← Chapters

အလားအလာရှိတဲ့ အန္တရာယ်

Vol. 163 Ch. 2351

အလားအလာရှိတဲ့ အန္တရာယ်

Vol. 163 Ch. 2351

များမကြာမီ နေ့လည်စာ အချိန်သို့ ရောက်ရှိလာခဲ့၏။

လူတိုင်းက အရွယ်ရောက်ပြီးသည့် လူကြီးများ ဖြစ်သဖြင့် နှစ်သစ်ကူးကို ဖြတ်သန်းသည့် ခံစားချက်က မည်သည့်နေရာမှာပဲ ဖြစ်ဖြစ် တူညီလိမ့်မည်ဟု လင်းရီ ခံစားခဲ့ရသည်။

သို့ပေမယ့်လည်း တကယ့်လက်တွေ့ ကြုံတွေ့လာရသည့် အချိန်တွင်တော့ အိမ်တွင် နေရသကဲ့သို့ သက်တောင့်သက်သာ မဖြစ်သည်ကို ခံစားမိလိုက်သည်။

အနှီ ကျည်ကျည်ကျာကျာ မြည်သံတို့ ကင်းမဲ့နေသည်က စိတ်ထဲ တစ်စုံတစ်ရာ လစ်ဟာနေသည့်နှယ်ပင်။

သူ ရှင်းရှင်းလင်းလင်း မှတ်မိသေး၏။ ယခင်အကြိမ်များတွင် အိမ်ပြန် နှစ်သစ်ကူးသည့်အခါတိုင်း ကလေးများ၏ ဒိုက်ပါကိုပင် လဲပြုပေးခဲ့ရသည်။

ယခု ဤနေရာတွင်တော့ … လူကြီးများ၏ ရယ်မောသံနှင့် မျက်နှာလိုမျက်နှာရ ချီးမွမ်းသံတို့သာ ပြည့်နှက်နေသည်။

အမြဲတမ်း တစ်စုံတစ်ရာ လစ်ဟာနေသည်ဟု ခံစားနေရ၏။

နေ့လည်စာ စားပြီးနောက် လင်းရီ အကြောင်းပြချက် တစ်ခုပေးပြီး ထွက်လာခဲ့လိုက်သည်။

သူ့နားကပ်တွယ်နေသည့် လူငယ်လေးများကိုတော့ ညနေခင်းပိုင်းတွင် အပြင်လိုက်ပို့ပေးပါ့မည်ဟု ကတိပေးခဲ့လိုက်လေသည်။

ကျီရုံချင်း၏ အိမ်က ထွက်လာခဲ့ပြီးနောက် လင်းရီသည် လီချူးဟန်၏ နေရာသို့ မောင်းနှင်လာခဲ့သည်။

ဤသည်က လင်းရီ နှစ်တိုင်းနှစ် မမေ့လျော့မည့် အရာတစ်ခုပင်။

နှစ်သစ်ကူးကို မည်သည့်နေရာမှာပဲ ဖြတ်သန်း ဖြတ်သန်း ၊ လီချူးဟန်ထံသို့ အမြဲတစေ လည်ပတ်မြဲပင်။

တံခါး ဖွင့်လိုက်တော့ လီချူးဟန်က ဖုန်းထဲတွင် တစ်စုံတစ်ယောက်နှင့် ဗွီဒီယိုကော ပြောနေသည်ကို မြင်တွေ့လိုက်ရသည်။ သူ့ကို အံ့အားသင့်သွားစေသည်က ဖုန်းထဲရှိလူက သူ့အမေ ဖြစ်နေလေသည်။

ဗွီဒီယိုကောထဲ၌ ၎င်းတို့က လျန်ရှန့်ဟော်၏ အိမ်သို့ ရောက်ရှိနေဟန်ပင်။

အိမ်ထဲတွင် အခြားသူများလည်း ရှိနေပြီး နာမည်များကို သူ မမှတ်မိသော်လည်း လျန်ရှန့်ဟော်၏ ကလေးများ ဖြစ်နိုင်လောက်၏။

စကားအနည်းငယ် ပြောဆိုပြီးနောက် ချင်ရင်ယွဲ့က ဖုန်းချသွားခဲ့သည်။

သူမ လီချူးဟန်ထံသို့ ဗွီဒီယိုကော ခေါ်ဆိုလာခဲ့သည်က နှစ်သစ်ကူးတွင် လီချူးဟန် တစ်ယောက်တည်း အထီးကျန်နေမှာကို စိုးရိမ်သောကြောင့် ဖြစ်၏။

တစ်ဖက်ရှိ ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့ကတော့ ထိုကဲ့သို့ ဆက်ဆံမှုမျိုးကို မရရှိကြပေ။

“ ဘာလို့ အစောကြီး ရောက်လာခဲ့တာလဲ … နင့်မိသားစုကိုလည်း အချိန်ပိုဖြုန်းပေးမှပေါ့ …” လီချူးဟန်က ညင်သာစွာ ဆိုလိုက်၏။

“ ဒါကလည်း မိသားစုနဲ့ အချိန်အတူ ဖြုန်းတာပဲ မဟုတ်လား ….”

လီချူးဟန်၏ အကြည့်တို့က ညင်သာနူးညံ့သွားခဲ့သည်။ ကြယ်ရောင်စုံသည့် ကောင်းကင်ကို ရောင်ပြန်ဟပ်နေသကဲ့သို့ပင်။

“ နေ့လည်စာ ဘာစားထားသေးလဲ …”

“ ဒီတိုင်း အဆင်ပြေတာ တစ်ခုခုပေါ့ ….”

“ ငါ သိသားပဲ .. ငါ ဒီမှာ မရှိဘူးဆို အမြဲတမ်း ဖြစ်သလိုပဲ စားတယ် ….” လင်းရီ သူ့ အင်္ကျီလက်မောင်းများကို လိပ်တင်လိုက်ပြီး မီးဖိုချောင်ထဲ ဝင်သွားခဲ့၏။ “ ဘေးဖယ်နေ … ဒီနေ့ မင်းဖို့ ချက်ပြုတ်ပေးမယ် ….”

“ ငါလည်း ဘေးကနေ ကူပေးမယ် ….”

သူမ၏ ဟင်းချက်စကေးတို့က အကောင်းကြီး မဟုတ်လှကြောင်းကို လီချူးဟန်သိသည်။ ထို့ကြောင့် ယခုလို အချိန်မျိုး၌ လင်းရီ၏ စကားကို မငြင်းဆန်ပေ။

“ ဒီတိုင်းပဲ ကြည့်နေစမ်းပါ … အရာမရောက်တဲ့ ကူညီပေးတာတွေ မလိုဘူး ….”

“ အို့ ….”

လီချူးဟန် စကားနာခံစွာဖြင့် ဘေးတွင် ရပ်နေပြီး မီးဖိုချောင်ထဲ၌ လင်းရီ တစ်ဦးတည်း အလုပ်များနေတာကို စောင့်ကြည့်နေတော့၏။ သူ၏ ကျွမ်းကျင်မှုတို့က ကြယ်ငါးပွင့် စားဖိုမှူးများထက်ပင် သာလွန်နေသည်။

လီချူးဟန်က ဘေးတွင် သိမ်မွေ့စွာ မတ်တပ်ရပ်နေလျက်ရှိရင်း သူမ၏ ဖုန်းကို ထုတ်၍ snap ပုံများ အများအပြား ဖမ်းယူနေသည်။ သူမလည်း သူနှင့်အတူ ဆယ်လ်ဖီ ရိုက်လိုက်သေး၏။

သူမအတွက်ကတော့ … ဤသည်က ပျော်ရွှင်မှုပင်။

ရုတ်တရက်ဆိုသလို လီချူးဟန် တွေးတောမိသွားခဲ့၏။ အကယ်၍များ အိမ်တွင် ကလေးတစ်ယောက်သာ ရှိခဲ့မည်ဆိုပါက လင်းရီ မီးဖိုချောင်ထဲ ချက်ပြုတ်နေစဉ် သူမက ကလေးနှင့် ဆော့ကစားရင်း … မဟုတ်လည်း ကလေးနှင့်အတူ အိမ်စာလုပ်နေ၍ရသည်။ ထိုသို့ဆိုပါက ဘဝကြီးမှာ ပို၍ပင် ပျော်ရွှင်ဖွယ်ရာ ကောင်းသွားနိုင်သည်။

သို့ပေမယ့် တဒင်္ဂအတွင်းမှာပဲ လီချူးဟန် ဤအတွေးကို ဖျောက်ဖျက်ပစ်လိုက်၏။

ဘဝကြီးက ဤမျှအထိ ကောင်းလွန်းနေပြီး ဖြစ်၏။ သူမ လောဘကြီးလို့ မရပေ။ လူဆိုသည်မှာ တင်းတိမ်ရောင့်ရဲတတ်ရ၏။

တစ်နာရီနီးပါးခန့် အလုပ်များပြီးနောက် လင်းရီသည် ဖက်ထုပ် နှစ်ပန်းကန်နှင့် ဟင်းလေးမျိုး၊ အရည်သောက် တစ်ခွက် ပြင်ဆင်ခဲ့ပြီး အကုန်လုံးကလည်း ၎င်းတို့၏ ပုံစံတူ ဘဝများနှယ် ရိုးရိုးရှင်းရှင်းများ ဖြစ်၏။

စားသောက်ပြီးသည့်နောက် နှစ်ယောက်မှာ မည်သည့်နေရာကိုမျှ မသွားခဲ့ကြချေ။ ဆိုဖာပေါ်တွင် လဲလျောင်းရင်း တီဗွီတွင် ထုတ်လွှင့်နေသည့် အစီအစဉ်များကို အတူကြည့်ရှုနေခဲ့ကြ၏။ အချိန်တို့ ကုန်မှန်းမသိ ကုန်ဆုံးလာခဲ့ရာ ခဏအတွင်းမှာ ည ရှစ်နာရီ အချိန်သို့ ရောက်ရှိလာသည်။ ထိုအချိန်ရောက်တော့ လင်းရီလည်း သူ၏ ကုတ်ကို လက်ထဲသယ်၍ အပြင်ထွက်ဖို့ ဟန်ပြင်လိုက်သည်။

“ အခြေအနေပေါ် မူတည်ပြီး ငါ ဒီည လာရင် လာခဲ့မယ် ….”

“ နင် ငါ့ကို အမြဲတမ်း လာကြည့်ပေးဖို့ မလိုပါဘူးဟယ် ….” လီချူးဟန်က လင်းရီ၏ အင်္ကျီအဝတ်အစားများကို သပ်ရပ်အောင် ပြုပြင်ပေးရင်း ပြောလိုက်သည်။ “ ငါ့ဘာငါ ဂရုစိုက်နိုင်ပါတယ် ….”

ပြောဆိုပြီးနောက် လီချူးဟန်က သူမ၏ ဖုန်းကို ဝေ့ယမ်းပြရင်း “ ငါ ပျင်းတဲ့အချိန်ကျရင် အန်တီနဲ့ စကားပြောလို့လည်း ရတယ်လေ … နင်က ကိုယ့်ကိစ္စကိုပဲ အာရုံစိုက် ….”

လင်းရီသည် လီချူးဟန်၏ ဆံနွယ်များကို ကြင်နာယုယစွာ ပွတ်သပ်ပေးလိုက်ပြီး နဖူးထက်သို့ တစ်ချက် နမ်းလိုက်၏။

“ ငါ အခု သွားတော့မယ် ….”

“ အင်း … ဂရုစိုက်ဦးနော် ….”

လီချူးဟန်၏ အိမ်က ထွက်ခွာလာခဲ့ပြီးနောက် လင်းရီ ကျီရုံချင်း၏ အိမ်သို့ ပြန်ရောက်လာသည်။ ငယ်ရွယ်သည့် အန်ကယ်၊ အန်တီ တစ်ချို့နှင့်အတူ ဘားသွားပျော်ပါးပြီး ညသန်းခေါင် အချိန်နီးတော့ ဖက်ထုပ်စားရန်အတွက် အိမ်သို့ ပြန်လာခဲ့ကြသည်။

(年夜饭 လို့ ခေါ်ပါတယ်။ ညသန်းခေါင်မှာ အတူစားကြတာပေါ့။ နှစ်သစ်ကူးရိုးရာပါပဲ။ )

အရွယ်ရောက်ပြီးသည့် လူများအတွက်တော့ နှစ်သစ်ကူးက ဤ၍ဤမျှပင်။

ထွေထူး ထူးခြားနေသည့်အရာမရှိပေ။

အိမ်သို့ ပြန်ရောက်လာပြီး၌ မိသားစုဝင်များ စုဝေးပြီး ဖက်ထုပ်အတူစားကာ နှစ်တစ်နှစ်၏ အဆုံးသတ်ကို အသိအမှတ်ပြုလိုက်ကြ၏။

သို့သော် လင်းရီအတွက် … ဤနှစ်က အတော်လေး ထူးခြားသည့် နှစ်တစ်နှစ် ဖြစ်၏။

နာရီလက်တံက ၁၂ နေရာသို့ ရိုက်ခတ်သွားသည့်နှင့် ရောက်လာသည့် နှစ်သစ်ကို ကြိုဆိုကြသည်။

ထို့ပြင် ဤနှစ်သစ်တွင်တော့ သူ၏ အထောက်အထားသည်လည်း ဧရာမ ပြောင်းလဲသွားဖို့ရှိ၏။

လင်းရီ မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်နှက်နေသည်။ အနှီ သက်ရှိ သေးသေးလေး နှစ်ဦးကို သူ မည်သို့သော စိတ်ခံစားများဖြင့် ကြိုဆိုသင့်လဲဆိုတာကို စိတ်လှုပ်ရှားနေမိ၏။

ညသန်းခေါင်ကျော်တော့ လူတိုင်းက အသီးသီး အိပ်စက်အနားယူဖို့ ထွက်ခွာသွားခဲ့ကြသည်။ ကျီချင်းရန်မှာ ကိုယ်ဝန်ရှိနေသော်လည်း သူမ၏ အိပ်စက်သည့် ကိုယ်ဟန်ကတော့ ထုံးစံအတိုင်း မကျော့မမော့နှင့် မည်သည်ကိုမျှ ချုပ်ထိန်းနေခြင်း မရှိပေ။

လင်းရီ အိပ်ရာနိုးလာတော့ သူမ၏ ခြေထောက်များကို သူအပေါ် တက်ခွထားလေသည်။

မနက်ခင်း ရှစ်နာရီတွင် နှစ်ယောက်အတူ အိပ်ရာကထပြီး ကိုယ်လက် ဆေးကြောကြသည်။

“ နင် ရန်မြို့ကို ဘယ်တော့ ပြန်ဖို့ စီစဉ်ထားလဲ ….”

“ မစဉ်းစားရသေးဘူး ….” လင်းရီ သွားတိုက်ရင်း ပြောလိုက်သဖြင့် သူ၏ စကားသံတို့က လုံးထွေးနေသည်။

“ ဒီနှစ်ထဲ ထမင်းဝိုင်းတွေ အများကြီး အကြွေးတင်ထားတော့ အဲ့တာတွေ ပြန်ဆပ်ရဦးမှာ ….”

“ ငါ မှတ်မိပြီ … မေမေဝမ်နဲ့ တစ်ခြားသူတွေက သူတို့ရဲ့ မွေးရပ်မြေကို လေးရက်မြောက်နေ့ မဟုတ်ရင် ငါးရက်မြောက်နေ့မှာ သွားဖို့ရှိတယ် … နင် အချိန်မီအောင် စီစဉ်နိုင်လား …”

“ အင်း … သေတော့ မသေချာဘူးရယ် ….” လင်းရီ အလေးအနက် ထားမနေချေ။ “ အစ်ကိုကြီး လိုက်သွားလည်း အတူတူပဲလေ …”

“ ဒါဆိုလည်း ပြီးရော … နင့်ကိစ္စ နင့်ဘာနင် ကိုင်တွယ်တော့ …” ကျီချင်းရန်က သူမ၏ နှုတ်ကို ပါးလုတ်ကျင်းလိုက်ပြီး “ နှစ်သစ်ကူး ပေးမယ့် လက်ဆောင်တွေ ကြိုပြင်ထားပြီးပြီ … နင် လိုမယ်ထင်တာ ယူသွား ….”

လင်းရီ ကျီချင်းရန်၏ တင်ပါးကို ဖျစ်ညှစ်ရင်း ကျီစယ်လိုက်၏။ “ ဥက္ကဌကျီဆိုတဲ့အတိုင်းပဲ … အမြဲတမ်း တွေးပေးတတ်လွန်းတယ် …..”

“ တော်လိုက်တော့ … အဖေ ဖြစ်တော့မှာကို လေးလေးနက်နက်ကို မရှိဘူး ….”

သွားတိုက်ပြီးနောက် လင်းရီသည် မနက်စာကို ရိုးရိုးရှင်းရှင်း စားသောက်ပြီး လက်ဆောင်များနှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။

ပထမဦးစွာ လေဆိပ်သို့ သွားပြီး ကျီချင်းရန်၏ ဆေးများကို သူ၏ လေယာဉ်ပေါ်သို့ တင်လိုက်၏။ ပြီးသည့်နောက် လေယာဉ်အဖွဲ့သားများကို ရန်ကျင်းသို့ ပျံသန်းခိုင်းလိုက်ပြီး နင်ယွဲ့အား အဆိုပါ ပစ္စည်းများကို ကျုံးဝေ့တပ်ဖွဲ့ထံ စစ်ဆေးဖို့အတွက် လာယူပေးဖို့ စီစဉ်လိုက်သည်။

ဤအရာများအား စီစဉ်ပြီးနောက် လင်းရီသည် ယူဆောင်လာသည့် လက်ဆောင်ပစ္စည်းများနှင့်အတူ လူကြီးမင်းရန်ကို တွေ့ရန်အတွက် ထွက်ခွာလာခဲ့၏။

ဤနှစ်များ တစ်လျှောက်တွင် သူ့ဘက်က ပြဿနာ အတော် ရှာထားသဖြင့် နှစ်သစ်ကူးတွင် လာလည်ပေးသင့်သည်က သဘာဝပင်။

နောက်ပိုင်းရက်များတွင်လည်း လင်းရီသည် အငြိမ်ထိုင်မနေဘဲ သောက်လိုက်စားလိုက်နှင့် အချိန်ဖြုန်းနေသည်။ အဓိကကတော့ သူ ပေးဖို့ ကျန်ရစ်သည့် အကြွေးများအားလုံးကို လိုက်ဆပ်နေခြင်းပင်။

နှစ်သစ်ကူး ဒုတိယနေ့တွင် ကျုံးဝေ့တပ်ဖွဲ့ထံက သတင်းရောက်လာခ့၏။

စစ်ဆေးမှု ရလဒ်က အစ်မချန်နှင့် ဆင်တူပြီး နှစ်ဦးလုံးက အမည်မဖော်နိုင်သည့် ပစ္စည်းအနည်းအကျဉ်းကို ဆေးအတွင်း တွေ့ရှိခဲ့ကြသည်။

သို့သော် လင်းရီက မည်သို့သော ပစ္စည်းမျိုး ဖြစ်နိုင်မလဲဟု အစမ်းသဘော မေးမြန်းကြည့်တော့ ပြန်လည်ရရှိလိုက်သည့် အဖြေကား စိတ်ရောဂါ ကုသပေးသည့် ဆေးတစ်မျိုးမျိုး ဖြစ်နိုင်သည်ဟူ၍ပင်။

ဤသတင်းကို ကြားလိုက်ရတော့ လင်းရီ၏ စိတ်အခြေအနေမှာ သုန်မှုန်သွားခဲ့တော့သည်။

သံသယ ရှိရုံ အဆင့်မျှ ဆိုသော်လည်း လွယ်လင့်တကူ ကျော်လွှားပေး၍ရသည့် ကိစ္စရပ်မျိုး မဟုတ်ချေ။

ကျုံးဝေ့တပ်ဖွဲ့ထံက ရေရာတိကျသည့် ရလဒ်များ ထွက်ပေါ်မလာသေးသဖြင့် လင်းရီ လုပ်နိုင်သည်က စောင့်ဆိုင်းဖို့ပဲ ဖြစ်၏။

နှစ်သစ်ကူး ငါးရက်မြောက်နေ့တွင် လင်းရီနှင့် ကျီချင်းရန်တို့ ရန်မြို့သို့ အတူ ရောက်လာခဲ့ကြသည်။

အကြောင်းအရင်းကတော့ ဝမ်ချွေ့ပင်းက သူ့ကို မြန်မြန်ပြန်လာပေးဖို့ ဆက်တိုက် အရိပ်အမြွက် ပေးနေသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း ငါးရက်မြောက်နေ့ ညနေခင်းတွင် ရန်မြို့သို့ ပြန်လာခဲ့ခြင်းပင်။

ဝမ်ချွေ့ပင်း အလျင်လိုနေသည်က အခြားအကြောင်းအရင်းများကြောင့်တော့ မဟုတ်။ သူမက ထုတ်ကြွားချင်သောကြောင့် ဖြစ်၏။ ဆွေမျိုးများထံ လိုက်လံလည်ပတ်ရင်း ကိုယ်ဝန်ရသည်အထိ စွမ်းဆောင်နိုင်သည့် လင်းရီ၏ အောင်မြင်မှုများကို ကြွားလုံးထုတ်ချင်နေသည်။

ဤသည်ကတော့ ယခင်တစ်ခေတ်တည်းတွင် အတူ မွေးဖွားလာခဲ့ကြသည့် မိဘများ၏ ယေဘုယျ ပြဿနာ တစ်ရပ်ပင် … ။

All Chapters