မြေကို မတန်တဆ ငှားခြင်း
Vol. 163 Ch. 2352
ရန်မြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် ကျီချင်းရန်မှာ အင်မတန် မြင့်မားသည့် အဆင့်အတန်းတစ်မျိုးဖြင့် ဆက်ဆံခြင်း ခံနေရသည်။
ယခင် အတိတ်ကာလများ၌ ကျီချင်းရန် လာရောက်လည်ပတ်သည့် အခါတိုင်း ဂေဟာရှိ ကလေးငယ်များက သူမ အနားမှာပဲ အမြဲတစေ ဝိုင်းရံလို့ နေသည်။
သို့သော် ဤတစ်ကြိမ်တွင် အသက် ၁၅ နှစ်အောက် ကလေးများအားလုံး ဝမ်ချွေ့ပင်း၏ မောင်းထုတ်ခြင်းကို ခံလိုက်ရသည်။
အကယ်၍များ သူတို့တွေ မတော်တဆ ကျီချင်းရန်၏ ဝမ်းဗိုက်နှင့် ဝင်တိုက်မိသွားခဲ့လျှင် ပြင်းထန်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။
ထိုညတွင် နင်ယွဲ့နှင့် ချီရွှမ့်ဟော်တို့လည်း ရောက်လာခဲ့ကြသည်။
လင်းရီ၊ ဝူဖေးယွဲ့နှင့် ချွီရွှမ့်ဟော်တို့က ဆုံတုန်းဆုံခိုက် အရက်အတူသောက်နေခဲ့ကြပြီး ညနှောင်းပိုင်း ရောက်တော့မှသာ ဝိုင်းကို သိမ်းလိုက်ကြ၏။
နောက်တစ်နေ့ နံနက်ခင်းတွင် ဝူဖေးယွဲ့က ကားမောင်းပြီး ဝမ်ချွေ့ပင်း၏ ဆွေမျိုးများအိမ်သို့ လိုက်ပို့ပေးသည်။ နေရာက ရန်မြို့ အောက်ပိုင်း ဝမ်ကျား ကျေးရွာလေး၌ပင်။
ရွှင်ပျော်ပျော်ကျေးရွာတွင် လင်းရီနှင့်အတူ အချိန်ခဏခန့် အတူ နေထိုင်ဖူးသောကြောင့် ကျေးလက်ဘက်သို့ ယခင်က တစ်ခါမျှ မရောက်ဖူးသည့် ကျီချင်းရန်သည်လည်း နေသားကျသင့်သလောက်တော့ ကျနေပြီး ဖြစ်လေသည်။
ထို့ပြင် ဤသည်က ကျီချင်းရန်အတွက် လင်းရီ၏ ဆွေမျိုးများဘက်ခြမ်းသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ဖူးခြင်းပင်။ ကနေဦးတွင်တော့ သူမ အတော်လေး စိတ်လှုပ်ရှားနေမိ၏။ သို့သော်လည်းပဲ ရင်းနှီးသွားသည့် အချိန်တွင်တော့ ပို၍ သဘာဝကျလာသည်။
ရွာသူရွာသားများကလည်း ဝမ်ချွေ့ပင်း၏ သားက အောင်မြင်နေကြောင်းကို သိရှိထားကြသည်။ လင်းရီတို့တွေ လာလည်သည်ဟု သတင်းကြားတော့ ဆွေမျိုးသားချင်းများအပြင် ဆွေမျိုး မတော်စပ်သူများကပါ သူတို့အိမ်သို့ ရောက်လာကြပြီး အထူးအဆန်းနှယ် လာရောက်ကြည့်ရှုနေကြတော့သည်။
သူတို့တွေ ကျီချင်းရန်ကို မြင်တော့ အကုန်လုံး၏ မျက်လုံးများမှာ ပြူးကျယ်ကုန်ကြ၏။
“ မြို့က မိန်းကလေးတွေက တော်တော်ကြီးကို ကွာတယ်နော်… ငါတို့ထက် အများကြီးလှတယ် … နတ်သမီးလေး ကျနေတာပဲ ….”
“ အဲ့ဝတ်စုံကလည်း ငွေတော်တော်ပေးရလောက်တယ်ဟ … အသားကြည့်တာနဲ့ ယွမ်တစ်ထောင်ထက် မနည်းဘူးဆိုတာ ပြောလို့ရတယ် ….”
ရွာသားများ၏ အချင်းချင်း တီးတိုးပြောဆိုနေသံများကို ကြားတော့ လင်းရီ ကူကယ်ရာမဲ့စွာ ပြုံးရုံမျှသာ တတ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ၊ ဘာဘယ်ရီကုတ်က ယွမ်သုံးသောင်းထက် မနည်း ပေးရ၏။
“ အိုး … တစ်မိသားစုလုံး ဒီမှာ လာဆုံနေကြတာကိုး ….”
မိသားစုဝင်များအားလုံး ကိုယ်စီ စကားပြောဆိုနေကြစဉ် သားရေဂျက်ကတ်နှင့် ဂျင်းဘောင်းဘီများ ဝတ်ဆင်ထားကြသည့် သက်လတ်ပိုင်း အမျိုးသား နှစ်ဦးက အပြင်ဘက်မှ ဝင်ရောက်လာသည်။ စတိုင်က အနည်းငယ် ဒိတ်အောက်နေပြီ ဆိုသော်ငြားလည်း ရွာတွင်တော့ အတော်လေး ရေပန်းစား၏။
“ ဟော … အစ်ကိုလီပါလား … လာလေ … ဝင်ထိုင်ပါဦး ….”
ဝင်ရောက်လာသည့်လူကို မြင်တော့ ဝမ်ချွေ့ပင်းက နွေးထွေးစွာ ပျူငှာကြိုဆိုလိုက်၏။
ယခုလေးတင် အိမ်ထဲသို့ ဝင်လာသည့်လူက လီချန်လုံ ဖြစ်ပြီး ဝမ်ချွေ့ပင်းနှင့် တစ်ရွယ်တည်းပင်။ သူ့ဘေးတွင် လိုက်ပါလာသူကတော့ သူ၏ ညီငယ် လီချန်ဟူပင်။ သူတို့အကုန်လုံးက အတူ ကြီးပြင်းခဲ့ကြပြီး ဤနှစ်များတစ်လျှောက် အဆက်အသွယ် သိပ်မရှိကြပေ။
သို့သော် အခန်းထဲရှိ အခြားသော ဆွေမျိုးများကတော့ ဝင်လာသည့် အမျိုးသားနှစ်ယောက်ကို မြင်သောအခါ စိတ်ထဲ မနှစ်မျို့သည့် အမူအရာများ ဖြစ်ပေါ်လာကြ၏။
“ မထိုင်တော့ပါဘူး … တစ်ခြား လုပ်စရာတွေလေး ရှိသေးလို့ နည်းနည်း အလျင်လိုတယ် ….”
ဤစကားကြားတော့ ဝမ်ချွေ့ပင်းက သူ့ကို ကြည့်လိုက်သည်။ ကြည့်ရသလောက်တော့ ဤနေရာကို ရည်ရွယ်ချက် တစ်ခုခုဖြင့် ရောက်လာသည့်ဟန်ပင်။
“ ဦးလေးဝမ် … ကျုပ် ပြောထားတဲ့ မြေငှားဖို့ ကိစ္စ ခင်များ မမေ့သေးဘူးမလား … အခု ကျုပ် ငွေပါလာတယ် ….” လီချန်လုံက ဘဏ်တံဆိပ်စည်းနှင့် ငွေတစ်ထပ်ကို သူ့အိတ်ထောင်ထဲက ထုတ်လိုက်ပြီး “ ခင်များတို့ မိသားစု ပိုင်တဲ့ မြေက စုစုပေါင်း ဧက ၂၀ ရှိတယ် … အရင် နှုန်းထားအတိုင်း တွက်လိုက်ရင် တစ်ဧကကို ယွမ် ၈၀၀ ၊ ကျုပ် အကုန်ငှားမယ် … ဒီမှာ ယွမ် ၁၆,၀၀၀ ၊ ပြည့်မပြည့် စစ်ကြည့်လိုက်ဦး ….”
“ ယွမ် ၈၀၀ လား ….”
ဝမ်ချွေ့ပင်း ကြက်သေသေသွားခဲ့၏။ “ ဝမ်ကျားရွာရဲ့ မြေတစ်ဧက ဈေးနှုန်းက ဒီနှစ်ထဲမှာ ၁,၂၀၀ ဖြစ်နေပြီလေ … ၈၀၀ နဲ့ တွက်လို့ ဘယ်ဖြစ်မှာလဲ ….”
“ ချွေ့ပင်း … မင်းက ရွာကို မရောက်ဖြစ်တာကြာပြီဆိုတော့ အခြေအနေတွေကို နားမလည်ပါဘူး … မိုးကလည်း ခေါင်တယ် ၊ ရေကလည်း ကြီးတယ် … ဘယ်သူကမှ မြေမလုပ်စားချင်ကြဘူး … ဒီတော့ ယွမ် ၈၀၀ ဈေးက မနည်းဘူး … အဲ့လောက်လည်း ကပ်တွက်မနေစမ်းပါနဲ့ကွာ ….”
“ ဒါဆိုလည်း တစ်ခြားအိမ်တွေမှာ လိုက်သွားငှားလေ … ကျုပ်တို့ကတော့ ပြတ်တယ် … ဒီဈေးနဲ့ မငှားပေးနိုင်ဘူး ….” ဝူဖေးယွဲ့ ပြောလိုက်၏။
ဝမ်ချွေ့ပင်းက မိသားစုထဲတွင် အကြီးဆုံး ဖြစ်ပြီး သူမအောက်တွင် မောင်နှစ်ယောက်နှင့် ညီမတစ်ယောက် ရှိ၏။
ထို့ကြောင့် အစောပိုင်းတွင် လူအိုကြီးက မိသားစုပိုင် မြေမျာကို အညီအမျှ ဝေခွဲပေးခဲ့ပြီး ဝမ်ချွေ့ပင်းကလည်း ငါးဧက ရရှိခဲ့သည်။
လင်းရီနှင့် နင်ယွဲ့တို့ နှစ်ဦးလုံးက ကိုယ်စီ အဆင်ပြေနေကြသဖြင့် ဝမ်ချွေ့ပင်းသည် အနှီ ငါးဧကကို ဝူဖေးယွဲ့ထံသို့ ပေးထား၏။ မြေငှားခက တစ်နှစ်လျှင် ယွမ်း ငါးထောင်၊ ခြောက်ထောင်မျှသာ ရရှိပြီး မများပြားသော်ငြားလည်း နေထိုင်မှု စားရိတ်ကိုတော့ အတော်အတန် ချောင်လည်စေသည်။
ထို့ကြောင့် နှစ်တိုင်းနှစ် အနှီ မြေငါးဧကကို မည်သို့ စီစဉ်ဆုံးဖြတ်မလဲဆိုတာက ဝူဖေးယွဲ့အပေါ်မှာပဲ မူတည်သည်။
လီချန်လုံက ဝူဖေးယွဲ့ကို လှမ်းကြည့်လိုက်သည်။
“ တစ်ခြားအိမ်တွေလည်း အတူတူပဲ … ဘယ်ကောင်ကမှ မြေကို ဈေးအမြင့်ကြီးပေးပြီး မငှားဘူး … မင်း ငါတို့ကို မငှားပေးဘူးဆိုရင် ကျန်တဲ့ ဘယ်သူကမှလည်း ယူမှာ မဟုတ်ဘူး ….”
“ အဲ့တာ ဘာစကားလဲ … ရွာထဲ လူတွေ ဒီလောက်အများကြီး ရှိတာ မြေငှားမယ့်လူ မရှိဘူးဆိုတာ ငါမယုံဘူး ….” ဝူဖေးယွဲ့ ပြောလိုက်၏။ “ ပြီးတော့ မနှစ်တုန်းက ငှားခကတောင် ယွမ် ၁,၁၅၀ ရှိတယ် … ဒါကို ယွမ် ၈၀၀ ဆိုပဲ … လာနောက်နေတာလား …..”
ဝူဖေးယွဲ့ မငဲ့ညှာပဲ လီချန်လုံ၏ မျက်နှာတည့်တည့်ကို ကြည့်ပြီး ပြောလိုက်သည်။ သူလည်း ဤနှစ်ယောက်ကို မနှစ်သက်ပေ။ ထိုနှစ်ယောက်က အမြဲတစေ ကိုယ့်ကိုယ်ကို အတတ်ကြီးထင်ပြီး တစ်ရွာလုံးက သူတို့နှစ်ယောက်ကို ရှိန်နေကြသည်ဟု စိတ်ထဲ ထင်နေကြ၏။
“ အားယွဲ့ ….”
လင်းရီ၏ အဒေါ်က ဝူဖေးယွဲ့ကို နောက်မှ လှမ်းဆွဲလိုက်၏။ “ ထားလိုက်တော့ … လီညီကိုတွေက နာမည်ကြီးတဲ့လူတွေ … သူတို့ကို မြေမငှားပေးဘူးဆိုရင် မငှားပေးတဲ့အိမ်ကို ပြဿနာ ရှာတတ်ကြတယ် … တစ်ရွာလုံးလည်း မတတ်သာလို့သာ သူတို့နဲ့ ဆက်ဆံနေကြရတာ နင်တို့မှာလည်း ငွေရှားနေတာ မဟုတ်ဘဲနဲ့ကို သူတို့ကို လွှတ်ထားပေးလိုက်စမ်းပါ ….”
“ အဲ့လိုတော့ ဘယ်ရမှာ …. ကိုယ့်ရသင့်ရထိုက်တဲ့ တန်ကြေးတော့ ယူရမှာပဲလေ … သူတို့ပြောတဲ့ ဈေးနဲ့ ဒီတိုင်း ငှားပေးလိုက်ရရောလား ….”
ဝူဖေးယွဲ့က လီညီကိုများကို ကြည့်လိုက်ပြီး “ ခင်များတို့နှစ်ယောက် ပြန်လိုက်တော့ … ကျုပ် မြေမငှားနိုင်ဘူး … တစ်ခြားအိမ်တွေကိုပဲ လိုက်မေးလိုက် ….”
“ ရတယ်လေ …..” လီချန်လုံ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး “ မင်းက ခြေထောက်သာ မသန်သာ ခေါင်းကတော့ ဒီလောက် မာမယ်လို့ ထင်မထားဘူး … အိုကေ … ဖြစ်တယ် … မင်း စောင့်နေစမ်း … ငါ့ကို မြေမငှားပေးဘူးဆိုရင် ဒီတစ်နှစ်လုံး မင်းတို့မိသားစု ဒုက္ခရောက်ဖို့သာ ပြင်ထားလိုက်တော့ ….”
“ ဟေ့လူ ခင်များ ဘာစကားပြောနေတယ်လို့ ထင်လဲ ….”
ဝူဖေးယွဲ့ စကားမပြောနိုင်သေးခင်မှာပဲ လင်းရီက ရှေ့သို့ တက်လာပြီး ကျိန်ဆဲလိုက်သည်။
“ လင်းရီ …. ၊ မင်းမှာ ငွေနည်းနည်းလေးရှိတယ်ဆိုတိုင်း ဝမ်ကျားရွာက လူတွေကို အမိန့်ပေးလို့ရပြီ ထင်နေလား …. ငါ့ကိုတောင် ဒီလိုလေသံမျိုးနဲ့ စကားလာပြောဝံ့နေတယ်ပေါ့ …..”
“ လီချန်လုံ … နင် ဘာဖြစ်ချင်နေတာလဲ ….”
ဝမ်ချွေ့ပင်း ဒေါသထွက်သွားခဲ့ပြီး “ နင်တို့နှစ်ယောက်လုံးက ငါနဲ့ အသက်ချင်းက မတိမ်းမယိမ်းတွေ … ၊ ဒါကို နင်တို့နှစ်ယောက်က ငါ့သားနဲ့ ရန်ဖြစ်နေကြသေးတယ်ပေါ့ … နင်တို့ဦးနှောက်က ဘာတွေ စဉ်းစားနေကြတာ … နင်တို့ ဒီလိုလုပ်တာကို မရှက်ကြဘူးလား …..”
“ ချွေ့ပင်း …. မင်း ဒီလို စကားမျိုးပြောတာကတော့ ကျိုးကြောင်းမညီညွှတ်လွန်းရာ ကျသွားပြီ … မင်းရဲ့ ဒီသားနှစ်ယောက်ကို ကြည့်စမ်း … လုံးဝ ဥပဒေမဲ့လွန်းတယ် …. ငါ့လို လူကြီးသူမကိုတောင် မိုက်မိုက်ရိုင်းရိုင်းတွေ ပြောဝံ့နေတယ် …. မင်း ဝမ်ကျားရွာက တွေ့တဲ့လူတိုင်းကို လိုက်မေးကြည့်လိုက် … ဘယ်ကောင် ငါ့ကို ဒီလိုလေသံမျိုးနဲ့ စကားပြောဝံ့လဲလို့ ….” လီချန်လုံက ပြောလိုက်၏။
“ နင်တို့နှစ်ယောက်ကိုက ဟုတ်မှမဟုတ်တာ … ယွမ် ၈၀၀ နဲ့ မြေငှားပေးရမယ်ဟုတ်လား … အဲ့လို ခွက်ဈေးမျိုးနဲ့ ငါ့သား နင်တို့ကို မြေမငှားပေးတာ ပုံမှန်ပဲ ….”
ဝမ်ချွေ့ပင်းက သူမ၏ ကလေးများကို ကာကွယ်စိတ် ပြင်းထန်သည့် အမျိုးသမီး တစ်ဦး ဖြစ်သဖြင့် လင်းရီနှင့် ဝူဖေးယွဲ့အား အပြင်လူများ အနိုင်ကျင့်မှာကို ခွင့်ပြုပေးမှာ မဟုတ်ချေ။
“ ချွေ့ပင်းရာ … မင်း ဒီ အသက်အရွယ်ထိ ရောက်နေပြီကို အခုထိ နားမလည်နိုင်သေးဘူးလား …. အခုချိန် ဝမ်ကျားရွာရဲ့ မြေဈေးက ဒီလိုပဲ … ပြီးတော့ ငါ အရင်က ပြောခဲ့တဲ့အတိုင်းပဲ … မင်းတို့ အိမ်က မြေတွေ ဒီနှစ် ငါ့ကို ငှားပေးရမယ် … ငါက ငှားရင် ပေးလိုက်….”
ဝမ်ချွေ့ပင်း ဒေါသ ထောင်းခနဲ ဖြစ်သွားခဲ့သည်။ “ နင်က ငှားရင် ပေးလိုက်ဆိုတာ ဘာစကားလဲ … ဒါ အတင်းအကြပ် အရောင်းအဝယ် လုပ်နေတာပဲ မဟုတ်လား …..”
“ မင်းဘာမင်း ဘယ်လိုပဲ နားလည်လည် ဒီကိစ္စက သတ်မှတ်ပြီးပြီ … အခု ငါသွားတော့မယ် ….”
ပြောပြီးနောက် ဝမ်ချွေ့ပင်းက ယွမ် ၄,၀၀၀ ကို စားပွဲပေါ် ပစ်ပေးကာ သူ့ညီနှင့်အတူ ထွက်ခွာသွားခဲ့သည်။
“ ခင်များတို့ ပိုက်ဆံတွေ ပြန်ယူသွား … ကျုပ်တို့ မလိုချင်ဘူး …..” ဝူဖေးယွဲ့ တင်းမာသည့် လေသံဖြင့် ပြောလိုက်၏။
“ ဟေ့ကောင် မင်း စောက်ဦးနှောက်က အတော်ဒုံးဝေးနေလား ….” လီချန်ဟူက ဝူဖေးယွဲ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး “ မင်းရဲ့ တစ်ခြား ခြေထောက်ကိုပါ ငါ ရိုက်ချိုးလိုက်လို့ရတယ် ဆိုတာ ယုံလား ….”
ဝှစ် …
ထိုအချိန်မှာပဲ ရေနွေးကြမ်း အပြည့်ထည့်ထားသည့် ဖန်ခွက်တစ်လုံးက လီချန်ဟူထံသို့ လွှင့်စင်လာသည်။ သူ အလျင်အမြန် တုံ့ပြန်လိုက်သဖြင့် ထိတော့ မထိသွားခဲ့ချေ။ သို့သော် ရေနွေးကြမ်းများကတော့ သူ့ကိုယ်ပေါ်သို့ ဖိတ်စင်သွားဆဲ ဖြစ်၏။
“ ခင်များ ကျုပ် အစ်ကိုကြီးကို ထိဝံ့ရင် ခင်များတို့နှစ်ယောက်လည်း ဒီက ထွက်သွားနိုင်မယ် မထင်နဲ့ ….”