ဂျပန် ဆရာဝန်
Vol. 163 Ch. 2349
အိမ်သို့ ပြန်ရောက်လာတော့ လင်းရီရန်က ဆိုဖာထက်တွင် လဲလျောင်းရင်း တစ်စုံတစ်ရာအား အာရုံစိုက် ကြည့်ရှုနေသည်ကို မြင်တွေ့လိုက်ရသည်။
စုန့်လန်နှင့် ကျီအန်းထိုက်တို့ကတော့ မီးဖိုချောင်ထဲတွင် အလုပ်များနေကြ၏။
ကျီမိသားစု၏ အစဉ်အလာအရ ၊ သူတို့တွေ နှစ်တိုင်းနှစ် နှစ်သစ်ကူး အချိန်ကာလရောက်တိုင်း အဘိုးဖြစ်သူထံသို့ သွားရောက်လည်ပတ်လေ့ရှိသည်။ ထို့ကြောင့် အိမ်တွင် ပြင်ဆင်စရာတို့က များများစားစား မရှိချေ။
“ ဘာတွေ အဲ့လောက်ထိ ကြည့်နေတာ ….”
“ အာ …. နင်တောင် ပြန်လာပြီပဲ ….”
လင်းရီကို မြင်တော့ ကျီချင်းရန်က သူမ၏ ကိုယ်ဟန်ကို ချိန်ညှိလိုက်သည်။ ထို့နောက် ရီပို့တစ်ခုကို ကော်ဖီစားပွဲပေါ်သို့ တင်လိုက်၏။
“ ဒါကို တစ်ချက် ကြည့်ပေးဦး … ဆရာဝန်ပြောတာတော့ ငါ့ရဲ့ ပရိုဂက်စ်စထုန်း လယ်ဗယ်က နည်းနည်းလေး နည်းတယ်တဲ့ … ဆေးထိုးဖို့ အကြံပေးလိုက်တယ် … ငါလည်း ဘာမှ လျှောက်မလုပ်ရဲတော့ နင့်ကို မေးဖို့ စောင့်နေတာ ….”
“ တစ်ချက်ကြည့်ရအောင် …”
လင်းရီ ရီပို့ကို ယူပြီး ကြည့်လိုက်၏။
ကိန်းဂဏန်း တန်ဖိုးများက အနည်းငယ် လျော့နည်းနေသော်လည်း အနိမ့်ပိုင်း အကန့်အသတ်၏ အထက်တွင်တော့ ရှိနေဆဲပင်။ ထို့ကြောင့် အားလုံး အဆင်ပြေသည်။
အကယ်၍ ဟွာရှန်း ဆေးရုံ သို့မဟုတ် သူ၏ ကိုယ်ပိုင် ဆေးအတွေ့အကြုံ အရဆိုပါက ဆေးထိုးဖို့ အကြံပေးမိမှာ မဟုတ်ချေ။ ကောင်းမွန်စွာ ဂရုစိုက်ပေးရုံမျှနှင့် လုံလောက်နေပြီ ဖြစ်၏။
ပထမ နှစ်လတွင် ကိန်းဂဏန်းတန်ဖိုးများ အင်မတန် လျော့နည်းနေခြင်း မရှိသရွေ့ စိတ်ပူဖို့ရာ မလိုပေ။
သို့သော် လင်းရီကို ဇဝေဇဝါ ဖြစ်သွားစေသည့် အရာက ကျီချင်းရန် ဆေးသွားပြသည့် ဆေးရုံသည် လင်းရီကိုယ်တိုင် စီစဉ်ပေးလိုက်သည့် ဆေးရုံ ဖြစ်နေခြင်းပင်။ သူ့ဘက်ကလည်း ဆေးရုံနှင့် စကားပြောထားပြီး ဖြစ်၏။ ကျီချင်းရန်ကို ရည်ရွယ်ချက် ရှိရှိ ခြောက်လန့်ပြီး မလိုလားအပ်သည့် ဆေးဝါးများ သောက်သုံးဖို့ ညွှန်းပေးစရာ အကြောင်းလည်း မရှိပေ။
ထို့ပြင် ယခုပေးလာသည့် ဆေးများကလည်း ဈေးလုံးဝ မကြီးပေ။ တစ်ခုကို ဆယ်ယွမ်မျှသာ ပေးရပြီး … လုံးဝ မလိုအပ်သည့် အရာဖြစ်၏။
“ မင်း အရင်နေ့တွေတုန်းကလည်း ဆေးစစ်တာတွေ အများကြီး လုပ်ခဲ့သေးတယ်မလား … ဓာတ်ခွဲခန်း စစ်ဆေးချက်တွေ ဘယ်မှာ … ငါ တစ်ချက်ကြည့်ရအောင် …..”
“ ခဏနော် … ငါ သွားယူပေးမယ် ….”
ကျီချင်းရန် အပေါ်ထပ်သို့ တက်သွားခဲ့သည်။ မကြာမီ ဓာတ်ခွဲခန်း စမ်းသပ်မှု ရလဒ်များ ပါဝင်သည့် ပန်းရောင် ဖိုင်အိတ်တစ်လုံးကို ပြန်သယ်လာသည်။
HCG နှင့် ပရိုဂက်စ်ထုန်း လယ်ဗယ် စစ်ဆေးမှု ရလဒ်များက အကုန်လုံး အတူတူပင်။
လင်းရီ တစ်ချက်ကြည့်လိုက်၏။
HCG လယ်ဗယ်က နှစ်ဆလွန်အောင်ကို ကောင်းနေသည်။ ပရိုဂက်စ်ထုန်း လယ်ဗယ်သည်သာလျှင် အနည်းငယ် လျှော့နည်းနေပြီး ယင်းကလည်း စိုးရိမ်အကန့်အသတ် အမှတ်အထက်တွင် ရှိ၏။ ထို့ကြောင့် မည်သည့် ပြဿနာမျှ မရှိပေ။
“ အရင် တစ်ခေါက် သွားစစ်ဆေးတုန်းက ဆရာဝန် ဘာပြောလဲ … သူတို့တွေ ပရိုဂက်စ်ထုန်း ထိုးဖို့ အကြံပြုလာသေးလား ….”
ကျီချင်းရန် ခေါင်းယမ်းလိုက်၏။ “ အိမ်မှာ ဂရုစိုက်နေဖို့ပဲ ပြောတယ် … ဆေးထိုးဖို့ အကြောင်းတော့ မပြောဘူး …”
“ ဒါဆိုရင် ဒီခုကကျတော့ ဘယ်လို ဖြစ်တာ ….” လင်းရီ အတွေးနက်သွားခဲ့ပြီး “ အခုဆို နှစ်လနီးပါး ရှိတော့မယ် …. နောက်ပိုင်းကျရင် ဒီလိုမျိုး စစ်ဆေးမှုတွေ လိုတော့မှာ မဟုတ်ဘူး … ကိန်းဂဏန်းတွေကလည်း မပြောပလောက်တာကို ဆေးထိုးဖို့ အကြံပေးနေတယ်ဆိုတော့ … ငါ အားရင် ဒီဆရာဝန်အကြောင်း တီးခေါက်ကြည့်ဦးမှနဲ့ တူတယ် ….”
ကျီချင်းရန်သည် လင်းရီကို ခပ်ဖွဖွ ရိုက်နှက်လိုက်၏။ “ တစ်ချိန်လုံး ကျိန်ဆဲနေတာချည်းပဲ တော်စမ်း … နင်က အဖေဖြစ်တော့မှာနော်… နင် ငါတို့ ကလေးကို နင့်ရဲ့ အကျင့်ဆိုးကြီးတွေ သင်စေချင်နေတာလား ….”
လင်းရီ ရယ်မောလိုက်သည်။ “ အေးပါ ….”
“ ငါ့အထင်တော့ ဆရာဝန်ပြောင်းလိုက်တာကြောင့် ဖြစ်လိမ့်မယ် … လူတိုင်းရဲ့ ကုသနည်းလမ်းတွေကလည်း မတူညီကြဘူးလေ …. ဒေါက်တာ အသစ်က သူ့ရဲ့ ရှုထောင့်အမြင်ကနေ ငါ့ကို ဆေးထိုးဖို့ လိုတယ် ထင်လို့ နေမှာပေါ့ ….”
“ ဆရာဝန် အသစ် ဟုတ်လား ….” လင်းရီ အံ့အားသင့်သွားခဲ့သည်။
ကျီချင်းရန် ခေါင်းညိတ်လိုက်၏။ “ ဂျပန် ဆရာဝန်လေ … အသက်ငါးဆယ်ကျော်လောက် ရှိမယ် … ကြင်လည်း ကြင်နာတတ်တယ် … ချစ်ခင်ဖို့လည်း ကောင်းတယ် ….”
ဂျပန်ဆရာဝန် ….
ထိုစကားကြားတော့ လင်းရီ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
ယခုအချိန်တွင် ဂျပန်နှင့် ပတ်သက်သည့် မည်သည့် ကိစ္စမျိုးမဆို သူ့ဘက်က ဆတ်ဆတ်ထိမခံ ဖြစ်နေမိ၏။ သူတို့တွေ ယခင်တစ်ခေါက်က ဂျပန်အပိုင် ပစ္စည်းကို တစ်ဖက်လက်ကနေ လုယူခဲ့သဖြင့် ၎င်းတို့ဘက်က ကျိန်းသေပေါက် လွယ်လွယ်နှင့် လွှတ်ပေးလိုက်မှာ မဟုတ်ဘဲ ပစ္စည်းကို ပြန်ရအောင် ကြိုးစားကြလိမ့်မည်။
ထို့ကြောင့် ဤအတောအတွင်း လင်းရီသည် ဂျပန်အပေါ် အတော်လေး သတိထားနေခဲ့၏။ ယခု ဂျပန်ဆရာဝန် တစ်ဦးက ရုတ်ချည်း ပေါ်ပေါက်လာသည်က သူ့ကို စိုးရိမ်တုန်လှုပ်သွားစေခဲ့လေသည်။
“ နင် ဘာလို့ ဘာစကားမှ မပြောတော့တာလဲ ….”
“ ဟမ် … အင်း … ဒီတိုင်းပါပဲ ….” လင်းရီ မျက်နှာအမူအရာကို ပြန်ထိန်းလိုက်ပြီး “ ဆရာဝန်က ထိုးဆေးနဲ့အတူ သောက်ဆေးတွေလည်း ညွှန်းပေးလိုက်သေးတယ်မလား ….”
“ အွန်း ….” ကျီချင်းရန် ခေါင်းညိတ်လိုက်သည်။
“ ငါ အိမ်ယူလာခဲ့တယ် … ဒါပေမယ့် သုံးတော့ မသုံးရသေးဘူး … နင်နဲ့အတူ အရင် တိုင်ပင်ဦးမလို့လေ ….”
“ အဲ့ဆေးတွေ ဘယ်မှာလဲ … ငါ တစ်ချက်ကြည့်ဦးမယ် ….”
ကျီချင်းရန်က သူမ၏ အိတ်ထောင်ထဲကနေ ဗူးသေးသေးလေး တစ်ခု ထုတ်လာခဲ့ပြီး ကော်ဖီစားပွဲပေါ်သို့ တင်လိုက်၏။ အထဲတွင် ထိုးဆေး ရှစ်လုံး ပါဝင်နေသည်။
“ ဆရာဝန်က ငါ့ကို ဒါတွေ ပေးလိုက်ပြီး တစ်နေ့ကို တစ်လုံးသုံးဖို့ ပြောတယ် …. ငါ့ရဲ့ အခြေအနေက မပြင်းထန်တော့ တစ်နေ့ တစ်လုံးက လုံလောက်တယ်တဲ့ …..”
“ လောလောဆယ်တော့ မသုံးသေးနဲ့ဦး ….”
“ အင်းပါ … ငါနင့်ကို ယုံတယ် ….”
ဒေါက်တာပြောသည့် စကားထက် လင်းရီကို ကျီချင်းရန် ပိုပြီးယုံသည်။
ထို့ပြင် သူမဘက်က ဆေးထိုးရမှာကိုလည်း အတော်လေး ကြောက်၏။
လင်းရီက ရီပို့ကို ယူပြီး အပေါ်ထပ် သူ့အခန်းထဲသို့ ရောက်လာခဲ့သည်။ ထို့နောက် ရွေ့ကျင်း ဆေးရုံ၏ ဒါရိုက်တာထံ ဖုန်းခေါ်လိုက်သည်။
“ ဒါရိုက်တာလီ … ခင်များ အလုပ်များနေလား ….”
“ ထွေထူးတော့ မများပါဘူး … နှစ်သစ်ကူးအတွက် အိမ်ကို ပြင်ဆင်ရင်း အလုပ်ရှုပ်နေရုံပါပဲ ….” ဒါရိုက်တာ လီတဝေက ပြုံးလျက် မေးလာခဲ့သည်။ “ ဒါရိုက်တာလင်းက ဒီအချိန်ကြီး ဖုန်းခေါ်လာတယ်ဆိုတော့ ဇနီးသည်ရဲ့ အခြေအနေကို သိချင်လို့များလား ….”
“ အတိအကျ အဲ့လိုပါပဲ …” လင်းရီ ရယ်မောလျက် ပြောလိုက်ပြီး “ ကျုပ် သူ့ဆီကနေ တစ်ဆင့်ပြန်ကြားရတာ ဒီနေ့ သူ့ကို စစ်ဆေးပေးခဲ့တဲ့ ဆရာဝန်က ဂျပန်ကဆို …. ဆေးရုံရဲ့ သားဖွားမီးယပ်ဌာနခေါင်းဆောင်က ပြောင်းသွားလို့လား ….”
“ ပြောင်းတော့ မပြောင်းပါဘူး … ဒါရိုက်တာမာ ဖြစ်နေတုန်းပါပဲ … ဒါပေမယ့် ဒေါက်တာစန်ဒါက ဒီနယ်ပယ်မှာ ကျွမ်းကျင်သူလေ … နိုဗယ်ဆုတောင် ရထားသေးတယ် … ဒီနှစ်ပိုင်းမှာ ဂျပန်ရဲ့ သုတေတန ပရောဂျက် ရန်ပုံငွေတွေ တင်းကြပ်နေတော့ အဲ့မှာနေဖို့ ဘာတိုးတက်မှုမှ မရှိနိုင်ဘူးထင်ပြီး ငါတို့ဆီ ရောက်လာခဲ့တာပဲ … အတော်လေး လုပ်ရည်ကိုင်ရည်ရှိတယ်လို့ ငါတော့ ထင်တယ် … ဒါကြောင့်မို့လည်း ဒါရိုက်တာလင်းရဲ့ ဇနီးသည်ကေ့စ်ကို သူနဲ့ အပ်ထားလိုက်တာလေ ….”
“ နားလည်ပြီ … ကျေးဇူးပါပဲ ဒါရိုက်တာလီ ….”
“ ရပါတယ်ကွာ … အကုန်လုံးက အချင်းချင်းတွေကိုပဲ ….”
စကားအနည်းငယ် ပြောဆိုပြီးနောက် လင်းရီ ဖုန်းချပြီး ရွေ့ကျင်းဆေးရုံ၏ တရားဝင် အကောင့်ထဲသို့ လော့အင်ဝင်ရောက်လိုက်သည်။ လီတဝေပြောသည့် စန်ဒါဆိုသူက စန်ဒါထိုက်လျန် ဖြစ်ကြောင်း သိရှိလိုက်ရလေသည်။
သူ့နာမည် အပြည့်အစုံက စန်ဒါထိုက်လျန် ဖြစ်၏။ အထင်ကြီးစရာကောင်းသည့် ကိုယ်ရေးအကျဉ်းကိုလည်း ပိုင်ဆိုင်ထားသည်။ လီချူးဟန်နှင့်ပင် ယှဉ်ပြိုင်နိုင်သည်။
လင်းရီ မေးစေ့ပွတ်သပ်လိုက်ပြီး သူများ အတွေးလွန်နေမိလားဟု ကိုယ့်ကိုယ်ကို မရေရာ ဖြစ်နေမိသည်။
သို့သော် ဤကဲ့သို့သော ထိလွယ်ရှလွယ်သည့် အခြေအနေမျိုး၌ သတိဟူသည် ပိုသည်မရှိပေ။
ခေတ္တကြာအောင် စဉ်းစားပြီးနောက် လင်းရီသည် အောက်ထပ်သို့ ဆင်းလာခဲ့ပြီး အဝတ်ချိတ်သည့် တန်းမှ ကုတ်အင်္ကျီတစ်ထည်ကို ဆွဲယူလိုက်သည်။ ကျီချင်းရန် ဆေးရုံက ယူဆောင်လာခဲ့သည့် ဆေးဝါးများကိုလည်း ကောက်ယူလိုက်ပြီး “ ငါ အပြင်ခဏထွက်လိုက်ဦးမယ် …. ဘယ်လောက်မှတော့ မကြာပါဘူး … ပင်ပန်းတယ်ဆို အရင်နားနှင့်လိုက် ….”
လင်းရီ အပြင်ထွက်တော့မှာကို မြင်တော့ မိသားစုဝင်များအားလုံး စုဝေးလာသည်။
“ အပြင်သွားမလို့လား … ညကြီး ဖြည်းဖြည်းမောင်းဦးနော်….” စုန့်လန်က ကြင်နာစွာ သတိပေးလာသည်။
“ ဟုတ်အန်တီ … ကျွန်တော် ခဏပါပဲ ….”
“ အေးအေး … သွားတော့ …. ဂရုစိုက်ဦး …”
အိမ်ထဲက မထွက်မီ လင်းရီသည် ကျီချင်းရန်၏ ပါးကို တစ်ချက်နမ်းလိုက်၏။ ပြီးသည့်နောက် ဟွာရှန်းဆေးရုံသို့ မောင်းထွက်လာခဲ့သည်။
လမ်းတွင် ချိုးယွီလော့ထံသို့ လင်းရီ ဖုန်းခေါ်လိုက်၏။
ဖုန်းဝင်သွားသည်နှင့် တစ်ဖက်က ကျယ်လောင်သည့် ဂီတသံများ ထွက်ပေါ်လာသည်။
“ ဆူညံနေတာပဲ … မင်း ဘယ်တွေ ရောက်နေတာ ….”
“ ဘားမှာလေ … ဘာဖြစ်လို့လဲ ….”
ဖုန်းတစ်ဖက်ခြမ်းရှိ ဆူညံနေသည့် ဂီတသံများက ဖြည်းဖြည်းချင်း တိုးညင်းသွားခဲ့သည်။ ကြည့်ရသည်မှာ ချိုးယွီလော့က တိတ်ဆိတ်သည့် နေရာသို့ ပြောင်းရွေ့သွားခဲ့ဟန်ပင်။
“ မင်းအားတယ်ဆိုရင် ငါ့ကို တစ်ယောက်အကြောင်း စုံစမ်းပေးစမ်းပါ … သူ့နာမည်က စန်ဒါထိုက်လျန် … နာမည်ကြီး သားဖွားမီးယပ် ဆရာဝန်ပဲ ….”
“ ဂျပန်ကလား ….”
ချိုးယွီလော့၏ လေသံမှာ ချက်ချင်းပဲ တည်ကြည်သွားခဲ့သည်။ ယခုလို ထိလွယ်ရှလွယ်သည့် အချိန်မျိုး၌ သေးမွှားသည့် လှုပ်ရှားမှုလေး တစ်ခုကိုမျှပင် ကျော်သွားလို့မရချေ။ အကုန်လုံးက ထင်မှတ်မထားသည့် သွယ်ဝိုက်ပတ်သက်မှုမျိုးတို့ ရှိနေနိုင်သည်။
“ ငါ ပြန်ရောက်တာနဲ့ စုံစမ်းကြည့်လိုက်မယ် ….”
“ အလျင်လိုဖို့ မလိုပါဘူး … အေးဆေးလုပ်ပါ ….” လင်းရီ ပြောလိုက်သည်။
“ အဲ့ဒီ စာရွက်စာတမ်းတွေကို သုတေသန လုပ်တာရော အခြေအနေ ဘယ်လိုရှိပြီလဲ …..”
“ တော်တော်များများကိုတော့ ဝှက်စာဖြေပြီးသွားပြီ … အခု ကြည့်ရသလောက်တော့ လူသား ခန္ဓာကိုယ်အတွက် အသုံးချစရာ တစ်ခုခုလို့ ထင်ရတယ် … ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး ….” ချိုးယွီလော့ ပြောလိုက်ပြီး “ တကယ်လို့ ငါတို့ဘက်ကသာ အကျိုးရှိရှိနဲ့ အသုံးချနိုင်မယ်ဆိုရင် ကျုံးဝေ့တပ်ဖွဲ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကတည်း အဆင့်နောက်တစ်ခုကို အလိုအလျောက် မြင့်တက်သွားလိမ့်မယ် … ဒါပေမယ့် လုံလောက်တဲ့ လက်တွေ့စမ်းသပ်မှု သက်သေတွေတော့ လိုအပ်နေတုန်းပဲ … မဟုတ်ရင် ကျုံးဝေ့တပ်ဖွဲ့က အသုံးပြုနိုင်မှာ မဟုတ်ဘူး … အဲ့ဒီတော့ …….”
“ အင်း ……” လင်းရီ ရပ်တန့်သွားခဲ့ပြီး “ သေစမ်း … မင်းတို့ကောင်တွေ ငါ့ကိုယ်ပေါ်မှာ နောက်ထပ် စမ်းသပ်မှု လုပ်ချင်နေတယ်လို့တော့ မပြောနဲ့နော်….”