သြသွားခဲ့ရသည်။
‘သူ့မာန်အမှတ်အသားက တောင် ပဲကို ပြီးတော့ သူက သွေးကြောကျောက်သားနယ်ပယ်ကိုလည်း တစ်ကယ်ပြီးမြောက်ခဲ့ပြီးသား။ အဲဒါကို ဘာကြောင့် ဒါက အောက်ကိုဆင်းသွားရတာလဲ...’
သွေးကြောများသည် စုမင်ဝတ်ရုံများအောက်၌ ဖုံးလွှမ်းခံထားကြရသည်။ ၎င်းတို့သည် စုမင်သူ့ကိုယ်ပေါ်တွင် ဆွဲသားထားခဲ့သော သွေးစီးကြောင်းများအတိုင်း ပျံ့နှံ့သွားကြပြီး နောက်ဆုံးတွင် ပြည့်စုံသောမာန်အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အဘိုးအို၏မျက်လုံးများသည် ပြူးကျယ်သွားရသည်။ သူသည် အသက်ပြင်းပြင်းရှူရှိုက်လိုက်မိပြီး သူ့အဆင့်အတန်းအတွက် သင့်လျော်သော အပြုအမူကိုပင် ထိန်းသိမ်းထားရန် ဂရုမစိုက်မိတော့ပေ။
သူသည် စုမင်ထံသို့ဦးတည်၍ ညာလက်ကိုဝှေ့ယမ်းလိုက်ရာ စုမင်၏ကိုယ်အပေါ်ပိုင်းကို ဖုံးကွယ်ထားခဲ့သော ဂတ်ရုံများသည် ရုတ်ခြည်းပျောက်ကွယ်သွားပြီး အဘိုးအိုသည် စုမင်ကိုယ်ပေါ်တွင်ဆွဲသားထားသော မာန်အမှတ်အသားအပြည့်အစုံကို တွေ့လိုက်ရလေသည်။
နက်မှောင်တောင် မျိုးနွယ်စု…
ထိုမာန်အမှတ်အသားကို မြင်လိုက်ရချိန်တွင် အဘိုးအိုသည် အသက်ပြင်းပြင်းရှူရှိုက်လိုက်မိပြီး လုံးဝအံ့အားသင့်မှင်သက်သွားမိ၏။ သူ့ဘဝတွင် မရေမတွက်နိုင်သော မာန်အမှတ်အသားများကို မြင်ဖူးခဲ့ပြီး ၎င်းတို့ထဲမှအချို့ဆိုလျှင် အတော်အတန်ပင် ရှုပ်ထွေးသည်ဟု ပြော၍ရသည်။ သို့သော် စုမင်ကိုယ်ပေါ်မှ တစ်ခုလောက် ရှုပ်ထွေးသည့် မာန်အမှတ်အသားကိုတော့ သူဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။
“ဒါက... မာန်အမှတ်အသားတစ်ခုရော ဟုတ်သေးရဲ့လား။ ဒီကောင်လေးက ငါ့ထက်တောင် ပိုရူးသွပ်သေးတယ်...” ထိတ်လန့်တုန်လှုပ်မှုကြောင့် အဘိုးအို၏အသံက တုန်ရီနေခဲ့သည်။
“သူ့မာန်အမှတ်အသားတစ်ခုလုံးနဲ့ ဝိညာဉ်ဖန်တီးမှုရဲ့အသံကို သူ အသက်သွင်းခဲ့တာလို့ ငါထင်ထားခဲ့တာ... ဒါပေမဲ့ ကြည့်ရတာတော့ ဝိညာဉ်ဖန်တီးမှုရဲ့အသံကို အသက်သွင်းခဲ့တဲ့တောင်က သူ့မာန်အမှတ်အသားရဲ့ အစိတ်အပိုင်းတစ်ခုသာသာပဲ ရှိသေးတာ”
“ဒီလို မာန်အမှတ်အသားမျိုးက ဘယ်တော့မှ ဖွံ့ဖြိုးမလာနိုင်ရင်တော့ ရောစပ်အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်မှာမဟုတ်ဘူး။ ဒါမှမဟုတ်ပဲနဲ့... အဲဒါက ကြီးထွားလာမယ်ဆိုရင်တော့ သူ့စွမ်းအားက မာန်စွမ်းအားရှင်မျိုးနွယ်စုတစ်ခုလုံးကိုတောင် ထိတ်လန့်တုန်လှုပ်စေလိမ့်မယ်”
“ငါထွက်လာပြီးတဲ့နောက် အဲဒီနေ့မှာ ဘာတွေဆက်ဖြစ်ခဲ့တာလဲ...” အဘိုးအိုသည် မယုံကြည်နိုင်ဖြစ်နေရင်းဖြင့် ထိုနေ့က စိတ်ပျက်လက်ပျက်ဖြင့် ရုတ်တရက် ပြန်လည်ထွက်ခွာလာခဲ့မိသည်ကို နောင်တရသွားမိသည်။
သူ့မျက်နှာတွင် နောင်တတရားတို့ဖြင့် ပြည့်နေခဲ့သော်လည်း အဘိုးအိုသည် တစ်စုံတစ်ရာကိုသတိပြုလိုက်မိကာ သူ့မျက်နှာအမူအယာအား ယခင်လို လျှို့ဝှက်ဆန်းကျယ်၍ ခပ်ပြုံးပြုံးအမူအယာမျိုး ချက်ချင်းပြန်လည်ပြောင်းလဲပစ်လိုက်သည်။ စုမင်ခန္ဓာကိုယ်ရှေ့တွင် ညာလက်ကိုဝှေ့ယမ်းလိုက်ပြီး စုမင်ဝတ်ရုံများကိုလည်း ပြန်ပေါ်လာစေလိုက်သည်။ ထို့နောက် ဟန်လုပ်ကာ အသာအယာချောင်းဟန့်လိုက်ရင်း ပညာရှိအဘိုးအိုတစ်ဦး၏ အသွင်ဖြင့် စုမင်ကိုလှမ်းကြည့်နေလိုက်ချေသည်။
ထိုအခိုက်အတန့်မှာပင်၊ စုမင်မျက်လုံးများက ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ သူ့မျက်လုံးများသည် တလက်လက်တောက်ပနေခဲ့ပြီး တစ်စုံတစ်ရာကို နားလည်သွားသော အရိပ်အယောင်မျိုး ပြသနေခဲ့ချေသည်။
***