အခန်း (၁၂၉-၁၃၀)
Vol. 9 Ch. 129-130
အခန်း (၁၂၉) - ငါ မင်းကို သင်ပေးမယ် (၂)
ဤအကြောင်းကို တွေးတောမိရင်း စွန်းလင်ထုံသည် နင်းကျော့၏နောက်သို့ တိတ်တဆိတ် ပတ်သွားလိုက်ပြီး ပခုံးကို အသာအယာ ပုတ်လိုက်လေသည်။
နင်းကျော့မှာ လန့်ဖျန့်သွားရ၏။
စွန်းလင်ထုံက ကိုယ်ထင်ပြလိုက်ရင်း “ဟဲဟဲ... မကြောက်ပါနဲ့၊ ငါပါ” ဟု ဆိုလိုက်သည်။
နင်းကျော့၏ မျက်နှာပေါ်ရှိ စိတ်ပျက်အားငယ်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အံ့ဩဝမ်းသာမှုနှင့် မျှော်လင့်ချက်များ အစားထိုးဝင်ရောက်လာကာ “ညီလေး... မင်းက၊ မင်းက ကျင့်ကြံသူတစ်ယောက်လား။ မင်းက ငယ်ငယ်လေးနဲ့ တော်တော် စွမ်းတာပဲ။ ခုနက သုံးလိုက်တာက ကိုယ်ပျောက်အတတ်လား” ဟု မေးလိုက်လေသည်။
စွန်းလင်ထုံက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်ပြီး “ဒါက သာမန်ကိုယ်ပျောက်အတတ်မျိုး မဟုတ်ဘူး။ နေဦး... ငါ့ကို ညီလေးလို့ မခေါ်နဲ့၊ ငါက မင်းထက် အများကြီး အရပ်ရှည်သလို အသက်လည်း ပိုကြီးတယ်။ မင်း ငါ့ကို အစ်ကိုကြီးလို့ ခေါ်သင့်တယ်” ဟု ပြန်ပြောလိုက်၏။
ထိုအခါမှသာ စွန်းလင်ထုံသည် နင်းကျော့အား သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အမှန်တကယ် ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်ပြီး နင်းကျော့၏ ခေါ်ဝေါ်ပုံကိုလည်း ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်သည်။
နင်းကျော့ကမူ “ဒါပေမဲ့ ငါ့အမေ ပြောဖူးတယ်၊ တချို့ကလေးတွေက ကိုယ်လုံးကိုယ်ထည် ကြီးတာပဲရှိတယ်၊ အသက်ကြီးတာ မဟုတ်ဘူးတဲ့။ ငါ့ မိသားစုထဲမှာလည်း တစ်ယောက်ရှိတယ်၊ သူက...” ဟု ပြန်လည်ချေပလေသည်။
စွန်းလင်ထုံက လက်ကာပြလိုက်ရင်း “ကဲပါ... ထားလိုက်တော့။ နောက်ဆို ငါ့ကို အစ်ကိုကြီးလို့ပဲ ခေါ်တော့။ ဒါနဲ့ မင်း ခုနက ဘာမှမသိသလို ဟန်ဆောင်နေတာ မဟုတ်လား။ မင်းအမေ မထွက်သွားခင်မှာ မင်းကို အရေးကြီးတဲ့ ပစ္စည်းတွေ ပေးခဲ့မှာပဲ” ဟု ဆိုလိုက်သည်။
နင်းကျော့မှာ အလန့်တကြား ရေရွတ်မိသွားပြီး စွန်းလင်ထုံကို မကြည့်ရဲဘဲ နံရံဘက်သို့ မျက်နှာလွှဲလိုက်ကာ “အစ်ကိုကြီး ဘာတွေပြောနေတာလဲ ငါမသိဘူး” ဟု ငြင်းလိုက်လေသည်။
စွန်းလင်ထုံက တဟဲဟဲ ရယ်မောရင်း “ငါ ပြောပြမယ်၊ မင်း ဟန်ဆောင်တာ တကယ်ကို မပီပြင်ဘူး။ နောက်တစ်ခါ မင်းဒေါ်ဒေါ်က မေးရင် မသိဘူးလို့ပဲ ပြော၊ အပြတ်အသတ်ကြီးတော့ မငြင်းနဲ့။ မင်းက အတင်းငြင်းလေလေ မင်းအမေ ပစ္စည်းတစ်ခုခု ချန်ထားခဲ့တယ်ဆိုတာကို ဝန်ခံသလို ဖြစ်နေလေလေပဲ” ဟု အကြံပေးလိုက်သည်။
နင်းကျော့မှာ နောက်တစ်ကြိမ် အံ့အားသင့်သွားပြီး “ဘာလို့လဲ” ဟု မမေးဘဲ မနေနိုင် ဖြစ်သွားရ၏။
စွန်းလင်ထုံ၏ အကြည့်များမှာ လူတို့၏ နှလုံးသားကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ရှိနေပြီး “မင်းမှာ ပါရမီရှိတယ် မဟုတ်လား” ဟု မေးလိုက်ပြန်သည်။
နင်းကျော့မှာ ထပ်မံထိတ်လန့်သွားပြီး မျက်နှာတွင် ပျာပျာသလဲ ဖြစ်သွားကာ နောက်သို့ တစ်လှမ်းဆုတ်ရင်း ခေါင်းကို အဆက်မပြတ် ခါယမ်းနေတော့သည်။
“မဟုတ်ပါဘူး... မဟုတ်ပါဘူး။ လုံးဝမဟုတ်ပါဘူး။ အစ်ကိုကြီး ပြောတာတွေငါ တစ်ခုမှ နားမလည်ဘူး။ ကျွန်တော် မသိဘူး၊ ဘာမှမသိဘူး”
သူက အပြတ်အသတ် ငြင်းဆိုနေသော်လည်း နီမြန်းနေသော မျက်နှာနှင့် အပြစ်ရှိသကဲ့သို့ ပျာယာခတ်နေသည့် ပုံစံမှာ အဖြေကို ဖော်ပြနေပြီးသား ဖြစ်သည်။
ထိုအမူအရာက စွန်းလင်ထုံကို သဘောကျသွားစေပြီး အားရပါးရ ရယ်မောလိုက်ကာ နင်းကျော့၏ ပခုံးကို ပုတ်လိုက်ရင်း “ညီလေး... မင်းမှာ ပါရမီရှိတာပဲ၊ မင်းအသက်အရွယ်နဲ့ မလိုက်အောင် ထက်မြက်တယ်။ ဒါပေမဲ့ မင်းက ငယ်သေးတယ်လေ။ မင်းလုပ်တာတွေက ဟန်ဆောင်မှန်း အရမ်းသိသာလွန်းတယ်။
ဒါပေမဲ့ မင်းကံကောင်းတယ်၊ ငါ ရှိနေလို့ပဲ။ သာမန်ကလေးတစ်ယောက်လို ဘယ်လိုနေရမလဲဆိုတာ ငါ့ထက် ပိုသိတဲ့သူ မရှိဘူး။ နှစ်နှစ်သားလေးတစ်ယောက်လို ဘယ်လို ပုန်းကွယ်နေရမလဲဆိုတာ ငါ မင်းကို သင်ပေးမယ်” ဟု ဆိုလေသည်။
စွန်းလင်ထုံ ပြောသည်မှာ ကြွားဝါခြင်း မဟုတ်ပေ။
သူသည် သုံးနှစ်သားကလေးငယ်အသွင် ရှိနေသော်လည်း သူ၏ ဝိညာဉ်မှာ ဆယ့်သုံးနှစ်အရွယ် လူငယ်တစ်ဦး၏ ဝိညာဉ် ဖြစ်နေပြီ ဖြစ်သည်။
သူသည် ဗုဒ္ဓနှလုံးသားဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး လှည့်စားဖြားယောင်းခြင်းဆိုင်ရာ အတတ်ပညာအမျိုးမျိုးကို အထူးပြုလေ့လာခဲ့သူ ဖြစ်သည်။
သူ၏ ဆရာဖြစ်သူက သူ့ကို ငယ်စဉ်ကတည်းက မွေးစားကာ လောကအနှံ့ ခေါ်ဆောင်သွားပြီး လူတို့၏ အမူအရာကို အကဲခတ်ပုံနှင့် ပတ်ဝန်းကျင်အမျိုးမျိုးတွင် မည်သို့ ရောနှောနေထိုင်ရမည်ကို သင်ကြားပေးခဲ့သည်။
စွန်းလင်ထုံသည် သူ၏ ရုပ်ရည်သွင်ပြင်ကို အသုံးချကာ လှည့်စားမှုများ ပြုလုပ်ရန်အတွက် အခြေအနေနှင့် လိုက်ဖက်သော နေရာမှ ပါဝင်သရုပ်ဆောင်လေ့ ရှိသည်။
သူ၏ လေ့ကျင့်ပေးမှုအောက်တွင် နှစ်နှစ်သားအရွယ် နင်းကျော့မှာ သိသိသာသာ တိုးတက်လာခဲ့သည်။
“ဟေး... မင်းမှာ ဘယ်လိုပါရမီမျိုး ရှိတာလဲ။ မင်းရဲ့ ထက်မြက်မှုက သာမန်တော့ မဟုတ်ဘူး။ မင်းအမေ မပြောပြခဲ့ဘူးလား” ဟု စွန်းလင်ထုံက စူးစမ်းလိုက်သည်။
နင်းကျော့က မျက်တောင်တစ်ချက် ခတ်လိုက်ပြီးနောက် ပုံမှန်အတိုင်းပင် စွန်းလင်ထုံကို ကြည့်ကာ “အစ်ကိုကြီးစွန်း... ငါ့အမေက ဘာမှ မပြောပြသွားဘူး” ဟု ဖြေလိုက်သည်။
စွန်းလင်ထုံက ရယ်မောရင်း လက်မထောင်ပြလိုက်ကာ “မဆိုးဘူး၊ အရင်ကထက်စာရင် လိမ်ပြောတာ တော်တော်တိုးတက်လာပြီ။ ဒါပေမဲ့ မျက်လုံးက ဟိုဒီဝဲသွားတဲ့ အကျင့်လေး ကျန်သေးတယ်။ အဲဒါကို မေ့မသွားနဲ့၊ ဖျောက်ရမယ်” ဟု ထောက်ပြလိုက်၏။
နင်းကျော့မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး “အစ်ကိုကြီးစွန်း... ကျွန်တော် အစ်ကိုကြီးကို အမှန်အတိုင်း မပြောဘဲ ဖုံးကွယ်ထားမိတဲ့အတွက် စိတ်မဆိုးဘူးလား” ဟု မေးလိုက်သည်။
စွန်းလင်ထုံက ဂရုမစိုက်သလို ပခုံးတွန့်ပြလိုက်ရင်း “ဒါက ဘာဖြစ်လို့လဲ။ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိတာပဲ၊ သူတစ်ပါးရဲ့ လျှို့ဝှက်ချက်ကိုလည်း ကိုယ်က နားလည်ပေးရမယ်။ ငါ စဉ်းစားနေတာက မင်းရဲ့ ပါရမီကို မင်းမျိုးနွယ်စုကို ပြလိုက်ရင် မင်းရဲ့ အခြေအနေတွေ အများကြီး ကောင်းလာနိုင်မလားလို့ပဲ” ဟု ဆိုသည်။
နင်းကျော့က ခေါင်းကို အမြန်ခါယမ်းလိုက်ပြီး တည်ငြိမ်လေးနက်သော မျက်နှာပေးဖြင့် “မထွက်သွားခင်မှာ အမေက ကျွန်တော့်ကို ပါရမီတွေ ဖုံးကွယ်ထားဖို့ မှာခဲ့တယ်။ မျိုးနွယ်စုက အားကိုးလို့ မရဘူး၊ ဦးလေးကလည်း အားကိုးလို့ မရဘူးတဲ့။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ဖုံးကွယ်ထားဖို့ ပြောခဲ့တယ်” ဟု ပြောပြလေသည်။
“အင်း... အင်း... မင်းအမေက မင်းအတွက် အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးခဲ့တာ နေမှာပါ” ဟု စွန်းလင်ထုံက ဝတ်ကျေတမ်းကျေ ပြန်ပြောလိုက်သည်။
သူသည် နင်းကျော့နှင့်အတူ နေထိုင်ခဲ့သည်မှာ တစ်လခွဲခန့် ရှိပြီ ဖြစ်ရာ ဒဏ်ရာများမှာလည်း ကျက်သွားပြီ ဖြစ်သည်။ ယခုအခါ နင်းကျော့မှာလည်း သာမန်နှစ်နှစ်သားလေးကဲ့သို့ ဟန်ဆောင်တတ်နေပြီ ဖြစ်သဖြင့် စွန်းလင်ထုံမှာ ထွက်ခွာချင်စိတ်များ ပိုမိုပြင်းပြလာခဲ့သည်။
သို့သော် နင်းကျော့ကို မည်သို့ လုပ်ရမည်နည်း။
အရင်က ဝမ်လန်က နင်းကျော့ကို ခေါ်ထားမည်ဟု ပြောခဲ့သော်လည်း ယခုအချိန်ထိ ခေါ်မသွားသေးဘဲ တစ်ရက် နှစ်ရက်ခြားတစ်ခါ အစေခံများ လွှတ်ကာ ကြည့်ရှုခိုင်းရုံနှင့် လိုအပ်သည်များ ပေးပို့ခိုင်းရုံသာ လုပ်နေခြင်း ဖြစ်သည်။
စွန်းလင်ထုံသည် ညဘက်တွင် နင်းမျိုးနွယ်စု နယ်မြေအတွင်းသို့ တိတ်တဆိတ် သွားရောက်ကာ အခြေအနေများကို အမြဲမပြတ် စောင့်ကြည့်ခဲ့သည်။
သူသည် ဝိညာဉ်စွမ်းအား သန့်စင်ခြင်း အလယ်အလတ်အဆင့်တွင်သာ ရှိသေးသော်လည်း ဗုဒ္ဓနှလုံးသားဂိုဏ်း၏ ထူးချွန်လှသော ပညာရပ်များကြောင့် မည်သူမျှ မသိအောင် ဝင်ထွက်သွားလာနိုင်ခြင်း ဖြစ်သည်။
နင်းမျိုးနွယ်စုအတွင်း ပင်မမျိုးနွယ်ဝင်များက မျိုးနွယ်စုခွဲများကို မည်သို့ နှိပ်စက်နေကြောင်းနှင့် နင်းရှောင်ရန်၏ နာမည်ကျော်ကြားမှုများအကြောင်းကို သူ တဖြည်းဖြည်း စုံစမ်းသိရှိလာခဲ့သည်။
တစ်နေ့တွင် သူသည် နင်းကျဲနှင့် ဝမ်လန်တို့၏ စကားပြောသံကို ကြားလိုက်ရလေသည်။
နင်းကျဲက ဝမ်လန်အား နင်းကျော့ကို ၎င်းတို့နှင့်အတူ လာနေစေရန် တိုက်တွန်းနေခြင်း ဖြစ်သည်။
ဝမ်လန်ကမူ “ရှင်ရယ်... ဘိုးဘေးနန်းဆောင်က လူတွေက တမင်တကာ ခက်အောင် လုပ်နေတာလေ။ ဝိညာဉ်ကျောက်တုံး နှစ်ရာတောင် တောင်းနေတာ။ တခြားကလေးတစ်ယောက်ကို စောင့်ရှောက်ဖို့အတွက် ကျွန်မတို့က ဘာလို့ ဝိညာဉ်ကျောက်တုံး နှစ်ရာတောင် ပေးရမှာလဲ။ ဒါ ဘယ်လိုယုတ္တိရှိလို့လဲ” ဟု ပြန်ပြောနေ၏။
နင်းကျဲက သူ၏ မုတ်ဆိတ်ကို သပ်ရင်း “မျိုးနွယ်စုမှာလည်း သူ့စည်းကမ်းနဲ့သူ ရှိတာပဲ။ မိဘမဲ့ကလေးတစ်ယောက်ကို မွေးစားတဲ့အခါ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ပါမပါ ဆိုတာကို ဘိုးဘေးနန်းဆောင်က အကြီးအကဲတွေက စစ်ဆေးရတာပေါ့။ သူတို့ သဘောတူမှပဲ တရားဝင် မွေးစားလို့ ရတာ။ ဒီစည်းကမ်း မရှိခင်တုန်းက ရှုပ်ရှုပ်ယှက်ယှက်တွေနဲ့ ဝမ်းနည်းစရာ ကိစ္စတွေ အများကြီး ဖြစ်ခဲ့ဖူးတယ်” ဟု ရှင်းပြသည်။
“ကျော့လေး တစ်ယောက်တည်း နေနေရတာ ရက်တော်တော် ကြာနေပြီ၊ ဒါက မကောင်းဘူး။ တကယ်လို့ လူတွေ သိသွားရင် သူ့ဦးလေးဖြစ်တဲ့ ငါ့သိက္ခာ ဘယ်ရှိတော့မလဲ”
ဝမ်လန်က “ဒါပေမဲ့ ဝိညာဉ်ကျောက်တုံး နှစ်ရာဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူးလေ” ဟု ညည်းတွားလိုက်သည်။
နင်းကျဲက သက်ပြင်းချရင်း “ကဲပါ... ဒါဆိုလည်း ဒီလိုလုပ်ကြတာပေါ့။ ငါ့ညီက တစ်ခါတုန်းက မျိုးနွယ်စုဆက်ခံသူရဲ့ အသက်ကို ကယ်ခဲ့ဖူးတယ်။ မနက်ဖြန်ကျရင် ငါ မျိုးနွယ်စုဆက်ခံသူဆီ သွားပြီး အကူအညီ တောင်းကြည့်မယ်၊ သူ ဝင်ပြောပေးရင် အဆင်ပြေသွားမှာပါ” ဟု ဆိုသည်။
စွန်းလင်ထုံသည် ဘိုးဘေးနန်းဆောင်ဘက်သို့ ဆက်လက် စုံစမ်းကြည့်ရာ နင်းကျော့၏ စာရင်းတင်ခြင်းကို တမင်နှောင့်နှေးအောင် လုပ်နေသော အကြီးအကဲကို ရှာတွေ့ခဲ့သည်။
ညတစ်ညတွင် ထိုအကြီးအကဲနှင့် ဧည့်သည်တစ်ဦးတို့ လျှို့ဝှက်စကားပြောနေသည်ကို သူ ကြားလိုက်ရပြန်သည်။
ထိုဧည့်သည်က “နင်းကျော့ရဲ့ အိမ်ဂရန်ကို နင်းကျဲတို့ အခုထိ ရှာမတွေ့သေးဘူး။ ကျွန်တော် ဝိညာဉ်ကျောက်တုံး လေးရာ ပေးပါ့မယ်၊ အခု စရန်ငွေအဖြစ် တစ်ရာ့ရှစ်ဆယ် ယူထားလိုက်ပါ။ အကူအညီလေး ပေးပါဦး” ဟု ဆိုလိုက်သည်။
နင်းမျိုးနွယ်စု အကြီးအကဲက ရယ်မောရင်း “ကိစ္စမရှိပါဘူး။ အဲဒီ နင်းကျဲက စည်းကမ်းတွေကို နားမလည်ဘူး၊ ဝိညာဉ်ကျောက်တုံး နှစ်ရာတောင် မပေးချင်တဲ့လူဆိုတော့ နည်းနည်းတော့ ဒုက္ခခံရမှာပေါ့” ဟု ပြောသည်။
“ဒါပေမဲ့ လူသိရှင်ကြားတော့ မဖြစ်စေနဲ့ဦး”
“ဘာပဲပြောပြော နင်းကျော့ရဲ့အဖေ နင်းကျုံးက မျိုးနွယ်စုဆက်ခံသူကို ကယ်ရင်း အသက်ပေးသွားခဲ့တာလေ”
ဧည့်သည်ကလည်း “စိတ်ချပါ အကြီးအကဲ။ နင်းကျုံးတို့ လင်မယားကလည်း မရှိတော့ဘူး၊ ကျန်ခဲ့တဲ့ကလေးကလည်း နှစ်နှစ်သားပဲ ရှိသေးတာ။ ချော့မော့ပြီး ပြောလိုက်ရင် အိမ်ဂရန်မှာ လက်မှတ်ထိုးခိုင်းဖို့ဆိုတာ အေးဆေးပါပဲ။ အလွန်လွယ်ကူတဲ့ ကိစ္စပါ” ဟု ပြန်ပြောလေသည်။
စွန်းလင်ထုံသည် ထိုစကားများကို ကြားရသောအခါ မျက်လုံးပြူးသွားရပြီး နင်းမျိုးနွယ်စု၏ စိတ်ဓာတ်ကို စက်ဆုပ်ရွံရှာမိသွားသည်။
သူ နင်းကျော့ထံ ပြန်ရောက်သောအခါ နင်းကျော့လေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။
စွန်းလင်ထုံသည် ကလေးငယ်ကို ခဏမျှ ကြည့်နေမိပြီး “ဒီကလေးလေးက ထက်မြက်ပြီး ဟန်ဆောင်တတ်တယ် ဆိုပေမဲ့ ဒါက အပေါ်ယံပဲ ရှိသေးတာ။ သူက အတွေ့အကြုံလည်း မရှိဘူး၊ လောကကြီးရဲ့ အန္တရာယ်တွေကိုလည်း မသိသေးဘူး၊ အားကိုးရာလည်း မရှိတော့ ဘေးနားက လူတွေအတွက်တော့ အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့ သားကောင် ဖြစ်နေတာပဲ” ဟု တွေးတောမိကာ စိတ်မကောင်း ဖြစ်သွားရသည်။
စွန်းလင်ထုံက ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်ရင်း သူသာ ထွက်သွားခဲ့လျှင် မဖြစ်တော့ကြောင်း ခံစားလိုက်ရသည်။
“သူ လူတွေရဲ့ ကောက်ကျစ်တဲ့ စိတ်ထားတွေကို မြင်တတ်အောင် သင်ယူဖို့ လိုအပ်နေပြီ”
...
စွန်းလင်ထုံ၏ နေရာတွင်...
ဟန်မင်နှင့် သူ၏ အပေါင်းအပါ နှစ်ဦးသည် ဝင်းထရံငယ်လေးအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော တိုက်ပွဲအကြွင်းအကျန်များကို အမြန်ဆုံး ရှင်းလင်းကာ ပြုပြင်နေကြသည်။
ပင်မဆောင်အတွင်းတွင်မူ...
တရားသူကြီး၏ မျက်လုံးများမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး စွန်းလင်ထုံ၏ ဝိညာဉ်ကို လွှမ်းခြုံထားလေသည်။
စွန်းလင်ထုံ၏ ဝိညာဉ်မှာ မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး နာကျင်မှုကြောင့် မျက်နှာမှာ ရှုံ့မဲ့နေကာ ခန္ဓာကိုယ်မှာလည်း အပြင်းအထန် တုန်ယင်နေသော်လည်း အော်ဟစ်သံ တစ်စုံတစ်ရာ ထွက်မလာပေ။
“သူက တော်တော်လေး ခံနိုင်ရည်ရှိတာပဲ” ဟု မျက်မမြင်တရားသူကြီး ချီပိုင်က မြင်တွေ့ရသောအခါ အမှန်တကယ်ပင် ချီးကျူးလိုက်မိသည်။
သူက မန္တန်အချို့ကို ရွတ်ဆိုကာ ဝိညာဉ်ရှာဖွေခြင်း၏ ရလဒ်များကို စစ်ဆေးလိုက်သည်။
ဘာမျှမရှိသော ဗလာသက်သက်သာ။
“ဟမ်...” ချီပိုင်မှာ အံ့အားသင့်သွားပြီး “ဗလာတံဆိပ်လား” ဟု ရေရွတ်လိုက်သည်။
သူသည် ဤအချက်အလက်ကို သိရှိထားသည်။
ဗုဒ္ဓနှလုံးသားဂိုဏ်း၏ ဗလာတံဆိပ်မှာ တန်ဖိုးကြီးလှသော မှော်ပစ္စည်းတစ်ခုဖြစ်ပြီး ဂိုဏ်းဝင်များကို ကာကွယ်ပေးရန်အတွက် နှလုံးသားတံဆိပ်အဖြစ် ခတ်နှိပ်ပေးထားခြင်း ဖြစ်သည်။
ဗလာတံဆိပ်သည် ရန်သူ့လက်သို့ ကျရောက်သွားသော တပည့်များထံမှ ဂိုဏ်း၏ လျှို့ဝှက်ချက်များနှင့် မှတ်တမ်းများ ပေါက်ကြားမသွားစေရန် ဝိညာဉ်ရှာဖွေခြင်းကို တားဆီးပေးနိုင်သည်။
“ဗလာတံဆိပ်က များသောအားဖြင့် ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို ကာကွယ်ပေးဖို့ သုံးတာလေ။ အခု ငါက လူငယ်ဧည့်သည်အကြောင်းကိုပဲ သိချင်တာကို ဒါက ဘာလို့ ပါဝင်ပတ်သက်နေရတာလဲ။ စွန်းလင်ထုံက အပြင်စည်းတပည့် မဟုတ်လား၊ ဗလာတံဆိပ်က သူ့ကို ဒီလောက်အထိ အသေအချာ ကာကွယ်ပေးထားတာလား”
ထိုအချိန်တွင် ဟန်မင်က အခန်းထဲသို့ ဝင်လာကာ “သခင်လေးချီ... လူငယ်ဧည့်သည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုခု ရပြီလား” ဟု မေးလိုက်သည်။
ချီပိုင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း “ဒီကိစ္စက နည်းနည်းတော့ လက်ဝင်တယ်၊ စွန်းလင်ထုံက ဝိညာဉ်ရှာဖွေတာကို မကြောက်ဘဲ ဘာလို့ ဒီလောက် ယုံကြည်မှု ရှိနေလဲဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး။ ဒါပေမဲ့ သာမန်လူတွေဆိုရင်တော့ ဒါကို ကြည့်ပြီး လက်လျှော့သွားနိုင်ပေမဲ့ ငါက မျက်မမြင်တရားသူကြီး ချီပိုင်ပဲလေ၊ သူ ကံဆိုးသွားပြီသာ မှတ်လိုက်” ဟု ဆိုသည်။
“ငါ့ကို တစ်ရက်လောက် ထပ်ပေး၊ မင်းအတွက် အဖြေရစေရမယ်”
ချီပိုင်က မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် လက်ကာပြလိုက်၏။
ဟန်မင်သည်လည်း အမြန်ပင် ဦးညွှတ်လိုက်ပြီး အခန်းထဲမှ ပါးနပ်စွာ ထွက်သွားကာ တံခါးကိုလည်း ရိုရိုသေသေ ပိတ်ပေးခဲ့လေသည်။
အခန်း (၁၃၀) မာန်မာနကိုနှိမ်၍ နှိမ့်ချမှုကို ထိန်းသိမ်းခြင်း
နံနက်ခင်း၏ အလင်းရောင်ခြည်သည် မီးလျှံတောင် မသေမျိုးမြို့တော်ပေါ်သို့ ဖြာကျလာချေပြီ။
တောင်ထိပ်တစ်ဝိုက်တွင် တိမ်တိုက်များ ရစ်ဆိုင်းနေသော်လည်း တစ်စစ ပိုမိုပြင်းထန်လာသည့် မြေလှုပ်ခတ်မှုများကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
ချော်ရည်နန်းတော် ပေါ်ထွက်လာခဲ့သည်မှာ အတန်ကြာပြီဖြစ်ရာ အကြောင်းစုံကို သိရှိထားကြသူများက "ထိုမသေမျိုးနန်းတော်က တစ်ဖန် ပြန်လည် ဆူပူလှုပ်ရှားလာပြန်ပြီလား" ဟု စတင်၍ နားလည်သဘောပေါက်လာကြသည်။
လူ၁ယောက်သည် နန်းတော်ကို ငုံ့ကြည့်ကာ နန်းတော်၏ အကာအကွယ်များကို အဆက်မပြတ် တိုက်ခိုက်နေသည့် မီးလျှံနတ်ဆိုး သားရဲများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။
နင်းမျိုးနွယ်စုအတွင်း၌မူ...
နင်းမျိုးနွယ်စု ဘိုးဘေးသည် တောင်ထိပ်ကို စိုက်ကြည့်နေရင်း ခဏအကြာတွင် မျိုးနွယ်စုအကြီးအကဲထံမှ အစီရင်ခံစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။
"ကျိုးမျိုးနွယ်စုက ရွှေအမြုတေအဆင့် နှစ်ယောက်နဲ့ ကျန်းမျိုးနွယ်စုက နှစ်ယောက်တို့ တိုက်ခိုက်ရင်း အစီအရင်ထဲကို ရောက်သွားကြတယ် ဟုတ်လား"
"ဒီလောက်တောင် တိုက်ဆိုင်သွားတာလား"
နင်းမျိုးနွယ်စု ဘိုးဘေးသည် ဦးခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ ဤသတင်းမှာ အမှန်ဖြစ်စေ၊ အမှားဖြစ်စေ သူကိုယ်တိုင် သွားရောက်စုံစမ်းရန် ဆုံးဖြတ်လိုက်ချေပြီ။
မုန့်ခွေက တောင်ထိပ်ကို ပိတ်ဆို့ပြီး ကိုယ်တိုင် တာဝန်ယူထားချိန်မှစ၍ နင်းမျိုးနွယ်စု ဘိုးဘေးသည် မသေမျိုးနန်းတော်သို့ ခြေမချသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
"အကြီးအကဲစွန်းက အကြောင်းမပြန်သေးဘူးလား"
ညဉ့်ဦးယံ ကုန်ဆုံးသွားသော်လည်း နင်းကျော့သည် စွန်းလင်ထုံထံမှ မည်သည့်အကြောင်းပြန်ကြားချက်မျှ မရရှိသေးချေ။
သူသည် မျက်မှောင်ကို အထပ်ထပ် ကြုတ်လိုက်မိသည်။ ဤအခြေအနေမှာ အလွန်ပင် ထူးခြားနေပေသည်။
နင်းကျော့သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။
အကြိမ်အနည်းငယ် လျှောက်ပြီးနောက် သူသည် အစေခံတစ်ဦးကို ခေါ်ယူကာ "တောင်ထိပ်မှာ ဘာတွေ ဒီလောက် ဆူညံနေတာလဲ၊ မင်းသွားပြီး စုံစမ်း၊ ပြီးတော့ တခြား အရေးကြီးတဲ့ သတင်းတွေရှိရင်လည်း ယူခဲ့ပါ" ဟု ခိုင်းစေလိုက်သည်။
မကြာမီမှာပင် အစေခံသည် ဈေးကွက်အတွင်းမှ ဟိုးဟိုးကျော်သွားသည့် သတင်းအချို့ကို ယူဆောင်လာခဲ့သည်။
နင်းကျော့သည် သူသိလိုသည်ကို သိလိုက်ရချေပြီ။
"ကျူးရွှမ်းကျိက အကြီးအကဲစွန်းဆီ ချဉ်းကပ်ခဲ့တာလား"
"အကြီးအကဲစွန်းက သူကိုယ်တိုင် ကျူးရွှမ်းကျိကို ပြန်တိုက်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းကို ရည်ရွယ်ချက်ရှိရှိ လွှင့်ထုတ်ခဲ့တာပဲ၊ ဒါက သူ့ရဲ့ တကယ့်အခြေအနေကို ငါ့ဆီ အချက်ပြလိုက်တာပေါ့"
"အကြီးအကဲစွန်းက ဗုဒ္ဓနှလုံးသားဂိုဏ်းကလာတာ ဖြစ်ပြီး ဗလာတံဆိပ်လည်း ရှိတယ်၊ ကျူးရွှမ်းကျိကသာ သူ့ရဲ့ မူဝါဒတွေကို စွန့်လွှတ်ပြီး အထောက်အထား မရှိဘဲနဲ့ ဝိညာဉ်ရှာဖွေခြင်းကို အတင်းအဓမ္မ လုပ်မယ်ဆိုရင်တောင် ဘာမှ ရမှာမဟုတ်ဘူး"
"ဒါပေမဲ့ သူက ငါ့ကို ဘာလို့ အကြောင်းမပြန်သေးတာလဲ၊ ဘာတွေများ ဖြစ်နေလို့ပါလိမ့်"
နင်းကျော့သည် မျက်မှောင်ကြုတ်လျက် "နောက်ထပ် ခဏလောက် ထပ်စောင့်ကြည့်ရမှာပေါ့" ဟု တွေးတောနေမိသည်။
တစ်ဦးကိုတစ်ဦး ယုံကြည်မှုထားရှိခြင်း... ဤသည်မှာ ဆယ်စုနှစ်တစ်ခုကျော် တည်ဆောက်ခဲ့သည့် သူတို့နှစ်ဦးကြားမှ အပြန်အလှန် နားလည်မှုပင် ဖြစ်သည်။
ထိုစဉ်က နင်းကျော့သည် အသက် နှစ်နှစ်သားမျှသာ ရှိသေး၏။
တစ်နေ့တွင် စွန်းလင်ထုံသည် ဒဏ်ရာများဖြင့် ပြန်လည်ရောက်ရှိလာသည်။
"မင်း ဘာလုပ်နေတာလဲ" ဟု သူက မေးလိုက်သည်။ နင်းကျော့က အထုပ်အပိုးလေးတစ်ခုကို ပြင်ဆင်နေသည်ကို မြင်လိုက်ရသဖြင့် သူ၏မျက်နှာမှာ ညိုမှောင်သွားချေသည်။
ထိုအထုပ်ကလေးထဲတွင် မီးလျှံနတ်ဆိုး ချော်ရည်တွင်းသို့ သွားရန် လိုအပ်သည့် ပစ္စည်းများကို သူ သတိပြုမိလိုက်သည်။
နင်းကျော့က အံ့ဩတကြီးဖြင့် "အစ်ကိုစွန်း ပြန်လာပြီလား၊ ကျွန်တော် အစ်ကို့ကို သွားရှာတော့မလို့၊ အား..." ဟု ရေရွတ်လိုက်စဉ်...
စွန်းလင်ထုံသည် နင်းကျော့၏ ဦးခေါင်းကို လက်ခေါက်ဖြင့် အသာလေး တောက်လိုက်မိသည်။
"ငါက ပညာရှိလို့ မီးလျှံနတ်ဆိုး ချော်ရည်တွင်းကို သွားတာ"
"မင်းက အဲဒီကို ဘာသွားလုပ်မှာလဲ၊ နတ်ဆိုးသားရဲတွေဆီ အစာကျွေးမလို့လား"
"မင်းဟာက အရမ်း စွန့်စားလွန်းပြီး အဓိပ္ပာယ်မရှိတာပဲ"
နင်းကျော့သည် ဖောင်းအိနေသော လက်ကလေးဖြင့် နဖူးကို အုပ်ကာ နှုတ်ခမ်းဆူလျက် "ဒါပေမဲ့... ဒါပေမဲ့ အစ်ကိုစွန်းက ဒီတစ်ခေါက် အကြာကြီး ပျောက်နေတာကိုး၊ ခုနစ်ရက်တောင် ပြည့်သွားပြီ" ဟု ပြန်ပြောလေသည်။
စွန်းလင်ထုံ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားသည်။
ဒဏ်ရာများ သက်သာလာပြီးနောက် သူသည် သူ၏ ဆရာရှိရာကို ရှာဖွေရန်အတွက် မီးလျှံနတ်ဆိုး ချော်ရည်တွင်းသို့ အခါအားလျော်စွာ ခိုးဝင်လေ့ရှိသည်။
သို့သော် ဘာမျှ ရှာမတွေ့ခဲ့ချေ။
ဤတစ်ကြိမ်တွင်မူ သူရောက်ရှိနေသော လိုဏ်ဂူလမ်းကြောင်းမှာ ပြိုကျသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် စွန်းလင်ထုံသည် ပြန်လာသည့်လမ်းတွင် ရှိနေခဲ့ပြီး နေရာပြောင်းအခန်း၏ ပညာရပ်ကို အကြိမ်ကြိမ် အပြတ်အသတ် အသုံးချကာ ပြိုကျနေသော နေရာမှ လွတ်အောင် ရှောင်တိမ်းနိုင်ခဲ့သဖြင့် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။
ဤဖြစ်ရပ်ကြောင့် သူသည် ချော်ရည်နန်းတော်ကို ရှာဖွေရန်အတွက် လမ်းကြောင်းသစ်တစ်ခုကို ထပ်မံ ရှာဖွေရတော့မည်ဖြစ်ရာ ပိုမိုခက်ခဲသွားပေလိမ့်မည်။
မှန်ပေသည်၊ ဤစိုးရိမ်ပူပန်မှုများကို အသက်နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအား ပြောပြနေရန် မလိုချေ။
စွန်းလင်ထုံသည် သူ၏ ရင်ဘတ်ကို ပုတ်ကာ နင်းကျော့ကို ပြုံး၍ ကြည့်လိုက်ရင်း "ငါ့ကို ယုံစမ်းပါ၊ မင်းရဲ့ အစ်ကိုက တော်တော် သန်မာပါတယ်"
"ငါတို့ ကတိတစ်ခု ထားရအောင်၊ အခုကစပြီး ဆယ်ရက်လို့ သတ်မှတ်ရအောင်"
"ဆယ်ရက်အတွင်း ငါ သေချာပေါက် ပြန်လာမယ်"
"ဒါကြောင့် ဆယ်ရက်ထက် မကျော်သရွေ့ မင်း စိုးရိမ်မနေနဲ့၊ ငါ ဘာမှ မဖြစ်ဘူး" ဟု ဆိုလေသည်။
နင်းကျော့က အားနည်းသော လေသံဖြင့် "ကျွန်တော် နားလည်ပါပြီ" ဟု ပြန်ပြောသည်။
"ဒီတစ်ခေါက် လိုဏ်ဂူထဲမှာ အစ်ကို့ဆရာကို တွေ့ခဲ့လား"
စွန်းလင်ထုံက "ငါ့ဆရာကို မတွေ့ခဲ့ပေမဲ့ လမ်းကြောင်းထဲမှာ အဆောင်လက်ဖွဲ့ အချို့ ထားခဲ့တယ်၊ ဆရာသာ နန်းတော်ထဲက ထွက်လာရင် အဲဒါတွေကို သတိပြုမိလိမ့်မယ်၊ အဟွတ်"
စွန်းလင်ထုံ၏ အသက်ရှူသံမှာ အားနည်းလာပြီး "ငါ ဒီတစ်ခေါက် အတွင်းဒဏ်ရာ ရလာတယ်၊ ငါ့အတွက် ဆေးအချို့ ပြင်ပေးပါဦး၊ ဒီမှာ ဆေးနည်း၊ ငါ့ရဲ့ စွမ်းအားတွေကို အမြန်ဆုံး ပြန်ဖြည့်ဖို့ လိုတယ်"
နင်းကျော့သည် ဆေးနည်းကို ကြည့်လိုက်ပြီး ဆေးဖက်ဝင်အပင် အချို့ လိုအပ်နေသည်ကို တွေ့ရသဖြင့် အပြင်သို့ ထွက်၍ သွားဝယ်လေသည်။
ဆေးဖက်ဝင်အပင်များကို စစ်ဆေးကြည့်သောအခါ စွန်းလင်ထုံသည် အပင်အများစုမှာ အတုများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူသည် နင်းကျော့ကို မည်သို့ ဝယ်ယူခဲ့ကြောင်း မေးမြန်းပြီးနောက် မတတ်သာသည့် အမူအရာဖြင့် ခေါင်းခါကာ "မင်းက ကလေးပဲ ရှိသေးတာ၊ မင်းမျက်နှာကို အဝတ်နဲ့အုပ်ပြီး လမ်းဘေးဈေးသည်ဆီ သွားဝယ်ရင် တစ်ခုခု မှားနေပြီဆိုတာ လူတိုင်း သိတာပေါ့"
"နောက်တစ်ခါကျရင် ဆေးဆိုင်ကြီးတွေကို ပေါ်တင်ပဲ သွားပါ၊ ပြီးတော့ မင်းရဲ့ နင်းမျိုးနွယ်စု တံဆိပ်ကို ပြလိုက်"
"အိမ်က လူကြီးတွေအတွက် ဝယ်ခိုင်းလိုက်သလိုမျိုး ဟန်ဆောင်လိုက်၊ ဘယ်သူမှ မင်းကို ဒုက္ခပေးမှာ မဟုတ်သလို စစ်မှန်တဲ့ ဆေးဖက်ဝင်အပင်တွေကိုလည်း ရလိမ့်မယ်"
"မင်းက ဉာဏ်ကောင်းပေမဲ့ အလုပ်လုပ်တဲ့နေရာမှာ အတွေ့အကြုံ လိုသေးတယ်" ဟု အကြံပေးလေသည်။
...
နင်းမျိုးနွယ်စုက လူတစ်ဦး စေလွှတ်လိုက်သည်။
ထိုသူသည် နင်းကျော့ကို ပြုံးပြုံးရွှင်ရွှင်နှင့် ယဉ်ကျေးပျူငှာစွာ စကားပြောဆိုပြီး ကတိကဝတ် စာချုပ်တစ်ခုတွင် လက်မှတ်ရေးထိုးရန် လှည့်ဖျားလေသည်။
စွန်းလင်ထုံသည် ဤသို့ ဖြစ်လာမည်ကို ကြိုတင်သိမြင်ထားပြီး ဖြစ်ရာ နင်းကျော့အား ဖြေရှင်းနည်းကို ပြောပြထားပြီး ဖြစ်သည်။
ထိုအစီအစဉ်အတိုင်းပင် နင်းကျော့သည် သူ၏ဦးလေး နင်းကျဲကို ခေါ်ဆောင်လာခဲ့သည်။
နင်းကျဲသည် အေးစက်သော မျက်နှာထားဖြင့် ကိုယ်တိုင် ရှေ့ထွက်လာပြီး ထိုသူ၏ လှည့်ကွက်ကို ဒေါသတကြီး ချေဖျက်ပစ်လိုက်သည်။
သို့သော် သူသည် ဝမ်လန်ကိုမူ မတားဆီးနိုင်ခဲ့ချေ။ သူမသည် ဘိုးဘေးခန်းမသို့ သွားရောက်ကာ ပြဿနာအကြီးအကျယ် ရှာခဲ့သဖြင့် အကြီးအကဲများ အရှက်ရခဲ့ရသည်။
နင်းကျော့က စွန်းလင်ထုံအား "အခြေအနေတွေက အရမ်းဆိုးသွားပြီ၊ မကြာခင် ဦးလေးနဲ့အတူ သွားနေရတော့မယ်ထင်တယ်၊ ကျွန်တော် တကယ် မသွားချင်ဘူး" ဟု ပြောသည်။
စွန်းလင်ထုံက သူ၏ ပုခုံးကို ပုတ်ကာ "စိတ်မပူပါနဲ့၊ မင်းရဲ့ အိမ်ထောင်စုစာရင်း ပြောင်းစရာ မလိုပါဘူး"
"မင်း ဒီမှာပဲ အကြာကြီး ဆက်နေရဖို့ ရှိတယ်" ဟု နှစ်သိမ့်လေသည်။
နင်းကျော့က သိချင်စိတ်ဖြင့် "ဘာလို့လဲ" ဟု မေးသည်။
စွန်းလင်ထုံက "အပေါ်ယံမှာတော့ ဘိုးဘေးခန်းမ အကြီးအကဲတွေ ရာထူးက ဖယ်ရှားခံလိုက်ရတယ် ဆိုပေမဲ့ သူတို့က မျိုးနွယ်စုရဲ့ အဓိက သွေးကြောတွေပဲ၊ အချင်းချင်း နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေကြတာ၊ ဒါက ခေတ္တခဏ ဘေးဖယ်ထားတဲ့ ပြကွက်တစ်ခုပဲ၊ သူတို့ နောက်ပိုင်းမှာ သေချာပေါက် ပြန်ပေါ်လာဦးမှာ"
"မင်းရဲ့ ဒေါ်ဒေါ်က ပြဿနာရှာလိုက်တာဟာ ဘိုးဘေးခန်းမရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေခဲ့တယ်၊ ဒါပေမဲ့ နင်းမျိုးနွယ်စုရဲ့ အခွဲတွေထဲမှာ အပြောင်းအလဲဖြစ်အောင် တွန်းအားပေးနိုင်တဲ့ အင်အားကြီးသူ ဒါမှမဟုတ် အဖွဲ့အစည်း မရှိဘူး"
"ဒါကြောင့် ဘိုးဘေးခန်းမက ခေါင်းမာမာနဲ့ ဆက်ရှိနေပြီး အခွဲတွေရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်နေလိမ့်မယ်"
"တုံ့ပြန်မှုက ပြင်းထန်မနေဘူးဆိုရင် သူတို့က မင်းရဲ့ အိမ်ထောင်စုစာရင်းကို သတိပေးချက်အနေနဲ့ ဆိုင်းငံ့ထားလိမ့်မယ်၊ နောက်ဆုံးမှာ ဦးလေးအိမ်ကို ပြောင်းရမှာ မှန်ပေမဲ့ သူတို့က တတ်နိုင်သမျှ အချိန်ဆွဲထားမှာပဲ"
"မင်းရဲ့ ဒေါ်ဒေါ်က ဒီကိစ္စကို ကိုင်တွယ်တာ ညံ့ဖျင်းတယ်၊ ဒါပေမဲ့... သူက တကယ်ပဲ မရည်ရွယ်ဘဲ လုပ်တာတော့ မဟုတ်လောက်ဘူး" ဟု ရှင်းပြသည်။
နင်းကျော့သည် ပါးစပ်အဟောင်းသားဖြင့် မှင်တက်သွားမိသည်။
စွန်းလင်ထုံက သက်ပြင်းတစ်ချက်ချကာ သူ၏ပုခုံးကို ပုတ်လျက် "ဒါက လူကြီးတွေရဲ့ ကမ္ဘာပဲ"
"မင်းက ငယ်လွန်းသေးတယ်၊ အသက် နှစ်နှစ်ပဲ ရှိသေးတာ"
"မင်းက ဉာဏ်ကောင်းပေမဲ့ လူကြီးတွေကတော့ ပိုပြီး ကောက်ကျစ်ကြတယ်"
"မင်း သင်ယူရမှာတွေ အများကြီး ရှိသေးတယ်"
"ဥပမာ ပြောရရင်... ဂိုဏ်းတွေ၊ မိသားစုတွေ၊ ဂိုဏ်းဂဏတွေနဲ့ တိုင်းနိုင်ငံတွေကြားက ခြားနားချက်ကို မင်းသိလား၊ ဒီအင်အားစုတွေ ဘယ်လို လည်ပတ်နေသလဲဆိုတာကို မင်း နားလည်လား"
နင်းကျော့သည် ဇဝေဇဝါဖြင့် ခေါင်းခါပြကာ "ဒါတွေက အရေးကြီးလို့လား" ဟု မေးသည်။
စွန်းလင်ထုံက တည်ကြည်သော မျက်နှာထားဖြင့် "အရမ်း အရေးကြီးတယ်" ဟု ဆိုသည်။
ထို့နောက် သူက ပြုံးလိုက်ရင်း "လာပါ၊ ငါ မင်းကို ရှင်းပြမယ်"
...
နင်းကျော့သည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
စွန်းလင်ထုံ သင်ကြားပေးခဲ့သော ထိုအင်အားစုများအကြောင်း အသိပညာများသည် မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သကဲ့သို့ သူ၏ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။
"ဂိုဏ်းတွေက အကျိုးအမြတ်ကိုပဲ ဦးစားပေးလေ့ရှိတယ်၊ မျောက်ခေါင်းဂိုဏ်းရဲ့ ပထမဆုံး ခေါင်းဆောင်က ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆွဲဆောင်မှု အင်မတန် ကြီးမားခဲ့ပေမဲ့ အခုတော့ သူက သေသွားပြီ၊ ဒုတိယခေါင်းဆောင် ယွမ်အာကတော့ အထူးသဖြင့် ယွမ်တာရှန့် သေဆုံးပြီးနောက်မှာ ဂိုဏ်းကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရတယ်"
"အပြင်ပန်းမှာတော့ ရန်ငြိုးဟောင်းရှိတဲ့ ရန်သူတွေက လက်စားချေဖို့ စောင့်နေကြတယ်၊ အတွင်းပိုင်းမှာတော့ အင်အားကြီးတဲ့ အကြီးအကဲတွေက ယွမ်အာအပေါ် မကျေနပ်ကြဘဲ ဂိုဏ်းခေါင်းဆောင် ရာထူးကို မက်မောနေကြတယ်"
"ယွမ်အာဟာ အတွင်းရော အပြင်ပါ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာပဲ"
"အကြီးအကဲစွန်းက အကြောင်းမပြန်သေးတော့ ငါပဲ နည်းဗျူဟာပိုင်းဆိုင်ရာ စီစဉ်မှုတွေကို စတင်ရတော့မှာပေါ့"
စွန်းလင်ထုံထံမှ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေစဉ် နင်းကျော့သည် သစ်သားစစ်သည် တိုက်ပွဲဝင်မျောက် တာရှန့်ကို အဝေးမှ ထိန်းချုပ်ကာ မျောက်ခေါင်းဂိုဏ်း၏ ဌာနချုပ်အတွင်းသို့ ခိုးဝင်ရန် ကြိုးပမ်းလိုက်သည်။
သူသည် မျောက်ခေါင်းဂိုဏ်း၏ အခြေစိုက်စခန်းအကြောင်းကို အတော်ပင် ရင်းနှီးကျွမ်းဝင်နေပြီး ဖြစ်သည်။
ထို့ကြောင့်ပင် အားစိုက်မှု အနည်းငယ်ဖြင့် အောင်မြင်သွားခဲ့ချေသည်။
သူသည် သစ်သားစစ်သည် တိုက်ပွဲဝင်မျောက် တာရှန့်ကို အခြေစိုက်စခန်း၏ အတွင်းပိုင်းဇုန်သို့ ချောမွေ့စွာ ရှေ့တိုးစေခဲ့ရာ ယွမ်အာနှင့် အလွန်နီးကပ်သော နေရာသို့ ရောက်ရှိသွားသည်။
"ဌာနချုပ်ရဲ့ ကာကွယ်ရေးက ဒီလောက်အထိ ပေါ့လျော့နေလိမ့်မယ်လို့ ငါ မထင်ထားဘူး"
"မီးလျှံတောင်တန်းပွဲတော်မှာ ကျရှုံးခဲ့တာနဲ့ ယွမ်တာရှန့် သေဆုံးသွားပြီးနောက်မှာ မျောက်ခေါင်းဂိုဏ်း တစ်ခုလုံးရဲ့ ဂုဏ်သတင်းက ထိုးဆင်းသွားခဲ့ပြီ၊ အဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်တွေလည်း ပျက်ပြားကုန်ပြီပေါ့"
"သူတို့ရဲ့ စိတ်နှလုံးတွေ ဖရိုဖရဲ ဖြစ်နေတာက ဒီလိုမျိုး ညံ့ဖျင်းတဲ့ အခြေစိုက်စခန်း ကာကွယ်ရေးကို ဖြစ်စေတာပဲ"
"မဟုတ်ဘူး၊ တစ်ခုခုတော့ မှားနေပြီ"
"ဒါက ပေါ့ဆမှုသက်သက် မဟုတ်လောက်ဘူး၊ အကြီးအကဲတစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ဒီလိုမျိုး စီစဉ်ထားတာ ဖြစ်နိုင်တယ်"
နင်းကျော့သည် ခဏမျှ စဉ်းစားကာ ဖြစ်နိုင်ခြေတစ်ခုကို တွေးတောနေမိသည်။
စဉ်းစားလေလေ ဤဖြစ်နိုင်ခြေမှာ မြင့်မားလေလေဟု သူ ခံစားလိုက်ရသည်။
"တကယ်လို့ ဂိုဏ်းအကြီးအကဲ တစ်ယောက်ယောက်က ရန်သူဟောင်းတွေနဲ့ ပေါင်းပြီး ယွမ်အာကို လုပ်ကြံဖို့ ကြံစည်နေတာဆိုရင် ငါ အကြီးအကဲစွန်းကို ဒုက္ခပေးစရာ မလိုတော့ဘူး"
"ဒါက ငါ့အတွက် အင်မတန် သက်သာသွားစေမှာပဲ"
မှောင်ခိုဈေးကွက်အတွင်း၌မူ...
စွန်းလင်ထုံ၏ နေအိမ်တွင် ဖြစ်သည်။
ဗဟိုခန်းမအတွင်း၌ အေးစက်စက် အရှိန်အဝါများ ပြည့်နှက်နေ၏။
တရားသူကြီးသည် နတ်စင်ရှေ့မှ နတ်ဘုရားတစ်ပါးကဲ့သို့ မတ်တပ်ရပ်နေပြီး သူ၏ အကြည့်များမှာ ဓားသွားများကဲ့သို့ စူးရှလျက် စွန်းလင်ထုံ၏ ဝိညာဉ်ကို စစ်ဆေးကာ သူ၏ မှတ်ဉာဏ်များကို ထုတ်ယူနေလေသည်။
နင်းကျော့သည် ကြီးပြင်းလာပြီး သင့်တော်သော အသက်အရွယ်သို့ ရောက်ရှိလာသောအခါ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဝိညာဉ်အမြစ် ရှိသည်ကို တွေ့ရှိခဲ့ရသဖြင့် အကယ်ဒမီသို့ စေလွှတ်ခြင်း ခံခဲ့ရသည်။
သူသည် ဦးလေးဖြစ်သူ၏ မိသားစုနှင့်အတူ နေထိုင်ခဲ့ရပြီး မွန်းကြပ်ဖွယ် ကောင်းသော ဘဝကို ဖြတ်သန်းခဲ့ရသည်။
စွန်းလင်ထုံသည် သူ၏ ဗုဒ္ဓနှလုံးသားဂိုဏ်း ပညာရပ်များကို အသုံးပြုကာ အခါအားလျော်စွာ သူ့အား လျှို့ဝှက်၍ သွားရောက်တွေ့ဆုံလေ့ရှိသည်။
ဤသည်မှာ နင်းကျော့၏ မှောင်မိုက်နေသော ဘဝတွင် အတောက်ပဆုံးသော အလင်းတန်းပင် ဖြစ်သည်။
စွန်းလင်ထုံသည် နင်းကျော့၏ စာပေလေ့လာမှု အခြေအနေကို စူးရှသော မျက်လုံးများဖြင့် စစ်ဆေးကြည့်ရှုရင်း "ကျော့လေး၊ မင်း ဘာလို့ ဒီတစ်ခါ အရမ်း တော်နေတာလဲ"
"မင်းရဲ့ အမေ မဆုံးခင်က မင်းကို မှာခဲ့တာတွေ မေ့သွားပြီလား"
"မင်းရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားရမယ်၊ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားစမ်းပါ" ဟု ဆိုလေသည်။
နင်းကျော့က ခေါင်းငုံ့လျက် "ဒါပေမဲ့ အကယ်ဒမီက အကြီးအကဲက လူကောင်းတစ်ယောက်ပါ၊ သူက ကျွန်တော့်ကို အမြဲ အားပေးပြီး ကျွန်တော့်ကို တော်စေချင်တာ၊ ပြီးတော့ အတန်းဖော်တွေကလည်း ကျွန်တော့်ရဲ့ အမှတ်တွေ မကောင်းရင် အမြဲ လှောင်ကြတယ်၊ ကျွန်တော့်ကို လူအလို့ ထင်ပြီး ရှောင်ကြတယ်"
"ဒါပေမဲ့ ကျွန်တော်က သူတို့ထက် အများကြီး ပိုတော်တာပဲ"
"ကျွန်တော်က ကျွန်တော့်ရဲ့ စွမ်းရည်အချို့ကို ပြချင်ရုံတင်ပါ၊ သူတို့ ကျွန်တော့်အပေါ် အမြင်ပြောင်းသွားအောင်လို့ပါ" ဟု ပြန်ပြောသည်။
စွန်းလင်ထုံသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်မှာ "ကျော့လေးက တကယ်ပဲ ဉာဏ်ကောင်းပေမဲ့ သူက ကလေးပဲ ရှိသေးတာမို့ အလွယ်တကူ ဆွပေးလို့ ရနေတုန်းပဲ"
"သူ့ကို ငါ ဘယ်လို နားချရပါ့မလဲ"
"ငါ ဘယ်လိုပဲ အကြံပေးပေး ဒါက စွန့်စားရာ ရောက်နေတာပဲ"
ခဏမျှ စဉ်းစားပြီးနောက် စွန်းလင်ထုံသည် ကြောက်လန့်အောင် ပြောဆိုရန် ဆုံးဖြတ်လိုက်သည်။ "ကျော့လေး၊ မင်း သေဖို့ သိပ်မလိုတော့ဘူး"
နင်းကျော့သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး "ဘာ... ဘာပြောတယ်"
စွန်းလင်ထုံက မျက်နှာကို တည်ထားပြီး ပါရမီရှင် အများအပြားမှာ မနာလိုမှုကြောင့် မည်သို့ အသတ်ခံခဲ့ရကြောင်း၊ ဆေးလုံးများအဖြစ် ဖော်စပ်ခံခဲ့ရကြောင်း သို့မဟုတ် လက်နက်များအဖြစ် သန့်စင်ခြင်း ခံခဲ့ရကြောင်း ဥပမာ မြောက်မြားစွာကို ပြောပြလေသည်။
"အကယ်ဒမီမှာ မင်းရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေက သံသယဖြစ်စရာ လွယ်လွယ်ကူကူ ဖြစ်စေနိုင်တယ်၊ ဒါက မင်းမှာ ပါရမီရှိတယ်ဆိုတဲ့ ကောက်ချက်ကို ရောက်သွားစေပြီး မင်း အသတ်ခံရလိမ့်မယ်"
နင်းကျော့သည် မျက်နှာဖြူလျော်သွားပြီး ချွေးစေးများ ထွက်လာကာ "ဒါ... ဒါပေမဲ့ နင်းရှောင်ဟွေ့မှာလည်း ပါရမီရှိတာပဲလေ"
"ဟွန်း... သူက အဓိက သွေးကြောက၊ မင်းက အခွဲက၊ သူ့အဖွားက အကြီးအကဲ၊ မင်းမှာကော ဘယ်သူရှိလဲ"
"ကျင့်ကြံသူ မိသားစုတွေအကြောင်း ငါ သင်ပေးထားတာတွေ မေ့သွားပြီလား၊ နင်းမျိုးနွယ်စုရဲ့ အခြေအနေကို ငါ ခွဲခြမ်းစိတ်ဖြာပြခဲ့တာတွေကော မေ့ကုန်ပြီလား"
နင်းကျော့သည် အလျင်အမြဲ ခေါင်းခါပြလိုက်သည်။
"လာစမ်း၊ ငါတို့ နည်းနည်းလောက် လေ့ကျင့်ရအောင်" ဟု စွန်းလင်ထုံက စိုးရိမ်စိတ်ဖြင့် ပို၍ ဖိအားပေးရန် ဆုံးဖြတ်လိုက်သည်။
အကယ်ဒမီ၏ စာမေးပွဲ အကြောင်းအရာများကို လိုက်နာလျက် စွန်းလင်ထုံသည် နင်းကျော့၏ ရှေ့တွင် အရာအားလုံးကို သရုပ်ပြလေသည်။
သူ၏ ရလဒ်များမှာ သဘာဝအတိုင်းပင် အလွန်ကောင်းမွန်လှပြီး နင်းကျော့ထက် အများကြီး သာလွန်နေသည်။
စွန်းလင်ထုံက "ငါက မင်းထက် တစ်နှစ်ပဲ ကြီးတာ၊ ငါ့ရဲ့ ရလဒ်တွေကို ကြည့်စမ်း၊ ငါ မာန်တက်နေလား၊ ငါ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေလား" ဟု မေးသည်။
နင်းကျော့သည် ဝိညာဉ်လွင့်ထွက်သွားသည့် လူတစ်ယောက်ကဲ့သို့ မျက်နှာဖြူလျော်လျက် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်သည်။
စွန်းလင်ထုံက နင်းကျော့၏ ပုခုံးကို ပုတ်ကာ "မင်းတို့ နင်းမျိုးနွယ်စုက လူဦးရေ နည်းလွန်းတယ်၊ မီးလျှံတောင် မသေမျိုးမြို့တော်က ကျင့်ကြံသူ မိသားစုတွေထဲမှာ နောက်ဆုံးအဆင့်ပဲ ရှိတာ"
"မင်းရဲ့ အတန်းဖော်တွေနဲ့ နှိုင်းယှဉ်ရင် မင်းက ထူးချွန်ချင် ထူးချွန်လိမ့်မယ်၊ ဒါပေမဲ့ မြို့တစ်မြို့လုံးမှာ ရှိတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ်ရင်ကော"
"မီးလျှံတောင် မသေမျိုးမြို့တော်ဆိုတာ တမ်းတခြင်းပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကမှ တည်ဆောက်ခဲ့တဲ့ မြို့သစ်ကလေး တစ်မြို့ပဲ၊ ကမ္ဘာကြီးရဲ့ ထောင့်စွန်းလေး တစ်ခုပဲ ရှိသေးတာ"
"မြို့ဟောင်းတွေက ကလေးတွေနဲ့ မင်း ဘယ်လို နှိုင်းယှဉ်မှာလဲ"
"ပြီးတော့ ဒါက တမ်းတခြင်းပြည် တစ်ခုတည်းပဲ ရှိသေးတာ၊ တခြား တိုင်းနိုင်ငံတွေကော"
"အဲဒီ ကလေးတွေကြားမှာ မင်း အဆင့်ဝင်ပါ့မလား"
စွန်းလင်ထုံသည် လက်ညှိုးကို မြှောက်ကာ ခါယမ်းပြရင်း "မဝင်နိုင်ဘူး" ဟု အပြတ်အသတ် ပြောလိုက်သည်။
"မင်း ငါ့ကိုတောင် မနိုင်ဘူး၊ မာန်တက်မနေနဲ့ဦး"
"ငါ ပြောပြမယ်၊ တမ်းတခြင်းပြည်မှာ ငါ့ကိုတောင် ဒီလောက်လေးပဲ သတ်မှတ်တာ" ဟု ဆိုကာ စွန်းလင်ထုံသည် သူ၏ လက်သန်းဖျားလေးကို ကိုင်ပြလျက် သူ့ကိုယ်သူ အလွန်အမင်း နှိမ့်ချပြောဆိုလိုက်သည်။
နင်းကျော့သည် ပို၍ပင် မျက်နှာဖြူလျော်သွားပြီး နဖူးတွင် ချွေးစေးများ ထွက်လာချေပြီ။
ထိုအကျိုးသက်ရောက်မှုကို မြင်လိုက်ရသဖြင့် စွန်းလင်ထုံသည် ကျေနပ်သွားကာ နင်းကျော့၏ ပုခုံးကို ပုတ်လျက် "မင်းထက် တော်တဲ့သူ အမြဲရှိနေတယ်၊ ကောင်းကင်ထက်မှာလည်း ကောင်းကင်တွေ အများကြီး ရှိသေးတယ်ဆိုတာ မင်း သိထားဖို့ လိုတယ်"
"မာန်တက်တာနဲ့ မာနကြီးတာဟာ လူမိုက်တွေရဲ့ အလုပ်ပဲ"
"မင်း အမြဲတမ်း နှိမ့်ချရမယ်၊ စိတ်ကို ဖွင့်ထားရမယ်၊ မင်းရဲ့ မျှော်လင့်ချက်တွေကို လျှော့ချထားမှ လက်တွေ့ဘဝကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ၊ အသိပညာသစ်တွေကို ပိုမြန်မြန် စုပ်ယူနိုင်မှာ ဖြစ်သလို ပိုပြီးတော့လည်း အမြန် ကြီးထွားလာနိုင်မှာ"
ဤသို့ဖြင့် စွန်းလင်ထုံသည် နင်းကျော့အား မာန်မတက်စေရန်အတွက် အခါအားလျော်စွာ ကိုယ်တိုင် လေ့ကျင့်ပေးရန် ဆုံးဖြတ်လိုက်ချေပြီ။
နင်းကျော့သည် အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် စွန်းလင်ထုံကို မော့ကြည့်လိုက်ရာ သူ၏ အသံမှာ အက်ရှရှဖြင့် "အစ်ကိုစွန်း၊ ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော့်အမေ မဆုံးခင်ကလည်း ကျွန်တော့်ကို အမြဲ သတိပေးခဲ့ပါတယ်" ဟု ဆိုသည်။
စွန်းလင်ထုံက သက်ပြင်းချလျက် "ဒီစကားတွေက ငါ့ဆရာ သင်ပေးခဲ့တာတွေပါ" ဟု ပြောလေသည်။
ထိုသူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်ရင်း တိတ်ဆိတ်မှုထဲသို့ နစ်မြုပ်သွားကြလေတော့သတည်း။