အမည်မဖော်နိုင်တဲ့ ပစ္စည်းရဲ့ နောက်ကွယ်က အမှန်တရား
Vol. 163 Ch. 2353
လင်းရီ၏ ခြိမ်းခြောက်စကားကို ကြားတော့ လီညီကို နှစ်ယောက်၏ မျက်နှာအမူအရာများ ပြောင်းလဲကုန်သည်။
“ မင်းက အခု ပိုက်ဆံလေး နည်းနည်းရှိလာပြီဆိုတော့ ဇကလည်း ကြီးသထက် ကြီးလာနေပြီပဲ ….” လီချန်ဟူက လင်းရီကို လက်ဝှေ့ယမ်းပြလိုက်ပြီး “ အပြင်ထွက်ပြီး စကားပြောကြစို့… ဒီမှာ လူတွေ အရမ်း များတယ် ….”
လင်းရီ သူ့အင်္ကျီကို ဖုန်ခါခပ်၍ “ ဒါဆိုလည်း အပြင်ထွက်ပြောကြတာပေါ့ …..”
“ သား ….”
ဝမ်ချွေ့ပင်းနှင့် ကျောက်ချွမ်ဖူတို့ နှစ်ဦးလုံး အနည်းငယ် စိုးရိမ်ပူပန်သွားခဲ့ကြသည်။
“ နှစ်သစ်ကူးကြီးကို အပြင်ထွက်ပြီး ရန်မဖြစ်ပါနဲ့လား သားရယ် ….”
“ ရတယ် … ဒီတိုင်း စကားပြောရုံလောက်ပါပဲ … ခဏဆို ပြန်လာခဲ့မယ် … မေမေဝမ်တို့ ဒီမှာ နေခဲ့ကြ ….”
ထိုစကားလုံးများကို နောက်တွင် ချန်ရစ်ခဲ့ပြီးနောက် သုံးယောက်သား တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ ထွက်လာခဲ့ကြသည်။
ခြံထဲကို ရောက်တော့ မီနီဗန်တစ်စင်းက အပြင်တွင် ပါကင်ထိုးထားသည်ကို မြင်တွေ့လိုက်ရလေသည်။
လူသုံးယောက် ထွက်လာတာကို မြင်တော့ ဗန်တံခါး ပွင့်လာခဲ့ပြီး လူလေးယောက် ဆင်းလာခဲ့ကြသည်။ သို့သော် ၎င်းတို့ အကုန်လုံးက မျက်နှာစိမ်းများ ဖြစ်ကြ၏။ ဝမ်ကျားကျေးရွာသားများ မဟုတ်သည့်ပုံပင်။
“ ရှင်းအောင် လုပ်ခဲ့ပြီလား ….”
ပြောလိုက်သူက ဖက်တီး တစ်ယောက်ပင်။ ကိုယ်နေဟန်ထားက သန့်ရှင်းသပ်ရပ်ပြီး စကားပြောနေရင်းဖြင့် လင်းရီကို မျက်လုံးထောင့်ကပ်ပြီး တစ်ချက် အကဲခတ်လိုက်သည်။ အလေးအနက် သဘောထားပုံတော့ မရပေ။
“ သူတို့မိသားစုတွေက မငှားချင်ကြဘူး … ပြီးတော့ ငါတို့နဲ့ စကားပြောချင်နေကြတယ် … အဲ့တာနဲ့ပဲ ဒီကောင့်ကို အပြင်ခေါ်ထုတ်ခဲ့လိုက်တာ ….” လီချန်လုံက ပြောလိုက်သည်။
ဖက်တီးက လင်းရီကို တစ်ချက်ကြည့်ပြီး အိတ်ထောင်ထဲက ခေါက်ဓားကို ထုတ်လိုက်ကာ လက်ထဲတွင် ကစားပြရင်း “ ကောင်လေး … မင်းက ဘာသဘောတုန်း … ဈေးက နည်းလွန်းတယ်ထင်လို့ ငါတို့ကို မငှားပေးချင်တာလား ဟုတ်လား …..”
“ ခင်များတို့က ဘယ်သူတွေလဲ … ဒါက ခင်များတို့နဲ့ ဘာဆိုင်လို့လဲ ….”
“ ငါတို့က ကောင်တီက … ငါ့အစ်ကိုက အစိုးရဌာနမှာ အလုပ်လုပ်တဲ့လူ … အထူးသဖြင့် ဒီက ကိစ္စတွေကို ကိုင်တွယ်စီမံခန့်ခွဲပေးရတဲ့လူပေါ့ …. ဈေးနည်းတယ်ဆိုပြီး စောဒက တက်မနေနဲ့ … ငါ ငှားတဲ့ မြေတွေအကုန်လုံး ဒီဈေးက ဒီဈေးပဲ … ဘယ်ကောင့်ကိုမှ မျက်နှာ လိုက်ထားတာမျိုး မရှိဘူး … နှစ်သစ်ကူးကြီးကို သွေးထွက်သံယိုတွေ ဖြစ်အောင် မလုပ်ချင်စမ်းနဲ့ကွာ ….”
“ အဲ့ဒီတော့ …. ကျုပ်က ခင်များတို့ကို မငှားပေးဘူးဆိုရင် ဘာလဲ … အဲ့ဓားနဲ့ ကျုပ်ကို ထိုးမှာလား ….”
“ ငါ့ကို မလုပ်ရဲဘူးလို့များ ထင်နေလား … အစောပိုင်းတုန်းက မာဂိုရွာမှာ လူနှစ်ယောက်ကို သင်ခန်းစာပေးခဲ့ပြီးပြီ … ငါ့ကို အပြောပဲ ရှိတဲ့ကောင်လို့ ထင်မနေနဲ့ … အရည်အချင်း တစ်ချို့မှ မရှိရင် ဒီလိုတွေတောင် လုပ်စားမနေဘူး ဟေ့ရောင်…..”
လင်းရီ နောက်ကျောဘက်နားသို့ လက်ရောက်သွားခဲ့ပြီး ကာကွယ်ရေး ဓားမြောင်ကို ထုတ်ယူလိုက်သည်။
“ လာလေ … ဘယ်သူက ဘယ်သူ့ကို သေအောင် ထိုးနိုင်မလဲ ကြည့်ကြတာပေါ့ ….”
လူတိုင်း အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။ လင်းရီလည်း ဓားဆွဲထုတ်လာမည်လို့ မျှော်လင့်မထားခဲ့ပါချေ။
“ ဟားဟားဟား …..”
ဖက်တီးက သူ့လူများဘက်သို့ တစ်ချက်ကြည့်ရင်း အားပါးတရ ရယ်မောလိုက်၏။ “ ဒီကောင့်ကို ကြည့်စမ်းပါဦး … အတော်ရယ်ရတဲ့ကောင် … ဓားထုတ်ပြီး ငါ့ကို ခြိမ်းခြောက်နေတယ်ဆိုပဲ …..”
ကျန်သူများလည်း လိုက်ပါ ရယ်မောနေခဲ့ကြပြီး လီချန်လုံ ပြောလိုက်၏။
“ လင်းရီ … မင်းအမေနဲ့ ငါနဲ့က သူငယ်ချင်းတွေလို့ ပြောလို့ရတယ် … ဒီလိုတွေ မလုပ်စမ်းပါနဲ့ကွာ …. လူ့အဖွဲ့အစည်းကြီးက ဘယ်လိုမျိုး လည်ပတ်နေလဲဆိုတာ မင်းလည်း သိပါတယ် … အရင် ၂ နှစ်မှာ မင်းက ငွေရှာနိုင်ပြီး အပြင်လောကမှာ ကိုယ့်ဘာကိုယ် ခြေကုပ်ယူနိုင်ခဲ့တယ် … ဒါပေမယ့် လုပ်ပိုင်ခွင့်နဲ့ အာဏာရှိတဲ့လူတွေရဲ့ ရှေ့မှောက်ရောက်ရင် အဲ့တာတွေ အကုန် အလကားပဲ … မင်းရဲ့ ပိုက်ဆံလေးက သူတို့ကို ပြန်အာခံဖို့ မလောက်သေးဘူး … ကိုယ့်အရှက်ကိုယ် မခွဲချင်စမ်းပါနဲ့ကွာ …. အလကားနေ အလကား ရိုက်ခံရတာက မတန်ပါဘူး ….”
“ ခင်များတို့မှာက လုပ်ပိုင်ခွင့်နဲ့ အာဏာရှိတာ မှန်တယ် … ဒါပေမယ့် နည်းနည်းပါးပါးတော့ ကျိုးကြောင်းညီညွှတ်ပေးသင့်တယ် မဟုတ်လား ….”
“ ချီးပဲ … မင်းအမေကို သွားပြီး ကျိုးကြောင်းညီညွှတ်ချင်နေလိုက် ….”
ဖက်တီးမှာ လင်းရီ၏ စကားကြောင့် ဒေါသဖြစ်သွားခဲ့ဟန် ရပြီး လက်သီးတစ်လုံး ပစ်သွင်းလာသည်။
လင်းရီ ဘေးသို့ ရှောင်တိမ်းပြီး ကော်လံ တစ်ဖက်ကိုဆွဲကာ ဓားမြောင်နှင့် ဗိုက်ကို ထိုးလိုက်သည်။
အာ့ ….
ဖက်တီးမှာ ညည်းညူသံတစ်ချက် ပေးလိုက်မိပြီး နာကျင်မှု လှိုင်းလုံးဒဏ်က ဦးနှောက်သို့ ဆောင့်တက်လာခဲ့ကာ ဒယီးဒယိုင် ဖြစ်သွားခဲ့ပြီး မြေကြီးပေါ်သို့ လဲကျသွားခဲ့၏။ နီရဲသည့် သွေးစက်များက သူ့ခန္ဓာကိုယ်ထက်ကနေ ဆက်တိုက် စီးကျနေသည်။
လီညီကိုနှစ်ဦးမှာလည်း အံ့အားသင့်သွားခဲ့သည်။ ယခုလို မြင်ကွင်းမျိုး ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
“ ခင်များတို့ကတော့ ပြဿနာ အကြီးကြီး ရှာလိုက်ပြီပဲ … ခင်များတို့ အကုန်လုံး ပျက်စီးသွားရင်တောင် လျော်ကြေးကို တတ်နိုင်မှာ မဟုတ်ဘူး ….”
လင်းရီ သူ့အိတ်ထောင်ထဲသို့ လက်နှိုက်ပြီး သူ၏ စစ်တပ် အိုင်ဒီကို ထုတ်ယူလိုက်သည်။
“ မျက်လုံး မကန်းသေးဘူးဆိုရင် ဒါဘာလဲ သိတယ်မလား … ကျုပ် ပြောပြမယ် … ကျုပ် ဒီနေ့ ခင်များတို့ကို ဓားနဲ့ထိုးပြီး လူသတ်ခဲ့ရင်တောင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး … နောက်နောင် ဒါမျိုး ထပ်မလုပ်နဲ့ … ကျုပ်သိလို့ကတော့ ဖုန်းတစ်ချက် ဆက်ရုံနဲ့ ခင်များတို့အကုန် ထောင်ထဲ ဆွဲစိပစ်လိုက်လို့ရတယ် ….”
တလက်လက် တောက်ပနေသည့် အိုင်ဒီက ၎င်းတို့ အကုန်လုံးကို တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့စေသည်။
သာမန်လူများမှာ သဘာဝအလျောက် ဤသို့သော အရာမျိုးကို ကြောက်ရွံ့ကြ၏။ မြင်တွေ့ရုံမျှနှင့်ပင် ကြောက်ရွံ့စိတ်က အလိုလို ဝင်နေတတ်ကြသည်။
“ ထွက်သွားကြစမ်း ….”
“ သွား သွား … မြန်မြန်လေး …..”
ဖက်တီးခမျာ နာကျင်မှုကို အံကြိတ်တောင့်ခံပြီး သူ့လူများကို သူ့အား သယ်သွားရန် အမိန့်ပေးလိုက်ပြီး ဗန်ကားထဲသို့ ဝင်ရောက်သွားခဲ့၏။ ပြီးသည့်နောက် ဝမ်ကျားကျေးရွာထဲမှ ထိတ်လန့်တကြား ထွက်ပြေးလာခဲ့ကြသည်။
လင်းရီ ဓားမြောင်ထက်ရှိ သွေးများကို တစ်ခုခုနှင့် သုတ်ပြီး အိမ်ထဲသို့ ပြန်ဝင်လာခဲ့၏။
“ အစ်ကို … စောနကလူတွေ ဘယ်လို ဖြစ်သွားပြီလဲ …” နင်ယွဲ့ မေးလိုက်၏။
“ ကောင်းကောင်းရိုက်နှက်ပေးလိုက်တာ အခု အပိုးကျိုးသွားပြီ … နောက်တစ်ခါ မလာရဲလောက်တော့ဘူး ….”
“ လူကို ဘာလို့ သွားရိုက်နေတာလဲ ….”
“ လူတွေက ကြင်နာမှုကို အားနည်းချက်လို့ ယူဆပြီး အခွင့်ကောင်းယူကြတယ် … သိမ်မွေ့လွန်းတဲ့ မြင်းက တက်စီးခံရတယ် … ဒီလိုလူမျိုးတွေနဲ့ ဆက်ဆံရင် ကိုယ်က ခပ်မာမာလေး မရိုက်နှက်ပေးဘူးဆိုရင် နားဝင်မှာမဟုတ်ဘူး ….”
“ ယုတ္တိရှိတယ် …” ချွီရွှမ့်ဟော် ထောက်ခံလိုက်၏။
လီညီကိုနှစ်ယောက်ကို သင်ခန်းစာပေးပြီးနောက် အိမ်ထဲရှိ လေထုမှာလည်း ပို၍ လှုပ်ရှားသက်ဝင်လာသည်။
နေ့လည်ခင်းပိုင်းတွင် နေ့လည်စာ အတူစားကြ၏။ ထမင်းဝိုင်းက မွန်းလွဲသုံးနာရီကျော်တွင် အဆုံးသတ်ပြီး သူတို့အားလုံး ရန်မြို့သို့ ပြန်ရန် ဟန်ပြင်လိုက်ကြသည်။
လင်းရီတို့ ရွာက ထွက်လာတော့ ကားထဲတွင် ရွာသားများ ထည့်ပေးလိုက်သည့် လက်ဆောင်ပစ္စည်းများနှင့် ပြည့်နှက်နေသည်။ ဝက်နံပိုင်း၊ ကြက်အရှင်များ၊ ဘဲဥများ၊ ခြံထွက်ဟင်းသီးဟင်းရွက်များ ၊ စသဖြင့် လူတိုင်းက သူတို့တွင် ပေါသည့် အရာများကို လက်ဆောင်ထည့်ပေးလိုက်ကြသည်။
ထိုနေ့ခင်း ရန်မြို့သို့ ပြန်ရောက်လာပြီးနောက် လင်းရီ အနားမယူခဲ့ပေ။ ဝူကျောင်းယိုနှင့် သွားရောက်တွေ့ဆုံပြီး ၎င်းတို့ကြား ရင်းနှီးမှုကို နောက်တစ်ဆင့် ခိုင်မာအောင် ပြုလုပ်ခဲ့၏။ ထိုနေရာတွင် အချိန်ဖြုန်းရင်း ည ဆယ်နာရီထိုးတော့မှပဲ အိမ်သို့ ပြန်လာခဲ့လေသည်။
နောက် နှစ်ရက်ထိတိုင် လင်းရီ ပြန်ဖို့ကို အလျင်မလိုသေးပေ။ ဝမ်ချွေ့ပင်းကို အဖော်လုပ်ပေးနေရင်း ရှစ်ရက်မြောက်နေ့ ရောက်တော့မှ ကျိုးဟိုင်သို့ ပြန်လာခဲ့၏။
ခရီးက ပြန်လာတော့ လင်းရီတွင် လူမှုရေးအရ တွေ့ဆုံစရာများလည်း မရှိတော့ဘဲ ကိုယ့်ကိစ္စကိုယ် အာရုံစိုက်ဖို့သာ ရှိတော့၏။
ထို့ပြင် ရုံး အလုပ်သမားများအတွက် နှစ်သစ်ကူး အားလပ်ရက်သည်လည်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး အရာအားလုံးက နဂိုအတိုင်း ပုံမှန်ဘဝသို့ ပြန်ရောက်သွားခဲ့ကြသည်။
ကလင် ကလင် ကလင် …
နောက်တစ်နေ့နံနက်ခင်း ရှစ်နာရီကျော်တွင်၊ လင်းရီ မျက်နှာသစ် သွားတိုက်နေစဉ်မှာပဲ ချိုးယွီ့လော့ထံက ဖုန်းဝင်လာခဲ့၏။
“ အကြောင်းထူးလို့လား ….”
“ နင် တပ်ဖွဲ့ကိုပေးလာတဲ့ ဆေးထဲမှာ အမည်မဖော်နိုင်တဲ့ ပစ္စည်းက အတော်လေးကို ထူးခြားတဲ့ အမျိုးအစားဖြစ်တဲ့ အစားထိုး စိတ်ကြွဆေးတစ်မျိုးပဲ … တကယ်လို့ ပမာဏ အများကြီး သုံးစွဲလိုက်ရင် ထင်ယောင်ထင်မှား ဖြစ်တာကနေ ကိုယ်ဝန်ပျက်ကျတဲ့အထိပါ ဖြစ်စေနိုင်တယ် … ပြန်သက်သာလာနိုင်မယ့် အခွင့်အရေးလည်း အင်မတန်နည်းတယ် ….”
ဤသတင်းကြားတော့ လင်းရီ၏ မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားခဲ့ပြီး တစ်စုံတစ်ယောက်ကို အရှင်လတ်လတ် ဝါးစားချင်စိတ်တို့ ပေါက်သွားခဲ့၏။
ကျီချင်းရန်အပေါ် ထိုသို့သော ကိစ္စရပ်များ ဖြစ်လာမှာကို သူ လုံးဝ လုံးဝ ခွင့်မပြုနိုင်။
အထူးသဖြင့် ယခုလိုမျိုး ထိလွယ်ရှလွယ်သည့် အချိန်အခါမျိုးမှာ ဖြစ်၏။
“ နောက်တော့ရော … ဆက်ပြောဦး ….”
“ ဒီဆေးကို ပိုင်ယွင် ဆေးကုမ္ပဏီက ထုတ်တာ … ဈေးကွက်ထဲကနေ ဘူးတွေ အများကြီး ဝယ်ပြီး နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်တော့ ဈေးကွက်ထဲက ပစ္စည်းတွေမှာတော့ အဲ့ဒီ ဆေးဝါးမျိုး ပါတာ မတွေ့ရဘူး …. ဆိုတော့ အဲ့ဒီဆေးကို တစ်ယောက်ယောက်က ပြန်ပွားပြီး အတုလုပ်ထားတာ ဖြစ်ရမယ် …..”
“ အဲ့ဆေးက စန်ဒါထိုက်လျန်ဆိုတဲ့ လူဆီက လာတာပဲ … ပြဿနာ ရှိတယ်ဆိုရင် သူနဲ့ ပတ်သက်နေရမယ် ….”
“ ငါလည်း ဒီကိစ္စ နင့်ကို ပြောတော့မလို့ …. အဲ့လူက တကယ်လည်း မူမမှန်ဘူး ….”
ချိုးယွီလော့ စကားကို ခေတ္တရပ်လိုက်ပြီး “ သူ့နောက်ခံလိုက် လက်လှမ်းမီသလောက် စစ်ဆေးကြည့်လိုက်တာ ဂျပန်အစိုးရနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဆိုတဲ့ အချက်အလက်တွေတော့ တစ်ခုမှ မတွေ့ရဘူး … ဒါပေမယ့် အရင်ငါးနှစ်မှာ သူက တွေ့ဆုံပွဲတွေ အများအပြား တက်ရောက်ခဲ့ပြီး ပွဲကျင်းပတဲ့ လူတွေမှာ တူညီတဲ့ အရာတစ်ခုတော့ ရှိတယ် …….. သူတို့အကုန်လုံးက ဖရီးမေဆင်ကပဲ …..”
လင်းရီ၏ အမူအရာ ပြောင်းလဲသွားခဲ့၏။
“ ဒီ စန်ဒါထိုက်လျန်ဆိုတဲ့ကောင်က ဖရီးမေဆင်ကလို့ ပြောချင်နေတာလား ….”
“ အတော်လေး ဖြစ်နိုင်ချေများတယ် ….” ချိုးယွီလော့ စကားဆက်၏။
“ တစ်ယောက်ယောက်ကို အသွင်ယူပြီး ဂျပန်က သူ့နေအိမ်ကို ဝင်ရောက်စစ်ဆေးခိုင်းဖို့ စီစဉ်ထားတယ် … သူ့ရဲ့ အထောက်အထားကို အတည်ပြုနိုင်မယ့် လမ်းကြောင်းတစ်ခုခုကို ရှာဖွေဖို့ပေါ့ …”
လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
“ မင်း ဒီကိစ္စ ကိုင်တွယ်ဖို့ မလိုပါဘူး .. ငါ့ဘာငါ ကိုင်တွယ်လိုက်မယ် …”