← Chapters

အမည်ဖော်မရတဲ့ ပစ္စည်း

Vol. 163 Ch. 2350

အမည်ဖော်မရတဲ့ ပစ္စည်း

Vol. 163 Ch. 2350

ချိုးယွီလော့၏ အားပါးတရ ရယ်မောသံက ဖုန်းတစ်ဖက်ခြမ်းကနေ ထွက်ပေါ်လာသည်။

“ ငါတို့က ဒီတိုင်း ဆွေးနွေးနေရုံပါဟယ် .. နင့်ကို လိုအပ်တယ်လို့ မပြောမိပါဘူး …. ဒါပေမယ့် ဒါကလည်း ကောင်းတဲ့ကိစ္စပဲလေ … တပ်ဖွဲ့က အခုတစ်လော အဲ့ဒီ မနာလို ဖြစ်နေတဲ့ကောင်တွေ လာခိုးမှာကို ကာကွယ်ဖို့နဲ့ အလုပ်များနေတာ ….”

“ လက်ရှိ နိုင်ငံတကာရေးရာ အခြေအနေကလည်း နည်းနည်းတော့ ထူးဆန်းနေတယ် … တကယ်လို့ တပ်ဖွဲ့က အလုပ်အရမ်းများနေတယ်ဆိုရင် အချိန်မရွေး ငါ့ကို ခေါ်လိုက် ….”

“ အိုကေ …..”

ချိုးယွီလော့နှင့် ဖုန်းပြောပြီးနောက် လင်းရီသည် ဟွာရှန်းဆေးရုံသို့ ကားမောင်းလာခဲ့ပြီး ဓာတ်ခွဲခန်း ဌာနသို့ ရောက်ရှိလာခဲ့သည်။

“ တာဝန်ချိန်ကြီးမှာ လာအိပ်နေတာကတော့ နည်းနည်းများသွားပြီ ထင်တယ်နော်….”

အပြင်ဘက်မှ ရုတ်ချည်း အသံထွက်ပေါ်လာတာကို ကြားတော့ တာဝန်ကျ ဆရာဝန် အများအပြားမှာ လန့်ဖြန့်သွားခဲ့ကြပြီး အလျင်အမြန် မတ်တပ်ရပ်လိုက်ြ၏။ တံခါးပေါက်ဝတွင် မတ်တပ်ရပ်နေသည့် လင်းရီကို မြင်တော့ တင်းမာနေသည့် သူတို့၏ နာ့ဗ်ကြောများမှာ ပြန်လည်ပျော့ပျောင်းသွားခဲ့သည်။

“ ဒါရိုက်တာလင်း … ရှင် ကျွန်မကို လန့်ပြီး သေအောင် လုပ်နေတာလား …. ဆေးရုံ ဒါရိုက်တာများ လာတာလားလို့ ….”

ပြောလိုက်သူက လှပပြီး ငယ်ရွယ်သည့် အမျိုးသမီး တစ်ဦးပင်။ သူမနာမည်က ချန်လီ ဖြစ်၏။ အသက်က ၃၇-၃၈ ဝန်းကျင်ခန့်မျှ ရှိပြီး ဌာန၏ လက်ထောက် ဒါရိုက်တာတစ်ဦးပင်။

“ ညလယ်ကြီး ရှောင်တခင် လာစစ်ဆေးလိုက်တာ အကုန်လုံးက ရေသာခိုနေကြတယ်ဆိုတာကတော့ နည်းနည်းများသွားပြီ .. ကျုပ် ဆေးရုံဒါရိုက်တာဆီ တိုင်လိုက်မှနဲ့တူတယ် ….”

“ နင် အဲ့လိုပြောမယ်ဆိုရင် ဒီည မပြန်နဲ့တော့ … ဒီ အစ်မနဲ့ အတူ ဂျူတီမှာ အတူနေပေးလေ … ငါတို့တွေ စကားကောင်းကောင်း ပြောကြတာပေါ့ ….”

“ အဲ့လိုသာဆိုရင်တော့ … ဒီမောင်လေးကလည်း အစ်မကြီး အလိုကျ နေပေးရတော့မှာပေါ့ …..”

ချန်လီ မျက်လုံးလှန်ပြလိုက်၏။ “ တော်စမ်းပါ … ငါ့ဒီအသက်အရွယ်ကြီးတောင် နင်က အလွှတ်မပေးချင်ဘူးပေါ့ … ပြောစမ်း … တစ်ခုခု ရှိလို့ နင် ဒီရောက်လာတာမလား ….”

“ တကယ်လည်း အစ်မချန်ဆီကနေ အကူအညီ လိုအပ်နေတာ ….” လင်းရီ ပြုံးလျက် ဆိုလိုက်ပြီး ကျီချင်းရန် ဆေးရုံက ယူလာသည့် ဆေးများကို အိတ်ထောင်ထဲက ထုတ်လိုက်သည်။

“ ဒီဆေးကို တစ်ချက် စစ်ဆေးပေးစမ်းပါ … တစ်ခုခုများ မှားယွင်းနေသလားလို့ ….”

“ ဒါ ပရိုဂက်စ်ထုန်း ဆေးတွေ မဟုတ်လား …”

ချန်လီ၏ မျက်လုံးတို့ထဲ ကျီစယ်ချင်စိတ်တို့ ပြည့်နှက်သွားခဲ့ပြီး “ ဒါရိုက်တာလီ ကိုယ်ဝန်ရနေတာတော့ မဟုတ်ဘူးမလား ….”

“ ကျွန်တော်တို့က အဲ့ဒီ အဆင့်ထိ မရောက်သေးပါဘူးဗျာ … အတွေးမလွန်စမ်းပါနဲ့ …. “လင်းရီ ရယ်မောလျက် ခွန်းတုံ့ပြန်လိုက်ပြီး “ ဒီ ဆေးတွေနဲ့ ပတ်သက်ပြီး မူမမှန်ဘူး ခံစားမိလို့ ကျေးဇူးပြုပြီး တစ်ချက်လောက် စစ်ဆေးပေးပါဦး အစ်မချန် ….”

စကားဆုံးအောင် ပြောပြီးနောက် လင်းရီသည် သူ့အိတ်ထောင်ထဲကနေ ပါကင် မဖောက်ရသေးသည့် Givenchy နှုတ်ခမ်းနီ တစ်ချောင်း ထုတ်ယူလာခဲ့သည်။

“ ဒီနှုတ်ခမ်းနီကို ကျွန်တော်ကိုယ်တိုင် စတိုးဆိုင်ကနေ သေချာ ရွေးယူခဲ့ပေးတာနော်… အစ်မချန်ရဲ့ စတိုင်နဲ့ လိုက်ဖက်မယ်လို့ ထင်တယ် ….”

အမှန်တော့ လင်းရီလက်ထဲရှိ နှုတ်ခမ်းနီတောင့်က လင်းရီ ကျီချင်းရန်၏ မှန်တင်ခုံထဲက နှိုက်ယူလာခဲ့တာ ဖြစ်သည်။ မည်သည့် စတိုးဆိုင်ကမျှ ဝယ်ယူခဲ့ခြင်းမျိုး မဟုတ်ပေ။

“ တော် တော် … အမြန်ပြန်ယူသွားစမ်း ….” ချန်လီ ပြောလိုက်ပြီး “ နင် ဒီလိုမျိုး လာလုပ်နေမယ်ဆိုရင် ငါတို့တွေ မိတ်ဆွေ ဆက်ဖြစ်နိုင်မှာ မဟုတ်တော့ဘူးနော်….”

“ ကျွန်တော့်ဘက်က ဝယ်ထားပြီးပြီ … လီချူးဟန်ကလည်း ဒီလိုအရာမျိုးတွေ နှစ်သက်တာ မဟုတ်ဘူး … အစ်မ မယူဘူးဆိုရင် ကျွန်တော် ဘယ်လိုလုပ်ရမှာ … ဒီတိုင်း လွင့်ပစ်လိုက်ရအောင်လည်း မဟုတ်သေးပြန်ဘူးလေ ….”

လင်းရီများများစားစား ဂရုစိုက်မနေဘဲ သူမလက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်၏။

“ ဒါက ဒီတိုင်း ယဉ်ကျေးမှုအရပါပဲ … ကျေးဇူးတင်ပါတယ် အစ်မချန် ….”

“ ဒါဆိုလည်း … ကောင်းပြီလေ …. နင့်အစ်မက ဒီည အချိန်ပိုဆင်းပြီး နင့်ဖို့ ကြိုးစားပေးမယ် …” ချန်လီ ပြောလိုက်သည်။ “ ဒါပေမယ့် ငါ အခုပြောနေတာက ဒီတစ်ခါတည်းနော်… နောက်တစ်ခါ ဒါမျိုးပစ္စည်းတွေ မယူလာခဲ့နဲ့ … တကယ်မလိုအပ်တာ ….”

“ ဟုတ်ကဲ့ပါ …..”

အရေးကြီး ကိစ္စ ဆွေးနွေးပြီးနောက် လင်းရီသည် ပြန်လှည့်ထွက်ခွာလာခဲ့ပြီး အိမ်သို့ ပြန်လာခဲ့၏။

ကျီချင်းရန်မှာ အိပ်မောကျနေလေပြီ။ ရေချိုးသန့်စင်ပြီးနောက် သူမ နိုးလာမည်ကို စိုးရိမ်သည့်အတွက် အိပ်ရာပေါ်သို့ တိတ်တိတ်လေး တက်လာခဲ့လိုက်သည်။

သို့သော် လူက အိပ်ချင်စိတ်တော့ ရှိမနေချေ။

ဤကိစ္စက သူ ဒီတိုင်း အတွေးလွန်နေရုံသပ်သပ် ဖြစ်ပါစေဟု မျှော်လင့်နေမိသည်။

နောက်တစ်နေ့ နံနက်ခင်းတွင် မိသားစုဝင်များအားလုံး စောစီးစွာ အိပ်ရာနိုးလာခဲ့ကြ၏။

ကျီချင်းရန်က ကိုယ်ဝန်ရှိနေသော်လည်း နောက်ဆုံးမှ ထသည့်လူက လင်းရီ ဖြစ်နေဆဲပင်။

လင်းရီ နိုးလာတော့ ကျီချင်းရန်က အပြင်မှ ဝင်လာပြီး လက်ထဲတွင် အင်္ကျီအများအပြား သယ်ဆောင်လာသည်။

“ နင့် အဝတ်တွေ အကုန်လဲလိုက် … ဒီနေ့က နှစ်သစ်ကူးနေ့ … အဝတ်အစားသစ်တွေ ဝတ်ဖို့လိုတယ် …”

“ အိုကေလေ ….”

အတွင်းမှ အပြင်ထိတိုင်အောင် ကျီချင်းရန်သည် လင်းရီအတွက် အရာအားလုံး ကြိုတင်ပြင်ဆင်ပေးထားပြီးသားပင်။ ထို့ကြောင့် ဘဝတွင် သေးငယ်သည့် အရာလေးများကို လင်းရီ များများစားစား စိတ်ပူစရာ မလိုချေ။

ပထမဆုံးအကြိမ်အဖြစ် အပြင်တွင် နှစ်သစ်ကူးရမည်ဆိုတော့ လင်းရီ အနည်းငယ် နေသားမကျ ဖြစ်နေမိသည်။ အိပ်ရာက ထပြီးနောက် သူ့မိသားစုထံသို့ ဗွီဒီယိုကော ခေါ်လိုက်ပြီး အိမ်တွင် မည်သို့သော အခြေအနေများ ဖြစ်ပေါ်နေလဲဆိုတာ မြင်တွေ့ချင်နေသည်။

သို့သော်လည်းပဲ ထင်မှတ်မထားစွာဖြင့် ဝမ်ချွေ့ပင်းမှာ သူ့အား ဂရုပင် မစိုက်ဘဲ ဖုန်းဝင်သွားသည်နှင့် ကျီချင်းရန်ထံ ဖုန်းပေးခိုင်းနေတော့သည်။ သူတို့အချင်းချင်းပဲ ဖုန်းပြောနေကြပြီး လင်းရီကိုတော့ မမြင်ရသည့် လေကဲ့သို့ သဘောထားနေသည်။

လင်းရီ ကူကယ်ရာမဲ့နေပြီး ဘာမျှလည်း မတတ်နိုင်ပေ။

မနက်ခင်းပိုင်းတွင် ကိုယ်လက်သန့်စင်ပြီးနောက် တစ်မိသားစုလုံး ရိုးရှင်းသည့် မနက်စာကို အတူစားသောက်ကြသည်။ ပြီးသည့်နောက် နှစ်ကြောင်းကဗျာများကို တံခါးဝတွင် ကပ်လိုက်ပြီး အင်္ကျီအဝတ်အစား အသစ်များ လဲကာ ကျီချင်းရန် အဘိုး၏ နေရာသို့ ကားမောင်းထွက်လာခဲ့ကြ၏။

ကျီရုံချင်း၏ ဗီလာသို့ ရောက်သောအခါ ဆွေမျိုးအများစုက ရောက်နှင့်နေကြပြီး ဖြစ်၏။ ၎င်းနောက် ချက်ချင်းပဲ ဆူညံသက်ဝင် စည်ကားလာလေသည်။

ကျီချင်းရန်က လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်နေပြီး စကားဝိုင်း တော်တော်များများကလည်း သူမနှင့်ပတ်သက်၍သာ လှည့်ပတ်နေလျက်ရှိသည်။

ကျီချင်းရန်အပြင် လင်းရီသည်လည်း ရေပန်းစားနေလျက် ရှိ၏။

ကျီမိသားစု လူတစ်ချို့က သူ့ကို လင်းယွင်အုပ်စု၏ ဥက္ကဌဖြစ်ကြောင်း သိထားကြပြီး … သူနှင့် နီးကပ်ဖို့ ကြိုးစားနေကြသည်။

လင်းရီလည်း မငြင်းပယ်ပေ။ သူ တတ်နိုင်သမျှ ကူညီပေးရင်း ကျီချင်းရန်ကို အပြည့်အဝ မျက်နှာသာပေးနေလျက် ရှိသည်။

ထို့ပြင် လင်းရီ၏ တူ၊တူမများကလည်း သူ့အနီးနားတွင် စုပြုံနေကြလျက် လင်းရီကို ပျော်ဖို့အတွက် သူတို့အားလုံးကို အပြင်သို့ လိုက်ပို့ပေးစေချင်နေကြသည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ရင်ဆိုင်ရလိုက်ရာတွင် လင်းရီ မငြင်းပယ်ခဲ့ပေ။ စားသောက်ပြီးနောက်တွင် ၎င်းတို့အားလုံးကို အပြင်ခေါ်သွားပေးဖို့ စီစဉ်လိုက်၏။

နေ့ခင်းပိုင်း ရောက်တော့ ချန်လီထံက ဖုန်းဝင်လာခဲ့သည်။

“ ဟယ်လို အစ်မချန် … ရလဒ် ထွက်လာပြီလား ….”

“ ထွက်လာခဲ့ပြီ …” ချန်လီ ပြောလိုက်ပြီး “ ပြသနာတော့ မရှိဘူး … ဒါပေမယ့် ထူးဆန်းနေတာ တစ်ခုတော့ ရှိတယ် … ဒီနေ့က နှစ်သစ်ကူးနေ့ဆိုတော့ အစ်မမှာလည်း လုပ်စရာတွေက အများကြီးပဲ … တကယ်လို့ နင် အလျင်မလိုဘူး သုံးလေးရက်လောက် စောင့်နိုင်မယ်ဆိုရင်တော့ ငါ့မှာ အချိန်ရတာနဲ့ ပြန်ပြီး စစ်ဆေးပေးလို့ရတယ် …”

“ ဘာက ထူးဆန်းနေတာ …” လင်းရီ ရုတ်ချည်း စိုးရိမ်ကြောင့်ကြလာခဲ့သည်။

“ ဆေးရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ကတော့ ဘာပြဿနာမှ မရှိဘူး … ဒါပေမယ့် အမည်သတ်မှတ်လို့မရတဲ့ ပစ္စည်းတစ်ခု ပါဝင်နေတယ် … ပမာဏက အတော်လေး နည်းတယ် … ငါ နှစ်ကြိမ် စစ်ဆေးခဲ့တာတောင် အဲ့ပစ္စည်းက ရှိနေတုန်းပဲ ….”

“ အစ်မချန်ရဲ့ အလုပ်အတွေ့အကြုံအရဆိုရင် အဲ့ပစ္စည်းက ဘာဖြစ်နိုင်မယ်လို့ ထင်လဲ ….”

“ အဲ့တာကတော့ ပြောဖို့ခက်တယ် … ဒီလို အခြေအနေမျိုး အရင်ကလည်း ကြုံခဲ့ဖူးတယ် … ဆေးထုတ်လုပ်တဲ့အချိန် စက်ပစ္စည်းမှာ ချို့ယွင်းချက် တစ်ခုခု ရှိသွားလို့ တစ်ခြားအရာတစ်ခုက ဝင်ပြီး ရောယှက်သွားခဲ့တာ … အဆိပ်အတောက် ဖြစ်ဖို့ များတယ် ….” ချန်လီ ပြောလိုက်၏။

“ ပြီးတော့ တစ်ချို့ ဆေးဝါးတွေက အရှေ့တောင် အာရှမှာ ထုတ်လုပ်ကြတာလေ …. အဲ့က ထုတ်လုပ်ရေး ပတ်ဝန်းကျင်တွေက ဘယ်လိုမျိုးလဲဆိုတာ နင်လည်း သိပါတယ် … အရည်အသွေးက ဒီကနဲ့တော့ ယှဉ်လို့ ဘယ်ရမှာ …. မဟုတ်ဘူးဆိုလည်း ထုတ်တဲ့ ဆေးတစ်သုတ်မှာ ပြဿနာ ရှိနေတာကြောင့် ဖြစ်လိမ့်မယ် .. ဒီတော့ အသေးစိတ် ထောက်ပြဖို့ကကြတော့ ခဲယဉ်းတယ် … နင့်မှာ တစ်ခြား နမူနာတွေ ရှိရင် ထပ်ပို့ပေးလိုက်လေ …. ဘာတွေ ဖြစ်နေလဲ သိရအောင် ထပ်စစ်ကြည့်လိုက်မယ် ….”

“ မလိုတော့ပါဘူး …. ထုတ်လုပ်ရေးလိုင်း အယ်ရာပဲ ဖြစ်မှာပါ … ထွေထူးကြီးကြီးမားမား ပြဿနာမဟုတ်ပါဘူး ….”

“ ပြဿနာ မဟုတ်ဘူးလို့ နင်က ပြောနေတယ်ဆိုမှတော့ ငါလည်း စိတ်ပူမနေတော့ဘူး … ဒါပေမယ့် တကယ်လို့ တစ်ခုခု ရှိတယ်ဆိုရင်တော့ ဖုန်းဆက်လိုက်ပေါ့ ….”

“ ဟုတ်ကဲ့ပါ … ကျေးဇူးတင်ပါတယ် အစ်မချန် ….”

“ ငါ့ကို လာယဉ်ကျေးပြနေတယ်တဲ့ တကယ်ကြီးလား … တခြား မရှိတော့ဘူးဆိုရင် ငါ ဖုန်းချလိုက်တော့မယ် …”

“ အိုကေ …..”

ချန်လီနှင့် ဖုန်းပြောပြီးနောက် လင်းရီ၏ အမူအရာမှာ တည်ကြည်လေးနက်လာခဲ့သည်။

ချန်လီက ဓာတ်ခွဲခန်း လက်ထောက် ဒါရိုက်တာမျှ ဖြစ်သော်လည်း နယ်ပယ်ထဲ နာမည်ကြီး တစ်ဦး ဖြစ်၏။

သူမ ကိုယ်တိုင် ပြုလုပ်သည့် စမ်းသပ်စစ်ဆေးချက်တို့၌ အမှားအယွင်း ရှိဖို့ဆိုတာ အင်မတန် နည်းပါးသည်။

ထို့ကြောင့် ဆေးထဲ ပါဝင်နေသည့် အမည်ဖော်မရသည့် ပါဝင်ပစ္စည်းက အတော်လေး စိတ်ဝင်စားစရာ ကောင်းနေတော့သည်။

ချန်လီ ပြောသွားသည့် ဖြစ်နိုင်ချေတို့က ယုတ္တိရှိသော်ငြားလည်း ထိုဆေးကို ဂျပန်ဆရာဝန်က ပေးလိုက်ခြင်းက အဓိက ပြဿနာပင်။ ကျီချင်းရန်နှင့် သူမ ဗိုက်ထဲရှိ ကလေးလေး အတွက်လည်း လင်းရီ စိုးရိမ်မိသည်။ ထို့ကြောင့် သေချာ သတိနှင့် ကိုင်တွယ်ဖို့ လိုသည်။

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ဆေးရုံ၏ စမ်းသပ်ပစ္စည်းများအပေါ်ပဲ မှီခိုနေရုံမျှနှင့် မလုံလောက်နိုင်ဟု လင်းရီ ခံစားလိုက်ရသည်။ ပိုမို တိတိကျကျ စစ်ဆေးနိုင်ရန်အတွက် ဤပစ္စည်းများကို ကျုံးဝေ့တပ်ဖွဲ့သို့ ပို့ပေးဖို့ လိုသည်။

All Chapters