← Chapters

ဝိုင်လား၊ ရေလား

Vol. 16 Ch. 215

ဝိုင်လား၊ ရေလား

Vol. 16 Ch. 215

“အဟမ်း၊ မင်းနိုးပြီဆိုမှတော့ ငါ့ကိုအဖြေပြောပြတော့လေ။ မင်း ငါ့ရဲ့အကျိုးဆောင်တပည့် ဖြစ်လာနိုင်မလားဆိုတာ မင်းအဖြေက ဆုံးဖြတ်ပေးလိမ့်မယ်”

အဘိုးအိုသည် နောက်တစ်ကြိမ်ချောင်းဟန့်လိုက်ပြီး သူ့မုတ်ဆိတ်ကိုလက်ဖြင့်သပ်လိုက်သည်။ သူ၏ အတွေ့အကြုံရင့်သော အဘိုးအိုတစ်ဦးသဖွယ် အပြုအမူကြောင့် သူသည်စုမင်နှင့်ပက်သက်၍ ထိတ်လန့်တုန်လှုပ်နေသော်လည်း စုမင်ကမူ သူနှင့်ပက်သက်၍ တစ်စုံတစ်ရာမှားယွင်းနေကြောင်း ရှာမတွေ့နိုင်ပေ။

“သွေးကြောကျောက်သား၊ ရုပ်နယ်လွန်၊ ရိုးရေစတေးနဲ့ မာန်ဝိညာဉ် အဆင့်ကြီးလေးခုလုံးက... ဖန်တီးမှု ဆိုတဲ့ ဝေါဟာရကိုပဲ ဗဟိုပြုထားကြတာ” စုမင်က အသက်ပြင်းပြင်းရှူရှိုက်ပြီးနောက် ဖြည်းဖြည်းချင်းပြောဆိုလိုက်သည်။

“ဘာမှမရှိတာကနေ ဖန်တီးခြင်းဆိုတာ အဆင့်ကြီးလေးခုရဲ့ အခြေခံအကျဆုံး အဓိပ္ပာယ်ပဲ။ မာန်အမှတ်အသားတွေကလည်း အဲဒီဖန်တီးမှုကို ဗဟိုပြုထားတာပဲ”

“ငါတို့မာန်အမှတ်အသားတွေအားလုံးက မတူကွဲပြားတယ်။ ဒါကြောင့်ပဲ ငါတို့ဖန်တီးကြတာတွေကလည်း မတူကြတာ။ ဒါပေမဲ့ အဆုံးမှာတော့ ဖန်တီးမှု ဆိုတဲ့ဝေါဟာရကိုပဲ ဗဟိုပြုထားကြတာပဲ။ အခု ငါမြင်လိုက်တဲ့  သွေးကြောတစ်ကြောတည်းနဲ့ တောင်တစ်လုံးလိုလူတစ်ယောက်ကို ဖန်တီးလိုက်တာမျိုးပေါ့” သူ တီးတိုးရေရွတ်လိုက်မိသည်။

သူ ထိတ်လန့်တုန်လှုပ်မိသွားပြီးနောက်မှ သူ့လမ်းကြောင်း၏ အခြေခံသဘောတရားကို နားလည်သွားမိ၏။

မည်သည့်အချိန်တည်းကမှန်းမသိသော်လည်း သူ့သွေးကြောများကိုရောထွေးပြီး မာန်အမှတ်အသားနှင့် ပေါင်းစပ်လိုက်ချိန်တွင် သူသည် ရုပ်နယ်လွန်ကနဦးအဆင့်တွင်သာ ရှိသေးသော်လည်း ယခုသူ့လက်ထဲမှ စွမ်းအားသည် ပိုမိုသန်မာနေပြီဖြစ်ကြောင်း သတိပြုခဲ့မိချေသည်။

သွေးကြောကျောက်သားနယ်ပယ်အား လုံးဝချိုးဖျက်ကာ ရုပ်နယ်လွန်နယ်ပယ်သို့ အမှန်တစ်ကယ် ဝင်ရောက်သွားပြီဟူသော ခံစားမှုမျိုးပင်ဖြစ်သည်။ အမှန်တွင် ယခုလေးတင်သူပြုလုပ်လိုက်သော အပြုအမူများကြောင့် ရုပ်နယ်လွန်ကနဦးအဆင့်မှ သူ့စွမ်းအားများသည် အမြင့်ဆုံးအခြေအနေသို့ရောက်သွားခဲ့ကြပြီ ဖြစ်သည်။ သူသည် ရုပ်နယ်လွန်အလယ်ဆင့်နှင့် သိပ်မဝေးတော့ပါချေ။

ထိုအရာများအားလုံးသည် ဤအဘိုးအိုက သူ့ကိုပေးအပ်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

အဖြေကိုကြားလိုက်ချိန်တွင် အဘိုးအို၏မျက်လုံးများထဲမှ ချီးကျူးမှုများသည် ပိုမိုပြင်းထန်လာခဲ့၏။

“အမှန်ပဲ။ မင်း ဒါကိုနားလည်နိုင်ရင် ကျောင်းတော်ကိုဝင်ရောက်ဖို့ အဆင့်မီတယ်။ ပြီးတော့ ရုပ်နယ်လွန်အဆင့်ရဲ့ စစ်နတ်ဘုရားဆိုတဲ့ မင်းအဆင့်အတန်းနဲ့လည်း ကိုက်ညီသွားတာပေါ့။ ဖန်တီးမှုဆိုတဲ့ဝေါဟာရက ငါတို့မာန်စွမ်းအားရှင်တွေအတွက် အဓိကကျတဲ့အရာပဲ။ ဖန်တီးမှုတစ်မျိုး၊ ဖန်တီးမှုသုံးမျိုး၊ ရာချီသောဖန်တီးမှုကနေ အဆုံးမဲ့ဖန်တီးမှုအထိ ဖန်တီးမှုပညာရပ်တွေကို ငါတို့သုံးလို့ရတယ်။ နောက်ဆုံးဖန်တီးမှုပညာရပ်ဖြစ်တဲ့ ထာဝရဖန်တီးမှုကတော့ မာန်နတ်ဘုရားတွေနဲ့ပဲသက်ဆိုင်တဲ့ ပညာရပ်တစ်ခုပေါ့”

“ဒီစင်္ကြာဝဠာကြီးထဲမှာ မရေမတွက်နိုင်တဲ့အခြားကမ္ဘာတွေ အများကြီးရှိတယ်။ လေ့ကျင့်သူတွေလည်း အမျိုးမျိုးရှိတယ်။ ငါတို့ကြားထဲမှာ ကွဲပြားခြားနားချက်တွေ အများကြီးရှိတယ်။ ဒါမယ့် ငါတို့မာန်စွမ်းအားရှင်တွေကတော့ ဖန်တီးမှုဆိုတဲ့ လမ်းကြောင်းကိုပဲ လျှောက်ကြတာ။ ငါတို့ ရိုးရေစတေးနယ်ပယ်ရဲ့ အမြင့်ဆုံးကို ရောက်သွားတဲ့အချိန်ကျရင် ငါတို့ကိုယ်ပိုင် မာန်နတ်ဘုရားရုပ်တုတွေကို ဖန်တီးနိုင်သွားတယ်”

“ပထမစစ်ဆေးမှုကို မင်းအောင်မြင်တယ်”

အဘိုးအို၏အပြုံးက ပျောက်ကွယ်သွားပြီး လေးနက်သောမျက်နှာအမူအယာမျိုး ဖြစ်ပေါ်လာခဲ့သည်။

“စုမင်၊ ငါက ထျန်းရှဲ့ကျီပါ။ ငါက အေးခဲကောင်းကင်ကလန်မှာနေပြီးတော့ အေးခဲကောင်းကင်ကလန်က လူတစ်ယောက်ပဲ။ ဒါပေမဲ့ အေးခဲကောင်းကင်ကလန်ရဲ့ပညာရပ်တွေကိုတော့ မလေ့ကျင့်ဘူး။ အရင်က ငါ့မှာ တပည့်တစ်ယောက်မှ မရှိခဲ့ဖူးဘူး။ လူတစ်ချို့ကတော့ သူတို့ကို ငါ့တပည့်အဖြစ်ခေါ်ချင်အောင် ပြုလုပ်နိုင်ခဲ့ပေမယ့် နောက်ဆုံးတော့ သူတို့လည်း မသင့်တော်ခဲ့ဘူး”

“မင်းကတော့ ရုပ်နယ်လွန်ခဲ့တဲ့အချိန်မှာပဲ ငါ့အာရုံကိုဆွဲဆောင်နိုင်ခဲ့တာ။ အမှန်တော့၊ ကြားခံအခြေအနေထဲမှာ မင်းမာန်အမှတ်အသားကို မင်းရှာနေချိန်တုန်းက ငါလည်းအဲမှာရှိနေခဲ့တယ်” ထျန်းရှဲ့ကျီက စုမင်ကိုကြည့်ရင်း ဖြည်းညှင်းစွာရှင်းပြသည်။

အဘိုးအိုကို စုမင်မော့ကြည့်လိုက်မိသည်။ အဘိုးအို၏စကားလုံးများကို သူသံသယမဝင်မိပေ။

“အခု မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ တစ်ခုက အရာအားလုံးကို ဒီအတိုင်းဆက်လုပ်သွား။ မင်း အေးခဲကောင်းကင်ကလန်ကို သွားရင် ငါမင်းအတွက် ပြောပေးမယ်။ ပြီးရင်တော့ မင်းက အေးခဲကောင်းကင်ကလန်ရဲ့ တပည့်ဖြစ်လာလိမ့်မယ်”

“ရုပ်နယ်လွန်အဆင့်ရဲ့ စစ်နတ်ဘုရားဘွဲ့ကို ရထားတာကြာင့် အေးခဲကောင်းကင်ကလန်က မင်းကိုသေချာပေါက် အာရုံစိုက်ကြမှာပါ။ မင်း အတွင်းစည်းတပည့်ဖြစ်လာမှာ အသေအချာပဲ။ မင်းက စစ်မာရှင်းနဲ့ အတူတူဖြစ်လာပြီးတော့ အေးခဲကောင်းကင်ကလန်ထဲမှာ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်းအနာဂါတ်အတွက်ကတော့ မင်းကံတရားပေါ်မှာပဲ မူတည်တယ်”

“ဒုတိယတစ်ခုကတော့ အေးခဲကောင်းကင်ကလန်ကို လက်လျော့လိုက်ပြီး ငါ့တပည့် ဖြစ်လာပေါ့။ ငါ အေးခဲကောင်းကင်ကလန်ထဲမှာ ရှိနေတဲ့အချိန် မင်းလည်းအဲမှာ ရှိနေလိမ့်မယ်။ ငါထွက်ခွာသွားရင်တော့ မင်းလည်း ငါနဲ့အတူထွက်သွားရမယ်”

“ငါ့တပည့်ဖြစ်လာမယ်ဆိုရင် မင်း အေးခဲကောင်းကင်ကလန်ထဲမှာ နေလို့ရပေမယ့် အေးခဲကောင်းကင်ကလန်ရဲ့ တပည့်တော့ ဖြစ်လာမှာမဟုတ်ဘူး။ အခြားတပည့်တွေလိုမျိုးလည်း ဆက်ဆံခံရမှာမဟုတ်ဘူး။ မင်း ငါ့ကိုဆရာအဖြစ်လက်ခံလိုက်တာနဲ့ တစ်နေ့ကျရင် အေးခဲကောင်းကင်ကလန်ဆိုတာ ဘာမှမဟုတ်မှန်း သိလာလိမ့်မယ်”

“ဒါပေမဲ့ ငါ့တပည့်ဖြစ်လာချင်ရင်တော့ မင်း ဒုတိယစစ်ဆေးမှုကို ကျော်ဖြတ်ရမယ်။ အဲဒါကိုကျော်ဖြတ်နိုင်မှသာ ငါမင်းကိုလက်ခံမှာ”

ထျန်းရှဲ့ကျီက ခိုင်မာစွာပြောဆိုလိုက်ရင်း ဂုဏ်ယူစွာဖြင့် အေးခဲကောင်းကင်ကလန်ကိုပင် စကားလုံးများဖြင့် နှိမ့်ချထိုးနှက်လိုက်သေးသည်။

သို့သော် စုမင်က သူ့စကားများကိုချိန်ဆနေဟန်ဖြင့် တိတ်ဆိတ်နေဆဲဖြစ်သည်ကိုမြင်ချိန်တွင် စိတ်လှုပ်ရှားလာမိချေသည်။ စုမင်၏မာန်အမှတ်အသားကိုသာ သူမမြင်ခဲ့လျှင် ဤအရာကို သူစိတ်ထဲထည့်လိမ့်မည်မဟုတ်သော်လည်း ယခုတော့ ခြားနားသွားခဲ့ပြီဖြစ်သည်။

အဘိုးအိုက ဟန်လုပ်ကာချောင်းဟန့်ပြီးနောက် အလျင်အမြန်ထပ်ပြောလိုက်သည်။ “အဟမ်း၊ စုမင် ငါမင်းကိုတစ်ကြိမ်ကူညီခဲ့ပြီးပြီ။ မင်းစွမ်းအားကလည်း တိုးလာခဲ့တယ်။ မင်းသာ ငါ့တပည့်ဖြစ်လာရင် ဒီလိုအရာမျိုးတွေက ထပ်ဖြစ်လာဦးမှာပဲ”

စုမင်က တိတ်ဆိတ်နေဆဲပင်ဖြစ်သည်။

“မင်းသေချာစဉ်းစားကြည့်။ ငါ့အတွက် အရမ်းအရေးပါတဲ့လူတွေဆိုရင် ငါက မယုံနိုင်လောက်အောင် ကာကွယ်ပေးတတ်တာနော်။ မင်းသာ ငါ့တပည့်ဖြစ်လာရင် အကျိုးကျေးဇူးတွေ အများကြီးရလိမ့်မယ်။ ဒါပေမဲ့ မင်းငြင်းလိုက်ရင်တော့...”

အဘိုးအိုသည် အေးစက်စက်ဖြင့် ဂရုမစိုက်သောအသံများပြုလုပ်လိုက်သော်လည်း ကူကယ်ရာမဲ့စွာခံစားနေရခြင်း ဖြစ်သည်။ တပည့်အဖြစ်ခေါ်ဆောင်ခြင်းသည် အရေးကြီးသောဖြစ်ရပ်တစ်ခုဖြစ်၍ သူစုမင်ကို ဖိအားမပေးလိုပေ။

“အကျိုးကျေးဇူးတွေက ဘာတွေလဲ” စုမင်က  ခေါင်းမော့လာပြီး တည်ငြိမ်စွာမေးလိုက်သည်။

“အများကြီးပဲ”

ထျန်းရှဲ့ကျီသည် အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပြီး သူ့ခံစားချက်များကို ဖုံးကွယ်ရန်အလို့ငှါ ရယ်မောလိုက်မိသည်။ သူသည် လှည့်ဖြားတတ်သူတစ်ယောက်ဖြစ်ပြီး သူ၏ဖုံးကွယ်ထားမှုကို စုမင် ဖြတ်မမြင်နိုင်ကြောင်း ယုံကြည်မှုရှိချေသည်။

“ငါနေတဲ့နေရာမှာ မာန်အကြောမျှင်တွေ အများကြီးရှိတယ်။ မင်းက ငါ့တစ်ဦးတည်းသော တပည့်မို့လို့ မင်းကြိုက်တာကို ရွေးယူလို့ရတယ်”

“ငါ့မှာလည်း အေးခဲကောင်းကင်ကလန်မှာရှိတဲ့ ပညာရပ်ကျမ်းစာလိပ်တွေ အကုန်ရှိတယ်။ မင်း အေးခဲကောင်းကင်ကလန်ကို မဝင်ရင်တောင် ငါမင်းကို အဲဒါတွေသင်ပေးနိုင်တယ်။ ပြီးတော့ မင်းက ငါ့တပည့်မို့လို့ ကလန်ကလည်း အဲဒါကိုလိုက်ပြောနေမှာ မဟုတ်ဘူး”

“ငါ စဉ်းစားကြည့်မယ်။ ငါ့မှာနေဖို့နေရာအတွက်လည်း တောင်တစ်လုံး ပိုင်သေးတယ်။ ငါနေဖို့ ကိုယ်ပိုင်လှိုဏ်ဂူတစ်ခုရှိတယ်။ ဒါကြောင့် မင်းသာ ငါ့တပည့်ဖြစ်လာရင် မင်းနေဖို့ လှိုဏ်ဂူနေရာကိုလည်း ငါ့လှိုဏ်ဂူဘေးမှာ ချက်ချင်းဖန်တီးပေးလို့ရတယ်”

“ကြီးမြတ်သော ယုပြည်ထောင်မှာလည်း ငါနဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေရှိတယ်။ မင်း အဲဒီကို ဆုလက်ခံဖို့ သွားတဲ့အချိန်ကျရင်၊ ငါ မင်းနဲ့လိုက်ပေးလို့ရတာပေါ့”

“ပြီးတော့... ငါ စဉ်းစားကြည့်ဦးမယ်။ မင်းသာ ငါ့တပည့်ဖြစ်လာရင် မင်းအဆင့်အတန်းကလည်း ချက်ချင်းပြောင်းလဲသွားလိမ့်မယ်။ ငါနဲ့ အေးခဲကောင်းကင်ကလန်ကြားက ဆက်ဆံရေးက နည်းနည်းတော့ရှုပ်ထွေးတယ်။ ဒါပေမဲ့ ငါ့ကို အေးခဲကောင်းကင်ကလန်ရဲ့ စီနီယာတွေထဲက တစ်ယောက်လို့ ယူဆလို့ရပါတယ်။ မင်းသာ ငါ့ကို ဆရာအဖြစ် အသိအမှတ်ပြုလိုက်တာနဲ့ မင်းမှာလည်း အုပ်ချုပ်သူအကြီးအကဲနဲ့ တူညီတဲ့အဆင့်အတန်းမျိုး ရလာလိမ့်မယ်။ အဲဒီလုံမပျိူလေးတွေကလည်း မင်းကို ဆရာဦးလေးလို့ခေါ်ရလိမ့်မယ်”

“ဘာပဲဖြစ်ဖြစ်၊ မင်း အကျိုးကျေးဇူးတွေ အများကြီးရမှာပါ။ အိုး၊ ပြီးတော့ ငါ့မှာ တန်ဖိုးကြီးတဲ့ ရှေးဟောင်းစာလိပ်တွေလည်း အများကြီးရှိသေးတယ်။  တောင်ပိုင်းအရုဏ်ဦးကုန်းမြေရဲ့ မြေပုံအပါအဝင် အဲဒီအထဲမှာ အကုန်ရှိတယ်။ ငါ့မြေပုံက အေးခဲကောင်းကင်ကလန်ရဲ့မြေပုံကို သေချာပေါက်ရှုံးမှာ မဟုတ်ဘူး။ ငါက ဝေးလံတဲ့နေရာတွေ အများကြီးသွားခဲ့ဖူးတယ်လေ”

စုမင်မျက်လုံးများသည် တောက်ပသွားသော်လည်း အဘိုးအိုပြောနေသည်ကိုသာ တိတ်ဆိတ်စွာဖြင့် ဆက်နားထောင်နေလိုက်သည်။ အဘိုးအိုပြောပြီးသွားသောအချိန်တွင်မှ သူ ခေါင်းညိတ်ပြလိုက်လေသည်။

“ကောင်းပြီ။ ဒုတိယစစ်ဆေးမှုကို ပြောပါ”

ထျန်းရှဲ့ကျီသည် စိတ်အားတက်သွားပြီး သူ့အပြုံးကပိုမိုကျယ်ပြန့်သွားခဲ့သည်။ ထို့နောက် စုမင်ရှေ့မှ ဝိုင်အိုးကိုညွှန်ပြလိုက်သည်။

“ငါ ဒီဝိုင်အိုးကို ကိုယ်တိုင်ချက်ထားခဲ့တာ အချိန်တော်တော်ကြာပြီ။ အေးခဲကောင်းကင်ကလန်ရဲ့ လက်ဝဲရံနဲ့ လက်ယာရံတွေတောင် အဲဒါကိုမသောက်နိုင်ဘူး။ မင်း ဘာလို့ စမ်းမကြည့်တာလဲ”

စုမင် သူ့ရှေ့မှဝိုင်အိုးကိုကြည့်လိုက်ပြီး တုန့်ဆိုင်းခြင်းအလျင်းမရှိ ကောက်ကိုင်လိုက်ကာ တစ်ငုံခန့်မော့သောက်လိုက်သည်။ အဘိုးအို၏စွမ်းအားအရ သူသာ အန္တရာယ်ပြုချင်လျင် ယခုလို ဒုက္ခခံနေစရာမလိုကြောင်း စုမင်သေချာသိနေခဲ့သည်။

သို့သော် ထိုဝိုင်ကိုသောက်ပြီးချိန်တွင်တော့ စုမင်အံ့သြသွားရသည်။

“ရေလား”

သူ အဘိုးအိုကိုကြည့်လိုက်မိသည်။

“အဲဒါ ဝိုင်ပါ”

အဘိုးအို၏နှုတ်ခမ်းများပေါ်တွင် တစ္ဆေသရဲဆန်ဆန်အပြုံးတစ်ခု ရှိနေခဲ့ပြီး ပျော်ရွှင်နေသောအမူအယာဖြင့် မတ်တပ်ထရပ်လေသည်။

စုမင် မျက်မှောင်ကြုတ်သွားမိသည်။ သူ့အကြည့်သည် လက်ထဲမှ ဝိုင်အိုးပေါ်သို့ကျရောက်သွားပြီး တိတ်ဆိတ်သွားရသည်။

“မင်း ဒုတိယစစ်ဆေးမှုကို အောင်မြင်တယ်။ သွားရအောင်။ ငါနဲ့ အေးခဲကောင်းကင်ကလန်ကို ပြန်လိုက်ခဲ့။ ငါတို့အခု အိမ်ပြန်ကြတာပေါ့”

အဘိုးအိုက ကျယ်လောင်စွာရယ်မောရင်း ရှေ့သို့လျှောက်သွားခဲ့သည်။ သူသည် စုမင်ရှေ့မှ လျှောက်နေသည်ဖြစ်၍ စုမင်အမူအယာကို မတွေ့လိုက်ရပေ။ စုမင်သည် ဝိုင်အိုးကိူ ကိုင်ထားရင်းဖြင့် အိမ်ပြန်ကြမယ် ဟူသော စကားကိုကြားလိုက်ချိန်တွင် တုန်ယင်သွားခဲ့ရ၏။ ထို့နောက် လေးနက်သောအမူအယာဖြင့် အဘိုးအိုကို မော့ကြည့်လိုက်မိချေသည်။

“ဝိုင်အိုးထဲမှာ ဘာရှိမယ်ဆိုတာ ငါကိုယ်တိုင်တောင်မသိဘူး။ ငါ အဲဒါကို ချက်လုပ်ခဲ့တယ်ဆိုပေမယ့် အဲအထဲမှာ ငါ့ဖန်တီးမှုပညာရပ်ကို ပေါင်းစပ်ထည့်ခဲ့လို့ အရသာက လူတိုင်းအတွက် ကွဲပြားနေတယ်”

“စစ်မာရှင်းလည်း အဲဒါကိုတစ်ခါသောက်ကြည့်ခဲ့ဖူးတယ်။ ပြီးတော့ ခါးတယ်လို့ သူပြောခဲ့တယ်။ အဲဒါကို သောက်ခဲ့ဖူးတဲ့ အခြားလူသုံးယောက်ကလည်း မတူညီတဲ့အရသာတစ်မျိုးစီ ခံစားမိခဲ့တယ်။ အဲဒါကို ငါသောက်ရင်တော့ ဝိုင်လို့ပဲ ခံစားရလိမ့်မယ်”

ထျန်းရှဲ့ကျီသည် ရှေ့တွင်လျှောက်လှမ်းနေရင်းမှ စုမင်ကို ပြန်လှည့်ကြည့်ပြီး ပြုံးပြလာသည်။

စုမင် အံ့အားသင့်သွားမိပြီးမှ ခါးသီးစွာရယ်မောလိုက်မိသည်။  ထို့နောက် ထျန်းရှဲ့ကျီထံသို့ လေထဲမှဖြတ်လျှောက်သွားပြီး တဖြည်းဖြည်း ထွက်ခွာသွားကြလေသည်။ သူတို့ ထိုသို့လုပ်လိုက်သည်နှင့် ဟင်းလင်းပြင်နေရာကျယ်ထဲမှ ကောင်းကင်နှင့်မြေပြင်သည် စတင်တွန့်လိမ်ပုံပျက်လာပြီး အဆုံးတွင် ပုံရိပ်ယောင်တစ်ခုအသွင် ပြောင်းလဲသွားကာ စုမင်၊ ထျန်းရှဲ့ကျီတို့နှင့် အတူတူပျောက်ကွယ်သွားခဲ့သည်။

အရောင်စုံရေကန်တောင်ပေါ်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှအလင်းသည် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။ ၎င်းထံမှ ကျယ်လောင်သောမြည်ဟည်းသံများလည်း ထွက်ပေါ်လာခဲ့သည်။ မမြင်ရသောအားလှိုင်းများသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထံသို့ အရပ်မျက်နှာအနှံ့မှ စုဝေးတိုးဝင်လာဟန်ဖြင့် မြေပြင်သည်တုန်ခါသွားပြီး တောင်ထိပ်မှအလင်းတန်းများသည် အပြင်သို့ပင် တောက်ပလင်းထိန်ထွက်ပေါ်သွားလေသည်။

အလင်းသည် စူးရှတောက်ပလာပြီး အစီအရင်အတွင်းမှ လူများအားလုံးကိုဖုံးအုပ်သွားသည်။ စုမင် တုန်လှုပ်ချောက်ချားစွာဖြင့် မိန်းမောနေရာမှ ပြန်လည်သတိဝင်လာခဲ့မိသည်။ သူ့လက်ထဲတွင်တော့ အချိန်အနည်းငယ်အကြာကပင်  ပေါ်လာခဲ့ဟန်ရသော ဝိုင်တစ်အိုးရှိနေခဲ့သည်။ ထိုဝိုင်အိုး၏အသွင်အပြင်က သူ့ကိုရှုပ်ထွေးကာဝေခွဲမရဖြစ်သွားစေသည်။ ဟင်းလင်းပြင်ကွက်လပ်နေရာကျယ်ထဲတွင် ဖြစ်ပေါ်ခဲ့သောအရာအားလုံးသည် ပြင်ပကမ္ဘာတွင် ခဏတာသာကြာမြင့်ခဲ့၏။

“ဟင်းလင်းပြင် ကွက်လပ်နေရာကျယ်”

သူ့လက်ထဲမှ ဝိုင်အိုးကို စုမင်ငုံ့ကြည့်လိုက်ပြီး ထိုအထဲမှဝိုင်အနည်းငယ် ထပ်သောက်လိုက်သည်။

အစီအရင်ထံမှ မြည်ဟည်းသံများအပြင် ဟန်တောင်တန်းပတ်ဝန်းကျင်မှလူများ၏ အော်ဟစ်နှုတ်ဆက်သံများကိုလည်း သူကြားနေရသည်။ တစ်ဖြည်းဖြည်းနှင့် အစီအရင်ပြင်ပမှ လူများအားလုံးသည် အရောင်စုံရေကန်တောင်ပေါ်မှ စူးရှသောအလင်းတန်းကြီးထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး ခဏတာ မျက်စိကွယ်သွားကာ သူတို့မြင်ကွင်းအတွင်းရှိ အရာအားလုံးမှာ အမှောင်ဖုံးသွားခဲ့ချေသည်...

အရောင်စုံရေကန်တောင်ပေါ်မှအလင်းများ ပျောက်ကွယ်သွားခဲ့သည်။ မှိန်ဖျော့ဖျော့ အလင်းစက်များသာကျန်ရှိနေခဲ့ပြီး ၎င်းတို့သည်လည်း လေထဲတွင် လျင်မြန်စွာရောနှောပြန့်ကျဲသွားကာ အရိပ်အယောင်ပင်မကျန် ပျောက်ကွယ်သွားလေသည်။

“သူတို့ သွားကုန်ပြီ” နန်ထျန်း သက်ပြင်းဖွဖွ ချမိသည်။ သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသောအမူအယာတစ်ခု ရှိနေပြီး ခေါင်းကိုခါယမ်းလိုက်မိ၏။

“ငါတို့ပြန်တွေ့တဲ့ အချိန်ကျရင် စွမ်းအားတွေ ဘယ်လောက်တောင် ဝေးကွာသွားမလဲဆိုတာ ငါသိချင်မိတယ်... ဘယ်တော့မှ ပြန်မတွေ့တော့တာတောင်ဖြစ်နိုင်တယ်”

သူ့ဘေးမှ လန်ယင်သည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှ အလင်းများ ပျောက်ကွယ်သွားပြီဖြစ်သော အရောင်စုံရေကန်တောင်ဆီ တိတ်ဆိတ်စွာ ငေးကြည့်လျက်ရှိသည်။ သု့မျက်လုံးထဲတွင် စိတ်ပိုင်းဖြတ်ထားသော အမူအယာမျိုးရှိနေခဲ့သည်။

“နောက်ဆုံးတော့ သူထွက်သွားပြီ”

ပုချန့်မျိုးနွယ်စု အကြီးအကဲက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ တစ်ချိန်က ဤနေရာ ဟန်တောင်တန်းတွင် ရုပ်နယ်လွန်စစ်နတ်ဘုရားတစ်ပါး ထွက်ပေါ်ခဲ့ခြင်းနှင့် ထိုသူသည် ယခုလိုနည်းလမ်းဖြင့် အေးခဲကောင်းကင်ကလန်သို့ ဝင်ရောက်ခဲ့ခြင်းတို့ကို သူ ဘယ်တော့မှမေ့နိုင်တော့မည်မဟုတ်ပေ။

ငြိမ်းအေးရာအရှေ့အရပ်တောင်ပေါ်တွင် ဖန်းမုတစ်ယောက် ခေါင်းကိုငုံ့လိုက်မိသည်။ သူ့ဘေးတွင်ရပ်နေသော သူ့ဖခင်သည် တစ်စုံတစ်ရာပြောလိုဟန်ဖြင့် ပါးစပ်ဟလိုက်သော်လည်း ဖန်းမုက သူ့အားလှည့်မကြည့်ခဲ့ပေ။ ထိုအစား သူ့အဖေနှင့်စကားမပြောချင်ဟန်ဖြင့် ခေါင်းငုံ့လျက် အဝေးသို့လျှောက်ထွက်သွားလေသည်။

ဖန်းရှန်တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိသည်။

အေးခဲကောင်းကင်ကလန်မှ သံတမန်များပြန်လည်ထွက်ခွာသွားသဖြင့် ဟန်တောက်တန်းမြို့တော်သည် တစ်ဖြည်းဖြည်းငြိမ်သက်သွားသည်။ အချို့လူများသည် ထွက်ခွာသွားခဲ့ပြီး အချို့က ဆက်နေရန်ရွေးချယ်ကြသည်။ တည်းခိုခန်းအတွင်းမှ လူများသည်လည်း အလားတူပင်ဖြစ်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ၊ အေးခဲကောင်းကင်ကလန်က နောက်တစ်ကြိမ်တပည့်ခေါ်ရန်လာသောအခါ သူတို့ထဲမှအချို့က ပြန်တွေ့ကြရလိမ့်မည်ပင်။ ပြီးလျှင်တော့ သူတို့သည် အတူတူသောက်ရင်းဖြင့် ဤဆန်းကြယ်သောဖြစ်ရပ်ကို ပြန်လည်ပြောဆိုမိကြလိမ့်မည် ဖြစ်သည်။

အထူးသဖြင့်တော့ စုမင်နှင့် အတူတူသောက်သုံးခဲ့သူများပင်ဖြစ်သည်။ တစ်ချိန်က စုမင်ဟုခေါ်သော စစ်နတ်ဘုရားတစ်ဦးသည် ဤနေရာတွင် ရှိနေခဲ့ကြောင်းကိုသော်လည်းကောင်း၊ စုမင်၏ဇာတ်လမ်းများကိုလည်းကောင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုကြပေလိမ့်မည်။

***

All Chapters