← Chapters

အဆိုးရွားဆုံး အခိုက်အတန့်တွေမှာ မျက်နှာဖုံးတွေက ကွာကျလာတတ်တယ်

Vol. 163 Ch. 2347

အဆိုးရွားဆုံး အခိုက်အတန့်တွေမှာ မျက်နှာဖုံးတွေက ကွာကျလာတတ်တယ်

Vol. 163 Ch. 2347

“ ငါ သွားဖွင့်လိုက်မယ် …”

ကျန်းဝန်လီ သူမ၏ လက်ကို ခြောက်သွေ့အောင် သုတ်ပြီး တံခါးသွားဖွင့်လိုက်၏။

“ ဦးလေးလီ … တတိယဦးလေး … “

ရောက်လာသည့် နှစ်ယောက်ကို မြင်တော့ ကျန်းဝန်လီက အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ၎င်းတို့ကို အလျင်အမြန် အထဲသို့ ဖိတ်ခေါ်လိုက်၏။

လူအိုကြီး နှစ်ဦးက အထဲသို့ ဝင်လာခဲ့ကြပြီး နှစ်ယောက်လုံးက လီရှန်းဟွေ့နှင့် ရုပ်ချင်း ဆင်သယောင် ရှိကြသည်။ လီရှန်းဟွေ့ဘက်ခြမ်းက ဆွေမျိုးသားချင်းများ ဖြစ်ဟန်ပင်။

“ အေး … ရှောင်ဟွေ့ ဆေးရုံက ဆင်းပြီးဆိုတဲ့ အသံကြားလို့ စိတ်ပူလို့ လာကြည့်တာ … “

ပြောလိုက်သူက လီရှန်းဟွေ့၏ ဒုတိယ ဦးလေးဖြစ်သူ လီရိုထျန်ပင်။ သူ့နောက်ရှိ အမျိုးသားကတော့ လီရှန်းဟွေ့၏ တတိယဦးလေး ၊ လီရိုလျန်ဖြစ်၏။

ကူရိရန်က အမျိုးသား နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ဗလာနှင့် ရောက်လာခဲ့တာကိုမြင်တော့ ချက်ချင်းပဲ ၎င်းတို့အပေါ် စိတ်ဝင်စားမှုတို့ ပျောက်ဆုံးသွားသည်။

လူနာအိမ်ကို လက်ဗလာနှင့် လာကြည့်သည်က ၎င်းတို့၏ ရည်ရွယ်ချက်အပေါ် အတော်လေး မေးခွန်းထုတ်ချင်စရာပင်။

“ အထဲမှာ ဝင်ထိုင်ကြပါဦး ….”

ကျန်းဝန်လီက ကုလားထိုင်များ ယူလာပေး၏။ “ သူတို့နှစ်ယောက်က အားဟွေ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလေ … ရှင်တို့တွေ တစ်ချိန်တည်း ရောက်လာကြတယ်လို့ ပြောလို့ရတယ် …”

လီရိုထျန်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ “ ဘယ်လောက်တောင် တိုက်ဆိုင်ထားလဲ … ဒါနဲ့ ခြေထောက်ရော ဘယ်လိုနေလဲ … အခု လမ်းလျှောက်နိုင်သေးလား ….”

“ ဒီတိုင်းတော့ အဆင်မပြေဘူး … ဂျိုင်းထောက်ကို အားကိုးနေရတုန်းပဲ ….” လီရှန်းဟွေ့ ပြန်ဖြေလိုက်၏။

“ အင်း ... ခြေထောက်ဒဏ်ရာက အဲ့လောက်ထိ ပြင်းထန်နေမှတော့ အလုပ်ထဲ အမြန် ပြန်ဆင်းဖို့ဆိုတာ ဖြစ်နိုင်မှာတော့ မဟုတ်လောက်တော့ဘူး ….”

“ ဆရာဝန်ပြောတာကတော့ နှစ်ဝက်လောက် အနားပေးဖို့ လိုတယ်တဲ့ ….” လီရှန်းဟွေ့က အမှန်အတိုင်းပဲ ပြောပြလိုက်၏။

“ နောက်ဆက်တွဲ ဆိုးကျိုးတွေရော ရှိနိုင်လောက်လား ….”

“ အဲ့တာကတော့ ပြောဖို့ခက်တယ် … အခြေအနေပေါ် မူတည်တာပဲ …..”

“ ရှောင်ဟွေ့ … မင်းက ရဲအရာရှိ တစ်ယောက် … ဒီခုလို ဖြစ်သွားခဲ့တယ်ဆိုတော့ မင်းရဲ့ ယူနစ်က မင်းကို ခေါ်ထားပါ့ဦးမလား ….”

လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်မိသွားခဲ့၏။ ဤလူများက အတော်လေး အလိုက်ကန်းဆိုး မသိသူများဟု စိတ်ထဲ ရေရွတ်လိုက်မိသည်။

သို့သော်လည်းပဲ တစ်ဖက် မိသားစုကိစ္စ ဖြစ်နေသဖြင့် အပြင်လူ အနေဖြင့် ဝင်ပြီး ပြောလို့ကလည်း မသင့်လျော်ပေ။

လီရှန်းဟွေ့ ခါးသက်စွာ ပြုံးလိုက်မိသည်။ “ အဲ့တာကတော့ ပြောဖို့ခက်တယ် … အထက်က စီစဉ်လာတဲ့အတိုင်း လိုက်နာဖို့ ရှိတာပဲ ….”

“ ငါထင်တာ ပြောရရင်တော့ သူတို့တွေ မင်းကို ဆက်ပြီး‌ ခေါ်မထားကြလောက်တော့ဘူး ….” လီရိုထျန်က ထိုသို့ မှတ်ချက်ပေးလိုက်ပြီး “ ရပ်ကွက် ဝန်ဆောင်မှု စင်တာမှာ အလုပ်လုပ်တဲ့ မင်းရဲ့ အစ်ကိုကို သိတယ်မလား … မနှစ်တုန်းက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆိုလည်း ဒီလိုမျိုး အလားတူ ဖြစ်ပြီး လတွေအကြာကြီး ခွင့်ယူသွားခဲ့တယ် .. အဲ့နောက်မှာ အကြောင်းအရင်းတစ်ချို့ကြောင့် အိမ်ပြန်ပို့ခံလိုက်ရတယ် … မင်းရဲ့ အလုပ်က ဝန်ဆောင်မှု ပေးတဲ့အလုပ်မဟုတ်ဘူး … ရှေ့တန်းအလုပ် … ဆက်ပြီး နေနိုင်မလားဆိုတာက တကယ့်ကို ပြဿနာ တစ်ခုပဲ ….”

“ ဘယ်လိုနေမလဲ စောင့်ကြည့်ကြတာပေါ့ဗျာ …”

အနှီ မေးခွန်းမျိုးနှင့် ရင်ဆိုင်ရတော့ လီရှန်းဟွေ့ မည်သို့ တုံ့ပြန်ရမှန်း မသိပေ။ သို့သော် ဤကိစ္စအကြောင်း ဆက်မဆွေးနွေးချင်သည်ကတော့ သိသာသည်။

ဘာကြောင့်ဆိုတော့ သူ၏ လက်ရှိ အခြေအနေက ရှေ့တန်း တာဝန်များနှင့် မသင့်လျော်တော့ကြောင်းကို မျှော်လင့်ထားပြီး ဖြစ်နေသောကြောင့်ပင်။

“ ဒုတိယဦးလေး … နေ့လည်တောင် ရောက်တော့မယ်ဆိုတော့ ဒီမှာ တစ်ခါတည်း စားသွားလိုက်ပါလား …. အောက်ထပ်ကနေ အရက်မှာလိုက်မယ် ….”

“ ရပြီ … ငါတို့ ဒီရောက်လာတာ ထမင်းစားဖို့ မဟုတ်ဘူး ….” လီရိုထျန်က ပြောလိုက်ပြီး “ ဒီနေ့ ငါတို့နှစ်ယောက် မင်းဆီ လာလည်တာအပြင် တစ်ခြား ဆွေးနွေးချင်တာလေးလည်း ရှိသေးလို့ …. မင်းရဲ့ မရီးက လူတစ်ယောက်နဲ့ စီးပွားရေး တစ်ခုကို စလုပ်ချင်နေတယ် …. အတော်လေးလည်း အလားအလာ ကောင်းတယ် …. ပြီးတော့ ငွေဖော်နိုင်မယ်ဆိုတာလည်း သေချာတယ် ….”

“ အဲ့တာဆို ကောင်းတာပေါ့ ….” ကျန်းဝန်လီက ပြုံးလျက် ပြောလိုက်၏။

“ ဟုတ်တယ် … ဒါပေမယ့် လူတစ်ယောက်ကို ယွမ် သုံးသိန်း ရင်းနှီးပေးဖို့ လိုတယ် … ငါတို့တွေ ကုတ်ခြစ်ပြီး စုဆောင်းလိုက်တာ ယွမ် နှစ်သိန်းခုနစ်သောင်းပဲ ရတယ် … ဒီတော့ သုံးသောင်းလိုနေတယ်ကွာ … ငါလည်း အဲ့သုံးသောင်းကို အတော်လေး စိုးရိမ်နေတာ ….”

လင်းရီ ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ဤလူများက ငွေတောင်းဖို့ ရောက်လာကြခြင်းပင်။

“ ငါ့ရဲ့ အခြေအနေကလည်း အစ်ကိုကြီးနဲ့ နည်းနည်းဆင်တယ် …. မင်းရဲ့ တူလေးက မိန်းမယူတော့မှာ … အဲ့မှာ အိမ်ထောင်စု လျှောက်ဖို့အတွက်က ယွမ်နှစ်သောင်း လိုနေတယ်ကွာ … ငါလည်း အဲ့ကိစ္စကို အတော်လေး စိတ်ပူတယ် ….” လီရိုလျန်က ပြောလိုက်သည်။

“ ဒါက ….”

စုံတွဲမှာ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ ဉာဏ်ကောင်းသူများ ဖြစ်ကြသဖြင့် ၎င်းတို့ စကားလုံးများထဲ သွယ်ဝိုက်ပြီး ပြောဆိုနေသည့် စကားအဓိပ္ပာယ်ကို ရှင်းလင်းစွာ နားလည်နိုင်ကြသည်။

“ အင်း …….” လီရှန်းဟွေ့ တုံ့ဆိုင်းသွားခဲ့သည်။ “ ဒုတိယဦးလေး ၊ တတိယဦးလေး …. ၊ ဦးလေးတို့ ဘာမှ မပူကြနဲ့ … ကျုပ်ကို ရက်နည်းနည်းလောက် အချိန်ပေးပါ … အဲ့ပိုက်ဆံတွေ ဦးလေးတို့လက်ထဲ ရောက်အောင် လုပ်ပေးပါ့မယ် ….”

ခွဲစိတ်မှု ကုန်ကျစရိတ်ကို ဆေးရုံက လျှော်ပေးလိုက်သော်လည်း အခြားသော ငွေကုန်ကျစရိတ်တို့က ရှိနေမြဲပင်။

လီရှန်းဟွေ့၏ အိမ်အခြေအနေက အစကတည်းက ကောင်းမွန်နေခြင်း မရှိပေ။ အိမ်ကိုလည်း ပေါင်နှံထားသည့် အတိုးက လစဉ် အရစ်ကျ ပေးချေနေရပြီး စုငွေများကလည်း အလျင်အမြန် လျော့ပါးလာနေသည်။ သူတို့တွေ ဆွေမျိုးတွေဆီကနေ ငွေငါးသောင်း ချေးထားရ၏။

သို့ပေမယ့် … ချေးထားသည်မှာ တစ်လစွန်းစွန်း မပြည့်မီ အချိန်တွင် ပြန်တောင်းဖို့ ရောက်လာကြလိမ့်မည်လို့တော့ မမျှော်လင့်ထားခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။

“ ဟောကြည့် … မင်း ပြောလိုက်တဲ့ပုံက .. ငါတို့က ငါတို့ မိသားစု ကိစ္စလေးပဲ လာဆွေးနွေးတာပါကွာ … မင်းဆီက ပိုက်ဆံလာတောင်းတာ မဟုတ်ရပါဘူး …..”

“ ကျုပ်သိတယ် … ဒါပေမယ့် အကြွေးဆိုမှတော့ ပြန်ဆပ်သင့်တာ သဘာဝပဲလေ …. ကျုပ်တို့တွေ ငွေကို ပြန်ပေးနိုင်မယ့် နည်းလမ်း ရှာလိုက်ပါဦးမယ် ….”

ကျန်းဝန်လီမှာတော့ လီရှန်းဟွေ့ကဲ့သို့ စိတ်ရှည်သည်းခံနိုင်ခြင်း မရှိပေ။

“ ဒုတိယနဲ့ တတိယဦးလေး .. ကျွန်မတို့ ပိုက်ဆံချေးတုန်းက ရှင်တို့ပဲ ပြန်ဆပ်ဖို့ အလျင်လိုစရာ မလိုဘူးဆို … အခု တစ်လကျော်ကျော်လေးပဲ ရှိသေးတာကို ရှင်တို့တွေက အိမ်တံခါးပေါက်ဝ ရောက်လာနေကြပြီ ….”

“ ဒါက …..”

“ အဲ့တာ ဘာလို့ဆိုတော့ အစ်ကိုလီက အရင်လို အလုပ်မလုပ်နိုင်တော့တာကြောင့်လေ ….” ကူရိရန်က ဝင်ပြောလိုက်ပြီး “ သူက လက်ရှိမှာ လစာအပြည့်နဲ့ ခွင့်ရက်ရထားတယ်ဆိုပေမယ့် လနည်းနည်းကြာရင် ရုံးခွဲက တစ်မျိုး စီစဉ်ပေးလာတော့မှာ …. အသင်းခေါင်းဆောင်နေရာမှာ ဆက်ပြီး တာဝန်မထမ်းနိုင်တော့မှာ သေချာသလောက်ပဲ … အစ်ကိုလီ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရင် သူတို့ ပိုက်ဆံတွေ မရတော့မှာကို စိုးရိမ်လို့ ဒီကို အပြေးရောက်လာခဲ့ကြတာလေ ….”

“ ဒီမှာ မိန်းကလေး … မင်းလူကို ဘယ်လိုစကားမျိုး ပြောလိုက်တာ … ငါတို့က မြေနိမ့်ရာ လှံစိုက်ချင်တဲ့ လူစားမျိုးလို့များ ထင်နေလား ….” လီရိုထျန်က မခံမရပ်နိုင်ဖြစ်စွာ ပြန်ပြောလိုက်သည်။

“ ထားလိုက်ပါ ဒုတိယဦးလေး … သူက ငယ်သေးလို့ပါ … ဗွေမယူလိုက်ပါနဲ့ ….” လီရှန်းဟွေ့က အေးစက်စက် အသံဖြင့် ပြောဆိုလိုက်ပြီး “ ကျုပ်ကို တစ်ပတ် အချိန်ပေး … ပြီးတာနဲ့ ငွေကို ဦးလေးတို့ လက်ထဲ ပြန်ရောက်အောင် လုပ်ပေးမယ် …..”

“ တကယ်တော့ … ငါတို့လည်း ငွေကိစ္စက အဲ့လောက်ထိ အလျင်မလိုနေပါဘူး … ဒါပေမယ့် မင်းတို့လက်ထဲ ငွေရှိတယ်ဆိုရင်တော့ ငါတို့ဆီ တစ်ခါတည်းပဲ တန်းပို့ပေးလိုက် …. ဘာပဲဆိုဆို ငါတို့အိမ်မှာလည်း အရေးတကြီး ငွေလိုနေတယ်လေ ….” လီရိုထျန်က ပြောလိုက်သည်။

‌“ ရှောင်ဟွေ့လည်း ပြောပြီးနေပြီဆိုမှတော့ ဒီမှာ ဆက်မနေကြစို့ … နှစ်သစ်ကူးလည်း နီးနေပြီဆိုတော့ လုပ်စရာတွေ အများကြီးပဲ ….”

“ ဟုတ်တယ် ဟုတ်တယ် … အရင်သွားနှင့်ကြတာပေါ့ …. ရှောင်ဟွေ့ … မင်းရဲ့ ဒုတိယဦးလေးက မင်းရဲ့ဖုန်းကို မျှော်နေတယ်နော်….”

သဘောတူညီပြီးနောက် နှစ်ယောက်က မတ်တပ်ရပ်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်၏။ သို့သော် ထိုအချိန်မှာပဲ လင်းရီက လှမ်းပြီး ဟန့်တားလိုက်သည်။

“ ခဏလေး နေဦး ….”

“ မင်းက ဘာလိုချင်သေးလို့ ….”

“ အကြွေးက ယွမ်ငါးသောင်းလေးပဲမလား … ခင်များတို့မှာ ဝီချက် ရှိတယ်မလား … ကျုပ် အခုပဲ လွှဲပေးလိုက်မယ် ….”

“ လင်းရီ မင်း …..”

“ အစ်ကိုလီ … ခဏလေး စောင့်ဦး … ပြောစရာရှိတယ်ဆိုရင် နောက်မှပဲ အေးဆေး ပြောကြမယ် ….”

လင်းရီက သူတို့ကို ပိုက်ဆံပေးတော့မှာကို မြင်တော့ ညီကိုနှစ်ယောက်လုံး၏ မျက်နှာအမူအရာများမှာ ဖုံးမနိုင် ဖိမရအောင် ပျော်ရွှင်သွားခဲ့ကြသည်။

“ ဒါက … အားနာစရာတွေ ဖြစ်ကုန်ပါပြီ ….”

“ ခင်များတို့က ငွေတောင် လာတောင်းရဲနေတာ လက်ခံဖို့ကျတော့ ဘာလို့ ရှက်နေသေးလဲ … မြန်မြန်လုပ် … ကျုပ်မှာ အချိန်မရှိဘူး ….”

နှစ်ယောက်က အခြား မည်သည့် စကားတို့မျှ မဆိုတော့ဘဲ သူတို့၏ ဖုန်းများကိုထုတ်လိုက်ကြသည်။ လင်းရီ စိတ်ပြောင်းသွားပြီး သူတို့ထံ ငွေမလွှဲပေးမှာကို စိုးရိမ်နေကြ၏။

“ စောနက ခင်များတို့ရဲ့ စကားဝိုင်းကို ကျုပ် ကြားမိသလောက်ဆိုရင် တစ်ယောက်က ယွမ်သုံးသောင်း ၊ တစ်ယောက်က ယွမ်နှစ်သောင်း …. ယူထားတာက တစ်လပဲ ရှိသေးတယ် … ဆိုတော့ ကျုပ် တစ်ယောက်ကို အတိုး ယွမ်ငါးထောင်ပါ ပိုလွှဲပေးလိုက်မယ် …. အခုချိန်ကစပြီး ကျုပ်တို့ချင်း ဘာ အကြွေးတင်နေတာမှ မရှိတော့ဘူး … ပြီးတော့ အစ်ကိုလီက ခင်များတို့အပေါ် ကျေးဇူးကြွေး တင်နေသလိုမျိုးတွေလည်း မလုပ်နဲ့တော့ … ဒီပိုက်ဆံက လုံလောက်တယ်မလား ….”

“ အတိုး ယွမ်ငါးထောင်တောင် ပေးဦးမယ် ….”

သူတို့ရဲ့ စိတ်လှုပ်ရှားမှုများ ပြင်းထန်လာပြီး လက်များပင် တုန်ယင်လာကြသည်။ ဤသည်က သူတို့ မျှော်မှန်းထားသည်ထက်ကို ကျော်လွန်နေသည်။

“ ကောင်းပြီလေ … မင်း ပြောတဲ့ အတိုင်းပဲပေါ့ ….”

နှစ်ယောက်မှာ အားနာပါးနာလေးပင် မငြင်းနိုင်တော့ဘဲ သူတို့၏ ဖုန်းများကို ကိုင်ရင်း လင်းရီ ငွေလွှဲပေးလာမှာကို စောင့်ဆိုင်းနေခဲ့ကြသည်။

တစ်မိနစ် အတွင်းမှာပဲ လင်းရီ ငွေလွှဲပြီးသွားခဲ့၏။

“ ငါ့မောင်ရယ် … နင် ဘယ်လိုတွေ လုပ်လိုက်တာလဲ … ငါတို့က နင့်ကို ဘယ်လို ပြန်ပေးရတော့မှာလဲ ….”

ကျန်းဝန်လီမှာ ကျေးဇူးတင်နေမိသလို အားလည်းအားနာနေမိသည်။ သို့ပေမယ့် ယခုလို အရေးကြီးသည့် အချိန်အခိုက်အတန့်၌ သူမတို့တွင် ရွေးချယ်စရာ မရှိပါဘဲ လင်းရီ၏ အကူအညီကို လက်ခံရုံမျှသာ တတ်နိုင်သည်။

ဘာကြောင်ဆို့တော့ တစ်အိမ်လုံး စုပေါင်းလျှင် ရှိသည့် ငွေက တစ်ရာပင် မကျန်ရစ်သောကြောင့်ပင်။

“ ထွေထူး မဟုတ်ပါဘူးဗျာ … ကျွန်တော့်ဆီက ပြန်လှည့်တယ်ပဲ သဘောထားလိုက်ပေါ့ ….”

လင်းရီ ခေတ္တရပ်နားပြီးနောက် ဆက်ပြောသည်။ “ တစ်ချို့ ကိစ္စတွေကို မရီးတို့ သိမှာ မဟုတ်ဘူးဆိုပေမယ့် ကျွန်တော် ဒီနေ့ ဒီရောက်လာခဲ့တာက ဒီကိစ္စအကြောင်း ပြောချင်လို့ပဲ … အစ်ကိုလီက ဒဏ်ရာရထားပြီး ရှေ့တန်းမှာ နေလို့မရတော့ဘူးဆိုတာ သိသာတယ် … ဒါကလည်း အဆိုးထဲက အကောင်းတစ်မျိုးပဲ … အထက်ကနေ အစ်ကိုလီကို ထောက်ပို့ပစ္စည်း ဌာနရဲ့ ခေါင်းဆောင် ရာထူး တိုးပေးလိုက်တယ် … လစာနဲ့ ဘောနပ်စ်တွေလည်း ပါတယ် … တစ်နှစ်တစ်နှစ်ကို အနည်းဆုံး ယွမ်လေးသိန်းလောက် အိမ်သယ်လာလို့ရတယ် … ဒီတော့ ကျွန်တော့်ရဲ့ ယွမ်ခြောက်သောင်းကို ပြန်ဆပ်ဖို့ဆိုတာက လုံးဝ ပြဿနာ ရှိမှာ မဟုတ်ဘူး …”

All Chapters