အခန်း (၁၈၃-၁၈၄)
Vol. 19 Ch. 183-184
အခန်းး ၁၈၃ - မျိုးရိုးဗီဇဆေးရည် ဖော်စပ်ခြင်း။
ဆေးဖက်ဝင်အပင်များအားလုံး စုဆောင်းပြီးချိန်တွင် လုပေါင်သည် ဤကျွန်းပေါ်၌ ရှင်သန်နေထိုင်ခဲ့သည်မှာ တစ်လကျော်ရှိပြီဖြစ်ရာ အဓိကမစ်ရှင်ပြီးမြောက်ရန် နီးကပ်လာပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။
လုပေါင်သည် မျိုးရိုးဗီဇမြှင့်တင်ဆေးကို စတင်ဖော်စပ်ရန် ပြင်ဆင်တော့သည်။ ကံကောင်းသည်မှာ ဆေးနည်းလမ်းညွှန်တွင် ပါဝင်ပစ္စည်းတစ်ခုချင်းစီ၏ အချိုးအစားကို အသေးစိတ်ဖော်ပြထားသဖြင့် သူ အလွန်အမင်း ခေါင်းစားစရာမလိုပေ။ သို့သော် အချို့သော ဆေးပင်များကို ပြုပြင်ရသည်မှာ အနည်းငယ် လက်ဝင်လှသည်။
“အနှစ်သာရကို ထုတ်ယူပြီး အဖတ်တွေကို စွန့်ပစ်ပါ... ဒါကို ဘယ်လိုလုပ်ရမှာလဲ။”
ဆေးနည်းလမ်းညွှန်၏ နောက်ဆုံးအဆင့် ညွှန်ကြားချက်ကို ကြည့်ပြီး လုပေါင် ခေါင်းကုတ်မိသွားသည်။ အကယ်၍ ရေသုံးခွက်ကို တစ်ခွက်စာကျန်အောင် ကျိုပါ ဆိုလျှင် သူ နားလည်နိုင်သော်လည်း ယခုကဲ့သို့ စာသားမျိုးကို ဘယ်သူ နားလည်နိုင်မည်နည်း။အထူးသဖြင့် ရှေ့တွင် တောင်ပုံရာပုံ ရှိနေသော ဆေးပင်များကို ကြည့်ပြီး ၎င်းတို့ကို ပြုတ်မည်ဆိုလျှင် ရွာက ရာဝင်အိုးကြီးလောက် လိုပေလိမ့်မည်။
“ဒါကတော့ ဆေးပြုတ်တာမဟုတ်ဘဲ ဆေးစွပ်ပြုတ်လုပ်တာ ဖြစ်သွားမှာပေါ့ သောက်တဲ့သူလည်း ဗိုက်ပေါက်သေကုန်မယ်။”
လုပေါင် ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် ဝံ့ကြွားသော အမူအရာဖြင့် လမ်းလျှောက်လာသည့် ချီလင်လေးကို မြင်လိုက်ရသည်။ ဤကောင်လေးမှာ အရွယ်အစား သေးငယ်သော်လည်း အရှိန်အဝါကတော့ အံ့မခန်းပင်။ ၎င်းသွားလေရာ အရပ်တိုင်းတွင် သတ္တဝါမှန်သမျှ ငြိမ်ကျသွားကြသည်။
ချီလင်လေးကို မြင်သည်နှင့် လုပေါင်၏ ခေါင်းထဲတွင် အကြံတစ်ခု လက်ခနဲ ပေါ်လာသည်။
ချီလင်လေး၏ ချီလင်မီးတောက်သည် ကမ္ဘာပေါ်တွင် အပူချိန်အမြင့်ဆုံး မီးတောက်များထဲမှ တစ်ခုဖြစ်ရာ သံအိုးကြီးတွေ ဘာတွေ လိုဦးမည်နည်း။ဒီမီးနှင့်သာ မှုတ်လိုက်လျှင် အညစ်အကြေးမှန်သမျှ ပြာဖြစ်သွားပြီး အနှစ်သာရပဲ ကျန်ပေလိမ့်မည်။
လုပေါင်သည် ချီလင်လေးကို သူ၏မာယာဖြင့် စတင် မြှူဆွယ်တော့သည်။
“ပေါင်ပေါင်... လမ်းလျှောက်ထွက်လာတာလား။”
လုပေါင်၏ အသံကို ကြားသည်နှင့် ချီလင်လေးမှာ ဝမ်းသာအားရ ပြေးလာပြီး လုပေါင်၏ ရင်ခွင်ထဲ တိုးဝင်ကာ ချွဲနေတော့သည်။ လုပေါင်သည် ချီလင်လေးကို အသုံးချပြီး ဆေးဖော်ခိုင်းရန် ပြင်ဆင်နေစဉ်မှာပင် တစ်ခု သတိရသွားသည်။ သူသည် ယခင်က Live လွှင့်စဉ်တွင် ကြွားခဲ့ဖူးသဖြင့် ယခု ဆေးဖော်သည့် အစီအစဉ်ကိုလည်း Live လွှင့်ပြမှ ဖြစ်ပေမည်။
Live စတင်လိုက်သည်နှင့် လူကြည့်နှုန်းမှာ ချက်ချင်း မြင့်တက်လာသည်။
“ပေါင်ပေါင်... မင်း နောက်ဆုံးတော့ ထွက်လာပြီပဲ လွမ်းလိုက်ရတာ။”
“ဒီကောင်လေး... ဘယ်တွေ ပျောက်နေတာလဲ။”
“ရတနာနတ်ဘုရား ပြန်လာပြီဟေ့ ချီလင်လေးလည်း ပါတယ် ပျော်စရာကတော့ နှစ်ဆပဲဟေး။”
မကြာမီမှာပင် ပရိတ်သက် များမှာ တောင်ပုံရာပုံရှိနေသော ဆေးပင်များကို မြင်သွားကြသည်။ လုပေါင်က ပြုံးရင်း ပြောလိုက်သည်။
“ဒီနေ့တော့ အားလုံးအတွက် ငါ ဆေးဖော်ပြမဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။”
ပရိတ်သက် များမှာ ဆူညံကုန်ကြသည်။
“ဆေးဖော်မလို့ ရတနာနတ်ဘုရားက ဘယ်တုန်းက ဒီပညာ တတ်သွားတာလဲ။”
“ဆေးဆိုတာ လျှောက်ဖော်လို့ မရဘူးနော် အမှားအယွင်းရှိရင် အသက်အန္တရာယ်ရှိတယ်။”
“ဆေးဖော်တာတော့ ဟုတ်ပါပြီ... အဲ့ဒါကြီးကိုတော့ တကယ် မစားလိုက်နဲ့ဦးနော်။”
“ရတနာနတ်ဘုရား... ကျောက်ကပ်အားဆေးလေးများ ဖော်ပေးလို့ ရမလား။ငါ့သူငယ်ချင်းတစ်ယောက်က တကယ်လိုအပ်နေလို့ပါ”
လုပေါင်သည် ပရိတ်သက် များ၏ စနောက်မှုကို ဂရုမစိုက်ဘဲ ချီလင်လေးကို စတင် လိမ်ညာတော့သည်။
“ပေါင်ပေါင်... မင်းမျက်လုံးတွေ နည်းနည်းနီနေသလိုပဲ ကိုယ်တွင်းအပူတွေ အရမ်းများနေတာများလား ကိုယ်တွင်းအပူဆိုတာ မင်းကိုယ်ထဲမှာ မီးစွမ်းအင်တွေ အရမ်းများနေလို့ တကယ်တော့ပြင်ကို ထုတ်ပစ်ဖို့ လိုနေတာလေ။ အရင်ကလို မီးမှုတ်ထုတ်သလိုမျိုးပေါ့။ မင်း မီးမမှုတ်ထုတ်တာ ကြာပြီမဟုတ်လား။”
လုပေါင်၏ စနစ်တကျ ဖြားယောင်းမှုအောက်တွင် ချီလင်လေးမှာ တွေဝေရာမှ ဆုံးဖြတ်ချက် ခိုင်မာသွားသည့် ပုံစံမျိုး ဖြစ်သွားသည်။ ကီလင်လေးက ပါးစပ်ကို ဖောင်းလိုက်ပြီးနောက် ပြင်းထန်လှသော ကီလင်မီးတောက်ကို မှုတ်ထုတ်လိုက်တော့သည်။
“ဟုတ်တယ် ဟုတ်တယ်... အဲ့ဒီအတိုင်းပဲ ဆက်လုပ်။ မင်းရဲ့ အပူတွေက တကယ်ကြီးနေတာပဲ အရှိန်မလျှော့လိုက်နဲ့ဦးနော်။”
လုပေါင်သည် ဆေးပင်တစ်ပင်ကို ယူကာ ချီလင်မီးလျှံထဲသို့ ပစ်ထည့်လိုက်သည်။ ဆေးပင်မှာ မီးနှင့် ထိသည်နှင့် ပြာဖြစ်သွားသော်လည်း ကြည်လင်တောက်ပသော ဆေးရည်စက်လေး တစ်စက် ထွက်ကျလာသည်။ လုပေါင် ဝမ်းသာသွားသည်။
“ဒီချိလင်မီးကတကယ့်အနှစ်သာရကို ရွေးထုတ်နိုင်တာပဲ။”
လုပေါင်သည် သံအိုးတစ်လုံးကို မီးတောက်အောက်တွင် အမြန်ခံလိုက်တော့သည်။ ဆေးပင်များကို တစ်ပင်ပြီးတစ်ပင် မီးလျှံထဲ ပစ်ထည့်ရာ ကြည်လင်သော ဆေးရည်စက်များမှာ အိုးထဲသို့ တစ်စက်ချင်း စုမိလာတော့သည်။
ချီလင်လေးက ဇဝေဇဝါဖြစ်နေသည်ကို မြင်သောအခါ လုပေါင်က မျက်နှာပြောင်ပြောင်ဖြင့် ထပ်ညာလိုက်ပြန်သည်။
“ပေါင်ပေါင်... မင်းရဲ့ ရောဂါက တော်တော်ပြင်းထန်တာ မီးမှုတ်ရုံနဲ့ မရဘူး။ ဆေးနွေးငွေ့နဲ့ ကုသမှုလည်း လိုသေးတယ်။ ဒါက အဆင့်မြင့် ဝန်ဆောင်မှုပဲနော်။”
ချီလင်လေးမှာ လုပေါင်၏ စကားကို ယုံကြည်သွားပုံရသည်။ပရိတ်သက် များကတော့ Live ထဲတွင် လုပေါင်၏ ရက်စက်မှု ကို ဝိုင်းပြီး ပြစ်တင်နေကြသော်လည်း လုပေါင်ကတော့ ဂရုမစိုက်ပါ။
မကြာမီမှာပင် တောင်ပုံရာပုံရှိသော ဆေးပင်များမှာ ပျောက်ကွယ်သွားပြီး သံအိုးထဲတွင် ထူးခြားသော ရနံ့များ ထွက်ပေါ်နေသည့် ကြည်လင်သော ဆေးရည်များ စုမိလာပါတော့သည်။
“ဒါက မျိုးရိုးဗီဇမြှင့်တင်ဆေးလား။”
လုပေါင်သည်ဆေးနည်းကို ပြန်စစ်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘ဘာပဲဖြစ်ဖြစ်ဒီဆေးက အဆင်ပြေမှာပါ... ဟုတ်တယ်မလား။’
အခန်း ၁၈၄ - မစ်ရှင် ပြီးမြောက်ခြင်း။
အခြားအရာများကို ခဏဖယ်ထာလျှင် ၎င်း၏ အရောင်အသွေး ရနံ့နှင့် အရသာကို ကြည့်ခြင်းအားဖြင့် ဤမျိုးရိုးဗီဇမြှင့်တင်ဆေးမှာ အစစ်အမှန်ဖြစ်ကြောင်း သိသာလှပေသည်။ ထိုဆေးနံ့ကို ရှူရှိုက်လိုက်ရုံနှင့်ပင် လုပေါင်၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များမှာ ပျော်ရွှင်စွာ ခုန်ပေါက်နေကြသည်ဟု သူ ခံစားလိုက်ရသည်။
ဆေးဖော်စပ်မှု အောင်မြင်သွားပြီဖြစ်ရာ နောက်တစ်ဆင့်မှာ ၎င်း၏ အာနိသင်ကို စမ်းသပ်ရန်ဖြစ်သည်။ လုပေါင်သည် ကျန်းရွှယ်ချီ နှင့် ကျောက်မင် တို့ကို ခေါ်လိုက်လေသည်။ ထို့နောက် ကျန်းရွှယ်ချီကို ထိုဆေးရည်အား သောက်ရန် အချက်ပြလိုက်တော့သည်။
ကျန်းရွှယ်ချီသည် ကြည်လင်နေသော ဆေးရည်ခွက်ကို ကြည့်ပြီး ခဏတာ တွေဝေသွားသော်လည်း အချိန်အကြာကြီး မဟုတ်ပေ။ ယခုအချိန်တွင် သူမ၏ ဦးနှောက်အကျိတ် အခြေအနေကို သူမကိုယ်တိုင် သိထားပြီးဖြစ်ကာ အားကိုးစရာဆိုလို့ လုပေါင် တစ်ယောက်တည်းသာ ရှိသည်။ သေခါနီး မြင်းကို အရှင်ရအောင် ကုသခြင်း ဆိုသလိုပင် လုပေါင်က အဆိပ်ကျွေးလျှင်တောင် သူမ ငြင်းဆန်မည်မဟုတ်ပေ။
ကျန်းရွှယ်ချီသည် ဆေးရည်ကို တစ်ကျိုက်တည်းနှင့် အကုန်သောက်ချလိုက်သည်။
“ဘယ်လိုနေလဲ။”
ဘေးတွင်ရပ်နေသောကျောက်မင်က စိုးရိမ်တကြီး မေးလိုက်လေသည်။
လုပေါင် အခြေအနေကို မေးရန်ပြင်စဉ်မှာပင် ကျန်းရွှယ်ချီသည် မျက်လုံးများ မှိတ်သွားပြီး ဘေးသို့ ယိုင်လဲသွားတော့သည်။ လုပေါင်က လျင်မြန်စွာပင် သူမ၏ ကိုယ်လေးကို ဖမ်းထိန်းလိုက်သည်။ သူမ၏ နူးညံ့ပြီး မွှေးပျံ့သော ခန္ဓာကိုယ်ကို ပွေ့ပိုက်ထားရသဖြင့် လုပေါင် ခဏတာ မိန်းမောသွားသော်လည်း အခုက အချိန်ကောင်းမဟုတ်သေးပေ။ မျက်လုံးမှိတ်ပြီး သတိလစ်သွားသော ကျန်းရွှယ်ချီကို ကြည့်ပြီး လုပေါင် ဆွံ့အသွားရသည်။
“ဒီယုတ်မာတဲ့ မျိုးရိုးဗီဇဆေးက တကယ်ပဲ လူသတ်လိုက်တာလား။ စနစ်ယုတ်... မင်း ငါ့ကို ဒုက္ခပေးပြန်ပြီ။”
လုပေါင်စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
စနစ်ကတော့ လုပေါင်ကို အဖက်မလုပ်ပါ။ ကံကောင်းသည်မှာ ကျန်းရွှယ်ချီ၏ အသက်ရှူသံမှာ ပုံမှန်ရှိနေပြီး မျက်နှာမှာလည်း နီမြန်းစပြုလာသည်။ သတိလစ်နေသည်မှအပ အသက်အန္တရာယ် မရှိကြောင်း သိလိုက်ရသဖြင့် လုပေါင် စိတ်အနည်းငယ် အေးသွားသည်။
Live ထဲမှ ပရိတ်သက် များကတော့ ဆူညံကုန်ကြသည်။
“ရတနာနတ်ဘုရား... ငါပြောသားပဲ လျှောက်မဖော်ပါနဲ့ဆို။ ကြည့်စမ်း... လူသတ်လိုက်မိပြီမလား။”
“မင်းတော့ လက်ထိပ်ခတ်ခံရတော့မယ်။”
“ပေါင်ပေါင်ရာ... အဆိပ်ဖော်တဲ့သူတွေတောင် မင်းလောက် မြန်မှာမဟုတ်ဘူး။ သောက်ပြီးတာနဲ့ ချက်ချင်းပဲ။”
“ညီအစ်ကိုတို့ရေ... ရတနာနတ်ဘုရားအတွက် ရှေ့နေငှားဖို့ ရန်ပုံငွေ ရှာကြရအောင်။ ထောင်ဒဏ် လျော့အောင် ဘယ်လို လိမ်ရမလဲ စဉ်းစားကြစမ်း။”
ကျောက်မင်ကတော့ အလွန်စိုးရိမ်နေသဖြင့် လုပေါင်က အေးဆေးနေရန် အချက်ပြလိုက်ပြီး သူ့ကို အခန်းထဲခေါ်သွားပြီး နားခိုင်းလိုက်ပါ ဟု ပြောလိုက်သည်။
စိုးရိမ်တကြီးဖြင့် နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် လုပေါင်၏ နားထဲတွင် စနစ်၏ သတိပေးသံ ထွက်ပေါ်လာသည်။
“တီ ဂုဏ်ယူပါသည်။မစ်ရှင် ပြီးမြောက်အောင်မြင်ပါပြီ။”
“မစ်ရှင် ပြီးပြီ”
လုပေါင်မှင်တက်သွားသည်။ မစ်ရှင်ပြီးပြီဆိုသည်မှာ ကျန်းရွှယ်ချီ၏ ဦးနှောက်အကျိတ် လုံးဝ ပျောက်ကင်းသွားပြီဟု ဆိုလိုခြင်း ဖြစ်သည်။
“မျိုးရိုးဗီဇမြှင့်တင်ဆေးကတကယ်ပဲ အလုပ်ဖြစ်သွားတာလား။”
ထိုစဉ် ကျောက်မင်၏ အော်သံ ထွက်ပေါ်လာတော့သည်။
“သူ နိုးလာပြီ ရွှယ်ချီ နိုးလာပြီ။”
လုပေါင် အခန်းထဲသို့ အပြေးဝင်သွားရာ အိပ်ရာပေါ်တွင် လဲလျောင်းနေသော ကျန်းရွှယ်ချီမှာ ဖြည်းဖြည်းချင်း နိုးလာသည်ကို တွေ့ရလေသည်။သူမ၏ မျက်နှာမှာ ယခင်ကထက် ပို၍ပင် ကျန်းမာသန်စွမ်းနေပြီး လန်းဆန်းတောက်ပနေသည်။
“ကျွန်မ အခုခေါင်းမကိုက်တော့ဘူး။”
သူမကအံ့ဩတကြီး ပြောလိုက်သည်။
သူမကိုယ်တိုင် အသိဆုံးပင်ဖြစ်သည်။ဆေးရည်သောက်ပြီးနောက် တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး ခေါင်းထဲတွင် အမြဲရှိနေတတ်သော ကိုက်ခဲသည့် ဝေဒနာမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ဦးနှောက်ကို ဖိထားသည့် ကျောက်တုံးကြီး ရုတ်တရက် ပျောက်သွားသကဲ့သို့ပင်။
စနစ်၏ သတိပေးချက်နှင့် ကျန်းရွှယ်ချီ၏ စကားကို ကြားလိုက်ရသောအခါ လုပေါင် အတည်ပြုနိုင်လိုက်ပြီ
“ဒီဆေးက တကယ်ကို အစွမ်းထက်တာပဲ အကျိတ်ကိုတောင် ရှင်းထုတ်ပစ်နိုင်တာလား။”
Live ထဲမှ ပရိတ်သက် များမှာလည်း ကျန်းရွှယ်ချီ နိုးလာသည်ကို မြင်သောအခါ လှောင်ပြောင်မှုများ ပြုလုပ်ကြသည်။
“ဟား... ပျင်းစရာကြီး ငါတို့က ရတနာနတ်ဘုရား ထောင်ထဲသွားရမှာကို စောင့်နေတာလေ။”
“ရတနာနတ်ဘုရား... မင်းက ဆေးဖော်တာမဟုတ်ဘဲ မေ့ဆေးဖော်တာ မဟုတ်လား။ သောက်ပြီးတာနဲ့ မေ့သွားလိုက်တာများ။”
“ဝန်ခံစမ်းပါ... ဒီလောက်ပြင်းတဲ့ မေ့ဆေးနဲ့ မင်း ဘာတွေ မကောင်းတာ လုပ်ချင်လို့လဲ။”
ပရိတ်သက် များက အမျိုးမျိုး စနောက်နေကြသော်လည်း အချို့ကတော့ ကျန်းရွှယ်ချီ၏ ကျန်းမာလာပုံကို သတိထားမိကြသည်။
“ရတနာနတ်ဘုရား အရင်က ပြောခဲ့ဖူးတယ်နော် ဦးနှောက်အကျိတ်ကို ကုနိုင်တဲ့နည်း ရှိတယ်ဆိုတာ။ ဒါဆို အခု ဆေးက အဲ့ဒါအတွက်လား သူမ ကြည့်ရတာ လူမမာနဲ့တောင် မတူဘူး ငါ့ထက်တောင် ကျန်းမာနေသလိုပဲ။”
ဤစကားကြောင့် Live တစ်ခုလုံး ဆူညံသွားပြန်သည်။
“ဟား... ရတနာနတ်ဘုရား မင်း နောက်နေတာ မဟုတ်ဘူးမလား ဒါက တကယ်ပဲ ဦးနှောက်အကျိတ်ကို ကုလိုက်တာလား။”
“ဒါဆိုရင်တော့ ရတနာနတ်ဘုရားရေ တကယ့်ကို ကမ္ဘာကျော် သတင်းကြီး ဖြစ်လာတော့မှာပဲ။”
လုပေါင်ကတော့ အများကြီး ပြန်မပြောတော့ဘဲ Ocean Live Streaming ရဲ့ သူဌေး လုလင်းဟွာဆီသို့ မက်ဆေ့ခ်ျ ပို့လိုက်တော့သည်။
“ဆရာကြီး ကျောက် နဲ့ Live Link တစ်ခါလောက် ပြန်ချိတ်ပေးလို့ ရမလား။”
သူသည် တရုတ်တိုင်းရင်းဆေး ပညာရှင်ကြီး ကျောက်ပိုင်းရန် အား ကျန်းရွှယ်ချီ၏ အခြေအနေကို ထပ်မံ အတည်ပြုခိုင်းလိုခြင်း ဖြစ်သည်။