← Chapters

အထက်ကောင်းကင်ကြီးနဲ့ ယှဉ်ရင် ငါတို့အားလုံးဟာ မထင်မရှားလေးတွေပါပဲ

Vol. 163 Ch. 2348

အထက်ကောင်းကင်ကြီးနဲ့ ယှဉ်ရင် ငါတို့အားလုံးဟာ မထင်မရှားလေးတွေပါပဲ

Vol. 163 Ch. 2348

“ ရာထူးတိုး … ရာထူးတိုးသွားတယ် ဟုတ်လား ….”

လီရှန်းဟွေ့နှင့် ကျန်းဝန်လီတို့ နှစ်ဦးလုံး ကြက်သေသေသွားခဲ့ကြသည်။ အချိန်အတန်ကြာတော့မှ အသိစိတ် ပြန်ကပ်လာခဲ့ကြ၏။

“ အမှန်ပဲ … ဒါက ကျွန်တော် အတွင်းသတင်း ရထားလို့ သိရတာ … အတည်တောင် ပြုပြီးသွားပြီ … ဒါပေမယ့် နှစ်သစ်ကူးနီးနေတော့ တရားဝင် စာရွက်စာတမ်းတွေက မထွက်လာသေးဘူး … တရားဝင် စာကျလာဖို့ဆိုရင် အနည်းဆုံး တစ်ပတ် ၊ဆယ်ရက်လောက်တော့ စောင့်ရဦးမယ် ….”

“ ဒါက ….”

ဤသို့သော ရုတ်ချည်း ပြောင်းလဲမှုက လီရှန်းဟွေ့ကို ငရဲမှ ကောင်းကင်ဘုံသို့ တက်လာသည့်နှယ် ခံစားသွားရစေသည်။

သူ ခန့်မှန်းထားသည့်အတိုင်းဆိုလျှင် … ရုံးကိစ္စများ ကိုင်တွယ်ရန်အတွက် အိမ်ထောင်စု မှတ်ပုံတင်သည့် ဌာနကဲ့သို့သော နေရာတစ်ခုသို့ ပြောင်းရွှေ့ခြင်း ခံရလျှင်ပင် ကံကြမ္မာက အတော်လေး မျက်နှာသာပေးနေပြီဟု ပြော၍ရသည်။

ထင်မှတ်မထားစွာဖြင့် … သူက အဆင့်နှစ်ဆင့်တက်ပြီး ရာထူးတိုးခ့လိုက်ရ၏။

“ အထက်က ကျွန်မတို့တွေ ထိခိုက်အနာတရ ဖြစ်သွားတာတောင် ကျွန်မတို့တွေကို မမေ့သေးဘူးပဲ .. ကျေနပ်လှပါပြီ ….” ကျန်းဝန်လီက သူမ၏ မျက်ရည်များအား သုတ်ပြီး ပြောလိုက်၏။

“ ဘာပဲပြောပြော အစ်ကိုလီက တာဝန်ကျေပွန်တဲ့ လူတစ်ယောက်ပဲဟာ … အထက်က ဒီကိစ္စကို အသိအမှတ်ပြုတာက အတော်လေး ပုံမှန်ပါပဲ …” လင်းရီ ပြောလိုက်သည်။ “ လူတွေက အရောင်ပြောင်းလွယ်တတ်ကြတယ် … ဒီကိစ္စကနေတစ်ဆင့် လူတွေရဲ့ အရောင်ကာလာ အစစ်အမှန်ကို အစ်ကိုလီ မြင်တွေ့ပြီးပြီလို့ ထင်ပါတယ် ….”

လင်းရီ၏ စကားလုံးများက တည့်တိုးဆန်ပြီး လူတိုင်းကလည်း သူ ဘာကို ရည်ညွှန်းချင်နေလဲဆိုတာ နားလည်ကြသည်။

သို့သော် လီရှန်းဟွေ့က သဘောထားကြီးလွန်းသည်ဟု နာမည်ကြီးပြီး လင်းရီကဲ့သို့ စိတ်လွတ်လက်လွတ် မပြောဆိုခဲ့ပေ။ သူက ယဉ်ကျေးသမှုနဲ့ပဲ …

“ ဒုတိယဦးလေးနဲ့ တတိယဦးလေးတို့ကလည်း အိမ်မှာ သူတို့ပြဿနာနဲ့ သူတို့ ရှိနေကြလို့ပါကွာ …. ကဲ ဦးလေးတို့လည်း ကိစ္စရှိတယ်ဆိုတော့ ကျုပ် အတင်းခေါ်ထားမနေတော့ဘူး ….”

“ ဒါက ….”

နှစ်ယောက်မှာ နေရာမှာပဲ မတ်တပ်ရပ်နေမိကြပြီး ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်နေမိကြ၏။

သူတို့တွေ ပိုက်ဆံတောင်းဖို့အတွက် ရောက်လာခဲ့ကြတာ မှန်သည်။

သို့သော် အကြောင်းပြချက်ကတော့ လီရှန်းဟွေ့ ဒုက္ခိတ ဖြစ်သွားခဲ့ပြီဆိုတာကို သိနေသောကြောင့်ပင်။ ထို့ပြင် ဆေးဖိုးဝါးခကလည်း အကုန်အကျ အတော်လေးများ၏။ အလုပ်အကိုင်လည်း မရှိတော့ပြီ ဖြစ်ရာ သူတို့ ပေးထားသည့် အကြွေးများ ပြန်မရနိုင်တော့မှာကို စိုးရွံ့သဖြင့် ငွေကို မြန်နိုင်သမျှ မြန်မြန်လိုချင်ခဲ့ကြသည်။

ယခုအချိန်တွင်တော့ လီရှန်းဟွေ့က အလုပ်ပြုတ်ရုံမျှမကဘဲ ရာထူးလည်း တိုးခံလိုက်ရ၏။ တစ်နှစ် အခြေခံလစာက အနည်းဆုံး ယွမ်လေးသိန်း ရှိလေသည်။

အရေးကြီးဆုံးကတော့ သူ့အဆက်အသွယ်များက ယခင်ကထက် ပိုကောင်းလာမှာ ကျိန်းသေပေါက်ပင်။ ထို့ပြင် တစ်ချိန်ချိန်၌ သူတို့တွေသည်လည်း လီရှန်းဟွေ့၏ အကူအညီကို မလိုအပ်လာဘူးဟု မပြောနိုင်ပေ။

ယနေ့ ဖြစ်ရပ်က အရာအားလုံးကို ဖျက်စီးသွားခဲ့သည်။

“ ရှောင်ဟွေ့ … တကယ်တော့ မိသားစု ပြဿနာလေးတွေကလည်း အလျင်မလိုပါဘူး … ဒုတိယဦးလေးက မင်းနဲ့လည်း မဆုံဖြစ်တာ ကြာပြီဆိုတော့ ဒီနေ့တော့ ရောက်တုန်းရောက်ခိုက် တစ်ခွက်လောက် အတူသောက်ကြတာပေါ့ကွာ ….”

လီရိုထျန်က ပြောလိုက်သည်။

“ ဟုတ်တယ် ဟုတ်တယ် … တတိယဦးလေးလည်း အတူပါမယ်လေ ….” လီရိုလျန်က ပြောလိုက်၏။

“ ပိုက်ဆံကိစ္စကတော့ … ငါအခုလေးတင်ပဲ စဉ်းစားမိတယ် … မင်္ဂလာပွဲအတွက် ငွေလိုနေတယ်ဆိုရင်တောင် ဘာမှထူးသွားမှာမှ မဟုတ်တာ …. ခဏနေကျရင် ပိုက်ဆံကို မင်းဆီ ပြန်လွှဲပေးလိုက်မယ် … လောလောဆယ်သိမ်းထားလိုက် … မင်းလည်း အပြည့်အဝ ပြန်သက်သာသေးတာမှ မဟုတ်တာ … ရှေ့လျှောက် ကုန်ကျစရာတွေကလည်း အများကြီး ရှိသေးတယ် … ကျန်းမာရေးက ပထမဦးစားပေးပဲလေ ….”

“ ငွေကို ပြန်လွှဲပေးစရာ မလိုပါဘူး … ဦးလေးတို့ပဲ သိမ်းထားလိုက်ပါ ….” လီရှန်းဟွေ့ ပြောလိုက်ပြီး “ လင်းရီက ဦးလေးတို့ တစ်ယောက်ချင်းစီအတွက် ယွမ်ငါးထောင် ပိုလွှဲပေးခဲ့တယ် … နေ့ပြန်တိုးတောင် ဒီလောက် များမှာမဟုတ်ဘူး … ဆိုတော့ ထားလိုက်တော့ ….”

လီရှန်းဟွေ့က သူတို့နှစ်ယောက်အား အတင်းပြန်လွှတ်နေတာပြီး သူ၏ အမူအရာသည်လည်း လုံးဝ သိမ်မွေ့ခြင်း မရှိတော့ပေ။ သူတို့နှစ်ယောက်မှာလည်း မျက်နှာအရေထူစွာဖြင့် ဆက်ပြီး နေဖို့ကို ရှက်ရွံ့လှသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်စွာနှင့် ထွက်ခွာသွားကြလေသည်။

သူတို့နှစ်ယောက်လုံး ထွက်ခွာသွားပြီးသည့်နောက် အိမ်ထဲတွင် အပြင်လူတစ်ယောက်မျှ မရှိတော့ပေ။ လီရှန်းဟွေ့က စိုးရိမ်ကြောင့်ကြစွာ မေးမြန်းလာသည်။

“ လင်းရီ … မင်း ဒီကိစ္စ ဘယ်လိုလုပ်ပြီး သိခဲ့တာ ….”

ဤသည်က လီရှန်းဟွေ့ နားမလည်နိုင် ဖြစ်နေသည့် အရာပင်။ ထိုမျှ ကြီးမားသည့် သတင်းကြီးက … အကယ်၍ အတွင်းသတင်း ဖြစ်နေခဲ့လျှင်ပင် လျိုကွမ်းရှန်က အရင်သိသင့်၏။ လင်းရီ မဟုတ်ပေ။

“ အင်း …. ကျွန်တော့် ကောင်မလေးတစ်ယောက် ရှိတယ်လေ … သူ့နောက်ခံ နည်းနည်းလေး … ဆိုတော့ …….”

“ အိုကေ အိုကေ … ငါနားလည်သွားပြီ …” လီရှန်းဟွေ့ အားပါးတရ ရယ်မောလိုက်၏။

“ လင်းရီ … နင်က သိပ် အံ့ဩဖို့ကောင်းတာပဲ ….” ကျန်းဝန်လီလည်း ချိုသာစွာ ပြုံးလျက် ချီးမွမ်းလိုက်၏။

“ ဒီနေ့ခေတ်ကြီးထဲမှာ အဆက်အသွယ်မရှိရင် တကယ်ကို ခက်တာ … နင့်ကောင်မလေးက နင့်ကို နောင်ကျ အကူအညီ ကောင်းကောင်းပေးနိုင်လောက်တယ် ….”

“ သူ့အတွက် မျှော်လင့်ချက်တွေ ထားပေးမနေနဲ့ မရီး ….” ကူရိရန် မျက်လုံးလှန်လိုက်ပြီး “ သူက ကောင်မလေးကို zodic signs ဆယ့်နှစ်ခုလုံး စုံအောင် ထားချင်နေတာလေ … ဘယ်လောက်မြဲပါ့မလဲဆိုတာတောင် စိုးရိမ်စရာပဲ ….”

“ ဟေး ဟေး ဟေး … မရီးရဲ့ရှေ့မှာ ငါ့ သိက္ခာတွေ မဖျက်စီးနဲ့ကွာ မင်း ….”

နှစ်ယောက်မှာ ခေတ္တမျှ ငြင်းခုန်နေခဲ့ကြပြီး မကြာမီအချိန်မှာပဲ နေ့လည်စာက အဆင်သင့်ဖြစ်သွားခဲ့၏။

သို့သော် လင်းရီနှင့် ကူရိရန်တို့က တစ်ကိုက်မျှလောက် ကိုက်ပြီး မွန်းလွဲပိုင်းတွင် အခြားသော လုပ်စရာ ကိစ္စရပ်လေးများ ရှိသေးသဖြင့် အချိန်တွေ အများအကြီး မဖြုန်းချင်ပေ။

လီရှန်းဟွေ့ကလည်း သူတို့ကို အတင်းသောက်ဖို့ တိုက်တွန်းမနေတော့ချေ။ မွန်းလွဲ တစ်နာရီလောက်ရောက်တော့ နေ့လည်စာလည်း စားလို့ပြီးသွားခဲ့၏။

လီရှန်းဟွေ့၏ အိမ်ထဲက ထွက်လာခဲ့ပြီးနောက် လီရှန်းဟွေ့သည် ကူရိရန်ကို သူမ၏ အိမ်တွင် ချပေးလိုက်ပြီး ဝမ်ရင်း၏ နေရာသို့ မောင်းထွက်လာခဲ့၏။

“ နင်နောက်ဆုံးတော့ရောက်လာပြီပဲ … အစ်မနင့်ကို ဒီအတောအတွင်း အများကြီး သတိရနေတာ ….”

လင်းရီဝင်လာသည်ကို မြင်တော့ ဝမ်ရင်းက ရှေ့သို့ ပြေးတက်လာပြီး လည်ပင်းကို ဖက်လိုက်၏။

“ စောင့်နေရတာ စိတ်မရှည် ဖြစ်နေရောပေါ့ ….”

ဝမ်ရင်း၏ တင်ပါးကို ထိန်းထားပေးရင်း သူ့နံဘေးတွင် ထုပ်ထားသည့် ခရီးဆောင်သေတ္တာကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“ စိတ်မရှည် မဖြစ်ပါဘူး … နင် ဒီနေ့ လာမယ်ဆိုတော့ အစ်မရင်း သိပ်ပျော်တာပဲ … နင့်ကို မမြင်တာ ကြာလို့ ဖြစ်မယ် … ညတိုင်း လွမ်းတဲ့စိတ်တွေနဲ့ ဖြေသိမ့်နေတာပါပဲ ….”

“ ကျွန်တော်လည်း ဒီခုတလော အလုပ်အတော်လေး များနေတာနဲ့ တကယ်ကို အချိန်မရှိလို့ပါ …. “

“ ရတယ် … အစ်မနားလည်တယ် … နင့်နားမှာ ဒီလောက် လူတွေ အများကြီး ရှိနေမှတော့ ဘယ်အားလပ်မှာ … ပြီးတော့ ဥက္ကဌကျီကလည်း ကိုယ်ဝန်ရှိနေပြီဆိုတော့ တို့ စောဒက တက်မနေတော့ပါဘူးလေ ….”

လင်းရီ ပြုံးလိုက်ပြီး ဝမ်ရင်း၏ တင်ပါးကို ဖျစ်ညှစ်လိုက်သည်။ “ ဒါကြောင့်လည်း ရင့်ကျက်တဲ့ အမျိုးသမီးတွေက ပိုကောင်းတယ်လို့ ပြောကြတာကိုး … မိန်းမငယ်လေးတွေထက် အများကြီး နားလည်ပေးတတ်ကြတယ် ….”

“ ဒါပေါ့ … ဒါက ငါ့အားသာချက်ပဲလေ …”

“ သွားစို့ … နောက်တောင် ကျနေပြီ … မကန်ဖြန်က နှစ်သစ်ကူးနေ့ … မိသားစုနဲ့ အချိန်အတူ ဖြုန်းဖို့ စောစောအိမ်ပြန်တာ ပိုကောင်းတယ် ….”

“ အိုကေလေ ….”

လင်းရီ သူမ၏ ခရီးဆောင်အိတ်ကို ကူသယ်ပေးလိုက်ပြီး အောက်ထပ်သို့ အတူဆင်းလာခဲ့ကြသည်။ ထို့နောက် သူမကို လေဆိပ်သို့ ခေါ်ဆောင်သွား၏။

ဝမ်ရင်းကို လိုက်ပို့ပေးပြီးနောက် လင်းရီ အိမ်သို့ မပြန်ပေ။ ထိုအစား ရန်စီ၏ ကုမ္ပဏီသို့ ဦးတည်လိုက်သည်။

နှစ်သစ်ကူးနှင့်မို့ ကုမ္ပဏီရှိ ဝန်ထမ်းများကလည်း အတော်လေးကို ကျဲပါးလို့နေသည်။

“ မနက်ဖြန်ဆို နှစ်သစ်ကူးရောက်ပြီကို ဘာလို့ ဒီမှာ နေနေတုန်းလဲ … ဘယ်တော့လဲ ပြန်မှာ ….” ရုံးခန်းထဲ၌ လင်းရီ မေးမြန်းလိုက်၏။

ရန်စီ၏ တုံ့ပြန်မှုက ဝမ်ရင်းနှင့် ဆင်တူပြီး သူ့အပေါ် ပူးတိကပ်တိနှင့် ပြန်ဖို့ကို တွန့်ဆုတ်လို့နေသည်။

“ ဒီည ကျိုးဟိုင်ကိုလာမယ့် ပရိုဂျူဆာတစ်ယောက်ရှိတယ် … သူနဲ့အတူ ထမင်းစားရင်း ဇာတ်ကားအသစ် တစ်ခုအကြောင်း ဆွေးနွေးရဦးမှာ ….”

“ ဟုတ်လား … ဘယ်အချိန်လဲ ပြီးမှာ … ငါ လာကြိုပေးမယ်လေ …”

ရန်စီ၏ အမူအရာမှာ ရွှင်ပြသွားခဲ့၏။ “ မလိုပါဘူး … ငါတို့ချင်း အများကြီး တွေ့ဖူးတယ် … ပြီးတော့ သူက မိန်းကလေးပါ … နင် စိတ်ပူဖို့ မလိုပါဘူး …..”

“ အဲ့ဒီတော့ …. အိမ်ကို ဘယ်အချိန် ပြန်မယ်လို့ စီစဉ်ထားလဲ … မနက်ဖြန်လား ….”

“ အွန်း …. ဒီည ထမင်းစားပြီးတဲ့အချိန်ပေါ့ … ပြီးရင် အိမ်ပြန်ပြီး အရုဏ်တက်အမီ ရောက်ဖို့ ကြိုးစားရမယ် ….”

“ ဒါဆိုလည်း ငါ့ရဲ့ လေယာဉ်ယူသွားလိုက် …‌ လေဆိပ်မှာ ရပ်ထားတယ် …..”

“ ကျေးဇူးတင်ပါတယ် ဒါရိုက်တာလင်းရှင့် ….” ရန်စီက မျက်တောင်ခတ်လျက် လင်းရီကို ကြည့်လိုက်ပြီး “ ခဏနေကျရင် လုပ်စရာ ကိစ္စရှိသေးလား ….”

“ မင်းမှာ တစ်ခုခု ရှိလို့လား ….”

“ မရှိပါဘူး … ဒီခုလောလောဆယ် ငါအားတယ်လေ … နင်လည်း အချိန်ရတယ်ဆိုရင် ငါတို့တွေ လမ်းထွက်လျှောက်ကြမလားလို့ပါ ….”

“ သွားကြတာပေါ့ ….”

“ ဟီးဟီး … ဒါဆို ငါအဝတ်လဲပြီးမှာကို စောင့်ဦး …..”

ရန်စီက ရုံးခန်းထဲရှိ အဝတ်ဗီရိုထဲကနေ အနက်ရောင် ကုတ်အင်္ကျီတစ်ထည်ကို ထုတ်လိုက်သည်။ အနက်ရောင် ခြေအိတ်ရှည်ကို အောက်တွင် ခံလိုက်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထာသည့် ခြေတံအလှကို ပို၍ ပေါ်လွင်သွားစေသည်။ ကုတ်ကို အပေါ်က ထပ်လိုက်ရင်း သူမ၏ အရှိန်အဝါတို့မှာ နဂိုကထက်ပင် ပို၍ သန်မာသွားခဲ့တော့၏။

ကုမ္ပဏီက ထွက်လာခဲ့ပြီးနောက် သူတို့တွေ ထွေထူး ဘာမျှ မပြုလုပ်ကြချေ။ အရင်ဦးဆုံး ရုပ်ရှင်သွားကြည့်ကြ၏။ ပြီးသည့်နောက် တွေ့ရာ ကော်ဖီဆိုင်တစ်ခုတွင် ဝင်ထိုင်ပြီး နေ့စဉ်ဘဝများအကြောင်း စကားပြောဆိုနေခဲ့ကြသည်။

သူတို့နှစ်ဦးအဖို့ … ဤသို့သော နှီးနှောဖလှယ်သည့် ဆက်ဆံရေးက အကောင်းဆုံးပင်။

ညနေခင်းပိုင်း နေအတော်လေးစောင်းတော့ ရန်စီက ညစာစားပွဲသို့ တက်ရောက်ရန်အတွက် ထွက်သွားခဲ့ပြီး လင်းရီလည်း ဘယ်ကိုမျှ သဝေထိုးမနေတော့ဘဲ အိမ်သို့သာ သက်တောင့်သက်သာ မောင်းနှင်လာခဲ့လေသည်။

လမ်းတိုင်းလမ်းတိုင်းတွင် ပွဲတော် အငွေ့အသက်များက ပြည့်နှက်လို့နေပြီး လူတိုင်း၏ မျက်နှာထက်တွင် ပျော်ရွှင်သည့် အပြုံးရိပ်တို့က ဝေဆာလို့နေသည်။

အေးချမ်းမှု၏ သင်္ကေတပင်။

ရုတ်တရက်ဆိုသလို လင်းရီသည် ‘ မြို့နှစ်မြို့၏ ဒဏ္ဍာရီ “ ထဲက စာတစ်ကြောင်းကို အမှတ်ရမိလိုက်၏။

အုတ်အုတ်ကျက်ကျက် လက်ရှိကာလ၌ …. သူသည် သာမန် မထင်မရှား ရေမှုန်ရေမွှား တစ်ခုလေးမျှပင် ….

All Chapters