အခန်း (၁၈၇-၁၈၈)
Vol. 19 Ch. 187-188
အခန်း ၁၈၇ - နတ်ဘုရားအဆင့် ဆုလာဘ်။
ကျောက်မင် ၏ တောင်းဆိုချက်ကို လုပေါင် ငြင်းဆန်ရန် အကြောင်းမရှိပေ။ သို့သော် သူက အခုထိ ပင်လယ်ထဲမှာ ဖြစ်နေသည်။ သူ ကုန်းပေါ်တက်ပြီး အဝတ်အစားပြန်ဝတ်နိုင်ဖို့ ကျောက်မင်ကို အရင်နှင်ထုတ်ရမည်။
“အကုန်လုံး အဆင်ပြေအောင်ညှိနှိုင်းလို့ရပါတယ်။အရင်ဆုံး ကျွန်တော် ကုန်းပေါ်တက်ပြီး အဝတ်အစားလေး ဘာလေး ဝတ်ပါရစေဦးလား။”
ပင်လယ်ရေထဲမှာ ဆောင့်ကြောင့်ထိုင်ပြီး အရေးကြီးတဲ့နေရာတွေကို လက်နဲ့အုပ်ကာ သနားစဖွယ် ကြည့်နေတဲ့ လုပေါင်ကို မြင်တော့ ကျောက်မင် မအောင့်နိုင်ဘဲ ပေါက်ကွဲထွက်မတတ် ရယ်မောမိတော့သည်။ သူမက မျက်စောင်းတစ်ချက်လှန်ကျွေးပြီးမှ လှည့်ထွက်သွားရင်း နောက်ဆုံးစကားတစ်ခွန်း ပြောသွားခဲ့သည်။
“ဒီကလေးစုတ်လေးကို ဘယ်သူက ကြည့်ချင်နေလို့လဲ။”
လုပေါင် သက်ပြင်းချမိသည်။
“ကြည့်ချင်တယ်လို့လည်းမပြောပါဘူး။”
ကျောက်မင်ဝေးဝေးရောက်သွားမှ သူ ကုန်းပေါ် အမြန်တက်ပြီး အဝတ်အစားလဲလိုက်ရသည်။
“ငါ့ရဲ့ စင်ကြယ်တဲ့ ခန္ဓာကိုယ်ကြီးတော့ အကုန်အမြင်ခံရတော့မလို့။ ငါ့လို လူမှုပတ်ဝန်းကျင်က လူငယ်ကောင်းလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အထိပါးခံလို့ ဘယ်ဖြစ်မလဲ။”
သို့သော် ကျန်ရှိနေသည့် မျိုးရိုးဗီဇမြှင့်တင်ဆေး လေးလုံးထဲမှ တစ်လုံးကို ထပ်ပေးရမည်ဖြစ်ရာ လုပေါင် နှမျောမိသည်။ ဒါပေမဲ့ ကျောက်မင်၏ ရန်လိုသော မျက်နှာပေးကို မြင်ရသည်မှာ သူ မခံစားနိုင်သဖြင့် အသာတကြည်ပင် ဆေးကို ပေးလိုက်ရတော့သည်။
ဆေးသောက်ပြီးနောက် ကျောက်မင်သည်လည်း ကျန်းရွှယ်ချီကဲ့သို့ပင် ဆေးရှိန်ကြောင့် သတိလစ်သွားသည်။ ကျန်းရွှယ်ချီ၏ ဂရုစိုက်မှုအောက်တွင် ကျောက်မင် နိုးလာသောအခါ သူမ၏ ပိုးသားကဲ့သို့ ချောမွတ်သွားသော အသားအရေကြောင့် အတိုင်းမသိ ဝမ်းသာသွားတော့သည်။
လုပေါင်ကတော့ ဤကျွန်းပေါ်ရှိ နောက်ဆုံးရှင်သန်ခြင်း အချိန်များကို ပျော်ပျော်ကြီး ဖြတ်သန်းနေလေသည်။ ပုရွက်ဆိတ်နီတပ်ဖွဲ့နှင့် ကြွက်တပ်ဖွဲ့တို့အား ကျွန်းပေါ်ရှိ ဆေးပင်များနှင့် စားစရာများကို အကုန်အစင် ရှာဖွေစုဆောင်းခိုင်းထားသည်။ ဤကျွန်းပေါ်ရှိ သတ္တဝါများမှာ ကျောက်စာတိုင်ကြောင့် အရွယ်အစားကြီးမားရုံသာမက အရသာမှာလည်း အလွန်ပင် ကောင်းမွန်လှရာ လုပေါင် တစ်ယောက် ဗိုက်ကားအောင် စားသောက်နေတော့သည်။
ထိုစဉ် စနစ်ဆီမှ နှစ်လပြည့် ရှင်သန်ခြင်း မစ်ရှင်အောင်မြင်ကြောင်း အသိပေးချက် ရောက်လာသည်။
“တီးတောင် ဂုဏ်ယူပါသည်။ အဓိကမစ်ရှင်ဖြစ်သော နှစ်လကြာအောင် ရှင်သန်ခြင်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ မစ်ရှင်ဆုလာဘ်ကို ထုတ်ပေးလိုက်ပါပြီကျေးဇူးပြု၍ စစ်ဆေးပါ။”
လုပေါင် စိတ်လှုပ်ရှားစွာဖြင့် သူ၏စာရင်း ကို စစ်ဆေးလိုက်သည်။ဆုလာဘ်များထဲတွင် နဂါးဧရာကျွန်းဟူသည့် အမည်ကို မြင်လိုက်ရသောအခါ သူ ကြောင်သွားသည်။
“နဂါးဧရာကျွန်း ဒါက ဘာလဲ။”
သူသည် ဘေးနားတွင် အိပ်ငိုက်နေသော နဂါးကြီးကို ကြည့်ပြီး ချက်ချင်း သဘောပေါက်သွားသည်။
“ဒါဆို ဒီလျှို့ဝှက်ဆန်းကြယ်ကျွန်းက ငါ့ကျွန်း ဖြစ်သွားပြီပေါ့။”
ကျေနပ်စရာပင်။အလွန်ကျေနပ်စရာ ကောင်းလှသည်။ဤကျွန်းပေါ်တွင် အဖိုးတန်ဆေးပင်များနှင့် ကောင်းမွန်သော အရာများစွာ ရှိနေသည် မဟုတ်ပါလား။စနစ်၏ ညွှန်ကြားချက်အရ လုပေါင်သည် ဤကျွန်းသို့ မိမိစိတ်ကြိုက် အချိန်မရွေး ဝင်ထွက်သွားလာနိုင်မည် ဖြစ်သည်။၎င်းမှာ အနာဂတ်တွင် ဆေးပင်များ အကြီးအကျယ် စိုက်ပျိုးရန်အတွက် အကောင်းဆုံးနေရာ ဖြစ်လာပေလိမ့်မည်။
လုပေါင် ပျော်ရွှင်နေစဉ်မှာပင် ရုတ်တရက် တစ်ခုခု ထူးခြားနေသည်ကို အာရုံခံမိလိုက်သည်။ သူ မော့ကြည့်လိုက်သောအခါ ရင်ထိတ်စရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
“ဝေါင်းး”
ဘေးနားရှိ နဂါးကြီးသည်လည်း ရုတ်တရက် နိုးလာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။လုပေါင်၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေသော ထို သရဲသင်္ဘောပျက်ကြီးသည် ကျွန်းအနီး ပင်လယ်ပြင်တွင် ပေါ်လာခြင်းပင်ဖြစ်၏။ ဤသင်္ဘောကြောင့် နဂါးကြီး ဒဏ်ရာရခဲ့ဖူးသဖြင့် နဂါးကြီးမှာ အလွန်ပင် ရန်လိုနေသည်။
သင်္ဘောဦးတွင် ထိုင်နေသော အနက်ရောင်အဝတ်ပတ်ထားသည့် ပုံရိပ်မှာ အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ပြီး အရှိန်အဝါ ပြင်းထန်လှသည်။ လုပေါင်သည် ချီလင်လေးကို အမြန်ခေါ်လိုက်ပြီးမှ ရင်ဆိုင်ရန် သတ္တိရှိတော့သည်။ သို့သော် ထူးခြားသည်မှာ ထိုသရဲသင်္ဘောကြီးသည် ကျွန်းကို ပတ်၍သာ သွားနေပြီး ကျွန်းထဲသို့ ဝင်ရန် လမ်းရှာမတွေ့ဖြစ်နေခြင်းပင်။
“ဒါက ဒီကျွန်းက ငါ့ဟာ ဖြစ်သွားလို့ ဝင်လို့မရတော့တာလား။”
အခန်း ၁၈၈ - လုပေါင် ပြန်လာပြီ။
ယခုတော့ လုပေါင်၏ စိတ်ထဲတွင် လုံးဝ အေးချမ်းသွားပြီဖြစ်သည်။ ဤစနစ်စုတ်လေးသည် နဂါးဧရာကျွန်း၏ အပြင်ဘက်တွင် သရဲသင်္ဘောကြီးကို တားဆီးထားနိုင်သဖြင့် အသုံးဝင်သည်ဟု ဆိုရမည်။
ဝိညာဉ်သင်္ဘောကြီးသည်လည်း ကျွန်းထဲသို့ ဝင်၍မရမှန်း သိသွားပုံရပြီး တဖြည်းဖြည်းနှင့် ဝေးရာသို့ မျောပါသွားတော့သည်။ သင်္ဘောဦးတွင် ရပ်နေသော အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်မှာ လုပေါင်ကို အကြာကြီး စိုက်ကြည့်သွားခဲ့သည်။ လုပေါင်ကလည်း မကြောက်မရွံ့ ပြန်ကြည့်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီကျွန်းက ငါ့ပိုင်နက်ဖြစ်သွားပြီ မင်း ကျွန်းပေါ်တက်လို့မရမှတော့ ငါက ဘာလို့ ကြောက်နေရမှာလဲ။”
သို့သော် ထိုပုံရိပ်၏ အကြည့်မှာ အလွန်ဝေးကွာသော တစ်နေရာမှ ပို့လိုက်သည့် အကြည့်မျိုးဖြစ်နေသည်ဟု လုပေါင် ခံစားလိုက်ရသည်။ သူသည် ထိုထူးဆန်းသော ခံစားချက်ကို ခါထုတ်လိုက်ပြီး စနစ်ကပေးသော စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်ခြင်း ဆိုသည်မှာ ဘယ်လိုမျိုးလဲဆိုတာ စမ်းသပ်ကြည့်ရန် ပြင်လိုက်သည်။
“တွင်းနက်ကြီးလိုမျိုး စိတ်နဲ့ခေါ်လိုက်တာနဲ့ ရောက်သွားတာဆိုရင်တော့ မိုက်ပြီပဲ။”
လုပေါင် စိတ်ထဲကနေ ကျွန်းထဲက ထွက်ချင်တယ်လို့ တွေးလိုက်ရုံတင် ရှိသေးသည်။နောက်တစ်စက္ကန့်မှာပင် သူသည် နဂါးဧရာကျွန်းပေါ်တွင် မဟုတ်တော့ဘဲ ပင်လယ်ရေထဲသို့ ရောက်ရှိသွားတော့သည်။
“ဒါ... အရင်က သရဲသင်္ဘောနဲ့ စတွေ့ခဲ့တဲ့ နေရာမဟုတ်လား။”
လုပေါင် ဝမ်းသာအားရဖြင့် ရေပေါ်သို့ ပေါ်တက်လာပြီး လတ်ဆတ်သော လေကို ဝဝလင်လင် ရှူရှိုက်လိုက်သည်။သူသည် ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် ကျွန်းထဲ ပြန်ဝင်ချင်တယ်လို့ တွေးလိုက်ပြန်ရာ မျက်စိတစ်မှိတ်အတွင်း ကျွန်းပေါ်သို့ ပြန်ရောက်သွားပြန်သည်။
“ဒါက တယ်လီပို့ လုပ်တာနဲ့ အတူတူပဲပေါ့။”
စမ်းသပ်မှုအချို့ လုပ်ပြီးနောက် လုပေါင်သည် ကျွန်းထဲ ဝင်ထွက်ရမည့် စည်းမျဉ်းများကို နားလည်သွားသည်။ သူသည် ဘယ်နေရာမှာပဲရှိရှိ ကျွန်းထဲသို့ ဝင်နိုင်သလို ကျွန်းထဲမှ ပြန်ထွက်လျှင်လည်း အရင်ဝင်ခဲ့သည့် နေရာသို့သာ အလိုအလျောက် ပြန်ရောက်မည်ဖြစ်သည်။ ထို့ပြင် သူနှင့်အတူ ချီလင်လေး၊ တာပေါင်၊ ဟေးမီ၊ နှင်းလုံးလေးတို့ကိုပါ ခေါ်သွားနိုင်ကြောင်း သိလိုက်ရသည်။
သို့သော် နဂါးကြီး ကိုတော့ သူ ခေါ်မသွားဖို့ ဆုံးဖြတ်လိုက်သည်။ ဤနဂါးကြီးကိုသာ အပြင်ခေါ်သွားလျှင် ခွဲစိတ်စမ်းသပ်ခံရဖို့ပဲ ရှိသည်။
“နဂါးလေး... မင်းက ဒီကျွန်းရဲ့ လုံခြုံရေးမှူးချုပ်ပေါ့။လိမ္မာရင် နောက်တစ်ခါလာရင် ဝက်ဝံရုပ် မုန့်တွေ ယူလာပေးမယ်။”
နဂါးကြီးက လုပေါင်၏ စကားကို နားလည်သလိုဖြင့် အသံနိမ့်နိမ့်ဖြင့် ပြန်ဟိန်းလိုက်သည်။ ရွှေဖားကြီးကိုလည်း သူ၏ ကိုယ်ပိုင် အပ်ချုပ်စက်အဖြစ် ကျွန်းပေါ်မှာပဲ ထားခဲ့လိုက်သည်။ လျှို့ဝှက်ဆန်းကြယ် ကျောက်စာတိုင်ကိုလည်း ဂူထဲတွင် ပြန်ထားခဲ့ကာ ဆေးပင်များကို ဆက်လက် ကြီးထွားစေခဲ့သည်။
အရာအားလုံး စီစဉ်ပြီးနောက် လုပေါင်သည် ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့ကို ရှာဖွေပြီး ကျွန်းမှ ထွက်ခွာမည့်အကြောင်း ပြောပြလိုက်သည်။ မိန်းကလေးနှစ်ယောက်လုံးမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြလေသည်။
“ဘယ်လို ထွက်မှာလဲ။သင်္ဘောလာကြိုမှာလား။ ဒါမှမဟုတ် ရဟတ်ယာဉ်လား။”
လုပေါင်က ပြုံးရင်း
“ထွက်မယ့်နည်းလမ်းက နည်းနည်းတော့ ထူးခြားတယ်...”
သူတို့နှစ်ယောက်လုံးသည်ဤကျွန်းပေါ်တွင် ထူးဆန်းသည်များကို မြင်ဖူးနေပြီဖြစ်ရာ တယ်လီပို့လုပ်ခြင်းကို လက်ခံနိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။
လုပေါင်သည် စိတ်ထဲမှ အာရုံပြုလိုက်ပြီး မိန်းကလေးနှစ်ယောက်နှင့်အတူ ကျန်သည့်အဖွဲ့သားများကို ကျွန်းထဲမှ ခေါ်ထုတ်လိုက်သည်။နောက်တစ်ခါ မျက်လုံးဖွင့်လိုက်ချိန်တွင် သူတို့သည် ကုန်းမြေနှင့် အနီးဆုံးကျွန်းကလေးတစ်ခုပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဤနေရာတွင် သူ့ဖုန်းက လိုင်းပြန်ရနေပြီ ဖြစ်သည်။ ကုန်းမြေနှင့် အလွန်နီးကပ်နေပြီဖြစ်ကြောင်း သိသာလှသည်။ လုပေါင်သည် လူမြင်ကွင်းထဲသို့ ဗုန်းခနဲ ပေါ်မလာချင်သဖြင့် ဤတိတ်ဆိတ်သော ကျွန်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့မှာ ကျွန်းထဲမှ ထွက်လာပြီးနောက် အတော်ကြာအောင် မှင်သက်နေကြသေးသည်။ ထို့နောက် သူတို့နှစ်ယောက်လုံး မျက်လုံးများ နီမြန်းလာကြသည်။ ဤလျှို့ဝှက်ဆန်းကြယ်ကျွန်းပေါ်တွင် သုံးနှစ်တိုင်တိုင် ဒုက္ခခံပြီး ရှင်သန်ခဲ့ရသဖြင့် အပြင်လောကသို့ ပြန်ရောက်သည့်အချိန်တွင် ဝမ်းနည်းဝမ်းသာ ခံစားချက်များကို မထိန်းချုပ်နိုင်ကြခြင်းပင်။ လုပေါင်သည်လည်း ထိုမိန်းကလေးနှစ်ယောက်၏ ကြံ့ခိုင်မှုကို စိတ်ထဲမှ ချီးကျူးမိပါတော့သည်။